← Chapters

ထျန်းမင်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူ

Vol. 38 Ch. 521

ထျန်းမင်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူ

Vol. 38 Ch. 521

" ခွေးမ %#@@$% $#@$% "

နျိုထျဲ့ချူ သွမ့်ချန်ချိုးအား လက်ညိုးထိုးကာ ဒေါသတကြီး ဆဲရေးလိုက်တော့သည်။

သွမ့်ချန်ချိုးမှာကား ခပ်ရှက်ရှက်ဖြင့် ခေါင်းကိုသာ ကုတ်နေ၏။

နျိုထျဲ့ချူ အားရအောင် ဆဲပြီးသွားချိန်မှ သွမ့်ချမ်ချိုး လည်ချောင်းရှင်း၍ ပြောသည်။

" ဒီမှာ... မင်းရဲ့ အချုပ်အနှောင်အကြောင်းကို မေ့သွားခဲ့တာ တကယ်လဲ ငါ့အမှားပါ ။ ဒါပေမယ့် ငါ့ရဲ့ အချုပ်အနှောင်ကြောင့်သာ မဟုတ်ရင် မင်း ဒီနေ့အထိ အသက်ရှင်နိုင်မှာတောင် မဟုတ်ဘူး ။ အဲ့တော့ အခု မင်းကို တောင်းပန်တဲ့အနေနဲ့ မသေမျိုးအဆင့် သိုင်းကျင့်စဥ်တစ်ခု ပေးပါ့မယ် ။ ဘယ်လိုလဲ... "

သူ ပြောပြောဆိုဆိုပင် အကျ်ီထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ နျိုထျဲ့ချူဆီသို့ ပစ်ပေးလိုက်၏။

ထိုမြင်ကွင်းကြောင့် သခင်ကြီးထျန်းလုံနှင့် ချင်းဝူချုံတို့ အံ့သြမှင်သက်သွားရသည်။

သွမ့်ချန်ချိုးသည် ဤထျန်းယွမ်ကမ္ဘာတွင် အကောင်းဆုံး ဓားသမားတစ်ယောက်ဖြစ်ပြီး အတော်ဆုံးသော တစ်ကိုယ်တည်းကျင့်ကြံသူလည်း ဖြစ်ပါ၏။

သူသည် တပည့်တစ်ဦးမှ လက်မခံသလို ကျောထောက်နောက်ခံပေးမည့် ဂိုဏ်းလည်း မရှိပါ။

ယခုလို သူ့ သိုင်းကျင့်စဥ်ကို အခြားသူတစ်ယောက်အား ပေးခြင်းမှာလည်း သူတို့တစ်ခါမှ မကြားဖူးခဲ့သည့် ဖြစ်ရပ်ကြီးပင် ။

သွမ့်ချန်ချိုး ကျင့်ကြံသည့် သိုင်းကျင့်စဥ်များက သမိုင်းကြောင်းရှည်လှသော ရှေးဟောင်းအဖွဲ့ကြီးများထက် အစွမ်းမနိမ့်သည်ကို သူတို့ ကောင်းကောင်းကြီးသိထားသည် မဟုတ်ပါလား။

နျိုထျဲ့ချူကမူ သူမလက်ထဲ ရောက်လာသည့် ကျောက်စိမ်းပြားကိုကြည့်ကာ အေးစက်စက်နှာခေါင်းရှုံ့၏။

" ကောင်းပြီလေ.. ဒါဆိုလဲ ခုချိန်ကစပြီးတော့ ကျွန်မတို့နှစ်ယောက် ကြေပြီလို့ သဘောထားလိုက်မယ် "

ထိုသို့ပြောပြီးသည်နှင့် သူမ နောက်လှည့်ပြီး ပျောင်ပိုင်မြို့မှလူအုပ်ဆီသို့ ပြန်သွားသည်။

