အခန်း ၂၅-၂၇
Vol. 2 Ch. 25-27
အပိုင်း (၂၅)- စိတ်ဝိဥာဉ်အာရုံ လေ့ကျင့်ခြင်းကို ဖြတ်ကျော် ခြင်း…နတ်ဘုရားစိတ်ဝိညာဉ် ရှာဖွေတွေ့ရှိခြင်း
ငါးရက်ကြာပြီးနောက် ချူးယွင်ဖန်းသည် ညလယ်တွင် သူ၏အခန်းထဲမှာရှိသော ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းကို ဖြတ်ကျော်ခါနီးဖြစ်သည်။ လွန်ခဲ့ သော ငါးရက်ခန့်က သူသည် ကျောင်းကိုပုံမှန်အတိုင်းသွားပြီး နေ့စဉ်ကျင့်ကြံနေခဲ့သည်။ ကျောင်းဆင်း ပြီးနောက် လုယုရှုဆီသွားကာ သူမ၏ နတ်ဆိုးကျားလက်သီးသိုင်းနှင့်ပတ်သက်ပြီး ထောက်ပြပြော ဆိုသည်။
အရာအားလုံးသည်ပုံမှန်လိုပဲဖြစ်သည်။
ဖန်ဒေယင်းသည် သူ့ကို အရင်ရက်တွေတုန်းက စိန်ခေါ်တာမျိုးလည်းမရှိပေ။ လဝက်လောက် ရောက်သောအခါမှသာ သူ့သိက္ခာကိုပြန်လည်အဖတ်ဆယ်ရန်သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်တော့မည်။ သို့သော်လည်း ထိုအရာက ချူးယွင်ဖန်အတွက်ပြီးပြည့်စုံသည်။ သူသည် မည်သည့်အရာကိုမှ စဉ်းစား နေစရာမလိုပေ။
လုယုရှု၏ နတ်ဆိုးကျားလက်သီးသိုင်း လေ့ကျင့်မှုသည် တဖြည်းဖြည်းချင်းတိုးတက် လာသည်။ သူမ သည် ပြီးပြည့်စုံသည့်အဆင့်ကိုမရောက်သေးသော်လည်း အချိန်ကရှိပါသေးသည်။ သူမသည် ထိုအဆင့် ကိုရောက်ရှိနိုင်ရန် တစ်ဆင့်သာလိုတော့သည်။ ထိုအချိန်မှာ ချူးယွင်ဖန်း၏ ကဏ္ဍသည် သိသာ ထင်ရှားသည်။ သူကိုယ်တိုင်ဖြတ်ကျော်လာရသောအချက်များကို ထောက်ပြပြောဆိုခြင်းမရှိပါက သူမ သည် ဒီလောက်မြန်မြန်ကြီးတိုးတက်လာမည်မဟုတ်တော့ပေ။သို့သော်လည်း သူမက ပြီးပြည့်စုံခြင်း အဆင့်ကို မည်သည့်အချိန်တွင်ဖြတ်ကျော်နိုင်မလဲဆိုတာတော့ သူမသိပေ။ သိမြင်သဘောပေါက် နားလည်ခြင်းသည် ကျင့်ကြံခြင်းနှင့်ကွဲပြားခြားနားသည်။ လူတစ်ဦးသည် ဖြည်းဖြည်းချင်း နည်းနည်း ချင်းစီ လေ့ကျင့်နိုင်သော်လည်း သိမြင်သဘောပေါက်နားလည်ခြင်းမှာတော့ နားလည်ခြင်း သို့ နားမ လည်ခြင်းသာရှိသည်။ ထိုနှစ်ခုကြားမှာ အဆင့်တစ်ခုမရှိတော့ပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းနှင့် တစ်ဆင့်ပဲကွာသောအနေအထားမှာရှိနေပြီး မရရှိနိုင်သေးပေ။
ယခုရက်ပိုင်းအတွင်းမှာ သူသည်စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းကို မလုပ်ဆောင်မီ သွေးသစ်လောင်းခြင်း အဆင့် ကိုအခြေတည်အောင် ကျင့်ကြံနေသည်။ ခန္ဓာကိုယ်အားဖြည့်ဆေးသည် စျေးကြီးသော်လည်း ဆေးစွမ်းကအံ့မခန်းဖြစ်သည်။ သူ့ကိုယ်ပိုင်အစွမ်းဖြင့် သွေးသစ်လောင်းခြင်းအဆင့်ကိုဖြတ်ကျော်ပါ ကအချိန်ကြာမြင့်မှာ ဖြစ်ပြီး အခြေတည်အောင်လုပ်ရန်လည်း နောက်ထပ်ပိုပြီးအချိန်လိုအပ်သည်။ ထိုအစားသူသည် ရက်အနည်းငယ်အတွင်းမှာ သွေးသစ်လောင်းခြင်းအဆင့်၏ အမြင့်ဆုံးအနေအထားကို ရောက်ရှိလာသည်။ ခန္ဓာကိုယ်အားဖြည့်ဆေးအစွမ်းလည်း လုံးဝရုပ်လုံးပေါ်လာသည်။
တစ်ဖက်မှာ တော့ သူသည် စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းကို ဖြတ်ကျော်မည့်အချိန်တိုင်းမှာ တစ်ဆင့် နောက်ကောက်ကျန်နေခဲ့သည်။ သူက စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းအနေအထားကို ရောက်သည့် အချိန်တိုင်းမှာ သူ့စိတ်များအလွန်ပင်ပန်းနွမ်းနယ်လာသည်။ သူက ထိုညမှာ ဖြတ်ကျော်နိုင်ရန် စတင် ခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ အာရုံစိုက်ရန်လိုအပ်သော အရာတိုင်းကို သေချာအာရုံစူးစိုက်သည်။
ကြွက်သားများ၊ အရိုးများ၊ ရိုးတွင်းခြင်ဆီများ..
