← Chapters

အရမ်းကို ဆရာကျလွန်းတယ်

Vol. 38 Ch. 519

အရမ်းကို ဆရာကျလွန်းတယ်

Vol. 38 Ch. 519

ထိုမျှမက ရွှေယွဲ့ချီ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ယခင်ရှိထားခဲ့သည့် အတားအဆီးများအား ကျော်ဖြတ်သွားနိုင်ဟန်ပါပင် ။

သူမမှာ လက်ရှိတွင် ကောင်းကင်ဘုံတံခါးကို အားသုံးပြီး ဖွင့်နိုင်သည့် ကောင်းကင်ဘုံတံခါးဝအဆင့်သို့ ရောက်နေခဲ့လေပြီ ။

ထို့ထက်ပို အရေးကြီးသည်မှာ ဤတစ်ကြိမ် အဆင့်တက်သွားခြင်းက ရှန့်ဝူကျီတစ်ယောက် သူမ၏ ခန္ဓာကိုယ်အား အပိုင်သိမ်းထားစဥ်တွင် ရလာသည့် အကျိုး​ဆက် ဖြစ်ပါသည်။

၎င်းမှာ ဆေးပင်အကူအညီကြောင့် မဟုတ်သလို အခြားသူများ သင်ပေးသည့် နည်းလမ်းကြောင့်လည်း မဟုတ်ပါ။

ထို့အပြင် ရှန့်ဝူကျီက သူမ၏ ခန္ဓာကိုယ်ကို သိမ်းခဲ့စဥ်၌ သူ့ကိုယ်အဖြစ် အပိုင်သုံးရန် လုပ်ခဲ့ခြင်း ဖြစ်သဖြင့် တိုးတက်မှုအဆင့်တိုင်းကို အလေးနက်ထားကာ စနစ်တကျဖြစ်အောင် လုပ်ခဲ့ပါ၏။

ထိုအချက်ကြောင့်လည်း လက်ရှိ ရွှေယွဲ့ချီ၏ ကျင့်ကြံခြင်းအဆင့်က အတင်းဖိအားပေးမှုကြောင့် တက်သွားသည့်တိုင် သူမကို ဒုက္ခပေးလာနိုင်သော မည်သည့်အန္တရာယ်မှ ရှိမနေပေ။

ထိုအချက်များအားလုံးကို နားလည်လိုက်သော ယောင်ချီ နတ်ဘုရားသခင်မကြီးက သက်ပြင်းချ၍ ဆိုသည်။

" အင်း... ရှန့်ဝူကျီက ကောာင်းကောင်းကြီးတော့ လုပ်သွားတာပဲ "

ယခုဆိုလျှင် အကယ်၍.. သူမသာ ဆန္ဒရှိပါက ရွှေယွဲ့ချီ၏ ကိုယ်ထဲသို့ မသေမျိုးအစွမ်းများ ပို့လွှတ်ပြီး ရွှေယွဲ့ချီအား မသေမျိုးတစ်ယောက် ဖြစ်လာအောင် လုပ်ပေး၍ ရနေလေပြီ ။

ထိုသို့ လုပ်လိုက်လျှင် ရွှေယွဲ့ချီက ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် မဖြစ်နိုင်တော့သည့်တိုင်... သူမ၏ ထူးခြားသော ယင်ကိုးသွယ်ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်လိုက်ပါက သူမကိုယ်တိုင်ထက် ပိုအစွမ်းမနိမ့်နိုင်ပါချေ။

သို့သော်.. ထိုအတွေးကို သူမခေါင်းထဲမှ ချက်ချင်း ပြန်ထုတ်လိုက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် .. ရွှေယွဲ့ချီက လက်ရှိ အသက်အရွယ်ဖြင့်ပင် ယခုလို ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေပြီဖြစ်ရာ နောင်အနာဂါတ်တွင် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာနိုင်ချေ များစွာရှိသောကြောင့် ဖြစ်၏။

ယင်​ကိုးသွယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူ တစ်ယောက်အနေဖြင့်လည်း ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်သာ ဖြစ်သွားပါက ရွှေယွဲ့ချီ၏ အောင်မြင်မှုများမှာ သူမထက်ပင် များစွာသာမည် မလွဲချေ။

သို့ဖြစ်ရာ ယခုချိန် ရွှေယွဲ့ချီ၏ ခန္ဓာကိုယ်ထဲသို့ မသေမျိုးအစွမ်းများ ပို့လွှတ်ပေးခြင်းက သူမကို အန္တရာယ်ပြုလိုက်သလိုသာ ဖြစ်သွားပေလိမ့်မည်။

ထိုစဥ်တွင်..

