← Chapters

သည်းမခံနိုင်ပါ

Vol. 36 Ch. 527

သည်းမခံနိုင်ပါ

Vol. 36 Ch. 527

" မျှော်လင့်ထားတဲ့အတိုင်း.. အကိုကြီးက ကျွန်မအပေါ် တကယ်ကောင်းတာပဲ ။ ဒါပေမယ့်.. အကိုက ကျွန်မရဲ့ စီးတော်ယာဥ်သုံးကောင်ကို သတ်လိုက်တာနော်... အဲ့တော့... ဘယ်လိုလုပ်ရပါ့မလဲ "

မိန်းမပျိုက အပြုံးဖြင့် ပြောလိုက်သည်။

တဖက်လူက သူမအား ချစ်သည့် မျက်လုံးများဖြင့်ကြည့်ကာ ပြန်ပြော၏။

" အဲ့သုံးကောင်က ဘာမှ အမိန့်မနာခံတတ်တဲ့ ကောင်တွေပါကွာ ။ အကို ငါ့ညီမလေးအတွက် ပိုကောင်းတဲ့သားရဲသုံးကောင် အစားပြန်ပေးပါ့မယ် "

အမျိုးသမီးက အပြုံးဖြင့် ဆိုသည်။

" ဒါဆိုလဲ ကောင်းပါပြီရှင် "

ပြီးနောက်တွင် မိန်းမပျိုက လောထျန်းနှင့် ရှောက်ထျန်းလုံလေးတို့အား လှည့်ကြည့်လာပြီး အံ့အားသင့်သွားဟန် တူ၏။

" ဟင်... အဲ့ဒါ ဘယ်လိုသားရဲမျိုးပါလိမ့် ။ အဲ့လိုမျိုး တစ်ခါမှ မမြင်ဖူးဘူး "

မိန်းမပျိုက တအံ့တသြ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ တဖက်လူက သူမကြည့်သည့်ဘက် လိုက်ကြည့်၏။

" အဲ့ကောင်လေးကို သဘောကျလို့လား "

မိန်းမပျို ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ် အကိုကြီးရဲ့ "

တဖက်လူ နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြန်ပြောသည်။

" ဒါဆို အဲ့ကောင်လေးက ငါ့ညီမလေးအပိုင် ဖြစ်သွားပြီ "

မိန်းမပျို၏ မျက်နှာ ချက်ချင်းပြုံးရွှင်သွား၏။ သို့သော် သူမက ချက်ချင်းဟန်ပြန်ထိန်းကာ ပြောသည်။

" အဲ့လိုကြီးတော့ မကောင်းပါဘူးရှင်... "

တဖက်လူက မောက်မာသည့် မျက်နှာထားဖြင့် ထပ်ပြော၏။

" ဘာလို့မကောင်းရမှာလဲ ။ ညီမလေး သဘောကျရင် ညီမလေးအပိုင်ပဲ ဖြစ်ရမှာပေါ့ "

သူ ထိုသို့ပြောပြီးသည်နှင့် လောထျန်းဘက် လှည့်ကြည့်လိုက်သည်။

" ကောင်လေး ၊ မင်း ပုခုံးပေါ်က သားရဲကို ငါ့ညီမလေးဆီ ပေးလိုက်စမ်း "

" ဟင်... "

ဘေးမှနေ၍ သူတို့စကားများကို နားထောင်နေသော လောထျန်းမှာ စိတ်ရှုပ်သွားဟန်တူပါ၏။

ထိုကောင်က ရူးများနေသလား.. ဟုလည်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

သို့သော် ထိုစဥ်မှာပင် လောထျန်း၏ တုန့်ပြန်ပုံကို တွေ့သွားသော တဖက်လူက မျက်နှာကြီး ချက်ချင်း သုန်မှုန်သွား၏။

" ငါပြောတာ မကြားဘူးလား ။ အဲ့သားရဲကို ငါ့ညီမဆီ ပေးလိုက်လို့ ပြောနေတယ်လေ ။ ဒါပေမယ့် ငါ မင်းကို မတရားတော့မလုပ်ပါဘူး ။ ခုချိန်ကစပြီးတော့ မင်းအပေါ် ငါ အကြွေးတင်နေပြီလို့ သတ်မှတ်ပေးမယ်။ အဲ့တော့ အခုချက်ချင်း ဒူးထောက်ပြီး ငါ့ကိုကျေးဇူးတင်လိုက်စမ်း "