သူ့ခန္ဓာကိုယ်မှာ ရှိနေသမျှအရာအားလုံးသည် x-ray စက်ကြီးထဲဖြတ်နေသလို စီတန်းပြီးပေါ်လာသည်။ သူ့ဦးခေါင်းထဲမှာ ပုံရိပ်များပိုပိုပြီး မြင်လာလေလေ သူက တဖြည်းဖြည်းဖိအားဒဏ်ခံစားရလာသည်။ စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းသည် လူတစ်ဦး၏ စိတ်ကိုအတော်လေး မောပန်းနွမ်းနယ်စေသည်။
သီအိုရီသဘောအားဖြင့် ကျင့်ကြံခြင်း၏ ပထမဆုံးပြသနာသည် စိတ်ကိုတည်ဆောက်ရခြင်းဖြစ်သည်။ ထို့ကြောင့် ဥာဏ်ပညာရှိရှိကျင့်ကြံခြင်းနှင့်အသက်ခန္ဓာအတွက်လေ့ကျင့်ခြင်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုများဖြစ်သည်။ အခြေတည်အဆင့်ကိုကျင့်ကြံခြင်းသည် ခန္ဓာကိုယ်ကို သန့်စင်အောင်ပြန်လည်ပြုပြင်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်ကိုလေ့ကျင့်ခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် စိတ်သည် လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုစွမ်းရည်တစ်မျိုးဖြစ်သည်။ စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းကို ရရှိရန် ခက်ခဲရသည့် အကြောင်းပြချက်မှာ အခြေတည်အဆင့်မှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုကျင့်ကြံနေစဉ်တွင် စိတ်ပိုင်းဆိုင်ရာစွမ်းရည်လေ့ကျင့်မှုကလစ်ဟာနေခြင်းဖြစ်သည်။
စိတ်ဓာတ်ကြံ့ခိုင်သူများနှင့် စိတ်ဝိဥာဉ် အာရုံလေ့ကျင့် ခြင်းကို ဖြတ်ကျော်ရန် စိတ်ပိုင်းဖြတ်ထားသူများအတွက်သာ လွယ်ကူလိမ့်မည်။ စိတ်ဓာတ်ပျော့ညံ့သူများနှင့် ဆုံးဖြတ်ချက်မခိုင်မာသူများအဖို့တော့ အလွန်တရာမှခဲယဉ်းလောက်မည်။ ထိုစဉ်တွင် စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းသည် ဥာဏ်ပညာကျင့်ကြံအားထုတ်ခြင်းနှင့် အသက်ခန္ဓာ ကျင့်ကြံခြင်း ၏ သက်သေပြချက်တစ်ခုဖြစ်သည်။ လူတစ်ဦးသည် ဥာဏ်ပညာ သို့အသက်ခန္ဓာကိုသာ လေ့ကျင့်ပါက ကျင့်ကြံခြင်းလမ်းကြောင်းကို ခြေတစ်ဖက်တည်းနှင့်လျှောက်လှမ်းနေသကဲ့သို့ ဖြစ်နေ သည်။ ထိုသူများသည် အဆုံးထိလျှောက်လှမ်းနိုင်ရန် မလွယ်ကူလှပေ။ ပုံမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အရာအားလုံး၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းသည် လုံလောက်သောရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုမရှိပါက မရနိုင်ပေ။
ခေတ်သစ်လေ့ကျင့်ခြင်း မှတ်တမ်း များအရ လူတစ်ဦးသည် ကျင့်ကြံပါက ထိုသူ၏ ဦးနှောက်လည်းဖွံ့ဖြိုးတိုးတက်လာသည်။ အံ့ဖွယ် အစွမ်းများလည်းစီးမျောပါက သူတို့သည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သန်မာလာတော့ မည်။ သူတို့သည် မသေမျိုး သို့ အင်မိုတယ်များကဲ့သို့ ဘာမဆိုပြုလုပ်နိုင်သည်။ အံ့ဖွယ်စွမ်းအင်များ အသက်ဝင်လာလျှင် ဤအစွမ်းများအကုန်လုံးသည် လေထုပါးပါးလေးတွင် ပေါ်လာရန် မဖြစ်နိုင်ပေ။ ထိုအခါမှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်၏ အင်အားအထောက် အပံ့လိုအပ်လာသည်။ မဟုတ်ပါက အံ့ဖွယ် စွမ်းအင်များကို လုပ်ဆောင်သည်နှင့် မမှန်းဆနိုင်သော စိတ်ပိုင်းဆိုင်ရာခွန်အားသည် သေဆုံးလာလိမ့် မည်။ သူတို့၏ ခန္ဓာကိုယ်မှာရှိသော အစွမ်းအားလုံးကုန်ဆုံးလိမ့်မည်။
ချူးယွင်ဖန်းသည် ပထမဆုံးအကြိမ်မှာတော့မလုပ်နိုင်ခဲ့သော်လည်း သူဖြတ်ကျော်ရန်ကြိုးစားတိုင်း သူ့ဦးနှောက်ထဲမှာ ပုံရိပ်များကိုသေချာလေ့လာနိုင်စေရန် စီမံခဲ့သည်။ ထိုစွမ်းဆောင်နိုင်မှုသည် အလွန်တရာအံ့အားဖွယ်ကောင်းလှသည်။ သိပ်မကြာလိုက်ခင်မှာပဲ သူသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုကို တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်သည်အထိ ထိန်းချုပ်လာနိုင်ခဲ့သည်။ အချိန်ဘယ်လောက်တောင် ကုန်ဆုံးမှန်းမသိလိုက်ခင်မှာပင် သူလေ့ကျင့်နိုင်သည့်နောက်ဆုံး ကန့်သတ် ချက်ရောက်လာသည်ကို ခံစားမိလာသည်။ သူ့ဦးခေါင်းသည် စတင်ကိုက်ခဲလာသည်။ သို့သော် ယခင်နေ့များနှင့်ယှဉ်ပါက သူက အတော်လေးတိုးတက်လာခဲ့သည်။
