ကြာပွင့်နီဧကရီ
Vol. 38 Ch. 530
လောထျန်းစကားကို ကြားပြီးနောက် အဘိုးအိုက မည်သို့မှ ပြန်မပြောရသေးခင်မှာပင် မိန်းမငယ်လေးက စူးစမ်းလိုဟန်ဖြင့် မေးလာသည်။
" အကိုကြီးကရော.. အဘိုး ဂျင်ဆင်းဘုရင်ကြီးဆီကနေ ဆေးတောင်းမလို့လား.. "
" ဂျင်ဆင်းဘုရင်အဘိုး.. ဟုတ်လား.. "
လောထျန်း မိန်းမငယ်အား တအံ့တသြ ကြည့်လိုက်သည်။
မိန်းကလေး ပြောသည့်အတိုင်းဆိုလျှင်.. သူမက ထိုနှစ်တစ်သောင်း ဂျင်ဆင်းပင်ကို မြင်တွေ့ဖူးသည်မှာ အသိသာကြီး မဟုတ်ပါလား။
တဖက်မှ အဘိုးအိုမှာမူ သူ့မြေးမကို ကြည့်ရင်း မျက်နှာကြီး ရှုံ့မဲ့သွား၏။
သူ ခဏတာမျှ ငြိမ်နေပြီးမှ ပြန်ပြောလိုက်သည်။
" ထားလိုက်ပါလေ... သခင်လေးက ကျုပ်တို့ရဲ့ အသက်သခင်ကျေးဇူးရှင်ဆိုတော့ အမှန်တိုင်းပဲ ပြောပြပါ့မယ် "
" အဲ့ဒီ ဂျင်ဆင်းဘုရင်ကြီး ဆိုတာ ဒီ ယောင်ဝမ်တောင်ရဲ့ တကယ့် ဆေးဘုရင်ကြီးတစ်ပါးပဲဗျ။ သူက အသွင်ပြောင်း စိတ်စွမ်းအင်ဆေးပင်တွေရဲ့ ဆေးဘုရင်ကြီးတစ်ပါး ဖြစ်တဲ့အပြင်ကို ကျုပ်တို့လို ဆေးရှာတဲ့သူတွေကလဲ သူ့ကို ကျုပ်တို့ရဲ့ ဘုရင်တစ်ပါးအဖြစ် သတ်မှတ်ထားကြတာ "
လောထျန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။
" ဟုတ်လား... ဘာဖြစ်လို့လဲ "
အဘိုးအိုက ရှင်းပြ၏။
" အဲ့ဒါကတော့ ရှင်းပါတယ်ဗျာ ။ ဂျင်ဆင်းဘုရင်ကြီးက အသွင်ပြောင်းစိတ်စွမ်းအင်ဆေးပင် ဆိုပေမယ့် ဒီ ယောင်ဝမ်တောင်က သက်ရှိတွေအားလုံးကို တန်းတူညီမျှ ဆက်ဆံလို့ပဲ "
" သူက ဒီယောင်ဝမ်တောင်မှာ နေလာတာ နှစ်တွေထောင်ချီပြီး ကြာသွားခဲ့ပြီ။ သူက ကျုပ်တို့လို ဆေးရှာတဲ့သူတွေကို မောင်းမထုတ်တဲ့အပြင် တစ်ခါတလေ ကျုပ်တို့ ဒုက္ခရောက်နေရင်တောင် အပြေးလာကူသေးတယ်ဗျ ။ ကျုပ်တို့ဘိုးဘေးတစ်ယောက်ဆိုရင် တစ်ခါက ဒီယောင်ဝမ်တောင်မှာ နတ်ဆိုးသားရဲတစ်ကောင်နဲ့ တွေ့ပြီး အသတ်ခံရမလို ဖြစ်ခဲ့ရတာ "
" ဒါပေမယ့် ဂျင်ဆင်းဘုရင်ကြီး ရောက်လာပြီးတော့ အဲ့သားရဲကို မောင်းထုတ်ပြီး ကျုပ်ဘိုးဘေးရဲ့ အသက်ကို ကယ်ပေးခဲ့တယ် "
" ပြီးတော့ သူက ကျုပ်တို့လို ဆေးရှာတဲ့သူတွေကို စိတ်စွမ်းအင်ဆေးပင်တွေရဲ့ မတူတဲ့အစွမ်းဂုဏ်သတ္တိတွေကို ခွဲတတ်အောင်လဲ သင်ပေးထားသေးတယ်ဗျ။ ပြီးတော့ ကျုပ်တို့ ဆေးပင်ခူးရင်.. မျိုးမတုန်းအောင်လို့ ဆယ်ခုရှိတဲ့ထဲကမှ သုံးခုကို ခူးပြီး ခုနစ်ခု ချန်ရမယ်ဆိုတာကိုလဲ သင်ပေးခဲ့တယ် "
