အနီရောင်ကြာပွင့်ပေါင်း တစ်သောင်း
Vol. 38 Ch. 531
လောထျန်းမှာ အစွမ်းထက်ကျင့်ကြံသူပေါင်း များစွာကို တွေ့ခဲ့ဖူးပါသည်။
သို့သော် ယခု သူ့ရှေ့မှ အမျိုးသမီး၏ အရောင်အဝါမှာ သူ တွေ့ခဲ့ဖူးသမျှ အစွမ်းထက်ကျင့်ကြံသူများထဲ၌ ထိပ်ဆုံးအဆင့်သုံးထဲ ပါသည်ဟု ပြော၍ရပါသည်။
လောထျန်း ချက်ချင်း အံံ့သြသွားရသလို အထင်လည်း ကြီးသွား၏။
" ဟို အဘိုးအို ပြောတာတော့ ဒီ နှစ်တစ်သောင်း ဂျင်ဆင်းဘုရင်ကြီးက ယောင်ဝမ်တောင်ကြော တစ်ခုလုံးမှာ အစွမ်းအထက်ဆုံးပဲတဲ့ ။ အဲ့တော့ ဒီအမျိုးသမီးပဲ ဖြစ်ရမယ်။ ဒါပေမယ့်... စိတ်စွမ်းအင်ဆေးပင် ဖြစ်ပြီးတော့ နည်းနည်းလေး အစွမ်းထက်လွန်းနေသလိုပဲ ။ အသွင်ပြောင်း စိတ်စွမ်းအင်ဆေးပင်တစ်ပင်က အဲ့လောက်အစွမ်းမျိုး ရှိတာလား ။ သူတို့နဲ့ ယှဉ်လိုက်ရင် ငါတို့ထျန်းယွမ်ကမ္ဘာက တော်တော်လေး အစွမ်းနိမ့်သေးတာပဲ "
" ပြီးတော့ ဒီနှစ်တစ်သောင်း ဂျင်ဆင်းဘုရင်ကြီးက ပုံစံမျိုးစုံ ပြောင်းနိုင်တယ်လို့ အဘိုးအိုက ပြောခဲ့ပြီးသားပေမယ့်... ဂျင်ဆင်းဘုရင်ကို ခုလို မိန်းကလေးတစ်ယောက်လိုကြီး မြင်ရတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်သလိုပဲ "
လောထျန်း တွေးကာ စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။
ထိုအချိန်တွင် ကြာပွင့်နီဧကရီမှာလည်း လောထျန်းအား သတိထားမိသွားပါ၏။
" ဟင်.. မင်းက ဘယ်သူလဲ ။ ဒီမှာ ဘာလုပ်နေတာလဲ "
သူမ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
ဤနေရာမှာ ယောင်ဝမ်တောင် တောနက်ပိုင်းထဲ ဖြစ်သဖြင့် ယခုလို နေရာမျိုးကို လာရဲသူ ရှိပါသလားဟုတွေးကာ သူမစိတ်ထဲ သံသယလည်း ဖြစ်သွားပါ၏။
တဖက်မှ လောထျန်းမှာမူ ထိုမေးခွန်းကို ကြားသည်နှင့် ယခင် အဘိုးအိုမှာထားခဲ့သည့် စကားကို ပြန်တွေးမိသွားသည်။
" အင်း... စကားပြောတဲ့အခါ အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေး ပြောပြီးတော့ ပြဿနာမဖြစ်အောင် ရှောင်ရမယ် "
သူ့စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။
ပြီးနောက်.. သူ လည်ချောင်းရှင်းကာ ဦးညွှတ်အရိုအသေပြု၍ ပြောလိုက်၏။
" တွေ့ရတာဝမ်းသာပါတယ် သခင်ကြီး ။ ကျုပ်နာမည်က လောထျန်းပါ ။ ကျုပ်က သခင်ကြီးကို မေးပြီး အကူအညီတောင်းစရာလေးရှိလို့ ဒီယောင်ဝမ်တောင်ကို လာခဲ့တာပါ "
လောထျန်း အလွန်ယဉ်ကျေးစွာပင် ဆိုလိုက်သည်။
သူနှင့် တဖက်လူကြားတွင် မည်သို့သော ရန်ငြိုးမှ ရှိမထားသလို သူက တဖက်လူထံမှ သိဒ္ဓိဝင်ဆေးအား လိုချင်နေသူဖြစ်ရာ.. ထိုသို့ ယဉ်ကျေးခြင်းက သဘာဝကျပါသည်။
ကြာပွင့်နီဧကရီမှာမူ လောထျန်းစကားကို နားထောင်ပြီး ခေတ္တမျှ အံ့သြမှင်သက်သွား၏။
သူမ ယောင်ဝမ်တောင်သို့ လာခဲ့သည်ကို တဖက်လူက မည်သို့သိနေသည်ကိုလည်း နားမလည်နိုင်တော့ပါ။
