← Chapters

အခန်း ၁၆-၁၈

Vol. 2 Ch. 16-18

အခန်း ၁၆-၁၈

Vol. 2 Ch. 16-18

အပိုင်း (၁၆)- သုန့်ဟွမ်မြို့၏ နံပါတ် ၁ ကျောင်းသား..

လုယုရှုသည် ပိုက်ဆံကိုမြန်မြန်ဆန်ဆန်လွှဲပေးလိုက်သည်။ ချူးယွင်ဖန်းနာမည်နှင့် ဘဏ်အကောင့်ထဲကို ပိုက်ဆံတစ်သိန်းတိုက်ရိုက်လွှဲပေးလိုက်သည်။ ချူးယွင်ဖန်အိမ်ပြန်ရောက်သောအခါ ညဘက်အတော်မှောင်နေသည်။ သူ၏ဖခင်ဖြစ်သူချူးဝမ်ချန်းနှင့် မိခင်ဖြစ်သူ ယန်ယာယွင်တို့က သူနောက်ကျမှအိမ်ပြန်လာသည်ကို မထူးဆန်းတော့ပေ။

သူက မိဘများထံသို့ စာပို့ပြီး ယနေ့ အလုပ်လုပ်နေပြီဖြစ်ကြောင်းနှင့် နှစ်နာရီကြာပြီးမှ အိမ်ပြန်ရောက်မည်ဖြစ်ကြောင်းပြောခဲ့သည်။ ခွန်လွန်းခေတ်က ကျောင်းသားများသည် အမှီအခိုကင်းမဲ့လာပြီး အမြင်ကျယ်လာကြသည်။ သာမန်အလုပ်လုပ်နေသော မိသားစုမှ ကလေးများသည် အချိန်ပိုင်းအလုပ်များလုပ်ကာ သူတို့၏ အသုံးစရိတ်၊ ကျူရှင်စရိတ်၊ မုန့်ဖိုးနှင့် အခြားအရာများအတွက် အသက်ငယ်ငယ်တည်းက အလုပ်လုပ်ကိုင်နေကြသည်မှာ ပုံမှန်လိုဖြစ်နေကြသည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သောနှစ်နှစ်တည်းက အချိန်ပိုင်းအလုပ်များလုပ်ခဲ့ဖူးသူမို့သူ၏ မိဘများက စိတ်မပူတော့ပေ။ သူအိမ်ပြန်ရောက်သောအခါ သူ့မိသားစုက ညစာစားပြီးဖြစ်သည်။ သို့သော် သူ့အတွက်စားစရာတချို့ချန်ထားပေးသည်။ သူ၏မိခင်က ဟင်းများကိုပြန်နွှေးပြီး သူ့အတွက် ပြင်ဆင်ပေးသည်။

သူက ထမင်းစားရင်းနှင့် အနာဂတ်အစီအစဉ်များကိုတွေးတောနေသည်။ သူသည် လုယုရှုဆီမှ ပိုက်ဆံတစ်သိန်းကြိုတင်ရခဲ့သည်။သို့သော် သူသည် ထိုပိုက်ဆံနှင့် ခန္ဓာကိုယ်အားဖြည့်ဆေးဝယ်ရန် အစီအစဉ်မရှိပေ။ သူအိမ်အပြန်လမ်းတစ်လျှောက်တွင် အွန်လိုင်းမှာစစ်ဆေးခဲ့သည်။ သူသည် ထိုဆေးဖော်စပ်ရန် ဆေးမြစ်များကို ငါးသောင်းလောက်နှင့် စျေးမှာဝယ်ယူနိုင်သည်။

တစ်သိန်းဖြင့်ရောင်းနေသော ထိုဆေးမှာ အေးဂျင့်အသီးသီးမှ ပိုင်းဖြတ်ငွေများနှင့် အထွေထွေကုန်ကျစရိတ်များ ကိုပါ ထပ်ပေါင်းထည့်ထားသောကြောင့်ဖြစ်သည်။ ယခုအခါမှာတော့ ထိုဆေးကို တခြားစီးပွါးရေး လုပ်ငန်းများကဲ့သို့ အများကြီးမထုတ်နိုင်သေးပေ။ ရောင်းစျေးတစ်သိန်းကျော်၏ အနည်းဆုံးနှစ်သောင်းလောက်သည် ဆေးပညာရှင်အတွက် စရိတ်ဖြစ်မည်။

တကယ်တော့ ချူးယွင်ဖန်းသည် ဆေးဧကရာဇ်ဆီမှ မှတ်ဥာဏ်များ အမွေရရှိခဲ့သည်။ သူသည် ဆေးဖော်စပ်နည်းများကို ကောင်းမွန်စွာသိနေသည်။ သူကိုယ်တိုင်ဖော်စပ်မည်ဆိုပါက နှစ်သောင်းသက်သာမည်။ ထို့ပြင် သူ၏ မှတ်ဥာဏ်ထဲမှာရှိသော ခန္ဓာကိုယ်အားဖြည့်ဆေးသည် ယခုနာမည်ကြီးနေသောဆေးနှင့် ကွဲပြားသည်။ ထိုအရာသည် ဆေးဧကရာဇ်က ယခင်တုန်းက အဆင့်မြှင့်တင်ပေးခဲ့သော ဖော်စပ်နည်းဖြစ်သည်။ စျေးကွက်ထဲမှာရောင်းနေသော ဆေးထက် အကျိုးသက်ရောက်မှုသည် နှစ်ဆမြင့်မားသည်။

ချူးယွင်ဖန်းသည် ငတုံးတစ်ဦးတော့မဟုတ်ချေ။ သူ့အတွက် ထိုဆေးဧကရာဇ်၏ မှတ်ဥာဏ်သည် မည်မျှအဖိုးတန်ကြောင်း သူသဘောပေါက်သည်။ အဆင့်မြှင့်ထားသောဆေးဖော်စပ်နည်းတစ်ခုတည်းနဲ့တင် လူတစ်ဦးသည် နေ့ချင်းညချင်းချမ်းသာသွားနိုင်သည်။ ဆေးလုံးသည်အခြေခံကျသောအရာတစ်ခုဖြစ်သော်လည်း ဝယ်လိုအားမြင့်သည်။ လူသားများက နှစ်တိုင်းကလေးများစွာမွေးဖွားသောကြောင့် ခန္ဓာကိုယ်အားဖြည့်ဆေးကိုလိုအပ်ကြသည်။

တချို့မိသားစုများကမဝယ်နိုင်သော်လည်း ချမ်းသာသောမိသားစုများအတွက် စျေးကွက်ကများပြားသည်။ သူက အနာဂတ်မှာပိုက်ဆံမရှိမည်ကို မပူပန်တော့ပေ။ သူ၏ ဦးခေါင်းထဲမှာ ဆေးဧကရာဇ်၏ မှတ်ဥာဏ်များရှိနေသေးသရွေ့ သူ၏လက်ရှိအခြေအနေကို ပြောင်းလဲရန်လုံလောက်သည်ဆိုတာ သူသိသည်။ သူလိုအပ်နေသောအရာမှာ အချိန်ဖြစ်သည်။

ယခုအချိန်မှာ အလျင်လိုနေရခြင်းမှာ တစ်လကြာပြီးနောက် မေဂျာခွဲတော့မည့်ကိစ္စကြောင့်ဖြစ်သည်။ ထိုအရာသည် လူတစ်ဦး၏ ကံကြမ္မာကိုအဆုံးဖြတ်ပေးနိုင်သည်။ လုယုရှုပြောသလိုပင် သိုင်းပညာမေဂျာတက်ရခြင်းက သူတို့နောက်ဆက်တွဲဘာဖြစ်မလဲဆိုတာကို မပြောနိုင်ပေ။ အမှတ်-၁၃ အထက်တန်းကျောင်းမှာ ပုံမှန်အတန်းနှင့် အထူးတန်းများရှိသည်။

သူတို့သည် လုယုရှုတက်သည့် အမှတ်-၁ကျောင်းလောက် နာမည်မကြီးသော်လည်း အထူးတန်းအတွက် အထောက်အပံ့များနှင့် ဆရာများသည် သာမန်အတန်းထက် များစွာသာလွန်သည်။ ထို့ပြင် သူ့မှာ ဆေးဖော်စပ်သော မီးဖိုမရှိဘဲ အိမ်မှာဆေးဖော်လို့မရချေ။ စျေးအနိမ့်ဆုံးဆေးတောင်မှ တစ်သိန်းကုန်ကျသည်။ ပိုပြီးကောင်းသော ဆေးများသည် ဆယ်သန်းအထက်နှင့် သန်း ၁၀၀ထိတောင်မှ ရှိသည်။ ထို့ပြင် မှော်အစွမ်းရှိသည့်ဆေးဖော်သည့် မီးဖိုသည်လည်း အလွန်စျေးကြီးသည်။

အကောင်းဆုံးနည်းလမ်းမှာ တည်ငြိမ်သမုဒ္ဓရာမြို့၏ ဆေးပညာရှင်အဖွဲ့အစည်းကိုသွားရောက်ပြီး ဆေးဖော်စပ်သည့် မီးဖိုကို ငှါးရမ်းရန်ဖြစ်သည်။ ပုံမှန်အတိုင်းဆို သူသည်ငှါးရမ်းခပေးရမည်။ စျေးအနိမ့်ဆုံးက တစ်ရက်ကို ၅၀၀၀ကျသင့်မည်။ ထိုအရာသည် သူ့မိဘများ၏ တစ်လလုပ်အားခနှင့်ညီမျှသည်။ ကုန်ကျစရိတ်အကြောင်းတွေးမိလျှင် ချူးယွင်ဖန်းတစ်ယောက် ရင်နာရသည်။

