အခန်း ၄၀-၄၂
Vol. 3 Ch. 40-42
အပိုင်း (၄၀)- ခွဲခြားဆက်ဆံခြင်း
ချူးယွင်ဖန်းက အခန်း-၁၅မှ ကျောင်းသားများကို အနိုင်ယူခဲ့သည် ဆိုသောသတင်းကို ရန်ပွဲ လာကြည့် ကြသော အခြားအခန်းက ကျောင်းသားများက ဖြန့်လိုက်ကြသည်။ ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် အချိန်နှင့် နီးကပ်လာတာမို့ လူတိုင်းက ထိုကိစ္စကိုအာရုံစိုက်လိုစိတ်မရှိကြပေ။ ချူးယွင်ဖန်း၏ နာမည်လည်း တမဟုတ်ချင်း တက်လာခဲ့သည်။ သူက ဖန်ဒေယင်းကိုအနိုင်ယူလိုက်သည့်သတင်းလည်း ပြန်လည်ရှာဖွေ ဖော်ထုတ်ခဲ့ပြီးနောက်မှာ ချူးယွင်ဖန်းသည်နာမည်ကြီးလာခဲ့သည်။ သူက တစ်ကျောင်းလုံးမှာ နာမည် မကြီးသော်လည်းတတိယနှစ်မှာအတော်ဆုံးဟု မှတ်ယူထားကြသည်။
ထိုသတင်းကိုကြားရသောဆရာများသည်မှ ချူးယွင်ဖန်းအပေါ်သိပ်ပြီးအထင်မကြီးကြသဖြင့် ဆရာများတောင်မှ မယုံကြည်နိုင်အောင်ဖြစ်ရသည်။ သူတို့သည် အတန်းများစွာကိုသင်ခဲ့ဖူးသည်။အခန်းတစ်ခုစီမှာ ကျောင်းသားအနည်းငယ်သို့ အဆိုးဆုံးကျောင်းသားများကိုသာမှတ်မိကြသည်။ ချူးယွင်ဖန်းကတော့ ဘယ်အဖွဲ့ထဲမှ မပါတာမို့ မည်သူမှ သူ့ကိုမမှတ်မိကြပေ။ ယခုအချိန်မှ လူသိများလာသဖြင့် အားလုံးက အံ့အားသင့်ကြရသည်။အံ့အားအသင့်ရဆုံးလူမှာ နည်းပြကျင်းဝူဖြစ်သည်။ သူက ချူးယွင်ဖန်းကို စတင် သတိထားမိချိန်မှာ သူကသွေးသစ်လောင်းခြင်းအဆင့်တောင်မှ မရောက်သေးပေ။
ချူးယွင်ဖန်း၏တိုးတက်မှုကိုကြည့်သောအခါ တစ်လအတွင်း ဝင်ခွင့်စာမေးပွဲမတိုင်ခင် သူသည် သွေးသစ်လောင်းခြင်းအဆင့်ကိုဖြတ်ကျော်နိုင်မှု အခွင့်အရေး သည် အလွန်နည်းပါးသည်။ သူက ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့သည်ကို မည်သူမှမမျှော်လင့်ထားပေ။ ကျင်းဝူက နှစ်ပေါင်းများစွာသင်ကြားဖူးသော်လည်း ထိုဖြတ်ကျော်နိုင်မှုသည် အလွန်မြန်ဆန်သဖြင့် ကျင်းဝူက မယုံနိုင်အောင်ဖြစ်ရသည်။
နှစ်တိုင်းလိုလို တတိယနှစ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်မှာ နာမည်ကြီးပြီး လူသိများလာသော ကျောင်းသား အချို့လည်းရှိသည်။ သို့သော် ဒုံးပျံကဲ့သို့အမြန်နှုန်းဖြင့်တိုးတက်နေသော ချူးယွင်ဖန်းလိုလူမျိုးက ရှားပါး သည်။ သို့သော်လည်း ရန်ပွဲဖြစ်ပြီးနောက် သိပ်မကြာခင်မှာပဲ အားလုံးအေးအေးဆေးဆေး ဖြစ်ကုန်ကြ သည်။ ထိုကိစ္စများသည် ရက်ပိုင်းလောက်သာကြာမြင့်သည်။ ကျောင်းသားများသည် ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်။ မဖြစ်မနေဖြတ်ကျော်ရမည့် နဂါးဂိတ်ပေါက်ဟု လူသိများကြသော တစ်နိုင်ငံလုံး အဆင့်ဝင်ခွင့်စာမေးပွဲမဟုတ်သော်လည်း နဂါးအသေးစားလေး ၏ဝင်ပေါက်တစ်ခုဟု သတ်မှတ်ကြသည်။
ရက်အနည်းငယ်ကြာတဲ့ထိ ချူးယွင်ဖန်းက ကျောင်းမသွားဘဲ အိမ်မှာပဲ ချီပင်လယ်ကိုဖြတ်ကျော်နိုင်ရန် ကြိုးပမ်းနေသည်။ ထိုအရာသည်လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ ချီပင်လယ်ကိုအသက်သွင်း ရခြင်းသည် အလွန်တရာမှ ခဲယဉ်းသည်။
ချူးမိသားစုအိမ်ရာမှာ ချူးယွင်ဖန်းသည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ပြီး ချီပင်လယ်အဆင့်ကို ဖြတ်ကျော်နိုင်ဖို့ ကြိုးပမ်းနေသည်။ သူက အားကုန်ကြိုးစားသော်လည်း သူမျှော်မှန်းထားသည်ထက် ပိုမိုခဲယဉ်းနေသည်။ ထိုအဆင့်မှာ ချီပင်လယ်ကိုအသပ်သွင်းရန် သာမန်လူများအဖို့မခဲယဉ်းသော်လည်း သူ၏ခန္ဓာကိုယ်ကသာမန်ထက်ပိုပြီးဖွံ့ဖြိုးသဖြင့် သူ၏ချီပင်လယ်ကိုအသက်သွင်းခြင်းက ပိုမိုခဲယဉ်းသည်။ တစ်နေကုန်လေ့ကျင့်ပြီးနောက် ချီပင်လယ်ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို
ပိုမိုနားလည် သဘောပေါက်လာသည်။ သူသည် ဆေးဘုရင်၏ မှတ်ဥာဏ်တစ်ခုတည်းကိုသာ ပိုင်ဆိုင် ထားခြင်းမဟုတ်တော့ပေ။
