အခန်း (၁၅၉)
Vol. 16 Ch. 159
လင်းဟိုင်တစ်ယောက် အနာဂတ်အကြောင်းကို တွေးတော စဥ်းစားနေချိန်မှာ အရှေ့ဘက်မှာ ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့မျက်နှာကို မြင်လိုက်ရတယ်။ သူမက အနည်းငယ် ဝဝကစ်ကစ်ရှိကာ သူမရဲ့ပါးတွေက ဖောင်းဖောင်းပြည့်ပြည့်ရှိပြီး ချစ်စရာကောင်းကာ အတော်လေးကြင်နာတတ်ပုံရတယ်။
ဆုဆုကတော့ ဒီကောင်မလေးက အလွန်ချောမောတယ်လို့ မထင်မိဘူး။ သူမက လူတိုင်းရောက်လာတာကို မြင်တွေ့ရချိန်မှာ တစ်ယောက်ချင်းစီအတွက် သုံးကြိမ်ပြုံးပြခဲ့ပြီး သူမရဲ့ မျက်ခုံးနဲ့ မျက်လုံးလေးတွေကပါ ကွေးညွတ်သွားခဲ့ကာ လူတွေကို သက်သောင့်သက်သာဖြစ်စေတယ်။
အရေးကြီးဆုံးအချက်ကတော့ သူမက သူမရဲ့ဖက်မှဆွေမျိုးတွေနှင့် အလွန်အမင်းနီးစပ်ကပ်တွယ်ကာ အားကိုးနေခြင်းမရှိဘဲ အပြင်လူတစ်ယောက်လိုသာရှိနေခဲ့တယ်။
သူတို့ကိုတွေ့တော့ သူမက သူ့ဘာသာသူ မိတ်ဆက်လာတယ်။
“မင်္ဂလာပါ ကျွန်မရဲ့နာမည်ရှင်းရာ ပါ၊ ကျွန်မက မီးဖိုချောင်သုံးစည်သွပ်ဘူးတွေ ထုပ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်နေပါတယ်.. တဆိတ်လောက်ပါ.. ရှင်တို့က လင်းဟိုင်ရဲ့ အကြီးဆုံးအစ်ကိုနဲ့ မရီးများလား”
ဆုဆုက သူမကို အလျင်အမြန် လက်ဆွဲနှုတ်ဆက်လိုက်တယ်။
“ဟုတ်ပါတယ်.. မင်္ဂလာပါ.. ငါတို့တွေ စားသောက်ဆိုင်မှာ ခဏလောက်သွားထိုင်ကြမလား”
ရှင်းရာ: “မလိုပါဘူး၊ ကုန်ကျစရိတ်တွေ များနေပါ့မယ်”
အန်တီယဲ့ကလည်း ပြုံးပြီးပြောလာတယ်။
“ဟုတ်တယ်၊ ဟုတ်တယ်.. သွားနေစရာမလိုပါဘူး.. ဒါက လင်းဟိုင်နှင့် သူ့ရဲ့အစ်ကိုကြီးတို့ မိသားစုလေ”
သူမက သူတို့ဘက်သို့ စကားပြောပြီးနောက် သူမရဲ့ဘေးနားရှိ သက်လတ်ပိုင်းအမျိုးသားကြီးကို တွန်းတိုက်လိုက်တယ်။ ဒါကြောင့် တစ်ဖက်လူက လင်းဟိုင်နှင့် လင်းချွမ်တို့ကို လက်ဆွဲနှုတ်ဆက်လာလေတယ်။
သူတို့နှင့် စကားအနည်းငယ်ပြောပြီးနောက် သူက ဆက်ပြောလာတယ်
“တကယ်တော့ ငါတို့က ရဲဘော်လင်းတို့နဲ့ လူချင်းလာတွေ့ရုံပါပဲ.. ကျန်တာကို မင်းတို့လူငယ်တွေ သဘောကျသလို စီစဥ်လို့ရပါတယ်”
