← Chapters

အခန်း ၄၉-၅၁

Vol. 4 Ch. 49-51

အခန်း ၄၉-၅၁

Vol. 4 Ch. 49-51

အပိုင်း (၄၉)- မည်သူက ပိုမိုကြွားဝါနိုင်မလဲ…

ချူးယွင်ဖန်းတို့မိသားစုလည်း အဝတ်အစားများလဲပြီးနောက် မွေးနေ့ပွဲကိုချက်ချင်းထွက်လာကြသည်။

“ပါးပါး..မားမား..ဒီနေ့ဘယ်မှာစားကြမလဲ”ဟု ချူးချင်ရွှမ်က စိတ်ဝင်တစားမေးသည်။ သူမ၏ခြေထောက် များ ကြောင့် သွားရလာရအဆင်မပြေသဖြင့် မိသားစုနှင့်ရံဖန်ရံခါ အပြင်မထွက်နိုင်ပေ။

“ပါးပါးတို့ မြန်ဝေစားသောက်ဆိုင်မှာ စားကြမယ်..သမီးတို့ဦးလေးက အဲ့ဆိုင်မှာ ဘွတ်ကင်တင်ထား တာ”ဟု ချူးဝမ်ချန်းကပြောသည်။ “သူကတကယ့်ကိုအသုံးဖြုန်းကြီးတာပဲ။ အဲ့ဆိုင်မှာတစ်ခါစားလျှင် အနည်းဆုံး ယွမ်တစ်သောင်းကုန်တယ်တဲ့။ သူက အရမ်းချမ်းသာနေလျှင်လည်း ငါတို့ပိုက်ဆံတော့ ပြန်ဆပ်သင့်ပါတယ်။ ငါတို့ဆီက ပိုက်ဆံအများကြီးချေး ထားပြီး ပြန်ဆပ်မဲ့အကြောင်းတော့ တစ်ခါမှ မပြောဘူး”ဟု ယန်ရယွင်က စိတ်ပျက်လက်ပျက်ဆိုသည်။

“လာပါ..သွားကြစို့”

မြန်ဝေစားသောက်ဆိုင်သည် မြို့လယ်ခေါင်ရပ်ကွက်တွင်တည်ရှိသည်။ ထိုဆိုင်မှာ စားသောက်ရန် စျေးကြီးသော်လည်း ပုံမှန်စားသုံးသူများအမြဲမပြတ်ပေ။ ကားထဲမှထွက်ပြီးနောက် ချူးယွင်ဖန်းတို့၏ မိသားစုသည် မြန်ဝေစားသောက်ဆိုင်ရှေ့ကို ရောက်လာသည်။ မြန်ဝေစားသောက်ဆိုင်သည် ခေတ်မီပစ္စည်းများဖြင့် တည်ဆောက်ထားသော်ငြား ရှေးခေတ်အငွေ့အသက်များပေးစွမ်းနိုင်သည်။

“အကိုလေး..ယောင်းမ..ရောက်လာကြပြီပေါ့”

ချူးယွင်ဖန်းတို့မိသားစုဝင်လာသည်နှင့် မလှမ်းမဝေးတစ်နေရာဆီမှ နှုတ်ဆက်သံပေါ်ထွက်လာသည်။ ချူးယွင်ဖန်းက လှမ်းကြည့်သောအခါ လူငယ်လေးတစ်ဦးနှင့် စုံတွဲတစ်တွဲသည် လျှောက်လှမ်းလာကြသည်ကိုတွေ့ရသည်။ ထိုစုံတွဲသည် အသက်သုံးဆယ်အရွယ်ရှိသည်။ ထိုလူကြီး၏ မျက်ခုံးမွှေးသည်

သူ့ဖခင်နှင့်တူလှသည်။ အမျိုးသမီး၏မျက်နှာက လှပသော်လည်း မောက်မာသည့်ပုံစံပေါက်သည်။

သူတို့နှစ်ဦးသည် ခပ်သုတ်သုတ်လမ်းလျှောက်လာသည်။

သူတို့နောက်မှာရှိသောလူငယ်လေးသည် ချူးယွင်ဖန်းနှင့်ရွယ်တူပဲဖြစ်သည်။ သူ့အမူအရာများသည် အနည်းငယ်ဆင်တူသော်လည်း သူ့မျက်နှာပေါ်မှာ တွန့်ဆုတ်မှုများအတိုင်းသားပေါ်နေသည်။

ထိုမိသားစုသည် ချူးယွင်ဖန်း၏ ဦးလေးဖြစ်သူ ချူးဝမ်ရွှမ် နှင့် သူ၏အဒေါ် လုရှီလင်း တို့ဖြစ်ကြပြီး သူတို့နောက်မှာရှိသောလူငယ်လေးသည် သူ့အကိုဝမ်းကွဲဖြစ်သူ ချူးယွင်ဖေး ဖြစ်သည်။

“အန်တီလေး..ဦးလေး မင်္ဂလာပါ”

ချူးယွင်ဖန်းနှင့် ချူးချင်ရွှမ်တို့သည် အတူတကွနှုတ်ဆက်ဂါဝရပြုကြသည်။

“ဦးလေးနှင့် အဒေါ်”

ချူးယွင်ဖေးသည်လည်း သူ၏မိဘများကိုနှုတ်ဆက်သည်။

“ယွင်ဖန်းနဲ့ ရွှမ်ရွှမ်တို့ပါလား ။ မတွေ့တာကြာလို့လားမသိ ထွားလာကြတယ်” ဟု ချူးဝမ်ရွှမ်က

ပြုံးရင်းပြောသည်။

“ယွင်ဖန်းက ပိုကြည့်ကောင်းလာတယ်။သူ့စာမေးပွဲရလဒ်တွေလည်းပိုကောင်းလာမယ်မလား။ သူကယွင်ဖေးလိုမဟုတ်ဘူး။ ယွင်ဖေးက နေ့တစ်ဝက်လောက် စာမေးပွဲဖြေပြီးတဲ့နောက်မှာ သိုင်းပညာ အထူးတန်း ကို ဝင်ခွင့်ရအောင်ကြိုးစားနိုင်ခဲ့တယ်”ဟု လုရှီလင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသော် လည်း သူမ၏မျက်နှာသည် မသာမယာဖြစ်နေသည်။ သူမ၏ မျက်နှာက ဘာလို့ဒီလိုဖြစ်နေရတာလဲ။

ချူးယွင်ရှင်း၊ ချူးယွင်ဖန်း နှင်း ချူးယွင်ဖေးတို့သည် တစ်နှစ်ထဲမှာ လပိုင်းသာကွာပြီး မွေးကြသော ညီကိုဝမ်းကွဲများဖြစ်ကြသည်။ ကြွားဝါနေကြဖြစ်သော သူ၏အဒေါ် လုရှီလင်း၏ ပုံစံနှင့် ချူးယွင်ဖန်းက အသားကျ နေခဲ့သည်။

“ဟုတ်ပါတယ်..ကျွန်မတို့ယွင်ဖန်းက ဘာမှမဟုတ်ပါဘူးလေ။ သူက သိုင်းပညာအထူးတန်းကိုဝင်ရုံ လောက်ပါပဲ..မဆိုးပါဘူး” ဟု ယန်ရယွင်က ချက်ချင်းပြန်ဖြေသည်။

“ဘာ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဟု လုရှီလင်းက အလန့်တကြားထအော်သည်။ သူမ၏ ပါးစပ်ကို လက်ဖြင့် အရှက်ပြေပြန်အုပ်လိုက်သည်။

