အခန်း ၂၈-၃၀
Vol. 2 Ch. 28-30
အပိုင်း (၂၈)- အခွင့်အရေးတစ်ခု
လုချင်းရွှမ်သည် အသက်နှစ်ဆယ်အရွယ်ဖြစ်ပြီးတ က္ကသိုလ်ကျောင်းဆင်းတစ်ဦးလည်းဖြစ်သည်။ငယ်ရွယ်သော်လည်းသူမသည် ဆေးဝါးတင်သွင်းရေးလုပ်ငန်း၏ ပိုင်ရှင်တစ်ဦးလည်းဖြစ်သည်။ သူမ၏ အဖေဆီမှ ကုမ္ပဏီကိုအမွေဆက်ခံရရှိသည်။ သို့သော်လည်း သူမနှင့်ရွယ်တူသူငယ်ချင်းများအကြားတွင်
သူမသည် အတော်ဆုံးကျောင်းသူတစ်ဦးဖြစ်သည်။
သူမဖခင်၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာ သဖြင့် သူမကတည်ငြိမ်သမုဒ္ဓရာမြို့ရှိလုပ်ငန်းများကို လက်လွှဲယူခဲ့သည်။ အခြေအနေကိုဝင်ရောက်ပြီး ထိန်းသိမ်းရချိန်မှာ သူမက အမျိုးသမီးငယ်လေးတစ်ဦးဖြစ်တာမို့ အထင်အမြင်သေးသူများလည်း ရှိသည်။ သို့သော် သူမဖခင် တည်ထောင်ခဲ့သော လုပ်ငန်းအခြေကျမှုနှင့် ဖန်တီးပေးခဲ့သော အဆက် အသွယ် များကြောင့် လုပ်ငန်းသည် ဆက်လက်ကြီးပွါး တိုးတက်နေဆဲဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သောလက ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်ခဲ့သည်။ ချူကျိေကာ (chu zhiguo)ဟူသောလူက သူမကိုစိတ်ဝင်စားခဲ့သည်။
သူမက ငယ်ရွယ်သူမို့ ဆွဲဆောင်မှုရှိသောပုံစံအမြဲရှိသည်။ သူမ၏ သွယ်လျ သောခန္ဓာကိုယ်နှင့် လှပသောမျက်နှာအနေအထားများကြောင့် သူမကို အလှဘုရင်မတစ်ပါးဟု ကျောင်းမှာ ခေါ်တွင်ကြသည်။ ကုမ္ပဏီကြီးများ၏ သခင်လေးများအပါအဝင် သူမကို စိတ်ဝင်စားကြသူ များစွာ ရှိသည်။ သို့သော်လည်း သူမက အားလုံးကိုငြင်းပယ်ခဲ့သည်။ သူတို့၏မိဘအပေါ်မှီခိုသော သူဌေးသားများ ကို သူမအနေဖြင့် စိတ်မဝင်စားပေ။ သူမတို့နေထိုင်သောခေတ်က ပဒေသရာဇ်ခေတ် လိုမျိုးဖြစ်ပြီး ဂိုဏ်းကြီးများတောင်မှ ထိန်းချုပ်ခံရသည်။ ယခင်ခေတ်ကလိုမျိုး အမျိုးသမီးများကို အမျိုးသားများက လွှမ်းမိုးခြယ်လှယ်ရန်မှာမဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူမက လုံးဝဂရုမစိုက်ပေ။ ချူကျိေကာက တစ်ချိန်ချိန်မှာတော့ သူမအပေါ်လက်လျှော့လာမည်ဟု ထင်ခဲ့သည်။
သူမနောက်ကို ခြောက်လလောက်လိုက်ပြီး ချစ်ရေးဆိုသော်ငြား ဘာမှ တိုးတက်မှုမရှိလာသောအခါ သူဒေါသထွက် လိမ့်မည်ဟု သူမမမျှော်လင့်ထားပေ။ သူမတို့ကုမ္ပဏီကိုသပိတ်မှောက်ပြီး လုပ်ငန်းမှာသူမနေရာကိုဖျက်ဆီးပစ်မည်ဟု ဆိုသည်အထိ သူက ခြိမ်းခြောက်လာသည်။ အစတော့ သူမလုံးဝ အာရုံမစိုက်ခဲ့ပေ။
သို့သော်လည်း ချူကျိေကာသည် အလုပ်ကိစ္စနှင့်ပတ်သက်ပါက ကြောက်စရာကောင်းသည်ကိုသူမသတိပြုလာမိသည်။ သူမ အာရုံမစိုက်မိချိန်တွင် ကုမ္ပဏီရှိအဆင့်မြင့်အရာရှိတစ်ဦးသည် ခန္ဓာကိုယ်အားဖြည့်ဆေး တစ်ရာ ကုန်သွယ်မည့်စာချုပ်ကိုချုပ်ဆိုခဲ့သည်။ ထိုအရာသည် ကုန်ကျစရိတ် ဆယ်သန်းနီးပါးရှိသည်။ ကုန်သွယ်မှုအောင်မြင်လျှင် ကုမ္ပဏီသည် သန်းနှင့်ချီပြီး အမြတ်ရရှိမည်။ကု မ္ပဏီကြီးများအတွက် ဆယ်သန်းသည် ဘာမှမဟုတ်သော်လည်း သူတို့လို ကုမ္ပဏီအသေးလေးတစ်ခု အတွက်တော့ ဆယ်သန်းသည် များပြားသောပမာဏတစ်ခုဖြစ်သည်။
ကုန်သွယ်မှု အောင်မြင်လျှင် သူမသည် ကုမ္ပဏီက ယုံကြည်ကိုးစားရသော ဒါရိုက်တာတစ်ဦးဖြစ်လာမည်။ သို့သော်လည်း တစ်စုံတစ်ရာ သည် လွဲချော်ခဲ့သည်။ စာချုပ်ချုပ်ဆိုခဲ့သော ဝန်ထမ်းကို အခြားကုမ္ပဏီက ခေါ်ဆောင် ခန့်အပ်လိုက်ပြီး ကုမ္ပဏီကငှါးရမ်းထားသော ဆေးပညာရှင်နှစ်ဦးလည်း တစ်ချိန်တည်းမှာ အလုပ် ထွက်စာ တင်သွားသည်။ သူမက အခြားဆေးပညာရှင်များကိုငှါးရမ်းနိုင်ရန်ကြိုးပမ်းခဲ့သော်လည်း ဆေးပညာရှင်များကို သူမအတွက် အလုပ်မလုပ်ပေးရန် သတိပေးထားခဲ့သည်ဆိုတာကို သိခဲ့ရသည်။ သူမအတွက် ထောင်ချောက်တစ်ခုကိုသေချာစီစဉ်ထားခြင်းဖြစ်သည်။ လုပ်ငန်းမအောင်မြင်ပါက ဖြစ်လာမည့်ဆုံးရှုံးမှုသည် အလွန်ကြီးမားသည်။
သူမက ကတိပြုထားသည့်အတိုင်းလုပ်ဆောင်ရန်ပျက်ကွက်ခဲ့ပါက သူမကလျော်ကြေးအနေနှင့်ဆယ်သန်းပေးဆောင်ရမည်။ သူမတို့ကုမ္ပဏီ၏ တန်ကြေးသည် စုစုပေါင်းဆယ်သန်းမျှသာရှိသည်။ အရောင်းအဝယ်လုပ်ဆောင်ရန် သူမသည်ဘဏ်မှငွေများချေးယူကာ ဆေးဖော်စပ်ရန်လိုအပ်သည့် ဆေးမြစ်များဝယ်ယူခဲ့သည်။ သူတို့သာ ဒီကိစ္စမှာ မအောင်မြင်ခဲ့လျှင် ကုမ္ပဏီက ဒေဝါလီခံတော့မည်။ ထိုအချိန်မှာ ချူကျိေကာသည် သူမရှေ့မှောက်မှာ ပေါ်လာခဲ့သည်။ ထိုအခါမှသာ ဒီပြသနာများအားလုံးကို နောက်ကွယ်မှနေပြီး ကြိုးကိုင်သူမှာ ချူကျိေကာဆိုတာ သိသွားတော့သည်။
