အခန်း (၁၄၂)
Vol. 15 Ch. 142
ကျောင်းအုပ်ကြီးကွမ်းက လင်းတုံဟဲကို ဖုန်းခေါ်ကာ ကျောင်းသို့ လာခိုင်းခဲ့ပြီး ချင်ယွဲ့ယွဲ့နှင့်အတူ တည်းခိုခန်းမှာ အခန်းဖွင့်ခဲ့လားဆိုတာကို မေးမြန်းခဲ့တယ်။
လင်းတုံဟဲက မျက်မှောင်ကြုတ်လိုက်ပြီး အရာအားလုံးကို ဝန်ခံခဲ့တယ်။ သူတို့နှစ်ယောက်က တည်းခိုခန်းဆီသို့ အကြိမ်ပေါင်းများစွာသွားခဲ့ပေမဲ့ ထိုကိစ္စကို တခြားသူတွေက ရှာဖွေတွေ့ရှိသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
အတည်ပြုချက်ကိုရရှိပြီးနောက်ဆရာတွေက လုပ်စရာရှိတာကို လုပ်ဖို့ ပြန်သွားခဲ့ကြတယ်။ ထိုအချိန်ကျမှ ကျောင်းအုပ်ကြီးကွမ်းက မျက်မှောင်ကြုတ်ပြီး လင်းတုံဟဲကိုမေးလိုက်တယ်။
“မင်းဘာလို့ အိမ်ကိုခေါ်မသွားတာလဲ”
လင်းတုံဟဲ: “အဖိုးနဲ့အဖွားက သူမကိုမကြိုက်ဘူး.. နောက်ပြီး ကျွန်တော့်ရဲ့မိဘတွေကလည်း သူမအပေါ်သဘောထား သိပ်မကောင်းဘူးလေ”
ချင်ယွဲ့ယွဲ့တို့ရဲ့စာလေ့လာမှုအဖွဲ့က ဆုဆုကို တိုက်ခိုက်ပြီးတိုင်တမ်းပြီးခဲ့တဲ့အချိန်ကတည်းက အဖေကွမ်းက သူမရဲ့မျက်နှာကိုမြင်ရင်တောင် မည်းမှောင်သွားတတ်တယ်။
“ဒါဆိုလည်း မင်းအနီးအနားမှာရှိတဲ့အိမ်တစ်လုံးကိုငှားရမ်းတာဖြစ်ဖြစ်၊ အိမ်တစ်လုံးဝယ်တာဖြစ်ဖြစ်လုပ်လို့ရတယ်လေ.. အနာဂတ်မှာ ဒီလိုမျိုး အထင်လွဲစရာကိစ္စတွေထပ်မဖြစ်စေနဲ့”
ကျောင်းအုပ်ကြီးကွမ်းက စိတ်အလိုမကျစွာ မျက်မှောင်ကြုတ်နေခဲ့တယ်။
လင်းတုံဟဲအနေနဲ့ ပထမတော့ အိမ်တစ်လုံးကို မဝယ်ချင်ခဲ့ဘူး။ သို့ပေမယ့် သူသည်လည်း ချင်ယွဲ့ယွဲ့နှင့်အတူနေမယ်ဆိုရင် အခုလိုမျိုး ဆက်လုပ်နေလို့မရကြောင်း နားလည်တယ်။ သူ့အနေနဲ့ သူမအပေါ် ဂရုမစိုက်တော့ပေမဲ့ သူမအပေါ်မှာရှိနေတဲ့ အလိုဆန္ဒတွေကတော့ အစစ်အမှန်ပဲဆိုတာကို ဝန်ခံရလိမ့်မယ်။ ဒါကြောင့် ကြားထဲမှာ အခက်အခဲတွေရှိနေတာကို သဘောမကျဘူး။
သို့ပေမဲ့ နှစ်ယာက်ကြားထဲမှ ဆက်ဆံရေးကတော့ အခုချိန်မှာ လုံးဝကွဲကွာသွားပြီဖြစ်ကာ နောက်ထပ်နည်းလမ်းမကျန်ရှိတော့တဲ့ပုံရတယ်။
“ကောင်းပါပြီ “
