← Chapters

အိပ်မက်များ အက်ကွဲသွားချိန်

Vol. 14 Ch. 138

အိပ်မက်များ အက်ကွဲသွားချိန်

Vol. 14 Ch. 138

ဆုဆုရဲ့ နှလုံးသားက တကယ်ကို ကြီးမားတယ်လို့ဆိုရမယ်။ သူမက ကားပေါ်ကို ရောက်တဲ့အချိန်မှာ လက်ထဲမှာကိုင်ထားတဲ့ လက်ဖက်ကြက်ဥကို နှစ်ကိုက်သုံးကိုက်လောက်နှင့် စားလိုက်ပြီး ရေကိုလည်း ယူသောက်လိုက်သေးတယ်။

ကံကောင်းစွာနဲ့ လင်းချွမ်က ရေဘူးလေးကို ယူလာခဲ့ပြီး သူမအတွက် အသင့်ထည့်လာခဲ့တယ်။

အစပိုင်းမှာ အဆင်ပြေသေးပေမဲ့ ဆေးရုံကို ရောက်ခါနီးမှာတော့ ဗိုက်က အလွန်အမင်းနာလာခဲ့ပြီ။ ဆုဆု လူနာခန်းထဲကိုဝင်သွားချိန်မှာ နာကျင်မှုကို တောင့်မခံနိုင်တော့ပဲ အော်ငိုတော့တယ်။

လင်းချွမ်က သူမအတွက် အလွန်စိတ်မကောင်းဖြစ်နေခဲ့ပြီး အနားမှာရှိနေတဲ့ ကလေးမွေးပြီးကာစ ခင်ပွန်းသည်ရဲဘော်တစ်ယောက်ဆီကို ဘာလုပ်သင့်လဲဆိုတာ သွားမေးခဲ့တယ်။

တစ်ဖက်လူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးပြောလာတယ်။

“သူမရဲ့အနားကိုသွားပြီး မင်းရဲ့အသားကို လိမ်ဆွဲခိုင်းလိုက်လေ”

ကြည့်ရတာ ဒါက အခုချိန်မှာ သူတို့တွေ လုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တဲ့ပုံပဲ။

တကယ်တမ်းမှာ သားသမီးတွေက သူတို့နှစ်ယောက်လုံးနှင့်ဆိုင်တဲ့ ဒုက္ခတွေသာဖြစ်ပြီး သူတို့သည်လည်း တာဝန်ယူသင့်တာပဲလေ။

ဒါကြောင့် လင်းချွမ်က ဆုဆုဆီသို့ အမှန်တကယ်တိုးကပ်သွားပြီး သူ့ကို လိမ်ဆွဲဖို့ လေးလေးနက်နက်ပြောခဲ့တယ်။ သူက အဆင်ပြေပြေလိမ်ဆွဲနိုင်ဖို့အတွက် သူ့ရဲ့အပေါ်ပိုင်းမှကုတ်အင်္ကျီကို ချွတ်လိုက်တာကြောင့် ခန္ဓာကိုယ်မှ ကြွက်သားတွေက ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့တယ်။

? ? ?

ဒီလူက ဒီလိုအချိန်မျိုးမှာတောင် သူမကို ဆွဲဆောင်ဖို့ ကြိုးစားချင်နေသေးတာလား?!

ဆုဆု သူမရဲ့ခါးကိုဖိထားရင်း လင်းချွမ် ဘာကို ဆိုလိုတာလဲ နားမလည်နိုင်စွာ မော့ကြည့်လာတယ်။

အဆုံးမှာတော့ လင်းချွမ်က သူ့ရဲ့ လက်ကို သူမရဲ့အနီးသို့ တိုးကပ်ပေးလာတယ်။

“ကိုယ့်ကို လိမ်ဆွဲလိုက်လေ.. အားပြင်းပြင်းနှင့် လိမ့်လိုက်”

ဆုဆုက အခုချိန်မှာ ချွေးအေးတွေထွက်နေခဲ့ပြီး သူမရဲ့ဦးနှောက်ကလည်း ခဏတာလောက်နှေးကွေးနေခဲ့တယ်။

“ဘာလို့ ရှင့်ကို လိမ်ဆွဲရမှာလဲ”

သူမမှာ ထရပ်ဖို့ ခွန်အားရှိနေသေးရင် ခဏလောက် လမ်းလျှောက်ဖို့ ဆရာဝန်က ခိုင်းထားတာလေ။

