← Chapters

အခန်း ၅၂-၅၄

Vol. 4 Ch. 52-54

အခန်း ၅၂-၅၄

Vol. 4 Ch. 52-54

အပိုင်း (၅၂) ဒီစာအုပ်မှာ အမှားရှိတယ်ပြောဖို့ ရှင့်မှာ ဘာပြောပိုင်ခွင့်ရှိလဲ

ချူးယွင်ဖန်းက အဦးဆုံးအနေဖြင့် ဆေးသင်တန်းသားစာစစ်ပွဲအတွင်း အသုံးပြုမည့် ဆေးဝါးဖော်စပ်နည်းအချက်အလက်ကို စစ်ကြည့်သည်။ “ဆေးပညာသင်စာမေးပွဲ မတိုင်မီ ရက် ၁၀၀”၊ “ဆေးသင်တန်းသားစာမေးပွဲကို ဘယ်လိုစာရင်းပေးရမလဲ”၊ “ဆေးသင်တန်းသားစာစစ်ပွဲအပေါ် ကျွန်ုပ်၏အမြင်” အစရှိသော ခေါင်းစဉ်များဖြင့် စာအုပ်များစွာရှိသည်။

စာအုပ်အတော်များများကို လှန်လှောကြည့်ပြီးသည့်နောက်တွင် ချူးယွင်ဖန်းက ဆေးပြားအကဲဖြတ်စစ်ဆေးမှု အတိုင်းအတာနှင့် စာမေးပွဲအတွက် ဆေးစပ်နည်းများများကို သိရှိခဲ့ရပြီးဖြစ်သည်။

တကယ်တော့ ဤအရာများသည် လျှို့ဝှက်ချက်များမဟုတ်ပေ။ အဆင့်မြင့်ဆေးစပ်နည်းများမှလွဲ၍ စံသတ်မှတ်ထားသော ဆေးစပ်နည်းများကို အများပြည်သူအတွက်ချပြထားသည်။ လက်ရှိလူ့အဖွဲ့အစည်းတွင် ပြည်ထောင်စုအစိုးရက ဆေးပြားသန့်စင်စက်မှုလုပ်ငန်းနည်းစနစ်များကို အမြဲ မြှင့်တင်လေ့ရှိသည်။ ယခုဆေးဝါးသန့်စင်ခြင်းကို အခြားစက်မှုလုပ်ငန်းထုတ်ကုန်များနှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း ဤသို့ စနစ်တကျမြှင့်တင်မှုကြောင့် နှစ်ပေါင်းတစ်ရာခန့်အကြာ၊ ယခုအချိန်တွင် ဆေးဝါးသန့်စင်ခြင်း၏ အကျိုးအာနိသင်နှင့် အရေအတွက်တို့သည် ယခင်ထက်ပို့၍တိုးတက်လာခဲ့သည်။ ဤနည်းလမ်းကသာလျှင် ကျင့်ကြံခြင်း၏ ကြီးမြတ်သောခေတ်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

စစ်မှန်သော ထိပ်တန်း လျှို့ဝှက်ချက်များမှာ ထူးခြားသော ဆေးစပ်နည်းများနှင့် ပို၍ရှားပါးသောဆေးစပ်နည်းများသာဖြစ်သည်။ ဤဆေးစပ်နည်းများသည် ပုံမှန်အားဖြင့် ဆေးပညာရှင်ကြီးများနှင့် ပြည်ထောင်စုအစိုးရကဲ့သို့ကြီးမားသော အဖွဲ့အစည်းများလက်ထဲတွင်ရှိသည်။

ဤဆေးစပ်နည်းများကိုရှာကြည့်ပြီးသည့်နောက်၊ ချူးယွင်ဖန်းသည် ဆေးသန့်စင်ခြင်း၏ အခြားသောအချက်အလက်များကို ဆက်၍ရှာကြည့်သည်။ ဤနေရာသည် အများပြည်သူနှင့်သက်ဆိုင်သော စာကြည့်တိုက်ဖြစ်သည်။ ထို့ကြောင့် အခြေခံကျသော အချက်အလက်များမှလွဲ၍ ဆေးဝါးသန့်စင်ခြင်းနှင့်ဆက်နွယ်သော လေးနက်သည့် ကိစ္စရပ်များမရှိပေ။ သီအိုရီကျသော အချက်အလက်များသာရှိသည်။ ဆိုရလျှင် သီအိုရီကျသောအချက်အလက်များသည် ရှုပ်ထွေးပုံပေါ်သော်လည်း မည်သည့်အရေးကြီးအချက်အလက်မျှမပါပေ။

