ဒါ တကယ်ကြီး သိဒ္ဓိဝင်ဆေးပင်လား..
Vol. 38 Ch. 532
ပြွတ်သိပ်နေသည့် ကမ္ဘာဖျက်ကြာပွင့်နီကြီးများမှာ လောထျန်း၏ ကောင်းကင်ဘုံလက်ဝါးအစွမ်းကို သုံးထားသော လက်ချောင်းများဖြင့် တောက်လိုက်သောကြောင့် တစ်ခုပြီးတစ်ခု အဝေးသို့ လွင့်ထွက်သွားကုန်ကြတော့သည်။
အချို့ကြာပွင့်များဆိုလျှင် ကြာပွင့်နီဧကရီကြီး ဆီသို့ပင် ပြန်လွင့်သွားကြပါ၏။
နောက်ဆုံးတွင်မူ ကမ္ဘာဖျက်ကြာပွင့်နီများ တစ်ခုမှ မရှိတော့ဘဲ
ဝုန်း..
လေထဲမှာပင် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားကြပြီး ကောင်းကင်ယံတစ်ခုလုံး ရဲရဲနီသွားတော့၏။
" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ကြာပွင့်နီဧကရီကြီးမှာ ထိုအဖြစ်ပျက်များ အားလုံးကိုကြည့်ရင်း မှင်သက်နေတော့သည်။
သူမ၏ ကြာပွင့်နီတစ်သောင်း သိုင်းကွက်မှာ တဖက်လူ၏ အသက်ကို ခြွေယူပစ်နိုင်သော သိုင်းကွက်ကြီးတစ်ခု ဖြစ်ပါသည်။
သူမ ထိုသိုင်းကွက်အား နောက်ဆုံးတစ်ကြိမ် သုံးစဥ်ကဆိုလျှင် ကမ္ဘာပေါ်မှ မသေမျိုးဆယ်ယောက်ကျော်ကိုပင် ချက်ချင်းဖိနှိပ်နိုင်ခဲ့သော်လည်း..
ယခု လောထျန်းအပေါ်တွင်မူ မည်သို့သော အကျိုးသက်ရောက်မှုမှ ရှိမနေချေ။
သူမ အံ့သြတုန်လှုပ်နေစဥ်မှာပင်...
ဝီ..
လောထျန်း၏ ကောင်းကင်ဘုံလက်ဝါးကြီးက သူမအား ဖမ်းဆုပ်လာပါ၏။
" ထွက်သွားစမ်းကွာ "
ကြာပွင့်နီဧကရီမှာ ၎င်းကိုမြင်သည်နှင့် တုန်လှုပ်သွားပြီး လက်ဝါးဖြင့် ရိုက်လိုက်သည်။
သို့သော်... မည်သို့မှ ထူးမသွားခဲ့ပါ။
ဝုန်း..
လောထျန်းက လက်ကိုဆန့်ထုတ်ကာ သူမ၏ လက်ဝါးအား ရိုက်ထုတ်လိုက်ပြန်၏။
" ချီး... ဘယ်လိုဖြစ်ပြီး "
ကြာပွင့်နီဧကရီ၏ ရင်ထဲ ရုတ်ချည်းလေးလံသွားတော့သည်။
သူမ ကျင့်ကြံခြင်းလောကထဲသို့ စဝင်သည့်အချိန်မှစ၍ ကူကယ်ရာမဲ့စွာ ခံစားရသည်မှာ ယခုက ပထမဆုံးပင်။
ချွှင်..
ထိုစဥ်မှာပင် လောထျန်းက ဓားဆွဲထုတ်၍ ကြာပွင့်နီဧကရီအား စိုက်ကြည့်လာသည်။
ကြာပွင့်နီဧကရီမှာ မျက်လုံးများမှိတ်လိုက်ပြီး အံကြိတ်၍ သေရန်အသင့်စောင့်နေလိုက်တော့၏။
ထိုစဥ်မှာပင် လောထျန်းက ဓားကိုလွှဲလိုက်သည်။
ချွှင်..
