အခန်း (၁၁၀)
Vol. 11 Ch. 110
ဆုဆု နားမလည်နိုင်ဖြစ်နေခဲ့တယ်။
ဒီလူကြီးနှစ်ယောက်က ဘာတွေ ကစားချင်နေကြတာလဲ။
ကျောင်းအုပ်ကြီးကွမ်းက သူမရဲ့ စိတ်ရှုပ်ထွေးနေတဲ့အမူအယာကိုမြင်တော့ ရှင်းပြလာတယ်။
X မြို့တော်ရဲ့စစ်တပ်ဆီသို့ ပညာခြင်းဖလှယ်ရန်အတွက် လာရောက်လိုတဲ့ နိုင်ငံခြားမှ မိတ်ဆွေတွေရှိနေပေမဲ့ သူတို့ဆီမှာ ထိုလူတွေနှင့် အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်တဲ့ အရည်အချင်းရှိသူတွေ တကယ့်ကိုရှိမနေခဲ့ဘူး။
တကယ်လို့ ရှိနေရင်တောင် မလုံလောက်သေးဘူး။ ဒီ ပညာရေးဖလှယ်ဖို့လာတဲ့အုပ်စုမှု လူလေးဆယ် ဒါမှမဟုတ် ငါးဆယ်ခန့်ရှိပြီး အနည်းဆုံး ဘာသာပြန်သူ လေး၊ငါးယောက်လောက် လိုအပ်နေခဲ့တယ်။
ဒါကြောင့် သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ တက္ကသိုလ်ကိုလာရှာကြည့်ရုံသာတတ်နိုင်ခဲ့တယ်။
သို့ပေမယ့် သူတို့တက္ကသိုလ်က ဘာသာပြန်နိုင်တဲ့လူအဖြစ် ဆုဆုလို ဆရာမတစ်ယောက်ကိုပဲ စေလွှတ်နိုင်ခဲ့တယ်။
ဆုဆု ချက်ချင်းပဲပြုံးပြီးပြောလိုက်တယ်။
“ဒါက ကျွန်မ လုပ်ပေးသင့်တဲ့ အရာပဲ.. ကျွန်မဆီကို အချိန်မရွေးဖုန်းဆက်ပြီး ခေါ်လို့ ရပါတယ်”
ခေါင်းဆောင်ကွမ်းက ဒီမိန်းကလေးက ဒီလောက်ထိမြန်မြန်သဘောတူလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့် သူ ထပ်ပြီးပြောလိုက်တယ်။
“ဒါပေမယ့်.. ဒီပညာခြင်း ဖလှယ်မှုရဲ့ အကြောင်းအရာတွေအားလုံးကို လျှို့ဝှက်ထားရမှာဖြစ်ပြီး ဘာတစ်ခုကိုမှ ထုတ်ဖော်မပြောဘူးဆိုတဲ့တဲ့ သဘောတူညီချက်ကို မင်း လက်မှတ်ရေးထိုးဖို့ လိုအပ်တယ်”
“ရပါတယ်”
ဆုဆုတုံ့ဆိုင်းမှုမရှိ သဘောတူခဲ့တယ်။ သူမရဲ့ အတွေးအခေါ်နဲ့ စိတ်ကူးတွေကတော့ ရိုးရှင်းပါတယ်။
ဒီဘော့စ်ကို သူမ အပြစ်မပြုနိုင်ဘူး။ သူမ ကူညီနိုင်ရင် ကူညီရမယ်။ ဒါမှ အနာဂတ်မှာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့က လင်းချွမ်ကို ဖြေရှင်းချင်တာတွေ၊ အနိုင်ကျင့်ချင်တာတွေလုပ်လာခဲ့ရင် သူမ သူ့အတွက် အသနားခံဖို့ အခွင့်အရေးရလာနိုင်မှာ။
ဒါပေမယ့် ခေါင်းဆောင်ကွမ်းက တအံ့တသြနဲ့ ချီးကျူးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
“လင်းချွမ်က မင်းလို ကောင်းမွန်လွန်းတဲ့ မိန်းကလေးကို ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်ခဲ့တာလဲဆိုတာ ငါတကယ်ပဲ သိချင်လာပြီ”
တခြားလူတွေသာဆိုရင် ဒီစကားကိုကြားတာနဲ့ တုံ့ဆိုင်းသွားလောက်မှာဖြစ်ပေမဲ့ သူမက ရဲရင့်စွာနှင့် သဘောတူခဲ့တယ်။