" ဘုရင်ကြီးရဲ့ အားထုတ်မှုတွေကြောင့်လဲ ဒီလောက် နှစ်ထောင်ချီကြာလာတာတောင် ယောင်ဝမ်တောင်က စိတ်စွမ်းအင်ဆေးပင်တွေ မကုန်သွားဘဲ ရှိနေသေးတာဗျ။ ကုန်ရမယ့်အစား ပိုတောင်တိုးလာသေးတယ်ဗျာ။ ကျုပ်တို့လို ဆေးရှာတဲ့သူတွေလဲ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အေးအေးဆေးဆေး နေခဲ့ကြရတယ် "
အဘိုးအို၏ မိတ်ဆက်စကားများကို နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" အဲ့လိုဆိုရင်... ဒီ နှစ်တစ်သောင်းဂျင်ဆင်းက တကယ့်ထူးခြားတဲ့သူပေါ့ "
အဘိုးအိုက ပြုံးလိုက်ပြီးနောက်မှ.. လောထျန်းအား မျက်နှာတည်ဖြင့် ကြည့်ကာ အလေးနက် မေးလာ၏။
" ဒါနဲ့... သခင်လေးက တောင်ပေါ်တက်ပြီး ဆေးရှာချင်တယ်လို့ ပြောခဲ့သေးလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ််တယ်ဗျ ။ ကျုပ်က သိဒ္ဓိဝင်ဆေး ရှာချင်လို့ ယောင်ဝမ်တောင်ကို လာခဲ့တာ။ ဒီမှာ သိဒ္ဓိဝင်ဆေးတွေ ဘယ်လောက်ရှိလဲ ကျုပ် မေးလို့ရမလား "
" သိဒ္ဓိဝင်ဆေး ဘယ်လောက်ရှိလဲ တဲ့လား.. "
အဘိုးအို အောင့်သက်သက် ပြုံးလိုက်၏။
" သိဒ္ဓိဝင်ဆေး တစ်ပင်တည်းရှိရင်တောင် ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့ လုံလောက်နေပါပြီ သခင်လေးရယ် "
သူ့စကားကြောင့် လောထျန်း ချက်ချင်း စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ပင် ။
သိဒ္ဓိဝင်ဆေး တစ်ပင်တည်းနှင့်ပင် လုံလောက်ပြီတဲ့လား ။
လက်ရှိတွင် သူ့အတွက် သိဒ္ဓိဝင်ဆေး အနည်းဆုံးနှစ်ပင် လိုနေပါသေးသည်။
ထိုအချိန်တွင် အဘိုးက အနည်းငယ် တွန့်ဆုတ်နေဟန် တူပြီးမှ ရုတ်တရက် ပြောလာ၏။
" သခင်လေး .. ဆေးရှာဖို့အတွက် တောင်ပေါ်ကိုသွားချင်ရင် ကျုပ် အကြံတစ်ခုတော့ ပေးချင်တယ် "
" အင်... ပြောပါဗျာ "
လောထျန်း ဆိုလိုက်သည်။
အဘိုးအိုက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ စကားဆက်၏။
" ဂျင်ဆင်းဘုရင်ကြီးရဲ့ အစွမ်းက အင်မတန်ကို ကြောက်စရာကောင်းတယ်ဗျ။ အဲ့တော့ သခင်လေး သူ့ဆီက ဆေးပင်တောင်းချင်ရင် အတင်းကြီး အားမသုံးပါနဲ့ "
" အဲ့အစား သူနဲ့ အေးအေးဆေးဆေးပွင့်ပွင့်လင်းလင်းပဲ စကားပြောဖို့ ကျုပ်အကြံပေးချင်တယ်။ သူ့ရဲ့ အကျင့်အတိုင်းဆို သခင်လေးကို သေချာပေါက် ကူညီပေးမှာပဲ။ အဲ့တော့ အချိန်တန်ရင် သခင်လေးဘက်က ဂျင်ဆင်းပင်အမြစ် ၊ ဒါမှမဟုတ် အမွေးလေးနည်းနည်း နှုတ်လိုက်ရင်ကို လုံလောက်ပြီ "
