ဆေးပင်စုဆောင်းသူ
Vol. 38 Ch. 529
" ဟင်.. မင်းက ဘယ်သူလဲ "
လူအုပ်၏ ခေါင်းဆောင်က လောထျန်းကိုမြင်သည်နှင့် လန့်သွားကာ လေသံမာမာဖြင့် အော်လိုက်သည်။
သို့သော် လောထျန်း ဘာမှပြန်မဖြေနိုင်ခင်မှာပင် အနားမှတစ်ယောက်က ဝင်ပြော၏။
" အကိုကြီး.. အဲ့ကောင်က ဘယ်သူပဲဖြစ်ဖြစ်.. သူ ဒီကိစ္စတွေကို တွေ့သွားတာဆိုတော့ နောက်ကျ သူ သတင်းတွေလိုက်ဖြန့်ရင် ရှင်းရခက်ကုန်လိမ့်မယ်ဗျ။ အဲ့တော့ အခုတည်းက သူ့ကိုသတ်ပြီး နှုတ်ပိတ်လိုက်တာ အကောင်းဆုံးဖြစ််မယ်ထင်တယ် "
ထိုစကားကို ကြားသောအခါ အကိုကြီး ဆိုသူကလည်း ရှည်ရှည်ဝေးဝေး စဥ်းစားမနေဘဲ ချက်ချင်းခေါင်းညိတ်၍ ဆိုသည်။
" အမှန်ပဲ... ဒီကောင့်ကို သတ်လိုက်တာပဲ ကောင်းမယ် "
ချွှင်..
သူ ထိုသို့ပြောပြီးသည်နှင့် ဓားဆွဲထုတ်၍ လောထျန်းအား ရွယ်လိုက်သည်။
" ကောင်လေး.. ဒီနေ့တော့ မင်းအတွက် ကံဆိုးတဲ့နေ့ပဲကွာ ။ မင်း ဒီမှာပဲ သေရတော့မယ် "
" ဟင်... "
လောထျန်းမှာ သူ့စကားကို ကြားပြီး အံ့အားသင့်သွားရပြန်၏။
အမှန်တွင်မူ သူ ယခုမှသာ ဤနေရာသို့ တည်နေရာရွှေ့ပြောင်းလာခြင်း ဖြစ်ပါသည်။
ထိုမတိုင်ခင် ဘာတွေဖြစ်နေခဲ့ပြီး တဖက်လူက ဘာတွေပြောနေခဲ့ကြသည်ကို သူ လုံးဝ မသိပါ။
သို့သော်... ထိုလူများက နောက်လှည့်လာသည်နှင့် သူ့ကို သတ်မည်တဲ့လား ။
ဘာတွေဖြစ်နေပါသနည်း ။
" ကောင်လေး.. ငရဲကို သွားလိုက်တော့ "
ထိုစဥ်မှာပင် တဖက်လူအုပ်မှ လူငယ်တစ်ယောက်က လောထျန်းအား ဓားဖြင့် တိုက်ခိုက်လာ၏။
ဂျွတ်..
လောထျန်းကလည်း လက်ဆန့်၍ လက်ချောင်းနှစ်ချောင်းတည်းဖြင့် ဓားကို ဖမ်းကိုင်လိုက်သည်။
" မင်းတို့တွေ ရူးနေကြတာလား "
လောထျန်း မျက်မှောင်ကြုံ့၍ မေးလိုက်၏။
လူငယ်မှာလည်း လောထျန်းက သူ့ဓားအား အလွယ်တကူ တားလိုက်နိုင်သည်ကို ကြည့်ကာ မျက်နှာထားပြောင်းသွားပြီး သူတို့၏ ခေါင်းဆောင်အကိုကြီးဘက် လှည့်ကြည့်လိုက်သည်။
သူတို့၏ ခေါင်းဆောင်မှာလည်း အံ့သြမှင်သက်နေကာ လောထျန်းအား မျက်မှောင်ကြုံ့ကြည့်၍ ပြောလာ၏။
" အင်း.. ငါမင်းကို လျှော့ထွက်ထားလိုက်မိတာပဲ။ မင်းက တကယ်လဲ ထုံရွှယ်အဆင့်မှာ ရှိနေတာပဲကွ။ မင်းလိုအသက်အရွယ်နဲ့ အဲ့လိုအဆင့်မျိုး ရောက်နိုင်တာ တကယ်လဲ ဂုဏ်ယူစရာပါပဲ "
" ဒါပေမယ့် အဲ့လောက်နဲ့တော့ ငါ့ရှေ့မှာ မောက်မာပြနေဖို့ မလုံလောက်သေးဘူးနော်။ ဘာလို့လဲဆိုတော့ ငါက ကွေ့ရှအဆင့် ရောက်နေပြီမို့လို့ပဲ "
သူ ထိုသို့ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဘုန်း..