ဆေးဘုရင်ကို ကျင့်ကြံခြင်းအပိုင်းမှာ အရည်အချင်းရှိဆုံးလူတစ်ဦးဟု မှတ်ယူခြင်းမရှိပေ။ သို့သော်သူသည် စစ်နတ်ဘုရားသိုင်းကဲ့သို့ အကောင်းဆုံးသိုင်းကျမ်းများကို ရရှိခဲ့သည်။သူ့လိုအနေအထားမျိုးသည် သိုင်းပညာရှင်အများစု၏ ကျင့်ကြံခြင်းနှင့် ပတ်သက်သော မှတ်စုများကို ဖတ်ရှုနိုင်သည်။ ထို့ကြောင့်ပင် ချူးယွင်ဖန်းသည် ထိုကဲ့သို့အရှိန်ဖြင့် ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။
ကြမ်းပြင်ဆီမှ ဝှီးချဲဘီးလိမ့်သံထွက်လာသည်။ သူ၏ ညီမလေး ချူးချင်ရွှမ်က သူမ၏အခန်းထဲမှ ထွက် လာခဲ့သည်။ “တိုက်ရိုက်ထုတ်လွှင့်တင်ဆက်တာပြီးခဲ့ပြီလား” ဟု ချူးယွင်ဖန်းက မျက်လုံးတောင် မဖွင့်ဘဲမေးလိုက်သည်။
“ဟုတ်ကဲ့ ပြီးခဲ့ပြီ” ဟု ချူးချင်ရွှမ်က အကြောဆန့်ရင်းဖြေသည်။
သူမကသက်ပြင်းချပြီး “သမီးက အနိမ့်ပိုင်းပြိုင်ပွဲတွေကိုပဲ တင်ဆက်ရသေးတယ်။ အထက်တန်း ကျောင်းသား တွေကြားကပြိုင်ပွဲပေါ့..ဘယ်သူမှလည်း အရမ်းမတော်ကြပါဘူး..သုန့်ဖန်ဟောင်နဲ့ယှဉ်လျှင် အကွာကြီးပဲ”
ထိုစကားကြားပြီးသူ၏မျက်လုံးများ ပွင့်လာသည်။ “တစ်မြို့လုံးမှာ သုန့်ဖန်ဟောင်က
တစ်ဦးတည်းရှိတာ။ ညီမလေးရဲ့ အစီအစဉ်တင်ဆက်သူအနေနဲ့ နာမည်ကြီးမှုက ဘာမှမဟုတ်သေးဘူး။ ညီမလေးကို သူတို့လိုနာမည်ကြီးတွေရဲ့ပြိုင်ပွဲကို အစီအစဉ်တက်ဆက်သူဘယ်လုပ်ခိုင်းဦးမလဲ။ ဖြည်းဖြည်းပေါ့ အဆင်ပြေလာမှာပါ”
သူ့ညီမလေး၏ ပိန်လျလျခန္ဓာကိုယ်ကိုကြည့်ပြီး ချူးယွင်ဖန်း စိတ်မကောင်းဖြစ်လာသည်။ သူမက ကြိုးစားပြီးပြုံးပြရှာသည်။ သူ့ညီမလေး၏ ရောဂါကို ပျောက်ကင်းသည်အထိ ကုသပေးမည်ဟု တိတ်တဆိတ်ကျိန်ဆိုမိသည်။ ထိုရောဂါသည် သန်းပေါင်းများစွာ ကုန်ကျနိုင်သောသူဌေးရောဂါဖြစ်သည်။ သူက ဆေးဖော်စပ်နိုင်သည်အထိ ဆေးဘုရင်၏ မှတ်ဥာဏ်များက အထောက်အကူပြုသော်လည်း ချက်ချင်းတော့မချမ်းသာနိုင်ပေ။ သူက အသိမှတ်ပြုဆေးပညာရှင်လက်မှတ်ရရန် စစ်ဆေးမှုခံယူရမည်။ ထိုအရာကိုရရှိရန် တစ်ဆင့်ပြီးတစ်ဆင့်ဖြတ်ကျော်ရမည်။
သို့သော် ထိုရည်ရွယ်ချက်အထမြောက်ရန် အဝေးကြီးမလိုတော့ပေ။ ယခင်တုန်းက မျှော်လင့်ချက်မဲ့ သည့်အနေအထားနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးတော့ သူယုံကြည်ချက်ရှိလာသည်။ အရေးကြီးဆုံးက အချိန်ပဲဖြစ်သည်။ ချူးချင်ရွှမ်က ခေါင်းညိမ့်ကာ “ဟုတ်ကဲ့” ဟု ပြန်ဖြေသည်။
ရုတ်တရက်ဆိုသလို အိမ်တံခါးပွင့်လာသည်။ သူတို့၏ မိခင်နှင့် ဖခင်သည် အိမ်ထဲကို ခပ်သွက်သွက် ဝင်လာကြသည်။ ချူးယွင်ဖန်းက ခေါင်းကိုမော့ကြည့်သောအခါ စိတ်ဆိုးမာန်ဆိုးဖြစ်နေသော သူ့မိခင်နှင့် ရှက်ရွံ့နေသောသူ့ဖခင်ကို မြင်လိုက်ရသည်။
“ကောင်းပြီ…စိတ်ဆိုးနေတာရပ်ပါတော့” ချူးဝမ်ချန်းက ဒေါသထွက်နေသောမိန်းမကိုကြည့်နေပြီး သူကဒေါသမထွက်ဘဲ အပြစ်ရှိသလိုခံစားနေရသည်။
“ဒေါသမထွက်နဲ့ ဟုတ်လား။ ဒေါသမထွက်ဘဲ ဘယ်လိုနေရမလဲ။ဒီအရာနဲ့ ထိုက်တန်ဖို့
ငါတို့ဘာများလုပ်ခဲ့လို့လဲ။ မိသားစုက ငါတို့ယွင်ဖန်းကို အစတုန်းက ပိုက်ဆံတစ်သိန်းပေးခဲ့တယ်။ ဒါပေမဲ့ အကိုကြီးတို့မိသားစုက ချူးယွင်ရှင်းကို ပညာသင်ထောက်ပံ့ကြေးထဲက သန်းပေါင်းများစွာရခဲ့တယ်။ အဲ့အဘွားကြီးအမိန့်အတိုင်း အကိုကြီးတို့ကိုပဲ အားလုံးပေးမယ်။ အဆုံးသတ်ကျတော့ ကျွန်မတို့က
ဘာမှမရဘူး”ယန်ရယွင်သည် ပြန်စဉ်းစားရင်းဒေါသထွက်လာသည်။
“အဲ့အဘွားကြီးပြောတာရှင်ကြားလား။ ကျွန်မတို့ ယွင်ဖန်းက အရည်အချင်းမရှိဘူးတဲ့။ ဒါက ကျွန်မတို့မိသားစုက တစ်သိန်းပဲရလည်း ဘာမှကွာခြားမှုမရှိဘူးလို့ဆိုလိုတာပဲ။အဲ့အစား ထောက်ပံ့ကြေး ကို အကိုကြီးတို့မိသားစုကိုပဲပေးသင့်တယ်ဆိုပဲ။ ယွင်ရှင်းက ပြည်ထောင်စုတက္ကသိုလ်ကိုဝင်ခွင့်ရလျှင် သူက အနာဂတ်မှာ ကျွန်မတို့မိသားစုကိုစောင့်ရှောက်မယ်ထင်လား။ အဲ့နေ့ရောက်တဲ့ထိကျွန်မတို့က စောင့်နေရမှာလား” သူမက ထိုအကြောင်းပြောရင်းစိတ်ပျက်လာသည်။