လင်းတုံဟဲ ထွက်ခွာလာတဲ့အချိန်မှာ ကျောင်းသားအချို့က သူ့ကိုဝိုင်းရံနေခဲ့ကြတယ်။ မဟုတ်သေးဘူး။ သူ့ကိုအဝေးကနေစောင့်ကြည့်နေခဲ့ကြတယ်။
ချင်ယွဲ့ယွဲ့က ဒီတက္ကသိုလ်မှာ လူသိများပြီးသားတစ်ယောက်ပဲ။ သူမက ရုပ်ရည်လှပပြီး စာလေ့လာမှုကလည်း အားကောင်းတယ်။ ဒါ့အပြင်သူမက လူကြိုက်လည်းများသေးတယ်လေ။
လူတိုင်းက သူမဖုံးကွယ်ထားတဲ့ ခင်ပွန်းသည်ကို အလွန်သိချင်နေခဲ့ကြတယ်။
သူ့ကိုမြင်ပြီးနောက်မှာတော့ သူတို့အားလုံးက တကယ့်ကို မဆိုးဘူးလို့ တွေးလိုက်မိကြတယ်။ ချင်ယွဲ့ယွဲ့က ရုပ်ရည်နှင့်ပတ်သက်တဲ့ အမြင်ကောင်းတစ်ခုရှိနေတာပဲ။
သို့ပေမယ့် ဒီလိုဆိုရင်တောင် နှစ်နှစ်နီးပါးဖုံးကွယ်ထားတယ်ဆိုတာက အမှန်တကယ်ကို ဆိုးရွားလွန်းတယ်။
အရင်တုန်းက သူမကို နောက်ကွယ်မှာ သဘောကျနေတဲ့လူတွေက ချက်ချက်ပဲ ခံစားချက်တွေကို လက်လွှတ်လိုက်ကြပြီး မိန်းကလေးတွေကတော့ သူမရဲ့နောက်ကွယ်မှာ ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲနေခဲ့ကြတယ်။ ဒါက အချက်အလက်တစ်ခုမျှသာပါပဲ။
လင်းတုံဟဲအနေနဲ့ အရင်တုန်းက ချင်ယွဲ့ယွဲ့ကို သူမရဲ့အတန်းဖော်တွေရှေ့မှာ သူတို့ရဲ့ဆက်ဆံရေးအကြောင်းကို ဝန်ခံစေချင်ခဲ့ပေမဲ့ အခုချိန်မှာတော့ စိတ်လှုပ်ရှားစရာတွေ ဘာမှမရှိနေသလိုမျိုး ခံစားမိတယ်။
သူက အရင်တုန်းက အသိစိတ် ကျဥ်းမြောင်းခဲ့ပုံရတယ်။
အမှန်ပဲ။ လူတစ်ယောက်ရဲ့ကမ္ဘာကြီးက ပိုပြီးတိုးချဲ့လာတဲ့အချိန်မှာ သူ့ရဲ့ နှလုံးသားကလည်း အရင်တုန်းကထက်ပိုမိုကျယ်ပြန့်လိမ့်မယ်။
လင်းတုံဟဲ ပြန်သွားပြီးနောက် အနီးအနားမှာရှိတဲ့ တစ်ထပ်တိုက်ငယ်လေးတစ်ခုကို ချင်ယွဲ့ယွဲ့နှင့် တိုင်ပင်ချင်းမရှိဘဲ ဝယ်ယူခဲ့တယ်။ ထို့နောက် ချင်ယွဲ့ယွဲ့ကို အထုပ်အပိုးတွေရွှေ့ပြီး ပြောင်းလာဖို့ပြောခဲ့တယ်။ သူကတော့ စက်ရုံမှာနေ,နေတုန်းပဲ။
အဆုံးမှာ အလုပ်တွေက အဆုံးမရှိလောက်အောင် ရှိနေတာလေ။
အရင်တုန်းက အဖြစ်အပျက်ပြီးသွားတဲ့နောက်မှာ ချင်ယွဲ့ယွဲ့ရဲ့ ဝင်ရောက်နှောင့်ယှက်မှုကို ကြောက်ရွံ့သွားတာကြောင့် သူ့ရဲ့အလုပ်ကိစ္စတွေကို အိမ်သို့ မသယ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။
