အခန်း ၁-၃
Vol. 1 Ch. 1-3
အပိုင်း (၁)- ကြီးကျယ်မြင့်မြတ်သောကျင့်ကြံခြင်းခေတ် …
“ခေတ်သစ်ကျင့်ကြံခြင်း သဘောတရားမှာတော့ စစ်မှန်တန်ခိုးလို့ပဲခေါ်ခေါ် အတွင်းအားလို့ပဲခေါ်ခေါ် နှစ်ခုစလုံးကတော့ သဘာဝတရားကလာတဲ့တန်ခိုးများဖြစ်တယ်။ သူတို့က လေထုကိုဖြတ်ပြီး မထွက်လာဘူး။ မိုးကောင်းကင်နဲ့ မြေကြီးကိုဆက်သွယ်ထားတဲ့အချိတ်အဆက်ကိုမချိုးဖြတ်နိုင်သရွေ့ လေထဲမှာစီးဆင်းနေတဲ့ စွမ်းအင်တွေကိုစုပ်ယူနိုင်တဲ့ မွေးရာပါတန်ခိုးရှင်အဆင့်မရောက်သရွေ့တော့ မင်းရဲ့ကျင့်ကြံခြင်းကနေထုတ်ပေးတဲ့ စစ်မှန်တန်ခိုးဆိုတာ မင်းရဲ့ခန္ဓာကိုယ်ထဲက ထွက်လာခဲ့တာဖြစ်တယ်။ မင်းရဲ့ စစ်မှန်တန်ခိုးကုန်ဆုံးခဲ့လျှင် မင်းရဲ့ကိုယ်တွင်းတန်ခိုးတွေကို အသုံးပြုလိုက်တယ်ဆိုတဲ့သဘောသက်ရောက်တယ်။ မင်းသာအချိန်မှီပြန်လည် မဖြည့်နိုင်လျှင် မင်းရဲ့ခန္ဓာကိုယ်အားယုတ်လာလိမ့်မယ်”
တည်ငြိမ်သမုဒ္ဓရာမြို့၏ အမှတ်တစ်ဆယ့်သုံးအထက်တန်းကျောင်း၏ အခန်းနံပါတ် ၁၁မှာ ခန့်မှန်းခြေ အသက်သုံးဆယ်အရွယ်ရှိသော အမျိုးသားတစ်ဦးက ဟောပြောပို့ချနေသည်။သူ၏ သန့်ရှင်းသပ်ရပ်သော အနက်ရောင်အဝတ်အစားများက သိုင်းပညာရှင်တစ်ဦး၏ ဝတ်စုံများဖြစ်သည်။ အခန်း၏ အလယ်တည့်တည့်တွင် ကြီးမားသောဖျာတစ်ခုရှိနေပြီး သူသည် ဖျာ၏ အလယ်မှာမတ်တပ်ရပ်နေသည်။
သူ၏ ပတ်လည်တွင် လူငယ်အယောက်ငါးဆယ်ကျော် ထိုင်နေကြပြီး သူတို့အားလုံးသည် အခန်းနံပါတ် ၁၁၏ ကျောင်းသားများ ဖြစ်ကြသည်။ ထိုကျောင်းသားများသည် အသက် ၁၆၊ ၁၇ အရွယ် ရှိသော ယောကျာ်းလေးနှင့်မိန်းကလေးများဖြစ်ကြသည်။ တစ်ဦးချင်းစီကလည်း သိုင်းလောက ဝတ်စုံများ ဝတ်ဆင်ထားကြသည်။
ကျောင်းသားများထဲတွင် အသက်၁၅၊ ၁၆အရွယ်ရှိသော လူငယ်လေးတစ်ဦးသည် ချောင်ကျသောနေရာမှာ ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်သည် ကြီးထွားသည်ဟု ထင်ရသော်ငြား သူ၏ မျက်နှာသည် ညှိုးငယ်နေသည်။
ကျောင်းသားများထဲတွင် သူသည်သာမန်နှင့်မထင်မရှားကျောင်းသားဖြစ်သည်။
ချူးယွင်ဖန်သည် အလယ်တည့်တည့်မှာရှိနေသောလူကို စိုက်ကြည့်နေသည်။ သူသည် အခန်း ၁၁၏ သိုင်းပညာဆရာဖြစ်သော ကျင်းဝူဖြစ်သည်။ သူသည် စစ်တပ်၏အထူးတပ်ဖွဲ့မှ အနားယူခဲ့သည်ဆိုသော ကောလဟာလများလည်းရှိသည်။ သူ စစ်မှုထမ်းစဉ်ကာလတစ်လျှောက် များစွာအကျိူးပြုခဲ့သည်။ သို့သော်လည်း သူသည် ဘာကြောင့်အနားယူခဲ့ပြီး နံပါတ် တစ်ဆယ့်သုံးအထက်တန်းကျောင်းတွင် စာသင်ကြားနေရသော အကြောင်းရင်များကိုမည်သူမျှ မသိကြပေ။ သူသည် ကျင့်ကြံခြင်းနှင့်ပတ်သက်သော အခြေခံသဘောတရားများကို သင်ကြားပေးသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။
“ဒါကြောင့်မို့ ရှေးတုန်းကလူတွေပြောခဲ့တာက ဆင်းရဲတဲ့လူတွေက စာပေကျမ်းဂန်တွေသင်နေချိန်မှာ ချမ်းသာတဲ့လူတွေက သိုင်းပညာသင်ကြားကြတယ်။ ဘာလို့ လူချမ်းသာတွေက သိုင်းပညာသင်ယူကြတာလဲ”
ကျင်းဝူက စကားပြောနေရင်းခေတ္တရပ်လိုက်သည်။ သူသည် ကျောင်းသားတစ်ဦးကို ညွှန်ပြရင်း
“ပြောပါဦး..အကြောင်းရင်း ဘာများဖြစ်မလဲ”
ထိုကျောင်းသားသည် ခေတ္တခဏစဉ်းစားသည်။ ပြီးနောက် သူက
“ဘာလို့လဲဆိုတော့ သိုင်းကျင့်တဲ့ဖြစ်စဉ်က လူတစ်ဦးရဲ့ အသွေးအသားအားအင်တွေကုန်ဆုံးစေတယ်။ ဘာမှ ပြန်လည်မဖြည့်တင်းဘဲနဲ့ ဆက်လက်ကျင့်ကြံနေမယ်ဆို သိပ်မကြာခင်မှာ သေဆုံးသည်ထိဖြစ်လာနိုင်တယ်။ ဖြည့်စွက်စာတွေဖြစ်တဲ့ ဂျင်စင်းတို့ လင်းဇီးမှိုတို့က အရင်တုန်းက အလွန်စျေးကြီးခဲ့တယ်။ သာမန်လူတွေဖို့ ဖြည့်စွက်စာတွေကို မသောက်သုံးနိုင်ဘူး”ဟု ပြန်ဖြေသည်။
“မှန်တယ်…သာမန်ခေတ်တည်းက သိုင်းပညာလေ့လာတဲ့လူတွေရှိခဲ့ပေမဲ့ လူနည်းစုပဲဖြစ်တယ်။ ခွန်လွန်း ခေတ်ထိ သိုင်းပညာသင်တဲ့သူ နည်းနေဆဲဖြစ်တယ်။ လူသားတွေက ခွန်လွန်းဘုံကိုရှာတွေ့ပြီး ရှေးဟောင်းအမြင့်ဆုံးကျင့်ကြံခြင်းကိုရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာတော့ နည်းပညာနဲ့သိုင်းလောကကတစ်ဟုန်ထိုးတိုးတက်လာခဲ့တယ်။ ဥပမာပြောရရင် ဆယ်နှစ် သို့ နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ဂျင်စင်းနဲ့ သစ်ဆွေးမှိုတွေကို ခုတော့ လွယ်လွယ်ကူကူနဲ့ အများကြီးထုတ်လာနိုင်ပြီ။ သာမန်ပြည်သူတွေတောင်မှ ထမင်းစားပြီးရင် ထိုဆေးဝါးတွေကို မှီဝဲသောက်သုံးလာနိုင်တယ်။ ဒါက ကြီးကျယ်မြင့်မြတ်သောကျင့်ကြံခြင်းခေတ်က ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာရယ် ငါတို့တစ်ဦးချင်းတစ်ယောက်ချင်းစီက ဘာကြောင့်မို့ သိုင်းပညာကို
ကျင့်ကြံလာနိုင်လဲဆိုတာပြောပြတာဖြစ်တယ်” ကျင်းဝူသည် ခေါင်းတညိမ့်ညိမ့်လုပ်ကာ ရှင်းပြနေသည်။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ ဦးနှောက်ထဲတွင် သမိုင်းအချိန်တုန်းက သင်ယူခဲ့ရသော ခွန်လွန်းခေတ်၏ အတိတ်အကြောင်းပေါ်လာသည်။ လွန်ခဲ့သောရာစုနှစ်များစွာကြာ သာမန်ခေတ်၏ ၂၀၃၅ခုနှစ်မှာ တောက်ပစွာထွန်းလင်းနေသော ဓားတစ်လက်သည်
မိုးကောင်းကင်ကိုဖြတ်ပြီး စကြာဝဠာကိုထိုးဖောက်ပြီးနောက် အတ္တလန်တိတ်သမုဒ္ဓရာထဲသို့ အဆုံးသတ်မှာကျရောက်လာခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံးမှာ ကြီးမားသောဘေးဒုက္ခအန္တရာယ်များ ကျရောက်လာသည်။ နိုင်ငံပေါင်းများစွာဖျက်စီးခံရပြီး လူသားများလည်း အော်ဟစ်ငိုကြွေးပူဆွေးခဲ့ကြသည်။ ကမ္ဘာ့လူဦးရေလည်း သန်းတစ်ထောင်ထိ ကျဆင်းခဲ့သည်။ ထိုလူအများစုသည် တရုတ်လူမျိုးများဖြစ်ကြသည်။ ထို့ကြောင့် တရုတ်လူမျိုးခေတ်တစ်ခုကိုစတင်ခဲ့ကြသည်။ ဘေးဉပဒ်အန္တရာယ်ကြောင့် ကမ္ဘာ၏ တစ်ဝက်ခန့်ပျက်စီးခဲ့ရပြီး လူသားများသည် နေထိုင်ရန် နောက်ထပ်နေရာတစ်ခုကို စတင်ရှာဖွေခဲ့ကြသည်။ နောက်ဆုံးမှာ ဘေးပုပဒ်ကြောင့်ခံစားရသည့် မျက်ရည်များကြားထဲကပင် ကြီးမားကျယ်ပြန့်ပြီးအဆုံးမရှိသောနေရာတစ်ခုကိုရှာတွေ့ခဲ့ကြသည်။ ထိုနေရာသည် ခွန်လွန်းကွင်းပြင်ကျယ် ဖြစ်သည်။ ထို့ကြောင့် လူသားများသည် ခွန်လွန်းခေတ်ထဲသည်စတင်ဝင်ရောက်ခဲ့ကြသည်။
ခွန်လွန်းနေရာကို အခြေချခဲ့သည်မှာ လူသားများပဲမဟုတ်ကြောင်း နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ကြောက်စရာကောင်းသောသတ္တဝါတချို့လည်း အခြေချနေထိုင်ခဲ့ကြသည်။ စိတ်စွမ်းအားများရှိနေခြင်းကြောင့် ထိုနေရာမှာ ကြောက်ခမန်းလိလိသတ္တဝါများစွာလည်း နေထိုင်ခဲ့ကြသည်။
