အခန်း ၄-၆
Vol. 1 Ch. 4-6
အပိုင်း (၄)-
“ဘာလို့ နောက်ခံစကားပြောတင်ဆက်သူအလုပ်တွေလုပ်နေရတာလဲ…ညီမလေးလိုမျိုးမိန်းကလေးငယ်လေးတစ်ယောက်ကို သူတို့က ဘာကြောင့် ငှါးရမ်းရတာလဲ..”
ချူးယွင်ဖန်းက နာကျင်မှုကိုဖုံးကွယ်ရင်း အပြုံးနဲ့မေးမြန်းသည်။ ခွန်လွန်းခေတ်မှာရှိသောအင်တာနက်သည် သာမန်ခေတ်၏ ဝတ္ထုရှည်များတွင် ဖော်ပြထားသောပုံရိပ်ယောင်ကမ္ဘာတစ်ခုကဲ့သို့ဖြစ်လာသည်။ ကွဲပြားခြားနားမှုမရှိတော့ပေ။ ယခင်တုန်းက နည်းပညာအကန့်အသတ်အရဆို လူသားများသည် ထိုပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ သမိုင်းမှတ်တမ်းများအရ ခွန်လွန်းခေတ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသာအခါ လူသားများသည် အစွမ်းထက်လက်နက်တစ်ခုကိုရရှိခဲ့ကြသည်။ ထိုအရာကို ပုံရိပ်ယောင်နယ်ပယ် ခေါ်တွင်သည်။ ဆက်သွယ်မှုတစ်ခုလုံးကို ထိုပုံရိပ်ယောင်နယ်ပယ်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ဆောက်ထားသည်။ ထိုအရာသည် ပုံရိပ်ယောင်ကမ္ဘာကိုဖန်တီးရခြင်း၏ အဓိက အကြောင်းပြချက်ဖြစ်သည်။
သိုင်းပညာလေ့ကျင့်ကြသောလူအားလုံးသည် လက်တွေ့ဘဝတွင် ယှဉ်ပြိုင်တိုက်ခိုက်သောအခါ အလွယ်တကူ အနာတရဖြစ်နိုင်သည်။ သို့သော် ထိုအရာမျိုးသည် အွန်လိုင်းလောကတွင် ဖြစ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဆိုက်ဘာနေရာ သို့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုများတွင် တိုက်ပွဲပေါင်းများစွာရှိနေသည်။ အရည်အချင်းရှိသော ဆရာများကြားရှိ တိုက်ပွဲများသည် ပရိတ်သတ်များစွာကို ဆွဲဆောင်ပြီး လက်မှတ်များရောင်းထွက်ကုန်သည်။
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သောတိုက်ပွဲများက ကျော်ကြားလာသည်နှင့်အမျှ နောက်ခံစကားပြောတင်ဆက်သူများသည်လည်း တစ်ပါတည်းဆိုသလို ထွက်ပေါ်လာသည်။ အတွေ့အကြုံမြင့်မားသော နောက်ခံစကားပြောတင်ဆက်သူများသည် ကျွမ်းကျင်သူများက မည်သည့်နည်းလမ်းအသုံးပြုသည်ဆိုတာ အချိန်မရွေးပြောနိုင်ကြသည်။ သူတို့သည် တိုက်ခိုက်သူများကြားမှ မည်သူက အနိုင်ရလိမ့်မည်ဆိုတာကိုတောင်မှ ခန့်မှန်းနိုင်ကြသည်။
တစ်ဖက်တွင်လည်း ထိုနောက်ခံစကားပြောတင်ဆက်သူများသည် အားပေးသူပရိတ်သတ်အခိုင်အမာကိုလည်း အလွယ်လေးရရှိနိုင်ကြသည်။ သူတို့၏ တင်ဆက်ပြောဆိုမှုကောင်းလေလေ သူတို့ပိုက်ဆံပိုရလေလေဖြစ်သည်။
“ကိုကိုက သမီးကို အထင်သေးနေတာပဲ။ သမီးတင်ဆက်နေတဲ့ အွန်လိုင်းတိုက်ပွဲဗီဒီယိုတွေမှာဆို အခုလက်ရှိကြည့်ရှုသူ သန်းပေါင်းများစွာရှိတယ်။ ဒါကြောင့်မို့ တိုက်ရိုက်ထုတ်လွင့်တဲ့ဝက်ဘ်ဆိုဒ်တွေက သမီးကို နောက်ခံစကားပြောပေးဖို့ ငှါးကြတာပေါ့” ချူးချင်ရွှမ်က စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ပြန်ပြောမိသည်။
“ကောင်းပြီ..ဒါဆိုလည်းလုပ်ပါ..ကိုကို့ညီမလေးက လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာတာ ယုံတောင်မယုံနိုင်ဘူး။ ကြည့်ရတာ ကိုကိုနောက်ဆို ညီမလေးကိုလျှော့တွက်လို့ မရတော့ဘူးပဲ” ချူးယွင်ဖန်းသည် ချူးချင်ရွှမ်၏ ခေါင်းကိုပုတ်ကာပြောသည်။
သူက ထိုအကြောင်းကိုတွေးမိသောအခါ ထိုအတွေးသည် ထူးဆန်းမှု လျော့နည်းလာသည်။ ထိုကဲ့သို့ပြိုင်ပွဲများကို နောက်ခံစကားပြောတင်ဆက်သူပြုလုပ်ရန် သိုင်းပညာအရပ်ရပ်၏ နယ်ပယ်တစ်ခုမှာ အထူးကောင်းမွန်သော သုံးသပ်ချက်ရှိရမည်။ ချူးချင်ရွှမ်သည် ထိုနယ်ပယ်မှာ တစ်ဖက်ကမ်းခပ်သောစွမ်းရည်တစ်ခုရှိသည်။
သူမက မလေ့ကျင့်သော်လည်း သူ့ထက်ပိုပြီး အာရုံစူးစိုက်မှုကောင်းသည်။ သူမကတစ်နေကုန် ဘာအလုပ်မှမလုပ်ရသောကြောင့် အင်တာနက်မှ အဆက်မပြတ်လေ့လာနိုင်သည်။ သူမက ချီပင်လယ်အဆင့် သို့ ပိုမိုမြင့်မားသောအဆင့်များကိုရောက်ရှိနိုင်သောကြောင့် သူမက မလေ့ကျင့်နိုင်သည်မှာ တကယ်နှမြောစရာပင်ဖြစ်သည်။
“ဒါပေါ့..ကိုကို သမီးကိုလျှော့မတွက်သင့်ဘူး” ချူးချင်ရွှမ်က သူမ၏ ဦးခေါင်းကိုမော့ပြီးပြောဆိုသည်။ သူမသည်အလွန်ချစ်စရာကောင်းပြီး သူမ၏ ဂုဏ်ယူဖွယ်မျက်နှာလေးသည် အောင်နိုင်သူစစ်သူကြီးတစ်ဦးနှင့် ဆင်တူသည်။
ထိုအချိန်မှာ တံခါးက အလိုအလျောက်ပွင့်လာပြီး အရပ်မြင့်မြင့်လူတစ်ဦးဝင်လာသည်။ ထိုလူသည် ဝတ်စုံနှင့် သားရေဖိနပ်ကိုဝတ်ဆင်ထားသော အသက်သုံးဆယ်အရွယ်အမျိုးသားတစ်ဦးဖြစ်သည်။
“ပါးပါး”
“ပါးပါး အိမ်ပြန်လာပြီ”
အကိုနှင့် ညီမလေးသည် ချက်ချင်းဆိုသလို ကြွေးကြော်ကြသည်။ ထိုသူသည် ချူးမိသားစု၏ သခင်ကြီးဖြစ်သူ ချူးဝမ်ချန်း ဖြစ်သည်။ ချူးဝမ်ချန်းသည် ခွန်လွန်းခေတ်၏ သာမန်ရုံးဝန်ထမ်းတစ်ဦးမျှသာဖြစ်သည်။ သူသည် လတိုင်း ပိုက်ဆံ တစ်ထောင်ကျော်ရသော်လည်း သူ့မိသားစု၏ အသုံးစရိတ်လောက်ငှရုံမျှသာ ဖြစ်သည်။
သူက ပင်ပန်းနေသော်ငြား သူ၏ သားသမီးများကိုမြင်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးပန်းတစ်ခု ဝေဆာလာသည်။
“လူစုံပြီပဲ..ကောင်းတယ်။ထမင်းစားကြစို့” ယန်ရယွင်လည်း စားပွဲပေါ်တွင် ဟင်းပွဲများကို တစ်ခုပြီးတစ်ခုပြင်တော့သည်။ အိမ်ချက်ဟင်းလျာများဖြစ်သော်လည်း စားပွဲအပြည့်ဟင်းလျာများသည် သာမန်ခေတ်တွင် စျေးကြီးခဲ့သည်။သာမန်ခေတ်တုန်းက ရှားပါးသောဖြည့်စွက်စာများဖြစ်သည့် ဂျင်စင်း၊ သမင်ဦးချို၊နှင့် လင်းဇီးမှိုများကို ယခုအခါမှာ များပြားသောအတိုင်းအတာတစ်ခုထိ ခူးစွတ်နိုင်သည်။ ယခင်တုန်းက နှစ်တစ်ရာသက်တမ်းအနည်းဆုံးရှိသော ဂျင်စင်းကဲ့သို့ ဖြည့်စွက်စာများသည် လျင်မြန်စွာအရွယ်ရောက်လာနိုင်သည်။ နည်းပညာသုံးပြီး ပြုလုပ်သော်ငြား သဘာဝအတိုင်းသက်တမ်းရင့်လာခြင်းနှင့် ကွာခြားမှုမရှိပေ။
ထိုကဲ့သို့တီထွင်စမ်းသစ်မှုမရှိပါက အားလုံးသိုင်းကျင့်ကြံနေသောခေတ်ဖြစ်သည့် မြင့်မြတ်သောကျင့်ကြံခြင်းခေတ်သည် မတည်မြဲနိုင်ပေ။ ထိုကဲ့သို့ စားသောက်နေထိုင်မှုအကျင့်စရိုက်များသည် အိမ်ထောင်စုပေါင်းများစွာမှာ ပျံ့နှံ့နေသည်။
