← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

ကိစ္စတွေပြီးစီးသွားတော့ ကျောင်းအုပ်ကြီးကွမ်းက ကျောင်းသားတွေက အစည်းအဝေးကနေ ဖြုတ်ခိုင်းလိုက်ပြီး ပညာရေးဗျူရိုမှ လူတွေကို ပြန်ပို့ဖို့ ပြင်ဆင်ခဲ့တယ်။

ဆုဆုသည်လည်း နောက်ကနေ လိုက်ပါပို့ဆောင်ဖို့အတွက် ထိုင်ရာကနေထလိုက်ပေမဲ့ ထိုအခိုက်မှာပဲ  မူးဝေလာရပြီး မထိန်းနိုင်တော့ဘဲ အနောက်ဘက်ကို ပြန်လဲသွားရတယ်။

တကယ်တမ်းမှာ သူမရဲ့ ဦးနှောက်က ကြည်လင်နေသေးပြီး  ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ခဲ့ပေမယ့် လူတိုင်းက စိတ်ပူပြီးဝိုင်းအုံလာကြတာကြောင့် လေထုက ပါးလွှာသွားခဲ့ပြီး ရုတ်တရက် သတိလစ်သွားခဲ့ရတော့တယ်။

သူမ ပြန်နိုးလာချိန်မှာ သူမရဲ့အိမ်မှ အိပ်ယာပေါ်ကိုရောက်နေခဲ့ပြီ။ ထိုအချိန်မှာပဲ လင်းချွမ်က တံခါးဖွင့်ပြီး ဝင်လာခဲ့ကာ အသစ်စက်စက် လျှပ်စစ်ပန်ကာကို စားပွဲပေါ်မှာ တင်လိုက်တယ်။

“နိုးနေပြီလား..  အဆင်မပြေတဲ့နေရာရှိနေသေးလား.. ကိုယ်မင်းအတွက် ဒါဝယ်လာခဲ့တယ် .. ပူလာတဲ့အချိန် ဒါကိုဖွင့်ထားလို့ရတယ်”

“ကျွန်မ  ဘာဖြစ်နေတာလဲ?”

“ဆရာဝန်က မင်း အပူရှပ်သွားတာလို့ ပြောတယ်”

နွေရာသီအတွင်းမှာ အပူဒဏ်သက်သက်နဲ့ အပူရှပ်တာမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက သူတို့ကို ဒေါသထွက်နေခဲ့ရလို့ပဲ ဖြစ်လိမ့်မယ်။

“လျှပ်​စစ်​ပန်​ကာကို ရှင် ဘယ်​​လောက်​နဲ့  ဝယ်​ခဲ့တာလဲ”

အခုအချိန်ကာလမှာ လျှပ်စစ်ပန်ကာကို လူအနည်းစုကသာ ဝယ်နိုင်တယ်လေ။ လင်းချွမ်က အမြဲတမ်း ခြိုးခြံချွေတာတတ်ပေမဲ့ ဒါကို ဝယ်ယူဖို့ ဆန္ဒရှိခဲ့တယ်။

“ကိုယ်  တောင်းပန်ပါတယ်”

လင်းချွမ်က ထိုင်ချလိုက်ပေမဲ့ သူ့ရဲ့ဇနီးသည်ကို တိုက်ရိုက်မကြည့်ရဲခဲ့ဘူး။

“ဘာလို့  တောင်းပန်နေတာလဲ.. ဒါက ရှင့်ရဲ့အမှားမဟုတ်ဘူးလေ”

“ကိုယ့်ရဲ့  အပြစ်ပါ .. မင်းက ကိုယ်ဝန်ရှိနေပြီး တခြားလူတွေရဲ့ ခန္ဓာကိုယ်ထက် အပူချိန်က ပိုများနေတာကို ကိုယ် သတိမထားမိလိုက်ဘူး .. နောက်ပြီး အလုပ်လည်း အများကြီးလုပ်ခဲ့ရတယ်”