သို့သော် ယခု ချူးယွင်ဖန်းရှာဖို့လိုသည်မှာ ဤသီအိုရီကျသော အချက်အလက်သာဖြစ်သည်။ ဤအချက်အလက်မှတစ်ဆင့် သူ၏ ဆေးပညာအ‌ရည်အချင်းကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းက စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ်လိုက်ရှာကြည့်သည်။ ကံကောင်းစွာဖြင့် ဤအရာများသည် အချို့သီအိုရီများကို ဘက်လိုက်ထားသော အချက်အလက်များ သို့မဟုတ် အတော်လေးအခြေခံကျသော ပစ္စည်းများဖြစ်သည်။ ထို့ကြောင့် မည်သည်ထပ်တိုးအခကြေးငွေမျှ ပေးရန်မလို။ အကယ်၍ ၎င်းတို့သာ လေ့ကျင့်ရေးကိရိယာများဖြစ်လျှင် မူရင်းပစ္စည်းများအပေါ်မူတည်၍ အခကြေးငွေကောက်ခံမည်ဖြစ်သည်။

“ရှေးခေတ်ကျင့်ကြံရေးအထွဋ်အထိပ်ကာလ၏ ဆေးစနစ်များစုစည်းမှု”၊ “ရေနဂါးပင်၏ အစွမ်းဂုဏ်ရည် များကို ရှာဖွေခြင်း”၊ “ဆေးပညာ မိတ်ဆက်” စသဖြင့်။

ချူးယွင်ဖန်းက စာအုပ်တစ်အုပ်ပြီးတစ်အုပ်ကို ဆက်ဖတ်သည်။ သူ့စာဖတ်နှုန်းသည် အကြည့်တစ်ချက်နှင့်ပင် စာကြောင်း၁၀ကြောင်း ဖတ်နိုင်သည်အထိ သိပ်ကိုမြန်လွန်းသည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံထားရခြင်းကြောင့်ပင်မဟုတ်ဘဲ သူကိုယ်တိုင်ကပါ ဆေးပညာနှင့် ပတ်သတ်သောအချက်အလက်များကို ရင်းနှီးကျွမ်းဝင်သောကြောင့်ဖြစ်သည်။ ထို့အပြင် သူ၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အကြည့်တစ်ချက်နှင့်ပင် အရာခပ်သိမ်းကို နားလည်နိုင်နေ၏။

ယခုအချိန်၌မူ သူ့ဦးနှောက်သည် သတင်းအချက်အလက်အမျိုးမျိုးကို တခဏအတွင်းလုပ်ဆောင်ပေးနိုင်သော စူပါကွန်ပျူတာနှင့်တူသည်။ ဤအရာသည် လူအများပြောသော ပါရမီပင်ဖြစ်လိမ့်မည်။ တကယ်တမ်းတွင်မူ ကျင့်ကြံရေးလောက၏ ခက်ခဲသောပုစ္ဆာများတွင် လွယ်ကူသော ဖြေရှင်းချက်များ အမြဲတစေရှိတတ်သည်။ ဥပမာတစ်ခုတည်းမှ ကောက်ချက်ချခြင်းဖြင့် ကိစ္စတစ်ခုသည် ဘယ်တော့မှ ပြီးမြောက်မည်မဟုတ်ပါ။ ပါရမီဟူသည်မှာ ဤသို့သောအရည်အချင်းများကို ပေါင်းစုထားခြင်းသာဖြစ်သည်။

ဤအခိုက်အတန့်တွင် သူသည်အာရုံမခွဲနိုင်သော အခြေအနေသို့ရောက်ရှိနေပြီ။ နှောင်းကာလဆေးဝါးနည်းစနစ်များကို နားလည်ရန်လိုသေးသည်။