ထိုလူက ပြောသည်။

သူ့အသံမှာလည်း သိသိသာသာပင် အေးစက်နေပါ၏။

ထိုစဥ် လောထျန်းနောက်တွင် ရပ်နေသည့် အကင်ဆိုင်ပိုင်ရှင်ကလည်း လောထျန်း၏ အကျ်ီလက်ကို ဆွဲ၍ ပြောလာသည်။

" သခင်လေး... ဘာပြဿနာမှ မဖြစ်စေနဲ့နော် ။ သခင်လေးရဲ့သားရဲကို သူ့လက်ထဲကိုသာ မြန်မြန်အပ်လိုက်ပါ "

လောထျန်း မျက်နှာကြီး ရှုံ့မဲ့သွားပြီး တဖက်လူအား အေးစက်စက်ပြန်ကြည့်လိုက်၏။

" ရူးနေရင်လဲ ဆေးလေးဘာလေး သောက်ကွာ။ ငါ့ရှေ့မှာ ရူးကြောင်ကြောင်စကားတွေ လာမပြောနဲ့ "

" မင်း... ဘာပြောလိုက်တယ် "

တဖက်လူမှာ လောထျန်းက ထိုသို့တုန့်ပြန်လာမည်ဟု ထင်မထားပုံဖြင့် ဒေါသူပုန်ထသွားသည်။

သူ့ဘေးတွင်ရှိနေသည့် မိန်းမပျိုမှာလည်း ချက်ချင်း မျက်နှာမသာမယာ ဖြစ်သွား၏။

သူမ မျက်မှောင်ကြုံ့ပြီး လောထျန်းအား အေးစက်စက်ကြည့်၍ ပြောလာသည်။

" ကောင်လေး ၊ အခု နင်စကားပြောနေတဲ့သူက ဘယ်သူလဲဆိုတာရော သိရဲ့လား "

" အဲ့ဒါ ငါ့ရဲ့ အကိုအကြီးဆုံး လန်ယီဖုန်းပဲဟဲ့ ။ သူက နတ်ဆိုးကမ္ဘာပိုင်နက်ရဲ့ ထိပ်တန်းပါရမီရှင်စာရင်းထဲမှာ အဆင့်သုံး ရထားတဲ့သူ။ ပြီးတော့ သူက နတ်ဆိုးကမ္ဘာပိုင်နက်ရဲ့ နံပါတ်တစ် အကောင်းဆုံး ဓားသမားတစ်ယောက်လဲဟုတ်တယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလဲ အဆုံးအစမဲ့အဆင့်ကို ရောက်ထားပြီးသားဆိုတော့ ဓားကမ္ဘာရဲ့ ထိပ်ဆုံးကို ရောက်နေပြီဆိုတဲ့ သဘောပဲ "

အမျိုးသမီးက ဂုဏ်မောက်စွာ ဆိုလိုက်သည်။

ထိုအချိန် လန်ယီဖုန်း၏ မျက်မှာထက်တွင်လည်း ပမာမခန့်အပြုံးတစ်ခု ပေါ်လာ၏။

" အခုတော့ ကြောက်သွားပြီလားကောင်လေး ။ ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်ပြောလိုက်မယ်.. မင်းရဲ့သားရဲကို ပေးပြီးတော့ အခုချက်ချင်း ဒူးထောက်ပြီး မင်းအမှားကို ဝန်ခံပါ။ မဟုတ်လို့ကတော့.. ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့ "

လန်ယီဖုန်းက အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

လောထျန်းကလည်း သူ့ကိုကြည့်ရင်း အေးစက်စက်ပြန်ပြော၏။

" မင်း ပြောလို့ပြီးပြီလား "

လန်ယီဖုန်း မျက်မှောင်ကြီး ကြုံ့သွားသည်။

" ငါပြောလို့ ပြီးတော့ ဘာဖြစ်လို့လဲ "

လောထျန်း သက်ပြင်းချလိုက်၏။

" မင်း ပြောလို့ပြီးပြီဆိုတော့လဲ.. သွားသေလိုက်တော့ကွာ "

လောထျန်းမှာ နေရာသစ်သို့ ရောက်ရောက်ချင်း ထိုသို့သော အရူးမျိုးနှင့်မှ လာတွေ့နေသဖြင့် စိတ်မကြည်နေပါချေ။

ထို့ထက်ပို ဒေါသထွက်စရာကောင်းသည့် အရာမှာ ထိုကောင်က သူ့ရှေ့၌ ခပ်မိုက်မိုက် ဘဲကြီးတစ်ပွေပုံ လာဖမ်းနေခြင်း ဖြစ်ပါ၏။

