အခန်း (၁၄၃)
Vol. 15 Ch. 143
“ဒီနေ့ ကလေးကို ကိုယ်ကြည့်ထားပေးရမလား.. မင်းနှင့် အမေတို့ ကောင်းကောင်း အိပ်လို့ ရနိုင်တာပေါ့”
လင်းချွမ်က သူ့ရဲ့ ဇနီးသည်နှင့်အမေဖြစ်သူတို့ အလွန်အမင်း ပင်ပန်းနေတာကိုမြင်လိုက်ရတော့ မျက်မှောင်ကြုတ်လိုက်မိတယ်။
ဒီကလေးက ဘာလို့ ဒီလောက်တောင် ဆိုးသွန်းနေရတာလဲ။
“ဒါဆို ရှင့်အတွက် နေစရာနေရာလိုသွားလိမ့်မယ်”
ဆုဆု သူ့ကိုစိုက်ကြည့်ပြီးပြောလာတော့ လင်းချွမ် ခေါင်းကိုကုတ်လိုက်မိတယ်။
“ဒါဆိုလည်း ကိုယ်တစ်ယောက်ယောက်ကို အိမ် သန့်ရှင်းရေးလုပ်ဖို့ရှာလိုက်မယ်လေ..မွန်းလွဲပိုင်းနဲ့ညနေပိုင်းတွေမှာ သန့်ရှင်းလိုက်ရင် ကိုယ်တို့တွေ ရွှေ့လို့ရပြီ”
“ပြောင်းရွှေ့ဖို့ကိုစ္စကို မီးတွင်းကာလပြီးမှပဲ ပြောကြတာပေါ့.. ကလေးရဲ့ခေါင်းက လေတိုက်ခံလို့မရသေးဘူး”
အမေလင်းက သူမရဲ့အကြီးဆုံးသားအလျင်လိုနေတာကိုသိပေမဲ့ ဒီကိစ္စက အလျင်လုပ်လို့ မရသေးဘူးလို့တွေးမိတယ်။
“ဒါက အရေးမကြီးပါဘူး.. ကျွန်တော် ကားကို တံခါးပေါက်နားအထိ မောင်းလာလို့ရတာပဲလေ.. နောက်ပြီး ဟိုဘက်ကိုလည်း ခြံဝန်းထဲအထိ ဝင်လို့ရတယ်ဆိုတော့ လေတိုက်ခံရမှာမဟုတ်ဘူး”
လင်းချွမ်က ပြတ်သားစွာပြောလာတယ်။
ဆုဆုက သူ့ထက် ပိုပြီး ပြတ်သားစွာ ဆုံးဖြတ်ခဲ့တယ်။
“တစ်ပတ်လောက် စောင့်လိုက်ရအောင်.. ဒီတစ်ပတ်အတွင်း ရှင် တစ်ယောက်ယောက်ကိုခေါ်ပြီး ပထမထပ်မှာ ခန်ဆောက်လိုက်ဦးလေ.. ပြီးရင် ထင်းတွေသယ်ပြီး ခြောက်သွားအောင်လုပ်လိုက်.. ကျွန်မတို့ အချိန်အများကြီးမကုန်အောင် မီးဖိုခန်းလေးပါလုပ်ပေးဦး.. ကားကိုလည်း ရွှေ့ရပြောင်းရလွယ်အောင် လုပ်ထားတာပိုကောင်းမယ် .. ဒါမှ ကျွန်မတို့သုံးယောက် ရွှေ့ရပြောင်းရလွယ်မှာ”
“ကောင်းပြီ.. မင်းအိမ်မှာစောင့်နေလိုက်.. ကိုယ် တစ်ယောက်ယောက်ကိုခေါ်ပြီး ချက်ချင်းသွားလုပ်လိုက်မယ်”
လင်းချွမ်က ပြောတဲ့အတိုင်းပဲ အပြင်သို့ ခြေနှစ်လှမ်းလောက်လှမ်းပြီး ထွက်သွားဖို့ ပြင်ခဲ့တယ်။
“ပြန်လာခဲ့”
ဆုဆု ရယ်မောချင်စွာနဲ့ လှမ်းခေါ်လိုက်တယ်။
လင်းချွမ်က ချက်ချင်းပြန်လှည့်သွားခဲ့တယ်။
“ဘာဖြစ်လို့လဲ?”