“မဟုတ်ဘူး..ငါဆက်ပြီးလေ့ကျင့်ရမယ်”
ချူးယွင်ဖန်းက အံကိုခပ်တင်းတင်းကြိတ်ကာတောင့်ခံသည်။ ဒီတစ်ကြိမ်မှာ သူအင်အားကုန်သုံးပြီး တောင့်ခံရန်ကြံစည်ထားသည်။ သူ၏ စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းမှာ သူမလေ့ကျင့်နိုင်သည့် အပိုင်းအနည်းငယ်သာကျန်ရှိနေသည်။ သူသည် နောက်ဆယ်ရက်နေလျှင် ဖန်ဒေယင်း နှင့်တိုက်ခိုက် ရတော့မည်မို့ အချိန်သိပ်မကျန်တော့ပေ။ ထို့ကြောင့်သူသည် ချီစွမ်းအင်ဖြည့်တင်းခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ရတော့မည်။ ထိုအချိန်မှာ သူ့ဦးခေါင်းကို အပ်ချောင်းပေါင်းများစွာထိုးစိုက်နေသကဲ့သို့ ခံစားလာရသည်။ အချိန်ဘယ်လောက်တောင်ကြာသွားလိုက်သည်တောင် မသိလိုက်ဘဲနှင့် ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်မှာ ဖြတ်သန်းစီးဆင်းမှုတစ်ခုကို ခံစားမိလာသည်။
သူ့တစ်ကိုယ်လုံး ကို ဖြတ်သန်းသွားလာပြီး နောက်ဆုံးမှာ သူ့ဦးခေါင်းဆီသို့ရောက်လာသည်။ ရုတ်တရက်ဆိုသလို သူ့ဦးခေါင်းမှာရှိသော မခံမရပ်နိုင်သည့် နာကျင်မှုသည် ပျောက်ဆုံးသွားကာ သူသည်လည်း အလွန် အမင်းကြည်လင် အေးချမ်းသောအနေအထားကို ဝင်ရောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်၏ နောက်ဆုံးအပိုင်းသည် ယခုအခါတော့ သူ၏ စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းပုံရိပ်များ ထဲတွင် ပါဝင်လာခဲ့သည်။
“ငါက စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းကို ဖြတ်ကျော်နိုင်ခဲ့တာလား” သူက ထိုအဆင့်ကို ဖြတ်ကျော် နိုင်လျှင်တောင်မှ ကနဦးအဆင့်မှာပဲရှိနေကြောင်းဆိုတာ သူနားလည်သဘောပေါက်သည်။ တကယ့် လက်တွေ့မှာစိတ်ဝိဥာဉ်အာရုံလေ့ကျင့်ခြင်းသည် ရှေးဟောင်းကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာသည် တရားထိုင်သည့်ကျင့်စဉ်တစ်ခုဖြစ်ပြီး လူသား၏ ခန္ဓာကိုယ်ကို စကြာဝဠာတစ်ခုလုံးအဖြစ် ပြန်လည်ဆေးကြောသန့်စင်ပေးခြင်းဖြစ်သည်။ ထိုအရာသည် ခန္ဓာကိုယ်ကို အဆက်မပြတ်ထိန်းချုပ် နိုင်မှုကို ထဲထဲဝင်ဝင်သိမြင်စေပြီး စိတ်တန်ခိုးစွမ်းအင်များ ကျင့်ကြံခြင်းဖြစ်သည်။ အဆုံးသတ်ဟူ၍ မရှိပေ။
ထိုအချိန်မှာ ချူးယွင်ဖန်းသည် ပိုမိုကြီးမားသောအရာများတည်ရှိနေမှုကို မပီမပြင်ခံစားမိလာသည်။ ကျွမ်းကျင်သိုင်းပညာရှင်များသည် သူတို့၏သွေးကြောများကိုတောင်မှ ခံစားနိုင်ပြီး တချို့ဆို ခန္ဓာကိုယ်အတွင်းပိုင်းကို သေချာ စိုက်ကြည့်ပါက ဆဲလ်များ၏တည်ရှိမှုကိုတောင်မှခံစားမိနိုင်သည်ဟု ဆိုကြသည်။ တကယ့်လက်တွေ့မှာ သူတို့သည် ချီပင်လယ်ကိုအသက်မသွင်းခင်မှာပင် စိတ်ဝိဥာဉ် အာရုံခံခြင်းကို ဖြတ်ကျော်ရသည်။ အကြောင်းရင်းမှာ ချီပင်လယ်အသက်သွင်းပြီးနောက် လူတစ်ဦး၏ သာမန်စွမ်းအင်ပမာဏသည် ပုံမှန်အနေအထားထက်များစွာသာလွန်လာမည်။ ထိုအချိန်မှာ မထိန်းချုပ်နိုင်ပါက ဒုက္ခရောက်ကြရမည်။ စစ်မှန်စွမ်းအင်များက သူတို့ကိုဝါးမျိုသွားလိမ့်မည်။ ခန္ဓာကိုယ်ကို ပိုပိုပြီး ထိန်းချုပ်လာနိုင်လေလေ ထိုကဲ့သို့အန္တရာယ်မျိုးနှင့် ကြုံတွေ့မှုနည်းလာလေလေ ဖြစ်သည်။ တချို့က စစ်မှန်စွမ်းအင်ကို သူတို့ခန္ဓာကိုယ်၏ ပင်ကိုယ်တန်ခိုးအဖြစ်တောင်မှ ကျင့်ကြံနိုင် သည်။ ထိုအခြေအနေမှာ နောက်တစ်ဆင့်ဖြစ်သော ချီစွမ်းအင်ဖြည့်တင်းခြင်းကို ဆက်လက်ကျင့်ကြံရန် သူသည် စိတ်ဝိဥာဉ်အာရုံခံခြင်းမှာ လုံလောက်သောအနေအထားဖြစ်သည်။ သို့သော် သူသည် စိတ်ဝိဥာဉ် အာရုံခံခြင်းအခြေအနေမှ ထွက်ရန်ပြင်သောအခါ တစ်စုံတစ်ရာကိုရုတ်တရက်သတိရမိသည်။ သူ၏ အပေါ်ဘက်ကိုယ်တွင်းအင်္ဂါ များဆီမှ တစ်စုံတစ်ရာသည် သူ့စိတ်ထဲမှာ ထင်ဟပ်လာသည်။ သူက ပုံစံနှင့်အရွယ်အစားကိုအာရုံခံကြည့်ပြီး အံ့အားသင့်ရသည်။