" အမွေးနည်းနည်း နှုတ်လိုက်ရင် လုံလောက်ပြီ.. ဟုတ်လား "
လောထျန်းစိတ်ထဲ မယုံသက်ာ ဖြစ်သွားသည်။
အဘိုးအိုက မျက်နှာတည်ဖြင့် ခေါင်းညိတ်၏။
" ဟုတ်တယ်ဗျ ။ ဂျင်ဆင်းဘုရင်ကြီးက သိဒ္ဓိဝင်ဆေးပင် ဆိုပေမယ့် အခုက သိဒ္ဓိဝင်ဆေးပင်အဆင့်ရဲ့ ထိပ်ဆုံးကိုရောက်နေပြီးတော့ မကြာခင် မသေမျိုးအဆင့် ဆေးပင်ဖြစ်လာတော့မှာ။ အဲ့တော့ သူ့ရဲ့ အမြစ်အဖြစ် ၊အမွေးဖြစ်ဖြစ် နည်းနည်းလေးကတောင် သာမာန် သိဒ္ဓိဝင်ဆေးပင်နဲ့ ယှဥ်လို့ရနေပြီ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" အဲ့လိုဆိုတော့လဲ ပိုအဆင်ပြေတာပေါ့ "
သူတို့ချင်းကြားတွင် မည်သို့သော ရန်ငြိုးမှလည်း ရှိမထားရာ.. သူ အလကားနေရင်း စိတ်စွမ်းအင်အသိဉာဏ်ရှိသည့် သိဒ္ဓိဝင်ဆေးပင်တစ်ပင်ကို မစားချင်ပါ။
အဘိုးအိုက လောထျန်းကို ကြည့်ရင်း စကားဆက်၏။
" နောက်တစ်ခု ရှိသေးတယ်ဗျ ။ ဂျင်ဆင်းဘုရင်ကြီးက ကျုပ်တို့တွေလို ပုံသေ အသွင်အပြင်မျိုး မရှိဘူး ။ သူ တစ်ခါထွက်လာတိုင်း မတူတဲ့ပုံစံအမျိုးမျိုးနဲ့ ရုပ်လုံးပြတတ်တယ် ။ သူက ယောကျ်ား ၊ မိန်းမ ၊ လူငယ် ၊ အဘိုးကြီး အကုန်ဖြစ်နိုင်တယ် "
လောထျန်း အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
" ဒါဆို သူမှန်း ကျုပ်က ဘယ်လိုသိမှာလဲဗျ "
အဘိုးအို ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြန်ပြော၏။
" ပြောလို့ရတဲ့ ကွာဟချက်တချို့တော့ ရှိတယ်ဗျ "
" ပြောပြပါဦး "
လောထျန်း ဆက်မေးလိုက်သည်။
အဘိုးအို စကားဆက်၏။
" ဂျင်ဆင်းဘုရင်ကြီးက ဒီ ယောင်ဝမ်တောင်မှာ အစွမ်းအထက်ဆုံးပဲဗျ ။ အဲ့ဒါကိုသာ စိတ်ထဲမှတ်ပြီး လိုက်ရှာရင် မမှားနိုင်ဘူး "
လောထျန်း ပြုံးသွားသည်။
" ဒါဆိုရင်တော့ လွယ်သားပဲ "
သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ အစွမ်းအထက်ဆုံး အရောင်အဝါကို ရှာရန်မှာ အလွန်လွယ်ကူသည် မဟုတ်ပါလား။
" ကျုပ်ကို ခုလိုအားလုံးရှင်းပြပေးတဲ့အတွက် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ သြော်.. မသွားခင် ကျုပ် ခင်ဗျားတို့အတွက် လက်ဆောင်တစ်ခု ပေးခဲ့မယ် "
လောထျန်း ထိုသို့ပြောပြီး မတ်တပ်ထကာ အဘိုးအိုနှင့် မိန်းမငယ်ဆီသို့ လက်ညိုးညွှန်လိုက်သည်။
ဝီ..
