အခန်း (၁၂၂)
Vol. 13 Ch. 122
ခဏအကြာမှာတော့ ဟင်းသီး ဟင်းရွက်စျေးကိုသွားပြီး စျေးဝယ်ထွက်ခဲ့ကြတဲ့ ဟုန်မေ့နဲ့ ကွမ်းကျန်းတုံတို့ ပြန်ရောက်လာခဲ့ကြတယ်။
ချင်ယွဲ့ယွဲ့က ချက်ချင်းပဲ သူတို့ရဲ့လက်ထဲမှ ဟင်းချက်စရာတွေကို လက်လွှဲယူလိုက်ကာ သူမရဲ့ စိတ်အားထက်သန်မှုကို ပြသနေခဲ့တယ်။
ရွာမှာရှိနေတုန်းကတော့ အဒေါ်လင်းက သူမကို ဟင်းချက်ဖို့ ပြောခဲ့ရင် အလွန်အမင်း ခက်ခဲစွာပြုမူပြီး ဟင်းချက်စရာပစ္စည်းတွေကိုတောင် မထိကိုင်တတ်ဘူး။ အခုတော့ ဟုန်မေ့ကို သူမရဲ့အမေရင်းလို ဆက်ဆံနေခဲ့တာလား။
ဆုဆု မျက်လုံးလှန်လိုက်မိကာ မတ်တပ်ထရပ်ပြီး နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ အန်တီ”
“ရဲဘော်ဆုရောက်နေပြီလား.. အန်တီလည်း မိသားစုထဲမှာ အလုပ်ရှုပ်နေတာနဲ့ ကျန်းတုံကို မင်းကိုသွားကြိုပေးဖို့ မပြောခဲ့လိုက်ရဘူး”
ဟုန်မေ့က ဆုဆုကို အလွန်ကျေးဇူးတင်နေခဲ့တယ်။ သူမရဲ့ အကူအညီမပါခဲ့ရင် သူတို့ရဲ့ သားအကြီးဆုံးကို ရှာမတွေ့နိုင်လောက်ဘူး။
အထူးသဖြင့် သူမက သူတို့သားငယ်ရဲ့ ဆရာလည်းဖြစ်နေသေးတယ်။ သူမက လေးစားသင့်တဲ့ အမျိုးသမီးလေးဘဲ။
ခေါင်းဆောင်ကွမ်းက ဝင်ပြောလာတယ်။
“ဒါကိုပြောတော့မှ မင်း တခြားသူတွေဆီက သဲလွန်စတွေ ကြားသိရတယ်လို့ ပြောခဲ့တာက ရဲဘော်ဆုကို ပြောခဲ့တာပဲ ဟုတ်တယ်မလား? သူက ငါတို့ကျန်းတုံရဲ့ ဆရာမ လား”
“ဟုတ်တယ်လေ.. ကျန်းတုံ မင်းရဲ့ဆရာမအတွက် အသီးအနှံတွေကို ဘာလို့ သွားမလှီးပေးရတာလဲ”
ဟုန်မေ့ပြောတာကိုကြားတော့ ကွမ်းကျန်းတုဲက ခေါင်းကိုကုတ်ပြီးပြောလာခဲ့တယ်။
“ဒါဆို ကျွန်တော် ချက်ချင်း သွားလိုက်ရမလား”
သူက ပြောပြီးတာနဲ့ မီးဖိုခန်းထဲကို ချက်ချင်းပြေးထွက်သွားခဲ့တယ်။
ဟုန်မေ့က သူမရဲ့ တစ်ဖက်မှာ ရပ်ပြီး ကူညီပေးချင်နေဟန်ရှိနေတဲ့ ချင်ယွဲ့ယွဲ့ကို လှမ်းပြောလိုက်တယ်။
