အခြားကမ္ဘာတစ်ခုသို့ သွားခြင်း
Vol. 38 Ch. 526
" သွားကျင့်ကြံကြစို့ဟေ့... "
" ဟမ့်... လောရွှယ် ၊ ဒီတစ်ခေါက် ကျင့်ကြံပြီးသွားရင် ငါ မင်းထက် ပိုသာတော့မှာကွ "
" ကြွားမနေစမ်းပါနဲ့ကွာ ... ငါက အထဲမှာ မသေမျိုးတစ်ယောက် ဖြစ်လာအောင် လုပ်ဖို့ထိ စဥ်းစားထားတာ "
" မသေမျိုးတစ်ယောက် ဟုတ်လား... ဒါဆိုရင် ငါက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာအောင်လုပ်မှာ "
လူများက ပြောပြောဆိုဆိုပင် အချိန်နှင့်နေရာဗိမ္မာန်အတွင်းသို့ ဝင်သွားလိုက်ကြသည်။
လောထျန်းမှာ အားလုံး၏ နောက်ကျောကို ကြည့်နေရင်း သူ့ဘေးရောက်နေသည့် ရှောက်ထျန်းလုံအား ရုတ်တရက် သတိထားမိသွား၏။
" မင်းလဲ ဝင်သွားလေ "
သူ ပြောလိုက်သည်။
" ဝု.... "
သူ့စကားကို ကြားသောအခါ ရှောက်ထျန်းလုံလေး အနည်းငယ်လန့်သွားဟန် တူပြီးနောက်.. ရုတ်တရက် နောက်လှည့်၍ ပြေးလိုက်သည်။
ဝှစ်..
လောထျန်း ချက်ချင်း လက်ဆန့်ထုတ်ပြီး ကောင်လေးအား ဖမ်းဆုပ်လိုက်၏။
" ကောင်လေး.. အပျင်းကြီးမနေနဲ့ကွ။ ကောင်းကင်ဘုံပျက်စီးခြင်းက မကြာခင်ရောက်လာတော့မှာ ။ မင်း ပိုအစွမ်းထက်မလာဘဲနဲ့ ဒီတိုင်းကြီး နေနေလို့မရဘူး ။ ပြီးတော့ မင်းပုခုံးပေါ်မှာ ရှိနေတဲ့ တာဝန်တွေကလဲ ပေါ့သေးသေး မဟုတ်ဘူးကွ "
လောထျန်း နားချလိုက်သည်။
ထိုကောင်လေးမှာ နဂါးမျိုးနွယ်၏ မျိုးဆက်သစ် မဟုတ်ပါလား။
သူ့ပုခုံးပေါ်တွင် နဂါးမျိုးနွယ်အား ပြန်အသက်သွင်းရမည့် တာဝန်သာမက နဂါးမျိုးနွယ်စုအခွဲတစ်ခုကိုပါ ကာကွယ်ပေးရန်လည်း ရှိပါသေးသည်။
ထို့ကြောင့် သူ့အနေဖြင့် အပျင်းကြီးနေ၍ လုံးဝမဖြစ်ပါချေ။
" ဝု... "
ရှောက်ထျန်းလုံလေးကမူ တွန့်ဆုတ်နေဟန် တူနေဆဲပါပင် ။
သူ့ကိုကြည့်ရင်း လောထျန်း မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
" မင်းမသွားချင်ရင်လဲ ရတယ်လေ ။ ခုချိန်ကစပြီးတော့ မင်းကို မူလအရှုပ်အထွေးမြေ မကျွေးတော့ဘူး "
ဝှစ်..