“ယောင်းမ..ကျွန်မက အဲ့လိုပြောတာမဟုတ်ပါဘူး။အမတို့ ယွင်ဖန်းလေးက သိုင်းပညာအထူးတန်းကို ဝင်ခွင့် ရတယ် ဟုတ်လား။ ဒီအဖြစ်အပျက်ကို လုံးဝမသိခဲ့လို့ပါ” ယန်ရယွင်၏ စကားလုံးများကို လုရှီလင်း၊ ချူးဝမ်ရွှမ်နှင့် ချူးယွင်ဖေးတို့မယုံနိုင်အောင်ဖြစ်နေသည်။ ချူးယွင်ဖန်းက ကျင့်ကြံခြင်းမှာ မည်သည့်အရည်အချင်းမှ မရှိတာသိကြသည်။ သူက မပြောမဆိုနှင့် ရုတ်တရက်ဆိုသလို သိုင်းပညာ အထူးတန်းကိုမည်ကဲ့သို့ဝင်နိုင်ခဲ့သနည်း။

“သူက ဖုံးကွယ်ထားတာ။ သူ့ကို မကြွားဝါဖို့ ကျွန်မတို့က အမြဲဆုံးမတယ်။ အရမ်းမမောက်မာနဲ့။

ကိုယ့်အလုပ်လေးပုံမှန်လုပ်ပြီး ကိုယ်ဘယ်သူလဲဆိုတာ သိပါစေလို့ အမြဲပြောနေကျလေ။

သိုင်းပညာအထူးတန်းဝင်နိုင်ဖို့ပဲ အာရုံစိုက်ခိုင်းတာ” သူမက အလွန်ဝမ်းသာနေမိသည်။

လုရှီလင်းသည်ချူးယွင်ရှင်းတို့ကို တစ်ခါမှ မကျော်နိုင်သဖြင့် ချူးယွင်ဖန်းကိုအမြဲတစေ နှိမ်ချခဲ့သည်။ ယန်ရယွင်သည် နှစ်ပေါင်းများစွာကြာအောင် စိတ်ထဲအဆင်မပြေခဲ့သော်လည်း ယခုတော့သူမပြန်လည် ချေပနိုင်ပြီဖြစ်သည်။ လုရှီလင်းနှင့် ချူးဝမ်ရွှမ်တို့သည် မယုံကြည်နိုင်သော်လည်း ယန်ရယွင်လိမ်ပြော သည် ဟု မထင်ကြပေ။ သူမက ထိုကဲ့သို့လူမျိုးမဟုတ်ဘူးဟု အရင်ဆုံးတွေးမိကြသည်။ ဒုတိယတစ်ချက် အနေနှင့် ထိုဖြစ်ရပ်က အနှေးနဲ့အမြန် ပေါ်လာတော့မည်။ သူက သိုင်းပညာအထူးတန်းကိုတက်ရောက် ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ထိုအချက် သည် လျှို့ဝှက်ချက်တစ်ခုမဟုတ်နေပေ။ သူတို့မေးမြန်း စုံစမ်း ကြည့်လျှင်သိနိုင်သည်။

ထို့ကြောင့် သူတို့သည် ချူးယွင်ဖန်းကိုကြည့်ကြသည်။ သို့သော်သူက သာမန်ပဲဝတ်ဆင်ထားပြီး သိုင်း ပညာ အထူးတန်း ကိုတက်လှမ်းနိုင်မည့်အရည်အချင်းရှိသည့်ပုံမပေါ်ပေ။ သူက တကယ်ပဲ အစွမ်းတွေကို လျှို့ဝှက်ထားတာလား!!

ထိုအချိန်မှာ သူတို့၏အမြင်များ အထူးသဖြင့် လုရှီလင်း၏ အတွေးအမြင်များ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်သည်။ ထိုအချိန်မှာ သူမက အနည်းငယ်ရှက်ရွံ့နေသည်။ သူမ၏ သားဖြစ်သူကို အလွန်အမင်း ကြွားဝါနေမိခဲ့ပြီး သူမ၏ ဖြစ်ရပ်များကိုအနည်းငယ်ရှက်ရွံ့နေမိသည်။ ရုတ်တရက်ဆိုသလို စကားပြော ရန် ပျင်းရိနေသော ချူးယွင်ဖေးက ရှေ့ကိုတစ်လှမ်းတက်လာသည်။ ထို့နောက် ချူးယွင်ဖန်း၏ ပုခုံးပေါ် ကို သူ၏လက်ကိုတင်လိုက်သည်။ ချူးယွင်ဖန်းကမမှုချေ။ သူက ပုခုံးကိုတစ်ချက် တွန့် သောအခါ သူ့ပုခုံး ပေါ်တင်ထားသော ချူးယွင်ဖေး၏လက်သည် အနည်းငယ်လျှောကြလာသည်။ ချူးချင်ရွှမ်မှလွဲပြီး ကျန် သောသူများမှာ ပညာရှင်များဖြစ်ကြသည်။ သူတို့တစ်လှမ်းလှုပ်ရှားသည်နှင့် အစစ်အမှန် ဟုတ်မဟုတ် ဆိုတာ အားလုံးသိကြသည်။

ချူးယွင်ဖန်း၏ ကျင့်ကြံခြင်းအဆင့်သည် အတုအယောင်မဟုတ်ဘူးဆိုတာ သူ၏ သာမန်လှုပ်ရှားမှုက တစ်ဆင့် သိနိုင်သည်။ သူသည် ချူးယွင်ဖေးထက် အနည်းငယ်သာလွန်သည်။ ချူးယွင်ဖေး၏ မျက်လုံး တွင် ထိတ်လန့် တုန်လှုပ်မှုများဖြစ်ပေါ်လာသည်။ သူကပခုံးတစ်ချက်ပဲတွန့်လိုက်သော်လည်း သူ၏ အမြန်နှုန်းနှင့် ခွန်အားသည် ပြီးပြည့်စုံသည့်အနေအထားမှာရှိနေသည်။ သူ့စိတ်ထဲမှာရှိနေသော အကိုလတ်နှင့်ပတ်သတ်သည့် မှတ်ဥာဏ်များ ကြောင့်သာမဟုတ်ပါက သူရှောင်ရှားမည်မဟုတ်ပေ။

နောက်ဆုံးမှာတော့ ချူးယွင်ဖန်းသည် သိုင်းပညာစာမေးပွဲ ကိုအောင်မြင်သည်ဆိုသော အချက်ကို ယုံကြည်လာသည်။ထိုအရာကြောင့်ပင် ချူးယွင်ဖန်းကိုကြည့် သောအကြည့်များပြောင်းလဲခဲ့သည်။

“ဟုတ်ပါပြီ..ဘာလို့ငါတို့တွေ အပြင်ဘက်မှာပဲရပ်နေကြတာလဲ။ အကိုကြီးနဲ့ အမကြီးတို့လည်း

ရောက်နေကြပြီ။ ပါးပါးနဲ့ မားမားလည်း စောင့်နေကြရောပေါ့။ အထဲဝင်ကြစို့လေ” ဟု ချူးဝမ်ချန်းက ပြောသည်။ ထိုနေရခက်နေသော အနေအထားမှ အားလုံးကိုလွတ်မြောက်စေသည်။

“ဟုတ်တယ် ဟုတ်တယ် အကိုကြီးတို့လည်း အကြာကြီးစောင့်နေကြရောပေါ့” ချူးဝမ်ရွှမ်ကကပျာကယာ ဝင်ပြောသည်။

“ဟုတ်တယ်. အထဲဝင်ကြစို့လေ” ဟု လုရှီလင်းက ပြောသည်။ မိသားစုနှစ်စုသည် ဆိုင်ထဲဝင်လာကြ သည်။ သူတို့ကို ခရီးဦးကြိုပြုနေကြသည်မှာ ခန်းမအတွင်းမှာရှိသော ရိုးရှင်းခန့်ညားလှသည့် စားပွဲခုံကြီး များဖြစ်သည်။

