အခန်း ၂၂-၂၄
Vol. 2 Ch. 22-24
အပိုင်း (၂၂)- ဒီကလေးအနာဂတ်က အဆုံးအဆမဲ့တယ်…
“ကောင်းလိုက်တာ ထပ်ပြီး ယှဉ်ပြိုင်ကြစို့။ ငါလည်း ကျော်ဖြတ်နိုင်ဖို့ သိပ်မလိုတော့ဘူးလို့
ခံစားနေရတယ်” လုယုရှုက ပြောသည်။
“မဟုတ်ဘူး..ဒီနေ့တော့ နားလိုက်ကြစို့။ ငါ လုပ်ဆောင်ခဲ့တဲ့တောဘုရင်တိုက်ကွက်ကြောင့်
ငါဒဏ်ရာရနေပြီ။ ငါ့နံရိုးတစ်ချောင်းကျိုးခဲ့တယ်” ချူးယွင်ဖန်က ခေါင်းကိုခါပြီးပြောသည်။
နံရိုးတစ်ချောင်းကျိုးသော်လည်း သူက နာကျင်မှုဒဏ်ကိုကြိတ်မှိတ်ပြီး တောင့်ခံခဲ့သည်။
သူယခုမှပဲ နည်းပြကျင်းဝူပြောသည်ကိုနားလည်တော့သည်။ ကျင်းဝူက ချီပင်လယ်အဆင့်ရောက်မှသာ
တောဘုရင်တိုက်ကွက်ကိုလုပ်ဆောင်သင့်သည်ဟု ပြောခဲ့သည်။ အကြောင်းရင်းမှာ ထိုတိုက်ကွက်သည်
လူတစ်ဦးကို ထိခိုက်ဒဏ်ရာရစေသောကြောင့်ဖြစ်သည်။ ချီပင်လယ်အဆင့်ကိုရောက်ရှိသူမှသာ
ထိုတောဘုရင်တိုက်ကွက်ကိုလေ့ကျင့်နိုင်သောစွမ်းအားရှိသည်။
ချိပင်လယ်အဆင့်မှာရှိနေသောသူများတောင်မှ ထိုတိုက်ကွက်ကိုလုပ်ဆောင်သောအခါ
ခန္ဓာကိုယ်ပေါ်ကိုသက်ရောက်သော ဖိအားဒဏ်သည်ပြင်းထန်သည်။
လုယုရှုက ထိုအရာကိုပြန်လည်အောက်မေ့အမှတ်ရမိသည်။ သူမက နတ်ဆိုးကျားလက်သီးသိုင်းကိုသင်ယူချိန်က နည်းပြက တစ်ခါပြောပြဖူးသည်။ သို့သော် သူက အကြမ်းဖျဉ်းသာရှင်းပြပြီး သူမကချီပင်လယ်အဆင့်ကိုရောက်နေသည့်တိုင် အလွန်အမင်းစိတ်ထဲမမှတ်ထားမိပေ။ သူမ၏ နည်းပြကလည်း သိုင်းကွက်များကိုနည်းနည်းချင်းလေ့ကျင့်ရန်သာ သတိပေးသည်။ ထိုကိစ္စဖြစ်မှသာ သူမက ချူးယွင်ဖန်ကို တအံ့တဩကြည့်နေမိသည်။ တစ်စုံတစ်ဦးက တိုက်ပွဲအတွင်း သိုင်းကွက်ကို
အင်အားပြင်းပြင်းလုပ်ဆောင်လျှင် သူတို့၏ခန္ဓာကိုယ်ထဲမှာရှိသော အရိုးတိုင်းလိုလိုကျိုးနိုင်ကြောင်း
သူမ၏ နည်းပြက တစ်ခါက သတိပေးစကားပြောပြဖူးသည်။
ပုံမှန်အရဆို အခြေတည်အဆင့်မှာရှိနေသော သိုင်းသမားအများစုမှာ တောဘုရင်တိုက်ကွက်ကဲ့သို့
နောက်ဆုံးသိုင်းကွက်ကို လုပ်ဆောင်ရန် အင်အားမရှိသဖြင့် လမ်းတစ်ဝက်မှာ ရှုံးနိမ့်ခြင်းကနေ
ရပ်တန့်ကြရသည်။ သို့သော်လည်း ချူးယွင်ဖန်က သိုင်းကွက် တစ်ခုလုံးကို လုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဆိုးကျိုးတစ်ခုအနေနှင့် သူ့နံရိုးတစ်ချောင်းကျိုးခဲ့ရသည်။ ထိုအရာကပင် ချူးယွင်ဖန်၏ ခန္ဓာကိုယ်သည်သာမန်မဟုတ်ကြောင်းပြသနေသည်။
“ဒါဆိုလည်း ထားလိုက်ပါတော့။ ငါတို့မှာအချိန်ရှိတာပဲ။ လောနေဖို့မလိုပါဘူးလေ။ ငါ့အိမ်မှာ
အရေးပေါ်ကုသတဲ့ ဆေးပစ္စည်းတွေရှိတယ်။ နင်အရင်ဆုံးကုသမှုခံလိုက်ပါ။
တစ်နေ့လောက်နားလိုက်မယ်ဆို နင် မနက်ဖြန်ကျရင် ကောင်းသွားမှာပါ” လုယုရှုက ဆိုသည်။
သာမန်ခေတ်မှာ နံရိုးတစ်ချောင်းကျိုးခြင်းသည် ပြင်းထန်သောဒဏ်ရာဖြစ်သော်ငြား
ခွန်လွန်းခေတ်မှာတော့ သာမန်ဒဏ်ရာတစ်ခုမျှသာဖြစ်သည်။ တစ်ရက်သို့နှစ်ရက်နားပြီးနောက်
ပြန်လည်သက်သာလာနိုင်သည်။ ထိုကဲ့သို့ဆေးပညာတိုးတက်မှုသည် လူသားတို့၏ ကျင့်ကြံမှုကို
များစွာအထောက်အပံ့ပြုသည်။ တိုက်ခိုက်ခြင်းမှရရှိလာသော ခန္ဓာကိုယ်အတွင်းနှင့်
အပြင်ဒဏ်ရာများသည်သာမန်ပဲဖြစ်သည်။ သာမန်ခေတ်မှာတော့ ထိခိုက်ဒဏ်ရာရပြီး
ရက်တစ်ရာလောက် အနားယူရမည်ဆိုပါက မည်သူမျှမလေ့ကျင့်နိုင်ကြပေ။
“ကောင်းပါပြီ” ချူးယွင်ဖန်သည် ခေါင်းမမာတော့ပေ။ ဒီလိုထိခိုက်ဒဏ်ရာရသည့်ပုံစံမျိုးဖြင့် အိမ်ပြန်ပြီး
သူ၏ မိဘများကို စိတ်ပူအောင်မပြုလုပ်လိုပေ။
“မနက်ဖြန်ပြန်လာခဲ့ပါ။ ငါတို့ မယှဉ်ပြိုင်တော့ပါဘူး။ နင်က ဘေးနားကထိုင်နေပြီး
ငါ့ကျင့်ကြံမှုလိုအပ်ချက်တွေကိုထောက်ပြပါ” လုယုရှုက တည့်တိုးပြောဆိုသည်။
“ဟုတ်ပါပြီ” ချူးယွင်ဖန်က ခေါင်းညိမ့်ပြသည်။ ထိုအချိန်မှာ တံခါးကရုတ်တရက်ပွင့်လာပြီး
သက်လတ်ပိုင်းအမျိုးသားတစ်ဦးဝင်လာသည်။ သူက အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားကြိုင်းကာ
ဟိတ်ဟန်အပြည့်ဖြင့် လမ်းလျှောက်လာသည်။ သူ့မှာ လေးထောင့်ဆန်သောမျက်နှာ၊
ထူထဲသောမျက်ခုံးမွှေးနှင့် ကြီးမားသောမျက်ဝန်းအစုံရှိသည်။ သူက တန်ခိုးကြီးမားပုံရသည်။
ချူးယွင်ဖန်က ထိုလူကို သေချာကြည့်သောအခါ လုယုရှုနှင့် ရုပ်ချင်းခပ်ဆင်ဆင်ဖြစ်သည်ကို
သတိထားမိသည်။သို့သော် သူ၏ အမူအရာက ကျင်းဝူနှင့်ခပ်ဆင်ဆင်ဖြစ်သည်။ ပြောရလျှင် သူက
စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့သောသူဖြစ်ရမည်။ သူ၏ အရိုးအသားထဲစွဲနေသော ပုံစံက
ပင်စင်ယူပြီးသည့်တိုင်အောင်စွဲထင်ကျန်နေသည်။
“ပါးပါး..ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ” လုယုရှုက မေးသည်။ ချူးယွင်ဖန် အံ့အားသင့်မိသည်။
ထိုသူသည် ကျင်းဝူ၏ မိတ်ဆွေဟောင်းဖြစ်သူ လုဝေဂွမ် ဖြစ်သည်။ ထင်သည့်အတိုင်းပင် သူ့နည်းပြနှင့်
ပုံစံတူသော်လည်း ထိုသူက ပိုပြီးကြောက်စရာကောင်းသော ပုံစံပေါ်သည်။ သာမန်လူဟုထင်ရသော
ထိုသက်လတ်ပိုင်းအရွယ်လူကြီးသည် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ သက်သေဟူ၍
မပြနိုင်သော်လည်း သူ့ထင်မြင်ယူဆချက်မမှားနိုင်ပေ။
“ညစာစားဖို့အချိန်ကျပြီလေ။ သမီးက ထမင်းစားဝိုင်းထဲမှာ မရောက်နေသေးလို့ သမီးမားမားက
