← Chapters

ယုံကြည်မှုပြင်းထန်သူ

Vol. 3 Ch. 294

ယုံကြည်မှုပြင်းထန်သူ

Vol. 3 Ch. 294

စီးတုနှင့်ဟဲလောင်မိသားစုခေါင်းဆောင်များမှာ အင်အားချိနဲ့ဟန်ဖြင့်လဲကျနေကြကာ သူတို့၏မျက်နှာများမှာပြာနှမ်းလျက်တဆက်ဆက်တုန်ယင်နေကြသည်။

သူတို့နှင့်စာလျှင် ကောင်းယွဲ့နှင့်ချန်ချင်းဂိုဏ်းချုပ်များမှာ အခြေအနေပိုကောင်းသည်ဟုပြော၍ရသော်လည်း ဓားတစ်ခြားလူတစ်ခြားဖြစ်နေကြကာ နှုတ်ခမ်းထောင့်စွန်းတွင်သွေးများစီကျနေကြကာ အတွင်းဒဏ်ရာပြင်းထန်စွာရရှိနေကြသည်။

သိုင်းလောကသားများမှာ တိတ်ဆိတ်သွားကြသည်။

ခပ်စောစောအချိန်လေးကပင် သိုင်းဝိဇ္ဇာများတစ်‌ယောက်ပြီးတစ်ယောက်ထွက်ပေါ်လာကြသည့်အတွက် အားတက်နေရာမှ သူတို့၏မျှော်လင့်ချက်များရိုက်ချိုးခံလိုက်ရသည်။

ယခုပုံစံမှာ အစောပိုင်းတိုက်ပွဲက သိုင်းဝိဇ္ဇာခြောကိယောက်ကိုအနိုင်ယူလိုက်သည့်ဟန်နှင့် ထူးမခြားနားပေ။

ခေါင်းဆောင်ခြောက်ယောက်၏ပူးပေါင်းတိုက်စစ်မှာ လွန်စွာကောင်းမွန်သော်လည်း နှင်းငွေ့မိစ္ဆာသခင်မှာ တိုက်ကွက်အနည်းငယ်ဖြင့်အနိုင်ယူသွားနိုင်သည်။

သို့သော် နှင်းငွေ့မိစ္ဆာသခင်မှလက်နောက်ပစ်၍ရပ်နေကာ သူ၏ခန္တာကိုယ်မှအားကောင်းသည့်အငွေ့အသက်များနှင့် မိမိကိုယ်မိမိယုံကြည်မှုပြင်းထန်သည့်ပုံစံထွက်ပေါ်နေသည် ။

ခေါင်းဆောင်လေးယောက်မှာ လုံးဝတိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။

အကယ်၍အစောပိုင်းကနှင်းငွေ့မိစ္တာသခင်သာဆက်၍တိုက်ခိုက်ပါက ခေါင်းဆောင်လေးယောက်၏အသက်ကိုမည်သူမှကယ်တင်နိုင်မဟုတ်ပေ။

နှင်းငွေ့မိစ္ဆာသခင်မှာ မောက်မာဝံ့ကြွားကာ တိုက်ခိုက်နိုင်ခြင်းမရှိ‌တော့သည့် ခေါင်း‌ဆောင်လေးယောက်ကို နောက်ထပ်စိတ်မဝင်စားတော့ပေ။

တစ်နည်းအားဖြင့် နှင်းငွေ့မိစ္ဆာသခင်မှာ ခေါင်းဆောင်လေး‌ယောက်ကိုအားနည်းသည့်လူများဖြစ်သဖြင့် သူ၏ပြိုင်ဘက်မဖြစ်နိုင်သည့်အတွက်သတ်ဖြတ်ခြင်းမပြုပေ။

ခေါင်းဆောင်လေး‌‌ယောက်၏လူများထွက်ပေါ်လာကာ မီးဝင်းဝင်းတောက်နေသည့်မျက်လုံးများဖြင့်နှင်းငွေ့မိစ္ဆာသခင်ကိုကြည့်လိုက်ကြသည်။

ထိုလူများမှာ နှင်ငွေ့မိစ္ဆာသခင်ကိုလွန်စွာမုန်းတီးကာသတ်ဖြတ်လိုသော်လည်း သူတို့ မစွမ်းဆောင်နိုင်ပေ။