သူ ပို၍နားလည်လာသည်နှင့် ခေတ်ပေါ် ဆေးပညာရပ်သည် တကယ့်ကိုပင် သာမန်မဟုတ်၊ ထူးခြားသည်ကို ပိုသိလာရသည်။ ရှေးလူသားခေတ်ကာလလူ့အဖွဲ့အစည်းတွင် ဆေးစနစ်သည် တိုးတက်ရန် နှစ်ပေါင်း တစ်သောင်းခန့်ကြာခဲ့သည်။ ထိုကာလ၏ အချိန်တိုအတွင်းကြီးမားသောပြောင်းလဲမှုမှာ ကြီးကျယ်မြင့်မြတ်သော ဆေးပညာရှင်ပေါ်ထွန်းမှုကြောင့်သာ ဖြစ်နိုင်လိမ့်မည်။

သို့သော်၊ ခေတ်သစ် နှောင်းကာလဆေးစနစ်သည် ရှေးခေတ်လူ့အဖွဲ့အစည်းကဲ့သို့ အောင်မြင်ခြင်းမရှိသော်လည်း သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ဆောင်ရွက်ရန် လူသားမျိုးနွယ်တစ်ခုလုံး၏ စွမ်းအားကို စုဆောင်းနိုင်ခဲ့သည်။ ဤအမြန်နှုန်းသည် ရှေးခေတ်လူ့အဖွဲ့အစည်းက ယှဥ်နိုင်မည့်အရာတစ်ခုတော့ မဟုတ်ချေ။

သူ့မှတ်ဉာဏ်ထဲမှ ဆေးဧကရာဇ်သည် ဆေးပညာတွင် ယှဥ်နိုင်စွမ်းမရှိသူ၊ သူတစ်ဦးတည်း၏ အစွမ်းသတ္တိနှင့်ပင် ရာချီ၊ ထောင်ချီ၊ သို့မဟုတ် သောင်းချီသောသူများ၏ ခွန်အားကိုကျော်လွန်နိုင်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အထုံပါရမီနှင့်ပြည့်စုံသော ဉာဏ်ကြီးရှင်သာဖြစ်သည်။

သို့သော် သူသည် လူသားမျိုးနွယ်တစ်ခုလုံး၏ ခွန်အားကိုတော့ မကျော်လွန်နိုင်ခဲ့ပေ။ ယခုအချိန်တွင် ပြည်ထောင်စု အစိုးရက ဆေးပညာ သုတေသနတွင်ပါဝင်သူ ဆေးပညာသည်အရေအတွက်ကို ကြေညာခြင်းမရှိသော်လည်း အနည်းဆုံး လူပေါင်းတစ်သိန်းခန့်တော့ရှိမည်ဟု ဆို၍ရနိုင်သည်။ နယ်ပယ်သာ အနည်းငယ်ကျယ်ပြန့်သည်ဆိုပါက လူသန်းပေါင်းများစွာပါဝင်သည်ဟုပြောလျှင်ပင် ချဲ့ကားပြောခြင်းမဟုတ်ပေ။

ထို့အပြင် သူဖတ်သွားသည့်တစ်လျှောက်တွင် အမှားများစွာကို ရှာတွေ့သည်။ ဆိုရလျှင် ယခုလက်ရှိ သုတေသနလုပ်ထားသော လူ့အသိုင်းအဝိုင်းအတွင်းမှ ဆေးပညာသည် အစအဆင့်များတွင်သာရှိသေးသည်။ အကြောင်းအရာများစွာရှိသော်လည်း ၎င်းတို့အားလုံးသည် သီအိုရီကျသော သုတေသန၊ သို့မဟုတ် သီအိုရီကျသော ယူဆချက်များပင်ဖြစ်သည်။

ဤယူဆချက်များ၏ ဦးတည်ချက်သည် ချူးယွင်ဖန်း ယခင်ကလျှောက်ခဲ့ဖူးသော လမ်းကြောင်းသာ ဖြစ်သည်။ သဘာဝကျကျပင်၊ အမှားများကို လွယ်ကူစွာသတိထားမိသည်။