“အိမ်မှာ ထမင်းဟင်းချက်ဖို့ အဒေါ်တစ်ယောက်ရှိတယ်.. မင်း ဘေးမှာ သွားထိုင်နေလို့ရတယ်.. လာပြီး ကူညီစရာ မလိုဘူး”
ဒီသဘောထားက နည်းနည်းတော့ ဆိုးတယ်။ ဒီလိုမျိုး မဖြစ်သင့်ဘူးမလား။
ဆုဆု ကွမ်းကျန်းတုံဆီမှ အသီးကိုယူလိုက်ပြီး တစ်ဖက်လူကလည်း သူ့ရဲ့မရီးဖြစ်သူကို အာရုံစိုက်ချင်စိတ်မရှိကြောင်းတွေ့လိုက်ရတယ်။
ဇာတ်လိုက်မက သူတို့မိသားစုကို ဘယ်လိုများ စော်ကားမိခဲ့တာလဲ။
ထို့နောက် ဆုဆု ရုတ်တရက် သတိရလာရတယ်။ လင်းတုံဟဲက ကွမ်းကျန်းတုံကို ကယ်တင်ပြီးတဲ့နောက်မှာ လင်းတုံဟဲက အလွန်အကျွံသောက်ခဲ့ပြီး အမျိုးမျိုး ငိုကြွေးခဲ့တယ်လေ။ သူ အဲဒီတုန်းက ဇာတ်လိုက်မ အကြောင်းကိုပြောခဲ့တာ ဖြစ်နိုင်လောက်လား။
သူမ ဒါကိုကြားတော့ ကိစ္စတွေကို နားလည်သွားသလိုပဲ။
တကယ်လို ကွမ်းကျန်းတုံသာ လင်းတုံဟဲဆီကနေ ကိစ္စတစ်ခုခုကို ကြားခဲ့ရင် သူက အမေဖြစ်တဲ့ ဟုန်မေ့ကို သေချာပေါက်ပြန်ပြောခဲ့မှာပဲ။ သူတို့ ထိုအကြောင်းကို မကြားခဲ့ဘူးဆိုရင်တောင် ရွာကိုရောက်တဲ့ နေရက်အချိန်တွေမှာ ချင်ယွဲ့ယွဲ့က ဘယ်လိုလူမျိုးလဲဆိုတာကို သိလာခဲ့လောက်ပြီ။
နားလည်မှုလွဲသည်ဖြစ်ဖြစ် ၊မလွဲတာပဲဖြစ်ဖြစ် လင်းတုံဟဲအပေါ်ဆိုးရွားတယ်ဆိုတဲ့ အဓိပ္ပါယ်က သူတို့မိသားစုအပေါ်မှာ ဆိုးရွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။
အခုစဉ်းစားကြည့်တော့ သူတို့နှစ်ယောက် စာအုပ်ထဲမှာ ရရှိခဲ့သမျှအရာအားလုံးက လင်းတုံဟဲဆီကနေ တစ်ဆင့်ရလာခဲ့တာပဲမလား။ လင်းတုံဟဲရဲ့ပံ့ပိုးမှုမရှိဘူးဆိုရင် ဇာတ်လိုက်မက ဘာမှကို မဟုတာဘူးလို့ဆိုနိုင်တယ်။
အိုး.. ဒါဆိုရင် တကယ့် ခိုအီငါးက လင်းတုံဟဲသာဖြစ်ပြီး ဇာတ်လိုက်မ မဟုတ်တာများလား?
ကံတရားအရဆိုရင် အမျိုးသားဇာတ်လိုက်ကသာ တကယ်ကံကောင်းသူဖြစ်ပြီး၊ အမျိုးသမီး ဇာတ်လိုက်က တစ်ဖက်လူဆီမှ ကူးစက်ခံလိုက်ရတာလား?