ထို့နောက် သူတို့၏ခေါင်းဆောင်များကိုအလျှင်အမြန်နောက်သို့ဆွဲခေါ်သွားလိုက်ကြသည်။

အစမှအဆုံးအထိနှင်းငွေ့မိစ္ဆာသခင်ကိုထိုလူများကိုတစ်ချက်မှမကြည့်ဘဲ ကျန်ရှိနေသည့်လူသုံး‌ယောက်ကိုသာဂရုတစိုက်လေ့လာနေသည်။

နက်ရှိုင်းလှသည့်အတွင်းအားနှင့်နာမည်ကျော်သူတောင်းစားဂိုဏ်းချုပ်ကြီး ၊ ရတနာစာရင်းဝင်လက်နက်ဖြစ်သည့်နဂါးစိမ်းဓားကိုကိုင်ဆောင်ထားသည့်အန္တရာယ်များလှသည့်ဓားသမားတစ်‌ယောက် ၊

နောက်ဆုံးတစ်ယောက်မှာ သိုင်းဝိဇ္ဇာအဆင့်ကိုပင်မရောက်သေးသော်လည်း သိုင်းဝိဇ္ဇာများကိုအနိုင်ယူနိုင်စွမရှိသည့် ဓားပညာလွန်စွာကြောက်မက်ဖွယ်ကောင်းသည့် လူရွယ် ။

နှင်းငွေ့မိစ္ဆာသခင်မှာ ကျန်ရှိနေသည့်လူသုံးယောက်မှာ သိုင်းဝိဇ္ဇာခြောက်ယောက်နှင့်ခေါင်းဆောင်လေးယောက်ထင်ပို၍ခက်ခဲမည်ကိုသိရှိလိုက်သည်။

သို့သော် ထိုလူများမည်မျှကြောက်မက်ဖွယ်ကောင်းနေပါစေ နောက်ဆုံးတွင်အနိုင်ရမည့်လူမှာ သူတစ်ဦးသာဖြစ်သည်။

ယခုအချိန်အထိ သူအစွမ်းကုန်အသုံးမပြုရသေးပေ။

“ ဟူး.... “

တောင်းစားဂိုဏ်းချုပ်ကြီးမှသက်ပြင်းတစ်ချက်ချကာ သူ၏ပါးစပ်ထဲသို့ နီရဲနေသည့်ဆေးမြစ်တစ်ခုကိုထည့်ကာ ဝါးစားလိုက်သည်။

သိုင်းလောကသားအများစုမှာ ထိုဆေးမြစ်အကြောင်းကိုမသိရှိသော်လည်း နှင်းငွေ့မိစ္ဆာသခင်မှာမူကောင်းစွာသိသည်။

ဤသည်အမှာ အနည်းဆုံးအနှစ်သုံးရာသက်တမ်းရှိ လုံဇီဆေးမြစ်ဖြစ်သည်။

လုံဇီဆေးမြစ်ကို မီးနဂါးဆေးမြစ်ဟုလည်းလူသိများသည်။ သို့သော် ထိုဆေးမြစ်ကို ဆေးဝါးပညာလိုက်စားသည့်သမားတော်များနှင့်အဆိပ်သခင်များသာအသိများသည်။

လုံဇီဆေးမြစ်မှာ သူ့ချည်းသက်သက်ကပင်ဘေးထွက်ဆိုးကျိုးမရှိဘဲ အတွင်းအားတိုးပွားစေသည့်အစွမ်းသတ္တိရှိကာ အနှစ်သုံးရာသက်တမ်းမဆိုထားဘိ အနှစ်တစ်ရာကျော်ဆေးမြစ်ကိုပင်ရှာရခက်လှသည် ။

ဆေးမြစ်ကို ဆေးဝါးအမျိူးမျိုးတွင် ထည့်သွင်းအသုံးပြုနိုင်ပာ သမားတော်များနှင့်အဆိပ်သခင်များငမ်းငမ်းတက်အလိုရှိကြသည့်ဆေးမြစ်ဖြစ်သည်။

သို့သော် ဆေးမြစ်၏အစွမ်းမှာအားကြီးလှသဖြင့် အတွင်းအားတိုးဆေးကို အခြားတွဲဖက်ဆေးဝါးများနှင့်ပူးတွဲဖော်စပ်ရကာ တော်ရုံတန်ရုံသမားတော်များပင် မဖော်စပ်နိုင်ပေ။

ယခု သူတောင်းစားဂိုဏ်းချုပ်ကြီးမှာ ဆေးမြစ်ကိုတိုက်ရိုက်စားသူံးလိုက်သဖြင့် ကောင်းကျိုးထက်‌ဆိုးကျိပိုများသည် ။

