← Chapters

အခန်း ၁၀-၁၂

Vol. 1 Ch. 10-12

အခန်း ၁၀-၁၂

Vol. 1 Ch. 10-12

အပိုင်း (၁၀)- ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ..

ကျင်းဝူပြောသောစကားက ကျောင်းသားများ၏ စိတ်အာရုံကိုဖမ်းစားလိုက်နိုင်ပြီး သူတို့အများစုသည် စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ သာမန်မိသားစု အခြေအနေနှင့် စွမ်းရည်များကြောင့် သူတို့သည် တကယ့်တိုက်ပွဲအစစ်အမှန်များအတွက် သိုင်းပညာများကို မလေ့ကျင့်ဖူးကြပေ။

မူကျန်ဖေးသည် ဒီမင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့်အခါတွင် ဖြစ်စေ၊ ချူးယွင်ဖန်းက မူကျန်ဖေးကို တစ်ချက်တည်းနှင့်အနိုင်ရသည့်အခါတွင် ဖြစ်စေ မည်သူမျှ သိုင်းပညာကိုမသုံးခဲ့ကြပေ။ သူတို့၏ အင်အားသက်သက်မျှဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်တွင် ပြိုင်ဘက်ကိုအနိုင်ယူရန်အတွက် သိုင်းပညာ၏ လုပ်ဆောင်ချက်သည် အမြင့်မားဆုံးအနေအထားတစ်ခုမှာ သူတို့၏ ကိုယ်ခန္ဓာကိုအသုံးပြုရန်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားအများစုက သင်ယူလိုခြင်းဖြစ်သည်။

သူတို့၏ ဆရာသည် ထူးကဲလှသောသိုင်းပညာစွမ်းရည်ကို သင်ပေးရုံသာမက အခမဲ့သင်ယူရခြင်းဖြစ်တာမို့ မသင်ယူလိုက်ရပါက နှမြောစရာကောင်းပေလိမ့်မည်။ လူတိုင်း၏ မျက်ဝန်းအစုံသည် ကျင်းဝူဆီသို့ကျရောက်လာသည်။ သူက တစ်ခဏတာ ရပ်နားပြီးနောက်စကားဆက်သည်။

“သိုင်းပညာစွမ်းရည်ရဲ့ အရေးပါမှုကို အလေးထားပြီးပြောဆိုဖို့ ငါ့အနေနဲ့ မလိုအပ်ဘူးထင်တယ်။ ဒီကနေ့မှာ ငါက နတ်ဆိုးကျားလက်သီး လို့ခေါ်တဲ့ လက်သီးသိုင်းတစ်ချို့ကို သင်ပေးမယ်။ ဒီသိုင်းက ရှေးဟောင်းလူသားများခေတ်မှာရှိတဲ့နတ်ဆိုးကျားပုံစံတစ်မျိုးကိုအခြေပြုပြီး ကျွမ်းကျင်သူများက တီထွင်ဖန်တီးခဲ့ကြတာပါ”

“ဒါပေမဲ့ ဒီသိုင်းကို အသုံးပြုမယ်ဆို တစ်စုံတစ်ဦးရဲ့အရည်အချင်းက အနေအထားတစ်ခုမှာရှိနေဖို့လိုတယ်။ အရွတ်အကြောများသန့်စင်းခြင်း ဖြစ်တဲ့ အခြေတည်အဆင့်အဆင့် (၆)ကိုတော့ ရောက်ထားဖို့ လိုအပ်တယ်။ ပြီးတော့ လုံလောက်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိမှသာ လွတ်လွတ်လပ်လပ် လေ့ကျင့်နိုင်မယ်။ မင်းတို့ထဲက အများစုက ဒီအနေအထားထိ မရောက်ကြသေးဘူး။ ဒါကြောင့်မို့ မင်းတို့ကြိုးစားကြည့်ချင်တယ်ဆိုမှတ်သားထားရမှာရှိတယ်။ လေ့ကျင့်နေရင်းနဲ့ အခြေအနေမဟန်ဘူးထင်လျှင် ချက်ချင်းရပ်ပစ်ပါ။ မင်းတို့ကိုယ်တွင်းင်္အဂါဒဏ်ရာရတာမျိုးနဲ့ အဆုံးသတ်ခဲ့ရမယ်ဆို ဆုံးရှုံးရတာပဲ အဖတ်တင်မယ်”

“ဘာ..နတ်ဆိုးကျားလက်သီးကို သင်ဖို့ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့လိုတယ်..”

“ဒါဖြစ်နိုင်တယ်။ သိုင်းပညာက ပိုမိုပြီး အားကောင်းလာလေလေ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့ ပိုလိုအပ်လာလေလေဖြစ်တယ်။ အဲ့လို ကျင့်ကြံခြင်းအတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှုက အခြေခံပဲဖြစ်တယ်။ မိုးမျှော်တိုက်တက်တဲ့သူတွေက မြေပြင်ကနေပဲစတက်ရတာ။ ကိုယ်ခန္ဓာကြံ့ခိုင်မှုမြင့်လေလေ အခြားသိုင်းပညာလုပ်ဆောင်မှုမှာ ပိုမိုပြီး သန်မာလေလေပဲဖြစ်တယ်”

“မှန်တယ်။ ငါကြားဖူးတာတော့ အရည်အချင်းရှိတဲ့ သိုင်းပညာရှင်တွေက တောင်တွေကိုလက်သီးတစ်ချက်တည်းနဲ့ ဖျက်စီးပစ်နိုင်တယ်ဆိုပဲ။ ရှေးယခင်တည်းက သူတို့ကိုအင်မော်တယ်လို့ခေါ်ကြတယ်။ သူတို့ကို နတ်ဘုရားတွေလိုကိုးကွယ်ကြတယ်။”

“နည်းပြပြောတာမှန်တယ်။ အဲ့လိုအနေအထားမျိုးကိုကျင့်ကြံနိုင်ဖို့ဆို လူတစ်ဦးမှာ အလွန်တရာဖွံ့ဖြိုးတဲ့ဦးနှောက်နဲ့ မယုံကြည်နိုင်လောက်တဲ့စွမ်းရည်လိုမျိုးရှိရမယ်..အဲ့လိုသာဆို မင်းရဲ့ ခန္ဓာကိုယ်အနေအထားပေါ် အများကြီးမှီခိုနေစရာမလိုတော့ဘူး”

“ငါအဲ့တာမျိုးကို စိတ်တောင်မကူးရဲပါဘူး။ ဒီလိုလူမျိုးဆိုတာ လူ့လောကတစ်ခုလုံးမှာ အရမ်းရှားပါးလောက်တယ်”

ကျောင်းသားများက တစ်ဦးနှင့်တစ်ဦးဆွေးနွေးနေကြသည်။ အခန်းထဲမှာရှိသောကျောင်းသားတစ်ဝက်ကျော်သည် အဆင့်လေးနှင့် အဆင့်ငါးမှာရှိကြသည်။ တစ်ချို့ကျောင်းသားများကတော့ အဆင့်သုံးမှာပဲရှိနေကြသည်။ ကျောင်းသားများထဲမှ အနည်းစုကသာ အဆင့်ခြောက်နှင့် အထက်မှာရှိကြသည်။

သူတို့က အဆင့်ခြောက်မှာ မရောက်သေးတာတောင်မှ သူတို့လည်း အနာဂတ်မှာရောက်ဖို့ အသေအချာပင်ဖြစ်သည်။ သူတို့က သိုင်းပညာကို ယခုသင်ထားလျှင်လည်း ဘာမှ အရှုံးမရှိပေ။

“ငါ့ကိုကြည့်ကြ” ကျင်းဝူက အော်ပြောခဲ့သည်။

သူသည် လက်ငါးချောင်းကိုလက်သီးအဖြစ်ဆုပ်လိုက်ပြီး လက်သီးတစ်ချက်ထိုးခဲ့သည်။

“မင်းတို့တစ်ကိုယ်လုံးက အစွမ်းတွေကိုထုတ်သုံးပြီး တစ်ကိုယ်လုံးက ကြွက်သားတွေကိုလည်းသုံးပါ။ ပထမဆုံးသိုင်း-ကျားကိုသွေးဆောင်ခြင်း”

သူက လက်သီးတစ်ချက်ထိုးသောအခါ သူ၏ အရှိန်အဝါသည် လုံးဝပြောင်းလဲသွားပြီး အဆက်မပြတ်ပေါက်ကွဲထွက်နေသောအသံများ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ကျားတစ်ကောင်အသွင်ကို ကူးပြောင်းသွားသလိုဖြစ်နေသည်။

“ဒုတိယသိုင်း- ကမ္ဘာမြေကွဲမတတ်ကြိမ်းဝါးသံ”

“တတိယသိုင်း- ကြောက်မက်ဖွယ်ကျား၏ ခေါင်းလှည့်ပြကွက်”

“စတုတ္ထသိုင်း- ကြောက်မက်ဖွယ်ကျား၏ နှလုံးဇီဝိန်ခြွေခြင်း”

“မင်းတို့ထဲက ဘယ်သူကမှ နောက်ဆုံးသိုင်းကို မသင်ယူနိုင်ဘူး။ မင်းတို့က နောက်ဆုံးအဆင့်ကို သင်ယူချင်တယ်ဆို မင်းတို့ရဲ့ ကချီပင်လယ်ကိုဖွင့်ပြီး ချီပင်လယ်အဆင့်ကိုရောက်ဖို့လိုတယ်။ နောက်ဆုံးအဆင့်- တောဘုရင်”

ကျောင်းသားများသည် ကျင်းဝူ၏ အဆက်မပြတ်လှုပ်ရှားမှုများကိုကြည့်ပြီး ခေါင်းထဲမူးနောက်နောက်ဖြစ်လာသည်။ သူ၏လက်ကိုဝှေ့ရမ်းနေတာကို မရပ်ခဲ့ပေ။ ထိုအရာသည် သားရဲတိရစ္ဆာန်တစ်ဦးက တောင်ပေါ်ကိုခုန်တက်ပြီး လူများကိုဖမ်းဆီးနေသကဲ့သို့ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏မျက်နှာပေါ်သို့ထိုစွမ်းအင်များကျရောက်လာသည်ကို သူ၏ပါးနှစ်ဖက်ကို အရိုက်ခံနေရသကဲ့သို့ နာကျင်မှုမှတစ်ဆင့် ခံစားမိနေသည်။ထိုသိုင်းပညာစွမ်းရည်များသည် တကယ်ကိုတန်ခိုးကြီးသည်ဟု သူတစ်ဦးတည်း တွေးနေမိသည်။ လူတစ်ဦး၏ ကနဦးစွမ်းရည်သည် ထိုသိုင်းပညာစွမ်းရည်များမှတစ်ဆင့် ၁၂၀% သို့ ၂၀၀% လောက်တောင်မှ မြင့်မားလာနိုင်သည်။ စွမ်းရည်မြင့်လေလေ တိုးတက်နှုန်းမြင့်လေလေဖြစ်သည်။

