အခန်း (၁၇၉)
Vol. 18 Ch. 179
ကျီဖေးသည် ယခုအချိန်တွင် များစွာပြောင်းလဲသွားသော် လည်း ချင်ကျောက်သည် နောက်ဆုံးအခေါက်က အတန်းဖော်ဟောင်းများပြန်တွေ့ဆုံပွဲကို မှတ်မိနေသေးသည်။
ထိုသည်မှာ ချင်ရှန့်နှင့် ကျီဖေးတို့လက်ထပ်မှတ်ပုံတင်ရပြီးနောက် ပထမဆုံးအတန်းဖော်ဟောင်းများပြန်ဆုံပွဲဖြစ်သည်။
ချင်ရှန်းတို့သည် အမည်ခံဇနီးမောင်နှံများဖြစ်သော်လည်း ချင်ရှန့်သည် ကျီဖေးကို လေးစားသောအနေဖြင့် ထိုသို့သောပွဲမျိုးကိုအတူတက်ရောက်လေ့ရှိသည်။
ထိုအခါက ကျီဖေးသည် ချင်ရှန့်၏အသိုင်းအဝိုင်းရှိ လူများ၏ အာရုံစိုက်မှုခံထားရသဖြင့် ထိုသို့သောအတန်းဖော်ဟောင်းများ တွေ့ဆုံပွဲတွင် အတင်းအဖျင်းများပုံကျရာဟုလည်းဆိုနိုင်ပေသည်။
ထိုစဉ်က ကျီဖေးသည် ဇနီးတစ်ယောက်ဆိုသည့် ရာထူးကို အခိုင်အမာထုတ်ပြခဲ့သဖြင့် အခြေအနေများသည် ခန့်မှန်းထားသလိုပင်။
ချင်ရှန့်၏ ညီအကိုများစွာသည် နိုင်ငံရပ်ခြားမှပြန်ရောက်သည် နှင့် ထိုသို့မျှော်လင့်မထားသော အိမ်ထောင်ရေးကိုကြားလိုက်သောအခါ သူတို့ဘော်ဒါကြီးမှာ အကွက်ချခံရသည်ဟုယုံ ကြည်သဖြင့် ကျီဖေးကိုကြည့်မရကြချေ။ သို့သော် ချင်ရှန့် မျက်နှာကြောင့် အပြင်ပန်းတွင် ယဉ်ကျေးစွာဆက်ဆံသော် လည်း ပြီးစလွယ်ဆက်ဆံခြင်းမျိုးဖြစ်သည်။
ချင်ရှန့် ပုံမှန်အားဖြင့် အေးတိအေးစက်သာ နေတက်မှုနှင့် ကျီဖေး၏အလွန်အမင်း အာရုံစိုက်ခံချင်မှုတို့သည် လေထုနှင့် အံဝင်ခွင်ကျမဖြစ်တော့ဘဲ ကသိကအောက်ဖြစ်လာခဲ့သည်။
ထိုစဥ် တစ်ယောက်ယောက်သည် တက္ကသိုလ်ကျောင်းတက်တုန်းက အမှတ်ရစရာတစ်ခုကို အမှတ်တမဲ့ပြောနေရင်း "ဒါနဲ့ ယုကျစ်..."
