အခန်း (၁၀၂)
Vol. 11 Ch. 102
ဆုဆု သူမကို ကြည့်လိုက်ပြီး ဇာတ်ကြောင်းကို ပြန်တွေးလိုက်မိတယ်။
ဇာတ်လိုက်မရဲ့ ရုပ်ရည်က အလွန်ကြည့်ကောင်းပြီး လူအများကို ကူညီရတာကို နှစ်သက်တယ်။ သူမက အတန်းဖော်တွေရဲ့ရှေ့မှာ သူမကိုယ်သူမ အရူးမလုပ်ချင်ဘူး။
ဒီနေ့မှာ လူအများရဲ့အရှေ့မှာ သူမက ဆင်းရဲတယ်လို့ပြောခဲ့ပြီး သူတို့ဆီကို ပိုက်ဆံချေးဖို့ လာခဲ့တယ်။
တကယ်တော့ ကျောင်းရဲ့နေထိုင်စရိတ်က သိပ်အများကြီးမဟုတ်သလို လင်းတုံဟဲကလည်း ထွက်မသွားခင်မှာ သူမရဲ့ နေထိုင်စားသောက်မှုအတွက် စရိတ်နဲ့ ကန်တင်းအတွက် ကျသင့်ငွေကို ပေးခဲ့တယ်။
ဆုဆုက လင်းချွမ်ကို ကြည့်လိုက်ပြီးနောက် ဇာတ်လိုက်မကို တဖန်ကြည့်လိုက်ကာ ဘာမှ မပြောခဲ့ဘူး။ တစ်ဖက်လူက လင်းချွမ်ထံမှ ပိုက်ဆံချေးဖို့ ရောက်လာတာဖြစ်ပြီး သူမဆီကမဟုတ်ဘူး။ ဒီတော့ သူမက ရေနွေးသောက်ရင်း ထိုင်ကြည့်နေရုံပဲပေါ့။
မထင်မှတ်ပဲ လင်းချွမ်က ချက်ချင်းငြင်းဆိုလိုက်တယ်။
“ငါက တစ်လအတွက်ထောက်ပံ့ကြေး အများကြီးရတာမဟုတ်ဘူး.. နောက်ပြီး အနာဂတ်မှာ ငါ့ကလေးတွေအတွက် နို့မှုန့်ဝယ်ဖို့ ပိုက်ဆံ စုဆောင်းထားရမယ်.. တကယ်လို့ ပိုက်ဆံလိုချင်ရင် လင်းတုံဟဲဆီကို ကြေးနန်းစာတစ်စောင်ပို့လိုက်ပေါ့”
“...”
ဆုဆုရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။ ဒီလို ကြေညာချက်မျိုးလဲ ပြောလို့ရသေးတာလား?
“နို့မှုန့်လား? အာ.. ဂုဏ်ပြုပါတယ်.. ဂုဏ်ပြုပါတယ်”
ချင်ယွဲ့ယွဲ့က ဆုဆု တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလာတယ်။
“ဒါဆို ဆုဆုဆီမှာလည်း လစာရနေသေးတယ် မဟုတ်ဘူးလား?”
