အသေအကြေတိုက်ပွဲ
Vol. 3 Ch. 298
“ နင်ဘာလို့ ကိုယ့်ကိုယ်ကိုအရမ်းတွန်းအားပေးတာလဲ ကောင်စုတ်ရ မနိုင်နိုင်ရင်ဆက်ပြီးမတြိက်ခိုက်နဲ့လေ။ မတော်လို့ နင်သေသွားရင်ဘယ်လိုလုပ်မလဲ “
မိန်းကလေးမှ သူမ၏ရင်ခွင်ထဲတွင်မှီလျက်ထိုင်နေသည့်ထင်းရှီကိုဆူပူကျန်းမောင်းလိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်ယူခဲ့သည့်ဓားသမားကြီးကား ထိုမိန်းကလေး၏ကျိန်းမောင်းမှုကို သွားအဖြဲသားဖြင့်ကြည့်နေရသည် ။
သူမယခုလိုဆူပူခြင်းမှာရှားပါးကာ သူမ၏မျက်လုံးထဲတွင်မျက်ရည်စအချို့ရှိနေခြင်းကြောင့် သူမအမှန်တကယ်စိတ်ပူခြင်းဖြစ်သည်ကိုသူသိသည် ။
ထို့ကြောင့်လည်း သူမစိတ်ကြိုက်အဆူခံနေခြင်းဖြစ်သည် ။အတန်ကြာမှ ထင်းရှီမှဖြေးညင်းစွာပြောလိုက်သည် ။
“ ငါဘာမှမဖြစ်ပါဘူး။ အတွင်းအားအပြင်အားအကုန်သုံးလိုက်လို့ ပင်ပန်းသွားတာပါ။ အင်း ဒီသိုင်းတစ်ကွက်ထဲနဲ့အနိုင်ရလိုက်တာကံကောင်းတာပဲ ။
မဟုတ်ရင်ငါဆက်တိုက်ဖို့ခွန်အားရှိမှာမဟုတ်တော့ဘူး “
ထင်းရှီ၏စကားကြောင့် ထင်းရှောင်ယင်မှမျက်စောင်းထိုးလိုက်သည် ။
နှင်းငွေ့မိစ္ဆာသခင်၏အနီးတွင် အမှောင်လက်ဝါးဝမ်းတ ၊ သံမဏိဘုရင် ၊ ဓားဘုရင်နှင့် ခရမ်းရောင်သွေးလဂိုဏ်းသားများဝိုင်းအုံ့နေကြသည် ။
ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ လုံးဝမရှူံးနိမ့်နိုင်သည့် သူတို့၏သခင်ကြီးရှုံးနိမ့်သွားရခြင်းကိုလုံးဝလက်မခံနိုင်အောင်ဖြစ်နေကြသည် ။
ထို့အပြင် မျက်နှာဖုံးစွပ်နှင့်လူများလည်း ရှုပ်ထွေးသည့်ဟန်ဖြင့်ရှိနေကြကာ လူသုံးရာကျော်လေးရာနီးပါးရှိသည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့် အလယ်ပိုင်းသိုင်းသမားများကိုထိတ်လန့်ဟန်ဖြင့်ကြည့်နေကြသည်။
နှင်းငွေ့မိစ္ဆာသခင်၏မျက်လုံးများဖြေးညင်းစွာပွင့်လာသည် ။
“ ဆရာ ဆရာ “
ဝမ်းတမှ နှင်းငွေ့မိစ္ဆာသခင်၏လည်ပင်းမှဒဏ်ရာကိုသွေးထွက်မလွန်စေရန်လက်ဖြင့်ဖိထားပြီး အက်ကွဲနေသည့်အသံဖြင့်ခေါ်လိုက်သည် ။
“ ဝမ်းတ ငါ့အတွက် လက်စားချေဖို့မကြိုးစားနဲ့ မဟုတ်ရင် မင်းတို့အားလုံးပျက်စီးရလိမ့်မယ် “
နှင်းငွေ့မိစ္ဆာသခင်၏အားနည်းသည့်စကားကြောင့် ဝမ်းတမှာ ခေါင်းကိုအဆက်မပြက်ခါယမ်းနေကာ သူ၏မျက်လုံးများနီရဲလာသည် ။
“ သခင် ကျုပ်ဒီတစ်ခါသခင်ရဲ့စကားကို နားမထောင်နိုင်ဘူး ။ ကျုပ်သခင့်ကိုသတ်တဲ့လူတွေကိုပြန်ပြီးလက်စားချေမယ် “
သံမဏိဘုရင်မှ မျက်ရည်များကျဆင်းလျက်ခက်ထန်စွာအော်ဟစ်လိုက်သည်။ သူ၏စကားကြောင့် နှင်းငွေ့မိစ္ဆာသခင်မှခေါင်းယမ်းလိုက်သည် ။
ထို့နောက် အားယူ၍ပြောလိုက်သည်။
“ ဝမ်းတ သံမဏိ မင်းတို့နှစ်ယောက်လုံးကငါ့အယုံကြည်ရဆုံးသစ္စာရှိလက်အောက်ငယ်သားတွေပဲ။
ငါ့စကားကိုနားထောင် ခရမ်းရောင်သွေးလဂိုဏ်းရိုဖျက်သိမ်းပြီး သူတို့ကိုလွတ်မြောက်ခွင့်ပေးလိုက်တော့ ။