သူ့မှာ သိုင်းပညာဧကရာဇ်၏ မှတ်ဥာဏ်များရှိနေခဲ့ပြီး ထိုမှတ်ဥာဏ်များထဲတွင် တချို့သောသိုင်းပညာစွမ်းရည်များလည်း ကျန်ရှိနေသေးသည်။ တန်ခိုးရှင်ဧကရာဇ်စစ်ပွဲသိုင်းကျမ်းမှာလည်း ကြောက်မက်ဖွယ်တန်ခိုးများရှိနေသော သိုင်းပညာစွမ်းရည်များစွာလည်းရှိနေသည်။ သို့သော် သူ့မှာလိုအပ်သောသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံမှသာ ထိုစွမ်းရည်များကိုအသုံးပြုနိုင်မည်။ ထိုကန့်သတ်ထားသော သိုင်းပညာစွမ်းရည်များသည် လူတစ်ဦး၏ သွေးသားအားအင်ကို ကုန်ခမ်းစေသည်။ သူက ထိုအရာများကို အတင်းအကြပ်အသုံးပြုလျှင် သူ၏ သွေးသားအားအင်များကို ချက်ချင်းကုန်ဆုံးစေသကဲ့သို့ ဖြစ်လိမ့်မည်။ သူသည် မံမီရုပ်ထုကြီးများကဲ့သို့ ခြောက်သွေ့ပြီး သေဆုံးလိမ့်မည်။

ထို့ကြောင့်နတ်ဆိုးကျားလက်သီးသိုင်းပညာစွမ်းရည်သည် ယခုအချိန်မှာ သူ့အတွက် အသင့်တော်ဆုံးဖြစ်သည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုကို ဖြတ်သန်းနေသကဲ့သို့ ချူးယွင်ဖန်း ခံစားနေရသည်။ သူသည် ကျင်းဝူကို မမှိတ်မသုန်ကြည့်နေရင်းနှင့် နည်းပြဖြစ်သူ၏ လှုပ်ရှားမှုများကို ဗီဒီယိုကင်မရာဖြင့်မှတ်တမ်းတင်ထားပြီး သူ့ခေါင်းထဲမှာ ထပ်တလဲလဲပြန်ပြနေသလိုခံစားနေရသည်။

သူသည် သိုင်းကွက်များကိုပြန်လည်ပြသပြီးနောက် အနည်းငယ်ပိုမိုပြီး သင်ယူမိသလိုခံစားရသည်။ ကျင်းဝူက တတိယအကြိမ် ထိုသိုင်းကို ပြသသောအခါ သူသည် နတ်ဆိုးကျားလက်သီးကို အကြမ်းဖျဉ်းကျွမ်းကျင်ပြီဆိုတာ နားလည်သဘောပေါက်ခဲ့သည်။ သို့သော် ထိုအရာကို ထုတ်မပြောခဲ့ပေ။

“ဒါကတော့ ငါ့ပြသမှုအားလုံးပဲဖြစ်တယ်။ အတန်းပြီးရင် နတ်ဆိုးကျားလက်သီးသိုင်းအကြမ်းဗီဒီယိုကို မင်းတို့ရဲ့ မေးလ်ကို ပို့ထားပေးမယ်။ မင်းတို့ ကိုယ့်ဘာသာကိုယ်ကျင့်နိုင်တယ်။ ဒါပေမဲ့ ထပ်ခါထပ်ခါတော့ မလုပ်ကြနဲ့။ ဒါက မင်းတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အင်အားတွေကို ကုန်ခမ်းစေမယ်”

“အခု မင်းတို့ထဲက တစ်ယောက်က သရုပ်ပြဖို့လိုလာပြီ။ ဒီသိုင်းကို နားလည်သဘောပေါက်လိုက်တဲ့လူရှိလား”

“ဆရာ..ကျွန်တော်ရပါတယ်”

ထိုအချိန်မှာ ဖန်ဒေယင်းသည်လက်ကိုမြှောက်ပြီး မတ်တပ်ရပ်သည်။

ကျင်းဝူက ခေါင်းကိုညိမ့်ကာ “ကောင်းပြီ..မင်းကြိုးစားကြည့်ပါ”ဟု ပြောသည်။

ဖန်ဒေယင်းက ကိုယ်နေဟန်ထားကိုပြင်ကာ ကြုံးဝါးသည်။

“ကျားကိုသွေးဆောင်ခြင်း”

“ကမ္ဘာမြေကွဲမတတ်ကြိမ်းဝါးသံ”

“ကြောက်မက်ဖွယ်ကျား၏ ခေါင်းလှည့်ပြကွက်”

“ ကြောက်မက်ဖွယ်ကျား၏ နှလုံးဇီဝိန်ခြွေခြင်း”

ဖန်ဒေယင်းသည် သိုင်းကွက်လေးခုကို သရုပ်ဖော်ပြသသည်။ သို့သော် သူသည် နောက်ဆုံးတစ်ကွက်ဖြစ်သော တောဘုရင် အကွက်ကို မပြသပေ။ အကြောင်းရင်းမှာ ထိုပြကွက်သည် ခန္ဓာကိုယ်ထံမှ အရင်းအနှီးဖြစ်သည့် အင်အားများစွာယူသောကြောင့် ချှပင်လယ်အဆင့်ရောက်မှသာ ထိုသိုင်းကွက်ကိုလုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ ဖန်ဒေယင်းသည် ယခုအခါ ချီပင်လယ်အဆင့်နှင့် တစ်ဆင့်ပဲကွာဝေးသော အခြေတည်အဆင့်-၉ကိုရောက်နေသော်လည်း ထိုသိုင်းကွက်ကို မကျင့်နိုင်သေးပေ။

သူ၏ လှုပ်ရှားမှုများသည် ညင်သာပြီး အလွန်တရာ နူးညံ့ပျော့ပျောင်းလှသည်။

“မဆိုးပါဘူး။ ငါ့အထင် မင်းကို နတ်ဆိုးကျားလက်သီးသိုင်းကို သင်ပေးဖို့ ဆရာသီးသန့်ငှါးခဲ့တယ်မလား” ကျင်းဝူကပြောသည်။

ကျန်သောကျောင်းသားများအတွက်မထူးဆန်းတော့ပေ။ ခေတ်သစ်လူ့အဖွဲ့အစည်းသည် မမျှတပေ။ ဖန်ဒေယင်းက သိုင်းပညာများကိုလေ့ကျင့်သင်ကြားနေချိန်တွင် အခွင့်ထူးခံလူတန်းစားမဟုတ်သော ကျောင်းသားများက ယခုမှ သင်ဖို့ အခွင့်အရေးရခဲ့သည်။

“ဟုတ်ပါတယ်ဆရာ။ ကျွန်တော့်ကိုယ်ပိုင်သိုင်းပညာနည်းပြက ဒီနတ်ဆိုးကျားလက်သီးသိုင်းက အနည်းငယ်လူသိများတဲ့ သိုင်းပညာထဲက အင်အားအကောင်းဆုံးလို့ ပြောပြဖူးပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က အားအင်တွေကုန်ခမ်းစေတယ်။ သာမန်လူတွေက ထိုသိုင်းကိုမကျင့်ကြံနိုင်ပေမဲ့ ကျွန်တော့်အတွက်က ကွဲပြားတယ်။ ကျွန်တော်က ပါရမီရှင်ဆိုတော့ နတ်ဆိုးကျားလက်သီးက ကျွန်တော်နဲ့ အသင့်တော်ဆုံးပါ” ဖန်ဒေယင်းက ထောင်လွှားမောက်မာပြီး ပြောဆိုသည်။

“မင်းရဲ့ နည်းပြက အမြင်ရှိပါတယ်။ တကယ်တော့ နတ်ဆိုးကျားလက်သီးက အခြေခံသိုင်းပညာစွမ်းရည်မှာ အင်အားအကောင်းဆုံးဖြစ်တယ်။ သာမန်လူတွေအတွက် သင်ယူဖို့ခက်ခဲပေမဲ့ တန်ဖိုးအမြင့်ဆုံးဖြစ်တယ်။ လူတစ်ဦးက ချီပင်လယ်အဆင့်ကိုရောက်ရင်တောင်မှ သူ့ရဲ့ တန်ခိုးကအမြင့်မားဆုံးဖြစ်လာလိမ့်မယ်” ကျင်းဝူက သူဘာကြောင့် ထိုသိုင်းကိုသင်ရကြောင်းရှင်းပြသည်။

“မင်းက ကျွမ်းကျင်အဆင့်တောင်ရောက်နေပြီဆိုတော့ ကြည့်ရတာ မင်းသင်ထားတာ လအနည်းငယ်လောက်ရှိပြီ” ကျင်းဝူက ဖန်ဒေယင်းကိုကြည့်သည်။ ထို့နောက် ကျန်ကျောင်းသားများဘက်လှည့်ကာ

“မင်းတို့ကို သိုင်းပညာစွမ်းရည်နဲ့သက်ဆိုင်တဲ့ အဆင့်တွေအကြောင်းရှင်းပြဖို့ အခွင့်ကြုံလာခဲ့ပြီ။ ပထမအဆင့်က အခြေခံအဆင့်..မင်းတို့က သိုင်းကွက်ကိုလေ့လာပြီး တစ်ကွက်လုံးကိုပြန်လည်ပြသနိုင်လျှင် ထိုအဆင့်ကိုရောက်တယ်။ မင်းတို့စိတ်ကြိုက် ချောချောမွေ့မွေ့နဲ့ အဲ့ပြကွက်ကိုပြသနိုင်ပြီး နည်းပညာတွေကို လိုသလိုထပ်ပေါင်းထည့်နိုင်လျှင် ကျွမ်းကျင်အဆင့်ကိုရောက်ပြီ။ ဒါဆိုရင် မင်းတို့က သိုင်းပညာကို အောင်မြင်စွာကျင့်ကြံနိုင်ပြီလို့ ဆိုနိုင်တယ်။ “

“နောက်တစ်ဆင့်ကတော့ ပြစ်ချက်ကင်းမဲ့အဆင့်ပေါ့။ ဒီအဆင့်မှာသိုင်းပညာကျင့်ကြံတဲ့ သာမန်လူရရှိနိုင်မဲ့ ကန့်သတ်ချက်တစ်ခုဖြစ်တယ်။ မင်းတို့က လက်သီးချက်ရဲ့ အနှစ်သာရတွေကို လက်လှမ်းမီနိုင်တယ်။ ငါ့ရဲ့ နတ်ဆိုးကျားလက်သီးသိုင်းက ဒီအဆင့်မှာရှိတယ်”

“ပြစ်ချက်ကင်းမဲ့ ဆင့်ပြီးလျှင် ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်ပြီ။ အဲ့အဆင့်မှာရှိနေတဲ့လူတွေက သိုင်းပညာကို ဥာဏ်စွမ်းရှိသလောက် ကျင့်ကြံအားထုတ်နိုင်မယ်။ ဒီနာမည်ကြီးလက်သီးသိုင်းဖြစ်တဲ့ နတ်ဆိုးကျားလက်သီးသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ သင်ယူနိုင်တာရှားပါးတယ်။ လူတစ်သိန်း ကျင့်ကြံလျှင်တောင်မှ တစ်ယောက်က ဒီအဆင့်ကိုရောက်ဖို့ မလွယ်ကူလှဘူး။ ဒါကြောင့်မို့ နောက်ဆုံးမှာ ကျင့်ကြံသူတွေက နောက်ထပ်သိုင်းပညာစွမ်းရည်တွေကိုလေ့လာသင်ယူဖို့ ကူးပြောင်းသွားကြတယ်”

ကျင်းဝူသည် ကျောင်းသားများကို သိုင်းပညာစွမ်းရည် ကျင့်ကြံခြင်း၏ အဆင့်လေးဆင့်ဖြစ်သော အခြေခံအဆင့်၊ ကျွမ်းကျင်အဆင့်၊ ပြစ်ချက်ကင်းမဲ့ အဆင့် နှင့် ပြီးပြည့်စုံခြင်းအဆင့်များကိုရှင်းပြသည်။

