← Chapters

အခန်း ၄၆-၄၈

Vol. 4 Ch. 46-48

အခန်း ၄၆-၄၈

Vol. 4 Ch. 46-48

အပိုင်း (၄၆)- တစ်တန်းလုံး၏ အာရုံစိုက်မှုကိုခံရခြင်း

အဆင့်-၅ပြီးနောက် အဆင့်-၆ ကိုတက်လှမ်းလာနိုင်ခဲ့သည်။ အဆင့်-၆သည် ယခင်အဆင့်များနှင့် တူညီသည်။ ပြိုင်ဘက်အရေအတွက်သည် တစ်ယောက်မှသုံးယောက်ထိမြင့်တက်လာသည်။ ချူးယွင်ဖန်း၏ အမူအရာများသည် နောက်ဆုံးမှာတော့တည်ငြိမ်အေးဆေးလွန်းနေပြီး ယခင်အဆင့် များနှင့် မတူပေ။ အဆင့်-၆တွင် ပြိုင်ဘက်အရေအတွက်များသည် သုံးဦးထိမြင့်မားလာရုံ သာမက ယခင်အဆင့်များထက် ပိုမိုသန်စွမ်းလာသည်။ သူတို့သည် ချီပင်လယ်အဆင့်၏ အမြင့်ဆုံးမှာရောက်ရှိကြ သူများဖြစ်သည်။

တစ်ဆက်တည်းမှာပဲ ချူးယွင်ဖန်း၏နားထဲတွင် အဆင့်-၆သည် ဝင်ခွင့်စစ်ဆေးခြင်း၏ နောက်ဆုံး အဆင့် ဟုကြေညာသည် ကိုကြားရသည်။ ယခုအချိန်မှာ ချူးယွင်ဖန်းသည် အထူးတန်းကိုတက်ရောက် နိုင်သည့် နေရာတစ်ခုသေချာရရှိခဲ့သည်။သူသည် အထူးတန်း၏အတော်ဆုံးကျောင်းသားများထဲမှ တစ်ဦး ဟု သတ်မှတ်နိုင်သည်။

ပြောရမည်ဆို သူ၏ရည်မှန်းချက်များပြည့်ဝခဲ့ပြီဖြစ်သည်။ သို့သော်ငြား သူ၏ရင်ထဲမှာ မဆုံးနိုင်သော မီးတောက်များတောက်လောင်နေသည်။ သူ၏ နောက်ဆုံးအနေအထားကိုစမ်းသပ်ကြည့်ချင်သည်။ ချီပင်လယ်၏ ပထမအဆင့်မှာရှိနေသောသူက သူ၏ အရည်အချင်းကိုမစမ်းသပ်ပေးနိုင်ပေ။ ယခုတော့ သူအစွမ်းကုန်တိုက်ခိုက်နိုင်သည်။

ချီပင်လယ်ပထမအဆင့်မှာရှိသော ပုံရိပ်ယောင်သိုင်းပညာရှင်များက သူ့ကိုဝိုင်းထားပြီး တစ်ပြိုက်နက် စုပေါင်းတိုက်ခိုက်ကြသောအခါ ပိုမိုရင်ဆိုင်ရန်ခက်ခဲလာသည်။

“ကြိုဆိုခြင်းလှိုင်းစီးမျောခံစားခြင်း”

သိုင်းပညာရှင်များမှ တစ်ဦးသည် စတင်တိုက်ခိုက်လာသောအခါ ချူးယွင်ဖန်းသည် နတ်ဆိုးကျား လက်သီးကိုမသုံးဘဲ ကြိုးကြာလက်သီးဟုခေါ်တွင်သော သိုင်းကိုအသုံးပြုသည်။ ထိုအရာသည် လူပေါင်း များစွာသင်ယူခဲ့သော အခြေခံသိုင်းကျမ်းတစ်ခုဖြစ်ပြီး နတ်ဆိုးကျားလက်သီးသိုင်း၏ တိုက်ခိုက်ပုံနှင့် ကွဲပြားသည်။ ကြိုးကြာလက်သီး၏လှုပ်ရှားမှုများက ပိုမိုအသက်ဝင်သော်ငြား နတ်ဆိုးကျားလက်သီး သိုင်း၏ အစွမ်းကလည်း ထိုသိုင်းထက် တစ်ပြားမှ မလျော့နေပေ။

ပုံရိပ်ယောင်သိုင်းပညာရှင်များက သူ့အား တိုက်ခိုက်နိုင်သည့်အခွင့်အရေးကို ချူးယွင်ဖန်းက မပေးချေ။

“ကြောက်မက်ဖွယ်ကျား၏ဇီဝိန်ခြွေသိုင်း”

ဘန်း!

လက်သီးနှစ်ခုတိုက်ခိုက်မိသောအခါ အသံကျယ်ကြီးထွက်လာသည်။ ကြိုးကြာလက်သီးသိုင်းကို အသုံးပြု သော ပုံရိပ်ယောင်သိုင်းပညာရှင်များက အနောက်ကိုအနည်းငယ်ဆုတ်သွားချိန်မှာ ချူးယွင်ဖန်း ၏ ခန္ဓာကိုယ်လည်း ဟန်ချက်အနည်းငယ်ပျက်သွားသည်။

တစ်ချိန်တည်းမှာ ကျန်သောသိုင်းပညာရှင်နှစ်ဦးက ချူးယွင်ဖန်းကို ဘယ်ဘက်နှင့် ညာဘက် မှ တိုက်ခိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုများသည် ဒီရေတစ်ခုကဲ့သို့ သူ့အပေါ်အရှိန်အဟုန်ဖြင့် ကျရောက် လာသည်။ ချူးယွင်ဖန်းက အသင့်အနေအထားနှင့်ရပ်နေသည်။ သူ၏ နတ်ဆိုးကျားလက်သီး သိုင်းကိုသုံးပြီး သူတို့၏တိုက်ခိုက်မှုကို ကာဆီးသည်။ ချူးယွင်ဖန်း၏ တိုက်ကွက်ကြောင့် အထိနာခဲ့သည့် ပုံရိပ်ယောင်သိုင်းပညာရှင်လည်း ကျန်နှစ်ဦး၏တိုက်ခိုက်မှုကို ပူးပေါင်းလာသည်။

ထိုအချိန်မှာ ချူးယွင်ဖန်းသည်အဝိုင်းခံလိုက်ရပြီး သူ့အနေအထားက ကျဉ်းထဲကြပ်ထဲရောက်နေသည့် ပုံစံဖြစ်နေသည်။

“ကောင်းတယ် ကောင်းတယ်”

မော်နီတာမျက်နှာပြင်မှ ရှုစားနေကြသော စာမေးပွဲကြီးကြပ်သူများက လက်ခုပ်လက်ဝါးတီးပြီး အော်ဟစ်နေကြသည်။

