အခန်း (၉၇)
Vol. 10 Ch. 97
“ဟုတ်တယ် ဒါရိုက်တာစုန့်.. ရှင်ရော ဟင်းချက်ဖို့အတွက် ဟင်းသီးဟင်းရွက်တွေ လာဝယ်တာလား”
ဆုဆုက သူမဝယ်ထားတဲ့ ဟင်းနုနွယ်ရွက်တွေကို တွေ့တာကြောင့် ပြန်မေးလိုက်တယ်။
“ဟုတ်တယ်၊ အခုအချိန်တွေက အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေရှားပါးနေပြီလေ.. မင်းလည်း စားချင်ရင် ဟိုဘက်ထောင့်နားက အမိုးအုပ်ထားတဲ့ဆိုင်ကြီးမှာ သွားဝယ်လို့ရတယ်
သူတို့ဆိုင်မှာ အသီးအရွက်တွေ အစုံရှိတယာနော်.. ဒါပေမယ့် တစ်ခါတလေတော့လည်း သိပ်ပြီး မရနိုင်ဘူးပေါ့”
စုန့်အိုက်ယင်းက ဒီအချက်တွေကို လူငယ်တွေကို ပြောပြရတာ အရမ်းသဘောကျတတ်တယ်။ သူတို့တွေက ကျောင်းမှာ အတူနေထိုင်ကြရမှာပဲလေ။ ဒီတော့ အနာဂတ်မှာ အလုပ်အတူအလုပ်ရမှာဖြစ်လို့ ဂရုစိုက်ပေးသင့်တာပဲမလား။
အထူးသဖြင့် ဆုဆုလိုမျိုး အဆင့်မြင့်ပညာတတ်တွေက လေးစားမှုပေးသင့်တဲ့သူတွေပဲ။
“ဒါရိုက်တာစုန့် မင်္ဂလာပါ”
ဒါရိုက်တာစုန့်က သူမဘက်ကို လှည့်ကြည့်နေလာတာကို မြင်တော့ ချင်ယွဲ့ယွဲ့က အလျှင်အမြန် နှုတ်ဆက်လိုက်တယ်။
သူမက ကျောင်းရဲ့အိပ်ဆောင်ထဲကို အရင်ရောက်နေခဲ့တာဖြစ်လို့ ဒါရိုက်တာစုန့်က အိပ်ဆောင်စီမံခန့်ခွဲမှုဗျူရိုရဲ့ ထောက်ပံ့ပို့ဆောင်ရေးဒါရိုက်တာဆိုတာကို သိထားတယ်။
တစ်ဖက်လူက ကျောင်းအုပ်ကြီးရဲ့ဇနီးဆိုတဲ့ အကြောင်းကိုတော့ မသိထားဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့ဆက်ဆံရေးရှိသင့်ကြောင်းကိုတော့ သိနေသေးတယ်။
သို့သော်လည်း စုန့်အိုက်ယင်းကတော့ တစ်နေ့ကို ကျောင်းသားတွေအများကြီး လက်ခံခဲ့ရတာကြောင့် ဇာတ်လိုက်မကို မေ့သွားခဲ့ပြီဖြစ်ကာ ဆုဆုရဲ့ ဆွေမျိုးတစ်ယောက်လို့သာ ထင်မြင်ခဲ့ပြီး ခေါင်းညိတ်ပြရုံသာလုပ်ခဲ့ကာ ဆုဆုကို ဆက်ပြောခဲ့တယ်။
“စကားမစပ် မင်းရဲ့ အမျိုးသားကို နောက်တစ်ပတ်ပိတ်ရက် လာလည်တဲ့အချိန်ကျရင် ငါတို့အိမ်ကို ညစာစားဖို့ ခေါ်ခဲ့ပါဦး”
“ကောင်းပါပြီ ဒါရိုက်တာစုန့်.. ကျေးဇူးပြုပြီး ဖြေးဖြေးသွားပါဦး”