ချူးယွင်ဖန်းက သူရှင်းပြသောအဆင့်လေးဆင့်အကြောင်းကိုတွေးမိသည်။ သူသည် ကျွမ်းကျင်အဆင့်ကိုရောက်ရှိနေပြီဆိုတာ မယုံကြည်ပေ။ ဖန်ဒေယင်းသည်လပေါင်းများစွာကျင့်ကြံခဲ့ပြီး ထိုအဆင့်မှာရှိနေသည်။ သူက ထိုအဆင့်မှာရှိနေမည်ဆိုပါက ထိုကဲ့သို့စွမ်းရည်သည် အံ့အားသင့်ဖွယ်ကောင်းလှသည်။

“နည်းပြ..သရုပ်ဖော်ပြသတာတစ်ခုတည်းနဲ့ နတ်ဆိုးကျားလက်သီးစွမ်းရည်ကို မပြနိုင်ဘူးထင်တယ်။ ကျွန်တော်နဲ့ ယှဉ်ပြီးတိုက်ခိုက်ဖို့ အတန်းဖော်တစ်ယောက်ရချင်ပါတယ်”

“ဟုတ်တယ်..ယှဉ်ပြိုင်တိုက်ခိုက်ပွဲတွေက လူတစ်ဦးကိုပိုမိုတိုးတက်လာစေတယ်” ကျင်းဝူက ထောက်ခံသည်။ အားလုံး၏ မျက်လုံးများသည် ဂေါင်ဟုန်ချီနှင့် တန်စီယုအပေါ်ကို ကျရောက်လာသည်။ ဖန်ဒေယင်း၏ အစွမ်းနှင့်ဆို သူတို့နှစ်ဦးကသာ ပြိုင်ဘက်ဖြစ်နိုင်သည်။

သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ဖန်ဒေယင်းသည် ချူးယွင်ဖန်းဆီကိုတည့်တည့်လျှောက်သွားကာ

“အတန်းဖော် ချူးယွင်ဖန်း..ယှဉ်ပြီးတိုက်ခိုက်ကြစို့”

ဂေါင်ဟုန်ချီက ရုတ်တရက် ခုန်ထွက်လာပြီး “ အတန်းခေါင်းဆောင်..မင်းက ဒါတမင်သက်သက် အနိုင်ကျင့်တာမလား။ ယွင်ဖန်းက အခြေတည်အဆင့်-၆ပဲရောက်သေးတာ မင်းသိတာပဲ။ မနက်တုန်းက သူ့ကြောင့် မင်းအရှက်ရခဲ့တာကို ဒီလိုနည်းနဲ့ အငြိုးတေးထားပြီး လက်စားချေတာလား”

ဂေါင်ဟုန်ချီနှင့် ဖန်ဒေယင်းသည် ပြိုင်ဘက်ဟောင်းများဖြစ်သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး နှစ်နှစ်ကြာမုန်းတီးခဲ့ကြသည်။ ဖန်ဒေယင်းက ချူးယွင်ဖန်းကို ဘာကြောင့်ပစ်မှတ်ထားလဲဆိုတာ သူသိနေသည်။ အပေါ်ယံမှာတော့ ဖန်ဒေယင်းသည် အခန်း၁၁၏ မင်းသားလေးဖြစ်သည်။

အမှန်တကယ်တော့ သူသည် စိတ်ဓာတ်သိမ်ဖျင်းသည်။ သူ့ကိုစည်းကျော်လာသောသူများကို သူကလက်စားချေသည်။ သူ့နာမည်အခေါ်ခံရပြီး ပြောဆိုခံရသော်လည်း ဖန်ဒေယင်းသည် မျက်နှာတစ်ချက်မပျက်ပေ။ သူသည် ချူးယွင်ဖန်းကိုစိုက်ကြည့်ကာ “အတန်းဖော် ချူးယွင်ဖန်း..မင်းသတ္တိမရှိဘူးလား။ ငါတို့ ယှဉ်ပြိုင်တိုက်ခိုက်ကြမယ်။ ငါ့ရဲ့အစွမ်းကို မင်းလိုပဲ အဆင့်-၆ထိနှိမ့်ပေးမယ်။ ဘယ်လိုလဲ”

“မျက်နှာပြောင်လိုက်တာ” ဂေါင်ဟုန်ချီ တွေးမိသည်။ သူ့အစွမ်းများကို အဆင့်-၆ထိ ကန့်သတ်သော်လည်း သူက အမှန်တယ် အဆင့်ကိုးမှာရှိနေသည်။ ချူးယွင်ဖန်းထက် သူ့ခန္ဓာကိုယ်ကို အဆင့်မြှင့်နိုင်သည်။

တရားမျှတသည်ထင်ရသော်လည်း တကယ့်လက်တွေ့မှာ ထိုကဲ့သို့ မဟုတ်နေပေ။

“အတန်းဖော် ချူးယွင်ဖန်း..မင်းလိုသာမန်ကျောင်းသားက အရင်တုန်းက သိုင်းပညာကို မသင်ဖူးခဲ့ဘူး။ နတ်ဆိုးကျားလက်သီးသိုင်းကိုကျင့်ကြံလျှင် သိရမဲ့ အချက်တွေကို ငါမင်းကိုပေးနိုင်တယ်။ ဒါက ကိုယ်ပိုင်နည်းပြငှါးသလိုပဲ။ နည်းပြငှါးရင် သင်ခန်းစာတစ်ခုအတွက် ဘယ်လောက်ကုန်ကျလဲဆိုတာ မင်းသိလား။ မင်းတို့လို ချို့တဲ့နွမ်းပါးတဲ့ မိဘတွေရဲ့ တစ်လစာလောက်နဲ့ ညီမျှတယ်”

ချူးယွင်ဖန်းသည် ဘေးကြပ်နံကြပ်ဖြစ်သည့် အနေအထားကိုရောက်နေသည်ဟု သူထင်မြင်မိပြီး ခနဲ့တဲ့တဲ့မျက်နှာထားဖြင့် စကားဆက်သည်။

တကယ်တော့ ချူးယွင်ဖန်းသည် သူနှင့် စကားမများလိုပေ။ သို့သော် ဖန်ဒေယင်းက ဒေါသထွက်ပြီး သူ့မိဘများကိုစော်ကားပြောဆိုလာသည်။

ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ။

“အဓိပ္ပါယ်မရှိတာတွေပြောနေတာရပ်ပြီး တိုကိခိုက်ကြစို့” ချူးယွင်ဖန်းက ထွက်လာပြီးပြောသည်။

“ယွင်ဖန်း..သူက မင်းအပေါ်မှာ အသာစီးယူနေတာ သိသာနေပြီ။ မင်းရှုံးလိမ့်မယ်” ဂေါင်ဟုန်ချီက ပြောသည်။

“စိတ်မပူပါနဲ့။ ငါအဆင်ပြေမှာပါ” ချူးယွင်ဖန်း၏ အမူအရာက လုံးဝစိတ်ပိုင်းဖြတ်ထားပုံရသည်။

ထိုအချိန်မှာ ကျင်းဝူသည် အခန်းထောင့်မှာရပ်နေရင်းဖြစ်ပျက်သမျှကို ကြည့်ပြီးခေါင်းတညိမ့်ညိမ့်ဖြစ်နေသည်။ သူ့မှာနှောင့်ယှက်လိုစိတ်မရှိပေ။

အပိုင်း (၁၁)- ဖန်ဒေယင်းကိုအနိုင်ရခြင်း

ချူးယွင်ဖန်းနှင့် ဖန်ဒေယင်းသည် ယှဉ်ပြိုင်တိုက်ခိုက်မည့်နေရာကိုရောက်လာသောအခါ ဖန်ဒေယင်းသည် အရှေ့ကိုထွက်လာပြီး သူတို့၏ စတင်တိုက်ခိုက်မည့်ကိုယ်နေဟန်ထားကိုပြင်ဆင်ပြီးသည်နှင့် တိုက်ခိုက်ကြတော့သည်။

“ကျားကိုသွေးဆောင်ခြင်း”

သူသည် လက်သီးနှစ်ဖက်ကို ကျယ်ပြန့်စွာဖြန့်ထားသော လူရိုင်းတစ်ကောင်ကဲ့သို့ဖြစ်နေသည်။ သူ၏ လက်သီးများသည် ကြောက်မက်ဖွယ်ကျားတစ်ကောင်၏ အပေါ်နှင့်အောက်မေးရိုးနှင့်တူပြီး ချူးယွင်ဖန်း၏ ဦးခေါင်းနှင့် ရင်ဘတ်ဆီသို့ စတင်တိုက်ခိုက်တော့သည်။ သူက အလွန်လျင်မြန်သည်။ အတန်းထဲမှာရှိသောမိန်းကလေးများက အလန့်တကြားထအော်ကြသည်။ ဖန်ဒေယင်းက နောက်ဆုတ်မည့်အလားအလာလည်း မရှိသည်ကို သူတို့အားလုံးမြင်နေကြသည်။ လက်သီးနှစ်ချက်သည် သူ၏ အဆင့်-၉ရောက်နေသည့်အနေအထားကို ညွှန်ပြနေသည်။ တစ်စုံတစ်ဦးက ထိုလက်သီးချက်နှင့် တိုက်ခိုက်ခံရပါက အကျိုးဆက်သည်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။

ထိုအချိန်မှာ ချူးယွင်ဖန်းသည် သူ၏လက်မောင်းနှစ်ဖက်ကိုမ, တင်ပြီး သူ၏ မျက်နှာရှေ့မှာ ကာဆီးလိုက်သည်။ ဘန်း!

အံ့အားသင့်စရာကောင်းလောက်အောင် သူသည် ချူးယွင်ဖန်း၏ လက်သီးချက်နှစ်ခုလုံးကိုကာကွယ်လိုက်နိုင်သည်။ ချူးယွင်ဖန်းက ခပ်မဲ့မဲ့ပြုံးကာ “အတန်းခေါင်းဆောင်..လောလှချည်လား”

သူသည် မျှတမှုမရှိသောတိုက်ပွဲကိုယှဉ်ပြိုင်နေရသည့်တိုင် သူသည် အကြောက်အလန့်မရှိပေ။တကယ်တော့ သူအလွန်အမင်းစိတ်လှုပ်ရှားနေသည်။

“ငါ့ရဲ့ တိုက်ကွက်ကိုမင်းကာဆီးနိုင်တာ မအံ့ဩဘူး။ မင်းက မကြာသေးမီကမှ တိုးတက်လာတာ.ဒါပေမဲ့ မင်းက ငါ့ရှေ့မှာ အစွမ်းအစတွေထုတ်ပြခဲ့တာ မင်းမှားတာပဲ”

ဖန်ဒေယင်းသည် တစ်ချက်မဲ့ပြပြီး နောက်ထပ်ခြေလှမ်းတစ်ခုကိုလှမ်းသည်။ သူသည် ပစ်ခွင်းအံ့ဆဲဆဲ မြှားတစ်စင်းကဲ့သို့ဖြစ်နေပြီး သူ၏ လက်သီးကို လှံတံကဲ့သို့ လွှဲလိုက်သည်။

“ဖန်ဒေယင်း..မင်းက စိတ်ထားမပြည့်ဝတာပဲ..ဒီမနက်လေးတင်ပဲ မင်းနဲ့ အတွေးအမြင်ကွဲလွဲလိုက်ရုံနဲ့ မင်းက ငါ့ကို ပစ်မှတ်ထားတော့တာပဲ။ မင်းကိုယ်မင်း ပါရမီရှင်လို့ ခေါ်ရဲသေးလား” ချူးယွင်ဖန်းက ကြုံးဝါးသည်။

“မင်းက လပေါင်းများစွာကြာကျင့်ကြံခဲ့တာ။ ဒါပေမဲ့ မင်းက ခုမှ ကျွမ်းကျင်အဆင့်ပဲရောက်သေးတာ။ ဒါတောင်မှ မင်းကိုယ်မင်း ပါရမီရှင်လို့ ခေါ်ရဲသေးတာပေါ့။ ငါ့အထင် မင်းက ဘာမှ အသုံးမကျဘူးပဲ”

သူစကားဆုံးသည်နှင့် ချူးယွင်ဖန်းက လက်သီးနှစ်ဖက်ဖြင့် တိုက်ခိုက်ပြန်သည်။ ထိုအရာသည် နတ်ဆိုးကျားလက်သီးသိုင်းဖြစ်သည်။ သူသည် ဖန်ဒေယင်းသုံးသည့်သိုင်းကိုပဲ အသုံးပြုသည်။

ဘန်း!