သူတို့ထမင်းစားနေရင်းနှင့် ချူးဝမ်ချန်းက “ အို..ဟုတ်သားပဲ..ပါးပါးမေ့တော့မလို့။ အကိုကြီးက ဒီလထဲလုပ်မဲ့ ယွင်ရှင်းမွေးနေ့ပွဲကို လာပါလားဆိုပြီး လှမ်းဖိတ်တယ်။ ယွင်ရှင်းရဲ့သိုင်းပညာကျောင်း ဝင်ခွင့်ရသွားတဲ့အပေါ် ဂုဏ်ပြုပေးချင်တာလည်းပါလိမ့်မယ်” ဟုပြောသည်။
“ဟင့်အင်း..ကျွန်မတို့မသွားဘူး။ ကျွန်မတို့ဆီက ငွေပိုပြီး ထွက်လာအောင်ညှစ်ထုတ်ချင်တာအပြင် သူ့သားက သိုင်းပညာကျောင်းဝင်ခွင့်ရတဲ့အပေါ်ကြွားချင်တာလည်းပါမယ်” ယန်ရယွင်သည် ပန်းကန်ကိုချလိုက်ရင်း ခပ်ပြတ်ပြတ်ပြောဆိုသည်။
“အကိုကြီးက အဲ့လိုစိတ်ရှိမှာမဟုတ်လောက်ပါဘူးကွာ” ချူးဝမ်ချန်းသည် ဒေါသထွက်နေသော သူ့အမျိုးသမီးကိုကြည့်ရင်း ကပျာကယာပြန်ဖြေသည်။
“သူ့မှာအဲ့လိုစိတ်မရှိဘူး..ဟုတ်လား။ ရှင့်အကိုကြီးနဲ့ ယောင်းမကဘယ်လိုလဲဆိုတာ ကျွန်မမသိဘူးလို့ ရှင်ထင်နေလား။ သူတို့လုပ်ချင်တာက သူ့သားအကြောင်းကြွားဖို့ပဲ။ သူတို့ ဒီလောက်နှစ်တွေအကြာကြီးအထိ ဘယ်နှကြိမ်တောင် လုပ်ခဲ့ပြီးပြီလဲ။ ကျွန်မလည်း ဒါကိုနားလည်တော့ဘူး..ချူးဝမ်ချန်း..ရှင်တို့ညီအကိုတွေ ဖခင်တစ်ဦးတည်းရှိတာတောင်မှ သူက ဘာလို့ဒီလိုဖြစ်နေတာလဲ။ ရှင့်အကိုကြီးသားမွေးတုန်းက အဖေက ယွင်ရှင်းရဲ့ ကိုယ်တွင်းသန့်စင်ဖို့အတွက် ကိုယ်တွင်းအင်္ဂါသန့်စင်ဆေးကို မိသားစုကနေ သူကိုယ်တိုင်တောင်းပေးခဲ့တာ..ကျွန်မတို့ ယွင်ဖန်းအတွက်ရော…ယွင်ဖန်းလည်း သူမွေးပြီး သိပ်မကြာဘူး မွေးလာတာပဲလေ။ သူက သားကြီးရဲ့ အကြီးဆုံးသားမဟုတ်ခဲ့လို့များလား။ ကျွန်မတို့မိသားစုအတွက်ရော ဒီနှစ်ထဲဘာတွေရဖူးလဲ” သူမ၏ မျက်ခုံးကိုပင့်တင်ပြီးစကားပြန်ဆက်သည်။
“ကျွန်မတို့ သမီးလေးရွှမ်ရွှမ်ကလည်း မွေးကတည်းက ကျန်းမာရေးချူချာခဲ့တယ်။ ရှင့်အဖေကို သမီးလေးကိုကုဖို့ ငွေတောင်းဖို့တောင် အရမ်းခက်ခဲခဲ့တာ။ ဒါပေမဲ့ ရှင့်မိဘတွေက ယွင်ရှင်းအတွက်ကျတော့ နှစ်ပေါင်းများစွာ ပိုက်ဆံအကုန်ကျခံခဲ့တယ်။ သူတို့ ဒီလိုမျက်နှာသာမပေးသင့်ဘူး”
ချူးဝမ်ချန်းက တစ်ချက်ပြုံးကာ “ငါတို့မိသားစုက အချိန်အကြာကြီး ဒုက္ခရောက်နေခဲ့တာ မင်းလည်း သိတာပဲ။ ခု ယွင်ရှင်းလို ပါရမီရှင်မျိုးရလာတဲ့အတွက် ငါတို့ သည်းခံရမယ်။ ငါတို့ မိသားစုတစ်ခုလုံးအတွက် သူက ကြီးမားသောဂုဏ်သတင်းကိုယူဆောင်လာပေးမယ်လို့ ငါ့မိဘတွေက မျှော်လင့်နေကြတယ်”
“ပါရမီပါတယ်ဟုတ်လား…ဘယ်လိုမျိုးလဲ။ အဖေက ကိုယ်တွင်းအင်္ဂါသန့်စင်ဆေးကို မတောင်းပေးခဲ့လျှင် ပြီးတော့ သူငယ်ငယ်လေးတည်းက သူ့ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ဆေးဝါးတွေဝယ်ဖို့ ပိုက်ဆံအများကြီးအကုန်ကျမခံခဲ့လျှင် သူ့မှာဒီလို ကျင့်ကြံခြင်းအခြေခံရနိုင်မလား။ ချူးဝမ်ချန်း..ကျွန်မတို့မိသားစုလည်း ခက်ခဲကြပ်တည်းနေတယ်။ ရွှမ်ရွှမ်ကိုဆေးကုဖို့တောင်ပိုက်ဆံမတတ်နိုင်ဘူး..အဲ့တာကို ရှင့်မိဘတွေက ရှင့်အကိုကို ပိုက်ဆံချေးပေးဖို့ ရှင့်ကိုဖြစ်စေချင်တာလား။ သူတို့ကို ပိုက်ဆံသုံးသိန်းကျော်လည်း ချေးခဲ့တာပဲ။ အဲ့ပိုက်ဆံတွေကို ကျွန်မတို့ပြန်ရလို့လား”
“သူတို့ခုပြန်ပေးမှာ မင်းမမြင်ဘူးလား။ ယွင်ရှင်း သိုင်ပညာကျောင်း ဝင်ခွင့်ရရုံတင်မကဘူး ဖက်ဒရေးရှင်းတက္ကသိုလ်က ဆရာတစ်ဦးကလည်း သူ့ကို စိတ်ဝင်စားနေတယ်။ ယွင်ရှင်းက တက္ကသိုလ်ဝင်ခွင့်ရပါစေမယ်လို့ သူက အာမခံတယ်။ အဲ့ချိန်ရောက်လျှင် ငါတို့မိသားစုလည်း သူ့အောင်မြင်မှုကနေ အကျိုးကျေးဇူးတွေခံစားရမှာပေါ့”
ချူးဝမ်ချန်းက စကားပြောနေရင်း ပြုံးနေသည်။
“အကျိုးအမြတ်..ကျွန်မတို့မိသားစုက ဘယ်လိုအကျိုးအမြတ်တွေခံစားရမှာလဲ။ ရှင့်အကိုကြီးက ကျွန်မတို့ကို တစ်ချိန်လုံးအထင်သေးနေတာ။ ဒီလိုအရာတွေ ဖြစ်မယ်ဆိုပြီး ရှင်က အကျိုးခံစားဖို့ မျှော်လင့်နေတာလား။ မေ့လိုက်စမ်းပါ..ထမင်းစားပျက်တယ်”
ယန်ရယွင်သည် ထမင်းစားပွဲမှ ထပြီး အခန်းထဲမှ လှည့်ထွက်သွားသည်။ ချူးဝမ်ချန်းလည်း သူမ၏ နောက်မှ ထပ်ကြပ်မကွာလိုက်လာသည်။ ချူးယွင်ဖန်းတို့မောင်နှမနှစ်ဦးသည် ထိုအခြေအနေများကို ရင်းနှီးကျွမ်းဝင်နေသဖွယ် ထမင်စားစားပွဲတွင် ထိုင်ရင်းကျန်နေခဲ့သည်။
ချူးယွင်ဖန်းသည် သူ၏ညီမလေးကို ဂျင်စင်းကြက်ပြုတ်ရည်တစ်ပန်းကန်ထည့်ပေးပြီး သူလည်း ထမင်းတစ်ပန်းကန်ထပ်ယူသည်။ သိုင်းပညာကျင့်ကြံနေသောလူများက အစာများများစားရန်လိုအပ်ပေသည်။
ထို့ကြောင့် ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ဖြည့်စွက်စာများပေါများနေရခြင်းဖြစ်သည်။ ထိုဖြည့်စွက်စာများသာမရှိလျှင် မည်သူမျှ စွမ်းအင်လုံလုံလောက်လောက်မရပေ။
သူ့မိဘနှစ်ဦး၏ စကားလုံးများသည် ချူးယွင်ဖန်း၏ စိတ်ကို လှုပ်ရမ်းစေသည်။ သူ့ထက်ရက်အနည်းငယ်စောမွေးသော သူ၏ ဝမ်းကွဲအကို ချူးယွင်ရှင်းသည် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။ ချူးယွင်ဖန်းနှင့်ယှဉ်လျှင် ချူးယွင်ရှင်းသည် မွေးကတည်းက အလွန်ထူးချွန်သည်။ သူနှင့်ဆုံသမျှလူတိုင်းကို အံ့အားသင့်စေသည်။ သူ၏ ကိုယ်တွင်းကိုသန့်စင်ရန် သူတို့၏ အဘိုးသည် ချူးမိသားစု၏ ဘိုးဘေးအိမ်ကိုသွားကာ ဆယ်သန်းတန်ကြေးရှိသော ကိုယ်တွင်းအင်္ဂါသန့်စင်ဆေးကိုတောင်းဆိုခဲ့သည်။ ထို့ကြောင့် ချူးယွင်ရှင်းသည် မွေးကတည်းက ထူးချွန်ပြီး သူမတူသော စွမ်းရည်လည်းပိုင်ဆိုင်ထားခဲ့သည်။ သူငယ်စဉ်ကတည်းက မိသားစုသည် ဆေးပေါင်းများစွာဝယ်ယူတိုက်ကျွေးခဲ့တာမို့ သူသည် အလွန်လျင်မြန်စွာကျင့်ကြံနိုင်သည်။
သူတို့နှစ်ဦးသည် သက်တူရွယ်တူဖြစ်ပြီး စီနီယာတန်းတက်ရောက်နေကြသည်။ သို့သော်လည်း ချူးယွင်ဖန်းသည် တည်ငြိမ်သမုဒ္ဓရာမြို့၏ သာမန်ကျောင်းလေးဖြစ်သော အမှတ်တစ်ဆယ့်သုံးအထက်တန်းကျောင်းကို တက်ရောက်ချိန်တွင် ချူးယွင်ရှင်းသည် သုန့်ဟွာမြို့၏ အမှတ်တစ်အထက်တန်းကျောင်းမှာတက်ရောက်သည်။ ထိုကျောင်းသည် တစ်မြို့လုံးမှာ အကောင်းဆုံးဖြစ်ပြီး ပညာရှင်များနှင့် ကျွမ်းကျင်သူများစွာရှိနေသည်။ ထိုကျောင်း၏ အညံ့ဆုံးကျောင်းသားတောင်မှ ထိပ်တန်းကျောင်းများထဲမှတစ်ကျောင်းကို ဝင်ရောက်နိုင်သည်။ အတော်ဆုံးအဖွဲ့သည် ထိပ်တန်းကျောင်ဆယ်ခုမှာနံပါတ်တစ်ဖြစ်သော ဖက်ဒရေးရှင်းတက္ကသိုလ်ကို တက်ရောက်နိုင်သည်။
