အခန်း (၁၇၈)
Vol. 18 Ch. 178
ဆုဆုက ကိုယ်ဝန်ရှိမှန်းကိုသိပြီးနောက်မှာ ပျင်းရိလာခဲ့ပြီး ဘာမှ မလုပ်ချင်တော့ဘဲ လင်းချွမ်ကိုသာ အော်ငေါက်ချင်လာခဲ့တယ်။
ကံကောင်းစွာနှင့် အမေလင်းနှင့် အဖေလင်းတို့က ပြောင်းလာခဲ့ကြပြီ။
သူတို့ ပြောင်းလာတုန်းက ကျေးလက်မှ ပစ္စည်း အမျိုးမျိုးကို ယူလာတာကြောင့် ရထားပေါ်ကလူတွေက အလုပ်ရှာရန် ထွက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေလို့ ထင်မှတ်ကာ အထင်အမြင်သေးစွာအဝေးကို ရွှေ့နေခဲ့ကြတယ်။
ဒါပေမယ့် သူတို့ကို လာကြိုတဲ့လူတွေကိုတွေ့တော့ အလွန်ချဥ်တူးသွားခဲ့ရတယ်။ သူကို ကုန်တင်ကားငယ်လေးတစ်စီးနှင့်လာကြိုခဲ့တယ်လေ။ သူတို့ကို အထင်သေးနေခဲ့တဲ့သူတွေအားလုံး မနာလိုဖြစ်သွားရပြီ။
ဒီခေတ်မှာ ကားစီးနိုင်တဲ့လူက နည်းလွန်းသေးတယ်။
“ဒီကားက ဘယ်ကယူလာတာလဲ။”
အဖေလင်းက မေးတယ်။
“ဒါက လင်းဟိုင် စက်ရုံမှာ ကုန်ပစ္စည်းတွေသယ်ဖို့ သုံးတဲ့ကားလေ၊ ဒါက အသစ်ပဲ”
“ဖြုန်းတီးရာမကျဘူးလား?
“အဲလိုမဖြစ်ပါဘူး၊ အိမ်ပြန်ရောက်ရင် ယာဉ်မောင်းက အလုပ်ပြန်ယူသွားလိမ့်မယ်”
လင်းဟိုင်က လာမကြိုနိုင်ခဲ့ဘူး။ သူ့မှာ အချိန်သိပ်မရှိဘူးလေ။ ရှင်းရာကတော့ အိမ်သစ်ကိာသွားပြီး ချက်ပြုတ်နေခဲ့ကာ ရောက်လာတာနှင့် ညစာအတူတူစားဖို့ စောင့်နေခဲ့တယ်။
အမေလင်းက သူမချွေးမအတွက် ပြင်ဆင်မှုတွေနှင့် ပတ်သက်ပြီး အတော်လေး စိတ်သက်သာရာ ရခဲ့ပေမဲ့ အိမ်အသစ်ကို ရောက်တော့ မျက်ရည်ကျလုမတတ် ဖြစ်သွားရတယ်။ သူတို့တွေ ဒီလောက် ကောင်းတဲ့အိမ်လေးမှာ နေရလိမ့်မယ် မထင်ထားခဲ့ဘူး။
လက်ရှိအိမ်နှစ်အိမ်က အသစ်ဆောက်လုပ်ထားတဲ့ အုတ်အိမ်ဖြစ်ပြီး နောက်ဘက်အိမ်ကိုလည်း ခေါင်မိုးကြွေပြားတွေနှင့် ပြန်လည်ပြုပြင်ထားတယ်။ ဒီလိုအိမ်မျိုးက မိုးတွေတောင် ယိုစိမ့်မှာမဟုတ်ဘူး။