“နတ်ဆိုးကျားလက်သီးသိုင်းက တိုက်စစ်အတွက်ပဲ ရည်ရွယ်ထားတာမို့ ခံစစ်ပိုင်းနဲ့ပတ်သက်လာရင် အားနည်းချက်အနည်းငယ်ရှိတယ်။ တစ်ယောက်တစ်ယောက်ချင်းယှဉ်ပြီးတိုက်ခိုက်လျှင် အဆင်ပြေပေမဲ့ အုပ်စုဖွဲ့တိုက်ခိုက်လျှင်တော့ သိုင်းကွက်ရဲ့အားနည်းချက်က ပိုမိုသိသာလာမယ်။ ဒါပေမဲ့ ချူးယွင်ဖန်းက မတူညီတဲ့နည်းလမ်းကိုသုံးတယ်။ သူက ခုထိ ခံစစ်တိုက်ကွက်အစား တိုက်စစ်အကွက်တွေပဲသုံးတယ်။ ဒါပေမဲ့ ခုချိန်ထိ ဟာကွက်မရှိဘဲ ချောချောမွေ့မွေ့နဲ့ ခုခံနိုင်တာ။ တကယ်အံ့ဖွယ်ပဲ…တကယ့်အံဖွယ်ပါပဲ”

စာမေးပွဲကြီးကြပ်သူများလည်း ထိုအရာကို သတိပြုမိကြသည်။ တိုက်စစ်ကို အာရုံစိုက်သော ချူးယွင်ဖန်း ၏ လက်သီးသိုင်းကွက်များသည် ဟာကွက်မရှိ ခုခံနိုင်သည်။ ထိုအရာကပင် နတ်ဆိုးကျားလက်သီးသိုင်း အပေါ် ချူးယွင်ဖန်း၏ ကျွမ်းကျင်မှုသည် အနေအထားတစ်ခုထိရောက်နေသည်ကို ညွှန်ပြနေသည်။

“သူက ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်နေပြီပဲ။ ကျင့်ကြံခြင်းအခြေခံက ချီပင်လယ်အဆင့်မှာရှိနေပြီး နတ်ဆိုးကျားလက်သီးသိုင်းက ပြီးပြည့်စုံခြင်းအဆင့်မှာရှိနေတာက တကယ့်ကိုတော်လွန်းတာပဲ”

သို့သော်လည်း သိပ်မကြာခင်မှာပဲ တစ်စုံတစ်ရာချွတ်ချော်နေတာကို အခြားစာမေးပွဲကြီးကြပ်သူတစ်ဦးက သတိပြုမိလာသည်။ လူတစ်ဦးသည် ချီပင်လယ်အဆင့်မှာရှိနေပါက စစ်မှန်စွမ်းအင်များကို လက်သီးနှင့်ခြေထောက်များမှာ ချည်နှောင်ခြင်းဖြင့် စွမ်းအားများကို ပိုမိုမြင့်မားနိုင်စေသော်လည်း စစ်မှန်စွမ်းအင်များကို အမြောက်အမြားအသုံးပြုရမည်။

ချီပင်လယ်အဆင့်သည် ထိုအစွမ်း၏ ကနဦးအစဖြစ်သည်။ ပြောရမည်ဆိုလျှင် ချီပင်လယ်ပထမ အဆင့်မှာရှိနေသော ကျောင်းသားတစ်ဦးသည် တိုက်ပွဲအတွင်းမှာ သူတို့၏ စစ်မှန်စွမ်းအင်များကို ထိုမျှလောက် ဖြန့်ကျက်နိုင်မည်မဟုတ်ချေ။ သူတို့၏စစ်မှန်စွမ်းအင်မှာ အကြာကြီးအသုံးမခံလောက်ပေ။

သို့သော် ချူးယွင်ဖန်းသည် လူသုံးဦးကိုတစ်ကြိမ်တည်းတိုက်ခိုက်ပြီး တိုက်စစ်အကွက်များကိုလည်း ခံစစ်အဖြစ်အသုံးပြုခဲ့သည်။ ထိုအရာသည် စစ်မှန်စွမ်းအင်၏ ပုံစံသုံးမျိုးကို တစ်ခါတည်းအသုံးပြုခြင်းနှင့် ညီမျှသည်။

ချီပင်လယ်၏ ပုံမှန်ပထမအဆင့်ကျင့်ကြံသူသည် ယခုအခါမှာဆို သူ၏ကိုယ်ထဲမှာရှိနေသော စစ်မှန် စွမ်းအင်အားလုံးကို အကုန်ထုတ်သုံးပြီးဖြစ်လောက်သည်။ သို့သော် ချူးယွင်ဖန်းသည် စစ်မှန်စွမ်းအင် ကုန်ဆုံးပြီး ပင်ပန်းနွမ်းနယ်သည့်ပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်လေလေ ပိုမိုပြီးအားကောင်းလေလေဖြစ်သည်။

“သူ့အင်အားက သာမန်လူထက်အများကြီးပိုသာရုံမကဘဲ သူ့ရဲ့စစ်မှန်အစွမ်းကလည်း တစ်ဆင့်ထဲမှာရှိတဲ့ လူတွေထက် ပိုမိုများပြားတယ်..ဒါကရှားပါးလှတဲ့ အရည်အချင်းတစ်ခုပဲ” ဟု စာမေးပွဲကြီးကြပ်သူ တစ်ဦး က ပြောသည်။ ဒီလိုလူမျိုးသာ အရင်ခေတ်တုန်းက မွေးဖွားခဲ့လျှင် မွေးရာပါတန်ခိုးရှင်ဟု သတ်မှတ်ကြ လိမ့်မည်။ တခြားလူများက ပင်ပန်းဆင်းရဲစွာကျင့်ကြံမှ ရောက်နိုင်သောအဆင့်သည် သူ့အတွက်တော့ စမှတ်တစ်ခုဖြစ်နေသည်။ ဤအရာကပင် ကြီးကြပ်သူဆရာများ၏ အာရုံကိုဖမ်းစား နိုင်သည်။

ထိုအချိန်မှာ စာမေးပွဲဖြေဆိုနေသူ လေးဦးသာကျန်တော့သည်။ ထိုလူများက လူတိုင်း၏ အာရုံကို သေချာပေါက် ဖမ်းစားနိုင်သည်။ စစ်ဆေးခြင်းကာလကို ကြည့်ခြင်းဖြင့် ထိုသူများသည် စစ်ဆေးမှု၏ နောက်ဆုံးအဆင့်ကိုရောက်ရှိနေသည်ကို သိကြသည်။ထိုလေးဦးသည် သိုင်းပညာအထူးတန်းကိုဝင်ရောက်နိုင်သော်လည်း လူများက သူတို့ကိုနှိုင်းယှဉ်အကဲဖြတ်ကြမည်မှာ သေချာပေါက်ဖြစ်သည်။

ဒီလေးဦးထဲမှာ ဘယ်သူကကြာကြာတောင့်ခံနိုင်မလဲ။ (သို့) ဘယ်သူက အောင်မြင်စွာဖြတ်ကျော်နိုင်မလဲ။

သူတို့တစ်ခါမှ မတွေ့ကြုံဖူးသောအနေအထားတစ်ခုဖြစ်နေသည်။ ယခင်နှစ်များဆီက အထူးတန်းမှာ ရှိသောလူများတောင်မှ နောက်ဆုံးအဆင့်ကိုမဖြတ်ကျော်နိုင်ပေ။ အခြေခံအားဖြင့် သူတို့လေးဦးသည် အတော်ဆုံးထဲမှ အတော်ဆုံးကျောင်းသားများဖြစ်ကြသည်။ သို့သော် ယခင်က ထိပ်တန်းသုံးဦးသာ အတန်းထဲရှိနေခဲ့ရာမှယခု ချူးယွင်ဖန်း ပါလာပြီး လေးဦးဖြစ်လာခဲ့သည်။ သို့သော် သူတို့လေးဦးထဲမှာ မည်သူကများ အတော်ဆုံးဖြစ်မည်နည်း။