လောထျန်းမှာ ကျန်ကိစ္စများကို သည်းခံနိုင်သေးသော်လည်း သူ့ရှေ့တွင် ထိုသို့ကြွားလုံးထုတ်ပြီး အလွန်အစွမ်းထက်ပုံ လုပ်နေသည်ကိုမူ နည်းနည်းမှ သည်းမခံနိုင်ပေ။

ယခု ထိုကောင်က သူ့ရှေ့၌ ဟိတ်ကြီးဟန်ကြီးပုံ ဟန်ဆောင်နေရုံမက သူ့ကိုယ်သူ အားလုံးနှင့် မတူသလို မတန်သလိုလည်း လုပ်နေပါသေးသည်။

ထိုသို့သော လူကို သူမည်သို့ သည်းခံရပါမည်နည်း။

" မင်း.. ဘာစကားပြောလိုက်တယ် "

တဖက်မှ လန်ယီဖုန်းမှာလည်း လောထျန်း၏ တုန့်ပြန်ပုံကြောင့် ချက်ချင်း ဒေါသူပုန်ထသွား၏။

ချွှင်..

ဓားသံတစ်သံ မြည်လာပြီး လန်ယီဖုန်းက ဓားအိမ်ထဲ

မှ ဓားဆွဲထုတ်လိုက်သည်။

" ကောင်လေး.. အစကတော့ ငါ မင်းအသက်ကို ချမ်းသာပေးဦးမလို့ပဲ။ ဒါပေမယ့် မင်းက သေချင်နေတာဆိုတော့လဲ ငရဲကို သွားလိုက်တော့ကွာ "

သူ ဒေါသတကြီး အော်ကာ လက်ထဲမှဓားကိုယမ်း၍ ဓားကမ္ဘာတစ်ခု စုစည်းလိုက်ပြီး လောထျန်းအား ဖိနှိပ်ရန် ကြိုးစားလာ၏။

သို့သော်..

ဘုန်း..

လောထျန်းက ရှေ့သို့ လက်ဝါးဖြင့်ရိုက်လိုက်ရာ... ဓားကမ္ဘာက ချက်ချင်း ပြိုကွဲသွားတော့သည်။

သူ့လက်ဝါးက ဤမျှနှင့် ရပ်မသွားသေးဘဲ လန်ယီဖုန်းဆီသို့ ဆက်တိုးဝင်သွား၏။

လန်ယီဖုန်းမှာ လက်ဝါးချက်ကြောင့် ချက်ချင်း လေထဲလွင့်သွားပြီး မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် အားလုံးရှေ့မှ ပျောက်ကွယ်သွားတော့သည်။

အချိန်အတန်ကြာသွားပြီးမှသာ လေသံတစ်သံ ထွက်လာ၏။

ဘုန်း...

လန်ယီဖုန်း၏ ခန္ဓာကိုယ် လေထဲမှ ကျလာပြီး မြေကြီးနှင့် အရှိန်ပြင်းပြင်း ရိုက်မိကာ အသားစများနှင့်သွေးအိုင်ကြီး ဖြစ်သွားတော့သည်။

တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရလေပြီ ။

လောထျန်းက လက်ကိုဖုန်ခါရင်း ပြောလိုက်၏။

" မင်းက ကောင်းကောင်းမွန်မွန် မနေဘဲ ကိုယ့်သေတွင်းကိုယ် တူးချင်တာကိုးကွ "

သူသည် စစချင်းတွင် ထိုလူကိုသတ်ရန် စိတ်ကူးလုံးဝ မရှိခဲ့ပါ။

သို့သော် တဖက်လူက သူ့ကိုသတ်ရန် စကြိုးစားလာပေရာ သူ့အနေဖြင့်လည်း ပြန်သတ်ရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

" နင်... နင်က ငါ့အကိုကြီးကို သတ်ရဲတယ်ပေါ့။ ငါ နင့်ကို လုံးဝခွင့်မလွတ်ဘူး ။ အားလုံး .. သူ့ကို သတ်ကြ "

ထိုစဥ် ဘေးတွင်ရှိနေသော အမျိုးသမီးက ငိုသံကြီးဖြင့် အော်ပြောလာသည်။

လောထျန်း သူမဘက် လှည့်ကြည့်လိုက်၏။

" ဟုတ်သားပဲ.. ငါ မင်းကိုတောင် မေ့နေတာ "

လောထျန်း ပြောကာ ထပ်ရိုက်လိုက်ပြန်သည်။

ဘုန်း..