ခေတ်မီဆန်းသစ်သောနည်းပညာများရှိသော်လည်း လူသားများသည် ထိုသတ္တဝါဆိုးကြီးများကို အနိုင်မရခဲ့ကြပေ။ တချို့တန်ခိုးကြီးသောသတ္တဝါများကို နျူးကလီးယားဗုံးဖြင့်ပင် မသတ်နိုင်ခဲ့ပေ။ ထိုကဲ့သို့အခြေအနေမှာ ခွန်လွန်းနေရာ၏ အစွန်ဘက်ကို မပြောင်းရွှေ့နိုင်သောကြောင့် သူတို့သည် နှစ်ဖက်နေရာ နယ်စပ်နားမှာ တိုက်ခိုက်ကြသည်။ သတ္တဝါဆိုးကြီးများသည် လူသားများနေထိုင်ရာ ကမ္ဘာမြေထိ ကျော်လာခဲ့ကြသည်။
ထိုအချိန်မှာ ခွန်လွန်းနေရာမှာရှိခဲ့ဖူးသော ရှေးဟောင်းအမြင့်ဆုံးကျင့်ကြံခြင်းကို လူသားများကရှာဖွေတွေ့ရှိခဲ့သည်။ ထိုကျင့်ကြံခြင်းမှာ ရှိသောစနစ်သည် လူသားများကမ္ဘာမြေမှာ အသုံးပြုခဲ့သော စနစ်နှင့် လုံးဝကွာခြားသည်။ ထိုအရာသည် သိုင်းပညာ”ထောင်”စနစ်ဖြစ်ပြီး လူသားတို့၏ ခန္ဓာကိုယ်မှာကျင့်ကြံရုံနှင့် ထိုသတ္တဝါဆိုးကြီးများကို တိုက်ခိုက်နိုင်သည်။ ထိုအရာများသည် ရှေးနှစ်ပေါင်းများစွာက လျှို့ဝှက်ဆန်းကြယ်စာအုပ်များတွင် ဖတ်ရှုခဲ့ဖူးသော အပြိုင်ကမ္ဘာနှင့် တစ်ထပ်တည်းတူညီသည်။ ထိုစနစ်၏ နည်းလမ်းများပါဝင်သော ရှေးဟောင်းအမြင့်ဆုံးကျင့်ကြံခြင်းနှင့် ပတ်သက်သည့် မှတ်တမ်းများကို ပိုမိုတွေ့ရှိလာလေလေ ကမ္ဘာမှ ပြောင်းရွှေ့နေထိုင်သူများသည် ကြီးကျယ်မြင့်မြတ်သောကျင့်ကြံခြင်းခေတ်ကို စတင်ခဲ့ကြတော့သည်။
သိုင်းပညာရှင်များ၏ တန်ခိုးနှင့် ခေတ်မီနည်းပညာဖြင့် လူသားများသည် သတ္တဝါဆိုးကြီးများ၏ တိုက်ခိုက်မှုကိုခံရမည့်အစား ခွန်လွန်းနေရာတွင် ကြံ့ကြံ့ခံရပ်တည်လာနိုင်ခဲ့သည်။ သို့သော်လည်း လူသားများမှာ ဆက်လက်တိုက်ခိုက်ခံရမည့်အန္တရာယ်ရှိနေဆဲဖြစ်သည်။ သူတို့တည်ထောင်ခဲ့သောမြို့တော်များဖျက်စီးခံရပြီးနောက် လူထောင်ပေါင်း သောင်းပေါင်း သန်းပေါင်းများစွာသေကြေပျက်စီးကြရသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ဆိုးကြီးများသည် ရာစုနှစ်တစ်လျှောက် အကြိမ်ပေါင်းများစွာဖြစ်ခဲ့ကြသည်။
ထိုစဉ် တည်ငြိမ်သမုဒ္ဓရာမြို့အမှတ်တစ်ဆယ့်သုံးအထက်တန်းကျောင်းသည် မြို့ထဲမှာရှိသောကျောင်းများထဲတွင် သာမန်အထက်တန်းကျောင်းတစ်ကျောင်းဖြစ်သည်။ အလွန်ဆိုးရွားသောဘေးအန္တရာယ်ဖြစ်ပြီးကတည်းက ကမ္ဘာပေါ်မှာရှိသော ပတ်ဝန်းကျင်အများစုမှာ လူများမနေထိုင်ကြတော့ပေ။ ထို့ကြောင့် သာမန်ခေတ်စတည်းက နေထိုင်မှုပုံစံများသည် အလွန်အကျွံအစီအစဉ်မကျ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့်ပင် အဓိကမြို့တော် ဆယ်မြို့ပေါ်ထွက်လာခဲ့သည်။ တစ်မြို့ဆီမှာ လူဦးရေသန်းတစ်ရာထိရှိကြသည်။ ထို့ကြောင့် ကမ္ဘာ့လူဦးရေသည် သန်းတစ်ထောင်ရှိနေဆဲဖြစ်ပြီး ထိုသူများသည် ခွန်လွန်းနေရာကို မရောက်ခဲ့ကြသေးပေ။
ခွန်လွန်းနေရာမှာရှိနေသော သတ္တဝါဆိုးကြီးအုပ်စုများသည် သာမန်လူသားများအတွက် အန္တရာယ်ကြီးသည်။ ကမ္ဘာပေါ်မှာရှိနေသောသတ္တဝါများသည် ဘေးဥပဒ်ကြုံတွေ့ပြီးနောက် သာမန်ပုံစံမှ သတ္တဝါဆိုးကြီးများပုံစံအသွင်ကူးပြောင်းလာပြီး သူတို့သည် နှစ်ရာပေါင်းများစွာသက်တမ်းသာရှိနေသည်။ ထိုကဲ့သို့ သက်တမ်းတိုနေခြင်းကြောင့် သူတို့သည် ခွန်လွန်းနေရမှာရှိသော သတ္တဝါဆိုးကြီးများထက် အင်အားနည်းကြသည်။
တည်ငြိမ်သမုဒ္ဓရာမြို့သည် မြို့တော်ကြီးဆယ်မြို့ထဲမှ တစ်ခုဖြစ်သော သုန့်ဟွာမြို့တော်၏ မြို့လေးတစ်ခုဖြစ်သည်။ သူ၏ လူဦးရေသည် သုန့်ဟွာမြို့တော်၏ သန်းတစ်ရာနှင့် မယှဉ်နိုင်သော်လည်း လူဆယ်သန်းခန့်သည် ထိုမြို့လေးမှာ မှီတင်းနေထိုင်နေကြသည်။ လူသားများသည် လွန်ခဲ့သော နှစ်တစ်ရာတုန်းကထက် ပိုမိုအင်အားကြီးလာခဲ့ကြသည်။ ယခင်တုန်းက ကျင့်ကြံခြင်းကိုလုပ်ဆောင်နိုင်သော အခွင့်ထူးခံလူနည်းစု အနည်းငယ်သာရှိကြသည်။ ယခုအခါမှာ ဖက်ဒရယ်အစိုးရသည် သတ္တဝါဆိုးကြီးများကိုတိုက်ခိုက်ရန် လူတိုင်းကျင့်ကြံနိုင်ဖို့အရေး အစွမ်းကုန်ကြိုးစားကြသည်။
နည်းပြကျင်းဝူပြောသလိုပင် အရည်အချင်းသည် ကျင့်ကြံခြင်းအတွက်တစ်ခုတည်းသော အချက်မဟုတ်ပေ။ မှန်ကန်သောအသိုက်အဝန်း၊ လေ့ကျင့်ဖော်များ၊ နည်းလမ်းများနှင့် ငွေများလိုအပ်သေးသည်။ မည်သည့်အရာမှ လစ်လပ်လို့မရပေ။ သိုင်းပညာလေ့ကျင့်ခြင်းသည် လူသား၏ခန္ဓာကိုယ်အတွက် အန္တရာယ်များလှသည်။ ကုန်ဆုံးသွားသောစွမ်းအင်များကို ပြန်လည်မဖြည့်တင်းပါက အသက်၃၀၊ ၄၀အရွယ် သန်မာသောလူဖြစ်လင့်ကစား သေဆုံးနိုင်သည်မှာ သာမန်အနေအထားဖြစ်သည်။
“မင်းတို့နားလည်ရမှာက စစ်မှန်တန်ခိုးဆိုတာ မင်းတို့ကိုယ်ပိုင်စွမ်းအားဖြစ်တယ်။ မင်းတို့ခန္ဓာကိုယ်က မြင့်မားတဲ့ကျင့်ကြံခြင်းကိုရလေလေ စစ်မှန်တန်ခိုးတွေ ပိုမိုထုတ်လာလေလေဖြစ်တယ်။ မင်းတို့ မြင့်မားတဲ့အဆင့်တစ်ခုကိုရောက်ဖို့ အခွင့်အရေးရလျှင်တောင်မှ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကျင့်ကြံခြင်းက အရင်းမြစ်တစ်ခုပဲဖြစ်တယ်” ကျင်းဝူသည် သူ၏လက်များကိုနောက်မှာပစ်ထားရင်း ခပ်မတ်မတ်ရပ်နေသည်။
“ကျင့်ကြံခြင်းဆရာဖြစ်တဲ့ ဘိုးဘေး လူ ရေးခဲ့တဲ့ ကြယ်စင်တန်းများကဗျာမှာ ရှေးခေတ်အခါတုန်းက ကျင့်ကြံခြင်းရဲ့ ပထမဆုံးပြသနာက လူတစ်ဦးရဲ့အသက်ကို တည်ဆောက်ခြင်းမဟုတ်ဘဲ စိတ်သဘောထားကို တည်ဆောက်ကျင်ကြံခြင်းလို့ ဆိုထားတယ်။ ဆိုလိုချင်တာက ခန္ဓာကိုယ်ကိုတည်ဆောက်ကျင့်ကြံရမဲ့အစား သိုင်းပညာပဲကျင့်ကြံလျှင် မှားယွင်းတယ်။ လူတစ်ဦးက ဥာဏ်ပညာနဲ့ ခန္ဓာကို နှစ်ခုလုံးကိုတည်ဆောက်ကျင့်ကြံရမယ်”