ဝုန်း..

အားလုံး၏ ခေါင်းပေါ်၌ ဟင်းလင်းပြင်လေထုတစ်ခု ပွင့်လာ၏။

" မင်ဒုံ... ထွက်လာခဲ့စမ်း "

ကြောက်မက်ဖွယ် အော်သံကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။

အားလုံး ခေါင်းမော့ကြည့်လိုက်ကြရာ... လူသတ်အရိပ်အငွေ့များ ထုတ်လွှတ်၍ ဟင်းလင်းပြင်ထဲမှ ဒေါသတကြီး ထွက်လာသည့် ချင်းဝူချုံအား တွေ့လိုက်ရ၏။

သူ ဟင်းလင်းပြင်ထဲမှ ထွက်လာသည်ကို ကြည့်ရသည်မှာ မသေမျိုးတောင်ကြီးတစ်လုံးက ကောင်းကင်ယံမှ ကျလာသလိုပါပင် ။

အနီးနားပတ်ဝန်းကျင်ရှိ လေထုသာမက ကမ္ဘာမြေကြီးလည်း တုန်ခါလာသည်။

ကမ္ဘာကြီးမှာ ထိုလူတစ်ယောက်တည်း၏ အရောင်အဝါကို မခံနိုင်တော့သည့်အလား..

၎င်းမှာ ချင်းဝူချုံ၏ ထူးခြားသော သိုင်းကွက်ဖြစ်ကြောင်းကို ယောင်ချီ နတ်ဘုရားသခင်မကြီး သိထားပြီး ဖြစ်သည်။

၎င်းအကွက်မှာ အဆုံးအစမဲ့ နတ်ဘုရားအစွမ်း ဆိုသောအမည်နှင့် လိုက်ဖက်လှပါ၏။

ချင်းဝူချုံ၏ သိုင်းပညာများသည် အခြားသော ကမ္ဘာပေါ်မှ မသေမျိုးများထက် များစွာ မသာလှသော်လည်း..

သူ့ကို အခြားသူများထက် ပိုကြောက်မက်ဖွယ်ကောင်းသွားစေသည့် အချက်မှာ အဆုံးမဲ့လုနီးဟု ပြော၍ရသော သူ့ မသေမျိုးအစွမ်းကြောင့် ဖြစ်ပါသည်။

သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော တာအိုသခင်ကြီး ထျန်းလုံ၏ စိတ်စွမ်းအင်ပင်လယ်တွင် ရှိသော မသေမျိုးအစွမ်းသည်ပင် သူ့အစွမ်း၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိပါ၏။

ထိုအချက်ကြောင့်လည်း သူက တစ်ယောက်တည်းဖြင့် ပြိုင်ဘက်ဆယ်ယောက်အား အနိုင်ယူနိုင်ကာ.. သာမာန်သိုင်းကွက်များတွင်ပင် ကြောက်မက်ဖွယ်အစွမ်းများ ပါဝင်နေခြင်း ဖြစ်သည်။

" မင်ဒုံ.. ထွက်လာခဲ့စမ်း ။ မင်းကများ ရာရာစစ ငါ့ရဲ့ ကိုယ်ပွားပုံရိပ်ကို ဖျက်ဆီးရဲတာ.. မင်းကိုငါ သတ်မယ် "

ချင်းဝူချုံ ဒေါသတကြီး အော်လိုက်သည်။

" သခင်ကြီး.... "

ထိုစဥ် အနီးနားတွင် ရှိနေကြသော ယောင်ချီဂိုဏ်းဝင်များမှာ သူ့အရောင်အဝါအား ဆက်မခံနိုင်ကြတော့ပါ။

