အခန်း (၁၁၉)
Vol. 12 Ch. 119
အရှေ့ပိုင်း X တက္ကသိုလ်ရဲ့ မိသားစုနယ်မြေအတွင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေအားလုံးက ဆုဆုကို လာပြီး ဂုဏ်ပြုပေးခဲ့ကြတယ်။
ဆုဆုက စစ်တပ်အတွက် ဘာသာပြန်ပေးတဲ့ နေရာမှာ ကြီးကြီးမားမား ပံ့ပိုးပေးခဲ့ရုံသာမကဘဲ တပ်မတော်သားတွေကိုလည်း ကယ်တင်ခဲ့တယ်လို့ ပြောခဲ့တယ်။ ဒါက လုံးဝကိုကျောင်းအတွက် ဂုဏ်ယူစရာပဲလေ။
ကျောင်းအုပ်ကြီးကွမ်းက အထက်ပါအချက်တွေကိုထည့်သွင်း လျှောက်ထားပြီး ဆုဆုကို တစ်နှစ်တာအတွက် အကောင်းဆုံး ဆရာဆု ချီးမြှင့်ပေးခဲ့ကာ ထောက်ပံ့ကြေးအဖြစ် ယွမ် (၅၀)ကိုလည်း ချီးမြှင့်ပေးခဲ့တယ်။
ဒီဘက်ခေတ်ကာလမှာ ဒီလို ဂုဏ်ကျက်သရေမျိုးရရှိဖို့ဆိုတာ အတော်လေးရှားပါးတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆုဆုရဲ့ မိသားစုက ဂုဏ်ပြုလက်မှတ်နှစ်ခုကို ချိတ်ဆွဲထားနိုင်ခဲ့ပြီ။
လင်းချွမ်တစ်ယောက် ထိုလက်မှတ်တွေကို နံရံမှာ တစ်ခုပြီးတစ်ခု ချိတ်ဆွဲရင်းနှင့် အလွန် ဂုဏ်ယူနေခဲ့တယ်။
“အခု ပိုကောင်းသွားပြီပဲ .. ကျွန်မတို့ ဒါကို ဆုတံဆိပ်နံရံတစ်ခုအနေနဲ့ သုံးလို့ရတယ်.. ရှင့်မှာရော ဆုတံဆိတ်တွေ ရှိလား.. ရှိရင် အတူတွဲချိတ်ထားလိုက်ရအောင်”
ဆုဆုက ထိုစကားကို ရယ်စရာအနေနဲ့ဘဲ ပြောခဲ့တာဖြစ်ပေမဲ့ သူမရဲ့စကားကို ကြားတော့ လင်းချွမ် စစ်တပ်မှာရှိတဲ့ ဆုတံဆိပ်လက်မှတ်တွေ အများကြီးကို ပြန်သယ်လာခဲ့လေတယ်။
ထိုဆုတံဆိပ်တွေကို ကပ်ပြီးသွားချိန်မှာတော့ နံရံတစ်ဝက်လောက်ကို ဖုံးအုပ်လိုက်နိုင်ခဲ့ပြီ။
ဆုဆုအနေနဲ့ အနည်းဆုံးတော့ အနုပညာဆန်ဆန်လေး ဖြစ်သင့်တယ်လို့ ခံစားမိပေမယ့် လင်းချွမ်က အလွန်ရိုးရှင်းစွာနှင့် တစ်ခုပြီးတစ်ခုချိတ်ဆွဲထားခဲ့တယ်။
ဒါတွေကိုသာ တစ်ယောက်ယောက်က မြင်တွေ့ရင်...