“နောက်ထပ် အမှားတစ်ခု။ စာအုပ်လို့ခေါ်တဲ့ စာအုပ်တစ်အုပ်မှာ အမှားက ဆယ်ခုထက်မနည်းဘူး။ ကံကောင်းလို့ စာရေးသူက ကိုယ်ကိုယ်ကိုယ် သတိထားမိပေလို့ပေါ့၊ တော်တော်များများက သူ့ကိုယ်ပိုင်ယူဆချက်လို့ ပြောထားတော့ သူကို နားလည်မှုလွဲတာတွေနဲ့ ပက်သက်ပြီး စောဒကတက်လို့မရတော့ဘူးပေါ့”

ချူးယွင်ဖန်းက သူ့ဘာသာ‌ရေရွတ်လိုက်သည်။ သူက စာဖတ်သွားရင်း အမှားများကိုဖော်ထုတ်သွားသည်။ ထို့နောက် ပြင်းပြလေးလံသော အသက်ရှု ခြင်းကို သူ့လည်ပင်းနားမှ ခံစားလိုက်ရသည်။ မော့ကြည့်လိုက်သည့်အခါတွင် အမျိုးသမီးငယ်တစ်ဦးက သူ့အားငေးကြည့်နေသည်ကို တွေ့လိုက်ရ၏။

အမျိူးသမီးငယ်လေးသည် အသက် ၁၃၊ ၁၄ ဝန်းကျင်လောက်ရှိမည်ဟုထင်ရသည်။ ထက်မြတ်သော မျက်နှာမျိုးရှိကာ ဆံနွယ်ရှည်ကြီးများက သူမတီရှပ်၏ ပခုံးပေါ်မှ ဖြာကျလျက်ရှိသည်။ သူမ၏ ဘောင်းဘီအဆုံးတွင် ခြေတံရှည်လေးနှစ်ချောင်းက သွယ်လျနေကာ သူမအား သက်တူရွယ်တူများထက် အရပ်ပိုရှည်သည်ဟု ထင်ရစေသည်။

သူမက ချူးယွင်ဖန်းအား ရွှန်းလဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေသည်။ နှဖူးထက်သို့ ဝဲကျနေသော ဆံမြိတ်ကလေးသည် သူမအား ပို၍ ချစ်ဖို့ကောင်းနေစေသည်။

“ မင်း ဘယ်သူလဲ” ချူးယွင်ဖန်းက အံ့သြတုန်လှုပ်စွာမေးလိုက်သည်။ ကောင်မလေးသည် အလွန်အမင်းချစ်စဖွယ်ဖြစ်နေသော်လည်း ယခုကဲ့သို့ စိုက်ကြည့်ခံနေရခြင်းကိုတော့ အဆင်မပြေဖြစ်ရသည်။

“ဒီစာအုပ်မှာ အမှားတွေရှိတယ်လို့ ရှင်ပြောလိုက်တာလား။အမှား ၁၀ခုထက်မနည်းရှိတယ်ဆို”

အမျိုးသမီးငယ်လေးက ချုးယွင်ဖန်းအား လက်ညှိုးတည့်တည့်ထိုးကာ စိတ်ဆိုးစွာဆို၏။

“ဒီစာအုပ်မှာ အမှားတွေရှိနေတာက ထူးဆန်းတဲ့ကိစ္စလား” ချူးယွင်ဖန်းက ဆိုသည်။

“မဖြစ်နိုင်တာ။ ဒီစာအုပ်မှာ အမှားရှိတယ်ပြောဖို့ ရှင့်မှာ ဘာပြောပိုင်ခွင့်ရှိလဲ။” သူမက သူသာသေချာမရှင်းပြနိုင်လျှင် သူမကိုယ်တိုင်သင်ခန်းစာပေးတော့မည့်ပုံစံဖြင့် စူးရှစွာအော်လိုက်သည်။

ချူးယွင်ဖန်းက စာရွက်များကို ခပ်မြန်မြန်လှန်လျောလိုက်သည်။ ဤစာအုပ်သည် စာရေးသူ ပိုင်ဟုန်၏ “ ဆေးပညာမှ သောင်းပြောင်းထွေလာများ” ဖြစ်သည်။ သူ့တွင် စာရေးသူနှင့်ပက်သက်၍ မည်သည့် ထင်မြင်ချက်မျှမရှိပေ။