အမှောင်ကျေးရွာကိုရောက်အောင်သွား ပြီးရင် ဝေဝေဆိုတဲ့မိန်းကလေးကို ငါသူ့ကိုနောက်ထပ်မတွေ့နိုင်တော့ဘူးလို့ပြောပေး “
နှင်းငွေ့မိစ္ဆာသခင်မှ သူမှာကြားလိုသည်များကိုပြောဆိုပြီးနောက် အသက်ရှူသံများတဖြေးဖြေးနှေးကွေးလာကာ သူ၏မျက်လုံးများပြန်၍ပိတ်သွားသည်။
သူ၏မျက်နှာထက်မှ ခရမ်းရောင်သွေးကြောများလည်းပြန်၍ပျောက်ကွယ်သွားကာ ခန့်ညားသည့်ပုံစံဖြင့်ငြိမ်းချမ်းစွာအိပ်ပျော်နေသကဲ့သို့ထင်ရသည်။
“ ဆရာ “
“ သခင် “
သူတို့နှစ်ဦးမည်မျှခေါ်စေကာမူနှင်းငွေ့မိစ္ဆာသခင်မှာကြားနိုင်မည်မဟုတ်တော့ပေ။
“ ကျုပ်တို့ သခင်ကြီးမှာတဲ့အတိုင်း လက်လျော့လိုက်ရအောင်။ ကျုပ်လဲ ဂိုဏ်းချုပ်ကြီးကိုလုပ်ကြံထားခဲ့တာဆိုတော့ ဝူတန်းကိုပြန်လို့မရတော့ဘဲ ဇာတ်မြုပ်နေရတော့မှာပဲ “
ဓားဘုရင်မှ ဖြေးညင်းစွာပြောလိုက်သည် ။သူ၏နောက်မှမျက်နှာဖုံးစွပ်လူများလည်း စိတ်ပျက်အားလျော့နေကြသည်
သံမဏိဘုရင်လေ့ကျင့်ပေးထားသည့်လူများနှင့် ဝမ်းတ၏လူများသာ မပြောင်းလဲသည့်ပုံစံဖြင့်ရှိနေကာ သူတို့၏မျက်နှာများမှာ ခံစားချက်ကင်းမဲ့နေဟန်ရသည်။
“ မင်းရဲ့ သောက်ပါးစပ်ကိုပိတ်ထားလိုက် “
သံမဏိဘုရင်မှ ဓားဘုရင်ကိုအော်ဟစ်လိုက်သည်။ သူ၏စကားကြောင့် ဓားဘုရင်၏မျက်နှာတင်းမာသွားသည်။
“ ဂိုဏ်းထဲမှာ ငါလေးစားတာကသခင်ကြီးတစ်ယောက်ထဲကိုကွ မင်းလိုကောင်က ငါ့ကိုအမိန့်ပေးလို့ရမယ်ထင်နေတာလား “
ဓားဘုရင်၏တုံ့ပြန်စကားကြောင့် ဝမ်းနည်းကြေကွဲနေသည့်သံမဏိဘုရင်မှာ ဝုန်းခနဲထရပ်လိုက်သည်။
“ တော်ကြစမ်း “
ကြောက်မက်ဖွယ်ကောင်းသည့်ဝမ်းတ၏လေသံကြောင့် ထိုနှစ်ဦးလုံးရပ်တန့်သွားသည် ။ကျန်ဂိုဏ်းသားများမှာ ဘုရင်နှစ်ပါး၏အချေအတင်ဖြစ်မှုကြောင့် စိတ်ရှုပ်နေကြသည် ။
သူတို့ထံတွင်နှင်းငွေ့မိစ္ဆာသခင်လည်းမရှိတော့ပေ။ ဂိုဏ်းသားငါးပုံတစ်ပုံသာကျန်သည့်အပြင် ဘုရင်သုံးပါးလည်းသေဆုံးပြီးပြီဖြစ်သည်။
ထိုအခြေအနေတွင်ကျန်ဘုရင်နှစ်ပါး၏ရန်ပွဲကြောင့် သူတို့လည်းစိတ်ဓာတ်ကျသွားသည်။
“ အရိပ်ခေါင်းဆောင် ဆရာ့ရဲ့အလောင်းကို မှဲ့တစ်ပေါက်မစွန်းအောင် စောင့်ရှောက်ထား “
ဝမ်းတ၏စကားကြောင့် အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်ရိပ်ခနဲရောက်လာသည် ။
“ စိတ်ချပါ ကျုပ်အသက်နဲ့လဲပြီးစောင့်ရှောက်ပါ့မယ် “
ဝတ်စုံနက်နှင့်အရိပ်တပ်ဖွဲ့ခေါင်းဆောင်မှာ သူ၏လူသုံးယောက်နှင့်အတူ နှင်းငွေ့မိစ္ဆာသခင်၏အလောင်းကိုယူကာ မကြာမီဖြစ်ပွားတော့မည့်မုန်တိုင်းနှင့်လွတ်မည့်နေရာသို့ရွေ့လိုက်ကြသည်။
ထို့နောက်ဝမ်းတမှာ ဖြေးညင်းစွာထရပ်လိုက်သည်။ သူ၏မျက်လုံးများမှာ နီရဲနေကာ ခန္တာကိုယ်တစ်ခုလုံးအနက်ရောင်အခိုးအငွေ့များထွက်ပေါ်နေသည်။