သို့သော် တဖက်မှ ယဉ်ယဉ်ကျေးကျေး ပြုမူပြောဆိုနေသည်ဖြစ်ရာ သူမ ဒေါသထွက်၍လည်း မဖြစ်သဖြင့် စိတ်ရှည်ရှည်ထားပြီး ပြန်မေးလိုက်သည်။
" မင်းက ဘာလိုချင်လို့လဲ "
လောထျန်းက ဖြည်းဖြည်းချင်း ပြန်ဖြေ၏။
" ခင်ဗျားရဲ့ ဆံပင်မွေးလေး နည်းနည်းလောက် လိုချင်လို့ပါ။ အများကြီး မဟုတ်ပါဘူးဗျာ.... တစ်ဝက်လောက်ဆိုရင်ကို ရပါပြီ "
ထိုစကားကို ပြောလိုက်သည်နှင့် တောင်ကြောတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။
ကြာပွင့်နီဧကရီမှာလည်း သူမ နားကြားများ လွဲသွားလေသလားဟု တွေးမိလိုက်၏။
ထိုစဉ် တဖက်မှ ပညာရှိတစ်ယောက်အသွင်ရှိသော ဂျင်ဆင်းဘုရင်ကြီးမှာကား မျက်မှောင်ကြုံ့လျက်..
" ငါ ဒီနေ့ အပြင်ထွက်လာတုန်းက ကံဇာတာတွေဘာတွေများ စစ်ဖို့ မေ့သွားသလားကွာ။ ဒီနေ့တွေ့တဲ့ သူတွေအားလုံးက ဘာလို့ စိတ်မနှံ့တဲ့သူတွေ ဖြစ်နေရတာလဲ "
သူ့စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။
ယနေ့တွင် စစချင်း သူ့ကိုစားရန် ဆုံးဖြတ်ထားသည့် ကြာပွင့်နီဧကရီနှင့် ဦးစွာ စတွေ့ခဲ့ရပါသည်။
ယခုတွင်လည်း ကြာပွင့်နီဧကရီထံမှပင် ဆံပင်မွေးများကို တောင်းရဲသည့် နောက်တစ်ယောက်နှင့် ထပ်တွေ့ရပြန်လေပြီ ။
ကြာပွင့်နီဧကရီမှာ ပေါ့သေးသေး လူတစ်ယောက် မဟုတ်ပါချေ။
သူမသည် အသက်သိပ်မကြီးသေးသည့်တိုင် ကျင့်ကြံခြင်းကမ္ဘာ၏ ထိပ်ဆုံးအဆင့် ပါရမီရှင်တစ်ယောက်ပင်။
သူမသည် လကိရှိ အသက်သုံးရာသာ ရှိသေးသော်လည်း... သူမ၏ အစွမ်းနှင့် ကြောက်မက်ဖွယ်နည်းလမ်းပေါင်းစုံကို သုံးကာ နှစ်ပေါင်းထောင်ချီကြာ ပျက်စီးယိုယွင်းနေခဲ့သော ယဲ့လန်ကမ္ဘာအား ပြန်ပေါင်းစည်းပေးပြီး ဧကရီဘုရင်မတစ်ယောက် ဖြစ်လာသူ ဖြစ်၏။
သူမသည် အလွန်ရက်စက်ကြမ်းတမ်းပြီး အညှာအတာ ကင်းမဲ့သူတစ်ယောက်လည်း ဖြစ်ကာ... ငိုနေသော ကလေးငယ်တစ်ယောက်ကိုပင် ချက်ချင်းအငိုတိတ်သွားအောင် လုပ်နိုင်ပါသည် ။
သူမ ကျင့်ကြံခြင်း အဆင့်မကောင်းသေးမှီ ၊ အစောပိုင်းနှစ်များ၌လည်း တစ်ယောက်က သူမ၏ မှော်လက်နက်များကို ခိုးယူသွားခဲ့ဖူးပါသေး၏ ။ သို့သော်... သူမက ဇွဲကြီးကြီးဖြင့် လက်မလျှော့ဘဲ နှစ်လကြာရှည်စွာ ထိုသူများကို လိုက်ရှာခဲ့ပြီး နောက်ဆုံးတွင် ရန်သူအား အပိုင်းပိုင်းဖြစ်အောင် လုပ်နိုင်ခဲ့သည်။
ထိုတိုက်ပွဲတွင် သူမကိုယ်တိုင်လည်း ဒဏ်ရာပြင်းထန်စွာ ရခဲ့သည့်တိုင် အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပါသည်။
ထို့အပြင် သူမက နှစ်အနည်းငယ် အကြာ၌ ပြန်ပေါ်လာကာ ယခင်ထက်လည်း ပိုအစွမ်းထက်လာခဲ့၏။
ထိုနေ့တိုက်ပွဲတွင် သူမနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် သူများအားလုံးလည်း အသတ်ခံခဲ့ကြရကာ ဧကရီမဆိုသော သူမ၏ ဂုဏ်ပုဒ်က တမဟုတ်ချင်း ထင်ရှားကျော်ဇောလာခဲ့သည်။
မှော်လက်နက်လေး တစ်ခုအတွက်ဖြင့်ပင် ထိုမျှ လုပ်ရဲခဲ့သူတစ်ယောက်အား..