“မင်းစကားပြောတာဆင်ခြင်ဦး..ကလေးတွေလည်းရှိတယ်”ဟု ချူးဝမ်ချန်းက အချက်ပြသည်။ ကာယကံရှင်ချူးယွင်ဖန်းလည်းရှိနေသည်။ ယန်ရယွင်က စိတ်ပျက်နေပြီး ချူးဝမ်ချန်းက
အပြစ်တစ်ခုလိုခံစားနေရသည်။သို့သော် ထိုစကားဝိုင်း၏ သော့ချက်ဖြစ်သော ချူးယွင်ဖန်းက
အလွန်တည်ငြိမ်နေသည်။ သူ့မိခင်ညွှန်းဆိုနေသော ထိုအဘွားကြီးသည် သူတို့၏အဘွားဖြစ်သည်။ သူမက သူတို့ကို မျက်နှာသာမပေးခဲ့သည်မှာ ဟိုယခင်တည်းက ဖြစ်တာမို့ မထူးဆန်းတော့ပေ။ သူ့အနေနှင့် ထိုအနေအထားကို ယခင်တည်းက နေသားကျနေသဖြင့်လုံးဝဂရုမစိုက်တော့ပေ။
သူလည်း ပညာသင်ထောက်ပံ့ကြေးအကြောင်းကြားဖူးသည်။ ချူးမိသားစုသည် အုပ်စုကြီး တစ်ခုဖြစ် တာမို့ သူတို့၏မျိုးဆက်များကို ထောက်ပံ့ရန် စည်းမျဉ်းစည်းကမ်းများရှိကြသည်။ သူတို့က ဆွေမျိုး မနီးစပ်သော်လည်း သူတို့ကိုလည်းထောက်ပံ့ကြသည်။ မိသားစုတစ်စု ဖွံ့ဖြိုးတိုးတက်ရန် အားလုံးက လိုလားကြပြီး အရည်အချင်းသည် အရေးကြီးဆုံးဆိုတာလည်းသိကြသည်။ ထို့ကြောင့် ချူးမိသားစု၏ မျိုးဆက်သစ်များကို မွေးဖွားချိန်မှစပြီး တက္ကသိုလ်ရောက်သည့်တိုင်အောင် ထောက်ပံ့ကြသည်။ ချူးယွင်ဖန်း က အရည်အချင်းသိပ်မထုတ်ပြနိုင်ခဲ့သဖြင့် သူရရှိသော ထောက်ပံ့ကြေးနှင့် အထောက်အပံ့ များသည် နည်းပါးသည်။
အရေးကြီးဆုံး တတိယနှစ်အတွက် ချူးမိသားစုကြီးက သူ့ကိုတစ်သိန်းသာထောက်ပံ့ချိန်တွင်
ချူးယွင်ရှင်းကို သန်းပေါင်းများစွာ ထောက်ပံ့ခဲ့သည်။ ချူးယွင်ရှင်းကို တစ်ကြိမ်တစ်ခါတည်း ထောက်ပံ့ ခြင်းမဟုတ်ဘူးဆိုတာ သူနားလည်ခဲ့သည်။ စုစုပေါင်း သုံးသန်းလောက်တော့ အနည်းဆုံးရှိရမည်။ အဘိုးနှင့် အဘွား၏တိတ်တိတ်လေးထောက်ပံ့ခြင်းများနှင့် သူတို့မိသားစုထံမှ ချေးယူသောပိုက်ဆံများကို ပေါင်းထည့်ပါက ချူးယွင်ရှင်းသည် ငါးသန်းခန့်အသုံးပြုခဲ့သည်။
အရည်အချင်းပဲသီးသန့်ရှိခြင်းက ဘာမှအသုံးမဝင်ပေ။ ပိုက်ဆံမရှိလျှင် ငယ်ငယ်တည်းက လူရာမဝင်ချေ။ ပိုက်ဆံငါးသန်းသာမရှိပါက ချူးယွင်ရှင်းသည် မည်မျှအရည်အချင်းရှိနေပါစေ အထက်တန်းကျောင်းမှာ ရှိနေကတည်းက ပြည်ထောင်စုတက္ကသိုလ်လိုနေရာမျိုးကိုဝင်ခွင့်သေချာပေါက်ရရန် မဖြစ်နိုင်ပေ။
41
“အဆင်ပြေပါတယ် အမေ…ယွမ်တစ်သိန်းလောက်ပဲဟာ..” ဟု ချူးယွင်ဖန်းက ပြောသည်။ယခုလက်ရှိ သူသည် ယွမ်တစ်သိန်းကိုစိတ်မပူချေ။ သူက ပိုက်ဆံလိုချင်လာလျှင် ရှာနိုင်သောနည်းလမ်းများ သူ့မှာ ရှိနေသည်။ သူ့မှာ ပိုက်ဆံရဖို့ အချိန်သာလိုအပ်သည်။ သူသည် အဘိုးနှင့်အဘွား၏ ဘက်လိုက်မှုကို နေသား ကျနေပြီဖြစ်သည်။ သူ့အတွက် ထိုကိစ္စများကိုဒေါသထွက်နေလည်း ဘာမှအသုံးမဝင်ဘူးဆိုတာ နားလည် ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သူ့မိဘနှင့် ညီမလေးကလွဲပြီး မည်သူမှ သူဒေါသထွက်ရခြင်းကို အာရုံ ထားမည်မဟုတ်ချေ။ သူက ဘာအကြောင်းကြောင့်နှင့်များ ထိုကိစ္စအပေါ် စိတ်မကောင်းဖြစ်ရမည် နည်း။
သို့သော် ယန်ယယွင်ကတော့ ထိုပြသနာကို ဒီအတိုင်းလက်လျှော့လိုက်မည့်လူမဟုတ်ပေ။ သူမက “သားက သိုင်းပညာအတန်းကို ဝင်ခွင့်ရဖို့အရေး အမေက အစကတည်းက ဒီပိုက်ဆံတစ်သိန်းကိုသုံးပြီး ခန္ဓာကိုယ် အားဖြည့်ဆေးကိုသားအတွက်ဝယ်ပေးချင်ခဲ့တာ။ ခုတော့ အားလုံးကုန်ပြီ။ အမေလည်း သားအဖေနဲ့ လမ်းမှာဒီအကြောင်းကိုဆွေးနွေးခဲ့ကြတယ်။ ပထမဆုံး အိမ်ကိုပေါင်နှံမယ်။ ပြီးတော့ပိုက်ဆံချေးပြီး ခန္ဓာကိုယ်အားဖြည့်ဆေးနဲ့ ချီစွမ်းအင်အားဖြည့်ဆေးကိုဝယ်ပေးမယ်။ နောက်နှစ်က အရေးကြီးတယ်လေ။ သားက သိုင်းပညာအတန်းဝင်ခွင့်မရလျှင်တောင်မှ ပြသနာမဟုတ်ဘူး။ သားရဲ့ အင်အားတွေ ဆက်ရှိ နေမယ်ဆို နောက်နှစ်မှာ သားကအတန်းပြောင်းဖို့ လျှောက်ထားနိုင်တယ်”ဟု ပြောသည်။