ချင်ယွဲ့ယွဲ့ရဲ့ ဆုဆုအပေါ်မုန်းတဲ့ အမုန်းတရားတွေက ဘယ်နေရာကနေ ရောက်လာတာလဲဆိုတာ သူ မသိပေမဲ့ ထိုအမုန်းက ရပ်သတန့်သွားမှာမဟုတ်ကြောင်းကို သူ အသေအချာသိထားခဲ့တယ်။
တကယ်တမ်းမှာ ဆုဆုက သူမကိုခွင့်မလွှတ်နိုင်ခဲ့ပေမဲ့ သူမရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့လူပဲလေ။
တစ်ဖက်မှာတော့ ချင်ယွဲ့ယွဲ့က အလွန်ပျော်ရွှင်နေခဲ့တယ်။ အခုတော့ မြို့တော်မှာ သူမအပိုင် အိမ်တစ်လုံးရှိလာပြီဖြစ်လို့ လွတ်လွတ်လပ်လပ်နေနိုင်ပြီ။
ဒါက မြေသားအိမ်ခန်းနှစ်ခုသာရှိတယ်ဆိုပေမဲ့ ဒီနေရာမှာ အိမ်တစ်လုံးရှိနေတာက တကယ်ကိုမဆိုးဘူး။ အရေးကြီးတဲ့အချက်က လင်းတုံဟဲက လစဉ်လတိုင်း သူမကို ပိုက်ဆံတွေပေးနေခဲ့တယ်။
ဒါကြောင့် အစားအစာနှင့်သောက်စရာတွေက ကျောင်းမှာ နေခဲ့ရတုန်းကထက် အများကြီး ပိုကောင်းလာခဲ့တယ်။
အဆောင်မှာနေနေရတဲ့ ဆုဆုကို ကြည့်လိုက်လေ။ ကလေးတစ်ယောက်နှင့်အရွယ်ရောက်တဲ့ လူနှစ်ယောက်က ကျဥ်းကျဥ်းကြပ်ကြပ်နေ,နေရမှာပဲ။ လင်းချွမ်ရောက်လာခဲ့ရင် နေစရာတောင် မကျန်လောက်တော့ဘူး။ သူမရဲ့နေရာကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာတဲ့လဲ?
နောက်ဆုံးတော့ သူမ ဆုဆုကို တစ်နေရာမှာ ဖိနှိပ်နိုင်သွားခဲ့ပြီ။ ဒါကြောင့် အိမ်ကိုသန့်ရှင်းရေးလုပ်နေရင်းနှင့်တောင် သူမရဲ့နှလုံးသားထဲမှာပျော်ရွှင်ခဲ့တယ်။
သို့ပေမဲ့ သူမ အမှိုက်သရိုက်တွေကို အပြင်ဘက်သို့ သွားပြီး လွှင့်ပစ်တဲ့အချိန်မှာ အကျွမ်းတဝင်ရှိလွန်းတဲ့လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
သူက သူမတို့အိမ်နဲ့ မနီးမဝေးမှ ကြွယ်ဝချမ်းသာတဲ့ လူနေအိမ်ရာမှ အိမ်ကြီးတစ်အိမ်ရဲ့အရှေ့မှာရပ်တန့်သွားပြီး ထိုအိမ်ရဲ့ခြံတံခါးကိုသော့နှင့် ဖွင့်လိုက်လေတယ်။
လင်းချွမ်? သူက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ဒီအိမ်ကို သော့ဖွင့်လိုက်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ မဟုတ်လောက်ဘူးမလား?