သူတို့လေးဦးထဲမှမည်သူမျှ မလှုပ်ရှားသေးပေ။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က ခုန်ပျံလာသည်။ ထိုသူသည် အတန်းခေါင်းဆောင်ဖြစ်သူ ဖန်ဒေယင်းဖြစ်သည်။ သူ့မျက်နှာပေါ်က အမူအရာများသည် သိပ်ပြီးမကောင်းလှပေ။ စစ်ဆေးမှု၏ ရလဒ်များကို သူ့အနေနဲ့ကျေနပ်သည့်ပုံ မပေါ်ချေ။ သူသည်နောက်ဆုံးအဆင့်မှာရှုံးနိမ့်ခဲ့လေသည်။ ဖန်ဒေယင်းက မျက်လုံးဖွင့်သောအခါ လေးဦးထဲမှ ပထမဆုံးအထုတ်ခံရသူမှာ သူဆိုတာသိလိုက်ရချိန်မှာ သူ့အမူအရာများပိုဆိုးလာသည်။

သူက ချူးယွင်ဖန်းကို မနှစ်မြို့သောအကြည့်ဖြင့်ကြည့်သည်။ သူ့ကိုစိုက်ကြည့်နေသော ကျင်းဝူသာ မရှိလျှင် သူသည် ချူးယွင်ဖန်းကို တိုက်ခိုက်ကောင်းတိုက်ခိုက်နိုင်သည်။ ချူးယွင်ဖန်း၏ တည်ရှိနေမှုကို သူသတိထားမိသောအခါ ရှုံးနိမ့်ရသည့်ခံစားချက်မျိုးစုံသူ့မှာဝင်လာသည်။ ကောင်းသောအရာတစ်ခုလေး တောင်မှ သူမတွေးနိုင်တော့ပေ။

သိပ်မကြာခင်မှာ နောက်ထပ်တစ်ဦးသည် စစ်ဆေးမှုမှ နှုတ်ထွက်လာသည်။ ထိုသူမှာ ဂေါင်ဟုန်ချီဖြစ်ပြီး သူလည်းပဲနောက်ဆုံးအဆင့်ကိုရှုံးနိမ့်ခဲ့သည်။ ချီပင်လယ်ပထမအဆင့်ကျင့်ကြံသူကို အနိုင်ရရှိခြင်းသည် သူ့အစွမ်းအစအဆုံးသတ်ဖြစ်သည်။ ထို့နောက် ပြိုင်ဘက်ဦးရေသည် သုံးဦးထိမြင့်မားလာသောအခါ အဆင့်များ လည်းမြင့်လာသည်။ ထိုအရာကိုတော့ သူမကျော်လွှားနိုင်ပေ။ ထို့ပြင် သူက မကြာသေးခင်က မှ ချီပင်လယ်အဆင့်ကိုဖြတ်ကျော်လာနိုင်ခြင်းဖြစ်သည်။

သူ၏ ခံစားချက်များ သိပ်မကောင်းလှသော်ငြား ဖန်ဒေယင်းက သူ့ထက်အရင် ရှုံးနိမ့်သည်ကိုသိရပြီး နောက် အနည်းငယ်စိတ်သက်သာရာရလာသည်။ ဂေါင်ဟုန်ချီ၏ သိသိသာသာ လှောင်ပြောင်ပြောဆို တိုက်ခိုက်မှုကိုတွေ့ရသောအခါ ဂေါင်ဟုန်ချီ၏ အမူအရာပိုပျက်လာသည်။ ဂေါင်ဟုန်ချီ၏ မျက်နှာကို တက်နင်းချင်စိတ်များ သူ့မှာ တဖွားဖွားပေါ်လာနေသည်။ဂေါင်ဟုန်ချီက သူ့ကိုလှောင်ပြောင်ပြီးနောက် သူ့အာရုံက တန်စီယုနှင့် ချူးယွင်ဖန်းဆီသို့ကျရောက်လာသည်။ သူ့မျက်လုံးများက သာမန်ထက်ပိုပြီး တလက်လက်တောက်ပနေသည်။

ချူးယွင်ဖန်း၏ လှုပ်ရှားမှုများက သူမျှော်မှန်းထားသည်ထက်သာလွန်နေသည်။ ချူးယွင်ဖန်းက ယခု အဆင့်ထိ တက်လှမ်းနိုင်မည်ဟု သူမတွေးဖူးချေ။

“ငါ့ကောင်ကြီးက ဟုတ်လှချည်လား”

ပွဲခင်းတစ်ခုလုံး၏ အာရုံသည် ကျန်ရှိနေသောလူနှစ်ဦးထံကျရောက်လာသည်။ သူတို့အတန်းကို လုံးဝ ရှင်းနိုင်မှာလား!!

အပိုင်း (၄၇)- ဝင်ခွင့်စစ်ဆေးခြင်းပြီးဆုံးခဲ့ပြီ။

ထိုအချိန်မှာ သူ့အားတစ်တန်းလုံးက ဝိုင်းကြည့်နေကြသည်ကို ချူးယွင်ဖန်းသတိမထားမိချေ။ သူက တစ်ခန်းလုံး၏ မျှော်လင့်ချက်ဖြစ်လာသည်။ အထူးသဖြင့် နည်းပြကျင်းဝူက ပိုမိုမျှော်လင့်နေမိသည်။ လွန်ခဲ့သောနှစ်များက နောက်ဆုံးအဆင့်ကိုဖြတ်ကျော်နိုင်မှုနှုန်းသည် အရမ်းနည်းပါးသည်။ သိုင်းပညာ အတန်းမှာတက်ရောက်နေကြသူများတောင်မှ မအောင်မြင်ကြပေ။ သူတို့အားလုံးကို အမြစ်ပြတ်ချေမှုန်း နိုင်ပါက ထိုမြင်ကွင်းသည် တကယ့်ကိုအကျည်းတန်လိမ့်မည်။

ထိုအချိန်မှာ ချူးယွင်ဖန်းသည် ချီပင်လယ်ပထမဆုံးအဆင့်မှာရှိနေသော သိုင်းပညာရှင်သုံးဦးကို တစ်ပြိုင် တည်းရင်ဆိုင်နေရသည်။ သူတို့တစ်ဦးချင်းစီသည် မတူကွဲပြားသောသိုင်းပညာများကို အသုံးပြုကြပြီး တစ်ဦးနှင့်တစ်ဦးမတူပေ။ သူတို့သည်မတူညီသောရှုထောင့်သုံးမျိုးမှ အတူတကွတိုက်ခိုက်ကြသည်။ အင်အားအရဖြစ်စေ အမြန်နှုန်းအရဖြစ်စေ ယခင်က ပုံရိပ်ယောင်သိုင်းပညာရှင်များသည်သူတို့သုံးဦးကို မယှဉ်နိုင်ပေ။