ခန်းမအဆုံးမှာ ဒုတိယထပ်ကိုတက်နိုင်သည့် ကြောင်လိမ်လှေကားရှိသည်။ ပထမထပ်၏ခန်းမကြီး အပြင် ဒုတိယထပ်နှင့် တတိယထပ်တွင် သီးသန့်အခန်းများရှိကြသည်။ သီးသန့်အခန်းများ မရှိသော်ငြား မြန်ဝေဆိုင်မှာ ဧည့်သည်မပြတ်ပေ။ စားပွဲခုံကြီးတစ်ခုံကြိုတင်ချိတ်ရန် အလွန်ခက်ခဲသည်။ ပုံမှန်အားဖြင့် ဧည့်သည်များသည် စားပွဲရရန် တစ်လကြိုတင်ပြီး ချိတ်ဆက်ရသည်။ သူတို့မိသားစုနှစ်ဦးဝင်ပြီး မကြာခင် မှာပင် နှုတ်ဆက်သံများကြားလိုက်ရသည်။

“ဝမ်ချန်..ဝမ်ရွှမ်..ဒီကိုလာ”

အားလုံးကလှမ်းကြည့်သောအခါ စားပွဲဝိုင်းမှာထိုင်နေသော လူလေးဦးကိုတွေ့ကြသည်။ သူတို့ထဲမှ တစ်ဦးသည် ချူးဝမ်ချန်တို့နှင့် ရုပ်ရည်ဆင်တူသော သက်လတ်ပိုင်းအမျိုးသား တစ်ဦးဖြစ်သည်။ သူက လက်များကို ဝှေ့ရမ်းပြနေသည်။

အပိုင်း(၅၀)- ဆွေမျိုးများကိုအံ့အားသင့်စေခြင်း..

ချူးယွင်ဖန်းကြည့်သောအခါ နှုတ်ဆက်ေသောသူသည် ဦးလေးဖြစ်သူ ချူးဝမ်ဒုံဖြစ်နေသည်ကို သိလိုက်ရ သည်။ ချူးမိသားစု၏ သားသုံးဦးထဲတွင် ဦးလေးဖြစ်သူသည် အမြင့်မားဆုံးရာထူးကိုရရှိထားသည်။ သူသည် ယခုလက်ရှိမှာ မြို့၏ဌာနဆိုင်ရာတစ်ခုတွင် ဒါရိုက်တာတစ်ဦးအဖြစ်တာဝန် ထမ်းဆောင်နေ သည်။ သူ၏ ရာထူးသည် အလွန်မမြင့်မားသော်လည်း နိမ့်လည်းမကျပေ။ သူ့မှာ ထိုက်သင့်လျောက်ပတ် သော အခွင့်အာဏာရှိသည်။ သူ၏ဘေးနားတွင်ဂုဏ်သရေရှိအမျိုးသမီးတစ်ဦး အသွင်ဖြင့်ထိုင်နေသူသည် သူ၏အဒေါ်ဖြစ်သူ ယန်ဘင်းဖြစ်သည်။

အလယ်မှာထိုင်နေသူများသည် အဘိုးဖြစ်သူ ချူးဒင်းဂွမ် နှင့်အဘွားဖြစ်သူ ကုံးနင်းရှင်း ဖြစ်သည်။

သူတို့က အသက်ခြောက်ဆယ်၊ ခုနှစ်ဆယ်အရွယ်ဟုထင်ကြသည်။ အမှန်က သူတို့၏ ကျင့်ကြံခြင်း အခြေခံကြောင့်သာ ငယ်ရွယ်နုပျိုသည်ဟုထင်ရပြီး သူတို့နှစ်ဦးလုံးသည် အသက်ကိုးဆယ်နီးပါး ဖြစ်ကြ သည်။မိသားစု နှစ်ခုသည် စားပွဲနားကိုရောက်လာကြပြီးထိုင်လိုက်ကြသည်။

“သားတို့ ဘာလို့ကြာနေကြတာလဲ” ဟု အဘွားချူးကမေးသည်။

“မားမား..သားတို့က အလုပ်လုပ်နေရတာလေ။ အိမ်ပြန်အဝတ်အစားလဲပြီး ဒီကိုတန်းရောက်လာတာပဲ”

ဟု ချူးဝမ်ချန်းက အမြန်အဆန်ရှင်းပြသည်။ တစ်ချိန်တည်းမှာ သူက စားပွဲကိုတစ်ချက်ဝေ့ကြည့်ကာ

“ယွင်ရှင်းကိုလည်းမတွေ့မိပါလား..ဘယ်ရောက်နေတာလဲ”

“ယွင်ရှင်းက သိုင်းပညာအထူးတန်းကိုဝင်ခွင့်ရလို့လေ သူ့သူငယ်ချင်းတွေနဲ့အပြင်ကိုထွက်သွားတာ ခုထိကိုပြန်မရောက်သေးတာ။ သုန့်ဟွာမြို့က ပြန်လာဖို့ကကျ ပင်ပန်းလှတယ်မလား”ဟု အဘွားချူး ကပြန်ဖြေသည်။

“ဘယ်လောက်များပင်ပန်းမှာမို့လိုလဲ။ ခုခေတ် သယ်ယူပို့ဆောင်ရေးတွေက အရမ်းအဆင်ပြေနေပါပြီ။

။

သုန့်ဟွာမြို့ကနေဆို ဒီကိုရောက်ဖို့ နာရီဝက်တောင်မကြာဘူး” ဟု လုရှီလင်းက အထွန့်တက်သည်။

“ဟုတ်သားပဲ..ဒီနေ့ကသူ့မွေးနေ့လေ..ဒါတောင် ဒီမှာ မရှိနေဘူး” ဟုယန်ရယွင်ကလည်းဝင်ပြောသည်။

ချူးယွင်ဖန်းနှင့် ချူးယွင်ဖေးသည် ထိုကဲ့သို့မမျှော်လင့်ထားသဖြင့် တစ်ဦးကိုတစ်ဦးစိတ်ပျက်လက်ပျက် ကြည့်သည်။ သူတို့ကို ချူးယွင်ရှင်း၏ မွေးနေ့ကိုဆင်နွှဲရန် ဖိတ်ကြားထားသော်ငြား မွေးနေ့ရှင်က မရှိနေ ပေ။

“ယွင်ရှင်းက ပြန်မလာချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ သူက ပြည်ထောင်စုတက္ကသိုလ်ကိုဝင်နိုင်ဖို့အရေး

ထောက်ခံပေးချင်တဲ့ဆရာတွေရှိတာသိတယ်မလား။ သူက သူ့အတန်းဖော်တွေကို မချန်ခဲ့ချင်ဘူး။ သူ့က အတန်းဖော်တွေနဲ့ ဆက်ဆံရေးကောင်းမွန်ချင်တယ်။ ပြီးတော့ သူက သိုင်းပညာအထူးတန်းကိုလည်း ဝင်ခွင့်ရထားတယ်လေ” ဟု ယန်ဘင်းက ဝင်ပြောသည်။

“ဟုတ်တာပေါ့..ယွင်ရှင်းရဲ့အရည်အချင်းနဲ့ဆို ငါတို့အားလုံးရဲ့ အနာဂတ်က သူ့အပေါ်မှာ မူတည်နေတယ် လေ” အဘွားချူးက ယွင်ရှင်း၏အကြောင်းကိုပြောသောအ ခါသူမကစိတ်ကျေနပ်နေသည်။