သူ့မိသားစုက ထိုမီးဖိုကိုဝယ်ပေးရန် မတတ်နိုင်တာမို့ သူလုပ်နိုင်တာလည်းမရှိတော့ပေ။ ထိုအတိုင်းသာဆို ခန္ဓာကိုယ်အားဖြည့်ဆေးကို တိုက်ရိုက်ဝယ်ယူလိုက်ခြင်းက ပိုလို့တောင်ကောင်းပေဦးမည်။ ထိုအချိန်မှာ အခန်းထဲမှ သာယာနာပျော်ဖွယ်ကောင်းသော ချူးချင်ရွှေ၏ ရယ်မောသံထွက်လာခြင်းက သူ၏အာရုံကိုဖမ်းစားသည်။ သူမက အမြဲလိုလိုရွှင်ရွှင်ပျပျနေသော်လည်း ထိုကဲ့သို့အားပါးတရရယ်မောသည်မှာ ခပ်ရှားရှားဖြစ်သည်။

“မားမား..ပါးပါး..ကိုကို လာကြည့်ပါဦး။ သမီး ဒီနေ့ငွေရှာနိုင်ပြီ။ ဒီကနေ့ ပြိုင်ပွဲမှာနောက်ခံစကားပြောလုပ်ပေးတာ ဆုကြေးအနေနဲ့ ၁၀၀၀ကျော်ရတယ်”

ချူးချင်ရွှမ်သည် သူမ၏ခေါင်းသေးသေးလေးကို မော့ထားပြီး သူမ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုတစ်ချို့ကိုတွေ့ရသည်။ ငယ်စဉ်ကတည်းက ဖျားနာခဲ့သူမို့ သူမနှင့်ရွယ်တူကလေးများထက် ပိုမိုအတွေးများသည်။သူမ၏ ရောဂါကြောင့် မိသားစုက ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်ဆိုတာ သူမ ကောင်းမွန်စွာသဘောပေါက်သည်။ သူမက အင်တာနက်ပေါ်ကနေပိုက်ဆံရှာပြီး အိမ်စရိတ်ထောက်ပံ့နိုင်မည့်ဖြစ်သောကြောင့် သူမ၏ စိတ်ထဲအနည်းငယ် သက်သာရာရလာသည်။

“ဒီလောက်ပိုက်ဆံအများကြီးရတာဆိုတော့ သမီးက ဘယ်လိုနောက်ခံစကားပြောတာမျိုးလုပ်ပေးရတာလဲ” ချူးဝမ်ချန်းက တက်ဘလတ်ကို ချရင်းမေးသည်။ သတင်းများကိုကြည့်ရမည့်အစား သူ့သမီးလေးကိုကြည့်ရင်း ဝေခွဲမတတ် ဖြစ်လာသည်။ သူ့တစ်လစာကပင် ထောင်ဂဏန်းအနည်းငယ်လောက်ပဲရသည်။ ကုမ္ပဏီကထပ်ဆင့်ပေးသော အကျိုးခံစားခွင့်များပေါင်းထည့်မှသာ တစ်သောင်းနီးပါးရသည်။ ထိုအချိန်မှာ သူ့သမီးလေးက ပြိုင်ပွဲမှာ နောက်ခံစကားပြောခြင်းဖြင့် တစ်ထောင်ကျော်ရလာသည်။ ထိုအရာသည် အရွယ်ရောက်ပြီးသော လူများ၏ လစာတစ်လစာထက်ပိုများနေသည်။

သူမ၏ မိခင်ဖြစ်သူ ယန်ယာယွင်ကလည်းပြောသည်။ “မှန်တယ်။ သမီးက သိုင်းပြိုင်ပွဲတွေအတွက် နောက်ခံစကားပြောတင်ဆက်သူလုပ်တော့မယ်ဆိုကတည်းက မားမားရှာကြည့်ခဲ့တယ်။ သမီးလို နောက်ခံစကားပြောသူအသစ်ဆိုလျှင်တောင်မှ တစ်လမှာ ၁၀၀၀ သို့ ၂၀၀၀ လောက်ပဲရှာနိုင်တာ”

အသက်မပြည့်သေးသောကလေးများအတွင် အလုပ်အာမခံချက်မြင့်လာပြီး အွန်လိုင်းသိုင်းပြိုင်ပွဲများအတွက် နောက်ခံစကားပြောတင်ဆက်သူပြုလုပ်ခြင်းမှာ အန္တရာယ်မရှိဘူးဆိုသော်ငြား သူမ၏မိခင်က စိတ်ပူမိသည်။ သူမသည် အလုပ်၏ အခြေခံအချက်များကို လေ့လာခဲ့သည်။ ယခင်ရာစုနှစ်များလိုပင် ဤအရာမှာလည်း နယ်ပယ်ကျယ်ပြန့်သည်။ ထိပ်တန်းနောက်ခံစကားပြောတင်ဆက်သူအချို့သည် တစ်နှစ်မှာ ဆယ်သန်းဝင်ငွေရချိန်တွင် လူသစ်လေးများအတွက် တစ်လ ၁၀၀၀ သို့ ၂၀၀၀ ရနေသည်မှာ ဝင်ငွေကောင်းသည်ဟု ဆိုနိုင်သည်။ တချို့လူသစ်များကတော့ ထိုမျှလောက်မရပေ။

သူ့မိဘများ၏ စိုးရိမ်တကြီးဖြစ်နေသောအရိပ်အယောင်ကိုမြင်ရသဖြင့် ချူးချင်ရွှမ်က လျှာလေးထုတ်ရင်း “ ဒါကအများကြီးမှ မဟုတ်တာ။ ဒါပေမဲ့ သမီးမနေ့က ပြိုင်ပွဲကြီးတစ်ခုအတွက် တင်ဆက်သူလုပ်ပေးခဲ့တာ။ ပွဲကြည့်ပရိတ်သက်က သမီးအရင်လုပ်ခဲ့ဖူးတဲ့ပွဲတွေထက် ဆယ်ဆများတယ်။ တချို့ပရိတ်သက်တွေက သမီးတင်ဆက်တာကို သဘောကျပြီး မုန့်ဖိုးတွေပေးသွားကြတယ်”ဟု ဆိုသည်။

ချူးချင်ရွှမ်၏ ရှင်းပြတာကိုကြားပြီးမှ သူတို့စိတ်သက်သာရာရကုန်သည်။ ချူးဝမ်ချန်းက ထပ်မေးသည်။ “ဘယ်သူ့ပြိုင်ပွဲမို့လို့ ပရိတ်သက်များရတာလဲ”

“သုန့်ဟွမ်မြို့ရဲ့ နံပါတ်တစ်ကျောင်းသားလို့ လူသိများတဲ့သုန့်ဖန်ဟောင် ပွဲပါ။ ပါးပါးတို့က သူဘယ်လောက်တော်လဲဆိုတာ သိမှာမဟုတ်ဘူး။ သူက တန်ခိုးသန့်စင်ခြင်းအဆင့်မှာရှိတဲ့ သိုင်းပညာရှင်ကို ဒီကနေ့ သူက စိန်ခေါ်ခဲ့တယ်။ သူတို့နှစ်ဦးရဲ့ ပြိုင်ပွဲကို တစ်ပြိုင်တည်းမှာ လူတစ်သန်းကျော်အားပေးကြတယ်။ သမီးတို့ရဲ့ အလုပ်က ရုပ်သံထုတ်လွှင့်ခွင့်ရတာက ကံကောင်းတယ်ဆိုရမယ်” ချူးချင်ရွှေက ပြန်လည်ရှင်းပြသည်။

“သုန့်ဖန်ဟောင်က တန်ခိုးသန့်စင်ခြင်းအဆင့်မှာရောက်နေပြီလား” ချူးယွင်ဖန်က ထမင်းစားခန်းထဲမှနေပြီး လှမ်းမေးသည်။ သူညီမလေးပြောတာကြားပြီး သူမအံ့ဩဘဲမနေနိုင်ပေ။ သူသည် သုန့်ဖန်ဟောင်ဆိုသော နာမည်ကိုကြားဖူးနေသည်။ သုန့်ဟွာမြို့မှာ လူသန်းတစ်ရာနီးပါးရှိသည်။ ကမ္ဘာ၏ မြို့ကြီးဆယ်မြို့ထဲမှ တစ်မြို့ဖြစ်သည်။ သူတို့ထဲမှာ အလွန်တော်သော အထက်တန်းကျောင်းသားများရှိသည်။

သုန့်ဖန်ဟောင်သည် နံပါတ်တစ်ကျောင်းသားဖြစ်တာမို့ သူဘယ်လောက်ကြောက်ဖို့ကောင်းမလဲဆိုတာ တွေးကြည့်ရုံနှင့် သိနိုင်သည်။ ဥပမာအားဖြင့် သူတို့အခန်း၏ အတော်ဆုံးကျောင်းသား/သူ သုံးဦးဖြစ်သော ဖန်ဒေယင်း၊ ဂေါင်ဟုန်ချီ နှင့် တန်စီယုတို့သည် အခြေတည်အဆင့်-၉မှာသာ ရှိနေကြသည်။ ချီပင်လယ်အဆင့်သည် အခြေတည်အဆင့်ပြီးမှဖြစ်သည်။ ထို့နောက်မှ တန်ခိုးသန့်စင်ခြင်းအဆင့်ကိုရောက်ကြသည်။ ထိုကဲ့သို့လေ့ကျင့်ခြင်းအခြေခံသည် သူတို့ အမှတ်-၁၃ကျောင်းမှာရှိနေသော ဆရာတချို့ထက်သာလွန်သည်။ ကျောင်းမှာရှိသော ဆရာအများစုသည် စာပေသမားများဖြစ်ကြပြီး အနည်းငယ်မှာသာ ချီပင်လယ်အဆင့်တွင် ရှိကြသည်။ တချို့သော ဆရာကြီးများမှာသာ တန်ခိုးသန့်စင်ခြင်းအဆင့်ရှိကြသည်။