ဆုဆုက စုန့်အိုက်ယင်းနဲ့ လမ်းခွဲပြီးနောက် ထွက်ခွာသွားတော့မှာဖြစ်ပေမဲ့ ဇာတ်လိုက်မ ချင်ယွဲ့ယွဲ့က ရုတ်တရက် ထမေးလာတယ်။
“နင် အရှေ့ဘက်X တက္ကသိုလ်မှာ တာဝန်ကျနေတာလား”
“ဟုတ်တယ်.. ငါလည်း ဒီကို မရောက်မချင်း မသိခဲ့ဘူးလေ.. ဒါနဲ့ ငါထမင်းချက်ဖို့ ပြန်ရတော့မှာဆိုတော့အရင်သွားနှင့်လိုက်မယ်”
အိုး.. ဇာတ်လိုက်မရဲ့မျက်နှာက တကယ့်ကို ဆီသုတ်ထားထား ပျဉ်ချပ်နဲ့တူနေပြီ။ တကယ်ကို.. ကြည့်ကောင်းတာပဲ။
ဆုဆုက မျက်နှာပြင်ပေါ်မှာ ဘာတစ်ခုမှ မဖော်ပြခဲ့ပေမဲ့ တစ်ဖက်ကို လှည့်ထွက်လာခဲ့ချိန်မှာတော့ မအောင့်နိုင်တော့ပဲ ရယ်မောလိုက်တေ့်တယ်။
ချင်ယွဲ့ယွဲ့က သူမရဲ့အမူအယာကိုမမြင်နိုင်ခဲ့ပေမဲ့ ဆုဆုထွက်သွားတာနဲ့ ဒေါသတကြီး ပြောလာတုန်းပဲ။
“သူမက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ! သေချာပေါက် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ!”
လင်းတုံဟဲက အနည်းငယ် ကူကယ်ရာမဲ့နေရတယ်။ သူက ဆုဆုရဲ့အမူအရာကို မြင်နိုင်ခဲ့ပြီး မတတ်နိုင်စွာ ပြုံးလိုက်မိတယ်။
“သူက ကလေးပဲရှိသေးတာလေ.. မင်းမလိုချင်ရင်...”
“ရှင်က ရယ်သေးတယ်! သူမက ကျွန်မကို ဒီလိုမျိုး အရှက်ခွဲသွားတာကို ရှင်က ရယ်နိုင်နေသေးတာလား?”
ချင်ယွဲ့ယွဲ့က ဒေါသအလွန်ထွက်လာခဲ့တာကြောင့် သူမရဲ့လေသံကလည်း ပိုပြီး ပြင်းထန်လာခဲ့တယ်။
လင်းတုံဟဲရဲ့ မျက်နှာပေါ်မှ အပြုံးက ချက်ချင်းပဲ ဖိနှိပ်ခံလိုက်ရတယ်။ သူက ချင်ယွဲ့ယွဲ့ကို ရယ်မောခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် သူမက အခုလိုပြောလိုက်တော့ သူကသာ သူမကို လှောင်ပြောင်ချင်သလိုမျိုး ဖြစ်သွားပုံရတယ်။
တကယ်တမ်းမှာ သူက ဆုဆုကို ကလေးတစ်ယောက်လိုပဲလို့သာ တွေးတောခဲ့မိတာ။
မဟုတ်သေးဘူး။ သူမက အဆင့်မြင့်ပညာရေးကို ပြီးစီးထားသူဖြစ်တဲ့အပြင် ကြင်နာတတ်ပြီး ဖော်ရွေတဲ့သူပဲ။ သူမကို ငယ်ရွယ်နေသေးတယ်ဆိုရင်တောင် ကလေးတစ်ယောက်အဖြစ် သဘောမထားသင့်ဘူး။