ဆုဆု ဒီနည်းအတိုင်း တွေးကြည့်လိုက်တော့ အမျိုးသားဇာတ်ဆောင်က အတွင်းမှ တောက်ပနေခဲ့တဲ့အလင်းရောင်အနှစ်ဖြစ်ပြီး အမျိုးသမီး ဇာတ်ဆောင်ကတော့ အလင်းရောင်ရဲ့အပေါ်မှ အဖုံးအကာနှင့် ပိုတူသလိုမျိုး သူမ ပိုပိုပြီး ခံစားလာရတယ်။
အဆုံးမှာ သူတို့အိမ်ထဲသို့ ဝင်လာပြီးကတည်းက အခုအချိန်အထိ လင်းတုံဟဲက ချင်ယွဲ့ယွဲ့ကို စကားတစ်ခွန်းမှ မပြောခဲ့သလို ရင်းနှီးသောအမူအရာတစ်ခုမျှ မလုပ်ဆောင်ခဲ့ဘူး။ သူစိမ်းတစ်ယောက်လိုသာ ဆက်ဆံနေခဲ့တယ်။
ပြီးတော့ ချင်ယွဲ့ယွဲ့ကတော့ ထိုနေရာမှာ တစ်ယောက်တည်း လှပနေခဲ့တယ်။ ခဏလောက်ကြာရင် သူမရဲ့တည်ရှိမှုကို သက်သေပြဖို့ စကားတစ်ခွန်းလောက် ဝင်ပြောလာလိမ့်မယ်။ ခဏလောက်ကြာရင် သူမက ပညာတတ်တစ်ယောက်ဖြစ်ပြီး အလွန်သိတတ်လိမ္မာကြောင်းပြသဖို့ လူတွေကို ကူညီပေးနေခဲ့လိမ့်မယ်။
တကယ်လို့ သူမရဲ့အဆင့်အတန်းကိုသာ ထည့်တွက် မစဥ်းစားဘူးဆိုရင် တစ်ဖက်မှာ အလုပ်များနေတဲ့ အဒေါ်နဲ့ သိပ်ပြီး မကွာခြားဘူးလို့ ထင်ရတယ်။
ဆုဆုအနေနဲ့ ဇာတ်လိုက်မက အလွန်ထက်မြက်ပြီး ကောင်းစွာနားလည်နိုင်ကြောင်းကို သိထားခဲ့တယ်။ သို့ပေမဲ့ ဒီနေရာမှာတော့ သူမက ကွမ်းမိသားစုရဲ့ ခင်ပွန်းသည်နှင့် ဇနီးသည်တို့ မြင်သာစေရန်အတွက် အလွန်ကောင်းမွန်စွာနေထိုင်တဲ့ပုံစံမျိုး ဟန်ဆောင်နေခဲ့တယ်။
လင်းချွမ်သည်လည်း အစကနေ အဆုံးထိ ချင်ယွဲ့ယွဲ့ကို လုံးဝမသိတဲ့လူတစ်ယောက်လို လျစ်လျူရှုထားခဲ့တယ်။ ဒီတော့ ဒီနေရာမှာရှိတဲ့လူတိုင်းက သူမကို တိတ်တဆိတ်နှင့် မပြောဘဲသိလောက်တဲ့နားလည်မှုတွေနဲ့အတူ လျစ်လျူရှုထားခဲ့ကြတယ်။ ဒါကို သူမက ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အံဖွယ်တစ်ယောက်လို ခံစားနေခဲ့တာလဲ။
ခဏအကြာမှာတော့ စားပွဲဝိုင်းထက်မှာ အစားအသောက်တွေ တည်ခင်းထားခဲ့ပြီဖြစ်ကာ အမျိုးသားတွေက သဘာဝအတိုင်း ဝိုင်သောက်ချင်ခဲ့ကြတယ်။
ခေါင်းဆောင်ကွမ်းက လင်းတုံဟဲကို အနာဂတ်မှာ သူဘာလုပ်ချင်လဲ မေးလာခဲ့တယ်။
လင်းတုံဟဲက သူ့ရဲ့ ဖန်ခွက်ကို မြှောက်လိုက်ပြီး ပြောလာတယ်။
“ကျွန်တော် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ချင်တယ်.. ဒါကြောင့် ညကျောင်းကို အရင်သွားချင်တယ်”
“ညကျောင်းလား.. ကောင်းသားပဲ”