သူမက ကျောင်းမှာလည်း  အနိုင်ကျင့်ခံရခဲ့ရသေးတယ်။

“ကိစ္စမရှိပါဘူး.. ကျွန်မ ရှင့်ကိုအပြစ်မတင်ဘူး”

ဆုဆု သူ့ရဲ့ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်တယ်။

တစ်လက်မကေ ဆံပင်ကေကြောင့်  ဆံပင်တွေက အနည်းငယ် မာကျောကာ စူးရှသလို ခံစားရပေမဲ့ မမျှော်လင့်ဘဲ လက်ကို နှိပ်နယ်သလိုဖြစ်ကာ ပျော်စရာကောင်းပုံဝတယ်။

လင်းချွမ် : “... “

သူ့ရဲ့ဇနီးသည်က ကစားနည်းတွေကို တကယ်သိတာပဲ။

“ရှင် အဲဒီပန်ကာက ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာကို မပြောရသေးဘူး”

ဒီဘက်ခေတ်ရဲ့ ဈေးနှုန်းတွေကို သူမ တကယ် သိချင်နေခဲ့တယ်။

“သုံးဆယ့်နှစ်ယွမ်ပဲ.. ဒါပေမယ့် လက်မှတ်ရဖို့အတွက် ကိုယ့်ရဲ့ရဲဘော်တွေဆီက အကူအညီတောင်းခဲ့တာ”

လင်းချွမ်က ဒါကို သူ့ရဲ့ကိုယ်ပိုင် ထောက်ပံ့ကြေးနဲ့ ဝယ်လာခဲ့တယ်။

“...ပိုက်ဆံဘယ်ကရလဲ”

အိမ်ရဲ့ ဘဏ္ဍာထိန်း ဆုဆုအနေနဲ့ သူမရဲ့အမျိုးသားကို ပိုက်ဆံပေးမိတာမျိုးကို မမှတ်မိခဲ့ဘူး။ သူစီးကရက်ဝယ်ဖို့  ဒါမှမဟုတ် တခြားတစ်ခုခုကို ဟိုဟိုဒီဒီသုံးစွဲဖို့အတွက်  သူ့အိတ်ကပ်ထဲမှာ ယွမ် (၂၀)ပဲ ရှိတယ်။

“ကိုယ်တို့မှာ  ထောက်ပံ့ကြေးတွေ ထုတ်ပေးပြီးပြီလေ..  ကိုယ် နောက်ထပ် ဆယ့်ငါးယွမ်ရခဲ့တယ်..  ပေါင်းလိုက်ရင် ဝယ်ဖို့ လုံလောက်တယ်”

လင်းချွမ်က ရိုးသားစွာပဲ ရှင်းပြလာတယ်။

ဆုဆု: “ဒါဆို ရှင်ဘာလို့မဖွင့်သေးတာလဲ”

“အခုဖွင့်လိုက်မယ်”

လင်းချွမ်က ပန်ကာတပ်ဆင်ရန် သင့်တော်တဲ့နေရာကို ရှာခဲ့ပြီး ဖွင့်လိုက်တော့ အခန်းတစ်ခုလုံးက အေးမြသွားခဲ့တယ်။

ဆုဆုတစ်ယောက် အေးမြတဲ့လေတွေကြောင့် ငိုက်မျဉ်းလာခဲ့ကာ လင်းချွမ်ကိုလှမ်းပြောလိုက်တယ်။

“ကျွန်မဘက်ကို တည့်တည့်မဖွင့်ထားနဲ့.. ဟိုဘက်ကို နည်းနည်းလောက် ... ရပြီ.. ကျွန်မ ပြန်အိပ်လိုက်ဦးမယ်”

“ကောင်းပြီ” 