စုတိချုံးလည်း သူ၏ရင်ထဲတွင်နာကျင်နေမိသည်။။သူနေရာအနှံ့လေလွင့်သွားလာပြီးကံကောင်းထောက်မ၍လုံဇီဆေးမြစ်ကိုရရှိခဲ့ခြင်းဖြစ်သည်။

ရှားပါးလှသည့်ဆေးမြစ်ဖြစ်သည့်အပြင် သူကိုယ်တိုင်လည်းအသုံးပြုရန်မလိုအပ်သည့်အတွက်နှစ်များစွာကြာအောင် ကိုယ်နှင့်မကွာသိမ်းဆည်းထားခဲ့သည်။

ယခု နှင်းငွေ့မိစ္ဆာသခင်ကိုရင်ဆိုင်ရန်မှာ ဦးစားပေးဖြစ်နေကာ သူ၏အတွင်းအားများတိုးတက်လာရန်အလိုရှိသဖြင့်ဆေးမြစ်ကိုတိုက်ရိုက်စားလိုက်ခြင်းဖြစ်သည်။

ပူနွေးသည့်အတွင်းအားစီးကြောင်းကြီးတစ်ခုမှာ သူ၏သွေးကြောမကြီးရှစ်ခုနှင့်သွေးကြောဆုံမှတ်များကိုဖြတ်စီးသွားကာ တဖြေးဖြေးပို၍ပူနွေးလာသည် ။

‌စုတိချုံးလည်း သူ၏အတွင်းအားများကိုအသုံးပြုကာ ဆေးမြစ်မှထွက်ပေါ်နေသည့်အားလှိုင်းများကိုထိမ်းချုပ်၍ သူးအတွင်းအများနှင့်ပေါင်းစပ်နေသည် ။

အချို့အဝက်ကိုလည်းသူ၏ခန္တာကိုယ်အစိတ်အပိုင်းများကိုပို့ဆောင်ပေးနေသည်။

စုတိချုံး၏မျက်နှာထက်တွင်ချွေးသီးချွေးပေါက်များပြည့်လာကာ သူ၏ခန္တာကိုယ်တစ်ခုလုံးနီရဲလာသည်။

စုတိချုံးမှာ ကုန်နိုင်ဖွယ်ရာမရှိဘဲ တိုးပွားလာသည့် အတွင်းအားများကို မထိမ်းချုပ်နိုင်တော့ဘဲ သူ၏ခန္တာကိုယ်တစ်ခုလုံးပေါက်ထွက်တော့မည့်ကဲ့သို့ဖြစ်လာသည်။

သိုင်းလောကသားများမှာ တဆက်ဆက်တုန်ယင်နေသည့်စုတိချုံး၏ခန္တာကိုယ်ကို စိုးရိမ်တကြီးကြည့်ရှုလျက်ရှိကြသည်။

စုတိချုံး၏အပြုအမူကိုသူတို့နားမလည်သော်လည်း အန္တရာယ်များသည့်တစ်စုံတစ်ရာ ပြုလုပ်လိုက်ကြောင်းကိုသိရှိသည်။

မည်သူမှသတိမထားမိလိုက်သည့်အချိန်တွင်စုတိချုံး၏နောက်ကျောမှ ပေ့စင်၊ယိကျင်၊ကျိယင် သွေးကြောသုံးခုစီသို့တစ်စုံတစ်ခုလာရောက်ထိမှန်ကာ အတွင်းအားလှိုင်းများမှာ ထိုနေရာမှတစ်ဆင့် ခန္တာကိုယ်ပြင်ပသို့ အလုံးအရင်းဖြင့်ထွက်သွားကြသည်။

လူအများ၏ရှေ့တွင် စုတိချုံး၏နောက်ကျောမှအငွေ့တထောင်းထောင်းထွက်နေကာ အချိန်အနည်းငယ်ကြာသည်နှင့်ပြန်၍ပျောက်ကွယ်သွားသည်။

“ ဟူး..... “

စုတိချုံးလည်းမျက်လုံးပြန်ဖွင့်ကာသက်ပြင်းမောကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။

မဆင်မခြင်ပြုလုပ်ခြင်းက သူ၏အသက်ကိုသေမင်းကြိုးတန်းပေါ်လမ်းလျှောက်ရစေကာ တိတ်တဆိတ်ကူညီပေးသူသာမရှိပါက သူ၏ကိုယ်တွင်းအင်္ဂါများပေါက်ကွဲသွားပေမည် ။