သူက ထိုသုံးဦးထဲမှ တစ်ဦးကို ရင်ဆိုင်နိုင်သည့်ယုံကြည်ချက်ရှိသော်ငြား ထိုသုံးဦးက တစ်ပြိုင်တည်း တိုက်ခိုက်သောအခါ အနည်းငယ်စိတ်လှုပ်ရှားမိသည်။ ဒီတစ်ကြိမ်မှာတော့ သူလုံးဝအလျှော့မပေးနိုင် တော့ပေ။ ထိုသုံးဦးကိုတားဆီးရန် သူ၏ ပြီးပြည့်စုံလှသော နတ်ဆိုးကျားလက်သီးသိုင်းကိုအသုံးပြု သည်။သူ၏လှုပ်ရှားမှုများသည် ကြီးကြပ်သူများစွာကို အံ့အားသင့်စေတာကို သူသတိမမူခဲ့ပေ။ သူက ပြိုင်ဘက်သုံးဦးကို သုံးယောက်တစ်ယောက်အနေအထားနှင့်ပြန်လည်ခုခံနိုင်သည်။

ထိုကဲ့သို့အနေအထားမျိုးသည် တကယ့်ကိုထိတ်လန့်စရာကောင်းလှသည်။ သို့သော် ဤအနေအထားက မလုံလောက်သေးဘူးဟု ချူးယွင်ဖန်းခံစားမိသည်။ ပြိုင်ဘက်ကို ပိတ်ဆို့တားဆီးနိုင်ခြင်းသည် မလုံလောက် ပေ။ သူ့ကိုယ်ထဲရှိ စစ်မှန်စွမ်းအင်သည် အဆုံးမဲ့ဖြစ်ပြီး သာမန်လူထက်ပိုပြီး များပြား သည်။သူက ထိုစွမ်းအင်ကို အစွမ်းကုန်ထုတ်လိုက်သည်။

ထိုအခြေအနေမှာ ချူးယွင်ဖန်းသည် ပြီးပြည့်စုံလှသော နတ်ဆိုးကျားလက်သီးကွက်များကိုထုတ်ပြသည်။ သူက ပြိုင်ဘက်ကင်းကျားဆိုးတစ်ကောင်အသွင်ကူးပြောင်းသွားသည့်အလားထင်ရပြီး သူ၏ ကြောက်မက်ဖွယ်ပုံစံသည် ကောင်းကင်ထိတိုင်အောင် မြင့်တက်သွားသည်။

ဘေါင်း

ေဘါင်း

သူကလက်သီးနှစ်ချက်ဆင့်ထိုးပြီးနောက် သူ့ကိုဖိအားပေးထားသော ပုံရိပ်ယောင်သိုင်းပညာရှင်နှစ်ဦးကို နောက်ပြန်ဆုတ်စေသည်။ထိုအချိန်မှာ သူ့ကိုယ်ထဲမှာရှိသော ကြွက်သားများကတင်းတောင့်လာသည်။ သူ၏ စစ်မှန်ချီတန်ခိုးကို ချက်ချင်းစုဝေးပြီးနောက် နောက်ထပ်လက်သီးတစ်ချက်ထိုးလိုက်သည်။

“တောဘုရင်”

ချူးယွင်ဖန်းက အော်လိုက်ပြီး ပြိုက်ဘက်တစ်ဦးကို တစ်ချက်ထိုးလိုက်သည်။

ထိုလူကချက်ချင်းလေပေါ်ပျံပြီး တစ်ချက်လက်ခနဲဖြစ်ကာပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းသည် မော်နီတာမျက်နှာပြင်မှ ကြည့်ရှုနေကြသော

ကြီးကြပ်သူများကိုအံ့အားသင့်စေသည်။

“သေစမ်း..ငါဘာကိုမြင်လိုက်ရတာပါလိမ့်။ တောဘုရင်….သူက တောဘုရင်သိုင်းကွက်ကိုသုံးပြီး

တိုက်ထုတ်ခဲ့တာ။ သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင်အင်အားကြီးပါလိမ့်”

ကြီးကြပ်သူတစ်ဦးက အလန့်တကြားထအော်သည်။

နတ်ဆိုးကျားလက်သီးသိုင်း၏ နောက်ဆုံးအကွက်ဖြစ်သော တောဘုရင်သိုင်းကွက်ကို ချီပင်လယ်အဆင့် မှာရှိနေသောသူများကသာ အသုံးပြုနိုင်သည်။ ချီပင်လယ်အဆင့်မှာရှိသော သိုင်းပညာရှင်က ထိုသိုင်းကွက် ကိုအသုံးပြုလျှင် အခြေတည် အဆင့်မှာရှိနေသော သိုင်းပညာရှင်နှင့်မတူတော့ပေ။

သို့သော် ထိုအရာကိုရိုးရှင်းလွယ်ကူစွာမသုံးနိုင်ပေ။ တောဘုရင်ကို သုံးနိုင်သည့်အနိမ့်ဆုံးအနေအထားမှာ ချီပင်လယ်အဆင့်ဖြစ်သည်။

“ပြီးတော့ သူ့ရဲ့ နတ်ဆိုးကျားလက်သီးထိုးချက်များက ကန့်သတ်ချက်တွေကိုချိုးဖျက်ပြီး ကိုယ်ပိုင်ဟန် ရှိတာ သိပြီလား။ သူ့သိုင်းကွက်တွေက ပြီးပြည့်စုံတဲ့အနေအထားမှာရှိနေတယ်။ ယနေ့ခေတ် ကျောင်းသားများက တကယ့်ကိုအစွမ်းထက်လာကြပြီလား။ ငါတို့ဆရာတွေအားလုံးတောင်မှ ပြီးပြည့်စုံတဲ့နတ်ဆိုး ကျားလက်သီးသိုင်းအနေအထားမှာတောင် မရှိသေးဘူးမလား”

တချို့ကြီးကြပ်သူများက အံ့အားသင့်ကြသည်။ သူတို့ဆွေးနွေးနေသည့်အချိန်မှာပင် ချူးယွင်ဖန်းက သူ၏ နောက်တစ်ကွက်ကို စတင်နေသည်။ ယခင်တုန်းက ချူးယွင်ဖန်းသည် တောဘုရင်အကွက် ကိုသုံးသောအခါ သူ၏နံရိုးများကိုချိုးပစ်ခဲ့သည်။ သို့သော် သူ၏ရင်ဘတ်များ တင်းတောင့်နေသည် ကိုသာခံစားရပြီး ချက်ချင်းသက်သာလာသည်။

သူ၏ယခုလက်ရှိ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အင်အားသည် ယခင်ကထက်ပိုပြီး သန်မာသည်။ သို့သော် ချူးယွင်ဖန်းက အနည်းငယ်နားခြင်းမရှိဘဲ နောက်တစ်ကွက်ဖြင့် တိုက်ခိုက်သည်။

“တောဘုရင်”

ထိုလှုပ်ရှားမှုသည် ကျန်ရှိနေသောပြိုင်ဘက်နှစ်ဦးအနက် တစ်ဦးကို တိုက်ခိုက်မိသည်။

တောဘုရင်သိုင်းကွက်တစ်ခုကိုထုတ်ပြီးနောက်ကြားထဲမှာရပ်နားခြင်းမရှိဘဲနောက်တစ်ကွက်ဖြင့်တိုက်ခိုက်သည်။ ဤအရာသည် ခန္ဓာကိုယ်ပေါ်မှာကြီးမားသောဝန်လေးမှုကိုဖြစ်ပေါ်စေသည်။ သို့သော် ချူးယွင်ဖန်က လုံးဝလှုပ်ရှားရုန်းကန်ရခြင်းမရှိသည့်အတိုင်း နောက်ထပ်လက်သီးတစ်ချက်ပျံဝဲလာသည်။

