အခန်း (၁၃၆)
Vol. 14 Ch. 136
ဆုဆုက အိမ်ဝယ်ဖို့ စဥ်းစားထားခဲ့ပေမဲ့ အခု အချိန်ခဏတာလောက်တော့ အိမ်ကိုလိုက်ရှာနေဖို့ အဆင်မပြေသေးဘူး။ အိမ်က ဝယ်ပြီးတာနဲ့ သန့်ရှင်းရေးလုပ်ရလိမ့်မယ်။ ဒါကြောင့် သူမ ကလေးမွေးပြီးသွားလို့ မီးထွက်တဲ့အချိန်ထိ စောင့်ရန် စီစဉ်ခဲ့တယ်။
အခုချိန်မှာ သူမရဲ့ဗိုက်က အလွန်ဖောင်းကားနေပြီဖြစ်လို့ အိမ်တစ်လုံးကို လိုက်ရှာရန် ခွန်အားမရှိဖြစ်နေပေမဲ့ သူမကို ပျော်ရွှင်စေတဲ့ အရာတစ်ခုတော့ ရှိနေသေးတယ်။
သူမရဲ့ဖုန်းက ပြန်လည်ပွင့်လာခဲ့ပြီ။ သူမ ရွာမှ ပြန်လာပြီးနောက်မှာ ဖုန်းအားသွင်းကြိုးကို ရှာဖွေအာ အားသွင်းခဲ့ပေမဲ့ အစပိုင်းမှာတော့ ဖွင့်လို့မရခဲ့ဘူး။ သူမ အချိန်အတော်ကြာအောင် စိတ်ပူပန်နေခဲ့ပေမယ့် မကြာခဏဖွင့်ကြည့်ဖို့ ကြိုးစားခဲ့ပြီး တစ်ရက်မှာတော့ ပြန်ပွင့်လာခဲ့တယ်။
လက်ရှိမှာ မိုဘိုင်းလ်ဖုန်းအတွက် အချက်ပြမှု မရှိဘဲ အင်တာနက်ကိုလည်း သုံးစွဲနိုင်ခြင်း မရှိပေမဲ့ တခြားအရာတွေကတော့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး ကင်မရာလုပ်ဆောင်ချက်ကလည်း ကောင်းမွန်လွန်းနေသေးတယ်။
ဆုဆု အရင်တုန်းက သူမ ရိုက်ကူးထားခဲ့တဲ့ အသုံးမဝင်တဲ့ ဓာတ်ပုံတချို့ကို ဖျက်လိုက်ကာ လင်းချွမ်အတွက် အယ်လ်ဘမ်နှစ်ခုကို တိတ်တဆိတ် ရိုက်ယူထားခဲ့တယ်။ ထို့နောက် ကလေးမွေးပြီးနောက်မှာလည်း ကလေးအတွက် ဓာတ်ပုံအနည်းငယ်ရိုက်ဖို့ ပြင်ဆင်ထားခဲ့တယ်။
တကယ်လို့ ကွန်ပြူတာတွေသာရှိရင်တော့ ဆေးကြောပြီး ဓာတ်ပုံတွေ ထုတ်ယူနိုင်တယ်။
ဇာတ်လိုက်မအကြောင်းကိုပြောရရင်တော့ သူမက မကြာသေးခင်ကမှ ရိုးသားလာခဲ့ပြီး ကျောင်းမှာလည်း ပြသနာတွေ သိပ်မရှာတော့ဘူး။
အရေးကြီးဆုံးကတော့ သူမက တနင်္ဂနွေနေ့တိုင်းမှာ လင်းတုံဟဲနှင့်အတူ ကစားဖို့ ထွက်သွားတတ်တယ်။ သူတို့ရဲ့ ဆက်ဆံရေးမှာ နောက်ထပ်တိုးတက်မှုတွေ ဖြစ်လာတာ ဖြစ်နိုင်လောက်တယ်။
ဘာပဲဖြစ်ဖြစ် လင်းတုံဟဲက သူမလို အမျိုးသမီးတစ်ယောက်ကို ဘာကြောင့် ဖမ်းဆုပ်ပြီး လက်မလွှတ်ပေးနိုင်ရတာလဲဆိုတာကို သူမမသိပေမယ့် လက်ရှိလင်းတုံဟဲက ချင်ယွဲ့ယွဲ့နှင့် အတူရှိနေရင်တောင် အရင်ကလို မဟုတ်တော့ဘူးလို့ သူမ ရှင်းရှင်းလင်းလင်း ခံစားရတယ်။