ချက်ချင်းမှာပင် ကွေ့ရှအဆင့် အရောင်အဝါ တိုးထွက်လာ၏။
" ဟား ဟား.. တကယ့် ပါရမီရှင်အစစ်တစ်ယောက်ရဲ့ ရှေ့မှာတော့ မင်းရဲ့ လှည့်ကွက်လေးတွေက စကားထဲတောင် ထည့်ပြောဖို့မတန်တော့ပါဘူးကွာ "
ထိုလူ အားရပါးရ အော်ရယ်ကာ လောထျန်းရှေ့သို့ ပျံသန်းသွားလိုက်သည်။
" သွားသေစမ်း.. "
သူ ပြောပြောဆိုဆိုပင် လေထဲမှ ရိုက်ချလိုက်၏။
ချက်ချင်းမှာပင် သူ့ရှေ့၌ သုံးပေခန့်ရှည်လျားသည့် လက်ဝါးကြီး ပေါ်လာကာ လောထျန်းဆီသို့ တိုးဝင်လာသည်။
" ဒါ... တုံရွှမ်လက်ဝါးလား.... အကိုကြီးက အဲ့လက်ဝါးကို ကျွမ်းကျင်သွားပြီလား "
" ကျုပ်တို့အကိုကြီးက အဲ့လောက်ကြောက်စရာကောင်းတဲ့ သိုင်းပညာရပ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်တတ်သွားတာ တကယ်ကို မယုံနိုင်စရာပဲ "
" ဟား ဟား... ဟိုကောင်လေးကတော့ သူ ဘယ်လို အစွမ်းထက်ကျင့်ကြံသူမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိမယ့်ပုံလဲ မပေါ်ဘူး ။ ဒါပေမယ့် အရေးမကြီးပါဘူးလေ.. ဘယ်လိုနေနေ သူ သေရတော့မှာပဲ "
" ငါတို့အကိုကြီး လက်ချက်နဲ့သေရမှာ သူ့အတွက် ဂုဏ်ယူစရာတောင် ကောင်းသေးတယ် "
နောက်လိုက်တစ်အုပ်က အပြုံးဖြင့် ပြောလိုက်ကြသည်။
အဖမ်းခံထားရသည့် မိန်းမငယ်လေးမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်ပေါက်ပေါက်ကျအောင် ငိုချလိုက်၏။
သူမ ဒုက္ခရောက်နေစဥ်၌ ထင်မှတ်မထားစွာပင် လူတစ်ယောက်က သူမအား လာကယ်တင်ပေးခဲ့ပါသည်။
သို့သော်... ထိုလူများ၏ အပြောအရဆိုလျှင် သူမ၏ ကျေးဇူးရှင်မှာလည်း ယခု ဒုက္ခနှင့် တွေ့ရတော့မည် ထင်ပါသည်။
သူမ ဆက်သည်းမခံနိုင်တော့ဘဲ ချုံးပွဲချ ငိုလိုက်တော့၏။
" အကိုကြီး.. သတိထားပါရှင် "
သူမ ငိုနေရင်းလည်း အော်ပြောလိုက်သည်။
