အခန်း (၁၅၂)
Vol. 16 Ch. 152
ချင်ယွဲ့ယွဲ့ တံခါးကိုဖွင့်လိုက်ချိန်မှာ လုံးဝကို ထိတ်လန့်သွားခဲ့ပြီး ကြောက်လန့်တကြားနဲ့ အော်ဟစ်လိုက်မိကာ မြေပြင်ပေါ်မှာ ပုံလျက်သားထိုင်ချလိုက်မိလေတယ်။
ထိုအချိန်မှာ အဖေလင်းက သူမဆီကိုပြေးလာပြီး တုန်လှုပ်ချောက်ချားစွာ ပြောလာတယ်။
“ငါက မင်းအတွက်ကြောင့် သူ့ကို ရိုက်လိုက်ရတာ၊ သူက ဒီလောက်ထိ အားနည်းလွန်းနေလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ၊ မင်းကြောင့်ဖြစ်တာဆိုတော့ ဒါကို မင်း တာဝန်ယူသင့်တယ်၊ ငါ့မှာ ထောက်ပံ့ပေးရမဲ့ မိသားစုရှိသေးတယ်”
သူက ချင်ယွဲ့ယွဲ့ရဲ့လက်ထဲကို သွေးတွေစွန်းထင်းနေတဲ့တုတ်ချောင်းကို တွန်းထည့်ပေးလိုက်ပြီး နောက်ကိုလှည့်ကာထွက်ပြေးသွားခဲ့လေတယ်။
အမေချင်ကလည်း ပြောလာတယ်။
“မင်း ရဲတွေလာရင် ကောင်းကောင်း ဝန်ခံလိုက်တာကောင်းမယ်၊ မင်းရဲ့အဖေက မိသားစုရဲ့ ကျောရိုးပဲ၊ ဒါပေမယ့် မင်းကတော့ အရှုံးသမားပဲလေ၊ မင်း သူ့အတွက် အပြစ်ကို ဝန်ခံပေးမှရမယ်၊ နောက်ပြီး သူက သေချာပေါက် သေလောက်မှာ မဟုတ်ပါဘူး၊ တကယ်လို့ သေသွားရင်တောင် မင်း ဝန်ခံရဖြစ်မယ်၊ ကိစ္စတွေက ဖြစ်ပြီးသွားပြီပဲလေ”
သူမကလည်း ပြောပြီးတာနှင့် အဖေချင်နှင့်အတူ ပြေးထွက်သွားလေတယ်။
ချင်ယွဲ့ယွဲ့ရဲ့ မျက်လုံးတွေက မည်းမှောင်သွားခဲ့ပြီ။ နောက်ဆုံးတော့သူမရဲ့မိဘတွေ ပြောခဲ့တဲ့ သူမရဲ့ကောင်းကျိုးအတွက် ဆိုတဲ့အရာတွေအားလုံးက တကယ်တမ်းမှာ ပါးစပ်ဖျားမှ ချော့မော့စကားတွေသာဖြစ်ကြောင်းကို သိရှိသွားခဲ့ရတယ်။
အခုတော့ သူတို့တွေ ဘယ်လောက်ထိ တစ်ကိုယ်ကောင်းဆန်လဲဆိုတဲ့အကြောင်းကို သိသွားခဲ့ရပြီ။
သူမက လက်ထဲမှ တုတ်ကို ပစ်ချလိုက်ပြီး လင်းတုံဟဲအဆင်ပြေသေးရဲ့လားဆိုတာကို သွားကြည့်ခါနီးမှာ အိမ်နီးချင်းတွေက သူမရဲ့မိဘတွေကို ဖမ်းဆီးနေခဲ့တာကို တွေ့လိုက်ရတယ်။