ဘန်း!

ဘန်း!

သူတို့နှစ်ဦးသည် ပြင်းထန်သောတိုက်ပွဲကိုစတင်ကြသည်။ ဖန်ဒေယင်း၏ တိုက်ခိုက်မှုသည် ရက်စက်ပြီး တိကျမြန်ဆန်သည်။ သူသည် နတ်ဆိုးကျားလက်သီးသိုင်း၏ အနှစ်သာရကို ကောင်းမွန်စွာနားလည်သည်။ သူ၏ မိသားစုက ကြွယ်ဝချမ်းသာတာကိုလည်း အားလုံးအသိဖြစ်သည်။ ထို့ကြောင့်ဤအရာသည် သူ့အတွက် ဘာမှ မဟုတ်နေပေ။ သူက သိုင်းပညာသင်ကြားရန် ဆရာသီးသန့်ငှါးရမ်းသည်ဆိုတာက ကျိုးကြောင်းဆီလျော်သည်။

အံ့ဩသင့်ဖွယ်ကောင်းသည်မှာ ချူးယွင်ဖန်းက သူ၏တိုက်ခိုက်မှုများကို ကာကွယ်ခြင်းဖြစ်သည်။ သူသည် အားနည်းချက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိနေပေ။ ထို့ပြင်သူသည် နတ်ဆိုးကျားလက်သီးကို အသုံးပြုမှုနှင့် ရင်းနှီးကျွမ်းဝင်နေပုံရသည်။ သူသည် ဖန်ဒေယင်းထက်တော့ အားမနည်းပေ။ ထိုအရာက ကျောင်းသားအများစုကို အံ့အားသင့်စေခြင်းဖြစ်သည်။

ဒီတစ်ကြိမ်သည် ချူးယွင်ဖန်းက နတ်ဆိုးကျားလက်သီးကို ပထမဆုံးအကြိမ်သင်ဖူးခြင်းဖြစ်သည်။ ကျင်းဝူသရုပ်ဖော်ပြသသည်ကိုသာ သူအကြိမ်အနည်းငယ်ကြည့်ဖူးသည်။ သူ၏ မှတ်ဥာဏ်နှင့် စွမ်းရည်က မှတ်မိရန် အလွန်ထူးချွန်လျှင်တောင်မှ သူသည်အခြေခံအဆင့်မှာပဲရှိနေသင့်သည်။

လူတစ်ဦးသည် သိုင်းပညာစွမ်းရည်များကို မှတ်မိနေခြင်းက အကြောင်းပြချက်တစ်ခု မဟုတ်နေပေ။ သူတို့၏ ခန္ဓာကိုယ်အတွက် ထိုသိုင်းကို သဘာဝကျကျဖြစ်စေလိုပါက အကြိမ်ပေါင်းများစွာလေ့ကျင့်ဖို့လိုသည်။ ထိုမှသာ သူတို့ထိုသိုင်းကို သုံးသောအခါ အဆင်ပြေချောမွေ့မှာဖြစ်သည်။

အကြောင်းပြချက်ကဘာပဲဖြစ်နေပါစေ ချူးယွင်ဖန်းက ထိုသိုင်းကို အတိအကျ သရုပ်ဖော်ပြနိုင်သည်။ အစပိုင်းမှာ သူသည် ထိုအရာနှင့် အကျွမ်းတဝင်မဖြစ်သည်မှာ သိသာထင်ရှားပြီး သူ၏ ခန္ဓာကိုယ်ကလည်း နတ်ဆိုးကျားလက်သီးသိုင်းကို အသုံးမပြုဖူးပေ။ သို့သော် သူ၏ သိုင်းပြကွက်များသည် လျင်မြန်စွာဖြင့် တဖြည်းဖြည်းချောမွေ့လာပုံက သူလည်း လအနည်းငယ်ကြာလေ့ကျင့်ထားသည့် လူကဲ့သို့ ဖြစ်နေသည်။ ချူးယွင်ဖန်းနှင့် ဖန်ဒေယင်းသည် လျင်မြန်စွာရွေ့လျားနေကြပြီး ပြိုင်ပွဲက ပိုမိုပြင်းထန်လာသည်။ အသက်အနည်းငယ်ရှုချိန်အတွင်းမှာပဲ သူတို့နှစ်ဦးသည် အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ကြသည်။

သိပ်မကြာလိုက်ခင်မှာ ချူးယွင်ဖန်းသည် ဖန်ဒေယင်းကို တိုက်ခိုက်နိုင်ပြီဆိုတာ ကျောင်းသားများက တပ်အပ်ပြောနိုင်သည်။ ဖန်ဒေယင်းက ဘာနည်းလမ်းပဲသုံးသုံး ချူးယွင်ဖန်းသည် သူသုံးသည့် နည်းလမ်းကိုသာ တစ်ထပ်တည်းသုံးသည်။ သူသည် ခုခံကာကွယ်ရမည့်အစား တိုက်ခိုက်သည်။ သူသည် အံ့ဩစရာကောင်းလောက်အောင် တော်လွန်းနေသည်။ သူတို့နှစ်ဦးသည် လျင်မြန်တိကျစွာဖြင့် ရက်ရက်စက်စက် တိုက်ခိုက်ကြသည်။

သူတို့ရပ်နားလိုက်သည်နှင့် သူတို့၏လက်မောင်းများမှာ ဒဏ်ရာများစွာရနေပြီး သွေးများထွက်နေသည်ကိုတောင်မှ လူအုပ်စုကြီးက မြင်တွေ့ကြသည်။ ထိုအရာသည် တကယ့်အစစ်အမှန်တိုက်ပွဲ၏ အန္တရာယ်များဖြစ်သည်။ ထိုတိုက်ပွဲသည် သေရေးရှင်ရေးအတွက်တိုက်ပွဲမဟုတ်လျှင်တောင်မှ တစ်စုံတစ်ဦးက ထိခိုက်ဒဏ်ရာရဖို့ လွယ်ကူလှသည်။ သူတို့ထဲမှာ မည်သူကမှအသာစီးရမနေချေ။

“သူတို့က အရမ်း အင်အားကြီးကြတာပဲ”

“ချူးယွင်ဖန်းက လန့်စရာပဲ။ သူက အတန်းခေါင်းဆောင်နဲ့ ယှဉ်ပြီး တိုက်ခိုက်နိုင်တာ ငါမယုံကြည်နိုင်ဘူး”

“ခုတော့ ငါသိပြီ။ မူကျန်ဖေးရှုံးခဲ့ရတာကို မအံ့ဩတော့ဘူး။ သူတို့အနေအထားက လုံးဝတခြားစီပဲ”

“ငါ့အမြင်များမှားနေတာလား။ ချူးယွင်ဖန်းရဲ့ နတ်ဆိုးကျားလက်သီးသိုင်းကို နားလည်မှုက ဖန်ဒေယင်းနဲ့ အတူတူပဲ။ သူကရော အရင်က သင်ဖူးခဲ့တာလား”

“မဖြစ်နိုင်တာ။ သူ့မိသားစုက ဆင်းရဲတယ်။ သူက ဒီသိုင်းကိုသင်ဖို့ ဘယ်လိုလုပ်တတ်နိုင်ပါ့မလဲ”

တိုက်ခိုက်သည့်နေရာဘေးနားမှာရှိနေသော မူကျန်ဖေးသည် ချူးယွင်ဖန်း၏တိုက်ပွဲကိုကြည့်နေရင်းနှင့် သွေးပျက်နေသည်။ တကယ်တော့ သူသည်အစကတည်းက ဝန်ခံဖို့ငြင်းဆန်ခဲ့သည်။ ချူးယွင်ဖန်းက သူ့ကိုအငိုက်ဖမ်းပြီး အနိုင်ယူခဲ့သည်ဟု ထင်မိခဲ့သည်။ သို့သော် ချူးယွင်ဖန်းက ဖန်ဒေယင်းနှင့်တိုက်ခိုက်သည်ကို မြင်သောအခါမှ သူအထင်မှားမိခဲ့သည်ကို သိလာရသည်။ တကယ်တော့ သူတို့၏ အရည်အချင်းကြားမှာ ကွဲလွဲမှုများစွာရှိသည်။

သူတို့သည် အရိုးအဆစ်သန့်စင်ခြင်းအဆင့်မှာရှိသော်ငြား ကွဲပြားချက်ရှိသည်။ သူက ဟန်ဆောင်ဖုံးကွယ်၍လည်းမရပေ။ ဘေးနားမှာရပ်ကြည့်နေသော ကျင်းဝူ၏ မျက်လုံးများသည် သူတို့နှစ်ဦး၏ ပြိုင်ပွဲကိုရှုစားရင်း အရောင်ပိုပိုပြီးတောက်ပလာသည်။ ချူးယွင်ဖန်း၏ အဆက်မပြတ်တိုက်ခိုက်မှုများအပေါ် သူအာရုံထားမိနေပြီး ဖန်ဒေယင်းကိုမကြည့်မိတော့ပေ။

သူသင်ပေးခဲ့သောကျောင်းသားများထဲတွင် ထိုကဲ့သို့ပါရမီရှင်မျိုးရှိနေမည်ဆိုတာ သူမမျှော်မှန်းထားခဲ့ပေ။

ဖန်ဒေယင်းက နတ်ဆိုးကျားလက်သီးသိုင်းကိုကြိုတင်သင်ထားသဖြင့် သူက ကျွမ်းကျင်အဆင့်ရောက်ရှိနေသည်ဆိုတာ သဘာဝကျသည်။ တစ်ဖက်မှာတော့ ချူးယွင်ဖန်းက ယခုလေးတင်မှသင်ယူခဲ့တာဖြစ်သည်။ ချူးယွင်ဖန်းသည် အစတုန်းက နတ်ဆိုးကျားလက်သီးသိုင်းနှင့် မရင်းနှီးခဲ့ဘူးဆိုတာ တစ်ချက်ကြည့်ရုံနှင့် သူပြောနိုင်သည်။ သို့သော် သူသည် နတ်ဆိုးကျားလက်သီးကို ကျွမ်းကျင်အဆင့်အနေအထားထိပြသနိုင်သည်။