ချူးယွင်ရှင်းသည် စီနီယာအတန်းမှာရောက်နေပြီး ဖက်ဒရေးရှင်းတက္ကသိုလ်မှ ဆရာတစ်ဦးသည် သူ့အားမျက်စိကျနေသည်။ ချူးယွင်ရှင်း တက္ကသိုလ်တက်နိုင်မည်ဟု သူက အာမခံထားသည်။ ထို့ကြောင့် သူက ချူးမိသားစုအတွက် ဂုဏ်တက်စေမည်ဟု ဆိုနိုင်ခြင်းမှာ အပိုစကားမဟုတ်တော့ပေ။
ဖက်ဒရေးရှင်းတက္ကသိုလ်သည် ဖက်ဒရေးရှင်းတစ်ခုလုံးမှာ နံပါတ်တစ်ဖြစ်ပြီးဖက်ဒရေးရှင်းအစိုးရက ထောက်ပံ့ထားသည်။ တကမ္ဘာလုံးမှာ ထိုကျောင်းတက်နိုင်သူသည် လူတစ်သန်းမှာ တစ်ယောက်ဖြစ်သည်။ သူတို့သည် အခွင့်ထူးခံလူတန်းစားထဲမှာမှ အခွင့်ထူးခံများဖြစ်ကြသည်။ မြေရှင်ပဒေသရာဇ်ခေတ်မှ စကားကိုယူသုံးလျှင် ထိုလူမျိုးသည် စစ်သူကြီး သို့ တရားသူကြီးမင်းဖြစ်လိမ့်မည်။ စစ်တပ်ထဲမှ အရာရှိပုဂ္ဂိုလ်များသည် ဖက်ဒရေးရှင်းတက္ကသိုလ်မှ ကျောင်းဆင်းသူများ ဖြစ်ကြသည်။ အစိုးရအဖွဲ့၏ အရာရှိပုဂ္ဂိုလ်များ၏ တစ်ဝက်ကျော်သည်လည်း ထိုတက္ကသိုလ်မှ ကျောင်းပြီးသူများဖြစ်ကြသည်။ ထို့ပြင် သိပ္ပံ၊ စီးပွါးရေးနှင့် အနုပညာနယ်ပယ်မှ နာမည်ကြီးပုဂ္ဂိုလ်များသည်လည်း ထိုတက္ကသိုလ်မှ ကျောင်းပြီးလာကြပြီး အရေအတွက်သည်လည်း များပြားလှသည်။
ဖက်ဒရေးရှင်းတက္ကသိုလ်သို့ ဝင်ခွင့်ရသူများသည် လူ့အသိုင်းအဝိုင်းမှာ ကောင်းမွန်သောအနာဂတ်များရရှိနိုင်ဖို့ အာမခံချက်များရှိကြသည်။
ချူးယွင်ရှင်းထက်ရက်အနည်းငယ်နောက်ကျပြီး မွေးဖွားသော ချူးယွင်ဖန်းသည် အမြဲလိုလို နှိုင်းယှဉ်ခံရသည်။ ချူးမိသားစု၏ ပိုင်ဆိုင်သမျှအားလုံးကို ချူးယွင်ရှင်းအားပေးခဲ့မည်ဆိုသော အကြောင်းများကို သူ့ရှေ့တည့်တည့်တွင် တစ်ကြိမ်မကပိုပြီး အပြောခံခဲ့ရဖူးသည်။ ရက်အနည်းငယ်နောက်ကျပြီး မွေးဖွားသောသူ့အဖို့ ဘာမှ မရပေ။ သူက တကယ့်ကို တန်ကြေးမရှိပေ။
ချူးယွင်ဖန်းသည် သာမန်လူနှင့် နှိုင်းယှဉ်ပါက ဘာအားနည်းချက်မှ မရှိပေ။ သို့သော် သူသည် ချူးယွင်ရှင်းကဲ့သို့ ပညာရှင်နှင့် နှိုင်းယှဉ်ခံရသောအခါ လူအများက သူ့ကိုအသုံးမကျဘူးဟု မြင်ကြသည်။
လူတိုင်းမှာမာနရှိသည်။ သူငယ်စဉ်ကတည်းက အနှိုင်းယှဉ်ခံရပြီး အနှိမ်ခံခဲ့ရသည်။ သူ့ကို ဘယ်လိုလုပ် မခံစားစေမည်နည်း။ သူက ခံစားချက်ကိုဖုံးကွယ်ပြီး သူ့ခံစားချက်များကို မျက်နှာမှာ မပြရန် ကြိုးစားခဲ့ရသည်။ သူသာထိုသို့ မဖုံးကွယ်လျှင် သူ့ကိုလှောင်ပြောင်သောလူများက ခံစားရမည်မဟုတ်ဘဲ သူ့ကိုချစ်မြတ်နိုးသော သူ၏ မိဘများက ခံစားရလိမ့်မည်။ ချူးယွင်ဖန်းသည် ထိုအကြောင်းကိုစဉ်းစားမိပြီး ဝမ်းနည်းလာကာ ချူးချင်ရွှမ်ကို စိုက်ကြည့်မိသည်။ သူသည် ပါရမီမပါသော်လည်း သူညီမလေးမှာ အရည်အချင်းများစွာရှိသည်။ သူ့အတွက်တော့ သူမသည် ချူးယွင်ရှင်းနှင့် မခြားနားပေ။ သို့သော် နတ်ဘုရားများက မမျှတခဲ့ပေ။ သူမကို မွေးကတည်းက ရှားပါးသောမျိုးရိုးဗီဇချို့ယွင်းမှုကိုဖြစ်စေသည်။ သူမက ဘယ်လောက်ပဲစွမ်းဆောင်ရည်ရှိနေပါစေ သူမ၏ ချို့ယွင်းသောခန္ဓာကိုယ်နှင့် ဘာမှမလုပ်နိုင်ပေ။
ချူးယွင်ဖန်းသည် အခန်းထဲမှထွက်လာသောအသံများကို နားစွင့်နေသည်။
“အဖေက တကယ့်ကို သူရဲဘောကြောင်တာပဲ” ဟု သူတွေးနေမိသည်။
“အဖေက သူ့အကိုကြီးနဲ့ အဖေအမိန့်ပေးတဲ့အတိုင်းတကယ်လုပ်နေတာလား။ သူ့ကို ဦးလေးက ပိုက်ဆံချေးခိုင်းတိုင်း ထုတ်ချေးတာပဲလား”
သူ့ဖခင်၏အကြံအစည်များကို သူ မတော်တဆသိလာခဲ့သည်။ သူ့ညီမလေးဆေးကုရန် သူ၏ ဖခင်က မရှာဖွေပေးနိုင်ကြောင်းသိခဲ့သည်။ တစ်ဖက်မှာတော့ ချူးယွင်ရှင်း၏ အရည်အချင်းသည် တမူကွဲပြားနေသည်။
သူသည် အနာဂတ်မှာ လူ့လောက၏ အခွင့်ထူးခံလူတစ်ဦးဖြစ်လာတော့မည်။ ဆယ်သန်းဆိုတာ များသော်လည်း ချူးယွင်ရှင်းအတွက်တော့ မမှုပေ။
ချူးယွင်ရှင်းက သူတို့မိသားစုက သူ့အားကူညီခဲ့တာကို အမှတ်ရပြီး သူတို့မိသားစုကိုပြန်ကူညီလျှင် သူ့ညီမလေး၏ ရောဂါအတွက် မျှော်လင့်ချက်ရှိသည်။
သူ့ဖခင်က မာနများကို ခဝါချကာ ဖခင်နှင့်အကိုကြီးတောင်းဆိုသမျှ လုပ်ဆောင်ခြင်း၏ အကြောင်းပြချက်လည်းဖြစ်သည်။
“မဟုတ်ဘူး..ငါက ဒါကိုပြောင်းလဲရမယ်”
ချူးယွင်ဖန်းသည် ထိုအကြောင်းကိုတွေးမိကာ လက်သီးကိုကျစ်ကျစ်ပါနေအောင်ဆုပ်ထားသည်။ သူ၏လက်သည်းများက အသားထဲစိုက်သည်အထိ လက်သီးဆုပ်ထားသည်။ သူ့လက်က နာကျင်မှုကိုလည်း သူသတိမမူမိချေ။
သူ၏ ညီမလေးက ညစာစားပြီးတာကိုစောင့်ပြီးနောက် သူသည် ပန်းကန်များကို ရှင်းပြီး ပန်းကန်ဆေးစက်ထဲသို့ထည့်လိုက်သည်။ ခေတ်သစ်နည်းပညာအရဆို သူတို့အနေနှင့် ပန်းကန်ဆေးစရာမလိုပေ။ ပန်းကန်များကို အလိုအလျောက်ဆေးကြောသန့်စင်ကာ နေရာချပေးသည်။
အားလုံးသိမ်းဆည်းပြီးသောအခါ ချူးယွင်ဖန်းသည် အခန်းထဲသို့ဝင်ပြီး တံခါးပိတ်သည်။ သူ၏ အိပ်ရာအောက်ရှိအခင်းပေါ်တွင် သူတင်ပလင်ခွေချိတ်ထိုင်ပြီး ကျင့်ကြံခြင်းကိုစတင်တော့သည်။
ဧကရာဇ်အမွေခံ
အပိုင်း (၅)- မယုံကြည်နိုင်သော ကျင့်ကြံခြင်းအလျင်
ချူးယွင်ဖန်းသည် သူ၏အတွေးများကိုရုပ်သိမ်းပြီး ယနေ့ကျောင်းမှာဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကို ပြန်လည်အမှတ်ရနေမိသည်။ သူသည် အခြားလူတစ်ယောက်၏ ဘဝမှာ ရှင်သန်နေထိုင်သကဲ့သို့ အိပ်မက်များသည် အလွန်စစ်မှန်လွန်းပြီး မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ ထို့အတွက်ဖြေရှင်းချက်မရှိပေ။
ခေတ်မီနည်းပညာသည် မည်မျှဆန်းကြယ်ပြီး ခေတ်ရှေ့ပြေးနေပါစေ ရှေးခေတ်လူသား ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး မဖြေရှင်းနိုင်သောလျှို့ဝှက်ချက်များစွာရှိနေတုန်းဖြစ်သည်။ ဘာတွေပဲဖြစ်နေပါစေ ထိုအရာသည် အိမ်မက်တစ်ခုတော့မဟုတ်ချေ။ သူသည် အဘယ်ကြောင့်ဆေးဧကရာဇ်၏ မှတ်ဥာဏ်အမွေများရရှိလဲဆိုတာ မတွေးတတ်ပေ။ ထိုအတွေးမြင်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ပြောင်းလဲလာသည်။ သို့သော်ငြားကောင်းသောပြောင်းလဲမှုတစ်ခုဟု သူခံစားမိသည်။