“ရှင် ထမင်းမစားရသေးဘူးလေ”
“အိုး ဟုတ်သားပဲ.. ဘာချက်ထားတာလဲ”
“ဂျုံယာဂုပဲ “
ဆုဆု သူ့ကိုကြည့်လိုက်တယ်။ ဒီအချိန်မှာ ဂျုံယာဂုပဲရနိုင်တယ်။ တခြား ဘယ်လိုထမင်းအမျိုးအစားမျိုး ရှိနိုင်မှာလဲ။
လင်းချွမ်ကတော့ သူ တွေးထားတာ မှန်ကန်ကြောင်း ထပ်တွေးနေခဲ့မိတယ်။ မီးဖိုတစ်ခုတည်းနဲ့ အမျိုးအစားတွေအများကြီး မချက်နိုင်ဘူးလေ။ ဒါ့အပြင် သူ့ရဲ့ ဇနီးသည်က ကောင်းမွန်တဲ့အစားအစာတွေ ဘာတစ်ခုမှ မစားနိုင်တဲ့အချိန်မှာ သူကလည်း အစားကောင်းတွေကိုလည်း မစားပြနိုင်ဘူး။ သူမက တကယ့်ကို သနားစရာကောင်းလွန်းတယ်။
သူက စားသောက်ပြီးတာနှင့် နောက်တစ်ခါ အလုပ်ကိုပြန်သွားခဲ့ပြီး အားလပ်ရက်ယူထားတဲ့ ရဲဘော်နှစ်ယောက်ကို အကူအညီတောင်းခဲ့တယ်။ အမျိုးသားတွေက အလုပ်လုပ်တာမြန်ဆန်ပြီး နေ့ခင်းဘက်မှာပဲ ခန်ကို အလျှင်အမြန် တည်ဆောက်လို့ ပြီးသွားခဲ့တယ်။ ပြီးသွားတဲ့နောက်မှာတော့ မီးဖိုခန်းထဲမှ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ခဲ့ကြတယ်။ ထိုနေရာ ပြီးသွားတော့ မီးဖိုခဲ့ကြပြီး တစ်အိမ်လုံးကို ပူနွေးသွားစေခဲ့တယ်။
ထို့နောက်မှာတော့ လေဝင်လေထွက်ကောင်းစေရန်အတွက် ပြတင်းပေါက်တွေကိုဖွင့်လိုက်ပြီး ညဘက်ကိုရောက်တော့ အခန်းတွင်းသို့ လေအေးတွေ မဝင်စေဖို့ ပြန်ပိတ်လိုက်ကြပြန်တယ်။
အိပ်ရာနဲ့ ဗီရိုတွေက သန့်ရှင်းရေးလုပ်ထားပြီးသားဖြစ်ပြီး အခြေခံအားဖြင့် ကြီးကြီးမားမား လုပ်စရာတွေ မရှိတော့ဘူး။
လင်းချွမ်က သူ အားလပ်ချိန်တွေမှာ ညတိုင်းလာရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ပြီး အထုပ်အပိုးတွေပြင်ဆင်တာတွေ၊ လိုက်ကာတွေ ဝယ်ပြီးချိတ်ဆွဲတာတွေကို သူ့ဇနီးရဲ့ညွှန်ကြားချက်အရ ပြုလုပ်ခဲ့တယ်။ အိပ်ရာခင်းတွေနှင့် စောင်တွေကိုတော့ နောက်ပိုင်းမှာမှ ပြင်ဆင်ဖို့အတွက် ချန်ထားတာကြောင့် လိုအပ်နေတုန်းပဲ။
သူတို့ရဲ့အိပ်ဆောင်မှာရှိတဲ့ ခုတင်က (၁.၅) မီတာရှိပြီး အလွန်သေးငယ်တယ်။ အခုအိမ်မှာရှိနေတဲ့ ခုတင်က (1.8) မီတာရှိတာကြောင့် သူတို့တွေ ပိုကြီးတဲ့ အိပ်ရာကို ဝယ်ရလိမ့်မယ်။