လင်းဟိုင်ရောက်ရှိလာချိန်မှာ အခန်းထဲကို ဝင်လာတာနဲ့ ထိုဆုတံဆိပ်လက်မှတ်တွေကို မြင်တွေ့သွားပြီး အံ့သြတကြီးပြောလာတယ်။
“အစ်ကိုကြီး.. မင်းမှာ ဆုတွေ အများကြီးရထားတာပဲ.. မရီး.. မရီးမှာလည်း ဂုဏ်ပြုဆုလက်မှတ်နှစ်ခုတောင်ရှိတယ်.. အံ့သြစရာကောင်းလိုက်တာ”
လင်းချွမ်တစ်ယောက် ဒီအချိန်ကျမှ လင်းဟိုင်နဲ့ စကားပြောဖို့အတွက်ရတော့တယ်။
သူ့ရဲ့ ညီဖြစ်သူက အထည်ချုပ်စက်ရုံထါမှာ အလုပ်ရခဲ့ပြီး ထိုစက်ရုံမှာကောင်းကောင်းလုပ်နေကြောင်း ကြားသိရတော့ ပြန်ပြောလာခဲ့တယ်။
“ကြိုးကြိုးစားစားလေ့လာ .. မင်းရဲ့မရီးကို စိတ်မပျက်စေနဲ့”
“နားလည်ပါပြီ”
လင်းဟိုင်က ဒီကို လာတဲ့အချိန်တိုင်းမှာ သူ့ရဲ့တူမလေးအတွက် လက်ဆောင်တွေ ယူလာပေးတတ်ပြီး ဒီတစ်ကြိမ်မှာတော့ ဆုဆုအတွက် ဗိုက်ဖုံးဝတ်စုံကို ယူလာပေးခဲ့တယ်။
“ဒါကို မင်းချုပ်လာခဲ့တာလား”
“အင်း.. ကျွန်တော် အဒေါ်တစ်ယောက်ဆီကနေ သင်ယူခဲ့တာ.. ကျွန်တော် အများကြီး သင်ယူထားခဲ့ပေမယ့် ဒီလောက်ကြီးတဲ့ အထည်ကြီးကို မဖြုန်းတီးနိုင်လို့ အခုလို ဂါဝန်ရှည်လုပ်လာခဲ့တာ”
“ဒါက အတော်လေးလှတယ်.. ကျေးဇူးတင်ပါတယ် ဒုတိယမတ်လေး”
ဆုဆုအနေနဲ့ ရက်အနည်းငယ်အတွင်းမှာ သူမရဲ့ ဗိုက်က ဖောင်းကားလာလိမ့်မယ်လို့ တွေးမိခဲ့တယ်။
သိပ်မကြာခင်မှာ နွေရာသီကို ရောက်လာတော့မှာဖြစ်ပြီး နွေရာသီအတွင်းမှာဆိုရင် ဒီလိုဂါဝန်ရှည်မျိုးက ဝတ်ဆင်ရတာ ပိုပြီး အဆင်ပြေလိမ့်မယ်။ ဒါကို တွေးတောရင်း ဆုဆုတစ်ယောက် ပျော်ရွှင်နေခဲ့တယ်။
“စကားမစပ်.. မရီး.. ကျွန်တော်တို့ရွာက လျှပ်စစ်မီးတွေ ချိတ်ဆက်နေပြီတဲ့.. အဲဒါ အဖေက ကျွန်တော့်ဆီကို ဖုန်းဆက်ပြီး မေးလာတယ်.. မရီးတို့ အနောက်ဘက်ကအိမ်မှာ လျှပ်စစ်မီးချိတ်ဆက်မှာလားတဲ့.. စျေးကတော့ တော်တော်လေးကြီးတယ်လို့ ပြောတယ်”
“ချိတ်ဆက်မယ်.. လျှပ်စစ်မီးနဲ့ သေချာပေါက် ချိတ်ဆက်ရမယ်.. အနာဂတ်မှာ အိမ်တိုင်းမှာ လျှပ်စစ်မီး တွေ ရှိလာတော့မှာ.. ဘယ်လောက်ကုန်ကျမလဲ.. ငါ အိမ်ကို လှမ်းပို့ပေးလိုက်မယ်”
“ကျွန်တော် ပို့ပေးထားလိုက်ပြီ.. ဒါက ကျန်တဲ့ပိုက်ဆံတွေပဲ.. အဖေက ပြောတယ်.. ကျွန်တော် လက်ထပ်ဖို့ အတွက် ပိုက်ဆံကို မရီးဆီမှာ စုထားလို့ ပြောခဲ့တယ်”
လင်းဟိုင်က ဆုဆုကို ယွမ်နှစ်ဆယ် ပေးလာခဲ့တယ်။ သူက သူမကို အတော်လေးယုံကြည်နေတဲ့ပုံပဲ။
ဆုဆု သူမရဲ့ တာဝန်ကအတော်လေး အရေးကြီးသလိုမျိုး ချက်ချင်း ခံစားလိုက်မိတယ်။ သူမက ပိုက်ဆံကို လှမ်းယူလိုက်ပြီးနောက် ပြန်ပြောလိုက်တယ်။
“ဒါဆို ငါ မင်းအတွက် စုထားပေးမယ်”
လစာက ဆယ်ယွမ်သာဖြစ်ပြီး ကြည့်ရတာ ကျန်တဲ့ပိုက်ဆံတွေက ဘောနပ်စ်တွေဖြစ်လောက်တယ်။ ကြည့်လိုက်ရင် သူ စက်ရုံမှာ ပျင်းရိနေခြင်းမရှိကြောင်းကို သက်သေပြနေခဲ့တယ်။
လင်းမိသားစုမှ အမျိုးသားတွေက အတော်လေး အလုပ်လုပ်နိုင်ကြတယ်။ အနည်းဆုံး သူတို့တွေက အနာဂတ်မှာ ထိပ်ဆုံးနေရာကို ရောက်ရှိလာနိုင်လိမ့်မယ်။
ဆုဆုက စကားမပြောရသေးခင်မှာဘဲ လင်းချွမ်က ပြောလာတယ်။
“အိမ်ထဲကို ကျောက်မီးသွေးနည်းနည်းလောက် သယ်လာခဲ့လိုက်.. ပြီးသွားရင် မင်းမရီးရဲ့ စောင်တွေကို သန့်ရှင်းပေးလိုက်ဦး..