ချူကျိကော အလုပ်လုပ်သော ချူမိသားစု၏ တန်ဒါအုပ်စုသည် ဆေးမြစ်များ အဓိက တင်သွင်းသည့် ကိုယ်စားလှယ်ကြီးများဖြစ်သည်။ ထိုအုပ်စုသည် တည်ငြိမ်သမုဒ္ဓရာ မြို့၏ ဆေးဝါးလောကကို ခြယ်လှယ်ပြီး သုန့်ဟွာမြို့၏ ထိပ်သီးအုပ်စု ဆယ်ခုထဲမှာ တစ်ခုအပါအဝင် ဖြစ်သည်။ တန်ဒါအုပ်စု၏ အဓိကလုပ်ငန်းမှာ ဆေးမြစ်များနှင့် ဆေးဝါးများဖြစ်သည်။သူတို့သည် ဆေးပညာရှင်များနှင့်ဆက်စပ်လုပ်ကိုင်ရပြီး သူတို့အတွက် ဆေးပညာရှင်များက အရေးပါလှသည်။ ဆေးပညာရှင်အစည်းအရုံးရှိ ဆေးပညာရှင်များတောင်မှ တန်ဒါအုပ်စု၏ မှာကြားမှုများကို လိုက်နာကြ ရသည်။ ပြီးတော့ သူတို့က ဘာမှပေးစရာလည်းမလိုပေ။
သူတို့လုပ်ရမည့်တစ်ခုတည်းသောအရာမှာ လုချင်းရွှမ်၏ ကုမ္ပဏီအတွက် ဆေးမဖော်စပ်ပေးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးပါက တန်ဒါအုပ်စုက သူတို့ကိုမျက်နှာသာပေးလိမ့်မည်။ သူတို့အတွက် ဘာမှကုန်ကျမှုမရှိတာမို့ ဆေးပညာရှင်များက တပျော်တပါး လုပ်ပေးကြသည်။ ထိုသို့ဖြစ်သော်လည်း သူမသည် ချူကျိေကာကို အရှုံးမပေးလိုပေ။ သူက ချဉ်းကပ်စဉ်ကတည်းက သူ့အကြောင်းတွေကို လုချင်းရွှမ်ကြားဖူးသည်။
သူက မောက်မာပြီး ရိုင်းစိုင်းသောသူဖြစ်တာမို့ သူမက
ထိုလိုလူမျိုးနှင့် မတွဲလိုပေ။ သူမကုမ္ပဏီအတွက်အလုပ်လုပ်ပေးလိုသော ဆေးပညာရှင်များသည် ဆေးပညာရှင်အစည်းအရုံးမှာရှိလိုရှိငြား သူမ၏လူများကို ရှာဖွေခိုင်းပြီး ရနိုင်သမျှ နေရာများမှ ဆေးပညာရှင် များကို လိုက်လံဆက်သွယ်နေသည်။ ချိန်းဆိုထားသော နောက်ဆုံးရက်နှင့် နီးလာ သော်လည်း သူမ၏ ကြိုးပမ်းမှုများသည်လည်း တစ်ခုမှအရာမထင်လာခဲ့ပေ။ ပို့ဆောင်ရမည့်ရက် မှာနောက်တစ်နေ့ဖြစ်ပြီး အချိန်လည်းမကျန်တော့ပေ။ သူမကစိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ သို့သော်ကံကောင်းလိုကံကောင်းငြား မှောင်ခိုစျေးဘက်ကိုထွက်လာသော်လည်း တန်ဒါအုပ်စု၏ လွှမ်းမိုးမှုက မှောင်ခိုစျေး၏ ဆေးပညာရှင်များထိတောင် ပေါက်ရောက်နေခဲ့သည်။
မှောင်ခိုစျေးက ဆေးပညာရှင်များကလည်း တန်ဒါအုပ်စုကို ဆန့်ကျင်ပြီး သူမကို ကူညီပေးလိုစိတ်လည်းမရှိဘဲ အကူအညီမပေးနိုင်ကြပေ။ ချူးယွင်ဖန်းကို သူမရှာတွေ့သောအခါ သူကအလွန်ငယ်ရွယ်ပြီး အထက်တန်း ကျောင်းသားနှင့် တူသဖြင့် သူမလှည့်ပြန်သွားရန်တွေးမိသေးသည်။ ပညာသင်အဆင့် လက်မှတ်ရထားသော အထက်တန်းကျောင်းသားများလည်းရှိကြသည်။ တကယ်တော့ ကျောင်းသား အနည်းစု ပဲဖြစ်ပြီး ထိုအနည်းစုကလည်း ပညာသင်လိုင်စင်ဖြင့် ခန္ဓာကိုယ်အားဖြည့်ဆေးကို မဖော်စပ် နိုင်ပေ။ ပညာသင်လေးများက စမ်းသပ်စစ်ဆေးမှုတွင် ဖော်စပ်ပြရသော ဆေးများတွင် ခန္ဓာကိုယ် အားဖြည့်ဆေးမပါဝင်ပေ။
အခြေခံအဆင့်အလုပ်သင်ဆေးပညာရှင်များတောင်မှ ထိုဆေးနှင့် မရင်းနှီး ပေ။ အလယ်အလတ်အဆင့်အလုပ်သင်ဆေးပညာရှင်များကသာ ထိုဆေးကို ဖော်စပ်နိုင်သည်။ ထို့အပြင် သူမလိုချင်သောပမာဏမှာ ခန္ဓာကိုယ်အားဖြည့်ဆေးအလုံးတစ်ရာဖြစ်သည်။အချိန်တိုတို လေးအတွင်းမှာ ဆေးပညာရှင် တစ်ယောက် သို့ နှစ်ယောက်တောင်မှ အပြီးမသတ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်း၏ ယုံကြည်ချက်အပြည့်နှင့်ပုံစံက သူမကိုမျှော်လင့်ချက်အနည်းငယ်ပေးစွမ်းခဲ့သည်။
ရေနစ်နေသောလူသည် မြက်ပင်လေးတစ်ပင်ကိုဆွဲထားရလျှင်တောင်မှ မျှော်လင့်ချက်ရောင်ခြည် ပြန်သမ်းလာသည့်ပုံစံမျိုးဖြစ်သည်။
“ဟုတ်တာပေါ့…ကျွန်တော်က ဒီတိုင်းပြောနေလျှင်ဘယ်လိုလုပ်ယုံနိုင်ပါ့မလဲ။ ခင်ဗျားက ခန္ဓာကိုယ် အားဖြည့်ဆေးဖော်စပ်နိုင်တဲ့ တစ်ယောက်ကိုရှာဖွေနေတာဆိုတော့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေတော့ ခင်ဗျားမှာရှိလောက်ပြီထင်ပါတယ်။ ကျွန်တော့်ကိုဆေးလုံးတစ်လုံးအရင်ဖော်ခိုင်းကြည့်ပါလား။ ပြီးတော့ ခင်ဗျားဒီကိုလာတဲ့လမ်းတစ်လျှောက်လုံး ကျွန်တော့်တစ်ဦးတည်းကိုပဲ လာရှာတာမဟုတ် လောက် ပါဘူး။ ဒါပေမဲ့ ခင်ဗျားအတွက် သူတို့ဘာကြောင့် ဆေးမဖော်ပေးချင်တာလည်းဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကိုတော့ အခွင့်အရေးပေးသင့်တယ်”
“ကောင်းပြီ..ဒါဆိုလည်း ငါ့နောက်လိုက်ခဲ့ပါ” လုချင်းရွှမ်က ပြောသည်။ သူလည်း လုချင်းရွှမ်နောက်က လိုက်လာပြီး မှောင်ခိုစျေး၏ တစ်ဖက်မှာရှိသော ကားပါကင်နေရာကို ရောက်ရှိလာကြသည်။ သူမ၏ ကားပျံကို ထိုနေရာမှာရပ်ထားခြင်းဖြစ်သည်။
ကားကိုကြည့်ခြင်းဖြင့် သူမကချမ်းသာသောလူဆိုတာခန့်မှန်းနိုင်သည်။ တကယ်တော့ သူမက အရမ်းလည်း မချမ်းသာပေ။ လုယုရှုအိမ်မှာ ရပ်ထားသောကားပျံများက သူမ၏ကားထက် ပိုစျေးကြီး သည်။ သူတို့နှစ်ဦးလုံး ခုံမှာထိုင်ပြီးနောက် ကားပျံလည်းအသက်ဝင်လာသည်။ ထိုကားပျံသည် ကောင်းကင်ဆီသို့ ပျံသန်းပြီး တည်ငြိမ်သမုဒ္ဓရာမြို့ဆီသို့ ထွက်ခွာလာသည်။
