← Chapters

အခန်း (၁၅၈)

Vol. 16 Ch. 158

အခန်း (၁၅၈)

Vol. 16 Ch. 158

“ကောင်းပြီ၊ ငါတို့မိသားစုဘက်ကတော့သဘောတူတယ်.. ဒီတော့ ဘယ်လိုမိန်းကလေးမို့လို့ မင်း ချစ်မိသွားတာများလဲ”

ဆုဆုက သူမသားလေးရဲ့ ဦးလေးကို နောက်ပြောင်စနောက်လိုက်တယ်။ ပုံမှန်သာဆိုရင် ဒီလိုအချိန်မျိုးမှာ သာမာန်ကောင်လေးတွေက ရှက်ရွံ့စွာ ထွက်ပြေးသွားတတ်ကြတယ် မလား။ ဒါပေမယ့် အခုအချိန်မှာတော့ လင်းဟိုင်က သူ့အစ်ကိုရဲ့လမ်းကြောင်းအတိုင်း လိုက်နေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။

“အင်း .. အားရာက တော်တော်လေးကောင်းတယ်လို့ ကျွန်တော်ထင်တယ်.. သူမက အရမ်း သတ္တိရှိပြီး သူမရဲ့အနာဂတ်ဘဝလမ်းကြောင်းအတွက်လည်း ရှင်းရှင်းလင်းလင်း စီစဉ်ထားသေးတယ်”

“အိုး မင်းတို ဘာတွေပြောခဲ့ကြလဲ”

ဆုဆုက စိတ်ဝင်တစား မေးလိုက်တယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လင်းဟိုင်က ဘာမှ မပြောခဲ့ဘူး။ သူက ခေါင်းကို ကုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်တယ်။

“ဘာမှ မပြောခဲ့ပါဘူး၊ သူမလို မိန်းကလေးမျိုးက အရမ်းရှားတယ်လို့ပဲ ထင်ခဲ့တာ..  အပြင်ဘက်မှာ တစ်ယောက်တည်း နေထိုင်တဲ့ မိန်းကလေးအတွက် အိမ်(မိသားစု)တစ်လုံးသေချာပေါက်လိုချင်သင့်တယ်လေ”

“အင်း  ငါလည်းအစတုန်းက အဲလို တွေးခဲ့တာ”

သူမက မိသားစုတစ်ခုသေချာပေါက်လိုချင်ခဲ့တယ်။ အထူးသဖြင့် သင့်တော်တဲ့လူနဲ့ မှန်ကန်တဲ့အချိန်မှာ တွေ့တဲ့အခါ လက်ထပ်ချင်ခဲ့တယ်။ အခုချိန်မှာတောင် သူမ နောင်တမရဘူး။

လင်းဟိုင် ပြုံးပြီးပြောလာတယ်။

“ဒါဆို ကျွန်တော် သူမ ဖုန်းပြန်ဆက်တာကိုစောင့်နေလိုက်မယ်၊ အန်တီယဲ့နဲ့ တခြားသူတွေ သဘောတူရင် နောက်လာမဲ့ တနင်္ဂနွေနေ့ ဆုံတွေ့နိုင်လောက်မလား”

တကယ်တော့  အန်တီယဲ့က သူ့ကို သေချာပေါက် သဘောကျလိမ့်မယ်လို့ တွေးခဲ့တယ်။ သူမရဲ့ အမျိုးသား မကြိုက်မှာကိုပဲ ကြောက်နေတာ။

ဆုဆုလည်း ထိုသို့တွေးလိုက်မိတယ်။ ဒါပေမယ့် လင်းချွမ်က ရုတ်တရက် လူကြီးမိဘဖြစ်ရတာကို မပျော်ရွှင်နေခဲ့ဘဲ ထပြောလာလေတယ်။

“မင်း အမေကို ဒီကိစ္စအတွက် လာခိုင်းလိုက်သင့်တယ်၊ ဘာလို့ သူမဆီကို ဖုန်းလှမ်းမခေါ်တာလဲ”

“အမေက မကြာခင်ကမှ ပြန်သွားရတာလေ.. ရှင်က အစ်ကိုကြီးတစ်ယောက်ဖြစ်ပြီး လူကိုလိုက်ကြည့်ပေးဖို့ မကူညီပေးနိုင်ဘူးလား၊ ရှင်က လူတွေကို အကဲခတ်တာအရမ်းတော်တယ်လို့ မပြောခဲ့ဘူးလား”