ပြောရမယ်ဆိုရင် သူက ဒီလိုမျိုးနားလည်နိုင်စွမ်းရှိတဲ့ မိန်းကလေးကို တကယ့်ကို သဘောကျတယ်။
“သူက...ကျွန်မကို တောင်ပေါ်ကနေ ကောက်ယူခဲ့တာလေ”
ဆုဆု ပြုံးလိုက်ပြီး သူမရဲ့လက်ချောင်းတွေကို ဖြစ်ညှစ်ဆော့ကစားလိုက်တယ်။
ခေါင်းဆောင်ကွမ်းက ပိုလို့တောင် အံ့သြသွားခဲ့တယ်။
သူက ဆုဆုဆီမှ လူတို့ရဲ့ အချစ်ရေးနဲ့ လက်ထပ်ပွဲအကြောင်းကို မေးမြန်းခဲ့ပြီးမှ ကျောင်းအုပ်ကြီးကွမ်းကို အခန်းထဲမှ နှင်ထုတ်လိုက်တယ်။
ထို့နောက်သဘောတူညီချက်အကြောင်းကို ရှင်းပြပြီး စာချုပ်မှာ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်။
သူမအနေနဲ့ စကားပြန်အဖြစ် စစ်တပ်ထဲသို့သွားရတဲ့အပေါ်ကိုတော့ လျှို့ဝှက်ထားရန်မလိုအပ်ဘူး။ လျှို့ဝှက်ထားရန် လိုအပ်တဲ့အချက်တွေကတော့ စစ်တပ်အတွင်းမှာ မြင်တွေ့ရမဲ့ အကြောင်းအရာတွေကိုပဲ။
ဆုဆုက ထုတ်ဖော်မပြောပြရမဲ့ သဘောတူညီချက်ကို ဖတ်ရှုခဲ့ပြီးနောက် ပျော်ရွှင်စွာ လက်မှတ်ရေးထိုးခဲ့တယ်။
ထို့နောက် ခေါင်းဆောင်ကွမ်းက ပညာရပ်ခြင်းဖလှယ်ရေးအဖွဲ့ကရောက်ရှိလာတဲ့အချိန်မှာ သူမကို လာကြိုဖို့အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်ပေးမယ်လို့ ပြောခဲ့တယ်။
ထိုအချိန်ကျရင် ထိုနေရာမှာ ဆယ်ရက်ခန့်နေရာမှာဖြစ်ပြီး ကျောင်းကို တက်ရောက်နိုင်မှာမဟုတ်ဘူး။
သေချာတာပေါ့။ ကျောင်းအုပ်ကြီးကွမ်းကလည်း သဘောတူခဲ့တယ်
ကျောင်းမှာ အင်္ဂလိပ်စာကို နားလည်တဲ့ တခြားဆရာတွေရှိနေကြပေမယ့် အင်္ဂလိပ်စကားကိုတော့ မပြောတတ်ကြဘူး။
ဒီတော့ သူတို့ကို ရက်အနည်းငယ်လောက် စာသင်ပေးခိုင်းတာက ပိုကောင်းလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆုဆုကတော့ သူတို့အတွက် အတန်းသင်ခန်းစာတွေ အားလုံးကို ပို့ချပြီးသွားပြီ။
ဒါပေမယ့် စစ်တပ်ဘက်ကလည်း အတော်လေး ကျိုးကြောင်းညီညွတ်မှုရှိတယ်။
ဆုဆုအနေနဲ့ ဒီအလုပ်ပြီးသွားရင် ထောက်ပံ့ကြေး ယွမ် (300)ရရှိမှာဖြစ်ပြီး နေထိုင်စားသောက်စရိတ်တွေကိုလည်း သူတို့ဘက်မှ ပေးချေသွားလိမ့်မယ်။ ဘာကိစ္စမှ မရှိဘဲ ပိုက်ဆံရှာနိုင်တာပဲ။
ယွမ်သုံးရာ။ ဒါက သူမရဲ့ခေတ်မှာဆိုရင် တစ်သောင်းကျော်နှစ်သောင်းနီးပါးလောက် ရှိလိမ့်မယ်။ လွယ်လွယ်ကူကူနဲ့ ပိုက်ဆံရှာနိုင်လိမ့်မယ်။
ဒါကိုတွေးတောမိပြီး သူမ ဝမ်းသာအားရနဲ့ အိမ်ကိုပြန်သွားခဲ့ပေမဲ့ အိမ်ကိုပြန်ရောက်ချိန်မှာ တံခါးပွင့်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