သို့ပေမဲ့ သူ ချင်ယွဲ့ယွဲ့ကို ဘယ်နေရာကနေ စော်ကားခဲ့ဖူးတာလဲဆိုတာ တကယ် မသိခဲ့ဘူး။
“ဒါဆို မင်းက ငါ့ကို ဘာလုပ်စေချင်လို့လဲ”
လင်းတုံဟဲရဲ့စကားက ချင်ယွဲ့ယွဲ့ကို ရပ်တန့်သွားစေပြီး ခဏလောက်စဉ်းစားလိုက်တယ်။
“ဆုဆု နောက်ကနေလိုက်သွားပြီး ကျွန်မတို့ရဲ့အကြောင်း တခြားလူတွေဆီမှာမပြောပြဖို့ သွားပြောလိုက်”
“ငါတို့အကြောင်းကို? မင်းအတွက် ငါ့ကိုလက်ထပ်ခဲ့ရတာ ဘယ်လောက်တောင်ရှက်စရာကောင်းနေတာလဲ”
လင်းတုံဟဲရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ဆက်ပြောလာတယ်။
“ဒီနေရာက မင်းရဲ့ကျောင်းနဲ့ နီးတယ်ဆိုတော့ ငါဘာသာ တစ်ယောက်တည်း ပြန်လိုက်တာ ပိုကောင်းလိမ့်မယ်.. ငါ ရွာကို ပြန်တော့မယ်.. ရွာထဲမှာ ငါ့အတွက် လုပ်စရာ ကိစ္စတွေ အများကြီး ရှိသေးတယ်”
ထို့နောက် သူက သူ့ရဲ့လက်ထဲမှာရှိနေတဲ့ ဆယ်ယွမ်ကို ချင်ယွဲ့ယွဲ့ရဲ့လက်ထဲသို့ ထည့်ကာ ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားခဲ့တော့တယ်။
ထိုအချိန်ကျမှ ချင်ယွဲ့ယွဲ့လည်း သူမပြောလိုက်တဲ့စကားတွေက လင်းတုံဟဲကို စိတ်မသက်မသာဖြစ်သွားစေကြောင်း သိသွားခဲ့ရတယ်။
ဒါပေမယ့် သူမအနေနဲ့ သူမရဲ့အတန်းဖော်တွေက အထင်အမြင်သေးလာမှာကို အမှန်တကယ် မလိုလားခဲ့ဘူး။ သူမအနေနဲ့ကျေးလက်ဒေသကနေ စာမေးပွဲကို ခက်ခက်ခဲခဲ ရုန်းထွက်ရင်းနဲ့ အောင်မြင်လာခဲ့ရတာလေ။ ရလဒ်က ကျေးလက်နေ အမျိုးသားတစ်ဦးကို လက်ထပ်ခဲ့ရတယ်ဆိုတာက ရှက်စရာကောင်းလွန်းတယ်။
သူတို့သာသိသွားရင် အနာဂတ်မှာ သူမ ဘယ်လိုလုပ်ရမလဲ။
မေ့လိုက်တော့။ တစ်ကြိမ်ကို ခြေတစ်လှမ်းအရင် လှမ်းလိုက်ရမှာပဲ။
လင်းတုံဟဲက တကယ်ကို ဒေါသထွက်နေခဲ့ပေမယ့် သူ့ရဲ့ခြေလှမ်းတွေက အရမ်းမြန်နေခဲ့တာကြောင့် ဆုဆုကို အမီလိုက်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
သူမက အိမ်ကိုပြန်ဖို့အတွက် အလျှင်လိုနေပုံမပေါက်ပဲ ဟိုဟိုဒီဒီလိုက်ကြည့်နေခဲ့တယ်။ ဒီလိုနဲ့ မထင်မှတ်ပဲ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားခဲ့ကြတယ်။