အပိုင်း (၂၉)- စာအုပ်ထဲမှာဖော်ပြထားသော ဆေးဖော်စပ်နည်း
လုချင်းရွှမ်သည် ကားပျံကိုမောင်းနှင်လာပြီး သိပ်မကြာခင်မှာ တည်ငြိမ်သမုဒ္ဓရာမြို့တော်၏ အလုပ်အကိုင်ခရိုင်ကို ရောက်ရှိလာကြသည်။ သူမ၏ ကုမ္ပဏီသည် ထိုနေရာမှာရှိသည်။ ကုမ္ပဏီမှာ သီးသန့်ရုံးအဆောက်အဦတစ်ခုရှိသည်။ ထိုအဆောက်အဦက ငှါးရမ်းထားသော်လည်း အဆောက်အဦကောင်းတစ်ခုဟုဆိုနိုင်သည်။ ချူကျိကောသာ သူမကိုဒုက္ခရောက်အောင်မလုပ်ပါကသူမလည်း ထိုကဲ့သို့ပြသနာမျိုးနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။
သူမ၏ နောက်မှလိုက်ပါလာရင်း ယိုယွင်းနေသောကုမ္ပဏီ၏ အခြေအနေကို ချူးယွင်ဖန်းသိလာရသည်။ အဆောက်အဦက ခြောက်ကပ်နေသည်။ တနင်္ဂနွေနေ့ဖြစ်သော်လည်း လုံခြုံရေးဝန်ထမ်းတစ်ဦးတစ်လေတောင်မရှိပေ။
သေချာတာတော့ သူတို့၏လုပ်ငန်းမှာ တစ်ခုခုပြသနာတက်နေပုံရသည်။ မကြာခင်မှာ ကုမ္ပဏီ၏ အောက်ထပ်အလွှာမှာရှိသော စမ်းသပ်ခန်းဆီသို့ လုချင်းရွှမ်နောက်မှလိုက်ပြီးရောက်လာသည်။ သူမပိုင်သောကုမ္ပဏီသည် ဆေးဝါးများနှင့် ဆေးမြစ်များတို့နှင့် ဆက်စပ်နေပြီး ဖော်စပ်ရရှိသောဆေးဝါးများ ကိုရောင်းချသည့်ကုမ္ပဏီဖြစ်သည်။ သို့သော်လည်း သူတို့ငှါးရမ်းထားသော ဆေးပညာရှင်နှစ်ဦးကို တစ်ဖက်ကုမ္ပဏီမှ လုယူသွားတည်းက ဓာတ်ခွဲစမ်းသပ်ခန်းလည်း ပိတ်လိုက်ရသည်။ သို့သော်လည်း စမ်းသပ်ခန်းတစ်ခုလုံးသည် နောက်ဆုံးပေါ် ဖုန်မှုန့်ကင်းစင်နည်းပညာကို အသုံးပြုထားသည်။
အသုံးမပြုသည်မှာကြာမြင့်နေပြီဖြစ်သော်လည်း သစ်လွင်ပြီး သန့်ရှင်းနေသည်။ ထိုအချိန်မှာ ခန္ဓာကိုယ်အားဖြည့်ဆေးဖော်စပ်ရန် လိုအပ်သော ဆေးမြစ်အစုံအလင်ကို အခန်းထောင့်မှာစုပုံထား သည်။ ချူးယွင်ဖန်းကထိုနေရာကိုတစ်ချက်လှမ်းကြည့်ကာမေးသည်။
“ခန္ဓာကိုယ်အားဖြည့်ဆေးအလုံးတစ်ရာဖော်စပ်ဖို့ပြင်ထားတာလား”
“ဟမ်..မင်းဘယ်လိုလုပ်သိတာလဲ..ငါလည်း မင်းကိုမပြောမိဘူးထင်တယ်”
လုချင်းရွှမ်က သူ့ကို အံ့အားသင့်စွာကြည့်မိသည်။ သူမက ကုမ္ပဏီကိုလာရာလမ်းတစ်လျှောက်တွင် ဆေးအလုံးမည်မျှဖော်စပ်မည်ကိုမပြောမိပေ။ သူမက အတွဲလိုက်လိုအပ်သည်ဟုသာ ပြောခဲ့သည်။ ချူးယွင်ဖန်းက လက်ကိုနောက်ပစ်ထားရင်း ဆေးမြစ်များ၏ သန့်ရှင်းလတ်ဆတ်မှုကို စစ်ဆေးကာ
“ဒါက ဆေးပညာရှင်တစ်ဦးသိသင့်တဲ့အခြေခံတွေပါ..ဘာမှမဟုတ်ပါဘူး” ဟု ပြန်ဖြေသည်။
လုချင်းရွှမ်က သူ၏အရည်အချင်းကို သံသယရှိခဲ့သော်လည်း သူကတစ်ချက်ကြည့်ရုံဖြင့် ဆေးပမာဏဘယ်လောက် ဖော်စပ်မည်ဆိုတာကို ခန့်မှန်းနိုင်သဖြင့် အနည်းငယ်ယုံကြည်လာမိသည်။
“ဒါက ကျွန်တော်တို့တွေ ပထမဆုံးအကြိမ်တွဲပြီးအလုပ်လုပ်ဖူးတာမို့ တစ်ဦးအပေါ်တစ်ဦးလည်း
အကြွင်းမဲ့ယုံကြည်ကြဦးမှာလည်း မဟုတ်ဘူး။ကျွန်တော်က ခန္ဓာကိုယ်အားဖြည့်ဆေးတစ်လုံးကို အရင်ဆုံး ဆုံးဖော်စပ်ပြပါမယ်။ ကျွန်တော့်နည်းလမ်းတွေမြင်ပြီးမှပဲ ပူးပေါင်းဆောင်ရွက်ဖို့အကြောင်း ထပ်ပြောကြတာပေါ့” ဟု ချူးယွင်ဖန်က တဲ့တိုးပြောဆိုသည်။
လုချင်းရွှမ်က သူ့ကိုဒီအတိုင်းယုံကြည်ဖို့မဖြစ်နိုင်ဘူးဆိုတာ သိတာမို့ သူ၏အစွမ်းကို သူမအားသက်သေ ပြရန်ခန္ဓာကိုယ် အားဖြည့်ဆေးတစ်လုံးကိုဖော်စပ်ပြရလိမ့်မည်။ သူမ၏ အံ့အားသင့်နေသော အမူအရာ ကို လျစ်လျူရှုပြီး ချူးယွင်ဖန်းသည် သူ့ရှေ့မှာရှိနေသော ဆေးဖော်စပ်သည့်မီးဖိုဆီသို့ လျှောက်လှမ်း လာသည်။ သူသည် မီးမွှေးပြီး ရေအနည်းငယ်ထည့်သည်။ သူက ဆေးလုံးများကိုအကြိမ်များစွာ ဖော်စပ်ဖူးသည့်အလား သူ၏ လှုပ်ရှားမှုများက စီးဆင်းနေသောမြစ်တစ်စင်းကဲ့သို့ ချောမွေ့နေသည်။
“မင်းရဲ့စကားလုံးတွေက နည်းနည်းလေးကြွားဝါတဲ့ပုံပေါက်တယ်။ မင်းက တကယ်ပဲလုပ်နိုင်မလား ဆိုတာ သိချင်တယ်” လုချင်းရွှမ်က သံသယအနည်းငယ်ဖြင့် ပြောသည်။ ယခုအချိန်မှာတော့ သူမဘာမှမပြောနိုင်သေးပေ။ ချူးယွင်ဖန်၏လှုပ်ရှားမှုသည် သူမကိုအနည်းငယ်ဇဝေဇဝါဖြစ်စေသည်။ သူက ဆေးပညာမှာ အတွေ့အကြုံရှိမရှိဆိုတာ သူမတပ်အပ်မဆိုနိုင်ပေ။ မကြာခင်မှာ မီးဖိုပေါ်က ရေသည်ဆူပွက်လာခဲ့သည်။ ချူးယွင်ဖန်သည် ဘေးဘက်ကိုလျှောက်လှမ်းလာရင်း ဆေးမြစ်အချို့ကို ယူပြီး မီးဖိုထဲသို့ ထည့်လိုက်သည်။