လင်းချွမ်ရဲ့လက်ထဲမှာ ပိုက်ဆံအနည်းငယ်ရှိပြီး အိပ်ယာခင်းနှင့်စောင်စက်ရုံမှ အသစ်လုပ်ထားတဲ့ သော စစ်တပ်သုံး အိပ်ယာခင်းတွေနှင့် စောင်တွေကို ဝယ်ဖို့ ထွက်သွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူက ဒီစစ်အရောင်ကို အကျင့်ရနေခဲ့ပြီ။
အကုန်လုံးပြီးဆုံးသွားချိန်မှာ တစ်ပတ်တာကလည်း လွန်မြောက်သွားခဲ့ပြီ။
ဆုဆုနဲ့ အမေလင်းတို့က သူတို့ရဲ့ပစ္စည်းတွေကို ဖြည်းဖြည်းချင်း ထုပ်ပိုးခဲ့ပြီး လင်းချွမ် ကားမောင်းပြီးရောက်လာမှာကို စောင့်ဆိုင်းနေခဲ့ကြတယ်။ မကြာခင်မှာပဲ လင်းချွမ်က ရောက်လာခဲ့ပြီး ချန်ယွဲ့ကျင်းကိုပါ သူနဲ့အတူ ခေါ်လာခဲ့တယ်။
သူတို့ကလည်း မကြာခင်လက်ထပ်ကြတော့မှာဖြစ်ပြီး သူတို့အတွက် မင်္ဂလာဦးအိမ်က ဆုဆုရဲ့အိမ်အသစ်နဲ့လည်းနီးတယ်လို့ ပြောခဲ့တယ်။ ခြံက သူတို့လောက်မကျယ်ပေမယ့်လည်း အတော်အတန်ကျယ်ဝန်းကာ တစ်ထပ်အိမ်အိမ်သုံးလုံး ပါဝင်တယ်။
သေချာတာပေါ့။ ဒါက ပိုင်လင်းလင်း သူမကို ပြောခဲ့တာပဲ။ ဆုဆုက ထိုအိမ်ကို သွားမကြည့်ဖူးပေမဲ့ သူတို့တွေ အနီးအနားမှာနေနိုင်တာက အတော်လေးကောင်းတယ်လို့ တွေးမိတယ်။
ပိုင်လင်းလင်းကလည်း ဒီနေ့ ရောက်လာခဲ့တယ်။ သူမက ကလေးပစ္စည်းတွေကို ထုပ်ပိုးဖို့အတွက် ဝင်ရောက် ကူညီပေးခဲ့တယ်။
“နင်က ရွှေ့ပြောင်းဖို့အတွက် အလျင်လိုလွန်းနေတာ မဟုတ်ဘူးလား.. မီးတွင်းအချိန်ကာလမှာ အိမ်ပြောင်းရွှေ့ခဲ့တယ်.. ကံကောင်းလို့ နင်က မြန်မြန်ပြန်ကောင်းလာလို့ပေါ့.. အခုဆို နင်ကလမ်းလျှောက်ပြီး ကတောင်ကနိုင်နေပြီ”
ဆုဆုက အမှန်တကယ်ကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့တယ်။အခုအချိန်မှာ သူမက အိမ်ထဲမှာ လမ်းပြန်လျှောက်နေနိုင်ပြီ။ ဒါပေမယ့် အဝတ်အစားတွေကို မလျှော်နိုင်သေးဘူး၊ ရေအေးနဲ့ ထိတွေ့လို့မရဘူး၊ ချက်ပြုတ်လို့မရဘူး၊ နောက်ပြီး ဆီပါတဲ့အစားအသောက်တွေ စားသောက်တာ မကောင်းဘူးလို့ ပြောကြတယ်။
ဒါပေမယ့် အထုပ်အပိုးတွေကို သိမ်းဆည်းဖို့ကတော့ ပြသနာမရှိဘူး။ အနည်းဆုံးတော့ သူမဆီမှာ ပစ္စည်းတွေအများကြီးမရှိဘူးလေ။ ပြောရရင် ကျောပိုးအိတ်ကြီးတစ်လုံးနဲ့တောင် ထွက်သွားနိုင်တယ်။