ရှေးဟောင်းလူသားများခေတ်တုန်းက ဆေးဘုရင်နှင့် အခြားဧကရာဇ်များသည် နတ်ဘုရားဝိညာဉ်အတွက် တိုက်ခိုက်ခဲ့ကြတာမဟုတ်ဘူးလား……
အပိုင်း (၂၆)- စွမ်းရည်မှောင်ခိုစျေးကွက်
စိတ်ဝိဥာဉ်အာရုံလေ့ကျင့်မှုတစ်လျှောက် သူ၏ ဦးခေါင်းထဲတွင် နတ်ဘုရားဝိညာဉ်ကိုရှာတွေ့ခဲ့သည်ကို ချူးယွင်ဖန်းမယုံနိုင်အောင်ဖြစ်ရသည်။ ထို့အပြင် ထိုနတ်ဘုရားဝိညာဏ်ကို ရစ်ပတ်ထားသော ယင်းလိပ် တစ်ခုလည်းရှိနေသည်။ သူ့ဦးခေါင်းထဲမှာရုတ်တရက်ပေါ်လာသော်လည်း သူဘာမှမခံစားရပေ။ ထိုအချိန်မှာ သူကမည်သို့မည်ပုံ ပြောင်းလဲလာပြီး အစွမ်းများကမည်ကဲ့သို့တိုးတက်လာပုံစသည့် အကြောင်းအရာများစွာကို သူခံစားမိလာသည်။
ဖြစ်နိုင်တာက ထိုအရာများသည် နတ်ဘုရားဝိညာဏ်ဆီမှ လာတာဖြစ်ရမည်။ ထိုအရာသည် သူ့ဦးနှောက်ထဲမှာလုံးဝပေါင်းစပ်နေသည်။ သိပ်မကြာခင်မှာပင် သူဘယ်အချိန်မှာပဲ လေ့ကျင့်နေပါစေ နတ်ဘုရားဝိညာဉ်ပတ်လည်တွင်ပေါ်လာသော ခပ်ရေးရေးအရာ များရှိသည်ကို ချူးယွင်ဖန်းရှာဖွေတွေ့ရှိလာသည်။ ထိုအရာသည် သူအေးမြသောခံစားမှုကိုရရှိသော အခါမှာပေါ်လာတတ်သည်။ ထိုအခါမှာ သူသည်ပိုမိုပြီးအားရှိလာပြီး သူ၏ လေ့ကျင့်သည့်အချိန်ကို တစ်ဝက်လောက်လျော့ကျစေပြီး သူ၏စွမ်းဆောင်ရည်ကိုလည်းမြင့်တက်စေသည်။
နတ်ဘုရားဝိညာဉ်သည် အကြောင်းပြချက်တစ်ခုဆိုတာ သေချာလာသည်။ ထိုအချိန်မှာ သူ့ဦးခေါင်း ထဲမှာရှိနေသော ရှုခင်းပုံပန်းချီကားချပ်သည် နတ်ဘုရားဦးခေါင်းကိုရစ်ပတ်ထားသည်။ သူက ဘယ်လိုပဲ လုပ်လုပ် ပန်းချီကားကို မရွှေ့နိုင်ပေ။ ထို့ကြောင့်သူက ဒီအတိုင်းပဲထားလိုက်ရတော့မည်။ သူ့မှာ စိတ်စွမ်းအင် မလုံလောက်ဘူးလားဟုတောင် သူသံသယဖြစ်လာမိသည်။ ထို့ကြောင့် သူသည် ပန်းချီကားကိုလည်း မရွှေ့နိုင်ပဲ ထိုပန်းချီကားဆီမှ မည်သည့်တုံ့ပြန်မှုကိုမှမရနေတာလည်း ဖြစ်မည်ဟု ထင်လာမိတော့သည်။
ရှေးဟောင်းလူသားများခေတ်၏ အကြွင်းအကျန်အပိုင်းအစများဆီမှ မှော်ဝင် ပစ္စည်းမြောက်များစွာ တူးဖော်ရရှိခဲ့သည်။ ရှေးဟောင်းလူသားများခေတ်၏ စာအုပ်များမှာရှိသော မှတ်တမ်းများအပေါ်အခြေခံပြီးပြုလုပ်ထားသော မှော်ဝင်ပစ္စည်းများတောင်မှရှိနေသည်။
ပြည်ထောင်စုအစိုးရက ထုတ်ပြန်သောမှတ်တမ်းအချို့အရ စိတ်စွမ်းအင်တန်ခိုးမြောက်များစွာရှိနေ သော လူများကသာ ထိုမှော်ဝင်ပစ္စည်းများကိုအသုံးပြုနိုင်သည်။ ချူးယွင်ဖန်းသည် ထိုအဆင့်ကိုမရောက် ရှိသေးပေ။
ထို့ပြင် နတ်ဘုရားဝိညာဉ်သည် ရှေးဟောင်းလူသားများခေတ်ကမို့ နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည်။ သူသည် မိုင်ပေါင်းများစွာကို အချိန်အကြာကြီးခရီးနှင်ပြီးမှ ယနေ့ခေတ်ကိုရောက်ရှိလာသည်။ ထိုအရာ သည် သာမန်မှော်ဝင်ပစ္စည်းတစ်ခုမဟုတ်ဘူးဆိုတာတော့သေချာသည်။ ထို့ကြောင့် ထိုအရာကိုအသက် သွင်းရန် ပိုမိုခက်ခဲသည်။
“မေ့လိုက်တော့မယ်..နတ်ဘုရားဝိညာဉ်ရော ပန်းချီကားကိုရော မရွှေ့နိုင်မှတော့ နောက်မှပဲအဖြေရှာ ကြည့်တော့မယ်” သူလုပ်နိုင်တာဘာမှမရှိသဖြင့် ထိုကိစ္စရပ်များကိုခဏဘေးချထားရတော့သည်။ ယခုအချိန်မှာ သူ၏ အဓိကရည်ရွယ်ချက်မှာ ပိုက်ဆံရှာနိင်ဖို့ပဲဖြစ်သည်။
စိတ်ဝိဥာဉ်အာရုံလေ့ကျင့်ပြီးနောက် ချီစွမ်းအင်ဖြည့်တင်းခြင်းလာမည်။သူသည် စစ်မှန်စွမ်းအင်ကို အသုံးပြုပြီး ချီပင်လယ်ကိုအသက်သွင်းပါက ဖြစ်စဉ်တစ်ခုလုံးသည် အချိန်ကြာမြင့်မည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်အနေအထားသည် သာမန်ထက်ပိုပြီး အင်အားကြီးမားသည်။ စစ်မှန်စွမ်းအင်ကို အပြည့်အဝ သောက်သုံးခြင်းက သူ့ကိုအဆပေါင်းများစွာပိုမိုခက်ခဲလာစေမည်။ သူ့ခန့်မှန်းချက်အရ သူသည် အနည်းဆုံး ချီစွမ်းအင်ဖြည့်တင်းခြင်းဆေးလုံးငါးလုံး လိုအပ်သည်။သူကိုယ်တိုင်ဖော်စပ်လျှင်တောင်မှ အနည်းဆုံး သုံးသိန်းလိုအပ်သည်။ ဆေးများသည် အချိန်ကုန်သက်သာစေပြီး ကျင့်ကြံခြင်းကို ပိုမို မြန်ဆန်စွာမြင့်တင်နိုင်လေလေ စျေးပိုကြီးလေလေဖြစ်သည်။