လောထျန်းက ဆံပင်မွေးများ တောင်းနေသတဲ့လား ။
ဆံပင်မွေးကိုမှ တစ်ပင်နှစ်ပင် မဟုတ်ဘဲ ခေါင်းတစ်ဝက်စာကို တောင်းနေလိုက်သေး၏။
သူ့ထံတွင် အသက်ဘယ်နှချောင်းပါသည်ဟု ထင်ပါသနည်း။
ထင်ထားသလိုပင် ကြာပွင့်နီဧကရီမှာလည်း လောထျန်းစကားကိုကြားပြီး ခေတ္တမျှ အံ့အားသင့်နေပြီးနောက် ဒေါသူပုန်ထသွားတော့သည်။
" ကောင်လေး... နင် သေချင်နေတာလား "
သူမ ဒေါသတကြီး အော်လိုက်၏။
ဝုန်း... ချက်ချင်းမှာပင်.. ကမ္ဘာဖျက်အစွမ်း ကြာပွင့်ကြီးလည်း သူမခေါင်းပေါ်၌ ဖူးပွင့်လာသည်။
" ဟင်.. ဘာလို့လဲ ၊ ကျုပ်တောင်းတာ များသွားလို့လား။ တစ်ဝက်မဟုတ်ရင်... လေးပုံတစ်ပုံလောက် ဆိုရင်လဲ ရပါတယ်ဗျာ "
လောထျန်း ပြောလိုက်သည်။
ကြာပွင့်နီဧကရီမှာကား မျက်နှာကြီး သုန်မှုန်နေဆဲပင် ။
သူမ အမြင်တွင်ကား .. လောထျန်းက သူမကို တမင်သက်သက် ရန်စနေကြောင်း အသိသာပင် ။
" ဟမ့်.. မင်းက ဟိုတလောတုန်းက ငါ အပြောင်ရှင်းပစ်လိုက်တဲ့ ကောင်တွေရဲ့ မျိုးဆက်လား။ ငါ့ကိုများ ခုလိုလာပြီး စိန်ခေါ်ရဲနေတယ်ပေါ့လေ။ ကြည့်ရတာ မင်း တော်တော်သေချင်နေတယ်နဲ့တူတယ် ။ အဲ့တော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ "
ကြာပွင့်နီဧကရီက ဒေါသတကြီး ပြောပြီး လက်ယမ်းလိုက်ရာ ကမ္ဘာဖျက် ကြာပွင့်နီကြီးက လောထျန်းဆီသို့ ဝုန်းခနဲ တိုးဝင်သွား၏။
" ဟာ.. မဖြစ်ဘူး "
ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေသော ဂျင်ဆင်းဘုရင်ကြီး ၊ ဝမ့်နျန်ရှန့်၏ မျက်နှာထား ချက်ချင်းပြောင်းသွားတော့သည်။
သို့သော်... ကြာပွင့်နီဧကရီ၏ သိုင်းကွက်အား တားနိုင်သည့်အစွမ်း သူ့ထံတွင် ရှိမနေပါ။
" စိတ်မနှံ့တဲ့ အရူးနဲ့တော့ အတူတူလိုက်မသေနိုင်ဘူးကွာ "
ဝမ့်နျန်ရှန့် ထိုသို့တွေးကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
ထိုစဉ် တဖက်မှ လောထျန်းမှာလည်း အောက်ကျလာသော ကမ္ဘာဖျက် ကြာပွင့်နီကြီးကိုကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" ဟင်.. တိုက်ခိုက်မယ်ပေါ့.. ။ ဒီတိုင်းဆို ကြားထားတဲ့ သတင်းတွေကလဲ မယုံရပါဘူးကွာ "
လောထျန်းတွေးကာ သက်ပြင်းချလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် ဤမျှ မစိုးရိမ်လှပါချေ။
သူသည် တိုက်ခိုက်ရသည်ကို ကြောက်တတ်သူတစ်ယောက် မဟုတ်ပါ။