ထိုစဥ် လောထျန်းက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်၏။

" အားလုံး... တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကိုသုံးပြီးတော့ ပျောင်ပိုင်မြို့ဆီ ပြန်နှင့်ကြပါ။ ငါက စိတ်စွမ်းအင်သွေးကြောတွေနဲ့အတူတူ လမ်းလျှောက်ပြီးပဲ ပြန်ခဲ့မယ် "

အမှန်တွင်မူ သူသည်လည်း တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကိုသုံး၍သာ ပြန်ချင်ပါသည်။

သို့သော် စိတ်စွမ်းအင်သွေးကြောများက အသွင်ပြောင်းနိုင်ကြသည့်တိုင် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကိုမူ မဖြတ်နိုင်ကြရာ သူ့အတွက် အခြားရွေးချယ်စရာ မရှိချေ။

သူ ခေါ်လာသည့် စိတ်စွမ်းအင်သွေးကြောများက ကြီးလွန်းလှသည် မဟုတ်ပါလား။

ယောင်ချီ၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံက ထိုကောင်များအတွက် လုံလောက်အောင် မကြီးပေရာ သူတို့အားလုံး လမ်းလျှောက်ပြန်ရုံသာ ရှိပါသည်။

ထို့နောက်တွင်မူ အားလုံးက သူ့ကိုနှုတ်ဆက်ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမှတဆင့် ပြန်သွားကြတော့၏။

ပြီးနောက်.. လောထျန်းက တောင်ထိပ်တစ်ခုပေါ်သို့ ပျံသွားပြီး အော်လိုက်ရာ.. မရေမတွက်နိုင်သော စိတ်စွမ်းအင်သွေးကြောများက သူ့အား ပျော်တော်ဆက်လိုသည့်အလား အနားရောက်လာကြသည်။

ထိုမြင်ကွင်းကို ကြည့်နေကြသည့် လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။

" ဒီ စိတ်စွမ်းအင်သွေးကြောတွေက တော်တော်အမိန့်နာခံကြတာပဲ ။ အဲ့လိုအဖြစ်မျိုးကို ကြားတောင် မကြားဖူးဘူး "

သခင်ကြီးထျန်းလုံက ဆိုသည်။

ချင်းဝူချုံကလည်း ​ခေါင်းညိတ်၍ ပြော၏။

" ကျုပ်တို့ ဝူလျန်နန်းတော်က စိတ်စွမ်းအင်သွေးကြောဆိုရင် ကျုပ်ကို တစ်ခါမှတောင် မျက်နှာသာမပေးဖူးဘူး ။ သခင်လေးလောထျန်းက တကယ်ကို ကြောက်စရာပဲဗျာ "

ယောင်ချီနတ်ဘုရားသခင်မကြီးလည်း ဝင်ပြောသည်။

" ကျွန်မတို့ ယောင်ချီရဲ့ စိတ်စွမ်းအင်သွေးကြောလဲ အတူတူပါပဲရှင်.. ။ ဟင်... ဟို စိတ်စွမ်းအင်သွေးကြောက ဘာလို့ ယောင်ချီကဟာနဲ့ တူနေရတာလဲ "

" မဖြစ်ဘူး ... အဲ့ဒါ ယောင်ချီရဲ့ စိတ်စွမ်းအင်သွေးကြောပဲ ။ သခင်လေးလောထျန်း ၊ ပြန်လာခဲ့ပါဦး "

ယောင်ချီနတ်ဘုရားသခင်မကြီး အလန့်တကြား အော်လိုက်သည်။

ဘာတွေ ဖြစ်နေပါသနည်း ။

လောထျန်းက အမိန့်ပေးလိုက်သည်နှင့် အခြားစိတ်စွမ်းအင်သွေးကြောများက သူ့နောက်လိုက်သွားကြသည်ကို သူမ နားလည်နိုင်သေးသော်လည်း... ယောင်ချီ၏ စိတ်စွမ်းအင်သွေးကြောကပါ အဘယ့်ကြောင့် ထိုသို့ ကောက်ကောက်ပါအောင် လိုက်သွားရပါသနည်း ။

............