“မားမားကလည်း ဘက်မလိုက်ပါနဲ့။ ယွင်ဖေးကလည်း သိုင်းပညာအထူးတန်းကို ဝင်ခွင်ရခဲ့တယ်” ဟု

လုရှီလင်းက ဝင်ပြောပြန်သည်။

“သူတို့နှစ်ဦးလုံးက သိုင်းပညာအတန်းမှာပေါ့။ ယွင်ဖေးရဲ့အထူးတန်းက ယွင်ရှင်းရဲ့အတန်းနဲ့ ယှဉ်နိုင် လို့လား။ အို..ဟုတ်သားပဲ။ မင်းရောဘယ်လိုလဲ…ယွင်ဖန်း..သိုင်းပညာအတန်းကိုဝင်ခွင့်ရခဲ့လား” ဟု မေးသည်။ အဘွားချူးသည်ချက်ချင်းခေါင်းစဉ်ပြောင်းကာ ချူးယွင်ဖန်းဘက် လှည့်လာသည်။

“ဝင်ခွင့်ရပါတယ်” ဟု ချူးယွင်ဖန်းက အေးဆေးပြန်ဖြေသည်။

ထိုအချိန်မှာ သူ့ဘေးနားမှာထိုင်နေသော ယန်ရယွင်က တစ်စုံတစ်ခုပြောဖို့ပြင်ချိန်တွင် ဘေးမှာ ထိုင်နေသော ချူးဝမ်ချန်းက ထပြောသည်။ “မားမား..ယွင်ဖန်းလည်းအထူးတန်းကိုဝင်ခွင့်ရတယ်”

ယန်ရယွင်က သူမအမျိုးသားကို အံ့အားသင့်စွာလှမ်းကြည့်သည်။ ပုံမှန်အားဖြင့်သူသည်မိန်းမများကြားက စကားဝိုင်းမှာ ဝင်ပြောလေ့မရှိပေ။

“ဘာ.. သူက အထူးတန်းကိုဝင်ခွင့်ရတယ်ဟုတ်လား” အဘွားချူးက အနည်းငယ် ထိတ်လန့်သွားပုံရ သည်။ သူမက ချူးယွင်ရှင်းကိုသာ မျက်နှာသာပေးသော်ငြား တခြားမြေးနှစ်ဦး၏ အနေအထားကို စိတ်ဝင်စား မှုမရှိဘူးဟု မဆိုနိုင်ပေ။ သူတို့ထဲတွင် ချူးယွင်ဖန်းသည် အရည်အချင်း မရှိဆုံးဖြစ်သည်။ သူက သိုင်းပညာအတန်းကို ဝင်ခွင့်ရခြင်းသည်ပင် အံ့အားသင့်ဖွယ်ဖြစ်နေသည်။ သူကဘယ်လိုလုပ်ပြီး အထူးတန်းကိုတက်ရောက်ခွင့်ရရှိသနည်း။

“ဟုတ်ပါတယ်။ ယွင်ဖန်းလည်း အထူးတန်းကိုဝင်ခွင့်ရခဲ့ပါတယ်။” ဟု ယန်ရယွင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသည်။သူမက ဆွေမျိုးများအလန့်တကြားဖြစ်နေသည်ကို ပျော်နေမိသည်။

“ကောင်းပါပြီ။ မြေးတွေအားလုံးက အထူးတန်းကိုဝင်ခွင့်ရတာ ကောင်းတဲ့ကိစ္စပဲ။ ငါတို့တစ်မျိုးလုံး သူတို့ကိုမှီခိုလို့ရတာပေါ့..”

ထိုအချိန်မှာ အဘိုးချူးက “ယွင်ရှင်းက ဒီနေ့မလာပေမဲ့လည်း ကိစ္စမရှိပါဘူး။ မိသားစုအောင်ပွဲလို့

မှတ်ယူလိုက်ကြတာပေါ့။ ဝမ်ဒုံ..ဟင်းပွဲတွေမှာဖို့ခေါ်လိုက်တော့လေ”ဟု ပြောသည်။

ချူးဝမ်ဒုံက စားပွဲထိုးကို အမြန်ခေါ်သည်။အဘိုးချူး၏ အာဏာသည် တစ်မိသားစုလုံးအပေါ်မှာ သက်ရောက် နေဆဲဖြစ်တာကိုညွှန်ပြနေသည်။ ရုတ်တရက်ဆိုသလို ချူးဝမ်ချန်းက မတ်တပ်ထရပ်ကာ

“ပါးပါး..ကျွန်တော့်ခေါင်းဆောင်ကို ဟိုးနားလေးမှာ တွေ့ရလို့ သွားနှုတ်ဆက်လိုက်ပါဦးမယ်”ဟုဆိုသည်။

“ကောင်းပြီ..သွားပါ”

ချူးဝမ်ဒုံ၏ အပြုအမူသည် လူအားလုံး၏ အာရုံကိုဖမ်းစားသည်။ ချူးဝမ်ဒုံက သက်လတ်ပိုင်းအမျိုးသား တစ်ဦးထံ အလေးထားသောအမူအရာဖြင့်လျှောက်လှမ်းလာသည်။ ယခုလေးတင်ပဲ ထိုလူသည် သူ၏ ခေါင်းဆောင်ဟု ပြောခဲ့တာမို့ အားလုံးကမအံ့ဩတော့ပေ။ ထိုခေါင်းဆောင်က မည်သည့်ဌာန မှ ဆိုတာ လည်း သိကြသည်။ သို့သော် ထိုသူမှာ အာဏာရှိသည်ဆိုတာက သိသာသည်။ ချူးဝမ်ဒုံနှင့်တွေ့သောအခါ သူ၏အမူအရာများက တည်ငြိမ်အေးဆေးနေသည်။

“မင်းတို့အားလုံးဝမ်ဒုံဆီကနေ သင်ယူသင့်တယ်။ မင်းရဲ့တက်လမ်းဖြောင့်ဖြူးချင်လျှင် အထက်လူကြီးနဲ့

အဆင်ပြေအောင်သာနေ။ မင်းတို့ကိုအကြံပေးနိုင်တာ ဒါအကုန်ပဲ။ ကျန်တာတော့ မင်းတို့အပေါ်ပဲမူတည် တယ်” ခဏတာ စကားပြောပြီးနောက် ချူးဝမ်ဒုံသည် မိသားစုဆီပြန်လာသည်။ သို့သော် အားလုံးက

အကြည့်လွှဲတော့မည့်အချိန်တွင် နောက်ထပ်လူတစ်စုဝင်လာပြန်သည်။ ထိုအဖွဲ့ခေါင်းဆောင်သည်

သက်လတ်ပိုင်းအရွယ်ရှိပြီး စစ်သားပုံပေါက်သည်။စောနတုန်းက ချူးဝမ်ဒုံ၏ ခေါင်းဆောင်သည် ထိုသူ ထံသို့ အလျင်အမြန်လာရောက်သည်။ သူ့ပုံစံက အလေးထားသည့်ပုံပေါ်ပြီး စောနတုန်းက ချူးဝမ်ဒုံ ၏ ပုံစံအတိုင်းဖြစ်သည်။

လူတိုင်းက ထိုသူဘယ်သူလဲဆိုတာ သိချင်လာသည်။ ချူးယွင်ဖန်းသည် ထိုသူဘယ်သူလဲဆိုတာ

မှတ်မိသဖြင့် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ထိုသူသည် လုယုရှု၏ ဖခင်ဖြစ်သူ လုဝေဂွမ် ဖြစ်သည်။ လုဝေဂွမ်ကို သာမန်စီးပွါးရေးသမားဟု ထင်ခဲ့မိသည်။ လုမိသားစုကချမ်းသာသော် ငြား ယနေ့ခေတ်မှာချမ်းသာသူများစွာရှိနေသည်။ သို့သော် သူ့ဦးလေး၏ ဆရာဖြစ်သူကပါ အလေးပေး ဆက်ဆံခံရမည့်လူ ဟု မထင်ထားမိချေ။ လုဝေဂွမ်ကို လျှော့တွက်မိခဲ့ပြီဆိုတာ ချက်ချင်းပင်သိလိုက် ရသည်။

