အရှုပ်အထွေး မသေမျိုးသစ်သီး
Vol. 38 Ch. 523
ရုတ်တရက်.. လောထျန်း တစ်ခုကိုတွေးမိကာ စိုးရိမ်တကြီး ပြောလိုက်သည်။
" တကယ်လို့ သူက မသေမျိုးစွမ်းအင်သွေးကြော ဖြစ်သွားပြီးတော့ ပျောင်ပိုင်မြို့ကို မသေမျိုးအစွမ်းတွေနဲ့ ဖြည့်လိုက်ရင် မြို့ထဲက လူတွေအတွက် ကမ္ဘာပေါ်က မသေမျိုးလမ်းကြောင်းကို ပိတ်လိုက်သလို ဖြစ်မသွားနိုင်ဘူးလား "
ပျောင်ပိုင်မြို့တွင်သာ မသေမျိုးအစွမ်းများ ရှိသွားလျှင်... ကောင်းကင်ဘုံတံခါးဝအဆင့် ထိပ်ဆုံးသို့ ရောက်ထားသူ တစ်ယောက်ကသာ ၎င်းကို စုပ်ယူလိုက်ပါက ရိုးရိုးသာမာန် မသေမျိုးတစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။
သို့ဆိုလျှင်.. ကမ္ဘာပေါ်မှ မသေမျိုးဖြစ်ရန် အလားအလာရှိသူတစ်ယောက်အဖို့ ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်သွားနိုင်ပါသည်။
ဗောဓိပင်က အပြုံးဖြင့် ပြန်ပြော၏။
" သခင်လေးက အစိုးရိမ်လွန်နေပါပြီ ။ မသေမျိုးအစွမ်းကို စုပ်ယူဖို့ဆိုရင် အဲ့ကျင့်ကြံသူက သီးသန့် စိတ်စွမ်းအင်ပင်လယ်ကို ဖွင့်ရဦးမှာ သခင်လေးရဲ့။ အဲ့တော့ ကိုယ့်ဘက်က ဆန္ဒမရှိမချင်း မသေမျိုးအစွမ်းကို စုပ်ယူစရာ မလိုတာမို့ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာနိုင်မယ့်အခွင့်အရေးကိုလဲ ဆုံးရှုံးစရာ မရှိတော့ဘူးပေါ့ရှင် "
" အဲ့အစား မသေမျိုးအစွမ်းနဲ့ အချိန်ကြာကြာ ထိတွေ့ရင်.. အဲ့လူက ခန္ဓာကိုယ်အစွမ်း ပိုတိုးလာပြီးတော့ ကျင့်ကြံခြင်း တိုးတက်တဲ့နှုန်းလဲ နှစ်ဆဖြစ်သွားမှာ။ အဲ့ကျရင် ကျင့်ကြံခြင်းအဆင့် တူတဲ့သူတွေထဲမှာတောင် ပိုအစွမ်းထက်နေမှာ "
ထိုစကားကြောင့် လောထျန်း၏ မျက်လုံးများ ချက်ချင်းအရောင်လက်သွားသည်။
" အဲ့လိုအကျိုးဆက်တွေ ရှိတာလား... "
ဗောဓိပင်က အပြုံးဖြင့် ပြန်ပြော၏။
" ဒါပေါ့ သခင်လေးရဲ့ ။ ဒီအချက်က အပေါ်ကမ္ဘာ အဲ့လောက်အစွမ်းထက်နေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲလေ။ အပေါ်ကမ္ဘာက လူတွေက ငယ်ငယ်လေးကတည်းက မသေမျိုးအစွမ်းတွေနဲ့ ထိတွေ့လာရတာ။ သူတို့က အဲ့မသေမျိုးအစွမ်းတွေကို ကောင်းကင်ဘုံတံခါးဝအဆင့်ရောက်မှ သန့်စင်နိုင်တာ ဆိုပေမယ့်.. ရတဲ့ကောင်းကျိုးတွေကတော့ တကယ်ကို အများကြီးပဲ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကျုပ်သဘောပေါက်ပြီ ။ ဒါဆို... မသေမျိုးအစွမ်းတွေသာ လုံလောက်အောင် ရှိရင် ကျုပ်တို့ထျန်းယွမ်ကမ္ဘာကိုလဲ အပေါ်ကမ္ဘာလို ဖြစ်သွားအောင် လုပ်လို့ရတာပေါ့ "