သို့ပေမယ့် သူတို့က ပြောနေခဲ့ကြတုန်းပဲ။
“အဲဒါ ငါတို့မဟုတ်ဘူး၊ ငါတို့က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး၊ အဲဒါက သူမပဲ၊ ချင်ယွဲ့ယွဲ့က သူကိုသတ်ခဲ့တာ.. သူမက သူမရဲ့ခင်ပွန်းသည်ကိုသတ်ခဲ့တာ၊ မင်းတို့ သူ့ကိုဖမ်းသင့်တယ်”
ချင်ယွဲ့ယွဲ့ သူမရဲ့မိဘတွဆီကို နှလုံးသားထဲမှာ ဝမ်းနည်းမှုတွေ အပြည့်နှင့် ကြည့်လိုက်မိတယ်။ ဒီအချိန်ကျမှ သူမရဲ့ တစ်ဘဝလုံးမှာ သူမအပေါ်ကို အမှန်တကယ်ကောင်းမွန်တဲ့သူက လင်းတုံဟဲတစ်ယောက်တည်းသာရှိခဲ့ကြောင်းကို သဘောပေါက်သွားခဲ့တယ်။
သူမ လင်းတုံဟဲရဲ့အခြေအနေကို သိရို့အတွက် သူ့ဆီကို အလျှင်အမြန်ပြေးသွားခဲ့ပြီး သူ့ရဲ့ သွေးလွှတ်ကြောကို ဖိကြည့်လိုက်တော့ သူ အသက်ရှင်နေသေးတာကို သိလိုက်ရတယ်။
“တုံဟဲ.. ကျွန်မ ရှင့်ကိုတောင်းပန်ပါတယ်”
သူမ နားလည်သဘောပေါက်သွားပြီဖြစ်လို့ မျက်ရည်တွေကျဆင်းလာခဲ့ရတယ်။
ထိုအချိန်မှာ လင်းဟိုင်က ဆေးရုံလူနာတင်ယာဉ်ကို ခေါ်လာခဲ့တယ်။ လူတိုင်းက လင်းတုံဟဲကို ဆေးရုံသို့ ပို့ဆောင်နိုင်ရန် ကူညီပေးခဲ့ကြပြီး ချင်ယွဲ့ယွဲ့က တွေးတောမနေဘဲ သူ့နောက်သို့ လိုက်သွားခဲ့တယ်။
တစ်ဖက်မှာတော့ အဖေချင်က လှမ်းအော်နေတုန်းပဲ။
“မင်းက ဘာလို့ထွက်ပြေးသွားရတာလဲ၊ ငါတို့က အဲဒီကောင်ကို မသတ်ခဲ့ဘူးဆိုတာ သူတို့ကို ပြောပြလိုက်! ငါတို့ အိမ်ကို အေးအေးဆေးဆေးပြန်ရမှဖြစ်မယ်!”
လင်းဟိုင်က သူတို့ကို အံ့သြတကြီး စိုက်ကြည့်လိုက်မိတယ်။
“ခင်ဗျားတို့တွေ မျက်လုံးဖွင့်ရက်သားနှင့် ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြောနေရတာလဲ”
“မင်း ဘာတွေ လာပြောနေတာလဲ.. လင်းတုံဟဲကို ချင်ယွဲ့ယွဲ့သတ်လိုက်တာလေ.. ချင်ယွဲ့ယွဲ့ မင်း နားပင်းနေတာလား?!”