သူတို့ရဲ့ဆက်ဆံရေးက အရောင်မှိန်သွားပုံရပြီး သူက ချင်ယွဲ့ယွဲ့နှင့်လည်း ကလေးယူဖို့ မတွေးတောတော့ဘူး။
ယောက်ျားတစ်ယောက်က သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကို ဇောက်ချလုပ်ကိုင်လာပြီဆိုရင် တကယ့်ကို ကွဲပြားသွားတတ်တယ်။
ဆုဆုကတော့ နွေရာသီအားလပ်ရက်အပြီး နောက်ထပ်နှစ်လကြာအောင် ကျောင်းကိုသွားဖို့ တောင့်ခံနေခဲ့ပြီး ခွင့်ရက်ယူလိုက်ကာ အိမ်မှာဘဲ အနားယူခဲ့တော့တယ်။
သူမက အပါးခိုချင်တာမဟုတ်ပေမဲ့ လင်းချွမ်က သဘောမတူခဲ့တော့ဘူး။ သူကိုယ်တိုင် ကျောင်းအုပ်ကြီးဆီကိုသွားကာ ခွင့်ယူဖို့ သွားပြောခဲ့ပြီး သူမကို အိမ်မှာဘဲ အနားယူခိုင်းခဲ့တော့တယ်။
သူ အားလပ်တဲ့အချိန်တိုင်းမှာလည်း သူမနှင့် ပြန်တွေ့ဖို့အတွက် ပြေးလာလေ့ရှိတယ်။
လင်းချွမ် သူမကို အစောကြီး အနားယူခိုင်းရတဲ့ အကြောင်းရင်းက ဘယ်နေရာကမှန်းမသိတဲ့ စကားတစ်ခုကို ကြားလာခဲ့ရလို့ပဲ။ အလုပ်ပင်ပန်းနေမယ်ဆိုရင် တချို့မိန်းကလေးတွေက ကလေးကို စောမွေးတတ်လေ့ရှိပြီး တချို့က ရက်မစေ့ခင် ဆယ်ရက်ကျော်လောက်ကတည်းက မွေးတတ်တယ်တဲ့။
ဒါကြောင့် သူက သူ့ရဲ့ ဇနီးသည်ကို စောစောမွေးလာမှာကို စိုးရိမ်တာကြောင့် ပိုပြီးသက်တောင့်သက်သာရှိစေရန် အိမ်ထဲမှာပဲ အနားယူခိုင်းလိုက်တယ်။ မိသားစုနယ်မြေမှာ လူတွေ အများကြီးရှိတာကြောင့် တစ်ခုခုဖြစ်လာရင် ဂရုစိုက်ပေးနိုင်လိမ့်မယ်။
မူလတုန်းက လင်းချွမ်က အမေလင်းဆီကို ဖုန်းဆက်ဖို့ စီစဉ်ခဲ့ပေမယ့် ဆုဆုက သူ့ကို ခွင့်မပြုခဲ့ဘဲ တစ်လကျော်လောက်စောင့်ဖို့ ပြောခဲ့တယ်။
ဆန့်ကျင်ဘက်အနေနှင့်၊ ပိုင်လင်းလင်းကတော့ နေ့တိုင်းအချိန်ယူပြီး သူမဆီကို ရောက်လာခဲ့တယ်။
သူမက သန္ဓေသားရဲ့နှလုံးခုန်သံကို ကူညီနားထောင်ပေးပြီး ပြင်ဆင်ရမဲ့အရာတွေကို ပြောပြခဲ့တယ်။
“ဒီပန်းပွင့်ပုံအဝတ်အစားလေးတွေ အရမ်းလှတယ်”
“နင်ကြိုက်ရင် မြန်မြန်လက်ထပ်ပြီး ကလေးယူထားလိုက်တော့လေ”
ဆုဆုအနေနဲ့ အစတုန်းက ပိုင်လင်းလင်းနှင့် ချန်ယွဲ့ကျင်းကို ရက်အနည်းငယ်လောက်သာ အတူရှိနေလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အတော်လေး တည်ငြိမ်နေခဲ့တယ်။