သူမ အနည်းငယ်လောက်တောင် မယုံနိုင်သလိုဖြစ်နေတာကြောင့် အိမ်နီးချင်းတွေဆီမှာ စုံစမ်းမေးမြန်းခဲ့တယ်။ ထို့နောက်မှာတော့ ထိုစံအိမ်ကြီးရဲ့ ပိုင်ရှင်က Aမြို့တော်ဆီသို့ ပြောင်းရွှေ့သွားကြောင်းနှင့် အိမ်ကို ရောင်းချပြီးသွားပြီဖြစ်ကြောင်းကို သိခဲ့ရတယ်။
အိမ်နီးချင်းတွေဆီမှာ သူတို့ရောင်းချခဲ့တဲ့ ပိုင်ရှင်အသစ်ကို မေးမြန်းခဲ့ပေမဲ့ ဘယ်သူကမှ မသိခဲ့ကြဘူး။ ဒါကြောင့် ဝယ်လိုက်တဲ့လူက လင်းချွမ်တို့ဟုတ်မဟုတ်ကို မသေချာခဲ့ဘူး။
သူတို့ကိုရောင်းလိုက်တာဆိုရင် ဆုဆုက သူမယောကျာ်းရဲ့စက်ရုံကနေ အမြတ်ငွေတွေ ဘယ်လောက်တောင် ယူနေခဲ့တာလဲ?
သူမက သိသိသာသာကို မီးနေခန်းထဲမှာသာ ရှိနေပြီး ဘယ်လိုအလုပ်မှလည်း လုပ်မနေခဲ့ဘူးလေ။ သူမက ဘာအလုပ်မှမလုပ်ပဲ ပိုက်ဆံအများကြီးယူနေခဲ့တာလား။ သူမဆီကနေ ဘယ်သူကမှ ခုလိုမျိုး မတရား မယူနိုင်ခဲ့ဘူး။
ဒါကြောင့် သူမ ပြန်သွားဖို့ အလျင်မလိုခဲ့ဘဲ လင်းချွမ်ထွက်လာတဲ့အထိ စောင့်နေခဲ့တယ်။
“အစ်ကို ချွမ်ဇီ ... “
မူလတုန်းကတော့ သူမက သူ့ကို ဒီအိမ်ကိုဝယ်ထားတာလားဆိုတာကိုပဲ မေးမြန်းချင်နေခဲ့တာ။ သို့ပေမယ့် တစ်ဖက်လူက သူမကို မြင်တွေ့ရတာကို သရဲတစ္ဆေကို မြင်တွေ့ရသလိုမျိုး ထွက်ပြေးသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
သူမ သူ့ကို အမှီမလိုက်နိုင်ခဲ့တာကြောင်း ဒေါသတကြီး ခြေဆောင့်လိုက်မိတယ်။
လင်းချွမ်ရဲ့ဘက်မှာတော့ လွတ်မြောက်လာပြီးနောက်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့တယ်။
သူ့အနေနဲ့ စစ်သားတစ်ယောက်အဖြစ်ရော၊ ငယ်စဥ်ကတည်းက သင်ကြားခဲ့ရတဲ့အမျိုးသားတစ်ယောက်ရဲ့ ကျင့်ဝတ်တွေအရပါ အမျိုးသမီးတစ်ယောက်ကို မရိုက်နှက်နိုင်ဘူး။ စည်းကမ်းနှင့် ကျင့်ဝတ်ဖောက်ဖျက်သလိုဖြစ်သွားလိမ့်မယ်။
သို့ပေမဲ့ သူ သူမကို အမှန်တကယ် ထိုးကြိတ်ချင်နေခဲ့တယ်။ သူ့အမေက အိမ်မှာ သူမကို ကြိမ်းမောင်းနေတဲ့ စကားတွေနှင့် သူ့ရဲ့ဇနီးသည်က အိပ်ယာထဲကမထွက်နိုင်ဖြစ်နေရတာတွေက သူ့ကို တကယ် ဒေါသထွက်စေခဲ့တယ်။