လင်းတုံဟဲလည်း သူမကို မရှောင်နိုင်တော့ဘဲ ကျည်ဆံကို ကိုက်ပြီး သူမရဲ့အနီးကိုလမ်းလျှောက်သွားရုံသာ တတ်နိုင်ခဲ့တယ်။
“ရဲဘော်ဆု.. မင်း ဒီရက်ပိုင်း ရွာကို ပြန်မလာနိုင်လောက်ဘူးပဲ ဟုတ်တယ်မလား”
“ဟုတ်တယ် .. ကျွန်မ ကျောင်းကိစ္စနဲ့ အလုပ်ရှုပ်နေလာလေ.. ကပ္ပတိန်လင်း ရှင် ရွာကိုပြန်မှာလား”
“အင်း”
“ရှင် ကျွန်မကို တစ်ခုခုကူညီလို့ရမလား”
“ကောင်းပြီ”
ဒီလိုနဲ့ ဆုဆုက လင်းတုံဟဲကို သူမရဲ့နေရာသို့ ခေါ်သွားခဲ့ပြီး တစ်ယောက်ယောက်ကမေးလာချိန်မှာ ပြန်ပြောခဲ့တယ်။
“ဒါက ကျွန်မရဲ့ မောင်(မတ်)လေ.. ကျွန်မ ခင်ပွန်းသည်ရဲ့ ညီပါ”
လင်းတုန်ဟဲလည်း ဒီအချိန်ကျမှ သူ ဆုဆုကို ဘယ်တုန်းကမှ မရီးလို့ မခေါ်ခဲ့ဖူးတာကို ပြန်လည် သတိရမိသွားခဲ့တယ်။
သူတို့ အိမ်ထဲကို ဝင်သွားပြီးမှ အိမ်က အရမ်းကို သန့်ရှင်းလွန်းတယ်လို့ ခံစားလိုက်ရတယ်။ သို့ပေမယ့် ဆုဆုက သူ့ကို ဝင်ခွင့်ပြုခဲ့ပြီး ရေနွေးထည့်ပေးလာတုန်းပဲ။
ပြီးမှ အံဆွဲထဲမှ ဆေးပုလင်းအချို့ကို ထုတ်ယူကာ ပလတ်စတာတချို့ကိုလည်း အိတ်ထဲကို ထည့်ပြီးပေးလာတယ်။
“အဖေ့မှာ အကြောအဆစ်ရောင်တတ်တဲ့ရောဂါရှိတယ်.. ဒီပလာစတာတွေက သူ့အတွက် ပြင်ဆင်ထားတာ..
အမေက နေမြင့်လာရင် ခေါင်းကိုက်တတ်တယ်.. ဒါကြောင့် ဒီဆေးက သူမအတွက် ခေါင်းကိုက်ပျောက်ဆေးပဲ..ဒါတွေကို ယူသွားပေးပါဦး..
ဒီဆေးတွေက အခုချိန်မှာ ထပ်ဝယ်ဖို့ ခက်ခဲနေပြီ.. ကျွန်မ ဆေးရုံတချို့ဆီကိုသွားပြီး သူတို့အတွက် စုဆောင်းပေးထားတာ.. နောက်ပြီး ဒီမှင်ပုလင်းကြီးနှစ်ခုက စာသင်နေတဲ့ကောင်လးတွေအတွက်ပါ
“မင်းက မင်းရဲ့မိသားစုကို တကယ်တွေးတောပေးတာပဲ”
“မတတ်နိုင်ဘူးလေ.. ကျွန်မက လူကြီးနှစ်ယောက်ကို သေသချာချာ ဂရုမစိုက်ပေးနိုင်ဘဲ အမြန်ထွက်လာခဲ့ရတာ.. ကျွန်မ ဒီမှာနေရတာ အဆင်ပြေတယ်ဆိုတာကိုလည်း ပြောပေးပါဦး.. လင်းချွမ်က အားလပ်ရက်တွေကျရင် ကျွန်မဆီကို လာနေတယ်လို့.. ဒါကြောင့် သူတို့ကို စိတ်ပူစရာမလိုဘူးလို့ ပြောလိုက်ပါ”