ချူးဝမ်ချန်းနှင့် ယန်ယယွင်တို့က ထိုအကြောင်းကို စဉ်းစားခဲ့ပြီးဖြစ်သည်။ သူတို့က အိမ်ကိုပေါင်နှံရမည် ဆိုလျှင် တောင် မှ နောက်နှစ်မှာ ချူးယွင်ဖန်းတိုက်ခိုက်နိုင်ဖို့အခွင့်အရေးကိုပေးချင်ခဲ့သည်။
“အဖေ..အမေ..အိမ်ပေါင်ဖို့မလိုပါဘူး။အဲ့လောက်ကြီးမလုပ်ပါနဲ့” ဟု ချူးယွင်ဖန်းက ကပျာကယာ ဝင်ပြောသည်။
“သားအမေနဲ့အကုန်ဆွေးနွေးပြီးပြီ။ ကောလိပ်ဝင်ခွင့်ဆိုတာ အရမ်းကောင်းတဲ့အခွင့်အရေးတစ်ခုပါ။ လူတစ်ယောက်က တစ်သက်မှာတစ်ခါပဲ အဲ့အခွင့်အရေးရမှာ”
“အိမ်ကိုပေါင်နှံရမယ်ဆိုလျှင်တောင်မှ သားအတွက်ဆေးဝယ်ပေးမှာ။ ဒီနှစ်တွေမှာ သမီးလေး ရွှမ်ရွှမ် အတွက်ပဲ အဖေတို့ပိုက်ဆံတွေကိုသုံးခဲ့ရတော့ သားကို အများကြီးမဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ခုချိန်မှာ အဖေတို့မလုပ်ပေးလျှင် သိုင်းပညာအတန်းကိုသားဝင်ခွင့်ရဖို့ အန္တရာယ်မများတော့ဘူး”
ချူးဝမ်ချန်းက သူ့သားကို အပြစ်ရှိသောစိတ်နှင့် ကြည့်သည်။ ယောကျာ်းတစ်ဦးအနေနှင့် သူကျရှုံးသည်ဟု ထင်မြင်ခဲ့သည်။သူ့မိန်းမကို ကောင်းမွန်သောဘဝတစ်ခုကိုမပေးနိုင်ခဲ့သလို သူ့သမီးလေး၏ ရောဂါကိုလည်း မကုပေးနိုင်ခဲ့ပေ။ ထို့ပြင် သူ့သားလေးကိုလည်း အကူအညီမပေးနိုင်ခဲ့ပေ။
“အဖေ မလိုပါဘူး။ သားကို သိုင်းပညာအတန်းကိုဝင်ခွင့်ရစေချင်တယ်ဆို အိမ်ကိုပေါင်နှံဖို့မလိုပါဘူး။ သားက သွေးသစ်လောင်းခြင်းအဆင့်ကိုဖြတ်ကျော်နိုင်တာကြာပေါ့” ဟု ချူးယွင်ဖန်းက ရှင်းပြသည်။
သို့သော် ချူးဝမ်ချန်းနှင့် ယန်ယယွင်က သူ့ကိုမယုံခဲ့ပေ။သူတို့ကို ချူးယွင်ဖန်းက နှစ်သိမ့်ပေးနေသည်ဟုသာ ထင်မြင်ကြသည်။ ထိုအချိန်မှာ ဘေးနားမှာကြည့်နေသော ချူးချင်ရွှမ်က “အဖေ..အမေ ထပ်ပြီး ရန်မဖြစ် ကြပါနဲ့တော့။ကိုကိုက အဖေတို့ကို ညာပြောနေတာမဟုတ်ပါဘူး။ ကြည့်လေ ကိုကိုက ချီစွမ်းအင်အားဖြည့် ခြင်းအဆင့်ကိုရောက်နှင့်နေပြီ” ဟု ဝင်ပြောလိုက်သည်။
ထိုအချိန်မှာ သူတို့နှစ်ဦး၏ အကြည့်သည် ချူးယွင်ဖန်းပေါ်သို့ ကျရောက်လာသည်။ ချူးယွင်ဖန်းက နောက်ဆုံးမှာ သူ၏စွမ်းအားကိုပြသခဲ့ပြီးနောက် ချူးယွင်ဖန်းက ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကို ရောက်ခဲ့ ပြီဆိုတာသူတို့နှစ်ဦးလည်း လွယ်လွယ်ကူကူပြောနိုင်တော့သည်။ အကြောင်းရင်းမှာ ထိုအဆင့်ကို ယခင် တည်းက တွေ့ကြုံခဲ့ဖူးခြင်းမရှိသဖြင့် သူတို့နှင့်အကျွမ်းတဝင်မရှိလှပေ။
“သားက ဘယ်ချိန်ကတည်းက အောင်မြင်ခဲ့တာလဲ” ချူးဝမ်ချန်းက ပျော်ရွှင်မှုအပြည့်နှင့်မေးမြန်းပြီးနောက် အပြစ်ရှိသလိုခံစားလာရပြန်သည်။ သူ့သားက ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့တာကို သူမသိခဲ့ပေ။ သူက ဖခင်တစ်ဦးအဖြစ် တာဝန်ကင်းမဲ့လွန်းလှပေသည်။
“သားဖြတ်ကျော်နိုင်ခဲ့တာမို့ စိတ်မပူပါနဲ့ ဟုတ်ပြီလား။ သားက သိုင်းပညာအတန်းကိုဝင်နိုင်ရုံသာမက အထူးတန်းကိုတက်နိုင်ဖို့ အားစိုက်နေပါတယ်” ဟု ချူးယွင်ဖန်းက ယုံကြည်ချက်ရှိရှိပြန်ဖြေသည်။ သူက ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့ခြင်းအား သူ့မိဘများကိုမပြောဖြစ်သဖြင့် အနည်းငယ် အားနာစိတ်ဝင်မိသည်။ သူ့မိသားစုကို အံ့အားသင့်စေချင်၍ ဝင်ခွင့်စာမေး ပွဲပြီးသည့်အချိန်ထိစောင့်နေခဲ့ သည်။ သို့သော် ထိုအရာမဖြစ်လာခင်မှာ ချူးချင်ရွှမ်က သူ့အတွက်ဆေးဝယ်နိုင်ရန် ပိုက်ဆံရှာဖွေခဲ့သည်။ ပြီးတော့ သူ့မိဘများကလည်း ကျင့်ကြံသည့်အခွင့်အရေးကိုသူရနိုင်ရန် အိမ်ကိုပေါင်နှံချင်ခဲ့သည်။ ထို့ကြောင့် ဒီထပ်ပိုပြီး သူမဖုံးကွယ်ချင်တော့ပေ။