ဆုဆု သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ် ။

“ကိုယ်က လူကိုကြည့်ကာ တိကျသေချာတယ်ဆိုပေမယ့် အဲဒါက ရန်သူတွေကို ကြည့်တဲ့နေရာမှာလေကွာ”

ညီငယ်လေးအတွက် ခယ်မလောင်းကိုတော့ မကြည့်နိုင်ဘူး၊ ဒါက ဘယ်လိုလုပ် တူညီနိုင်မှာလဲ။

ဆုဆုနှင့် လင်းဟိုင်တို့ ချက်ချင်းဆိုသလို ရယ်မောခဲ့ကြတယ်။ သိုပေမဲ့  မိဘတွေကို ပြောပြရန်အတွက် အိမ်သို့ ဖုန်းဆက်ရန် ဆုံးဖြတ်ခဲ့ကြတယ်။

တစ်ချိန်တည်းမှာ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြရန်အတွက် စာတစ်စောင်ကိုလည်း ရေးသားခဲ့တယ်။ မဟုတ်ရင် မိသားစုတွေက စိတ်ပူနေရလိမ့်မယ်။ ထိုစာကို လင်းဟိုင်ကရေးသားခဲ့ပြီး ဖုန်းခေါ်ဆိုမှုကတော့ ဆုဆုဆီကဖြစ်လိမ့်မယ်။

  ရက်သတ္တပတ်တစ်ခုက လျှင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး သူတို့မိသားစုက အန်တီယဲ့ရဲ့ မိသားစုကို ပန်းခြံထဲမှာ တွေ့ဆုံရန် ဖိတ်ကြားခဲ့တယ်။ ဒီကိစ္စ အောင်မြင်ရင် သူတို့က လင်းအိမ်မှာ သွားရောက် ဆွေးနွေးကြမှာဖြစ်ပြီး အဆင်မပြေရင်တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်ကြလိမ့်မယ်။

မမျှော်လင့်ဘဲ အဖေလင်းနဲ့ အမေလင်းတို့က ဒီကိစ္စအတွက် အတော်လေး စိတ်ပူနေတာကြောင့် စာရပြီးတဲ့နောက်နေ့မှာပဲ ဆုဆုရဲ့ ကျောင်းကို ဖုန်းဆက်ပြီး အသေးစိတ်အခြေအနေကို မေးမြန်းခဲ့တယ်။  အဆုံးမှာ သူတို့တွေက မနေ့တုန်းက တစ်စုံတစ်ယောက်ကို ဖုန်းဆက်ပြီး မေးခဲ့ပေမဲ့ သူ့ရဲ့ဗလုံးပထွေးစကားတွေကို  သူတို့ နားမလည်ခဲ့ကြဘူး။

ဆုဆုက သူတို့ကို စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြခဲ့တယ်။

“ စိတ်မပူပါနဲ့ အဖေ နှင့် အမေ ၊ အဲဒီနေ့က ကျွန်မ လင်းချွမ်နဲ့ လိုက်သွားမှာပါ ..ကောင်မလေးက အဆင်ပြေတယ်ဆိုရင် ဆုံးဖြတ်လိုက်ပါ့မယ်.. ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ကျွန်မတို့ ဘာပဲပြောပြော ကိစ္စမရှိဘူး.. လင်းဟိုင်ရဲ့ စိတ်သဘောထားအပေါ်ပဲ မူတည်တာလေ”

တကယ်လို့ သူသာ အလွန်စိတ်အားထက်သန်နေရင် သူမတို့ တားရင်တောင် အသုံးမဝင်ပါဘူး။

လင်းဟိုင်ကို ကြည့်ရုံနဲ့ သူနှင့် သူ့ရဲ့အစ်ကိုမှာ တူညီတဲ့ အကျင့်စာရိတ္တတွေရှိကြောင်းသိနိုင်တယ်။ သူတို့တွေ စိတ်မြန်တယ်၊ တိကျတယ်၊ လိုအပ်လာရင် ရက်စက်တတ်ပြီး ဆုံးဖြတ်ပြီးသွားပြီဆိုရင်လည်း ဘယ်တော့မှလည်း မတွန့်ဆုတ်တတ်ဘူး။