ချူးယွင်ဖန်းအသစ်သည် ယခင်ကထက်ပိုမိုပြီး လန်းဆန်းတက်ကြွနေသည်။ သူကဘေးဘီဝဲယာကိုလှည့်ကြည့်သောအခါအရောင်အသွေးပိုမိုစုံလင်နေပြီး သူ၏နားမှလည်း အသံများကို ပိုမိုကြည်လင်စွာဖမ်းယူနိုင်သည်။ သူ၏ခန္ဓာကိုယ်မှာ အဆုံးအဆမဲ့တန်ခိုးများရှိလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ အင်အားတစ်ခု စီးဆင်းနေသည်။ ထိုပြောင်းလဲမှုအကြောင်းကို မည်သူ့ကိုမှ မပြောပြဝံ့ပေ။
သူသာတခြားလူကို အိမ်မက်အကြောင်းပြောမိလျှင် ပြသနာရှာမိသလိုဖြစ်လိမ့်မည်။ထိုအရာများသည် ဧကရာဇ်၏မှတ်ဥာဏ်များဖြစ်ကြသည်။ သူသည်အဖမ်းခံရနိုင်ပြီး ဓာတ်ခွဲခန်းမှာအစမ်းသပ်ခံကြွက်တစ်ကောင်ကဲ့သို့ လေ့လာခံရနိုင်သည်။
တကယ်တော့ သူသည် ဆေးဧကရာဇ်၏ ပန်းချီကားချပ်၏တည်နေရာနှင့် ပတ်သက်ပြီး ထူးဆန်းသည်ဟု ထင်မိခဲ့သည်။ ထို့အပြင် ထိုပန်းချီကားထဲမှာ ဝှက်ထားသော နတ်ဘုရားဦးခေါင်းသည် မည်သည့်နေရာကို ပျောက်သွားလဲဆိုတာ သူမတွေးတတ်ပေ။ ထိုအကြောင်းကို အချိန်အကြာကြီး တွေးမိပြီးနောက်လည်း ထိုဖြစ်ရပ်အတွက် အဖြေရှာမရပေ။ သူသည် လက်လျော့လိုက်ပြီး သူ၏ ကျင့်ကြံခြင်းကိုသာအာရုံပြန်စိုက်ထားမိသည်။
သူ၏ ဦးခေါင်းထဲတွင် ဖော်မြူလာတစ်ခုပေါ်လာသည်။ ထိုအရာသည် အခြေခံစွမ်းအင်ဖြည့်တင်းခြင်းဖော်မြူလာဖြစ်သည်။ ထိုဖော်မြူလာကို ဖက်ဒရေးရှင်းအစိုးရက ကျယ်ပြန့်စွာအသုံးပြုနေသည်။ ထိုအရာသည်အတွင်းအားပါဝင်သော အရာတိုင်းအတွက် အခြေခံအကျဆုံးသော အုတ်မြစ်တစ်ခုဖြစ်သည်။ ထိုအရာသည် တန်ခိုးရှင်များနှင့် သိုင်းပညာရှင်များစွာ၏ ကြိုးစားအားထုတ်မှုရလဒ်ဖြစ်သည်။
သူတို့သည် ရှေးဟောင်းလူသားခေတ်မှ ဆင်းသက်လာသော စွမ်းအင်ဖြည့်တင်းခြင်းဖော်မြူလာများစွာကို အသုံးပြုပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုဖော်မြူလာသည် ရိုးရှင်းပြီး သူ၏အားသာချက်မှာ တည်ငြိမ်ပြီး ကျင့်ကြံသူကိုစိတ်ရှုပ်ထွေးစေလိမ့်မည် မဟုတ်ပေ။
ထိုဖော်မြူလာကို အတွင်းအားအခြေခံကိုကျင့်ကြံရန် ဖက်ဒရေးရှင်းကလူတိုင်း အသုံးပြုနေကြသည်။ သို့သော်ငြား ထိုအရာသည် အခြေခံစွမ်းအင်ဖြည့်တင်းခြင်းဖော်မြူလာကိုအချိန်အကြာကြီးကျင့်ကြံသော သာမန်လူများအတွက် ပိုမိုပြီးသက်ဆိုင်သည်။ အဓိကမျိုးနွယ်စုများနှင့် ဂိုဏ်းကြီးများ၏ ဂိုဏ်းသားများမှာ ထိုအခြေခံဖော်မြူလာကို လက်ဆင့်ကမ်းအမွေရခဲ့ကြသည်။
ချူးယွင်ဖန်းသည်လည်း ထိုအခြေခံစွမ်းအင်ဖြည့်တင်းခြင်းဖော်မြူလာကိုအသုံးပြုပြီး ကျင့်ကြံနေခြင်းဖြစ်သော်ငြား ယခုအခါ သူ့မှာ ဆေးဧကရာဇ်၏ ငယ်ဘဝမှ အစတည်သော မှတ်ဥာဏ်များစွာရှိနေသည်။ ဆေးဧကရာဇ်၏ ဆေးဖော်ခြင်းစွမ်းရည်သည် သမိုင်းတစ်လျှောက်အလွန်ကြီးမားခဲ့သည်။ သူ့အရင် ဘယ်သူမှလုပ်နိုင်ခဲ့သောလူလည်းမရှိသကဲ့သို့ သူရရှိခဲ့သောအရာများကိုလည်း မည်သူမှမရနိုင်ပေ။
သို့သော် သိုင်းပညာနှင့် ပတ်သက်လျှင် သူ့မှာပါရမီမပါလာခဲ့ပေ။ သူသည် မြောက်များစွာသော ဆေးများကိုမှီဝဲပြီး ဧကရာဇ်အဆင့်ကို ကျင့်ကြံနိုင်ခဲ့သည်။ ထိုအရာများကို ယခင်ကမသိခဲ့ပေ။ သို့သော် သူ့ကိုတခြားဧကရာဇ်များနှင့် နှိုင်းယှဉ်သောအခါမှ သူ၏အားနည်းချက်များ ပေါ်လာခဲ့ရသည်။
ဆေးပညာဧကရာဇ်မသေဆုံးခင်မှာတွေးခဲ့သော အရာများကိုတောင်မှ သူသေချာမှတ်မိနေသည်။
“ငါက တစ်ဘဝလုံး ဂုဏ်သတင်းကြီးခဲ့သူမို့ ငါ့ကိုယ်ငါ ပါရမီရှင်လို့သတ်မှတ်ခဲ့တာ။ ဘယ်သူမှ ငါ့ကိုမငြင်းဆန်ဝံ့ဘူး။ ဒါပေမဲ့ ဒါတွေအားလုံးက အထင်မှားအမြင်မှားတွေပါပဲလား။ တစ်စုံတစ်ဦးရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းကလွဲပြီး ဘယ်အရာကိုမှ အားထားလို့မရဘူး။ ဒါတွေက တန်ခိုးစွမ်းအား အားလုံးရဲ့ အရင်းမြစ်ပဲ”
“အကယ်၍ နောက်ဘဝဆိုတာသာရှိခဲ့လျှင် ငါ သေချာပေါက် အစွမ်းကုန်ကြိုးစားလေ့ကျင့်မယ်”
ဤခေတ်သည် လူတိုင်းလိုလိုကျင့်ကြံနေသော မြင့်မြတ်သောကျင့်ကြံခြင်းခေတ်ဖြစ်သော်လည်း တစ်စုံတစ်ဦးက သင့်ကိုမသင်ပေးလျှင် သို့ သင့်မိသားစုက သင့်ကို အထောက်အပံ့မပေးပါက သင်ကိုယ်တိုင် သိုင်းပညာပစ္စည်းများကိုဝယ်ယူရန်ပိုက်ဆံသုံးရပေတော့မည်။ စုစုပေါင်းကုန်ကျစရိတ်သည် အလွန်ကြီးမားသောပမာဏတစ်ခုဖြစ်သည်။
ချူးယွင်ဖန်းသည် ယခင်တည်းက အတွင်းအားကျင့်ကြံခြင်းကို စိုးရိမ်ခဲ့သည်။ သို့သော် ထိုအရာသည် ပြသနာတစ်ခုမဟုတ်တော့ပေ။ ဆေးဧကရာဇ်သည် သိုင်းပညာနှင့်ပတ်သက်ပြီး ဘာမှမထူးခြားသော်လည်း သူသည် ထိရောက်သောနည်းလမ်းများစွာကို သင်ယူခဲ့ရမည်။ တခြားသော တန်ခိုးကြီးဧကရာဇ်များလည်း သူ့ထံလာကာအကူအညီပေးကြလိမ့်မည်။ထို့ကြောင့် သူသည် ထိုဧကရာဇ်တစ်ဦးချင်းစီမှနည်းလမ်းများကို ပိုမိုပြီး ကျွမ်းကျင်လာခဲ့သည်။
ချူးယွင်ဖန်းသည် သူ၏ ပစ်မှတ်ကိုရွေးချယ်ပြီးဖြစ်သည်။ ထိုအရာသည်သူ၏မှတ်ဥာဏ်ထဲမှာရှိနေသောနတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားလှသောလူတစ်ဦးဖြစ်ပြီး ထိုလူသည် တစ်ချိန်တည်းမှာ ဧကရာဇ်တစ်ရာကို တိုက်ခိုက်နိုင်ခဲ့သည်။ သူ့ကို သမိုင်းတစ်လျှောက် အကြီးကျယ်ခမ်းနားဆုံးသော ဧကရာဇ်တစ်ပါးဖြစ်သည့် အဓိပတိဧကရာဇ်ဟုခေါ်တွင်ကြသည်။ သူသည် ဆေးဧကရာဇ်နှင့်တူညီသောခေတ်မှာရှိသော်ငြား သူတို့ခေတ်မှာရှိသောဧကရာဇ်များမှာ ပြိုက်ဘက်ကင်းဧကရာဇ်တစ်ပါးဟုမှတ်ယူထားခဲ့သည်။
ဆေးဧကရာဇ်၏ မှတ်ဥာဏ်များအရ သူသည်မယှဉ်ပြိုင်နိုင်သော အတော်ဆုံးပါရမီရှင်တစ်ဦးဖြစ်သည်။ အဓိပတိဧကရာဇ်သည် အသက်သုံးနှစ်အရွယ်တည်းက သိုင်းပညာများကို အလွယ်တကူကျင့်ကြံနိုင်ခဲ့သည်။ သူသည် တစ်ကြိမ်တည်းကြည့်ရုံနှင့် သိုင်းကွက်များကိုအလွယ်တကူမှတ်မိနိုင်သော ထူးဆန်းသည့်ကိုယ်ရည်သွေးရှိသည်။ သုံးကြိမ် သို့ ငါးကြိမ်လေ့လာပြီးနောက် သူသည် ထိုသိုင်းကွက်ကို အကြမ်းဖျဉ်း နားလည်သည်။ သူအသက်ငါးနှစ်ရောက်သောအခါ လူသိများထင်ရှားခဲ့သည်။အသက်ဆယ်နှစ်အရွယ်မှာ မျိုးဆက်သစ်လူငယ်များမှာ မည်သူမှ သူ့ကိုမယှဉ်နိုင်ပေ။
သူအသက်ဆယ့်ငါးနှစ်တွင် မျိုးနွယ်တူတန်ခိုးရှင်များကို အနိုင်ရခဲ့သည်။ သူတို့နှင့်အတူနေလျှင် သူမတိုးတက်နိုင်ဘူးဟု တွေးမိကာ ဓားတစ်ချောင်းကိုကိုင်ပြီးခရီးဆက်တော့သည်။