“ကောင်းလိုက်တာ..အမေရဲ့သားလို့မပြောရဘူး.. သားက အရည်အချင်းမရှိလို့တဲ့ သားအတွက် အကုန် ကျမခံနိုင်ဘူးဆိုပြီး ဟိုအဘွားကြီးကပြောတယ်။ သားက သိုင်းပညာအတန်းကိုဝင်နိုင်တယ်ဆို သူ အတော် လေးအံ့ဩသွားမှာ။ နောက်ပိုင်းမှာ အမေရဲ့သားက ဘယ်သူအထင်သေးရဲမလဲဆိုတာ ကြည့်ကြသေးတာ ပေါ့” ဟု ယန်ယယွင်က ခါးခါးသီးသီးပြောဆိုသည်။
ထိုကဲ့သို့ဆက်ဆံမှုမျိုးသည် ဒီအခန်းထဲမှာ ရှိနေသော လူများအသားကျနေသည့်အရာဖြစ်သည်။ သူတို့ကနှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရသည်။
“မိသားစုရဲ့ တတိယမြောက်အကြီးအကဲကလည်း ယွမ်တစ်သိန်းပေးတယ်။ ဒါပေမဲ့ အဘွားကြီးက မယူဘူး။ သူတို့က အရမ်းဘက်လိုက်တာပဲ” ထိုအကြောင်းကိုပြောရင်း ယန်ယယွင် အလွန်ဒေါသထွက်နေတုန်း ဖြစ်သည်။ ထိုအဘွားကြီးသည် ဘက်လိုက်သည်။ သို့သော် အိမ်မှာလူသုံးယောက်ရှိပြီး တစ်ယောက်က အားနာပါးနာပြုံးနေချိန်တွင် အခြားနှစ်ဦးက သူတို့နှင့်မဆိုင်သည့်ကိစ္စလိုနေခဲ့သည်။ သို့သော် သူမ၏ အမူအရာများပြောင်းလဲလာသည်။ သူမကအိမ်ကိုပေါင်ပြီးတောင်မှ သူမ၏သားဖြစ်သူ အနာဂတ်မှာ ကောင်းမွန်သောတက္ကသိုလ်ကိုတက်နိုင်ဖို့အရေး သိုင်းပညာအတန်းကိုဝင်နိုင်ရန် ပြုလုပ်ပေးမည်ဟုစီစဉ် ထားခဲ့သည်။ သူမ၏ သားက ဤကဲ့သို့အံ့အားသင့်စရာတစ်ခုကို ပြောလာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။
နောက်ဆုံးတော့ သူမ ရင်ကော့ခေါင်းမော့ပြီးနေနိုင်တော့မည်။ သူမ၏သားက ချူးယွင်ရှင်းနှင့် မယှဉ်နိုင် သော်လည်း တတိယမိသားစု၏ကလေးများနှင့်ယှဉ်ပါက ပိုပြီးထက်မြက် သည်။ထိုအကြောင်း အရာကို တွေးမိပြီး သူမစိတ်ထဲ နေသာထိုင်သာရှိလာသည်။ ချူးဝမ်ချန်းကလည်း အလွန်ပျော်ရွှင်နေသည်။ ဒီနှစ်များမှာ သမီးဖြစ်သူ၏ကျန်းမာရေးကြောင့် သူ၏ဒေါသများကိုမျိုသိပ်ခဲ့ရသည်။ သူ၏သား ဖြစ်သူ အတွက် ဘာမှမထောက်ပံ့ပေးနိုင်ခဲ့ပေ။ သူသားက သူ့ကိုယ်ပိုင်အစွမ်းအစနှင့် တိုးတက်လာ သည်ကို မြင်ရသောအခါ စိတ်ထဲဝမ်းသာလာခဲ့သည်။
“ဟုတ်ပါပြီ..အမေရဲ့ မိသားစုရဲ့အကူအညီဘာမှမပါဘဲနဲ့တောင် သားက ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒေါသထွက်ဖို့မလိုပါဘူး” ချူးယွင်ဖန်းက ထိုအခွင့်အရေးကို အမိအရအသုံးချကာ သူ၏မိခင်ကို ဖျောင်းဖျသည်။
“ဟုတ်တာပေါ့..ဟမ်..သူတို့မှာ မိသားစုရဲ့အထောက်အပံ့ရှိလည်းဘာအရေးလဲ။ ငါ့သားလည်းတော်တာပဲ”
ယန်ယယွင်၏ ဒေါသများချက်ချင်းပျောက်ကွယ်သွားသည်။ သူမက ဒေါသကြီးသောလူမဟုတ်သော်လည်း သားဖြစ်သူနှင့် ပတ်သက်လာပါက သူမဒေါသမထွက်ဘဲမနေနိုင်ပေ။ သူမအတွက်ဒေါသထွက်ရခြင်းမဟုတ်ဘဲ သားဖြစ်သူကို မမျှမတဆက်ဆံခြင်းများကို မခံမရပ်နိုင်ဖြစ်ရသောကြောင့်ဖြစ်သည်။သူမ၏ သားမှာ အလားအလာကောင်းသော အနာဂတ်ရှိတာမို့ သူမဂုဏ်ယူနေမိသည်။
“အမေ..ယွမ်တစ်သိန်းလောက်အတွက်နဲ့ ဒေါသမထွက်နေဖို့ မတန်ပါဘူး”ချူးချင်ရွှမ်ကလည်း သူမကို ဖျောင်းဖျလိုက်သည်။ ထိုအခြေအနေကိုအခွင့်ကောင်းယူကာ ချူးဝမ်ချန်းက သူမအနားကိုချဉ်းကပ်လာသည်။ သူ၏ ယခင်အမူအရာသည် အလွန်နေရခက်သည့်ပုံစံဖြစ်သည်။ သူမကို ချဉ်းကပ်ဖို့ဘယ်လောက်ကြိုးစားနေပါစေ အချည်းနှီးသာဖြစ်သည်။ သိပ်မကြာခင်မှာ ယန်ယယွင်သည် ပျော်ရွှင်သွားပြီး အသီးအရွက်ဝယ်ရန်စျေးသွားခဲ့သည်။ ယနေ့မှာ သူမ၏သား အောင်မြင်မှုအတက်အောင်ပွဲခံရမည်။
ချူးချင်ရွှမ်ကလည်း အခန်းထဲပြန်ဝင်လာသည်။ ဧည့်ခန်းထဲမှာ ချူးဝမ်ချန်းနှင့် ချူးယွင်ဖန်းတို့နှစ်ဦးသာ ကျန်ခဲ့သည်။ချူးယွင်ဖန်းက ချူးဝမ်ချန်း၏ မျက်နှာချင်းဆိုင်နေရာမှာ မတ်တပ်ရပ်နေသည်။
“သား ထိုင်ဦး..ဒီနှစ်ပိုင်းတွေမှာ သားအတွက်အတော်လေးခက်ခဲခဲ့မှာ။ ဒါပေမဲ့ သားအခုလိုအောင်မြင်လာတာ အဖေ အရမ်းဝမ်းသာတယ်” ချူးဝမ်ချန်းက ချူးယွင်ဖန်းကိုကြည့်ပြီးပြောသည်။ဒီတစ်ကြိမ်သည် သူ့ခံစားချက်များကို ပြောပြသောပထမဆုံးအကြိမ်ဖြစ်သည်။