“ကောင်းပြီ ..ဒါဆို ငါသွားတော့မယ်”
“ခဏစောင့်ပါဦး”
ဆုဆုအနေနဲ့ အမျိုးသားဇာတ်လိုက်က သိပ်ပြီးမဆိုးလှဘူးလို့ ခံစားမိတာကြောင့် အထဲကိုဝင်ပြီး ကြက်သွန်စိမ်းပန်ကိတ်အလိပ်ကြီးနှစ်လိပ်ကို လှိမ့်ယူခဲ့လိုက်တယ်။
ပန်ကိတ်တွေကို အချိန်အကြာကြီး သိမ်းဆည်းထားနိုင်တာကြောင့် ဆုဆုအနေနဲ့ သူမ မနက်ခင်းတွေမှာ မချက်ပြုတ်နိုင်ရင် အသင့်စားသောက်နိုင်အောင် ဝယ်ပြီး မီးဖိုခန်းထဲမှာ ထည့်ထားခဲ့တာ။ ဒီတော့ လောလောဆယ်မှ် သူမရဲ့အိမ်မှာလည်း ပန်ကိတ်ကလွဲလို့ တခြားဘာမှမရှိနေခဲ့ဘူး။
လင်းတုံဟဲကတော့ သူ့ရဲ့နှလုံးသားထဲကနေ ကျေးဇူးတင်နေခဲ့ပြီး သူမကို ကျေးဇူးတင်ကြောင်း နှစ်ကြိမ်ပြောခဲ့ပြီး အိမ်ထဲမှ ထွက်သွားခဲ့တယ်။
လင်းတုံဟဲကတော့ မြို့တော်ရဲ့ ညစ်ညမ်းနေတဲ့လေထုကို ရှုရှိုက်ရင်း သူ အမှားတစ်ခုခုကို လုပ်လိုက်မိသလိုမျိုး ခံစားလိုက်ရတယ်။
အိမ်ထောင်ကျပြီးကာစ သူ့ရဲ့ဇနီးသည်က သူ့ကို ဒီလောက် ကြင်နာနူးညံ့စွာ ဆက်ဆံခြင်းမရှိခဲ့ဘူး။ သူတို့ရဲ့ဆက်ဆံရေးအကြောင်းကိုတောင် တခြားလူတွေရှေ့မှာ ဝန်ခံချင်စိတ်မရှိခဲ့ဘူး။
သူက ရထား လက်မှတ်မှလွဲပြီး ကျန်ရှိနေတဲ့ပိုက်ဆံတွေအားလုံးကို သူမဆီကို ပေးခဲ့ပေမဲ့ သူမကတော့ သူ့ကို ဘန်းမုန့်တစ်ခုတောင် ဝယ်ကျွေးလိုစိတ်မရှိခဲ့ဘူး။
ဆန့်ကျင်ဘက်မှာတော့ သူတို့ အမှားလုပ်ခဲ့ဖူးတဲ့ ဆုဆုက သူ့အတွက် အစားအစာ ပြင်ဆင်ပေးခဲ့တယ်။ သူ့ကိုလည်း ဆွေမျိုးသားချင်းတစ်ယောက်အဖြစ် ဆက်ဆံပေးခဲ့တယ်။
လင်းတုံဟဲရဲ့စိတ်တွေ ဘယ်လိုပြောင်းလဲနေခဲ့လဲဆိုတာကို မသိခဲ့ပါပဲဆုဆုကတော့ နောက်နေ့မနက်မှာ သူမရဲ့ အတန်းကို စတင်ဖို့ သွားခဲ့တယ်။
ရိုးရိုးသားသားပြောရမယ်ဆိုရင် သူမ အတော်လေး စိတ်လှုပ်ရှားနေခဲ့တယ်။ ဒါ့အပြင် သူမရဲ့ အိမ်တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ခြံတံခါးရှေ့မှာ ရပ်နေတဲ့ လင်းချွမ်ကို တွေ့မြင်လိုက်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။