အဲဒါပြီးရင် ခေါက်ဆွဲတချို့ချက်ပြီး ကြက်ဥသုံးလုံးပြုတ်ထားလိုက်.. ဒီမှာစားသောက်ပြီးမှ ပြန်သွား”
“သိပါတယ် အစ်ကိုကြီး”
လင်းဟိုင် အလုပ်လုပ်ဖို့အတွက် အမြန်ထွက်သွားခဲ့တယ်။
ဆုဆုတစ်ယောက် လင်းချွမ်က ညီဖြစ်သူကို ဆက်တိုက်ခိုင်းနေတာကိုကြည့်ရင်း အနည်းငယ် ပြောစရာမဲ့သွားရတယ်။
ရွာမှာရှိနေတုန်းကလည်း သူ့ရဲ့ညီငယ်လေးကို ဒီလိုအလုပ်မျိုးလုပ်ဖို့ မကြာခဏ ညွှန်ကြားတတ်တယ်ပေမယ့် အခုက မြို့ပေါ်မှာလေ။
ဒါ့အပြင် သူက တစ်ပတ်လုံးအလုပ်လုပ်ခဲ့ရပြီး အခုမှ တနင်္ဂနွေအားလပ်ရက်ရရှိခဲ့တာ။ ဒါကို အခုလိုမျိုး အလုပ်တွေ အများကြီး ခိုင်းနေသေးတာလား။
“သူက အကုန်လုံးကိုလုပ်ပြီးသွားတော့ ကျွန်မတို့ ဘာလုပ်ကြမှာလဲ”
ဒီနေ့အတွက် လုပ်စရာတွေက ဒါတွေပဲရှိတာလေ။
“သူ ဒါတွေအကုန်လုံးကို သင်ယူရမယ်.. ဒါမှ သူလက်ထပ်ပြီးတဲ့အချိန်မှာ ဘာတွေလုပ်ရမလဲဆိုတာ သိနေမှာ”
“…”
ဇနီးတစ်ယောက်နဲ့ လက်ထပ်ဖို့အတွက် ဒီလိုအရာတွေ လုပ်ရမှာလား? ရဲဘော်လင်း.. ရှင် နည်းနည်းလောက်တော့ လွဲနေပြီထင်တယ်နော် အိုခေ?
ဒါပေမယ့် သူမက သိချင်စွာ မေးလိုက်တုန်းပဲ။
“ရှင်က ဒါတွေ အကုန်သိနေတယ်ဆိုတော့ ရှင့်ရဲ့သတို့သမီးလောင်းနှင့် လက်ထပ်ဖို့ ပြင်ဆင်ထားခဲ့တာလား”
ချင်ယွဲ့ယွဲ့နှင့် လက်ထပ်ဖို့အတွက်လေ?