အန်တီယဲ့ကလည်း ပြောလာတယ်။
“ဟုတ်တယ်၊ အခုခေတ်လူငယ်တွေက လွတ်လပ်တဲ့အချစ်ကိုပဲ အာရုံစိုက်နေကြပြီ.. သူတို့ရဲ့ သဘောထားအတိုင်း စီစဥ်ကြတာပေါ့.. နောက်လာမဲ့ ကိစ္စတွေကို အိမ်ကိုသွားပြီး ဆွေးနွေးကြရအောင်”
ထို့နောက် သူမက ဘေးမှာရပ်နေတဲ့ ရှင်းရာကိုမေးလိုက်တယ်။
“မင်းမှာ ဘာပြဿနာရှိသေးလဲ”
ရှင်းရာက ရှက်ရွံ့စွာ ခေါင်းခါပြီး လင်းဟိုင်ကို မေးလာတယ်။
“ကျွန်မက ကိစ္စမရှိပါဘူး၊ ရှင်ရော ဘယ်လိုလဲ”
“ကျွန်တော့်မှာ ပြဿနာမရှိပါဘူး၊ အားလုံးက ကျွန်တော့်မရီးနဲ့ အစ်ကိုကြီးပေါ်မှာ မူတည်တယ်.. သူတို့က ကျွန်တော့်ထက် ပိုသိတယ်”
လင်းဟိုင်က အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်တယ်။
လင်းချွမ်: “ဒါဆို ငါတို့အိမ်ကိုသွားကြတာပေါ့.. ကလေးနဲ့ဆိုတော့ အဝေးကြီးကို လမ်းလျှောက်လို့မရဘူး”
သူက အန်တီယဲ့နှင့် ခင်ပွန်းသည်တို့ကို စကားတစ်ခွန်းတည်းဖြင့် အိမ်သို့ခေါ်သွားခဲ့ပြီး လင်းဟိုင်နှင့် ရှင်းရာတို့က အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ကြတယ်။
ဆုဆုက သူတို့ ထွက်မသွားခင်မှာ လှမ်းပြောခဲ့တယ်။
“မင်းတို့ ထမင်းစားဖို့ နှစ်နာရီအတွင်း ပြန်လာခဲ့ကြ ဆွေးနွေးစရာတွေလည်း ရှိတယ်”
“ကောင်းပါပြီမရီး”
ရှင်းရာလည်း စားဖို့ လိုသေးတာကြောင့် လင်းဟိုင်က ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။
“ဒါဆို အလုပ်ကြိုးစားပေးပါဦး ယောက်မ”
ရှင်းရာက အနည်းငယ်ရှက်ရွံ့စွာပြောခဲ့တယ်။ ပြောရရင် ဒါက လင်းဟိုင်ရဲ့မိဘအိမ်မဟုတ်ဘူးလေ။ ဒါကြောင့် သူမအနေနဲ့ သေချာပေါက် ယဉ်ကျေးရလိမ့်မယ်။ နောက်ပြီး သူမရဲ့ ယောက်မကလည်း ငယ်ရွယ်သေးပြီး သူမအနေနဲ့ တခြားလူကို ချက်ပြုတ်ခိုင်းရမှာကို အလွန် ရှက်ရွံ့နေခဲ့တယ်။
လင်းအိမ်သို့ရောက်ပြီးနောက် စေ့စပ်ပွဲကျင်းပမဲ့ရက်ကို ဦးစွာဆွေးနွေးခဲ့ကြကြပြီး နှစ်ဖက်လုံးမှ ဓလေ့ထုံးစံများအကြောင်းကို ဆွေးနွေးကြတယ်။