ပါးပါးကို ဒီနေရာကို လာခိုင်းလိုက်တာ” လုဝေဂွမ်က ပြုံးပြီးပြောသည်။ သူ၏ သမီးဖြစ်သူအပေါ်တော့
လွန်စွာမှ ချစ်မြတ်နိုးရှာသည်။ သူ့သမီးကလည်း သူစိတ်ပျက်အောင်မလုပ်ပေ။ ပိုက်ဆံနှင့်
တည်ငြိမ်သမုဒ္ဓရာမြို့တော်က အကောင်းဆုံးကျောင်းကို မဝင်ရောက်နိုင်ပေ။ ထိုကျောင်းမှာ
ကျောင်းသားများအတွက် မြင့်မားသောစွမ်းရည်နှင့် အရည်အချင်းသတ်မှတ်မှုများရှိသည်။
“သူက ဘယ်သူများလဲ” လုဝေဂွမ်က ချူးယွင်ဖန်ကိုကြည့်ပြီးမေးသည်။
“ပါးပါး..သူက ဦးလေးကျင်းထောက်ခံပေးတဲ့ကျောင်းသားလေ။ သူ့နာမည်ကချူးယွင်ဖန်။ သမီးတို့က
သက်တူရွယ်တူတွေပဲ။ သမီးတို့နှစ်ယောက်လုံး တတိယနှစ်မှာပဲ” လုယုရှုကပြောပြသည်။
“ဟိုင်း..ဒါရိုက်တာ လု” ချူးယွင်ဖန်က ခေါင်းညိမ့်ပြီး နှုတ်ဆက်သည်။
လုဝေဂွမ်၏ မျက်ဝန်းထဲမှာ အံ့အားသင့်မှု အရိပ်အယောင်များမြင်လိုက်ရသည်။ ထိုလူငယ်လေးနှင့်
သူ့သမီးကြားမှာ တစ်စုံတစ်ရာဖြစ်မယ်ဟု သံသယမဝင်မိပေ။ သူက ဒီအတိုင်းထူးဆန်းသည်ဟု
မြင်မိခြင်းဖြစ်သည်။ သူ့သူငယ်ချင်း ကျင်းဝူက သမီးလေးအတွက် လေ့ကျင့်ဖော်တစ်ဦးလွှတ်ပေးမည်ဆိုတာ သတိရမိလိုက်သည်။ သို့သော်ငြား သူက
ထိုအကြောင်းကို သိပ်ပြီးမတွေးမိခဲ့ပေ။
သူ့သူငယ်ချင်းနှင့် မိတ်မပျက်ချင်သောကြောင့်ဖြစ်သည်။သူ့သမီးက အပေါ်ယံမှကြည့်လျှင် ပေါ့ပေါ့ပါးပါးပုံစံဟု ထင်ရသော်လည်း သူမက တကယ့်ကိုဂုဏ်ယူဝံ့ကြွားနေသည်။သူမက တက္ကသိုလ်ကျောင်းဆင်းတစ်ဦးကို လက်မခံဘဲ သူမနှင့်သက်တူရွယ်တူသူငယ်ချင်းနှင့် လေ့ကျင့်နေခဲ့သည်။ သူ့ကို ပထမနေ့တည်းက ထွက်သွားဖို့တွန်းအားပေးလိမ့်မည်။သို့သော်လည်း ချူးယွင်ဖန်က ယခုထိရှိနေပုံထောက်လျှင်တော့ သူက သာမန်ထက်တော့
ကျော်လွန်သည်။
“အာ..ဒါဆိုမင်းက သူငယ်ချင်းကျင်းပြောတဲ့ ကျောင်းသားလား။ မင်းက တကယ့်ကို
ထူးချွန်တဲ့ကောင်လေးပဲ။ သူငယ်ချင်းကျင်းက လူကဲခတ်တော်ပါတယ်”လုဝေဂွမ်က
ရယ်မောရင်းစကားပြန်ဆက်သည်။ “ ငါ့သမီးလေးကို နတ်ဆိုးကျားလက်သီးသိုင်းကိုလေ့ကျင့်ပေးလို့
ကျေးဇူးတင်ပါတယ်”
“ရပါတယ်..ကျွန်တော့်အတွက်လည်း အကျိုးရှိပါတယ်” ချူးယွင်ဖန်က ချက်ချင်းပြန်ဖြေသည်။
လုဝေဂွမ်က စီးပွါးရေးသမားဆိုတာ အံ့ဩဖွယ်မဟုတ်တော့ပေ။ သူက
ဂရုစိုက်ပေးသောစီနီယာတစ်ဦးသဖွယ် သူရှိနေခြင်းက စိတ်ကျဉ်းကြပ်မှုကိုမဖြစ်စေဘဲ
သူနှင့်စကားပြောလျှင် စိတ်ထဲသက်သောင့်သက်သာရှိလှသည်။
သူက ကျင်းဝူနှင့် လုံးဝကွဲပြားသည်။ သူတို့နှစ်ဦးက စစ်သည်များဖြစ်ခဲ့သော်လည်း ကျင်းဝူမှာ
စစ်သည်တစ်ဦး၏ ကြံ့ခိုင်သန်စွမ်းမှုများကျန်ရှိနေသည်။ လုဝေဂွမ်သည် စီးပွါးရေးလောကထဲဝင်ခဲ့သူမို့
အေးအေးဆေးဆေးသက်တောင့်သက်သာပိုရှိသည်။ ထိုကဲ့သို့ပြောင်းလဲမှုသည်
ကောင်းတာလည်းမဟုတ် ဆိုးတာလည်း မဟုတ်ပေ။ သူတို့သည် လူများနှင့် ပေါင်းသင်းဆက်ဆံမှုတွင်
ကွဲပြားသွားကြရုံသာဖြစ်သည်။
“မင်းက ကျင်းဝူတပည့်ဆိုတော့ ငါကလည်း သူနဲ့ရင်းနှီးတဲ့သူတွေဖြစ်ခဲ့တာလည်းပါတော့ ငါ့ကို
မင်းစီနီယာတစ်ဦးလိုသဘောထားပါ။ အခုတော်တော်လေးနောက်ကျနေပြီ။
ငါတို့နဲ့အတူတူညစာစားသွားပါလာ။ “ လုဝေဂွမ်က ဖိတ်ခေါ်သည်။ သူ့မျက်နှာက တည်ငြိမ်နေသည်။
သို့သော် ချူးယွင်ဖန်ကိုဆက်နေရန်ဖိတ်ခေါ်ရခြင်းမှာ ထိုလူငယ်လေးက သူ့သမီးလေးကို
သူအားလေ့ကျင့်ဖော်အဖြစ်ဆက်ထားရန် ဘယ်လိုစည်းရုံးလိုက်သလဲဆိုတာ
သိချင်နေသောကြောင့်ဖြစ်သည်။
“ရပါတယ်ဗျ။ ညစာဖိတ်ကျွေးလို့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလု..ကျွန်တော့်မိဘတွေကလည်း
အိမ်မှာညစာစားဖို့ ကျွန်တော့်ကိုစောင့်နေကြပြီဆိုတော့ မနေတော့ပါဘူးဗျ” ချူးယွင်ဖန်က
ချက်ချင်းပြန်ဖြေသည်။
“ဒါဆိုလည်း ငါမင်းကို မတားတော့ပါဘူး”
“ယွင်ဖန်..ငါ့သက်တော်စောင့်ကို နင့်ကို ဆေးကုပေးဖို့ ခေါ်သွားဖို့ ပြောထားတယ်။ ဆေးကုသခံပြီးမှပဲ
အိမ်ကိုပြန်ပါ” လုယုရှုက ပြောသည်။
“ကျေးဇူးတင်ပါတယ်” ချူးယွင်ဖန်က
သူ့သက်တော်စောင့်နှင့်အတူ ခန်းမထဲက ထွက်သွားမှ သူ့သမီးကိုမေးသည်။
“ယုရှု..ချူးယွင်ဖန်က ဘာတွေထူးခြားလဲ။ သမီးကို လွန်ခဲ့တဲ့နှစ်ရက်ကပဲ
သီးသန့်နည်းပြငှါးပေးခဲ့တာကို သမီးက အလုပ်ထုတ်လိုက်တာလား”
“ဟုတ်ကဲ့..ပါးပါး နည်းပြသင်ပေးတာက ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ချူးယွင်ဖန်နဲ့ယှဉ်လျှင်
မိုးနဲ့မြေလိုပဲ ကွာခြားတာ” လုယုရှုက မဆိုင်းမတွပြန်ဖြေသည်။
“မနေ့က သူ့ရဲ့ ပထမဆုံးနေ့လေ..သူက သမီးရဲ့ နတ်ဆိုးကျားလက်သီးသိုင်းကို
ပြစ်ချက်ကင်းမဲ့အဆင့်ရောက်အောင် ကူညီပေးခဲ့တယ်”
“အိုး..စိတ်ဝင်စားစရာပဲ..ကျင်းဝူက ပါရမီရှင်တစ်ဦးကိုရှာတွေ့ခဲ့ပုံရတယ်” လုဝေဂွမ်က
တီးတိုးရေရွတ်မိသည်။
“သူ့ကိုပါရမီရှင်လို့ခေါ်တာ ချဲ့ကားခေါ်ဆိုခြင်းမဟုတ်ဘူး..သိလား ပါးပါး။ သမီးမျက်စိနဲ့
တပ်အပ်မြင်ရတာမဟုတ်လျှင် သမီးမယုံနိုင်ဘူး။ ချူးယွင်ဖန်က နတ်ဆိုးကျားလက်သီးသိုင်းကို
မနေ့ကမှ ကျွမ်းကျင်သူအဆင့်ရောက်အောင်ကျင့်ကြံနိုင်တာ။ ပြီးတော့ သမီးတို့လေ့ကျင့်နေရင်း
သူကပြစ်ချက်ကင်းမဲ့ အဆင့်ကိုဖြတ်ကျော်နိုင်တယ်။ ဒါတင်မကသေးဘူး။ သူက
အရိုးအစစ်သန့်စင်ခြင်းကနေ သွေးသစ်လောင်းခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့တယ်။ သူ့ရဲ့