“ဟေ့..မင်းက ဆေးမြစ်တွေကို အလေးချိန်တောင်မချိန်ရသေးဘူးလေ။ မင်းက ဒီအတိုင်း ထည့်ပစ် တာလား”လုချင်းရွှမ်လည်း ချက်ချင်းထပြောမိသည်။ သူမက ဆေးမဖော်စပ်နိုင်သော်လည်း သူမ ကုမ္ပဏီက အလယ်အလတ်အဆင့် အလုပ်သင်ဆေးပညာရှင်နှစ်ဦးနှင့် ကာလကြာစာချုပ်ချုပ်ဆိုခဲ့သည်။ သူတို့ဆေးဖော်စပ်နေသည်ကို အကြိမ်အနည်းငယ်တွေ့ဖူးပြီး သူတို့ဆေးဖော်စပ်သည့်အဆင့်တိုင်းလိုလို သတိထားကြသည်။ သူတို့သည် ဘယ်အချိန်မှာ ဆေးမြစ်ပမာဏဘယ်လောက်ထည့်သလဲဆိုသော အရာများကို သေသေချာချာမှတ်စု ရေးမှတ်ကြသည်။ သူတို့က အမှားသေးသေးလေးတစ်ခု ပြုလုပ်ရုံ ဖြင့်ဆေးစွမ်းက သိသိသာသာပြောင်းလဲသွားမည်။ဆေးပညာရှင်များကြားမှာရှိသော ကွဲပြားမှုကို ဒီနေရာမှာ မြင်တွေ့နိုင်သည်။ သူတို့၏ စွမ်းဆောင်ရည်ကို ဆေးဖော်စပ်နည်းမည်မျှနှင့် အကျွမ်းတဝင် ရှိသည်ဆိုသော အချက်နှင့် မဆုံးဖြတ်နိုင်ပေ။
ကွဲပြားသောအနေအထားရှိသည့် ဆေးပညာရှင်များက ဖော်စပ်သောဆေးများသည် ဆေးဖော်စပ်နည်း တူသည့်တိုင်အောင် မိုးနှင့်မြေကဲ့သို့ကွဲပြားသည်။
“စိတ်မပူပါနဲ့..ဒီနည်းလမ်းကမှန်ပါတယ်” ချူးယွင်ဖန်းက ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
သူ၏ ယုံကြည်ချက်အပြည့်နှင့်ပုံစံကိုမြင်ရသောအခါ သူမကုမ္ပဏီမှာအလုပ်လုပ်ဖူးသော ဆေးပညာရှင် နှစ်ဦးကိုသတိရမိသည်။ ခေတ်မီနည်းပညာအပေါ်မှီခိုသော ဆေးပညာရှင်များသည် သင့်လျော်သော အမွေ ဆက်ခံမှုမရှိဘဲ တရားမဝင်ဆေးပညာရှင်များဟု ဆိုခဲ့ကြဖူးသည်။ စစ်မှန်သောအမွေဆက်ခံမှု ရရှိထားသောဆေးပညာရှင်များသည် သူတို့လှမ်းယူလိုက်ရုံနှင့် လိုအပ်သောဆေးမြစ် ပမာဏကိုရရှိကြ သည်။ ခေတ်မီနည်းပညာများအပေါ်လုံးဝမှီခိုစရာမလိုလောက်ပေ။ သို့သော်ထိုသို့အမွေဆက်ခံရရှိသည့် ဆေးပညာရှင်များသည် အလွန်ရှားပါးသည်။ ထိုဆေးပညာရှင် နှစ်ဦးလည်း ကြားဖူးရုံမျှသာကြားဖူးပြီး တစ်ခါမှမမြင်ဖူးပေ။
“ချူးယွင်ဖန်က အမွေဆက်ခံရရှိထားတဲ့ ဆေးပညာရှင်များဖြစ်နေမလား”
ထိုရုတ်တရက်ဝင်လာသောအတွေးကို သူမ၏ခေါင်းထဲမှ ချက်ချင်းထုတ်ပစ်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့မျက်နှာကိုအကဲခတ်ကြည့်လျှင် သူကသာမန်အထက်တန်းကျောင်းသား လေးပဲ..ဘယ်လိုလုပ်ပြီး ပါရမီရှင်ဖြစ်နိုင်ပါ့မလဲ”
ထိုသို့ အမွေဆက်ခံရရှိသူများသည် ကြီးမားသော နောက်ခံအသိုင်းအဝိုင်း ရှိသူများဖြစ်ကြ သည်။ သူတို့ သည် ဂိုဏ်းကြီးများ၊ အဖွဲ့အစည်းကြီးများနှင့် ပြည်ထောင်စုအစိုးရအတွက် အလုပ်လုပ်ကြပြီး ပိုက်ဆံလည်းမပြတ်လပ်ကြပေ။ သူက ပိုက်ဆံရဖို့အတွက် ဒီနေရာကိုဆေးဖော်စပ်ဖို့ရောက်လာခြင်းမို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!! မဖြစ်နိုင်ဖူးဟု သူမတွေးမိသည်။ သို့သော်ငြား သူမစိတ်ထဲမှာ မသိမသာ မျှော်လင့်နေသေးသည်။ သူမမျှော်လင့်ထားသည့်အတိုင်း တကယ်ဖြစ်လာပါက သူမ ကုမ္ပဏီ ဒေဝါလီခံရမည့်အရေးမှကယ်တင်နိုင်မည်။တစ်ဆက်တည်းမှာ ချူးယွင်ဖန်းသည် မီးဖိုကိုလုံးဝမကြည့်တာကို သူမမြင်ရသည်။ ထိုအစား သူကတင်ပျဉ်ခွေထိုင်နေသည်။ သူက ကျင့်ကြံနေသည်ဆိုတာ သူမမယုံနိုင်ပေ။
“မင်းက မီးကိုကြည့်မနေလည်း အဆင်ပြေလား” ချူးယွင်ဖန်းက တည်ငြိမ်နေပြီး သူမက စိုးရိမ်ပူပန်နေသည်။ သူ့အပေါ်မျှော်လင့်ချက်နည်းပါးသော်လည်း သူကဆေးဖော်စပ်နိုင်မည်ဟု မျှော်လင့်နေမိသည်။
“စိတ်မပူပါနဲ့..အဆင်ပြေပါတယ်။ ခန္ဓာကိုယ်အားဖြည့်ဆေးအများကြီးကို ဖော်စပ်ဖူးပါတယ်။
ကျွန်တော့်မျက်စိမှိတ်ထားလျှင်တောင် အမှားအယွင်းမရှိပါဘူး” ချူးယွင်ဖန်းက အေးဆေး တည်ငြိမ်စွာ ပြန်ဖြေပြီး မျက်လုံးပြန်မှိတ်ကာ တရားထိုင်နေသည်။ ထိုအချိန်မှာ ဆေးဖော်စပ်မှုစတင်တော့သည်။
လုချင်းရွှမ်က သူ့ကို ယခုအချိန်မှာ မနှောင့်ယှက်သင့်ကြောင်း နားလည်သည်။ သူမ၏စိတ်ထဲမှာ ဗျာများနေသော်လည်း သူမကကြည့်ရုံပဲကြည့်နေနိုင်သည်။ သိပ်မကြာခင်မှာ ထူးဆန်းသောအရာ တစ်ခုဖြစ်ပျက်လာခဲ့သည်။ သူမက ဆေးဖော်စပ်နည်းအတိုင်း ဆေးမြစ်ထပ်ထည့်ရန် ချူးယွင်ဖန်ကို သတိပေးဖို့လုပ်သောအခါ သူ၏မျက်လုံးများပွင့်လာပြီး ဆေးမြစ်များကိုသူကိုယ်တိုင်ထပ်ထည့်သည်။
ပြီးပြည့်စုံသောဆေးမြစ်ပမာဏဖြစ်သည်။
ပထမဆုံးအကြိမ် ပမာဏမှန်ကန်စွာထည့်နိုင်ပြီးနောက်
သူသည် မျက်လုံးများကိုမှိတ်ကာ ဆေးမြစ်များကို တိကျစွာထည့်နိုင်သည်။ သူသည် မီးအပျော့၊ အပြင်းနှင့် အလယ်အလတ်အနေအထားများနှင့်လည်း အကျွမ်းတဝင်ရှိနေပုံပေါ်သည်။ သူ့ခန္ဓာကိုယ်ထဲမှာ သူ့ကို သတိပေးနေသော အလိုအလျောက်စက်တစ်လုံးရှိနေသလိုမျိုးဖြစ်နေသည်။ လုချင်းရွှမ်က အံ့အားသင့်မိပြီး ချူးယွင်ဖန်း၏ အံ့အားသင့်ဖွယ်လုပ်ဆောင်မှုသည် သူမ၏ ယုံကြည်မှုကိုမြင့်မားလာစေ သည်။
နောက်ဆုံးတော့ မီးဖိုထဲမှ ဆေးလုံးထုတ်ရမည့်အချိန်ရောက်လာသည်။ လုချင်းရွှမ်က လက်ကို