သူက ထိုသိုင်းကို ရင်းနှီးကျွမ်းဝင်အောင်ပြုလုပ်ခဲ့ရသောအချိန်ပမာဏသည် တိုတောင်းလှသည်။ သူသည် ပါရမီရှင်များစွာကို မြင်ဖူးခဲ့သည်။ သိုင်းကွက်ကိုတစ်ချက်ကြည့်ရုံနှင့် ဓာတ်ပုံရိုက်ထားသကဲ့သို့ မှတ်ဥာဏ်ဖြင့် ကောင်းမွန်စွာမှတ်မိနေသော ပါရမီရှင်များစွာရှိသည်။ သို့သော်လည်း တစ်ချက်ကြည့်ရုံနှင့် မှတ်မိခြင်းဖြင့် ကောင်းမွန်စွာထုတ်ဖော်ပြသနိုင်မည်ဟု မဆိုလိုပေ။ သို့သော်ငြား ချူးယွင်ဖန်းသည် ထိုအတွေးကို ချိုးဖျက်ခဲ့သည်။

သူက ခေါင်းကိုခါပြီး တွေးတောနေမိတော့သည်။ “သနားစရာပဲ။ သူက သိုင်းပညာကိုဘယ်လောက်ပဲ မြန်မြန်ဆန်ဆန်သင်ယူနိုင်ပါစေ ကိုယ်တွင်းစွမ်းအင်က အရင်းမြစ်တစ်ခုဖြစ်တယ်။ တကယ်တော့ ဒီအရွယ်မှာ သူက အဆင့်-၆ အရိုးအဆစ်သန့်စင်ခြင်းအဆင့်ကိုရောက်နေတာက လုံးဝသာမန်အနေအထားပဲ”

“နောက်ပိုင်းမှာတော့ သူ့ကိုအထူးလေ့ကျင့်သင်ကြားပေးကောင်းပေးနိုင်ပါရဲ့”

သိပ်မကြာခင်မှာ သူက တစ်စုံတစ်ရာကို နားလည်လာသည်။ ချူးယွင်ဖန်းက ဖန်ဒေယင်းနှင့် ယှဉ်ပြိုင်ချိန်တစ်လျှောက်လုံး မောပန်းနွမ်းနယ်သည့် အနေအထားကိုမပြသခဲ့ပေ။ တကယ်တော့ လူတစ်ဦးသည် နတ်ဆိုးကျားလက်သီးသိုင်းကို ပြင်းထန်စွာ အသုံးပြုပါက လူတစ်ဦး၏ ခန္ဓာကိုယ်အားအင်များ ကုန်ဆုံးလိမ့်မည်။ ထိုအစား ချူးယွင်ဖန်း၏ အသက်ရှုသံများသည် ပြိုင်ပွဲတစ်လျှောက်တည်ငြိမ်နေသည်။ သူက ဆက်လက်ပြီးပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်သည့် အနေအထားဖြစ်သည်။

အဆင့်-၆မှာရှိနေသော သာမန်သိုင်းသမားများသည် နတ်ဆိုးကျားလက်သီးသိုင်းကို အနည်းငယ်လုပ်ဆောင်မိသည်နှင့် သူတို့၏ အင်အားကုန်ဆုံးပြီး မောပမ်းနွမ်းနယ်ကြသည်။ ထိုအရာသည် ဂေါင်ဟုန်ချီပြောသော အားနည်းချက်ဖြစ်သည်။ ဖန်ဒေယင်းက သူ၏ အစွမ်းကို အဆင့်-၆ထိလျှော့ထားသော်ငြား သူ၏ ခန္ဓာကိုယ်အင်အားသည် အဆင့်-၆မှာရှိနေသောလူများထက်ပိုမိုပြီး တန်ခိုးကြီးသည်။ ချူးယွင်ဖန်းသည် ထိုအပိုင်းမှာအားနည်းချက်မရှိသည်မှာထူးဆန်းလှသည်။ ကျင်းဝူအံ့အားအသင့်ရဆုံးသော အရာတစ်ခုလည်းဖြစ်သည်။

“ဒီကျောင်းသားက တစ်ခုခုတော့ တစ်ခုခုပဲ”

သူလုံးဝသတိမပြုမိခဲ့သော သာမန်ကျောင်းသားတစ်ဦးကို ပထမဆုံးအကြိမ်သတိထားမိခြင်းဖြစ်သည်။ ပြိုင်ပွဲသည် ချူးယွင်ဖန်း၏ စိတ်ဓာတ်ပြင်းပြမှုကို ပြသနေသည်။ သူက ဖန်ဒေယင်းကို လက်သီးတစ်ချက်ပြီးတစ်ချက်ထိုးချိန်တွင် သူ၏ ဦးခေါင်းထဲတွင် လူသတ်သမားတစ်ဦး၏ စရိုက်များ ပြည့်နှက်နေသည်။ လက်သီးမှာရှိသောလက်ဆစ်များသည် သွေးထွက်နေပြီး လက်သီးတစ်ချက်ထိုးတိုင်း သွေးတစ်စက်စက်ကျနေသည်။ သူ၏ ကိုယ်ထဲမှ သွေးများ ဗလောင်ဆူပွက်နေသကဲ့သို့ မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။

သူပိုမိုပြီး တိုက်ခိုက်လေလေ သူ၏ ခေါင်းထဲပိုမိုပြီး ရှင်းလာလေလေဖြစ်သည်။ သူသည် အနန္တတန်ခိုးရှင်ဧကရာဇ်သိုင်း၏ အားသာချက်ကိုပြသနေသည်။ စစ်မှန်သောစွမ်းအင်သည်လည်း သူ၏ ကိုယ်ထဲမှာ အဆုံးအဆမဲ့ စီးဆင်းနေသည်။ သူသည် ပင်ပန်းနွမ်းနယ်ခြင်းအလျဉ်းမရှိဘဲ အော်ဟစ်သည်။

“ဟေ့ ဟေ့ ဟေ့..ထပ်ပြီး တိုက်ခိုက်ကြစို့..အတန်းခေါင်းဆောင် မင်းတတ်တာ ဒါအကုန်ပဲလား”

သူနှင့် ဆန့်ကျင်ဘက်မှာရပ်နေသော ဖန်ဒေယင်းသည် မခံမရပ်နိုင်အောင် ဒေါသထွက်လာသည်။ သူမျှော်မှန်းထားသော အနေအထားနှင့် လုံးဝကွဲပြားနေသည်။ သူသည် ချူးယွင်ဖန်းကို လွှမ်းမိုးနိုင်ပြီး အသာစီးရနိုင်မည်ဟု မျှော်မှန်းခဲ့သည်။ သူတို့တိုက်ခိုက်လေလေ ချူးယွင်ဖန်းသည် စိတ်လှုပ်ရှားလေလေ ဖြစ်သည်။ ချူးယွင်ဖန်းက သူ့ကိုဖိအားပေးပြီး သူ့ကိုထပ်ခါ ထပ်ခါ စိန်ခေါ်ဝံ့မည်ဟု မထင်ခဲ့ပေ။ သူစဉ်းစားလေလေ ဒေါသထွက်လေလေဖြစ်သည်။ ပြစ်ချက်ဟူပြီး ပေါ်မလာပေ။ ချူးယွင်ဖန်းအတွက်တော့ ပြစ်ချက်မဟုတ်ဘဲ အဖွင့်တစ်ခုစတင်ခြင်းဖြစ်သည်။ ချက်ချင်းဆိုသလို ပြိုင်ပွဲလမိုင်းကပ်နေသော ချူးယွင်ဖန်းက အခွင့်အရေးကိုအမိအရဖမ်းဆုပ်ပြီး လက်သီးတစ်ချက်ထိုးသည်။

“ကြောက်မက်ဖွယ်ကျား၏ နှလုံးဇီဝိန်ခြွေခြင်း”

ထိုလက်သီးသည် ဖန်ဒေယင်း၏ ရင်ဘတ်နေရာတည့်တည့်ကို ကျရောက်လာသည်။ တစ်ဆက်တည်းမှာ ဖန်ဒေယင်းထံမှ အော်သံတစ်ခုထွက်လာပြီး လွင့်ထွက်သွားတော့သည်။ အချိန်အကြာကြီးဖြစ်ပျက်သည်ဟု ထင်ရသော်လည်း တကယ်တော့ အချိန်ခဏလေးအတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်နေ့ကူးလောက်သည်ထိ ပြင်းထန်လှမည်ဟု ထင်ခဲ့မိသော တိုက်ပွဲသည် မျက်တောင်တစ်ခတ်အတွင်းမှာ အဆုံးသတ်ခဲ့သည်။

အားလုံးထင်ထားသည်ထက် ပိုမိုလျင်မြန်စွာဖြစ်ပျက်ခဲ့သည်။ သူတို့အသိစိတ်ပြန်လည်လာချိန်တွင် အနိုင်အရှုံးကိုဆုံးဖြတ်ပြီးဖြစ်သည်။

“ဟာ..ဒါက နောက်နေတာလား။ မူကျန်ဖေးမဟုတ်ဘူးလေ အတန်းခေါင်းဆောင်မလား”

“ငါ ထင်ယောင်ထင်မှားဖြစ်နေတာလား”

“မဖြစ်နိုင်တာ”

ထိုအချိန်မှာ ကျောင်းသားများအားလုံးသည်ဆွံ့အကုန်ကြသည်။ သူတို့ရှေ့မှာဖြစ်ပျက်ခဲ့သည်များကို လက်မခံနိုင်ပေ။ ချူးယွင်ဖန်းက အသာစီးရပြီး ဖန်ဒေယင်းကို အနိုင်ရခဲ့ခြင်းသည် ချူးယွင်ဖန်းအပေါ် သူတို့၏ ထင်မြင်ချက်များကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည်။ ဂေါင်ဟုန်ချီ သို့ ဒုအတန်းခေါင်းဆောင်က ဖန်ဒေယင်းကို အနိုင်ရသည်ဆိုပါက လက်ခံနိုင်သေးသည်။ သို့သော် အနိုင်ရသောသူမှာ သူတို့တစ်ခါမှ သတိမထားမိခဲ့သော ကျောင်းသား ချူးယွင်ဖန်းဖြစ်နေသည်။

ချူးယွင်ဖန်းကြည့်ရတာ တည်တည်ငြိမ်ငြိမ်ပဲဖြစ်သည်။ သူက ဖန်ဒေယင်းကို အနိုင်ရခဲ့ခြင်းအပေါ် စိတ်လှုပ်ရှားမနေပေ။ သူ စောနကခံစားနေရသော စိတ်ဓာတ်ပြင်းပြမှုသည် ကုန်ဆုံးခဲ့သည်။ ထိုအချိန်မှာ လက်နှစ်ဖက်လုံးမှာ ဒဏ်ရာအနာတရဖြစ်နေခြင်းမှ နာကျင်မှုဒဏ်ကို ခံစားလာမိသည်။ သူ၏ အသားတစ်ချို့လည်း ကွဲပြဲနေသည်။ သူနှင့် အနေအထားတူညီသော လူများထက် အဆပေါင်းများစွာတန်ခိုးကြီးသော်လည်း ဖန်ဒေယင်း၏ အဆင့်က ထိုထက်အဆပေါင်းများစွာသာလွန်သည်။ ထို့ကြောင့် သူအနာတရဖြစ်သည်မှာမထူးဆန်းတော့ပေ။

ထိုအရာများသည် ပြိုင်ပွဲအတွက်ပေးဆပ်မှုများဖြစ်သည်။ ထို့ကြောင့် သူက တကယ့်ပြိုင်ပွဲအစစ်အမှန်များကို ဘာကြောင့်ရှောင်ရှားရသလဲဆိုသော အကြောင်းပြချက်လည်းဖြစ်သည်။ သူက ဒဏ်ရာရသည်နှင့် ဆေးကုသမှုအတွက် ကုန်ကျစရိတ်များတော့မည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူသည်းမခံနိုင်တော့ပေ။ ဖန်ဒေယင်းက သူ့မိဘများကိုစော်ကားပြောဆိုခြင်းကို သူခွင့်မပြုနိုင်ပေ။

“အား”

အနိုင်ရပြီးနောက် သူကကြမ်းပြင်ပေါ်လှဲနေသော်လည်း ဖန်ဒေယင်းသည် ရုတ်တရက်ကြုံးဝါးက ချူးယွင်ဖန်းနောက်လှည့်နေချိန်တွင် ကန်ရန်ပြင်သည်။ သူက မတ်တပ်ထရပ်ကာ ချူးယွင်ဖန်း၏ နောက်ကျောဘက်ကိုတိုက်ရိုက်တိုက်ခိုက်တော့သည်။

မြန်မြန်!!