“အဲဒါက သူ့ရဲ့လစာလေ.. မင်းက ငါ့ဆီက ပိုက်ဆံချေးဖို့ ရောက်လာတာမဟုတ်ဘူးလား”
လင်းချွမ်က လူတွေကို ကြိမ်းမောင်းတဲ့အချိန်တွေမှာ တကယ့်ကို ဖြောင့်တန်းပြီး ချစ်စရာကောင်းလွန်းတယ်။ ဆုဆု သူ့ကို စိုက်ကြည့်ရင်းနဲ့ လက်ခုပ် ထတီးမိတော့မလိုပဲ။
ဒီအချိန်မှာတော့ ချင်ယွဲ့ယွဲ့လည်း ရှက်သွားပုံရတယ်။
“ဒါဆို.. ကျွန်မ အရင်ပြန်တော့မယ်”
ဆုဆုက သူတို့ကို စိတ်အနှောက်အယှက်လာပေးဖို့အတွက် ရောက်လာတဲ့လူကို ဘယ်လိုလုပ်ပြီး ဒီအတိုင်း ပြန်လွှတ်လိုက်နိုင်မှာလဲ။ သူမက ခုံမှာထိုင်နေရင်း လှမ်းပြောလိုက်တယ်။
“လင်းတုံဟဲက နင့်အတွက် အခန်းခနဲ့ နေထိုင်စရိတ်တွေ ပေးခဲ့တယ်မဟုတ်ဘူးလား? အဲဒီစရိတ်တွေက ငါးယွမ်ပဲ ကျသင့်မှာလေ.. နင် အဲဒါကို တခြားတစ်ယောက်ကိုချေးပေးလိုက်တော့ အဲဒီအတန်းဖော်က နင့်ကိုဆယ်ယွမ်ပြန်ပေးတယ်မဟုတ်ဘူးလား? ဒါကို နင် ဘာလို့ မလောက်နိုင်ဖြစ်နေရတာလဲ?”
“ငါ တခြားသူတွေဆီကနေ အခွင့်ကောင်းမယူနိုင်ဘူး.. ဒါကြောင့် သူ့ရဲ့ဆယ်ယွမ်ကို ပြန်ပေးလိုက်တယ်.. ပြောရရင် သူ့ရဲ့အခြေအနေကလည်း မကောင်းဘူးလေ”
ချင်ယွဲ့ယွဲ့က ထုတ်မပြောပေမဲ့ သူပြောချင်တဲ့စကားကတော့ ရှင်းပါတယ်။
__နင်တို့ရဲ့ အခြေအနေက ဒီကောင်းနေတာကို နင်ဘာလို့ ငါ့ကို မကူညီရတာလဲ?
ဆုဆုက သေချာပေါက် သူမပြောလိုတဲ့အဓိပ္ပါယ်ကို ကြားနိုင်တယ်။ သူမက သူတို့နှစ်ယောက်ရဲ့ ပိုက်ဆံတွေကို ဝေမျှပြီး သူမ(ချင်ယွဲ့ယွဲ့)ကို ပေးစေချင်နေတာပဲ ။ ဟုတ်တယ်မလား?
“စိတ်မကောင်းပါဘူး.. ငါတို့နှစ်ယောက်က ကလေးတွေကို ပြုစုပျိုးထောင်ပြီး မိသားစုရဲ့စီးပွားရေးအတွက်လည်း လိုအပ်တာကိုသုံစွဲဖို့လိုသေးတယ်.. ငါတို့ရဲ့ပိုက်ဆံတွေကို တခြားလူတစ်ယောက်ကို ပေးဖို့အတွက် စာရင်းအတူစုပေါင်းလိုက်ရအောင် ပိုက်ဆံတွေ ပိုလွန်းနေတာမဟုတ်ဘူး”
“ဆုဆု သိပ်ပြီး တရားလွန်မလာနဲ့.. လူတွေကးမှာ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုဆိုတာရှိတယ်.. တဖက်လူကို နှိမ့်ချတာမျိုးတွေ လာမလုပ်နဲ့”
ချင်ယွဲ့ယွဲ့ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူး။ သူမက လင်းချွမ်ဆီကနေ ပိုက်ဆံချေးဖို့ ရောက်လာခဲ့ပေမဲ့လည်း မချေးနိုင်ခဲ့တဲ့အပြင် သူမကို သင်ခန်းစာတစ်ခုတောင် အပေးခံလိုက်ရသေးတယ်။
တစ်ဖက်မှာလည်း ဆုဆုရဲ့စိတ်အခြေအနေက လက်ရှိမှာ သိပ်ပြီး မကောင်းနေခဲ့ဘူး။ သူမက ထရပ်လိုက်ပြီး လက်ထဲမှခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်တယ်။
“နောက်ဆုံးတစ်ကြိမ်တုန်းက နင် ငါ့အိမ်က ပိုက်ဆံလာချေးခဲ့တုန်းက ငါ နင့်ကို ငြင်းခဲ့ပြီးသားပဲဆိုတာ ငါမှတ်မိတယ်..