တင်းတင်းကျပ်ကျပ်ဆုပ်ထားသဖြင့်သူမ၏လက်ချောင်းများက သွေးရောင်ဖျော့နေသလိုဖြစ်နေစဉ်တွင် ချူးယွင်ဖန်က တည်တည်ငြိမ်ငြိမ်ပဲဖြစ်သည်။ သူ့အတွက် အသေးအဖွဲကိစ္စဖြစ်သော်လည်းသူမအတွက် တော့ သူမ၏ကုမ္ပဏီဆက်လက်ရပ်တည်နိုင်မလားဆိုတာ အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံးသော ဖြစ်ရပ်ဖြစ်သည်။ အဖြူရောင်ရေနွေးငွေ့ထွက်လာပြီးနောက် မီးဖိုအဖုံးလည်း အလိုအလျောက် ပွင့်လာ ခဲ့သည်။
စစ်မှန်သောအရာကိုပထမဆုံးအကြိမ်မြင်တွေ့ဖူးတာမို့ ချူးယွင်ဖန်မအံ့ဩဘဲမနေနိုင်ပေ။ ခေတ်သစ်လူသားများအတွက် အကျိုးအမြတ်များစွာဖြစ်စေမည်။ရှေးဟောင်းလူသားများခေတ်တုန်းက ဆေးပေါင်းမီးဖိုကိုဖွင့်ရန် ဆေးပညာရှင်များအတွက်မလွယ်ကူဘဲ အားအများကြီးစိုက်ထုတ်ရသည်။ ဆေးရနံ့လေးထွက်လာသည်။ ထွက်ပေါ်လာသော ဆေးရနံ့ကိုအကဲခတ်ခြင်းဖြင့် ခန္ဓာကိုယ်အားဖြည့် ဆေး ဖော်စပ်ခြင်းပြီးမြောက်ပြီဆိုတာ ချူးယွင်ဖန်သေချာသိသည်။ လုချင်းရွှမ်က ဆေးလုံးကိုချက်ချင်း ကောက်ယူရန်လျှောက်လှမ်းလာသည်။ ယခုလေးတင် ဖော်စပ်ထားတာမို့ ဆေးလုံးကပူနေသော်လည်း သူမ မမှုချေ။ သူမမှာလည်း ကျင့်ကြံခြင်းအခြေခံရှိသည်။
သူမ၏လက်ကို စစ်မှန်စွမ်းအင်များဖြင့် ဖုံးအုပ် ပြီးနောက် ဆေးလုံးကိုကိုင်ထားရင်း စစ်ဆေးကြည့်မိသည်။ သူမက ဆေးပညာနှင့် မရင်းနှီး သော်ငြား သူမကဤဆေးပညာလုပ်ငန်းမှာကျင်လည်သူဖြစ်တာမို့ အခြေခံအားဖြင့် အကဲခတ်နိုင်သည်။ ထိုအရာက သေချာပေါက် ခန္ဓာကိုယ်အားဖြည့်ဆေးဖြစ်ပြီး အရောင်ကအစ ပြီးပြည့်စုံလှသည်။ထိုအချိန် မှာ သူမသည် ချူးယွင်ဖန်ကိုလှမ်းကြည့်းရင်း အံ့အားသင့်မိသည်။ ဆေးဖော်စပ်နည်းအတိုင်း ဆေးလုံးများကိုဖော်စပ်နိုင်သော်လည်း ဆေးပညာရှင်တစ်ဦးဆီမှာ မတူညီသောစွမ်းရည်ရှိသည်။
သူတို့က ဆေးမြစ်ထည့်သည့်နေရာမှာ အနည်းငယ်နောက်ကျပါက ဆေးလုံးအပေါ်တွင် အကျိုးသက်ရောက်စေသည်။ ပုံမှန်အားဖြင့် အရောင် ၇၀%လောက်မှန်ကန်သော ဆေးလုံးကိုရပါက အောင်မြင်ပြီဟု ဆိုနိုင်သည်။ အရောင်သည် ၈၀%လောက်မှန်ကန်ပါက အဆင့်မြင့်ဆေးလုံးဟု ခေါ်တွင်နိုင်ပြီး အရောင်မှန်မှု ၉၀% အထက်သည် ကံပေါ်မှာပဲမူတည်သည်။ ကံကောင်းသောလူများသာ ထိုကဲ့သို့အနေအထား ရောက်အောင်ဖော်စပ်နိုင်သည်။
စာအုပ်ထဲမှာ ဖော်ပြထားသည့်အတိုင်း အဆင့်တိုင်းကို တသွေမတိမ်းလိုက်နာပြီး အမှားကင်းမှသာ အရောင်မှန်မှုသည် ၁၀၀%ပြည့်မီမည်။ ထိုအရာသည် ကံတစ်ခုတည်းအပေါ်မှီခိုခြင်းမဟုတ်ပေ။ ဆေးဖော်စပ်နည်းကို ထုံးလိုမွှေရေလိုနှောက်နားလည်မှသာ ဖြစ်နိုင်မည်။ သူမရှေ့မှာရှိနေသော ထိုကောင်လေးက အောင်မြင်ခဲ့သည်။ လုချင်းရွှမ်က ချူးယွင်ဖန်းကို ကြည့်သောအခါ သူမထိတ်လန့်နေပုံရသည်။
အစတုန်းက သူ၏စကားများသည် ကြွားဝါပြောဆိုသည်ဟု ထင်မိခဲ့သည်။
ပြီးပြည့်စုံသောအရောင်ရှိသည့်ဆေးလုံးကိုမြင်ရသောအခါ သူမ၏ သံသယများသည် ပျောက်ချင်းမလှ ပျောက်ကုန်သည်။ ထိုကဲ့သို့ အရောင်အစင်းမျိုးရရန် ဆေးပညာရှင်တစ်ဦးအတွင် မည်မျှခဲယဉ်းသည်ဆိုတာ သူမနားလည်သည်။ ထို့အပြင် ကံကောင်းမှုတစ်ခုတည်းဖြင့် မရနိုင်ပေ။
ထို့ကြောင့်ပင် သူမ၏ရှေ့မှာရှိနေသောကောင်လေးသည် ဘယ်လိုလူလဲဆိုတာ သူမသိချင်လာသည်။ အလယ်အလတ်အဆင့် အလုပ်သင်ဆေးပညာရှင်များကသာ ခန္ဓာကိုယ်အားဖြည့်ဆေးကိုဖော်စပ်နိုင်ပြီး ပြီးပြည့်စုံသောအရောင်အဆင်းရရှိရန်မှာ တရားဝင်ဆေးပညာရှင်တစ်ဦးအတွက်တောင်မှ မလွယ်ကူ ပေ။
“ငါ…” လုချင်းရွှမ်က ဘာပြောရမှန်းမသိဖြစ်နေသည်။သူမဘေးမှာရှိနေသော ချူးယွင်ဖန်းက
“ဘယ်လိုလဲ..ခင်ဗျားအရောင်ကိုလည်းစစ်ပြီးပြီမလား။ အဆင်ပြေမယ်လို့ထင်ပါတယ်” ဟုပြောသည်။
“အားလုံးအဆင်ပြေတယ်။ အရမ်းကောင်းတယ်။ မင်းက ဆရာကြီးပဲ။ ရိုင်းပျမိလို့တောင်းပန်ပါတယ်” ဟု လုချင်းရွမ်က ပြောသည်။
ဆေးပညာရှင်များသည် လူ့အသိုင်းအဝိုင်းမှာ ဂုဏ်သရေမြင့်မားသည်။ တရားဝင်ဆေးပညာရှင်များကိုသာ ဆရာဟု ခေါ်နိုင်ပြီး အလုပ်သင်ဆေးပညာရှင်များကိုလည်း ဆရာဟု ခေါ်ဆိုသူများရှိကြသည်။ သူတို့ကို ကောင်းမွန်သည့်တစ်စုံတစ်ရာပြောဆိုခြင်းကို မည်သူမှ မငြင်းဆန်လိုကြပေ။ ဤနေရာမှာ လုချင်းရွှမ်က စိတ်ရင်းမှန်ဖြင့်ပြောခြင်းဖြစ်သည်။ ဆေးဖော်စပ်ခြင်းနှင့်ပတ်သပ်ပါက ချူးယွင်ဖန်းသည် ဆရာဟု ခေါ်ထိုက်ပေသည်။
“ခင်ဗျားလည်း တွေ့ပြီးပြီဆိုတော့ ကျွန်တော့်ကို ဘယ်လိုတန်ကြေးနဲ့ ငှါးရမ်းမယ်ဆိုတာ ဆွေးနွေးကြတာပေါ့” ဟု ချူးယွင်ဖန်းကပြောသည်။
အပိုင်း (၃၀)- ဆေးဝါးများကိုအရူးအမူးထုတ်လုပ်ခြင်း…