သူတို့ချင်း ခေတ္တမျှ ပြောဆိုကြပြီး နောက်တွင်ကား မည်သို့ ဖြစ်နေသည်ကို လောထျန်း နားလည်သွားတော့သည်။

လက်ရှိတွင်လည်း သူနှင့်ယောင်ချီက မဟာမိတ်များ ဖြစ်ကြရာ သူ့အနေဖြင့် တဖက်လူ၏ စိတ်စွမ်းအင်သွေးကြောကို အတင်းအကျပ် ယူသွား၍ မဖြစ်တော့ပေ။

ထို့ကြောင့် သူ အမိန့်ပေးပြီး ထိုစိတ်စွမ်းအင်သွေးကြောအား ယောင်ချီသို့ ပြန်ခိုင်းလိုက်၏။

သို့သော်.. ယောင်ချီနတ်ဘုရားသခင်မကြီးမှာ ထိုအချက်ကြောင့် ပိုဒေါသထွက်သွားပုံပါပင် ။

ထိုစဥ် ချင်းဝူချုံက သခင်ကြီးထျန်းလုံဘက် လှည့်ကြည့်ရင်း ပြောသည်။

" သခင်ကြီးထျန်းလုံ.. အဲ့စိတ်စွမ်းအင်သွေးကြောတွေ အားလုံးသာ ပျောင်ပိုင်မြို့ထဲ ရောက်သွားကြရင် ဘာဖြစ်သွားမယ်ထင်လဲ "

သခင်ကြီးထျန်းလုံက ခ္တေမျှ တုန့်ဆိုင်းနေပြီးမှသာ ပြန်ပြော၏။

" အချိန်တိုလေးအတွင်းတော့ ဘာကြီးကြီးမားမားမှ ဖြစ်မယ်မထင်ဘူး ။ ဒါပေမယ့် အချိန်တစ်ခု ကြာသွားရင်တော့ ပျောင်ပိုင်မြို့က ထျန်းယွမ်ကမ္ဘာကြီးရဲ့ နံပါတ်တစ် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာမှာ သေချာတယ် "

ချင်းဝူချုံမှာလည်း သူ့စကားအား စိတ်ထဲမှ ကြိတ်ဝန်ခံလိုက်ရသည်။

လက်ရှိပျောင်ပိုင်မြို့သည်ပင် ထိပ်ဆုံးအဆင့် တိုက်ခိုက်စွမ်းရည်ရှိသော လောထျန်းကြောင့် အလွန်ကြောက်မက်ဖွယ်ကောင်းနေခဲ့လေပြီ ။

ထို့အပြင် လောရုံနှင့် လောရှောင်ရှောင်းကဲ့သို့ လူငယ်မျိုးဆက်သစ်များမှာလည်း အလွန်ပါရမီထူးကြပါသေး၏။

သူတို့မြို့တွင် အားနည်းနေသည်မှာ အလယ်လတ်အဆင့် အစွမ်းထက်ကျင့်ကြံသူများဟု ပြော၍ရပါသည်။

သို့သော် လောရုံနှင့် လောရှောင်ရှောင်းတို့သာ အရွယ်ရောက်လာပါက ထိုကိစ္စမှာလည်း ပြဿနာမဟုတ်နိုင်တော့ပါချေ။

" ဒါပေမယ့်... "

သခင်ကြီးထျန်းလုံက တစ်ခုကို ရုတ်တရက်တွေးမိသွားဟန်ဖြင့် စကားစသည်။

" သခင်လေး လောထျန်း ပြောတာတော့ အဲ့စိတ်စွမ်းအင်သွေးကြောတွေကို သူ ယွဲ့ယန်ကမ္ဘာမှာ သွားရင်းလာရင်း တွေ့ခဲ့တာတဲ့။ ဒါပေမယ့်... ယွဲ့ယန်ကမ္ဘာက တကယ်ကြီးရော အဲ့လောက်အစွမ်းထက်လို့လား။ နေရာသေးသေးလေးတစ်ခုမှာ အဲ့လောက်များတဲ့ စိတ်စွမ်းအင်သွေးကြောတွေ ရှိနိုင်ပါ့မလား "