အရေးကြီးဆုံးက အခန်းတွေ အများကြီးရှိပြီး အပူပေးဖို့အတွက်လည်း ကိုယ်တိုင် မီးဖိုစရာမလိုဘူး။ ဒါက တကယ့်ကို ကောင်းချီးတစ်ခုပဲ။
“အမေ၊ ဒီအိမ်ကိုလာခဲ့လေ၊ ဒါ ထမင်းစားခန်းနဲ့ မီးဖိုခန်းပါ၊ လက်ဆေးပြီးရင် စားလို့ရပြီ”
ရှင်းရာက သူမရဲ့လက်တွေကို သုတ်ရင်း ပြောလိုက်တယ် ။
အဖေလင်းနှင့်အမေလင်းက မီးဖိုခန်းထဲမှာ စားပွဲတစ်ခု ရှိနေတာကိုမြင်ရပြီ ကုလားထိုင်တွေလည်း ပြင်ဆင်ထားတာကို တွေ့ခဲ့ရတယ်။
မီးဖိုချောင်နှင့် ထမင်းစားခန်းရဲ့ တစ်ဖက်တစ်ချက်စီမှာတော့ လူနေအခန်းတွေရှိတယ်။
ဒါက ရွာကအိမ်မှာထက် အများကြီး ပိုကောင်းနေခဲ့တယ်။ လင်းကျင်းက အလွန်ပျော်နေပြီး ပြောလာတယ်။
“အမေ၊ အိမ်သာက အိမ်ဘေးမှာ ရှိနေတုန်းပဲ၊ ရေကိုလည်း လှည့်လိုက်ရင် ရပြီ”
သူက လှည့်ပတ်ကြည့်ရင်းပြောလာတယ်။
“မင်းမရီးရဲ့အိမ်မှာလည်း ဒီလိုပဲ ငါသုံးဖူးတယ်”
အဖေလင်း: “ငါလည်းသုံးဖူးတယ်တယ် မင်းရဲ့ဒုတိယအစ်ကိုက ငါ့ကိုသင်ပေးထားတယ်”
သူတို့က ဒီအိမ်ကို အလွန်သဘောကျနေခဲ့ကြပြီး ဆုဆုနှင့် ရှင်းရာတို့ အစားအသောက်တွေ ယူလာပေးပြီးနောက် လူတိုင်းက ပျော်ရွှင်စွာ စားခဲ့ကြတယ်။
ဆုဆုရဲ့ဗိုက်ထဲက ကလေးကတော့ သူ့အမေကို နည်းမျိုးစုံဖြင့် နှိပ်စက်ရတာကို ပျော်လာခဲ့တယ်။ ဥပမာအားဖြင့် သူမက ပြင်းထန်တဲ့ဟင်းအနံ့ကိုရှူရှိုက်မိတာနှင့် ရင်ဘတ်တင်းကျပ်ပြီး မသက်မသာခံစားရကာ အော့အန်ချင်လာရတယ်။
နောက်ဆုံးမှာတော့ ဆုဆု မထိန်းနိုင်တော့ဘဲ အပြင်ကို ပြေးထွက်ကာ အော့အန်တော့တယ်။ ရှင်းရာက အလျှင်အမြန် ရေခပ်ပေးလာခဲ့တယ်။
“ဘာဖြစ်တာလဲ၊ ခုတလော မျက်နှာလည်း သိပ်မကောင်းဘူး”
ရလဒ်အနေနှင့် သူမကလည်း ဆုဆုဆီကို ရေခွက် လွှဲပြောင်းပြီးတာနှင့် အော့အန်လာတော့တယ်။
ဆုဆု သူမကို လှမ်းကြည့်ပြီး ပါးစပ်ကို ဆေးကာ တွေးတောမိတယ်: နောက်နှစ်ကတော့ လင်းမိသားစုအတွက် ရှေ့ဆင့်နောက်ဆင့်ဖြစ်လောက်တော့မယ်။
“မင်းတို့နှစ်ယောက်..”