ဓားမြည်သံတစ်သံနှင့်အတူ အနီရောင်ဆံပင်အချို့ အောက်ကျလာ၏။
လောထျန်းက လက်ဆန့်ထုတ်ပြီး ထိုဆံပင်အနီများကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ့ရွှေရောင်လက်ဝါးကြီး ပျောက်ကွယ်သွားပြီး ကြာပွင့်နီဧကရီ ပြန်လွတ်လပ်သွားပါ၏။
" ဟင်.. မင်း.. ဘာလုပ်နေတာလဲ "
ကြာပွင့်နီဧကရီ အံ့သြမှင်သက်သွားရပြန်တော့သည်။
" ဘာလုပ်နေတာလဲ.. ဟုတ်လား ။ ကျုပ်ပြောပြီးသားလေ.. ခင်ဗျားရဲ့ဆံပင်ကို လိုချင်တာပါဆို.. "
လောထျန်း ပြန်ပြောလိုက်သည်။
" မင်းက တကယ်ကြီး ငါ့ဆံပင်ကို လိုချင်နေတာလား "
ကြာပွင့်နီဧကရီမှာ သူ့နားသူပင် မယုံနိုင် ဖြစ်သွားရတော့သည်။
ထိုကောင်လေးက ဆံပင်လေးအတွက် သူမကို ဒုက္ခခံတိုက်ခိုက်ခဲ့သတဲ့လား ။
လောထျန်း ခေါင်းညိတ်၍ ပြန်ပြော၏။
" ဟုတ်တယ်လေ "
" ဒါဆို... အခု ငါ့ကို လွတ်ပေးတော့မှာပေါ့ "
ကြာပွင့်နီဧကရီက လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ကာ ထပ်မေးလိုက်သည်။
" ဟုတ်တယ် "
လောထျန်းက ခေါင်းဆက်ညိတ်ပြ၏။
သူသည် သိဒ္ဓိဝင်ဆေးကိုသာ လိုချင်သည်ဖြစ်ပြီး ... တဖက်လူ၏ ဆံပင်အား အတင်းအကျပ်အားသုံးပြီး ယူရသည်ကပင် လွန်နေလေပြီ ။
သို့ဖြစ်ရာ ယခု သူလိုချင်တာ ရသွားပြီးချိန်၌ တဖက်လူအား လွတ်ပေးလိုက်ခြင်းက သဘာဝကျပါသည်။
ကြာပွင့်နီဧကရီမှာ လောထျန်းအား ထူးဆန်းသောအကြည့်ဖြင့် အချိန်အတန်ကြာ သတိထားစိုက်ကြည့်နေပြီးမှ နှာခေါင်းရှုံ့လိုက်၏။
" ကောင်းပြီလေ.. အဲ့လိုဆိုတော့လဲ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် ။ ငါ့ကို လွတ်ပေးလိုက်တာနဲ့ ငါက မင်းကို လက်တုန့်ပြန်မှာပဲ။ နောက်မှ နောင်တမရနဲ့နော် "
လောထျန်း ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည်။
" ရတယ်လေ... "
ကြာပွင့်နီဧကရီမှာ လောထျန်း၏ တုန့်ပြန်ပုံကိုကြည့်ကာ နှုတ်ခမ်းမဲ့လိုက်ပြီးနောက်... နောက်လှည့်ထွက်ခွာသွားတော့၏။
သူမစိတ်ထဲတွင်မူ လောထျန်းက စိတ်ပြောင်းကာ သူမအား ထပ်တိုက်ခိုက်လာမည်ကို စိုးရိမ်လျက်..