နတ်ဆိုးကျားလက်သီးသိုင်းကိုလည်း ဒီနေ့မှာပြီးပြည့်စုံခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ပြန်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ဆယ်နှစ်က သူကသာမန်လူတစ်ဦးပဲ။ သူက ဥာဏ်အလင်းပွင့်သွားတာလားတောင်
သမီးသံသယဖြစ်မိတယ်”
“ညဏ်အလင်းပွင့်တယ်။ ဒါသာအမှန်ဆို ဒီကလေးရဲ့ အနာဂတ်က အဆုံးမဲ့ပဲ။ ဘာတွေပဲနေနေ သူက
ရုတ်တရက်ဥာဏ်အလင်းပွင့်တာပဲဖြစ်ဖြစ် မမျှော်လင့်တဲ့စွမ်းရည်ရတာပဲဖြစ်ဖြစ် သူက
သာမန်လူအဖြစ်ကနေ ပါရမီရှင်တစ်ဦးအသွင်ပြောင်းလဲနိုင်တာမို့ လွန်ခဲ့တဲ့နှစ်ရက်က
သူ့လုပ်ဆောင်မှုတွေကို အကဲခတ်ကြည့်မယ်ဆို သူ့ကို အရည်အချင်းရှိသူတစ်ဦးလို့ မှတ်ယူနိုင်တယ်”
“သူက အနာဂတ်မှာ အရည်အချင်းတွေပိုပြီးပြသနိုင်လျှင် သူ့ကိုငှါးရမ်းနိုင်တယ်။ ပါးပါးတို့ကုမ္ပဏီက
ခွန်လွန်းခေတ်ကိုလေ့လာဖို့ အဖွဲ့တစ်ဖွဲ့ဖွဲ့ထားတယ်။ သုတေသီများအပြင်
သိပ္ပံပညာရှင်တွေ၊ဘာသာစကားပညာရှင်၊ သမိုင်းပညာရှင်တွေလည်းပါတယ်။ ဒါ့အပြင်
သိုင်းပညာရှင်များစွာလည်း လိုနေသေးတာ။ ခေတ်သစ်ကာလအတွက် ဘယ်လောက်တောင်
အကျိုးများလိုက်မဲ့ ပရောဂျက်ဖြစ်လိမ့်မလဲ။ ခွန်လွန်းခေတ်ကိုပြန်လည်တူးဖော်ခြင်းပေါ့။
တစ်စုံတစ်ခုကိုရှာတွေ့မယ်ဆို ပါးပါးတို့လုပ်ငန်းပိုမိုပြီး ကြီးထွားလာမှာဖြစ်ပြီး ပါးပါးတို့ရဲ့
အသားတင်ကြွယ်ဝချမ်းသာမှုက အများကြီးမြင့်တက်လာမယ်။ ဒါကြောင့်မို့ ပညာရှင်များစွာကို
ခန့်အပ်ထားနိုင်ဖို့ ကြိုးစားနေတာ”
“ဒါပေမဲ့ ပါးပါး ပြန်လည်တူးဖော်ခြင်းက
အန္တရာယ်များတယ်မလား..အဲ့လိုလုပ်ရင်းအသတ်ခံရတဲ့လူတွေတောင်မှ ရှိတယ်ဆို” လုယုရှုက
မေးသည်။
“ဒါကတော့ ပါးပါးတို့လည်း မတတ်နိုင်ဘူး။ လူသားတွေက ရာစုနှစ်နှစ်ခုအတွင်းမှာခွန်လွန်းခေတ်ကို
ဘယ်လိုမျိုးပြောင်းရွှေ့နေနိုင်ခဲ့တယ်ထင်လဲ။ အစိုးရအဖွဲ့ရဲ့ ပြန်လည်တူးဖော်ရေးအဖွဲ့တွေကို အားကိုးနေလျှင် မြန်မြန်ဆန်ဆန် တိုးတက်မှာမဟုတ်ဘူး။ တကယ်တော့
ခွန်လွန်းခေတ်ကိုတူးဖော်တာက အန္တရာယ်များတယ်။ ပျက်စီးဆုံးရှုံးမှုအတွက်
တန်ကြေးကလည်းကြီးတယ်။ ပါးပါးတို့ကုမ္ပဏီက ကျဉ်းထဲကြပ်ထဲရောက်နေခဲ့တာ။ ဒီလမ်းကြောင်းက
အနာဂတ်မှာ ပါးပါးတို့ ဆက်လျှောက်ရမဲ့ အရာတစ်ခုဖြစ်တယ်။ ကမ္ဘာပေါ်က ထိပ်သီးလုပ်ငန်းငါးရာမှာ
ခွန်လွန်းခေတ်ကိုပြန်လည်တူးဖော်တဲ့အဖွဲ့တွေဆိုတာရှိတယ်။ သာမန်စစ်တပ်တောင်မှ ဒီအဖွဲ့တွေရဲ့
အနေအထားကိုမယှဉ်နိုင်ဘူး” ဟု လုဝေဂွမ်က ပြောသည်။
“ကိစ္စမရှိပါဘူး။ ဒါက သမီးလေးနဲ့အလှမ်းဝေးပါသေးတယ်။ အခု သမီးလုပ်ရမှာက
ပြည်ထောင်စုတက္ကသိုလ်ကို ဝင်နိုင်ဖို့ပဲ။ ကျန်တာက နောက်မှပေါ့။ သမီးအတွက်
ပိုက်ဆံဘယ်လောက်များများသုံးရပါစေ မမှုဘူး”
“ကောင်းပြီ. စကားပြောတာဒီမှာရပ်ပြီး ထမင်းစားဖို့ပြင်ကြတာပေါ့။ သမီးမားမားက စောင့်နေရင်းနဲ့
စိတ်ပူနေတော့မယ်”
“ဟုတ်ကဲ့”
ချူးယွင်ဖန်ဆေးကုသပြီး အိမ်ပြန်ရောက်သောအခါ အတော်လေးနောက်ကျနေပြီဖြစ်သည်။
ကံကောင်းချင်တော့ ခေတ်မီဆေးကုသနည်းများက အံ့ဩဖွယ်ကောင်းလှသည်။ သူက
နံရိုးတစ်ချောင်းကျိုးသွားသော်လည်း ဆေးကုသမှုခံယူပြီးနောက် အများကြီးသက်သာလာကာ
သူ့မိခင်နှင့် ဖခင်က သတိမထားမိချေ။ နောက်တစ်နေ့မှာ ချူးယွင်ဖန်က အိမ်မှာနားနားနေနေနေပြီး ဘာမှမလုပ်တော့ပေ။ သူက နေ့လည်ခင်းမှသာ လုအိမ်တော်ကိုသွားရောက်သည်။ ဒီတစ်ကြိမ်မှာတော့ သူက တိုက်ခိုက်လေ့ကျင့်ခြင်းမပြုဘဲ ဘေးနားမှာနေကာ သူမ၏ လိုအပ်ချက်များကို ထောက်ပြပြောဆိုသည်။ အချိန်တွေလျင်မြန်စွာကုန်ဆုံးလာရင်း ကျောင်းပြန်တက်ရမည့် တနင်္လာနေ့ရောက်လာပြန်သည်။
အပိုင်း (၂၃)- ဖန်ဒေယင်းကို စိန်ခေါ်ခြင်း
တနင်္လာနေ့မနက်ခင်းမှာ ချူးယွင်ဖန်းသည်ကျောင်းကိုအချိန်မီရောက်ရှိသည်။ ကွာခြားသည်မှာ သူသည် ယခင်ကနှင့်မတူဘဲ ယုံကြည်မှုရှိနေခြင်းဖြစ်သည်။ သူ့မှာသာ စိုးရိမ်ပူပန်ကြောင့်ကြမှုများရှိနေလျှင် ထိုနေရာမှာအားလုံးပြီးဆုံးသွားလိမ့်မည်။ သူသည်သွေးသစ်လောင်းခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဖြစ်သည်။ ကျောင်းဝင်ခွင့်ရရန်မှာ ယခင်တုန်းကခဲယဉ်းခဲ့သလောက် ယခုအခါမှာသူ့အတွက် အလွန် လွယ်ကူလှသည်။ လုယုရှုကဲ့သို့ပင် သူသည် အထူးတန်းကိုဝင်ရောက်နိုင်ရန် အပြင်းအထန်ကြိုးစား နေသော်လည်း ခုထိထိုမျှော်မှန်းချက်နှင့်အလှမ်းဝေနေဆဲဖြစ်သည်။
လွန်ခဲ့သောနှစ်များဆီက ဖြစ်ပျက်ခဲ့သည်များကို သုံးသပ်ကြည့်သောအခါ အခြေတည်အဆင့်၏အ မြင့်ဆုံးအနေအထားဖြစ်သော ချီအားဖြည့် ခြင်းအဆင့်ကို ရောက်ရှိပြီးမှသာ အထူးတန်းကိုတက်ရောက်နိုင်သည်။ ထို့ကြောင့် သူ့မှာ အချိန်တစ်လ နီးပါးကျန်နေသေးသဖြင့် ထိုအဆင့်ကို ဖြတ်ကျော်နိုင်သောအချိန်ရှိလောက်မည်။ သူက နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့တာမို့ ယခုအခါမှာ အကောင်းဆုံး လေ့ကျင့်ရန်စိတ်ပိုင်းဖြတ်ထားမိသည်။ သို့သော်လည်း သူ့အနာဂတ်အတွက် မျှော်မှန်းထားသမျှ ကိုဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သည်။ လုယုရှုအိမ်မှာရှိသောဆေးကု ပေးသည့်စက်ကိရိများသည် အလွန်ကောင်းမွန်လှသည်။ တစ်နေ့တာအနားယူပြီးနောက် ကျိုးနေသော