“မှန်တယ် သူက အရမ်းကိုတန်ခိုးကြီးတယ်။ လူတိုင်း ဒီနေ့မှာ အံ့အားသင့်ကြရတယ်။ သုန့်ဖန်ဟောင်က ချီပင်လယ်အဆင့်မှာရှိတယ်လို့ ကောလဟာလဆိုကြတယ်။ သူက တန်ခိုးသန့်စင်ခြင်းအဆင့်ကို ဘယ်သူ့ကိုမှ မပြောပြဘဲနဲ့ရောက်နေခဲ့တာ။ သေချာတာက နောက်နေ့သတင်းစာတွေမှာ သူ့အကြောင်းပါလာတော့မယ်။ ဒါပေမဲ့ သမီးတို့ကမ္ဘာကြီးက ဘာမှမဟုတ်ဘူးဆိုတာ အင်တာနက်ပေါ်မှာရှာတွေ့ခဲ့တယ်။ တကယ့်တန်ခိုးကြီးပုဂ္ဂိုလ်တွေက ခွန်လွန်းခေတ်မှာပဲရှိတာ။ ခွန်လွန်းခေတ်က စိတ်ဝိဥာဉ်တန်ခိုးက ကမ္ဘာမြေပေါ်ကအရာတွေထက် ဆယ်ဆပိုပြီး ထူထပ်တယ်။ အဲ့နေရာမှာ တန်ခိုးရှင်တွေများစွာရှိမှာ။ တန်ခိုးသန့်စင်ခြင်းအဆင့်မှာရှိတဲ့ အထက်တန်းကျောင်းသားအများကြီးမရှိပေမဲ့ သူတို့ဆီမှာတော့ မရှားလောက်ဘူး။ အစတုန်းက အလိမ်အညာလို့ထင်ခဲ့ပေမဲ့ အခုတော့တကယ့်အမှန်တရားပုံပေါက်တယ်”

“တကယ်တော်တဲ့ကျောင်းသားပါ။ သူက ဖက်ဒရေးရှင်းတက္ကသိုလ်ကို ဝင်ဖို့စိတ်ကူးထားလျှင် သူက သေချာပေါက်ဝင်ခွင့်ရမှာ။ လုံးဝသေချာတယ်”ဟု ချူးဝမ်ချန်းက ပြောသည်။

တကယ်တော့ သူလုံးဝမမှုချေ။ မကြာသေးခင်ကပင် လူသားများကြား ပါရမီရှင်များတစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။ မျိုးဆက်သစ်တွေဖြစ်လာလေလေ ပါရမီရှင်တွေက ပိုမိုပြီး အားကောင်းလေလေ ဖြစ်သည်။

“လွန်ခဲ့သော နှစ်တစ်ရာခန့်က ချီပင်လယ်အဆင့်မှာရှိနေရုံနဲ့ အထက်တန်းကျောင်းသားများက ထိပ်သီးကျောင်းဆယ်ကျောင်းကိုတက်ရောက်နိုင်ပြီး ဖက်ဒရေးရှင်းတက္ကသိုလ်ကိုဝင်ခွင့်ရတယ်။ ခုတော့ ချီပင်လယ်အဆင့်မှာရှိတဲ့ကျောင်းသားတွေကသာမန်တက္ကသိုလ်တွေကိုတောင် ဝင်ခွင့်မရတော့ဘူး။ လူသားတွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ထက်မြက်လာကြတယ်”

ချူးချင်ရွှမ်က ထောက်ခံပြီး” ဟုတ်ပါ့။ အင်တာနက်ပေါ်မှာ ကျွမ်းကျင်သူတစ်ဦးပြောတာကြားဖူးတယ်။ သမီးတို့ ရာစုနှစ်တစ်ခုပဲ အချိန်ယူရတဲ့ခရီးက ရှေးဟောင်းလူသားများခေတ်မှာဆို နှစ်ပေါင်းတစ်ထောင်လောက်အချိန်ယူရတယ်။ သမီးတို့က နေ့တိုင်းလိုလို အရှိန်ဟုန်ခပ်ပြင်းပြင်းနဲ့ တိုးတက်နေတယ်”

ချူးဝမ်ချန်း နှင့် ချူးချင်ရွှမ်သည် သုန့်ဖန်ဟောင်၏ ရလဒ်ကိုပုံပြင်တစ်ခုသဖွယ်သာ မှတ်ယူကြသည်။ သူတို့အတွက် သုန့်ဖန်ဟောင်သည်အလှမ်းဝေးလွန်းသည်။ တစ်ဖက်မှာတော့ ချူးယွင်ဖန်းအတွက်က ကွဲပြားသည်။ သူ့ထက် သုန့်ဖန်ဟောင်က အဆပေါင်းများစွာ အားကောင်းသော်လည်း အနာဂတ်မှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာပြောဖို့ခက်သည်။

ဆေးပညာရှင်ဧကရာဇ်၏ မှတ်ဥာဏ်များက သူတစ်ခါမှ မရင်ဆိုင်ဖူးသော တိုက်ပွဲများကိုရင်ဆိုင်ရစေနိုင်သည်။ သူ့အတွက် ယခင်တုန်းက ဒဏ္ဍာရီဆန်ဆန်ဖြစ်နေသော လူသားများကို အမှီလိုက်ချင်သည်။ တကယ်တော့ သူတို့တစ်ဦးချင်းစီကို ဖြတ်ကျော်ပြချင်သည်။ သူ့မိဘများနှင့် ခဏစကားပြောပြီးနောက် ချူးယွင်ဖန်းသည် အခန်းဆီပြန်လာခဲ့သည်။ နောက်တစ်နေ့မှာ ဆေးပညာရှင်အဖွဲ့အစည်းကိုမသွားခင်မှာ သူလုပ်ဆောင်ရမည့်လုပ်ငန်းတစ်ခုရှိသည်။ သူမဖြစ်မနေလုပ်ဆောင်ရမည့်အရာဖြစ်သည်။

ဧကရာဇ် အမွေခံ

ဘာသာပြန် စာရေးသူ မုန်းယာ

အပိုင်း (၁၇)- ဆေးပညာရှင် အဖွဲ့အစည်း

ရှေးဟောင်းလူသားများခေတ်ကတည်းက ဆေးပညာသည် ရှားပါးသောအသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်သည်။ လူတစ်ဦးသည် ဗဟုသုတများစွာရှိဖို့လိုသည့်အပြင် အထောက်အပံ့များစွာရှိရန်လည်း လိုအပ်သေးသည်။ အဖွဲ့အစည်းကြီးများနှင့် ဂိုဏ်းကြီးများကသာ ဆေးပညာရှင်များကို အထောက်အပံ့ပေးနိုင်သည်။ အရည်အချင်းရှိသောဆေးပညာရှင်များတောင်မှ ဆေးစတင်ဖော်သည်နှင့် ထို အသက်မွေးဝမ်းကျောင်းအလုပ် ကို ယူရန်မဖြစ်နိုင်ပေ။

ဆေးဖော်စပ်နေစဉ်မှာ သူတို့သည် ထိုလုပ်ငန်းစဉ်များနှင့် ရင်းနှီးကျွမ်းဝင်အောင်ပြုလုပ်ရသည်။ ထိုအရာသည် သူတို့၏ အစွမ်းများကို မည်သို့မည်ပုံ တိုးတက်အောင်ပြုလုပ်သည်နည်းဆိုသော အချက်ဖြစ်သည်။ တစ်ဆက်တည်းမှာ ဆေးလုံးတစ်လုံးဖော်စပ်ရန် ကုန်ကျစရိတ်များစွာရှိသည်။ ဆေးဖော်စပ်ရန် မီးဖို၊ စမ်းသပ်ခန်း၊ ဆေးဖော်စပ်နည်းများ၊ ဆေးမြစ်များနှင့် အခြားအရာများအားလုံးသည် ပိုက်ဆံများစွာကုန်ကျသည်။ လူတိုင်း ထိုကုန်ကျစရိတ်ကို တတ်နိုင်ဖို့ မလွယ်ချေ။

ယနေ့ခေတ်တွင်လည်း ထိုကဲ့သို့ဖြစ်သည်။ ဆေးမြစ်၊ သစ်ဥ၊ သစ်ဖုများကို အများအပြားစိုက်ထားပြီး ဆေးဖော်သည့်မီးဖိုများကို ခေတ်သစ်နည်းပညာဖြင့် အမြောက်အမြားထုတ်လုပ်နိုင်သော်လည်း ဆေးပညာရှင်အရေအတွက်သည် ဆေးဧကရာဇ်၏ မှတ်ဥာဏ်ထဲက အရေအတွက်ထက် နည်းပါးနေသည်။ အကြောင်းရင်းမှာ ခေတ်သစ်ဆေးပညာရှင်များမှာ သူတို့၏ဗဟုသုတများ မရှိခြင်းကြောင့်ဖြစ်သည်။ ဆေးပညာရပ်တစ်ခုတည်းမှာ ထိုကဲ့သို့ဖြစ်ခြင်းမဟုတ်ပေ။ သိုင်းပညာနှင့်ပတ်သက်သောအချက်အလက်များလည်း မပြည့်စုံပေ။

အကြောင်းရင်းမှာ လူသားများသည် ရှေးဟောင်းလူသားများခေတ်၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ တူးဖော်ရရှိသေးသည်။ အပျက်အစီးများမှ ရရှိသော သိုင်းပညာနှင့်သက်ဆိုင်သော ဗဟုသုတများသည် ချူးယွင်ဖန်း၏ မှတ်ဥာဏ်ထဲမှာရှိနေသော ဧကရာဇ်များ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သည့် သိုင်းပညာထွန်းကားခဲ့သော ရှေးဟောင်းလူသားများခေတ်နှင့် မယှဉ်နိုင်ပေ။ သို့သော်ငြား ယနေ့ခေတ်၏ သိုင်းပညာအဆင့်အတန်းကိုလည်း လှောင်ပြောင်သရော်လို့မရပေ။