အမျိုးသမီးမှာလည်း ချက်ချင်းပင် သွေးအိုင်အဖြစ် ပြောင်းသွားရပြန်၏။

မိသားစုဝင်အချင်းချင်း အမြဲတစေ စည်းစည်းလုံးလုံးဖြင့် အတူတကွ ရှိသင့်သည် မဟုတ်ပါလား။

ချက်ချင်းမှာပင်... လမ်းမတစ်ခုလုံး ဆူဆူညံညံ ဖြစ်သွားတော့သည်။

" ဟာ .. မဖြစ်ဘူး ၊ လန် မောင်နှမ အသတ်ခံလိုက်ရပြီဟေ့ "

" အားလုံး ပြေးကြဟေ့... သခင်ကြီးလန်​ အရူးလိုဖြစ်တော့မှာ "

" ပြေးကြဟေ့... "

လမ်းပေါ်တွင် ရှိနေကြသူများအားလုံး အရူးများသဖွယ် အရပ်မျက်နှာစုံသို့ ထွက်ပြေးလိုက်ကြသည်။

" ဟင်... "

လောထျန်းမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အနည်းငယ် အံ့သြမှင်သက်သွား၏။

ထိုအချိန်မှာပင်..

ဝုန်း...

မြို့ထဲဘက်မှ ကြောက်မက်ဖွယ်အရောင်အဝါတစ်ခုထွက်လာသည့်အတွက် လူများ ပိုထိတ်လန့်ကုန်ကြသည်။

" ငါ့သား.... ငါ့သားလေး... "

အသံကျယ်တစ်သံနှင့်အတူ လူတစ်ယောက်က ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းရောက်လာ၏။

" မြန်လိုက်တာ... "

လောထျန်းသည်ပင် ၎င်းကိုကြည့်ကာ မနေနိုင်ဘဲ အံ့အားသင့်သွားရပါသည်။

သူ့ရှေ့မှလူ၏ အမြန်နှုန်းမှာ သူ ကြုံတွေ့ဖူးသမျှသော အစွမ်းထက်ကျင့်ကြံသူများထဲ၌ အမြန်ဆုံးဟု ပြော၍ရပေသည်။

ဝီ..

ထိုစဥ်မှာပင် တဖက်လူက လောထျန်းရှေ့ရောက်လာ၏။ ထို့နောက် ​မြေပြင်တွင်ရှိနေသည့် သွေးအိုင်နှစ်ခုကို ကြည့်ကာ သူ့မျက်လုံးများ ချက်ချင်းနီရဲသွားကြသည်။

" ဘယ်သူလုပ်လိုက်တာလဲ.. ဒါ ဘယ်ကောင့်လက်ချက်လဲ "

သူ ဒေါသတကြီး အော်လိုက်၏။

၎င်းကိုကြည့်နေသော ဘေးမှ လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

" ကျုပ် လုပ်လိုက်တာ "

" ဟင်... မင်းလက်ချက်ပေါ့လေ ။ သိပ်ကောင်းတယ်ကောင်လေး.. မင်းက အမှန်ကို ဝန်ခံရဲသားပဲ။ ဒီနေ့တော့ မင်းကိုငါ အပိုင်းပိုင်းဖြစ်သွားအောင်ကို လုပ်ပစ်မယ် "

လူကြီးက ဒေါသတကြီး ထပ်အော်လိုက်သည်။

လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" ဘာကြောင့်သတ်လိုက်ရတယ် ဆိုတာရော ကျုပ်ကို မမေးတော့ဘူးလား "

တဖက်လူက အေးစက်စက် နှာခေါင်းရှုံ့သည်။

" ဘာမေးနေစရာ လိုသေးလို့လဲ ။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလေ ။ သေစမ်းကွာ.... "

ဘုန်း..

သူ ထိုသို့ပြောပြီး လောထျန်းအား လက်ဝါးဖြင့် ရိုက်လိုက်သည်။

ထိုလက်ဝါးကြီးမှ လေချွန်သံလို အသံတစ်မျိုး မြည်လာကာ များလှစွာသော မှိန်ဖျော့ဖျော့ တောင်အရိပ်ကြီးများက လောထျန်းပေါ်သို့ ကျလာကြ၏။

၎င်းကိုကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။

" မင်းရဲ့သားက ဘာလို့အဲ့လောက် မောက်မာနေရလဲဆိုတာ ငါ နားလည်ပြီ "

ထိုသို့သော အဖေမျိုးမှ ပြုစုပျိုးထောင်လာသည့် သားတစ်ယောက်က မမောက်မာလျှင်ပင် ထူးဆန်းနေပေဦးမည်။

လောထျန်းက ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင်..