ဗောဓိပင်မှာ သူ့စကားကြောင့် ခေတ္တမျှ အံ့အားသင့်သွားဟန်တူပြီးမှ ခေါင်းယမ်း၍ ပြန်ပြော၏။
" အပေါ်ကမ္ဘာ အစွမ်းထက်နေရတာက မသေမျိုးအစွမ်းတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး ။ ကျွန်မ သိသလောက်ဆိုရင် အပေါ်ကမ္ဘာရဲ့ အောက်မှာ မသေမျိုးစွမ်းအင်သွေးကြောတွေရှိတဲ့ ကမ္ဘာငယ်တွေ ရှိသေးတယ် "
လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။
" ဥပမာပြောရရင်.. ထျန်းမင်ကမ္ဘာပေါ့.. ဟုတ်လား "
ဗောဓိပင်က ခေါင်းညိတ်ပြ၏။
" ဟုတ်တယ် သခင်လေး "
ထိုအချိန်မှသာလည်း ထျန်းမင်ကမ္ဘာက အဘယ့်ကြောင့် ဤမျှအစွမ်းထက်နေရသည်ကို လောထျန်း နားလည်လိုက်သည်။
သူတို့ထံတွင် မသေမျိုးစွမ်းအင်သွေးကြော ရှိထားသည် မဟုတ်ပါလား...
မည်သို့ပင်ဆိုစေ.. သူတို့ပျောင်ပိုင်မြို့တွင်လည်း မကြာခင် မသေမျိုးစွမ်းအင်သွေးကြော ရလာပေတော့မည်။
ထိုစဥ်.. လောထျန်း ရုတ်တရက် အခြားတစ်ခုကို စဥ်းစားမိကာ မျက်မှောင်ကြုံ့သွား၏။
" မဖြစ်သေးဘူး... ဒီ မသေမျိုးစွမ်းအင်သွေးကြောကို ပျောင်ပိုင်မြို့ထဲမှာ ထားလို့မဖြစ်ဘူး "
သူ ပြောလိုက်သည်။
" အင်.. ဘာဖြစ်လို့လဲ သခင်လေး "
ဗောဓိပင်က တအံ့တသြ ပြန်မေး၏။
သူမ၏ လက်ရှိကျင့်ကြံခြင်းအခြေအနေမှာ လောထျန်း၏ အစွမ်းကြောင့် တိုးတက်လာခဲ့သည့်တိုင် ကျဥ်းထဲကျပ်ထဲ ရောက်နေသည်ဟု ပြော၍ ရပါသည်။
လက်ရှိတွင် သူမအတွက် မသေမျိုးစွမ်းအင်များ လိုအပ်နေပြီး ၎င်းကို ရမှသာလည်း ကျင့်ကြံခြင်း ရှေ့ဆက်တိုးတက်နိုင်မည်ဖြစ်၏။
ထို့ကြောင့်လည်း စိတ်စွမ်းအင်သွေးကြောက အဆင့်တက်တော့မည်ကို တွေ့သည်နှင့် သူမ အလွန်စိတ်လှုပ်ရှားသွားခဲ့ရခြင်းပင် ။
သို့သော်.. ယခု လောထျန်းပြောလာသည့် စကားကြောင့် သူမအနည်းငယ် စိုးရိမ်စိတ်ဖြစ်သွားရပါသည်။
လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။
" လောလောဆယ်မှာ မသေမျိုးအစွမ်းက အင်မတန်ရှားပါးတဲ့ အရင်းမြစ်ကြီးတစ်ခု ဖြစ်နေတာလေ။ အဲ့တော့ ကျုပ်တို့အနေနဲ့ ဒါကို ကောင်းကောင်းအသုံးချရမှာပေါ့ "
ယခင်ကဆိုလျှင် လောထျန်းသည် သူပိုင်ဆိုင်သော စိတ်စွမ်းအင်များနှင့် ပတ်သက်၍ လုံးဝ ကပ်စေးမနည်းခဲ့ဖူးပါ။
သို့သော်.. ဤတစ်ကြိမ် သူ ပျောင်ပိုင်မြို့သို့ ပြန်ရောက်ချိန်၌ မြို့ထဲတွင် စိတ်စွမ်းအင်များ နည်းပါးလာမှုကြောင့် အချို့လူများက အခြားသော မြင့်မြတ်နယ်မြေများဆီသို့ ပြောင်းရွှေ့သွားကြသည်ကို သူ သိခဲ့ရပါသည်။ ထိုအချက်ကြောင့် သူ စိတ်မသာမယာ ဖြစ်ခဲ့ရ၏။