“အဖေ..စိတ်မကောင်းမဖြစ်ပါနဲ့”ဟု ချူးယွင်ဖန်းက ပြောသည်။သူ့မိခင်လို တည့်တိုးပြောဆိုတတ်သောသူ မဟုတ်သော်လည်း ချူးဝမ်ချန်းက အေးအေးဆေးဆေး နေတတ်သောသူဖြစ်သည်။ သို့သော် သူဖခင်သည် ယခင်တုန်းကသူ့မာနကို အထိခိုက်ခံသော လူတစ်ဦးမဟုတ်ခဲ့ပေ။သို့သော် မိသားစုအတွက် အချိန်အကြာကြီး သူသည်းခံခဲ့ရသည်။တဖြည်းဖြည်းနှင့် ထိုအမူအရာသည် အကျင့်တစ်ခုလိုဖြစ်လာတာကို သူသတိမမူခဲ့ပေ။
“သားတို့က ဘာလို့ဒီအကြောင်းတွေပြောနေတုန်းလဲ။ နစ်နာတဲ့အကြောင်းတွေပြောနေတော့လည်း ဘာထူးမှာလဲ။ ဒီနှစ်ပိုင်းတွေမှာ သားလည်း အဖေတို့ကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူးလေ။ ခုတော့ ကျေပြီလေ။ အတိတ်အကြောင်းတွေနောက်ထပ်ထပ်မပြောဘဲနေကြရအောင်”ဟု ချူးယွင်ဖန်းက ပြောသည်။
“ကောင်းပါပြီ” သူ၏သားကဘာကိုဆိုလိုတာလဲဆိုတာ ချူးဝမ်ချန်းနားလည်ပြီး ခေါင်းညိမ့်လိုက်ရသည်။
“ဒီတစ်ကြိမ်ကျင်းပမဲ့ ဝင်ခွင့်စာမေးပွဲအတွက်ကြိုးစားရတယ်ဆိုပေမဲ့ သားရဲ့ကျန်းမာရေးဂရုစိုက်ဖို့မမေ့ပါနဲ့”
“စိတ်ချပါ အဖေ…ဒီတစ်ကြိမ်တော့ သိုင်းပညာလိုင်းကို သေချာပေါက်ဝင်ခွင့်ရပြီး အထူးတန်းကိုတက်နိုင်ရမယ်။ ဘာတွေပဲဖြစ်ဖြစ် သားမိဘတွေအတွက်ဂုဏ်ဆောင်နိုင်ရမယ်”ဟု ချူးယွင်ဖန်းက ရယ်မောရင်းပြောသည်။
“ဟား..ဟား.. တကယ့်ကောင်ပဲ”
ထိုအချိန်မှာ ဧည့်ခန်းထဲမှာ သားအဖနှစ်ဦး၏ ရယ်မောသံများနှင့် ပြည့်နှက်နေသည်။
အပိုင်း (၄၂)
ချီပင်လယ်အဆင့်ကိုဖြတ်ကျော်ခြင်း
*
ချူးယွင်ဖန်းသည် အခန်းထဲမှာ တင်ပျဉ်ခွေထိုင်ပြီး သူ၏ စိတ်ရှုပ်ထွေးမှုများကို ရှင်းထုတ်နေသည်။သူသည် စစ်နတ်ဘုရားသိုင်းကျင့်စဉ်ကိုကျင့်ကြံပြီး သူ၏ကိုယ်တွင်းမှာရှိနေသော စစ်မှန်စွမ်းအင်ကိုရွေ့လျားပြီး သူ၏ ကိုယ်တွင်းကျင့်ကြံအားထုတ်မှုများကိုဖြည်းဖြည်းချင်းတိုက်ထုတ်နေသည်။ သူ၏ကိုယ်တွင်းမှာ စစ်မှန်စွမ်းအင်များ ပိုမိုပြီးများပြားလာသောအခါ သူ၏ချီပင်လယ်သည်လည်း တဖြည်းဖြည်းချင်း ပွင့်လာတော့သည်။ သူသည် ချီပင်လယ်ကိုဖွင့်နိုင်ရန်အလို့ငှါ လွန်ခဲ့သောရက်အနည်းငယ်ခန့်က စစ်မှန်စွမ်းအင် ကို သူ၏ကိုယ်တွင်းကျင့်ကြံမှုများဆီသို့ရွေ့လျားခဲ့သည်။ သေချာကြည့်မည်ဆိုပါက သူ၏ကိုယ်ထဲမှာရှိနေသော နတ်ဘုရားစိတ်ဝိညာဉ်သည် တလက်လက်တောက်ပနေသည်ကို မြင်နိုင်သည်။
ထိုနေရာမှာယခင်တည်းက ရှိမနေခဲ့သော ကိုယ်တွင်းကျင့်ကြံမှုကိုဖွင့်ရန် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် သာမန်ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်မှာရှိနေသော ခန္ဓာကိုယ်ထက်ပိုမိုသန်မာလာသော်ငြား ထိုဖြစ်စဉ်သည် ပိုမိုနာကျင်ခံစားရသည်။ သူ၏နဖူးပေါ်တွင် ချွေးစေးများစီးကျလာသည်။ ထိုအရာသည်နာကျင်သော်ငြား သူက လှုပ်တောင်မလှုပ်ရဲပေ။ သို့မဟုတ်ပါက သူ၏ကြိုးစားမှုများအချည်းနှီးဖြစ်ကုန်တော့မည်။ လူအများစုက သူတို့၏ ချီပင်လယ်ကိုဖွင့်ရန် အချိန်ကြာမြင့်စွာယူပြီး ဖြည်းဖြည်းချင်းဖြတ်ကျော်ကြသည်။
ချူးယွင်ဖန်းမှာ အချိန်အများကြီးမကျန်တော့ပေ။ ဝင်ခွင့်စစ်ဆေးမှုမတိုင်ခင် အချိန်သုံးရက်သာကျန်တော့သည်။ သူ့မှာကျန်ရှိနေသောအချိန်သည်အလွန်နည်းပါးသည်။ အချိန်မည်မျှကုန်လိုက်သည်တောင်မသိလိုက်ဘဲ ချူးယွင်ဖန်း၏ ချီပင်လယ်သည် နောက်ဆုံးမှာပွင့်လာခဲ့သည်။ သူ၏ချီပင်လယ်ကိုအထောက်အပံ့ပြုရန် စစ်မှန်စွမ်းအင်များကို ပိုပိုပြီးထည့်သွင်းပြီးသောအခါ တဖြည်းဖြည်းချင်းနေသားတကျဖြစ်လာခဲ့သည်။
သူအနားယူဖို့အချိန်မဟုတ်သေးဘူးဆိုတာ ချူးယွင်ဖန်းသိသည်။ ရှေးခေတ်တည်းကယခုထိတိုင်အောင် ချီပင်လယ်ပွင့်ပြီးနောက် ပျက်စီးသွားသော သက်သေသာဓကများစွာရှိသည်။ ထို့ကြောင့်သူသတိကြီးစွာ ထားရမည်။ သို့သော် သူ၏ချီပင်လယ်ပွင့်ပြီးနောက် အရာအားလုံးသည် သဘာဝကျကျဖြစ်ပျက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများမှာ လျှို့ဝှက်သိမ်းဆည်းထားသော စစ်မှန်စွမ်းအင်သည် သူ၏ချီပင်လယ် ထဲမှာ စတင်စုဝေးလာသည်။