သူအသက်ဆယ့်ရှစ်နှစ်အရွယ်ရောက်သောအခါ သူ့ကိုတစ်ကမ္ဘာလုံးက သိလာခဲ့ကြသည်။သူသည် သူ့ဆရာကိုနာမည်ကြီးအောင် ထောက်ပံ့ပေးပြီး မိတ်ဆွေများစွာဖွဲ့ခဲ့ကာ ရန်သူများကိုလည်း အနိုင်ရပြီး ပြိုင်ဘက်များကိုလည်း သတ်ခဲ့သည်။ သူအသက် သုံးဆယ့်တစ်နှစ်အရွယ်တွင် အင်အားအကောင်းဆုံးတန်ခိုးရှင်ဖြစ်လာခဲ့သည်။ သူသည် တျန့်ရှန်းထိပ်မှာ စီခေါင်ကောင် နှင့် တိုက်ခိုက်ခဲ့ပြီး သူ၏ ဘဝမှာ ပထမဆုံးအရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။
သူသည် အရှုံးမပေး အားမလျော့ဘဲ ဆယ်နှစ်ကြာ တံခါးပိတ်လေ့ကျင့်ခဲ့သည်။ သူပြန်ထွက်လာသောအခါ သူ၏ သဘောပေါက်နားလည်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းသည် အလုံးစုံပြီးမြောက်ခဲ့သည်။ သူ၏ မျိုးနွယ်တစ်ခုလုံးကို သူ၏ ရန်သူတော်ကြီးက သတ်ဖြတ်ခဲ့သည်ကိုကြားရသောအခါ သူ့မျိုးနွယ်စုကလူများအတွက် လက်စားချေခြင်းအနေနှင့် ရန်သူ ၃၅၇၀ယောက်ကို သူ့လက်နှင့်ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။
ထို့နောက် သူသည် စီခေါင်ကောင် ကို တစ်ဖန်စိန်ခေါ် ပြီး အနိုင်ယူခဲ့သည်။ ထို့ကြောင့်သူသည် ထိုခေတ်၏ အမြင့်မြတ်ဆုံးသောစစ်သည်တော်ဖြစ်ခဲ့သည်။ သူအသက်ငါးဆယ်အရွယ်တွင် တန်ခိုးရှင်ဧကရာဇ်ဂိုဏ်းကိုတည်ထောင်ပြီး စစ်နတ်ဘုရားသိုင်းကျမ်းကို ရေးသားသည်။ ထိုသိုင်းကျမ်းသည် ဂိုဏ်း၏ရတနာတစ်ပါးဖြစ်လာခဲ့သည်။
ဆေးဧကရာဇ်သည် ဆေးပညာအရာမှာဆရာတစ်ဆူဖြစ်ခဲ့ပါက အဓိပတိဧကရာဇ်သည်လည်း သိုင်းပညာအရာမှာ ဆရာတစ်ဆူဖြစ်ခဲ့သည်။ ဧကရာဇ်များစွာရှိသော်လည်း သူ့ခေတ်တွင် လွှမ်းမိုးထားနိုင်သော ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါးဖြစ်ခဲ့သည်။
အဓိပတိဧကရာဇ်သည် သူချစ်သောအမျိုးသမီးကိုကယ်တင်ရန် ဆေးလုံးတစ်လုံးကို ဆေးဧကရာဇ်ဆီမှ တောင်းခဲ့သောအခါ သူသည် ထိုဆေးနှင့် စစ်နတ်ဘုရားသိုင်းကျမ်းကို အလဲအထပ်ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ဆေးဧကရာဇ်သည် သိုင်းပညာကျင့်ကြံရန် တွေးမိခဲ့သည်။ သူသည် ဆေးလုံးများပေါ်မူတည်ပြီး သိုင်းပညာရခဲ့သော်လည်း သူအများဆုံးကျင့်ကြံခဲ့သည်မှာ စစ်နတ်ဘုရားသိုင်းကျမ်းစာအုပ်ကိုမှီငြမ်းခဲ့ခြင်းဖြစ်သည်။ သူ၏ ယခင်က ကျင့်ကြံခြင်းများကို မပယ်ဖျက်နိုင်သောကြောင့် သူသည်အစမှနေပြီး ပြန်လည်ကျင့်ယူရသည်။
ယခုတော့ ချူးယွင်ဖန်းသည် ထိုစာအုပ်မှအမြတ်ထွက်တော့မည်။သူ့မှာ အဆင့်နိမ့်သောကျင့်ကြံခြင်းအခြေခံရှိသော်လည်း ထိုအရာများကို ဆုံးရှုံးခံပြီး အစမှပြန်လည်ကျင့်ကြံခြင်းသည် သူ့အတွက် ဘာမှမထူးခြားပေ။ အစမှ ပြန်လည်စတင်ရခြင်းသည် တစ်လအတွင်းမှာကျင်းပမည့် သိုင်းပညာမေဂျာ သို့ လစ်ဘရယ်အနုပညာမေဂျာ ခွဲခြားမည့် စာမေးပွဲအတွက် မှီလိမ့်မည်မဟုတ်သော်လည်း ဤအရာသည် ကြုံ့တောင့်ကြုံခဲအခွင့်အရေးတစ်ခုဖြစ်သည်။ မည်သည့်မေဂျာပဲရရ သူ့အတွက် အရေးမကြီးပေ။ သူသည် အဓိပတိဧကရာဇ်၏ ကျင့်ကြံခြင်းအခြေခံ၏ဆယ်ပုံပုံတစ်ပုံကိုသာ အနာဂတ်မှာရနိုင်ခဲ့လျှင် ခေတ်သစ်၏ လူအနည်းငယ်လောက်သာ သူ့အတွက် ပြိုင်ဘက်ဖြစ်နိုင်မည်။
ချူးယွင်ဖန်းသည် ထိုအကြောင်းကိုတွေးမိသောအခါ အံကိုကြိတ်ပြီး သူသင်ယူခဲ့ဖူးသော သိုင်းပညာအားလုံးကို ဖယ်ရှားပစ်သည်။ သူ၏နှုတ်ခမ်းထောင့်ဖျားဆီမှ သွေးများစီးကျလာသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရခဲ့ခြင်းသည် သင်ယူခဲ့ဖူးသောသိုင်းပညာများကို ဖယ်ရှားခြင်းအတွက် တန်ရာတန်ကြေးဖြစ်သည်။ သူ၏ ကိုယ်တွင်းအင်္ဂါသေးသေးလေးအချို့လည်း ပြင်းထန်စွာဒဏ်ရာရခဲ့သည်။
သာမန်ခေတ်မှာ ထိုကဲ့သို့ဖြစ်လျှင် သူသည် တစ်လလောက်အိပ်ရာထဲလဲနေမှာဖြစ်သည်။ သို့သော် ခေတ်မီနည်းပညာနှင့် ရှေးလူသားခေတ်၏ ဗဟုသုတများကြောင့် ဆေးပညာအဆင့်အတန်းသည် တစ်ဟုန်ထိုးမြင့်မားလာခဲ့သည်။ သူဘေးနားမှာရှိသော စားပွဲဆီမှ ဒဏ်ကြေလိမ်းဆေးဖြန်းသည့်ဗူးကိုလှမ်းယူခဲ့သည်။ ထိုဆေးဗူးသည် ပြင်းထန်သောထိခိုက်မှုများကို မကုသနိုင်သော်လည်း အသေးအဖွဲဒဏ်ရာများကို ကုပေးနိုင်သည်။
ကြီးကျယ်မြင့်မြတ်သောကျင့်ကြံခြင်းခေတ်ဖြစ်လာသောအခါ အိမ်တိုင်းတွင် ထိုစပရေးဗူးလေးကို အရေးပေါ်ဆောင်ထားကြသည်။ ပြသနာက ထိုဆေးဗူးသည် ဒင်္ဂါးသုံးသောင်းတန်ကြေးရှိသည်။ ထို့ကြောင့် ထိုဆေးဗူးကို သာမန်ကာလျှံကာမသုံးရက်ပေ။ ထိုဆေးဗူးသေးသေးလေးသည် အကြိမ်ပေါင်း တစ်ရာကျော် ဖျန်းနိုင်သည်။ သူသည် လွန်ခဲ့သောနှစ်များဆီက သိုင်းပညာကျင့်ကြံရင်း အကြိမ်၉၀ကျော်ဖျန်းခဲ့ပြီမို့ သူသုံးရန် ဆယ်ကြိမ်မျှသာကျန်တော့သည်။ ထိုဆေးဗူးကို သူတစ်ခါသုံးတိုင်း ပိုက်ဆံ၃၀၀ကုန်သွားသည်ဟုခံစားမိပြီး ဝမ်းနည်းရသည်။
သို့သော်ငြား ဒီတစ်ကြိမ်မှာတော့ အံကိုကြိတ်ပြီး စိတ်ပိုင်းဖြတ်ကာ သူ၏နှုတ်ခမ်းထဲကို ဆယ်ကြိမ်ဖျန်းပစ်လိုက်သည်။ သူသည် ဆေးဧကရာဇ်၏ မှတ်ဥာဏ်များကို မရခဲ့လျှင်တောင်မှ စွန့်စားလုပ်ကိုင်မှုမရှိဘဲနှင့် အန္တရာယ်များကို ဘယ်လိုမှ မကျော်လွှားနိုင်ပေ။ တကယ်တော့ ဆေးဧကရာဇ်၏ အတွေးများက သူ့အတွေးများကိုလွှမ်းမိုးနေပြီး သူ့ကို ဆုံးဖြတ်ချက်ပိုမိုပြတ်သားလာစေသည်။ ကြီးမားသောအောင်မြင်မှုရလိုလျှင် အသေးအဖွဲကိစ္စများကိုစိတ်မပူဘဲနှင့် အတွေးလည်း မများသင့်ပေ။
ဆေးဖျန်းမှုများသည် ထိခိုက်ပျက်စီးသွားသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများအပေါ်သက်ရောက်ပြီး သက်သာလာစေသည်။ ဤအရာသည်ပထမဆုံးအကြိမ်မဟုတ်သော်လည်း ခေတ်သစ်သိပ္ပံပညာ၏မှော်တန်ခိုးများကို သူအသုံးပြုသည့်အခါတိုင်း ရှာဖွေတွေ့ရှိခဲ့ရသည်။ ဆေးဧကရာဇ်၏ မှတ်ဥာဏ်မှာထင်ကျန်နေသော ရှေးလူသားခေတ်ကဲ့သို့ အံ့ဩဖွယ်ခေတ်မှာတောင်မှ ထိုကဲ့သို့အရာမျိုးမရှိပေ။
ခေတ်သစ်သိပ္ပံပညာသည် ရှေးဟောင်းလူသားခေတ်က မရရှိနိုင်ခဲ့သော အရာများကိုရခဲ့သည်။ စစ်နတ်ဘုရားသိုင်းဟုခေါ်သော ကျင့်စဉ်တစ်ခုသည် သူ့ခေါင်းထဲပေါ်လာသည်။ ထိုအရာသည် အဓိပတိဧကရာဇ်ထွင်ခဲ့ပြီး စစ်နတ်ဘုရားသိုင်းကျမ်းမှာ မှတ်တမ်းတင်ခဲ့သော အတွင်းအားကျင့်စဉ်တစ်မျိုးဖြစ်သည်။ ထိုစစ်ပွဲသိုင်းကျမ်းသည် သိုင်းပညာလမ်းညွှန်စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ထဲတွင် အတွင်းအားကျင့်စဉ်များပါဝင်ရုံမက ဧကရာဇ်၏ဘဝတစ်လျှောက်လေ့လာခဲ့သည့် သိုင်းကျမ်းများစွာပါဝင်နေသည်။ ချူးယွင်ဖန်းသည် စစ်နတ်ဘုရားသိုင်းကိုစတင်အသုံးပြုသည်နှင့် သူ၏တစ်ကိုယ်လုံးတွင် ထိုးဖောက်ဝင်ရောက်လာသောနာကျင်မှုများကို ခံစားမိလာသည်။ သူ၏ အသားစတစ်ခုလုံးကို ဆွဲဖြဲခံနေရသလို ခံစားချက်မျိုးဖြစ်သည်။