နံရိုးတစ်ချောင်းလည်း လုံးဝသက်သာလာခဲ့သည်။ လွန်ခဲ့သောနှစ်ရက်ခန့်က လမ်းလျှောက်တာတောင်မှ သူ့အတွက်နာကျင်ခံစားနေခဲ့ရသည်။
ချူးယွင်ဖန်းသည် ကျောင်းသားအုပ်စုကြီးနှင့်အတူ ကျောင်းထဲသို့ဝင်လာသည်။ သူအတန်းထဲ ရောက်သောအခါ အတန်းဖော်တစ်ဝက်လောက်လည်း အခန်းထဲမှာရှိနေကြသည်။ချူးယွင်ဖန်က ကျောင်းသားအုပ်စုထဲဝေ့ဝိုက်ကြည့်သောအခါ ဂေါင်ဟုန်ချီမရောက်ရှိသေးတာကို သိလိုက်ရသည်။ တကယ်တော့ သူက ကျောင်းကိုခပ်စောစော မရောက်သည်မှာပုံမှန်ဖြစ်သည်။ သူ၏ထိုင်ခုံမှာ ထိုင်သော အခါ အရပ်မြင့်မြင့်လူတစ်ဦးသည် ရုတ်တရက်ဆိုသလိုသူ သွားရာလမ်းကြောင်းမှာ လာရပ်သည်ကို သတိ ပြုမိသည်။
မူကျန်ဖေးကလွဲပြီး ဘယ်သူဖြစ်နိုင်မည်နည်း။ မူကျန်ဖေးသည် ချူးယွင်ဖန်းကို မနှစ်မြို့သောပုံစံဖြင့် လမ်းပိတ်ထားသည်။ ယခင်က ဒီလိုမျိုးဖြစ်ပါက သူအနေနှင့် ကြောက်လန့်နေမိလိမ့်မည်။ သူက တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အတွေ့အကြုံလည်းမရှိနေပေ။ သူနှင့် အနေအထားချင်းတူသော လူအချင်းချင်း ယှဉ်ပြိုင်လျှင်တောင်မှ သူစိတ်လှုပ်ရှားနေမိသည်။ သို့သော် လုယုရှုနှင့် လွန်ခဲ့သော ရက်များဆီက လေ့ကျင့်တိုက်ခိုက်ပြီးနောက်ပိုင်း သူ့မှာအတွေ့အကြုံရှိလာပြီဟု ဆိုနိုင်သည်။ သူတို့အတန်းထဲက လူတော်တော်များများသူ့ကိုမယှဉ်နိုင်လောက်ပေ။
သူက ပြုံးပြပြီး စကားဆိုလိုက်သည်။ “မူကျန်ဖေး..မင်းက ငါ့လမ်းမှာပိတ်ထားတာပဲ”
“ချူးယွင်ဖန်း ငါက တမင်ကိုပိတ်ထားတာ။ မင်းကိုယ်မင်းဘာထင်နေလဲ။ မင်းကိုငါ ပုံစံပေးရမလား ဒါမှမဟုတ် ခုချိန်ကစပြီး ငါ့ဘေးနားမှာအမြဲလိုက်ရမယ်”ဟု မူကျန်ဖေးက သူ့အားစူးစိုက်ကြည့်ပြီး ပြောသည်။ ထိုအချိန်မှာမှ သူသိလိုက်ရသည်မှာ ယခင်ကဖြစ်ရပ်များအပေါ် မူကျန်ဖေးတစ်ယောက် အခဲမကြေနေခြင်းဟူသော အကြောင်းရင်းဖြစ်သည်။
“ငါ့ကိုပုံစံပေးမယ်..ငါ မှတ်မိတာသေချာတယ်ဆို ငါတို့ရန်ဖြစ်ကြလျှင် ကျောင်းစည်းကမ်းအရ အရေးယူ ခံရနိုင်တယ်မလား” ဟုချူးယွင်ဖန်းက တည်တည်ငြိမ်ငြိမ်ပြန်ပြောသည်။
“ထားလိုက်စမ်းပါ။ ငါက အဲ့စည်းကမ်းတွေကိုကြောက်နေမယ်ထင်လား။ မင်းကိုယ်မင်းဘာထင်နေလဲ။ မင်းက ကျောင်းဝင်ခွင့်တောင်မရနိုင်တဲ့အမှိုက်လိုသတ္တဝါပဲ” မူကျန်ဖေးက ခပ်မဲ့မဲ့ပြုံးသည်။ ယခင် ရက်များဆီက ဒေါသများက သူ့ဆီမှာစုပုံနေသည်။ သူသည် အခြေတည်အဆင့်-၇ဖြစ်သော သွေးသစ် လောင်းခြင်းအဆင့်ရောက်ရန် တစ်ဆင့်သာလိုတော့သည်။ သူသာကြိုးစားလျှင် တစ်လအတွင်း အဆင့်-၇ကို အသာလေးဖြတ်ကျော်နိုင်သည်။ သူက ကျောင်းဝင်ခွင့်သေချာပေါက်ရနိုင်မည့် ကျောင်းသား ဖြစ်သည်။ ထိုအချိန်မှာ ချူးယွင်ဖန်အတွက်တော့ သေချာအာမမခံနိုင်ပေ။ သူ့အတွက် ချူးယွင်ဖန်က အမှိုက်သာသာဖြစ်သော်လည်း ထိုအမှိုက်လိုကောင်က သူ့အားအနိုင်ယူခဲ့သည်။ ဒါတင်မကသေးဘဲ သူ့ကိုတစ်ချက်ထဲနှင့် အလဲထိုးခဲ့သည်။
ချူးယွင်ဖန်းကို တစ်ခန်းလုံးက လေးစားအားကျနေချိန်မှာ သူကတော့ လူအများ၏ လှောင်ပြောင်ကဲ့ရဲ့ စရာတစ်ခုဖြစ်ခဲ့ရသည်။ ချူးယွင်ဖန်း၏ တိုက်ကွက်အကြောင်း သူတို့ပြောကြသည့်အခါတိုင်း မူကျန်ဖေးကိုလှောင်ပြောင်ပြောဆိုကြသည်။ သူဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ချူးယွင်ဖန်းသွားရာလိမ်းကိုပိတ်သောအခါ တစ်တန်းလုံး၏ အာရုံက မူကျန်ဖေးအပေါ်ကို ကျရောက်လာ သည်။ သူတို့နှစ်ဦးကြားက ပြသနာကိုအားလုံးလည်းသိကြသည်။ လွန်ခဲ့သောနှစ်ရက်ခန့်က သူ၏ ရှက်စရာကောင်းသောရှုံးနိမ့်မှုက ချူးယွင်ဖန်းအား အတန်းထဲမှာ နာမည်ကြီးစေခဲ့သည်။
“မူကျန်ဖေးက မမှတ်သေးဘူးလား။ ခုလည်း ထပ်ပြီးရန်စနေပြန်ပြီ”
“မဟုတ်လောက်ပါဘူး။ သူလည်းခေသူမှမဟုတ်တာ။ သူ့ကို အရင်တစ်ခေါက်တုန်းက ချူးယွင်ဖန်းက တစ်ချက်ထဲနဲ့ အလဲထိုးခဲ့တာမလား။ သူ့မှာနိုင်ကွက်မရှိနေလျှင် ဘယ်လိုလုပ်ထပ်ပြီးရန်စရဲမှာလဲ”
“စိတ်ဝင်စားစရာပဲဟေ့..ကျောင်းလာရတာတန်သွားပြီ”
ချူးယွင်ဖန်းက လွယ်အိတ်ကိုချပြီး ပုခုံးတွန့်ကာအကြောလျှော့သည်။
“မင်းက အပြစ်ပေးခံရမှာမကြောက်မှတော့ ငါလည်းဘာမှမပြောနိုင်တော့ဘူး”
မူကျန်ဖေးက ရှေ့ကိုတစ်လှမ်းတက်လာသည်။ သူသည် ကျားကိုသွေးဆောင်ဖြားယောင်ခြင်းသိုင်းကွက် ဖြင့် ချူးယွင်ဖန်း၏ မျက်နှာကို စတင်တိုက်ခိုက်သည်။ အရှိန်အရဖြစ်စေ အင်အားအရဖြစ်စေ သူသည်လွန်ခဲ့သော နှစ်ရက်တုန်းကထက် ပိုမိုပြီး သန်မာကြံ့ခိုင်လာသည်။ မူကျန်ဖေးကို ပျက်ရယ်ပြုရန် အတန်းဖော်များက စောင့်နေသော်လည်း သူစတင်တိုက်ခိုက်သောအခါ အားလုံးလည်း မျက်လုံး အဝိုင်းသားဖြစ်ကုန်ကြသည်။သူက အလွန်အမင်းတိုးတက်လာသည်မှာ ငြင်းမရပေ။
“သူက အဆင့်-၇ကိုဖြတ်ကျော်ပြီးပြီ..မယုံနိုင်စရာပဲ”
“အား..သူက ဖြတ်ကျော်ပြီးပြီပဲ။ ငါသာ သူ့နေရာမှာဆို ငါ့ဂုဏ်သိက္ခာကိုပြန်အဖတ်ဆယ်နိုင်ဖို့ အနိုင်ရဖို့ပြန်ကြိုးစားမှာ”
“ဟား..စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ။ ချူးယွင်ဖန်းက ဘယ်လောက်ပဲအင်အားကြီးပါစေ သူက အဆင့်-၆မှာပဲရှိတာမလား”
မူကျန်ဖေး၏လက်သီးချက်နှင့်ရင်ဆိုင်ရသောလည်း ချူးယွင်ဖန်းက မမှုချေ။ သူက ထွက်ပြေးတိမ်းရှောင် ခြင်းမပြုဘဲ သူ့လက်သီးဖြင့်တန်ပြန်တိုက်ခိုက်သည်။
ဘန်း!