လုဝေဂွမ်သည် အစိုးရဌာန၏ အကြီးအကဲတစ်ဦးနှင့် တစ်ခဏတာစကားပြောပြီးနောက်ပြန်ဖို့ပြင်ချိန်တွင်

စားပွဲဝိုင်းတစ်ခုမှာ ရင်းနှီသောလူတစ်ဦးကို တွေ့လိုက်ရသည်။ သူက အာရုံစိုက်ပြီးကြည့်သောအခါမှ ချူးယွင်ဖန်းဆိုတာ သိလိုက်ရသည်။ သူက ချူးယွင်ဖန်းဆီသို့ လျှောက်လှမ်းလာသည်။ သို့သော် ချူးမိသားစုက ဘာမှမတုံ့ပြန်ပေ။ လုဝေဂွမ်က ဘေးနားကဖြတ်လျှောက်သည်ဟုသာ ထင်ပြီး သူတို့စားပွဲဝိုင်းရှေ့မှာရပ်လိုက်မည်ဟု မထင်ထားပေ။

သူ မျက်နှာချင်းဆိုင်လိုက်သောလူသည် ချူးယွင်ဖန်းဖြစ်နေသည်။

“မင်းကိုး..ငါမင်းကိုကျော်ပြီး ထွက်သွားတော့မလို့။ ဘာလဲ..သိုင်းပညာအထူးတန်းကိုဝင်ခွင့်ရလို့

အောင်ပွဲခံနေတာလား”ဟု မေးသည်။ ချူးယွင်ဖန်းက ချီပင်လယ်အဆင့်မှာရှိနေတာကို သူ၏

ကျင့်ကြံခြင်းအရသိသည်။ ထိုအနေအထားနှင့်ဆို သာမန်ကျောင်း၏ အထူးတန်းကိုဝင်ရန် မခဲယဉ်းပေ။

အားလုံး၏ အကြည့်သည် ချူးယွင်ဖန်းပေါ်သို့ကျရောက်လာသည်။ ထိုအကြည့်၏ အဓိပ္ပါယ်များက သိသာထင်ရှားသည်။ ချူးယွင်ဖန်းက ဒီလိုပုဂ္ဂိုလ်နဲ့ ဘယ်ချိန်တုန်းက ခင်သွားတာလဲ။ သူတို့ ဘယ်လောက်ပဲကြည့်နေပါစေ ထိုနှစ်ဦးက သာမန်ဖြတ်သွားဖြတ်လာဆက်ဆံရေးမဟုတ်ပေ။

“မစ္စတာလု..” ချူးယွင်ဖန်းက မတ်တပ်ရပ်ပြီး စကားပြောဖို့ ပြင်ချိန်တွင် လုဝေဂွမ်က

ကြားဖြတ်ဝင်ပြောသည်။

“မင်းကိုအရင်က ပြောဖူးတယ်မလား။ ငါက မင်းဆရာနဲ့ရင်းနှီးတယ်။ ဒါကြောင့်မို့ ဦးလေးလုလို့ခေါ်ပါ။

မစ္စတာလုလို့ခေါ်တာက စိမ်းကားတယ်” ဟု လုဝေဂွမ်ကခပ်ပြုံးပြုံးပြောသည်။

“ဟုတ်ကဲ့..ဦးလေးလု..ဒါက ကျွန်တော်တို့မိသားစုပါ။

ကျွန်တော့်အကိုဝမ်းကွဲရဲ့မွေးနေ့ကိုကျင်းပနေတာပါ”ဟု ချူးယွင်ဖန်းက တည့်တိုးပြောသည်။

“ဟုတ်ပါပြီ..ဒီလိုဆိုရင်ရော..အရင်တုန်းက မင်းက ယုရှုကိုကူညီပေးခဲ့တယ်လေ။ မင်းကျေးဇူးကြောင့် ယုရှုက တည်ငြိမ်သမုဒ္ဓရာမြို့ရဲ့နံပါတ်တစ်အထက်တန်းကျောင်းရဲ့ အထူးတန်းကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့ပြီ။မင်းကို ဘယ်လိုမျိုးကျေးဇူပြန်ဆပ်ရမလဲဆိုတာတွေးနေတာ။ ဒီစားသောက်ဆိုင်က

ငါ့အုပ်ချုပ်မှုအောက်မှာ ဆိုတော့ မင်းတို့အတွက် သီးသန့်ခန်းတစ်ခန်း စီစဉ်ခိုင်းလိုက်မယ်။ ပြီးတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီည မင်းတို့စားသမျှ အားလုံးကိုငါရှင်းပေးမယ်။ ဘယ်လိုလဲ”

“မြန်ဝေမှာ သီးသန့်ခန်းတစ်ခန်းရဖို့ဆိုတာ ဒီလောက်ခက်ခဲတာကို”

ထိုအချိန်မှာပဲ သူ့ဝမ်းကွဲညီလေး၏ သရုပ်မှန်ကို ချူးယွင်ဖေးသိလာရသည်။ မြန်ဝေစားသောက်ဆိုင်သည် တည်ငြိမ်သမုဒ္ဓရာတစ်မြို့လုံးမှာ နာမည်ကြီးသည်။ သီးသန့်အခန်းမဆိုထားနှင့် ဒီလိုစားပွဲ တစ်နေရာ စာရရန် ချူးဝမ်ဒုံသည် အချိန်မည်မျှရင်းပြီး ဘယ်လောက်သုံးခဲ့ရလဲဆိုတာ မသိကြပေ။ ယခုတော့ သူတို့အတွက်သီးသန့်ခန်းတစ်ခန်းပြင်ပေးတော့မည်။

တခြားလူများက သူ့ကိုတစ်ညီတညာတည်းကြည့်နေကြသည်။ သို့သော် ယန်ရယွင်၊ ချူးဝမ်ချန်းနှင့် ချူးချင်ရွှမ်တို့သည် တစ်ချိန်တည်းမှာထိတ်လန့်ပြီး အံ့အားသင့်ရသည်။

“အဲ့လောက်ကြီး…မလိုပါဘူးဗျ” ဟု ချူးယွင်ဖန်းက ဆိုသညိ။

ချူးယွင်ဖန်းက အချိန်တိုအတွင်းမှာ အရိုးအဆစ်သန့်စင်ခြင်းအဆင့်ကို ဖြတ်သန်းနိုင်သည်ဆိုကတည်းက သာမန်လူတစ်ဦး မဟုတ်တော့ပေ။ သူ့အနာဂတ်က အတိုင်းအဆမဲ့ဖြစ်သည်။ မဟုတ်ပါက ချူးယွင်ဖန်း ကို သိမ်းသွင်းနိုင်ရန် လုဝေဂွမ်လာမည်မဟုတ်ချေ။ ထို့ပြင် လုယုရှုသည် သူ၏ ကူညီမှုအတွက် အပြည့် အဝ ငွေပေးချေပြီးဖြစ်သည်။ ချူးယွင်ဖန်းအား သိမ်းသွင်းရန် ယခုကဲ့သို့သုံးစွဲမှုက အသေးအဖွဲ ဖြစ်သည်။ သူ့အတွေးထဲမှာ ငွေဖြုန်းတီးခြင်းမဟုတ်ပေ။

“ဒါဆိုလည်း ကျွန်တော့်မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်..ဦးလေးလု” ချူးယွင်ဖန်းက ဆိုသည်။