“ကိုယ်လည်း နာကျင်မှုကို ခံရသင့်တယ်လေ”

ဒီက​လေး​က​ သူ့ရဲ့ကလေးပဲ။ဒါကြောင့် သူ့ကို လိမ်ဆွဲသင့်တယ်။

ဆုဆု နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားရတယ်။

“ကျွန်မ ရှင့်ကို နောက်မှလိမ်ဆွဲတော့မယ်.. အခု အရင်ဆုံး လမ်းလျှောက်လိုက်ဦးမယ်”

ဆုဆုက နာကျင်နေပေမဲ့လည်း အကျိုးအကြောင်းကို နားလည်နေတုန်းပဲ။ ဒါကြောင့် အမေလင်းကို တွဲခိုင်းကာ ခဏလောက် လမ်းလျှောက်ကြည့်လိုက်တယ်။ ခဏအကြာမှာတော့ သူမ တကယ်ကို တောင့်မခံနိုင်တော့ဘူး။

ထိုအချိန်မှာ ပိုင်လင်းလင်းကလည်း ရောက်လာပြီး သူမကို တစ်ချက်ကြည့်လိုက်တယ်။

“မွေးတော့မှာလား.. ငါ ဆရာဝန် သွားခေါ်လိုက်မယ်”

သူမက ပြောပြီးတာနဲ့ ဆရာဝန်ထံသို့ ပြေးသွားခဲ့တယ်။ ဆရာဝန်လာရောက် စစ်ဆေးပြီးနောက်မှာ ဆုဆုကို မွေးခန်းဆီသို့ ဝင်ခွင့်ပြုခဲ့တယ်။ သူက မကြာသေးခင်တုန်းက ဆုဆုရဲ့ နေထိုင်မှုကောင်းမွန်တာကြောင့် စောစောမွေးလောက်တာဖြစ်ကြောင်း ပြောခဲ့တယ်။

ဒါက တကယ်ကို အံ့သြစရာပဲ။

ဆုဆု အခန်းထဲသို့ ဝင်သွားပြီး မကြာခင်မှာပဲ လင်းဟိုင်နှင့် လင်းတုံဟဲတို့က ရောက်လာကြပြီး စစ်တပ်ရဲ့ တာဝန်ရှိကိုယ်စားလှယ် မရီးနှစ်ယောက်ကလည်း လာကြည့်ကြတယ်။

အဆုံးမှာ ဆုဆုက စစ်တပ်ထဲကို လိုက်ပြီးမနေခဲ့ပေမဲ့ သူမက စစ်တပ်တွင်းရှိ ယောက်မတွေအတွက် အကျိုးရှိစေတဲ့အရာကို လုပ်ပေးခဲ့တယ်လေ။ သူမတို့ လာတွေ့တာက ပုံမှန်ပါပဲ။

ခဏအကြာမှာတော့ ကျောင်းမှ ဆရာတွေကလည်း ရောက်လာကြပြီး ချင်ယွဲ့ယွဲ့ကလည်း အခြေအနေကို စစ်ဆေးရန် ရောက်လာခဲ့တယ်။

လူတိုင်းက အပြင်ဘက်မှာ ထိုင်စောင့်နေခဲ့ကြပြီး အတွင်းထဲမှ ဘယ်လိုအသံကိုမှ မကြားရသေးဘူး။

လင်းချွမ်က အပြင်ဘက်သို့ ခဏထွက်ကာ စီးကရက်တစ်လိပ်သောက်လိုက်ပြီး ပြန်ဝင်လာခဲ့တယ်။ သူ တကယ်ကို စိတ်ပူနေခဲ့ပြီ။

ကားမောင်းပို့ပြီး လိုက်လာခဲ့တဲ့ တပ်သားလေးက လူတိုင်းအတွက် မုန့်တချို့သွားဝယ်လာခဲ့တယ်။ ရာသီဥတုက မပူပေမယ့် ဆေးရုံရဲ့ အပူချိန်က နည်းနည်းလောက်မြင့်ပြီး လူတိုင်းက အလွန်အမင်း စိတ်ပူနေခဲ့ကြတယ်။

အထူးသဖြင့် သူ့ရဲ့တပ်ရင်းမှူးပဲ။ သူနေရာမှာတင် ပေါက်ကွဲမှာကို ကြောက်ရတယ်။

မမျှော်လင့်ပဲ လူတိုင်းက သူတို့ရဲ့ အဆာပြေမုန့်ကို မစားရသေးခင်မှာပဲ မွေးခန်းထဲမှ ကျယ်လောင်တဲ့ အော်ဟစ်သံ ထွက်ပေါ်လာခဲ့တယ်။

လင်းချွမ် ရုတ်တရက်ထရပ်ကာ အရှေ့သို့ ပြေးသွားခဲ့တယ်။ အခု သူ့ရဲ့ဇနီးလေး မွေးပြီးသွားလို့ ပြန်ထွက်လာတော့မှာလား?