သို့သော်.. တဖက်မှ လောထျန်းမှာကား သူမကို လုံးဝလျစ်လျူရှုထားပါ၏။
ထိုအချိန်တွင် လောထျန်း၏ အာရုံမှာ သူ့လက်ထဲမှ ဆံပင်နီများပေါ်တွင်သာ ရှိနေပါသည်။
" ဒါ တကယ်ရော ဟုတ်ရဲ့လား.. ဘာမှလဲ သိပ်မထူးခြားသလိုပဲ "
လောထျန်းက သူ့လက်ထဲမှ ဆံပင်နီများကို စိုက်ကြည့်နေရင်း တစ်ချက်နမ်းကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ဝမ့်နျန်ရှန့် မှာမူ လောထျန်းကို တစ်လှည့် ၊ ထွက်ခွာသွားသော ကြာပွင့်နီဧကရီကိုတစ်လှည့် ကြည့်ရင်း တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရ၏။
" ညီလေး... မင်းက တော်တော်လေး ကြမ်းတာပဲကွ "
သူ မနေနိုင်ဘဲ ချီးကျူးစကား ဆိုလိုက်သည်။
" ဘယ်လို... "
လောထျန်းက သူ့အား တအံ့တသြပြန်မေးလာ၏။
ဝမ့်နျန်ရှန့် က လောထျန်းကိုကြည့်ရင်း ထူးဆန်းသောအပြုံးဖြင့် ပြောလိုက်သည်။
" ဒီလိုအခြေနေတောင် ရောက်နေမှတော့ ဘာလို့ မသိသလို ဟန်ဆောင်နေသေးတာလဲကွာ။ မင်းက သူ့ဆံပင်ကို ဖြတ်တယ်.. ပြီးတော့ ကြည့်တယ် ၊ ထိကြည့်တယ်... နမ်းတောင်နမ်းလိုက်သေးတယ်... "
သူ ထိုသို့ပြောနေရင်း လောထျန်းအား လူထူးဆန်းတစ်ယောက်သဖွယ် ကြည့်လိုက်သေးပါသည်။
လောထျန်းမှာမူ သူ့စကားကို နားမလည်နိုင်ဖြစ်နေကာ ပြန်ပြော၏။
" ဒါနဲ့.. ဒီဟာကို ဘယ်လိုသုံးရလဲဆိုတာ ခင်ဗျားသိလား "
" သုံးမယ်... အဲ့ဟာကို သုံးလို့ရသေးတာလား ။ မင်းတို့ လူငယ်တွေကတော့ အကွက်စုံကို တတ်ကြတယ်ကွာ "
ဝမ့်နျန်ရှန့် က လောထျန်းအား တအံ့တသြမျက်နှာဖြင့် ကြည့်လိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ပြန်ပြောလိုက်၏။
" ဟင်... နှစ်တစ်သောင်းဂျင်ဆင်းဘုရင်ကြီးရဲ့ ဆံပင်မွေးတွေက သိဒ္ဓိဝင်ဆေးအစွမ်းရှိတယ်လို့ ပြောတာမဟုတ်ဘူးလား ။ အခု ကျုပ် ဒီဆံပင်တွေကို ကြည့်ရတာတော့ ဘယ်လိုဆေးအစွမ်းမှလဲ မတွေ့သလိုပဲ "
လောထျန်းက ထိုသို့ပြောပြီး ကြာပွင့်နီဧကရီ၏ ဆံပင်များကို ရှေ့တွင် ယမ်းကြည့်လိုက်သည်။
သူ့စကားကြောင့် ဝမ့်နျန်ရှန့် တစ်ကိုယ်လုံးပင် တုန်သွား၏။
" ခဏနေပါဦး... ခုနက အမျိုးသမီးက ဘယ်သူ... "
သူ တအံ့တသြ မေးလိုက်သည်။
" ဂျင်ဆင်းဘုရင်လေ.. ယောင်ဝမ်တောင်က သိဒ္ဓိဝင်ဆေးပင်ကြီး ။ ကျုပ်က ဒီကို အဲ့အတွက်လာခဲ့တာ "
လောထျန်း ပြန်ဖြေ၏။
ဝမ့်နျန်ရှန့် တစ်ယောက် ချက်ချင်း မျက်နှာကြီးညိုသွားတော့သည်။
ထိုအချိန်မှသာလည်း လောထျန်းက လူမှား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူ သိလိုက်ရခြင်းပင် ။