ချင်းဝူချုံမှာလည်း ခေတ္တမျှ မှင်သက်သွားပြီးနောက်မှ ပြန်ပြော၏။

" ယွဲ့ယန်ကမ္ဘာက တကယ်လဲ အဲ့လောက်အစွမ်းထက်တာနဲ့ တူတယ် "

ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ဦး စကားစ ပြတ်သွားကြတော့သည်။

ထိုစဥ်တွင် ယွဲ့ယန်ကမ္ဘာ၌..

ကောင်းကင်ကြီးမှာ ပျက်စီးနေပြီး မြေကြီးတွင်လည်း အက်ရာများဖြင့် ပြည့်နေပါ၏။

မြို့များအားလုံးနီးပါး မီးလောင်ကျွမ်းနေသလို... ဂိုဏ်းများအားလုံးလည်း သွေးချောင်းစီးနေတော့သည်။

အွတ်..

ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ဆိုလျှင်လည်း ချောက်ကမ်းပါးတစ်ခုတွင် ဓားဖြင့် စိုက်ထိုးထားခြင်းကို ခံထားရ၏။

သူ့ရှေ့ မျက်နှာချင်းဆိုင်တွင်ကား ထျန်းမင်ကမ္ဘာသားတစ်ယောက်က အေးစက်စက်မျက်နှာထားဖြင့် သူ့ကို ကြည့်နေသည်။

" မင်းတို့ ယွဲ့ယန်ကမ္ဘာမှာ ဘာတွေဖြစ်သွားခဲ့တာလဲ ပြောစမ်း ။ မင်းတို့ရဲ့ စိတ်စွမ်းအင်တွေ ဘယ်ရောက်သွားပြီလဲ ။ အသွင်ပြောင်းထားတဲ့ စိတ်စွမ်းအင်သွေးကြောတွေကိုရော ဘာလို့မတွေ့ရတာလဲ "

ထိုလူက အေးစက်စက်အသံဖြင့် မေးလိုက်သည်။

" ထျန်းယွမ်ကမ္ဘာက..... "

ယွဲ့ယန်ကမ္ဘာမှ မသေမျိုးက တုန်တုန်ယင်ယင် ပြမ်ဖြေ၏။

" ဘာပြောလိုက်တယ်... "

တဖက် ထျန်းမင်ကမ္ဘာမှ လူ မျက်မှောင်ကြုံ့သွားသည်။

" ဒီက.. စိတ်စွမ်းအင်သွေးကြောတွေ အကုန်လုံး ထျန်းယွမ်ကမ္ဘာကို ခေါ်သွားကြပြီ... "

ယွဲ့ယန်ကမ္ဘာမှ မသေမျိုးက အသံတိုးတိုး ပြန်ဖြေသည်။

" ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာလဲ "

ထျန်းမင်ကမ္ဘာမှလူ ချက်ချင်း ဒေါသထွက်သွား၏။ ထို့နောက် သူ့လက်ထဲ ကိုင်ထားသည့် ဓားကို လှည့်လိုက်ရာ သွေးများ စီးကျလာကြသည်။

" အား..... "

ယွဲ့ယန်ကမ္ဘာ မသေမျိုးထံမှ စူးစူးဝါးဝါး အော်သံကြီး ထွက်လာ၏။

" ထျန်းယွမ်ကမ္ဘာ.. ဟုတ်လား ၊ လိမ်တာတောင် ယုတ္တိရှိအောင် မလိမ်တတ်ဘူး ။ ထျန်းယွမ်ကမ္ဘာက မင်းတို့ယွဲ့ယန်ကမ္ဘာထက် အများကြီး ပိုအစွမ်းနိမ့်တာကို အားလုံး သိထားပြီးသား။ အခု မင်းတို့ယွဲ့ယန်ကမ္ဘာက စိတ်စွမ်းအင်သွေးကြောတွေက ရူးနေလို့မို့ အဲ့လောက် အဝေးကြီးကို ထွက်သွားကြတာလား "