လင်းချွမ်က ပန်ကာကို ဘေးဘက်သို့လှည့်လိုက်ပြီး သူ့ရဲ့ဇနီးသည် အိပ်ပျော်နေတာကို မြင်တော့ စစ်ယူနီဖောင်းကို ရိုးရိုးအဝတ်အစားနဲ့ ပြန်လဲပြီး အပြင်ကိုထွက်သွားခဲ့တယ်။ သူက ကွမ်းမိသားစုအိမ်သို့ တိုက်ရိုက်သွားခဲ့ပြီး လင်းတုံဟဲကိုခေါ်ထုတ်လိုက်ကာ တုံ့ဆိုင်းမှုမရှိ လက်သီးနဲ့ထိုးလိုက်လေတယ်။

လင်းချွမ်က သင့်တင့်လျောက်ပတ်တဲ့လူပဲ။ သူ့ရဲ့အတွေးအခေါ်အရတကယ်လို့ သူသာ အနိုင်ကျင့်ခံရရင် ထိုတစ်စုံတစ်ယောက်နဲ့ တိုက်ရိုက်ပဲ ရန်ဖြစ်လိမ့်မယ်။ သို့ပေမဲ့ သူ့အနေနဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ တိုက်ခိုက်ဖို့ သွားမရှာနိုင်တာကြောင့် လင်းတုံဟဲဆီကိုသာ ရောက်လာနိုင်ခဲ့တယ်။

လင်းတုံဟဲက ဖြစ်ကြောင်းကုန်စင်ကို ကျောင်းကပြန်ရောက်လာတဲ့ ကွမ်းကျန်းတုံဆီကနေ ကြားသိထားခဲ့ပြီးပြီ။ သူ့ရဲ့မိန်းမက အစကနေ အဆုံးထိ ဘာမှ ဝင်မပြောခဲ့ဘူးဆိုပေမယ့် ပါဝင်ခဲ့တဲ့လူတွေက သူတို့ရဲ့ လေ့လာရေးအဖွဲ့တစ်ခုလုံးဖြစ်ပြီး သူမသည်လည်း သေချာပေါက် ပါဝင်နေမှာပဲ။

ဒါကြောင့်  လင်းချွမ်က ဘာကြောင့် သူကို လာရှာတာလဲဆိုတာကို သိပြီး  ဘာစကားမှ မပြောရသေးခင်မှာဘဲ အထိုးခံလိုက်ရတယ်။

ဒါပေမယ့် ထိုးနှက်မှုက တကယ်ကိုပြင်းထန်လွန်းတယ်။ သူ့ရဲ့ပါးစပ်ထောင့်က သွေးထွက်လာခဲ့ပြီး မျက်နှာတစ်ခြမ်းကလည်း ထုံနေခဲ့တယ်။ ကြည့်ရတာ ရောင်ကိုင်းသွားတာဖြစ်လိမ့်မယ်။

​​

“မင်း အဲဒီမိန်းမကို ဆက်မပေါင်းတော့တာ ကောင်းလိမ့်မယ်”

လင်းချွမ်က ထိုစကားကိုပြောပြီးနောက် ထွက်သွားဖို့လုပ်ခဲ့တယ်။

“ဘာလို့လဲ?”

လင်းတုံဟဲအနေနဲ့ ချင်ယွဲ့ယွဲ့ရဲ့အတွေးတွေကို နားမလည်နိုင်ခဲ့ပေမဲ့လည်း သူမကို ထားခဲ့ဖို့တော့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

“ဘာကြောင့်လဲဟုတ်လား? ဆင်းရဲတဲ့အချိန်မှာမုန်းတီးပြီး ချမ်းသာလာမှ ချစ်မြတ်နိုးပြတဲ့မိန်းမ၊  အမှားအမှန် မခွဲခြားတတ်သလို ကျေးဇူးတရားကို ကျေးဇူးကန်းမှုတွေနဲ့ ပြန်ပေးဆပ်တဲ့မိန်းမကို မင်းက ဘာလုပ်ချင်သေးလို့လဲ? အရိုးသားဆုံးပြောရရင် ငါ အစတုန်းက သူမကို လက်မထပ်ခဲ့တာ တကယ့်ကို အမြင်ကျယ်ခဲ့တာဘဲလို့ ခံစားမိတယ်”

“မင်း...”