ဒါတောင်မှ နင့်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား လေးစားတယ်ဆိုတဲ့စကားမျိုး လာပြောနေသေးတာလား?
ဒါ့အပြင် လင်းချွမ်အပေါ်ထားတဲ့ နင့်ရဲ့ သဘောထားတွေက ဘယ်လိုလုပ်ပြီး ရှိနေရသေးတာလဲ?
နင် လင်းချွမ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီးကတည်းက နင့်မှာ သူနဲ့ပတ်သက်စရာ ဘယ်လိုအကြောင်းရင်းမှ မရှိတော့ဘူး.. ဒါကို နင်က ထပ်ခါထပ်ခါ အရှေ့ကို ဆက်တိုးနေခဲ့တယ် .. နင့်ကိုယ်နင် ရွံစရာကောင်းတယ်လို့မထင်ဘူးလား?”
“ငါ.. ငါတို့က ဆွေမျိုးတွေပဲ!”
ချင်ယွဲ့ယွဲ့က မျက်လုံးတွေနီရဲပြီး ပြောလာခဲ့တယ်။ သူမအနေနဲ့ ငယ်စဉ်ကတည်းက အခုလိုစော်ကားမှုမျိုးကို တစ်ခါမျှ မခံစားခဲ့ရဘူး။
“သူ့ရဲ့ ဆွေမျိုးက လင်းတုံဟဲပဲ.. တကယ်လို့ သူသာ ပိုက်ဆံချေးချင်ရင် ငါတို့က မချေးပဲနေမှာမဟုတ်ဘူး”
“ငါနဲ့ လင်းတုံဟဲက ဇနီးမောင်နှံတွေပဲ.. ငါတို့က ဘာလို့ ကွဲပြားပြီးဆက်ဆံခံရမှာလဲ”
“ဒါဆို နင်က ငါ့ရဲ့အိမ်ကိုလာပြီး ပိုက်ဆံချေးဖို့အတွက် လင်းချွမ်ရဲ့ နာမည်ကို တပ်ပြီး ပြောလာတာကရော ခွဲခြားဆက်ဆံတာ မဟုတ်ဘူးလား? ချင်ယွဲ့ယွဲ့ .. စကားကို အမျိုးမျိုးပြောမနေနဲ့ .. လင်းချွမ်က အခု ငါ့ရဲ့ခင်ပွန်းသည်ဖြစ်ပြီး ငါပိုင်တဲ့လူပဲ..
တကယ်လို့ သူကသာ အတိတ်က ကိစ္စတွေကို ပြန်ကြည့်ပြီး နင့်ကို ပိုက်ဆံချေးတာ ၊ ဒါမှမဟုတ် တစ်ခုခုပြောတာတွေလုပ်ခဲ့ရင် ငါက သူ့ကို ချက်ချင်းထားခဲ့မှာ”
ဆုဆု အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့တာကြောင့် ရုတ်တရက် ခန္ဓာကိုယ်ကတုံ့ပြန်လာတာကြောင့် ပါးစပ်ကို အုပ်ပြီး ရေချိုးခန်းသို့ အပြေးအလွှား သွားလိုက်ရတယ်။
လင်းချွမ်ကတော့ အလွန်စိုးရိမ်နေခဲ့တယ်။ သူ့ရဲ့ဇနီးလေးက အခုလေးတင် သူ့ကိုထားသွားမယ်ဆိုပြီးပြောခဲ့တယ်။ ဒါက သူအကြောက်ဆုံးအရာပဲ။
ဒါကြောင့် သူ ချင်ယွဲ့ယွဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပေးလိုက်တယ်။