ရုတ်တရက်ဆိုသလို သူတစ်စုံတစ်ရာကို သတိရမိသည်။ ဆေးမြစ်၊သစ်ဥ၊ သစ်ဖုကုန်ကျစရိတ်အပြင် ဆေးလုံးများတန်ဖိုးမြင့်မားခြင်း၏ အဓိကတရားခံမှာ ဆေးပညာရှင်အတွက် အခကြေးငွေဖြစ်သည်။ ထိုအတိုင်းသာဆို သူက တခြားသူများ အတွက် ဘာကြောင့်မို့လို့ ဆေးမဖော်ပေးနိုင်ရမည်နည်း။
လွန်ခဲ့သောနှစ်များနှင့် နှိုင်းယှဉ်ပါက ဆေးပညာရှင်အရေအတွက်သည်မြင့်မားလာသော်လည်း ဆေးဝါးစျေးကွက်၏ လိုအပ်မှုကိုတော့ မဖြည့်တင်းနိုင်သေးပေ။ ဆေးပညာရှင်များကို အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် အစိုးရဌာနများမှ အလုပ်ခန့်အပ်သောကြောင့် သာမန်ပြည်သူများအတွက် ဆေးပညာ ရှင်သီးသန့်မရှိတော့ပေ။ တကယ့်လက်တွေ့မှာ ဆေးပညာရှင်လိုအပ်ချက်သည် မြင့်မားနေဆဲ ဖြစ်သည်။ ထိုအချိန်မှာ ဆေးပညာရှင်အစည်းအရုံးသည် သာမန်ဆေးဝါးများကိုသာ ရောင်းချသည်။ ထူးခြားသောအစွမ်းရှိသော ဆေးဝါးများတော့ သူတို့မှာမရှိပေ။ ဆေးဝါးဖော်စပ်နည်းပေးလျှင်တောင်မှ ထိုဆေးကိုဖော်စပ်ရန် ဆေးပညာရှင်လိုအပ်သည်။ တစ်ဖက်မှာလည်း ဆေးပညာရှင်အစည်းရုံးမှ တစ်ဆင့်ရှာတွေ့သော ဆေးပညာရှင်များသည် ။
သူတို့အတွက်ဆေးဝါးဖော်စပ်ခြင်းဖြစ်စေ ရောင်းချဖို့ အတွက်ဖြစ်စေ ဆေးပညာရှင်အစည်းအရုံးကို အခွန်အခမြင့်မားစွာပေးဆောင်ရသည်။ တစ်စုံ တစ်ယောက်က ဆေးပညာရှင်ကို ကိုယ်တိုင်ကိုယ်ကျ ချိတ်ဆက်ပြီးဆက်သွယ်ပါက အဖိုးအခအတွက် ကြီးမားသောပမာဏကို သက်သာစေသည်။ သို့သော် ချူးယွင်ဖန်ဆီမှာ အဆင့်မြင့်ပညာသင်အဆင့် လိုင်စင်သာရှိသည်။ စည်းမျဉ်းစည်းကမ်းများအရ သူ့ကို တခြားသူများအတွက် ဆေးဖော်စပ်ခြင်းအား တားမြစ်ထားသည်။ ထိုအချိန်မှာ ဆေးပညာရှင်အလုပ်သင်စာမေးပွဲကို ဆေးပညာရှင်အစည်းအရုံး မှာသာ တရားဝင်ကျင်းပပေးသည်။ လူတစ်ယောက်သည် ထိုစာမေးပွဲကိုဖြေဆိုပြီး နောက်တစ်လ အကြာမှာ နောက်ထပ်စစ်ဆေးမှုတစ်ခုကိုထပ်မံဖြေဆိုရမည်။ ချူးယွင်ဖန်းသည် နောက်တစ်လအထိ မစောင့်နိုင်တော့ပေ။
ထိုအခါမှာ သူသည် စွမ်းရည်မှောင်ခိုစျေးကွက်ကို သတိရမိသည်။ သာမန်စျေးကွက်ကဲ့သို့ ပွင့်လင်း မြင်သာစွာမရောင်းချနေသော်လည်း လူအများစုက ထိုစျေးကွက်အကြောင်းကိုသိကြသည်။ လိုအပ်သောအရာမျိုးစုံကို မှောင်ခိုစျေးကွက်မှာလာရောက်ရှာဖွေကြသည်။ ထိုစျေးကွက်မှာလူပေါင်းစုံ ရှိပြီး မက်လောက်စရာဆုကြေးများကိုလည်း ကြေညာထားကြသည်။ သို့သော် ထူးခြားသည်မှာ ထို စျေးကွက်၏ လုံခြုံမှုအဆင့်အတန်းသည် အခြားနေရာများထက်သာလွန်ကောင်းမွန်သည်။ သာမန်လူ များက ထိုနေရာကိုသွားလျှင် စိတ်ပူစရာမလိုပေ။
စွမ်းအားမြင့်အဖွဲ့တစ်ဖွဲ့က ထိုစွမ်းရည်မှောင်ခို စျေးကွက်ကို အထောက်အပံ့ပြုနေသည်ဟုလည်း ဆိုကြသည်။ ဘယ်သူမှထိုနေရာမှာ စိတ်ထင်တိုင်း မကြဲရဲပေ။ မဟုတ်ပါက သူတို့သည် မကောင်းသောအရာကိုတန်ပြန်ခံစားရမည်။ ထိုမှောင်ခိုစျေးကွက် ကို ပြည်ထောင်စုအစိုးရက တားမြစ်ထားသော်လည်း လူတော်တော်များများက ထိုစျေးကွက်တည်ရှိနေ မှုကို သိကြသည်။ ထိုစွမ်းရည်မှောင်ခိုစျေးကွက်၏နောက်ကွယ်မှာရှိနေသောသူသည် သာမန်ပုဂ္ဂိုလ် တစ်ဦးမဖြစ်နိုင်ပေ။
ဂေါင်ဟုန်ချီပြောဖူးတာ သူတစ်ခါကကြားဖူးသည်။ ထို့ကြောင့်သူက ထိုနေရာကို သိနေရခြင်းဖြစ်သည်။ သာမန်အရဆို သူတို့သည် မှောင်ခိုစျေးကွက်ကိုသွားရောက်လည်ပတ်ပါက သူတို့၏ လုံခြုံမှုကိုအာမမခံ နိုင်ပေ။
သူ့မှာ လိုအပ်သောလိုင်စင်မရှိသဖြင့် အခြားသူများအတွက် ဆေးများကို သင့်တော်ရာနေရာများ မှာမရောင်းချနိုင်ပေ။ သို့သော် မှောင်ခိုစျေးကွက်မှာတော့ ထိုကဲ့သို့မဟုတ်ပေ။ ဘယ်သူမှ သူ့ဆီက လိုင်စင်မတောင်းပေ။ လက်တွေ့မှာလည်း မှောင်ခိုစျေးကွက်မှာ ရောင်းဝယ်ဖောက်ကားနေသော ပညာသင်လူပေါင်းများစွာရှိသည်။ တရားဝင်ဆေးပညာရှင်များဖြစ်လာပါက အဖွဲ့အစည်းများစွာက ကုန်ကျစရိတ်ကိုမမှုဘဲ သူတို့ကို လာရောက်ကမ်းလှမ်းကြသည်။ ကျော်ကြားသောဆေးပညာရှင်များစွာ သည် မီလီယံနာ သို့ ဘီလီယံနာများပင် ဖြစ်ကြသည်။