အဖေချင်က ကျယ်လောင်စွာအော်ပြောလာတယ်။
ထိုအချိန်မှာ လင်းချွမ်ကလည်း အပြင်သို့ ထွက်လာခဲ့တယ်။ သူက လင်းဟိုင်ကို ထမင်းစားဖို့ လာခေါ်တာဖြစ်ပေမဲ့ အပြင်ဘက်မှ ပရမ်းပတာအခြေအနေတွေကို မြင်လိုက်ရတော့ ဘာဖြစ်တာလဲဆိုပြီး မေးခဲ့တယ်။
လင်းဟိုင်: “အစ်ကိုကြီး.. ကျွန်တော့်ရဲ့ဒုတိယအစ်ကို,ကို ဆေးရုံကိုပို့လိုက်ရပြီ.. ချင်ယွဲ့ယွဲ့ရဲ့အဖေက သူ့ကိုရိုက်လိုက်တာ.. အဲဒီတုန်းက ကျွန်တော် မြင်ခဲ့တယ်”
“ကောင်းပြီ .. ရဲတွေရောက်လာမှာကို စောင့်ကြတာပေါ့.. လူတွေအများကြီး အုံခဲနေတာဆိုတော့ သူတို့ ထွက်ပြေးသွားဖို့ ခက်ခဲလောက်မှာပါ.. ရဲတွေရောက်လာပြီးလိုက် အိမ်တံခါးကို လာခေါက်တဲ့အချိန်ကျမှ မင်းအစ်ကိုအတွက် သက်သေအဖြစ်ထွက်ဆိုပေးလိုက်.. အခု ထမင်းပြန်သွားစားကြမယ်”
လင်းချွမ်က အလွယ်တကူပဲ လမ်းဖွင့်ပေးလိုက်တယ်။
“ဟင်?”
အခုချိန်မျိုးမှာ စားချင်နေသေးတာလား?
“မင်းရဲ့မရီးက ထမင်းစားဖို့ပြန်မလာရင် စိတ်ပူနေလိမ့်မယ်”
“အိုး”
ဒါဆိုလည်း သွားစားကြတာပေါ့။
ဒီလိုနဲ့ လင်းဟိုင်က အိမ်ထဲကို ဝင်ပြီးနောက် ထမင်းစားနေရင်းနှင့် အဖြစ်အပျက်တွေကို ပြန်ပြောပြလိုက်တယ်။
ဆုဆု နားထောင်ပြီး ခေါင်းညိတ်လိုက်တယ်။ အခု ဇာတ်လိုက်မ နိုးထရမယ့်အချိန်ကို ရောက်လာပြီပဲ။ ဇာတ်လိုက် လင်းတုံဟဲက ဒီလို အချည်းနှီးအရာတွေအတွက် ခံစားခဲ့ရတာ သနားစရာပဲ။ ကွမ်းမိသားစုက သူ့အပေါ်လက်လျှော့ခဲ့နိုင်တာ မဆန်းတော့ဘူး။
ကွမ်းမိသားစုမှ လူတွေက အမျိုးသားဇာတ်လိုက်အပေါ် သဘောထားတင်းမာကြပေမဲ့လည်း အကြောင်းရင်းက လင်းတုံဟဲ သူတို့နဲ့ လုံးဝနီးစပ်ခြင်းမရှိခဲ့တဲ့အတွက်ကြောင့် မဟုတ်သလို သူ့ရဲ့မူလအိမ်ကိုလွမ်းဆွတ်နေဆဲဖြစ်တဲ့အတွက်ကြောင့်လည်း မဟုတ်ခဲ့ဘူး။
တကယ်တမ်းမှာ ကွမ်းမိသားစုက သူ့အပေါ်မှာ အမြဲတမ်း အပြစ်ရှိသလိုမျိုးခံစားနေခဲ့ကြရတယ်။ သို့ပေမယ့် သူတို့လည်း တကယ်ကို မကူညီနိုင်ခဲ့ကြဘူးလေ။
ဒီအခြေအနေမှာတော့ သူ ဒဏ်ရာရသွားကြောင်းကို သိသွားတဲ့နောက်မှာကွမ်းမိသားစုအနေနဲ့ ဝင်မပါဘဲမရတော့မှာကိုတောင် ကြောက်မိတယ်။
ဒဏ်ရာက ပေါ့ပေါ့ပါးပါးဆိုရင် ကိစ္စမရှိပေမယ့် ဒဏ်ရာက ပြင်းထန်မယ်ဆိုရင်တော့ အဖေချင်ရဲ့ ကျန်ရှိနေတဲ့ တစ်သက်လုံးအတွက် တွေးတောနေစရာတောင်မလိုအပ်လောက်တော့ဘူး။
“လုပ်သင့်...”