ချူးယွင်ဖန်းသည် ယခင်ကျောင်းတုန်းက သင်ကြားခဲ့ဖူးသော ကျင့်ကြံခြင်းဗဟုသုတများကို ပြန်လည်စဉ်းစားမိသည်။ ကျင့်ကြံခြင်းလမ်းစဉ်သည် ရှည်လျားသည်။ ရှေးဟောင်းအမြင့်ဆုံးကျင့်ကြံခြင်းကိုရှာတွေ့ကတည်းက ကျင့်ကြံသူများသည် ရှာဖွေမှုများကို နှစ်ပေါင်းများစွာလုပ်ဆောင်ခဲ့ရပြီး ကျင့်ကြံခြင်းအဆင့်များစွာကို ခွဲခြားသတ်မှတ်ခဲ့သည်။ ပထမဆုံးသောအဆင့်သည် အခြေတည်အဆင့်ဖြစ်သည်။ ထိုအဆင့်သည် သိုင်းပညာလမ်းစဉ်၏ မဖြစ်မနေဖြတ်ကျော်ရသော လမ်းစဉ်ဖြစ်သည်။ သိုင်းပညာ၏ အထွတ်အထိပ်ကိုရောက်ခြင်းသည် အဆုံးမဲ့သမုဒ္ဓရာဟု သတ်မှတ်ပါက လူတစ်ဦး၏ ခန္ဓာကိုယ်အနေအထားသည် လှေတစ်စင်းဖြစ်သည်။ ပိုမိုကြံ့ခိုင်လေလေ တစ်ဖက်ကမ်းကိုရောက်နိုင်မည့် အခွင့်အလမ်းများလေလေဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ ကာယခန္ဓာကိုယ်ကိုလေ့ကျင့်ခြင်းသည် သိုင်းပညာ၏ အခြေခံအဆင့်ဖြစ်သည်။ ထို့ကြောင့် အခြေတည်အဆင့်ဟု ခေါ်တွင်ခြင်းဖြစ်သည်။တစ်ဖန် ထိုအခြေတည်အဆင့်ကို အဆင့်သေးလေး ကိုးခုအဖြစ်ထပ်မံပိုင်းခြားထားသည်။ ထိုအဆင့်များသည် ကြွက်သားသန့်စင်ခြင်း၊ အရိုးသန့်စင်စေခြင်း၊ အရေပြားသန့်စင်ခြင်း၊ သွေးကြောများသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ သန့်စင်ခြင်း၊အရိုးအဆစ်များ သန့်စင်ခြင်း၊ သွေးသစ်လာင်းခြင်း၊ စိတ်အာရုံပျိုးထာင်ခြင်း၊ ချီစွမ်းအားဖြည့်တင်းခြင်းတို့ ဖြစ်ကြသည်။
ထိုအခြေတည်အဆင့်ကို အလုံးစုံကျင့်ကြံပြီးမှသာလျှင် အခြေခံအဆင့်ကိုကျင့်ကြံပြီးပြီဟု ဆိုနိုင်သည်။ ခန္ဓာကိုယ်သည်ကိုယ်တွင်းသွေးလည်ပတ်ခြင်းအတွက် စစ်မှန်စွမ်းအင်ကိုပိုမိုစုပ်ယူရန် လိုအပ်ပါက ပိုပြီးအင်အားကြီးသော ကိုယ်ထည်လိုအပ်သည်။ ထိုအခြေတည်အဆင့်၏ ကိုးဆင့်ကိုပြီးမြောက်ပြီး စစ်မှန်စွမ်းအင်ကိုစုပ်ယူနိုင်လျှင် သူတို့၏ ကိုယ်တွင်းအင်္ဂါများထဲတွင် ချီတန်ခိုးများ အသက်ဝင်သည်ဟု ဆိုနိုင်သည်။ ထို ချီ ပင်လယ်သည် စစ်မှန်တန်ခိုးများကိုအဆုံးမဲ့စုပ်ယူနိုင်ခွင့်ပေးသောကြောင့် ချီပင်လယ်အဆင့်ဟုလည်း သိကြသည်။ ချီအဆင့်ပြီးနောက် ၊ မွေးရာပါအဆင့်နှင့် တခြားအဆင့်များရောက်လာသော်လည်း ချူးယွင်ဖန်းသည် ထိုအဆင့်များကိုမသိတော့ပေ။ ထို့ပြင် နံပါတ်တစ်ဆယ့်သုံးအထက်တန်းကျောင်းရှိဆရာများသည် ချီပင်လယ်အဆင့်မှာ ရှိသူများဖြစ်ကြသည်။ သုန့်ဟွာမြို့တော် တစ်ခုလုံးမှာ တန်ခိုးရှင်အဆင့်ရောက်ရှိသူသည် လူနည်းစုသာဖြစ်သည်။
“မင်းတို့အများစုက နှစ်ကုန်စာမေးပွဲကိုဖြေဆိုကြရတော့မယ်ဆိုတာ ငါသိထားတယ်။ ပြီးတော့ မင်းတို့တွေက သိုင်းပညာလမ်းကြောင်းကိုမရောက်သေးပေမဲ့ လစ်ဘရယ်အနုပညာလမ်းကြောင်းပေါ်မှာရောက်နေကြပြီ။ မင်းတို့ကိုနားလည်စေချင်တာက အနာဂတ်မှာ အသက်ရှည်ကျန်းကျန်းမာမာနေလိုလျှင် အောင်မြင်တဲ့ကျင့်ကြံခြင်းအပြင် မင်းတို့ကိုယ်ပိုင်လေ့ကျင့်ခြင်းကိုလည်း မှီခိုရမယ်”
ကျင်းဝူသည် စကားမဆက်ခင်ကျောင်းသားများကို တစ်ချက်ကြည့်သည်။
“သာမန်ခေတ်တုန်းကဆို လူသားတွေကို ပျမ်းမျှဆယ်စုနှစ်အနည်းငယ်ပဲ အသက်ရှင်ကြတယ်။ ဘယ်သူမှ အသက်တစ်ရာထိမရှည်ကြဘူး။ ဘာကြောင့်လဲ။ သူတို့ခန္ဓာကိုယ်က အားနည်းတယ်။ ပြီးတော့ မကျန်းမမာဘဝနဲ့ အကြာကြီးနေကြရတယ်။ သူတို့က ဘာတွေကိုမျှော်လင့်နိုင်ဦးမှာလဲ။ တစ်ဖက်မှာတော့ ခေတ်သစ် ခွန်လွန်းခေတ်မှာတော့ လူတိုင်းကကျင့်ကြံသူတွေဖြစ်နေကြပြီ။ သာမန်သက်တမ်းက နှစ်တစ်ရာကိုကျော်ပြီး တချို့က နှစ် ၁၂၀ထိ နေထိုင်နိုင်ကြတယ်။ ဒါက သိုင်းပညာကျင့်ကြံခြင်းရဲ့ အားသာချက်တွေပေါ့”
ကျင်းဝူသည် သိုင်းပညာနှင့် လစ်ဘရယ်အနုပညာအကြောင်းပြောသောအခါ ချူးယွမ်ဖန်း၏ မျက်နှာသည် သုန်မှုန်လာသည်။ လူတိုင်းကကျင့်ကြံချင်သော်လည်း လူတစ်ဦး၏ အစွမ်းအစမှာ အဆင့်များစွာရှိသည်။ အမှတ်ဆယ့်သုံးအထက်တန်းကျောင်း၏ စံနှုန်းအရ စာမေးပွဲမဖြေခင် အလားအလာများစွာရှိပြီး ကာယအဆင့်၏ အဆင့်၇ကိုရောက်ရှိသူသာ သိုင်းပညာသင်ယူခြင်းကို ခွင့်ပြုပေးသည်။ ထိုအချိန်တွင် သာမန်အနေအထားအစွမ်းရှိသးများသည် လစ်ဘရယ်အနုပညာကိုသာ လေ့လာကြရသည်။
ဘာသာရပ်မခွဲခြားခင်မှာ သိုင်းပညာလေ့လာချင်သူများကို လစ်ဘရယ်အနုပညာလေ့လာခြင်းနှင့်သက်ဆိုင်သောသင်ခန်းစာများလျော့သင်စေပြီး ကျင့်ကြံခြင်းအတွက် အချိန်ပိုသုံးစေသည်။ ထိုအချိန်မှာ လစ်ဘရယ်အနုပညာသင်ကြားသူများသည် လေ့ကျင့်ခြင်းကို လုံးဝရပ်တန့်စရာမလိုဘဲ လေ့ကျင့်ချိန်ကိုသာကန့်သတ်သည်။ သူတို့သည် အနာဂတ်မှာ တက္ကသိုလ်တက်နိုင်ရန် လစ်ဘရယ်အနုပညာကိုကြိုတင်လေ့လာဖို့လိုအပ်သည်။ ထိုမှသာ သာမန်လူများကဲ့သို့ ကိုးနာရီမှ ငါးနာရီထိလုပ်ရသော အလုပ်များရနိုင်မည်။
စူးစမ်းလေ့လာလိုသောလူငယ်များသည် သိုင်းပညာသင်လိုစိတ်ရှိကြသည်။သူတို့ရမည့် ကောင်းမွန်သောတန်ခိုးများနှင့် ဂုဏ်သတင်းအရဆို လစ်ဘရယ်အနုပညာကျောင်းဆင်းများထက် ပိုမိုကောင်းမွန်သောဘဝတစ်ခုဖန်တီးရန် လွယ်ကူကြသည်။ စစ်တပ်နှင့် အစိုးရဌာနများတွင်လုပ်ခြင်းဖြစ်စေ ကုမ္ပဏီများ၏ သတ္တဝါဆိုးများသတ်ဖြတ်ခြင်းကြေးစားအလုပ်ကိုလုပ်သည်ဖြစ်စေ သိုင်းပညာကျောင်းဆင်းများက ပိုမိုကောင်းမွန်သောဝင်ငွေကိုရရှိသည်။
ထို့ပြင် ထူးချွန်သူများသည် ခွန်လွန်နေရာကိုသွားရောက်ပြီး သိုင်းပညာသူတော်စင်မြေများတွင်ပညာသင်ကြားနိုင်ပြီး ကမ္ဘာတစ်ခွင် လူသိများသော ကြီးကျယ်ခမ်းနားသည့်တန်ခိုးရှင်များတောင်ဖြစ်လာနိုင်သည်။
သို့သော် လက်တွေ့ဘဝသည် ကြမ်းတမ်းလှသည်။ လူအားလုံးသည်သိုင်းပညာသင်ကြားရန် ပါရမီမပါကြပေ။ တချို့လူများသည် ပါရမီမပါသောကြောင့် ရွေးချယ်ဖို့ခဲယဉ်းလှသည်။ သင့်လျော်သောအရည်အချင်းပြသနိုင်သော ကျောင်းသားအချို့ကိုသာ သိုင်းပညာလေ့လာသင်ကြားရန်အတွက် ရွေးချယ်နိုင်သည်။ ထိုအချိန်မှာ ချူးယွင်ဖန်းသည်အစွမ်းအစ ပြသရန် မရှိသေးသော လူငယ်တစ်ဦးသာဖြစ်သည်။ သူသည် အကြီးတန်းနှစ်တွင် အခြေတည်အဆင့်၏ အဆင့်ငါးကိုသာ ရောက်ရှိနေသေးသည်။ သိုင်းပညာသင်ကြားနေသောလူများနှင့် ယှဉ်စရာတောင်မလိုသေးပေ။ သူသည် လစ်ဘရယ်အနုပညာအတန်းကိုယူရမည့်ကံကြမ္မာဖန်သော သာမန်အတန်းသားများထဲမှ တစ်ဦးသာဖြစ်သည်။
“ကောင်းပြီ..ဒီကနေ့သင်ခန်းစာကို ဒီလောက်နဲ့ အဆုံးသတ်လိုက်မယ်။ မနက်ဖြန်သင်မဲ့အတန်းကို မပျက်ဖို့ မျှော်လင့်ပါတယ်။ မနက်ဖြန်ကျလျှင် တကယ့်လက်တွေ့မှာသုံးတဲ့ သိုင်းပညာအစွမ်းကို သရုပ်ဖော်ပြသမှာဖြစ်တယ်။ မင်းတို့အတန်းပျက်လျှင် ငါက အဲ့သင်ခန်းစာကို ထပ်ပြီး သင်ပေးတော့မှာမဟုတ်ဘူး။ နားလည်လား”
ကျင်းဝူသည် ကျောင်းသားများကိုကြည့်ရင်းမေးလိုက်သည်။
“နားလည်ပါတယ်”
ကျောင်းသားများက ပြန်ဖြေသောအခါ သူတို့၏မျက်ဝန်းများသည် အရောင်တလက်လက်တောက်ပနေသည်။
ဧကရာဇျအမှေခံ
အပိုင်း (၂)- အိမ်မက်ထဲမှာအမွေဆက်ခံရရှိခြင်း….