" ကောင်းကင်ဘုံ လက်ဝါးသိုင်း "
သူ လက်တစ်ဖက်ယမ်းလိုက်ရာ ရွှေရောင်လက်ဝါးကြီးက ကမ္ဘာဖျက်ကြာပွင့်နီဆီသို့ တိုးဝင်သွားတော့သည်။
" ငါ သေရတော့မှာလား "
ထိုစဥ် ဝမ့်နျန်ရှန့်မှာ ကြာပွင့်နီကိုကြည့်ကာ ဆွံ့အနေပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာ၏။
ယခုကိစ္စများက သူနှင့် ဘာမှမဆိုင်ပါပဲ သူက ကြားတွင် သေရတော့မည်လား ။
သို့သော်... ကြာပွင့်နီကြီးက အောက်သို့ ကျခါနီးမှာပင် လောထျန်း၏ ရွှေရောင်လက်ဝါးကြီးက ရုတ်တရက်.. လက်ခလယ်နှင့် လက်မကိုဝိုင်း၍ ကြာပွင့်ကြီးအား တောက်ထုတ်လိုက်သဖြင့် ဝမ့်နျန်ရှန့် အံ့သြမှင်သက်သွားရတော့သည်။
ဝုန်း..
ကမ္ဘာဖျက်ကြာပွင့်နီကြီးမှာ ထိုလက်ချောင်းနှစ်ချောင်း၏ အစွမ်းဖြင့်ပင် နောက်သို့ ပြန်ကန်ထွက်သွားပြီး အဝေးကောင်းကင်ယံသို့ လွင့်သွားတော့၏။
ပုန်…
ဝှီးးးးးး..
ထို့နောက်တွင်ကား ကမ္ဘာဖျက်ကြာပွင့်နီကြီးက ကောင်းကင်ဘုံကိုးဆင့်အထက်တွင် မီးပန်းများသဖွယ် ပေါက်ကွဲထွက်သွားတော့သည်။
" ဘယ်လိုဖြစ်ပြီးတော့... "
ဝမ့်နျန်ရှန့်မှာ လောထျန်းက ကမ္ဘာဖျက်ကြာပွင့်ကြီးအား ထိုသို့ အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မည်ဟု လုံးဝ ထင်မထားသဖြင့် အလွန်အံ့သြတုန်လှုပ်သွားရတော့သည်။
တဖက်မှ ကြာပွင့်နီဧကရီမှာလည်း သူ့နည်းတူပါပင်။
" မင်း... မင်းက.... "
သူမ လောထျန်းအား တအံ့တသြကြည့်ကာ.. သာမာန်ကျင့်ကြံခြင်းမျိုးသာ ရှိထားဟန်တူသော လူငယ်လေးတစ်ယောက်က သူမ၏ တိုက်ခိုက်မှုအား အဘယ့်ကြောင့် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်နေရသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်သွားတော့သည်။
အထူးသဖြင့် သူ သုံးလိုက်သော အကွက်ပါပင်..
ထိုလက်နှစ်ချောင်းဖြင့် တောက်ထုတ်လိုက်သည့်အကွက်မှာ မည်သို့ပင်ကြည့်ကြည့် သူမအတွက် အလွန်ရှက်စရာ ကောင်းလှပါ၏။
" အင်း.. ငါ မင်းကို လျှော့တွက်လိုက်မိတာပဲ ။ အဲ့လိုဆိုမှတော့လဲ ဒီနေ့ မင်းကိုအစွမ်းကုန်သုံးပြီး တိုက်ခိုက်ရတာပေါ့ "
ဝုန်း
ကြာပွင့်နီဧကရီက ထိုသို့ပြောကာ လေထဲ ပျံတက်လိုက်သည်။
" လျှို့ဝှက်သိုင်းကွက်... ကြာပွင့်နီ လမ်းသွယ်တစ်သောင်း.. "
သူမ ကျယ်လောင်စွာ အော်လိုက်၏။
ဝီ.. ဝီ.... ဝီ....