ချင်ယွဲ့ယွဲ့က ပြောလာတယ်။
“ကျွန်မ ရှင့်ကို ထောက်ခံတယ်”
“ဒါပေမယ့် ညကျောင်းက နေ့တိုင်း စာသင်ချိန် နှစ်နာရီပဲ ရှိတယ်.. မင်းနောက်ထပ် ဘာဆက်လုပ်မှာလဲ”
ဟုန်မေ့က မေးပြီးနောက် ဆက်ပြောလာတယ်။
“အလုပ်တစ်ခု ဘာလို့ မလုပ်မှာလဲ.. ငါ မင်းအတွက် အလုပ်တစ်ခု အရင်စီစဉ်ဖို့ တစ်ယောက်ယောက်ကို ရှာလိုက်မယ်”
“မင်းက ဘယ်သူကိုရှာချင်နေတာလဲ.. အပြင်မှာ အခွင့်အလမ်းတွေအများကြီးရှိတယ်.. အမျိုးသားတွေက သူတို့ရဲ့လမ်းကို ကိုယ်တိုင်ဖောက်သင့်တယ်”
ခေါင်းဆောင်ကွမ်းက ချက်ချင်းပြောလာတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ သူအကြောက်ဆုံးအရာက လူတွေက ဆက်ဆံရေးတစ်ခုကိုအကြောင်းပြပြီး ဆွဲချသွားတာမျိုးပဲ။ သူသာ မှန်မှန်ကန်ကန်မလုပ်ပြီးဆိုရင် နာမည်မဲအတင်ခံရလိမ့်မယ်။
“ ဟေး ရှင် ဘာကို စိတ်လှုပ်ရှားနေတာလဲ.. ဒါတွေကို နောက်မှပဲ တဖြည်းဖြည်းချင်း စီစဥ်ကြတာပေါ့.. အရာအားလုံးက တုံဟဲ လုပ်ချင်တဲ့အရာပေါ်မှာ မူတည်တယ်”
ဟုန်မေ့က သူမရဲ့ ခင်ပွန်းကို စိုက်ကြည့်လိုက်တယ်။
“ တုံဟဲ .. မင်းအဖေရဲ့စကားတွေကို နားမထောင်နဲ့..ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ကြည့်လိုက်.. မင်း ဘယ်ဌာနကို သွားချင်လဲ.. မင်းရဲ့အမေကို ပြော.. အမေ မင်းကို သေချာပေါက် ကူညီပေးမယ်”
“ကျွန်မလည်း ရှင့်ကို ကူညီပေးမယ်”
ချင်ယွဲ့ယွဲ့က လက်ကိုဆန့်တန်းလာပြီး လင်းတုံဟဲရဲ့လက်ကို ဆုပ်ကိုင်ချင်ခဲ့ပေမယ့် အမျိုးသားဇာတ်လိုက်က ဂရုမစိုက်သလိုမျိုး ရှောင်လိုက်ပြီး ပြောလိုက်တယ်။
“အားလုံးပဲ အရင် စားကြရအောင်”
သူသည်လည်း သူ့ရဲ့မိသားစုကို ရှာတွေ့နိုင်ခဲ့လို့ အရမ်းပျော်နေခဲ့တယ်။ သူ အလုပ်တစ်ခု ကောင်းကောင်းလုပ်ချင်ပေမယ့် သူ့ရဲ့မိသားစုကိုတော့ မှီခိုအားကိုးတာမျိုးမလုပ်ချင်ဘူး။
ချင်ယွဲ့ယွဲ့အတွက်ကတော့ သူ အခု သူမကို မျက်နှာချင်း မဆိုင်ချင်သေးဘူး။
အစပိုင်းမှာတုန်းက သူ သူမကိုရှာဖို့ ကျောင်းကို သွားနေသရွေ့ သူမက အရမ်းကိုစိတ်အနှောက်အယှက်ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သူ မသွားခဲ့ဘူး။ သို့ပေမဲ့ သူ့ရဲ့မိခင်အသစ်ဖြစ်တဲ့ ဟုန်မေ့က ကွမ်းကျန်းတုံကို သူမကို သွားရှာဖို့ လွှတ်လိုက်တယ်။