ဒီအိမ်ရဲ့ တံခါးသော့က လူနှစ်ယောက်ဆီမှာသာ ရှိတာကြောင့် ဘယ်သူရောက်နေတာလဲဆိုတာကို သူမ ချက်ချင်းသိသွားခဲ့တယ်။
သူမ အိမ်ထဲသို့ အမြန်ပြေးဝင်သွားတော့ စားပွဲပေါ်မှာရှိနေတဲ့ ဝိုင်ပုလင်းကို ကြက်သေသေစွာ စိုက်ကြည့်နေတဲ့ လူကို တွေ့လိုက်ရတယ်။
“လင်းချွမ် ရှင် ပြန်ရောက်နေပြီလား”
သူ့ရဲ့ ကုတ်အင်္ကျီကိုတောင် မချွတ်ရသေးဘူးဆိုတော့ ရောက်နေတာ သိပ်မကြာလောက်သေးတဲ့ပုံပဲ။
“ဂရုစိုက်လေ”
လင်းချွမ်အနေနဲ့ သူ့ရဲ့ ဇနီးသည် ခလုတ်တိုက်မိပြီး လဲကျသွားမှာကို စိုးရိမ်မိတာကြောင့် အမြန်ပြေးသွားလိုက်ပြီး ကူတွဲပေးလိုက်တယ်။
“ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ.. ဘာလို့နောက်ကျနေတာလဲ”
“ကိုယ် စစ်တပ်က ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ ဒီကို လာခဲ့တာ.. ဒါပေမယ့် နှစ်ရက်အတွင်း အရေးကြီးတဲ့ အလုပ်တစ်ခု ရှိသေးတယ်.. ရက်အနည်းငယ်လောက်ကြာပြီးသွားရင်တော့ ကိုယ်မင်းနဲ့ အတူ အဖော်ပြုပေးနိုင်တော့မှာပါ”
“ဟုတ်လား.. ဒါဆို ရှင် ဒီည တစ်ညလုံးနေမှာလား”
သူတို့နှစ်ယောက်က အိမ်ထောင်သက်ကြာနေပြီလို့ ပြောနိုင်တာကြောင့် သူမ ရှက်ရွံ့မနေဘဲ နှိုက်နှိုက်ချွတ်ချွတ် မေးလိုက်တယ်။
“အင်း”
လင်းချွမ် ခေါင်းညိတ်ပြလိုက်ပြီး တစ်ခုခုပြောဖို့အတွက် ပါးစပ်ကိုဖွင့်လိုက်ပေမယ့် အဆုံးမှာတော့ ဘာမှမပြောတော့ဘဲ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်တယ် ။
သူ့ရဲ့စိတ်ကူးကတော့ အရမ်းရိုးရှင်းပါတယ်။ သူ့အနေနဲ့ သူ့ရဲ့ဇနီးသည်အတွက် ထမင်းအရင်ချက်ပေးဖို့ ကူညီတာက ပိုကောင်းလိမ့်မယ်။
ထို့နောက်မှာတော့ မီးဖိုချောင်ထဲမှာ ကြွင်းကျန်နေတဲ့ ကြက်သားဟင်းတွေနှင့် စည်သွပ်ဘူးများကို တွေ့ရှိခဲ့ရတယ်။ ဒါက သေချာပေါက် အမြည်းဟင်းပွဲတွေပဲ။ သူ့ရဲ့ ဇနီးသည် မသောက်တာ ကြာနေပြီဖြစ်သလို သူပြန်မလာတာလည်း တစ်လကျော်နေပြီ။
သူ ဒါမျိုးတွေကို မတွေးတောချင်ပေမယ့် လင်းချွမ်သည်လည်း ယောက်ျားတစ်ယောက်ပဲလေ။
သူ စိတ်မပါစွာနဲ့ ချက်ပြုတ်နေတုန်းမှာ ဆုဆုက သူ့ရဲ့ဘေးနားမှာရပ်ပြီး ဒီရက်ပိုင်းတွေ ပင်ပန်းနေခဲ့လားဆိုတာတွေကို စိတ်အားထက်သန်စွာ မေးမြန်းလာခဲ့တယ်။
သူမက သူ့ကို အလွန်ဂရုစိုက်ပေးနေပုံရတယ်။
သူ့ဇနီးသည်ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသွင်အပြင်ကို ကြည့်ရင်းနှင့် လင်းချွမ်တစ်ယောက် သူ အတွေးလွန်နေတာပဲလို့ ခံစားမိခဲ့ပြီး သူ့ရဲ့အတွေးတွေကို နောက်ဘက်သို့ ပြန်ပို့လိုက်တော့တယ်။