အမေလင်းက ဘာမှပြန်မပြောခဲ့ဘဲ ဆုံးဖြတ်ချက်ချဖို့အတွက် ကူညီပေးရန်သာ တောင်းဆိုခဲ့တယ်။ တကယ်လို့ စေ့စပ်ကြောင်းလမ်းကြောင်းဖို့ အတည်ပြုပြီးပါက အိမ်မှာ ဘာကိစ္စပဲရှိနေပါစေ သူတို့တွေ ရောက်အောင်လာလိမ့်မယ်။

သူတို့သာ သူတို့ရဲ့ ချွေးမလေးကို လာမတွေ့ဘူးဆိုရင် ချွေးမဖြစ်သူက ဘယ်သူလဲဆိုတာ မသိဖြစ်နေမှာဖြစ်ပြီး လမ်းလျှောက်ရင်း ဆုံတွေ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက် မသိဘဲဖြတ်ကျော်သွားမိလိမ့်မယ်။

ဆုဆု ထပ်ခါထပ်ခါ သဘောတူခဲ့တယ်။ အဖေလင်းကလည်း ဆုဆုကို အချိန်ကျလာရင် သူမရဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်နိုင်ကြောင်းနှင့် သူမသာဆိုရင် တခြားသူရဲ့မိသားစုကို အကြောင်းပြချက်တစ်ခုခုမရှိဘဲ ရွေးချယ်တာ၊ဖယ်ထုတ်တာမလုပ်ကြောင်း ယုံကြည်တယ်လို့ပြောခဲ့တယ်။

“ သိပါပြီ အဖေ.. ကျွန်မှ ဘယ်လို မှားယွင်းတဲ့လူတွေကိုမှ ရွေးချယ်မှာ မဟုတ်ပါဘူး.. စိတ်ချထားပါ”

သူတို့တွေက သူမကို ဒီလိုမျိုး အရေးပြီးတဲ့ တာဝန်ကို ပေးခဲ့ကြတဲ့အတွက် သူမဘက်ကလည်း ပြီးမြောက်အောင်မြင်အောင် လုပ်ရလိမ့်မယ်။

ဖုန်းချပြီးနောက် သူမက ကျောင်းသားတွေရဲ့ အိမ်စာပြဿနာတွေကို စတင်စစ်ဆေးခဲ့ပြီး ချင်ယွဲ့ယွဲ့က အမှန်တကယ်ကို ဇာတ်လိုက်မပဲလို့ တွေးလိုက်မိတယ်။

သူမရဲ့အဆင့်တွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်မှာ ပျမ်းမျှသာဖြစ်နေခဲ့ပေမဲ့လည်း အခုရက်ပိုင်းမှာတော့ ထိပ်ဆုံးကိုချိတ်မိလာနိုင်ခဲ့တယ်။

ကျောင်းမှာရှိတဲ့လူတွေက သူမအပေါ် သိပ်ပြီးဖော်ရွေခြင်းမရှိကြပေမဲ့လည်း သူမက သူမရဲ့ခွန်အားနှင်င့် ရှင်သန်နိုင်ခဲ့သေးပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားနေနိုင်ခဲ့တယ်။

သိပ်မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ သူမက ကြီးမြတ်တဲ့အရာတစ်ခုခုဖြစ်လာလိမ့်မယ်။ ဒါပေမယ့် သူမနှင့်တော့ ဝေးဝေးနေတာကောင်းလိမ့်မယ်။ ဒီဇာတ်လိုက်မက ဘယ်လို နတ်ဆိုးမျိုးဖြစ်နိုင်မလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။

ဆရာမတစ်ယောက်အနေနဲ့ ဆုဆုက အလွန် အလုပ်များတယ်။ သူမက ကျောင်းအပြင်၊ စက်ရုံအလုပ်ရုံတွေနဲ့လည်း အလုပ်ရှုပ်နေခဲ့ပြီး အရေးအကြီးဆုံးကတော့ ကလေးကိုလည်း စောင့်ရှောက်နေရသေးတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ဘာသာပြန်ပေးဖို့ လာခေါ်ရင်တောင် သူမမှာ လိုက်သွားဖို့ အချိန်မရှိတော့ဘူး။

လင်းဟိုင်ရဲ့ကြင်ဖက်အတွက် မိဘစုံရာ တွေ့ဆုံရခါနီးမှာ ဆုဆုတစ်ယောက်  သူမက ကိုယ်အလေးချိန်တက်လာတာကို တွေ့လိုက်ရတယ်။  အဝတ်အစားတွေကအနည်းငယ် တင်းကြပ်နေပြီး သူမရဲ့ ဗိုက်က အနည်းငယ် ဖောင်းနေခဲ့တယ်။ ဒါက  တကယ့်ကိုရှက်စရာပါပဲ။

