အခန်း (၉၈)
Vol. 10 Ch. 98
ဆုဆုရဲ့ စကားကိုကြားတော့ အတန်းဖော်အမျိုးသမီး နှစ်ယောက်သည်လည်း သူတို့ ကျောင်းကိုသွားဖို့ အတွက် အရမ်းနောက်ကျနေပြီလို့ ခံစားမိပြီး ပြေးသွားခဲ့ကြတယ်။
ဆုဆုကတော့ ဆရာရုံးခန်းဆီကို အရင်သွားခဲ့တယ်။ ရုံးခန်းထဲကိုရောက်တော့ လူတိုင်းက အလုပ်ရှုပ်နေခဲ့ကြပြီး အချိန်ဇယားသည်လည်း ထွက်လာခဲ့ပြီ။
ဒီအစပိုင်းမှာ အင်္ဂလိပ်မေဂျာကို ထည့်သွင်း လျှောက်ထားသူတွေ အများအပြားမရှိသေးတာကြောင့် ဆုဆုမှာဒီနေ့အတွက် အတန်းနှစ်တန်းပဲရှိတယ်။
သို့ပေမဲ့ အတန်းတစ်ခုစီမှာ ကျောင်းသားတွေ အများကြီးရှိနေခဲ့ယ်။ ကြည့်ရတာ အနာဂတ်မှာ ဒီလိုအရည်အချင်းမျိုးက တိုင်းပြည်ထဲမှာ အရေးကြီးတဲ့လိုအပ်ချက်ဖြစ်လာလိမ့်မယ်ဆိုတာကို လူအများစုက မြင်တွေ့နိုင်ခဲ့ကြတဲ့ပုံပဲ။
ဇာတ်လိုက်မသည်လည်း သူတို့အထဲမှာ ပါဝင်ပြီး ဒီဇာတ်လိုက်မက အလွန်ထိုးထွင်းသိမြင်နိုင်တယ်လို့ ဆိုရမယ်။
အနာဂတ်မှာ သူမက ကြီးမားတဲ့ လုပ်ငန်းကြီးကို စတင်လာနိုင်မဲ့ သူပဲလေ။
စာအုပ်ထဲမှာ ဇာတ်လိုက်မကနိုင်ငံခြားသားတွေနဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို ပြောတဲ့ အချိန်မှာ ဘာသာပြန်စရာမလိုဘူးလို့ ပြောထားခဲ့တယ်။ သူမရဲ့ ဆရာက ကောင်းကောင်း သင်ကြားပေးခဲ့တာဖြစ်လိမ့်မယ်။
သူမ အနည်းငယ်လောက် တွေးတောပြီးနောက် အတန်းကို စတင်ဖို့ သွားပေမယ့် အတန်းထဲကိုရောက်တဲ့အချိန်မှာ ကျောင်းသားတွေက သူမကို မှားယွင်းလာကြဦးမယ်လို့ မတွေးမိခဲ့ဘူး။
သူတို့အားလုံးက ကျောင်းသားသစ်တွေသာ ဖြစ်နေတဲ့အတွက် အတန်းအတွက် စည်းကမ်းတွေေနဲ့ပတ်သက်ပြီး မသိရှိကြသေးဘူး။
ဆုဆုက လက်ထဲမှာ ဖိုင်တွဲကိုကိုင်ပြီး လျှောက်လာတာကိုတွေ့တော့ ယောက်ျားလေးတော်တော်များများက သူမကို မိန်းကလေးအတန်းဖော်တစ်ယောက်လို့ မှတ်ယူလိုက်ကြတယ်။
ဒီလိုမျိုးချောမောလှပတဲ့ အတန်းဖော်မိန်းကလေးမျိုးကို သူတို့က သေချာပေါက်နီးစပ်ချင်၊ စနောက်ချင်ကြမှာပဲလေ။ ဒါကြောင့် တစ်စုံတစ်ယောက်က စတင်ပြီး နှုတ်ဆက်ကာ ဆုဆုကို သူတို့ရဲ့ဘေးမှာထိုင်ဖို့ လှမ်းအော်လာတယ်။
ဆုဆုကတော့ တကယ်ကို စိတ်ဆိုးနေပြီ။ သူမက ဆရာမလေ! ဆရာမတစ်ယောက်ပဲကို!