ဘန်း

ဒုတိယမြောက်ပုံရိပ်ယောင်သိုင်းပညာရှင်သည် ချက်ချင်းအသတ်ခံလိုက်ရပြီးနောက် မည်သည့်သဲလွန်စ မှမကျန်ဘဲ ပျောက်ကွယ်သွားသည်။ ချူးယွင်ဖန်းသည် စစ်နတ်ဘုရားသိုင်းကျမ်းကို ကျင့်ကြံနေသည်။ သူ၏ခန္ဓာကိုယ်အခြေအနေသည် တခြားသူများထက်ပိုမိုသာလွန်နေသည်။ သူ၏ ပြီးပြည့်စုံသော နတ်ဆိုး ကျားလက်သီးသိုင်းအပြင် သူ၏ ကျင့်ကြံခြင်းအခြေခံကိုအမြင့်ဆုံးအနေအထားထိ ဆွဲခေါ်လာသည်။ သူ၏ပြိုင်ဘက်များသည် ချီပင်လယ်၏ ပထမဆုံးအဆင့်မှာရှိသော်ငြား သူတို့၏ ကျင့်ကြံခြင်းအခြေခံများ သည်လွန်စွာမှကွဲပြားသည်။

ချူးယွင်ဖန်းက မြန်ဆန်သည်။ ထိုအချိန်မှာ နောက်ဆုံးကျန်ရစ်သော ပုံရိပ်ယောင်သိုင်းပညာရှိသည် သူ့ကိုယ်သူ တည်ငြိမ်အောင်ပြန်လည်တည်ဆောက်သည်။ သူက အင်အားပြင်းပြင်းထန်ထန်ဖြင့် မညှာမတာထိုးနှက်သော်လည်း ချူးယွင်ဖန်းကဲ့သို့ အင်အားပြင်းထန်လှသောသူကို ဘယ်လိုလုပ်ပြီး ပိတ်ဆို့နိုင်မည်နည်း။ သူ၏ပြင်းထန်လှသောအစွမ်းနှင့် ပြိုင်ဘက်ကင်းပြီးပြည့်စုံလှသော နတ်ဆိုးကျား လက်သီးသိုင်းသည် ချူးယွင်ဖန်းကို ကာကွယ်ပိတ်ဆို့နိုင်ပြီး လူများကိုသတ်ဖြတ်နိုင်သော အနှိုင်းမဲ့ ဇီဝိန်ခြွေနတ်ဘုရားတစ်ဦးအသွင်အဖြစ် ပြောင်းလဲပစ်သည်။

ဘန်း

ဘန်း

ဘန်း

သုံးချက်လောက်တောင်မလှုပ်ရှားရဘဲနှင့် ချူးယွင်ဖန်းသည် နောက်ဆုံးကျန်ရစ်သော သိုင်းပညာရှင်၏ ကာကွယ်မှုများကိုချေဖျက်ပြီး သူ့အား ထောင့်စွန်းတစ်ဖက်ဆီသို့တွန်းပို့သည်။ ထို့နောက်ချူးယွင်ဖန်းက

“တောဘုရင်” ဟုအော်ဟစ်ပြန်သည်။

သူ၏ကိုယ်ထဲမှာရှိသော ခွန်အားနှင့် စစ်မှန်စွမ်းအင်များကို စုဝေးပြီး နောက်ဆုံးကျန်ရစ်သောပြိုင်ဘက်၏ ကိုယ်ပေါ်သို့ အဆက်မပြတ်လက်သီးမိုးများရွာသွန်းတော့သည်။

ဘန်း!

ပုံရိပ်ယောင်သိုင်းပညာရှင်သည် အော်ဟစ်ညဉ်းတွားရင်း သူ၏တစ်ကိုယ်လုံးသည်

အလင်းတန်းအသွင်ပြောင်းလဲတော့သည်။ ထိုသူသည် စာမေးပွဲခန်းမမှ ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်မှာ ချူးယွင်ဖန်း၏ကိုယ်ထဲမှာရှိသော စစ်မှန်စွမ်းအင်သည် မကုန်ဆုံးနိုင်သေးပေ။ သူသည် ချီပင်လယ်ပထမအဆင့်မှာရှိနေသော သာမန်သိုင်းပညာရှင်တစ်ဦးထက်များစွာသာလွန်နေသည်။

ထိုစဉ်တွင် မော်နီတာမျက်နှာပြင်ကိုကြည့်ရှုနေကြသော စာမေးပွဲခန်းကြီးကြပ်သူများက

အာမေဍိတ်ပြုကြသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် အသက်ဆယ်ခါရှုသွင်းရုံထိတောင် မကြာလိုက်ဘဲ ချီပင်လယ်အဆင့် သိုင်းပညာရှင်သုံးဦးကိုတစ်ဆက်တည်းဆိုသလို ချက်ချင်းသတ်ပစ်နိုင်ခဲ့သည်။

ထိုမြင်ကွင်းကိုမြင်ရသူအချို့သည်လည်း တီတိုးရေရွတ်ကြသည်။

“ဒီကလေးအစွမ်းက တကယ့်ကိုပြိုင်ဘက်ကင်းပဲ”

စာမေးပွဲဖြေဆိုအောင်မြင်ကြောင်းကြေညာချက်သည် ချူးယွင်ဖန်း၏နားထဲမှာ ပဲ့တင်သံထပ်နေသည်။ သူမျက်လုံးဖွင့်ကြည့်သောအခါ အားလုံးက သူ့ကို မျက်လုံးပြူးပြီးကြည့်နေကြသည်ကို တွေ့ရသည်။ တိတိကျကျပြောရလျှင် သူတို့အားလုံးသည် သူနှင့် သူ့နောက်မလှမ်းမကမ်းအကွာတွင်ရှိနေသော တန်စီယုကိုစိုက်ကြည့်နေကြသည်။ ထိုအချိန်မှာ အားလုံး၏ စစ်ဆေးမှုသည် ပြီးဆုံးခဲ့ပြီး သူနှင့် တန်စီယု သာ ကျန်ရှိခဲ့သည်။

ထိုစဉ်တွင် သူတို့နှင့် မလှမ်းမကမ်းအကွာတွင် ရှိနေသော ကျင်းဝူက သူတို့ထံ လျှောက်လှမ်းလာပြီး “ဘယ်လိုလဲ။ နောက်ဆုံးအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့လား” ဟုမေးသည်။ လူတိုင်းက ချူးယွင်ဖန်းကို စိုးရိမ်တကြီးကြည့်နေသည်။ ချူးယွင်ဖန်းက ဘာမှမဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်းပြော သည်။

“ကျွန်တော်အောင်တယ်” ရလဒ်က မကြာခင်ထွက်လာတော့မည်။”ကောင်းတာပေါ့” ကျင်းဝူက

စကားလုံးနှစ်လုံးပဲပြောသော်လည်း သူ့မျက်နှာပေါ်က ပျော်ရွှင်မှုသည် သိသာသည်။

“အံ့ဩစရာကောင်းလိုက်တာ”