လင်းတုံဟဲက လက်သီးတွေကို တင်းတင်းဆုပ်ပြီး ပြန်ပြောလာတယ်။

“ဒီကိစ္စမှာ သူမနဲ့ ဘာမှမဆိုင်ဘူး”

“သူမနဲ့  ဘာမှ မဆိုင်ဘူးပေါ့? မင်း အိပ်မက် မက်နေတာလား? ငါ့ရဲ့ဇနီးသည်က  သူမကို ဘာလို့ သွေးလှူခဲ့တာလဲ.. ဒီလိုလူမျိုးကို လှူဒါန်းခဲ့တာထက် သားရဲတစ်ကောင်ကို လှူလိုက်တာက ပိုကောင်းလိမ့်မယ်”

“လင်းချွမ်”

လင်းတုံဟဲ ဆက်ပြီးနားမထောင်နိုင်တော့ဘူး။ သူ့အနေနဲ့ သူ့အစ်ကိုက ဒီလောက်ထိ ရက်စက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။  သူက တစ်ဖက်လူဆီကို အလျင်အမြန်ပြေးဝင်ကာ လက်သီးနဲ့ထိုးချင်ခဲ့ပေမဲ့ သူကသာ အထိုးခံလိုက်ရတယ်။

လင်းတုံဟဲကို အနိုင်ကျင့်ထိုးကြိတ်ခဲ့ပြီးနောက် လင်းချွမ် နှာမှုတ်ပြီး အိမ်ကိုပြန်သွားခဲ့တယ်။

လင်းတုံဟဲကတော့ တစ်ယောက်တည်း မြေပြင်ပေါ်မှာ လဲလျောင်းပြီးကျန်နေခဲ့ကာ သူ့ရဲ့နှလုံးသားကတော့ အေးစက်နေခဲ့တယ်။

သူ လင်းချွမ်ကို အပြစ်မတင်ပါဘူး။ သူ ပြောခဲ့သမျှ စကားတွေအားလုံးက အမှန်တရားတွေချည်းပဲ။

ဒီလိုဖြစ်နေရင်တောင် နှလုံးသားထဲမှာ အသန့်ရှင်းဆုံးနှင့် အလှပဆုံးဖြစ်ခဲ့တဲ့ အချစ်ဦးတစ်ယောက်က အမှန်တကယ်ကို  အလွယ်တကူ နှိမ့်ချပြီး စွန့်ပစ်လိုက်နိုင်တာမျိုးမဟုတ်ဘူးလေ။

ဒါ့အပြင် သူက အမျိုးသားတစ်ယောက်သာ ဖြစ်ပြီး ကိုယ်လုပ်ခဲ့တဲ့အရာကို တာဝန်ယူသင့်တယ်မဟုတ်ဘူးလား။

သို့သော်လည်း ဒါက တကယ်ကို  စိတ်ပျက်စရာကောင်းလွန်းတယ်။

သူတို့နှစ်ယောက်က လမ်းပေါ်မှာ ရန်ဖြစ်ခဲ့ကြတာကြောင့် လူတွေက လင်းတုံဟဲဆီကို ရောက်လာကာ ကူညီပေးဖို့ မေးမြန်းခဲ့ကြတယ်။

သူ ခေါင်းကိုခါရမ်းပြီး အဆင်ပြေကြောင်း ပြောခဲ့ကာ မတ်တပ်ထရပ်ပြီး အိမ်ကိုပြန်လာခဲ့တယ်။

လင်းချွမ်က သူ့ရဲ့စစ်ယူနီဖောင်းကို အရပ်ဝတ်နဲ့ ပြောင်းလဲလာရတဲ့ အကြောင်းရင်းက လူတွေကို ရိုက်နှက်ချင်ပေမယ့် ပြသနာမရှည်ချင်လို့ပဲ။