အခုချိန်မှာ ပိုင်လင်းလင်းရဲ့မိဘတွေတောင်မှ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲအတွက် အလွန်ထောက်ခံနေခဲ့ကြပြီး အကုန်လုံးနီးပါး အဆင်သင့်ဖြစ်နေခဲ့ကြပြီ။ သူတို့က မြို့ထဲမှာ အိမ်တစ်လုံးဝယ်ပြီးနှစ်ကုန်မှာ လက်ထပ်ဖို့ စောင့်ဆိုင်းနေခဲ့ကြတယ်။
“ကောင်းပြီ ငါလည်း ကောင်မလေးတစ်ယောက်လောက် မွေးဦးမယ်”
ချင်ယွဲ့ယွဲ့က ဝမ်းသာအားရနှင့်ပြောလာတယ်။
“ စကားမစပ် ငါ့အတွက် ရှာခိုင်းထားတဲ့ နာနီက အခြေအနေဘယ်လိုရှိလဲ”
“အိုး.. ငါ နင့်အတွက် တွေ့ထားပြီ.. အန်တီယဲ့က အရင်တုန်းကသူနာပြုတစ်ယောက်လုပ်ဖူးတယ်လေ.. ဒါပေမယ့် သူမရဲ့ ခြေထောက်တစ်ဖက်က နည်းနည်းထိခိုက်မိသွားတော့ သူနာပြုအလုပ်ကို ထပ်မလုပ်နိုင်တော့ဘူး.. ဒါပေမယ့် ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက်တော့ ဘာပြဿနာမှ မရှိဘူး.. နင်အလုပ်သွားတဲ့အချိန်တွေ စိတ်အေးလက်အေးသွားလို့ရတယ်”
“ကောင်းတာပေါ့.. တစ်လစာ လခက ဘယ်လောက်လဲ”
“ယွမ်နှစ်ဆယ်တဲ့.. တစ်နေ့လုံးကို ထိန်းနေရမှာဆိုတော့ ခက်တာပဲလေ”
ယွမ်နှစ်ဆယ်က တော်တော်လေးများပေမယ့် ဆုဆုက သူမရဲ့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးနိုင်သရွေ့ ဂရုမစိုက်ဘူး။
“ဒါ့အပြင် နင်မြို့ပေါ်မှာ အိမ်ဝယ်ချင်တယ်လို့ မပြောခဲ့ဘူးလား”
“ဟုတ်တယ် ..နေရာတွေ့ပြီလား”
ပိုင်လင်းလင်းက ဒေသခံဖြစ်လို့ ကိစ္စအရပ်ရပ်ကို သူမဆီသို့ အလွယ်တကူ မေးမြန်းနိုင်တယ်။
“တွေ့ပြီ၊ ဒါပေမယ့် စျေးကတော့ နည်းနည်းကြီးတယ်”
ပြောရရင် သူတို့ နှစ်ယောက်က စက်ရုံ တည်ထောင်ဖို့အတွက်ပိုက်ဆံတွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားခဲ့တာမလား။ ဒါကြောင့် ဆုဆု မတတ်နိုင်လောက်ဘူးလို့ သူမ ခံစားရတယ်။ ဒါ့အပြင် သူမက ကလေးလည်းမွေးရဦးမှာဖြစ်ပြီး ကလေးထိန်းတစ်ယောက်လည်း ငှားရလိမ့်မယ်။
“ဘယ်လောက်လဲ ဘယ်လိုအိမ်မျိုးလဲ”
ဆုဆု စိတ်ဝင်စားလာခဲ့တယ်။ သူမအနေနဲ့ သူမရဲ့ကိုယ်ပိုင်အိမ်လေး ဝယ်ဖို့ကို တကယ် မျှော်လင့်နေခဲ့တယ်။
ပိုင်လင်းလင်း:
“အဲဒါက ငါ့အဖေရဲ့ သူငယ်ချင်းပိုင်တဲ့အိမ်ပဲ.. သူတို့မိသားစုက မြို့တော် A ကို ပြောင်းရွှေ့သွားတော့မှာဆိုတော့ အိမ်က လစ်လပ်နေပြီးပြီး အခုရောင်းဖို့ စီစဉ်နေတာ..