ရလဒ်ကတော့ ထွက်လာတာက သူ့ရဲ့ ဇနီးလေးမဟုတ်ခဲ့ဘဲ ပန်းပွင့်လေးတွေပါတဲ့ အဝတ်ထုပ်ထဲမှာ အထုပ်ပိုးခံထားရတဲ့ အရုပ်လေးတစ်ရုပ်ပဲ။

လင်းချွမ်က သူ့ကို တစ်ချက်သာကြည့်လိုက်ကာ သိပ်ပြီးဂရုမစိုက်ခဲ့ဘူး။ သို့ပေမယ့် ထိုအရုပ်လေးက မျက်လုံးတွေကိုဖွင့်ကြည့်လာချိန်မှာတော့ သူ ခဏလောက် အေးခဲသွားခဲ့ရတယ်။

ဒီကလေးက သူ့ဇနီးလေးရဲ့ မျက်နှာလေးကနေ ပုံတူကူးခံထားရသလိုပဲ။ အတော်လေး ဆင်တူလွန်းတယ်။ ဒါတင်မကသေးဘဲ အခုလို နိုးလာကာစမှာ ငိုလည်း မငိုသေးဘူး။ သူ့ကိုကြည့်ရတာ နည်းနည်းလောက် စိတ်ရှုပ်နေသလိုမျိုးပဲ။

သူနာပြုဆရာမက သူ့ကို စကားအနည်းငယ်လောက်ပြောခဲ့ပေမဲ့ သူ့ကိုကြည့်ရတာ ကြားပုံမရတာကြောင့် အနောက်ကနေရောက်လာတဲ့ အမေလင်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်။

“ဒီကလေးရဲ့ ကိုယ်အပူချိန်က နိမ့်နေတယ်.. သူ နွေးသွားအောင်လို့ ပွေ့ဖက်ပေးလို့ရမလား.. သူ့ကိုလက်မောင်းမှာ ထည့်ပြီး ဖက်ထားပေးရင် ရတယ်”

“ကောင်းပါပြီ”

အမေလင်က ကလေးကို ချက်ချင်းယူလိုက်ပြီး ပိုင်လင်းလင်းကလည်း အနောက်ကနေ လိုက်လာပြီး ပြောလာတယ်။

“လူနာခန်းထဲကိုသွားပြီး ပွေ့ဖက်ထားရအောင် .. ဆုဆုက ခဏလောက်နေမှ ထွက်လာလောက်တယ်”

“ဘာလို့လဲ?”

လင်းချွမ်က ဆုဆု အန္တရာယ်တစ်ခုခုဖြစ်နေမှာ ကြောက်လန့်နေခဲ့တာကြောင့် ချက်ချင်းမေးလိုက်တယ်။ သူ့အနေနဲ့ အခန်းထဲကို တိုက်ရိုက် ဖောက်ဝင်သွားချင်ခဲ့ပေမယ့် လူနာကိုကယ်တင်ဖို့ကြိုးစားနေတဲ့ ဆရာဝန်ကို အနှောင့်အယှက်ဖြစ်စေမှာကိုလည်း ကြောက်နေခဲ့ပြန်တယ်။

ပိုင်လင်းလင်း : “သူမက အထဲမှာ ခဏလောက် ဂရုစိုက်စရာလိုသေးတယ်.. ပုံမှန်မွေးတာဆိုတော့ ခဏနေရင် ထွက်လာမှာပါ”

“ကောင်းပြီ”

လင်းချွမ်က အရာအားလုံးအဆင်ပြေကြောင်း ကြားလိုက်ရတာကြောင့် စိတ်သက်သာရာရသွားခဲ့တယ်။

တစ်ဖက်မှအမျိုးသမီးတွေကတော့ အမေလင်းနှင့်အတူ လူနာခန်းထဲကို ပြန်ဝင်သွားခဲ့ကြပြီး မွေးကင်းစကလေးကို လူတိုင်းသဘောကျနေကြတယ်။