၎င်းကို သတိထားမိသွားသော ယောင်ချီ နတ်ဘုရားသခင်မကြီးက ချက်ချင်းအော်ပြောလိုက်၏။

" ဂိုဏ်းချုပ်ကြီးချင်း... ကျေးဇူးပြုပြီး အရောင်အဝါကို ပြန်သိမ်းလိုက်ပါတော့ရှင် ။ မင်ဒုံက သေသွားပါပြီ "

" ဘယ်လို.... "

သူမ စကားကြောင့် ချင်းဝူချုံ အံ့သြမှင်သက်သွားပြီး အရောင်အဝါကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်သည်။

ယောင်ချီမှ ဂိုဏ်းသူများမှာ ထိုအချိန်မှသာ စိတ်သက်သာရာရပြီး သက်ပြင်းများ ချနိုင်သွားကြ၏။

" ဘာတွေ ဖြစ်သွားတာလဲ ။ သူ့ကို ဘယ်သူသတ်ခဲ့တာလဲ "

ထိုစဥ် ချင်းဝူချုံက မြေပြင်သို့ ဆင်းသက်ကာ မေးလာသည်။

" ဘယ်သူရှိရမှာလဲရှင်... သခင်လေး လောထျန်းပေါ့ "

ယောင်ချီ နတ်ဘုရားသခင်မကြီး ပြန်ဖြေလိုက်၏။

ချင်းဝူချုံ မျက်မှောင်ကြုံ့သွားသည်။

" ဒါပေမယ့်.. မင်ဒုံရဲ့ ကိုယ်ထဲမှာ တခြားသူ ရှိနေတယ်... "

သူ့ကိုယ်ပွားပုံရိပ်ကို ဖျက်ဆီးခဲ့သော မင်ဒုံ၏ ကိုယ်ထဲမှ စိတ်ဝိဥာဥ်က မည်မျှအစွမ်းထက်သည်ကို သူ မှတ်မိနေဆဲပါပင် ။

" အင်း.. အဲ့စိတ်ဝိဥာဥ်တွေအားလုံးလဲ သေကုန်ကြပြီ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက ဆက်ပြောသည်။

ချင်းဝူချုံတစ်ယောက် ခေတ္တမျှ မှင်သက်နေပြီးမှ ခေါင်းညိတ်လိုက်ရ၏။

" သခင်လေးလောထျန်းက.. .. မျှော်လင့်ထားသလို တကယ်ကို အစွမ်းထက်တာပဲ "

သူ ယခင် ခန့်မှန်းထားသည့်အတိုင်းဆိုပါက.. သူ့ခန္ဓာကိုယ်အစစ် ရောက်လာလျှင်ပင် မင်ဒုံကိုယ်ထဲမှ စိတ်ဝိဥာဥ်နှင့် အလွန်ဆုံး လက်ရည်တူရုံသာ ဖြစ်ပေလိမ့်မည်။

သို့သော်.. ထင်မထားစွာပင် လောထျန်းက ထိုပြဿနာအား တစ်ယောက်တည်း ရှင်းနိုင်ခဲ့ပါသည်။

" ဒီပွဲမှာ သခင်လေးလောထျန်းက ကြောက်စရာသိုင်းပညာရပ်တွေ သုံးခဲ့မယ်နဲ့တူတယ်.. ဟုတ်လား ။ ကျုပ်ကိုယ်တိုင် မြင်ခွင့်မရလိုက်တာ နှမျောစရာပဲ "

ချင်းဝူချုံ ရေရွတ်လိုက်သည်။

သူ စောစောလာခဲ့သင့်သည်ဟုလည်း တွေးကာ စိတ်ထဲအပြစ်မကင်းသလို ခံစားနေရပါ၏။

သူသာ စောစောလာခဲ့ပါက အံ့မခန်း တိုက်ပွဲအား မြင်နိုင်မည် ဖြစ်သလို.. ထိုပွဲမှ သင်ယူမှတ်သားစရာများလည်း ရသွားနိုင်ပါသည်။