ဂေါင်ဟုန်ချီက သူ့အားလက်မထောင်ပြသည်။ သူသည်လည်း ထိုပြိုင်ဘက်သုံးဦးနှင့် ယှဉ်ပြိုင်ခဲ့တာမို့ သူတို့အားရင်ဆိုင်ရန် မည်မျှခက်ခဲကြောင်းသိနေသည်။သုံးဦးထဲမှ တစ်ဦးကိုအနိုင်ရဖို့တောင် ခဲယဉ်း သော်ငြား ချူးယွင်ဖန်းက သုံးဦးလုံးကိုအောင်နိုင်ပြီး စာမေးပွဲအောင်မြင်ခဲ့ သည်။အဝေးတစ်နေရာမှာ ရှိနေသော ဖန်ဒေယင်း၏ မျက်နှာက ပိုမိုပြီးမဲနက်လာသည်။ အားလုံး၏အကြည့်သည် တန်စီယုထံသို့ ကျရောက်လာသည်။ ချူးယွင်ဖန်းက စစ်ဆေးမှုမှထွက်လာပြီးနောက် သိပ်မကြာခင်မှာပင် တန်စီယု လည်းထွက်လာသည်။ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ဖန်ဒေယင်း၊ ဂေါင်ဟုန်ချီတို့ နှင့် အနေအထားတူသော တန်စီယုသည် ချူးယွင်ဖန်းနည်းတူ နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ချက်ချင်းဆိုသလို သူမသည် ဂေါင်ဟုန်ချီနှင့် ဖန်ဒေယင်းကိုကျော်လွန်ပြီး ချူးယွင်ဖန်းနှင့်အဆင့်တူခဲ့ သည်။

ချူးယွင်ဖန်းသည် လက်သီးကိုခပ်ဖျော့ဖျော့ဆုပ်ထားသည်။ ဝင်ခွင့်စစ်ဆေးမှုပြီးဆုံးခဲ့ပြီဖြစ်သည်။ ရလဒ်များကိုမထုတ်ပြန်သေးသော်ငြား သူက သိုင်းပညာအထူးတန်းကိုတက်ရောက်နိုင်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ လွန်ခဲ့သောလက သူ၏ကြိုးစားအားထုတ်မှုများသည် အချည်းနှီး မဖြစ်ချေ။ သို့သော် ဤအရာကအစတစ်ခုမျှသာဖြစ်သည်ဆိုတာ သူသိသည်။ ဤအဆင့်သည်

သိုင်းပညာလမ်းကြောင်းကိုလျှောက်လှမ်းမည့်သူ့အတွက် ကနဦးခြေလှမ်းတစ်လှမ်းမျှသာဖြစ်သည်။

အပိုင်း (၄၈) - သံမဏိလင်းယုန်

ကျောင်းသားအားလုံး စာမေးပွဲဖြေဆိုမှုပြီးမြောက်သောအခါ စာမေးပွဲရလဒ်ကို လျင်မြန်စွာ ထုတ်ပြန်လာသည်။ ယနေ့ခေတ်မှာ အကဲဖြတ်အမှတ်ပေးခြင်းနှုန်းသည် အလွန်မြန်ဆန်သည်။

ချူးယွင်ဖန်းသည်လည်း သူ၏စာမေးပွဲရလဒ်များကို မြန်ဆန်စွာရရှိခဲ့သည်။ စာရွက်ပေါ်တွင် သူသည် လစ်ဘရယ်အနုပညာနှင့်သိုင်းပညာနှစ်ခုလုံးတွင် အဆင့်မြင့်ရလဒ်များရကြသည်ဟု ဆိုထားသည်။ သူသည် ကွန်ပျူးတာ၏ အလိုအလျောက်အဆင့်စီမှုအရ သိုင်းပညာအထူးတန်း ကိုဝင်ခွင့်ရခဲ့သည်။

သို့သော် သူတို့ကျောင်းမှာ အထူးတန်းနှစ်ခုရှိသည်။ ကျောင်းမှ နောက်ဆုံးအကဲဖြတ်ခြင်းပေါ်မူတည်ပြီး မည်သည့် အထူးတန်းကိုတက်ရောက်ခွင့် ရရှိမည်ဆိုတာ ကွဲပြားသည်။ သို့သော် နောက်ဆုံးနှစ်အတန်း များ ကြားမှာ ကွာခြားမှုတစ်ခုသာဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ လစ်ဘရယ်အနုပညာတန်း နှင့် သိုင်းပညာအတန်းများ၏ စစ်ဆေးအကဲဖြတ်မှုများပြီးဆုံးခဲ့သည်။

သူတို့၏ကိုယ်ပိုင်အားသာချက်ပေါ်မူတည်ပြီးလစ်ဘရယ်အနုပညာတန်းနှင့်သိုင်းပညာတန်းဟုခွဲခြားထားသည်။ ကျောင်းသားများထဲမှ သုံးပုံတစ်ပုံလောက်သာ သိုင်းပညာအတန်းကိုဝင်ခွင့်ရပြီး ကျန်သော သုံးပုံနှစ်ပုံသည် လစ်ဘရယ်အနုပညာအတန်းကိုဝင်ခွင့်ရသည်။ ထိုအရာသည်လစ်ဘရယ်အနုပညာ တန်းမှလူများအတွက် မျှော်လင့်ချက်ကင်းမဲ့သည်ဟု မဆိုလိုပေ။ဆန့်ကျင်ဘက်အနေနှင့် လစ်ဘရယ် အနုပညာအတန်း တက်ရောက် သူများသည် အောင်မြင်မှုရနိုင်ပြီး အဆုံးသတ်မှာနာမည်ကျော်ကြားနိုင် သည်။

လူ့အသိုင်းအဝိုင်းသည်လစ်ဘရယ်အနုပညာနှင့်သိုင်းပညာနှစ်ခုလုံးကို အလေးပေးတန်ဖိုးထားကြသည်။သိုင်းပညာရှင်များသာ နာမည်ကြီးနိုင်မည့် အခွင့်အရေးရရှိမည်ဟု မဆိုလိုပေ။ လူ့အဖွဲ့အစည်း၏ သိပ္ပံပညာရှင်များ ကို မည်သည့်နေရာတွင်မဆို လေးစားကြသည်။ လူ့အဖွဲ့အစည်းပေါ် သူတို့၏

အထောက်အကူပြုမှုများသည် သိုင်းပညာရှင်များထက်မလျော့ပေ။ လူ့အဖွဲ့အစည်းအတွက်

လစ်ဘရယ်အနုပညာနှင့် သိုင်းပညာနှစ်ခုလုံးမှာ သာတူညီမျှအလေးပေးမှသာ သိပ္ပံပညာနှင့်

သိုင်းပညာအတူတကွ ထွန်းကားနိုင်မည်။

အခန်း-၁၁မှ ချူးယွင်ဖန်းအပြင် ကျန်သောလူရှစ်ဦးလည်း သိုင်းပညာအထူးတန်းကိုဝင်ခွင့်ရခဲ့သည်။ ထိုရလဒ်သည် အံ့အားသင့်စရာလည်းမကောင်းသလို ဆိုးလည်းမဆိုးလှပေ။ ထိုရလဒ်သည် သာမန်ရလဒ် တစ်ခုမျှသာဖြစ်သည်။ဂေါင်ဟုန်ချီ၊ ဖန်ဒေယင်းနှင့် တန်စီယုတို့သည် သိုင်းပညာအတန်းကိုလွယ်ကူစွာ