“ကောင်းပါပြီ..ဒါဆို ငါပြန်တော့မယ်။ စားသောက်ဆိုင်ဆိုတော့ ကောင်းကောင်းကြီးပျော်ပါးကြ

အပန်းဖြေကြပါ” လုဝေဂွမ်က ထိုသို့ပြောကာ ချက်ချင်းထွက်သွားသည်။ ချူးမိသားစုဝင်များကို သိချင် စိတ်လည်းမရှိသလို စိတ်လည်း မဝင်စားပေ။ ထို့ပြင် သူတို့နှင့် ရင်းနှီးမှုက သူ့အတွက် မည်သည့် အကျိုး အမြတ်မှ ရလိမ့်မည်မဟုတ်ပေ။

လုဝေဂွမ်ထွက်သွားပြီးနောက် ချူးမိသားစု၏ အာရုံသည်သူ့ထံရောက်လာသည်။ အမြဲလိုလို တိတ်တိတ် ဆိတ်ဆိတ်နေသော ထိုကောင်လေးသည် ပါရမီရှင်တစ်ဦးဖြစ်နေခဲ့သည်။

“ငါမှတ်မိပြီ။ သူ့ပုံကိုအင်တာနက်မှာမြင်ဖူးတယ်။ သူက လုအုပ်စုရဲ့ ဥက္ကဌ..သူက တည်ငြိမ်သမုဒ္ဓရာမြို့ က အချမ်းသာဆုံးဆယ်ဦးစာရင်းဝင်ဖြစ်တယ်” ဟု ချူးယွင်ဖေးက သူ့ပေါင်ကိုတဖြန်းဖြန်းရိုက်ရင်း ပြော သည်။ လုမိသားစုက သူထင်ထားသည်ထက် အများကြီးသာလွန်ပြီး ချမ်းသာတာကို ချူးယွင်ဖန်းသိလိုက် ရသည်။ သူတို့ကို သာမန်သူဌေးဟုသာထင်မြင်မိခဲ့သည်။

“ယွင်ဖန်း..မစ္စတာလုနဲ့ ဘယ်လိုသိတာလဲ” ဟု ချူးဒင်းဂွမ်က မေးသည်။

“အလုပ်လုပ်ရင်း သူနဲ့တွေ့တာပါ”ဟု ချူးယွင်ဖန်းက ပြန်ဖြေသည်။ အားလုံးက ထိုအဖြေထက်ပိုပြီး သိချင်နေကြသော်ငြား ချူးယွင်ဖန်းက ထပ်ပြီးမရှင်းပြတော့ပေ။ သူ့မိသားစုက ထိုထပ်ပိုပြီး သိချင်ကြ မှာကို သိသော်ငြား လုဝေဂွမ်နှင့်သူက အရမ်းမရင်းနှီးပေ။ လုဝေဂွမ်က သူ့ဆီက တစ်ခုခုလိုချင်၍ ထိုမျှ လောက်ရက်ရောနေသည်ဟု သူခန့်မှန်းမိသည်။ နည်းပြကျင်းဝူမှ တစ်ဆင့်သာ သူတို့သိခဲ့ကြပြီး သူတို့ နှစ်ဦးကြားတစ်စုံတစ်ရာ ဆက်ဆံရေးမရှိပေ။ ထို့ကြောင့် သူ့မိသားစုက ဘယ်လိုပင်မေးနေပါစေ မရင်းနှီး ပါဘူးဟုသာငြင်းဆိုပြီးအလုပ်လုပ်ရင်းတွေ့ခဲ့သည်ဟုသာ ဖြေဆိုသည်။

အပိုင်း (၅၁) ဆေးပညာသည် အဖွဲ့အစည်း

“သူတို့မျက်နှာပေါ်က အကြည့်တွေကို ရှင်တွေ့လား”

ချူးယွင်ဖန်းတို့မိသားစု ရပ်ကွက်ထဲလမ်းလျှောက်နေကြရင်း ယန်ယယွင်က တောက်ပစွာပြုံးကာမေးလိုက်သည်။ သူမဘဝတွင် ယခုလောက်ထိ ဂုဏ်မယူခဲ့ရဖူးချေ။ သူတို့အားလုံးစားသောက်ပြီးစီး၍ အိမ်ပြန်ခဲ့ကြသည့်တိုင် သူမက အနည်းငယ်မျှစိတ်လှုပ်ရှားနေမိသေးသည်။

“ ဟုတ်ပါပြီ၊ ငါတို့ ဒီအကြောင်းတစ်ညလုံးပြောပြီးပြီ”

ချူးဝမ်ချန်းက သူမကို သတိပေးရုံမှလွဲ ဘာမှမလုပ်နိုင်သဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် သူသည်လည်း ပျော်နေ၏။ ဆိုရလျှင် ချူးယွင်ဖန်း၏အောင်မြင်မှုကြောင့် အပျော်ရဆုံးသူမှာ သူပင်ဖြစ်သည်။ ယနေ့၊ သူ့သားက သူ့အားဂုဏ်ယူစေခဲ့သည်။ သူ၏ ဥပက္ခာပြုမှုကြောင့် သူ့သားအနာဂတ် မပျက်စီးခဲ့သည့်အတွက် ပို၍ပင်ပျော်နေ၏။ သူ့သား၏လုပ်ဆောင်ချက်များသည် သူထင်ထား၊ မှန်းထားသည်ထက် အဆများစွာသာလွန်‌ေန၏။

“အမေ၊ ဒါက ဘာမှမဟုတ်ပါဘူး။ နောင်ကျရင် ကျွန်တော်က ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရဦးမှာ။ အချိန်ကျလာတဲ့အခါ၊ ကျွန်တော် သူတို့ကို ဒီထက်ပိုပြီး ဆွံ့အသွားအောင်လုပ်ပြမယ်။”

ချူးယွင်ဖန်းက အပြုံးဖြင့်ဆိုရင်း သူ့ညီမ၏ လျှပ်စစ်ဝှီးချဲကို အရှေ့သို့တွန်းလိုက်သည်။

“အစ်ကိုကြီးက သေချာပေါက် ဝင်ခွင့်ရလိမ့်မယ်လို့ ညီမလေးယုံကြည်တယ်။” ချူးချင်ရွှမ်က ဦးမော့လျက် ဆိုသည်။ ထိုအခါ ချူးယွင်ဖန်းက ချုးချင်ရွှမ်၏ ဦးခေါင်းကိုပွတ်သပ်ပေးလိုက်သည်။ သူစိတ်ထဲတွင်တော့ ဤအရာသည် ပထမဆုံးသော ခြေလှမ်းတစ်ခုသာသာသာဖြစ်သည် ဟုတွေးသည်။ တကယ်တမ်းတွင် သူပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရရန်လိုသေးသည်။ ထင်ရှားကျော်ဇောကာ ညီမလေး၏ ရောဂါကို ကုသပေးရန်လိုသေးသည်။

ညစာစားပွဲတွင် သူတို့မိသားစုထံသို့ လျို့ဝေ့ကော်ချဥ်းကပ်သည့်အချိန်မှစ၍ သူအပေါ်ထားသော မိသားစု၏ အမြင်သည် သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့သည်။ ဦးလေး၏အကြီးအကဲ၊ လျို့ဝေ့ကော်က သူ့ကိုဟင်းထည့်ပေးခဲ့ကာ ကြင်နာစွာဆက်ဆံခဲ့သည်။ ထို့အပြင်၊ သိုင်းပညာအထူးတန်းသို့ တက်ခွင့်ရခြင်းဖြင့် လူတိုင်းကို အံ့သြမင်သက်စေခဲ့သည်။ လူတိုင်း၏မျက်လုံးထဲတွင် သူက ပို၍ လျှို့ဝှက်ဆန်းကြယ်လာသလို နားလည်ရလည်းခက်လာစေခဲ့သည်။