သူတို့က သူမကို ဘာလို့ ဆရာမတစ်ယောက်အနေနဲ့ မမှတ်ယူရတာလဲ!
သို့ပေမယ့် သူမက ပြုံးနေဆဲပဲဖြစ်ပြီး စင်မြင့်ပေါ်သို့တက်ကာ မြေဖြူခဲကို ကောက်ယူပြီး သူမရဲ့ နာမည်ကို တိုက်ရိုက်ချရေးလိိုက်တယ်။
“မင်္ဂလာပါ အတန်းဖော်တို့.. ငါက မင်းတို့ရဲ့ အင်္ဂလိပ်မေဂျာဆရာမပါ.. မင်းတို့ ဆုလောင်ရှစ်လို့ ခေါ်လို့ရတယ်”
စာသင်ခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး တခြားသောအတန်းဖော်အမျိုးသားတစ်ယောက်ကသူမကို ချော့မော့သလိုပြောလာတယ်။
“အတန်းဖော်လေး.. စနောက်မနေနဲ့တော့.. ဆရာမ မလာခင် မြန်မြန်ဆင်းလာခဲ့.. မင်းရဲ့ အသက်က ဘယ်လောက်ရှိနေပြီမို့လို့ ဆရာမ ဖြစ်နိုင်မှာလဲ”
ထိုစကားကို ပြောပြီးနောက် တခြားသောအတန်းဖော်အများအပြားကလည်း ရယ်မောလာကြတယ်။
ချင်ယွဲ့ယွဲ့ကတော့ မပြုံးခဲ့ဘူး။ သူမက အောက်နှုတ်ခမ်းကို ဖိကိုက်ထားပြီး စော်ကားသလို ခံစားနေခဲ့ရတယ်။ တစ်ဖက်လူက တကယ်ပဲ ဆရာတစ်ယောက်ဖြစ်နေတာကြောင့် သူမ ဘာမှ မပြောနိုင်တော့ဘူး။
သို့ပေမဲ့ သူမ ထိုနေရာမှာရပ်ပြီး ဒေါသထွက်နေတာကိုမြင်ရတာကတော့ တကယ်ပဲ ရယ်ရတယ်။
ဆုဆု ကျောက်သင်ပုန်းကို ခေါက်လိုက်ပြီးနောက် လျှင်မြန်တဲ့အရှိန်နှင့် ကျောက်သင်ပုန်းပေါ်မှာ အင်္ဂလိပ်စာတန်းတွေကို ချရေးခဲ့တယ်။ အကျိုးသက်ရောက်မှုကတော့ : ငါက မင်းတို့ရဲ့ဆရာပဲ။
“ဒီစကားလုံးက ဘာကိုဆိုလိုတာလဲဆိုတာ သိလား.. မင်းတို့ မသိရင် ငါ ဒီအတန်းကို စမယ်.. ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မင်းတို့တွေ အတန်းထဲက ထွက်သွားလိုက်တော့”
ဒီလို နိုင်ထက်စီးနင်းလုပ်တာမျိုးက ဆုဆုအတွက် တကယ်ကိုရှားပါးတယ်။
တစ်စုံတစ်ယောက်က လေချွန်လိုက်ပေမဲ့ ထိတ်လန့်သွားရပြီး ဘာတစ်ခုမှ ဆက်မပြောရဲတော့ဘူး။
ဒါကြောင့် ဆုဆု ဒီနေ့အတွက် သူမရဲ့ ပထမဆုံးအတန်းကို စတင်ခဲ့တယ်။ တကယ်တမ်းမှာ သူမသည်လည်း စိတ်လှုပ်ရှားနေခဲ့တာ။