အဲဒီအိမ်က အရင်တုန်းက စစ်ဘုရင်ငယ်လေးရဲ့ အိမ်ဖြစ်ခဲ့ပြီး သူ့ရဲ့ ကိုယ်လုပ်တော်အတွက် အသုံးပြုခဲ့တယ်လို့ ပြောတယ်.. အိမ်မှာ အခန်းငါးခန်းနှင့် ခန်းမနှစ်ခန်းပါပြီးတော့ ခြံအရှေ့ဘက်နှင့် အနောက်ဘက်က ဧရိယာစတုရန်းမီတာ ၃၀၀ ကျော်ရှိတယ်တဲ့.. အရှေ့ဘက် မျက်နှာဝကတော့ ၇၀ စတုရန်းမီတာကျော် ကျယ်တယ်လို့ ငါ့အဖေက ပြောတယ်”
ဆုဆုတစ်ယောက် ခြံက စတုရန်းမီတာ၇၀ ကျော်ရှိတယ်ဆိုတာ ကြားလိုက်ရတော့ ပိုပြီး စိတ်ဝင်စားလာရတယ်။
မြို့ကို ပြန်လည်တည်ဆောက်ပြီးသွားရင် မြေကတစ်လက်မချင်းပဲ ရောင်းချတော့မယ်။
ဇာတ်လိုက် ချမ်းသာလာပြီးနောက်မှာ ဇာတ်လိုက်မရဲ့ ကျောင်းအနီးမှာ အိမ်တစ်လုံး ဝယ်ယူခဲ့တယ်။
ရလဒ်အနေဖြင့် ဇာတ်လိုက်မ ဘွဲ့ရပြီးနောက် ထိုအိမ်ကို တည်ဆောက်ရေးမှ သိမ်းပိုက်ခဲ့ပြီး အဆောက်အဦးငယ်လေးတစ်ခုအတွက်တောင် ပိုက်ဆံတွေအများကြီး ပြန်ပေးခဲ့တယ်။
အခုချိန်မှာလည်း လင်းတုံဟဲက ကျောင်းအနီးမှာ အိမ်တစ်လုံးဝယ်ဖို့ ရည်ရွယ်ချက်ရှိပုံရတယ်။ အဆုံးမှာ ထိုနေရာက စက်ရုံနှင့်လည်းနီးတယ်လေ။
သို့ပေမယ့် ဆုဆုကတော့ အကွာအဝေးကို သိပ်ပြီး ဂရုမစိုက်ဘူး။ သူမက ကျောင်းအိပ်ဆောင်မှာလည်း နေနိုင်တယ်လေ။ အခုကျောင်းမှာ ဆရာအနည်းအကျဉ်းသာရှိပြီး အိပ်ဆောင်တွေကတော့ လစ်လပ်နေတဲ့ အခန်းတွေအများကြီးရှိနေသေးတယ်။ လိုအပ်လာရင် ကျောင်းအုပ်နဲ့ စကားပြောရုံလောက်ပါပဲ။
သို့ပေမယ့် မိသားစုက ကြီးမားလာပြီး သားသမီးတွေလည်းရှိလာဦးမှာပဲ။
“စျေးက ဘယ်လောက်ကျမှာလဲ”
ဒါက လက်တွေ့ဘဝမှာသာဆိုရင် မြို့ငယ်လေးတစ်မြို့ဖြစ်နေရင်တောင် ဒီလိုမျိုး နေရာအကျယ်မျိုးအတွက် သိန်းနှင့်ချီပြီး တန်ဖိုးရှိလိမ့်မယ်။
“၃၀၀၀ ကျော်လောက်ကျမယ်.. နင့်မှာ ပိုက်ဆံဘယ်လောက်ရှိလဲ.. မလုံလောက်ရင် ငါ နင့်အတွက် နည်းနည်းလောက် စျေးလျှော့ခိုင်းလိုက်မယ်”
အဆုံးမှာ သူတို့တွေ စက်ရုံတည်ထောင်ဖြစ်တဲ့ အကြောင်းကို သိသွားတော့ သူမရဲ့အဖေက ဆုဆုကို အတော်လေး ချီးကျူးခဲ့တယ်။
ဒီလိုလူငယ်လေးမျိုးက အခုလို စိတ်ကူးမျိုး ထွက်လာတာဖြစ်လို့ ဆုဆုကို အလွန် အထင်ကြီးနေခဲ့ပြီး သူမ မိတ်ဆက်ပေးထားတဲ့ ချန်ယွဲ့ကျင်းနှင််လည်း အထူးသဘောတူနေခဲ့တယ်။