ထိုစကားကို ကြားသည့်အချိန်တွင်ကား ရှောက်ထျန်းလုံလေးက စကားတစ်ခွန်းမှ မဆိုဘဲ အချိန်နှင့်နေရာဗိမ္မာန်အတွင်းသို့သာ အသည်းအသန် ပြေးဝင်သွားတော့၏။
လောထျန်းမှာ ၎င်းကိုကြည့်ရင်း မနေနိုင်ဘဲ ပြုံးမိသွားသည်။
ထို့နောက်တွင်မူ သူသည်လည်း အထဲသို့ လိုက်ဝင်သွားလိုက်၏။
" အချိန်နဲ့နေရာဗိမ္မာန်ရဲ့ အချိန်အစွမ်းကိုတော့ သုံးပြီးသွားပြီ။ အခုက နေရာအစွမ်းကို သုံးရမယ့်အချိန်ပဲ "
လောထျန်း ထိုသို့ပြောပြီး အချိန်နှင့်နေရာဗိမ္မာန်အလယ်မှ ယဇ်ပုလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။
" ကျင့်ကြံခြင်းအဆင့်တက်ဖို့လိုတဲ့ သိဒ္ဓိဝင်ဆေးပင်တွေကို ထျန်းယွမ်ကမ္ဘာမှာပဲ ရှာနေရင် အချိန်တွေ အရမ်းကြာသွားလိမ့်မယ်။ ငါ အဲ့လောက်ကြီး မစောင့်နိုင်ဘူး ။ အဲ့တော့ တခြားကမ္ဘာတစ်ခုကို သွားကြည့်မယ်ကွာ "
သူ ထိုသို့ပြောပြီး ယဇ်ပုလ္လင်ပေါ်သို့ ကြည့်လိုက်၏။
နဂါးကြီး ထျန်းလုံက သူ့အား ဤအချိန်နှင့်နေရာဗိမ္မာန်ကို ပေးခဲ့စဥ်တွင်...
၎င်းက အချိန်သွားနှုန်းကို ပြောင်းလဲနိုင်ရုံသာမက အခြားကမ္ဘာများနှင့်လည်း ဆက်သွယ်နိုင်သည်ဟု ပြောခဲ့ပါ၏။
ထို့ကြောင့်လည်း လောထျန်းက ဤအစွမ်းကို သုံးပြီး အခြားကမ္ဘာငယ်များသို့ သွားရှာလိုခြင်းပင် ။
ထိုသို့တွေးပြီးနောက် သူ ယဇ်ပုလ္လင်ပေါ်သို့ လက်တင်လိုက်သည်။
ဝီ...
ပုလ္လင်ပေါ်၌ စိတ်စွမ်းအင်အလင်းတန်းတစ်ခု ရုတ်တရက် လင်းလာ၏။
သို့သော် ထိုအချိန်မှာပင်..
" ဝု... "
လောထျန်းနှင့် တစ်ချိန်တည်းနီးပါးလို ဗိမ္မာန်ထဲ ရောက်နေသည့် ရှောက်ထျန်းလုံလေးက စိတ်စွမ်းအင်အလင်းတန်းအား တွေ့သွားကာ စူးစမ်းလိုဟန်ဖြင့် အနားရောက်လာသည်။
ထို့နောက်တွင်...
ဝီ..
စိတ်စွမ်းအင်အလင်းတန်းက လောထျန်းနှင့် ရှောက်ထျန်းလုံတို့အား ရုတ်တရက် ဝါးမြိုလိုက်ပါ၏။
တခဏအကြာ .. စိတ်စွမ်းအင်အလင်းတန်း မှေးမှိန်ပျောက်ကွယ်သွားချိန်တွင်ကား... အချိန်နှင့်နေရာဗိမ္မာန်ထဲ၌ သူတို့နှစ်ဦး၏ အစအနပင် မကျန်ခဲ့တော့ချေ။
တစ်ချိန်တည်းမှာပင်.. ကမ္ဘာငယ်တစ်ခု၌...