သို့သော်လည်း ချင်ယွဲ့ယွဲ့ကတော့ ဘေးမှာ ရပ်နေကာ ကလေးကို ချီးကျူးစကား မဆိုနိုင်ခဲ့ဘူး။ သူမက ကလေးကို ခဏလောက် စိုက်ကြည့်ပြီး ပြောလာတယ်။

“ကလေးက အစ်ကိုချွမ်ဇီနှင့် လုံးဝမတူဘူး”

အမေလင်းရဲ့ နဂိုတုန်းက ပျော်ရွှင်နေတဲ့ မျက်နှာက တခဏချင်း မည်းမှောင်သွားခဲ့ရတယ်။

ဒီမျက်နှာလေးက ဆုဆုရဲ့ မျက်နှာကို ဆွဲယူပြီး တပ်ထားသလိုပဲဆိုပေမဲ့ သူ့ရဲ့မျက်လုံးလေးတွေက တစ်နည်းနည်းနှင့် သူမရဲ့သားဖြစ်သူရဲ့မျက်လုံးတွေနှင့် သိသိသာသာ ဆင်တူနေခဲ့ကာ ကလေးရဲ့ မေးစေ့မှာလည်း အနည်းငယ်ဆင်တူနေခဲ့တယ်။ ဒါကို မြင်တွေ့နေပေမဲ့ တစ်ဖက်မှ ထိုသို့ပြောလာချိန်မှာ သူမ မပျော်တော့ဘူး။

“မင်းက ငါ့တို့ရဲ့ချိမ်ဇီကလေးအရွယ်တုန်းက ပုံကိုမြင်ဖူးသလိုပြောနေတာပဲ”

“မဟုတ်ဘူး မဟုတ်ဘူး.. ဒါပေမယ့် အခုက အစိုးရကနေ မိသားစုအတွင်း သားဆက်ခြားဖို့ စီစဥ်နေတယ်လို့ ကြားတယ်.. သမီးလေးပဲ မွေးထားပြီးရင် သားလေးရဖို့တောင် မစဉ်းစားနိုင်တော့ဘူးတဲ့လေ”

ချင်ယွဲ့ယွဲ့က လင်းမိသားစုကို ပျော်ရွှင်နေရစေဖို့အတွက် လုံးဝကို မစီစဥ်ထားဘူး။ ပြောလာခဲ့သမျှ စကားတွေက ချဉ်နံ့တွေနဲ့ ပြည့်နေခဲ့တယ်။

အမေလင်းက သက်ပြင်းချလိုက်ပြီး ပြောလာတယ်။

“သူနာပြုဆရာမထွက်လာတုန်းက ယောက်ျားလေးလို့ ပြောခဲ့တာလား၊ မိန်းကလေးလို့ ပြောခဲ့တာလား”

သူမပြောခဲ့တာကို မကြားမိသလိုပဲ။

“ဟုတ်​သားပဲ.. သူ အလုပ်​ရှုပ်​လွန်းလို့ ​မေ့သွားတာဖြစ်မယ်”

စစ်တပ်ရဲ့မရီးတစ်ယောက်က ပြန်ပြောလာတယ်။

“ကြည့်လိုက်လေ”

အမေလင်းကတော့ သူတို့မိသားစုထဲမှ ယောက်ျားလေးတွေရဲ့ လှည့်စားခြင်းကို အမှန်တကယ်ခံခဲ့ရတယ်။ သူမက ကလေးကို သယ်ဆောင်လာစဉ်ကတည်းက ဒါလေးက သမီးလေးပဲလို့သာ ထင်ထားခဲ့ပြီး သူမလေးက ဆုဆုနှင့်လည်း တူနေသေးတာကြောင့် နှလုံးသားထဲမှာ အဖြေကို သိရှိပြီးသား ဖြစ်နေခဲ့ပြီ။

သို့ပေမယ့် ပန်းပွင့်အိတ်ကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ လက်ကိုင်တုတ်လေးကိုသယ်ဆောင်လာတဲ့ သားလေးတစ်ယောက်ဖြစ်သွားခဲ့တယ်။

ဆိုလိုတာက သူမဆီမှာ အကြီးဆုံး မြေးတစ်ယောက်ရှိနေခဲ့ပြီ။

“အို ယောက်ျားလေးပဲ.. အစ်မရဲ့မိသားစုက အစွမ်းအစရှိတာပဲ”