ဒါကြောင့် ဆုဆုတစ်ယောက် ခြံထဲမှာ ကြိုးခုန်ဖို့ စတင်ခဲ့တယ်။ မနက်ပိုင်း အလုပ်မသွားခင်မှာ အကြိမ်ရာနဲ့ချီ ခုန်ခဲ့ပြီး ညနေမှာလည်း ပြန်ခုန်ခဲ့တယ်။

တနင်္ဂနွေနေ့ လင်းချွမ် ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့ရဲ့ ဇနီးလေးက ကိုယ်အလေးချိန်တွေ အတော်လေး ကျဆင်းနေတာကို မြင်လိုက်ရပြီးစိတ်မသက်မသာဖြစ်သွားရတယ်။

“ဒီရက်ပိုင်း  စားသောက်လို့ မကောင်းဘူးလား..  ဘာလို့ ကိုယ်အလေးချိန်တွေ အရမ်းကျသွားရတာလဲ”

“ဘာလဲ၊ ရှင်က ကျွန်မကို ပိုပိန်လာတယ်လို့ ထင်လို့လား? ဒါပေမဲ့ ကျွန်မရဲ့ဗိုက်က အဆီများနေသေးတယ်လို့ ဘာလို့ ထင်နေမိသေးတာပါလိမ့်..  ကလေးမွေးထားလို့များလား? အာ.. ကျွန်မရဲ့ ခန္ဓာကိုယ်က ကလေးမွေးလိုက်လို့ ပုံပျက်သွားတာလား”

“မပျက်ပါဘူး၊ မင်းက အရမ်းလှတယ်”

လင်းချွမ်ကတော့ ဒါတွေကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ သူက  သူ့ရဲ့အဝတ်အစားတွေတောင် မပြောင်းဘဲပြောလာတယ်

“လင်းဟိုင်ရောက်လာရင် ကိုယ်တို့ ထွက်ရအောင်”

“ရှင်..မုတ်ဆိတ်မရိတ်တော့ဘူးလား၊ ခေါင်းဖြီးစရာမလိုဘူးလား...  အနည်းဆုံးတော့ ရှင့်ရဲ့ အဝတ်အစားတော့ သွားလဲလိုက်လေ”

“ဒီအဝတ်အစားက သန့်ရှင်းနေတာပဲမဟုတ်ဘူးလား”

“ကောင်းပြီ၊ လူကြီးမိဘတစ်ယောက်အနေနဲ့ ရှင် ဒါကို ခဏလောက်တော့ ဂရုစိုက်ရမယ်”

အမျိုးသားတွေက ဒီလိုအရာတွေပေါ်မှာ သူတို့ကိုယ်တိုင် ဂရုစိုက်နိုင်ဖို့ မျှော်လင့်လို့မရဘူး။ သူတို့ကို ဂရုစိုက်စေချင်ရင် ကိုယ်တိုင် လုပ်ပေးရုံပဲရှိလိမ့်မယ်။

သူတို့နှစ်ယောက် ပြင်ဆင်ခဲ့ကြပြီးနောက် ကလေးကိုလည်း ပြင်ဆင်ပေးခဲ့ကြတယ်။ အခုချိန်မှာ ရာသီဥတုက သိပ်မအေးတော့တာကြောင့် သူ့ကို အပြင်ထွက်ကစားဖို့ ခေါ်သွားလို့ရတယ်။  သူ့ကိုဦးထုပ်လေးကို ဆောင်းပေးပြီးတာနဲ့ လင်းဟိုင်ရောက်လာခဲ့တယ်။

သူက အတော်လေးရှင်းလင်းချောမောနေပုံရပြီး အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးကို တွေ့တော့ အနည်းငယ် ရှက်သွားခဲ့တယ်။

“အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် သွားကြရအောင်လေ”

“မင်း  ဘယ်လောက်အလျင်လိုနေတာလဲဆိုတာကို ကြည့်လိုက်ဦး”