စစ်နတ်ဘုရားသိုင်း၏ ပထမဆုံးအဆင့်သည် ခန္ဓာကိုယ်ထုဆစ်ပုံဖော်ခြင်းအဆင့်ဖြစ်သည်။ ခန္ဓာကိုယ်ကို အကောင်းဆုံးကိုယ်ထည်ဟုခေါ်တွင်နိုင်သော တောင့်တင်းခိုင်မာသည့်ပုံစံတစ်ခုကိုပြောင်းလဲပြင်ဆင်သည်။ တစ်စုံတစ်ဦးသည် သူတို့၏ရုပ်ရည်သွင်ပြင်ကို အကောင်းဆုံးကိုယ်နေဟန်ထားကိုပြောင်းလဲသောအခါ သူတို့သည် မိုးကောင်းကင်နှင့် မြေကြီးကြားကူးလူးဆက်ဆံသွားလာနိုင်သည်။
ထို့ပြင် ထိုကိုယ်ထည်သည် စစ်နတ်ဘုရားသိုင်းအတွက် အခြေခံအုတ်မြစ်တစ်ခုကိုဖော်ဆောင်ပေးသည်။ လူတစ်ဦးသည် ထိုကဲ့သို့ ပြိုင်ဘက်ကင်းကိုယ်ထည်မရှိဘဲနှင့် ထိုမျှကောင်းမွန်သောသိုင်းကို မည်သို့ကျင့်ကြံနိုင်မည်မည်း။ ပုံမှန်အတိုင်းဆို အကောင်းဆုံးကိုယ်ထည်သည် လက်ဖျောက်တစ်ချက်တီးရုံနှင့် မရနိုင်ပေ။ သူ့မှာအဆင့်ပေါင်းများစွာရှိပြီး အခြေတည်အဆင့်ကိုကျင့်ကြံခြင်းသည် ပထမဆုံးအဆင့်ဖြစ်သည်။
ထိုအရာသည် ပထမအဆင့်ဖြစ်သော်ငြားသူ၏ တစ်ကိုယ်လုံးသည်နာကျင်ကိုက်ခဲနေသည်။ သူကျောင်းမှာတုန်းက အိပ်မက်ထဲမှာ မှတ်ဥာဏ်ဆက်ခံချိန်တွင် သူ၏ခန္ဓာကိုယ်ဆုတ်ဖြဲခံရသည့် နာကျင်မှုနှင့်နှိုင်းယှဉ်ပါက ဒီတစ်ခေါက်သည် မပြောပလောက်ပေ။ ထိုအချိန်တွင် သူ၏ခြေလက်များနှင့် အရိုးများတွင် သူကိုယ်တိုင်တောင်မသိလိုက်ဘဲ အေးမြသောခံစားချက်ကို ခံစားမိလာသည်။ ထိုအရာသည် ဆုတ်ဖြဲခံရသော သူ့အသားများကို ပြန်လည်ပြင်ဆင်ပေးသော စွမ်းအင်တစ်ခုဖြစ်ပုံရသည်။
သူက နောက်တစ်ဖန်ကျင့်ကြံပြီး တစ်ဖန်ပြန်ပြီး နာကျင်မှုဒဏ်ခံစားလာရသည်။ အေးမြသောခံစားမှုလည်းတစ်ဖန်ပြန်လည်ဖြစ်ပေါ်လာပြီး သူ၏နာကျင်မှုများကို ချက်ချင်းဆိုသလိုဖယ်ရှားပစ်သည်။
ချူးယွင်ဖန်းသည် ဘာတွေဖြစ်ပျက်နေလဲဆိုတာမသိပေ။ သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေမိသည်။ မကြာခင်မှာ သူသည်မျက်လုံးများကိုဖွင့်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ကြည့်သောအခါ ထိတ်လန့်သွားမိသည်။
“အခြေတည်အဆင့်(၁)-ကြွက်သားသန့်စင်တာက ပြီးသွားပြီလား”
သူ၏ကြွက်သားများတွင် ကြီးမားသောတန်ခိုးများကိုခံစားမိလာသည်။ သူက ပထမဆုံးအကြိမ် ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ခြင်းထက် အနည်းငယ်ပိုမိုနာကျင်ခံစားရသည်။ ထိုအရာသည် လုံးဝမတူကွဲပြားသောအဆင့်တစ်ခုဖြစ်နေသည်။ သူက အချိန်ကိုလှမ်းကြည့်သောအခါ ပိုပြီးအံ့အားသင့်ရသည်။ တစ်နာရီတောင်မှ မကြာလိုက်သောအချိန်တွင် သူသည် အခြေတည်အဆင့်-၁ ကြွက်သားသန့်စင်ခြင်းကိုပြီးမြောက်ခဲ့သည်။
ပထမဆုံးအကြိမ်တုန်းက ဤအဆင့်ကိုပြီးမြောက်ရန် အချိန်သုံးလယူခဲ့ရသည်။ ကျင့်ကြံနေချိန်တွင် ကြွက်သားလေ့ကျင့်ခန်း၏ အရေးကြီးသောအချက်များကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်ဟု သူခံစားမိသည်။ မသေချာမရေရမှု သို့ သံသယများလည်းမရှိပေ။ ထိုကျင့်စဉ်ကာလအတွင်း ခက်ခဲသောပြသနာများကို သူဖြေရှင်းလိုက်နိုင်သကဲ့သို့ အရာအားလုံးသည် လွယ်ကူသည်ဟု သူခံစားနေရသည်။ ယခင်တုန်းက ထိုအဆင့်ကို သူကျင့်ကြံသောအခါ သူနားမလည်ခဲ့သော အရာများစွာရှိသည်။
သူသည် ပေးထားသောစာအုပ်မှာရှိသော ရှင်းပြချက်များအတိုင်း ယောင်လည်လည်နှင့် ဝိုးတိုးဝါးတား လေ့ကျင့်ခဲ့ရသည်။ ယခင်က ထိုမျှလောက်ရှင်းလင်းခဲ့သည်ဟု မခံစားမိပေ။ ဤအရာသည်သူယခင်က မရခဲ့ဖူးသော ရှင်းရှင်းလင်းလင်းသိရှိမှုတစ်ခုဖြစ်သည်။
“ငါက ပါရမီရှင်များ ဖြစ်နိုင်မလား။ ပါရမီရှင်စစ်စစ်တွေတောင်မှ ငါကျင့်ကြံသလောက်မြန်နိုင်မယ် မထင်မိဘူး”
ထိုအရာကိုတွေးပြီး ချူးယွင်ဖန်းသည် မရပ်မနားဆက်လက်ကျင့်ကြံသည်။
နောက်ပိုင်းဆက်ဖြစ်သောအရာများသည် အိမ်မက်မဟုတ်ဘဲ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဆိုတာ သက်သေပြနေသည်။
အခြေတည်အဆင့်(၂)- အရိုးသန့်စင်ခြင်း
အခြေတည်အဆင့်(၃)- အရေပြားသန့်စင်ခြင်း
အခြေတည်အဆင့်(၄)- သွေးကြောများ သန့်စင်ခြင်း
အခြေတည်အဆင့်(၅)- ကိုယ်တွင်းအင်္ဂါများ သန့်စင်ခြင်း
ချူးယွင်ဖန်းသည် မျက်လုံးကိုဖွင့်သောအခါ မယုံကြည်နိုင်အောင်ဖြစ်ရသည်။ သူသည် အသက်ဆယ်နှစ်ကတည်းက ကျင့်ကြံခဲ့ရသည်။ ခြောက်နှစ်အတွင်း သူသည် ကိုယ်တွင်းအင်္ဂါများသန့်စင်ခြင်းအဆင့်ထိရောက်အောင် ကျင့်နိုင်ခဲ့သည်။ သူသည် အချိန်ကိုကြည့်လိုက်သည်။ ညနေ ၆နာရီတွင်ညစာစားခြင်းပြီးဆုံးပြီး စတင်ကျင့်ကြံခဲ့သည်။ယခုအခါ သန်းခေါင်ယံအချိန်ပဲဖြစ်သည်။ သူက ခြောက်နှစ်ခန့် ကျင့်ကြံခဲ့ရသည့် ခရီးလမ်းကို ခြောက်နာရီအတွင်းပြီးမြောက်ခဲ့သည်။ ထိုအရာက ဘယ်လိုအလျင်နှုန်းပါလိမ့်။ သူအစတည်းက ပြန်လည်ကျင့်ကြံကတည်းက အကျိုးများစွာဖြစ်ထွန်းခဲ့တာထက် ဤအရာသည် လွန်စွာမှ ထူးခြားလွန်းနေသည် မဟုတ်ပါလား။
သူက ယခင်ကထက် ပိုမိုပြီး အဆပေါင်းများစွာအင်အားကြီးလာသည်မှာ အပိုပြောဆိုခြင်းမဟုတ်ပေ။ သူ့ယခင်ပုံစံက လူပေါင်းများစွာနှင့် သူယှဉ်ပြီးတိုက်ခိုက်နိုင်သည်။
သူ့အတွက် အိပ်ချိန်ရောက်နေပြီဆိုသော်လည်း ကျင့်ကြံခြင်းကြောင့် ပင်ပန်းသည်ဟု သူမခံစားရပေ။ ထိုအစားသူသည် နိုးနိုးကြားကြားရှိနေသည်။ ရုတ်တရက်ဆိုသလို နောက်ထပ်အတွေးတစ်ခုပေါ်လာသည်။ သူက ခုလို လျင်မြန်စွာကျင့်ကြံနိုင်နေပြီမို့ ယခုဆက်လက်ပြီးကျင့်ကြံလျှင် ဘာဆက်ဖြစ်နိုင်မလဲ။
အခြေတည်အဆင့်(၆)- အရွတ်အကြောသန့်စင်ခြင်းအဆင့်က ဘယ်လိုဖြစ်လိမ့်မလဲ။
ဧကရာဇ်အမွေခံ
အပိုင်း (၆)- ဆက်တိုက်ဆိုသလို ကျော်ဖြတ်ခြင်း
ထိုအကြောင်းကိုတွေးမိပြီး ချူးယွင်ဖန်းသည် ဆက်လက်လေ့ကျင့်ရန်ဆုံးဖြတ်ခဲ့သည်။ သူသည် စစ်နတ်ဘုရားသိုင်း၏ ဖော်မြူလာကိုအသုံးပြုကာ စတင်လေ့ကျင့်ပီး အတွင်းအားကိုဖြတ်သန်းစီးဆင်းစေသည်။ ဆုတ်ဖြဲခံရသော နာကျင်မှုသည် အေးမြသောခံစားချက်လည်း တစ်ချိန်တည်းမှာပေါ်လာပြန်သည်။