အမေလင်းရဲ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။
ကိုယ်ဝန်မဆောင်ဖူးသေးတဲ့ ရှင်းရာက ရှက်ရွံ့စွာပြောလာခဲ့တယ်။
“ယောက်မ၊ ကျွန်မ ယောက်မကို ရွံရှာတာမဟုတ်ပါဘူး၊ မကြာသေးခင်ကတည်းက ကျွန်မလည်းစားချင်စိတ်တွေ မကောင်းဘူးဖြစ်နေတာ”
ဆုဆုမျက်လုံးလှန်ပြီး မတ်မတ်ရပ်လိုက်တယ်။
“မင်းဘာလို့ စားချင်စိတ် မကောင်းတာလဲဆိုတာ... ခနနေမှ ပြောရအောင်”
လင်းကျင်းက အနားမှာရှိနေသေးတာကြောင့် အမျိုးသမီးတွေက စကားဆက်မပြောဘဲ အထဲကို စားသောက်ဖို့ပြန်ဝင်သွားခဲ့ကြတယ်။
ထမင်းစားပြီးနောက် အမေလင်းက သူတို့ကို အခန်းထဲသို့ ခေါ်ပြီး တီးတိုးမေးလာတယ်။
ဆုဆုက သူမရဲ့သားကို ပြင်းပြင်းထန်ထန် ဒေါသထွက်နေခဲ့ပြီး၊ ထိုအမျိုးသားရဲ့ မျက်လုံးတွေက ဘယ်လောက်ထိဆိုးရွားသလဲဆိုတာကို ညည်းညူခဲ့တယ်။
အမေလင်း ပြုံးပြီး ပြောလိုက်တယ်။
“ဒါ ဒီကလေးရဲ့ကံကြမ္မာပဲလေ၊ သိပ်ပြီးစိတ်မဆိုးပါနဲ့”
သူမက ဆုဆုကိုနှစ်သိမ့်ပေးပြီး ချွေးမအငယ်ဘက်ကို လှည့်ကြည့်ကာ မေးလိုက်တယ်။
“မင်းကရော ဘယ်တုန်းက ရခဲ့တာလဲ”
“ဘာရတာလဲ...ဘာရမှာလဲ”
ရှင်းရာက အနည်းငယ် စိတ်ရှုပ်နေတုန်းပဲ။
“မင်း အဲဒါရောက်တာ ဘယ်လောက်ကြာပြီလဲ”
အမေလင်းက သူမကို ချစ်ခင်စွာ မေးခဲ့ပြီး သူမရဲ့ပုံက ရှင်းရာကို နတ်သမီးလေးလို့ထင်မြင်နေသလိုပ်။
ရှင်းရာ: “ရက်အနည်းငယ်နောက်ကျနေပြီထင်တယ်”
“မနက်ဖြန် ငါနှင့်အတူဆေးရုံကိုသွားပြရအောင်”
ဆုဆု စကားဆုံးတာနှင့် လင်းဟိုင်က ရုတ်တရက် အိမ်ထဲသို့ ပြေးလာခဲ့တယ်။
“ဘာဖြစ်လို့လဲ ဘာကိုစစ်ရမှာလဲ”
“ဒါက ရှင့်ကိစ္စမဟုတ်ဘူး”
ရှင်းရာက ရှက်ရွံ့စွာနှင့် ခေါင်းငုံ့ပြီးပြောလိုက်တယ်။
အမေလင်း :”မင်းရဲ့ဇနီးသည်က ဒီရက်ပိုင်း နေထိုင်ရသိပ်မကောင်းဘူးဖြစ်နေတာ၊ မနက်ဖန် အဲဒါရှိနေပြီလားလို့ သွားစစ်မလို”
“ တကယ်လား၊ ကျွန်တော် အဖေတစ်ယောက်ဖြစ်တော့မှာပေါ့! အရမ်းကောင်းတာပဲ!”
လင်းဟိုင်က ရှင်းရာကို ရုတ်တရက် ပွေ့ဖက်လိုက်လေတယ်။
အပြင်ဘက်မှာရှိနေတဲ့ လင်းရှန်နှင့် လင်းကျင်းတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တစ်ချိန်တည်း တွေးတောမိခဲ့ကြတယ်။
သူတို့ မျှော်လင့်နေတဲ့ တူမငယ်တွေက တစ်ခါတည်းနှစ်ယောက်လာတော့မှာလား?