“ မင်းတို့အားလုံး ဒီတောင်ပေါ်မှာရှိတဲ့လူတိုင်းကို အသေသတ်ကြ မဟုတ်ရင် နှလုံးကြွေအဆိပ်ရဲ့ဖြေဆေးကိုရဖို့မမျှော်လင့်နဲ့တော့ ။
တစ်နှစ်အတွင်း မင်းတို့ရဲ့ခန္တာကိုယ်အစိတ်အပိုင်းတွေပဲ့ကြွေပြီး မချိမဆန့်ခံစားပြီးသေချင်သလား ။ ဒီလူတွေကိုသတ်ပြီး အသက်ရှင်ချင်သလား။
ဖြေဆေးရှိတဲ့နေရာကို ငါတစ်ယောက်ပဲသိတယ်။ ဒီလူတွေကိုသတ်ပြီးရင် အသက်ရှင်ကျန်ခဲ့တဲ့လူတွေကိုငါဖြေဆေးပေးမယ် “
ဝမ်းတမှ ခရမ်းရောင်ဝတ်စုံနှင့်လူများကိုကြည့်ကုအေးစက်စွာပြောလိုက်သည် ။
သူ၏စကားကြောင့်ဓားဘုရင်နှင့်ထိုလူများမှာ မျက်နှာပျက်သွားကြကာ အံကြိတ်လိုက်မိကြသည် ။
သူတို့နှင်းငွေ့မိစ္ဆာသခင်၏အမိန့်ကိုတသဝေမတိမ်းလိုက်နာနေရခြင်းမှာ နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာကိုလေးစားကြောက်ရွံ့ခြင်းသာမက သူတို့သခန္တာကိုယ်ထဲရှိ အသဲကြွေအဆိပ်ကြောင့်ပင်ဖြစ်သည်။
ထိုအဆိပ်သူတို့ခန္တာကိုယ်ထဲရောကိပြီးသည့်နောက်ပိုင်းတွင် အတွင်းအားများစွာရရှိကာ သိုင်းပညာများပို၍တိုးတက်လာကြသည်။
လောကတွင်အလကားစားရသည့်နေ့လည်စာဟူ၍မရှိပေ။ အကျိုးအမြတ်နှင့်အန္တရာယ်မှာယှဉ်တွဲနေသည်။
နှလုံးကြွေဆေးလုံးမှာ သူတို့၏သိုင်းပညာကိုပို၍မြင့်မားစေသော်လည်း တစ်နှစ်တစ်ကြိမ်ထိမ်းချုပ်ဆေးမှန်မှန်သောက်ရကာ မည်မျှစိတ်ဓာတ်ကြံ့ခိုင်သည့်လူပင်ဆေးလုံး၏အာနိသင်ကိုမခုခံနိုင်ပေ။
ဆေးလုံးခန္တာကိုယ်ထဲရောက်သည်နှင့်လျှင်မြန်စွာပျံ့နှံ့သွားကာ တစ်နှစ်ပြည့်လျှင်အာနိသင်စ၍ပြသည် ။
ထိုအခါခန္တာကိုယ်ထဲရှိအစိတ်အပိုင်းများပုတ်သိုးဆွေးမြေ့လာကာ ထိမ်းချုပ်ဆေးအချိန်မှီမရသည့်အတွက် ဝေဒနာကို မခံစားနိုင်ဘဲ ကိုယ်ကိုကိုယ်သတ်သေသွားကြသည့် သိုင်းထိပ်သီးများစွာကိုသူတို့တွေ့ဖူးသည် ။
ထို့ကြောင့်ပင် ဝမ်းတ၏စကားမှာ သူတို့ကိုဘေးကြပ်နံကြပ်အခြေအနေသို့ရောက်စေကာ မည်သို့ပင်ဖြစ်စေ ရှင်လျှင်ရွှေထီးဟုသတ်မှတ်၍မိုက်ရူးရဲဆန်ရပေမည်။
ဆေးလုံး၏အာနိသင်ကိုမချိမဆန့်ခံစားပြီးသေရခြင်းထက် တိုက်ခိုက်ရင်းသေရခြင်းက ပို၍သက်သာသည်။
အကယ်၍ယနေ့ကံကောင်းထောက်မ၍အသက်ရှင်ပါကသူတို့လုံးဝလွတ်မြောက်သွားမည်ဟုပြော၍ရပေမည်။
မည်သို့ပင်ဖြစ်စေသူတို့ကိုယ်တိုင်လည်းအားမနည်းလှဘဲ ခရမ်းရောင်သွေးလဂိုဏ်း၏လက်ရွေးစင်များဖြစ်ကြသည်။
“ တိုက်ကြမယ် “
သံမဏိဘုရင်၏စကားအဆုံးတွင် သူ၏နောက်မှကြံ့ခိုင်သည့်လူနှစ်ဆယ်မှာ အလယ်ပိုင်းဒေသမှသိုင်းသမားများထံသို့တရကြမ်းပြေးဝင်သွားကြသည်။
သူ၏နောက်တွင်ဝမ်းတ၏လူသုံးဆယ်၊ ခရမ်းရောင်ဝတ်စုံနှင့်လူလေးဆယ်တို့သည်လည်း လက်နက်ကိုယ်စီဆွဲကိုင်ကာ အလယ်ပိုင်းဒေသမှလူများဆီသို့ ရူးသွပ်နေသူများပမာပြေးဝင်သွားကြသည်။
“ ဒီကောင်တွေရူးနေတာလား “
“ ဟမ့် ငါ့ရဲ့ညီအစ်ကိုတွေအတွက်လက်စားချေရမယ် “