ဆုတ်ဖြဲခံရခြင်းနှင့် အေးမြခြင်းကို တစ်လှည့်ဆီအဆက်မပြတ်ခံစားရမှုသည် ချူးယွင်ဖန်းအဖို့ တစ်ချိန်တည်းမှာ သေဆုံးလိုက် ပြန်လည်ရှင်သန်လာလိုက်ဖြစ်နေသလိုခံစားမိသည်။ ဘာတွေပဲဖြစ်ဖြစ် သူသည်အံကိုကြိတ်ကာ တောင့်ခံခဲ့သည်။ သူသည် အခြေတည်အဆင့်(၅)ဖြစ်သော ကိုယ်တွင်းအင်္ဂါများ သန့်စင်ခြင်းအဆင့်၏ အမြင့်ဆုံးထိရောက်ရန် ကျင့်ကြံလိုက်သည်။ နာမည်အတိုင်းပဲ ထိုအဆင့်သည် လူတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို ကြံ့ခိုင်သန်မာစေသည်။
သူ၏ကိုယ်တွင်းင်္အဂါများသည် နာကျင်မှုကိုတစ်လှည့်နှင့် ကုစားခြင်းကိုတစ်လှည့်စီ အဆက်မပြတ်ခံစားနေရသည်။ နောက်ဆုံးတော့ နှစ်နာရီကုန်ဆုံးပြီးနောက်သူ၏မျက်လုံးများကို တစ်ဖန်ဖွင့်လာခဲ့သည်။
“ငါက နောက်ဆုံးတော့ ကိုယ်တွင်းကြံ့ခိုင်သန်မာစေခြင်းအဆင့်ရဲ့အမြင့်ဆုံးအနေအထားကို ကျင့်ခဲ့ပြီးပြီ။ ငါက ကိုယ်တွင်းအင်္ဂါများကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီ။ ဒီလိုနှုန်းမျိုးနဲ့ကျင့်ကြံနိုင်မယ်လို့ တစ်ခါမှမတွေးဖူးဘူး။ ငါက ကိုယ်တွင်းအင်္ဂါသန့်စင်တဲ့အဆင့်ကို လွန်ခဲ့တဲ့လကပဲ ဖြတ်ကျော်နိုင်ခဲ့တာ။ ဒီအဆင့်ရဲ့ အမြင့်ဆုံးအနေအထားကိုရောက်ဖို့ နောက်ထပ်လအနည်းငယ်လိုမယ်လို့ ထင်ခဲ့တာ” ချူးယွင်ဖန်းက သူ့ဘာသာအတွေးနယ်ချဲ့နေသည်။ ထိုအချိန်မှာ သူ၏စိတ်သည်ရှင်းလင်းနေပြီး စိတ်ထဲသို့ အရာများစွာ အပြေးအလွှားဝင်ရောက်လာသည်။
မယုံကြည်နိုင်လှသော စစ်နတ်ဘုရားသိုင်းမှလွဲပြီး သူ့ကျင့်ကြံခြင်းအရှိန်နှုန်းမြင့်မားခြင်း၏ အဓိကအကြောင်းပြချက်သည် သူ့ခန္ဓာကိုယ်သည် အနေအထားတစ်ခုထိ ပြောင်းလဲခြင်းကြောင့်ဟု ထင်ရသည်။ ထိုသို့မဟုတ်လျှင် ဘယ်လောက်ပဲအရှိန်မြန်နေပါစေ သူခြောက်နှစ်တာမျှ ကျင့်ကြံခဲ့ရခြင်းကို အချိန်ခဏလေးအတွင်းမှာဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ ထိုမှုန်ပျပျအလင်းတန်းသည် အဆက်မပြတ်အသားထဲကိုဆုတ်ဖြဲဝင်ရောက်ပြီး သူ၏ကိုယ်ထဲမှာရှိသော ဆဲလ်ပေါင်းများစွာကိုပြန်လည်ပုံဖော်ခဲ့ခြင်းဖြင့် သူ၏အသားရည်ကို ပြုပြင်မွမ်းမံခဲ့သည်။ ထိုအေးမြသောခံစားမှုသည် ဘယ်ကနေရောက်လာလဲဆိုတာ သူမသိချေ။ ထိုဖြစ်စဉ်ကသာ နာကျင်မှုများကိုမသက်သာစေခဲ့လျှင် ကျင့်ကြံခြင်းတစ်လျှောက်လုံး သူအကြိမ်ပေါင်းများစွာရပ်နားရမည်။ သူ၏ ကျင့်ကြံမှုလည်း ဤမျှအတိုင်းအတာလောက်အောင်မြင်မှုမရနိုင်ပေ။
“ငါ့ကိုယ်ထဲ ဘာဝင်သွားခဲ့တာလဲ..” ချူးယွင်ဖန်းက အနည်းငယ်စိုးရိမ်လာသည်။ “ကိစ္စမရှိပါဘူးလေ..ဘာတွေပဲဖြစ်ဖြစ် ငါ့အတွက်အမြတ်ပါပဲ။ ငါက အဆင့်-၈ စိတ်ဝိဉာဏ်ပျိုးထောင်တဲ့အဆင့်မှာ သေချာပေါက်သိလာရမှာပဲ”
ထိုအဆင့်-၈သည် နာမည်နှင့်လိုက်ပြီး သင်၏ခန္ဓာကိုယ်အတွင်းမှာ ဘာများဖြစ်ပျက်နေလဲဆိုတာ စိတ်အာရုံဖြင့် ခံစားခြင်းဖြစ်သည်။ သင်သည် သင့်သွေးကြောများ၊ ကိုယ်တွင်းအင်္ဂါများ၊ ကြွက်သားများနှင့်အခြားအရာများကိုမြင်နိုင်သည်။ သင်၏ မျက်လုံးများနှင့် အားလုံးကို မြင်နိုင်မည်တော့ မဟုတ်ပေ။ ထိုအစား သင်၏ခန္ဓာကိုယ်တစ်ခုလုံးကိုလေ့လာသောအခါ သင်သည် အရာအားလုံးကို အာရုံခံစားနိုင်သည်။ သင်၏ကိုယ်ထဲမှာရှိသော အသေးအစိတ်များကအစ သင်၏ခေါင်းထဲပေါ်လာတာမို့ မျက်စိနှင့်ကိုယ်တိုင်တပ်အပ်မြင်ရသဖွယ်ဖြစ်သည်။
“ငါက ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့်ရဲ့ အမြင့်ဆုံးအနေအထားကိုကျင့်ကြံပြီးပြီမို့ ဒီကနေ့ညမှာ အဆင့်၆- အရွတ်အကြော သန့်စင်တဲ့အဆင့်ကိုရောက်ဖို့ သေချာကြိုးစားရမယ်”
သူသည် သံသယမထားဖို့ဆုံးဖြတ်ခဲ့သည်။ သူက ပထမဆုံးဖြတ်ကျော်နိုင်ရန် အရေးကြီးသည်။ သူသည် ထပ်မံမစောင့်နိုင်တော့ပေ။ သူသည် ငယ်စဉ်ကတည်းက ချူးယွင်ရှင်း၏ အရိပ်အဖြစ်ရှိနေခဲ့သည်။ ထို့ကြောင့်သူသည် ကျင့်ကြံခြင်းကိုလည်း ဘယ်သောအခါမှ အသည်းအသန်မကြိုးစားသလို သူ၏ အနာဂတ်ကိုလည်း မျှော်လင့်ချက်သိပ်မရှိပေ။ယခင်တုန်းက ထိုကဲ့သို့အခွင့်အရေးမျိုးမရဖူးခဲ့ပေ။ သို့သော် ဘုရားသခင်က သူ၏ရှေ့မှောက်အရောက် အခွင့်အရေးကိုချပေးခဲ့သည်။သူသည် ဒီတစ်ခါတော့ အခွင့်အရေးကို အမိအရဖမ်းဆုပ်ရမည်။
ချူးယွင်ဖန်းသည် စိတ်ပိုင်းဖြတ်လိုက်ပြီး မျက်လုံးကိုပြန်မှိတ်ကာ အခြေတည်အဆင့်-၆ကို စတင်ဖြတ်ကျော်တော့သည်။သူ၏ စစ်မှန်စွမ်းအင်များသည်သူ၏အရိုးများကြားနှင့် အရိုးများအတွင်းထဲကို ပြေးလွှားသွားလာနေသည်။ ချူးယွင်ဖန်းတွေးထားသကဲ့သို့ အရာအားလုံးဖြစ်ပျက်ခဲ့သည်။ သူ၏လက်ထဲမှာရှိနေသော အရာများကိုချောချောမွေ့မွေ့ ကျင့်ကြံခဲ့သည်။
အရွတ်များ၏ အရေးကြီးနေရာများ ကျင့်ကြံခြင်းသည် သူ၏ခေါင်းထဲမှာပေါ်လာခဲ့သည်။ ယခင်တုန်းက သူ၏ဆရာကကျောင်းမှာသင်ပေးခဲ့သော မှတ်မိရန်ခဲယဉ်းသောကျင့်စဉ်များကို ပြန်လည်စဉ်းစားမိသည်။ သူ့ကိုသင်ကြားပေးတုန်းက ဆရာများ၏ မျက်နှာအမူအရာများကိုတောင်မှ သူမှတ်မိနေခဲ့သည်။ ချူးယွင်ဖန်းသည် ထိုကဲ့သို့အရာမျိုးကို ဘယ်သောအခါမှ မတွေ့ကြုံဖူးပေ။ ထိုအရာသည် ဂန္တဝင်မြောက်သောဓာတ်ပုံမှတ်ဥာဏ်တစ်ခုလိုဖြစ်နေသည်။
အခြေတည်အဆင့် (၆)- အရွတ်အကြောသန့်စင်ခြင်းသည် ယခုတော့ သူ့အတွက် လျှို့ဝှက်ချက်တစ်ခုမဟုတ်ခဲ့ပေ။ ဆရာသင်ပေးလိုက်သည်မှာ များပြားလှစွာသောလူသားသိုင်းပညာရှင်များ၏ ကိုယ်တွေ့ အတွေ့အကြုံပေါင်းချုပ်ဖြစ်သည်။ သင်ကြားပေးမှုသည် ရှင်းလင်းသော်လည်း သူ၏ ကန့်သတ်ချက်ရှိသည့်စွမ်းရည်ကြောင့် သူနားမလည်နိုင်ခဲ့ပေ။ ယခုတော့ ထိုအရာသည် အဆင့်(၆)ကို ဖြတ်ကျော်နိုင်ရန် သူ့အတွက် လောင်စာတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
အတားအဆီးဟူ၍ မရှိတော့ပေ။ သူ၏ကိုယ်ထဲမှ စစ်မှန်တန်ခိုးများသည် အဆက်မပြတ်ပေါ်ထွက်နေပြီး သူ၏ အသားများကို ထပ်ခါထပ်ခါပြုပြင်မွမ်းမံနေသည်။ ထိုအရာသည် အခြေတည်အဆင့်(၆)ရောက်ရန် သူ၏ အသားမှာရှိနေသောအတားအဆီးများကို ချိုးဖြတ်ခြင်းဖြစ်သည်။
ဘန်း!