ချူးယွင်ဖန်က နောက်ကျမှ တိုက်ခိုက်သော်လည်း သူ့အရှိန်ကအလွန်မြန်ပြီး သူလက်သီးက အဓိကနေရာကိုပိုမိုလျင်မြန်စွာကျရောက်လာသည်။ထိရိုက်မှုတစ်ခုထွက်ပေါ်လာပြီးမကြာခင်မှာပင် ကြောက်မက်ဖွယ် အော်သံကြီးတစ်ခု ပေါ်လာသည်။ ထို့နောက်မူကျန်ဖေးသည် သူ၏လက်မောင်းကို ဖိထားရင်း အနောက်ကိုလဲကျသွားသည်။ သေချာတာကတော့ သူသည် စောနကထိရိုက်မှုမှာ ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်၏ အင်အားက လွှမ်းမိုးထားနိုင်ခဲ့သည်။
သူနှင့် အင်အားချင်းကွာခြားပြီး ချီပင်လယ်အဆင့်မှာရှိ နေသော လုယုရှုနှင့်ရင်ဆိုင်ရတာတောင်မှ သူမကိုမကြောက်မဝံ့ ရင်ဆိုင် ရဲခဲ့သည်။ သူနှင့် တူညီသောအဆင့်မှာရှိနေသော လူများကတော့ သူ့ပြိုင်ဘက်မဟုတ်နေပေ။ မူကျန်ဖေးက ထိုကဲ့သို့ရလဒ်ကိုလုံးဝမမျှော်လင့်ထားပေ။ သူကအံ့အားသင့်ခဲ့ရပြီး ခန္ဓာကိုယ်ကို ထိန်းချုပ် ရန် ပျက်ကွက်ခဲ့ကာ အနောက်ကိုဆုတ်ခဲ့ရသည်။ သို့သော်လည်း ချူးယွင်ဖန်းကတော့ သူ၏ တိုက်ခိုက်မှု ကို အဆုံးမသတ်သေးပေ။ တစ်စုံတစ်ရာက သူ့ဆီကို အပြေးလာနေသည်ကို သိလိုက်ရပြီး သူ့ရှေ့ကိုအရိပ် တစ်ခုရောက်ချလာကာ သူ့ရင်ဘတ်နားကို တိုက်ရိုက်ကန်ချလိုက်သည်။
ဘန်း!
မူကျန်ဖေးက အော်ဟစ်နေသည်။ ထိုကန်ချက်က သူ့ကိုမီတာအနည်းငယ်လွင့်စေပြီး မြေပြင်နှင့် ခပ်ပြင်း ပြင်းရိုက်ချလိုက်သည်။ သူက ပြုတ်ကျမှုကြောင့် မူးဝေနေပြီး မယုံကြည်နိုင်အောင်ဖြစ်နေရသည်။
“မဖြစ်နိုင်တာ..ငါက သွေးသစ်လောင်းခြင်းအဆင့်မှာရောက်နေတာ။ မင်းက ငါ့ကိုဘယ်လိုလုပ်ပြီး အနိုင်ယူရတာလဲ”
“မင်းကိုယ်မင်း နောက်ထပ်အရှက်ကွဲခံဖို့ ဘာလို့လုပ်တာလဲဆိုတာ ငါစဉ်းစားမရဘူး။ မင်းက အဆင့်-၇ ကိုဖြတ်ကျော်ပြီးတော့လည်း ဘာဖြစ်လဲ။ ငါမင်းကိုသတိပေးလိုက်မယ်။ ငါ့ကိုနောက်ထပ်ထပ်ပြီး ရန်လာမစတာပိုကောင်းမယ်။ မဟုတ်လျှင် ဖြစ်လာမဲ့ အကျိုးဆက်ကို မင်းခံနိုင်မှာမဟုတ်ဘူး” ချူးယွင်ဖန်းက မူကျန်ဖေးကိုလုံးဝမနှစ်မြို့ပေ။ ထိုမနှစ်သက်မှုက ယခင်ရန်ပွဲကြောင့်မဟုတ်ချေ။ မူကျန်ဖေးသည် လူကောင်ကြီးကြီး အရပ်မြင့်မြင့်မို့ အမြဲလိုလို သာမန်ကျောင်းသားများကို အနိုင်ကျင့်ခဲ့သည်။ လူတိုင်း ကျင့်ကြံနေသော ခေတ်ဖြစ်သော်လည်း အားလုံးက ပါရမီမပေါနေပေ။ တကယ့်လက်တွေ့မှာ အတန်းထဲက သုံးပုံတစ်ပုံသော အတန်းသားများကသာ ကျောင်းဝင်ခွင့်ရကြသည်။
သူက အတန်းထဲမှာ အင်အားအကြီးဆုံးမဟုတ်သော်လည်း သာမန်အနေအထားထက် သာလွန်နေသဖြင့် သာမန်ကျောင်းသားများကို အနိုင်ကျင့်ရတာကို ပျော်မွေ့နေသည်။ ချူးယွင်ဖန်းက ဂေါင်ဟုန်ချီနှင့် ရင်းနှီးသဖြင့် မူကျန်ဖေးက သူ့ကိုအနိုင်ကျင့်ခဲသည်။ သို့သော် သူလုပ်သမျှကို ချူးယွင်ဖန်းသိသည်။ ဘာမဆိုလုပ်နိုင်သည့်အစွမ်းသူ့မှာမရှိပေ။ သို့သော် အခုတော့အားလုံးကွာခြားလာသည်။ မူကျန်ဖေးသည် သူ့ကိုကလန်ကဆန်မလုပ်ဝံ့တော့ပေ။ ပုံမှန်အတိုင်းဆို ဒီအခွင့်အရေးကိုလက်လွတ်မခံဘဲ သူ့ကိုသင်ခန်းစာပေးရမည်။ မူကျန်ဖေး၏ ဖြတ်ကျော်နိုင်မှုက ထူးခြားသည်ဟု သူမထင်မိပေ။ သူသည်လည်း အရိုးအဆစ်သန့်စင်ခြင်း၏ အမြင့်ဆုံးအနေအထားမှာရှိခဲ့ဖူးတာမို့ သွေးသစ်လောင်းခြင်း အဆင့်ကိုဖြတ်ကျော် နိုင်သည်မှာ မဆန်းပေ။ ထိုအချိန်မှာအတန်းဖော်များက သတိပြန်ဝင်လာသည်။
“ဟာ..သူက အရမ်းအင်အားကြီးတာပဲ။ တစ်ချက်ထဲနဲ့ ပွဲသိမ်းလိုက်ပြန်ပြီ။ မူကျန်ဖေးတော့ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်မဲ့ အခွင့်အရေးရှိမှာမဟုတ်တော့ဘူး”
“သူက ကျောင်းဝင်ခွင့်မရနိုင်ဘူးလို့ နည်းပြကပြောခဲ့တယ်မလား။ သူက အရမ်းအင်အားကြီးတာ မယုံနိုင်ဘူး”
“သူက မမျှော်လင့်တဲ့အရာတစ်ခုခုရခဲ့တာများလား။ သူက အရမ်းသန်မာလွန်းတယ်။ ငါက သွေးသစ်လောင်းခြင်းအဆင့်မှာရှိတဲ့ လူတော်တော်များများကိုမြင်ဖူးတယ်။ ဒါပေမဲ့ သူ့လိုလူမျိုးတော့ မမြင်ဖူးပါဘူး”
လူအများစု၏ ဦးနှောက်ထဲတွင် ထိုကဲ့သို့အတွေးများဝင်လာကြသည်။သွေးသစ်လောင်းခြင်း အဆင့်မှာ ရှိနေသော ကျောင်းသားတစ်ဦးက မဲ့ပြုံးပြုံးပြီး “သူက ဘာလို့အရမ်းတော်နေရတာလဲ။ ငါလည်းပဲ သွေးသစ်လောင်းခြင်းအဆင့်မှာရှိပါတယ်။ ဒါပေမဲ့ သူ့အစွမ်းနဲ့ အရှိန်ရဲ့ သုံးပုံတစ်ပုံတောင်မရှိပါဘူး” ဟုဆိုသည်။
သူတို့အားလုံးလည်း ထိုစကားကိုကြားမှ အံ့အားသင့်ကြသည်။
“ဒီလိုအနေအထားထိရောက်အောင်ကျင့်ကြံနိုင်တာ လူရောဟုတ်ရဲ့လား။ သူက မွန်းစတားနဲ့ တူလာပြီ။ လူသားတွေနဲ့ အဆင့်အနေထားချင်းတူတဲ့ မွန်းစတားတွေက ပိုပြီး တန်ခိုးကြီးပြီး ရင်ဆိုင်ဖို့ ခက်တယ်လို့ပြောကြတာကြားဖူးတယ်”
“အရေးကြီးဆုံးက သူက အရင်တုန်းက သာမန်လူတစ်ဦးပဲလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ကြီး တိုးတက်လာရတာလဲ”
“ချူးယွင်ဖန်း မင်းက အတန်းဖော်တစ်ဦးကိုဒဏ်ရာရအောင်လုပ်လိုက်တာပဲ။ ကျောင်းစည်းကမ်းတွေကို မင်းအလေးမထားဘူးလား” တစ်စုံတစ်ဦးက အော်ဟစ်ပြောဆိုသည်။ ထိုသူသည် ဖန်ဒေယင်းဖြစ်သည်။