“အိုး ၊ ခွေးကောင်လေး၊ သူမကို အမြန် လွှတ်လိုက်စမ်း
အမေလင်းက ထိတ်လန့်သွားပြီး လင်းဟိုင်ကို အမြန်လွှတ်ခိုင်းလိုက်ရတယ်။
လင်းဟိုင်က သူ့လက်ကို ပြန်လွှတ်ပေးလိုက်ပြီး ခေါင်းကိုကုတ်လိုက်တယ်။
“ ဒါဆို အခု အလုပ်ရှုပ်တော့မှာပေါ့၊ ကျွန်တော် ပြန်သွားရင် အဝတ်အစားနည်းနည်းလောက် လုပ်ရမယ်”
“…”
လူတိုင်းက သူအရင်က လုပ်ထားတဲ့ အဝတ်အစားစတိုင်ကို တွေးလိုက်မိပြီး တိတ်ဆိတ်သွားကြတယ်။
လင်းဟိုင်: “ကျွန်တော် မကြာသေးခင်တုန်းက အပ်ချုပ်နည်းစာအုပ်တစ်အုပ်ကို ဝယ်ခဲ့တယ်၊ အဲဒီထဲမှာ ပုံစံတွေ အများကြီး ပါလို့ အမျိုးမျိုး ဖန်တီးနိုင်လိမ့်မယ်၊ စိတ်မပူပါနဲ့၊ ကလေးတွေက နှစ်တိုင်း အဝတ်အစားအသစ်တွေ ဝတ်ရလိမ့်မယ်!”
ဆုဆု ပြောစရာစကားပျောက်နေရတယ်။
“စက်ရုံမန်နေဂျာဖြစ်တဲ့ မင်းက ဘယ်လိုလုပ် အဲလောက်အချိန်ရနိုင်မှာလဲ”
“ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကလေးရဲ့အဝတ်အစားကိုတော့ သေချာပေါက်ရအောင်လုပ်ရမယ်!”
လင်းဟိုင်က လေးလေးနက်နက်ပြောလာခဲ့ကာ ဆုဆုကို ရယ်မောမိစေခဲ့တယ်။
ပြောရရင် သူမ ကလေးရဲ့အဝတ်အစားတွေက တကယ်ကို မရိုးသွားခဲ့ဘူး။ လင်းဟိုင်က မကြာခဏ တစ်ထည် ၊နှစ်ထည် ပို့ပေးတတ်တယ်။
အခု ပိုက်ဆံရှိနေပြီဖြစ်လို့ ပစ္စည်းကောင်းတွေ ဝယ်နိုင်ပေမဲ့ နောက်ဆုံးတော့ ကလေးတွေရဲ့အဝတ်အစားဆိုတာက ပုံစံတွေ အများကြီးရှိတာမဟုတ်ဘဲ အတူတူနီးပါးတွေပဲလေ။
ဒီတော့ ဆုဆုက ကလေးအတွက် အဝတ်အစားတွေကို ဂျီးမများပဲ ရှိတာတွေကို ဝတ်ပေးတတ်တယ်။
ဒါပေမယ့် ကလေးက မိန်းကလေးလား ယောကျ်ားလေးလားဆိုတာကို မသိဘဲ မွေးလာဦးမှာကို တွေးမိတော့ မိန်းကလေးဖြစ်သင့်ပြီလို့ တွေးမိတယ်။ ယောက်ျားလေးထပ်မွေးခဲ့ရင် သူမမှာ တကယ်ကိုဖိအားတွေများလိမ့်မယ်။
ကံကောင်းစွာနှင့် အမေလင်းက ဒီတစ်ကြိမ်မှာ အဝတ်အစားကို မိန်းကလေးဝတ်၊ယောကျ်ားလေးဝတ်မဟုတ်ဘဲ နှစ်မျိုးလုံးဝတ်လို့ရတာတွေ ချုပ်သင့်ကြောင်းပြောလာတယ်။
လင်းဟိုင်: “ယောက်ျားလေးဝတ်နှင့် နဲ့ မိန်းကလေးဝတ် အဝတ်အစားတွေက မတူဘူးလေ၊ မိန်းကလေးတွေအတွက်က ပိုပြီး အလှဆင်ရမယ်”
ဒါပေမယ့် အနှီးတွေရှိတဲ့အတွက် ယောက်ျားလေးရော မိန်းကလေးရော အဆင်ပြေပြေနဲ့ ဒုက္ခကင်းတဲ့ ဘောင်းဘီရှည်ကို ၀တ်လို့ရတယ်။
သူက သူ့မရီးကို ရှင်းရာနှင့်အဖော်ပြုခိုင်းဖို့ မလုပ်နိုင်တာကြောင့် ဆက်ပြောလိုက်တယ်။
“မနက်ဖြန် မရီး အလုပ်သွားလို့ရပါယ်၊ ကျွန်တော် အားရာနဲ့ သွားလိုက်မယ်”
အမေလင်း: “မင်းရဲ့မရီးလည်း မနက်ဖန်စစ်ဆေးဖို့လုပ်ထားတယ်၊ သူ့မှာလည်း ရှိနေပုံရတယ်။”
“ဘာလဲ?”