လုချင်းရွှမ်သည် အစတုန်းက ချူးယွင်ဖန်း၏အရည်အချင်းကို အယုံအကြည်မရှိခဲ့သော်လည်းယခုအခါမှာ သူနှင့်ပတ်သက်ပြီး သံသယများမရှိတော့ပေ။ ထို့နောက် သူတို့နှစ်ဦးသည် ဆေးဝါးဖော်စပ်မည့်အလုပ် ကို လုပ်မည့်တန်ရာတန်ကြေးနှင့် ပတ်သက်ပြီးဆွေးနွေးကြသည်။
“စောနတုန်းက မှောင်ခိုစျေးမှာ စျေးနှုန်းနဲ့ပတ်သတ်ပြီး ကျွန်တော်စုံစမ်းခဲ့တယ်။ခန္ဓာကိုယ်အားဖြည့်ဆေးက တစ်လုံးတစ်သိန်း လောက်တန်ကြေးရှိတယ်။ ခင်ဗျားကအလုံးတစ်ရာလိုချင်တာဆိုတော့ တစ်သန်းဆိုလျှင်ရော” ဟု ချူးယွင်ဖန်ကမေးသည်။ သာမန်ဆေးပညာရှင်တစ်ဦးက ဆေးဖော်စပ်သည့်တန်ကြေးနှင့်ယှဉ်ပါက ထက်ဝက်ခန့်လျော့နည်းသည်။ ထိုစျေးနှုန်းသည် မှောင်ခိုစျေးကွက်ရှိ တန်ကြေးဖြစ်သည်။ မှောင်ခိုစျေးမှာဆေးပညာရှင်ရှာသောလူများသည် ရွေးချယ်စရာမရှိသော လုချင်းရွှမ်တို့လိုလူမျိုးများသို့ ထူးခြားဆန်းပြားသောဆေးကို ဖော်စပ်ချင်သူများ ဖြစ်တာမို့ သူတို့သည် စျေးနှုန်းသက်သာတာကိုပဲ လိုချင်ကြသည်။
အကယ်၍ စျေးကြီးပါက မှောင်ခိုစျေးသည်လည်း စိတ်ဝင်စားဖွယ်မကောင်းတော့ပေ။
ထို့ပြင် လိုင်စင်ရဆေးပညာရှင်များမှာ ဆေးပညာရှင်အစည်းအရုံး၏ ထောက်ပံ့မှုရှိတာမို့ သူတို့ကပိုမိုပြီး ယုံကြည်ကိုးစားရသည်။ မှောင်ခိုစျေးမှာစီးပွါးရေးလုပ်သော ဆေးပညာရှင်အများစုမှာ လိုင်စင်မရှိကြပေ။ ထိုပညာရှင်များက ပိုက်ဆံလိုချင်သောကြောင့်သာမက လေ့ကျင့်ချင်သောကြောင့် လည်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အရည်အချင်းရှိလျှင်တောင်မှ အတွေ့အကြုံမရှိဘဲ ဆေးဖော်စပ်မှုမှာ မကျွမ်းကျင်နိုင်ပေ။တစ်ဆက်တည်းမှာ ဆေးပညာလေ့ကျင့်မှုကုန်ကျစရိတ်သည် အလွန်မြင့်မားသည်။
သူတို့ကို လေ့ကျင့်သင်ကြားပေးသောအဖွဲ့အစည်းထဲဝင်ခြင်း သို့ သူတို့၏ လေ့ကျင့်မှုအတွက် ထောက်ပံ့ခြင်းမရှိလျှင် သူတို့ကိုယ်တိုင် ကုန်ကျစရိတ်ကို ရှာဖွေကြရသည်။
ခန္ဓာကိုယ်အားဖြည့်ဆေးသည် အဆင့်မြင့်ဆေးဝါးမဟုတ်သော်လည်း ဆေးမြစ်များအတွက် ပိုက်ဆံ အလွန်ကုန်ကျသဖြင့် ထိုဆေးဖော်စပ်ရာတွင်ကျွမ်းကျင်ရန်အလို့ငှါ သန်းပေါင်းများစွာ ရင်းနှီးရသည်။ တရားဝင်ဆေးပညာရှင်အသိအမှတ်ပြုလက်မှတ်ရချင်ပါက ခန္ဓာကိုယ်အားဖြည့်ဆေး အပြင် အခြားဆေးဖော်စပ်မှုများကိုကျွမ်းကျင်ရတာမို့ အရင်းအနှီးကိုတွေးကြည့်ပါက ကြောက်စရာ ကောင်းလှသည်။ ထိုအရာသည် ဆေးပညာရှင်အများအပြားက မှောင်ခိုစျေးကိုသွားရောက်ရသည့် အကြောင်းအရင်း အစစ်အမှန် ဖြစ်သည်။
ဆေးပညာရှင်တစ်ဦးအတွက် ကနဦးအဆင့်မှာ ပစ္စည်းများကို
သုံးစွဲရသော်လည်း သူတို့တဖြည်းဖြည်း အသားကျလာသည်နှင့် ကျွမ်းကျင်လာကြသည်။
တစ်စုံတစ်ဦးသည် အလုပ်သင်ဆေးပညာရှင်တစ်ဦးဖြစ်လိုပါက သူတို့သည် ပင်ပန်းရသည့်ကိစ္စရပ်များ ကို ကိုင်တွယ်ဖြေရှင်းရပြီး သူတို့ရောင်းချသည့်ဆေးများကိုပင်ရောင်းချကြရသည်။ အလုပ်သင်ဆေးပညာရှင် ဖြစ်လာပါက ပိုက်ဆံများများပိုရနိုင်မည့် အခွင့်အလမ်းပေါများလာသည်။ သူတို့သည် ဒီ့ထက်ပိုပြီး တိုးတက်လိုပါက အခြားဆေးများဖော်စပ်မှုကို လေ့ကျင့်ရန် ဆေးမြစ်များ ဝယ်ယူရန်လိုအပ်လာသည်။ ထိုအခါမှာ ပိုက်ဆံအများကြီးပိုလိုအပ်လာသည်။ အလုပ်သင်ဆေးပညာရှင်သည် တရားဝင်ဆေးပညာရှင်ဖြစ်လာသောအခါမှ အမှန်တကယ် အကျိုး အမြတ်ရရှိလာကြသည်။ ပိုက်ဆံဆယ်သန်းအသားတင်အမြတ်ငွေရရှိခြင်းသည် တရားဝင် ဆေးပညာရှင်များအတွက် အလွန်လွယ်ကူလှသည်။
ဆေးပညာအတွက်ပုံမှန်သုံးစွဲရသော အသုံးစရိတ်များက ကြီးမားသော်လည်း သူတို့၏အလုပ်အကိုင်မှ အကျိုးအမြတ် ရအောင်ပြုလုပ်နိုင် ကြသည်။ ထို့ကြောင့် ချူးယွင်ဖန်သည် သူ့ညီမလေး၏ ဖျားနာမှုနှင့် ပတ်သက်ပြီး လုံးဝမစိုးရိမ်ပေ။ သာမန်အလုပ်အကိုင်ရှိသောလူအတွက် မွေးရာပါချို့ယွင်းမှုကိုကုသရန် ကုန်ကျမည့် ပိုက်ဆံဆယ်သန်း ပေးရန် မဖြစ်နိုင်ပေ။ သို့သော် ဆေးပညာဘုရင်၏မှတ်ဥာဏ်များရှိနေသော ချူးယွင်ဖန်အတွက်တော့ ခက်ခဲသောအရာတစ်ခုမဟုတ်ပေ။ သူက ထိုစာချုပ်ကိုချုပ်ဆိုလိုက်သည်နှင့် ချီအင်အားဖြည့်ဆေးများဝယ်ယူရန် သူ့မှာပိုက်ဆံများရှိလာမည်။ သို့သော်လည်း သူ့စကားဆုံးသည်နှင့် လုချင်းရွှမ်၏ အမူအရာသည်ရှက်ရွံ့သည့်ပုံစံဖြစ်လာသည်။
“ဆ.ဆရာ..ကျွန်မကုမ္ပဏီက အခြေအနေမဟန်ဘူးဆိုတာ သိမယ်ထင်ပါတယ်။ ကုမ္ပဏီရဲ့ ငွေတွေ အားလုံး ကို ဆေးမြစ်တွေဝယ်ဖို့အတွက် ရင်းနှီးမြုပ်နှံလိုက်မိတယ်။ မနက်ဖြန်ကနောက်ဆုံး ရက်ပဲ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ဆရာနဲ့ဒီနေ့မှာမဆုံလိုက်ရရင်ကျွန်မကုမ္ပဏီဒေဝါလီခံသွားမှာ”