သူတို့အတွက် ပိုက်ဆံရှာဖို့ဆိုတာ မခက်ခဲပေ။ပုံမှန်ဝင်ငွေမရှိ သည်မှာ ပညာသင်အဆင့် ဆေးပညာရှင်များဖြစ်ကြသည်။ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် အစိုးရအဖွဲ့များမှ မျက်နှာသာပေးခံရသူများမှအပ တခြားသူများသည် ဆေးပညာ နယ်ပယ်မှာဆက်လက် ရပ်တည်လိုပါက မှောင်ခိုစျေးကွက်သည် တစ်ခုတည်းသော အသက်ရှင် ရပ်တည်မှုဖြစ်သည်။
တရားဝင်ဆေးပညာရှင်များတောင်မှ မှောင်ခိုစျေးကွက်မှာ အဆင့်မြင့်အလုပ်အကိုင်များရှာဖွေကြသည်။ သူတို့သည် ထိုကဲ့သို့တရားမဝင်အလုပ်အကိုင်များအတွက် အစိုးရကို အခွန်ပေးဆောင်ရန်မလိုအပ် ပေ။ မှောင်ခိုစျေးကွက်မှာ သူတို့ကိုကာကွယ်ပေးသောလူများရှိသဖြင့် သူတို့ကိုတားဆီးလို့မရနိုင်ပေ။
ချူးယွင်ဖန်းက စိတ်ပိုင်းဖြတ်ထားသဖြင့် သူက တွေဝေတုံ့ဆိုင်းခြင်းမရှိတော့ပေ။
နောက်တစ်နေ့သည် တနင်္ဂနွေနေ့ဖြစ်သည်။ သူသည် မနက်အစောပိုင်းတွင် တည်ငြိမ်သမုဒ္ဓရာမြို့နှင့် သုန့်ဟွာမြို့ကြားက နေရာကို ရောက်သောဘတ်စ်ကားကိုစီးနင်းသည်။ ထိုမြို့နှစ်မြို့ ကန့်လတ်ဖြတ် ဆုံသောနေရာမှာ ထိုမျက်ကွယ်ပြုထားသောဧရိယာရှိသည်။ ထိုဧရိယာသည် စွမ်းရည်မှောင်ခိုစျေးကွက် တည်ရှိသောနေရာဖြစ်သည်။ ချူးယွင်ဖန်းက လူပြောများသော စွမ်းရည်မှောင်ခိုစျေးကွက်ကို ပထမဆုံး အကြိမ်ရောက်လာသည်။ ထိုနေရာသည် သာမန်စျေးတစ်ခုကဲ့သို့ပင် လူများပြည့်ကြပ်နေသည်။ သူတို့ကို မှတ်မိသွားကြမှာကိုလုံးဝမစိုးရိမ်သောပုံစံများဖြစ်နေတာမို့ ချူးယွင်ဖန်းအံ့ဩမိသည်။ ထိုစျေးကွက်ကိုထောက်ပံ့ပေးသော အဖွဲ့သည် တည်ငြိမ်သမုဒ္ဓရာမြို့နှင့် သုန့်ဟွာမြို့မှာ ပြိုင်ဘက်ကင်း အဖွဲ့ဖြစ်ရမည်။
သူလည်း မစဉ်းစားနေတော့ဘဲ လူအုပ်ကြီးနှင့်အတူ ရောနှောသွားလာလိုက်တော့သည်။
အပိုင်း (၂၇)- လုပ်ငန်းများလာအပ်ခြင်း
ဤမှောင်ခိုစျေးကွက်သည် တရားမဝင်လုပ်ငန်းဖြစ်သော်လည်း မမျှော်လင့်ထားလောက်အောင်
အစီအစဉ်ကျ လှသည်။ သူတို့မှာ ပြသနာပေါင်းစုံကိုဖြေရှင်းမည့် သီးသန့်စီမံခန့်ခွဲရေး အဖွဲ့တောင် ရှိသည်။ သေချာတာကတော့ သူတို့နောက်ကွယ်မှာပံ့ပိုးနေသော ကြီးမားသည့်ဂိုဏ်းတစ်ခုရှိကိုရှိရမည်။ သူကမှောင်ခိုစျေးထဲရောက်သောအခါ အရင်ဆုံးပြုလုပ်မိသည်မှာ အထပ်မြင့်အဆောက်အဦမှာရှိသော
စီမံခန့်ခွဲသည့် အဖွဲ့ကိုရှာဖွေရန်ဖြစ်သည်။ သူသည် မှောင်ခိုစျေးမှာ စျေးရောင်းချမည့် နေရာ တစ်နေရာစာအတွက် ပိုက်ဆံငါးထောင်ပေးချေသည်။ အသေးဆုံးဆိုင်နေရာဖြစ်ပြီး တစ်ရက်ကို ငါးထောင်ဖြင့်ငှါးရမ်းနိုင်သည်။ သူက ဘာတွေရောင်းချမလဲဆိုတာ ထိုမှောင်ခိုစျေးက စိတ်မဝင်စားပေ။
သူ၏နောက်ခံသမိုင်းကြောင်းကိုတောင်မှ မမးမြန်းပေ။ သူတို့သာမေးခွန်းများမေးပါက လူအများ အပြားသည် ကြောက်လန့်ပြီးမလာရဲတော့ပေ။ မှောင်ခိုစျေးကွက်ကိုပွင့်လင်းမြင်သာစွာ လုပ်နေသော် လည်း မှောင်ခိုတရားမဝင်လုပ်ငန်းဖြစ်တာမို့ ဒီနေရာကိုလာရောက်သည့် သူများ လုပ်ကိုင်သည့် လုပ်ငန်းကလည်း တရားမဝင်လုပ်ငန်းဖြစ်သည်။ သူတို့၏ နောက်ခံအကြောင်းနှင့် မည်သည့်အရာများ ပြုလုပ်မလဲဆိုတာမမေးပေ။ သူတို့ပြုလုပ်ပေးရမည့်အရာလောက်ကိုသာ လုပ်ပေးသည်။ မှောင်ခို စျေးကွက်ဖြစ်တာမို့ ခေါင်းပုံဖြတ်ခြင်းဆိုသည့် ကိစ္စရပ်များကရှောင်လွှဲမရနိုင်ပေ။ ကိုယ့်ကိုကိုယ်သာ
အားကိုးအားထားပြုရမည်။
ချူးယွင်ဖန်းသည် ဆိုင်ခန်းသေးသေးလေးတစ်ခုကိုငှါးရမ်းသည်။
ထို့နောက်သူသည် ဆိုင်ရှေ့မှာ “ဆေးအမျိုးအစားအစုံကို သက်သာသောစျေးနှုန်းဖြင့်ဖော်စပ်ပေးသည်”
ဟူသောဆိုင်းဘုတ်ကို ချိတ်ဆွဲသည်။ ထို့နောက်သူသည် စျေးဝယ်သူများကိုစောင့်ဆိုင်းရင်း
တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည်။ သူငှါးရမ်းသောနေရာသည်မှောင်ခိုစျေး၏ နည်းနည်းအစွန်ကျသော
နေရာမှာရှိသော်လည်း လူမပြတ်ပေ။
မနက်အစောမှာပင် ဆေးပညာအကြောင်းသိချင်၍