လက်ရှိတွင် ပျောင်ပိုင်မြို့၏ စိတ်စွမ်းအင်ပြဿနာကို ဖြေရှင်းပြီးသွားသည့်တိုင်.. ထိုသို့သောလူစားမျိုး နောင်အနာဂါတ်တွင် ထပ်ပေါ်မလာနိုင်ဟု ပြော၍မရပါ။
အကယ်၍ ပျောင်ပိုင်မြို့က ယခုလို အခက်ခဲမျိုးနှင့် ထပ်ကြုံလာပြီး.. မသေမျိုးအစွမ်းများမှ အကျိုးမြတ်ရထားသူများကသာ ထပ်ပြီး သစ္စာဖောက်သွားလျှင်.. သူ ဒေါသထွက်လွန်း၍ပင် သေသွားမည်လား မသိပေ။
" ဒီ မသေမျိုးစွမ်းအင်သွေးကြောကို လျှို့ဝှက်ဒေသထဲမှာပဲ အရင်ထားဖို့ ကျုပ်ဆုံးဖြတ်လိုက်ပြီ။ အဲ့လျှို့ဝှက်ဒေသကို မသေမျိုးကမ္ဘာငယ်တစ်ခုဖြစ်အောင် တည်ဆောက်မယ်။ ပျောင်ပိုင်မြို့အတွက် အများကြီး လုပ်ပေးတဲ့သူတွေရယ် ၊ အကျင့်စာရိတ္တကောင်းပြီး သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့သူတွေကိုပဲ အဲ့လျှို့ဝှက်ဒေသထဲမှာ ကျင့်ကြံခွင့်ပေးမယ် "
လောထျန်း ပြောလိုက်သည်။
ဗောဓိစိတ်ဝိဥာဥ်က သူ့စကားကို နားထောင်ပြီး သတိထားပြော၏။
" သခင်လေးလောထျန်း... ကျွန်မရော.. အဲ့လျှို့ဝှက်ဒေသထဲမှာ နေလို့ရလားဟင် "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဒါပေါ့ဗျ ။ ခင်ဗျားက ပျောင်ပိုင်မြို့သားတွေရဲ့အားလုံးရဲ့ ကျင့်ကြံခြင်းကို အများကြီး ကူညီပေးထားတာပဲ.. နေလို့ရတာပေါ့ "
" ကျေးဇူးတင်ပါတယ်သခင်လေး "
ဗောဓိပင် အလွန်ဝမ်းသာပျော်ရွှင်သွားသည်။
လောထျန်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီးနောက် ဗောဓိပင်နှင့် နဂါးအသွင်ပြောင်း စိတ်စွမ်းအင်သွေးကြောတို့အား ဦးဆောင်၍ လျှို့ဝှက်ဒေသဆီသို့ ခေါ်သွားလိုက်သည်။
" ဒီနေရာက... အကျယ်ကြီးပဲ... "
ဗောဓိပင်မှာ လျှို့ဝှက်ဒေသထဲသို့ ယခုမှ ပထမဆုံး ဝင်ဖူးခြင်းဖြစ်ပြီး ဘေးဘီသို့ ဝေ့ကြည့်ရင်း မနေနိုင်ဘဲ တအံ့တသြ ရေရွတ်လိုက်၏။
ထို့နောက်တွင်မူ သူမ ရုတ်တရက် တစ်ကိုယ်လုံး တုန်သွားသာ်။
" ဟင်... ဒီအရောင်အဝါက.. "
သူမ ပြောပြောဆိုဆိုပင် ခြေဖျားထောက်၍ တောင်တစ်ခုဆီသို့ ပျံသန်းသွားလိုက်သည်။
တခဏအကြာမှာပင် သူမထံမှ အလန့်တကြား စူးစူးဝါးဝါးအော်သံ ထွက်လာ၏။
" ဒါ... ဒါ... မူလအရှုပ်အထွေးမြေတွေပဲ... "
ဘေးတွင် ရှိနေသည့် လောထျန်းက ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်လေ.. ဘာပြဿနာရှိလို့လဲဗျ "
ဗောဓိစိတ်ဝိဥာဥ် ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ ပြန်ပြော၏။