“အဲဒီ ဘာလဲပဲ?”
“အာ... ဂုဏ်ပြုပါတယ် မရီး”
“ငါ့ကို ဂုဏ်မပြုနှင့်တော့”
ဆုဆုကတော့ တကယ်ကိုပင်ပန်းနေပြီ။
လင်းဟိုင် : “ဒါဆို သူတို့ နှစ်ယောက် တည်းသွားရင် စိတ်ပူနေရလိမ့်မယ်၊ မနက်ဖြန် ကျွန်တော်လည်းလိုက်သွားဖို့ ခွင့်ယူလိုက်မယ်”
“ကောင်းပြီ ၊ မင်းလည်းလိုက်လို့ရရင် အကောင်းဆုံးပဲ”
အမေလင်းလည်း လိုက်ချင်ပေမယ့် သူမက နေရာတွေနှင့်မရင်းနီးသေးတာကြောင့် အနှောင့်အယှက်ဖြစ်စေလိမ့်မယ်။
အိမ်မှာပဲနေပြီး အထုပ်အပိုးဖြေတာကောင်းပါတယ်။
ညစာစားပြီးနောက် လူတိုင်းက အိမ်ကိုပြန်သွားခဲ့ကြတယ်။
နောက်နေ့မှာတော့ ဆုဆုနှင့် ရှင်းရာက အတွေးကိုယ်စီနှင့် ဆေးရုံသို့ သွားခဲ့ကြတယ်။
ဆုဆုက သံသယဝင်နေသေးပေမဲ့လည်း အဆုံးမှာတော့ သူမက အနည်းငယ် မျှော်လင့်နေသေးတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်ကာလမှာ သားဆက်ခြားမှု အစီအစဉ်တွေက တင်းကျပ်လာနေပြီဖြစ်လို့ပဲ။
ဒါမှမဟုတ် ကလေးမွေးပြီးရင် ပိုလို့တောင် တင်းကျပ်လာတော့မှာဖြစ်နိုင်တယ်။
ဒါကြောင့် ရလဒ်ကို စောင့်ဆိုင်းနေတဲ့အချိန်မှာ ပထမအကြိမ်ထက်တောင် ပိုလို့ စိတ်လှုပ်ရှားလာရတယ်။
ရှင်းရာကလည်း သူမအနားမှာရှိပြီး သူမကတော့ မျှော်လင့်နေခဲ့တယ်။
ခဏကြာပြီးနောက် သူနာပြုဆရာမက ထွက်လာပြီး သူတို့ရဲ့နာမည်တွေကို ခေါ်လာခဲ့တယ်။ အရင်တုန်းကလို့ တူညီတဲ့ ရလဒ်တွေကို မြင်ပြီးတဲ့ နောက်မှာတော့ သူတို့နှစ်ယောက်လုံး အသံထွက်အောင် အော်လိုက်မိကြတယ်။
စိတ်တိုလိုက်တာ! သူမ လင်းချွမ်ကို တကယ်ရိုက်ချင်နေပြီ!