“ငါတို့က အတိတ်မှာလည်း ဘယ်လို ဆက်ဆံရေးမှ မရှိခဲ့ဘူး.. အခု မင်း ငါ့အိမ်က ထွက်သွားပြီးရင် ဒီကို ဘယ်တော့မှထပ်မလာခဲ့နဲ့.. မင်းသာကိုယ့်ကိုကိုယ် လေးစားမှုရှိနေသေးရင် ဒီနေ့ ငါပြောခဲ့တဲ့စကားကို သတိနေဖို့ မျှော်လင့်တယ်”
ချင်ယွဲ့ယွဲ့က သူတို့ကြောင့် အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်သွားရပြီး အနောက်ကို ပြန်လှည့်ကာ ထွက်ပြေးသွားခဲ့တယ်။ ထို့နောက် အနာဂတ်မှာ ကိုယ့်ကိုယ်ကို တိုးတက်ပြီး ယုံကြည်မှုရှိတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်အဖြစ် ဒီလူနှစ်ယောက်ဆီကနေ အမှီအခိုအရှာတော့ဘဲ တက္ကသိုလ်ပြီးတဲ့အထိ တက်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူမကို ဘယ်သူကမှ မတားဆီးခဲ့ကြပေမယ့် လမ်းမှာ ကျောင်းအုပ်ကြီးတို့ ဇနီးမောင်နှံနဲ့ တွေ့ဖို့ မမျှော်လင့်ထားခဲ့ဘူး။
ဒါက မိသားစုအဆောင်နယ်မြေဖြစ်တာကြောင့် ကျောင်းအုပ်ကြီး ကွမ်းနှင့် စုန့်အိုက်ယင်းတို့ကို တွေ့ဆုံရန် လွယ်ကူလွန်းတယ်။ စုန့်အိုက်ယင်းက ချင်ယွဲ့ယွဲ့ကို သိတာကြောင့် လှမ်းမေးခဲ့တယ်။
“ကျောင်းသူချင်.. မင်းဘာလို့ ငိုနေတာလဲ.. ကိစ္စတစ်ခုခုဖြစ်ခဲ့လို့လား”
“ကျွန်မ.. ကျွန်မ အဆင်ပြေပါတယ်.. ကျွန်မ မစ္စစုနှင့် သူ့ရဲ့အမျိုးသားကို သွားတွေ့ခဲ့တာ.. ကျွန်မတို့က တစ်ရွာတည်းသားတွေဖြစ်ရုံပါမကဘူး ဆွေမျိုးတွေပါ ဖြစ်သေးတယ်.. ဒါပေမယ့်.. ကျွန်မ ဒါကိုမပြောချင်တော့ပါဘူး.. ကျွန်မ အရင်သွားလိုက်ပါ့မယ်”
သူမက ပြောပြီးတာနဲ့ ထွက်ပြေးသွားခဲ့တယ်။
စုန့်အိုက်ယင်းက သူမရဲ့ခင်ပွန်းသည်ကို တစ်ချက်ကြည့်လိုက်တယ်။ သူတို့နှစ်ယောက်လုံးက ဒီလိုကိစ္စတွေအတွက် စိတ်အနှောင့်အယှက်မဖြစ်မခံချင်ကြဘူး။
ဒါပေမယ့် တစ်ဖက်လူက လူကိုတွေ့ဖို့သွားတာကို ဘာလို့ ငိုပြီး ထွက်ပြေးသွားရလဲ။
ဆရာနဲ့ ကျောင်းသားကြားက ဆက်ဆံရေးက အတော်လေး ထိလွယ်ရှလွယ် နိုင်လွန်းတယ်။ ဒါကြောင့် စုန့်အိုက်ယင်းက မေးမြန်းဖို့ တွေးလိုက်တယ်။
ဆရာတွေက ကျောင်းသားတွေကို အနိုင်ကျင့်တယ်ဆိုတဲ့ စကားမျိုး ပျံ့နှံသွားမယ်ဆိုရင် မကောင်းဘူးလေ။