“ဘယ်ဟုတ်မလဲ”
လင်းချွမ်က ဆုဆုရဲ့ တင်းမာနေတဲ့ မျက်လုံးတွေနဲ့ ဆုံသွားခဲ့ပြီး စကားကို ခပ်ရှည်ရှည်ဆက်ပြောလာတယ်။
“ကိုယ်တို့တွေ မဆုံတွေ့ခဲ့ရသေးခင်တုန်းကတော့ ကိုယ် သူမကို ဆင်းရဲဒုက္ခတွေ နည်းပါးစေချင်ခဲ့တယ်.. ဒါကြောင့်ပဲ အရာအားလုံးကို သင်ယူခဲ့တယ်.. ဒါပေမယ့် ကိုယ် သူမနဲ့ တွေ့ဆုံပြီးသွားတော့.. ဘာတစ်ခုကိုမှ မခံစားမိတော့သလို အဲဒီအကြောင်းတွေကိုလည်း မတွေးတောမိတော့ဘူး”
ဆုဆု ဒါကို တကယ်နားလည်တယ်။ မဆုံတွေ့ရသေးခင်မှာ အမျိုးသားတစ်ယောက်က သူ့ရဲ့ ဇနီးသည်ဖြစ်လာမဲ့သူက ကောင်းမွန်နေလိမ့်မယ်လို့ မျှော်လင့်မိထားမှာပဲ။
လင်းချွမ်သည်လည်း ချွင်းချက်မဟုတ်ခဲ့ဘူး။
သူက ချင်ယွဲ့ယွဲ့အကြောင်း တွေးပြီး အနာဂတ်မှာ ပိုကောင်းတဲ့ ဘဝရဖို့ မျှော်လင့်နေလိမ့်မယ်။ သို့ပေမဲ့ လူကိုယ်တိုင် တွေ့ဆုံပြီးတဲ့နောက်မှာတော့ ချင်ယွဲ့ယွဲ့က သူ့အတွက် မသင့်တော်ကြောင်းကို တွေ့ရှိသွားခဲ့ကြောင့် အနည်းငယ်စိတ်ပျက်သွားခဲ့လိမ့်မယ်။
လင်းချွမ်က သူတစ်ပါးကို မကောင်းပြောတတ်တဲ့လူ မဟုတ်တာကြောင့် တစ်ဖက်လူအကြောင်းကို ဘာမှမပြောခဲ့ဘူးဆိုပေမဲ့ ဆုဆု အတော်လေး ရှင်းလင်းစွာ နားလည်ခဲ့တယ်။
“လင်းချွမ်.. ရှင်အခု လင်းဟိုင်နှင့်အတူ ကျောက်မီးသွေးသွားသယ်လိုက်တော့ .. ကျွန်မ အခု တို့ဟူးချက်စားချင်တယ်”
ဆုဆု နေရာမှာထိုင်ပြီး အမိန့်တွေပေးနေခဲ့တယ်။
ဘာပဲဖြစ်ဖြစ် သူမက အခု ကိုယ်ဝန်သည်ဖြစ်နေခဲ့ပြီး ပြုစုစောင့်ရှောက်ခံသင့်တဲ့သူဖြစ်နေပြီလေ။ ကိုယ်ဝန်သည်ဆိုတာက မိသားစုရဲ့အကြွေးရှင်ဘဲလို့ ပြောကြတာပဲမလား။
“ကောင်းပြီ မင်းလိုချင်တဲ့အတိုင်း ရစေရမယ်”
လင်းချွမ်က ချက်ချင်းပဲ အလုပ်သွားလုပ်ခဲ့ပေမဲ့ ဆုဆုနောက်တစ်ကြိမ် ပြန်လည်အန်ချင်လာမှာကို စိတ်ပူတာကြောင့် အနံပြင်းတဲ့အရာတွေကို သူမရဲ့ရှေ့ကို ယူမလာခဲ့တော့ဖို့ တွေးထားခဲ့တယ်။
လင်းဟိုင်က သူ့ရဲ့အစ်ကိုအကြီးဆုံးကို တစ်ချက်ကြည့်လိုက်ပြီးလှမ်းပြောလာတယ်
“ဇနီးတစ်ယောက်ရဖို့ဆိုတာလည်း မလွယ်ကူဘူးထင်တယ်”
“မင်းရဲ့အလုပ်ကိုသာ လုပ်စမ်း”
လင်းချွမ် တို့ဟူးသွားဝယ်ခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ဆုဆုရဲ့အိမ်ဟုတ်မဟုတ်မေးနေတဲ့ ပိုင်လင်းလင်းကို တံခါးဝမှာတွေ့လိုက်ရတယ်။
“ရဲဘော်ပိုင်.. မင်း ငါတို့အိမ်ကိုလာလည်တာလား”
“ဟုတ်တယ် ရဲဘော်လင်း.. ဆုဆု အိမ်မှာရှိလား”
“ရှိတယ်”