“သုံးထောင်လား.. ပိုက်ဆံအများကြီးပဲ”
“ဟုတ်တယ်”
ဆုဆု မျက်မှောင်ကြုတ်လိုက်တယ်။ သူမရဲ့ ကျောပိုးအိတ်ထဲမှ ပိုက်ဆံတွေက တစ်လကို ယွမ်တစ်ထောင်ပြန်ရောက်လာနိုင်တယ်ဆိုတာကို သိ ထားပြီးပြီဖြစ်ကာ ယွမ် ၃၀၀၀ လောက် ပြန်စုနိုင်ဖို့အတွက် သုံးလခန့် အချိန်ယူရလိမ့်မယ်။
တစ်ဖက်မှာတော့ စက်ရုံအတွင်းမှ တစ်လကို ငါးရာ သို့မဟုတ် ခြောက်ရာလောက်ကို ရက်အနည်းငယ်ကြာတိုင်း ရရှိနိုင်လိမ့်မယ်။ ဒါ့အပြင် သူမအနေနဲ့ မကြာခင်မှာ ကလေး မွေးဖွားဖို့ လိုအပ်နေပြီး ပိုက်ဆံအမြောက်အမြား ကုန်ကျနိုင်လိမ့်မယ်။
“ဒီအိမ်က သုံးလအတွင်းမှ ရောင်းပေးလို့ ရလောက်မလား”
“ဒီအိမ်က ရောင်းဖို့မလွယ်ကူဘူး.. တကယ်လို့ နင့်မှာအဆင်မပြေသေးရင် ဒီလိုလုပ်ပါလား.. နင် သူ့ကို ပိုက်ဆံနည်းနည်းလောက် အရင်ပေးချေထားလိုက်လေ.. ကျန်တဲ့ပိုက်ဆံတွေကို နည်းနည်းလောက် နောက်ဆုတ်ပေးဖို့ ငါ့အဖေကိုပြောခိုင်းလိုက်မယ်.. ငါ့အဖေရဲ့ မျက်နှာနဲ့ဆို အဆင်ပြေမှာပါ.. နင် ဘယ်လိုထင်လဲ”
“အဆင်ပြေတာပေါ့.. ဒါပေမယ့် ငါအရင် ကြည့်ကြည့်ဦးမယ်”
ဆုဆု ပြောပြီးနောက် သူမရဲ့ဗိုက်ကိုထိပြီး ဆက်ပြောလိုက်မိတယ်။
“ဒါပေမယ့် အရမ်းဝေးရင်တော့ ငါမသွားနိုင်လောက်ဘူး”
သူမ စက်ဘီးစီးနိုင်ပေမယ့် ပြုတ်ကျမှာကို ကြောက်မိတယ်။ တကယ်လို့အဝေးကြီးကို လမ်းလျှောက်ခဲ့မယ်ဆိုရင်လည်း ကြွက်တက်လာလိမ့်မယ်။
ပိုင်လင်းလင်းက သူမရဲ့ဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလာတယ်။
“သိပ်မဝေးပါဘူး.. နင် အထည်ချုပ်စက်ရုံကို သိလား အဲဒါက ဆန့်ကျင်ဘက်မှာပဲ”
“ဒါက နေရာကောင်းပဲ.. အရေးကြီးတာက ကျောင်းနဲ့လည်း သိပ်မဝေးဘူး.. ဒါက တစ်မှတ်တိုင်စာလောက်ပဲရှိတာ”
ဆုဆု အလွန်စိတ်လှုပ်ရှားသွားရတယ်။ ဒါက ကျောင်းနှင့်နီးပြီး လမ်းလျှောက်ရတာလည်း အဆင်ပြေတယ်။
ပိုက်လင်းလင်း: “ဒါဆို ငါ သူတို့ဆီကနေသော့သွားယူလိုက်မယ် ပြီးရင် နင့်ကို လိုက်ပြပေးမယ်”
ဆုဆုက ပိုင်လင်းလင်းကို အမှန်တကယ်ကို စောင့်နေခဲ့တယ်။