ညစာစားပွဲတွင် အဒေါ်၊ ဦးလေးကပါ လျို့ဝေ့ကော်နှင့် သူ့ကြားဆက်နွယ်မှုကို အံ့သြ၊ ထိတ်လန့်ခြင်းမရှိမေးခဲ့သည်။ ချုးဝမ်ရှုသည်လည်း အရူးတော့မဟုတ်၊ လျို့ဝေ့ကော်အားဤကိစ္စထဲ ဆွဲမထည့်ပေ။

သူက အလုပ်လုပ်ရင်းတွေ့ကြသည်ဟုသာ မရေမရာဖြေခဲ့သည်။ မည်သည့်အချက်အလက်ကိုမျှ ထပ်မံ၍မဖော်ထုတ်။ အခြားသူများ၏ မျက်လုံးထဲတွင်မူ ဤအရာသည် ဖုံးကွယ်ထားခြင်းတစ်ခုကဲ့သို့ဖြစ်လာခဲ့၏။ မည်သို့ကြည့်ကြည့် သူတို့နှစ်ဦးသည် သာမန်လုပ်ဖော်ကိုင်ဖက်တော့မဟုတ်နိုင်ပေ။

အခြားတစ်ဖက်တွင်မူ သူ့အဖိုးနှင့် အဖွား၏ ချူးယွင်ဖန်းတို့မိသားစုအပေါ် အမြင် တိုးတက်လာခဲ့သဖြင့် သူ့မိဘတွေကို ပို၍ ပျော်ရွှင်ကျေနပ်စေခဲ့သည်။ သူ့စိတ်ထဲတွင်တော့ သူတို့သဘောကျသည်မကျသည်က သူ့အတွက်မထူးလှပေ။ ဥပေက္ခာများဖြင့် နေသားကျနေခဲ့ပြီးသားဖြစ်သည်။ သို့သော်၊ သူ့မိဘများသည်တော့ သိသိသာသာ ပျော်ရွှင်နေကြ၏။

မကြာမီတွင်ပင် အိမ်သို့ပြန်ရောက်ခဲ့ကြသည်။ ခြေလက်ဆေးကြောပြီးနောက် သူတို့အားလုံး ကိုယ့်အခန်းသို့ကိုယ်ပြန်ခဲ့ကြသည်။ ချူးယွင်ဖန်းက ကွန်ပျူတာကိုဖွင့်လိုက်ကာ အင်တာနက်ကိုစချိတ်လိုက်၏။

ခေတ်သစ်လူ့အဖွဲ့အစည်းတွင်၊ အင်တာနက်ကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲနိုင်သည်။ ပထမတစ်မျိုးမှာ မျက်မှောက်ခေတ်နှင့် ဆင်တူသည်။ သို့သော်လည်း ယခင်နှင့် အလုံးစုံအတူကြီးတော့မဟုတ်ပေ။ ဝဘ်စာမျက်နှာဖြင့် ကွန်ပျူတာပေါ်တွင်တင်ပြသည့်အစား၊ အသုံးပြုသူ၏မျက်နှာရှေ့တည့်တည့်တွင် သုံးဘက်မြင် 3D ပုံစံဖြင့် တိုက်ရိုက်ပြသသည်။ တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ဗီဒီယိုကြည့်ခြင်း နှင့် ဆက်သွယ်ရေးကိစ္စရပ်များတွင် ပုံမှန်အားဖြင့် ဤသို့သော အင်တာနက်စနစ်ကိုသုံးသည်။

ဒုတိယတစ်မျိုးမှာ အွန်လိုင်းတွေုဆုံမှုကွန်ရက်ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် နေရာတစ်ခုသို့ အသုံးပြုသူအား အွန်လိုင်းစနစ်ဖြင့် ရောက်စေခြင်းဖြစ်သည်။

နောက်နှစ်ရက်ကြာလျှင်၊ ဆေးအလုပ်သင်လေ့ကျင့်ရေးအတွက် စာစစ်ပွဲရှိသည်။ ဤစာစစ်ပွဲသည် ယခင်ကျင်းပခဲ့သော အွန်လိုင်းစနစ်ဖြင့်ဖြေဆိုရသည့်စာစစ်ပွဲများနှင့်မတူ။ ဆေးသင်တန်းသားသည် လက်တွေ့ဖြေရမည်ဖြစ်ကာ ပစ္စည်းအစစ်အမှန်များဖြင့် ကိုင်တွယ်ဖြေဆိုရမည်ဖြစ်သည်။

နောက်ဆုံးတွင် သူသည် ဆေးပညာအလုပ်သင်အဆင့်သာဖြစ်သော်ညားလည်း ပညာရှင်အစစ်ဟု မိမိကိုယ်မိမိယူဆနိုင်မည်ဖြစ်သည်။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်ထဲမှ၊ ရှေးလူသားများ ခေတ်ကာလတွင် ဆေးပညာရှင်သည် တရားဝင် အမှီအခိုကင်းလွတ်သူဟု ယူဆနိုင်ခဲ့သည်။ သူတို့သည် ပညာရှင်၏အကူအဖြစ်သာနေရသော ဆေးပညာသင်များနှင့်မတူ။ ဆေးရွက်ခူး‌ပေးရသော၊ တောက်တိုမယ်ရလုပ်ရသော၊ မီးဖိုထဲမီးထည့်ရသော၊ အခြားအောက်ခြေသိမ်းအလုပ်များလုပ်ရသော ပညာသင်များနှင့်မတူတော့ပေ။

သို့သော်လည်း စာစစ်ပွဲဖြေရန် ကြိုတင်၍ စာရင်းပေးရသည်။ ထို့အပြင်၊ ယွမ် ၁၀၀၀၀ ကို စာရင်းသွင်းကြေးအဖြစ်ပေးရသေးသည်။ ထိုမှသာ စာရင်းပေးသွင်းခြင်းလုပ်ငန်းစဥ်တစ်ခုလုံး ပြီးဆုံးနိုင်မည်ဖြစ်သည်။ ရှေ့ရက်များတွင် ဌာနခွဲစာစစ်ပွဲအတွက် အလုပ်များနေခဲ့ဖြင့် စာရင်းသွင်းချိန်မရခဲ့ပေ။ ထို့ကြောင့်၊ ယခု စာရင်းပေးဖို့နောက်ဆုံးရက်အမှီ ကြိုးစားနေရခြင်းဖြစ်သည်။

စာရင်းသွင်းပြီးသည့်နောက်တွင် ချူးယွင်ဖန်းက ကွန်ပျူတာကိုပိတ်လိုက်ကာ တရားထိုင်ရင်းအနားယူ၏။ ဆေးသင်တန်းသား စာစစ်ပွဲရောက်ရန် နှစ်ရက်ခန့်လိုသေးသည်။ ထိုနှစ်ရက်ကို အခွင့်ကောင်းယူကာ ဆေးပညာရှင်အစည်းအရုံးသို့ သတင်းအချက်အလက်စုဆောင်းရန် သွားဖို့စီစဥ်ထားသည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များ သူ့ခေါင်းထဲတွင်ရှိနေသော်လည်း ဆေးပညာရှင်များ၏ လက်ရှိတိုးတက်ပြောင်းလဲမှုများကို သူသေချာမသိသေးပေ။ အထူးသဖြင့် ဆေးသင်တန်းသားစာစစ်ပွဲတွင် သူ့စိတ်တိုင်းကျ သန့်စင်ရေးနည်းလမ်းများသည် ဆေးပညာသည်အစည်းအရုံး၏ စံချိန်၊ စံနှုန်းများနှင့် တူညီမည်မဟုတ်ပေ။ သို့ဖြစ်၍ မတူညီသောဆေးစပ်နည်းများကို အရင်စုံစမ်းရန်လိုသည်။