ယခင်တုန်းက စာတတ်မြောက်ရေး အတန်းတွေက အလွန်လွယ်ကူပြီး အတန်းအဖြစ်တောင် ထည့်တွက်လို့ မရနိုင်ဘူး။
အခုလိုမျိုး ကျောင်းသားကို စစ်မှန်တဲ့သဘောနဲ့ သင်ကြားပေးတာက ဒါ ပထမဆုံးအကြိမ်ပဲလေ။ သူမရဲ့ အပေါ်ယံမျက်နှာပြင်က ငြိမ်သက်နေခဲ့ပေမဲ့လည်း အတွင်းစိတ်ကတော့ စိတ်လှုပ်ရှားနေခဲ့တယ်။
နောက်ဆုံးမှာတော့ သူမက သင်ခန်းစာကို ကောင်းကောင်းသင်ပြပေးနိုင်ခဲ့တယ်။
မူလတုန်းကတော့ သူမက ဟာသစကားတွေကို ရောနှောပြီး ပြောဖို့အတွက် တွေးတောခဲ့ပေမဲ့အောင်မြင်ခြင်းမရှိခဲ့ဘူး။ သူမက အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့တာလေ။
သို့ပေမယ့် နောက်ဆုံးအချိန်ထိ သူမ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး မိတ္တူဖိုင်ကို ကိုင်ကာ နောက်ကျောကို ဖြောင့်တန်းစွာထားရင်း ပြောလိုက်တယ်။
“အတန်း ပြီးပြီ”
ထို့နောက် ကျောင်းသားတွေက နေရာကနေ ထရပ်လာကြပြီး သူတို့ရဲ့ စာအုပ်တွေကို ထုပ်ပိုးကာ ထွက်သွားခဲ့ကြတယ်။ သူတို့ အားလုံး ထွက်သွားပြီးမှ ဆုဆု သူမရဲ့ ပါးစပ်ကို လက်နဲ့ ဖုံးအုပ်ပြီး အနည်းငယ် ပျို့လိုက်မိတယ်။
အတန်းဖော်အမျိုးသားတစ်ယောက်က တစ်စုံတစ်ခုယူဖို့ မေ့သွားခဲ့တာကြောင့် အထဲကိုပြန်ဝင်လာတဲ့အချိန်မှာ ဆုဆုရဲ့ သက်သောင့်သက်သာမရှိတဲ့ အမူအယာကို မြင်တွေ့လိုက်ရတယ်။
သူက ခေါင်းကုတ်ပြီး ပြောလာတယ်။
“ဆုလောင်ရှစ် .. ကျွန်တော်တို့ မင်းကို စိတ်ဆိုးအောင်လုပ်ဖို့ မရည်ရွယ်ပါဘူး”
ဆုဆု ခေါင်းကိုခါယမ်းပြီး ပြောလိုက်တယ်။
“သိပါတယ်”
သူမက အစာအိမ်သိပ်မကောင်းတတ်ဘဲ စိတ်လှုပ်ရှားတဲ့အချိန်မျိုးတွေမှာ အခုလိုမျိုး ပျို့အန်ချင်လာတတ်တယ်။ ဒါကြောင့် သူမ ဒါကို အလေးအနက်မထားခဲ့ဘူး။
အတန်းဖော်အမျိုးသားက ခေါင်းကုတ်လိုက်ပြန်တယ်။
“ဆုလောင်ရှစ် ..မင်းက အရမ်းလှတယ်”
သူက ပြောပြီးတာနဲ့ ပြေးထွက်သွားခဲ့တယ်။
ဆုဆု ခဏလောက် ကြောင်အသွားရတယ်။ သူမက သူမရဲ့ ကျောင်းသားတစ်ယောက်ဆီကနေ ကျီစယ်ခြင်းကို ခံလိုက်ရတာလား?