ပြီးတော့ သူ့သားရဲ့နို့ကလည်း နည်းသထက် နည်းလာခဲ့ပြီး အနာဂတ်မှာသောက်စရာနို့မရှိလောက်တော့မှာကိုတောင် ကြောက်ရတယ်။
သူ အိမ်ကိုပြန်ပြီးနောက် ဆုဆုက မေးလာခဲ့တယ်။
“အိမ်ကဘယ်လိုနေလဲ”
အရင်တုန်းကတော့ ဒီနေရာကို သေးငယ်တယ်လို့မထင်ခဲ့ဘူး။ ဒါပေမယ့်အခု အိမ်ကြီးကို ရထားခဲ့ပြီဖြစ်လို့ အိမ်ကြီးမှာပဲ ပိုပြီးနေချင်လာခဲ့ပြီ။
ဒါ့အပြင် ကလေး မမွေးဖွားခင်ကတော့ အရာအားလုံး အဆင်ပြေလောက်မယ်လို့ ထင်ထားခဲ့မိပေမဲ့ လက်တွေ့ကြုံလာချိန်မှာတော့ ပိုပြီး ခက်ခဲလာခဲ့တယ်လေ။ ဥပမာအားဖြင့် ကလေးရဲ့အဝတ်တွေက နေ့တိုင်းလျှော်ဖွတ်ရပြီး အခန်းထဲမှာ လှန်းရုံလောက်နဲ့ မလုံလောက်ဘူး။
အဝတ်တွေကို နေရောင်ခြည်အောက်မှာ လှမ်းဖို့ ကြိုးတစ်ချောင်းတပ်ပြီး လှန်းနိုင်ပေမဲ့ တစ်နေ့နေ့မှာ ဘယ်သူကလာရှာပြီး ပြောလာမလဲဆိုတာကို အမြဲတမ်းစိုးရိမ်နေရတယ်။
ချက်ပြုတ်တဲ့အချိန်မှာလည်း ပြသနာရှိနေသေးတယ်။ သူမက မီးနေသည် အစားအစာတွေကိုသာ စားနိုင်တာကြောင့် အမေလင်းက အစားအသောက်တွေကို ပိုပြီးချက်ပြုတ်နေရတယ်။ အဆုံးမှာ သူမနဲ့အတူ ဂျုံယာဂုတွေကိုပဲ သောက်ဖို့ မတောင်းဆိုနိုင်ဘူးလေ။ ဒါကြောင့် မီးဖိုတစ်ခုတည်းကလည်း မလုံလောက်နိုင်ဘူး။
ဒါကြောင့် ဆုဆုက မိသားစုအတွင်းမှာ ကျန်ရှိနေသေးတဲ့ ပိုက်ဆံ(1500)ကို ပိုင်လင်းလင်းကနေတဆင့်ပေးခိုင်းပြီး အိမ်သော့ကိုယူကာ အိမ်ကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့တောင်းဆိုခဲ့တယ်။
လကုန်ပြီးသွားရင် သူတို့တွေပြောင်းရွှေ့နိုင်လိမ့်မယ်။
တစ်ဖက်မိသားစုမှ သဘောတူလိုက်တာကြောင့် လင်းချွမ်က ရုံးပိတ်ရက်တွေမှာ ပြန်လာတဲ့အချိန်တိုင်း သန့်ရှင်းရေးသွားလုပ်ခဲ့တယ်။
ဒါကြောင့် သူအိမ်ကိုပြန်ရောက်တာနဲ့ ဆုဆုက မေးလာခဲ့တာပဲ။
“သန့်ရှင်းရေးလုပ်တာ ဘယ်လိုလဲ? မီးဖိုက သုံးလို့ရလား”
“မီးဖိုက အသုံးပြုဖို့ လွယ်ကူတယ်.. ဒါက စုပေါင်းအပူပေးတာမျိုးပဲ.. ဒါပေမဲ့ နှစ်တိုင်း တစ်နှစ်ကို ယွမ် 20 ကျသင့်လိမ့်မယ် တော်တော်လေးတော့ စျေးကြီးတယ်..
ဒါပေမယ့် အိမ်ကို တော်တော်လေးနွေးထွေးတယ်.. ကိုယ် အဲဒါကို ပထမထပ်မှာသုံးဖို့စီစဉ်ထားတယ်..