ထျန်းမင်ကမ္ဘာသားက အေးစက်စက်ထပ်ပြောလိုက်သည်။

" ကျုပ်.. မလိမ်ပါဘူးဗျာ.. "

ယွဲ့ယန်ကမ္ဘာမှ မသေမျိုးမှာ ငိုချလိုက်တော့မလိုပါပင် ။

သူ ပြောသည့်စကားများက အားလုံးအမှန်တရား ဖြစ်ပါသည်။

" ဟမ့်.. မင်းက သေချင်နေတာပဲ "

ထျန်းမင်ကမ္ဘာမှ လူက စိတ်မရှည်တော့ဟန်ဖြင့် တစ်ဖက်လူကို သတ်ရန် ပြင်လိုက်တော့၏။

သို့သော် ထိုအချိန်မှာပင်..

" မင်ဟွေ့ ၊ ရပ်လိုက်.. "

အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

မင်ဟွေ့ဆိုသူ အံ့အားသင့်သွားပြီး ချက်ချင်းနောက်လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ့တစ်ကိုယ်လုံး တုန်ကာ ဒူးတစ်ဖက်ထောက်လိုက်၏။

" ကြိုဆိုပါတယ် သခင်ကြီး ကူလင် "

မင်ဟွေ့ ပြောလိုက်သည်။

ယွဲ့ယန်ကမ္ဘာမှ မသေမျိုးကလည်း တဖက်လူအား ခက်ခက်ခဲခဲ ခေါင်းမော့ကြည့်လိုက်၏။

ထိုစဥ်တွင်.. ကိုယ်လုံးပြည့် သံချပ်ကာ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က သူတို့ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာနေသည်။

ထိုအဘိုးအို၏ လက်တဖက်တွင်လည်း သွေးအလိမ်းလိမ်း ပေနေသည့် လူတစ်ယောက်ကို ကိုင်ထားပါသေး၏။

ထိုလူကို မြင်သည်နှင့် ယွဲ့ယန်ကမ္ဘာမှ မသေမျိုး ချက်ချင်းတုန်လှုပ်သွားသည်။

" ကမ္ဘာသခင်ကြီး.... "

ကမ္ဘာသခင်ကြီးမှာ သူတို့ယွဲ့ယန်ကမ္ဘာတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။ ထိုသို့သော လူက အမှန်တကယ် ရှုံ့နိမ့်သွားခဲ့ပြီလား ။

ရှုံးသည်မှ ဆိုးဆိုးရွားရွားကို ရှုံးနိမ့်သွားခဲ့ခြင်းပင် ။

ထိုအချိန်တွင် မင်ဟွေ့မှာလည်း အံ့အားသင့်နေပြီး ကူလင်အား တအံ့တသြကြည့်၍ ဆို၏။

" သခင်ကြီး ကူလင် ၊ ယွဲ့ယန်ကမ္ဘာရဲ့ ကမ္ဘာသခင်ကြီးကို ဖမ်းခဲ့တာလားဗျ ။ သူ့ဆီမှာ ကံတရား မသေမျိုးလက်နက် ရှိတယ်မဟုတ်ဘူးလား... "

ကူလင်က သူ့အား တစ်ချက်ကြည့်ကာ ပြန်ပြောသည်။

" ငါ ဒီကောင့်ကိုတွေ့တော့ သူက ဒဏ်ရာပြင်းပြင်းထန်ထန်တောင် ရထားပြီးနေပြီကွ။ ပြီးတော့ မူလမသေမျိုးလက်နက်ကလဲ အခိုးခံလိုက်ရပြီလို့ ကြားတယ် "