သူက သူမကိုမြင်တော့ ခွေးပေါက်လေးကို ခေါ်သလိုမျိုး လက်ယပ်ခေါ်လာခဲ့တယ်။
ဒါပေမဲ့ ဆုဆုကတော့ တုန်ယင်စွာနဲ့ သူ့အနားကိုသွားပြီး မေးလိုက်တယ်။
“ရှင်ဘာလို့ ဒီကို ရောက်နေရတာလဲ.. ဒီနေ့က စစ်တပ်ရဲ့ အားလပ်ရက်နေ့လား”
“ကိုယ် ဒီမနက်အပြေးကျင့်နေရင်းကနေ မင်းရဲ့ကျောင်းကို လိုက်ပို့မလို့ ထွက်လာခဲ့တာ.. စိတ်လှုပ်ရှားနေလား”
လင်းချွမ်ရဲ့ နဖူးက ချွေးတွေစီးကျနေခဲ့ပြီး သူ့ရဲ့ဦးထုပ် တစ်ခုလုံးကလည်း စိုစွတ်နေခဲ့တယ်။
“ရှင် ပြေးလာတာလား.. စစ်တပ်က ဒီကနေ နှစ်ကီလိုမီတာလောက်ဝေးတာလေ”
သူ့ရဲ့ ခန္ဓာကိုယ်သန့်စွမ်းကြံ့ခိုင်မှုကတော့ တကယ့်ကို ကောင်းမွန်လွန်းတာပဲ!
“ဒါက ဘာမှမဟုတ်ပါဘူး.. မကြာခင်လောက်မှာ ကိုယ်တို့တွေ ပြိုင်ပွဲကြီးတစ်ခုကျင်းပရတော့မှာလေ.. ဒါကြောင့် ကိုယ့်ရဲ့ ခံနိုင်ရည်အားကို မကျဆင်းသွားစေချင်လို့”
“အို့.. ဒါဆို ရှင် ဒီကို တမင်လာတာမဟုတ်ဘူးပေါ့”
“ကိုယ် မင်းကို ကျောင်းလိုက်ပို့ပေးချင်လို့”
“ကျွန်မက ကလေးတစ်ယောက် မဟုတ်တော့ဘူးလေ.. ကျွန်မက ဆရာမဖြစ်နေပြီနော်.. ဆရာမ....”
လင်းချွမ် ပြုံးပြီး ပြောလာတယ်။
“အင်း ဆရာမပါ.. မူလတန်းကျောင်းသား မဟုတ်ဘူး”
သူက သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး သူမရဲ့ပိုနီတေးဆံပင်လေးကို ဖိပြီး ပွတ်သတ်လာခဲ့တယ်။ တကယ့် ကလေးတစ်ယောက်ကို ဆက်ဆံနေသလိုမြိုးပဲ။
“အိုး.. ကျွန်မရဲ့ဆံပင်ကို မထိနဲ့လေ”
ဒါက အခုမှ စည်းလို့ ပြီးထားတာကို။
လင်းချွမ်လည်း ရွေးချယ်စရာမရှိတော့ဘဲ သူ့ရဲ့လက်ကို အိတ်ကပ်ထဲမှာထည့်ပြီး ကျောင်းကို လျှောက်လာခဲ့ရတော့တယ်။
လမ်းက မဝေးပေမယ့် သူတို့နှစ်ယောက်ကြားမှာတော့ ပြောစရာတွေက အဆုံးမရှိနိုင်ခဲ့ဘူး။
သေချာတာပေါ့။ ဆုဆုက ပြောတဲ့သူဖြစ်ပြီး လင်းချွမ်က နားထောင်ပေးနေခဲ့တဲ့သူပဲ။
ကျောင်းရဲ့တံခါးပေါက်ကိုရောက်တော့ လင်းချွမ်က သူ့ရဲ့လက်ထဲမှာကိုင်ထားတဲ့ အိတ်ကို ဆုဆုဆီသို့ လှမ်းပေးလိုက်တယ်။