“ယောက်မ၊ ကျွန်မ.. ကျွန်မတို့မှာရှိနေတယ်”
“အင်း”
“အိမ်ပြန်ရအောင်! အမေ့ကို ဂုဏ်ပြုပွဲလုပ်ဖို့ ပြောရမယ်”
“ငါကတော့ မင်းအကိုကြီးကို တကယ်ကြီးရိုက်ချင်ပြီလို့ထင်တယ်”
“ကောင်းပြီ၊ သူ အခုအိမ်မှာမရှိသေးဘူး၊ ဒီတော့ အမေ့ဆီကိုပဲ ပြန်သွားအောင်”
လင်းဟိုင်က စီးကရက်သောက်တာကနေပြန်လာပြီး လူတိုင်းကို ပြောပြချင်နေခဲ့တယ်။
“အင်း သွားရအောင်”
လင်းဟိုင်တို့က ပျော်ရွှင်ကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ကြတယ်။
ဆုဆုက အနည်းငယ်စိတ်ဆိုးနေပေမဲ့ အိမ်ကိုရောက်ပြီးနောက် အမေလင်းနှင့် အဖေလင်းရဲ့ ပျော်ရွှင်တဲ့ အမူအရာတွေကို မြင်လိုက်ရတော့ နေရတာ ပိုကောင်းတယ်လို့ တွေးလာမိတယ်။
ဘာပဲဖြစ်ဖြစ် တစ်ယောက်မွေးပြီးပြီပဲ။ နှစ်ယောက်မွေးတာလည်း မကွာလောက်ပါဘူး။
အခုလိုကိစ္စကြီးဖြစ်လာပြီး အမေလင်းက လိုက်ပါစောင့်ကြည့်ပေးဖို့ပြောလာတယ်။
အန်တီယဲ့ကိုတော့ အသက်တစ်နှစ်သားအရွယ်လေးကိုပဲ ဂရုစိုက်ခိုင်းလိမ့်မယ်။ ကလေးထိန်းတစ်ယောက်လုပ်ဖို့က ခက်ခဲလွန်းတယ်လေ။
ဆုု ညစာစားပြီး အိမ်ကိုပြန်ရောက်တော့ လင်းချွမ်က ဂျစ်ကားပေါ်ကနေ ဆင်းလာတာကို တွေ့လိုက်ရတယ်။ အခုချိန်မှာ သူ့ရဲ့ အသွင်အပြင်ကလည်း ပြောင်းလာခဲ့ပြီး ပိုမိုရင့်ကျက်လာကာ ဆောင်းရာသီအတွင်းမှ ထင်းရှူးပင်တွေလိုမျိုးပဲ။
ဆုဆုက သူမရဲ့ခင်ပွန်းသည်ကို သဘောကျနေရင်းကနေ တစ်ဖက်လူဆီကို လျှောက်သွားလိုက်တယ်။
“လင်းချွမ်၊ ရှင် ဘယ်လိုလုပ်ပြီး ပြန်လာရဲတာလဲ”
လင်းချွမ်ရဲ့ လေးနက်မှုအပြည့်နှင့် မျက်နှာက ချက်ချင်းဆိုသလို နူးညံ့သိမ်မွေ့လာခဲ့ပြီး ဆုဆုကို ထောက်ပံ့ပေးဖို့အတွက် အရှေ့ကိုပြေးလာခဲ့တယ်။
“ဇနီးလေး၊ သတိထားပြီး သွားလာလေ”
ဆုဆု ဒေါသတကြီးနှင့် မျက်လုံးလှိမ့်လိုက်တယ်။
အစောင့်တပ်သားလေးရှိနေလို့သာ မဟုတ်ရင် သူမ သူ့ကို ကန်ထုတ်လိုက်ပြီးပြီ။
“ကျွန်မနဲ့လိုက်ခဲ့”