ဆန့်ကျင်ဘက်အနေနှင့် သိုင်းပညာသည် ဖြည်းဖြည်းချင်းစီတိုးတက်နေပြီး တူးဖော်ရရှိနေသော အပျက်အစီးများလည်း အမြဲလိုလိုရှိနေသည်။ ရှေးဟောင်းလူသားများခေတ်က သတင်းအချက်အလက်များသည် ပိုပိုပြီး ပေါ်လာကြသည်။ ထို့ကြောင့်ပင် ထိပ်သီးလူသားသိုင်းပညာရှင်များသည် မယုံနိုင်လောက်သောအရှိန်ဖြင့် တိုးတက်ပြောင်းလဲနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်းမှာ ထိပ်သီးတန်ခိုးရှင်တစ်ဦးသည် သစ်လွင်သောအဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့သည်။ သူတို့အတွက်ကျင့်ကြံရန် သင့်တော်သောနည်းလမ်းများကိုလည်း မကြာခင်မှာရှာဖွေတွေ့ရှိခဲ့ကြသည်။

ခွန်လွန်းခေတ်စတင်သောအခါ စစ်တပ်ထဲမှာရှိသော တန်ခိုးရှင်အချို့သာ ချီပင်လယ်အဆင့်ကိုတက်လှမ်းနိုင်ကြသည်။ သို့သော်လည်း ယခုအခါမှာ လူတိုင်းလိုလိုရောက်နိုင်ကြသည်။ ဆယ်စုနှစ်များစွာအပတ်တကုတ်ကြိုးစားလေ့ကျင့်ပါက အနိမ့်ဆုံးအရည်အချင်းရှိသည့်လူတောင်မှ ချီပင်လယ်အဆင့်ကိုရောက်ရှိနိုင်ကြသည်။

ဆေးပညာစနစ်၏ ရှာဖွေတွေ့ရှိမှုသည် သိုင်းပညာစနစ်ရှာဖွေတွေ့ရှိမှုနှင့် နှိုင်းယှဉ်ပါက နောက်ကျသည်။ သတင်းအချက်အလက်များကို စနစ်အဖြစ်သို့ လွန်ခဲ့သောနှစ်၂၀၀ခန့်မှသာ ဖွဲ့စည်းနိုင်ခဲ့သည်။ ဖက်ဒရေးရှင်းအစိုးရသည် သုတေသနလုပ်ငန်းများကို တတ်နိုင်သမျှ အစွမ်းကုန်ထောက်ပံ့ပေးခဲ့သည်။ သို့သော် ဖွံ့ဖြိုးတိုးတက်မှုသည် နှေးကွေးနေဆဲဖြစ်သည်။

ဆေးဧကရာဇ်၏ မှတ်ဥာဏ်များကို ရရှိထားသောချူးယွင်ဖန်းအနေနှင့် အဆင့်အတန်းသည် နိမ့်ကျနေဆဲဖြစ်သည်။ ရှေးဟောင်းလူသားများခေတ်၏ အမြင့်ဆုံးအခြေအနေနှင့် အကွာကြီးဖြစ်နေသည်။ ထိုအရာသည် ချူးယွင်ဖန်း၏ မှတ်ဥာဏ်ထဲမှာရှိနေသော ဆေးဧကရာဇ်ကဲ့သို့ ပါရမီရှင်နှင့် နှိုင်းယှဉ်ထားခြင်းမဟုတ်ပေ။

ယနေ့ခေတ်မှာ ဆေးပညာရှင်အဖွဲ့အစည်းသည် ဆေးပညာရှင်များနှင့်သက်ဆိုင်သော ကိစ္စရပ်များကို စီမံခန့်ခွဲနေသည်။ ဆေးပညာရှင်အဖွဲ့အစည်းကို တရားဝင်အဖွဲ့အစည်းတစ်ခုကဲ့သို့မှတ်ယူနိုင်သည်။ ဖက်ဒရေးရှင်းအစိုးရက လစာပေးပြီး ထောက်ပံ့သော်လည်း အဖွဲ့အစည်း၏ ဥက္ကဌသည် သမိုင်းဝင်ဆေးပညာရှင်ဖြစ်သူ ဒုချင်းထောင် ဖြစ်သည်။ သူ့ကို ဆေးဘုရင်ဟုလည်း သိကြသည်။

ဒုချင်းထောင်သည် လွတ်လပ်သောလူတစ်ဦးဖြစ်သည်။ သူသည် ဖက်ဒရေးရှင်းအစိုးရအတွက် အလုပ်မလုပ်ပေ။ သူ၏ ဆေးပညာစွမ်းရည်များသည် ယခုအချိန်လူလောကမှာ ပြိုင်ဘက်ကင်းဖြစ်သည်။ သူဖော်စပ်သောဆေးမှန်သမျှကို လူချမ်းသာများက အလုအယက်ဝယ်ယူကြသည်။ သူဖော်စပ်သောဆေးများသည် များပြားလှစွာသောတန်ခိုးရှင်များကို ကူညီပေးခဲ့သည်။ ထို့ကြောင့် သူ့ကို အလေးပေးဆက်ဆံကြသည်။

သူ့အား အထောက်အပံ့ပေးနေသော ပညာရှင်များစွာနှင့်ရင်ဆိုင်ရမည်ကိုတွေး မိပြီးမည်သူကမှ သူ့ကိုမဆန့်ကျင်ရဲပေ။ ထို့အပြင် သူကိုယ်တိုင်လည်း သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ဒုချင်းထောင်သည် သူတို့ထဲမှာ အင်အားအကြီးဆုံးမဟုတ်သော်လည်း ဖက်ဒရေးရှင်းအစိုးရက နှစ်တိုင်းလိုလို ဩဇာတိက္ကမကြီးမားသောလူအဖြစ် သူ့အားရွေးချယ်သည်။ သူဦးဆောင်သော ဆေးပညာရှင်အဖွဲ့အစည်းကို အစိုးရကတောင်မှ ကြောက်ရသောကြောင့် သူ၏လုပ်ငန်းများကို မနှောင့်ယှက်ရဲကြပေ။

အဖွဲ့ထဲဝင်သော ဆေးပညာရှင်များသည် ဆေးဖော်စပ်ဖို့ သစ်မြစ်၊ သစ်ဖုများအပါအဝင် အကျိုးအမြတ်များစွာရရှိကြသည်။ သူတို့မှာ ရှေးဟောင်းဆေးဖော်စပ်ရန်နည်းလမ်းများ အမျိုးအစားစုံလင်သည်။ တွန်းအားတစ်ခုအနေနှင့် ဆေးပညာရှင်များစွာသည် အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာကြသည်။ ဆေးပညာရှင်တိုင်းက အဖွဲ့အစည်းထဲမဝင်ကြပေ။

အကြောင်းရင်းမှာ တစ်ဖက်မှာအကျိုးအမြတ်များစွာရှိနေသော်လည်း တစ်ဖက်မှာကန့်သတ်ချက်များလည်း ရှိနေသည်။ တချို့ဆေးပညာရှင်များကကိုယ်ပိုင်ကုမ္ပဏီများတည်ထောင်ကာ သူတို့ကံကြမ္မာသူတို့ကိုယ်တိုင်ဖန်တီးကြသည်။ တချို့သည် ဖက်ဒရေးရှင်းအစိုးရ၊ သူတော်စင်နယ်မြေများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများမှာအလုပ်လုပ်ကြသည်။

ဆေးပညာရှင်အဖွဲ့အစည်းကို ဝင်ရောက်လိုလျှင်ဖြစ်စေ မဝင်ရောက်လိုလျှင်ပဲဖြစ်စေ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီရမည်။ ဆိုလိုသည်မှာအဖွဲ့အစည်းက စမ်းသပ်စစ်ဆေးသော စာမေးပွဲကိုအောင်မြင်ရမည်။ အဖွဲ့အစည်း၏ စမ်းသပ်စစ်ဆေးမှုကိုမအောင်မြင်လျှင် ဆေးဖော်စပ်သည့်မီးဖိုကိုတောင်မှ မငှါးရမ်းနိုင်ပေ။ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဖက်ဒရေးရှင်းအစိုးရနှင့် ကုမ္ပဏီကြီးများမှာ ဆေးပညာအဖွဲ့အစည်း၏ လက်မှတ်မပါပါက သူတို့ကိုယ်ပိုင်မီးဖိုများဝယ်ယူပြီး ဆေးဖော်စပ်ရန်ပစ္စည်းများလည်း ဝယ်ယူရမည်။

ထိုနေ့က အိမ်အပြန်လမ်းတစ်လျှောက်လုံးမှာ ချူးယွင်ဖန်သည် အနည်းအကျဉ်းရှာဖွေစူးစမ်းခဲ့သည်။ ဆေးပညာရှင်အဖွဲ့အစည်းက ပေးသောစာရွက်စာတမ်းများအရ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းကို ပညာသင်အဆင့်၊ အလုပ်သင်အဆင့်၊ ဆေးပညာရှင်နှင့် ကျွမ်းကျင်သူအဆင့်ဟူ၍ အမျိုးစားများခွဲခြားထားသည်။ တစ်ဆင့်ချင်းစီမှာ ကနဦးအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ဟု ခွဲခြားထားသည်။ ထိုသုံးဆင့်အပြင် ဆေးဘုရင်အဆင့်ကိုတက်လှမ်းနိုင်သူမှာ ဒုချင်းထောင် တစ်ဦးတည်းသာရှိသည်။