သူမ ဆုဆုရဲ့အိမ်ကိုရောက်တော့ သူမက ခုံမှာထိုင်ပြီး သင်ခန်းစာတွေအတွက် ပြင်ဆင်နေပြီး သူတို့ကို တံခါးဖွင့်ပေးလာခဲ့တာက သူမရဲ့ ခင်ပွန်းသည်ပဲ။
“ရှောင်ဆု.. မင်း အလုပ်များနေလား”
“အလုပ်မရှုပ်ပါဘူး.. ဒါတွေက ကျွန်မ မှတ်မိနေပြီးသားပါ.. ဒါရိုက်တာစုန့် ကိစ္စတစ်ခုခုရှိလို့လား”
စုန့်အိုက်ယင်းက လှည့်ပတ်မနေခဲ့ပဲ သူတို့ ချင်ယွဲ့ယွဲ့နဲ့ တွေ့ခဲ့ရတဲ့အကြောင်း နှင့် သူမ ငိုပြီး ပြောခဲ့တာတွေကို ပြောပြခဲ့ကာ ဆုဆုကို ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို မေးမြန်းခဲ့တယ်။
ဆုဆုက ချင်ယွဲ့ယွဲ့ရဲ့ကိစ္စတွေကိုဖုံးကွယ်မထားခဲ့ဘဲ သူမက လင်းချွမ်ရဲ့ ညီဝမ်းကွဲရဲ့ဇနီးသည်ဖြစ်ကြောင်းတိုက်ရိုက်ပြောပြခဲ့တယ်။ သူမက ပိုက်ဆံချေးဖို့လာခဲ့ပေမယ့် သူတို့ နှစ်ယောက်က ကလေးမွေးဖို့အတွက် ပိုက်ဆံစုဆောင်းချင်တာကြောင့် မချေးခဲ့ကြတာကြောင့် သူမက ငိုယိုပြီး ထွက်ပြေးသွားကြောင်း ရှင်းပြလိုက်တယ်။
ဆုဆု ထပ်ပြောလိုက်တယ်။
“အရင်တုန်းက သူတို့တွေ လက်ထပ်တုန်းက ကျွန်မတို့ မိသားစုက စုစုပေါင်း ယွမ် (၁၀၀) လောက် ချေးပေးခဲ့တယ် .. သူမက အဲဒီ ပိုက်ဆံကို ကျောင်းတက်ဖို့အတွက် သုံးခဲ့တယ်လေ.. ဒီတစ်ခေါက်မှာတော့ ကျွန်မတို့မှာ ယွမ် (၅၀) လောက် မရှိတော့ဘူး”
တကယ်တမ်းမှာတော့ ရှိတယ်။ ဒါပေမယ့်လည်း မချေးနိုင်ဘူး။
စုန့်အိုက်ယင်း ခေါင်းညိတ်လိုက်တယ်။
“ဒါဆို အဲလိုဖြစ်ခဲ့တာကိုး.. ငါက မင်း သူ့ကို အနိုင်ကျင့်ခဲ့တာများလားလို့ ထင်ခဲ့တာ”
တကယ်လို့ သူမသာ နားလည်မှုလွဲမှားအောင် မလုပ်သရွေ့ သူမရဲ့ အိမ်ထောင်ရေးကို ထည့်စဥ်းစားနေစရာမလိုအပ်ပါဘူး။
မထင်မှတ်စွာနဲ့ နောက်တစ်နေ့ကိုရောက်တော့ ဆုဆု သူမရဲ့ အိပ်ဆောင်ကနေ ကော်ဖီဆိုင်ကို သွားတဲ့လမ်းမှာ အတန်းဖော် အမျိုးသား သုံးဦးဆီကနေ ပိတ်ဆို့ခံလိုက်ရတယ်။
သူမ နေ့လည်စာ ထမင်းဘူးယူပြီး ပြန်လာတဲ့အချိန်မှာပဲ ချင်ယွဲ့ယွဲ့ထံမှ ကယ်တင်ခြင်းခံခဲ့ရတဲ့ အတန်းဖော်အမျိုးသားကို ရွာသားနှစ်ယောက်နှင့်အတူ သူမကို ပိတ်ဆို့လာခဲ့တယ်။
လာပြီပဲ။