စိတ်စွမ်းအင်တန်းနှစ်ခု သူတို့၏ ခန္ဓာကိုယ်ထဲ ချက်ချင်းစီးဝင်သွား၏။
" အင်.... ဒါက "
မိန်းမငယ်လေးမှာ ၎င်းကို မြင်ပြီး အံ့သြမှင်သက်သွားရှာသည်။
လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။
" ကျုပ်က အခု ဉာဏ်အလင်းပွင့်ခြင်းနည်းကို သုံးပြီးတော့ မင်းတို့နှစ်ယောက်လုံးရဲ့ ကိုယ်ထဲမှာ ဓားစိတ်ဆန္ဒနှစ်ခု ချန်ထားခဲ့တာ ။ နောက်ခါ ဟိုဟောင်ယန်ဂိုဏ်းသားတွေလို အခက်ခဲနဲ့ ကြုံတဲ့အခါကျရင် ခင်ဗျားတို့ အသက်အန္တရာယ် ရှိနိုင်တော့မှာ မဟုတ်ဘူးဆိုတာ ကျုပ် အာမခံနိုင်တယ် "
သူ့စကားကြောင့် တဖက်မှ မြေးအဘိုးနှစ်ယောက် အလွန်ကျေးဇူးတင်သွားပြီး ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။
လောထျန်းက သူတို့ကို နှစ်ကြိမ် ကယ်တင်ပေးခဲ့လေပြီ။
သို့သော် သူတို့ ခေါင်းပြန်မော့လာသည့် အချိန်တွင်မူ လောထျန်းက နေရာမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် လောထျန်းမှာကား... ယောင်ဝမ်တောင်၏ တောနက်ပိုင်းထဲသို့ပင် ရောက်နေခဲ့လေပြီ ။
" အစွမ်းအထက်ဆုံးသူကို ရှာရမယ်တဲ့ ။ အဲ့ဒါက လွယ်ပါတယ် "
သူ တစ်ယောက်တည်းတွေးပြီး စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ယောင်ဝမ်တောင် ၊ တောနက်ပိုင်း တစ်နေရာ၌...
ဝုန်း..
တောင်တစ်လုံးက ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။
ထိုတောင်တွင် ရှိနေသည့် စိတ်စွမ်းအင်ဆေးပင်များ အားလုံးနှင့် တောင်ပေါ်မှ သားရဲများလည်း တမဟုတ်ချင်း ဖျက်ဆီးခံလိုက်ရတော့သည်။
ထိုသို့ လုပ်လိုက်သူမှာ.. အသက် ဆယ့်ရှစ် ၊ ဆယ့်ကိုးနှစ် ခန့်သာ ရှိဦးမည့် မိန်းမပျိုလေးတစ်ယောက်ပင် ။
ထိုမိန်းမပျိုမှာ အနီရောင်ဆံပင် ၊ အနီရောင်မျက်လုံးများ ရှိပြီး သူမ၏ အဝတ်စားများကလည်း ရဲရဲတောက်နေကာ ပူခြစ်တောက်နေသည့် နေတစ်စင်းကဲ့သို့ လေထဲ၌ မျက်နှာမော်ချီပြီး ရပ်နေသည်။
" ဂျင်ဆင်းဘုရင်ကြီး ၊ ရှင် မထွက်လာရင် ကျွန်မ ဒီယောင်ဝမ်တောင် တစ်ခုလုံးကို မြေကြီးထဲရောက်သွားအောင် လုပ်ပစ်မှာနော် "
" ဒီတောင်ကြော တစ်ကြောလုံးက ရှင့်ရဲ့မျိုးဆက်တွေနဲ့ ပြည့်နေတာ ။ သူတို့အားလုံး ပြာဖြစ်သွားတာကို မမြင်ချင်ဘူး မဟုတ်လား "
မိန်းမပျိုက လေထဲတွင်ပင် ရပ်နေရင်း လှောင်သံဖြင့် မေးလိုက်သည်။
ဝှစ်..