ဖန်ဒေယင်းသည် ယခင်ကထက် နှစ်ဆပိုမြန်လာသည်။ သူ့မျက်နှာက ခက်ထန်နေပြီး သူ၏ မျက်လုံးများက သွေးဟုန်းဟုန်းတောက်လောက်နေသည်။ သူ၏ အစွမ်းများကို နှိမ့်ချခြင်းမပြုလုပ်တော့ပေ။သူက လက်စားချေရန် မျှော်လင့်နေသည်။ ဘန်း!

ဖန်ဒေယင်းက ချူးယွင်ဖန်းကို ထိုးရန်ပြင်ချိန်မှာ လက်တစ်စုံက သူ့လက်သီးကို လှမ်းဆွဲသည်။ တကယ့်အခြေအနေကောင်းတစ်ခုကို ဝင်ထိန်းပေးသူမှာ ကျင်းဝူဖြစ်သည်။ ဘန်း!

ကျင်းဝူသည် ဖန်ဒေယင်းကို အားပြင်းပြင်းနှင့် တွန်းဖယ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားစေသည်။ “မင်း ဘာလို့ ဒီလို ယုတ်မာရတာလဲ။ မင်းကမှ တကယ့်အရှုံးသမား..”ကျင်းဝူက အေးတိအေးစက်ပုံစံဖြင့်ပြောသည်။

“မင်းတို့ရဲ့ အတန်းဖော်ကို နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ မင်းတို့ကို သင်ပေးခဲ့လား”

ထိုအချိန်မှာ ဖန်ဒေယင်းသည် အသိစိတ်ပြန်ဝင်လာသည်။ သူက ဒေါသကိုမျိုသိပ်ပြီး မတ်တပ်ထရပ်ကာ “တောင်းပန်ပါတယ် နည်းပြ။ ကျွန်တော်မှားသွားပါတယ်” ဟုပြောသည်။ သူသည် ကျင်းဝူနှင့် မငြင်းခုံရဲပေ။ ချူးယွင်ဖန်းကို စူးစိုက်ကြည့်ပြီး သူ၏ဒဏ်ရာများကုသရန် ထွက်သွားတော့သည်။

အပိုင်း (၁၂)-နာမည်ကြီး ဆေးပညာရှင်…

ချူးယွင်ဖန်းသည်လည်း လမ်းလျှောက်ထွက်သွားသည်။ ဂေါင်ဟုန်ချီသည် ဆေးဗူးကိုချက်ချင်းသွားယူလာပြီး သူ၏လက်မောင်းပေါ်သို့ တိုက်ရိုက်ဖြန်းပေးသည်။စူးရှစွာနာကျင်နေမှုသည် ချက်ချင်းဆိုသလို အေးမြသောခံစားချက်ဖြင့် အစားထိုးခံလိုက်ရပြီး ဒဏ်ရာများသည် လျှပ်စီးအလျင်ဖြင့်သက်သာပျောက်ကင်းသွားတော့သည်။

“မင်းက တစ်ခုခုတော့ တစ်ခုခုပဲ။ အံ့အားသင့်စရာပဲ။ ဟားဟား..သူဒီလိုမျိုးရှုံးနိမ့်တာ ငါတစ်ခါမှမမြင်ဖူးဘူး”

ခေါင်ဟုန်ချီက ချူးယွင်ဖန်း၏ ကျောကုန်းကိုညင်သာစွာပုတ်ရင်းပြောသည်။ ထိုအချိန်မှာ သူတို့၏ အတန်းဖော်များလည်း သတိပြန်ဝင်လာကြသည်။ သူတို့သည် မယုံကြည်နိုင်သော အနေအထားမှာဖြစ်နေကြသည်။ ဒုအတန်းခေါင်းဆောင် တန်စီယုသည် ချူးယွင်ဖန်းကို အံ့အားသင့်စွာဖြင့်မျက်လုံးကြီးပြူးပြီးကြည့်နေသည်။

“အားလုံးပဲ..တကယ့်ပြိုင်ပွဲအစစ်အမှန်ကိုမင်းတို့မြင်လိုက်ကြတယ်မလား..နတ်ဆိုးကျားလက်သီးသိုင်းရဲ့ အစွမ်းက မင်းတို့အားလုံးအတွက် အရမ်းအားကောင်းတယ်။ ဒါကြောင့်မို့ ဂရုစိုက်ကြပါ”

သူသည် ထိုနှစ်ဦး၏ ထိခိုက်ဒဏ်ရာရမှုအပေါ် သိပ်ပြီးစိတ်ဝင်စားမှုမရှိပေ။ သူသည် ပင်စင်ယူထားပြီးသော စစ်သည်တစ်ဦးဖြစ်ပြီး ဒီ့ထက်ပိုမိုဆိုးဝါးသောဒဏ်ရာများကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။

“မင်းတို့မှာ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး မေးစရာရှိလျှင် ငါ့ကိုမေးနိုင်တယ်။ ခုတော့ ငါက ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်များကိုရှင်းပြမယ်”

ကျင်းဝူသည် နတ်ဆိုးကျားလက်သီးသိုင်းကို ကျင့်ကြံအားထုတ်လျှင် ဖြစ်ပျက်နေကျ အကြောင်းအရာများနှင့် ထိုအရာများကို မည်သို့ဖြေရှင်းရမည်ဆိုသော အကြောင်းအရာများကိုရှင်းလင်းပြောကြားသည်။

ထိုအရာများသည် တန်ဖိုးအရှိဆုံးသော အတွေ့အကြုံများဖြစ်သည်။ ယခင်ခေတ်တုန်းက ထိုအရာဖြစ်ပျက်ပါက လျှို့ဝှက်ချက်တစ်ခုအနေနှင့်သာ ဆက်လက်ရှိနေမည်ဖြစ်သည်။ သို့သော် ယခုခေတ်မှာတော့ လူအများစုသည် သူတို့၏ ဗဟုသုတကို လူထုထံသို့ ဖြန့်ဝေကြသည်။ တချို့သော သိုင်းပညာကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို အွန်လိုင်းပေါ်တွင် တင်ကြပြီး လွတ်လပ်စွာကူးယူနိုင်သည်။

ထိုဗဟုသုတများကို ဖြန့်ဝေခြင်းဖြင့် သူတို့အတွက် ပိုက်ဆံရရှိနိုင်ကြသည်။ ရှေးဟောင်းလူသားများခေတ်ကိုရှာဖွေတွေ့ရှိပြီးနောက် သူတို့၏ လက်ရှိအနေအထားကိုရောက်ရှိရန် လူသားများသည် ရာစုနှစ်အနည်းငယ်ကြာ ကြိုးစားခဲ့ရသည်။ အသစ်ဖြစ်သော အတွေးအမြင်နယ်ပယ်များသည် အသုံးဝင်မှုမြင့်မားလာပြီး အသုံးဝင်လာကြသည်။

ချူးယွင်ဖန်းသည် တင်ပျဉ်ခွေထိုင်ပြီး အနန္တတန်ခိုးရှင်ဧကရာဇ်သိုင်းကိုအသုံးပြုကာ သူ၏ စွမ်းအင်များကို လည်ပတ်အောင် ပြုလုပ်နေသည်။ စောနကပြိုင်ပွဲကိုပြန်စဉ်းစားပြီး ဒဏ်ရာများ အမြန်ဆုံး ပြန်လည်သက်သာစေရန် သူ၏ စစ်မှန်သောတန်ခိုးများကို လက်မောင်းဆီသို့ စုစည်းသည်။ ထိုအရာသည်ပြိုင်ပွဲတစ်ခုဆိုသော်ငြား သူ့အတွက်တော့ အကျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဒေယင်း၏ နတ်ဆိုးကျားလက်သီးသိုင်းပေါ်နားလည်မှုသည် သူနှင့်ဆင်တူသောကြောင့်ဖြစ်သည်။

ဖန်ဒေယင်း၏ စူးရှသော မျက်လုံးများသည် အခန်း၏ တစ်ဖက်မှာရှိနေသော သူ့ဆီသို့ရောက်နေသည်ဟု သူခံစားမိနေသည်။ဖန်ဒေယင်းသည် သူ့ကိုစိုက်ကြည့်နေသည်။ သူသည် ဖန်ဒေယင်းကို ဒီတစ်ကြိမ်တော့ စိတ်ထဲမကျေမလည်ဖြစ်အောင်ပြုလုပ်ခဲ့မိပြီဆိုတာ သူသိသော်ငြား ဂရုမစိုက်ပေ။ ပြိုင်ပွဲမှတစ်ဆင့် သူ၏ ယုံကြည်မှုများ တဟုန်ထိုးမြင့်မားလာခဲ့သည်။ သူက အတန်းခေါင်းဆောင်ကို ကလန်ကဆန်ပြုခဲ့မိလည်း ဘာများ အရေးစိုက်စရာလိုမည်နည်း။ သူ့ကို အချိန်သာလောက်လောက်ငှငှပေးမည်ဆိုပါက သူ၏ ခြေဖဝါးအောက်တွင်အားလုံးဝပ်ဆင်းကြရမည်။

စာသင်ချိန်လည်း လျင်မြန်စွာကုန်ဆုံးခဲ့သည်။ ကျောင်းသားများ အတန်းမဆင်းခင်မှာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ဒဏ်ရာများ သက်သာပျောက်ကင်းလာသည်။ ခေတ်မီနည်းပညာဖြင့် ဖော်ထုတ်ထားသော ဆေးပညာအဆင့်အတန်းသည် သာမန်ခေတ်ကနှင့်ယှဉ်လျှင် မယုံကြည်နိုင်လောက်အောင် တိုးတက်လှသည်။

“ကောင်းပြီ..ဒီနေ့တော့ ဒီလောက်ပဲ..အတန်းဆင်းနိုင်ပြီ..မနက်ဖြန်နဲ့ သဘက်ခါက အားလက်ရက်ဖြစ်တယ်။ ဒါကြောင့်မို့ မင်းတို့ရဲ့ အိမ်မှာ နတ်ဆိုးကျားလက်သီးသိုင်းကို လေ့ကျင့်နိုင်တယ်” ကျင်းဝူက ဆိုသည်။

“ဟုတ်သားပဲ..မေ့တော့မလို့..ချူးယွင်ဖန်း..ငါ့ရုံးခန်းကိုလာခဲ့ဦး”

ကျင်းဝူက သူ့ကိုတစ်ခါမှ တစ်ဦးတည်းခေါ်ပြီးစကားမပြောဖူးသဖြင့် အနည်းငယ်ထူးဆန်းသည်ဟု ချူးယွင်ဖန်းခံစားမိသည်။ သူက ယခင်တုန်းက သာမန်အနေအထားမို့ ကျင်းဝူက သူ့ကိုစကားပြောရန် စိတ်ထဲမရှိနေခဲ့ပေ။

ချူးယွင်ဖန်းသည် ကျင်းဝူ၏ရုံးခန်းဆီသို့ သူ၏ နောက်မှလိုက်လာသည်။

“ဆရာ..ကျွန်တော့်ကို ဒီကိုခေါ်လာတာ ဘာမေးစရာရှိလို့လဲ” ချူးယွင်ဖန်းက တည့်တိုးပဲ မေးချပစ်သည်။

ကျင်းဝူက သူ့အားတစ်ချက်ကြည့်ကာ...