သူလှည့်စားခံလိုက်ရသည်ဟု ချူးယွင်ဖန်းခံစားလိုက်ရသည်။ သူက ချက်ချင်းပင် ထပြန်သွားရန် စဉ်းစားလိုက်သည်။ သို့သော် တခဏကြာစဉ်းစားပြီးနောက် ထိုသို့မလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူက လုချင်းရွှမ်နှင့် စာချုပ်မချုပ်လျှင် ဤမျှလောက်ကြီးမားသော ပမာဏသည် သူ့ထံသို့ရောက်လာရန်ခဲယဉ်းမည်။ သူ့အတွက် တစ်သန်းတန်သော ပရောဂျက်တစ်ခုဖြစ်သည်။
“ရပါတယ်..ခင်ဗျားက ငွေသားကိုချက်ချင်းမပေးနိုင်ပေမဲ့ စာချုပ်ချုပ်ထားလည်းရပါတယ်” ဟု ချူးယွင်ဖန်းက ပြန်ဖြေသည်။
မှောင်ခိုစျေးမှာ အရောင်းအဝယ်လုပ်ပါက စာချုပ်ချုပ်ဆိုခြင်းမလုပ်ဘဲ ငွေသားနှင့်သာ တိုက်ရိုက် ရှင်းကြသည်။ သို့သော်ချက်ချင်းလက်ငင်းငွေသားမရှင်းနိုင်ပါက သူတို့သည်စာချုပ်ချုပ်ဆို ရလိမ့်မည်။
“ရပါတယ် အဆင်ပြေတယ် ကျေးဇူးတင်ပါတယ်ဆရာ”
လုချင်းရွှမ်သည် ရိုလာကိုစတာစီးနေရသလို သူမ၏ ခံစားချက်များသည် နိမ့်သွားလိုက် မြင့်သွားလိုက် ဖြစ်နေသည်။ ချူးယွင်ဖန်းသာ လက်မခံလျှင် သူမ၏ကုမ္ပဏီသည် ဒေဝါလီခံဖို့ပဲ ရှိတော့သည်။ သူမလုပ်နိုင်တာဘာမှမရှိတော့ပေ။ သူမဖခင်တည်ထောင်ခဲ့သော ကုမ္ပဏီ၏ အောင်မြင်မှု သို့ ကျရှုံးမှုသည် ချူးယွင်ဖန်၏ ဆုံးဖြတ်ချက် ပေါ်တွင်သာမူတည်နေသည်။
“ကျွန်မတို့က ခန္ဓာကိုယ်အားဖြည့်ဆေးကို မနက်ဖြန်အမှီထုတ်ပေးရမှာ။ စာချုပ်အရဆို ဆေးမှာတဲ့ ကုမ္ပဏီက မနက်ဖြန်မှာသုံးသန်းလွှဲပေးမှာ။ အဲ့အချိန်ကျရင် ဆရာ့ကို
ပိုက်ဆံတစ်သန်းပေးချေဖို့ အဆင်ပြေပါတယ်” လုချင်းရွှမ်က ချက်ချင်းပြန်ဖြေသည်။
ထိုအချိန်မှာ ချူးယွင်ဖန်းက သူမ၏ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ပြီး သူ့ကို အသေးစိတ် ပြောပြခဲ့သည်။
“ကောင်းပြီ..ဒါဆိုလည်း စာချုပ်ချုပ်ကြစို့..ခင်ဗျားပိုက်ဆံလွှဲနိုင်တဲ့အချိန်မှ ကျွန်တော့်အကောင့်ထဲ ပိုက်ဆံလွှဲပေးပါ။ ဒါပေမဲ့ ကျွန်တော်က ဒီပိုက်ဆံတွေကို ဆေးမြစ်ဝယ်ပြီး ဆေးဖော်စပ်ဖို့အတွက်သုံးမှာ။ ချီစွမ်းအင်အားဖြည့်ဆေးအတွက်လိုအပ်တဲ့ဆေးမြစ်တွေကို ခင်ဗျားဆီက ဝယ်လို့ရမလား။ ပြီးတော့ ခင်ဗျားကုမ္ပဏီရဲ့ စမ်းသပ်ခန်းကိုသုံးလို့ရမလား” ဟု ချူးယွင်ဖန်းက မေးသည်။
သူ့မှာကိုယ်ပိုင်စမ်းသပ်ခန်းမရှိခြင်းက ဘယ်လိုတောင်အဆင်မပြေဘူးလဲဆိုတာ ချူးယွင်ဖန်းသိလာရသည်။ သူမ၏ စမ်းသပ်ခန်းကိုမငှါးပါက သူသည်ဆေးပညာရှင်အစည်းအရုံးထံသို့ နောက်တစ်ခေါက်ထပ်သွားရမည်။
“ကောင်းပါပြီ..ဆရာအဆင်ပြေသလိုလုပ်ပါ” လုချင်းရွှမ်က ချက်ချင်းပြန်ဖြေသည်။
ထိုအချိန်မှာ သူမ၏ကိစ္စများအဆင်ပြေရန် သူမရှေ့မှာရှိနေသော ဆရာအလိုကျ လိုက်ပြောပေးရ မည်။သူကဘယ်လောက်ပဲငယ်ငယ်ကိစ္စမရှိပေ။ သူမ၏ကုမ္ပဏီသည် ဆေးဝါးဖော်စပ်ခြင်းနှင့် ဆေးမြစ်ရောင်းချခြင်းကုမ္ပဏီဖြစ်တာမို့ ဆေးပညာရှင်များအကြိုက် မြှောက်ပင့်ပြောဆိုရသည်။ ဆေးပညာရှင်များနှင့် သူမ၏ကုမ္ပဏီသည် အဆင်မပြေပါက တခြားကုမ္ပဏီများက ထိုဆေးပညာရှင် များကို ဆွဲဆောင်ပြီး ခေါ်ယူသွားကြသည်။
သူမ၏ကုမ္ပဏီနှင့်ဆေးပညာရှင်များအဆင်မပြေပါက အကျိုးဆက်က အရမ်းပြင်းထန်သည်။ ချူးယွင်ဖန်ကို သူမတို့ကုမ္ပဏီ၏စမ်းသပ်ခန်းကိုငှါးရမ်းခြင်းသည် ဘာမှမကုန်ကျပေ။ သူမသည် အနာဂတ်မှာ သူ၏အကူအညီကိုလိုကောင်းလိုနိုင်သည်။လုချင်းရွှမ်က
သူ့ကိုအသက်ငယ်သည်ဟုခန့်မှန်းထားသော်လည်း စာချုပ်ချုပ်ချိန်တွင် သူ၏နိုင်ငံသားကတ်ပြားကို မြင်ရသောအခါ သူမလန့်သွားရသည်။
“ဆရာ..ဆရာက တကယ့်ကိုအထက်တန်းကျောင်းသားလေးပဲ” ဟု
သူမအလန့်တကြားထအော်မိသည်။ သို့သော် သူက အထက်တန်းကျောင်းသားမို့ အထင်သေးခြင်း မျိုးမရှိဘဲ သူ့ကိုပိုပြီးအထင်ကြီးလာမိသည်။ အထက်တန်းကျောင်းသားတစ်ဦးက ခန္ဓာကိုယ် အားဖြည့်ဆေး ကိုဖော်စပ်နိုင်ခြင်းသည် ဆန်းကြယ်သောကံကြမ္မာဖြစ်သည်။
သူမသည် အရည်အချင်း ရှိသောလူများစွာကိုမြင်ဖူးသည်။ သူမသည် သိုင်းပညာမှာပါရမီပါသူများသာမက ဆေးပညာတွင် ပါရမီပါသောသူများကိုလည်းတွေ့ဖူးသည်။ သူမက ထိုလုပ်ငန်းမှာကျင်လည်နေသူမို့
သူ့လိုမျိုးလူမျိုးကို သေချာစောင့်ကြည့်သည်။ ထိုမျှလောက်ငယ်ရွယ်သော အသက်အရွယ်မှာ
ခန္ဓာကိုယ်အားဖြည့်ဆေးကို လွယ်လွယ်ကူကူဖော်စပ်နိုင်သော ချူးယွင်ဖန်းလို လူမျိုးကိုတော့
မဆုံဖူးပေ။သေချာတာတော့ သူသည် ကံကောင်းမှု သို့ မတော်တဆကြောင့် ဖော်နိုင်ခြင်းမဟုတ်ဘဲ အမှန်တကယ်အစွမ်းရှိသောကြောင့်ဖြစ်သည်။ သူသည် တကယ့်ကိုအရည်အချင်းရှိသော ပါရမီရှင်လူငယ်တစ်ဦးဖြစ်သည်။