ခန်တွေကတော့ အကုန်လုံး သန့်ရှင်းထားပြီးပြီ.. အကုန်လုံးက အဆင်သင့်ဖြစ်နေပြီ.. နောက်ပြီး သူတို့တွေက မရွှေ့နိုင်တဲ့ပစ္စည်းတွေကိုချန်ထားခဲ့တယ်.. ကိုယ်တို့အတွက် ချန်ခဲ့တာတဲ့”
လင်းချွမ်က အိမ်သစ်ရဲ့အခြေအနေတွေအကြောင်းကိုပြောပြရင်း လက်ကိုဆေးကြောနေခဲ့တယ်။
“နှစ်ရက်လောက် မီးဖိုထားပြီးရင် ကိုယ်တို့တွေ သွားနေလို့ရလောက်ပြီ.. ပြောရရင် အိမ်ထဲမှာ ပစ္စည်းတွေသိပ်မရှိလို့ အစိုဓာတ်သိပ်မများလောက်ဘူးလေ “
“တကယ်လား.. ကျွန်မ တကယ်တော့အဲဒီကိုရွှေ့ချင်နေပြီ.. ဒီမှာနေရတာ ကလေးရော လူကြီးရော ကျဥ်းကြပ်နေရတယ်.. အမေနဲ့ကျွန်မတို့ ကောင်းကောင်းမအိပ်ခဲ့ရတာ ရက်အတော်ကြာပြီ.. ဒီကောင်လေးက ကျွန်တို့အိပ်ပျော်သွားတာနဲ့ နိုးလာတာပဲ.. ပြီးတော့ နိုးတာနဲ့ အသံပြဲနဲ့အော်နေတော့တာ”
ဆုဆု အိပ်ယာပေါ်မှာအိပ်စက်နေတဲ့ ကလေးကို ညွှန်ပြရင်း ညီးညူလိုက်တယ်။
“ကလေးတွေက ဒီလိုပါပဲ.. စိတ်ရှည်ရှည်နဲ့ ပြုစုပေးရတာပေါ့ “
အမေလင်းက ဒီရက်တွေမှာ သူမအတွက်လည်း ကောင်းစွာချက်ပြုတ်မထားခဲ့ဘဲ ဖြစ်သလိုသာ စားနေခဲ့တယ်။
သို့ပေမဲ့ သူမက ကလေးကိုဂရုစိုက်ပေးဖို့ ရောက်လာတာဖြစ်လို့ မကျေမနပ်မဖြစ်ခဲ့ဘူး။ အဆုံးမှာ သူမရဲ့ အကြီးဆုံးမြေးလေးက ကျန်းကျန်းမာမာရှိနေတယ်လေ။ ဒါက တခြားအရာအားလုံးထက် ပိုကောင်းနေပြီ။
သို့ပေမဲ့ သူမရဲ့ချွေးမက တကယ်ကိုသန်မာပြီး ကောင်းကောင်းမွန်မွန်နေချင်တယ်ဆိုရင် သူမကလည်း ဘာမှ ပြောစရာမရှိဘူး။ အခု သူတို့ကအိမ်ကြီးတစ်အိမ်ကို ဝယ်ယူခဲ့ပြီး ထိုအိမ်ကြီးမှာ နေထိုင်ကြတော့မယ်။ သူမက သေချာပေါက် ပျော်ရွှင်ပေးနေခဲ့တယ်။
အရေးကြီးဆုံးအရာက သူတို့တွေက တကယ်ကိုချမ်းသာတာပဲ။ ယွမ် တစ်ထောင်ကျော်အကြောင်းကို ပြောတာနဲ့တပြိုင်နက် သူတို့က ထိုယွမ်တစ်ထောင်ကျော်ကို ထုတ်ယူနိုင်တယ်။
သူတို့မိသားစုထဲမှ ဒုတိယကလေးကတောင်မှ ရာဂဏန်းအနည်းငယ်လောက်ကို ထုတ်ပေးနေနိုင်ပြီ။
အမေလင်းက ကိစ္စတွေကို နားမလည်ဘူးဆိုပေမဲ့ ကောင်းမွန်တဲ့အရာတွေပဲဖြစ်လို့ ပျော်ရွှင်နေတုန်းပဲ။