စစ်မှန်တစွမးအာားစုဝေးထားသော နေရာဖြစ်သည့် ချီပင်လယ်သည် သူယခင်ကကျင့်ကြံခဲ့ဖူးသော စစ်မှန်စွမ်းအင်ထက် အဆပေါင်းများစွာအားကောင်းသည်။ ယခင်ကဆို သူ၏လက်သီးမှာ စစ်မှန်စွမ်းအင်ကို စုဝေးရန် အင်အားကုန်သုံးရသည်။ ယခုအခါမှာတော့ ချီပင်လယ်နှင့်ဆို သူသည် လက်သီးထိုးချက်တိုင်းမှာ စစ်မှန်စွမ်းအင်ကို တွဲချည်ထားနိုင်သည်။ သူ့လက်သီးထိုးချက်၏ အစွမ်းသည် အလွန်မြင့်မားလာခဲ့သည်။
ဒါတင်မကသေးဘဲ သူသည် ချီပင်လယ်ကိုအသုံးပြုကာ သူ၏ချီစွမ်းအားများကို လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်ရန် ပြုလုပ်နိုင်သဖြင့် ခန္ဓာကိုယ်ပေါ်ရှိမည်သည့်အစိတ်အပိုင်းကိုမဆို ချီစွမ်းအားကို ချည်နှောင်ထားနိုင်သည်။ စစ်မှန်စွမ်းအင်ကိုသူ၏ခြေထောက်မှာ ချည်နှောင်ထားလျှင် ခုန်နိုင်စွမ်းသည် အဆပေါင်းများစွာမြင့်မားလာသည်။ စစ်မှန်စွမ်းအင်များကို အသုံးပြုခြင်းမှ ရရှိလာသော အံ့ဖွယ်အစွမ်းများဖြစ်သည့် ခေါင်မိုးပေါ်မှာ ပျံသန်းခြင်းနှင့် နံရံများတွယ်တက်ခြင်းနှင့် ရေပေါ်လမ်းလျှောက်ခြင်းများကို ယခင်တုန်းကစာအုပ်များ တွင်သာမှတ်တမ်း တင်ဖူးသည်။
ချူးယွင်ဖန်းသည် အသက်ပြင်းပြင်းတစ်ချက်ကို နောက်ဆုံးရှုမထုတ်ခင်မှာ အချိန်မည်မျှကုန်ဆုံးသွားသည်ကို မသိတော့ချေ။ သူ၏ ချီပင်လယ်သည် တည်ငြိမ်အသားကျလာပြီး လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တာကိုပဲ သိသည်။ သာမန်အခြေအနေမှာဆို ချီပင်လယ်က ရုတ်တရက်ဆိုသလို ပျက်စီးသွားမှာကို မစိုးရိမ်ပေ။ တကယ့်လက်တွေ့မှာ အခြေတည်အဆင့်၏အဓိက ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်အားကောင်းစေရန် ကျင့်ကြံခြင်းဖြစ်ပါက ချီပင်လယ်ဆိုသည့်အတိုင်း ချီပင်လယ်အားကောင်း လာစေရန်ပြုလုပ်ရခြင်းဖြစ်သည်။
ချီပင်လယ်၏ အမြင့်ဆုံးအနေအထားထိကျင့်ကြံနိုင်ပါက ချီပင်လယ်လည်း အမှန်တကယ်အသားကျလာပြီး ထိုမှသာ ဆက်လက်လေ့ကျင့်နိုင်မည်။အကယ်၍ ချီပင်လယ်သည် မတည်ငြိမ်ပါက နောက်ပိုင်းမှာ စွမ်းအင်ဖြည့်တင်းခြင်းအဆင့်ကို ကမူးရှုးထိုးလေ့ကျင့်ရလိမ့်မည်။ စစ်မှန်စွမ်းအင်ပမာဏများပြားလာမှုသည် သူ၏ ချီပင်လယ်ကို ပေါက်ကွဲထွက်စေမည်။ ယနေ့ခေတ်ကျင့်ကြံခြင်းသီအိုရီများနှင့် စနစ်များကို လူပေါင်းများစွာက မှန်ကန်ကြောင်းသက်သေခံခဲ့သည်။ ထိုသူများသည် ရှေးဟောင်းခေတ်၏ နည်းလမ်းများစွာကိုမှီငြမ်းရုံသာမက ခေတ်မီသုတေသနများကိုလည်း ပြုလုပ်ခဲ့သည်။
ကျင့်ကြံခြင်းအရဆို ရှေးခေတ်သည် ယနေ့ခေတ်ထက်သာလွန်သော်လည်း သုတေသနအပိုင်းမှာတော့ ယနေ့ခေတ်က ပိုမိုသာလွန်သည်။ ထိုအရာအများစုကို အလေ့အကျင့်များမှဖယ်ထုတ်ခဲ့သည်။ သူတို့က ဘာကြောင့်လဲဆိုတာကို သုတေသနမပြုလုပ်ပေ။ သူတို့က ဖြစ်စဉ်ကိုသိကြသော်လည်း ဘာကြောင့်လဲဆိုတာတော့ မသိကြပေ။ သူကိုယ်တိုင် နည်းလမ်းများကိုခွဲခြားနိုင်သော မှန်ကန်သောနည်းလမ်း ကိုရှာတွေ့နိုင်သော်လည်း ထိုဖြစ်စဉ်ကအလွန်ကြာမြင့်ပြီး ယနေ့ခေတ်သိုင်းပညာကဲ့သို့ မမြန်ဆန်ပေ။
ယေနေ့မျက်မှောက်ခေတ်လူ့အသိုင်းအဝိုင်း၏ ကျင့်ကြံခြင်းလမ်းကြောင်းသည် နှစ်ပေါင်းတစ်ရာတိုင်းမှာ တိုးတက်လာခြင်းသည် ရှေးခေတ်၏ နှစ်ထောင်ပေါင်းများစွာနှင့် ယှဉ်နိုင်သည့်အကြောင်းအရင်းတစ်ခုရှိသည်။
“ချီပင်လယ်အဆင့်ကိုဖြတ်ကျော်နိုင်တယ်ဆိုကတည်းက အထူးတန်းကိုဝင်ရောက်နိုင်ဖို့က ပြသနာတစ်ခုမဟုတ်တော့ဘူး” ဟု ချူးယွင်ဖန်းက တစ်ကိုယ်တည်းရေရွတ်နေသည်။ “ဒါပေမဲ့ ငါ့ရဲ့ ချီပင်လယ်ကို ပိုပြီးအခြေခိုင်အောင် လုပ်ဖို့လိုသေးတယ်”အချိန်က သုံးရက်ပဲကျန်တော့ပြီး ထိုအချိန်အတွင်းမှာ ဖြတ်ကျော်နိုင်စေရန် ကြိုးပမ်းရမည်။