သို့သော် သူမ၏ အော်သံမှာ တဖက်လူအုပ်၏ လှောင်ရယ်သံများကြား၌ တိမ်ဝင်သွားပါသည်။
ထိုစဥ် တဖက်မှ လောထျန်းမှာ သူ့ဆီတိုးဝင်လာသည့် လက်ဝါးကြီးအား ခေါင်းမော့ကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်၏။
" အခု ဘာတွေဖြစ်နေတယ်ဆိုတာ ငါ သိပ်နားမလည်ပေမယ့်.. မင်းပြောတဲ့အတိုင်းဆိုရင် မင်းက ငါ့ကို သတ်ချင်နေတာမလား။ အဲ့လိုဆိုမှတော့ ငါ့ဘက်ကလဲ ယဥ်ကျေးမနေတော့ဘူး "
လောထျန်း၏ မျက်နှာကြီး ချက်ချင်း သုန်မှုန်သွားတော့သည်။
အကယ်၍ တဖက်လူက သူ့အား လက်ဝါးသိုင်းဖြင့် သတ်ရန်ကြိုစားလာသည်ဆိုလျှင် သူ့ဘက်မှလည်း လက်ဝါးဖြင့်သာ ပြန်တိုက်ခိုက်သင့်ပေသည်။
" အိုး.. မင်းက ပြန်တိုက်ခိုက်ချင်သေးတယ်ပေါ့။ ဒါပေမယ့် ဘယ်လိုနေနေ အသုံးမဝင်ပါဘူးကွာ။ ငါလို အစွမ်းထက်တဲ့သူတစ်ယောက်ရှေ့မှာ အသည်းအသန် ခက်ခက်ခဲခဲ ကြိုးစားတိုက်ခိုက်နေလဲ အပိုပဲ "
တဖက်လူကြီးက အားပါးတရ အော်ရယ်နေစဥ်မှာပင် သုံးပေခန့် အရှည်ရှိသည့် သူ့လက်ဝါးကြီးကလည်း လောထျန်းရှေ့နားလေးသို့ ရောက်လာသည်။
ထိုအချိန်မှာပင် လောထျန်း လှုပ်ရှားသွား၏။
" ကောင်းကင်ဘုံ လက်ဝါးသိုင်း "
ဘုန်း..
လောထျန်း လက်မြှောက်ပြီး ကောင်းကင်ဘုံလက်ဝါးသိုင်းကို အသက်သွင်းလိုက်သည်။
ချက်ချင်းမှာပင်.. ပေတစ်ထောင်ခန့် အမြင့်ရှိသည့် ဧရာမလက်ဝါးကြီး လေထဲ ပေါ်လာ၏။
" ဟင်... "
လေထဲတွင် ရှိနေသော အကိုကြီးဆိုသူမှာ လွန်ခဲ့သော တစ်စက္ကန့်ကပင် ယခုပွဲက သူ့အနိုင်ဟု တထစ်ချယုံပြီး ဂုဏ်မောက်နေခဲ့သေးပါသည်။
သို့သော် ထိုအချိန်မှာပင် ကြောက်မက်ဖွယ် လက်ဝါးကြီးတစ်ခုက သူ့ထံသို့ တိုးဝင်လာသည်ကို မြင်လိုက်ရပါ၏။
သူ့ဘဝ၏ နောက်ဆုံးအချိန်တွင် သူ ပြောလိုက်နိုင်သည့် စကားမှာ..
" ဒါ... တကယ်ကြီးလား... "
ဟူ၍ ။
ထို့နောက်တွင်ကား..
ဘုန်း..