သူမ စကားဆုံးသည့် အချိန်မှာပင် အပျက်အစီးများကြားမှ ရုပ်ရည်ချောမောကာ ပညာရှိဖြစ်ဟန်တူသည့် လူတစ်ယောက် ထွက်လာ၏။
" ကြာပွင့်နီဧကရီကြီး ၊ ဘာဖြစ်လို့ ကျုပ်ကိုအဲ့လောက်ကြီး ဖိအားပေးနေရတာလဲ ။ သခင်မကြီးက အခုတောင် ယဲ့လန်ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနေရပြီလေ။ အဲ့ဒါကို ကျုပ်လို သိဒ္ဓိဝင်ဆေးပင်လေးတစ်ပင်ကို ဘာလို့ဒုက္ခရောက်အောင် လုပ်ချင်ရတာလဲ "
ထိုသူက အောင့်သက်သက်အပြုံးဖြင့် ပြောလိုက်သည်။
ကြာပွင့်နီဧကရီက အေးစက်စက်မျက်နှာထားဖြင့် ပြန်ပြော၏။
" အခု ကမ္ဘာကြီးက ပြောင်းလဲတော့မှာ ။ ပြီးတော့ ကျွန်မတို့နားမှာလဲ အစွမ်းထက်တဲ့ ရန်သူတွေအများကြီး ရှိနေတယ်။ ကျွန်မတို့ ယဲ့လန်ကမ္ဘာက အစွမ်းထက်တာ မှန်ပေမယ့် ခြေလှမ်းတစ်ချက် မှားလိုက်တာနဲ့တင် ပြန်ပြင်မရတဲ့ အခြေအနေကို ရောက်သွားနိုင်တယ်။ အဲ့ဒါကြောင့်မို့ ဒီတစ်ခေါက်.. ယဲ့လန်ကမ္ဘာမှာ ရှိသမျှ မြက်ပင်တွေ ၊ သစ်ပင်တွေအားလုံးကိုတောင် ယဲ့လန်ကမ္ဘာမှာရှိတဲ့ သက်ရှိတွေအားလုံးအတွက် အထောက်အပံ့အဖြစ် ပေးရမှာ ။ ရှင့်လို မသေမျိုးအဆင့်တစ်ဝက် ဖြစ်နေတဲ့ သိဒ္ဓိဝင်ဆေးပင်မျိုးဆိုရင်တော့ ပြောမနေတော့နဲ့.. "
ဂျင်ဆင်းဘုရင်ကြီး ခေါင်းကုတ်၍ ပြန်ပြောလိုက်သည်။
" ယဲ့လန်ကမ္ဘာက လူတွေအတွက်ဆို.. ကျုပ်လဲ ကူညီပေးချင်ပါတယ် ။ ဒါပေမယ့် ဧကရီကြီးက ဘယ်လိုကူညီပေးစေချင်တာလဲ "
ကြာပွင့်နီဧကရီက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြော၏။
" အဲ့ဒါက ရိုးရိုးလေးပါ ။ ရှင့်ကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်ပြီးတော့ အားလုံးကို စားခိုင်းမှာလေ။ ရှင့်ရဲ့ နှစ်တစ်သောင်းကျင့်ကြံခြင်းနဲ့.. မသေမျိုးအဆင့်တစ်ဝက် ဆေးပင်ရဲ့ ဂုဏ်သတ္တိတွေနဲ့ ပေါင်းလိုက်ရင် အားလုံးရဲ့ ကျင့်ကြံခြင်းတွေ ပိုကောင်းလာမှာ အသေချာပဲ "
ကြားလိုက်ရသော စကားကြောင့် ဂျင်ဆင်းဘုရင်ကြီး ဆွံ့အသွားတော့သည်။
အချိန်အတန်ကြာသွားပြီးမှသာ သူ ဒေါသတကြီး ပြောလာ၏။
" ကျုပ် ယဲ့လန်ကမ္ဘာအတွက် ဒီလောက် လုပ်ပေးထားခဲ့တာတောင် ကျုပ်ကို အပိုင်းပိုင်းဖြတ်ပြီး စားချင်နေသေးတယ်ပေါ့လေ။ ကြာပွင့်နီဧကရီကြီး.. ခင်ဗျားက တော်တော်လွန်တာပဲ "