မျက်တောင်တစ်ခတ်အတွင်းမှာ သုံးရက်ကုန်ဆုံးခဲ့သည်။ တစ်မြို့လုံးသည် စာမေးပွဲ၏အငွေ့အသက်များနှင့် အပြည့်ဖြစ်နေသည်။ အမှတ်-၁၃ကျောင်းသာမကဘဲ တည်ငြိမ်သမုဒ္ဓရာမြို့နှင့် သုန့်ဟွာမြို့တစ်ခုလုံးမှာရှိသော အထက်တန်းကျောင်းများသည် ယနေ့ကို တတိယနှစ်အတန်းတင်စာမေးပွဲနေ့အဖြစ်သတ်မှတ်ကြသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲများနှင့်မယှဉ်နိုင်သော်လည်း တစ်မြို့လုံးတိတ်ဆိတ်နေသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲသည် ခက်ခဲသည်ဆိုသော်လည်း ဤစာမေးပွဲ၏ အနေအထားသည်လည်း အလွန်ပြင်းထန်သည်။
ချူးယွင်ဖန်းသည် မနက်စောစောမှာ မနက်စာထစားသည်။ သူ့မိဘနှစ်ပါးနှင့် ညီမလေး၏ဆုတောင်းစကားများကို ရရှိပြီးနောက် ကျောင်းကိုဘတ်စ်ကားစီးကာ လာခဲ့သည်။ ကျောင်းသားများက ယခင်ကမည်မျှကျောင်းပျက်နေပါစေ ယနေ့စာမေးပွဲကိုတော့ လာဖြေရသည်။ သူတို့အတန်းထဲဝင်လာသောအခါ ဂေါင်ဟုန်ချီ၊ဖန်ဒေယင်းနှင့် တန်စီယုတို့သည် ရောက်နှင့်နေကြသည်။ ချူးယွင်ဖန်းက သူတို့သုံးဦးကိုတစ်ချက်ဝေ့ကြည့်သည်။ သူတို့ကကျောင်းကိုမလာသည်မှာအတော်ကြာမြင့် ပြီဖြစ်သဖြင့် သူတို့၏အင်အားများသည် အစွမ်းကုန်တိုးမြင့်လာပြီး သူတို့အားလုံးသည် ချီပင်လယ်အဆင့် ကိုဝင်ရောက်ခဲ့ကြ ပြီးဖြစ်သည်။ သူတို့သုံးဦးထဲမှာ တန်စီယုသည် အင်အားအကြီးဆုံးဖြစ်သည်။ သူမက သူ့အကြည့်ကို ပုန်းကွယ်လိုက်သော်လည်း ထိုအကြည့်မှမလွတ်မြောက်နိုင်ပေ။
သူတို့သုံးဦးအပြင် အတန်းထဲမှာရှိသောကျောင်းသားများလည်း ပိုမိုအားကောင်းလာသည်။အတန်းထဲမှာ ချူးယွင်ဖန်းအပြင် ထိုသုံးဦးကသာ ချီစွမ်းအင်အားဖြည့်ခြင်းအဆင့် ကိုရောက်ရှိပြီးဖြစ်သည်။သို့သော် သူဒီနေ့ထပ်ကြည့်သောအခါ ကိုယ်တွင်းအင်္ဂါလေ့လာခြင်းအဆင့်မှ ရုတ်တရက်ဆိုသလို ချီစွမ်းအင်အားဖြည့်ခြင်းအဆင့်ကို ဖြတ်ကျော်နိုင်သော ကျောင်းသားငါးဦးရှိနေသည်။
“ထင်တဲ့အတိုင်းပဲ အတန်းတင်စာမေးပွဲက အခွင့်အရေးကောင်းတစ်ခုပဲ။ လူတိုင်းက အစွမ်းကုန်ကြိုးစားကြတာမို့ သူတို့အစွမ်းတွေတိုးတက်လာကြတာ”ဟု ချူးယွင်ဖန်းတွေးမိသည်။
သူဝင်ရောက်လာမှုက အားလုံး၏ အာရုံကိုဆွဲဆောင်သည်။ ဖန်ဒေယင်းနှင့် အခန်း-၁၅မှ ဆုန်ဖေးတို့ကို ဆက်တိုက်ဆိုသလို အနိုင်ရပြီးနောက် သူ၏ဂုဏ်သတင်းသည် ထိုနာမည်ကြီးသုံးဦးထက် မနိမ့်ပေ။ အင်အားကြီးသူကို အနိုင်ရခြင်းသည် တိုးတက်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဖန်ဒေယင်းက သူ့အား မုန်းတီးနာကျည်းစွာစိုက်ကြည့်နေချိန်တွင် တန်စီယုကသူမကို စိတ်ဝင်စားမှုအပြည့်နှင့်ကြည့်သည်။ သူ၏ အဆက်မပြတ်တိုးတက်မှုသည် သူမမျှော်လင့်ထားသည်ထက်သာလွန်နေသည်။
ယွင်ဖန်းသည် ဂေါင်ဟုန်ချီ၏ ဘေးနားမှာထိုင်သည်။ ဂေါင်ဟုန်ချီ၏ ဘေးကိုရောက်ချိန်တွင် သူက ချူးယွင်ဖန်း၏ ပုခုံးကိုလှမ်းပုတ်သည်။
“ဟား..ငါ့ကောင်ကြီး.မင်းက ဖန်ဒေယင်းကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးတယ်လို့ကြား တယ်။ ကျေနပ်တယ်။ ငါက ဒီလိုလုပ်ဖို့ အကြာကြီးစောင့်နေခဲ့ရတာ။ ဒီ့ကောင်ကို လွှတ်ထားပေးဦးမယ်” ဂေါင်ဟုန်ချီက သူ့ကိုနားလည်ပုံရသည်။
“ဒါပေမဲ့ မင်းတိုးတက်မှုက အရမ်းမြန်လိုက်တာ။ ဒီတစ်ခါတော့ မင်း အထူးတန်းတက်နိုင်ပြီ။ ဟက်ဟက်..မင်းက အရင်လက ဥာဏ်အလင်းပွင့်ခဲ့ပုံပဲ”
ဂေါင်ဟုန်ချီက မနာလိုအားကျသည့် အကြည့်များဖြင့် ချူးယွင်ဖန်းကိုကြည့်သည်။ သူတို့၏ စွမ်းအားစုဆောင်းသည့်နေရာကိုဖွင့်နိုင်သည့် လူအများအပြားမရှိပေ။ ထိုသို့လုပ်နိုင်ပါက သူတို့၏ ကျင့်ကြံခြင်းများ တဟုန်ထိုးမြင့်တက်မည်။ ချူးယွင်ဖန်းက ထိုင်ခုံတွင် နေရာယူပြီးမကြာခင်မှာ အတန်းပိုင်ဆရာရောက်လာခဲ့သည်။