ပညာသင်အဆင့်သတ်မှတ်ချက်များက ရိုးရှင်းလှသဖြင့် လက်မှတ်ရပညာသင်အဆင့်များပြားစွာရှိသည်။ ရိုးရှင်းသောဆေးများ ဖော်စပ်နိုင်ဖို့သာလိုအပ်သည်။ ခန္ဓာကိုယ်အားဖြည့်ဆေးသည် ထိုဆေးများထဲမှတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဆေးဖော်စပ်နည်းများကိုကျယ်ပြန့်စွာရနိုင်သော်လည်း တစ်ဦးနှင့်တစ်ဦးကြား အောင်မြင်သည့်နှိုင်းထားများမှာ ကွဲပြားသည်။

ဒုချင်းထောင်သည် ခန္ဓာကိုယ်အားဖြည့်ဆေးဖော်စပ်မှုမှာ ၁၀၀% အောင်မြင်မှုရှိသည်။ ဆန့်ကျင်ဘက်အနေနှင့် ပညာသင်များက ထိုဆေးဖော်စပ်လျှင် အောင်မြင်မှုသည် ၁၀%လောက်ပင်မရှိပေ။ ပညာသင်အဆင့်မှ အလုပ်သင်အဆင့်ကိုတက်ရောက်လိုလျှင် ဆေးဖော်စပ်မှု အနည်းဆုံးအကြိမ် (၁၀၀) လုပ်ဆောင်ရန်လိုအပ်ပြီး ကုန်ကျစရိတ်မှာလည်း အနည်းဆုံးတစ်သန်းလောက်ရှိသောကြောင့် သာမန်လူများအဖို့ မတတ်နိုင်ပေ။ ပညာသင်အဆင့်မှာ ၁၀% အောင်မြင်မှုကိုရလိုလျှင် ဆေးဖော်စပ်မှုများကို လက်တွေ့လုပ်ဆောင်ရန်လိုအပ်သည်။

ချူးယွင်ဖန်တို့ကျောင်းမှာ ပညာသင်လိုင်စင်ရရှိပြီးသော ကျောင်းသား သုံးဦးမှ ငါးဦးထိ ရှိသည်။ ထိုကျောင်းသားများသည် လူကုံထံအသိုင်းအဝိုင်းမှ ဆင်းသက်လာကြသည်။ သူ့သူငယ်ချင်းဖြစ်သူ ဂေါင်ဟုန်ချီ၏ မိသားစုကလည်း သူ့အား ဆေးပညာသင်ရန် ပံ့ပိုးနိုင်သော်လည်း ထိုအရာက သူ့ရည်မှန်းချက်မဟုတ်ပေ။ လူတိုင်းမှာ ဆေးဖော်စပ်နိုင်သည့်အရည်အချင်းမျိုးမရှိပေ။ လူသိနည်းသော အမှတ်-၁၃ကျောင်းမှာပင် ထိုကဲ့သို့ဖြစ်တာမဟုတ်ဘဲ ထိပ်သီးကျောင်းများမှာလည်း ပညာသင်အဆင့် ဆေးပညာလိုင်စင်ရရှိသူသည်အနည်းငယ်ပဲရှိသည်။ ထိုကျောင်းများမှာ သူတို့ကျောင်းထက် လက်မှတ်ရသူပိုများပြီး အရည်အချင်းလည်း ပိုရှိကြသည်။

ထို့ကြောင့် ပညာသင်အဆင့်လက်မှတ်ရရှိသောကျောင်းသားများသည် ဆုရကျောင်းသားများဖြစ်သည်။ ယနေ့ခေတ်တက္ကသိုလ်များတွင် ဆေးပညာပါရမှပါသူများကိုလေ့ကျင့်သင်ကြားပေးမည့် ဆေးပညာဌာနလည်းရှိသည်။ဆေးပညာဌာနကျောင်းဆင်းများကို မည်သည့်နေရာမှာမဆို လိုအပ်ချက်မြင့်မားကြသည်။

ဖက်ဒရေးရှင်းအစိုးရ၊ စစ်တပ်နှင့် သူတော်စင်နယ်မြေကိုးခုကလည်း ထိုကဲ့သို့အရည်အချင်းများကို လိုအပ်ကြသည်။ လိုင်စင်ရပြီးသား အထက်တန်းကျောင်းသားများသည် သာမန်တက္ကသိုလ်၏ ဆေးပညာဌာနတွင် နေရာတစ်နေရာတော့ သေချာပေါက်ရမည့်အာမခံချက်ရှိသည်။

သူတို့သာ ထိပ်သီးကျောင်းများကို ဝင်နိုင်ပါက အပိုဆုကြေးရမည်ဖြစ်သည်။ သုန့်ဟွမ်မြို့၏ ထိပ်သီးကျောင်းများမှာ ဆေးပညာအလုပ်သင်လိုင်စင်ရသောအထက်တန်းကျောင်းသားများရှိသည်ဟု ဆိုကြသည်။ ထိုသူများစည် ထိပ်သီး ဆေးပညာကျောင်းဆယ်ကျောင်း၏ဝင်ခွင့်စာမေးပွဲများကို သေချာပေါက်အောင်မြင် မည့်သူများဖြစ်သည်။ပရော်ဖက်ရှင်နယ်အဆင့် ထူးခြားသောအရည်အချင်းများရှိသောသူများကို ဖက်ဒရေးရှင်းအစိုးရကလည်း မျက်စိကျသည်။

ဆေးပညာရှင်အများစုသည် မြန်မြန်ဆန်ဆန် ကြွယ်ဝချမ်းသာလာကြသည်။ ယခင်ကဆင်းရဲချို့တဲ့လျှင်တောင်မှ ဆေးပညာရှင်ဖြစ်ပြီးနောက် နေ့တွင်းချင်းညတွင်းချင်း ချမ်းသာလာကြသည်။ သာမန်လူတစ်ဦးကလည်း ဆေးပညာရှင်ဖြစ်နိုင်သည်။ ချမ်းသာသောမိသားစုမှပေါက်ဖွားလာသည့်လူများထက်တော့ သူတို့အတွက် ဆေးပညာရှင်ဖြစ်ရန် ပိုမို ခက်ခဲကြမ်းတမ်းလိမ့်မည်။ ဒုချင်းထောင်သည် ဆင်းရဲချို့တဲ့စွာမွေးဖွားလာသည်။ သူသည် ရှေးဟောင်းလူသားများခေတ်က ပညာအမွေများကို ကံကောင်းထောက်မစွာရခဲ့သည်။ သူသည် ဆေးပညာရှင်လမ်းကိုလျှောက်လှမ်းရင်း ဘုရင်တစ်ဆူဖြစ်လာသည်အထိ နာမည်ကြီးခဲ့သည်။

ဆေးပညာရှင်အဖွဲ့အစည်းကိုတည်ထောင်ကတည်းက သူသည်ဆေးပညာလောကအတွက် ပြောင်းလဲဖွဲ့စည်းမှုများလုပ်ခဲ့ပြီး ကြိုးစားရုန်းကနနေရသော သာမန်ဆေးပညာရှင်များကို အခွင့်အရေးများပေးခဲ့သည်။ဆေးပညာရှင်အများစုက မွေးရာပါချမ်းသာကြသော်လည်း သာမန်အနေအထားရှိသည့် ဆေးပညာရှင်များလည်း တဖြည်းဖြည်းများပြားလာသည်။ သူတို့ကို အထင်သေးလို့မရပေ။

အရေးကြီးဆုံးက ဆေးပညာ အွန်လိုင်းဆော့ဖ်ဝဲကိုလည်း ထုတ်လွှင့်ထားသည်။ ကွန်ယက်ရရှိမှုအနေအထားနှင့် အခြေအနေပေါ်မူတည်ပြီး သာမန်လူတန်းစားများသည် အခြေခံဆေးပညာကိုလေ့လာနိုင်သည်။ အွန်လိုင်းနှင့်ပြင်ပမှာလက်တွေ့လေ့ကျင့်မှုများ၏ မြန်ဆန်မှုကို ယှဉ်၍မရပါ။ သို့သော်လည်း လူတစ်ဦးက အရည်အချင်းရှိမရှိဆိုတာ ဆုံးဖြတ်နိုင်သည်။ အရည်အချင်းရှိလျှင် သူတို့၏ ငွေကြေးပိုင်ဆိုင်မှုကို မကြည့်ဘဲ အဖွဲ့အစည်းက လူကိုသာအလေးပေးသည်။

အရည်အချင်းရှိသူများကို ဆေးပညာအဖွဲ့အစည်းက လေ့ကျင့်သင်ကြားပေးနိုင်သည်။ကုမ္ပဏီနှင့် အဖွဲ့အစည်းကြီးများကလည်း ဝန်ထမ်းများကို ထိုကဲ့သို့နည်းလမ်းဖြင့် ဖြည့်တင်းကြသည်။ ထိုသူများကို အဖွဲ့အစည်းများက လိုအပ်သည့်ပစ္စည်းများထောက်ပံ့ပေးသည်။ တန်ရာတန်ကြေးအနေဖြင့် သူတို့ကိုထောပ်ပံ့ပေးသော လူများနှင့် အလုပ်စာချုပ်ချုပ်ဆိုရသည်။သူတို့ဘွဲ့ရလျှင် ထိုသူများအတွက်အလုပ်လုပ်ပေးရမည်။ သာမန်လူများအဖို့ ထူးချွန်နိုင်မည့်နည်းလမ်းမှာ ထိုနည်းလမ်းပဲရှိတော့သည်။ မမျှတသည်ဟု ထင်ရသော်ငြား သာမန်လူတန်းစားအဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