လောထျန်းနှင့် စိတ်ရှုပ်နေဟန်တူသော ရှောက်ထျန်းလုံလေးတို့နှစ်ယောက် .. မရင်းနှီးသော လမ်းမကြီးတစ်ခုပေါ်တွင် တစ်ပြိုင်နက်တည်း ပေါ်လာကြသည်။
" ဟင်... မင်းက ဘာလို့ငါနဲ့လိုက်လာတာလဲ ။ မင်းကို တစ်ယောက်တည်း သွားကျင့်ကြံဖို့ ပြောထားတာလေ "
ရှောက်ထျန်းလုံကို မြင်သောအခါ လောထျန်း မျက်လုံးပြူးသွားရသည်။
" ဝု... "
ရှောက်ထျန်းလုံလေးက သူ့အား ခေါင်းလေးစောင်းရင်း ပြန်ကြည့်၏။ ဤတစ်ကြိမ်တွင်ကား သူ အမှန်တကယ် နားမလည်နိုင် ဖြစ်နေခြင်းပင် ။
လောထျန်းမှာကား ကူကယ်ရာမဲ့ဟန်ဖြင့် စိတ်ပျက်လက်ပျက် မျက်နှာကြီး ဖြစ်နေတော့သည်။ အချိန်နှင့်နေရာဗိမ္မာန်ကို ဖွင့်ပြီးသွားပါက သူ ပြန်သွားချင်မှသာ နောက်တစ်ကြိမ် ပြန်ဖွင့်၍ ရတော့မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ရှောက်ထျန်းလုံလေးအား တစ်ယောက်တည်း ပြန်လွှတ်ရန် မဖြစ်နိုင်တော့ပါချေ။
" ဘယ်တတ်နိုင်မလဲလေ ။ ရောက်တောင်ရောက်နေမှတော့ ငါ့နောက်ပဲ လိုက်ခဲ့တော့ "
လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်ရသည်။
" ဝု... "
ရှောက်ထျန်းလုံလေးက စိတ်လှုပ်ရှားစွာဖြင့် လောထျန်းပုခုံးပေါ်သို့ ချက်ချင်း ပျံတက်၏။
လောထျန်း ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ပြီးနောက်.. သူ အတော်အသင့်ကြီးသည့် မြို့ကြီးတစ်မြို့တွင် ရောက်နေကြောင်း သိလိုက်ရသည်။
လက်ရှိ သူ့အတွက် အရေးအကြီးဆုံးမှာ သတင်းများ ရနိုင်သလောက်စုံစမ်းပြီး သူ ဘယ်ရောက်နေသည်ကို သိအောင်လုပ်ရန်ပင် ။
သူ လမ်းမအတိုင်း ဆက်လျှောက်သွားလိုက်ပြီး အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို ရှာပြီးမေးရန် စဥ်းစားလိုက်၏။
ဤသို့ဖြင့် သူ လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ ရှာဖွေနေစဥ်မှာပင်..
" ဝု... "
ရှောက်ထျန်းလုံလေးက သူ့ဆံပင်အား ရုတ်တရက် ဆွဲလာသည်။
" အင်... "
လောထျန်း လန့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်ရာ.. သွားရည်တမြားမြားဖြင့် လမ်းမဘေးမှ အကင်ဆိုင်လေးတစ်ခုကို လက်ညိုးထိုးပြနေသည့် ရှောက်ထျန်းလုံလေးအား မြင်လိုက်ရသည်။
ဆိုင်မှ အကင်များမှာ စားချင်စဖွယ် ကောင်းနေပြီး မွှေးကြိုင်သော အနံ့ကလည်း လေထဲလွင့်ပျံ့နေ၏။
လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။
" လောလောဆယ်က အချိန်သိပ်မရှိဘူးကွ... အဲ့ဒါတွေအတွက် အချိန်မရဘူး "
" ဝု...... "
ထိုစကားကို ကြားသည်နှင့် ရှောက်ထျန်းလုံလေး၏ မျက်နှာ ချက်ချင်း စိတ်ဓာတ်ကျသွားပုံ တူကာ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။
လောထျန်း မျက်နှာကြီးညိုသွားပြီး ခေါင်းယမ်းလိုက်ရ၏။
" ထားလိုက်ပါလေ... တစ်ခုပဲ ရမှာနော် "
သူ ထိုသို့ပြောပြီး အကင်ဆိုင်သို့ လျှောက်သွားလိုက်သည်။
" ဝု... "
ရှောက်ထျန်းလုံလေးမှာ သူ့ကိုကြည့်ရင်း စိတ်လှုပ်ရှားသွားပုံပင် ။
" ဆိုင်ရှင် ၊ ကျုပ်ကို အကင်နည်းနည်း ရောင်းပေးဗျာ "
လောထျန်း ပြောပြောဆိုဆိုပင် စိတ်စွမ်းအင်ကျောက်တုံးနှစ်ခု ပစ်ပေးလိုက်သည်။
" ရတာပေါ့ဗျာ... ခဏလေးပဲ စောင့်ပါ "
ဆိုင်ရှင်၏မျက်လုံးများ ချက်ချင်းအရောင်လက်သွားကာ စိတ်စွမ်းအင်ကျောက်တုံးအား အပြုံးဖြင့် သိမ်းလိုက်ပြီး.. အကင်တစ်ခု ပြန်ပေးလာ၏။
လောထျန်းက အကင်အား ရှောက်ထျန်းလုံလေးဆီသို့ ပေးလိုက်သည်။ ကောင်လေးကလည်း ချက်ချင်းပင် အားပါးတရ စား၏။
" ဆိုင်ရှင်ကြီး ၊ ဒါ.. ဘယ်နေရာလဲဗျ "
လောထျန်းမှာ ရှောက်ထျန်းလုံလေး စားနေသည်ကိုစောင့်ရင်း အခြားဘာမှလည်း လုပ်စရာမရှိသဖြင့် စကားမရှိစကားရှာ မေးလိုက်သည်။
" ဟင်... ဧည့်သည်လေးက တခြားနိုင်ငံကလား ။ ဒါ မိုးကြိုးမြို့တော်လေ "
ဆိုင်ပိုင်ရှင်က ပြန်ဖြေသည်။
" မိုးကြိုးမြို့တော်... "
လောထျန်းက အခြားတစ်ခု ထပ်မေးရန် ပြင်နေစဥ်မှာပင်...