သူမ မျက်နှာကို အသာပုတ်လိုက်ပြီး မတ်တပ်ထရပ်ကာ ရုံးခန်းဆီသို့ ပြန်သွားခဲ့တယ်။ ထို့နောက် ရေတစ်ဖန်ခွက်ကို အရင်သောက်ပြီးနောက် လန်းဆန်းစေခဲ့တယ်။ ကံကောင်းစွာနဲ့ မနက်ပိုင်းမှာ အတန်းတစ်တန်းပဲရှိတာကြောင့် သူမရဲ့ နေ့လည်ခင်းဘက်မှ အတန်းအတွက် ကြိုတင်ပြင်ဆင်ချိန်ရှိသေးတယ်။
သူမ နေ့လည်ခင်း အိမ်ကိုပြန်တဲ့အချိန်မှာ လင်းချွမ်ကို အိမ်မှာ မြင်တွေ့လိုက်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူက ထမင်းဟင်းတွေကိုတောင် ပြင်ဆင်ပြီးနေပြီ။
“ရှင် အားလပ်ချိန် အတိုလေးပဲ ရတယ်လို့ ပြောခဲ့တာမဟုတာဘူးလား”
ဘာလို့ နေ့လယ်ခင်းမှာပါ အားလပ်ပြီးရောက်နေရပြန်တာလဲ?
“အထက်က ကိုယ့်ကို အခုလိုအားလပ်နေတဲ့အချိန်မှာ မိသားစုနဲ့ အချိန်ပိုပြီး နေသင့်တယ်လို့ ပြောခဲ့တယ်လေ.. ဒါကြောင့် ကိုယ် ဒီကို လာခဲ့တာ”
“အိုး”
သွားတဲ့အဖွဲ့တွေက အချိန်အတော်ကြာဦးမှာဖြစ်လောက်တယ်။ ဒါကြောင့် သူ့ကို အားလပ်ရက် ပေးလာတာပဲ။
သူတို့ နှစ်ယောက် နေ့လည်စာစားပြီးတဲ့ နောက်မှာတော့ ဆုဆုက ဒီနေ့ အတွက် ပထမဆုံးသောအတန်းရဲ့ အကြောင်းကို ပြောပြခဲ့ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဆက်ပြောလိုက်တယ်။
“သူတို့တွေက ကျွန်မကို ဆရာနဲ့တူတယ်လို့ မထင်ကြဘူး.. နောင်ကျရင် ကျွန်မ သူတို့ကို ဘယ်လိုကိုင်တွယ်လိုက်မလဲဆိုတာ စောင့်တေသင့်တယ်!”
“အမ်”
လင်းချွမ်က သူ့ရဲ့ ထောက်ခံမှုကို ပြသရန်အတွက် သူမရဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။
ဆုဆုက ပင်ပန်းနေပြီဖြစ်လို့ ခဏလောက်လှဲပြီး အနားယူဖို့ အိပ်ခန်းထဲကိုသွားလိုက်တယ်။ အနားယူချိန်က တစ်နာရီကျော်လောက် ရှိနေသေးတဲ့အတွက် အိပ်စက်လို့ရသေးတယ်လေ။
နောက်ပြီး သူမ နောက်ကျမှ ရောက်သွားမှာကိုလည်း စိတ်ပူနေစရာမလိုဘူး။ နေ့လည်ခင်း သူမရဲ့စာသင်ချိန် က သုံးနာရီဝန်းကျင်လောက်မှာမှ စမှာ။
ဘာပဲဖြစ်ဖြစ် သူမက ဒီအချိန်အတွင်းမှာ ပျင်းရိနေခဲ့တယ်။
လင်းချွမ်က သူ့ရဲ့ဇနီးသည်ကို ကြည့်ရင်း မကြာခင်မှာ သူမရဲ့ တစ်စုံတစ်ခု ရောက်လာရမဲ့နေ့ရက်ကိုရောက်လာရတော့အကြောင်းကို တွေးတောမိကာ ရုတ်တရက် မျက်မှောင်ကြုတ်သွားရတယ်။