သူတို့တွေကို ... လုပ်ခိုင်းသင့်မယ်ထင်တယ်။
“မင်း ကောင်းကောင်းစားလိုက်.. ခဏနေရင် သက်သေအဖြစ်လာမေးရင် မြင်တွေ့တာကိုပဲဖြေ.. တခြားအရာတွေကို ဝင်မစွက်ဖက်နဲ့”
“ကောင်းပါပြီ”
လင်းဟိုင်က နာခံစွာ ခေါင်းညိတ်ပြလိုက်ပြီး ထမင်းစားပြီးချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးကိုလာခေါက်တာကြောင့် သူ သက်သေခံရန် လိုက်သွားခဲ့တယ်။
လင်းချွမ်က ထမင်းစားပြီးနောက် ဆုဆုကိုပြောလာတယ်။
“ကိုယ် လင်းတုံဟဲကို သွားကြည့်လိုက်ဦးမယ်”
“သွားလေ”
အဆုံးမှာ သူတို့နှစ်ယောက်က ဝမ်းကွဲညီအစ်ကိုတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နှစ်အတော်ကြာအောင်နီးကပ်စွာ နေလာခဲ့ကြတာဖြစ်လို့ သေချာပေါက် စိတ်ပူပန်နေလိမ့်မယ်။
သူမလည်းစိတ်ပူနေပေမယ့် အပြင်ကိုမထွက်နိုင်သေးဘူး။
ဒီတစ်လုံးလုံး အိမ်ထဲမှာပဲ ထိုင်နေရတာက တကယ့်ကို သက်သောင့်သက်သာမရှိလောက်ဘူး။ ကံကောင်းစွာနဲ့ နောက်တစ်ပတ်အတွင်းမှာ အပြင်ကိုထွက်နိုင်တော့မယ်။
ဆုဆုခန်ပေါ်မှာထိုင်ပြီး ကလေးအိပ်ပျော်နေတာကို စောင့်ဆိုင်းရင်း တွေးတောနေမိတယ်။ ကလေး တစ်လပြည့်တဲ့အချိန်မှာ ဝိုင်စားပွဲလုပ်သင့်လား။
တကယ်တော့ သူမ မေးချင်နေပေမယ့် လင်းချွမ်က သဘောမတူနိုင်လောက်ဘူးလို့ တွေးလိုက်မိတယ်။ အခုက အိမ်မှာ အကြီးအကဲတွေလည်းမရှိသလို ၊မွေးရပ်မြေမှာလည်း မဟုတ်ဘူးလေ။ ဒါကြောင့် တခြားလူတွေကို ဖိတ်ပြီးပွဲလုပ်ဖို့ကို သဘောမကျလောက်ဘူး။
မေ့လိုက်ပါတော့။ မမေးတော့တာပဲကောင်းလိမ့်မယ်။ ကလေးလပြည့်ပြီးရင် အလုပ်သွားဖို့အတွက်လည်း ပင်ပန်းရဦးမယ်။ ကျောင်းမှာ သူမ မရှိတဲ့အချိန် အလုပ်တွေက ဘယ်လောက်တောင် စုပြုံနေပြီလဲမသိနိုင်ဘူး။
နာရီဝက်မပြည့်ခင်မှာပဲ လင်းချွမ်က ပြန်ရောက်လာပြီး အခန်းထဲဝင်ကာ ဆုဆုကိုပြောလာတယ်။
“အဆင်ပြေပါတယ်၊ တုတ်မှာပါတဲ့ သံချောင်းက သူ့ရဲ့နောက်ကျောကို ခြစ်မိပြီး ခေါင်းကို ရိုက်မိတဲ့အတွက် ထိတ်လန့်တကြားဖြစ်သွားခဲ့တာ.. ရက်နည်းနည်းလောက် ဆေးရုံမှာ နေပြီးရင် သက်သာသွားလိမ့်မယ်.. အခုလည်း အဆင်ပြေနေပြီ.. နောက်ပြီး ကွမ်းမိသားစုလည်း ရောက်လာကြတယ်.. ကွာရှင်းဖို့ကိစ္စကိုနေရာမှာပဲ ဖြေရှင်းခဲ့ပြီး ချင်ယွဲ့ယွဲ့ကလည်း သဘောတူလိုက်ပြီ”
“သဘောတူလိုက်တာလား?”