လမ်းမဘက်မှ ဆူညံသံအချို့ ရုတ်တရက် ထွက်လာသည်။
" ရှေ့ကနေဖယ်စမ်း... အကန်းကောင် ၊ သေချင်နေပြီလား "
ကျယ်လောင်သော အော်သံကြီးတစ်ခု ထွက်လာ၏။
ထိုအသံကို ကြားသည်နှင့် ဆိုင်ရှင်၏ မျက်နှာထား ချက်ချင်းပြောင်းသွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ထို့နောက် သူ လောထျန်းကိုကြည့်ကာ ပြော၏။
" သခင်လေး ၊ ဒီကိုမြန်မြန်လာခဲ့ ။ အဲ့လူနဲ့ ဝင်မတိုးမိစေနဲ့ "
" အင်.... "
လောထျန်းမှာ တဖက်လူ ဆိုလိုသည့်အဓိပ္ပါယ်ကို နားမလည်ဘဲ အူကြောင်ကြောင်ဖြစ်သွားသည်။
ထိုအချိန်မှာပင်... ရှားပါးသားရဲ ဆယ့်ခြောက်ကောင် ဆွဲလာသည့် ရထားလုံးတစ်စင်းက လမ်းမတဖက်မှ ဒုန်းစိုင်းရောက်လာသည်။
ထိုရထားလုံးအား လှည့်ကြည့်လိုက်သော လောထျန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားရ၏။
ထိုရထားလုံးကို ဆွဲလာသည့် ထူးဆန်းသောသားရဲကြီး ဆယ့်ခြောက်ကောင်လုံးမှာ အဆုံးအစမဲ့အဆင့် ကျင့်ကြံခြင်းများ ရှိထားကြပြီး ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုကိုလည်း ဆက်တိုက်ထုတ်လွှတ်နေပါသည်။
ဝုန်း..
ထိုစဥ် လောထျန်းတို့အနီးမှ ဖြတ်သွားသည့် သားရဲဆယ့်ခြောက်ကောင်ထဲမှ တစ်ကောင်က အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်ရာ .. မိုးထစ်ချုန်းသံကြီးလိုပင် ဆူညံသွား၏။
ထိုအချိန်တွင် ရှောက်ထျန်းလုံလေးမှာ လက်ထဲမှ အကင်ချောင်း၏ နောက်ဆုံးလက်ကျန် အသားတုံးတစ်ခုကို ပါးစပ်ထဲသို့ ထည့်ခါနီး ဖြစ်ပါသည်။
သို့သော်... သူ စားရန်ပြင်နေသည့် အသားတုံးက ထူးဆန်းသောသားရဲကြီး မှုတ်ထုတ်လိုက်သည့် လေကြောင့် အဝေးသို့ လွင့်သွားတော့၏။
ဝှစ်..
နောက်ဆုံးတွင်ကား ထိုအသားတုံးက လမ်းမထောင့်တစ်ခုရှိ ခွေးချေးပုံပေါ်တွင် ကျလျက် ....