ချက်ချင်းဆိုသလိုပင် သူမနောက်၌ ကမ္ဘာဖျက်ကြာပွင့်နီများ ထောင်ပေါင်းများစွာ စုစည်းလာကြသည်။
" ဒါ.... ရူးနေတာများလားဟ... သူ ရူးသွားပြီ "
ခပ်ဝေးဝေးမှ ဝမ့်နျန်ရှန့် မှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်သွားရှာ၏။
ကမ္ဘာဖျက်ကြာပွင့်နီ တစ်ပွင့်တည်းကပင် ယောင်ဝမ်တောင် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ရန် လုံလောက်နေခဲ့လေပြီ ။
ယခု.. ထိုကြာပွင့်နီများအားလုံးသာ အောက်ကျလာပါက. .... ယောင်ဝမ်တောင် မဆိုထားဘိ..
ဘေးပတ်ပတ်လည် မိုင်သိန်းချီ အကွာအဝေးအတွင်းတွင် ရှိနေကြသော သက်ရှိများအားလုံးပင် သေကြေပျက်စီးကြရပေလိမ့်မည်။
ထို ကြာပွင့်နီဧကရီက အရူးမကြီး တစ်ယောက်ပါပင်..
ထိုစဥ် တဖက်မှ လောထျန်းမှာကား သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း စိတ်လှုပ်ရှားနေဟန် တူပါ၏။
" တော်တော်အစွမ်းထက်တဲ့ သိုင်းကွက်ပဲ ။ ငါ့အစွမ်းကို စမ်းသပ်ခွင့်ရတော့မှာဆိုတော့ တကယ့်အခွင့်ကောင်းကြီးပဲကွာ "
လောထျန်း ထိုသို့တွေးကာ နောက်ထပ် ရွှေရောင်လက်ဝါးကြီးတစ်ခု ထပ်ထုတ်လိုက်သည်။
" သတ်ပစ်... "
ထိုစဥ်မှာပင် ကြာပွင့်နီဧကရီက ဒေါသတကြီး အော်လိုက်ရာ ထောင်ပေါင်းများစွာသော ကမ္ဘာဖျက်ကြာပွင့်နီများ ကောင်းကင်ယံမှ ကျလာကြတော့သည်။
" သေပြီ.. သေပြီ... သေပြီ.. "
ဝမ့်နျန်ရှန့်မှာ ၎င်းကိုကြည့်ပြီး ခေါင်းယမ်းရင်း မြေကြီးပေါ်သို့ လဲကျသွား၏။
ဤမျှကြီးမားသော တိုက်ခိုက်မှုကြီးက မည်မျှပင် မြန်သည်ဖြစ်ပါစေ.. တားဆီးရန် မဖြစ်နိုင်ပါ။
သို့သော် ထိုအချိန်မှာပင်..
" လက်နဲ့ ဆက်ချက် ဆက်တိုက်တောက်လိုက်ကွာ "
တဖက်မှ လောထျန်းက ကောင်းကင်ဘုံလက်ဝါးသိုင်းကို သုံးပြီး ရွှေရောင်လက်ဝါးကြီးအား ထိန်းချုပ်လိုက်သည်။
ချက်ချင်းမှာပင်... လက်ဖြင့်တောက်ရာမှ ထွက်လာသော အစွမ်းဆယ်ခုက ကမ္ဘာဖျက်ကြာပွင့်နီများဆီသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးဝင်သွား၏။ ၎င်းမှာ မြန်လွန်း၍ မမြင်ရသလောက်နီးပါးပင် ။
ကမ္ဘာဖျက်ကြာပွင့်နီ တစ်သောင်းမှာ... ကြောက်မက်ဖွယ် ပမာဏ ဖြစ်သည့်တိုင်..
မည်သို့ကြောင့်မှန်း မပြောနိုင်ဘဲ... လောထျန်း၏ ရွှေရောင်လက်ချောင်းများက ထိုကြာပွင့်များထက် အရေအတွက် ပိုများနေသယောင်ပါပင် ။
၎င်းက အနည်းငယ်လေးပင် မဟုတ်ဘဲ ၊ ဆယ်ဆလောက် ပိုများနေပါ၏။