သူ စကားမှားသွားမှန်း သဘောပေါက်လိုက်ချိန် လျင်မြန်စွာ ရပ်လိုက်ကာတောင်းပန်လိုက်သော်လည်း ကျီဖေးသည်တော့ စိတ်လွတ်သွားပြီဖြစ်သည်။
သူမသည် ထိုအတန်းဖော် အမျိုးသမီး၏မျက်နှာကို အရက်ဖြင့်ပတ်လိုက်ရုံသာမက ၎င်းကို ကာကွယ်ပေးရန် ရောက်လာသောအမျိုးသားကိုလည်း ပါးပိတ်ရိုက်ခဲ့သည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် သူ့အား ဆူပူကြိမ်းမောင်းလာချိန်တွင် သူမတ်တပ်ရပ်လိုက်ကာ စားပွဲကိုလှန်လိုက်ပြီးကျိန်ဆဲတော့ သည်။ ချင်ရှန့် သူမအား လုံးဝမတားနိုင်ခဲ့ပေ။
ဤသို့ဖြင့် ပြန်လည်ဆုံစည်းမှုအခမ်းအနားသည် လုံးဝပျက်စီးစေကာ လူတိုင်းကိုအရှက်ရစေပြီး ဒေါသထွက်စေခဲ့သည်။ ချင်မိသားစု၀င်များသည် သူ့တို့လူသူတို့ ကာကွယ်ရာတွင် နာမည်ကြီးသည်ဖြစ်ရာ ချင်ရှန့်လည်း သူမကိုယ်စား တောင်း ပန်ပြီး ကျီဖေးကိုခေါ်ကာအမြန်ထွက်လာခဲ့သည်။
ကျီဖေးသည် ငိုယိုကာအိမ်သို့ပြန်လာပြီး ချင်ရှန်း၏ညီအစ်ကိုများသည် သူမကိုနှိမ်သည်ဟုသာယုံကြည်ဆဲပင်။ သူမသည် အိမ်တစ်ဝိုက်ရှိ ပစ္စည်းများကိုဖျက်စီးခဲ့သဖြင့် မိသားစုတစ်ခုလုံး၏တိတ်ဆိတ်မှုသည် ပျက်ပြားခဲ့သည်။
ထို့နောက် ချင်ရှန့်သည် အတန်းဖော်ဟောင်းပြန်ဆုံသည့်အချိန်တိုင်းဖိတ်ကြားချက်အားလုံးကိုငြင်းပယ်ခဲ့သည်။
သို့သော်ယခုတစ်ကြိမ် လောဖေးသည် ချင်မိသားစုနေအိမ် တွင် ကျီဖေးအား ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်ခဲ့သည်။ မကြာသေးမီက အဖြစ်အပျက်များကြောင့် ကျီဖေးအပေါ် လောဖေး ၏အမြင်ကိုပြောင်းလဲစေခဲ့ပြီး ၎င်းသည်စစ်မှန်သောဖိတ်ကြား ချက်တစ်ခုဖြစ်နိုင်သည်။
သို့သော် နောက်ဆုံးအခေါက်က သိပ်အဆင်မပြေခဲ့ချေ။
ကျီဖေး ဘယ်လိုတွေးနေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ - သူ့ ကိုယ် သူ နောက်ဆုံးအကြိမ်က အရမ်းလွန်သွားတယ်လို့ ထင်ပြီးပြီး ဒုတိယအစ်ကိုရဲ့အတန်းဖော်တွေကို တောင်းပန်ပြီးပိုအဆင်ပြေအောင် ကြိုးစားချင်နေတာလား ?
ချင်ကျောက်သည် အတန်းဖော်အများစုအတွက် သိပ်စိတ်မပူသော်လည်း သူ့ဒုတိယအစ်ကို၏ သူငယ်ချင်းအချို့မှာအတော် လေးဒေါသကြီးသည်။ နောက်ဆုံးအကြိမ်က ပဋိပက္ခကြီးပြီးနောက် ဤတွေ့ဆုံလည်း ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ ??
ကျီဖေးသည် ပြန်လည်တွေ့ဆုံပွဲသို့တက်ရောက်မည်ကိုသိသဖြင့် တစ်မိသားစုလုံးစိတ်ပူပြီး ၎င်းတို့၏သီးသန့် group chat တွင် ဆွေးနွေးဆဲဖြစ်သည်။
ထို့ကြောင့် ချင်ကျောက်သည် ကူကယ်ရာမဲ့စွာ တွေးမိလိုက်သည်။ သူသာကျီဖေးဖြစ်ပါက ထိုလူများနှင့်ထပ်တွေ့ချင်မှာမဟုတ်ပေ။ လောဖေးကဲ့သို့ တစ်ယောက်ခြင်းသာ တွေ့လျှင်အဆင်ပြေသော်လည်း အတန်းဖော်ဟောင်းများကိုတစ်စုလိုက် ကြီးမြင်ရပါက... တွေးကြည့်ရုံနှင့်ပင် သူ့ခြေထောက်များတုန်ရီလာသည်။