ကောင်းကင်ဘုံလက်ဝါးကြီးက သူ့အား ရိုက်လာပြီး အစအနပင် မကျန်တော့ပါ။
ထိုလက်ဝါးချက်ကြီး ပျောက်ကွယ်သွားပြီးနောက် တောအုပ်တစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားတော့သည်။
ပိုးကောင်ငယ်လေးများ၏ အော်သံပင် မကြားရပါ။
ထိုအချိန်မှာပင် လောထျန်းက လက်ကိုဖုန်ခါပြီး ကျန်လူအုပ်ဘက် လှည့်ကြည့်၍ ပြောလာ၏။
" မင်းတို့အားလုံး တစ်ဖွဲ့တည်းမဟုတ်လား "
တဖက်လူများ ကြောက်လန့်တုန်လှုပ်သွားကြကာ ချက်ချင်း သံပြိုင်ပြန်ဖြေလိုက်ကြသည်။
" ကျုပ်တို့ အဲ့လူကို မရင်းနှီးပါဘူး "
လောထျန်း မျက်ခုံးပင့်သွား၏။
" မရင်းနှီးဘူး ဟုတ်လား ၊ မင်းတို့ သူ့ကို ခုနတုန်းက အကိုကြီးလို့ ခေါ်နေတာမဟုတ်ဘူးလား "
အားလုံး ဆွံ့အကုန်ကြတော့သည်။
လောထျန်းက အေးစက်စက်ဆက်ပြော၏။
" ခုနလေးကတင် မင်းတို့ထဲက တော်တော်များများ ငါ့ဆီ လူသတ်အရိပ်အငွေ့တွေ ထုတ်လွှတ်ခဲ့ကြသေးတယ်လေ။ အဲ့လိုသာဆို မင်းတို့အားလုံး သေသင့်တာပေါ့ "
လောထျန်း ထိုသို့ပြောကာ လက်မြှောက်လိုက်သည်။
သူ့ရှေ့မှ လူက ရုတ်တရက်အော်ပြောလာ၏။
" နေရာစုံကို ပြေးကြဟေ့ ။ သူ တစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို သတ်နိုင်မှာမဟုတ်ဘူး "
ထိုသတိပေးသံကို ကြားမှသာ အားလုံး အသိဝင်လာဟန်တူပြီး ဦးတည်ရာစုံသို့ ပြေးသွားလိုက်ကြသည်။
သို့သော်.. သူတို့အတွေးက ရိုးလွန်းသွားခဲ့ပါသည်။
" ထွက်ပြေးနိုင််မယ် ထင်တယ်ပေါ့ "
လောထျန်း အေးစက်စက်နှာခေါင်းရှုံ့ကာ နေရာဆယ့်နှစ်ခုသို့ တစ်ပြိုင်နက်တည်းနီးပါး တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။ ပြီးနောက်တွင်မူ သူ ယခင်နေရာသို့ ပြန်ရောက်လာ၏။
ထို့နောက်တွင်ကား..
ဝုန်း... ဝုန်း... ဝုန်း...
တဖက်လူအုပ်၏ ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားကာ အားလုံး အလောင်းပင်မကျန်အောင် အသတ်ခံလိုက်ကြရတော့သည်။
" အမှိုက်ကောင်တွေ "
လောထျန်းက အထင်သေးရွံရှာသည့် အကြည့်ဖြင့် ဆိုလိုက်သည်။
ထိုအချိန်မှာပင် လူအုပ်၏ရန်မှ သီသီလေး လွတ်သွားခဲ့ရသည့် မိန်းမငယ်က လောထျန်းအား ကြောက်လန့်တကြားကြည့်ကာ ပြောလာ၏။
" အကိုကြီး.. ကျွန်မတို့က အဲ့လူတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးနော် "
လောထျန်း ကလေးမလေးအား ပြန်ကြည့်ကာ ပြောလိုက်သည်။
" ကျုပ် သိပါတယ်။ ခုနကကောင်တွေက ဘယ်သူတွေလဲ ။ ဒီနားလေးက ဓားပြတွေလား "
ထိုအချိန်မှာပင် မိန်းမငယ်၏ အဖိုးဖြစ်သူ အနားရောက်လာကာ လောထျန်းအား ဦးညွှတ်အရိုအသေပေး၍ ဆိုသည်။