" ဘာပြဿနာလဲ.. ဟုတ်လား ။ ဒီ မူလအရှုပ်အထွေးမြေတွေက ဘယ်လောက်အဖိုးတန်လဲ သခင်လေးသိရဲ့လား "
လောထျန်း ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြောလိုက်သည်။
" အဲ့ဒါက တကယ်လဲ... အဖိုးတန်တယ်နော်.. "
ဗောဓိပင် တစ်ကိုယ်လုံး တုန်သွားပြန်၏။
" အဖိုးတန်တယ်ဆိုတာထက် ပိုတယ်သခင်လေးရဲ့ ။ အရင်က အပေါ်ကမ္ဘာမှာ မူလအရှုပ်အထွေးမြေ ကျွေးထားတဲ့ ဗောဓိပင်တစ်ပင် ရှိဖူးတယ်။ နောက်တော့ အဲ့ဗောဓိပင်က မသေမျိုးဗောဓိပင် ဖြစ်လာပြီးတော့ မသေမျိုးဗောဓိသီးတွေ သီးလာရော ။ ဒါတောင် အဲ့ဗောဓိပင်က မူလအရှုပ်အထွေးမြေ နည်းနည်းပဲ ရခဲ့တာ "
ကြားလိုက်ရသည့်စကားကြောင့် လောထျန်း အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။
" သာမာန်ဗောဓိသီးနဲ့ မသေမျိုးဗောဓိသီးကြားက ကွာဟချက်က ဘာလဲ "
ဗောဓိပင်က တုန်လှုပ်စွာဖြင့် ပြန်ဖြေ၏။
" ကွာခြားချက်တွေ အများကြီးရှိတာပေါ့ရှင်။ သာမာန် ဗောဓိသီးက ရုတ်တရက် ဉာဏ်အလင်းပွင့်တာနဲ့ သာမာန်ကျင့်ကြံခြင်း အဆင့်တက်တာလောက်ပဲ ဖြစ်နိုင်တာ "
" ဒါပေမယ့်.. မသေမျိုး ဗောဓိသီးကတော့ မသေမျိုးလမ်းကြောင်းကို ရောက်သွားအောင် လုပ်ပေးနိုင်တယ်။ တကယ်လို့ ကောင်းကင်ဘုံတံခါးဝ ကျင့်ကြံခြင်းအဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်သာ မသေမျိုးဗောဓိသီးကို စားလိုက်ရင် အဲ့လူအနေနဲ့ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် တန်းပြီးဖြစ်သွားနိုင်ချေ အများကြီးရှိတယ် "
" ဒါ.... "
၎င်းကို ကြားသောအခါ လောထျန်း ဆတ်ခနဲတုန်သွားရသည်။
ထိုမတိုင်ခင်တွင် ပျောင်ပိုင်မြို့မှ လူများ၏ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သူ များစွာစိတ်ပူနေခဲ့ရပါသည်။
ဤထျန်းယွမ်ကမ္ဘာကြီးတွင် ကမ္ဘာပေါ်မှ မသေမျိုးအရေအတွက်က အလွန်လည်း နည်းသည်မဟုတ်ပါလား။
သို့ဖြစ်သဖြင့် သူ့ဘေးမှ လူများ ကမ္ဘာပေါ်မှ မသေမျိုး ဖြစ်မလာဘဲနေမည်ကို သူ စိုးရိမ်နေခဲ့ပါသည်။
ထို့ကြောင့်လည်း ဗောဓိစိတ်ဝိဥာဥ်၏ စကားကို ကြားချိန်၌ သူ စိတ်လှုပ်ရှားသွားရခြင်းပင်။
အကယ်၍သာ မသေမျိုးဗောဓိသီးများ များစွာရှိထားပါက.. ၎င်းတို့ကို ရွှယ်ဟွမ်အစွမ်းနှင့် ပေါင်းစပ်လိုက်လျှင် ကမ္ဘာပေါ်မှမသေမျိုးများ များစွာမွေးထုတ်ပေးနိုင်ပေလိမ့်မည်။
လောထျန်း ထိုသို့တွေးရင်း အလွန်စိတ်လှုပ်ရှားနေတော့သည်။