ချူးယွင်ဖန်းကသူ့လွယ်အိတ်ကိုကောက်ကိုင်ရင်းဖန်ဒေယင်းကိုစိုက်ကြည့်ကာ “အိုး..အတန်းခေါင်းဆောင်ကြီးပါလား။ မင်းနားတွေထိုင်းနေပြီး မျက်စိမမြင်ရဘူးလားလို့တောင် ငါထင်မိတယ်။ ဘယ်သူက အရင်ရန်စလဲဆိုတာ မင်းမမြင်ဘူးလား။ ငါ့ကိုယ်ငါ ခုခံကာကွယ်ရုံပါပဲ။ မင်းက ကျောင်းအုပ်ကြီးကို သွားပြီးမတိုင်မှာကိုတောင် ငါကစိုးရိမ်နေတာ”
ဖန်ဒေယင်း၏ အမူအရာများပြောင်းလဲကုန်သည်။ သူက အတန်းကိုတစ်ချက်ကြည့်ပြီးပြောသည်။ “ဘယ်သူအရင်ရန်စတာလဲဆိုတာမြင်လိုက်ကြလား။ ဘယ်သူမျက်မြင်သက်သေလုပ်မလဲ”
သူက ဒေါသထွက်နေသဖြင့် ကြောက်စရာကောင်းလှသည်။ ချူးယွင်ဖန်းဘက်မှ ရပ်တည်ပေးချင်သူများ က အသံတိတ်ကုန်ကြသည်။
“ငါက ချူးယွင်ဖန်းဘက်ကနေလိုက်ပြီး မျက်မြင်သက်သေလုပ်ပေးနိုင်တယ်” အခန်း၏ တစ်ဖက်ခြမ်းမှ သာယာနာပျော်ဖွယ်ကောင်းသောအသံထွက်လာပြီး ကျောင်းသားများက လှမ်းကြည့်သောအခါမှ ဒုအတန်းခေါင်းဆောင် တန်စီယု ဖြစ်နေတာကို တွေ့ရသည်။ ချူးယွင်ဖန်းက အနည်းငယ် ကြောင်အမ်း အမ်းဖြစ်သွားသည်။ သူမကသက်သေလိုက်ပေးမည်ဟု မတွေးမိပေ။ သူကကျေးဇူးတင်သဖြင့် ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။
တန်စီယုက သက်သေထွက်ဆိုမည်ဟု ပြောခြင်းက ဖန်ဒေယင်းကိုပိုပြီး ဒေါသထွက်စေသည်။
“စီယုက မင်းဘက်မှာရှိနေမှတော့ ငါဘာမှ မပြောတော့ဘူး။ မင်းသူငယ်ချင်း ဂေါင်ဟုန်ချီရဲ့ အားကိုးနဲ့ အတန်းဖော်တွေကို အနိုင်ကျင့်တာတော့ ငါသည်းမခံနိုင်ဘူး။ မဟုတ်လျှင် မင်းကြောင့် အတန်းသိက္ခာကျတယ်”
“အတန်းခေါင်းဆောင်..ဟန်ဆောင်နေတာတွေရပ်ပါတော့။ မင်းငါ့ကို မနှစ်မြို့တာလည်း သိတယ်။ မင်းကိုအခွင့်အရေးမပေးဘူးလို့ မပြောနဲ့နော်။ နောက်လာမဲ့ ဆယ့်ငါးရက်မှာ ငါတို့ ရင်ဆိုင်တိုက်ခိုက်ကြတာပေါ့။ ငါ့ကိုအနာဂတ်မှာအကြောင်းရှာပြီး ပြသနာရှာခွင့်မပေးနိုင်ဘူး” ချူးယွင်ဖန်က ဖန်ဒေယင်းကို ပွင့်ပွင့်လင်းလင်း ဒဲ့တိုးပြောဆိုသည်။
ကျောင်းက ရန်ဖြစ်ခြင်းကိုတားမြစ်သော်လည်း ယှဉ်ပြိုင်တိုက်ခိုက်မှုကို ခွင့်ပြုထားသည်။ တက်ကြွလန်းဆန်းသော အရွယ်မှာ သိုင်းပညာကျင့်ကြံကြသောအခါ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းရှိလာ သည်။ဖန်ဒေယင်းက မဆိုင်းမတွချက်ချင်းသဘောတူညီသည်။
“ကောင်းပြီ ..အချိန်ကျလာလျှင် မင်းနဲ့ငါ ကြိုးဝိုင်းထဲမှာ ဆုံကြမယ်” နောက်ဆယ့်ငါးရက်နေလျှင် သူ့ကိုဒူးထောက်တောင်းပန်ရမည့် ချူးယွင်ဖန်းကိုမြင်ယောင်ရင်း သူ့မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့်အပြုံးတစ်ခုဖြစ်လာသည်။
အပိုင်း (၂၄)-ချူးယွင်ဖန်း၏ ယုံကြည်ချက်အပြည့်ရှိမှု
စာသင်ချိန်များကြားမှာ ချူးယွင်ဖန်းသည် သူ၏ တက်ဘလက်ထဲမှ ဖတ်စာအုပ်ကိုဖတ်နေသည်။ သူသည် သိုင်းပညာအရာမှာ ထူးချွန်ချင်ရုံသာမက စာပေဘက်မှာလည်းမလစ်ဟင်းလိုပေ။ ဒီနှစ်များမှာ သူက နောက်ကျကျန်နေခဲ့တာမို့ ကြိုးစားရမည်။
“ယွင်ဖန်း မင်းက ဖန်ဒေယင်းနဲ့ တိုက်ခိုက်ဖို့ သေချာပြီလား” သူ့ဘေးနားမှာထိုင်နေသော ဂေါင်ဟုန်ချီက တရစပ်မေးသည်။ သူက ကျောင်းကိုနောက်ကျမှ ရောက်လာသော်လည်း ဖြစ်ကြောင်းကုန်စင်ကို ကြားခဲ့ ပြီး ဖြစ်သည်။ ဒီကိစ္စက သတင်းထူးဖြစ်တာမို့ အားလုံးလည်း စိတ်ဝင်စားကြသည်။ ဖန်ဒေယင်း သည် အတန်းခေါင်းဆောင်ဖြစ်ပြီး ရွယ်တူအတန်းသားများအကြား နာမည်ကြီးသည်။ ဖန်ဒေယင်းနှင့်ယှဉ်လျှင် ချူးယွင်ဖန်းသည် သာမန်ကျောင်းသားတစ်ဦးဖြစ်သည်။ သူနှင့် အတန်းတူကျောင်းသားများကသာ သူ့ကို သိကြပြီး နောက်ဆယ့်ငါးရက်နေလျှင် သူတို့နှစ်ဦးယှဉ်ပြိုင်တိုက် ခိုက်ကြတော့မည်။ မည်သူ့ရှုထောင့်က ပဲကြည့်ကြည့် ထိုအရာသည် သတင်းထူးဖြစ်သည်။ ဆရာများတောင်မှ ထိုကိစ္စကိုသိသွားကြသည်။
သေချာစုံစမ်းအဖြေရှာပြီးနောက် အရင်ဆုံးရန်စသူမှာ မူကျန်ဖေးဖြစ်တာမို့ ချူးယွင်ဖန်ကို ဘာမှ မလုပ်ကြပေ။ နောက်ထပ် ထပ်မဖြစ်စေဖို့သာ သူ့ကို သတိပေးစကားပြောကြားသည်။ တစ်ဖက်မှာတော့ ချူးယွင်ဖန်းကိုရန်စသော မူကျန်ဖေးသည် ဒဏ်ရာပြင်းထန်စွာရခဲ့သည်။ သူ၏ လက်မောင်းအဆစ် နှင့်အရိုးများသည် ပြင်းထန်စွာ ထိခိုက်ပြီးနောက် သူသည်ဆေးရုံမှာ ကုသမှုခံယူနေဆဲဖြစ်သည်။
“ဟုတ်တယ်။ သူက အစတည်းကငါ့ကိုမနှစ်သက်တာ။ ငါ့ကိုဒုက္ခပေးဖို့အခွင့်အရေးထပ်ပေးမဲ့အစား ငါ့ဘက်ကပဲစပြီး တိုက်ခိုက်လိုက်မယ်” ချူးယွင်ဖန်းက ခေါင်းညိမ့်ကာစကားဆက်သည်။
“မနက်ကဖြစ်ပျက်ခဲ့တာတွေကိုမင်းလည်းသိပြီးနေမှာပေါ့။ မူကျန်ဖေးက ငါ့ကိုအသားလွတ်ကြီး ပြသနာ လာရှာတာ။ သူက သွေးသစ်လောင်းခြင်းအဆင့်ကိုဖြတ်ကျော်နိုင်တာမို့ သူ့သိက္ခာကိုအဖတ်ဆယ် ဖို့ ကြိုးစားတာ..ဒါပေမဲ့ ငါသံသယရှိတာက သူ့ရဲ့ ဖြတ်ကျော်နိုင်မှုက ဖန်ဒေယင်းနဲ့တစ်စုံတစ်ရာ ဆက်စပ်နေရမယ်”