ဆုဆုအနေနဲ့ သူတို့ကို ကွာရှင်းလိုက်စေချင်တယ်လို့ ပြောခဲ့ပေမယ့် ဇာတ်လိုက်မက ဒီလောက် အလွယ်တကူ လက်လျှော့ပေးခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
“အင်း.. အဖေချင်နဲ့ အမေချင်တို့က သူ့ကို တမင်ပိတ်လှောင်ထားခဲ့တာလေ.. အခုလင်းဟိုင်ရဲ့ ထွက်ဆိုချက်ကြောင့် အဖေချင်က ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်”
လင်းချွမ်က ထိုကောက်နှုတ်ချက်ကိုကွမ်းမိသားစုဆီကနေ ကြားခဲ့ရတဲ့အတွက် ပြန်ပြောပြခဲ့တယ်။
ဆိုလိုတာက အဖေချင်ကို စီရင်ချက်မချသေးပေမဲ့ ဘယ်လိုမျိုး ပြစ်ဒဏ်ချမှတ်ခံရမလဲဆိုတာကို သိရှိထားပြီးဖြစ်လေတယ်။
မထင်မှတ်ပဲ ကိစ္စတွေက ပြေလည်သွားခဲ့ပြီ။ အနာဂတ်မှာ ချင်ယွဲ့ယွဲ့က သူမရဲ့အမြီးကို ကုတ်ပြီးနေတာပိုကောင်းလိမ့်မယ်။ မဟုတ်ရင် တစ်စုံတစ်ယောက်ဆီမှာ ပန်းတွေက ဘာလို့ ဒီလောက်ထိနီရဲနေတာလဲဆိုတဲ့အကြောင်းကို ရှင်းလင်းပြတာကိုခံရလိမ့်မယ်။
ချင်မိသားစုက ထပ်ပြီး လှုပ်ရှားလာတော့မှာမဟုတ်ကြောင်းသိလိုက်ရတော့ ဆုဆု စိတ်သက်သာရာ ရသွားခဲ့တယ်။ သို့ပေမယ့် အမေချင်က ထပ်မံထွက်လာပြီး လင်းချွမ်ကို ရှာဖို့ အတွက် သူတို့အိမ်သို့ ပြေးလာဦးမယ်ဆိုတာကိုတော့ သူမ မမျှော်လင့်ထားခဲ့မိဘူး။
သူမက ခြံတံခါးရှေ့မှာ ဒူးထောက်ပြီး ခေါင်းကိုမြေကြီးနဲ့ထိကာ လင်းချွမ်ထွက်လာဖို့အတွက် ဖိအားပေးနေခဲ့တယ်။
တကယ့်ကို ရွံရှာစရာကောင်းလွန်းတယ်။ ဒီလို ရွံရှာစရာကောင်းတဲ့လူမျိုးကို သူမ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။
တကယ်လို့ လင်းချွမ်သာ အပြင်ကို မထွက်ခဲ့ဘူးဆိုရင် သူ့ရဲ့ပုံရိပ်ကို အလွန်အမင်း ထိခိုက်ပြီး ဆိုးရွားသွားစေလိမ့်မယ်။