သို့သော် ထိုစဥ်မှာပင် ယောင်ချီ နတ်ဘုရားသခင်မကြီးက ရှက်နေသော မျက်နှာဖြင့် ပြောလာ၏။

" ဘယ်လို ကြောက်စရာကောင်းတဲ့ သိုင်းပညာမျိုးမှ မမြင်ခဲ့ရပါဘူးရှင်.... "

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကြောက်စရာကောင်းတဲ့ သိုင်းပညာမျိုး မပါဘဲနဲ့ ဟိုကောင်တွေ ဘယ်လိုသေသွားရတာလဲ "

ချင်းဝူချုံ တအံ့တသြ ပြန်မေးလိုက်သည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးက ခေါင်းကုတ်ရင်း ပြန်ပြော၏။

" ကျှန်မပြောတာကို သခင်ကြီး ယုံချင်မှယုံမှာ... ။ သူတို့တွေက လောထျန်းရဲ့ မန္တာန်ရွတ်သံကြောင့် သေသွားခဲ့ရတာရှင့် "

ချင်းဝူချုံ ဆွံ့အသွားတော့သည်။

အချိန်အတန်ငယ်ကြာ တိတ်နေပြီးမှသာ.. သူ ဒေါသတကြီး ပြောလာ၏။

" မင်း ကျုပ်ကို နောက်နေတာလား.. "

နှစ်ပေါင်း သိန်း၊ သောင်းကြာ အသက်ရှင်နေလာခဲ့ကြသော နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ ထိုမသေမျိုး များက မန္တာန်များ ရွတ်ဖတ်ရုံဖြင့် သေသွားခဲ့သတဲ့လား.. ။

ထိုစကားကို မည်သူက ယုံပါမည်နည်း ။

ယောင်ချီ နတ်ဘုရားသခင်မကြီးက ကူကယ်ရာ မဲ့နေဟန်ဖြင့် ထပ်ပြော၏။

" ကျွန်မလဲ အစက အဲ့ဒါကို မယုံနိုင်ဘူးရှင့် ။ ဒါပေမယ့်.. ဒါ တကယ့်အမှန်တရားပဲ "

ချင်းဝူချုံတစ်ယောက် နှုတ်ခမ်းမဲ့သွားကာ ခပ်လှမ်းလှမ်းတွင် ရှိနေသော လောထျန်းဘက် လှည့်ကြည့်လိုက်သည်။

" သခင်လေးလောထျန်း ၊ သခင်လေးက.. ဟိုလူတွေကို တကယ် မန္တာန်ရွတ်ပြီး သတ်ခဲ့တာလား "

လောထျန်းက သူ့ဘက်ပြန်လှည့်ကြည့်ကာ ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်လေ.. "

" ဒါဆို.... သခင်လေးက.... ပြောစကားကို အမှန်ဖြစ်လာတဲ့အဆင့်ထိ ကျင့်ကြံထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့.. "

ချင်းဝူချုံ အံ့သြတုန်လှုပ်စွာ ဆိုလိုက်သည်။

ရှေးခေတ်တွင် အစွမ်းထက်လွန်း၍ စကားများကို အတိုင်းအတာတစ်ခုအထိ အမှန်တကယ် ဖြစ်လာအောင် လုပ်နိုင်သူအချို့ ရှိခဲ့ဖူးသည်ဟု သူ ရှေးဟောင်းမှတ်တမ်းစာအုပ်များထဲ၌ ဖတ်ထားဖူးပါသည်။

လောထျန်းကလည်း ထိုလူများကဲ့သို့ ဖြစ်နေပါ

သလား..