ဝင်နိုင်ခဲ့သည်။ သူတို့၏ ရလဒ်ကဒ်များကိုပေးပြီးနောက် ကျောင်းသားများအား ငါးရက်ကြာ

အားလက်ရက် ပေးခဲ့ကြသည်။ အားလက်ရက်ရှည်မှာ ကျောင်းအနေဖြင့်လည်း ကျောင်းသားများအတွက် အတန်းနေရာများ စီစဉ်ရန်ဖြစ်သည်။

ချူးယွင်ဖန်းအိမ်ပြန်ရောက်သောအခါ သူ့ညီမလေးက သူမ၏အခန်းထဲမှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက် နေသည်။ သူ့မိဘများလည်း အလုပ်မှာပဲရှိနေကြပြီး အိမ်ပြန်မရောက်ကြသေးပေ။ ချူးယွင်ဖန်းက တီဗီကိုဖွင့် လိုက်သည်။ လွန်ခဲ့သောလတစ်ခုလုံးမှာ ကျင့်ကြံခြင်းအတွက်သာ သူ့စိတ်ကိုနှစ်မြုပ်ထား ခဲ့သည်။သူက တီဗီမကြည့်ရသည်မှာ အတော်ပင်ကြာနေခဲ့သည်။ ခွန်လွန်းခေတ်က တီဗီမှာ ကြီးမား သောမျက်နှာပြင်တစ်ခုမရှိတော့ပေ။ ထိုအစား သေတ္တာတစ်ခု၏ထိပ်ကိုဖြတ်ပြီး သရီးဒီပုံရိပ်ယောင်ကို မြင်ရသဖြင့်လူကိုယ်တိုင်ထိတွေ့ခံစားနေရသလိုဖြစ်ပြီး ပိုမိုအသက်ဝင်လှသည်။ သူကတီဗီကိုဖွင့်ပြီး သတင်းရုပ်သံလိုင်းများဘက်ခြေဦးလှည့်ခဲ့သည်။ ချက်ချင်းပဲ ကြီးမားသော ငှက်ဆိုးကြီးတစ်ကောင်၏ ပုံရိပ်ပေါ်လာသည်။ ထိုအရာသည်ပုံရိပ်ယောင်တစ်ခုမျှဖြစ်ပြီး တကယ့်လူအစစ် တစ်ဦးကဲ့သို့ မြင့်မား သော်ငြား သူ၏ကြောက်မက်ဖွယ်ပုံစံသည် မျက်နှာပြင်ကိုဖြတ်ပြီးထိုးဖောက်လာသည်။

“သံမဏိလင်းယုန်”

မြင်တွေ့နေရသောငှက်ကို ချူးယွင်ဖန်းတစ်ယောက် ချက်ချင်းပင်မှတ်မိလာသည်။ သူသည် ထိုငှက် အကြောင်းကို ဇီဝဗေဒအတန်းတွင် သင်ယူခဲ့ဖူးသည်။သူသည် ကမ္ဘာပေါ်ရှိဌာနေငှက် မျိုးစိတ်တစ်ကောင် ဖြစ်ပြီး အလွန်အင်အားကြီးသောငှက်ဆိုးတစ်ကောင်ဖြစ်သည်။ ထိုငှက်သည် လင်းယုန်ငှက်နှင့် တူသော် ငြား သူ၏ကိုယ်ထည်က လင်းယုန်ငှက်ထက်ပိုကြီးသည်။ သူ့မှာ မီတာ၅၀ကျော်သော တောင်ပံတစ်ခုရှိပြီး ရွှေရောင်နှင့် သံမဏိရောင်ကဲ့သို့ ငှက်မွှေးများနှင့် ဖုံးအုပ်ထားသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ထိုငှက်သည် လူသားများကိုဒုက္ခပေးခဲ့သည်။

လွန်ခဲ့သောနှစ်ရာပေါင်းများစွာက လူသားများ၏အနေအထားသည်လည်း ယခုအနေအထားလောက် တည်ငြိမ်မှုမရှိလှပေ။ ခွန်လွန်းခေတ်၏ စစ်ပွဲများကိုရင်ဆိုင်နေရရုံသာမက သူတို့ပိုင်သောပိုင်နက်ကို

လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ကမ္ဘာ့မြေပြင်ပေါ်မှာ ရှင်သန်ကြီးထွားလာသော ဌာနေငှက်ဆိုးကြီးများသည် အုပ်စုဖွဲ့စုဝေးပြီး လူသားများ၏ ပိုင်နက်ကိုကျူးကျော်လာခဲ့ကြသည်။

အဆင့်မြင့်ငှက်ဆိုးကြီးများထဲတွင် သံမဏိလင်းယုန်ငှက်လည်း အပါအဝင်ဖြစ်သည်။ ငှက်မွှေးများ၏ ကာကွယ်ပေးမှုကြောင့် ကျည်ဆန်တောင်မှ မထိုးဖောက်နိုင်ပေ။ နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များ တောင်မှ ထိုငှက်များကိုမထိခိုက်စေနိုင်ပေ။ အဆုံးသတ်မှာတော့ နျူးကလီးယားဗုံးများကို အသုံးပြုပြီး နှိမ်နင်းမှသာ ထိုငှက်များအထိနာပြီး ပြန်လည်ဆုတ်ခွါခဲ့ကြသည်။ ယခုလက်ရှိအနေအထားသည်လည်း အန္တရာယ်များလှသည်။ ထိုငှက်များ၏ ဦးဆောင်မှုအောက်မှာ များပြားလှစွာသော သားရဲကောင်များသည် မြို့၏ ခံစစ်ကိုဖြတ်ကျော်လုနီးပါးဖြစ်နေသည်။

“ယနေ့နေ့လည်ခင်းမှာ သံမဏိလင်းယုန်ငှက်များက မြို့ရဲ့အထက် မီတာငါးသောင်းမှာ ရုတ်တရက် ဆိုသလိုပေါ်လာခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ မြို့မှာရှိတဲ့ အစိုးရစစ်တပ်က တိုက်ထုတ်နိုင် ခဲ့ပါတယ်။ နောက်တစ်ပိုင်းမှာတော့ ငှက်ဆိုးတွေကိုမောင်းထုတ်နိုင်ခဲ့တဲ့ တပ်မဟာ-၁၅မှ စစ်သည်များ ကို မေးမြန်းတင်ဆက်သွားမှာဖြစ်ပါတယ်”ဟု အစီအစဉ်တင်ဆက်သူကဆိုသည်။