လာသောလူများစွာရှိသည်။ သို့သော်လည်း သူ့မှာ အဆင့်မြင့်ပညာသင်အဆင့် လက်မှတ်ရထားသည် ဟူသော သတင်းကိုကြားပြီးနောက် ထိုသူများသည် လှည့်ပြန်ထွက်သွားကြသည်။ ချူးယွင်ဖန်းက ဆယ်ကျော်သက်ပုံစံဖြစ်နေခြင်းမှာလည်း သူ့ကိုမည်သူကမှ မယုံကြည်ရဲသော အကြောင်းတစ်ခု ဖြစ်သည်။ထိုဆေးများသည် သောင်းဂဏန်းမှ သိန်းပေါင်းများစွာကုန်ကျနိုင်သဖြင့် မည်သူကမှ အရဲမစွန့်လိုကြပေ။
နောက်ဆုံးမှာ ခပ်ပိန်ပိန်ပါးပါးလူတစ်ဦးသည် သူ့ကိုချဉ်းကပ်လာသည်။ သူကမော့ကြည့်သောအခါ ခပ်ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကိုတွေ့ရသည်။သူမကအသက်နှစ်ဆယ်အရွယ်ရှိလောက်ပြီး လှပသောမျက်နှာသွင်ပြင်ရှိသည်။ သူမကမိတ်ကပ်အနည်းငယ်လိမ်းထားပြီး သပ်ရပ်သော ယူနီဖောင်းဝတ်စုံကိုဝတ်ထားသည်။
“နင်က ဆေးအမျိုးအစားပေါင်းစုံကိုဖော်စပ်နိုင်တယ်လို့ပြောတာက ကြွားဝါပြောဆိုတာပဲဖြစ်ရမယ်။နင်တကယ်ပဲ ဆေးဖော်နိုင်လို့လား”
သူမ၏မျက်နှာပေါ်မှာ သံသယဖြစ်မှုက အတိုင်းသားမြင်နေရသည်။
သူမက ဆေးပညာရှင်များစွာနှင့် တွေ့ဆုံခဲ့ဖူးသဖွယ်ဖြစ်နေသည်။ ပုံမှန်အတိုင်းဆို မှောင်ခိုစျေးကွက်မှာ လာရောင်းသော ဆေးပညာရှင်အားလုံးသည်ဖော်စပ်ရရှိနိုင်သော ဆေးအမျိုးအစား များကို စာရင်း ပြု စုထားသည်။ ထိုမှသာ လာရောက်ဝယ်ယူသူများအနေဖြင့် ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်သည်။ ပုံမှန်အရဆို ဆေးအမျိုးအစားအားလုံးကိုဖော်စပ်နိုင်သည်ဆိုသော ရဲရဲတင်းတင်း ပြောဆိုမှုသည် မည်သူ့မှာမှမရှိပေ။
“ကျွန်တော်က ဆေးအမျိုးအစားအားလုံးကိုဖော်စပ်နိုင်တယ်လို့ မဆိုဝံ့ပါဘူး။ ဒါပေမဲ့ ဆေးအများစု ကိုတော့ဖော်စပ်ပေးနိုင်ပါတယ်” ချူးယွင်ဖန်းကဆိုသည်။ ထိုအမျိုးသမီးက သံသယဝင်နေပုံရပြီး ထပ်မံမေးမြန်းပြန်သည်။
“ဒါဆို နင့်မှာ ဆေးပညာရှင်လိုင်စင်ရှိပြီလား”
“မရှိသေးပါဘူး။ ဟုတ်ပါတယ် ဆေးပညာရှင်လိုင်စင်တော့မရှိပါဘူး။ အကယ်၍လိုင်စင်ရှိနေလျှင်လည်း
ဒီမှောင်ခိုစျေးမှာ ကျွန်တော်ရှိနေပါတော့မလား။ ပုံမှန်ရောင်းချတဲ့စျေးကိုပဲသွားတော့မှာပေါ့”
ချူးယွင်ဖန်းလည်း တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာသည်။
ထိုအမျိုးသမီးသည်မယုံကြည်သောပုံစံဖြင့်မေးခွန်းများမေးနေပြီး သူ့ကို လှောင်ပြောင်သရော်နေသည့်ပုံပေါ်သည်။
“မင်း…” ချူးယွင်ဖန်းက ထိုအမျိုးသမီးကို ဒေါသထွက်စေသည်။ သို့သော်လည်း သူဆက် ပြောသည့် အရာများက သူမဒေါသကိုပြေစေသည်။
“ငါ့မှာ သင့်တော်တဲ့ပစ္စည်းတွေ အရည်အချင်းတွေမရှိလျှင် ဒီနေရာမှာရှိနေပါ့မလား။
ခင်ဗျားအချိန်ကိုဖြုန်းဖို့ ဒိလိုနေရာမှာ တစ်ရက်ငါးထောင်ပေးပြီး ကျွန်တော်ဆိုင်ခန်းလာငှါးပါ့မလား”
ချူးယွင်ဖန်းက ပြောသည်။
ထိုအမျိုးသမီးလည်း သေချာတွေးတော့မှ သူပြောတာဖြစ်နိုင်သည်ဟု တွေးမိလာသည်။
ဤမှောင်ခိုစျေးကိုလာသူများသည်အများအားဖြင့်လူကောင်းများမဟုတ်ကြပေ။
တချို့ဆို ဒီနေရာမှာတစ်ခုခုထိခိုက်အနာတရဖြစ်အောင်လုပ်ရန် ကြံစည်ကြသူများတောင်ရှိသည်။သူတစ်ပါး၏အချိန်ကိုဖြုန်းချင်ရုံသက်သက်ဖြင့် ဆိုင်တစ်ဆိုင်ကိုလာငှါးကြမည်မဟုတ်ပေ။
“ခင်ဗျားက ဘယ်လိုဆေးမျိုးကို ဖော်စေချင်တာလဲပြောပါ” ချူးယွင်ဖန်းကမေးသည်။
သူက အနည်းငယ်စိတ်တိုနေသော်လည်း ထိုဖောက်သည်ကိုတော့ လက်လွှတ်မခံလိုပေ။
သူ့ဆီကိုလာရောက်သော စျေးဝယ်သူများထဲမှာ သူမတစ်ဦးတည်းကသာ ချက်ချင်းလှည့်ပြန်မထွက် သွားပေ။
ကြည့်ရတာ သူမမှာတခြားသူများထက် အလျင်လိုနေသော ပုံပေါ်သည်။
သူသည် ဆယ်ကျော်သက်အရွယ် ဆေးပညာလိုင်စင်မရှိသေးသူဖြစ်သော်လည်း သူမက ထို အခွင့်အရေးကို အဆုံးရှုံးမခံပေ။သေချာစဉ်းစားပြီးနောက် ထိုအမျိုးသမီးက
“ငါက ခန္ဓာကိုယ်အားဖြည့်ဆေးအတွဲတစ်ခုကိုစဉ်းစားနေတာ” ဟုပြန်ဖြေသည်။
“ခန္ဓာကိုယ်အားဖြည့်ဆေး..ဒါဆို ခင်ဗျားဘာလို့ ဆေးပညာရှင်အစည်းအရုံးကိုမသွားတာလဲ”