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြောလာ၏။

" သခင်ကြီးက အတွေးလွန်နေပါပြီ ။ ကျုပ်က.. စိတ်ဝိဥာဥ်တွေကို လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ စိတ်ဝိဥာဥ်ပညာရပ်တစ်ခုဖြစ်တဲ့ *ပြန်လည်မွေးဖွားခြင်းမန္တာန် *ကို လေ့ကျင့်ခဲ့တာဗျ ။ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ကောင်တွေက အစွမ်းထက်ကြတာမှန်ပေမယ့် စိတ်ဝိဥာဥ်တွေပဲလေ။ အဲ့ဒါကြောင့် ကျုပ်က သူတို့စိတ်ဝိဥာဥ်တွေကိုပဲ တိုက်ရိုက်လွတ်မြောက်အောင် လုပ်ပေးလိုက်တာ "

လောထျန်း ပြောသွားသည့်စကားအရ ထိုကိစ္စမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မည်မျှခက်ခဲနိုင်ကြောင်းကို ချင်းဝူချုံရော ၊ ယောင်ချီ နတ်ဘုရားသခင်မကြီးပါ ကောင်းကောင်းကြီး နားလည်ကြပါသည်။

အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ရှန့်ဝူကျီအား အတင်းဖိအားပေး၍ လွတ်မြောက်အောင်လုပ်ရန်ဆိုလျှင် လောထျန်း၌ အလွန်အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းမျိုး ရှိထားရန် မဖြစ်မနေ လိုအပ်ပါ၏။

သို့မဟုတ်ဘဲ လောထျန်းနေရာ၌ သူတို့သာဆိုပါက.. မန္တာန်အား မည်မျှကျွမ်းကျင်ထားသည်ဖြစ်စေ.. ထိုသို့ လုံးဝလုပ်နိုင်မည် မဟုတ်ပါ။

ထိုအချိန်မှာပင်..

" သခင်လေးကို သတင်းပို့ပါတယ် ။ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက လူတွေအားလုံး ရှင်းသွားပါပြီ "

ပျောင်ပိုင်မြို့သား တစ်ယောက်က လောထျန်းဆီသို့ အပြေးအလွှား သတင်းပို့လာသည်။

လောထျန်းက ထိုလူငယ်ဘက် လှည့်ကြည့်ကာ ပြန်ပြော၏။

" ကောင်းတယ်.. ဒါဆို စလိုက်ကြတာပေါ့ ။ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ မိစ္ဆာကျင့်စဥ်တွေ အကုန်လုံးကို ဖျက်ဆီးဖို့ မမေ့ကြနဲ့ဦးနော် ။ ပြီးမှ ကျန်တဲ့စာတွေကို ရွှေ့ကြ "

" ဟုတ်ကဲ့ပါ "

တဖက်လူငယ်က ထိုသို့ပြောပြီး ဦးညွှတ်အရိုအသေပေး၍ ပြန်ထွက်ခွာသွားသည်။

ချင်းဝူချုံကလည်း သူ့ဂိုဏ်းမှ လူများဘက် လှည့်ကြည့်၍ မျက်လုံးဖြင့် တိတ်တဆိတ် အချက်ပေးလိုက်၏။

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသည် ဧရာမ အသားတုံးကြီးတစ်ခုဟု ပြော၍ ရပေရာ.. သူတို့အနေဖြင့် အသားစား၍ မရလျှင်ပင် စွတ်ပြုတ်ရည်ကိုတော့ သောက်ရမည် မဟုတ်ပါလား။

ဤသို့ဖြင့် မကြာမီမှာပင် ဟင်းလင်းပြင်လက်စွပ်အိတ်များ ကိုယ်စီသယ်ထားကြသည့် ပျောင်ပိုင်မြို့သူ မြို့သားများ လောထျန်းရှေ့ ပြန်ရောက်လာကြသည်။

" အားလုံးပြီးသွားပြီ အကိုထျန်း "

လောရုံက စိတ်လှုပ်ရှားစွာ ဆို၏။

" ဘာတွေရခဲ့လဲ ပြောစမ်းပါဦး "

လောထျန်း မေးလိုက်သည်။

လောရုံ၏ မျက်လုံးများ အရောင်လက်သွားကာ ပြန်ဖြေ၏။

" နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက မြင့်မြတ်နယ်မြေ တကယ်ကို ပီသတယ်ဗျ ။ ကျုပ်တို့ အရင်တွေ့ဖူးသမျှ ဂိုဏ်းတွေအားလုံးထက်လဲ ပိုချမ်းသာတယ်။ ကျုပ်တို့ ဒီတစ်ခေါက် ယူလာတဲ့ ဟင်းလင်းပြင်လက်စွပ်တွေက အရင်ထက် အများကြီးပိုဆန့်တာ ကံကောင်းသွားတယ်လို့တောင် ပြောရမယ် အကိုထျန်းရာ ။ မဟုတ်ရင် အားလုံးကိုတောင် ပြန်ယူနိုင်မှာ မဟုတ်ဘူး "