ဒီနေ့မှာတော့ လူတော်တော်များများက ကူညီဖို့ရောက်လာကြတာကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပဲ အရာအားလုံးက ပြေလည်သွားခဲ့တယ်။
နောက်ဆုံးမှာတော့ သူတို့သုံးယောက် ကားနှင့် ရွှေ့ပြောင်းခဲ့ကြတယ်။ အိမ်ထဲသို့ဝင်လိုက်ကြပြီးနောက် ပထမထပ်မှ ခန်ပေါ်မှာ နေရာချလိုက်ကြတယ်။ ပစ္စည်းတွေကို သေသပ်စွာ ရှင်းလင်းထားပြီဖြစ်လို့ နေရာက ချက်ချင်းပဲ ကျယ်ဝန်းလာခဲ့တယ်။
ခန်က လေး၊ငါးယောက်လောက် အိပ်နိုင်လောက်အောင် ကျယ်ဝန်းကာ ဘေးဘက်မှာလည်း အရင်ပိုင်ရှင်မှကျန်ရှိနေတဲ့ အသုံးပြုနိုင်သော ဗီရိုတစ်ခုရှိတယ်။
ဆုဆု ခန်ပေါ်မှာ ထိုင်ရတာက အတော်လေး သက်တောင့်သက်သာခံစားလိုက်ရတယ်။ နောက်ဆုံးတော့ အဝတ်ထုပ်လိုခုတင်ပေါ်မှာ အိပ်စရာမလိုတော့ဘူး။
နောက်ပြီး သူမရဲ့ သားကိုလည်း ခန်ပေါ်မှာ တင်ထားရင် သူ့ရဲ့ ခြေလက်တွေဆန့်ထုတ်မှာကို စိုးရိမ်စရာမလိုတော့ဘူးလို့ တွေးမိတယ်။
အနည်းဆုံးတော့ သူကိုလွှတ်ချထားခဲ့ရင်တောင် သူ့ရဲ့လက်တွေ ခြေတွေကို အကျယ်ကြီးဆန့်ထုတ်နိုင်မှာမဟုတ်လို့ ပြုတ်ကျမှာကို စိုးရိမ်စရာမလိုတော့ဘူးလေ။
သူမနှင့်အမေလင်းတို့က သူ့ကို ခုတင်ပေါ်မှာတင်ထားချိန်မှာ ထိုင်ခုံတစ်လုံးရှာပြီး ထိုင်ရရမဲ့အစား ခန်ပေါ်မှာပဲ ထိုင်ပြီး သူ့ကိုစောင့်ကြည့်လို့ရပြီ။
အမေလင်းကတော့ အံ့ဩနေခဲ့တယ်။ သူမရဲ့သားနဲ့ ချွေးမက အိမ်ဝယ်ထားတယ်ဆိုတာကိုသိပေမဲ့ ဒီလောက်ကြီးတဲ့ အိမ်ကြီးကို ဝယ်ထားဖို့အတွက်တော့ သူမ မမျှော်လင့်ထားခဲ့ဘူး။ ဒါကအဆောက်အဦးကြီးတစ်ခုဖြစ်ပြီး သူတို့ရဲ့ကိုယ်ပိုင်အိမ်ပဲ။
သူတို့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်ဆိုတာ မေးခွန်းထုတ်စရာမလိုတော့ဘူး။ သူမ သိချင်စွာနဲ့ လှည့်ပတ်ကြည့်လိုက်တယ်။
“ဒီအိမ်ရဲ့ မီးဖိုချောင်က အတော်လေးကြီးတယ်.. ဒါနဲ့ဆိုရင် ငါ ကောင်းကောင်းချက်ပြုတ်ပြင်ဆင်လို့ရပြီ”
“ကောင်းပြီ၊ အခု အိမ်မှာ အခန်းတွေက ပိုများလာပြီ.. တကယ်လို့ လင်းဟိုင်က စက်ရုံမှာ မနေထိုင်ချင်ဘူးဆိုရင် သူ ဒီကိုရွှေ့လို့ရတယ်”