ထမင်းဟင်းတွေချက်ပြုတ်ပြီးနောက် အမှိုက်တွေနှင့် ပြာတွေကို သွားပစ်ဖို့အတွက် လင်းချွမ်က အပြင်ကိုထွက်ဖို့လုပ်ခဲ့တယ်။
သို့ပေမယ့် သူဖိနပ်စဥ်ကို ဖွင့်ကြည့်လိုက်ချိန်မှာ အမျိုးသားစီး ဖိနပ်တစ်ရံကိုတွေ့လိုက်ရပြီး ထိုဖိနပ်ကစီးထားတာ သိပ်ပြီး မကြာလောက်သေးဘူး။
လင်းချွမ်ရဲ့ နှလုံးသားက တစ်စုံတစ်ခုကြောင့် မီးမြှိုက်ခံလိုက်ရသလို နာကျင်လာရတယ်။
သူ ပြာတွေကို သွားပစ်ပြီးနောက်တွင် ဆေးလိပ်သောက်ပြီး ထိုနေရာမှာဆေးလိပ်ခဏလောက် သောက်နေခဲ့တယ်။
သို့ပေမယ့် အတော်ကြာအောင် သောက်ပြီးသည့်တိုင် သူ့ရဲ့စိတ်ခံစားချက်တွေက မငြိမ်သက်နိုင်ခဲ့ဘူး။
နောက်ဆုံးမှာတော့ သူ့ရဲ့ အပေါ်ထပ်ကုတ်အင်္ကျီကို ဆွဲယူကာ ခြံအပြင်ဘက်သို့ လှည့်ထွက်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ နာရီဝက်ကျော်လောက်ကြာမြင့်ခဲ့တယ်။
ဆုဆုကတော့ သူစားသောက်စရာတစ်ခုခုသွားဝယ်တာဖြစ်လိမ့်မယ်လို့ တွေးကာ ဂရုမစိုက်ခဲ့ဘူး။
သူမက အစားအသောက်တွေကို စားပွဲပေါ်မှာတင်လိုက်ပြီး ထိုစားပွဲဝိုင်းမှာ စာအုပ်ဖတ်ရင်း ထိုင်စောင့်နေခဲ့တယ်။
သူမက လွတ်လပ်တဲ့ စိတ်သဘောထားရှိပြီး သူမချန်ထားခဲ့တဲ့ သဲလွန်စတွေကို သူမရဲ့ခင်ပွန်းသည်က အထင်လွဲသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဒါ့အပြင် တစ်ဖက်လူကလည်း သံသယစိတ်တွေကို ထုတ်မမေးရဲတာကြောင့် ဆေးလိပ်သောက်ပြီးတော့သူ သူ့ကိုယ်သူ မီးရှို့နေခဲ့တယ်။
ထိုအချိန်မှာပဲ တံခါးပွင့်သွားခဲ့ပြီး တစ်စုံတစ်ယောက်က အိမ်ထဲကို ဝင်လာခဲ့တယ်။
“မရီး.. ကျွန်တော် ဒီနေ့ ဒီကိုရောက်လာမယ်ဆိုတာကို သိနေလို့ ထမင်းပွဲအသင့်ပြင်ဆင်ထားတာလား”
“မဟုတ်ပါဘူး .. မင်းရဲ့အစ်ကိုကြီး ပြန်လာပြီလေ.. စကားမစပ် ဒီနေ့ကတနင်္ဂနွေနေ့မဟုတ်ဘူး.. မင်းဘာလို့ဒီကိုရောက်လာတာလဲ”
“ကျွန်တော် ကျွန်တော့်တူမလေးအတွက် စောင်လေးတွေလာပေးတာ”
သူက စောင်လေးကို ထုတ်ယူလိုက်တယ်။ အစက ပန်းပွင့်လေးတွေရှိနေပြီး အတော်လေးလှပတယ်။
ဆုဆုရဲ့ အလှကြိုက်တတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားက နိုးကြားလာခဲ့ရပြီး ထိုစောင်လေးကို အလွန်သဘောကျသွားခဲ့ရတယ်။ သူမက စောင်ကို ကိုင်ကာ ခုံမှာ ထိုင်ချလိုက်တယ်။
“ဒါတွေက အသားလေးလည်း ကောင်းသားပဲ”
“မရီး ကြိုက်ရင် နောက်ထပ်အထည်ဖြတ်ပိုင်းတွေကို ကောက်ပြီး မရီးအတွက် ချုပ်ပေးမယ်လေ.. ဘာပဲဖြစ်ဖြစ် သူတို့မလိုချင်တော့တဲ့ အထည်စတွေ အများကြီးပဲရှိတယ်..