ဆေးပညာအွန်လိုင်းဆော့ဖ်ဝဲကြောင့် အလားအလာရှိသောပညာသင်များသည် ဆေးပညာအဖွဲ့အစည်းကိုကိုယ်တိုင်သွားရမည့်အစား အွန်လိုင်းပေါ်တွင် စာမေးပွဲဖြေဆိုနိုင်သည်။ သူတို့က ဖော်စပ်ချင်သော ဆေးအမျိုးအစားကိုလည်း ပညာသင်အတွက်တောင်မှကန့်သတ်ထားခြင်းမရှိပေ။ လိုင်စင်မရသူများက တရားမဝင်ဘဲ အစိုးရကလည်း ကာကွယ်ပေးနိုင်မည်မဟုတ်ချေ။ အလုပ်သင်များကိုတရားဝင်ဆေးပညာရှင်များဟု မှတ်ယူကြသဖြင့် အလုပ်သင်များအတွက် စာမေးပွဲကိုတော့ ဆေးပညာရှင်အဖွဲ့အစည်းမှာပြုလုပ်သည်။ ကနဦးစတင်သူများဖြစ်သည့် ပညာသင်များနှင့် လုံးဝကွဲပြားသည်။

ချူးယွင်ဖန်းမှာ ခွန်လွန်းခေတ်၏ အင်တာနက်အတွက် ပုံရိပ်ယောင်မျက်မှန်ရှိသည်။ ခေတ်သစ်လူသားများအတွက် မရှိမဖြစ်လိုအပ်ပြီး သာမန်ခေတ်က ကွန်ပျူတာများ၏ လုပ်ဆောင်ချက်နှင့်တူသည်။ သူသည် လွန်ခဲ့သောဆယ်နှစ်က မျက်မှန်ဟောင်းကိုသုံးနေဆဲဖြစ်သည်။ ခေတ်အမီဆုံးမျက်မှန်မှာ အရေပြားနားတွင် တပ်ဆင်ထားသော ကွန်ယက်ချိတ်ဆက်မှု ကိရိယာပါဝင်သောကြောင့် အချိန်တိုင်းလိုလိုကွန်ယက်ကိုအသုံးပြုနိုင်သည်။

ဧကရာဇ် အမွေခံ

ဘာသာပြန်စာရေးသူ မုန်းယာ

အပိုင်း (၁၈)- ဆေးပညာစစ်ဆေးမှုအောင်မြင်ခြင်း..

ချူးယွင်ဖန်သည် ပုံရိပ်ယောင်မျက်မှန်ကိုတပ်ပြီးနောက် စက်ကိုဖွင့်လိုက်သည်။ သူ့ရှေ့မှာရှိသော မြင်ကွင်းသည် ရုတ်ချည်းဆိုသလိုပြောင်းလဲလာသည်။ပြီးတော့ သူသည် ကြမ်းတမ်းသောနေရာတစ်ခုမှာရောက်နေသည်။ ထိုနေရာသည် ကွန်ယက်အတွင်းမည်သူပဲဝင်လာလာ ယေဘုယျရောက်ရှိသော နေရာဖြစ်သည်။ အရာအားလုံးသည် အသက်ရှင်သည့်ပုံစံဖြစ်နေသော်လည်း သူက အသိစိတ်ရှိနေသေးသည်။

ယခင်တုန်းက ပုံရိပ်ယောင်ကွန်ယက်ကို မဖန်တီးခဲ့တာဖြစ်မည်ဟု ဆိုနိုင်သည်။ ထိုသို့မဟုတ်ပါက သူယခုခံစားနေရသလိုမဟုတ်ဘဲ တခြားကမ္ဘာတစ်ခုကိုရောက်နေသကဲ့သို့ဖြစ်နေမည်။ လက်တွေ့ကမ္ဘာထဲမှာကဲ့သို့ လူသားများကတိုက်ခိုက်နိုင်ကြသည်။ လွန်ခဲ့သော နှစ်၁၀၀တုန်းကတော့ မရှိခဲ့ဘူးပေ။ သို့သော် ယခင်နှစ် ၁၀၀ခန့်က လူသားများသည် ခွန်လွန်းခေတ်ကိုရွှေ့ပြောင်းစဉ်အချိန်က ရှေးဟောင်းလူသားများခေတ်၏ အပျက်အစီးများကိုရှာတွေ့ခဲ့သည်ဟု ဆိုကြသည်။

အပျက်အစီးများကြားမှ မှော်ပစ္စည်းတစ်ခုကိုရှာတွေ့ခဲ့ပြီး ထိုပစ္စည်း၏ အစွမ်းဖြင့် ပုံရိပ်ယောင်ကွန်ယက်တစ်ခုကိုဖန်တီးနိုင်ခဲ့သည်။ ထိုကွန်ယက်သည် တကမ္ဘာလုံးကို လွှမ်းခြုံထားပြီး ခွန်လွန်းခေတ်က လူသားအခြေတည်မြို့များကို လွှမ်းခြုံထားသည်။ ဘယ်ချိန်ပဲဖြစ်ဖြစ် အွန်လိုင်းကိုအသုံးပြုနိုင်သည်။ ထိုပစ္စည်းကဘယ်လိုလဲဆိုတာ ချူးယွင်ဖန်မသိပေ။ အစိုးရက ထိုအရာကို လျှို့ဝှက်ဖုံးကွယ်ထားသည်။ လူအားလုံးသိသောလျှို့ဝှက်ချက်ဖြစ်သော်လည်းထိုပစ္စည်းရှိသည်ဆိုတာ အစိုးရက ဝန်မခံသဖြင့် အားလုံးကို ပိုမိုပြီး ဒွိဟဖြစ်စေသည်။

သူတို့ငယ်ငယ်လေးတည်းက အကောင့်တစ်ခုကိုစာရင်းသွင်းကြသည်။ သူတို့မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားနှင့် အကောင့်ဖွင့်နိုင်သည်။ သူတို့သည် ကွန်ယက်နှင့်ချိတ်နိုင်ပါက အချိန်တိုင်း သူတို့ကို စစ်ဆေးကြည့်ရှုနိုင်သည်။ သူတို့၏ အစွမ်းများသည် ကွန်ယက်မှာလည်းထင်ဟပ်ကြသည်။ ချူးယွင်ဖန်သည် လက်ရှိပြင်ပဘဝတွင် အခြေတည်အဆင့်-၆မှာရှိနေသကဲ့သို့ ပုံရိပ်ယောင်ကွန်ယက်တွင်လည်း ထိုအဆင့်ပဲဖြစ်သည်။

လက်တွေ့ဘဝနှင့် ဘာမှကွဲခြားမှုမရှိပေ။ ထိုအရာကိုနည်းပညာတစ်ခုတည်းဖြင့်မပြုလုပ်နိုင်ပေ။ ထိုထူးဆန်းလှသော ကိရိယာဖြင့်ဖန်တီးနိုင်ခြင်းဖြစ်သည်။ သို့သော် ပုံရိပ်ယောင်ကွန်ယက်တွင် ပြန်လည်ဖန်တီးခြင်း များနှင့်ပတ်သက်ပြီး ကန့်သတ်ချက်များရှိသည်။ သာမန်အနေအထားတွင် အခြေတည်အဆင့်ကိုသာ ပြန်လည်ဖန်ဆင်းနိုင်သည်။ လက်တွေ့ဘဝမှာရှိနေသော ချီပင်လယ်အဆင့်၊ တန်ခိုးသန့်စင်ခြင်းအဆင့်၊ လေ့ကျင့်ခြင်းအဆင့်နှင့် ပါရမီရှင်အဆင့်များကို ပုံရိပ်ယောင်ကမ္ဘာမှာဖော်ပြလိုပါက ပိုက်ဆံပေးရန်လိုအပ်သည်။

အရည်အချင်းပိုရှိလေလေ ကြေးပိုမြင့်လေလေဖြစ်သည်။ အလွန်တန်ခိုးကြီးသူများအတွက် ကုန်ကျစရိတ်အလွန်မြင့်သော်လည်း ထိုအဆင့်ထိကျင့်ကြံနိုင်သောလူများက ပေးချေနိုင်ကြသည်။ ထိုသို့ ပေးဆောင်ရခြင်းမှာ လက်ရှိဘဝ၏ အစွမ်းများကို ပုံရိပ်ယောင်ကမ္ဘာတွင် အတိအကျထင်ဟပ်စေရန် တပ်ဆင်ရသော စမ်းစပ်စစ်ဆေးသည့်စက်သည် စွမ်းအင်များစွာလိုအပ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် အွန်လိုင်းကမ္ဘာတွင် ပြီးပြည့်စုံသောဖော်ပြမှုကိုလိုချင်လျှင် ပေးဆောင်ဖို့လိုအပ်သည်။ သုန့်ဖန်ဟောင်ကဲ့သို့ ပုံရိပ်ယောင်ကမ္ဘာတွင် သိုင်းပညာပြိုင်ပွဲများပြုလုပ်လိုလျှင်လည်း အခကြေးငွေပေးဆောင်ရမည်။ ချူးယွင်ဖန်းသည် သူ့အကြောင်းလေ့လာကြည့်သောအခါ သူ၏တန်ခိုးသန့်စင်ခြင်းအဆင့်ကြောင့် အံ့အားမသင့်ရဘဲ သူ၏ကြွယ်ဝချမ်းသာမှုများကို အံ့ဩတကြီးဖြစ်ရသည်။ နောက်မှသာ သုန့်ဖန်ဟောင်၏ အစွမ်းများကို အံ့အားသင့်မိသည်။

ယေဘုယျဆင်းသက်ရာနယ်မြေကိုရောက်ပြီးနောက် ချူးယွင်ဖန်းက ပြန်ထွက်မည့်ခလုတ်ကိုမနှိပ်ဘဲ ပုံရိပ်ယောင်အကူကိုနှိပ်ပြီး ဆေးပညာအကူဟု ခေါ်သောဆော့ဖ်ဝဲကိုနှိပ်သည်။ ထိုအရာသည် ဒုချင်းထောင်ထွင်ခဲ့သော ဆော့ဖ်ဝဲဖြစ်သည်။သို့သော်လည်း ထိုဆော့ဖ်ဝဲသည် ၅၀၀၀ကုန်ကျသဖြင့် စျေးမပေါပေ။သာမန်လူတန်းစားများအတွက်ဦးတည်ထားသော်လည်း ထိုဆော့ဖ်ဝဲကိုဝယ်သောအခါ စိတ်ထဲအနည်းငယ်နာကျင်မိသည်။