ကျောင်းသားများ၏ မျက်ဝန်းများသည်အရောင်တလက်လက်ထနေသည်။ သူတို့အားလုံးစိတ်လှုပ်ရှားနေကြသည်။ ကျင့်ကြံခြင်းလမ်းစဉ်တွင် အတွင်းအားသည် အရာအရာတိုင်း၏ အရင်းမြစ်တစ်ခုဖြစ်သည်။ သူတို့အရွယ်မရောက်ခင်မှာ သူတို့၏ကျင့်ကြံခြင်းကိုတည်ဆောက်ထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ အခြေခံကောင်းလေလေ အနာဂတ်လှလေလေဖြစ်သည်။ သူတို့၏ အကြီးတန်းနှစ်မတိုင်ခင်မှာ သူတို့ကို ဘာသာရပ်အသီးသီးမခွဲခြားခင်မှာ ထိုအရာသည် မှန်ကောင်းမှန်နိုင်သည်။ သူတို့သည် အခြေတည်အဆင့်၏ အဆင့်၇ကိုရောက်ရှိမှသာ သိုင်းပညာဘာသာရပ်ကို လေ့လာနိုင်မည့် အခွင့်အရေးရရှိမည်။ သိုင်းပညာလေ့ကျင့်သင်ကြားခြင်းသည် အတွင်းအားကိုလေ့ကျင့်ရန် အချိန်လိုအပ်သည်။ ထိုအရာကြောင့်ပင် သူတို့သည် သိုင်းပညာဘာသာရပ်ကို လေ့လာဆည်းပူးနိုင်မည့် အခွင့်အလမ်းများနည်းပါးလာရခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ရှေးယခင်နှစ်များဆီက မိဘများသည် သိုင်းပညာသင်ပေးသည့်အတန်းများကို ဖျက်သိမ်းပေးရန် ကျောင်းကိုတောင်းဆိုခဲ့ကြသည်။ သူတို့၏ သားသမီးများကို အချိန်ဖြုန်းခြင်းမှ ကာကွယ်ပေးနိုင်ရန် တောင်းဆိုခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းသားများသည် အရွယ်မရောက်ခင်ထိ မြို့တော်မှာနေထိုင်ကြမည်။ ထို့ကြောင့် သူတို့အတွက် အန္တရာယ်ကျရောက်ရန် မရှိဘဲ သိုင်းပညာသင်ကြားခြင်းက သူတို့အတွက် အသုံးမဝင်ပေ။ သို့သော် ယခုအခါတော့အခြေအနေများက လုံးဝကွာခြားသွားခဲ့သည်။ လတစ်လ၏ အဆုံးမှာ စာသင်နှစ်အဆုံးစာမေးပွဲဖြေရမည်။ ထိုစာမေးပွဲသည် သူတို့၏ကံကြမ္မာကိုအဆုံးဖြတ်ပေးနိုင်သည်။ သိုင်းပညာသင်ယူရန် အရည်အချင်းပြည့်မီသူများက တက်ရောက်နိုင်ပြီး ကျရှုံးသူများက လုံးဝတက်ရောက်ခွင့်မရှိပေ။
အတွင်းအားသည် သိုင်းပညာကျင့်ကြံခြင်း၏ တစ်ဝက်မျှသာဖြစ်သည်။ တခြားတစ်ဝက်သည် သိုင်းပညာစွမ်းရည်များ ကျင့်ကြံခြင်းဖြစ်သည်။ နိမ့်ပါးသောကျင့်ကြံခြင်းနှင့်တောင်မှ သိုင်းပညာစွမ်းရည်များပြည့်ဝသော သိုင်းပညာရှင်တစ်ဦးသည် စွမ်းရည်မပြည့်ဝသောလူကို အနိုင်ယူနိုင်သည်။
ထို့ကြောင့် သိုင်းပညာစွမ်းရည်ကျင့်ကြံခြင်းသည်လည်းလည်း အရေးကြီးလှသည်။ ထိုအရာကို မည်သူမျှ လျစ်လျူမရှုနိုင်ပေ။ပုံမှန်အရဆို သိုင်းပညာစွမ်းရည်ကျင့်ကြံခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်မဟုတ်သော်လည်း မည်သူမျှ လျစ်လျူမရှုကြပေ။ သိုင်းပညာပါရမီပါသော လူများသည် သိုင်းပညာစွမ်းရည်ကျင့်ကြံရန် စတင်နိုင်ခဲ့ကြသည်။ ချူးယွမ်ဖန်း၏မျက်ဝန်းများသည် အတန်းဖော်များကို အကဲခတ်ကြည့်နေသည်။ ထင်ထားသည့်အတိုင်းအများစုက မတုန်လှုပ်ကြပေ။ သူတို့က သိုင်းပညာစွမ်းရည်များကို ယခင်တည်းက သင်ကြားခဲ့ပုံရသည်။ ထို့ပြင် သူတို့၏အတန်းထဲတွင် သိုင်းပညာအရာမှာ ပါရမီပါလာသောလူများလည်းရှိနေသည်။
သူတို့သည် သိုင်းပညာဘာသာရပ်အတန်းကို တက်ရောက်နိုင်ကြမည်။ အနိမ့်ဆုံးလူတောင်မှ အခြေတည်အဆင့်၏ ၇ဆင့်မြောက်မှာရှိနေသည်။ ဘာတွေပဲဖြစ်ဖြစ် ချူးယွမ်ဖန်းသည် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက သိုင်းပညာကိုမသင်ခဲ့ရပေ။ ပိုက်ဆံသာတတ်နိုင်ပါက သိုင်းပညာသင်ယူလိုသောလူများကို အွန်လိုင်းမှတစ်ဆင့်သင်ကြားပေးနေသည်ကို သူသဘောပေါက်သည်။ သို့သော်ငြား သူ၏ စိတ်ဆန္ဒကိုမျိုသိပ်ထားလိုက်သည်။ အကြောင်းအရင်းမှာ သူသည် ပါရမီမပါဘူးဆိုတာ နားလည်သည်။ သူ့မှာ သိုင်းပညာများကို လေ့လာသင်ကြားနိုင်ရန် အချိန်လည်းမရှိပေ။ သူသည် သိုင်းပညာကိုလေ့လာရန် အချိန်ယူသော်လည်း သိုင်းပညာမေဂျာကို တက်နိုင်ရန် မျှော်လင့်ချက်မရှိပေ။
ထို့အပြင် သူသည် ကျောင်းမှ သင်တန်းစရိတ်ကိုပြန်လည်ပေးစေကာမူ ပိုက်ဆံဖြုန်းလိုစိတ်မရှိပေ။
အတန်းပြီးဆုံးသည်နှင့် သူချက်ချင်းထွက်သွားမည်။ သူ၏ အချိန်များကိုထိုနေရာမှာ အလဟသကုန်ဆုံးလိုစိတ်မရှိပေ။ အခန်းတစ်ခုလုံးကလည်း စကားစမြည်ပြောဆိုနေကြသည်။ အများစုကတော့နောက်တစ်နေ့မှာ ကျင်းဝူက ဘယ်လိုသိုင်းစွမ်းရည်ကို သင်ပေးမလဲဆိုတာ ဆွေးနွေးနေကြသည်။ ပြီးတော့ အများစုသည် ယခင်က မသင်ဖူးခဲ့တာမို့ စိတ်အားထက်သန်နေကြသည်။ ခေတ္တခဏပြောဆိုကြပြီးနောက် သူတို့သည် အထုပ်များကိုသိမ်းပြီး အိမ်ပြန်ရန်ပြင်ဆင်ကြသည်။ ဒီကနေ့အတွက် အတန်းကပြီးခဲ့ပြီမို့ အိမ်ပြန်ကြရတော့မည်။
ချူးယွမ်ဖန်းသည် မတ်တပ်ထရပ်ကာ အခန်းထောင့်မှာရှိသောသူ၏ လွယ်အိတ်ကိုသိမ်းဆည်းသည်။ သူသည် အိမ်ပြန်ဖို့ အသင့်ဖြစ်နေပြီ။
ဒေါက်.ဒေါက် .ဒေါက်
ချူးယွမ်ဖန်းနှင့် သက်တူရွယ်တူကောင်လေးတစ်ဦးထံမှ လာသောခြေသံများဖြစ်သည်။ ပုံမှန်အနေအထားဖြစ်သော သိုင်းဝတ်စုံသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အလွန်ကြပ်နေပြီး ပြဲထွက်တော့မတတ်ဖြစ်နေသည်။ သူသည် အနည်းငယ်ဝသော်လည်း သူ၏ခြေလှမ်းများက လက်တွေ့မှာ သွက်လက်ပေါ့ပါးနေသည်။ သူသည် ခပ်သွက်သွက်လမ်းလျှောက်သော်လည်း သူ၏နှလုံးခုန်သံလည်းမမြန်ဆန်နေပပေ။ သေချာပေါက်သူသည်ကျင့်ကြံထားပြီးဖြစ်သည်။
သူသည် ချူးယွမ်ဖန်း၏ သူငယ်ချင်းထဲမှတစ်ဦးဖြစ်သော ဂေါင်ဟုန်ချီဖြစ်သည်။ သူသည်အရပ်မြင့်ပြီးခန္ဓာကိုယ်သန်စွမ်းကာ ချမ်းသာသည်။
သူ့သူငယ်ချင်းအကြောင်းကောင်းမွန်စွာနားလည်သည်။ သူသည် ချူးယွမ်ဖန်းထက် ပိုမိုသန်မာပြီး လေ့ကျင့်သင်ကြားဖူးခဲ့ပြီး အခြေတည်အဆင့်၏ ကိုးဆင့်မြောက်ကိုရောက်ရှိပြီးဖြစ်သည်။ သူသည် သိုင်းပညာမေဂျာကိုသေချာပေါက်ဝင်ရောက်နိုင်မည့် ထူးချွန်ကျောင်းသားဖြစ်လင့်ကစား လူတွေမျှော်လင့်ထားသလို တစ်ထပ်တည်းပြုမူသည်။ သူ မတ်တပ်ရပ်ဖို့မလိုအပ်သောနေရာတွင် ထိုင်ပြီး သူတတ်နိုင်သမျှ အနည်းငယ် ရွှေ့ပေးသည်။ သူ၏ ကိုယ်အလေးချိန်သည်မျိုးရိုးလိုက်ခြင်းဖြစ်သော်လည်း အားလုံးက သူအပျင်းထူသောကြောင့် ဝသည်ဟု ထင်ကြသည်။
သူတို့နှစ်ဦးသည် အရည်အချင်းနှင့် မိသားစုအနေအထားအရ အလွန်ကွဲပြားသည်။ သူတို့နှစ်ဦးသည် ဆန့်ကျင်ဘက်ဘဝမှာ နေထိုင်ကြပြီးစကားလည်း မပြောဖြစ်ကြပေ။ ထို့အစား သူတို့သည် ဝါသနာတူသဖြင့် အထက်တန်းကျောင်းနှစ်နှစ်အတွင်းမှာ သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။
“ရှေးဟောင်းလူသားခေတ်ရဲ့အမွေအနှစ်ပြပွဲတစ်စိတ်တစ်ပိုင်းကို ငါတို့ကျောင်းမှာ ပြသနေတယ်။ မင်းရော ရှေးဟောင်းလူသားခေတ်ရဲ့ အခြေချနေထိုင်မှုတွေကိုစိတ်မဝင်စားဘူးလား။ သွားမကြည့်ချင်ဘူးလား”