ဒီအတန်းဖော်အမျိုးသားက ဇာတ်လိုက်မကို အပျိုစင်မယ်ရီလိုမျိုး ဆက်ဆံခဲ့တယ်။
ဇာတ်လိုက်မက သူ့ကို ကယ်တင်ခဲ့ပြီး နောက်ဆုံးမှာ သူ့ရဲ့ မိသားစုကိုပါ လင်းချွမ်ရဲ့ပိုက်ဆံတွေနဲ့ ကူညီပေးခဲ့တယ်။ ဒါကြောင့် သူက ဇာတ်လိုက်မအတွက် ခွေးတစ်ကောင်ဖြစ်လာရတာ ပျော်ရွှင်နေခဲ့တယ်။
အခုတော့ သူမက သူကိုသာ ကူညီပေးရသေးပေမဲ့ သူကတော့ သူ့ရဲ့ဆရာဆီကိုပါ ပြေးလွှားရောက်လာပြီး ဟောင်ရဲနေပြီ။
“မစ္စဆု ငါမင်းကိုပြောစရာရှိတယ်”
အရှေ့မှဦးဆောင်လာတဲ့ ချန်ကွေ့တုံက အရပ်ရှည်ပြီး သူ ဒီနေရာမှာရပ်နေတာက လေထုကို အတော်လေးဖိနှိပ်နေခဲ့တယ်။
သို့ပေမယ့် ဆုဆုက သူ့ကို မကြောက်ဘူး။ သူမက ထမင်းဘူးကိုကိုင်ရင်း မေးလိုက်တယ်။
“ပြောပါ ဘာကိစ္စရှိလဲ”
ဆရာတစ်ယောက်ဖြစ်တာက ကျောင်းသားတစ်ယောက်ဖြစ်ရတာနဲ့မတူဘူး။
သူတို့တွေ အသက်ဘယ်လောက်ပဲကြီးနေပါစေ သူတို့ရဲ့ ဆရာတစ်ယောက်ကို ရင်ဆိုင်ရတဲ့အချိန်မှာတော့ အပြစ်ရှိစိတ် အနည်းငယ်လောက်ရှိနေသေးတယ်။
ဒါ့အပြင် အခုချိန်မှာ လူတိုင်းက တက္ကသိုလ် စာမေးပွဲအတွက် ကြိုးစားနေကြပြီး ဒီနေရာမှာ ဆရာတွေနှင့် အလွယ်တကူမရှုပ်ရဲကြဘူး။
ဒါကြောင့် ဆရာတွေဆီကို အခုလိုမျိုး လာပြောရဲတဲ့သူတွေ သိပ်ပြီးမရှိဘူး။
ထို့အပြင် ဆုဆုက သူ့ကို မကြောက်ပုံရတယ်။ ထို့အစား သူတို့သုံးယောက်ကိုသာ ဘာမှ မလုပ်ရဲအောင်ခံစားမိစေခဲ့တယ်။
ချန်ကွေ့တုံက ကျိုးကြောင်းဆီလျော်စွာ ပြောလာတယ်။
“မစ္စဆု.. မင်းနဲ့ ချင်ယွဲ့ယွဲ့က ဆွေမျိုးတွေလို့ ငါကြားခဲ့တယ်”
“မဟုတ်ဘူး”
“ ဒါပေမယ့် သူမကပြောတယ်...”
“ဒါဆို မင်း သူ့ကိုမေးလို့ရတယ်.. ငါ့ရဲ့မျိုးရိုးနာမည်ကဆု..နောက်ပြီး ငါက မိဘမဲ့တစ်ယောက်ပဲ.. ငါ ဆွေမျိုးတွေလည်း မရှိဘဲ မိဘမဲ့ဂေဟာမှာ တစ်ယောက်တည်းကြီးပြင်းလာခဲ့ရတာ ..
နောက်ပြီး သူမရဲ့မျိုးရိုးက ချင်.. ဒီလိုဆိုရင် ငါတို့ နှစ်ယောက်က ဘယ်လိုဆွေမျိုးတွေ ဖြစ်နိုင်လောက်မလဲ ?”
ဆုဆု ဒီလိုပြောလာတာကိုကြားတော့ ချန်ကွေ့တုံလည်း ကြောင်အမ်းသွားရတယ်။ ဒါဆို သူတို့တွေက တကယ်ကို ဆွေမျိုးတော်စပ်ပုံမရဘူး။