လုယုရှုက သူ့ကို ထိုနေ့က ပိုက်ဆံတစ်သိန်းမပေးပါက ထိုဆော့ဖ်ဝဲကို ဒေါင်းလုတ်ပြုလုပ်နိုင်မည်မဟုတ်ပါ။ ထို့အပြင် ထိုပမာဏသည် တန်ကြေးရှိသည်။ ထိုသို့တန်ဖိုးမသတ်မှတ်လျှင်လည်း အချိန်အကြာကြီးရေရှည်ရပ်တည်နိုင်မည်မဟုတ်ပေ။ ထို့ပြင် ထိုဆော့ဖ်ဝဲသည် အများကြီးပြောင်းလဲတိုးတက်ခဲ့ပြီး အကြိမ်ပေါင်းများစွာအဆင့်မြှင့်တင်နိုင်ခဲ့သည်။ သူ၏လက်ရှိအနေအထားသည် အကောင်းဆုံးဟုဆိုနိုင်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဆေးပညာအကူဆော့ဖ်ဝဲကို အပြီးသတ်ဒေါင်းလုတ်လုပ်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ထိုဆော့ဖ်ဝဲကိုနှိပ်သောအခါ သူ့ဘေးနားကပတ်ဝန်းကျင်သည် ရုတ်တရက်ပြောင်းလဲလာသည်။ သူသည် ဆေးပညာလက်တွေ့အခန်းထဲမှာရောက်နေသည်။ ထိုလက်တွေ့ခန်းသည် ရိုးရှင်းသောအခန်းတစ်ခန်းဖြစ်ပြီး အလယ်မှာ ဆေးပညာမီးဖိုတစ်လုံးသာရှိနေသည်။ ထိုမီးဖိုရှေ့မှာ တစ်စုံတစ်ဦးထိုင်နိုင်သော ထိုင်ခုံတစ်လုံးသာရှိပြီး ဘာမှ ထပ်မရှိပေ။

ဆေးဖော်စပ်ရန် လိုအပ်သောဆေးမြစ်၊ သစ်ဥ၊ သစ်ဖုများကို ဝယ်ယူရပေဦးမည်။ ပုံရိပ်ယောင်ဒေတာဖြစ်သော်လည်း ထိုပစ္စည်းများကို အလကားမရပေ။ ဆေးပညာအကူမှာရှိနေသော ဆိုင်များမှ ဝယ်ယူရမည်။ ထို့အတူ စျေးနှုန်းသည် လက်တွေ့ဘဝထက်အဆပေါင်းများစွာ နည်းသည်။ သို့သော် ဆေးများကိုထပ်ခါထပ်ခါဖော်စပ်လျှင် ကုန်ကျစရိတ်သည် အဆမတန်မြင့်မားလာမည်။ အသုံးပြုသူများစွာရှိသောကြောင့် ပိုင်ရှင်ဖြစ်သူ ဒုချင်းထောင်သည် နှစ်များစွာအတွင်းပိုက်ဆံမည်မျှရှာနိုင်သည်ဆိုတာ မည်သူမှ မသိကြပေ။

ဆော့ဖ်ဝဲထဲတွင် ခေါင်းပုံဖြတ်အမြတ်ကြီးစားခြင်းများရှိသော်လည်း သာမန်လူတန်းစားများအတွက်တော့ ကောင်းမွန်ပါသေးသည်။ အနည်းဆုံးတော့ ဤဆော့ဖ်ဝဲသည် အရည်အချင်းရှိသူများထွန်းပေါက်နိုင်သည့် လမ်းကြောင်းတစ်ခုကိုချပေးသည်။ လက်တွေ့မှာ ကြွယ်ဝချမ်းသာသောပညာသင်များတောင်မှ ဆေးဖော်စပ်ရန် ဆေးပညာအကူဆော့ဖ်ဝဲကိုသဘောကျနှစ်ခြိုက်ကြသည်။

လက်တွေ့မှာပြုလုပ်သည့် အတွေ့အကြုံနှင့် မယှဉ်နိုင်သော်လည်း စျေးသက်သာခြင်းက အဆုံးအဖြတ်ပေးသည့်အချက်တစ်ခုဖြစ်နေသည်။ ပုံရိပ်ယောင်ကွန်ယက်တွင် လေ့ကျင့်ပြီးနောက် ဆေးများကိုလက်တွေ့ဖော်စပ်ခြင်းက ကောင်းမွန် သောရွေးချယ်မှုဖြစ်သည်။ ချမ်းသာသောလူများအတွက်တောင်မှ ပိုက်ဆံဆိုသည်မှာ သစ်ပင်ပေါ်မှရနေခြင်းမဟုတ်နေပေ။

ချူးယွင်ဖန်းသည် ဆေးဖော်စပ်နည်းလေ့ကျင့်ခန်းကို မရွေးချယ်ပေ။ ထိုအစား သူသည် အောက်မှာရှိနေသောရွေးချယ်စရာတစ်ခုဖြစ်သည့် ဆေးပညာ ပညာသင်စစ်ဆေးမှုကို ရွေးလိုက်သည်။ သာမန်ဆေးပညာရှင်များအတွက် ဆေးဖော်စပ်နည်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးနားလည်ရန် လေ့ကျင့်မှုများစွာပြုလုပ်ရသည်။ သူ့အတွက်ကတော့ ဆေးဧကရာဇ်၏ မှတ်ဥာဏ်များရရှိထားတာမို့ မလိုအပ်ပေ။

ဆေးဧကရာဇ်သည် ဆေးပညာသမိုင်းမှာ ပါရမီရှင်တစ်ဦးဖြစ်သည်မှာ ဝန်ခံရမည်။ သူသည် လက်ရှိကမ္ဘာမှာအမြင့်မားဆုံးဆေးပညာရှင်ဖြစ်သူ ဒုချင်းထောင်ထက် အဆပေါင်းများစွာအရည်အချင်းရှိသည်။

“မင်းက ဒီစစ်ဆေးမှုကိုပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်ပါသလား။ မင်းက ယခင်တုန်းက တစ်ခါမှ အစစ်ဆေးမခံဖူးတာမို့ စတင်သူအဆင့်ပညာသင်စစ်ဆေးမှုကို လုပ်ဆောင်ရမယ်။ စစ်ဆေးမှုကြေးက ဒင်္ဂါးတစ်ထောင်ဖြစ်တယ်” စက်ရုပ်အသံသည် ချူးယွင်ဖန်း၏နားထဲကိုဝင်လာသည်။ လူများက လာရောက်ကံစမ်းမည့်ကို ထိန်းသိမ်းရန် ဆေးပညာရှင်လိုင်စင်စမ်းသပ်ခြင်းတိုင်းအတွက် အခကြေးငွေရှိသည်။ အဆင့်မြင့်လေလေ အခကြေးငွေမြင့်လေလေဖြစ်သည်။

“စမ်းသပ်မှုကိုစတင်ပါ” ချူးယွင်ဖန်းက တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲရွေးချယ်သည်။

“စမ်းသပ်မှုအတွက် ကျပန်းမေးခွန်းများစတင်ပါပြီ”

အသံတစ်သံမြည်လာပြီးနောက် သူ၏ရှေ့မှောက်တွင် ဖန်သားပြင်တစ်ခုပေါ်ထွက်လာသည်။

“ကျေးဇူးပြုပြီး စတင်သူအဆင့် ရွေ့လျားမှုအနေအထားဆေးလုံးကို ဖော်ပါ။ မင်းမှာအချိန်နှစ်နာရီရမယ်” တစ်ဆက်တည်းမှာ ချူးယွင်ဖန်းဘေးမှာ ဆေးမြစ်၊ သစ်ဥ၊ သစ်ဖုများ အတန်းလိုက်ပေါ်လာသည်။ သေချာတာကတော့ ထိုအရာများကိုသုံးပြီး ဆေးဖော်စပ်ရမည်။ထိုအချိန်မှာသူ၏ခေါင်းထဲတွင် ရွေ့လျားမှုအနေအထားဆေးလုံးနှင့်သက်ဆိုင်သည့်အကြောင်းများပေါ်လာသည်။

သိုင်းပညာရှင်ကျင့်ကြံခြင်းမှာ တရားထိုင်ခြင်းသည် ပထမဆုံးအဆင့်ဖြစ်သည်။ ထိုအရာသည် အတွင်းအား၏ အခြေခံနှင့်စတင်ခြင်းအုတ်မြစ်တစ်ခုဖြစ်သော်လည်း လူတိုင်းကတော့ ရွေ့လျားမှုအနေအထားကို လွယ်လွယ်ကူကူမသွားနိုင်ပေ။ သူတို့သည်အေးအေးချမ်းချမ်းမကျင့်ကြံနိုင်ခင် သူတို့စိတ်ထဲကအတွေးများကို ဖယ်ထုတ်ရန်လူအများစုသည် အချိန်အကြာကြီးယူရသည်။ ထိုအဆင့်မှာ အချိန်အများကြီး ကုန်ဆုံးကြသည်။ ထို့အပြင် တရားထိုင်ခြင်းအတွင်းမှာ ကွဲပြားမှုများစွာရှိသည်။

တရားထိုင်ခြင်းပိုမိုနက်နဲလေလေ ရလဒ်ကောင်းလေလေဖြစ်သည်။ ထိုအရာသည် ကျင့်ကြံခြင်း၏အကျပ်အတည်းများ ကိုထက်ဝက်သက်သာစေသည်။ ထိုအရာသည် ရွေ့လျားမှုအနေအထားဆေးလုံးက ဘယ်လိုဖြစ်လာသလဲဆိုသော အကြောင်းအရာတစ်ခုဖြစ်သည်။ ထိုအရာသည်လူတစ်ဦးအား ရွေလျားမှုအနေအထားကို မြန်ဆန်စွာရောက်ရှိစေသည်။ ထို ဆေးလုံးကိုလည်း စတင်သူအဆင့်၊ အလယ်အလတ်အဆင့်နှင့် ကျွမ်းကျင်သူအဆင့်ဟူပြီး ခွဲခြားထားသည်။