ဒါကြောင့် လမ်းသွားလမ်းလာတွေက လင်းတုံဟဲကို တစ်ယောက်ယောက်က ရိုက်နှက်သွားတယ်ဆိုတာကို သိခဲ့ကြပေမဲ့ လင်းချွမ်က ဘယ်သူလဲဆိုတာကိုတော့ မသိခဲ့ကြဘူး။

သူက ထင်ရှားပေါ်လွင်တဲ့ စစ်ယူနီဖောင်းမပါတာကြောင့် သာမန်လူတစ်ယောက်အဖြစ်သာ တွေ့မြင်နေရလိမ့်မယ်။

လင်းတုံဟဲ အိမ်ကိုပြန်ရောက်တဲ့နောက် သူ့ရဲ့ဒဏ်ရာတွေက ဘယ်ကနေရရှိလာတာလဲဆိုတာကို မပြောပြချင်ပေမဲ့ ခေါင်းဆောင်ကွမ်းက စပြောလာခဲ့တယ်။

“လင်းချွမ်က သူ့ကို ရိုက်ခဲ့တာလား.. မင်း အရိုက်ခံရဖို့ ထိုက်တန်တာပဲလေ”

လင်းတုံဟဲက စကားမပြန်မပြောခဲ့ဘူး။ ဟုန်မေ့က သူမရဲ့ ခင်ပွန်းသည်ကို အသာပုတ်ကာ စကားကို အလွန် ဖြောင့်တန်းစွာ မပြောဖို့ သတိပေးလိုက်တယ်။

သို့ပေမယ့် ထိုအခိုက်မှာပဲ လင်းတုံဟဲက ပြန်ပြောလာခဲ့တယ်။

“အဖေပြောတာမှန်ပါတယ်”

“ဒါဆို မင်း ဘာသာမင်း ဂရုစိုက်လိုက်”

သူ့အမေ အောက်ထပ်သို့ ဆင်းလာနေပြီဖြစ်လို့ ခေါင်းဆောင်ကွမ်းက ဘာမှဆက်မပြောတော့ဘူး။

အဘွားအိုက ကောလိပ်တက်နေတဲ့ မြေးချွေးမကို အတော်လေးမနှစ်မြို့လှဘူး။

“အဲဒီမိန်းမ ထပ်ပြီး ပြသနာရှာပြန်ပြီလား? ငါ သူမကို စမြင်ကတည်းက သူမက နိမ့်ကျလွန်းပြီး ဘယ်တော့မှ အဆင့်မြင့်မားတဲ့သူမျိုးမလာနိုင်ဘူးဆိုတာ သိတယ်..

သူမက ကောလိပ်ကျောင်းသူတစ်ယောက်ပဲ ဆိုတာကိုပဲ မကြည့်နဲ့.. သူမ အနားမှာရပ်နေရင် လူတိုင်းက သူမကိုအနိုင်ကျင့်နှိပ်စက်နေသလိုမျိုး ဟန်ဆောင်နေတာ.. အရင်တုန်းက အိမ်စေအန်တီကြီးတွေလောက်တောင် အဆင့်အတန်းမရှိဘူး”

သူမက ပဒေသရာဇ်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး သူမ ငယ်စဉ်ကလေးဘဝကတည်းက အဖေဘက်မှ အဒေါ်တွေကို တိုက်ခိုက်လာခဲ့ရကာ ဇာတ်လိုက်မရဲ့ ပန်းပွင့်ဖြူလေးလိုအမူအရာကို အတော်လေး မျက်မုန်းကျိုးပြီး အထင်သေးတယ်။

လင်းတုံဟဲက မျက်မှောင်ကြုတ်လိုက်ပေမဲ့ စကားများများမပြောခဲ့ဘူး။ သူ့အနေနဲ့ ဒီမိသားစုမှ လူတွေနဲ့  သိပ်ပြီးမရင်းနှီးပေမဲ့လည်း သူ အခုအချိန်အထိ အလုပ်တစ်ခု ရှာမရသေးတာကြောင့် သူ့ရဲ့ အဖွားအသစ်က သူ့ကို အထင်သေးကြောင်းကို နားလည်ခဲ့တယ်။