ချင်ယွဲ့ယွဲ့က လိုက်ပါလာခဲ့ပြီး သူမရောက်လာတဲ့အချိန်မှာ သူမရဲ့သဘောထားတွေက အရင်ကနဲ့ လုံးဝကို မတူတော့ဘူး။ သူ ဒါကို အလွယ်တကူ မြင်နိုင်တယ်။
သူက နောက်ထပ် ဘာမှထပ်မလုပ်တော့ဘူးဆိုပေမယ့်လည်း အမျိုးသားတစ်ယောက် ဖြစ်နေတုန်းပဲ။ သူမက သူ့ရဲ့ ပင်ကိုယ်အတိုင်းပဲ မြင်နေတာလား ဒါမှမဟုတ် သူ့ရဲ့ အခု နောက်ခံအသိုင်းအဝိုင်းကို မြင်နေတာလားဆိုတာကို သူကိုယ်တိုင်ပင် သံသယဖြစ်မိနေပြီ။
တကယ်လို့ သူမက သူ့ရဲ့ နောက်ခံအင်အားအပေါ်မှာ မက်မောသဘောကျနေတာလို့ ပြောမယ်ဆိုရင်လည်း သူမက သူ မျက်နှာဖြူတစ်ယောက်( အလုပ်လက်မဲ့)ဖြစ်နေတဲ့အချိန်မှာတောင် သူမရဲ့ ခန္ဓာကိုယ်ကို သူ့ဆီကို ပေးအပ်ခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်ပင်ကိုယ်အတိုင်းကိုပဲ သဘောကျတယ်ဆိုရင်လည်း အရင်လုပ်ဆောင်ချက်တွေက ဘာတွေလဲ။
ဒီအရာတွေကို လင်းတုံဟဲ မတွေးရဲဘဲဖြစ်နေသလို မျက်နှာချင်းလည်း မဆိုင်ရဲနေခဲ့ဘူး။ ဒါကြောင့် တစ်ဆင့်ပြီးတစ်ဆင့်သာလျှောက်ချင်နေခဲ့တယ်။
ဒါပေမယ့် သူ သိထားတာတစ်ခုရှိနေသေးတယ်။ ဒါကတော့ ထိုအမျိုးသမီး သူ့အနားမှာရှိနေပြီး သူ့ကို ထိတွေ့နေတာကို မုန်းတီးနေပြီ။ အမျိုးသားတစ်ယောက်အတွက် ဒီလိုမျိုး အငြင်းခံလိုက်ရတာမျိုးက အလွန် ရှက်စရာကောင်းပြီး သူလည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့ ယောက်ျားတစ်ယောက်ပဲ။
ချင်ယွဲ့ယွဲ့က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သော်လည်း သူမက အလွန်ပေါ့ပေါ့ပါးပါးပြုမူနေဆဲပဲဖြစ်ကာ ဆုဆုနဲ့ အခြားလူတွေ ဟာသအကြည့်နဲ့ကြည့်လာမှာကို ကာကွယ်ခဲ့တယ်။
သူမက စားသောက်ပြီးတဲ့နောက်မှာ အခွင့်အရေးတစ်ခုရှာပြီး သူနဲ့ ရှင်းရှင်းလင်းလင်း စကားပြောဖို့သာ တွေးထားခဲ့တယ်။
ထိုအချိန်မှာပဲ ကျောင်းအုပ်ကြီးကွမ်းနှင့် သူ့ရဲ့မိသားစုလည်း ရောက်ရှိလာခဲ့တယ်။ သူ့ဆီမှာ အလွန်လှပတဲ့ သမီးလေးတစ်ယောက်ရှိတယ်။
သူတို့တွေက လူတိုင်း အချင်းချင်းသိနေခဲ့ကြတာကြောင့် စားပွဲဝိုင်းဆီမှာ တစ်ခါတည်း ဝင်ထိုင်လာခဲ့ကြတယ်။
လူတိုင်းစားသောက်ခဲ့ကြပြီး ညကျောင်းအကြောင်းကို ဆွေးနွေးခဲ့ကြတယ်။
ကျောင်းအုပ်ကွမ်းက ဒီအကြောင်းကို အလွန်ရင်းနီးတာကြောင့် လင်းတုံဟဲအတွက် သေချာပေါက် ကူညီပေးလိမ့်မယ်။