မဟုတ်ဘူး။ အဲဒီရက်က ကျော်လွန်သွားခဲ့ပြီ။ သူ့ရဲ့မှတ်ဉာဏ်က အမြဲတမ်း ကောင်းမွန်နေတတ်တယ်။ နောက်ပြီး မင်္ဂလာဆောင်တဲ့နေ့တုန်းက အကျိုးသက်ရောက်မှုကလည်း အရမ်းကြီးမားတဲ့အတွက် အဲဒီနေ့ကို လစဥ်လတိုင်း မှတ်မိရလွယ်ကူတယ်။
သူ အိမ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ရေချိုးခန်းထဲကို သွားကြည့်လိုက်တယ်။ အထဲမှာ ဘာတစ်ခုမှ ဖြစ်ပျက်ထားတဲ့ သဲလွန်စမရှိတာကြောင့် သူ မေးကြည့်ရုံပဲ တတ်နိုင်တော့မယ်။
သူ လက်ကိုဆေးကြောလိုက်ပြီးနောက် အခန်းထဲကို ပြန်ဝင်ကာ မေးလိုက်တယ်။
“ဇနီးလေး .. ကိုယ်မှတ်မိသလောက် ဒီလအတွက် မင်းရဲ့လစဥ်ဓမ္မတာမလာသေးဘူးလားလို့.. ဒါက နောက်ကျနေသလား ဒါမှမဟုတ် တစ်ခုခုဖြစ်လို့လား”
“ဟမ်?”
ဆုဆု ရုတ်တရက် သူမရဲ့မျက်လုံးတွေကိုဖွင့်လာခဲ့တယ်။
“ရှင် ဘာပြောလိုက်တာလဲ”
သူမရဲ့ဦးနှောက်ထဲမှာ ရုတ်တရက် လျှပ်စီးကြောင်းတစ်ခု တောက်ပသွားခဲ့သလိုပဲ။ မကြာသေးခင်တုန်းက သူမ တစ်ခုခုကို မေ့လျော့နေတယ်လို့ အမြဲခံစားနေတယ်။ ဒီတော့ သူမရဲ့ အန်တီ အလည်မလာသေးတာလား။ ဘာလဲ?
ဒါက သူမကို လတိုင်း အချိန်မှန် နှုတ်ဆက်ခဲ့တယ်လေ။ ဒါပေမယ့် ဒီလထဲမှာတော့ ဒီလောက်ရက်ပေါင်းများစွာ ကြာနေပြီကို ဘယ်လိုလှုပ်ရှားမှုမှ ပြမလာခဲ့ဘူး။
သူမကို အပြစ်တင်လို့မရဘူး။ မကြာသေးခင်အချိန်ကတည်းက သူမက အလွန်အမင်းအလုပ်ရှုပ်နေခဲ့တာကြောင့် အန်တီရဲ့ပြဿနာတွေကို လုံးဝ မတွေးတောမိခဲ့ဘူး။
“အဲဒီဓမ္မတာလေ.. မင်းပြောတဲ့ အန်တီဆိုတာ.. ကိုယ်မှတ်မိသလောက် လတိုင်း ဆယ်ရက်နေ့တွေမှာ လာတတ်တယ်မလား.. နောက်အကျဆုံး ဆယ့်နှစ်ရက်လောက်လေ.. ဒါပေမယ့် ဒီနေ့က နှစ်ဆယ်ရက်နေ့ဖြစ်နေပြီ.. မင်းဆီမှာ မလာသေးဘူး”
လင်းချွမ်က သူ့ရဲ့ဇနီးသည် အလွန်အမင်း ပင်ပန်းနေရတာကြောင့် နေမကောင်းဖြစ်နေတာများလားလို့ပဲ တွေးတောနေခဲ့တယ်။ သူက နေ့ရက်တွေကို သတိရနေပေမယ့် တခြားဘာကိုမှ မတွေးခဲ့မိဘူး။
သူက မတွေးခဲ့ပေမဲ့ ဆုဆုကတော့ တွေးတောမိနေတုန်းပဲ။ သူမက ရုတ်တရက် လင်းချွမ်ရဲ့ လည်ပင်းမှ ကော်လံကို ဆွဲကိုင်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်။
“လင်းချွမ်.. ရှင်ကတော့ အလုပ်ကောင်းကောင်း ကြိုးစားခဲ့တာပဲ”
“ဒါက ကိုယ့်ကြောင့်လား? မင်းရဲ့ ဓမ္မတာ မစခင်တုန်းက အဲဒါကို ကိုယ် အနောက်ဘက်ကို ပြန်တွန်းထည့်လိုက်မိတာ ဖြစ်နိုင်လောက်လား?”