ချူးယွင်ဖန်း၏ ဦးခေါင်းထဲမှာ တစ်စုံတစ်ရာပေါက်ကွဲထွက်လာသလို ခံစားမိသည်။ ထိုအရာသည် သူ့အား အဆင့်(၆)တက်ရောက်ခြင်းအားဟန့်တားထားသော အတားအဆီးတစ်ခုဖြစ်သည်။ ထိုအရာသည် ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော ဆည်တစ်ခုနှင့်တူပြီး ထိုအကျိုးသက်ရောက်မှုကြောင့် ဖျက်စီးခြင်းခံရသည်။
ထိုအချိန်မှာချူးယွင်ဖန်းသည်မျက်လုံးများကိုဖွင့်လာသည်။ သူအနည်းငယ်လှုပ်ရှားသောအခါ တဂျွတ်ဂျွတ်မြည်သံများအဆက်မပြတ်ထွက်ပေါ်နေသည်ကို ကြားရသည်။ ထိုအသံသည် မီးပန်းဖောက်သံနှင့်တူသည်။ ထိုအရာသည် သူက အခြေတည်အဆင့်(၆)ဖြစ်သည့် အရွတ်အကြောသန့်စင်သည့် အဆင့်သို့ချဉ်းနင်းဝင်ရောက်လာခြင်း၏ သက်သေပြချက်တစ်ခုဖြစ်သည်။
စစ်မှန်တန်ခိုးသည် သူ၏တစ်ကိုယ်လုံးမှာ လျှင်မြန်စွာစီးဆင်းနေသည်။ သူသည် အနေအထားအသစ်တစ်ခုကိုရောက်ရှိနေပြီးဖြစ်သည်။ ခံစားချက်များသည်တကယ့်ကိုအံ့မခန်းဖြစ်သည်။ ထို့ပြင် သူ၏ကိုယ်ထဲမှာရှိနေသော အေးမြသည့်ခံစားချက်သည်လည်း မရှိတော့ဘူးဆိုတာလည်း သူခံစားမိသည်။ ထိုအရာသည် ကနဦးအဆင့်များမှာ ထုတ်ပေးသောစွမ်းအင်ဖြစ်ပုံရသည်။
ချူးယွင်ဖန်းကို အဆက်မပြတ်ကုသပေးပြီးနောက် ထိုအရာသည် လုံးဝပျောက်ကွယ်သွားသည်။ ထိုစွမ်းအင်သည် သူဖြတ်ကျော်နိုင်ရန်လိုအပ်သော စွမ်းအားတစ်ခုကို ထုတ်ပေးခဲ့သည်။ သိုင်းပညာကျင့်ကြံသောလူများသည် အစာများစွာစားသုံးသည်။ သူတို့၏တန်ခိုးကိုပြန်လည်ဖြည့်တင်းရန် သာမန်လူများထက် စွမ်းအင်ပိုလိုအပ်သည်။ သူ၏မိသားစုသည်ခက်ခဲကြပ်တည်းနေသည်။ ထို့ကြောင့်သူ့အတွက် အားအင်ဖြည့်စွက်ဆေးများဝယ်ပေးရန် ဘယ်လိုလုပ်ပိုက်ဆံအပိုရှိနိုင်မည်နည်း။ သူသာချမ်းသာသောမိသားစုမှာမွေးဖွားလာခဲ့လျှင် သူ၏သာမန်အရည်အချင်းလောက်နှင့် သိုင်းပညာမေဂျာကိုတက်လှမ်းနိုင်မည်။
ဂျင်စင်းနှင့် လင်ဇီးမှိုများသည် အစွမ်းထက်ပုံရသည်။ထိုအရာများသည် ကောင်းမွန်သောအားဆေးများဖြစ်ကြသည်။ သို့သော် ကျင့်ကြံသောသူများအဖို့ ထိုအရာများနှင့် မလုံလောက်ပေ။ထို့ကြောင့် ခေတ်သစ်ဆေးပညာသည် အာဟာရဖြည့်စွက်စာများ ဖန်တီးခဲ့သည်။ ထိုအာဟာရဖြည့်စွက်ဆေးတစ်လုံးသည် ထမင်းတန်ချိန်ပေါင်းများစွာစားသုံးခြင်းနှင့် ညီမျှသောစွမ်းအင်ပါဝင်သည်။
သူသည် စစ်နတ်ဘုရားသိုင်းကိုသုံးပြီးနောက် သူနှင့် တူညီသောအဆင့်မှာရှိသောလူတိုင်းထက်ပိုမိုပြီး သန်မာလာသည်။ သူ၏ ယခင်မူလပုံစံများစွာနှင့် တိုက်ခိုက်နိုင်သည်။ သို့သော် သူသည်သာမန်လူထက် စွမ်းအင်ပိုလိုအပ်လာသည်။ သူ့မိသားစု၏ယခုအနေအထားအရဆို သူ၏ကျင့်ကြံခြင်းအတွက် သူတို့မတတ်နိုင်ပေ။ ထို့ကြောင့်သူသည် အဖြေတစ်ခုကိုစဉ်းစားရမည်။
“ငါက ခုပဲ အဆင့်-၆ရောက်ခဲ့ပြီ။ ဒီနှုန်းအတိုင်းဆို ငါက အမြင့်ဆုံးအနေအထားကိုရောက်နိုင်တယ်။ ငါက အဆင့်-၇နဲ့သိပ်ပြီး အလှမ်းမဝေးတော့ဘူး။ ငါက သိုင်းပညာမေဂျာကိုဝင်နိုင်မဲ့မျှော်လင့်ချက်ရောင်ခြည်တော့တွေ့ပြီ” ချူးယွင်ဖန်းသည် စိတ်လှုပ်ရှားနေသည်။ သိုင်းပညာမေဂျာဝင်နိုင်ဖို့ကို သူအမြဲတောင့်တခဲ့ပြီး လက်လျော့လိုစိတ်လည်းမရှိပေ။
ယခင်တုန်းက ထိုအတွေးကိုစွန့်လွှတ်ဖို့ကြိုးပမ်းမှုသည် ခေါင်းမာခြင်းသပ်သပ်သာဖြစ်သည်။သို့သော် သူ့မှာအခွင့်အရေးရှိသည်ကို သူမြင်လာသည်။ ထိုနှုန်းနှင့်ဆို သူသည်လူငယ်ပါရမီရှင်များကို အသာလေးဖြတ်ကျော်နိုင်မည်။ ထိုအချိန်မှာ ချူးယွင်ဖန်းသည် အချိန်ကိုကြည့်မိသည်။ နောက်တစ်နေ့မနက် ခုနှစ်နာရီရှိနှင့်ပြီကို သူမယုံကြည်နိုင်ပေ။
“ငါက ဆယ့်သုံးနာရီကြာကျင့်ကြံခဲ့တာ။ ငါကတစ်ညလုံးကျင့်ကြံတာတောင် လန်းဆန်းတက်ကြွနေတုန်းပဲ။ ငါလုံးဝမအိပ်ချင်ဘူးပဲ” သူသည် နိုးကြားတက်ကြွနေသည်ကို သူမယုံနိုင်အောင်ဖြစ်နေသည်။ ယခင်တုန်းက အနည်းငယ်ကျင့်ကြံရုံနှင့် သူခေါင်းမူးလာခဲ့သည်။ အကြောင်းရင်းမှာ သူကျင့်ကြံစဉ်တွင် သူ၏ခန္ဓာကိုယ်မှာရှိသောအရာများကိုအာရုံစိုက်ရသဖြင့် စိတ်ပင်ပန်းခဲ့သည်။ ဒီတစ်ကြိမ်မှာ တစ်ညလုံးကျင့်ကြံသော်ငြား သူပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။
သူက မောပန်းနွမ်းနယ်ခြင်းမရှိရုံသာမက သူသည်လူတိုင်းထက်ပိုပြီး ကျင့်ကြံအားထုတ်ချိန်ရသည်။ ချမ်းသာသောမိသားစုများသည် သူတို့၏ စိတ်ပင်ပန်းနွမ်းနယ်မှုကိုပြန်လည်ဖြည့်တင်းရန် တခြားနည်းလမ်းများစွာရှိလိမ့်မည်ဆိုတာသူနားလည်သည်။ ထို့ကြောင့်သူသည် တခြားသူများထက် ကျင့်ကြံခြင်းအချိန်ကိုပိုမိုမလိုအပ်ပေ။ သူတွေးမိပြီး စိတ်လှုပ်ရှားလာသည်။
“ငါ့ရဲ့ မူလရည်မှန်းချက်က သိုင်းပညာမေဂျာတတ်နိုင်ဖို့ဖြစ်တယ်။ ဒါပေမဲ့ခုတော့ ဒါက ဘာမှမဟုတ်တော့ပါလား။ ငါက ဒီထပ်ပိုမြင့်တဲ့ရည်မှန်းချက်ထားရမယ်။ ငါက သိုင်းပညာလေ့လာချင်ရုံသာမကဘဲ ထိပ်သီးနံပါတ်တစ်ကျောင်းဖြစ်တဲ့ ဖက်ဒရယ်တက္ကသိုလ်ကိုလည်း တက်ရောက်ခွင့်ရချင်တယ်” ဒီတစ်ကြိမ်မှာတော့ သူ၏မျက်လုံးများသည် စိတ်ပျက်အားလျော့မှုများနှင့်ပြည့်မနေဘဲ ရည်မှန်းချက်အပြည့်ရှိသော အမျိုးသားတစ်ဦးဖြစ်နေသည်။
“ဒါပေမဲ့ ခုတော့ ထိပ်သီးကျောင်းတွေကိုတက်ရောက်ခွင့်ရတဲ့ ကျန်တဲ့ပါရမီရှင်တွေနဲ့ ကွာခြားလွန်းသေးတယ်။ သူတို့ကငယ်စဉ်ကတည်းက ထူးချွန်ကြတာ။ ငါ့မှာက သူတို့မှာရှိသလိုအရင်းအမြစ်တွေလည်း မရှိတဲ့အပြင် ငါစတင်တာနောက်ကျနေသေးတယ်။ ကံကောင်းချင်တော့ မေဂျာလိုင်းခွဲတာစနေပြီ။ ခုငါ့မှာ ကျင့်ကြံဖို့ ဆယ်လရှိတယ်”
“ကံတရားရဲ့ဖေးမမှုကို အမိအရဆုပ်ကိုင်ရမယ်။ ငါ့ဆီကနေ အခွင့်အရေးလွတ်သွားခင့် မပေးနိုင်ဘူး”
ထိုအချိန်မှာ အပြင်ဘက်မှတံခါးခေါက်သံများအဆက်မပြတ်ထွက်လာသည်။ သူ၏မိခင်သည် သူ့အားကျောင်းသွားရန် လာနှိုးသည်။
“ယွင်ဖန်း..ထတော့ မနက်စာစားပြီး ကျောင်းကိုသွားရမယ်”
“ဟုတ်ကဲ့ မားမား ထပြီ”
သူ့အမေကိုပြန်ဖြေပြီး ယခင်နေ့ကဝတ်ဆင်ခဲ့သော အဝတ်အစားများကိုလဲသည်။ သူ၏ အိတ်ကို ခပ်မြန်မြန်ထုပ်ပိုးပြီး လွယ်အိတ်ကိုယူကာ အခန်းထဲမှ ထွက်လာသည်။သူ၏ဖခင်သည် စားပွဲမှာထိုင်ပြီး မနက်စာစားနေသော်လည်း စိတ်နှင့်လူနှင့် မကပ်သောပုံဖြစ်သည်။ သူသည် တစ်ညလုံးနားပူခံခဲ့ရသည်မှာ အသေအချာဖြစ်လောက်သည်။ သူ့ညီမလေးသည် ဆေးတစ်ဇွန်းကိုမျိုချပြီး မနက်စာကို ဖြေးဖြေးလေးစားနေသည်။ သူမသည် ထိုကဲ့သို့သော မနက်ခင်းများနှင့် အကျွမ်းတဝင်ရှိပုံရသည်။ ချူးယွင်ဖန်းသည် သက်ပြင်းချသည်။ သူက တက်ကြွလန်းဆန်းနေပြီး ယခင်တုန်းက သူ့အနာဂတ်အတွက် ထိုကဲ့သို့မျှော်လင့်ချက်မျိုး တစ်ခါမှ မရှိခဲ့ပေ ။ သူ့မိသားစုက အေးအေးချမ်းချမ်းနှင့်အတူတကွနေထိုင်နိုင်သည်ကိုမြင်ရသောအခါ ချူးယွင်ဖန်းသည် သူ့မိသားစုကိုကာကွယ်ပြီး ပျော်ရွှင်အောင်ထားရန် စိတ်ပိုင်းဖြတ်လိုက်သည်။
မနက်စာစားပြီးနောက် ချူးယွင်ဖန်းလည်း ကျောင်းသို့အပြေးအလွှားလာခဲ့သည်။