“ ဒီကောင်တွေကိုအကုန်သတ် “
ခေါင်းဆောင်များ၏အမိန့်မရသေးသည့်အတွက် မတိုက်ခိုက်သေးဘဲ အခြေအနေအားမျက်ခြေမပျက်စောင့်ကြည့်နေသည့်အလယ်ပိုင်းမှသိုင်းသမားများမှာ တင်းမာသည့်မျက်နှာများဖြင့်ရေရွတ်လိုက်ကြသည်။
သူတို့ကိုယ်တိုင်လည်းထိမ်းချုပ်ထားရသည့်ဒေါသများကိုထွက်ပေါက်ပေးသည့်အနေဖြင့် လက်နက်ကိုယ်စီကိုင်ကာ ခရမ်းရောင်သွေးလဂိုဏ်းသားများကိုဆီးကြိုတိုက်ခိုက်လိုက်ကြသည်။
အော်ဟစ်မာန်သွင်းသံများ ၊ လက်နက်ချင်းထိခတ်သံများမှာ တခဏအတွင်းဆူညံသွားကာ သွေးသံရဲရဲဖြင့်တိုက်ခိုက်သတ်ဖြတ်နေကြသည်။
“ မကောင်းတော့ဘူး “
နှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ခိုက်ပြီးနောက် ဒဏ်ရာအသီးသီးရရှိနေကြသည့် သိုင်းဝိဇ္ဇာများမှာ မျက်စိမျက်နှာပျက်ကုန်ကြသည်။
သူတိူ့ဦးစွာတိုင်ပင်နေသည်မှာ ထိုလူများလက်နက်ချအညံ့ခံပြီးနောက် သင့်လျော်သည့်အပြစ်အချို့ကိုပေး၍ ထိုကိစ္စကိုကျေအေးလိုက်မည်ဟုဖြစ်သည်။
သူတို့၏ဂိုဏ်းချုပ်နှင်းငွေ့မိစ္ဆာသခင်သေဆုံးပြီးနောက်တွင် ထိုလူများအညံ့ခံလာမည်ဟုလည်း တွေးထားကြသည်။
ယခုခရမ်းရောင်သွေးလဂိုဏ်းသားများမှာ ရူးသွပ်နေသည့်ဟန်ဖြင့်တဟုန်ထိုးတိုက်ခိုက်လာရာ ယခင်ကပင် မကျေနပ်မှုများရှိနေသည့်အလယ်ပိုင်းသိုင်းလောကသားများမှာ သွေးကြွေးကိုသွေးနှင့်ပြန်လက်စားချေကြပေတော့မည်။
ယခုအခြေအနေမှာ သူတို့ထိမ်းချုပ်နိုင်သည့်နယ်ပယ်ပြင်ပသို့ရောက်နေသည့်အတွက် မျက်စိမျက်နှာပျက်နေကြသည်။
လက်ရှိ ကျုံးဟွာတောင်ပေါ်တွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်အလယ်ပိုင်းသိုင်းလောကသားများသုံးရာကျော်ရှိသည် ။အခြားဒေသမှလူများနှင့်ပေါင်းပါက သူတို့၏ဘက်မှ လူအင်အားလေးရာနီးပါးရှိသည်။။
သို့သော် ခရမ်းရောင်သွေးလဂိုဏ်းဘက်မှလက်ရွေးစင်တစ်ရာနီးပါးကျန်သေးသည့်အပြင် သူတို့၏ခေါင်းဆောင်များဖြစ်ကြသည့်သံမဏိဘုရင်၊ ဓားဘုရင်နှင့်ဝမ်းတတို့ရှိသေးသည်။
အလယ်ပိုင်းမှလူများ၏ဘက်တွင်မူ သိုင်းထိပ်သီးအဆင့်များသာရှိကာ သိုင်းဝိဇ္ဇာများမှာ ပြင်းထန်သည့်ဒဏ်ရာကိုယ်စီရှိနေကြပြီး နှင်းငွေ့မိစ္ဆာသခင်ကိုသတ်ဖြတ်နိုင်သည့်ထင်းရှီသည်ပင် တိုက်ခိုက်ရန်မဆိုထားနှငိ့ လှုပ်ရှားနိုင်ခြင်းပင်မရှိပေ။
ထိုအခြေအနေတွက် ဝမ်းတ၊သံမဏိဘုရင်နှင့် ဓားဘုရင်တို့ကိုထိမ်းချုပ်နိုင်မည့်လူမရှိသည့်အတွက် တိုက်ပွဲမှာ အင်အားညီမျှနေသည်ဟုပြော၍ရကာ လူပေါင်းများစွာသေဆုံးရပေတော့မည် ။
မျှော်လင့်မထားသည့်အဖြစ်အပျက်များဖြစ်မလာပါက။
-----------------------------------------------&
အထီးကျန်ဓား၏သိုင်းပုံပြင်
အပိုင်း(၂၉၉)
ကာကွယ်သူများ
“ ဝုန်း... ဝုန်း..... “