“ကိစ္စ တစ်ခုခုရှိရင် ကိုယ့်ဆီကို လှမ်းခေါ်လိုက်နော်.. ကိုယ် ညနေဘက် မင်းကို လာကြိုမယ်”
“ရှင် ဘာလို့ဒီလောက်တောင် အလုပ်ကို အပါးခိုနေရတာလဲ”
“စစ်တပ်ရဲ့အဖွဲ့တွေက အချိန်အတိုင်းအတာတစ်ခုလောက်အထိ လေ့ကျင့်ရေးဆင်းရမှာ.. အနည်းဆုံး လတစ်ဝက်လောက်ကြာမှ ပြန်လာနိုင်တယ်.. ပြီးတော့ ဒီကြားထဲမှာ ဘယ်လိုအဆက်အသွယ်မှ မလုပ်နိုင်လောက်ဘူးလို့ထင်တယ်.. ဒါကြောင့် သူတို့ပြန်မလာခင် အရေးကြီးကိစ္စတွေရှိမလာခဲ့ဘူးဆိုရင် ကိုယ် ဒီကို မကြာခဏလာဖြစ်နိုင်တယ်”
“ကောင်းတာပေါ့.. ဒါဆို ကျွန်မ ရှင့်အတွက် အရသာတွေလုပ်ပေးမယ်”
လင်းချွမ်က ခေါင်းညိတ်ပြလာတယ်။
“ဝင်သွားလိုက်တော့လေ.. ကိုယ် မင်းကို တံခါးဝကနေ စောင့်ကြည့်နေပေးမယ်”
“အင်း”
ဆုဆုအနေနဲ့ လူတွေအများကြီးက သူမကိုကြည့်နေတာကို သတိပြုမိသွားရတာကြောင့် ချောင်းအသာဟန့်ပြီး အလျှင်အမြန် ဝင်သွားလိုက်တယ်။
ဒါပေမယ့် လမ်းတစ်ဝက်လောက်မှာပဲ ရုပ်ရည်ချောမောတဲ့ အတန်းဖော် အမျိုးသမီးနှစ်ယောက်က သူမရဲ့ အနားကိုရောက်လာပြီး မေးလာကြတယ်။
“အတန်းဖော်.. အဲဒီတစ်ယောက်က မင်းရဲ့ ရည်းစားလား၊ မင်းအစ်ကိုလား .. သူက အရမ်းချောတာပဲ”
“ငါ့ရဲ့ခင်ပွန်းသည်ပါ”
ဆုဆု စိတ်ဓာတ်ကျသွားရတယ်။ ဘာကိုအတန်းဖော်လဲ! သူမက ဆရာမတစ်ယောက်နော် ဟုတ်ပြီလား?
သူမ ဆရာမတစ်ယောက်ရဲ့ ဟန်ပန်ကို အလျှင်အမြန် တပ်ဆင်လိုက်တယ်။ ကာရိုက်တာကို ပျက်စီးစေလို့မဖြစ်ဘူး!
“မင်းက အိမ်ထောင်ကျပြီးသွားပြီလား?”
တစ်ယောက်က အံ့သြစွာမေးလာတယ်။
“ဒီလောက် အစောကြီးလက်ထပ်ထားတာလား?”
အခုမှ ကောလိပ်ကျောင်းသူတစ်ယောက်ပဲ ဖြစ်နေသေးတာလေ။
“အင်း.. မကြာခင် အတန်းစောတော့မယ်.. မင်းတို့ ကျောင်းသူနှစ်ယောက်လည်း အမြန်ဝင်သွားသင့်တယ်”
သူတို့နှစ်ယောက်ကကျောင်းသားသစ်တွေမဟုတ်လောက်ဘူး။ တကယ်လို့ သူတို့သာ အင်္ဂလိပ်မေဂျာကို မရွေးချယ်ဘူးဆိုရင် ကောင်းလိမ့်မယ် ။ မဟုတ်ရင် မျက်နှာပူနေရတော့မှာပဲ။