“ဟုတ်တယ်။ ငါ စောနကပဲမေးလာတာ။ မူကျန်ဖေးက လွန်ခဲ့တဲ့နှစ်ရက်လုံး ဖန်ဒေယင်းအိမ်မှာရှိ နေခဲ့တာ။ ဟီး..အတန်းခေါင်းဆောင်က မင်းနဲ့တိုက်ခိုက်ဖို့ အသေအကြေကျင့်နေခဲ့တာ။ မင်းက မူကျန်ဖေးကိုတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်နိုင်တာကို မင်းဆီကိုမျက်နှာပြောင်တိုက်ပြီး ထပ်လာရဲတာ ငါအံ့ဩလို့ကိုမဆုံးဘူး”
“ဒါပေမဲ့မင်းသိရမှာက ဖန်ဒေယင်းက စိတ်ပျက်စရာကောင်းပေမဲ့ သူ့အစွမ်းက မြင့်တယ်။ ငါတောင် သူ့ကို နိုင်မလား မနိုင်ဘူးလားဆိုတာ မသေချာဘူး။ မင်းကအစွမ်းထက်တယ်လို့ လူတိုင်းကမြင်နေကြ ပေမဲ့ မင်းက သွေးသစ်လောင်းခြင်းအဆင့်မှာပဲရှိနေသေးတာ။ မင်းက ချီစွမ်းအားဖြည့်ခြင်းအဆင့်ကို ရောက်ဖို့ လိုနေသေးတယ်”
“စိတ်မပူပါနဲ့..ငါက နောက်ဆယ့်ငါးရက်နေရင် ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်ရဲကတည်းက သူ့ကိုအနိုင်ရမယ်ဆို တာ ငါ့မှာ ယုံကြည်ချက်အပြည့်ရှိတယ်” ချူးယွင်ဖန်းက တည်ငြိမ်စွာပြန်ဖြေသည်။
“မင်း ယုံကြည်ချက်ရှိတာကောင်းပါတယ်။ ငါမင်းကိုကူညီနိုင်တာရှိလျှင်လည်း ပြောပါ”
ချူးယွင်ဖန်းက စိတ်ပိုင်းဖြတ်ထားတာမို့ ဂေါင်ဟုန်ချီလည်း ဘာမှ မပြောနိုင်တော့ပေ။
“ဒါပေမဲ့ ဒီရက်ပိုင်းလေးအတွင်းမှာ မင်းဘယ်လိုလုပ်ပြီး အစွမ်းတွေရလာတာလဲ။ သူများတွေကိုဖြေ နေကျ တကယ်မဟုတ်တဲ့အဖြေတွေ ငါ့ကို လာမဖြေနဲ့နော်။ မင်းအကြောင်းသူတို့အားလုံးသိတာကို ငါလည်းမသိဘူးလို့ မင်းထင်နေလား။ မင်းကလွန်ခဲ့တဲ့ရက်အနည်းငယ်က အဆင့်-၅မှာပဲရှိနေသေးတာ။ ဒါပေမဲ့ မင်းက အခုအဆင့်-၇ကို ရောက်လာပြီ” ဂေါင်ဟုန်ချီလည်း မနေနိုင်ဘဲ မေးမိသည်။ ခွန်လွန်း ခေတ်မှာ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် လျှို့ဝှက်ချက် များကိုမေးမြန်းခြင်းသည် တားမြစ်ချက် တစ်ခု ဖြစ်သည်။ လုယုရှုသည် သူ၏ပြောင်းလဲမှုကို စိတ်ဝင်စားပြီး မေးချင်သော်လည်း သူမ မမေးခဲ့ပေ။ သို့သော် ဂေါင်ဟုန်ချီနှင့် သူကရင်းနှီးတာမို့ ထိုကဲ့သို့ တားမြစ်ချက်များကို ဂရုစိုက်ဖို့မလိုပေ။
“ငါက ဥာဏ်အလင်းပွင့်တယ်လို့ပြောပြလျှင် မင်းယုံမှာလား” ချူးယွင်ဖန်းက မဲ့ပြုံးတစ်ချက်ပြုံးကာ မေးသည်။ သူနှင့် ဂေါင်ဟုန်ချီသည် အလွန်ရင်းနှီးကြသည်။ သာမန်အတိုင်းဆို သူ့ကို ပြောပြလိုက်မည် ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာတော့ မတူပေ။ ထိုလျှို့ဝှက်ချက်ပေါက်ကြားသွားပါက အကျိုးဆက်က ပြင်းထန်မည်ဆိုတာ သူသိသည်။
သူလည်း သေရုံသာမက သူ့မိသားစုကိုလည်း ဒုက္ခရောက်စေမည်။ ဂေါင်ဟုန်ချီက သူငယ်ချင်းကောင်း ဖြစ်ပြီး ထိုလျှို့ဝှက်ချက်ကိုမဖော်နိုင်ဘူးဆိုသော်ငြား သူ့ဘဝတစ်လျှောက်လုံးမှာ ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းရတော့မည်။ ချူးယွင်ဖန်းက သူ့ကိုစိတ်ထဲမှ တောင်းပန်လိုက်သည်။
အမှန်တော့ သူကဥာဏ်အလင်းပွင့်သည်ဟု ဆိုခြင်းသည် ကျိုးကြောင်းဆီလျော်သည်။ သူကပြန်လည် မွေးဖွားလာပြီး သူ၏ဥာဏ်အလင်းများလည်း ဆန်းသစ်လာခဲ့သည်။
ဂေါင်ဟုန်ချီက သူ့ကိုတစ်ချက်လှမ်းကြည့်ကာ
“ဟုတ်ပါပြီ။ ယုံပါတယ်။ ဒီကိစ္စကိုမေ့လိုက်ပါတော့..ငါလည်းတကယ်တော့ စိတ်မဝင်စားပါဘူး။ ငါသိတာက မင်းကငါ့သူငယ်ချင်းကောင်းဖြစ်တယ်ဆိုတာပဲ။ငါတောင်းဆိုစရာတစ်ခုပဲရှိတယ်။ ငါ့အတွက် ပါပေါင်းပြီး သူ့ကိုဆုံးမခဲ့စမ်းပါ။ ဒီကောင်က နာမည်ပဲကြီးတာ။ ငါသူ့ကို အရင်တုန်းက စိန်ခေါ်တုန်းက ဘယ်တုန်းကမှ လက်မခံခဲ့ဘူး။ မင်းသူ့ကို ငါ့အတွက်ပါပေါင်းပြီး အနိုင်ပိုင်းပစ်ခဲ့ပါ”
“ကောင်းပါပြီ။ ကိစ္စမရှိပါဘူး” ချူးယွင်ဖန်းက ပြန်ဖြေသည်။ သူက ဒီကိုပြန်ဖြေမှတော့ သူ့မှာ ယုံကြည် ချက်အပြည့်ရှိပုံရသည်။ အဆင့်-၇က သွေးသစ်လောင်းခြင်းဖြစ်ပြီး အဆင့်-၈သည် စိတ်ဝိဥာဉ်အာရုံ လေ့ကျင့်ခြင်းဖြစ်သည်။ ထိုအဆင့်သည် ခက်လည်းမခက်သလို လွယ်လည်းမလွယ်ပေ။
စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်တွင်းမှာဖြစ်ပျက်နေသည်များကို မြင်နိုင်ခြင်းကို မဆိုလိုပေ။ ထိုအစား လူတစ်ဦးသည် သူ့ခန္ဓာကိုယ်ကို အနေအထားတစ်ခုထိကျင့်ကြံပြီး ခန္ဓာကိုယ် ထဲဖြစ်ပျက်သမျှ အရာရာသည် ဦးခေါင်းထဲတွင် ပြန်လည်မြင်ယောင်ခြင်းဖြစ်သည်။ ထိုအရာကိုသာ စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းဟု ခေါ်သည်။ ထိုအဆင့်သည် ယခင်ထဲက ခန္ဓာကိုယ်ကိုသန်စွမ်းအောင် လေ့ကျင့်ပြီး နောက်မှသာ သူတို့၏ခန္ဓာကိုယ်ကိုလိုသလိုခြယ်လှယ်နိုင်မည်။ ထို့နောက်မှသာ မှော်ဝင်အစွမ်းအချို့ကို လုပ်ဆောင်နိုင်မည်။ ဥပမာအားဖြင့် ဒဏ်ရာရသောအခါ ထိုဒဏ်ရာနားမှာရှိသော ကြွက်သားများကိုထိန်းချုပ်ပြီး သွေးမထွက်အောင်တားဆီးနိုင်မည်။ တချို့က ထိုအဆင့်မှာ နှစ်နှစ် လောက် ပိတ်မိနေကြသည်။ အကြောင်းရင်းမှာ သူတို့၏ခန္ဓာကိုယ်မှာဖြစ်ပျက်သမျှ အရာများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသောအခါ ဦးနှောက်သည် လွန်စွာပင်ပန်းလာခြင်းကြောင့်ဖြစ်သည်။ ထိုအဆင့် ကိုရောက်နေသောသူများတောင်မှ ထိုအခြေအနေကိုရောက်ဖို့သည် လွယ်ကူသောအနေအထား မဟုတ်ပေ။