မျှော်စင်ငယ်တစ်ခုလိုတောင့်တင်းကြံ့ခိုင်လှသည့်လူတစ်ယောက်နှင့် နီရဲနေသည့်မျက်ဝန်းများ အနက်ရောင်အခိုးအငွေ့များယှက်သမ်းနေသည့်ခန္တာကိုယ်တို့ဖြင့်ကြောက်မက်ဖွယ်လူရွယ်တစ်ယောက်မှာ နောက်ဘက်တွင်ရှိသည့်ထင်းရှီထံသို့တဟုန်ထိုးပြေးဝင်လာကြသည် ။
နှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ခိုက်ပြီးနောက် ဒဏ်ရာပြင်းထန်စွာရရှိထားကြသည့်သိုင်းဝိဇ္ဇာများမှာ ထိုနေရာတွင် အတွင်းအားဖြင့်ကုသနေကြကာ သူတို့၏သိုင်းထိပ်သီးများကဝန်းရံစောင့်ရှောက်ပေးနေကြသည်။
ထင်းရှီ၏အနီးတွင်လည်းထင်းရှောင်ယင်နှင့်အတူ ဝူတန်းဂိုဏ်းမှသိုင်းထိပ်သီးငါးယောက်စောင့်ကြပ်နေသည် ။
သံမဏိဘုရင်နှင့်ဝမ်းတတို့မှာ သူတို့၏လမ်းတွင်ပိတ်နေသည့်အလယ်ပိုင်းမှထိပ်သီးများကိုရက်စက်စွာဖြင့်တစ်ချက်စီအသေသတ်ရာ ထင်းရှီထံသို့ဦးတည်လာနေသည်။
ထိုနေရာရှိ သိုင်းဝိဇ္ဇာများကိုကာကွယ်နေသူများလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထိုနှစ်ယောက်ကိုတားဆီးရန်ပြင်လိုက်ကြသည် ။
သူတို့၏မျက်နှာထက်တွင်မူစိုးရိမ်ထိတ်လန့်သည့်အမူအယာများရှိနေကြသည် ။
သံမဏိဘုရင်မှာ သိုင်းဝိဇ္ဇာဖြစ်ကာ ဝမ်းတမှာ သာမန်အဆင့်လွန်ထိပ်သီးများကိုအလွယ်တကူအနိုင်ယူနိုင်သည်။
ထို့ကြောင့် ထိုနှစ်ယောက်ကိုတားဆီးရန်မှာ သိုင်းထိပ်သီးအယောက်နှစ်ဆယ်ခန့်ပင်မလုံလောက်ပေ။
ဂိုဏ်းကြိးခြောက်ဂိုဏ်းမှသိုင်းထိပ်သီးများစိုးရိမ်ပူပန်နေသည့်အချိန်တွင် အနက်ရောင်ဝတ်စုံနှင့်လူရိပ်တစ်ခုမှာ သံမဏိဘုရင်၏ရှေ့သို့မီးခိုးတန်းလိုပြေးဝင်သွားသည် ။
ထိုမိန်းကလေးမှာ သာမန်သွင်ပြင်သာရှိ နောက်ကျောတွင်ဓားတစ်လက်ကိုသိုင်းလွယ်ထား၍ရိုးရှင်းလှသည် ။သို့သော် သူမ၏လှုပ်ရှားမှုမှာအမှန်ပင်မြန်ဆန်လှသည်။
“ ဝှစ် ဝှစ် “
အလင်းတန်းနှစ်ခုလက်သွားကာ မိန်းကလေး၏ဓားမှာ သံမဏိဘုရင်ထံသို့ပြေးဝင်သွားသည်။
“ ဟာ နေဦး “
သံမဏိဘုရင်နှင့်ဝမ်းတကိုခုခံရန်ပြင်ဆင်နေသည့်သိုင်းထိပ်သီးများမှာ ဟန့်တားချိန်ပင်မရလိုက်ဘဲ ဓားလှံမတိုးသည့်သံမဏိဘုရင်ကိုရူးမိုက်စွာတိုက်ခိုက်နေသည့်မိန်းကလေးကိုကြည့်ကာ ထိတ်လန့်သွားကြသည်။
သံမဏိဘုရင်လည်းမိန်းကလေး၏ဓားချက်များကိုရှောင်တိမ်းခြင်းမပြုပေ။ သူ၏ခန္တာကိုယ်ဖြင်ကထိတ်တိုက်ရင်ဆိုင်ကာ မိန်းကလေး၏ဦးခေါင်းကိုကြီးမားသည့်လက်သီးကြီးဖြင့် ပြင်းထန်စွာထိုးနှက်လိုက်သည် ။
“ ဝုန်း.... “
သံမဏိဘုရင်၏လက်သီးမှာ လေထုကိုသာထိုးခွင်းသွားကာ မိန်းကလေးမှလှပသည့်ခြေလှမ်းကွက်များဖြင့်ရှောင်တိမ်းသွားသည် ။
သူမ၏ဓားချက်များသည်လည်း သူမရည်ရွယ်ထားသည့်နေရာကိုမရောက်ရှိသော်လည်း သံမဏိဘုရင်၏ ညာဘက်ရင်ဘက်ကိုပိုင်းဖြတ်သွားသည်။
“ ရွှပ် ရွှပ် “
လူအများထင်မှတ်ထားသည်နှင့်ဆန့်ကျင်စွာ သံကိုသံချင်းထိခိုက်သံထွက်ပေါ်ရမည့်အစား သံမဏိဘုရင်၏ညာဘက်ရင်အုံတွင် ဓားဒဏ်ရာများစွာပေါ်လာသည်။