ဤကမ္ဘာမှာ ရွက်ပုန်းသီးလေးများစွာရှိကြသည်ဟု ဆိုနိုင်သည်။ အောင်မြင်ထင်ရှားသူများသာ
ပါရမီရှင်များမဟုတ်ကြပေ။
“ဒါနဲ့ပတ်သက်ပြီး မေးစရာရှိလား” ချူးယွင်ဖန်းက ဒစ်ဂျစ်တယ်စာချုပ်ပေါ်က
စာလုံးများကိုဖတ်ရင်းမေးသည်။ အားလုံးသဘောတူကြပြီးနောက်စာချုပ်မိတ္တူကို
ပုံရိပ်ယောင်ကွန်ယက်တွင် မိတ္တူတစ်ရွက်အဖြစ်သိမ်းဆည်းထားသည်။
ပိုပြီးအရေးကြီးသောစာချုပ်ဖြစ်ပါက စာချုပ်ကိုပုံနှိပ်ရိုက်ပြီး ထုတ်ကာ
စာချုပ်ပေါ်မှာလက်မှတ်ထိုးကြသည်။ သို့သော် သာမန်ခေတ်ကသုံးနေကျစက္ကူမျိုးမဟုတ်ဘဲ
သေချာစနစ်တကျသိမ်းဆည်းပါက နှစ်ရာပေါင်းများစွာထိ မပျက်စီးနိုင်ပေ။ ထိုအရာသည်
ကပ်ဘေးကြီးပြီးနောက် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု၏ အကျိုးဆက်များဖြစ်သည်။
“မရှိပါဘူး” ဟု လုချင်းရွှမ်က ပြန်ဖြေသည်။
နှစ်ဦးနှစ်ဖက်လုံး လက်မှတ်ရေးထိုးပြီးနောက် ချူးယွင်ဖန်သည် ဆေးများကိုစတင်ဖော်စပ်တော့သည်။ ဆေးအလုံးတစ်ရာဖော်စပ်ရခြင်းသည် တကယ့်လုပ်ငန်းကြီးတစ်ခုဖြစ်သည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ ဆေးပညာဘုရင်၏မှတ်ဥာဏ်များရထားတာတောင်မှ ကြီးမားသော ကိစ္စရပ်တစ်ခုဖြစ်နေဆဲဖြစ်သည်။ သူက အခေါက်တိုင်းမှာ အမှားမလုပ်နိုင်ဘူးဟု မဆိုလိုနိုင်ပေ။ သူကအမှားလုပ်ပါက သူ့အားစိုက်မှုနှင့် အချိန်များသည် တစ်နာရီမှနှစ်နာရီထိ အလဟသဖြစ်နိုင်သည်။ ခေတ်မီဆေးဝါးများစျေးကြီးရခြင်း၏
အကြောင်းပြချက်မှာဆေးဝါးများကိုအများကြီးမထုတ်နိုင်သောကြောင့်ဖြစ်သည်။အလယ်အလတ်အဆင့်အလုပ်သင်ဆေးပညာရှင်များသည် တစ်ကြိမ်မှာ ခန္ဓာကိုယ်အားဖြည့်ဆေး တစ်လုံးသာ ဖော်စပ် နိုင်သည် ။
သူတို့၏အောင်မြင်မှုနှုန်းသည် ပြီးပြည့်စုံသည့်အနေအထားမှာရှိပါက ဆေးလုံးတစ်ရာဖော်စပ်ရန်ရက်ပေါင်းများစွာလိုအပ်သည်။အနားယူချိန်၊ ရှုံးနိမ့်မှုများနှင့် အခြားသောအကြောင်းများကို ထည့်သွင်းစဉ်းစားပါက အလယ်အလတ်အဆင့်အလုပ်သင်ဆေးပညာရှင်နှစ်ဦးသည်
ခန္ဓာကိုယ်အားဖြည့်ဆေးအလုံးတစ်ရာ ဖော်စပ်ရန် အနည်းဆုံးတစ်လလိုအပ်သည်။ ထို့ကြောင့်ပင် ချူးယွင်ဖန်က နောက်ထပ်ဆက်လုပ်မည့်အရာက လုချင်းရွှမ်ကို အံ့အားသင့်စေသည်။ အကြောင်းရင်းမှာ အလယ်အလတ်အဆင့် ပညာသင်ဆေးပညာရှင်တစ်ဦးသည် တစ်ကြိမ်မှာ ဆေးတစ်လုံးပဲဖော်စပ်နိုင်တာကို သူမသိထားသဖြင့် အံ့ဩရခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာ ချူးယွင်ဖန်းသည် တစ်ပြိုင်တည်းမှာ ဆေးလုံးငါးလုံးကိုဖော်စပ်နိုင်သည်။ သူက စတင်ပြီးဆေးဖော်စပ်ချိန်မှာ သူအသိစိတ်လွတ်နေပြီဟုတောင် သူမထင်မိသည်။ သို့သော် မကြာခင်မှာ သူမအထင်မှားကြောင်းသိလာရသည်။ မဖြစ်နိုင်ဘူးဟု သူမထင်ခဲ့မိသော အရာများသည် ချူးယွင်ဖန်းကမလုပ်နိုင်သည့်အရာများမဟုတ်နေပေ။
သူမ၏ အတွေးများ၊ ထင်မြင်ယူဆချက်များနှင့် လုံးဝပြောင်းပြန်ဖြစ်အောင် သူလုပ်ပြနိုင်သည်။ ပထမတော့ သူသည် ခန္ဓာကိုယ်အားဖြည့်ဆေးများကို တစ်ပြိုင်တည်းတွင် အများကြီးဖော်စပ်ပါက မအောင်မြင်မည်ကို သူစိုးရိမ်ခဲ့မိသည်။ သူက အချိန်နှင့် ဆေးမြစ်များကို ဖြုန်းတီးမိမှာကို သူစိုးရိမ်မိခြင်း ဖြစ်သည်။ မဟုတ်ပါက သူသည် တစ်ကြိမ်တည်းမှာ ဒီ့ထက်အများကြီး ဖော်စပ်နိုင်သည်။ ပြီးတော့ သူ့မှာ ဆေးဘုရင်မှတ်ဥာဏ်များ ရှိနေသည်။ ဆေးဘုရင်ဆိုလျှင်တစ်ကြိမ်တည်းမှာ ဆေးလုံးငါးဆယ် ဖော်စပ်ရလည်းအကြောင်းမဟုတ်ပေ။ သူတို့၏ကြားထဲတွင် ကွာခြားမှုရှိနေသည်။
အတွေ့အကြုံတစ်ခုတည်းက ပြသနာမဟုတ်ပေ။
ချူးယွင်ဖန်က ဆေးအလုံးတစ်ရာဖော်စပ်ပြီးသောအခါ နောက်တစ်နေ့ နေ့လည်ခင်းတောင် ရောက်ရှိနေပြီ ဖြစ်သည်။ ဆေးဖော်စပ်ရန်အတွက် လုယုရှုထံ တစ်ရက်ခွင့်တိုင်ပြီး သူ့အိမ်ကိုလည်းဆေးဖော်စပ်မည့်အကြောင်းကိုရှင်းပြခဲ့သည်။
နာရီနှစ်ဆယ်ကြာအချိန်ယူရပြီး တစ်ချိန်လုံးမနားရသေးတာမို့ သူပင်ပန်းနွမ်းနယ်လာသည်။ သူက ဆေးဖော်စပ်ပြီးပြီမို့ ကျန်တဲ့အပိုင်းများကို လုချင်းရွှမ်ကို ပြုလုပ်ခိုင်းသည်။ သူယခုပြုလုပ်ရမည်မှာ ဆေးဖော်စပ်ခြင်းအတွက် ပိုက်ဆံယူရန်ဖြစ်သည်။
သူကအချိန်အကြာကြီးအနားယူစရာမလိုပေ။ သူက ခဏပဲတရားထိုင်ပြီးနောက် အားပြန်ပြည့်လာသောအခါ လုယုရှုကို နတ်ဆိုးကျားလက်သီးသိုင်း နှင့် ပတ်သက်သည်များ သင်ပေးရန် လုအိမ်တော်ဆီထွက်ခွါလာသည်။ နောက်တစ်နေ့မနက်မှာ သူ၏ဘဏ်အကောင့်ထဲသို့ ပိုက်ဆံခုနှစ်သိန်းရောက်လာကြောင်း ဘဏ်က လှမ်းပြီး အကြောင်းကြားသည်။ လုချင်းရွှမ်က ကတိပေးထားသည့်အတိုင်းပိုက်ဆံများလွှဲပေးခဲ့သည်။