" ဘယ်လို... မူလမသေမျိုးလက်နက် ရှိထားတဲ့ ကမ္ဘာသခင်ကြီးတစ်ယောက်ကို ဘယ်သူက အနိုင်ယူသွားနိုင်တာလဲ.. "

မင်ဟွေ့တစ်ယောက် ပို၍ပင် အံ့သြတုန်လှုပ်သွားရသည်။

ထိုလက်နက်ကိုသာ အပြည့်အဝ အသက်သွင်းလိုက်ပါက ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်သည့် အစွမ်းရှိကြောင်း သူကောင်းကောင်းကြီး သိထားပါသည်။

ကူလင်က သက်ပြင်းချ၍ ပြန်ပြော၏။

" သူပြောတာတော့.. အဲ့လိုလုသွားတဲ့ကောင်က ထျန်းယွမ်ကမ္ဘာကတဲ့... "

" ထျန်းယွမ်ကမ္ဘာက ဟုတ်လား... နောက်များနေသလားဗျာ ။ ထျန်းယွမ်ကမ္ဘာက ဒီလောက်အစွမ်းနိမ့်တာကို.. ဘယ်လိုလုပ် ဖြစ်နိုင်.... "

သို့သော် မင်ဟွေ့ စကားမဆုံးခင်မှာပင် ကူလင်က လက်ကာပြပြီး ပြောလာသည်။

" ကောင်လေး ၊ မင်းက ငယ်သေးတော့ နားမလည်တာတွေ အများကြီး ရှိသေးတယ် ။ ထျန်းယွမ်ကမ္ဘာက ထူးခြားတဲ့ နေရာတစ်ခုပဲကွ။ တစ်ချိန်တုန်းကဆို သူတို့ကမ္ဘာက ငါတို့ထျန်းမင်ကမ္ဘာထက်တောင် အစွမ်းထက်ခဲ့ဖူးတယ် ။ သူတို့တွေက အပေါ်ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့အထိတောင် အစွမ်းထက်ခဲ့ကြတာ "

" ဒါ.... "

မင်ဟွေ့ တစ်ကိုယ်လုံး တုန်သွားသည်။

သူ ထိုအကြောင်းကို ကြားဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်ပင် ။

သူတို့ အမြင်တစေ အထင်သေးနေခဲ့သည့် ထျန်းယွမ်ကမ္ဘာက ဤမျှ အစွမ်းထက်ခဲ့ဖူးသတဲ့လား ။

ထိုစဥ် ကူလင်က စကားဆက်၏။

" ဒါပေမယ့် အဲ့ခေတ်က ထျန်းယွမ်ကမ္ဘာရဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အားလုံးနီးပါး သေသွားခဲ့ကြပြီ ။ ဒါပေမယ့် အဲ့ထဲက အသက်ရှင်ကျန်နေသေးတဲ့ တစ်ယောက် ၊ နှစ်ယောက် ရှိသေးရင်တော့ ခုလိုမျိုး လုပ်နိုင်တာ မထူးဆန်းတော့ဘူး "

" ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ပေါ့သေးသေးတော့ မဟုတ်ဘူး ။ ငါတို့ ပြန်ရောက်ရင် ကမ္ဘာသခင်ကြီးကို ပြောမှဖြစ်မယ်။ နောက်ထပ် လနည်းနည်းနေလို့ ငါတို့ ထျန်းယွမ်ကမ္ဘာကို ရောက်တဲ့အချိန်ကျရင်လဲ ဒီကောင်တွေကို လုံးဝ ပြောင်သွားအောင် ဖျက်ဆီးပစ်ရမယ်ကွ "

ထို့နောက် .. သူ ယွဲ့ယန်ကမ္ဘာသခင်ကြီးကို ကြည့်ကာ တစ်လုံးချင်း အေးစက်စက်ပြောလိုက်သည်။

" အကုန်လုံးကို သတ်ပစ် "

All Chapters