ဒါပေမယ့် မနေ့က ပစ္စည်းတွေ အများကြီး ရွှေ့လိုက်ရတော့ နည်းနည်းတော့ ပင်ပန်းနေတယ်.. ခဏလောက် ဝင်အိပ်ပြီး အကိုကြီး ပြန်လာတာကို စောင့်လိုက်ဦးမယ်”
“သွားလေ”
ဆုဆု သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လင်းချွမ်ကို ဆက်လက်စောင့်ဆိုင်းနေခဲ့တယ်။ ခဏလောက်ကြာတော့ လင်းချွမ်က လက်ထဲမှာ စည်သွတ်ဘူးတစ်ဘူးကိုကိုင်ရင်း ပြန်လာခဲ့တယ်။
သူ့ကို ကြည့်ရတာ သောက်ချင်နေပုံရတာကြောင့် ဆုဆုက အပြုံးနှင့် ထရပ်ပြီး ပြောလိုက်တယ်။
“ရှင် ပြန်သွားရင်...”
ရုတ်တရက်ပဲ လက်ထဲမှာ စည်သွတ်ဘူးတစ်ဘူးကို ကိုင်ထားရင်းနှင့် လင်းချွမ်က အိမ်ထဲကို လေပြင်းတိုက်သလိုမျိုး ပြေးဝင်လာခဲ့တယ်။
“ဟေး ရှင်....”
ဘာလုပ်နေတာလဲ
သူမရဲ့ စကားမဆုံးခင်မှာပဲ လင်းချွမ်က အိပ်ခန်းတံခါးကို ခြေထောက်တစ်ဖက်နဲ့ ကန်ဖွင့်လိုက်ပြီး သူ့ရဲ့လှုပ်ရှားမှုက ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်နေခဲ့တယ်။
အိပ်ခန်းတံခါးက သိပ်ပြီးခိုင်မာလွန်းနေတာမဟုတ်ဘူး။ ဒီကန်ချက်ကြောင့် တိုက်ရိုက်ပဲ ပျက်စီးသွားခဲ့ရတယ်။
ဒီအချိန်မှာတော့ ဆုဆုတစ်ယောက် သူမရဲ့ အမျိုးသားက တစ်ခုခုမှားနေပြီဆိုတာ သိသွားခဲ့ပြီ။
သူက သဝန်တိုလွန်းနေပြီး.. အိပ်ယာပေါ်က လူကို ဖမ်းဆီးချင်နေတာလား?
အမှန်ပဲ။ သူက စောင်ထဲမှာရှိနေတဲ့ လင်းဟိုင်ကို ဆွဲထုတ်လိုက်ပြီး အော်ဟစ်လာတယ်။
“မင်းက ဘယ်ကကောင်လဲ!”
ထို့နောက် ညီအကိုနှစ်ယောက် မျက်နှာချင်းဆိုင်ကာ အကြီးရဲ့မျက်လုံးတွေနှင့် အငယ်ရဲ့ မျက်လုံးတို့က ဆုံတွေ့သွားခဲ့ကြတယ်။
လင်းဟိုင်: “အစ်ကိုကြီး.. အစ်ကို့မှာ ပြောစရာရှိလို့လား.. အစ်ကိုကြီးနဲ့မရီးတို့ရဲ့ ခုတင်ပေါ်မှာ ကျွန်တော် မအိပ်သင့်ဘူးဆိုတာ သိပါတယ်.. ဒါပေမယ့် ကျွန်တော် နည်းနည်းလောက် ပင်ပန်းနေလို့”
လင်းချွမ်: “...”