စတင်သူအဆင့်မှာရှိသော ရွေ့လျားမှုအနေအထားဆေးလုံးများသည် တစ်လုံးကို ၅၀၀၀ပဲကျသင့်သည်။ သာမန်လူများအတွက် အနည်းငယ်စျေးကြီးသော်လည်း ထိုဆေးကိုတော့တတ်နိုင်ကြသေးသည်။ သို့သော်အလယ်အလတ်အဆင့်ဆေးသည် တစ်သိန်းကုန်ကျပြီး ကျွမ်းကျင်သူအဆင့်ဆေးလုံးသည် သန်းနှင့်ချီပြီးကုန်ကျနိုင်သည်။ ထိုဆေးသည် လူတစ်ဦးကို ရွေ့လျားမှုအနေအထားကိုရောက်စေရုံသာမက ထိုဆေးသောက်သုံးသူကိုလည်း ခန္ဓာကိုယ်ကြီးထွားလာစေသည်။ သို့သော် ပိုက်ဆံချမ်းသာသူများတောင်မှ ထိုမျှလောက်ပမာဏကို မသုံးစွဲနိုင်ပေ။

သာမန်လူများအတွက် ကျင်ကြံခြင်းမှာအထောက်အကူဖြစ်ရန် ထိုဆေးလုံးကိုလိုအပ်သည်။ သူ့ဝမ်းကွဲအကိုဖြစ်သူ ချူးယွင်ရှင်းသည် ထိုရွေ့လျားမှုအနေအထားဆေးလုံးကိုသောက်သုံးပြီး ကျင့်ကြံသည့်အချိန်ကိုတစ်ဝက်လျှော့ချနိုင်ခဲ့သည်။ သူကျင့်ကြံသောအခါတိုင်းမှာ ရွေ့လျားမှုအဆင့်ကိုရောက်ရန်မှာ အဓိကပြသနာတစ်ခုဖြစ်သည်။ နှစ်နာရီကျင့်ကြံခြင်းမှာ သူ၏ စိတ်ကိုရှင်းထုတ်ပြီး အာရုံစူးစိုက်စွာကျင့်ကြံနိုင်ရန်အလို့ငှါ ရွေ့လျားမှုအနေအထားကိုရောက်ရန် အနည်းဆုံးတစ်နာရီလောက်အချိန်ကုန်ခဲ့သည်။ သို့သော်လည်းယခုအခါမှာကွာခြားခဲ့ပြီဖြစ်သည်။

ယခုအခါ သူလေ့ကျင့်သည့်အချိန်တိုင်း ရွေ့လျားမှုအနေအထားကိုရောက်သည့်အကြိမ်တိုင်းသည် ကျွမ်းကျင်သူအဆင့် ရွေ့လျားမှုအနေအထားဆေးလုံးကိုသောက်သုံးခြင်းထက် ပိုမိုသာလွန်သည်ဆိုတာကို ခံစားမိလာခဲ့သည်။ သူက ကျင့်ကြံခြင်းအနေအထားကိုရောက်သည်နှင့် သူကချက်ချင်းဆိုသလိုအာရုံစိုက်နိုင်သည်။ အလွန်အံ့အားသင့်စရာကောင်းသည်။ သူသည် အချိန်နှင့်ငွေကြေးကို ခြွေတာနိုင်သည်။ သို့သော် ချူးယွင်ဖန်းက ထိုအရာကိုမလိုအပ်ပေ။

သူက ပိုက်ဆံရှာဖွေပြီး သူ့ညီမလေးကိုဆေးကုပေးပြီးနောက် ရွေ့လျားမှုအနေအထားဆေးကို သူ့မိဘနှင့် ညီမလေးတို့အတွက် ဖော်စပ်ပေးပါက သူတို့လည်းကျင့်ကြံနိုင်မည်။ သူက ဆေးများကို တစ်ခါမှ မဖော်စပ်ခဲ့ဖူးပေ။ ကျောင်းမှာလည်း ဆေးပညာဘာသာရပ်သည်မဖြစ်မနေယူရသော မေဂျာမဟုတ်ဘဲ ရွေးချယ်ပြီးယူနိုင်တာမို့ သူတစ်ခါမှ ဆေးပညာအကြောင်ူ မသင်ယူခဲ့ဖူးပေ။

ပိုက်ဆံတတ်နိုင်ပြီး အချိန်ပေးနိုင်သော ကျောင်းသားအနည်းငယ်သာ ဆေးပညာကိုယူကြသည်။ သူ့မှာကျင့်ကြံဖို့အတွက်တောင်မှ အချိန်မရှိပေ။ ထို့ကြောင့် သူ့မှာဆေးပညာမေဂျာကိုယူဖို့လည်း အချိန်မရှိနေပေ။ ထိုနယ်ပယ်မှာလည်း သူထူးချွန်မည်မဟုတ်ဘူးဆိုတာလည်းသိသည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းသည် ဆေးဖော်သည့်မီးဖိုကို စတင်ထုတ်လိုက်သည်။

မီးတောက်လာသောအခါ သူ၏တစ်ကိုယ်လုံးမှာရင်းနှီးသောခံစားချက်သည် ပျံ့နှံ့လာသည်။ အခြေခံသဘောတရားများကိုနားလည်ရုံဖြင့် အရာအားလုံးကိုနားလည်သဘောပေါက်လိမ့်မည်။ ရှေးဟောင်းလူသားများခေတ်တွင် မီးဖိုရန် ထင်းလိုအပ်မည့်အစားခေတ်သစ်မီးဖို၏ အောက်ခြေမှာမီးပါရှိပြီးသားဖြစ်သည်။ မီးဖိုသည် အသစ်ဖြစ်သော်လည်း ရင်းနှီးကျွမ်းဝင်သောခံစားချက်က သူ့အား လျင်မြန်စွာဆေးဖော်စပ်နိုင်စေသည်။

သူသည် ရေထည့်ပြီး မီးတောက်ရန် လောင်စာထပ်ထည့်ကာ ဆေးမြစ်အစုံကိုထည့်သည်။ ထိုဖြစ်ရပ်တစ်ခုလုံးသည် အကြိမ်ပေါင်းများစွာလေ့ကျင့်ထားသကဲ့သို့ ချူးယွင်ဖန်းအတွက် အဆင်ပြေချောမွေ့နေသည်။ ရပ်နားခြင်းနှင့် တွေဝေတုံ့ဆိုင်းခြင်းအလျဉ်းမရှိပေ။ မီးထဲကိုလောင်စာထည့်သောအခါ မီးတောက်ကဘယ်လောက်ထိကြီးမားလာမည်ကိုသိသည်။ ဆေးမြစ်များကို မည်သည့်ပမာဏထည့်ရမည်ဆိုတာလည်းသူသိသည်။ထိုအရာများသည် ဆေးညွှန်းမှာမပါပေ။

ဆေးဖော်စပ်နည်းအညွှန်းတွင် အခြေခံအကျဆုံးဆေးမြစ်များနှင့် အခြေခံဖြစ်ရပ်များသာပါဝင်သည်။ လျှို့ဝှက်အမွေဆက်ခံရရှိထားသည်ဟုဆိုကြသော ဖြစ်ရပ်တစ်ခုလုံးသည်လည်း အသေးစိတ်မကျပေ။ ဆေးပညာရှင်များသည် နောင်မျိုးဆက်များကို ပါးစပ်ဖြင့်စကားပြောလက်ဆင့်ကမ်းလာခဲ့သော အရာများဖြစ်သည်။

သာမန်ဆေးပညာရှင်များသည် နှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှသာ အမြင့်ဆုံးအနေအထားနှင့်ဆေးများကိုဖော်စပ်နိုင်ကြသည်။ ယနေ့ခေတ်မှာတော့ ရှေးဟောင်လူသားများခေတ်လောက် အမြင်မကျဉ်းကြတော့ပေ။ယခင်တုန်းက သူတို့၏ လျှို့ဝှက်ချက်များကို သူတို့နှင့်အတူ အုတ်ဂူမှာမြှုပ်နှံကြသည်။ ဆေးပညာစနစ်ကိုလွန်ခဲ့သောနှစ်၂၀၀ခန့်ကမှ တူးဖော်ပြီး မှတ်ကျောက်တင်နိုင်ခဲ့တာမို့ မရေရာမှုများစွာရှိသည်။ ရှေးဟောင်းလူသားများခေတ်မှာရှိသော ဆေးပညာစနစ်၏ပညာရှင်များနှင့် နှိုင်းယှဉ်ပါက အလွန်အလှမ်းကွာသည်။ တစ်နာရီကြာပြီးနောက် ဆေးကို အောင်မြင်စွာဖော်စပ်နိုင်ခဲ့သည်။ အငွေ့များက ပျံ့နှံ့ထွက်လာပြီး ဆေး၏ရနံ့ကိုတောင်မှ ရနိုင်သည်။

“ဂုဏ်ယူပါတယ်။ ရွေ့လျားမှုအနေအထားဆေးလုံးကို အောင်မြင်စွာဖော်စပ်နိုင်ခဲ့ပါပြီ။ ဆေးပညာအဖွဲ့အစည်းရဲ့ အခြေခံအဆင့် ဆေးပညာသင်အသိအမှတ်ပြုလက်မှတ်ကို မင်းလက်ခံရရှိပါပြီ။ မင်းရဲ့ဒေသမှာရှိတဲ့ ဆေးပညာအစည်းအရုံးကိုသွားရောက်ပြီး လိုင်စင်ထုတ်ယူနိုင်ပါပြီ”

All Chapters