လောထျန်းက ကြာပွင့်နီဧကရီအား သူနှင့် လူမှားသွားခဲ့ခြင်း ဖြစ်ပါသည်။
ထိုကောင်လေးက တဖက်လူ၏ ဆံပင်များကို လိုချင်နေသည်မှာ မထူးဆန်းတော့ပါ။
" ကျုပ် အလိမ်ခံလိုက်ရပြီလို့ ထင်လားဗျ ။ ကြည့်ရတာ ကြားထားတဲ့သတင်းတွေကိုလဲ မယုံရဘူးနဲ့ တူပါတယ်။ ဒီ ဂျင်ဆင်းကောင်ရဲ့ ဆံပင်တွေက ဘာသိဒ္ဓိဝင်ဆေးမှ မဟုတ်ဘူး ။ နောက်တစ်ခါ အဲ့မိန်းမကို ထပ်တွေ့လို့ကတော့ သူ့လက်တွေကို အရင်ဆုံးဖြတ်ပစ်ဦးမယ် "
လောထျန်းက လက်ထဲမှ ဆံပင်နီများကိုကြည့်ရင်း ဒေါသတကြီး ဆိုလိုက်သည်။
" လက်ကို ဖြတ်ပစ်မယ်... "
ဝမ့်နျန်ရှန့် မှာ ထိုစကားကိုကြားပြီး သူ့လက်သူ ပြန်စမ်းမိသွား၏။
" အင်း... အဲ့လောက်နဲ့လဲ ရမယ်မထင်ဘူး ။ သူ့ခေါင်းကို ဖြတ်ပစ်လိုက်ရင် ပိုကောင်းမလား "
လောထျန်းက ဝမ့်နျန်ရှန့် ဘက် လှည့်ကြည့်ရင်း ထပ်မေးလာသည်။
ဂလု..
ဝမ့်နျန်ရှန့် မှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရပြီး တစ်ကိုယ်လုံးလည်း တုန်သွား၏။
" ဟင်.. ခင်ဗျားက ဘာဖြစ်နေတာလဲ ။ ကြည့်ရတာ နေသိပ်မကောင်းတဲ့ပုံပဲ "
လောထျန်း တဖက်လူကိုကြည့်ကာ စိုးရိမ်တကြီး ထပ်မေးလိုက်သည်။
ဝမ့်နျန်ရှန့် မှာ မပြုံးချင်ဘဲ အတင်းပြုံးပြီး ပြန်ဖြေလိုက်ရ၏။
" ဘာမှမဖြစ်ပါဘူးကွာ... ဘာမှ မဖြစ်ပါဘူး "
ထိုအချိန်တွင် သူ အလွန်လည်း ကြောက်ရွံ့ထိတ်လန့်နေတော့သည်။
ကြာပွင့်နီဧကရီက အဝေးသို့ ထွက်သွားပြီဖြစ်သဖြင့် သူ ဘေးကင်းပြီဟု ထင်ထားချိန်တွင်..
ထင်မှတ်မထားဘဲ သူ့ရှေ့မှလူက ကြာပွင့်နီဧကရီထက်ပင် ပိုကြောက်စရာ ကောင်းနေပါ၏။
" အင်း... ညီလေး ၊ ငါတို့တွေ ငြိမ်းချမ်းရေးကိုပဲ ပိုပြီးရှေးရှုသင့်တယ်ကွ။ ဘာမှမဟုတ်ဘဲ ခေါင်းဖြတ်ဖို့တွေ စိတ်မစောပါနဲ့ဦး "
သူ အပြုံးဖြင့် ဆိုလိုက်သည်။
သို့သော် လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြောလာ၏။
" အဲ့လိုက အလုပ်မဖြစ်ဘူးဗျ ၊ ကျုပ် သိဒ္ဓိဝင်ဆေးကို ဒီနေ့ရမှ ဖြစ်မှာ ။ ဟိုမိန်းမ ဝေးဝေးကြီးတော့ မရောက်လောက်သေးပါဘူး ။ ကျုပ် သူ့ကိုလိုက်ရှာပြီး အပိုင်းပိုင်းဖြစ်အောင် ဖြတ်ပစ်မယ်ဗျာ "
လောထျန်းမှာ အမျိုးသမီးအား လွတ်ပေးလိုက်မိသည့်အတွက် အနည်းငယ်လည်း နောင်တရနေတော့သည်။
ထိုစကားကို ကြားသောအခါ ဝမ့်နျန်ရှန့်၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားပြန်၏။