မစ္စတာရှင်းက သူတို့ဘက်မှာ ဓလေ့ထုံးစံမရှိကြောင်းနှင့် ပတ်ဝန်းကျင်မှာ ပိုပြီးကြည့်ကောင်းအောင် ခန်းဝင်ပစ္စည်းများပေးတတ်ကြောင်း ပြောခဲ့တယ်။
ဆုဆုက ချက်ချင်းပဲ ပြန်မေးလိုက်တယ်။
“ခမ်းဝင်ပစ္စည်းပေးဖို့ ဘာတွေလိုအပ်လဲ”
အန်တီယဲ့: “ဒါက အတူတူလောက်ပါပဲ၊ မင်းတို့တုန်းက ဘာတွေရှိခဲ့လဲ”
“ကျွန်မက ဘာမှ မယူခဲ့ဘူး၊ ကျွန်မတို့ ဒီလိုပဲ လက်ထပ်ခဲ့ပြီး လင်းချွမ်ကလည်း အားလပ်ရက်နည်းတယ်လေ”
ဆုဆုက အမှန်အတိုင်းပြောခဲ့ပြီး လင်းချွမ်ကတော့ ကလေးကို ပွေ့ချီရင်း အပြစ်ရှိသလို ခံစားနေခဲ့ရတယ်။
အန်တီယဲ့ ခေါင်းညိတ်ပြပြီး မစ္စတာရှင်းက ဆက်ပြောလာတယ်။
“စစ်တပ်က မိသားစုဆိုတော့ ရိုးရိုးရှင်းရှင်းဖြစ် လုပ်ဖြစ်ကြတာများတယ်လေ.. တခြားလူတွေအမြင်ကို လိုက်ကြည့်နေဖို့ မလိုပါဘူး”
အခြေအနေက အထိခိုက်မခံတဲ့ စကားဝိုင်းဆီသို့ရောက်သွားတာကြောင့် သူက အလွန် ဂရုတစိုက်နဲ့ ဝင်ပြောခဲ့တယ်။ လင်းချွမ်ကလည်း တစ်ဖက်လူရဲ့ နားလည်ပေးမှုအပေါ် ကျေးဇူးတင်ပြီး ပြန်ပြောခဲ့တယ်။
“ခင်ဗျားတို့ အဆင်ပြေသလို လုပ်လို့ရပါတယ်”
မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအကြိမ် စေ့စပ်တဲ့အချိန်မှာ တစ်ခုခုပေးသင့်တာက ပုံမှန်ပဲလေ။ သူ့ရဲ့ ဇနီးလေးကတော့ ထိုတစ်ကြိမ်တုန်းက ရှုံးနိမ့်ရပေမဲ့ တခြားဘယ်အရာကိုမှ ရှုံးနိမ့်ရမှာမဟုတ်ဘူး။
အန်တီယဲ့: “ကောင်းပြီ၊ တကယ်လို့ မင်းတို့ ခန်းဝင်ပစ္စည်းပြင်ဆင်ချင်ရင် 99 ယွမ် ပြင်ဆင်လို့ရတယ်၊ ပြီးရင် အဝတ်နှစ်စုံဝယ်၊ နာရီတစ်လုံးလောက် ဝယ်လိုက်ပေါ့၊ သူတို့ လက်ထပ်တဲ့အချိန်ကျရင် နောက်ထပ် ယွမ် 100 ပေးပြီးတော့ တစ်ခုခုဝယ်ပေးလိုက်လေ၊ သူတို့နေဖို့နေရာကတော့ သူတို့နှစ်ယောက်အလုပ်လုပ်တဲ့နေရာနဲ့ အနီးမှာပဲ အိမ်ငှားလို့ရတယ်”
ဆုဆုက ထိုအစီအစဉ်ကို စိတ်ကျေနပ်ပြီး ပြန်ပြောလိုက်တယ်။
“အိမ်ငှားပြီး ဘာလုပ်မှာလဲ လင်းဟိုင်က အခုအိမ်ဝယ်ဖို့ ပိုက်ဆံနည်းနည်းစုထားတယ်.. သူ့ကို အပ်ချုပ်စက်ဝယ်ခိုင်းလိုက်မယ်.. ကျွန်မတို့မိသားစုက မလိုချင်လို့ မဝယ်ထားတာ .. သူတို့ကတော့ ရှိသင့်တယ်.. မဟုတ်ရင် ပင်ပင်ပန်းပန်းလုပ်နေရလိမ့်မယ်”