ဂေါင်ဟုန်ချီကမေးသည်။
“ရှေးဟောင်းလူသားခေတ်ရဲ့ အမွေအနှစ်ပြပွဲ..ကောင်းပြီ သွားကြည့်ကြစို့”
သူတို့နှစ်ဦးသည် ပြပွဲကျင်းပရာနေရာသို့ ရောက်လာသောအခါ လူများပြည့်ကျပ်နေပြီးဖြစ်သည်။ တည်ငြိမ်သမုဒ္ဓရာမြို့၏ အမှတ်တစ်ဆယ့်သုံးအထက်တန်းကျောင်းသည် သာမန်ကျောင်းဖြစ်သော်ငြား ကျောင်းသားနှင့်ဆရာအရေအတွက်သည် တစ်သောင်းကျော်ရှိသည်။ မြို့သေးသေးလေးတစ်မြို့နှင့်တူပြီး လူအားလုံးကပြပွဲကိုလာသောအခါ မည်သို့ပြည့်ကျပ်နေမလဲဆိုတာ တွေးကြည့်နိုင်သည်။
ဘေးဥပဒ်ကြုံကတည်းက ရှေးဟောင်းလူသားခေတ် အခြေချနေထိုင်မှုနှင့် ပတ်သက်သည့် သုတေသနများသည် သူတို့လူမှုအသိုက်အဝန်း၏ အဓိက သော့ချက်ဖြစ်သည်။ အစိုးရသည် ထိုလူသားခေတ်၏ သိပ်ပြီးအရေးမကြီးလှသော အမွေအနှစ်များကို အဆက်မပြတ်ခင်းကျင်းပြသနေသည်။
သူတို့၏ကျောင်းမှာ လာရောက်ပြသသောပြပွဲသည် စုစည်းမှုတစ်ခုလုံး၏ အစိတ်အပိုင်းမျှသာဖြစ်သည်။
ချူးယွမ်ဖန်းနှင့် ဂေါင်ဟုန်ချီတို့သည်လူအုပ်ကြီးနှင့်အတူ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ ချူးယွမ်ဖန်းသည် ဖန်အိမ်ထဲတွင်ပြသထားသည့် အရာများကိုကြည့်နေသည်။ ထိုအရာများသည် ရှေးလူသားခေတ်၏ ကျောက်ထွင်းအက္ခရာများ၊ ကျိုးပဲ့နေသောလက်နက်များဖြစ်ကြသည်။ သူတို့သည် သမိုင်းအမွေအနှစ်များဖြစ်သော်လည်း လက်တွေ့မှာ သူတို့၏တန်ဖိုးမကြီးမားပေ။
အရှေ့ဘက်တွင် ထူးဆန်းပြီးရှုပ်ထွေးသောစာလုံးများဖြင့်ရေးသားထားသော ရှင်းလင်းချက်များရှိသည်။ ထိုစာလုံးသည် ရှေးလူသားခေတ်မှ ဖြစ်သော်လည်း ကျောင်းသားများဖတ်ရန် မခဲယဉ်းပေ။ လူသားများက ခွန်လွန်းခေတ်ကိုချဉ်းနင်းဝင်ရောက်လာသောအခါ ရှေးလူသားခေတ်၏ အခြေချနေထိုင်မှုယဉ်ကျေးမှုများကို တွေ့ရှိခဲ့ပြီးနောက် ဘာသာစကားလေ့လာမှုသည် မသင်မနေရဖြစ်လာခဲ့သည်။ ထိုအရာသည် သာမန်ခေတ်တုန်းက တရုတ်လူမျိုးများသည် အင်္ဂလိပ်စာသင်ယူရသလိုပင်ဖြစ်သည်။
ထိုဘာသာစကားသည် ရှေးယခင်တုန်းက တရုတ်မှာရှိခဲ့သော ကျောက်စာနှင့်အလွန်ဆင်တူသည်။ ထို့ပြင် ရုပ်ပုံကားချပ်များလည်းရှိသည်။ အင်္ဂလိပ်စာစနစ်နှင့်နှိုင်းယှဉ်ပါက အလွန်ရိုးရှင်းသည်။ စာလုံးများက ဆင်တူတာမို့ ရှေးယခင်တရုတ်ခေတ်နှင့် ရှေးလူသားေခတ်ယဉ်ကျေးမှုကြားမှာ ဆက်စပ်မှုရှိလိမ့်မည်ဟု သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ သို့သော် သူတို့သက်သေပြရပေဦးမည်။
နှစ်ပေါင်းများစွာတိုင် ကျောက်စာပေါင်းများစွာကို ဘာသာပြန်ဆိုခဲ့ကြသည်။ ဘာသာမပြန်ဆိုရသေးသော ထူးဆန်းသည့်စာလုံးများရှိလင့်ကစား သာမန်စာလုံးများကို လွယ်လွယ်ကူကူ ဖတ်ရှုနားလည်နိုင်သည်။
ချူးယွမ်ဖန်းသည် ဝင်းဒိုးရှော့ပင်း (ဟိုဟိုဒီဒီကြည့်ရင်း စျေးပတ်နေကဲ့သို့) လုပ်နေသလိုမျိုးဖြစ်နေသည်။ သမိုင်းဝင်ပစ္စည်းများဖြစ်သော်လည်း ထိုအရာများကို အင်တာနက်ပေါ်တွင် အကြိမ်ပေါင်းများစွာမြင်ဖူးနေသည်။
သူတို့၏ ဖတ်စာအုပ်များတွင် ဖော်ပြထားသော ရှေးဟောင်းပစ္စည်းများနှင့်လည်း ဆင်တူနေသောကြောင့် သူတို့အတွက် အသစ်အဆန်းမဟုတ်တော့ပေ။ သူက ပစ္စည်းအစစ်များကိုကြည့်နေသလိုပဲ ဖြစ်နေသည်။
ရုတ်တရက်ဆိုသလို ပြပွဲ၏ တစ်နေရာတွင်ရှိသော ရှေးဟောင်းဓားတစ်ချောင်းပေါ်တွင် ချိတ်ဆွဲထားသော ရှေးပုရပိုက်ကြီးတစ်ခုကို သူမြင်ခဲ့သည်။ ထိုပုရပိုက်မှာ တောင်တန်းနှင့် မြစ်တစ်စင်းပုံရေးဆွဲထားသော ရှုခင်းတစ်နေရာပါဝင်သည်။ ဆွဲထားသောမှင်ချက်များသည် ထင်ရှားပြီး ခမ်းနားလှသည်။ ပန်းချီဟု ဆိုသော်လည်း ချူးယွမ်ဖန်း၏ စိတ်ထဲတွင် ကောင်းကင်နှင့်မြေကြီးကို ထိုအပေါ်တွင် ရေးဆွဲထားသလိုခံစားရသည်။
မယုံကြည်နိုင်လောက်အောင်ကောင်းမွန်သော ပန်းချီလက်ရာဖြစ်သည်။
“ဂေါင်..ဒီပန်းချီကားက ပြပွဲရဲ့တစ်စိတ်တစ်ပိုင်းပဲမလား”
ချူးယွမ်ဖန်းသည် ပြပွဲတစ်နေရာမှာရှိသော ရှုခင်းပန်ချီကားကို ညွှန်ပြသည်။
ရှေးဟောင်းဇီးနစ်ယဉ်ကျေးမှုသည် နှစ်ထောင်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်သည်။ ထိုမျှ အချိန်နှင့်ဆို အရာအားလုံးကို ဖယ်ရှားပစ်နိုင်သည်။ သို့သော်လည်း ထိုပန်းချီကားသည် မကြာသေးမီက ရေးဆွဲပြီးသကဲ့သို့ ဖြစ်နေသည်။ ချူးယွမ်ဖန်း၏ ကျင့်ကြံခြင်းအခြေခံသည် အားနည်းသော်လည်း ထိုကဲ့သို့အရာကို ရှေးဟောင်းယဉ်ကျေးမှုတူးဖော်မှသာ တွေ့နိုင်သည်ဆိုတာ သူသဘောပေါက်သည်။ ကြည့်ရတာ ထူးခြားသောစွမ်းအင်တစ်ခုက နှစ်ပေါင်းများစွာကြာသည့်ပန်းချီကားအဟောင်းတစ်ချပ်ကို အသစ်ဖြစ်အောင် ဖန်တီးထားခြင်းဖြစ်လိမ့်မည်။
ထိုအရာများကိုသာမန်အားဖြင့် မှော်ဝင်လက်နက်များဟု ခွဲခြားသတ်မှတ်ကြသည်။ ခေတ်မီနည်းပညာများဖြင့် ထိုမှော်ဝင်လက်နက်များကိုထိန်းသိမ်းရာတွင် ပိုက်ဆံသန်းပေါင်းများစွာကုန်ကြနိုင်သည်။ သူတို့၏ တန်ဖိုးသည် ကြီးမားလှသည်။ ထိုကဲ့သို့ ပစ္စည်းမျိုးကို ကျောင်းမှာ ဘာကြောင့် အလွယ်တကူပြကြတာလဲ..ပြပွဲမှာခင်းကျင်းပြသထားသော ပစ္စည်းများအားလုံး၏ တန်ဖိုးသည် ထိုပန်းချီကားနှင့်ယှဉ်ပါက ဘာမှ မဟုတ်တော့ပေ။
“ဘာပန်းချီကားလဲ” ဂေါင်ဟုန်ချီသည် ချူးယွမ်ဖန်းကိုတအံ့တဩကြည့်သည်။ ဒါက ဘယ်လိုဟာသမျိုးပါလိမ့်။ ဒီလောက်ကြီးမားတဲ့အနုပညာပစ္စည်းကို သူဘာလို့မမြင်ရတာပါလိမ့်။
“ငါတော့ မမြင်မိပါဘူး။ မင်း ဆေးလေးဘာလေးသောက်ဦး” ဟုန်ချီသည် ချူးယွမ်ဖန်း၏ ပုခုံးကိုခပ်ဖွဖွ ပုတ်ရင်းပြောသည်။ စကားလုံးများကို အလွတ်ကျက်ထားသဖွယ် သူထပ်ပြောပြန်သည်။
“ငါတို့ကိုယ်ငါတို့ဂရုစိုက်ရမယ်။ ခုပဲကြည့်လေ.မင်း ထင်ယောင်ထင်မှားတွေဖြစ်နေတယ်”
“တော်စမ်း ရှူး” ချူးယွမ်ဖန်းသည် ဂေါင်ဟုန်ချီနှင့် ဆက်ပြီး အငြင်းမပွါးလိုတော့ပေ။ သူတစ်ဖန်ထပ်ကြည့်သောအခါ ရှေးဟောင်းဓားပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားကို တွေ့ရပြန်သည်။ ထူးဆန်းစွာနှင့် သူသည်ဘေးဘီဝဲယာကြည့်သောအခါ မည်သူမှ သတိထားမိသည့်ပုံမပေါ်ချေ။ သူတစ်ယောက်တည်း ထိုပန်းချီကားကို မြင်နေရတာဖြစ်နိုင်သည်။
“ငါက တကယ်ပဲ ထင်ယောင်ထင်မှားဖြစ်နေတာလား” ချူးယွမ်ဖန်းသည် သူ့ကိုယ်သူ သံသယဝင်လာမိသည်။ ထို့ပြင် သူနှင့် ထိုပန်းချီကားကြားမှာရှိနေသော လူအုပ်ကြီးကိုလည်း သူမမေးလိုတော့ပေ။
ရုတ်တရက်ဆိုသလို ထိုပန်းချီကားသည် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး သူ့ထံသို့ အလင်းများဖြာထွက်လာသည်။ ထိုအရာသည် သူ၏စိတ်ထဲကို ချက်ချင်းဆိုသလို ထိုးဖောက်ဝင်ရောက်လာသည်။
ဘန်း!