စုတိချုံးလည်း ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်သော်လည်း သူ၏ဘေးတွင်ရပ်နေသည့်ထင်းရှီနှင့် အဖြူရောင်ဝတ်စုံဖြင့်လူ ၊ အံ့ဩထိတ်လန့်သည့်မျက်နှာဖြင့်ရှိနေသည့်သိုင်းလောကသားများကိုပါတွေ့ရသည်။

သို့သော် မည်သူမှ သူ့ကိုကူညီဟန်မရပေ။

စုတိချူံးလည်း ထိုအဖြစ်အပျက်ကို သူ၏စိတ်ထဲတွင်သာသိမ်းဆည်းကာ နှင်းငွေ့မိစ္ဆာသခင်ကိုရှုပ်ထွေးနေသည့်မျက်နှာဖြင့်ကြည့်လိုက်သည်။

“ ခင်ဗျားဘာဖြစ်လို့ကျုပ်ကိုမတိုက်ခိုက်တာလဲ “

သူလုံဇီဆေးမြစ်ကိုထိမ်းချုပ်နေရစဉ် ခုခံမှုကင်းမဲ့နေကာ ထိုအချိန်တွင်နှင်းငွေ့မိစ္ဆာသခင်မှအခွင့်ကောင်းယူကာတိုက်ခိုက်၍ရသည်။

အကယ်၍ထိုသို့တိုက်ခိုက်ပါက ထင်းရှီနှင့်အဖြူရောင်ဝတ်စုံဖြင့်လူမှာ သူ့ကိုကာကွယ်ပေးကြမည်ဖြစ်သော်လည်း နှင်းငွေ့မိစ္ဆာသခင်ကိုကျိန်းသေပေါက်မတားဆီးနိုင်ပေ။

သူ၏စကားကြောင့်နှင်းငွေ့မိစ္ဆာသခင်မှ အနည်းငယ်ပြုံးလိုက်ဟန်တူသည်။

“ မင်းကစွန့်စားရဲတာပဲ ငါကအဲလိုစိတ်ဓာတ်မျိုးကိုသဘောကျတယ် ။

ဒါပေမယ့် မင်းကငါ့ပြိုင်ဘက်မဟုတ်သေးဘူး ။နောက်ပြီး ငါ့ရဲ့လမ်းမှာပိတ်နေတော့မင်းကိုရှင်းပစ်ရလိမ့်မယ် “

သူ၏စကားမှာ ရှင်းလင်းလှကာ စုတိချုံးကိုအခွင့်အရေးတစ်ခုပေးခဲ့သော်လည်း စုတိချုံးကိုပင် သူ၏ပြိုင်ဘက်ဟုသတ်မှတ်မထားပေ။

နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏ပင်ကိုယ်ပုံစံအတိုင်းပင် မောက်မာဝံ့ကြွားကာ ယုံကြည်မှုပြင်းထန်လှသည်။ သိုင်းပညာလွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အပြင်လုံလုံလောက်လောက်လည်းရက်စက်မှုရှိသည် ။

အကယ်၍ ယနေ့တွင်နှင်းငွေ့မိစ္ဆာသခင်ကိုသာမတားဆီးနိုင်ပါက သိုင်းလောကတစ်ခုလုံးထိုလူ၏လက်ခုပ်ထဲသို့ရောက်သွားမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စုတိချုံးမှာ နှင်းငွေ့မိစ္ဆာသခင်ကိုလက်သီးတစ်ဖက်ဆုပ်ဂါရဝပြုလိုက်သည်။ ထိုကဲ့သို့လူမျိူးမှာ လေးစားမှုနှင့်ထိုက်တန်သည်။

“ တိုက်ခိုက်ကြရအောင် “

စုတိချုံးမှသူ၏ဘေးဘက်တွင်ရှိသည့် ထင်းရှီနှင့်အဖြူရောင်ဝတ်စုံဖြင့်လူကိုကြည့်လိုက်သည်။

ထိုနှစ်‌ယောက်သည်လည်း အစောပိုင်းထဲကနှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေကာ စုတိချုံးကို စောင့်နေခြင်းဖြစ်သည်။

သူတို့သုံးဦးမှာ သုံးပွင့်ဆိုင်ပုံစံဖြင့်နှင်းငွေ့မိစ္ဆာသခင်ကိုဝိုင်းလိုက်ကြသည်။

“ ဝုန်း..... “

အတွင်းအားပေါက်ကွဲသံများနှင့်အတူနောက်ထပ်တစ်ကြိမ်ပြင်းထန်သည့်တိုက်ပွဲကြီးစတင်လေပြီ။

All Chapters