“ငါတို့ အားရာက နည်းနည်းတုံးတယ်”
“ကောင်းပြီ လင်းဟိုင် ချုပ်ပါစေ.. ကြည့်လေ၊ ကျွန်မတို့ကလေးဝတ်တဲ့ ဘောင်းဘီရှည်၊ ဖိနပ်နဲ့ စောင်လေးတွေကို သူလုပ်ပေးထားတာ”
“ဘာလဲ၊ ဘယ်လောက်တောင် တော်လိုက်တဲ့ကောင်လေးလဲ.. အဲဒါတွေကို မင်းလုပ်ခဲ့တာလို့ ငါအမြဲတွေးနေခဲ့တာ.. ဒါတွေ အရမ်းလှတယ်၊ နောက်ပြီး အများကြီးပဲ”
“သူ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တုန်းက အထည်ဖြတ်စတွေကို ကောက်ယူပြီး ချုပ်ပေးခဲ့တာလေ.. နောက်နွေရာသီမှာ ဝတ်ဖို့ဆိုပြီး ဘောင်းဘီသေးသေးလေးတွေလည်း ရှိသေးတယ်”
“ဒါက ရောင်စုံလေးတွေပဲ.. မိန်းကလေးအဝတ်အစားတွေနဲ့တောင်တူတယ်”
“လင်းဟိုင်က တူမလေးကို သဘောကျခဲ့တာလေ.. သားတစ်ယောက်အနေနဲ့ မွေးဖွားလာဖို့ မမျှော်လင့်ထားဘူး.. ဒါပေမယ့် အားလုံးက ချုပ်ပြီးသားတွေဆိုတော့ အသုံးပြုနိုင်မှာပါ”
အမျိုးသမီးနှစ်ယောက်က စကားလက်ဆုံကျနေတာကိုကြည့်နေရင်းနဲ့ လင်းချွမ်ပြောလိုက်တယ်။
“ကိုယ် ဟင်းသီးဟင်းရွက်စျေးမှာ ဟင်းချက်စရာဝယ်ပြီး ထမင်းဟင်းချက်လိုက်ဦးမယ်”
“သွားလေ များများဝယ်ခဲ့ဦး”
လူတိုင်း ထမင်း အတူစားတာပိုကောင်းလိမ့်မယ်။ နောက်ကျရင် သူတို့တွေက ခမည်းခမက်တွေဖြစ်လာမှာပဲ။
လင်းချွမ်က အိမ်ထောင်ဦးစီးရာထူးနှင့် အလွန်ရင်းနှီးနေပြီ။ ဆုဆုက လင်းချွမ်ကို ကူညီပေးချင်တာကြောင့် အန်တီယဲ့က ကလေးကို ကြည့်ပေးထားခဲ့ပြီး သူမကမီးဖိုချောင်ထဲကို ဝင်သွားခဲ့တယ်။ ခဏအကြာမှာ လင်းဟိုင်နှင့် ရှင်းရာတို့က ပြန်ရောက်လာပြီး ရှင်းရာက မီးဖိုခန်းမှာ ဝင်ကူညီချင်ခဲ့ပေမဲ့ ဆုဆုက လင်းဟိုင်ကို နောက်ဘက်ခြံဆီသို့ နံနံ၊ ဂေါ်ဖီထုပ်တွေ သွားခူးဖို့ ခေါ်သွားခိုင်းခဲ့တယ်။
သူတို့တွေ အသီးအရွက်တွေသွားခူးချိန်မှာ ဆုဆုက ပြတင်းပေါက်ဆီကို ပြေးသွားပြီး လှမ်းကြည့်ခဲ့ကာ မီးဖိုချောင်ကို ပြန်သွားပြီး လင်းချွမ်ကိုပြောလိုက်တယ်။
“ရှင့်ရဲ့ညီက စကားပြောကောင်းတာပဲ၊ သူဒီလိုစကားပြောနေတာကို တစ်ခါမှ မတွေ့ဖူးဘူး”
“ဟုတ်လား?”