အဘိုးဖြစ်သူက အိမ်ပေါ်မှဆင်းလာခါ့ပြီး အဘွားကြီးကို စိုက်ကြည့်လိုက်ကာ လှမ်းပြောလာခဲ့တယ်။

“တုံဟဲ..  ငါနဲ့ အိမ်ထဲကို လိုက်ခဲ့..  ငါ မင်းကို ပြောစရာရှိတယ် “

လင်းတုံဟဲ နောက်ကလိုက်သွားရုံသာတတ်နိုင်ခဲ့တယ်။

ဒီအဖိုးကတော့ သူ့အပေါ် အလွန်ကြင်နာပေးခဲ့တယ်။ သူ ဝင်လာတာကိုမြင်တော့ သူ့ရဲ့အိတ်ကပ်ထဲမှ ယွမ် ၅၀၀ ကျော်ကို ထုတ်ယူကာ လှမ်းပေးလာတယ်။

“မင်းသိပါတယ်.. မင်းရဲ့အဖေက မင်းအတွက် အလုပ်ရှာပေးဖို့အတွက် တခြားလူတွေကို မပြောချင်တာမဟုတ်ဘူး.. ဒါပေမယ့် တကယ်လို့ နောင်တစ်ချိန်မှာ ဒီကိစ္စအပေါ် အဖမ်းခံခဲ့ရရင် ကိစ္စအသေးလေးဖြစ်နေရင်တောင်မှ သူ့အတွက် လုပ်ရခက်ခဲစေလိမ့်မယ်..

သူ့ရဲ့တစ်သက်တာမှာ အရှက်ရစရာကိစ္စကို ဘာတစ်ခုမှ လုပ်ခဲ့ဖူးတာမဟုတ်ဘူး.. ဒီယွမ်ငါးရာက မင်းအတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုလုပ်လို့ရနိုင်လိမ့်မယ်.. အခု တိုင်းပြည်က ပြုပြင်ပြောင်းလဲပြီး ပွင့်လင်းလာနေပြီ..  အပြင်ဘက်မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်”

“ကောင်းပါပြီ အဘိုး.. ဒါပေမယ့် ဒီပိုက်ဆံ...”

“ငါ မင်းကို ချေးပေးတာ.. မင်းအဆင်ပြေလာပြီးရင် ငါ့ဆီကို ပြန်ပေးပေါ့”

“ကောင်းပါပြီ”

လင်းတုံဟဲ ထိုယွမ်ငါးရာကို နှလုံးသားထဲမှာ ခံစားချက်ပေါင်းများစွာနဲ့ လှမ်းယူလိုက်ပြီး သူ့အနေနဲ့ တစ်နေ့လုံး အိမ်မှာပဲ မနေသင့်တော့ဘူးလို့  ခံစားမိလာတယ်။ မဟုတ်ရင် လူတိုင်း သူ့ကို မနှစ်မြို့နိုင်ဖြစ်လာကြလိမ့်မယ်။

အိမ်အသစ်က သူ့အတွက် ကောင်းမွန်ပေမဲ့ သူက အမျိုးသားတစ်ယောက်ပဲလေ။

ဒါပေမယ့် အခွင့်အလမ်းတွေကို ဘယ်မှာ သွားရှာရမလဲ။

ဒီအချိန်မှာ သူဘာလို့ ဆုဆုကို သွားတွေးမိလဲဆိုတာသူကိုယ်တိုင်လည်း မသိဘူး။

ထိုမိန်းကလေးက သေးကွေးပေမဲ့ အလွန်သွက်လက်တဲ့စိတ်ခံစားချက်တွေရှိတယ်။ သူ သူမနှင့် ဆွေးနွေးသင့်လား?