ချူးယွမ်ဖန်း၏ ခေါင်းထဲတွင် တစ်စုံတစ်ခုပေါက်ကွဲသလိုဖြစ်သွားပြီး သူ့မှာ တုံ့ပြန်မည့်အချိန်တောင်မရှိခဲ့ပေ။
သူ၏ကိုယ်တွင်းထဲတွင် အလင်းတန်းပေါင်းများစွာတောက်ပနေသကဲ့သို့ ခံစားနေရသည်။ သူ၏ တစ်ကိုယ်လုံးသည် ပြင်းထန်စွာနာကျင်နေသည်။ သူ၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များကိုတစ်ခုချင်းစီ ဆွဲစုတ်နေသကဲ့သို့ခံစားနေရသည်။ ထိုအချိန်တွင် သူ၏ ဦးနှောက်ထဲတွင် ပုံရိပ်များစွာပေါ်လာသည်။ ထိုအရာသည် အိမ်မက်မက်နေသကဲ့သို့ဖြစ်နေသော်လည်း အမှန်တကယ်ဖြစ်ပျက်နေသည်။ အိမ်မက်ထဲမှာ သူသည် အခြားသူတစ်ဦးဖြစ်သည်။
ထိုအရာသည် ဧကရာဇ်များစွာရှိနေသော အံဩဖွယ်ကမ္ဘာတစ်ခုဖြစ်သည်။ ထိုကမ္ဘာ၏ မြို့ပြယဉ်ကျေးမှုသည် မျှော်မှန်းထားသည်ထက်သာလွန်သည်။ ထိုကမ္ဘာသည် ခေတ်တစ်ခုပြီးတစ်ခု အောင်နိုင်ပြီး မြောက်များစွာသောနိုင်ငံများကို သိမ်းပိုက်အောင်မြင်ထားသည်။ ထိုအချိန်တုန်းက သူသည် ဆေးပညာပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။ သူသည် အသက်ငါးနှစ်ကတည်းက ဆေးများကိုစတင်ဖော်စပ်နိုင်ခဲ့ပြီး သူအသက်ဆယ်နှစ်အရွယ်တွင် ဆေးပညာနှင့် အကျွမ်းတဝင်ဖြစ်ခဲ့သည်။ သူအသက်ဆယ့်ငါးနှစ်အရွယ်တွင် ဆေးပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။
အသက်နှစ်ဆယ်အရွယ်တွင် သူသည်ကမ္ဘာအနှံ့ခြေဆန့်ခဲ့ပြီး နှစ်ဆယ့်ငါးနှစ်တွင် အားလုံးက ရိုသေလေးစားရသော ဆေးဘုရင်တစ်ဆူဖြစ်လာသည်။ အသက်သုံးဆယ်အရွယ်တွင် ဘယ်သူမှ ရနိုင်မည်မဟုတ်သော ဆေးဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။
သူသည် ရှေးယခင် ဆေးပညာရှင်များလက်ဆင့်ကမ်းခဲ့သော ပညာရပ်များကို တစ်ဖက်ကမ်းကျွမ်းကျင်ရုံသာမက ကုသမှုအသစ်များကိုလည်း ဖော်ထုတ်နိုင်သဖြင့် ဆေးပညာကို ကမ္ဘာ၏ အထူးချွန်ဆုံးသောပညာရပ်တစ်ခုအဖြစ် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ဧကရာဇ်များတောင်မှ သူဖော်စပ်သော ဆေးများကိုလိုချင်ကြသည်။ သူက လူထုကိုဖြန့်ချီသော ဆေးများကိုလည်း အလုအယက်လိုချင်ကြသည်။ ထိုအချက်ဖြင့် သူ၏ ဘဝသည် အထွဋ်အထိပ်သို့ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။ သူသည် ထိုအချက်ကြောင့်ပင် ဂုဏ်ယူဝံ့ကြွားသောလူငယ်တစ်ဦးဖြစ်ခဲ့သည်။ စစ်ပွဲအတွင်း ကောင်းကင်မှ ထိုပန်းချီကားကျလာသောအခါ အရာအားလုံးပြောင်းလဲခဲ့ရသည်။ ထိုခေတ်ရှိ ဧကရာဇ်များသည် ထိုပန်းချီကားကြောင့် တိုက်ခိုက်ကြသည်။
တိုက်ခိုက်ရခြင်းအကြောင်းမှာ ထိုပန်းချီကားတွင်ပါဝင်နေသော နတ်ဘုရားဦးခေါင်းတစ်ခုကြောင့်ဖြစ်သည်။ ထိုအရာသည် မည်သူ့ကိုမဆိုနတ်ဘုရားတစ်ပါးဖြစ်လာရန် စွမ်းဆောင်နိုင်သကဲ့သို့ တခြားကမ္ဘာများကိုလည်း လည်ပတ်နိုင်သော အစွမ်းနှင့် အင်ေမာ်တယ်တစ်ပါးဖြစ်လာစေရန် လုပ်ဆောင်ပေးနိုင်သည်။
ထို့ကြောင့်ပင် ဆေးပညာဧကရာဇ်သည်လည်း ထိုတိုက်ပွဲမှာပါဝင်ခဲ့သည်။ ထိုအရာသည်ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခုဖြစ်ပြီး နတ်ဘုရားများနှင့် နတ်ဆိုးများ၊ မိစ္ဆာများ အပြန်အလှန်တိုက်ခိုက်ကြသည်။ ကောင်းကင်ထက်တွင် ပြင်းထန်စွာတိုက်ခိုက်နေသော ပုံရိပ်များစွာရှိခဲ့သည်။ ထိုသူများအားလုံးသည် နတ်ဆိုးများကဲ့သို့ အလွန်တရာတန်ခိုးကြီးလှသည်။ သူတို့သည် ကြယ်စင်များနှင့် လမင်းကြီးကိုခူးစွတ်နိုင်ပြီး မြစ်များနှင့် ပင်လယ်များကို ပြောင်းပြန်လှန်နိုင်သော ဘာမဆိုဖန်တီးနိုင်သည့် အစွမ်းများရှိကြသည်။
ထိုတိုက်ပွဲမှာ တိုက်ခိုက်နေသောပုံရိပ်များသည် ကြောက်မက်ဖွယ်ကောင်းသော်ငြား သူတို့၏ မျက်နှာများကို သေချာမမြင်ရဘဲ မှုန်ဝါးနေသည်။ သူတို့ထဲမှတစ်ဦးသည် သူတစ်ဦးတည်းနှင့် နတ်ဆိုးတစ်ရာလောက်ကို ရင်ဆိုင်နိုင်သည်ထိ တန်ခိုးကြီးမားလှသည်။ သူ၏မျက်နှာကိုလည်း သေချာမမြင်ရပေ။ သူ၏ ရွှေရောင်မျက်လုံးအစုံကိုပဲ သေချာမြင်ရသည်။ ထိုရွှေရောင်မျက်လုံးများထဲတွင် စကြာဝဠာတစ်ခုလုံး ပုန်းခိုနေသကဲ့သို့ နက်ရှိုင်းလှသည်။ တိုက်ပွဲပြင်းထန်လာသောအခါ တန်ခိုးကြီးလှသော လူအများစုလည်း သေကြေကုန်ကြသည်။ ထိုရွှေရောင်မျက်လုံးအစုံရှိသော ထိုလူက တောက်ပရမည့် အချိန်ရောက်ရှိလာသည်။
ကမ္ဘာကြီးလည်း နေရာအနှံ့ပျက်စီးပြိုလဲနေသည်။ ထိုဆေးဧကရာဇ်သည် ပန်းချီကားထဲမှာပါဝင်သော နတ်ဘုရားဦးခေါင်းကို ဆွဲယူသောအခါ သူ၏ကိုယ်ထဲသို့ မတော်တဆပူးကပ်ခံခဲ့ရသော်လည်း သူ့ကိုဧကရာဇ်များစွာက တိုက်ခိုက်ခဲ့ကြသည်။ သူသည် သိုင်းပညာမှာ အလွန်မကျွမ်းကျင်သဖြင့် မကြာခင်မှာပင် သူအသတ်ခံခဲ့ရသည်။ ထိုနေရာမှာပင် မြင်နေရသောမြင်ကွင်းများသည် ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့သည်။
ချူးယွမ်ဖန်းသည် အဆုံးမဲ့အိမ်မက်ကမ္ဘာမှ နိုးထလာခဲ့သည်။
ဧကရာဇ် အမွေခံ
အပိုင်း (၃)- ခက်ခဲသောမိသားစုအခြေအနေ
အရာအားလုံးသည် အိပ်မက်နှင့်တူပြီး အချိန်မည်မျှကုန်ဆုံးသွားလဲဆိုတာ မသိချေ။
တစ်စက္ကန့်မျှပင်မကုန်ဆုံးလိုက်ဘူးလား သို့တည်းမဟုတ် နှစ်တစ်သောင်းများဖြစ်နေမလား။ ချူးယွင်ဖန်းသည် နောက်ဆုံးမှာ အဆုံးမဲ့မြင်ကွင်းမှ နိုးထလာခဲ့သည်။
“ဟူး..ဟူး..ဟူး”
ချူးယွင်ဖန်းသည် ဟောဟဲဟောဟဲဖြစ်ကာ အမောဖောက်နေသည်။ ထိုအရာသည် အချိန်ကာလတိုသော်ငြား သူ၏တစ်ဘဝလုံးကုန်ဆုံးသလိုမျိုးနှင့် သူသည် အိပ်ရာမှနိုးထပြီး နောက်တစ်ဘဝကူးပြောင်းသလိုမျိုး ခံစားနေရသည်။
သူသည် အိပ်မက်ထဲမှာ အရာရာကိုကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်။ အစပိုင်းမှာ မရေရာမသေမချာဖြစ်နေခဲ့သော ဆေးဖော်စပ်ခြင်းမှသည် လူသိများထင်ရှားသော ဆေးဆရာတစ်ဦးအဖြစ် တန်ခိုးထွားပြီးနောက် ဆက်လက်ပြီး ဆေးဧကရာဇ်တစ်ပါးအဖြစ် အောင်မြင်ခြင်းနှင့် အဆုံးသတ်မှာ သူ၏သေဆုံးခြင်းတို့ကို သူကိုယ်တိုင် တစ်ဆင့်ချင်းစီ သေချာရှင်းလင်းစွာ ခံစားသက်ဝင်ခဲ့ရသည်။
သူကိုယ်တိုင် ကမ္ဘာတုန်ဟီးသည့် စစ်ပွဲများကိုမျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရသော ရှေးခေတ်ကို အမှန်တကယ်ရောက်ရှိသွားသလို ဖြစ်နေသည်။
ထိုအရာသည် နတ်ဘုရားများစွာ၏ နေဝင်ချိန်ဖြစ်ခဲ့သည်။ အသတ်ခံရသော တန်ခိုးရှင်များစွာသည် မြေပြင်ပေါ်တွင်ပြန့်ကျဲနေသည်။ ယခုလက်ရှိ လူသားတန်ခိုးရှင်များ၏ အမြင့်ဆုံးအစွမ်းသည် ဘယ်လိုပုံမျိုးလဲဆိုတာကိုတော့ ချူးယွင်ဖန်းမသိပေ။ ထို့ပြင် သူ၏ အိပ်မက်ထဲတွင် မြင်နေခဲ့ရသော စစ်သည်တော်များနှင့် မနှိုင်းယှဉ်သည်မှာ အကောင်းဆုံးဖြစ်သည်ဟု သူ၏ ပင်ကိုယ်အသိစိတ်က ပြောနေခဲ့သည်။
ယနေ့ခေတ်၏ အကောင်းဆုံးစစ်သည်တော်များက နျူးကလီးယားဗုံးက သူတို့ကိုမသတ်နိုင်ကြောင်း အခိုင်အမာပြောဆိုကြသည်။ ထိုအရာသည် သာမန်ခေတ်အတွင်း မျှော်မှန်းထားသည်ထက်သာလွန်နေသည်။