ထိုဒဏ်ရာများမှာ တစ်လက်မခန့်သာနက်ကာ သံမဏိဘုရင်အသက်ကိုမချိန်းခြောက်နိုင်သော်လည်း လူအများကိုမူအံ့ဩထိတ်လန့်သွားစေသည်။
သံမဏိဘုရင်၏မျက်နှာထက်တွင်လည်း အံ့ဩသည့်အမူအယာပေါ်လာကာ သွေးများစီးကျနေသည့်သူ၏ရင်ဘက်ကိုကြည့်ရင်းဒေါသတကြီးဖြစ်လာသည်။
ထို့နောက် သူ၏ခန္တာကိုယ်တစ်ခုလုံးသွေးကြောများထောင်ထလာကာ မျက်လုံးနှစ်ခုမှာ သွေးလိုနီရဲသွားသည်။
“ ဒေါသလက်သီးသိုင်း “
သံမဏိဘုရင်မှာ ဒေါသထွက်နေသည့်သားရဲကြီးတစ်ကောင်ပမာလွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းထိပ်သီးများလည်း ထိုဖြစ်ရပ်ကိုကြောင်အမ်းအမ်းဖြင့်ကြည့်နေရာမှသတိဝင်လာကာ သံမဏိဘုရင်ကိုဝန်းရံတိုက်ခိုက်လိုက်ကြသည်။
မိန်းကလေး၏ဓားပညာမှာ ကောင်းမွန်လှသော်လည်း သံမဏိဘုရင်လိုသိုင်းဝိဇ္ဇာတစ်ဦးကိုအနိုင်ယူရန်မှာမူမဖြစ်နိုင်သေးပေ။
သံမဏိဘုရင်ကိုထိခိုက်အောင်လုပ်နိုင်ခြင်းမှာလည်း သူမ၏လက်ထဲရှိသေးသွယ်ရှည်လျားသည့်ဓားရှည်ကြောင့်ဖြစ်သည်။
ထိုဓားရှည်မှာ ဓားလှံမတိုးသည့်သံမဏိဘုရင်ကိုပင်ထိခိုက်ဒဏ်ရစေကာ ရှားပါးလှသည့်ရတနာစာရင်းဝင်လက်နက်တစ်ခုဖြစ်ပုံရသည်။
အစောပိုင်းတွင် သံမဏိဘုရင်ကိုအနိုင်ယူရန်များစွာမျှော်လင့်မထားသော်လည်း ယခုမိန်းကလေး၏လက်ထဲမှဓားရှည်ဖြင့်ဆိုလျှင် သံမဏိဘုရင်ကိုသတ်ဖြတ်ရန်ပင်မျှော်လင့်ချက်ရှိပေသည်။
တစ်ဖက်တွင် ဝမ်းတမှာ ထင်းရှီထံသို့မရောက်လာဘဲ လူရွယ်လေးယောက်၏ဟန့်တားတိုက်ခိုက်မှုကိုခုခံနေရသည် ။
“ ဒီလူငယ်တွေဘယ်ကရောက်လာတာလဲ သူတို့က အမှောင်လက်ဝါးဝမ်းတထက်မနိမ့်ကျဘူး “
သိုင်းဝိဇ္ဇာတစ်ယောက်မှာ လူငယ်များ၏တိုက်ပွဲကိုကြည့်ရင်း အံ့ဩနေသည့်မျက်နှာဖြင့်မေးလိုက်သည်။
“ ဟိုတစ်ယောက်က ကျုပ်ရဲ့တပည့်စီးတုမိသားစုကဒုတိယသားပဲ ကျန်တဲ့သုံးယောက်ကိုတော့ကျုပ်လဲမသိဘူး “
ခုံတုံဂိုဏ်းချူပ်မှပြောလိုက်သည် ။
“ သူတို့ရဲ့ဓားသိုင်းတွေကအစွမ်းထက်ပေမယ့် ဟိုမိန်းကလေးက ပို၍သာလွန်နေတယ် “
အသက်ရှည်သိုင်းသမားမှလည်း သံမဏိဘုရင်နှင့်တိုက်ခိုက်နေသည့်မိန်းကလေးကိုကြည့်ကာချီးကျူးလိုက်သည်။
“ အင်း.... ကျုပ်တို့အိုမင်းနေပါပြီလေ သိုင်းလောကရဲ့လူငယ်မျိုးဆကိတွေက ကျုပ်တို့ကိုမကြာခင်ကျော်ဖြတ်သွားတော့မှာ “
ငွေဗျိုင်းဖြူသိုင်းဝိဇ္ဇာမှ ခေါင်းယမ်းပာပြောလိုက်သည် ။သူ၏စကားကြောင့် ကျန်လူများလည်း တိတ်တဆိတ်ခေါင်းညိမ့်လိုက်ကြသည် ။
ဝမ်းတနှင့်တိုက်ခိုက်နေသည့်လူငယ်များမှာ အနက်ရောင်ဝတ်စုံနှင့်အသက်သုံးဆယ်ကျော်လူရွယ် ၊ အစိမ်းရောင်ဝတ်စုံဝတ် ခုနစ်ဆင့်လက်သီးသိုင်းတတ်မြောက်ထားသည့်လူငယ်တစ်ယောက် ၊ အဖြူရောင်ဝတ်စုံဝတ်ဓားကိုယ်စီဖြင့်လူရွယ်နှစ်ယောက်တို့ဖြစ်သည်။