" မြင့်မြတ်နယ်မြေတစ်ခုကို ဖျက်ဆီးရတာ တကယ်ကို ကျေနပ်အားရစရာကြီးပဲဗျာ။ အကိုထျန်း... တစ်ခါတည်း ရောက်လက်စနဲ့ ... နောက်ထပ် တခြားမြင့်မြတ်နယ်မြေတွေကို သွားပြီး ပြဿနာရှာလိုက်ပါလား။ နောက်ထပ် မြင့်မြတ်နယ်မြေ နှစ်ခု၊ သုံးခုလောက်ကို ဖျက်ဆီးပြီးမှ အိမ်ပြန်ကြမယ်လေ "

ထိုစကားကို ကြားလိုက်သော ချင်းဝူချုံနှင့် ယောင်ချီ နတ်ဘုရားသခင်မကြီးတို့ ကျောရိုးထဲမှပင် ချမ်းစိမ့်သွားသလို ခံစားလိုက်ကြရသည်။

ပျောင်ပိုင်မြို့မှ လူများမှာ လွန်လှပါတကား...

သို့သော်.. ကံကောင်းစွာပင် လောထျန်းက လက်ကာပြ၍ ပြောလာ၏။

" အဲ့လိုလုပ်ဖို့ မလိုပါဘူးကွာ။ အခုရထားတဲ့ ဟာတွေနဲ့တောင် ငါတို့အတွက် အချိန်တစ်ခုအထိ အေးဆေးနေဖို့ လုံလောက်ပါပြီ "

သူ့စကား ဆုံးသည့်အချိန်မှာပင် ဝူလျန်နန်းတော်နှင့် ထျန်းယွမ်ကျောင်းတော်မှလူများ ​ပြန်ရောက်လာကြသည်။

သို့သော်... ပျောင်ပိုင်မြို့မှ လူများက စိတ်လှုပ်ရှားနေဟန် မျက်နှာထားများ ရှိနေသလောက် သူတို့မှာကား အီးမှန်ထားသလို စိတ်ပျက်လက်ပျက် မျက်နှာထားများ ဖြစ်နေကြပါ၏။

" ရှောင်ရှန်.. ဘာတွေရခဲ့လဲ "

ချင်းဝူချုံက သူ့သားအနားသို့ လျှောက်သွားကာ အပြုံးဖြင့် မေးလိုက်သည်။

ပျောင်ပိုင်မြို့က အကျိုးအမြတ်များ များစွာ ရထားခဲ့ပုံ တူပေရာ.. သူတို့ရမည့် အနည်းငယ်မျှ ပမာဏက ပြဿနာမရှိနိုင်ပါချေ။

သို့သော် ထင်မထားစွာပင်... ချင်းရှောင်ရှန်က မျက်နှာငယ်လေးဖြင့် ပြောလာ၏။

" ကျိုးပဲ့နေတဲ့ အုတ်ခဲတချို့နဲ့ လမ်းခင်းကျောက်ပြားတချို့ပဲ ရခဲ့တာ အဖေရဲ့ "

" ဘယ်လို... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ချင်းဝူချုံ အံ့သြမှင်သက်သွားရတော့သည်။

ချင်းရှောင်ရှန်က မျက်နှာငယ်လေးဖြင့် စကားဆက်၏။

" ကျုပ်တို့တွေ တကယ်ကို အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်ဗျာ။ ဒါပေမယ့်.. ပျောင်ပိုင်မြို့က လူတွေက သူများအိမ်ကို ဖြုတ်တဲ့နေရာမှာ ပညာရှင်အဆင့်လောက်ထိကို ကျွမ်းကျင်ကြလွန်းတယ်ဗျ... "

All Chapters