အမေလင်း: “ဒီကလေးက အကြမ်းခံနိုင်တယ်.. သူ့ကို အပြင်မှာ ဆက်လုပ်ခိုင်းထားလိုက်ပါ.. မင်းမှာ အလုပ်ကိစ္စရှိရင်တော့ သူ့ကို လှမ်းခေါ်လို့ရတယ်လေ.. ဒါပေမယ့် ဒီကိုနှစ်ရက်လောက်တော့ လာနေခိုင်းရမယ်.. ငါလည်း ဒီမှာအလုပ်များဦးမှာဆိုတော့ သူ့ကို ကူခိုင်းရမယ်”
ဆုဆုကလည်း သာမန်ကာလျှံကာလောက်သာ ပြောဖြစ်ခဲ့တာပဲ။ အဆုံးမှာ အိမ်ကြီးဖြစ်ပေမဲ့လည်း လင်းချွမ်က အိမ်ကိုပြန်လာတဲ့ အချိန်အနည်းငယ်သာရှိပြီး သူမနှင့် သူမရဲ့မတ်လေးတို့က အိမ်မှာနှစ်ယောက်တည်းနေမယ်ဆိုရင် တခြားလူတွေကို အထင်လွဲစေလိမ့်မယ်။
ဒါပေမယ့် အမေလင်းက ဒီမှာရှိနေတဲ့အချိန်မှာတော့ ရက်အနည်းငယ်ကြာအောင် နေနိုင်ပြီး ကလေးကိုလည်း ပြုစုစောင့်ရှောက်ဖို့ ကူညီပေးနိုင်တယ်။
အမေလင်းက ဆုဆုကို ကလေးကိုကိုယ်တိုင်ကြည့်ခိုင်းခဲ့လိုက်ပြီး ယွမ်နှစ်ဆယ်ယူကာ ဟင်းချက်စရာတွေ သွားဝယ်ခဲ့တယ်။ အခုအချိန်က ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတဲ့အချိန်ဖြစ်ပြီး ပဲအမျိုးမျိုးနှင့် ခရမ်းသီးတွေလည်း ရှိနေတယ်။
သူမ ဟင်းသီးဟင်းရွက်စိမ်းတချို့နှင့် ကြက်သားဝယ်လာခဲ့ပြီး မကြာခင်မှာပဲ စားချင်စဖွယ်ကောင်းတဲ့ ဟင်းပွဲတွေက စားပွဲပေါ်သို့ ရောက်လာခဲ့တယ်။
သူတို့ကို လာရောက် ကူညီပေးခဲ့ကြတဲ့လူတိုင်းကိုလည်း ထမင်းအတူစားအတွက် ဖိတ်ခေါ်ခဲ့ကြတယ်။ ဒါကြောင့် လာရောက်တဲ့လူတိုင်းကအလွန်ပျော်ရွှင်စွာ စားသောက်ခဲ့ကြတယ်။ ထို့နောက်မှာတော့ ပိုင်လင်းလင်းနှင့် ချန်ယွဲ့ကျင်းတို့က တခြားလူတွေနှင့်အတူ ပြန်သွားခဲ့ကြတယ်။
သူတို့သည်လည်း အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေတုန်းပဲ။ အဆုံးမှာတော့ လက်ထပ်ပွဲတစ်ခုလုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ရမဲ့ အရာတွေ အများကြီးရှိတယ်။
လင်းဟိုင်ကတော့ အိမ်မှာပဲ ကျန်ရစ်နေခဲ့တယ်။ သူက ဒီနေ့မှာ ခွင့်နေ့တစ်ဝက်ယူထားခဲ့ပြီး အမေလင်းကို ကူညီပေးနေခဲ့တယ်။ အရင်တုန်းကတော့ အိမ်မှာ နေစရာနေရာမရှိတာကြောင့် သူနေဖို့အတွက် မသင့်တော်လောက်ဘူးလို့ ထင်မှတ်ကာ မလာခဲ့တာပဲ။ နောက်ဆုံးတော့ ဆုဆုက ကလေးကို မကြာခဏ နို့တိုက်ကျွေးနေရတယ်လေ။ နေရာက ကျဥ်းလွန်းတာကြောင့် ဖုံးကွယ်စရာ နေရာမရှိဘူး။