“ဟုတ်တယ် ဟုတ်တယ်.. ဒါနဲ့ အခု ဟင်းငါးပွဲနဲ့ နောက်တစ်ပွဲချက်ရုံနဲ့ လုံလောက်ပါ့မလား”
ဒီကြင်ဘက်တွေ့ဆုံပြီး လူကြီးချင်းဆွေးနွေးတာက ဒီခေတ်မှာ အလွယ်ဆုံးဖြစ်နိုင်တယ်၊ တခြားမိသားစုသာဆိုရင် အဒေါ်ခုနစ်ယောက်နှင့် ရှစ်ယောက်လောက် ဖိတ်ကြားခံရလောက်မှာပဲ။ အနည်းဆုံး စားပွဲ ၃ လုံးလောက်ရှိနေလိမ့်မယ်။
ဒါပေမယ့် လင်းမိသားစုဘက်မှာ သူတို့ နှစ်ယောက်ပဲရှိတယ်၊ တစ်ဖက်မှမိန်းကလေးမှာလည်းအန်တီယဲ့နှင့် သူမရဲ့ ခင်ပွန်းသည်ပဲ ရှိတယ်။
နောက်ထပ်မြေပဲတစ်ပွဲကြော်ပြီးရင် စားပွဲကို ပြင်ဆင်လို့ရပြီ။
လူတိုင်းက စားသောက်ဖို့ စားပွဲကို ရောက်လာပြီးနောက် လင်းချွမ်က ဝိုင်တစ်ပုလင်း ထုတ်ယူလာခဲ့တယ်။
လင်းဟိုင်က သူ့ရဲ့အစ်ကိုကြီးနှင့် အတူရှိရင် အရက်သောက်တတ်လေ့ရှိပေမဲ့လည်း ဒီနေ့မှာတော့လုံးဝအရက်မသောက်ခဲ့ဘဲ သမက်အသစ်လေးရဲ့ သဘာဝအတိုင်း ပြုမူနေခဲ့တယ်။
တစ်ဖက်မှ ရှင်းရာကတော့ အလုပ်မှာ လုံ့လဝီရိယရှိပြီး သူမရဲ့မျက်လုံးရှေ့မှာ မြင်သမျှအလုပ်တွေကို လုပ်ဆောင်ခဲ့တယ်။
ဒီညစာစားပွဲမှာ လူတိုင်းက ခန်းဝင်ပစ္စည်းနှင့် တင်သွင်းလက်ဖွဲ့အကြောင်းတွေကို ပြောဆိုဆွေးနွေးပြီးခဲ့ကြပေမယ့် အချိန်သတ်မှတ်ရတာကတော့ နည်းနည်းခက်ခဲနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဖေလင်းနဲ့ အမေလင်းက အကုန်လုံးကို ရှင်းလင်းပြီးမှ လာနိုင်မှာဖြစ်လို့ အချိန်တော်တော်ကြာလိမ့်မယ်။
ဒါပေမယ့် ဒီအချိန်မှာ ရှင်းရာက ပြောလာတယ်။
“ဒါမှမဟုတ်ရင် ကျွန်မတို့ ရွာကို သွားကြမယ်ဆိုရင်ရော.. ရှင့်ရဲ့ မိဘတွေက ကျွန်မကို မတွေ့ဖူးဘူး၊ ကျွန်မဘယ်လိုပုံစံလဲဆိုတာလည်း သူတို့မသိဘူးလေ.. ဟိုကိုရောက်မှ ကျွန်မတို့ လက်ဖွဲ့ကိစ္စအကြောင်းတွေပြောပြီး အဲဒီကနေ ခန်းဝင်ပစ္စည်းတွေ ယူပြီးမှ ပြန်လာကြမယ်”