“ငါအပါအဝင် လူတိုင်းက မင်းကို အရင်တုန်းက အထင်သေးခဲ့မိတယ်။ မင်းမှာ သာမန်အရည်အချင်းလောက်ပဲရှိတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ မင်းရဲ့အရည်အချင်းက သာမန်အဆင့်လို့ထင်ရသော်ငြား သိုင်းပညာသင်ယူတဲ့နေရာမှာတော့ အရမ်းမြန်ဆန်တယ်။ ငါ့အထင် မင်းအရင်တုန်းက သိုင်းပညာနဲ့ တစ်ခါမှ မထိတွေ့ဖူးတာမို့ မင်းရဲ့ စွမ်းရည်တွေကို မမြင်နိုင်ခဲ့တာဖြစ်မယ်”

“လူတိုင်းက အရည်အချင်းအကြောင်းပြောနေကြတယ်။ တကယ့်လက်တွေ့မှာတော့ အရည်အချင်းက မျိုးစုံရှိတယ်။ သိုင်းပညာမှာ ပါရမီပါခြင်းဆိုတဲ့အမျိုးအစားများစွာရှိတယ်။ တချို့က မွေးကတည်းက နားလည်တတ်မြောက်နိုင်စွမ်းမြင့်မားတဲ့စွမ်းရည်ပါလာကြတယ်။ တချို့ကျတော့ သိုင်းပညာကျင့်ကြံမှုမှာ ချက်ကျလက်ကျနားလည်နိုင်မှုပါရမီပါလာကြတယ်။ တချို့ကျတော့ ကြံ့ခိုင်သန်စွမ်းတဲ့ ကိုယ်ခန္ဓာနဲ့ မွေးဖွားလာကြတယ်။ သူတို့က ကြီးမားတဲ့အင်အားတွေရှိကြတာမို့ တချို့ကျင့်ကြံတဲ့လူတွေထက်ပိုမိုပြီး အင်အားကြီးကြတယ်။ ပြီးတော့ မင်းမှာလည်း သိုင်းပညာကျင့်ကြံမှုအတွက် အရည်အချင်းရှိတဲ့ပုံပဲ”

ကျင်းဝူက စားပွဲနောက်ကိုသွားပြီး ကုလားထိုင်ပေါ်ထိုင်ကာ စကားဆက်ပြောသည်။

“မင်း အရင်တုန်းက သာမန်အဆင့်ဆိုတာ မေ့လိုက်ပါ။ မင်းမှာအရည်အချင်းရှိတယ်ဆိုကတည်းက ဒုက္ခမရောက်တော့ဘူး။ ခွန်လွန်းခေတ်က နေရာများစွာကို ငါတို့တွေပြောင်းရွှေ့အခြေချတည်းက လူသားတွေက ဘယ်လိုလုပ်ပြီး ပြောင်းလဲခေတ်မီလာကြလဲ။ ဘာကြောင့်လဲဆိုတော့ ယခင်တုန်းက ရှိခဲ့တဲ့ အရည်အချင်းရှိသူများ စုဆောင်းမှုနဲ့ပတ်သက်တဲ့ ကျဉ်းမြောင်းတဲ့အမြင်တွေကို ငါတို့ပြောင်းလဲပစ်လို့ပေါ့..ခုဆို ရှိသမျှ အရည်အချင်းတွေကို ဖြည့်တင်းနေကြပြီ”

ကျင်းဝူက သူ့ကိုတစ်ချက်ကြည့်ကာ စကားပြန်ဆက်သည်။

“မင်းက အတွင်းအားကျင့်ကြံမှုနဲ့ ပတ်သက်လျှင်တော့ သာမန်ပဲ။ မင်းက သာမန်မိသားစုမှာ ပေါက်ဖွားလာတာမို့ မင်းမိသားစုက မင်းအတွက် ပြည့်ဝတဲ့ထောက်ပံ့မှုတွေ မလုပ်ပေးနိုင်ဘူး။ စစ်တပ်ထဲဝင်ဖို့ရော မင်းစဉ်းစားဖူးလား”

“စစ်တပ်ထဲဝင်မယ်” ချူးယွင်ဖန်းက ခေတ္တခဏကြောင်သွားသည်။ ကျင်းဝူက သူ့ကိုထိုကဲ့သို့အကြံပေးမည်ဟု မထင်မိချေ။

“မှန်တယ်။ လူသားတွေက ခွန်လွန်းခေတ်ကို ကျူးကျော်အခြေချတည်းက ငါတို့အမြဲအန္တရာယ်ကြုံခဲ့ရတယ်။ ကမ္ဘာပေါ်မှာတောင်မှ မြို့ကြီးအနည်းငယ်ပဲကျန်ခဲ့တော့တာ။ တခြားနေရာတွေက ဧရာမသတ္တဝါဆိုးကြီးများရဲ့ ပိုင်နက်နယ်နိမိတ်ဖြစ်လာခဲ့ပြီ။ ကမ္ဘာပေါ်မှာရှိနေတဲ့ သတ္တဝါဆိုးကြီးများထက် ခွန်လွန်းခေတ်မှာရှိနေတာက ပိုမိုရက်စက်ကြမ်းကြုတ်ပြီး ရေတွက်လို့တောင်မနိုင်ပါဘူး။ လူသားတွေအတွက် စစ်တပ်က အဓိကခံစစ်လိုင်းပဲဖြစ်တယ်။ ပုံမှန်အရဆို စစ်တပ်က နယ်ပယ်အစုံက အတော်ဆုံးသောလူသားများကို ဖြည့်တင်းတယ်”

ကျင်းဝူက ဖြည်းဖြည်းချင်းဆိုသည်။ “ငါ့တစ်ဦးတည်းထင်မြင်ချက်အရ မင်းမိသားစုအနေအထားအရ ဖန်ဒေယင်းနဲ့ ဂေါင်ဟုန်ချီလို ဖြစ်မလာနိုင်ဘူး။ မင်းမိသားစုက မဖြည့်ဆည်းပေးနိုင်တဲ့ ထောက်ပံ့မှုတွေကိုစစ်တပ်ကဖြည့်ဆည်းပေးနိုင်တယ်။ မင်းသာအရည်အချင်းရှိလျှင် မင်းလိုအပ်သမျှ စစ်တပ်က ပံ့ပိုးပေးနိုင်တယ်။ မင်းရဲ့ စည်းစိမ်ကြွယ်ဝမှုကလည်း သာမန်တက္ကသိုလ်ကျောင်းဆင်းတွေထက်တော့ သာလွန်မယ်။ ပြီးတော့မင်းမှာက သိုင်းပညာကျင့်ကြံမှုနဲ့ ပတ်သက်တဲ့ အရည်အချင်းရှိတယ်။ တိုက်ပွဲအစစ်အမှန်တွေက မင်းကိုပိုပြီးတိုးတက်လာစေမယ်။ တကယ့်စစ်မြေပြင်တွေကလည်း တိုက်ပွဲရဲ့အနှစ်သာရကိုတဖန်ပြန်ပြီး ခံစားမိစေမယ်”

“ငါက အနားယူလိုက်ပြီဆိုပေမဲ့ စစ်တပ်နဲ့ အဆက်အသွယ်အချို့ရှိတယ်။ မင်းဆန္ဒရှိမယ်ဆို မင်းက သိုင်းပညာမေဂျာကို မရလျှင်တောင်မှ မင်းကို လက်ခံအောင် ငါထောက်ခံပေးမယ်။ မင်းက စစ်တပ်ထဲမှာ ထူးထူးချွန်ချွန်စွမ်းဆောင်နိုင်လျှင် မင်းအတွက် ဖက်ဒရေးရှင်းတက္ကသိုလ်မှာ တစ်နေရာရအောင် သူတို့တောင်းပေးမယ်”

ထိုစကားများကိုကြားရပြီး ချူးယွင်ဖန်းအသံတိတ်နေသည်။ ကျင်းဝူက သူ့ကိုစာနာထောက်ထားစွာဖြင့် ပြောဆိုသည်ကို သူသိသည်။ ခေတ်သစ်လူ့အသိုင်းအဝိုင်းတွင် ထိပ်သီးကျောင်းဆယ်ခုမှ ဘွဲ့ရများအပြင် စစ်သည်များကလည်း လိုအပ်ချက်အမြင့်ဆုံးဖြစ်သည်။ တစ်ဖက်မှာလည်း တိုက်ပွဲမှာကျဆုံးနှုန်းက မြင့်မားသည်။ သို့သော် မသေဘဲ ကျန်ရစ်သူများသည် လူ့လောကအလည်တွင် ထင်ရှားကြသည်။

အနားယူပြီးသော စစ်သည်များဖြစ်လျှင်တောင်မှ သူတို့သည် ကျင်းဝူကဲ့သို့ ကျောင်းမှာ နည်းပြအဖြစ် ပြုလုပ်နိုင်ကြသည်။ အကောင်းမွန်ဆုံးအနေအထားဟုမဆိုနိုင်သော်ငြား သာမန်ကုမ္ပဏီရှိ ရုံးဝန်ထမ်းများထက်တော့ အများကြီးကောင်းမွန်သည်။ ထို့ကြောင့် သာမန်ဘဝအနေအထားတွင်မရှိချင်သူများက စစ်တပ်ထဲဝင်လိုစိတ် ပြင်းပြကြသည်။ သို့သော် လူတိုင်းလည်း စစ်တပ်ထဲ ဝင်ဖို့မလွယ်ချေ။ စစ်တပ်ထဲဝင်ရန် သတ်မှတ်ချက်များသည် ထိပ်သီးကျောင်းဆယ်ကျောင်းရှိ စံနှုန်းများကဲ့သို့ တင်းကြပ်သည်။ သို့သော် သာမန်လူများ၏ စွမ်းဆောင်မှုများထက်တော့ သာလွန်နေရမည်။

ယခင်စိတ်နှင့် ယခင်အခြေအနေနှင့်သာဆို သူသည် ထိုအခွင့်အရေးကို မဆိုင်းမတွ လက်ခံမိမည်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ ကောင်းစားဖို့အတွက်ဆို သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံနိုင်သည်။ ယခုတော့ အခြေအနေများက ကွဲပြားခဲ့ပြီဖြစ်သည်။ သူသည် ဆေးပညာဧကရာဇ်၏ မှတ်ဥာဏ်များကို အမွေရခဲ့ပြီး သူ၏ စွမ်းရည်များလည်း တိုးတက်လာခဲ့သည်။ ယခုအခါ ပါရမီရှင်များတောင် သူ့ကိုမယှဉ်နိုင်ပေ။ သူက တောက်ပသောအနာဂတ်အတွက် ရင်ဆိုင်ကျော်ဖြတ်နိုင်သည်။ ထို့အတူ သူ၏ စစ်တပ်ထဲ ဝင်ရောက်လိုသည့် ဆန္ဒများလည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။