မဟုတ်ရင် အဲဒါက ဘာလို့ အခုချိန်ထိ မလာရသေးတာလဲ?
“အား အား အား!”
ဆုဆုတစ်ယောက် သူမရဲ့ဆံပင်ကို ကုတ်ခြစ်လိုက်မိပြီး လင်းချွမ်ကို ဆွံ့အ,စွာ ကြည့်လိုက်မိတယ်။ သူမက သူ့ကို ဇီဝကမ္မဗေဒဆိုင်ရာ သင်ကြားပို့ချမှု အနည်းငယ်လောက်ပေးပြီး ပြောလိုက်တယ်။
“ရှင် တခြားဖြစ်နိုင်ခြေကို မသိဘူးလား? အမျိုးသမီးတွေမှာ အဲဒါမလာရင် ဘာဖြစ်နိုင်လဲ ဆိုတာကိုလေ.. အဲဒီအန်... ဓမ္မတာမလာတာက.. ကိုယ်ဝန်ရှိနေတာလည်း ဖြစ်နိုင်တယ်.. ကိုယ်ဝန်..”
“ဘာ?”
လင်းချွမ် ချက်ချင်းထရပ်လိုက်တယ်။
“သွား.. သွားကြမယ်.. ဆေးရုံကိုသွားကြရအောင်”
သူက အိမ်ထဲမှာ အချိန်အတန်ကြာအောင် လှည့်ပတ်နေခဲ့ပြီးမှ ပြောလာပြန်တယ်။
“မဟုတ်ဘူး.. မင်းအိမ်မှာနေပဲ နေလိုက်ဦး ကိုယ် စီးစရာတစ်ခုခုသွားငှားလိုက်မယ်”
ထို့နောက် သူက အပြင်ကိုထွက်ခဲ့ပြီး ခဏအကြာမှာ စက်ဘီးတစ်စီးငှားပြီး ပြန်လာခဲ့တယ်။ ပြီးနောက် သူက ဆုဆုကို အနောက်ဘက်မှာ ဂရုတစိုက်နဲ့ဝင်ထိုင်ခိုင်းလိုက်ပြီး ပြောလာတယ်။
“သေချာမြဲမြဲကိုင်ဦးနော်”
သူ ချွေးတွေအလွန်ထွက်နေပေမဲ့ စက်ဘီးကို သတိကြီးစွာနှင့် စီးနေတုန်းပဲ။
လမ်းတလျှောက်လုံးမှာ သူတို့နှစ်ယောက်လုံးရဲ့စိတ်တွေက ဗလာဖြစ်နေခဲ့ကြတယ်။ သူတို့တွေ တစ်ခုခုကို တွေးနေသလို ခံစားနေရပေမယ့် ဘာကိုမှလည်း မစဉ်းစားနိုင်ခဲ့ကြဘူး။
ဘာပဲဖြစ်ဖြစ် လင်းချွမ်ကတော့ အလွန်အမင်း ပျော်ရွှင်နေခဲ့လေရဲ့။