“ဒီနည်းလမ်းက ကောင်းသားပဲ၊ မင်းမှာ အချိန်ရှိလား”
ဆုဆုက သဘောတူလိုက်တယ်။ ဒီလိုဆိုရင် လူအိုကြီးတွေလည်း သွားလိုက်လာလိုက်နဲ့ ပင်ပန်းနေစရာမလိုတော့ဘူး။ ရှင်းရာလည်း ရွာသူရွာသားတွေနဲ့ သက်ကြီးရွယ်အိုတွေကို မြင်တွေ့နိုင်လိမ့်မယ်။ ရွာတွေဘက်မှာက စေ့စပ်တာကလည်း လက်ထပ်တာနဲ့နည်းတူ အလွန်အရေးကြီးတယ်။
“အဲဒါက တော်တော်ဝေးတယ်”
လင်းဟိုင်က သူ့ရဲ့မရီးကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ သူ့အနေနဲ့ တစ်ဖက်မိန်းကလေးမှ သူတို့ရဲ့ရွာကိုလိုက်လာရင် သူတို့မိသားစုကို အထင်သေးမှာကို စိတ်ပူနေခဲ့တယ်။
ဆုဆု တင်းမာစွာပြောလိုက်တယ်။
“တော်တော်ဝေးတယ်.. ဒါဆိုရင် မင်းရဲ့ဘဝတစ်လျှောက်လုံး ပြန်မခေါ်သွားတော့ဘူးလား?”
ဒီစကားက တော်တော်လေးကြမ်းတမ်းတယ်။ လင်းချွမ်ကလည်း လင်းဟိုင်ကို စိုက်ကြည့်လာခဲ့တယ်။
ဒါကြောင့် လင်းဟိုင်က ချက်ချင်း ပြန်ပြောလိုက်တယ်။
“ဒါဆို ကျွန်တော်တို့အိမ်ကို ပြန်ကြတာပေါ့.. အိမ်က ကျေးလက်ဘက်မှာရှိတာ.. နောက်ပြီးညီလေးနှစ်ယောက်ရှိတယ်”
ရှင်းရာက ခေါင်းညိတ်ပြီး ပြောလာတယ်။
“ကောင်းပြီ ဒါဆို ကျွမ်မ မကြာခင် ခွင့်ယူဖို့တောင်းဆိုလိုက်မယ်.. ရှင်ရော အားရဲ့လား”
“အားပါတယ်”
လင်းဟိုင်က စကားပြောပြီးနောက် ချက်ချင်း ခေါင်းငုံ့ပြီး ထမင်းစားခဲ့တယ်။
သူ ရုတ်တရက် သူ့ကိုယ်သူ သူ့ရဲ့မရီးနဲ့ မယှဥ်နိုင်ဘူးလို့ ခံစားခဲ့ရတယ်။ သူမက သူတို့မိသားစုထဲမှ တစ်ယောက်ယောက်ကို လက်ထပ်ခဲ့ရတဲ့အပေါ် မကြိုက်နှစ်သက်တာမျိုး မဖြစ်ခဲ့ဘူး။
ဒါပေမယ့် မကြာသေးခင်က သူ့အနေနဲ့ သူ အသက်နှစ်ဆယ်လောက် နေထိုင်ခဲ့တဲ့အိမ်ကို တကယ်ပဲ မနှစ်သက်သလို ဖြစ်သွားခဲ့တယ်။ သူက တကယ်ကို ဝတ္တရားမကျေပွန်ဖြစ်ခဲ့တာပဲ။
**