အခုတော့ အလွန်အဆင်ပြေနေခဲ့ပြီ။ သူ့ရဲ့ မရီးက သူ့တူလေးကို နို့တိုက်မယ်ဆိုရင် သူ ဧည့်ခန်းထဲမှာ ထိုင်နေလို့ရတယ်။
အရင်မိသားစုက သစ်သားထိုင်ခုံတွေကို ချန်ထားခဲ့တယ်လေ။ သူ့အနေနဲ့ သူ့ရဲ့အစ်ကိုနဲ့ မရီးက ဒီလောက်ထိ အလွန်အမင်းချမ်းသာနေတာကို လုံးဝ မသိခဲ့ဘူး။ အနည်းဆုံးတော့ ဒီလိုအိမ်မျိုးက တော်ရုံလူတွေ နေနိုင်တာမဟုတ်ဘူး။
လင်းဟိုင်က အလွန်ပျော်ရွှင်ပြီး ပြောလာတယ်။
“ဒီနေရာမှာ တီဗွီတစ်လုံးသာရှိရင် လုံးဝပြည့်စုံပြီ”
ဆုဆုက ကလေးကိုနို့တိုက်ပြီး ပြန်ထွက်လာချိန်မှာ လင်းဟိုင်ရဲ့စကားကိုကြားတော့ ပြန်ပြောလိုက်တယ်။
“ငါ့မှာ လက်မှတ်ရှိတယ်..ဒါပေမယ့် တီဗွီဝယ်မယ်ဆိုရင် သေချာပေါက် တန်းစီဖို့လိုတယ်လို့ ကြားထားတယ် “
“တချို့တွေက မလိုဘူးတဲ့.. ကျွန်တော် အရင်တုန်းက ကုန်ပစ္စည်းတွေကို သွားပို့တော့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ခဲ့ဖူးတယ်.. သူက အခုဆို တီဗွီဝယ်ထားပြီးပြီ”
“ငါက အခု အဲလောက်ထိ စွမ်းရည်မရှိဘူးလေ “
ဆုဆု ပခုံးတွန့်လိုက်တယ်။
အမေလင်းက သူမရဲ့ဒုတိယသားရဲ့ ပုခုံးကို ရိုက်လိုက်ပြီး ဆုံးမခဲ့တယ်။
“မင်းရဲ့မရီးက အခုမှအိမ်တစ်လုံးကို ဝယ်ထားတာ .. ဘယ်နေရာကနေ အဲလောက်ထိ ပိုက်ဆံရှိနေမှာလဲ.. စကားပြောနေတာကိုရပ်ပြီး ငြိမ်ငြိမ်နေတော့”
“မရီး ကျွန်တော် မရီးအတွက် ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပေးမယ်လေ.. ကျွန်တော် ဆောင်းဦးသီးပင်စားပင်စိုက်လိုက်မယ်”
လင်းဟိုင်က အမြဲတမ်း ပြေးလွှားလှုပ်ရှားနေတာဖြစ်ပြီး အခုလို ငြိမ်ငြိမ်လေးထိုင်နေရတာက အတော်လေး ပျင်းရိစရာကောင်းတယ်လို့ ခံစားမိတယ်။ အခု သူ့အမေက ဒီမှာရှိနေတာကြောင့် သူ အပြင်ကိုထွက်ပြီး လုပ်ကိုင်နေလို့ ရလိမ့်မယ်။
“ကောင်းပြီလေ.. မင်းဗိုက်ဆာတဲ့အချိန် ပြန်ဝင်လာခဲ့”
“ကောင်းပြီ.. ကျွန်တော်အစေ့တွေအရင် သွားဝယ်လိုက်မယ်”
လင်ဟိုင်က နှောင့်နှေးခြင်းမရှိဘဲထွက်သွားခဲ့တယ်။ လင်းချွမ်ကတော့ သူ့သားကိုအဖော်ပြုရင်း အိမ်ထဲမှာရှိနေတုန်းပဲ။
T/n_ အအေးမိပြီး ဖျားနေလို့ သေသေချာချာအာရုံမစိုက်နိုင်ဘူးဖြစ်သွားတယ် ဖတ်ရတာထောက်နေရင် သည်းခံပေးဦးနော်