အရာအားလုံးကို နားလည်သွားတဲ့ ဆုဆုက ကျယ်လောင်စွာ အော်ဟစ်လာတယ်။
“လင်းချွမ်!”
“ရှိ!”
လင်းချွမ်တစ်ယောက် ညီဖြစ်သူကို ခုတင်ပေါ်ကနေ ချက်ချင်းဆွဲချလိုက်ကာ မတ်တပ်ထရပ်လိုက်တယ်။
ပြီးနောက် တစ်စုံတစ်ခုကို တွေးတောမိဟန်နဲ့ ဆုဆုရဲ့အရှေ့ကိုပြေးသွားရင်း ရှက်ရွံ့စွာပြောလာတယ်။
“ဇနီးလေး ကိုယ် မှားသွားပါတယ်”
“အိုး.. ရှင်က မှားသွားတယ်ဆိုတာ သိသွားပြီပေါ့.. ရှင် ပြန်လာလို့ တစ်ခုခုရှာတွေ့တယ်ဆိုရင်လည်း ကျွန်မကိုပြောလေ.. ရှင် ဘာတွေတွေးနေတာလဲ”
ဆုဆု ဒေါသတကြီးနဲ့ သူ့ကို စိုက်ကြည့်လိုက်တယ်။
လင်းဟိုင်အနေနဲ့ သူ့ရဲ့ မရီးက အစ်ကိုဖြစ်သူကို ပထမဆုံးအကြိမ် ဒေါသထွက်နေတာကို တွေ့လိုက်ရသောကြောင့် ထပ်ပြီး အပြစ်မလုပ်ရဲတော့ဘဲ ခုတင်ပေါ်မှ အလျှင်အမြန်ထရပ်လိုက်တယ်။
သို့ပေမယ့် သူတို့ နှစ်ယောက် ဘာအတွက်ကြောင့် ဒေါသထွက်နေကြတာလဲဆိုတာကို မသိတာကြောင့် ရိုးရှင်းစွာသာ ပြောလိုက်နိုင်တယ်။
“စိတ်မဆိုးပါနဲ့ မရီး.. တူမလေးကို သတိထားပါဦး”
ဆုဆု ထိုစကားကြောင့် ဒေါသပိုထွက်လာခဲ့တယ်။
“မလိုဘူး.. ငါ့ယောက်ျားက ကလေးကိုလိုချင်ရဲ့လားဆိုတာကိုတောင် ငါ သံသယဖြစ်လာပြီ”
လင်းချွမ် သူမရဲ့စကားကိုကြားလိုက်ရတာနဲ့ တပြိုင်နက် သွေးထွက်လွန်နေတဲ့ချင်ယွဲ့ယွဲ့အကြောင်းကို ရုတ်တရက် တွေးလိုက်မိပြီး မမွေးဖွားလာသေးတဲ့ သူ့ရဲ့ သနားစရာ သမီးငယ်လေးကို တွေးမိကာ ဆုဆုကို ချက်ချင်းပဲ လှမ်းဆွဲလာတယ်။
“ဇနီးလေး.. မင်း ကိုယ့်ကို ဘာမဆို လုပ်လို့ရတယ်.. မင်း ဒေါသမထွက်တော့သရွေ့ ကိုယ့်ကိုကြိုက်သလို လုပ်လို့ရပါတယ်.. သမီးလေးကိုတော့.. “
“ကျွန်မဆီမှာ သေနတ်မရှိဘူး”
“...”
ဒါက ဘာလို့ ဒီလောက်တောင် သွေးထွက်သံယိုဖြစ်စေရတာလဲ?
စာရေးသူမှာ ပြောစရာရှိပါတယ်:
ဆုဆု : အဝတ်လျှော်ဘုတ်ပြားပေါ်မှာ ဒူးထောက်ရတာက အဲလောက်တောင်ကောင်းလို့လား?
တပ်ရင်းမှူးလင်း : ဒူးထောက်ရတာ ကောင်းပါတယ်.. ဒူးထောက်ရတာက အရမ်းကောင်းတယ်
နှလုံးသား: အဝတ်လျှော်ဘုတ်ပြားကို ကယ်တင်ရမယ်။ အနာဂတ်မှာ ဒူးထောက်ဖို့ မလိုတော့ဘူး။