" ဝု... "

ရှောက်ထျန်းလုံလေးက ရုတ်တရက် ရှေ့သို့ ဝုန်းခနဲတိုးဝင်သွား၏။

ဝုန်း..

ထိုကောင်လေး လွှဲယမ်းလိုက်သောအမြီးက တဖက်လူ၏ လက်ဝါးအစွမ်းနှင့် ပြင်းထန်စွာပင် တိုက်မိသွားတော့သည်။

ကမ္ဘာမြေကြီးကိုပင် တုန်ခါစေနိုင်သော အသံကျယ်ကြီးတစ်သံ ရုတ်တရက် ထွက်လာ၏။

ဝှစ်..

ရှောက်ထျန်းလုံလေးမှာ ပြိုင်ဘက်၏ လက်ဝါးအစွမ်းကြောင့် နောက်သို့ လွင့်သွားရှာသည်။

သို့သော် ကံကောင်းစွာပင် လောထျန်းက တည်နေရာရွှေ့ပြောင်း၍ သူ့အား ဖမ်းထိန်းထားလိုက်ပါ၏။

သို့တိုင်.. ရှောက်ထျန်းလုံလေး၏ အမြီးမှကြေးခွံများ မြောက်များစွာပင် ကျိုးပဲ့နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွင်လည်း သွေးအချို့ ပေနေသည်ကို လောထျန်း တွေ့လိုက်ရသည်။

ရှောက်ထျန်းလုံလေးအနေဖြင့် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်နှင့် မယှဥ်နိုင်သေးသည်မှာ အသိသာပင် ။

ကောင်လေးက တဖက်လူ၏ လက်ဝါးချက်ကြောင့် ဒဏ်ရာရသွားခဲ့လေပြီ။

ဒဏ်ရာရထားသည့် ရှောက်ထျန်းလုံလေးကို ကြည့်ရင်း လောထျန်းတစ်ယောက် မျက်နှာကြီး သုန်မှုန်သွားတော့၏။

" မင်းက သေချင်နေတာပဲ "

လောထျန်း သူ့ရှေ့မှ လူကြီးအား ဒေါသတကြီး ကြည့်လိုက်သည်။

ထိုလူမှာ သူ့ဒေါသကို မထွက်ထွက်အောင် ဆွနေသလိုပါပင် ။

ဝီ..

ချက်ချင်းမှာပင် လောထျန်းကိုယ်ပေါ်၌ အရှုပ်အထွေး စိတ်စွမ်းအင်အလင်းတန်း လင်းလက်လာ၏။

သူ့အရောင်အဝါကလည်း တမဟုတ်ချင်း ကြောက်မက်ဖွယ် ကောင်းသွားတော့သည်။

" သေလိုက်တော့ "

လောထျန်း ဒေါသတကြီးအော်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်၏။

ဝေါင်း...

သူ့လက်သီးအစွမ်းက ဧရာမနဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ လက်သည်းချွန်များထုတ်၍ အစွယ်တဝင့်ဝင့်ဖြင့် ရှေ့မှလူဆီသို့ တိုးဝင်သွားသည်။

" အရှုပ်အထွေး ခန္ဓာကိုယ်ပါလား.. ပြီးတော့ ဒီလက်သီးအစွမ်းက... "

ထိုလက်သီးကို မြင်သည်နှင့် တဖက်လူ၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားတော့၏။

သေမင်းက သူ့အနားသို့ ချဥ်းကပ်လာသလိုလည်း ခံစားလိုက်ရသည်။

သူ့သားက မည်သို့သော လူမျိုးကို ရန်စစော်ကားခဲ့မိပါသနည်း။

" မဖြစ်ဘူး... မိုးကြိုးအသွင်ပြောင်းစေ.. "

လောထျန်း၏ လက်သီးချက် အနားရောက်မလာခင်လေးမှာပင် လူကြီးက အော်လိုက်ရာ သူ့ခန္ဓာကိုယ်က မိုးကြိုးလျှပ်စီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး လက်သီးချက်နှင့် သီသီလေး လွတ်သွားခဲ့ပါ၏။

All Chapters