" ကျုပ်တို့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ သူတို့တွေက ဓားပြတွေ မဟုတ်ပါဘူး ။ ဒီ ယောင်ဝမ်တောင်နားလေးက အကြီးဆုံးနဲ့ အဖြောင့်မတ်ဆုံး ဟောင်ယန်ဂိုဏ်းက တပည့်တွေပါ "
" ဖြောင့်မတ်တဲ့ဂိုဏ်းကြီး.. ဟုတ်လား ။ အဲ့လိုဂိုဏ်းမျိုးကနေ ဒီလိုကောင်တွေ ထွက်လာတယ်ပေါ့လေ "
လောထျန်း မျက်ခုံးပင့်သွား၏။
အဘိုးအိုက သက်ပြင်းချ၍ ပြန်ပြောသည်။
" ဖြောင့်မတ်တယ်တို့ ၊ ယုတ်မာတယ်တို့ဆိုတာ ကျင့်ကြံသူတွေအတွက်ပဲ မှန်တာပါဗျာ။ ကျုပ်တို့လို သာမာန်လူတွေအတွက်တော့ အားလုံးက အတူတူပါပဲ။ အခု ဟောင်ယန်ဂိုဏ်းကလဲ သူတို့ရဲ့ ဂိုဏ်းဝင်တွေကို အမှတ်နဲ့လဲဖို့ လတိုင်း စိတ်စွမ်းအင်ဆေးပင်တွေ ပေးခိုင်းတာဗျ "
" ဒါ့ကြောင့်မို့ ဟောင်ယန်ဂိုဏ်းသားတွေက ဒီယောင်ဝမ်တောင်ကိုလာပြီး ဆေးပင်လာရှာတတ်ကြတယ်။ ခုနကလူတွေလို တချို့ဂိုဏ်းသားတွေကျတော့လဲ ပင်ပင်ပန်းပန်းအလုပ်တွေ မလုပ်ချင်တော့ ကျုပ်တို့လို ယောင်ဝမ်တောင်ရဲ့ ဆေးရှာတဲ့သူတွေကိုပဲ အသုံးချပြီး ပြန်ခိုင်းစားကြတာပေါ့။ သူတို့က ကျုပ်တို့ကို အကာအကွယ်ပေးမယ်လို့ ပြောပြီးတော့ အဲ့အတွက် စိတ်စွမ်းအင်ဆေးပင်တွေကို လတိုင်း အဖိုးအခအနေနဲ့ ယူတာပေါ့ဗျာ "
" ဟောင်ယန်ဂိုဏ်းကလဲ ဒါကို သိသင့်သလောက် သိပါတယ်။ ဒါပေမယ့် ကျုပ်တို့လို ဘာမဟုတ်တဲ့ သာမာန်လူတွေရဲ့အသက်ကို ဘယ်သူက ဂရုစိုက်မှာလဲဗျာ။ ဒါကြောင့်မို့ သူတို့က ဒါတွေကို မသိချင်ယောင်ပဲ ဆောင်ထားကြတာ။ အဲ့တော့ ဂိုဏ်းသားတွေကလဲ ပိုပိုဆိုးလာပြီး စောနကလူ လူမျိုးတွေ ထွက်လာတော့တာပဲ "
စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း စိတ်လှုပ်ရှားသွားရတော့သည်။
" ခဏနေပါဦး... ခင်ဗျားက ဆေးပင်ရှာတဲ့သူလို့ ပြောလိုက်တာလား "
အဘိုးအိုက အံ့အားသင့်သွားဟန် တူပြီးမှ ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ဗျ ။ ကျုပ် တစ်ဘဝလုံး ယောင်ဝမ်တောင်ကနေ ဆေးပင်တွေရှာဖွေစုဆောင်းလာတာ "
လောထျန်း ချက်ချင်းထပ်မေးလိုက်သည်။
" ကောင်းတယ်ဗျာ ။ ဒါနဲ့... ဒီယောင်ဝမ်တောင်မှာ နှစ်တစ်သောင်း သက်တမ်းရှိတဲ့ ဂျင်ဆင်းပင် ရှိ မရှိရော သိလား... "
သူ့စကားကြောင့် အဘိုးအို၏ မျက်နှာထား ချက်ချင်းပြောင်းသွားပြီး အသံတုန်တုန်ဖြင့် ပြန်မေး၏။
" သခင်လေးက... ဘာဖြစ်လို့ ဒါတွေ မေးနေတာလဲ.. "
လောထျန်းကလည်း အဘိုးအို ဖြစ်သွားပုံကိုကြည့်ရင်း .. သူတစ်ခုခု သိထားရမည် တွေးမိကာ ပြန်ပြောလိုက်သည်။
" ကျုပ် အဲ့ဆေးပင်ကို လိုချင်လို့ဗျ "