သို့သော်လည်း မြစ်နှင့်သမုဒ္ဓရာများကို ပြောင်းပြန်လှန်နိုင်ပြီး ကြယ်များနှင့်လကို ခူးဆွတ်နိုင်သောအစွမ်းရှိသည်ဆိုသော လူကို မည်သူကမှ မကြားဖူးချေ။
“ဒီပုံရိပ်တွေက ရှေးလူသားခေတ်ကာလတုန်းက ဖြစ်ရမယ်” ချူးယွင်ဖန်းသည် သူ၏ အိပ်မက်ထဲမှ ပုံရိပ်များကို ပြန်လည်တွေးတောနေမိသည်။ ထိုလူများ၏ အသွင်သဏ္ဌာန်သည် ရှေးခေတ်ကျောက်စာများမှာပါသော ပုံစံများဖြစ်ကြသည်။ ထို့အပြင် သူသည် ထိုခေတ်က ကြီးကျယ်ခမ်းနားလှသောတိုက်ပွဲများနှင့်အတူ ထိုပန်းချီကားထဲမှာ သိမ်းဆည်းထားသော ဆေးဧကရာဇ်၏ ဘဝအတွေ့အကြုံများနှင့် သူ၏မှတ်ဥာဏ်များအကြောင်းကိုလည်းမသိပေ။ သူ၏ ခေါင်းထဲသို့ ထိုအကြောင်းအရာများသည် တစ်ကြိမ်တစ်ခါတည်းသာဝင်ရောက်လာခဲ့သည်။
ထိုအရာသည် အိပ်မက်မဟုတ်ကြောင်းသူကောက်ချက်ချမိသည်။ အိပ်မက်တစ်ခုသည် ဘယ်လိုလုပ်ပြီး အလွန်ထင်ထင်ရှားရှားဖြစ်နိုင်ပါ့မလဲ။ ထိုတန်ခိုးရှင်များသည် မည်မျှ ခံ့ညားလှသည်ဆိုတာကိုလည်း သူမတွေးတောနိုင်တော့ပေ။ သူသည် တစ်ခါမှ မတွေ့ကြုံခဲ့ရသဖြင့် သူနားမလည်ဘူးဟု မဆိုနိုင်ပေ။ရှေးလူသားများခေတ်ကာလမှ ယခုထိ မဖော်ထုတ်နိုင်သော လျှို့ဝှက်ချက်များစွာရှိနေသည်။
သမိုင်းပညာရှင်များက ရှေးလူသားခေတ်ကာလသည် သိုင်းလောက၏ ခမ်းနားသောကမ္ဘာတစ်ခုဟု ထင်ကြေးပေးပြောဆိုကြသည်။ သူတို့တူးဖော်ရရှိသောအရာများသည် သိုင်းလောကနှင့်ဆက်စပ်နေသည်ကို တွေ့ခဲ့ကြသည်။ သို့ရာတွင် ထိုထူးဆန်းသောကမ္ဘာသည်ဘာလဲဆိုတာကိုတော့ သူတို့သေချာပေါက် မှန်းဆမရနိုင်ပေ။ခွန်လွန်းခေတ်ကိုရောက်ရှိပြီးနောက် သိုင်းပညာသည် ပြန်လည်နိုးထလာခဲ့သည်။ တိုင်းတာကြည့်မည်ဆိုလျှင် နှစ်ရာပေါင်းများစွာသက်တမ်းရှိခဲ့သည်။
ယခုချိန်ထိ တူးဖော်ရရှိသော ရှေးလူသားခေတ်ကာလ မှတ်တမ်းများအရ သူတို့၏ ယဉ်ကျေးမှုသည် ထောင်စုနှစ်ပေါင်းများစွာတည်တံ့ခိုင်မာခဲ့သည်။ထိုအတိုင်းသာ သူ့မှာမေးစရာမေးခွန်းပေါ်လာသည်။ ထိုသို့ကြီးကျယ်ခမ်းနားလှသော ရှေးဟောင်းလူသားခေတ်သည် ဘယ်လိုကြောင့်များပျောက်ကွယ်ခဲ့ရသနည်း။
ထိုအရာသည် သမိုင်းပညာရှင်များ မဖြေရှင်းနိုင်သော ပဟေဠိတစ်ပုဒ်ဖြစ်နေသည်။ သူတို့တွေ့ရှိခဲ့ရသော မှတ်တမ်းများအရ ရှေးလူသားများခေတ်ကာလသည် တဖြည်းဖြည်းပျောက်ကွယ်သွားတာမဟုတ်ဘဲနေ့ချင်းညချင်း ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ထိုအရာ၏ နောက်ကွယ်မှာရှိသောလျို့ဝှက်ချက်သည် ဘာပါလိ့မ့်…
သူ၏ မှတ်ဥာဏ်ထဲမှာရှိနေသော ထိုစစ်ပွဲကြီးနှင့် သက်ဆိုင်နေမလား…
သူ၏ခန္ဓာကိုယ်ထဲကို တစ်စုံတစ်ခုကိုထည့်လိုက်သလို ချူးယွင်ဖန်း ခံစားမိသည်။ ထို့ကြောင့် သူ၏ အတွေးများသည် ယခင်ကထက် ပိုမိုကြည်လင်ပြတ်သားလာသည်။ သူမြင်သမျှ အရာတိုင်းသည်ယခင်ကထက် ပိုမိုကြည်လင်တောက်ပနေသည်။ ပြောင်းလဲမှုသည် လွန်စွာသိသာထင်ရှားသည်။ သူ့ကိုယ်ထဲမှာရှိသောအရာကို တမင်တကာရှာဖွေရန် မကြိုးစားခဲ့သော်ငြား ခံစားမိသည်။ သူ၏ ကိုယ်တွင်းထဲတွင် စွမ်းအင်တန်ခိုးများဖြည့်လိုက်သကဲ့သို့ ခံစားမိနေသည်။
“ဟေ့..မင်းဘာတွေတွေးနေတာလဲ..” ဂေါင်ဟုန်ချီက မေးသည်။
“မင်း ဒီမှာအကြာကြီး ရပ်နေတာ..မင်းစိတ်ညှို့ခံနေရတာလား..မြန်မြန်လာ..အိမ်ပြန်ကြစို့”
ဟုန်ချီ၏ အသံသည် သူ့အား အိမ်မက်ကမ္ဘာဆီမှ ပြန်လည်နိုးထလာစေခဲ့သည်။ သူက ဟိုဟိုဒီဒီကြည့်သောအခါ ကျောင်းသားများပြန်ထွက်နေသည်ကို တွေ့ရသည်။ နေလုံးကြီးလည်း ဝင်လာပြီး ကြမ်းပြင်တစ်လျှောက်အရိပ်များ ထင်ဟပ်နေသည်။
ချူးယွင်ဖန်းက သူ၏ခေါင်းကိုခါကာ
“ဘာမှမဟုတ်ပါဘူး” ဟု ပြောသည်။
အဆုံးမှာတော့ သူမက်ခဲ့သော အိပ်မက်ကို မည်သူ့ကိုမှ မပြောပြဘဲ နှလုံးသားထဲတွင် သိမ်းဆည်းမြှုပ်နှံထားရန် စိတ်ပိုင်းဖြတ်လိုက်သည်။
“မင်းက အရင်နဲ့မတူတော့ဘူးလို့ ငါဘာလို့ခံစားနေရပါလိမ့်” ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းကိုစိုက်ကြည့်ပြီးပြောသည်။ သူ၏ သူငယ်ချင်းပြောင်းလဲသွားသည်ဆိုတာကိုသိသော်ငြား ဘယ်အရာကပြောင်းလဲနေလဲဆိုတာကို သူမပြောနိုင်ပေ။ သူ့သူငယ်ချင်း၏ စိတ်ဝိဥာဉ်ကိုအသစ်ပြောင်းခံရသလိုမျိုး သူငယ်ချင်းက လုံးဝပြောင်းလဲသွားတာကို သူခံစားမိသည်။
“ငါက အခု ပိုချောလာတာလား..ဟား..မတတ်နိုင်ဘူး..ငါက မွေးကတည်းက ချောလာတာ” ချူးယွင်ဖန်းက နောက်ပြောင်ပြောဆိုသည်။
“တော်စမ်းပါ..မင်းပိုပြီး အရှက်မရှိဖြစ်လာတာ” ဂေါင်ဟုန်ချီက မျက်မှောင်ကြုံ့ကာပြန်ပြောသည်။
သူခံစားနေရသောထူးဆန်းသည့် ခံစားချက်သည် ရုတ်တရက်ကွယ်ပျောက်သွားတော့သည်။
ချူးယွင်ဖန်းက
“ကောင်းပြီ..ပေါက်ကရပြောနေတာတွေရပ်ပြီး အိမ်ပြန်ကြစို့” ဟု ပြောသည်။
သူခန္ဓာကိုယ်လုံးဝပြောင်းလဲသွားတာ သူပြောနိုင်သည်။ ထို့ကြောင့် သူသည် ဖြစ်ပျက်ခဲ့သည်များကိုရှာဖွေရန် အိမ်ကိုအမြန်ဆုံးပြန်ချင်နေမိသည်။
ပုံမှန်အတိုင်းပဲ ဂေါင်ဟုန်ချီသည် ကျောင်းတံခါးဝ ရောက်သည်နှင့် ကားပျံတစ်စင်းသည် သူ့အားလာကြိုသည်။ ခွန်လွန်းခေတ်တွင် ကားများအတွက်လောင်စာဆီကို မသုံးကြတော့ပေ။ ထိုအစား ညစ်ညမ်းမှုမရှိစေသော လောင်စာဖြစ်သည့် စွမ်းအင်တုံးများဖြင့် အစားထိုးခဲ့သည်။ ထို့ပြင် ဆန့်ကျင်ဘက်ကမ္ဘာမြေဆွဲအားကိုသုံးသောကြောင့် ကားများသည် မြေပြင်မှာသွားရမည့်အစား လေပေါ်ပျံဝဲနေသည်။ ထိုကားများသည် သာမန်ခေတ်မှကားများထက် ပိုမိုပြီးခမ်းနားလှသည်။
ထိုစဉ်တွင် ချူးယွင်ဖန်းသည် ဘတ်စ်ကားစီးရန် လမ်းအနည်းငယ်လျှောက်ရသည်။ သာမန်ခေတ်မှာ ကားပိုင်ဆိုင်ခြင်းသည် အလွန်ခေတ်စားပြီး လူအများမှာ ကားများရှိကြသည်။ သို့သော် ခွန်လွန်းခေတ်တွင် ကားများသည် လေပေါ်ပျံနိုင်သော စက်ကိရိများအဖြစ်အဆင့်မြင့်လာပြီး စျေးလည်း အဆမတန်မြင့်မားခဲ့သည်။ သာမန်လူများအဖို့ ကားဝယ်ရန်မတတ်နိုင်သဖြင့် အများသုံးယာဉ်သယ်ယူပို့ဆောင်ခြင်းသည် ယခင်ကထက် ပိုမိုတွင်ကျယ်ပြီး ခေတ်မီလာခဲ့သည်။
ဘတ်စ်ကားများသည် အလွန်မြန်ဆန်ပြီး မိနစ်နှစ်ဆယ်အတွင်း ချူးယွင်ဖန်းသည် အိမ်ပြန်ရောက်ခဲ့သည်။ အထပ်မြင့်အဆောက်အဦများရှိသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ လုံခြုံရေးအစောင့်အကြပ်များကို ထိုအဆောက်အဦအပြင်ဘက်မှနေပြီးမြင်ရနိုင်သည်။ သာမန်ခေတ်တုန်းက ထိုနေရာများကို လူအများက လက်လှမ်းမမှီနိုင်ကြပေ။ သို့သော် ခွန်လွန်းခေတ်မှာတော့ သာမန်လူတန်းစားများ၏ အိမ်ရာတစ်ခုဖြစ်လာခဲ့သည်။ ချမ်းသာသူများသည် ပတ်ဝန်းကျင်နှင့်လုံခြုံမှုအဆင့်အတန်းပိုမိုကောင်းမွန်သော နေရာများတွင် နေထိုင်နိုင်ကြသည်။
လူသားများသည် ရှေးလူသားများ ခေတ်ကကျန်ရစ်ခဲ့သော အစီအရင်များနှင့် သက်ဆိုင်သော ဗဟုသုတများကိုသုံးပြီး ဗီလာအိမ်ရာပတ်ဝန်းကျင်တွင် အစီအရင်များဖွဲ့စည်းကာ စိတ်ဝိဥာဉ်တန်ခိုးစွမ်းအင်များကို စုဆောင်းကြသည်။ ဗီလာပတ်ဝန်းကျင်တွင်ရှိနေသော စိတ်ဝိဥာဉ်တန်ခိုးများကို သာမန်အိမ်ရာများထက် ပိုမိုထူထပ်များပြားစေသည်။ ခွန်လွန်းခေတ်မှာရှိနေသော စိတ်ဝိဥာဉ်တန်ခိုးကဲ့သို့ သိပ်သည်းထူထပ်လှသည်။