နောက်ဆုံးတော့ သူမရဲ့ပုံစံကို မြင်သွားတဲ့ လူတချို့က လင်းချွမ်လိုစစ်သားတစ်ယောက်က သာမန်လူကို အနိုင်ကျင့်ခဲ့တယ်လို့သာ ထင်သွားကြလိမ့်မယ်။ ထိုအချိန်ကျရင် လင်းချွမ်ရဲ့ ဂုဏ်သတင်းက ကောင်းမွန်တော့မှာမဟုတ်ဘူး။
အခုအချိန်မှာ လူအများက စစ်သားတွေကို အလွန်အမင်း လေးစားချစ်ခင်ကြလေ့ရှိတယ်လေ။
လင်းချွမ် မျက်မှောင်ကြုတ်ပြီး အပြင်သို့ ထွက်သွားခဲ့တယ်။ ထို့နောက်မှာတော့ အမေချင်က နေဝင်ချိန်အောက်မှာ ဒူးထောက်ပြီး တငိုငိုတရယ်ရယ်နဲ့ လုပ်နေခဲ့ကာ သူမရဲ့ ဘေးပတ်ဝန်းကျင်မှာလည်း အပျော်တမ်းကြည့်ရှုနေတဲ့လူတွေက မရေမတွက်နိုင်လောက်အောင်များပြားတယ်။
“ဒီလောက်ထိ ကြီးမားတဲ့လက်ဆောင်ကို ကျွန်တော် လက်မခံနိုင်ဘူး.. ခင်ဗျားတို့ ဒီလိုမျိုး ထပ်လုပ်ချင်နေသေးတယ်ဆိုရင် ရဲတွေကိုပဲ ခင်ဗျားကိုခေါ်သွားဖို့ ပြောရလိမ့်မယ်”
သူရဲ့အသံက အေးစက်မာကျောနေခဲ့ပြီး ချိုသာပြီး ကောင်းမွန်တဲ့ စကားကိုလည်း ဘယ်တုန်းကမှ မပြောတတ်ခဲ့ဘူး။ သို့သော်လည်း သူက တုံးအခြင်းမရှိဘဲ ချက်ချင်းဆက်ပြောလာခဲ့တယ်။
“ခင်ဗျားရဲ့ ခင်ပွန်းသည်က လူသတ်ဖို့ ကြံစည်ခဲ့တာကို လူတိုင်းသိတယ်၊ ခင်ဗျားက ခေါင်းနဲ့တိုက်ပြနေရင်တောင် သူ့ကို မကယ်ပေးနိုင်ဘူး၊ ကျွန်တော်က စစ်သားတစ်ယောက်ပဲ၊ ကျွန်တော်က ဥပဒေကိုလေးစားလိုက်နာတဲ့လူဖြစ်လို့ တရားဥပဒေအရ အပြစ်ပေးတာကို ထောက်ခံအားပေးရလိမ့်မယ်”
မူလတုန်းက ဆုဆုက အတော်လေးစိုးရိမ်နေခဲ့တာကြောင့် အပေါ်ထပ်အဝတ်အစားတွေဝတ်ပြီး စကားဝိုင်းကို နည်းနည်းလောက်နားထောင်ဖို့ ထွက်လာခဲ့တယ်။
သို့ပေမယ့် လင်းချွမ်က ရုတ်တရက် ပြန်လှည့်ကြည့်လာခဲ့ပြီး သူမထွက်လာတာကို မြင်တော့ သူက မျက်မှောင်ကြုတ်ပြီး ပြောလာလေတယ်။
“အထဲကိုပြန်ဝင်”
“အိုး”
ဆုဆုတစ်ယောက် အိမ်ထဲသို့သာ ပြန်၀င်သွားနိုင်ခဲ့တယ်။ သူမအနေနဲ့ ခင်ပွန်းသည်ကိုကြောက်ရတယ်ဆိုတဲ့ နာမည်ကို ဒီအချိန်ကစပြီး ရရှိလာလိမ့်မယ်ဆိုတာကို မသိခဲ့ဘူး။