ထိုအချိန် ချင်ရှန့်သည် ကိစ္စအားလုံးကို ဖြေရှင်းပြီးသည်နှင့် ကျန်သည့်ကိစ္စလေးများကို သူ့လက်ထောက်ထံ အပ်လိုက်ပြီး ကျီဖေးထံသို့ လျှောက်လာကာ "ငါတို့ သွားဖို့ အဆင်သင့်ဖြစ်ပြီ"
ကျီဖေးသည် သူ့အသံကိုကြားမှ တွေ့ဆုံပွဲကိုအမှတ်ရကာ သူ့ စတူဒီယိုအတွက် အလုပ်သမားများထပ်မံခေါ်ယူရန် စဉ်းစားနေခဲ့သည်။
သူမ ချက်ချင်းထရပ်ကာ စိတ်လှုပ်ရှားနေပုံရသည်။
ချင်ကျောက် သံသယဖြစ်စွာမေးလိုက်သည်။
"မရီး... ဒုတိယအစ်ကိုရဲ့ အတန်းဖော်ဟောင်း တွေ့ဆုံပွဲအ တွက် စိတ်လှုပ်ရှားနေတာလား" သူမ နောက်ဆုံးအကြိမ်က လုပ်ခဲ့သည်များကို မမေ့သည့်ပုံပင်။
ကျီဖေး ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်တော့တက်ကြွနေသည်။
[ဘယ်က အတန်းဖော်ဟောင်းတွေ့ဆုံပွဲလဲ? ဒါ ဒရာမာအခမ်း အနားကြီးဟ! အိုးမိုင်ဂေါ့! ငါ နောက်ဆုံးတော့ အရည်ရွှမ်းရွှမ်း ဖရဲသီးကြီးကိုအနီးကပ်ကြည့်နိုင်တော့မယ်၊ ချင်ရှန့်ရဲ့ ဘော်ဒါတွေ! အားရားးး ဒရမ်မာအိုးကြီး ပေါက်ကွဲထွက်လာတော့မယ် ဟီးဟီး]
သူ၏ထိန်းမရသောအပြုံးသည် စိတ်လှုပ်ရှားမှုကိုပိုထင်ရှား စေသည်။
ချင်ရှန့်:...သူ့ စိတ်ထဲရှိတာ အတင်းအဖျင်းပဲလား ? သူထင်တာက... ခဏ သူ့ဘော်ဒါတွေက အဲ့လောက်တောင်.... ဒရမ်မာတွေပြည့်နေလို့လား ?
ချင်ကျောက်: ဘာလို့ အဲ့ကိစ္စဆီရောက်သွားတာလဲ ? ငါအရမ်း သိချင်နေပြီ! ဘယ်လောက်တောင် အရည်ရွှမ်းလိုက်မလဲ?
[သူ့ ဘော်ဒါထဲက တစ်ယောက်ဆိုရင် ရည်းစာဟောင်းကောင် မလေးက မရီးဖြစ်လာတယ်တဲ့လေ၊ နောက်တစ်ယောက်ဆို သူ့ရဲ့လရောင်လေးကိုအစားထိုးဖို့ ပြုစုပျိုးထောင်ထားပေမဲ့ တကယ်တမ်းတော့ ငွေပေး ငွေယူသက်သက်ပဲ၊ နောက်တစ်ယောက်ကလည်း ဝမ်းကွဲနဲ့ လက်ထပ်တော့မယ်၊ နောက်တစ်ယောက်ဆို သူ့အဖေအရွယ်လောက်ရှိတဲ့သူကြီးနဲ့ လက်ထပ်တော့မှာတဲ့၊ သူတို့နဲ့ယှဉ်ရင် လောဖေးက ပုံမှန်အဖြစ်ဆုံးပဲ၊ သူ့ကောင်မလေးကလည်း ကိုယ်၀န်လွယ်ထားရတယ်ဆိုပဲ ! အမလေး! ဘယ်နေရာကြည့်ကြည့် ပြွတ်သိပ်နေတဲ့ ဖရဲသီးတွေပဲဟေ့!]
ချင်ရှန့်: ...နေပါဦး ဘာ ? သူ ပြောနေတာ ဘယ်သူတွေလဲ ?
ချင်ရှန့် အများအားဖြင့် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိသော်လည်း ထိုအ ကြောင်းလောက်ကိုတော့ သူ သိသင့်သည်။ မျိုးရိုးမြင့်လူတန်း စားများတွင် ပျံ့နှံ့နေပြီဖြစ်သော မိန်းကလေးငယ်တစ်ဦးနှင့် သူ၏လက်ထပ်ထားသော ခင်ပွန်းမှာ အဖေအရွယ်လောက်ရှိသည်ဟူသော သတင်းမှလွဲရင် တစ်ခြားသတင်းတွေက ဘာတွေလဲ ?