စိတ်ဝိဥာဉ်တန်ခိုးများလေလေ လူသားခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများလေလေဆိုတာ လူတိုင်းသိကြသည်။ ထိုသို့သိပ်သည်းထူထပ်လှသောစိတ်ဝိဥာဉ်တန်ခိုးများကို ရှုရှိုက်ရုံဖြင့် ကျင့်စဉ်ကျင့်ရန်မလိုဘဲ ကျန်းမာရေးပိုမိုကောင်းမွန်စေပြီး အသက်ရှည်ရှည်နေထိုင်ရစေသည်။ ကျင့်ကြံခြင်းကိုလုပ်ဆောင်သောလူများအတွက်လည်း ထိုသူ၏ ကျင့်ကြံခြင်းအခြေခံကို လျင်မြန်စွာတိုးတက်လာစေသည်။ ထိုကဲ့သို့ပတ်ဝန်းကျင်ကောင်းတွင် မွေးဖွားကြီးပြင်းလာသောသူများမှာ သာမန်လူများထက် ပိုမိုမြင့်မားသောဘဝကို ရနိုင်သည့် အခွင့်အလမ်းပိုများသည်။
ယနေ့ခေတ်လူသားများကြားက နှစ်ခြမ်းကွဲနေသောကွာခြားမှုသည် အလွန်အမင်းသိသာထင်ရှားသည်။
သူသည် လျှို့ဝှက်နံပါတ်ကိုထည့်ပြီး လက်ဗွေနှိပ်ကာ သူ့မျက်နှာကိုစကင်န်ဖတ်ပြီးနောက် တံခါးပွင့်လာသည်။ စတုရန်းမီတာတစ်ရာပတ်လည်ကျယ်ဝန်းသော အိမ်ကြီးက သူ့အားကြိုဆိုနေသည်။ ထိုအိမ်အရွယ်အစားသည်သာမန်အရွယ်အစားဟု မှတ်ယူနိုင်သည်။
“ပါးပါး..မားမား..ညီမလေးတို့ရေ.. သားအိမ်ပြန်ရောက်ပြီ”
သူသည် ဖိနပ်ကိုချွတ်ပြီးနောက် အိမ်ထဲဝင်လာသည်။
“ပြန်လာပြီလား..ခဏထိုင်ဦး.ညစာမကြာခင်စားတော့မယ်။ မင်းတို့ပါးပါး ပြန်လာလျှင် စားကြမယ်”
အသက်၃၀အရွယ် မိန်းမလှတစ်ဦးသည် မီးဖိုချောင်ထဲမှထွက်လာသည်။ သူမက အရပ်ရှည်ပြီး သူမ၏ခါးမှာ အေပရွန်ကိုချည်ထားကာ မျက်နှာပေါ်မှာ နွေးထွေးသောအပြုံးရှိနေသည်။ ခွန်လွန်းခေတ်တွင် လူ့သက်တမ်းသည် ပိုမိုရှည်လာပြီး အသက်၃၀သည် သာမန်ခေတ်၏ ၁၀နှစ်နှင့် ညီမျှသည်။
သူမသည် ချူးယွင်ဖန်း၏ မိခင် ယန်ရယွင် ဖြစ်သည်။
“ကိုကိုက ပြန်ရောက်နေပြီကိုး” သစ်သားကြမ်းပြင်ပေါ်မှ ဘီးလှိမ့်သံများနှင့်အတူ မိန်းကလေးငယ်လေးတစ်ဦး၏ အသံသည် ထွက်ပေါ်လာသည်။ သူမသည် အသက် ၁၃၊ ၁၄အရွယ်ဖြစ်ပြီး လျှပ်စစ်ဝှီးချဲတစ်စင်းနှင့် အခန်းထဲမှထွက်လာသည်။ သူမက အပျိုအရွယ်ဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်သည် ၁၁၊၁၂အရွယ်လို့ပဲ ထင်ရသည်။ သူမအရွယ်ကလေးတွေထက် အနည်းဆုံး ခေါင်းတစ်လုံး နိမ့်သည်။ သူမ၏ ခါးအောက်ပိုင်းရှိ ခြေထောက်များသည် သိသိသာသာ မဖွံ့ဖြိုးဘဲ စောင်ဖြင့်ဖုံးကာထားသည်။
ချူးယွင်ဖန်းသည် လမ်းလျှောက်သွားပြီးသူမ၏ခေါင်းကိုခပ်ဖွဖွပုတ်သည်။ သူမသည် သူ၏ ညီမလေး ချူးချင်ရွှမ် ဖြစ်သည်။ သူမသည် အားလုံး၏ ဂရုဏာသက်စရာ အချစ်တော်လေးတစ်ဦးဖြစ်သည်။ သူမ၏ မွေးရာပါမျိုးရိုးဗီဇအားနည်းချက်ကြောင့် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် မွေးကတည်းက တဖြည်းဖြည်း သိမ်လာခဲ့သည်။ သူမသည် ဝှီးချဲ၏ အကူအညီဖြင့်သာ သွားလာနိုင်သည်။ သူမ၏ ဆိုးဝါးသောကျန်းမာရေးကြောင့် ကိုယ်အလေးချိန်ဆက်တိုက်ကျဆင်းလာကာ သူမ၏ဆံပင်များလည်း မွဲခြောက်ခြောက်ဖြစ်လာသည်။ သူမက ၁၃၊၁၄အရွယ်ရောက်သော်လည်း အသက် ၁၁၊၁၂ အရွယ်ဟုသာ ထင်ရသည်။
ခွန်လွန်းခေတ်တွင် လူသားများအတွက် ဆေးပညာအဆင့်အတန်းသည် ကောင်းမွန်လာသည်။ ဥပမာအားဖြင့် သာမန်ခေတ်တုန်းက မကုသနိုင်သော ကင်ဆာ၊ အိတ်ချ်အိုင်ဗွီနှင့် နှလုံးရောဂါများသည် ခွန်လွန်းခေတ်မှာ သာမန်ရောဂါများဖြစ်ကြသည်။ သို့သော်လည်း မွေးရာပါမျိုးရိုးဗီဇချွတ်ယွင်းချက်သည်ပြသနာတစ်ခုဖြစ်နေသေးသည်။ ထိုရောဂါကိုကုသရန် နည်းပညာရှိသော်ငြား စျေးအသက်သာဆုံးကုသမှုသည် ဖက်ဒရယ်ဒင်္ဂါး ဆယ်သန်းကုန်ကျမည်။ ချူးချင်ရွှမ်၏ အနေအထားကို ချူးမိသားစုက မကြည့်ရက်သော်လည်း သူတို့အနေနှင့် ဘာမှမလုပ်နိုင်ပေ။ သူတို့မိသားစုသည် မိဘနှစ်ပါး၏ တစ်လဝင်ငွေဖြစ်သော လေးထောင်မှ ငါးထောင်အပေါ်တွင်မှီခိုနေထိုင်ရသည်။ အပိုဝင်ငွေရပါက တစ်လဝင်ငွေတစ်သောင်းထိဖြစ်လာသည်။ ဘာမှမစားမသောက်ဘဲနှင့်တောင် နှစ်တစ်ရာခန့်စုမှသာ ဆေးကုသဖို့ တတ်စွမ်းနိုင်မည်။
ထို့အပြင် ချူးချင်ရွှမ်၏ လက်ရှိအနေအထားမှာ ဆေးအများကြီးသောက်သုံးနေရသလို ဓာတ်စာများကိုလည်း မှီဝဲနေရသည်။ ထိုအရာနှင့်ပင် ကုန်ကျစရိတ်များနေသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် သိုင်းပညာမေဂျာကိုမရပါက တက္ကသိုလ်တွင် လစ်ဘရယ်အနုပညာမေဂျာလည်းမယူတော့ပေ။ သူ့အိမ်၏ အကြပ်အတည်းကိုဖယ်ရှားပေးရန် လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လုပ်ကိုင်မည်။
သူမသည် ငယ်စဉ်တည်းက ကျန်းမာရေးချို့တဲ့သူမို့ ကျောင်းလည်းမတတ်နိုင်ပေ။ သို့သော်သူမအတွက် ပူဆွေးသောကရောက်နေတာကိုတော့ သေချာသိသည်။ သူမ၏ မိသားစုသည် ဒုက္ခေရောက်နေသောကြောင့် သူမကြောင့်ပိုမိုဒုက္ခရောက်မည့်အရာများကို ဘယ်သောအခါမှ မတောင်းဆိုပေ။ သူမသည်အိမ်မှာနေသော်ငြား နေ့တိုင်းဆိုသလို အင်တာနက်မှ အဆက်မပြတ်လေ့လာသည်။ သူမသည် ဂျူနီယာသင်တန်းသားများထက်တောင်မှ သာလွန်နေသည်။ သူမက ဥာဏ်ကောင်းပြီး အရည်အချင်းရှိကာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းလည်းရှိသည်။ သူမမဖြေရှင်းနိုင်သောအရာဟူ၍ မရှိပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် သူမဖြေရှင်းနိုင်သော ပြသနာများကို သူမဆီသွားပြီး မေးမြန်းရသည်။ သူမ၏ ခန္ဓာကိုယ်ချို့ယွင်းချက်ကြောင့် သိုင်းပညာသင်ကြားရခြင်းအပေါ် အနှောင့်အယှက်မရှိခဲ့လျှင် သူမသည် ချူးယွင်ဖန်းထက်သာလွန်သော ပါရမီရှင်တစ်ဦး သေချာပေါက်ဖြစ်လိမ့်မည်။ သူမသာ စာပေပညာကိုလေ့လာလိုက်စားလျှင် နာမည်ကြီးသိပ္ပံပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်။
ထိုအရာများက ချူးယွင်ဖန်းကို ပိုမိုဝမ်းနည်းစေသည်။ သူသာတတ်နိုင်ပါက အခြေအနေများကို ပြောင်းလဲပစ်ချင်မိသည်။ သူသည် သိုင်းပညာပဲသင်သင် စာပေပဲသင်သင် သူ၏အစွမ်းသည် သာမန်ပဲဖြစ်သည်။ သူ၏ ညီမလေးကဲ့သို့ အရည်အချင်းအစွမ်းအစမရှိနိုင်ပေ။
“ကိုကို..သမီးဒီနေ့အလုပ်တစ်ခုတွေ့တယ်။ အွန်လိုင်းက တိုက်ရိုက်ထုတ်လွင့်တဲ့ တိုက်ပွဲဗီဒီယိုတွေရဲ့ နောက်ခံစကားပြောတင်ဆက်သူလုပ်ရမှာ..သမီးမှာ ပရိတ်သတ်တွေတောင်အများကြီးရနေပြီ။ သမီးပိုက်ဆံရှာနိုင်တော့မယ်။ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုမဖြစ်စေရတော့ပါဘူး”
သူမက ထိုအကြောင်းကို ဝမ်းသာအားရပြောသောအခါ ချူးယွင်ဖန်းသည်မျက်လုံးများပင်ပြူးကျယ်လာသည်။
“ဘယ်လိုများပြောလိုက်တာလဲ..ညီမလေးက ကိုကိုတို့အတွက် ဝန်ထုပ်ဝန်ပိုးမှ မဟုတ်တာ”
ချူးယွင်ဖန်းက ပိုပြီးတွေးမိလေလေ ပိုခံစားရလေလေဖြစ်လာသည်။ သူ့ညီမလေး၏ မွေးရာပါမျိုးရိုးဗီဇအားနည်းချက်ကိုကုသရန် ပိုက်ဆံအများကြီးရှာဖွေရမည်ဟု သူကျိန်ဆိုခဲ့တော့သည်။