ညနေပိုင်းမှာတော့ လင်းချွမ် အိပ်ဆောင်ကို ရောက်လာခဲ့တယ်။ သူက သူ့ရဲ့ ဇနီးသည်အတွက် အာဟာရရှိစေဖို့ နွားနို့ဆန်ပြုတ်တစ်ထုပ်ကိုလည်း ပြန်ယူလာခဲ့တယ်။
ဒါက အာဟာရကြွယ်ဝတဲ့အပြင် စစ်တပ်ထဲမှ ခယ်မတချို့ကလည်း ဒါက မိခင်အတွက် နို့ထွက်များစေတယ်လို့ပြောကြတယ်။ ဒါနှင့်ဆိုရင် ကလေးမွေးပြီးတဲ့နောက်မှာ ကလေးအတွက် နို့လုံလောက်မှာ သေချာတာကြောင့် ကလေး ဗိုက်ဆာမှာ မဟုတ်တော့ဘူး။
သူက ဆုဆု ချက်ပြုတ်နေတာကိုမြင်တော့ စိတ်ဆင်းရဲစွာနဲ့ပြောလာတယ်။
“ကိုယ်ချက်လိုက်မယ် .. မင်း နွားနို့ဆန်ပြုတ်တစ်ခွက်လောက်သောက်လိုက်လေ.. ဒီ နွားနို့က ..... အတွက်အသုံးဝင်တယ်”
သူတို့တွေက အခုချိန်မှာ အကြင်လင်မယားတွေဖြစ်နေကြပြီး အပြင်လူတွေထက် ပိုပြီး ရင်းနီးတယ်ဆိုရင်တောင် အချို့အရာတွေအတွက်တော့ ရှက်ရွံ့နေကြတုန်းပဲ။
လျို့ချွမ်အနေနဲ့ ဒီကိစ္စအပေါ်အတွေ့အကြုံမရှိတာကြောင့် တပါးသူတွေရဲ့အတွေ့အကြုံကနေ နားထောင်ခြင်းအပေါ်ကိုသာ အားကိုးခဲ့ရတယ်။
တပ်မတော်ထဲမှ အတွေ့အကြုံရှိတဲ့ ရဲဘော်ရဲဘက်တွေက သူ့ကို အသိပညာတချို့ ပို့ချပေးခဲ့ကြတာကြောင့် အမျိုးသမီးတွေက ကလေးမမွေးခင်ကတည်းက နို့ရည်တွေ ကြိုတင်ပြည့်နေသင့်တယ်ဆိုတာကို သိရှိထားခဲ့ပြီး ဒီအချိန်မျိုးမှာ ဘယ်လောက်ထိ ရှိနေသင့်တယ်ဆိုတာကို ကြားခဲ့ရတယ်။
သို့ပေမယ့် သူ့ရဲ့ ဇနီးသည်ကတော့ မွေးလာပြီးကတည်းက ကိုယ်အလေးချိန် မတက်ခဲ့ဘူးဆိုတာကို သူသိထားခဲ့တယ်။ အာဟာရတွေနှင့်သာ မဖြည့်ထားခဲ့ရင် ကလေးက မွေးလာပြီးတဲ့အချိန်မှာ အဆာငတ်နေရလိမ့်မယ်။
သို့ပေမယ့် ဆုဆုကတော့ မကြောက်လေဘူး။ သူမဆီမှာ နို့မှုန့်လက်မှတ်တွေ အများကြီးရှိတယ်လေ။ အခုအချိန်မှာ နို့မှုန့်တွေက အမှန်တကယ် ရှားပါးလာပြီဆိုပေမဲ့ လက်မှတ်တွေရှိနေရင် ဝယ်လို့ရနေတုန်းပဲ။
လက်မှတ်တွေကလည်း သူမထုတ်ယူလိုက်သရွေ့ မကြာခင်မှာပဲ ပြန်လည်ရောက်ရှိလာလိမ့်မှာဖြစ်ပြီး ပိုက်ဆံရဲ့ကြာချိန်ထက် ပိုမြန်ဆန်တယ်။
လက်မှတ်တွေက ကလေး တစ်ယောက်အတွက် မဆိုထားနှင့် နှစ်ယောက်ဆိုရင်တောင် အေးအေးဆေးဆေးကျွေးနိုင်နေတုန်းပဲ။