စကားမစပ် သူမကိုလည်း တောင်းပန်ရမယ။

လင်းတုံဟဲ တွေးတောနေတာတွေကို ဆက်မပြောတော့ဘဲ ဒီတစ်ပတ်ပိတ်ရက်မှာ ဆုဆုတို့အိမ်ကို လာဖို့ ချိန်းဆိုထားတဲ့ ပိုင်လင်းလင်းနဲ့ ချန်ယွဲ့ကျင်းတို့ဘက်ကို လှည့်ကြရအောင်။

လက်ရှိမှာ အမျိုးသားနှစ်ယောက်က ဈေးသွားဝယ်နေကြပြီး အမျိုးသမီးနှစ်ယောက်ကတော့ အိမ်ထဲမှာ ထိုင်ပြီး အတင်းအဖျင်းတွေကို ပြောနေကြတယ်။

ဒီနေ့မှာ ပိုင်းလင်းလင်းရဲ့ အန်တီက ရောက်လာနေခဲ့ပြီး သူမက ဆုဆုကို စိတ်ဆင်းရဲစွာပြောနေခဲ့တယ်။

“ဒီအိမ်သာသုံးစက္ကူတွေက အောက်ဘက်ကို ပေါက်တာ အရမ်းမြန်တယ်..  ​​အမြဲတမ်း အစိတ်စိတ်အမွှာမွှာဖြစ်သွားတတ်ပြီး   မကြာခဏ အစားထိုးပေးရတတ်တယ်..  ဒါက တကယ်ကို စိုးရိမ်စရာကောင်းတယ်..

ငါဆို ဒါတွေကို အမြဲတမ်း အိတ်ထဲမှာ ထည့်ပြီး သွားနေရတယ်..  မဟုတ်ရင် ရှက်စရာတွေဖြစ်လာမှာလေ..  အထူးသဖြင့် အခုလိုအချိန်မျိုးပဲ.. နည်းနည်းလောက် ပေစွန်းသွားတာပဲဖြစ်ဖြစ် ၊ တစ်ခုခု ပြုတ်ကျလာတာပဲဖြစ််ဖြစ် အမြင်ခံရမှာကို အရမ်းကြောက်မိတယ်”

ဆုဆုလည်း ဒါက အမှန်ပဲလို့တွေးမိတယ်။  သူမက ပိုင်လင်းလင်းကို သူမရဲ့သူငယ်ချင်းအဖြစ် မှတ်ယူထားတာကြောင့် သူမရဲ့ကျောပိုးအိတ်ထဲမှ လစဥ်သုံးပစ္စည်းကိုသွားယူလိုက်တယ်။ သို့ပေမယ့် သူမက အပြင်ဘက်ထုပ်ပိုးမှုကိုတော့ ပညာရှိစွာ ချွတ်ထားခဲ့ပြီး သန့်ရှင်းတဲ့ လစဥ်သုံးပစ္စည်းတွေ သီးသန့်ကိုပဲ ပေးလိုက်တယ်။

“ငါ့ရဲ့ ကောလိပ် အတန်းဖော်က နိုင်ငံခြားကနေ ပို့ပေးလာခဲ့တာလေ.. အခု ငါအသုံးမလိုသေးလို့ နင့်ကိုပေးလိုက်မယ်”

“ဒါက.. လစဥ်သုံးပစ္စည်းလား?”

အခုအချိန်မှာ လစဥ်သုံးပစ္စည်းတွေ ရှိနေသေးပေမဲ့ အခြေခံအားဖြင့် နိုင်ငံခြားတိုင်းပြည်တွေနှင့် တောင်ပိုင်းမှမြို့ကြီးအချို့မှာသာ ရရှိနိုင်တာဖြစ်ပြီး လူအနည်းငယ်သာ အသုံးပြုကြသေးတယ်။

“အင်း”

“ဒါဆို ငါသွားလဲလိုက်မယ်”

All Chapters