ယခုတစ်ခေါက် လောထျန်းထွက်သွားပြီး အဖြစ်မှန်များကိုသာ သိလိုက်ပါက... သူ ပြဿနာတက်မည်ကိုလည်း စိတ်ပူသွားပါသည်။
" ခဏလေး နေပါဦးကွာ "
ဝမ့်နျန်ရှန့် အလန့်တကြား အော်လိုက်သည်။
" ဟင်... ဘာဖြစ်လို့လဲ "
လောထျန်းက သူ့ကိုကြည့်ကာ ပြန်မေး၏။
ဝမ့်နျန်ရှန့် ပြောလိုက်သည်။
" အဲ... တကယ်တော့ အဲ့အမျိုးသမီးရဲ့ ဆံပင်တွေက တကယ်လဲ သိဒ္ဓိဝင်ဆေးတွေပဲ ။ သူ မင်းကို လိမ်ခဲ့တာမဟုတ်ဘူး "
လောထျန်း အံ့အားသင့်သွားပြီး သူ့လက်ထဲမှ ဆံပင်ကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။
" လိမ်ခဲ့တာ မဟုတ်ဘူးလား ။ ဒါပေမယ့် .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဒီဆံပင်ကိုလဲ ကြည့်လိုက်ပါဦး... ဒါက သိဒ္ဓိဝင်ဆေးနဲ့ တူလို့လား "
ဝမ့်နျန်ရှန့် က ကြောင်အအ ဆိုလိုက်သည်။
" ငါ့ကို အဲ့ဆံပင်တွေ ပြပေးလို့ရမလား "
လောထျန်း ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက်မှ ခေါင်းညိတ်ကာ ဆံပင်များအား တဖက်လူဆီသို့ ပေးလိုက်သည်။
တဖက်လူက ထိုဆံပင်များနှင့် ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိပေရာ စိတ်ပူစရာ မလိုလှပေ။
ဝမ့်နျန်ရှန့် က ဆံပင်ကိုယူကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးမှ ပြန်ပြော၏။
" ဒီ ဂျင်ဆင်းဘုရင်ကြီးရဲ့ ဆံပင်ကို သိဒ္ဓိဝင်ဆေး ဖြစ်စေချင်လို့ရှိရင်... အရင်ဆုံး ရေနဲ့ဆေးမှရမှာ ။ ငါပြောတာကို မယုံရင် ခဏစောင့်ကြည့်လိုက်ပါ "
သူ ပြောပြောဆိုဆိုပင် အနားမှ တောင်ကျစမ်းရေအိုင်လေး တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
ထို့နောက် လောထျန်းအား ကျောပေးထားရင်း သူ့ဆံပင် လက်တစ်ဆုပ်စာခန့်ကို ဆွဲနှုတ်လိုက်၏။
ဗျိ..
သူ့ဆံပင်များက ကျွတ်လာသည်နှင့် ချက်ချင်းမှာပင် ဂျင်ဆင်းမြစ်များအဖြစ် ပြောင်းသွားတော့သည်။
ဝမ့်နျန်ရှန့် မှာ ထိုဂျင်ဆင်းမြစ်များကိုကြည့်ရင်း ရင်ထဲမှ နာကျင်သွားရပါ၏။
သို့သော်... တခဏအကြာတွင်မူ.. သူ အတင်းပြုံးပြီး လောထျန်းဘက်လှည့်၍ ပြောလိုက်သည်။
" ဒီမှာကြည့် ညီလေး.. "
သူ ထိုသို့ပြောကာ ဂျင်ဆင်းမြစ်များအား လောထျန်းရှေ့ ယမ်းပြလိုက်ပြီး ဆံပင်နီများကို တိတ်တဆိတ် လွင့်ပစ်လိုက်သည်။
ဝီ..
ထိုတခဏ၌ မွှေးကြိုင်လှသော ဆေးနံ့များ တောင်တစ်ခုလုံး ပျံ့သွားပါ၏။
" ဝိုး... တကယ်လဲ သိဒ္ဓိဝင်ဆေးပဲ "
လောထျန်းမှာ ၎င်းကိုကြည့်ရင်း အံ့အားသင့်သွားရှာသည်။
စာစဉ်ပြီး၏