ထိုစဥ် တဖက်မှ ဗောဓိစိတ်ဝိဥာဥ်မှာမူ တစ်စုံတစ်ခုကို အသည်းအသန် တွေးနေဟန်တူပါ၏။
ဤသို့ဖြင့် အချိန်အတန်ကြာသွားပြီးမှ သူမ စကားစလာသည်။
" သခင်လေးလောထျန်း ၊ အခု ကျွန်မကို မူလအရှုပ်အထွေးမြေ လက်တစ်ဆုပ်စာလောက် ပေးလို့ရမလား "
" လက်တစ်ဆုပ်စာ.. ဟုတ်လား.. "
ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားပြီး သူမဘက် လှည့်ကြည့်လိုက်သည်။
ဗောဓိစိတ်ဝိဥာဥ် တစ်ကိုယ်လုံး တုန်သွားကာ ပြော၏။
" ကျွန်မ တောင်းပန်ပါတယ် သခင်လေးရယ် ။ ဒီ မူလအရှုပ်အထွေးမြေက အရမ်းအဖိုးတန်မှန်း သိရက်နဲ့.. ကျွန်မ အဲ့လောက်ကြီး မတောင်းလိုက်သင့်.. .. "
သို့သော် သူမ စကားမဆုံးခင်မှာပင် လောထျန်းက လက်ကာပြ၍ ဆက်ပြောသည်။
" မဟုတ်ပါဘူးဗျာ... အခု ဒီတောင်မှာရှိနေတဲ့ မူလအရှုပ်အထွေးမြေတွေအားလုံးကို ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်ကို လွှဲပေးမလို့ပါ "
" အင်.... "
မျှော်လင့်မထားသော စကားကြောင့် ဗောဓိစိတ်ဝိဥာဥ် အံ့သြမှင်သက်သွားသည်။
သူမ မည်သို့မှ ပြန်မပြောနိုင်ဘဲ လောထျန်းကိုသာ ကြောင်တောင်တောင် ကြည့်နေမိ၏။
ထိုတောင် တစ်တောင်လုံးမှာ မူလအရှုပ်အထွေးမြေများဖြင့် လုပ်ထားခြင်း ဖြစ်ပါသည်။
အပေါ်ကမ္ဘာမှ ဗောဓိပင်သည်ပင် ကမ္ဘာတည်စအချိန်မှ စ၍ ယနေ့ထိ မူလအရှုပ်အထွေးမြေ အနည်းငယ်မျှသာ ရခဲ့ဖူးပါ၏။
သို့သော်.. ယခုတွင် လောထျန်းက တောင်တစ်ခုလုံးအား သူမကို ပေးမည်တဲ့လား ။
ဤဖြစ်ရပ်မှာ အမှန်ပင် ဟုတ်ပါသေးရဲ့လား..
ထိုစဥ် လောထျန်းက အေးအေးဆေးဆေး စကားဆက်သည်။
" ဒါပေမယ့်.. ကျုပ်က ခင်ဗျားကို ဒီတိုင်းအလကားတော့ ပေးမှာမဟုတ်ဘူးနော်။ ကျုပ်လိုချင်တဲ့ အချက်တွေရှိတယ် "
" ပြောပါသခင်လေး "
ဗောဓိစိတ်ဝိဥာဥ် ပြောလိုက်သည်။
" ကျုပ် ခင်ဗျားကို မြန်နိုင်သမျှအမြန်ဆုံး အဆင့်တက်ပြီး မသေမျိုးဗောဓိပင် ဖြစ်လာစေချင်တယ်ဗျ ။ ပြီးရင် ကျုပ်ကို မသေမျိုးဗောဓိသီးတွေ ထုတ်ပေးပါ ။ အဲ့ဒါ လုပ်နိုင်မလား.. "
လောထျန်း မေးလိုက်သည်။
ဗောဓိစိတ်ဝိဥာဥ်က လန့်သွားဟန်ဖြင့် ပြန်မေး၏။
" အဲ့လောက် ရိုးရှင်းတာလား သခင်လေး... "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" ဒါ... ရိုးရှင်းလို့လား... "
ဗောဓိစိတ်ဝိဥာဥ် ခေါင်းညိတ်ပြလိုက်၏။
" ဘာမှ စိတ်မပူပါနဲ့ သခင်လေး ။ ဒီ မူလအရှုပ်အထွေးမြေတွေရယ်.. မသေမျိုးအစွမ်းတွေရယ်နဲ့ဆို နောက်သုံးလအတွင်းမှာတောင် ကျွန်မ မသေမျိုးဗောဓိသီးတွေ ထုတ်နိုင်မှာ သေချာတယ်... "