တဖက်အမျိုးသမီးက အေးစက်စက်နှာခေါင်းရှုံ့သည်။ သူမ အနောက်ဘက်တွင်လည်း အနီရောင်ကြာပွင့်တစ်ခု ရုတ်တရက် ပေါ်လာပြီး တောင်တန်းတစ်ခုလုံး ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့များဖြင့် တမဟုတ်ချင်း ပြည့်သွားသည်။
" အစားမခံချင်ဘူးဆိုရင်လဲ ရတယ်လေ ။ ကျွန်မရဲ့ သိုင်းကွက်သုံးကွက်ကို ခံကြည့်လိုက်ပေါ့ ။ အဲ့သိုင်းကွက်နဲ့ မသေဘူးဆိုရင် ရှင့်ကို ကျွန်မရဲ့လက်အောက်က ဗိုလ်ချုပ်တစ်ယောက်အဖြစ်နဲ့ ထားပေးမယ်။ ဒါပေမယ့် ကြားထဲမှာ သေသွားရင်တော့ အစားခံရမယ်နော် "
ကြာပွင့်နီဧကရီက ပြောလိုက်သည်။
ဂျင်ဆင်းဘုရင်ကြီး ၊ ဝမ့်နျန်ရှန့်၏ မျက်နှာကြီး ချက်ချင်းညိုသွားတော့သည်။
မည်သို့ပင်ဆိုစေ.. အဆုံးသတ်၍ သူ အစားခံရမည် မဟုတ်ပါလား.. ။
သူ အသံတိတ်နေစဥ်မှာပင် တဖက်မှ ကြာပွင့်နီဧကရီက စိတ်မရှည်နိုင်တော့ဟန်ဖြင့် အေးစက်စက်ပြောလာ၏။
" ဘာမှ ပြန်မပြောဘူးဆိုရင်လဲ သဘောတူတယ်လို့ပဲ သတ်မှတ်လိုက်မယ်။ ကဲ... ပထမအကွက်ကို ခံလိုက်ဦး "
သူမ ပြောပြောဆိုဆိုပင် ကောင်းကင်ယံသို့ လက်တစ်ဖက်မြှောက်လိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင်.. ကမ္ဘာဖျက် ကြာပွင့်နီကြီးတစ်ခု ပေါ်လာ၏။
၎င်းကို မြင်သည်နှင့် ဂျင်ဆင်းဘုရင်ကြီး ဝမ့်နျန်ရှန့်၏ မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်သွားသည်။
အကယ်၍သာ ထိုကျလာသော ကမ္ဘာဖျက် ကြာနီပွင့်ကြီးကို သူ မရှောင်ပါက အသက်ဆုံးရမည်မှာ သေချာပါသည်။
သို့သော်... သူ ရှောင်တိမ်းလိုက်ပြန်လျှင်လည်း ယောင်ဝမ်တောင်ကြော တစ်ခုလုံးက ပြာမှုန့်အဖြစ် ရောက်သွားနိုင်ပါ၏။
သို့ဆိုလျှင် အဆုံးမဲ့သော ဘေးဒုက္ခကြီးများ ဆက်ဖြစ်သွားပေမည် ။
သူ ကူကယ်ရာမဲ့ ဖြစ်နေစဥ်မှာပင်..
ဝီ..
သူ့ဘေးတွင် လေတစ်ချက် တိုက်သွားပြီး သူနှင့် ကြာပွင့်နီကြားထဲ၌ လောထျန်း ပေါ်လာ၏။
" အင်း... အရောင်အဝါကတော့ ဒီမှာပဲ "
လောထျန်း ပေါ်လာသည်နှင့် တစ်ကိုယ်တည်းရေရွတ်ပြီး ဘေးဘီသို့ ဝေ့ကြည့်လိုက်သည်။
ထို့နောက်တွင်ကား သူ့အကြည့်က ကြာပွင့်နီဧကရီပေါ်သို့ ကျသွား၏။
သူ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။
" အစွမ်းထက်လိုက်တာ... "