လင်းချွမ်က စကားအများကြီးမပြောခဲ့ဘူး။ သူက ဆန့်ကျင်ဘက်လိင်တွေနဲ့ဆိုရင် အတတ်နိုင်ဆုံးဝေးကွာအောင်နေတတ်ပြီး ချင်ယွဲ့ယွဲ့သည်လည်း ထိုအချက်ကြောင့် သူ့ကို နစ်နာမှုတွေအများကြီးဖြစ်စေခဲ့တာပဲ။
ပိုင်လင်းလင်း အိမ်ထဲသို့ရောက်ရှိလာပြီးနောက် အမျိုးသားနှစ်ယောက်က အလုပ်လုပ်နေခဲ့ကြပြီး ဆုဆုကတော့ ခုံမှာထိုင်ကာ စာအုပ်တစ်အုပ်ကိုဖတ်နေရင်း အစေ့အဆံတွေကို စားနေတာကို တွေ့လိုက်ရတယ်။
“ဆုဆု နင့်အိမ်က ငါ့အိမ်နဲ့ မဝေးဘူးပဲ”
“လာထိုင်လေ.. နင်ဘယ်လိုလုပ်ပြီး မပြောမဆိုနဲ့ ရောက်ချလာတာလဲ”
“ငါ နင့်ဆီကို ဖုန်းခေါ်ဖို့မေ့နေတာ”
X တက္ကသိုလ် မိသားစုအိမ်ရာရဲ့ အရှေ့ဘက်တံခါးမှာ ဖုန်းတစ်လုံးရှိတယ်။ ပုံမှန်အားဖြင့် ဆုဆုက တခြားသူတွေကို ဖုန်းနံပါတ် နှစ်ခု ပေးထားခဲ့ပြီး၊ တစ်ခုက ကျောင်းရဲ့နံပါတ်ဖြစ်ကာ နောက်တစ်ခုက တံခါးနားမှ ရှိနံပါတ်ပဲ။
“လာ အရင်ဝင်လာခဲ့လိုက်”
ဆုဆုက သူမကို နွေးထွေးစွာကြိုဆိုခဲ့ပြီး အမျိုးသားတွေရှိနေရင် သူမ အဆင်မပြေမှာကို တွေးမိပြီး အိပ်ခန်းထဲသို့ ခေါ်သွားခဲ့ကာ တံခါးကိုပိတ်ပြီး သူမနဲ့ စကားပြောခဲ့တယ်။
လင်းဟိုင်: “အဲဒီမိန်းကလေးက ဘယ်သူလဲ”
“မင်းနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘူး.. သွားလိုက်.. နောက်ထပ် ဟင်းချက်စရာနှစ်မျိုးလောက် ထပာသွားဝယ်လိုက်ဦး .. မင်းရဲ့မရီးက သူမကို ထမင်းစားဖို့ ဖိတ်ခေါ်လိမ့်မယ်”
“အစ်ကို ဒါကိုလည်း ပြောနိုင်တာပဲလား”
“အမ်”
“အစ်ကိုကြီး.. မင်းကအရမ်းအံ့သြဖို့ကောင်းတာပဲ.. အဲဒါကို ဘယ်လိုသိတာလဲ”
“မင်းရဲ့မရီး ဝင်လာတုန်းက ငါ့ကို မျက်လုံးမှိတ်ပြသွားတယ်”
“…”
သူ ဘာမှ မမြင်လိုက်ဘူး။ သူ့ရဲ့အစ်ကိုအကြီးဆုံးက သူ့ရဲ့မရီးမျက်လုံးမှိတ်ပြတာကိုမြင်တာနဲ့ သိသွားတာလား?
ဒါက အတော်လေး အစွမ်းထက်လွန်းတယ်။ လေ့ကျင့်ထားမှုတွေရှိမှ ဇနီးတစ်ယောက်ကိုလက်ထပ်နိုင်လိမ့်မယ်။ သူက အရမ်းငယ်လွန်းသေးတယ်။
ဒီလိုနဲ့ လင်းဟိုင်ကနောက်ထပ် ဟင်းချက်စရာပစ္စည်းနှစ်မျိုး သွားဝယ်လိုက်ပြီး လင်းချွမ်ကတော့ ကျောက်မီးသွေးမီးဖိုနှင့် ချက်ပြုတ်ခဲ့ကာ မကြာခင်မှာဘဲ စားသောက်စရာတွေက အဆင်သင့်ပြင်ဆင်ပြီးခဲ့တယ်။
သူက ဒဏ်ရာရခဲ့တယ်ဆိုပေမဲ့ပေမယ့် ဒဏ်ရာအသေးအမွှားလေးသာဖြစ်ပြီး သူ အားလပ်ရက်ရနေခဲ့တဲ့အကြောင်းရင်းက ကြောက်ရွံ့ထိတ်လန့်နေတဲ့ ဆုဆုကို အိမ်မှာ ပြုစုစောင့်ရှောက်နိုင်စေဖို့အတွက်ပဲလေ။