လင်းချွမ်က သူ့ရဲ့လက်တွေကို အိတ်ကပ်ထဲသို့ အကျင့်ဖြစ်စွာထည့်လိုက်ပြီးမှ သူ့ဇနီးသည်က စိုက်ကြည့်နေတာကို ရုတ်တရက်တွေ့သွားခဲ့ပြီး အလျှင်အမြန်ပြောလိုက်တယ်။

“ဇနီးလေး.. ကလေးကို ကိုယ့်ဆီပေးလေ.. မင်း ပင်ပန်းနေလိမ့်မယ်”

သူက ကလေးကို သူ့လက်ထဲသို့ အမြန်ဆွဲယူလိုက်တယ်။

ဆုဆု စိတ်ကျေနပ်သွားပြီး ပြန်ပြောလိုက်တယ်။

“ယူသင့်နေတာကြာပြီ၊ ရှင်က ကျွန်မကို ချီခိုင်းထားချင်နေတာလား.. ရှင့်ကိုယ်ရှင် အရင်တုန်းကလို ပေါ့ပေါ့ပါးပါးသွားလာနေလို့ ရသေးတယ်လို့ ထင်နေတာလား.. ရှင်က အခု ကလေးအဖေဖြစ်နေပြီနော်”

“ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ”

လင်းချွမ်က သူ့အမှားကို ချက်ချင်းဝန်ခံခဲ့တယ်။  သူ့အနေနဲ့ အမြဲတမ်းတစ်ယောက်တည်း လမ်းလျှောက်ကျဖြစ်တာကြောင့် ကလေးအကြောင်းကိုခဏလောက် မေ့နေခဲ့တာ။

သူ့ဇနီးလေးဆီမှာ သွန်သင်ဆုံးမခံရပြီးနောက် အနာဂတ်မှာ အာရုံစိုက်ရမယ်ဟု စိတ်ထဲမှာ တွေးထားလိုက်တယ်။   ဒီဝတုတ်နေတဲ့ကောင်လေးကို သူ့ဇနီးလေးချီထားရမယ်ဆိုရင် အလွန်ပင်ပန်းနေလိမ့်မယ်။

မိသားစုလေးယောက်က ပန်းခြံဆီသို့ တည့်မတ်စွာ သွားခဲ့ကြတယ်။ အခုချိန်မှာ ပန်းခြံထဲမှာ လူတွေအများကြီးရှိနေပြီး သက်ကြီးရွယ်အိုတွေ လေ့ကျင့်ခန်းလုပ်နေတာ၊ လူငယ်တော်တော်များများက ချိန်းတွေ့နေတာ တွေရှိနေကြကာ လေထုက အတော်လေး ကောင်းမွန်နေခဲ့တယ်။

သေချာတာပေါ့။ ချစ်ကြိုက်နေကြတဲ့ စုံတွဲတွေကဒီလိုအခြိန်မှာ ချုပ်တည်းမှုတွေအများကြီးရှိနေကြပြီး  စီးပွားရေးအကြောင်းကို ပြောနေကြတဲ့ အမျိုးသားနှစ်ယောက်လိုမျိုးပဲ။

လက်ကိုကိုင်ဖို့တောင် ဝေးကွာလွန်းတယ်။

သို့ပေမဲ့ လင်းချွမ်ကတော့ ဆုဆုဆီမှာ လေ့ကျင့်ပေးထားခြင်းခံရပြီး အပြင်ကိုထွက်တာနဲ့ သူမ မပျောက်သွားစေဖို့ စိုးရိမ်နေသလိုမျိုး လက်ကိုအရင်ဆုံး စတင် ကိုင်ဆွဲထားလိမ့်မယ်။

သူက ကလေးလေးကို လက်တစ်ဖက်နှင့် ပွေ့ချီထားကာ ဇနီးသည်ကိုတော့ လက်တစ်ဖက်နဲ့ ကိုင်ဆွဲရင်း ဘဝရဲ့အောင်နိုင်သူဖြစ်နေခဲ့တယ်။

လင်းဟိုင်ကတော့ ခွေးစာကို အချိန်အကြာကြီးအတင်းအကြပ်စားခဲ့ရပြီး သူ့မှာဇနီးတစ်ယောက်ရှိလာရင်လည်း လက်ချင်းတွဲပြီး စျေးဝယ်ထွက်မယ်လို့ တွေးလိုက်တယ်။

ဘေးမှာ ဘယ်သူမှမရှိသလိုမျိုး နှစ်ယောက်ထဲ ချစ်ပြလိုက်မယ်!

**

All Chapters