စစ်တပ်ရဲ့မရီးတစ်ယောက်က ပြောလာတယ်။

“ဟုတ်တယ် ဟုတ်တယ်.. ဒါပေမယ့် သူတို့အားလုံးက မိန်းကလေးတစ်ယောက်ရဖို့ မျှော်လင့်နေကြတာလေ.. ကျွန်မတို့မိသားစုမှာ ယောက်ျားလေး လေးယောက်ပဲရှိပြီး မိန်းကလေး မရခဲ့ဘူး.. ဒါကြောင့် သူတို့ ဇနီးမောင်နှံရော ညီဖြစ်သူတွေကပါ မိန်းကလေးကို စောင့်မျှော်နေကြတာ.. ကောင်လေးတွေဆို မျက်လုံးတွေတောင် နီရဲတဲ့အထိ စောင့်နေကြတာ.. အခု ယောက်ျားလေးဆိုတော့ သူတို့တွေစိတ်မချမ်းသာလောက်တော့ဘူး”

“တကယ်ပဲလား?”

စစ်တပ်ရဲ့မရီးတစ်ယောက်က သူမရဲ့ဘေးမှာရပ်နေတဲ့ ချင်ယွဲ့ယွဲ့ကို လှမ်းပြောလိုက်တယ်။

“ဒီတော့ မင်းဆီမှာ ဘာပြောစရာရှိသေးလဲ .. မိန်းကလေးထက် ယောက်ျားလေးတွေက ပိုကောင်းတယ်လို့ထင်နေတုန်းပဲလား”

အမေလင့်က စိတ်ကျေနပ်စွာနှင့် ပြောလာတယ်။

“ကျွန်မတို့မိသားစုအကြောင်းပြောရင် အရင်တုန်းက ချွမ်ဇီကို မိန်းကလေးတစ်ယောက်နှင့် စေ့စပ်ပေးခဲ့ဖူးသေးတယ်လေ.. အခုကြည့်လိုက်တော့ သူမနဲ့ လက်မထပ်ပေးခဲ့တာ တကယ်ကို ကံကောင်းတာပဲ.. မဟုတ်ရင် ကျွန်မတို့မိသားစုရဲ့ မြေးလေးကတော့ မွေးနေ့တောင် ရှိခဲ့မှာ မဟုတ်တော့ဘူး”

ချင်ယွဲ့ယွဲ့ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့ပြီး နောက်ထပ် အချဥ်နံ့တွေနဲ့ပြောစရာမရှိနိုင်တော့တာကြောင့် လှည့်ထွက်သွားခဲ့တယ်။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမက လင်းတုံဟဲဆီကို သွားပြီး တိုင်တမ်းရလောက်အောင မမိုက်မဲတော့ဘူး။

အကြောင်းကတော့ ထိုလူက အရင်ကလို မဟုတ်တော့ဘူးလေ။

သူက သူမကို မကြာခဏဆိုသလိုပိုက်ဆံတွေပေးနေပေမယ့် သူမကို မယုံတော့ဘူး။ သူ့ရဲ့နှလုံးသားထဲမှာ အခု တခြားလူတစ်ယောက်ရဲ့ ကလေးကို မွေးပေးနေတဲ့ ဆုဆုကသာ သူမထက်ပိုပြီး နီးကပ်နေခဲ့တယ်။

ဒါက သူမကို အချိန်အတော်ကြာအောင် ခံရခက်စေခဲ့ပေမဲ့ သည်းခံရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူး။ သူမရဲ့ယောက်ျားက စက်ရုံတစ်ရုံပိုင်ဆိုင်နေပြီဆိုတာကို သူမရဲ့ မိဘတွေက သိသွားခဲ့ပြီ။

ဒါကို သူမ ခံနိုင်ရည်ရှိရမယ်။

သူမရဲ့ အမေပြောခဲ့သလိုပဲ။ သူ့မိသားစုက ဘယ်လောက်ပဲ ခက်ခဲအောင်လုပ်နေပါစေ အဆုံးသတ်မှာ သူမကသာ သူ့ရဲ့ အရင်းနှီးဆုံးလူဖြစ်ပြီး တခြားဘယ်သူမှ ဝင်လာနိုင်မှာမဟုတ်ဘူး။

တဖက်မှာတော့ ဆုဆုက ကလေးကို အလွန်အားစိုက်ပြီး ညှစ်ထုတ်ခဲ့ရတာကြောင့် တကိုယ်လုံး နာကျင်နေသလိုခံစားရကာ အားအင်ကုန်ခမ်းပြီး အိပ်ချင်နေခဲ့တယ်။