ထိုလေးယောက်မှာ တစ်ဦးချင်းစီကပင်ဝမ်းတထက်များစွာနိမ့်ကျခြင်းမရှိဘဲ ယခုလိုလေးယောက်တစ်ယောက်တိုက်ခိုက်သည့်အခါ ဝမ်းတမှာ လုံးဝအောက်စည်းသို့ရောက်ရှိနေသည်။
အထူးသဖြင့်ဝတ်စုံဖြူနှင့်လူရွယ်နှစ်ယောက်မှာပို၍အစွမ်းထက်သည်။ သူတို့၏ဓားများမှာအလင်းတန်းလိုရွေ့လျားနေကာ ဝမ်းတကိုခြိမ်းချောက်မှုအများဆုံးဖြစ်နေသည်။
ထိုလူရွယ်နှစ်ယောက်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှမဟုတ်ကြသလို သိုင်းလောကထဲတွင်ကျော်ကြားသူများလည်းမဟုတ်ကြပေ ။
သို့သော် ဝမ်းတမှထင်းရှီအားသတ်ဖြတ်ရန်ရောက်ရှိလာချိန်တွင် ရှေ့ထွက်၍တားဆီးတိုက်ခိုက်ခြင်းဖြစ်သည် ။
ထို့နောက်တွင် စီးတုမင်နှင့်တင်းဖန်းတို့ပါရောက်ရှိလာကာ သူတို့၏ညီအစ်ကိုကိုကာကွယ်ရန်ဝမ်းတကိုတိုက်ခိုက်နေခြင်းဖြစ်သည် ။
ထင်းရှီ၏အနီးတွင်တော့ ဝူတန်းမှသိုင်းထိပ်သီးငါးယောက်စောင့်ကြပ်လျက်ရှိသည်။
ဝမ်းတမှာ မျက်နှာဆိုးရွားစွာပျက်ယွင်းလာကာ သူ၏ရှေ့မှလူရွယ်လေးယောက်ကို ဒေါသမျက်ဝန်းများဖြင့်ကြည့်လိုက်သည်။
ထိုလေးယောက်မှာ သိုင်းပညာလွန်စွာကောင်းမွန်ကာ ယခုအချိန်အထိသူအောက်စည်းမှဖိနှိပ်ခံနေရသည် ။
အသက်ကိုရင်မမှုဘဲ အပြင်းအထန်တိုက်ခိုက်နေသော်လည်း သူ၏ခန္တာကိုယ်ထက်တွင်သာဒဏ်ရာတစ်ခုပြီးတစ်ခုရလာသည် ။
ဝမ်းတမှာ နောက်သို့အနည်းငယ်ဆုတ်ကာ တစ်ဖက်လူများ၏ဟာကွက်ကိုရှာဖွေနေသည် ။
သို့သော် ထိုအထဲမှတစ်ယောက်မှာ ခုံတုံ၏ခုနစ်ဆင့်လက်သီးသိုင်းကိုအသုံးပြုကာ ထိုလူငယ်၏အတွင်းအားလှိုင်းများမှာ ကြောက်မက်ဖွယ်ကောင်းပေသည်။
အသက်သုံးဆယ်ကျော်ရှိကာ သွေးနီရောင်ဓားတစ်ချောင်းကိုကိုင်ဆောင်ထားသည့်လူရွယ်ကား အင်အားပြင်းထန်သည့် အရှေ့ပိုင်းမှမိုးကြိူးဟိန်းသံဓားသိုင်းကိုအသုံးပြုသည် ။
ကျန်လူရွယ်နှစ်ယောက်၏ဇာတ်မြစ်ကိုဟူမသိသော်လည်း ထိုလူရွယ်နှစ်ယောက်၏ဓားသိုင်းများမှာ ပို၍ကြောက်မက်ဖွယ်ကောင်းကာ ဟာကွက်မရှိဘဲ သူ့ကိုအကျဉ်းအကြပ်ထဲသို့မကြာလဏတွန်းပို့နေသည် ။
ဝမ်းတမှာ တစ်ဦးချင်းတိုက်ခိုက်ပါကထိုလူလေးယောက်ကိုအနိုင်ရနိုင်သော်လည်း နှစ်ယောက်တစ်ယောက်ဆိုလျှင် သူအရေးနိမ့်ပေမည် ။
ယခုလို လေးယောက်ယောက်တစ်ယောက်ဆိုလျှင်ကားဆိုဖွယ်ရာမရှိတော့ပြီ။
တစ်ခုရှိသည်မှာ ယခုအချိန်အထိထိုလေးယောက်မှာ ဝမ်းတကိုတားဆီးရုံသာရှိကာ အသေအကြေမတိုက်ကြသေးပေ။
“ အူး.... သေစမ်း “
သားရဲတစ်ကောင်လိုအော်ဟစ်လိုက်သည့်အသံကြောင့် ဝမ်းတလည်းဘေးဘက်သို့အကဲခပ်လိုက်သည်။
သံမဏိဘုရင်မှာ နီရဲနေသည့်မျက်လုံးများဖြင့်ခန္တာကိုယ်တစ်ခုလုံးသွေးကြောများထောင်ထနေကာ လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည့်အတွက် ဒေါသလက်သီးသိုင်းကို အသုံးပြုနေပြီဟုသိလိုက်သည် ။