ချူးယွင်ဖန်းက အနည်းငယ် မယုံသင်္ကာဖြစ်သွားသည်။ ထိုအမျိုးသမီးပုံစံသည် တစ်ခုခုတော့
တစ်ခုခုပဲဖြစ်သည်။ ခန္ဓာကိုယ်အားဖြည့်ဆေးသည် တရားဝင်ရောင်းချသော သာမန် ဆေးတစ်မျိုး ဖြစ်သည်။ ထိုဆေးက ကန့်သတ်ထားသောဆေးတစ်မျိုးမဟုတ်သောကြောင့် ထိုဆေးကို ဝယ်ယူ နိုင်မည့် အမြန်ဆုံးနည်းလမ်းမှာ ဆေးပညာရှင် အစည်းအရုံးထံသို့တိုက်ရိုက် သွားရောက် ဝယ်ယူခြင်း ဖြစ်သည်။ ထို့အပြင် သူမက ခန္ဓာကိုယ်အားဖြည့်ဆေးအတွဲတစ်ခုကိုဝယ်ယူချင်တာမို့ သူမ သောက်သုံး ဖို့မဖြစ်နိုင်ဘဲ ဆေးများကိုပြန်လည်ရောင်းချဖို့ကြံစည်ခြင်းဖြစ်မည်။ ထိုကဲ့သို့ တရားဝင်လုပ်ငန်းတစ်ခု အတွက် သူမက ဘာကြောင့် မှောင်ခိုစျေးကိုလာရောက်ခဲ့သနည်း။
မှောင်ခိုစျေးကွက်သည် စျေး သက်သာသော်လည်း အန္တရာယ်များစွာလည်းရှိသည်။ မည်သူမှ ထိုစျေးအတွင်း ပရမ်းပတာ မပြုလုပ်ရဲ ကြပေ။ သို့သော် သူတို့ပြန်သွားသည်နှင့်အခြေအနေက တခြားစီဖြစ်သွား တော့မည်။ခန္ဓာကိုယ် အားဖြည့်ဆေးကို ဖော်စပ်ရန် ဆေးပညာရှင်အစည်းအရုံးမှာ ဆေးပညာရှင်တစ်ဦးကို သွားရောက်ရှာဖွေပါက ရရှိမည့်အကျိုးအမြတ်အတွက် အာမခံချက်ပေးနိုင်သည်။ လူအနည်းစုကသာ လိုင်စင်မဲ့ဆေးပညာရှင်များကို မှောင်ခိုစျေးကွက်မှာ ထိုဆေးဖော်စပ်ရန် ရှာဖွေကြသည်။
ပုံမှန်အရဆို မှောင်ခိုစျေးမှာဖော်စပ်ခိုင်းသော ဆေးအမျိုးအစားများသည် ထူးခြားသော သို့ ဖော်စပ်ခွင့် မရှိသော ဆေးများနှင့် တရားဝင်တားမြစ်ထားသော တရားမဝင်ဆေးများဖြစ်ကြသည်။ ရှေးဟောင်းလူသားများ ခေတ်ကို တူးဖော်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရက အဓိက ပြုလုပ် သော်ငြား သူတို့ကိုယ်ပိုင်တူးဖော်ရေးအဖွဲ့ရှိသော ကုမ္ပဏီကြီးများ၊ အဖွဲ့အစည်းကြီးများ၊ ဂိုဏ်းများနှင့် သူတော်စင်မြေများစွာ ရှိသည်။ ထို့ကြောင့်ပင် ထိုတရားမဝင်ဆေးများစွာသည် သူတို့လက်ထဲကိုကျရောက်သွားရခြင်းဖြစ်သည်။သူတို့သည် အမျိုးမျိုးသော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် စိတ်ဝင်စားသူများထံဖြန့်ဝေကြသည်။
အဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင်ဆေးပညာရှင်များကို
လေ့ကျင့်သင်ကြားပေးနိုင်စွမ်းမရှိပေ။ ထို့ကြောင့်ပင် မှောင်ခိုစျေးသည် အကောင်းဆုံးရွေးချယ်မှု တစ်ခု ဖြစ်သည်။ ဆေးဘုရင်က ရင်းနှီးကျွမ်းဝင်နေသော တရားမဝင်ဆေးများရှိသည်ကို ချူးယွင်ဖန်း ၏မှတ်ဥာဏ်ထဲမှာ သိနေသည်။ ထိုဆေးများက တရားမဝင်ဖြစ်ပြီးတားမြစ်ထားရခြင်းမှာ ထိုဆေးများ ကို သေသေချာချာသုတေသနမပြုလုပ်ထားရခြင်းနှင့် လူ့ခန္ဓာကိုယ်အပေါ် မကောင်းသည့် အကျိုး သက်ရောက်မှုများစွာရှိခြင်းစသည့်အချက်များကြောင့်ဖြစ်သည်။
“ငါ ဘာကြောင့်ဒီကိုရောက်နေလဲဆိုတာ မင်းသိဖို့မလိုပါဘူး။မင်းက ဆေးအမျိုးအစားအစုံ ဖော်နိုင်တယ်ဆိုတော့ ခန္ဓာကိုယ်အားဖြည့်ဆေးကိုရော ဖော်စပ်နိုင်လားဆိုတာ မေးပါရစေ”
“ခန္ဓာကိုယ်အားဖြည့်ဆေးလောက်က ပြသနာမရှိပါဘူး” ချူးယွင်ဖန်းက ခေါင်းညိမ့်ပြသည်။ သူကသံသယဝင်နေသော်လည်း အလုပ်ကိုလက်ခံချင်သည်။ သူမက ဘာကြောင့် မှောင်ခိုစျေးကိုလာရောက် သလဲဆိုသည့် အကြောင်းရင်းကိုမသိလိုပေ။
သူသည် ပိုက်ဆံရနိုင်ဖို့ ရသမျှအခွင့်အရေးကို လက်လွတ်မခံလို ပေ။ သူကြံစည်ထားသောအရာများ အတွက်ပိုက်ဆံလိုအပ်သည်။ ယခုသူလိုအပ်နေသောအရာကလည်း ပိုက်ဆံပဲဖြစ်သည်။ အနာဂတ်မှာရှိသော ကျင့်ကြံခြင်းလမ်းကြောင်းသည် ပိုက်ဆံအလွန်အမင်းကုန်ကျလိမ့်မည်။ ဤအရာသည် အစပဲရှိသေးသည်။ ထိုအမျိုးသမီးက ခန္ဓာကိုယ်အားဖြည့်ဆေးအတွဲလိုက်လိုချင်တာမို့
အရေအတွက်ကလည်းများလောက်မည်။ သူလိုအပ်သော ပိုက်ဆံလေးသိန်းကို သူရှာနိုင်လောက်သည်။
“ဒါပေမဲ့..ဒီလိုမျိုးတော့ ငါမင်းကို မယုံကြည်နိုင်ပါဘူး။ မင်းရဲ့အရည်အချင်းကိုတော့ အရင်ဆုံးသက်သေ ပြရမယ်” အမျိုးသမီးက ခပ်တည်တည်ပုံစံဖြင့်ပြောသည်။
“ကောင်းပြီ…ကိစ္စမရှိပါဘူး”