ချင်ရှန့်သည် ကျီဖေးမှာ အခြားသူများ၏ အတန်းဖော်ဟောဂ်း ပြန်ဆုံပွဲအကြောင်းပြောနေတာလားဟုပင် တွေးမိသည်။
မဟုတ်မှလွဲရော သူ့ဘော်ဒါတွေအစား တစ်ခြားသူအကြောင်းပြောနေတာများလား ?
ချင်ကျောက် မျက်လုံးများပြူးကျယ်သွားသည် : ဘာ ? ဘာကြီး! သူ့ အစ်ကိုရဲ့သူငယ်ချင်းတွေမှာ ဒီလိုဆိုးရွားတဲ့ ဖရဲသီးအပုတ်တွေရှိနေတာလား?!
သူ လူကိုယ်တိုင်တောင်သွားကြည့်ချင်လာပြီ။
သို့သော် စိတ်မကောင်းစွာ ယခုလိုစုဝေးမှုမျိုးတွင် သူ ခိုးဝင်လို့ပင်မရချေ။ ချင်ကျောက်ထံ တခြားရွေးချယ်စရာမရှိတော့ပဲ မိသားစုဂရုချတ်ထဲတွင် သူကြားခဲ့သည်များကိုမျှဝေနေခဲ့သည်။
မျှဝေခြင်းသည် ပျော်ရွှင်မှုကိုနှစ်ဆတိုးစေသည်။
ချင်မိသားစုဝင်များသည် သူပြောပြသည့် အတင်းအဖျင်းများကိုနားထောင်နေသော်လည်း ကိုယ်တိုင်မကြည့်ရသဖြင့်: မင်းက ပျော်ရွှင်မှုကို ဝေမျှတာရောဟုတ်ရဲ့လား ?
ထိုအချိန်တွင် ချင်ရှန့်သည် ကျီဖေးနှင့်အတူ မှင်တက်စွာထွက်လာခဲ့သည်။
သူတို့ရောက်လာတာ အတော်လေးနောက်ကျသဖြင့် ချင်ရှန့်၏ ဘော်ဒါ အများစုကရောက်နှင့်နေပြီဖြစ်သည်။
လောဖေးသည် သူ့ရည်းစားနှင့် အတူရောက်လာသောအခါ စားပွဲရှိ လူတိုင်း၏အာရုံစိုက်မှုကိုခံထားရသည်။
အတန်းဖော်ဟောင်းများပြန်လည်တွေ့ဆုံပွဲမှာပင် ကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများရှိနေဆဲပင်။
၎င်းတို့၏စားပွဲဝိုင်းသည် ဂုဏ်သိက္ခာအရှိဆုံးနှင့် အကျော်ကြားဆုံးအုပ်စုဟုသတ်မှတ်ခံရသည်။
လောကျောက်၏မျက်နှာသည် ဖော်ရွေမှုမရှိဘဲ ဦးစွာထုတ်ပြောလာသည်။
"မင်း ခေါင်းချောင်သွားလား ? မင်း တကယ်ပဲ ချင်ရှန့် သူ့အိမ်ကဘီလူးမကြီးကိုပါခေါ်လာတာလား?"