လွန်ခဲ့သောနှစ်ရာပေါင်းများစွာက လူသားလေတပ်မှာ တန်ဖိုးကြီးတိုက်လေယာဉ်များသာ ပိုင်ဆိုင်ခဲ့ သည်။ ယခုအခါမှာတော့ လူသားများက မိုးကောင်းကင်ကို ပိုင်စိုးပြီး လူသားမျိုးနွယ်၏ အဓိကစစ်တပ် ကို အဆင့်မြင့်လက်နက်ကိရိယာများဖြင့် အစားထိုးခဲ့ပြီးဖြစ်သည်။ ယခင်တုန်းက သံမဏိလင်းယုန်ငှက် ကို နျူးကလီးယားဗုံးများဖြင့်သ တွန်းလှန်နိုင်ခဲ့သည်။ ယခုအခါမှာတော့ လေတပ်အဖွဲ့၏ စစ်သည်အရာရှိ သည် ထိုငှက်ဆိုးကို စက်ပစ္စည်းဖြင့်သာ တိုက်ထုတ်လိုက်သည်။ ထိုအရာကိုကြည့်ခြင်းဖြင့် လူသား မျိုးနွယ်သည် လွန်ခဲ့သောနှစ်များဆီကမည်မျှတိုးတက်လာမှန်းသိသာသည်။

ထိုအချိန်မှာ တံခါးပွင့်လာပြီး ချူးချင်ရွှမ်သည် သူမ၏ဝှီးချဲပေါ်ထိုင်ပြီးထွက်လာသည်။

“ကိုကို..ပြန်လာပြီလား။ ဒီကနေ့စာမေးပွဲအောင်မြင်လား”ဟု ချူးချင်ရွှမ်က သူမ၏မျက်နှာပေါ်မှာ

မျှော်လင့်တကြီးနှင့် စိုးရိမ်သောအကြည့်ဖြင့်မေးမြန်းသည်။

“ဒါပေါ့..ညီမလေးရဲ့ကိုကိုပဲဟာ” သူက ပြောပြီးသည်နှင့် အမှတ်စာရင်းကို ချူးချင်ရွှမ် ၏လက်ထဲကို ထည့်လိုက်သည်။

“ဟား..ဟား..တော်လိုက်တာ..ကိုကိုကတော်ပါတယ်လို့ပြောသားပဲ။ ကိုကိုက သေချာပေါက်အောင်မြင် မှာပါဆို” ဟု သူမကပြုံးပြီးပြောသည်။

တကယ်တော့ ချူးယွင်ဖန်းက ချီအားဖြည့်ခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ပြီဆိုကတည်းက သံသယ မရှိ တော့ပေ။သို့သော် သူမကအမှတ်စာရင်းကိုမြင်သည့်တိုင်အောင် စိတ်မသက်မသာမဖြစ်ပေ။

ထိုအချိန်မှာ တံခါးပွင့်လာပြီး လူနှစ်ဦးက တစ်ယောက်ပြီးတစ်ယောက်လျှောက်လှမ်းလာသည်။ ထိုသူနှစ်ဦး မှာ ဖခင် ချူးဝမ်ချန်းနှင့် မိခင်ယန်ယယွင်တို့ဖြစ်သည်။

“ပါးပါး..မားမားပြန်လာပြီ”ချူးချင်ရွှမ်က လက်ကိုမြှောက်ပြပြီး အားပါးတရပြောသည်။

“ဟုတ်ပါ့..ဘာတွေများ ပျော်စရာကိစ္စတွေရှိနေလို့လဲ သမီးလေး”ဟု ချူးဝမ်ချန်းကမေးသည်။

“မားမား..ပါးပါး..ကိုကိုလေစာမေးပွဲအောင်တယ်။သူက လစ်ဘရယ်အနုပညာအတန်းမှာ

ထူးချွန်ရမှတ်ရပြီး သိုင်းပညာအတန်းမှာအမှတ်ပြည့်ရတယ်။ ပြီးတော့ သိုင်းပညာအထူးတန်းကိုလည်း

ဝင်ခွင့်ရတယ်” ဟု ချူးချင်ရွှမ်က မြန်မြန်ဆန်ဆန်ပြန်ဖြေသည်။

“ပြပါဦး..မားမားကြည့်ပါရစေ” ယန်ရယွင်က အမှတ်စာရင်းကိုယူပြီး ကြည့်မဝသည့်အလား

ထပ်ခါထပ်ခါကြည့်နေမိသည်။

“သားလုပ်နိုင်မယ်လို့ မားမားပြောသားပဲ”

သူမ၏မျက်နှာများ အပျော်တွေပြည့်နှက်နေသည်။ သူမက အမှတ်စာရင်းကိုခပ်တင်းတင်းကိုင်ထားပြီး မလွှတ်ချင်တော့ပေ။ သူမ၏ဘေးမှာရှိနေသော ချူးဝမ်ချန်၏မျက်နှာသည်ပျော်ရွှင်မှု၊ ဂုဏ်ယူဝမ်းသာမှု များနှင့် ပြည့်နှက်နေသည်။ သူက ဖခင်တစ်ဦးဖြစ်တာမို့ မိခင်ကဲ့သို့တိုက်ရိုက်မဖော်ပြပေ။

“အဘိုးကြီးနဲ့ အဘွားကြီးဘာမှမပြောနိုင်လောက်တော့ဘူးလို့ထင်တယ်။ သူတို့ကြိုက်ကြိုက် မကြိုက် ကြိုက် ငါ့သားက သိုင်းပညာအတန်းတက်ခွင့်ရပြီ။ ပြီးတော့တက်ခွင့်ရတာကလည်း အထူးတန်းနော်” ယန်ရယွင်၏ အမူအရာများသည် ပျော်ရွှင်မှုနှင့်ဂုဏ်ယူမှုများရောထွေးနေသည်။

“ကောင်းပြီ..ပြင်ဆင်ကြစို့။ ပါးပါးတို့ ချူးယွင်ရှင်းရဲ့မွေးနေ့ပွဲကိုတက်ကြမယ်။ အဝတ်အစားသွားလဲကြ” ဟု ချူးဝမ်ချန်းကဆိုသည်။ “သွားပြင်ဆင်ကြစို့” ယန်ရယွင်သည် ယခင်တုန်းကတော့ ချူးယွင်ရှင်း၏ မွေးနေ့ပွဲကိုမတက်လိုပေ။ ထိုမွေးနေ့ပွဲသည် သူမအကိုနှင့် ယောင်းမ၏ သားသမီးများကို ကြွားဝါသော ပွဲဖြစ်သည်။

ယခုအခါမှာ ချူးယွင်ဖန်းက ကတိအတိုင်း သိုင်းပညာအထူးတန်းကိုဝင်ခွင့်ရသဖြင့် သူမ၏ စိတ်ထဲ ပျော်ရွှင်နေသည်။ သူမ၏ သားက သုံးစားမရသောသူမဟုတ်ကြောင်း တခြားလူများကိုပါသိစေလိုသည်။ ချူးယွင်ဖန်းက အခန်းထဲဝင်ပြီး အဝတ်အစားလဲသည်။ အထူးတလည်ခမ်းနားသောဝတ်စုံမဟုတ်ပေ။ သူက သိုင်းဝတ်စုံကိုလဲပြီး ပုံမှန်အဝတ်အစားများကို ဝတ်ဆင်သည်။သူသည် အဖြူရောင်တီရှပ်နှင့် ဂျင်းဝတ်စုံကို ရှုးဖိနပ်နှင့်တွဲဝတ်ဆင်သည်။ သူကတောက်ပသောကောင်လေးတစ်ဦးနှင့်တူနေသည်။

သူ့အတွေးထဲမှာတော့ မွေးနေ့ပွဲဖြစ်တာမို့ အများအပြားဝတ်စားဖို့လိုအပ်လားဟု တွေးနေမိသည်။

All Chapters