အကင်ချောင်းလေးကို လက်ထဲတွင် ကိုင်ထားဆဲဖြစ်သော ရှောက်ထျန်းလုံလေးမှာ ခွေးချေးပုံပေါ် ကျသွားသော သူစားရမည့် အသားလေးကို မျက်ရည်ဝဲနေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ပြီးနောက်တွင်ကား... သူ့မျက်လုံးအကြည့်က ချစ်စရာကောင်းနေရာမှ ရက်စက်ကြမ်းတမ်းသည့်အသွင်သို့ ရုတ်ချည်းပြောင်းသွားတော့၏။
" ဝု..... " (ထရန်စလေးရှင်း - မြေနိုးးးးးးးး)
သူ ရုတ်တရက် ထူးဆန်းသောသားရဲကြီးဘက် ခေါင်းလှည့်ကာ ဒေါသတကြီး အော်လိုက်သည်။
ထိုအော်သံမှာ သာမာန်အော်သံမျိုး မဟုတ်ဘဲ.. ရှောက်ထျန်းလုံလေး၏ ကိုယ်ပိုင် ဖိနှိပ်အစွမ်းများ ပေါင်းစပ်ပါဝင်နေပါ၏။
တဖက်မှ ထူးဆန်းသော သားရဲများမှာလည်း အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့် ရှိထားကြသည့်တိုင် ကောင်းကင်ဘုံနဂါးတစ်ကောင်၏ အစွမ်းကို မခံနိုင်ကြပါချေ။
ဝူး...
နာကျင်စွာ အော်ဟစ်ငြီးတွားနေသည့် အသံများနှင့်အတူ သားရဲဆယ့်ခြောက်ကောင်ထဲမှ ဆယ့်သုံးကောင် မေ့လဲကျသွားတော့သည်။
ကျန်သားရဲ သုံးကောင်မှာလည်း ချက်ချင်းကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြ၏။
ထိုသားရဲများ၏ ရုတ်တရက် ပြောင်းလဲသွားသော လှုပ်ရှားမှုများက နောက်မှ ရထားလုံးကြီးအပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု ဖြစ်သွားသည်။
ဝုန်း..
အသံကျယ်တစ်သံနှင့်အတူ ရထားလုံးကြီး မှောက်သွားကာ အထဲမှ အမျိုးသမီးတစ်ယောက်၏ အော်သံ ဆူညံစွာ ထွက်လာ၏။
" အကိုကြီး.. ကယ်ပါဦး "
မိန်းမပျိုက အော်လိုက်သည်။
ထိုစဥ်မှာပင်..
ချွှင်..
ဓားသံတစ်သံလည်း ရုတ်တရက် ထွက်လာ၏။
ထို့နောက်တွင်ကား..
ဇွပ်.... ဇွပ်.... ဇွပ် ..
ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြသော သားရဲသုံးကောင်၏ ခေါင်းများ ပြတ်ကုန်ကြတော့သည်။
လူတစ်ယောက်လည်း လေထဲမှ ဆင်းသက်လာ၏။
" ဘာမှ သုံးစားမရတဲ့ကောင်တွေ ။ ရထားလုံးလေးကိုမှ ကောင်းကောင်းမဆွဲနိုင်ရင် ဘယ်မှာသုံးစားလို့ ရတော့မှာလဲ "
လေထဲမှ ဆင်းလာသူက ထိုသို့ပြောပြီး ဓားကိုသိမ်းလိုက်သည်။
ထိုလူ ပေါ်လာသည်နှင့်လမ်းမပေါ်တွင် ရှိနေသူများအားလုံး အသံတိတ်သွားကုန်၏။ မည်သူကမှလည်း သူ့အား စေ့စေ့ပင်မကြည့်ရဲကြပါ။
" အကိုကြီးက ထင်ထားတဲ့အတိုင်း ရောက်လာတာပဲ "
ထိုစဥ်မှာပင် ရထားလုံးထဲမှ လွတ်လာသည့် မိန်းမပျိုက အပြုံးလှလှဖြင့် ဆိုလာသည်။
သူမ အကိုကြီးဟု ခေါ်သည့်လူက ခေါင်းအသာညိတ်ကာ ပြန်ပြော၏။
" ညီမလေး ဒီနေ့အိမ်ပြန်လာမှာကို အကိုကြီးက မလာပဲ ဘယ်နေပါ့မလဲကွယ် "