လောကျောက် နံဘေးတွင်ထိုင်နေသည့်ရွှမ်ရီက "လောကျောက် သူ ချင်ရှန့်ရဲ့မိန်းမဖြစ်နေတုန်းပဲ၊ သူ့ကို ဒီကိုခေါ်လာတာ ယဉ်ကျေးရာမရောက်ဘူး"
လောကျောက် စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်ပြီး "ဒါက အတန်းဖော်ဟောင်းပြန်ဆုံပွဲပဲ၊ မင်းက အတန်းဖော်တွေဘက်ကရပ်တည်မှာလား ခယ်မဘက်ကရပ်မှာလား ? မင်းရဲ့ စကားတွေကိုဟောပြောပွဲအတွက်ပဲ သိမ်းထားစမ်းပါကွာ"
ရွှမ်ရီ၏ အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
ရောက်လာသူအချို့တွင် သူတို့ထင်မြင်ချက်ဖြင့် သူတို့ရှိကြ သော်လည်း အချို့သည်တော့ လောကျောက်လိုမျိုးလှောင် ပြောင်ကြသည်။
ယွီယွဲ့ : "ဘာဖြစ်လို့လဲ ? ငါတို့ အတန်းမော်နီတာက ခယ်မနဲ့ အခုထိအဆင်မပြေသေးဘူးလား ? နှစ်နှစ်တောင်ကျော်ပါပြီကွာ၊ မင်း ဒါနဲ့ပဲ ကိုင်ပေါက်နေတုန်းလား"
သို့သော် သူ့ရည်းစား ပိုင်ရှောင်းရှီသည် အရိပ်အကဲမကြည့်တက်စွာရယ်မောလျက် "ငါ မှတ်မိတာတောင်မှန်တယ်ဆို ရွှမ်ရီစကားမှားသွားတုန်းက ကျီဖေး အရက်နဲ့ပတ်လိုက်တာမလား ? အဲ့တုန်းက နင် သူ့အတွက် အရင်ဆုံးကာကွယ်ပေးခဲ့တာလေ၊ ဒါနဲ့ ပါးတောင်အရိုက်ခံလိုက်ရသေးတယ် ဟုတ် ? ငါသိပြီ.. နင်က သူ့ကိုခယ်မတစ်ယောက်အနေနဲ့ လက်မခံပေမဲ့ မိသားစုအနေနဲ့တော့ တွေးတုန်းပဲဟုတ်? လောကျောက် နင်တော့ တကယ်နေရခက်နေမှာပဲ ဟားဟား"
အခြားသူများကမူ အခြေအနေကိုနားမလည်သောဇနီးမောင်နှံအား ဒေါသတကြီးဖြင့်ကြည့်နေကြသည်။
"ပါးစပ်ပိတ်ထား"
လောကျောက် အေးစက်စွာပြောလိုက်သည်။
ချီလီသည် တိတ်ဆိတ်စွာထိုင်နေသော မိန်းကလေးကို လက်တစ်ဖက်ဖြင့်ဖက်လိုက်ပြီး ကျန်လက်တစ်ဖက်သည် လောဖေးကိုလက်ညှိုးထိုးလျက် "သူ စစ်ခွေးကို ငှားပေးလိုက်တဲ့အချိန်ထဲက ငါတို့ကို သစ္စာဖောက်သွားတာပဲ"
စစ်ထင်သည် ထိုအရာကိုကြားချိန်ဖုန်းကိုင်လျက် "ငါ အဲ့ရှိုးကိုကြည့်ပြီးပြီ၊ ကျီဖေး ရှိုးမှာသေချာသရုပ်ဆောင်ခဲ့လို့တော် တော်လေးချီးကျုးခံရတာပဲ၊ သူက အခုဆိုရင် အနုပညာလောကထဲရေပန်းစားနေပြီ၊ သူ့ အဆင့်အတန်းလည်း အရမ်းကိုမြင့်နေပြီ၊ ကြည့်ရတာ ပြောင်းလဲသွားတဲ့ပုံပါပဲ"
"ဒါက ရှိုးပွဲအတွက်ပဲလေ၊ မင်းရဲ့စေ့စပ်ထားသူကလည်း အနုပညာလောကကပဲ မဟုတ်ဖူးလား ? ဒါတွေ အားလုံးက အတုအယောင်တွေလို့ မင်းကို မပြောပြဘူးလား။"
လောကျောက် မထီမဲ့မြင်ပြောလိုက်သည်။
စမ်ထင်သည် မငြင်းခုံတော့ပဲ ဒီအတိုင်းသာ ထားလိုက်သည်။
ကျင်းရန်သည် စမ်ထင် နံဘေးတွင်ထိုင်နေလျက် သူ့ကောင်မ လေးအားထိုင်ရန်ကူညီပေးနေသော လောဖေးကိုစိုက်ကြည့်ကာ
"အရင်က သူ့ကိုအမုန်းဆုံးလူက နင် မဟုတ်ဘူးလား"
လောဖေးသည် ကျီဖေးနှင့် သဘောထားချင်း မတိုက်ဆိုင်ရုံသာမက သူမအား အမုန်းဆုံးသူဖြစ်သည်။