ရှေးလူသားများ ခေတ်ကာလ၌ပင် မတူညီကွဲပြားသော ဆေးစပ်နည်းများနှင့် ဆေးဝါးများလည်း ရှိနေခဲ့သည်။ အကယ်၍ ပါဝင်ပစ္စည်းတစ်ခုခုပြောင်းလဲသွားလျှင်ပင် ဆေးဝါး၏ နောက်ဆုံးရလဒ်သည် အလွန်ကွဲပြားနေနိုင်၏။

ခေတ်သစ် လူ့အဖွဲ့အစည်းတွင် ခန္ဓာကိုယ်သန့်စင်ဆေးပြားများသည်ပင် ဆေးသန့်စင်သည့် နည်းလမ်းများစွာရှိ၏။ အဆုံးသတ်တွင် ယခုခေတ်၌ ခန္ဓာကိုယ်သန့်စင်ဆေးပြားများကို အလွန်ပင်လူသိများလာခဲ့ရာမှစ၍ အသက်သည် အဓိက သန့်စင်ရေးစံပုံစံဖြစ်လာခဲ့သည်။ ဤနည်းစနစ်ဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်သန့်စင်ဆေးပြားများသည် ငွေကြေးအားဖြင့်အမြင့်ဆုံးရှိနေ၏။

ဤနည်းလမ်းသည် ခေတ်သစ်ကျင့်ကြံရေးကာလ၊ ဆေးဝါးသန့်စင်ရေးစက်မှုလုပ်ငန်း၏ လိုအပ်ချက်များနှင့်လည်း ကိုက်ညီသည်။ မှန်သည်။ အချို့လူချမ်းသာများသည် ဆေးအထူးပြုပညာသည်များကိုငှါး၍ စျေးကြီးသော်လည်း အကျိုးအမြတ်ပိုများမည့် ခန္ဓာကိုယ်သန့်စင်ဆေးပြားများကိုထုတ်လုပ်စေနိုင်သည်။ ဥပမာအားဖြင့်ဆိုရလျှင်၊ ချူးယွင်ဖန်းသောက်ဖူးခဲ့သော ခန္ဓာကိုယ်သန့်စင်ဆေးပြားသည် ဤကဲ့သို့သောဆေးပြားတစ်မျိုးဖြစ်သည်။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်ကိုရရှိထားသဖြင့် ဆေးဝါးအစည်းအရုံးထံမှ မှန်ကန်သောဖော်စပ်နည်းကိုသိရလျှင် သူ့အတွက် မှတ်ရန်ခက်ခဲလိမ့်မည်မဟုတ်ပေ။ ဆေးဝါးသန့်စင်ခြင်းလုပ်ငန်းစဉ်နှင့် နည်းလမ်းအားလုံးသည် အခြေခံကျွမ်းကျင်မှုများ စုပေါင်းထားခြင်းပင်ဖြစ်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်နှင့် ရိုးတွင်းခြင်ဆီအထဲထိနစ်မြုပ်နေသော အခြေခံကျွမ်းကျင်မှုများရှိသည့် ချူးယွင်ဖန်းအတွက်မူ ဤအရာသည် ခက်ခဲသည့်အရာတော့မဟုတ်။

ထို့အပြင် လက်ရှိဆေးပညာ၏ အဆင့်အတန်းကို နားလည်ချင်သေးသည်။ အချို့သောသတင်းအချက်အလက်များကို အင်တာနက်ကွန်ယက်မှတစ်ဆင့် ရရှိနိုင်သော်လည်း တချို့ကိုမူ ဆေးပညာသည်အစည်းအရုံး၏ စာကြည့်တိုက်တွင်သာ ရှိနေနိုင်သည်။ ထို့ကြောင့် အစည်းအရုံးဆီသို့ သူသွားကိုသွားရမည်ဖြစ်သည်။

နောက်နေ့မနက်တွင် ချူးယွင်ဖန်းက မိသားစုကိုနှုတ်ဆက်၍ မြို့လယ်ရှိ ဆေးပညာသည်အစည်းအရုံးသို့ ထွက်ခွါလာခဲ့သည်။ သူ ဆေးပညာသည်အစည်းအရုံးသို့ နောက်ဆုံးရောက်ခဲ့သည့်အချိန်ကဲ့သို့ပင် မည်သည့်ပြောင်းလဲမှုမျှရှိမနေ။ ထိုနေရာသည် ကားအသွားအလာများဖြင့်စည်ကားနေပြီး လူပင်လယ်ကြီးနှင့် ပြည့်နေသည်။ မနက်အစောပိုင်းဖြစ်သော်ညားလည်း အစည်းအရုံးတွင် လူများစွာရှိနှင့်နေပြီးသားဖြစ်သည်။ အချို့သည် ဆေးဝါးပြုလုပ်ရန်ရောက်နေပြီး၊ အချို့သည် အခြားသူများကို အလုပ်ခိုင်းရန်ရောက်နေကြ၏။ အချို့မှာမူ ဆေးဝါးဝယ်ယူရန်ရောက်နေ၏။ တစ်ချိန်တည်းမှာပင် ဤနေရာသည်ဆေးဝါးနှင့်ပက်သက်၍ အသက်ဝင်သောစျေးကြီးတစ်ခုဖြစ်နေ၏။

ဆေးပညာသည်အစည်းအရုံး၏ စာကြည့်တိုက်သည် အများသူငှါအတွက်ဖွင့်လှစ်ပေးခြင်းမရှိပေ။ စာကြည့်တိုက်ထဲဝင်ရန် အနည်းဆုံးတော့ ပညာသင်ဖြစ်ရမည်။ အကယ်၍ ပညာသင်ဖြစ်လျှင်တောင် ဝင်ကြေးအဖြစ် တစ်နာရီလျှင် ယွမ်၁၀၀ ပေးဆောင်ရမည်။ ကံကောင်းစွာဖြင့် လက်ရှိချူးယွင်ဖန်းအတွက်တော့ ဤအခကြေးငွေသည် ဘာမှမဟုတ်လှပေ။

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ကျင့်ကြံခြင်း၊ မြေ၊ နိုင်ငံရေးနှင့် ဥစ္စာစည်းစိမ်တို့ကို နေရာတိုင်းတွင်လိုအပ်သည်။

ယခုနည်းပညာခေတ်ရောက်သည့်တိုင် စာကြည့်တိုက်သည် ရှေးခေတ်စတိုင်ဖြင့် ဆောက်လုပ်ထား၏။ စာအုပ်တန်းများနှင့် စာအုပ်များကို အထူးစက္ကူဖြင့်ပြုလုပ်ထားပြီး၊ နှစ်ပေါင်းရာချီ၊ ထောင်ချီသည့်တိုင်အောင် မပုပ်သိုး၊ မပျက်စီးအောင်ပြုလုပ်ထားသည်။

မြေရာစျေးကြီးသော တည်ငြိမ်သမုဒ္ဒရာမြို့လယ်တွင် ဤသို့ ကြီးမားသော စာကြည့်တိုက်တစ်ခုကို ဆောက်လုပ်ခြင်းသည် ဆေးပညာရှင် အစည်းအရုံး၏ ကြွယ်ဝမှုကိုပြနေ၏။

ချူးယွင်ဖန်းက စာကြည့်တိုက်ထဲဝင်ကာ သူရှာနေသော အချက်အလက်ကို စတင်၍ရှာ၏။

All Chapters