လင်းချွမ် နဲ့ သူ့ရဲ့ဇနီးကတော့ ဒီကို စားသောက်ဖို့အတွက်သာ ရောက်ရှိလာတာဖြစ်လို့ ဘာတစ်ခုမှ ဝင်မပါခဲ့ကြဘူး။
သို့ပေမဲ့လည်း ဒီလိုပုံစံကပဲ တည်မြဲသော အထင်အမြင်ကြီးမှုကို ချန်ရစ်ခဲ့တယ်။ သူတို့ ညစာစားပြီးနောက် ထွက်ခွာသွားတော့မဲ့အချိန်မှာ လင်းတုံဟဲက သူတို့ကို လိုက်ပို့ဖို့ ပြောခဲ့တယ်။ ထိုအချိန်မှာ ချင်ယွဲ့ယွဲ့သည်လည်း သဘာဝကျကျပုံစံနဲ့ လိုက်ပါသွားခဲ့တယ်။
အပြင်ကလူတွေရဲ့အမြင်မှာတော့ သူတို့က တစ်ရွာတည်းမှ ဖြစ်ခဲ့ဖူးတာကြောင့် အလွန်ရင်းနီးနေလိမ့်မယ်လို့ ထင်မှတ်မှာပဲလေ။
ဒါပေမယ့် သူတို့တွေ ထွက်သွားတဲ့အချိန်မှာပဲ ဟုန်မေ့က ပြောလာခဲ့တယ်။
“တကယ်ကို မနှိုင်းယှဉ်လောက်စရာပဲ.. ချင်ယွဲ့ယွဲ့က ကြည့်ကောင်းတယ်ဆိုပေမဲ့ ရဲဘော်ဆုထက်တော့ အများကြီးဆိုးတယ်.. တခြားဟာထက် သူမရဲ့မျက်လုံးတွေက မမှန်ဘူး.. တော်တော်လေး အမြင်ကျဥ်းမဲ့ပုံပဲ”
သူမက တည်ငြိမ်နေသလိုဟန်ဆောင်နေပေမယ့် တစ်ဖက်ကိုချော့မော့ပြီး ခယ,နေတာ ထင်ရှားတယ်။
သာမာန်အမျိုးသမီးတွေသာဆိုရင် လူတိုင်းက လျစ်လျူရှုထားချိန်မှာ ဟိုးအရင်ကတည်းက ထွက်ပြေးသွားလောက်မှာဖြစ်ပေမဲ့ သူမကတော့ ထွက်မပြေးခဲ့တဲ့အပြင် အကုန်လုံးကို လိုက်ဖြည့်နေပြီး ပြီးပြည့်စုံနေသလို လုပ်နေခဲ့တယ်။
“နောက်ကျရင် ဘာလုပ်ရမှာလဲ၊ သူမကို မရီးလို့ ခေါ်ရမှာလား?”
ကွမ်းကျန်းတုံက တကယ်ကို မလိုလားခဲ့ဘူး။ သူ့ရဲ့ အစ်ကိုကြီး အရက်တွေ အများကြီးသောက်ခဲ့တဲ့နေ့တုန်းက စကားတွေ အများကြီးပြောခဲ့တယ်။ အထူးသဖြင့် သူက ဒီမရီးကို မကျေနပ်တဲ့အကြောင်းတွေကိုပဲ။
သူ့ရဲ့အစ်ကိုက အလုပ်တွေအများကြီးကြိုးစားပြီး သူမကို တစ်ခေါက်လောက် အရောက်လာတွေ့ခဲ့ပေမဲ့ သူမကတော့ သူ့ရဲ့အကိုကြီးကို ဂရုမစိုက်ခဲ့ဘဲ ဆိုးဆိုးရွားရွား နာကျင်အောင်လုပ်ခဲ့တယ်။
ခေါင်းဆောင်ကွမ်း:”ဒါက သူတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ကြားကကိစ္စပဲ.. မင်းက ဘာလုပ်ချင်လို့လဲ.. အခုသူတို့အတွက် အခန်းကို ရှင်းပြီး ပြင်ဆင်ပေးလိုက်”
“ကောင်းပါပြီ”
နောက်ဆုံးမှာတော့ လင်းတုံဟဲက သူတို့ အခုမှ ပြန်ရှာတွေ့တဲ့သားဖြစ်တာကြောင့် ဟုန်မေ့ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။