ထိုအချိန်မှာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အပေါ်ခြယ်လှယ်နိုင်စွမ်းသည် ဆန်းကြယ်တန်ခိုးကအဆင့်မြှင့် ပြီးနောက် လွန်စွာမှတိုးတက်လာခဲ့သည်။ နတ်ဆိုးကျားလက်သီးသိုင်းကို ပြီးပြည့်စုံသောအနေအထားကို လေ့ကျင့်နိုင်သောကြောင့် သူ့ခန္ဓာကိုယ်ကို ခြယ်လှယ်နိုင်စွမ်းသည် ကျင့်ကြံခြင်းတစ်လျှောက် မြင့်မား လာခဲ့သည်။ မဟုတ်ပါက သူသည် နတ်ဆိုးကျားလက်သီးသိုင်းကိုပြီးပြည့်စုံစွာလုပ်ဆောင်နိုင်ပြီး ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်ရှိရန်မှာ မဖြစ်နိုင်တော့ပေ။
သာမန်လူများက ခန္ဓာကိုယ်ကိုလိုသလိုခြယ်လှယ်နိုင်ရန် အချိန်ခြောက်လမှ တစ်နှစ်ထိယူရသည်။ သူယခုပြုလုပ်ရန်မှာ စနစ်တစ်ခုလုံးကိုထိန်းချုပ်နိုင်ရန်ဖြစ်ပြီး ရက်အနည်းငယ်သာကြာမြင့်မည်။ ထို့နောက်တွင် သူသည် စိတ်ဝိဥာဉ်အာရုံခံခြင်းအဆင့်ကိုရရှိလိမ့်မည်။
စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ပြီးနောက် ချီစွမ်းအင်ဖြည့်တင်းခြင်းအဆင့်ဖြစ်ပြီး ထိုအဆင့်၏ အရေးကြီးဆုံး အပိုင်းမှာ စစ်မှန်သောစွမ်းအင်ကို ပါးစပ်အပြည့်ရှုရှိုက်မှသာ အစာအိမ်ဝမ်းဗိုက်ထဲတွင် လူတစ်ဦး၏ အတွင်းအားများကိုအသက်သွင်းနိုင်ပြီး ချီပင်လယ်ကြီးတစ်ခုဖန်တီးနိုင်မည်။ ထိုအဆင့်၏ သော့ချက်မှာ ချီစွမ်းအင်ဖြည့်တင်းခြင်းဖြစ်သည်။
အချိန်လည်းများစွာကြာမြင့်သလို လူတစ်ဦ၏ ချီပင်လယ်ကို အသက်သွင်းခြင်းသည် အန္တရာယ်များလှသည်။ လုံလောက်သောစစ်မှန်စွမ်းအင်မရှိဘဲ ချီပင်လယ်ကို အသက်မသွင်းနိုင်လျှင် ကိုယ်တွင်းအင်္ဂါများကို ဆိုးဝါးစွာထိခိုက်စေသည်။ သူ့ဘဝတစ်လျှောက်လုံး ချီပင်လယ်အဆင့်ကို ဘယ်တော့မှ မရနိုင်တော့သည်အထိ ဖြစ်လာနိုင်သည်။
ထိုအချိန်မှာ ထိုဖြစ်စဉ်ကို ဆေးအကူအညီဖြင့်မြန်ဆန်အောင်ပြုလုပ်နိုင်သည်။ ရှေးဟောင်းလူသားများ ခေတ်ဖြစ်ဖြစ် ယနေ့ခေတ်ဖြစ်ဖြစ် ချီစွမ်းအင်ဖြည့်တင်းခြင်းဆေးဟူသော ဆေးတစ်မျိုးရှိသည်။ ထိုဆေး ကိုသောက်သုံးလျှင် ခန္ဓာကိုယ်ထဲမှာ စစ်မှန်စွမ်းအင်များမြင့်မားလာနိုင်ပြီး ချီစွမ်းအင်ဖြည့်တင်းခြင်း အဆင့်ကို လျင်မြန်စေမည်။ သို့သော် ထိုဆေးက အလွန်စျေးကြီးပြီး င်္ဒဂါးတစ်သိန်းခန့် တန်ကြေးရှိသည်။ လူတိုင်းက ထိုဆေးကိုမဝယ်ယူနိုင်ပဲ ပိုက်ဆံတတ်နိုင်သူအချို့သာ ဝယ်နိုင်ကြသည်။ ယနေ့ခေတ် အသိုင်းအဝိုင်းမှာ ဂျင်ဆင်းဆေးမြစ်ထုတ်ခြင်းသည် ဒင်္ဂါးတစ်ရာလောက်သာ ကုန်ကျမည်။ ထိုဂျင်ဆင်း ကို စွဲစွဲမြဲမြဲသောက်သုံးလျှင် ခန္ဓာကိုယ်အင်အားပြည့်လာနိုင်သော်လည်း အချိန်ကြာမြင့်သည်။ ထို့ကြောင့် ပင် ဆေးများက တန်ကြေးမြင့်နေခြင်းဖြစ်သည်။ထိုဆေးများက ကျင့်ကြံရမည့်အချိန်ကို တိုတောင်းစေ သည်။
ဆေးမြစ်များက အဖိုးတန်တာမဟုတ်ဘဲ ဆေးစွမ်းက မြင့်မားခြင်းဖြစ်သည်။ သေချာတာက သာမန်လူများသည် ချီစွမ်းအင်ဖြည့်တင်းခြင်းအဆင့်ရောက်မှသာ ထိုချီစွမ်းအင်ဖြည့်တင်းခြင်းဆေးကို လိုအပ်မည်။ ချီတန်ခိုးဖြည့်တင်းရန်လိုအပ်မည့် အချိန်ကိုသက်သာစေမည်။ ဆေးပညာစနစ်အကြောင်း မဖော်ထုတ်ရသေးချိန်နှင့် မည်သူမှ ဆေးပညာအကြောင်းမသိနေချိန်တွင် သိုင်းသမားတစ်ဦးသည် ချီစွမ်းအင်ဖြည့်တင်းခြင်းအဆင့်ရောက်ရှိရန် နှစ်ပေါင်းများစွာအချိန်ယူရသည်။ ထို့ကြောင့် ထိုဆေးလုံး သည် စျေးကြီးသော်လည်း ပေးရတာနှင့်တန်သောရလဒ်ကိုရရှိသည်။ ယနေ့ခေတ်မှာ ဆင်းရဲမွဲတေပြီး နေသူဟူ၍ မရှိပေ။ သူတို့သာလိုချင်ပါက သာမန်လူများလည်း ဝယ်ယူနိုင်ကြသည်။ ချူးယွင်ဖန်း အတွက်တော့ မလုံလောက်နေပေ။
သူသည် စစ်နတ်ဘုရားသိုင်းကျမ်းကိုလေ့ကျင့်သဖြင့် သူ့ခန္ဓာကိုယ် အင်အားသည် သူနှင့်တူညီသောအဆင့်မှာရှိနေသော လူများထက်အဆပေါင်းများစွာသာလွန်သည်။ ထိုအချိန်မှာ သူသည် ချီပင်လယ်ကို အသက်သွင်းရန် သူ၏ကိုယ်တွင်းအင်္ဂါများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုခဲယဉ်းလှသည်။ သာမန်လူများက ချီစွမ်းအင်ဖြည့်တင်းဆေးကိုတစ်လုံးသောက်ရန်လိုအပ်ချိန်တွင် သူက အနည်းဆုံးသုံးလုံးလိုအပ်သည်။ ထိုအရာသည် အနည်းဆုံးသုံးသိန်းခန့်လိုအပ်မည်။ သူက အချိန်တိုအတွင်းရောက်ရှိချင်ပါက နောက်ထပ်ဆေးလုံးနှစ်လုံးသောက်ရန် လိုအပ်သည်။
ပြောရမည်ဆို သူသည်ဆေးဖိုးချည်းပဲ ငါးသိန်းကုန်ကျမည်။ သူက လုယုရှုဆီက လေ့ကျင့်ဖော်အဖြစ် တစ်သိန်းရှစ်သောင်းရသည်။ သူမက ကြိုတင်ပြီး တစ်သိန်းပေးသော်လည်း ဆေးဝယ်ရန် မလုံလောက် ပေ။ သူ့အတွက် ဆေးဖော်စပ်ရန်လည်း မလုံလောက်ပေ။
ထိုအခါမှသာ ရှေးလူကြီးများက ကံတရားကိုကျင့်ကြံမှု၏
အကြောင်းရင်းလေးချက်ထဲမှာ တစ်ခုအဖြစ် ဘာကြောင့်သတ်မှတ်ရသည်ဆိုတာ နားလည်လာသည်။ ထိုအရာသည်ကျိုးကြောင်းဆီလျော်ပြီး အလွန်မှန်လှသည်။ သူ့အတွက်ပိုက်ဆံရနိုင်မည့် အစီအစဉ် တစ်ခုကိုကြံဖန်ရတော့မည်။