ချက်ချင်းဆိုသလို သူက စိတ်ပိုင်းဖြတ်လိုက်ပြီး ...“ဆရာ..ကျွန်တော် တက္ကသိုလ်ပဲတက်ချင်တယ်” ဟု စကားပြန်ခဲ့သည်။ ချူးယွင်ဖန်းကိုကြည့်ပြီး ကျင်းဝူက သက်ပြင်းများသာချနေမိသည်။

“ကောင်းပြီလေ.မင်းမလုပ်ချင်တဲ့အရာကို အတင်းမတိုက်တွန်းပါဘူး။ ဒါပေမဲ့ မင်းစိတ်ပြောင်းခဲ့မယ်ဆို အချိန်မရွေးငါ့ဆီလာနိုင်ပါတယ်။ စစ်တပ်က မင်းလိုအရည်အချင်းရှိသူကို လိုအပ်တယ်”

“ကျေးဇူးတင်ပါတယ် ဆရာ” ချူးယွင်ဖန်းက စိတ်ထဲကအမှန်တကယ်ပင် ကျေးဇူးတင်မိသည်။ ကျင်းဝူက သူ့ကောင်းကျိုးအတွက် လုပ်ရခြင်းဆိုတာ သူပြောနိုင်သည်။

“ဘာလို့ငါ့ကိုကျေးဇူးတင်ရမှာလဲ..ငါက မင်းဆရာပါ..ဆရာဆိုတာ တပည့်ကောင်းစားတာပဲ မြင်ချင်တာ။ မင်းက ခုအဆင့်-၆မှာရောက်နေပြီ။ မင်းက တက္ကသိုလ်တက်ချင်တယ်ဆိုတည်းက လစ်ဘရယ်အနုပညာလေ့လာတာကို မင်းစိတ်ဝင်စားမှုမရှိဘူးဆိုတာ သေချာတယ်။ မင်းမှာ အချိန်တစ်လတောင်မကျန်တော့ဘူး။ ဒါကြောင့်မို့ ကျန်တဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချပါ..မင်းမှာ ဖြည့်စွက်စာကောင်းကောင်းလေး ဝယ်ဖို့ ပိုက်ဆံမရှိဘူးထင်တယ်။ ခုကစပြီး မင်းအဆင့်တက်ချင်တယ်ဆို ခန္ဓာကိုယ်အားဖြည့်ဆေးသောက်သုံးခြင်းပေါ်ပဲ မှီခိုရတော့မယ်။ မင်းက ခန္ဓာကိုယ်အားဖြည့်ဆေး ဆိုတာ ကြားဖူးမယ်လို့ ငါထင်ပါတယ်”

“ဟုတ်ကဲ့..ရှေးလူသားခေတ်က သိုင်းပညာရှင်တွေက သူတို့ခန္ဓာကိုယ်ကို အင်အားဖြည့်ဖို့ သောက်သုံးခဲ့တဲ့ ဆေးတစ်မျိုးပါ” သူ၏ ဦးနှောက်ထဲမှာရှိနေသော ဆေးဧကရာဇ်၏ မှတ်ဥာဏ်များမှတစ်ဆင့် ထိုဆေးအကြောင်းကို သူကောင်းမွန်စွာသိနေသည်။ ထိုမှတ်ဥာဏ်များထဲမှာ ခန္ဓာကိုယ်အားဖြည့်ဆေး၏ မှတ်တမ်းများရှိနေသည်။ ထိုဆေးသည် ဆေးဧကရာဇ်က ဆေးဖော်စပ်မှုစတင်ချိန်က ဖော်စပ်ရန်သင်ယူခဲ့ရသော ဆေးဖြစ်သည်။

ထိုဆေးသည်နာမည်အတိုင်းပင် လူတစ်ဦး၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာစေပြီး ခန္ဓာကိုယ်လုပ်ဆောင်နိုင်စွမ်းကိုလည်း တိုးတက်မြင့်မားစေသည်။ အဆင့်မြင့်ဆေးတစ်မျိုးမဟုတ်သော်လည်း ထိုဆေးကို ပမာဏများစွာသောက်သုံးရန်လိုအပ်သည်။ ယနေ့ခေတ်တွင် ထိုဆေးတစ်လုံးသည် ဒင်္ဂါးတစ်သိန်းထိုက်တန်သည်။ ယနေ့ခေတ်မှာတော့ ဆေးပညာရှင်အနည်းငယ်ကသာ ထိုဆေးကို ထုတ်နိုင်သည်။

ဆေးဧကရာဇ်ခေတ်တုန်းကလည်း ဆေးပညာရှင်အနည်းငယ်သာရှိခဲ့သည်။ ဆေးပညာနှင့် ပတ်သက်ပြီး လူတိုင်းမှာပါရမီမပါလာပေ။ သို့သော် အနည်းဆုံးတော့ သူတို့မှာ ဆေးပညာရှင်များလက်ဆင့်ကမ်းပေးခဲ့သော ပညာများရှိသည်။ သို့သော် ဖော်ထုတ်နိုင်ခဲ့သော ဆေးပညာဗဟုသုတများသည် မပြည့်စုံသေးပေ။ ယခင်တုန်းကရှိခဲ့ဖူးသော ဆေးပညာဖော်မြူလာအချို့လည်း ပျောက်ဆုံးကုန်သည်။

တချို့ဂန္တဝင်ဆေးများသာ မှတ်တမ်းကျန်ခဲ့သည်။ ပြီးပြည့်စုံသော ဗဟုသုတမရှိသဖြင့် ယနေ့ခေတ်ဆေးပညာရှင်အရေအတွက်သည် ဆေးဧကရာဇ်လက်ထက်ကထက် ဆယ်ပုံပုံလျှင် တစ်ပုံအနေအထားသာရှိသည်။ ထို့ကြောင့်ပင် ဆေးတန်ဖိုးက စျေးမြင့်မားနေခြင်းဖြစ်သည်။ ဖက်ဒရေးရှင်းအစိုးရက ဆေးများကို ပမာဏများပြားစွာထုတ်ရန်ကြိုးစားသော်လည်း ယခုချိန်ထိ အကောင်ထည်မဖော်နိုင်သေးပေ။

“မင်းမိသားစုက ကျင့်ကြံမှုအတွက်ာအကုန်အကျမခံနိုင်ဘူးဆိုတာ သိပါတယ်။ မင်းက နတ်ဆိုးကျားလက်သီးသိုင်းကိုတောင် လျင်လျင်မြန်မြန်ကျင့်ကြံနိုင်လို့ အလုပ်တစ်ခုကိုမင်းအတွက်အကြံပေးချင်တယ်။ မင်းနဲ့တော်တော်လေး ကိုက်ညီတဲ့အလုပ်လို့ ငါထင်တယ်။ မင်းစိတ်ဝင်စားလား”ဟု ကျင်းဝူကမေးသည်။

“ဘာအလုပ်ဖြစ်မလဲဆရာ” ဟု ချူးယွင်ဖန်းက ပြန်မေးသည်။

“အင်း..ငါ့ရဲ့ မိတ်ဆွေတစ်ဦးရဲ့ သမီးက တတိယနှစ်မှာရှိတယ်။ သူမကလည်း နတ်ဆိုးကျားလက်သီးသိုင်းကိုလေ့ကျင့်နေတာ။ သူမမှာ လေ့ကျင့်ဖော်လိုအပ်နေတာ။ တစ်နာရီချင်း လုပ်အားခပေးမယ်။ တစ်နာရီကို ဒင်္ဂါး ၅၀၀ပေးမယ်ဆို မင်းစိတ်ဝင်စားလား ဘယ်လိုလဲ” ဟု ကျင်းဝူက ပြုံးပြီးမေးသည်။

ချူးယွင်ဖန်းက အပျော်ကြီးပျော်မိသည်။ ထိုအလုပ်၏ လစာသည်သူ့မိဘများ၏ လစာထက်ပိုကောင်းနေသည်။

သူက မဆိုင်းမတွပဲ ပြန်ဖြေသည်။

“ဟုတ်ကဲ့ ကျွန်တော်လုပ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။ ဘယ်နေ့ကစပြီး အလုပ်လုပ်ရမလဲဆိုတာ သိချင်ပါတယ်”

“ဟား..ကြည့်ပါဦး..မင်းစိတ်ဝင်စားနေပြီမလား။ ငါ့ မိတ်ဆွေကိုဖုန်းခေါ်ကြည့်ပါဦးမယ်။ အားလုံးအဆင်ပြေပြီဆိုတာနဲ့ မင်း အလုပ်စလုပ်နိုင်ပြီ”

ထို့သို့ပြောပြီး ကျင်းဝူသည် ဖုန်းခေါ်တော့သည်။ မကြာခင်မှာပင် သူ့ရှေ့မှာ လူတစ်ဦး၏ ပုံရိပ်ပေါ်လာသည်။ ထိုလူသည် ခန္ဓာကိုယ်တောင့်တင်းပြီး သတ်လတ်ပိုင်းအရွယ်ရှိပုံရသည်။ သူက အနောက်တိုင်း ဝတ်စုံကိုဝတ်ဆင်ထားပြီး မှန်းကြည့်ရသလောက် စစ်သားတစ်ဦး၏ အသွင်အပြင်ပေါ်နေသည်။

“မိတ်ဆွေကျင်း..အကူအညီတောင်းချိန်ကလွဲပြီး မင်းဘယ်တော့မှ ငါ့ကိုမဆက်သွယ်ဘူး..ဘာကိစ္စများရှိပါလိမ့်”

“ဟေ့..မိတ်ဆွေလု..မင်းရဲ့သမီး ယုရှု က နတ်ဆိုးကျားလက်သီးသိုင်းကျင့်ဖို့ အဖော်လိုနေတယ်လို့ မင်းပြောခဲ့တယ်မလား။ ငါ့ဆီမှာ သိုင်းပညာထူးချွန်တဲ့ကျောင်းသားရှိနေတယ်။ သူက ယုရှုရဲ့ လေ့ကျင့်ဖော်ဖြစ်နိုင်တယ်။မင်းဘယ်လိုထင်လဲ”

“အဆင်ပြေတယ်။ ဒီကိုခေါ်လာခဲ့ပါ။ သူ့ကိုငှါးမငှါးဆိုတာတော့ ယုရှုပေါ်မှာပဲမူတည်တယ်။ မင်းအကြံပေးတဲ့သူဘယ်သူမဆို ငါယုံကြည်တယ်”

“ကောင်းပြီ..ဒါဆို ငါဖုန်းချလိုက်တော့မယ်။ တစ်နေ့တာ အဆင်ပြေပါစေ”

ကျင်းဝူက ဖုန်းချပြီးနောက် ချူးယွင်ဖန်းဘက်လှည့်ကာ...

“မင်းအတန်းပြီးလျှင် သူ့ဆီသွားလို့ရတယ်။ ငါမင်းဆီ အိမ်လိပ်စာပို့ပေးမယ်”

“ကျေးဇူးတင်ပါတယ်ဆရာ” ချူးယွင်ဖန်းက ရိုသေလေးစားစွာပြန်ဖြေသည်။

“စိတ်မပူပါနဲ့..အကောင်းဆုံးသာလုပ်..ဒါဆိုအဆင်ပြေပြီ”

All Chapters