သို့သော် သံမဏိဘုရင်၏ကြံ့ခိုင်လှသည့်ခန္တာကိုယ်မှာ သွေးများစီးကျနေကာ နက်ရှိုင်းသည့်ဓားဒဏ်ရာနှစ်ခုနှင့်သာမန်ဒဏ်ရာသုံးလေးခုရှိနေသည် ။
သူနှင့်တိုက်ခိုက်နေသည့်ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းထိပ်သီးနှစ်ဆယ်မှာ ဆယ့်ငါးယောက်ခန့်သာကျန်ရှိကာ ကျန်လူများမှာလည်း သံမဏိဘုရင်၏လက်ချက်ဖြင့်သေဆုံးသွားပြီဖြစ်သည် ။
သံမဏိဘုရင်နှင့်အစပိုင်းမှတိုက်ခိုက်နေသော်လည်းဒဏ်ရာမရသေးသည်မှာ အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်သာရှိသည် ။
သံမဏိဘုရင်၏ခန္တာကိုယ်ထက်မှဒဏ်ရာများမှာ ထိုမိန်းကလေး၏လက်ချက်ကြောင့်ပင်ဖြစ်ကာ လိပ်ပြာလေးတစ်ကောင်ပမာ ပေါ့ပါးစွာရှောင်တိမ်းရင်း သူမ၏လက်ထဲမှဓားမှာ သံမဏိဘုရင်ကိုဒဏ်ရာတစ်ခုပြီးတစ်ခုရရှိစေခဲ့သည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှထိပ်သီးများမှာမူ သံမဏိဘုရင်ကို ထိခိုက်အောင်မလုပ်နိုင်ဘဲ ဘေးမှအကူအညီပေးနေခြင်းဖြစ်သော်လည်း ထိုလူများမှာ သံမဏိဘုရင်ကို ကောင်းစွာပိတ်ဆို့ထားနိုင်သည်။
ယခုပုံစံအတိုင်းသာဆိုပါက သံမဏိဘုရင်မှာ အချိန်အနည်းငယ်ကြာပြီနောက် ဒေါသလက်သီးသိုင်း၏ဘေးထွက်ဆိုးကျိုးကိုခံစားရပေတော့မည်။
ဝမ်းတလည်း အခြေအနေမှာ အလျှင်စလိုဖြစ်နေသည်ကိုသိရှိသည့်အတွက် သူ၏ရင်ဘက်ကြားထဲမှ ခရမ်းရောင်ဆေးလုံးလေးတစ်လုံးကိုသောက်လိုက်သည် ။
ထိုဆေးလုံးမှာ လူတစ်ယောက်ကို တစ်ခဏတာရူးသွပ်သွားစေကာ အသိစိတ်အနည်းငယ်သာကျန်ခဲ့စေမည်ဖြစ်သည် ။
ထိုအချိန်အတောအတွင်း နာကျင်မှုစသည့်ခံစားချက်များကိုမသိတော့ဘဲ အားအင်၊အမြန်နှုန်းစသည်တို့မှာလွန်စွာတိုးတက်သွားကာ လူသတ်စက်တစ်ခုလိုဖြစ်သွားပေတော့မည် ။
အချိန်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဆေးလုံး၏အာနိသင်ကုန်ဆုံးသွားမည်ဖြစ်ကာာဘေးထွက်ဆိုးကျိုးကိုပင်ခံစားရပေမည် ။
မည်သို့ပင်ဖြစ်စေ သူ၏ဆရာအတွက်လက်စားချေနိုင်လျှင် သူ၏အသက်ကိုဆယ်ခါပြန်ပင်ပေးဆပ်ရဲသည် ။
တင်းဖန်း ၊ စီးတုမင်နှင့် ဓားသမားနှစ်ယောက်တို့မှာ ဝမ်းတ၏ ထူးခြားသည့်အခြေအနေကိုသတိပြုမိသည် ။
သူတို့တစ်စုံတစ်ရာတုံ့ပြန်မှုမလုပ်ခင်မှာပင် ဝမ်းတမှခရမ်းရောင်ဆေးလုံးအားသောက်ကာ ရူးသွပ်နေသည့်ဟန်ဖြင့်ခုန်ဝင်လာကာ ခုခံကာကွယ်ခြင်းပင်မပြုဘဲ တရကြမ်းတိုက်ခိုက်တော့သည် ။
အလယ်ပိုင်းဒေသမှသိုင်းသမားများနှင့် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ ပြင်းပြင်းထန်ထန်ဆက်လက်တိုက်ခိုက်နေကြဆဲပင်။
ခရမ်းရောင်သွေးလဂိုဏ်း၏ဓားဘုရင်လည်း အဝတ်အစားဖရိုဖရဲဖြင့်ဝူတန်းဂိုဏ်းသားတစ်ဦး၏သတ်ဖြတ်မှုကိုခံလိုက်ရပြီဖြစ်သည်။
ကျုံးဟွာတောင်ထက်တွင် သွေးချောင်းစီးတိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။