သူမက လင်းချွမ်ရဲ့ အသံကို ကြားတော့ သူ့ကို မော့ကြည့်လိုက်ပြီး အနည်းငယ်စိတ်ဆင်းရဲစွာ ပြောလာတယ်။

“ကျွန်မ  သားလေးပဲ မွေးနိုင်ခဲ့တယ်..  အဝတ်အစားတွေကတော့ ပြန်ပြင်ရတော့မယ်”

လင်းချွမ်က သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ သူမရဲ့ ဆံပင်တွေကို သပ်တင်ပေးလာတယ်။

“သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အတူတူပါပဲ.. မင်း အဆင်ပြေနေရင် ရပြီ”

“မင်း ဘာကိစ္စရှိလို့လဲ၊ လူနာက အနားယူချင်နေပြီ.. သူမကို  ခဏလောက် အိပ်ခွင့်ပေးလိုက်ဦး..  မနှောင့်ယှက်နေနဲ့”

ဘေးမှာရှိနေတဲ့ သူနာပြုက ပြောလာတာကြောင့် လင်းချွမ်က ဆုဆုရဲ့  လက်ကို ချက်ချင်းပဲ စောင်ထဲကိုထည့်ပေးလိုက်တယ်။

“သိပါပြီ”

သူမ အနားယူဖို့ လိုအပ်နေသေးတာကို မေ့သွားလုနီးပါးပဲ။

“မသွားနဲ့၊ ကျွန်မကို မထားခဲ့ပါနဲ့”

ဆုဆုအနေနဲ့ အထဲမှာ တစ်ယောက်ပိတ်မိနေချိန်မှာ အနည်းငယ် ကြောက်ရွံ့နေခဲ့တာကြောင့် အခု လင်းချွမ်ကို  မြင်လိုက်ရချိန်မှာ ထွက်မသွားစေချင်တော့ဘူး။

ဒါကြောင့် လင်းချွမ်က သူမရဲ့လက်လေးကို ဆုတ်ကိုင်ထားပေးခဲ့ပြီး လူနာခန်းထဲသို့ ပြန်ပို့တဲ့အချိန်မှာလည်း ဘေးနားကနေ သူမရဲ့လက်ကို ဆုတ်ကိုင်ရင်း လိုက်လာခဲ့တယ်။

ထို့နောက် ဘေးနားမှာ ထိုင်ရင်း   သူမနိုးလာသောအချိန်ကျရင် တစ်ခုခုစားချင်လောက်လိမ့်မယ်လို့  ရုတ်တရက်တွေးလိုက်မိတယ်။

အနည်းဆုံးတော့ ရေနွေးလေးသောက်ချင်လောက်တယ်။

ဒါကြောင့် သူ ညီဖြစ်တဲ့ လင်းဟိုင်ကို ရေနွေးသွားယူခိုင်းလိုက်တယ်။ ထိုကောင်လေးက အပေါက်ဝနားမှာသရဲတစ္ဆေလို မတ်တပ်ရပ်နေတာကို ဘယ်သူကသိမှာလဲ။ သူက အစ်ကိုကြီးဖြစ်သူရဲ့ ခေါ်သံကြားတော့ အမြန်ဝင်လာခဲ့ပြီး သူ့အမေချီထားတဲ့ အရုပ်လေးကို ကြည့်လိုက်တယ်။

“ ကျွန်တော့်ရဲ့တူမလေးဘယ်ကိုရောက်သွားပြီလဲ”

အမေလင်း: “အိပ်မက်မက်နေတာကို  ရပ်ပြီး ရေသွားယူလိုက်တော့”

လင်းဟိုင်တစ်ယောက် အလွန် စိတ်ဓာတ်ကျစွာနှင့် ရေသွားယူခဲ့ရရှာတယ်။

ထိုအခိုက်မှာဘဲ အမေလင်းရဲ့ရင်ခွင်ထဲမှာ ကလေးငယ်က ရုတ်တရက် အော်ငိုလာခဲ့ပြီး အိပ်ပျော်နေတဲ့ ဆုဆုကို နိုးသွားစေခဲ့တယ်။

T/n_ မျှော်နေတဲ့ ကလေးကတော့ ရောက်လာခဲ့ပြီ

ဇာတ်လိုက်မကတော့ အရင်အတိုင်း အဆဲတောင်းနေတုန်းပဲ

All Chapters