တကယ်တမ်းဆိုရလျှင် ဆေးဧကရာဇ် တုချင်းထောင်မှလွဲ၍ ဆေးလောကတွင် ချူးယွင်ဖန်းသိသောသူ နည်းပါးသည်။ အခြားသူများအပေါ်ထားသော သူ့နားလည်မှုမှာလည်း အကန့်အသတ်ရှိသည်။

သို့သော် သူသည် အရူးတစ်ယောက်မဟုတ်ပေ။ သူက ပိုင်ဟုန်၏ နာမည်ကို လက်ညှိုးထိုးပြကာဆိုသည်။

“ကျွန်တော် တောင်းပန်ပါတယ်။ ဒီပိုင်ဟုန်ဆိုသူကမင်းနဲ့ တစ်ခုခုများပတ်သက်နေသလား”

“ငါက သူ့အပေါ် အထင်ကြီး၊ သဘောကျတဲ့သူဖြစ်လို့မရဘူးလား”

“ခုဏကတုန်းက ရှင်ပဲ အရမ်းထက်မြက်တယ်လို့ မပြောလိုက်ဘူးလား”

“အခုကျ ဘာလို့ပါးစပ်ပိတ်နေရတာလဲ”

“ဒီစာအုပ်ထဲမှာ အမှား ၁၀ ခုထက်မနည်းပါတယ်လို့ ရှင် မပြောလိုက်ဘူးလား”

“ဟုတ်ပြီ၊ ဒါဆို အခုကျွန်မကိုပြောစမ်း”

အခန်း (၅၃) ဆေးနှင့်ဆိုင်သော နိုးထခြင်းဖော်မြူလာ

အမျိုးသမီးငယ်က သွယ်လျဖျော့တော့သော လက်ညှိုးကလေးနှင့် ချူးယွင်ဖန်းကို တည့်တည့်ထိုးရင်း စိတ်ဆိုးစွာပြောသည်။

“မင်း ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ။ လူသားတွေက နတ်တွေ၊ သိကြားတွေမဟုတ်ဘူးကွ။ သဗ္ဗညုဉာဏ်တို့ အနန္တတန်ခိုးတွေတို့ ရှိနေတာ မဟုတ်ဘူး။ အမှားတွေပါတာ ဘာထူးဆန်းလို့လဲ”

ချူးယွင်ဖန်းက စိတ်မဝင်စားစွာဆိုသည်။

အမျိုးသမီးငယ်က ချူးယွင်ဖန်း ဝင်လာခဲ့စဥ် ချိတ်ထားသော နာမည်ကဒ်ပြားအားကြည့်ကာ အထင်သေးသော အမူအယာဖြင့်

“ ရှင်က အခုမှ ဆေးပညာသင်အဆင့်ပဲရှိသေးတာပါ။ ဒီစာရေးသူက အမှားတွေရေးထားတယ်လို့ ရှင့်မှာ ဘာပြောပိုင်ခွင့်ရှိလဲ။”

နာမည်ကဒ်မှာ ချူးယွင်ဖန်း ဤနေရာသို့ဝင်လာခဲ့စဥ်က ပေးထားခဲ့ရခြင်းဖြစ်သည်။ ၎င်းတွင် သူ့ ရာထူးအဆင့်အတန်းနှင့်တကွ သူ၏ အထောက်အထားကို သက်သေပြပေးထားသည်။ စာကြည့်တိုက်သည် ဆေးပညာရှင်များကိုသာ ဖွင့်လှစ်ပေးသည်။ ချူးယွင်ဖန်းသည် မိန်းကလေးငယ်က ဒီထက်ပို၍အာရုံမစိုက်ချင်တော့သော်လည်း၊ သူမဤသို့ဆိုသည်ကို ကြားလိုက်ရသောအခါ သူ့နှုတ်ကို ဖွင့်လိုက်ရသည်။

“ဒီကမ္ဘာမှာ မှန်ရင်မှန်ပြီး မှားရင် မှားတာပဲ။ ဒီစာအုပ်ကို မှားရေးတာပဲဖြစ်ဖြစ်က သူ့ရာထူးနဲ့ဘာမှမဆိုင်ဘူးမဟုတ်လား”

“ကောင်းပြီ၊ သူရေးတာမှားတယ်လို့ ရှင်ပြောတယ်ဆိုတော့ ကျွန်မကို ပြစမ်းပါ” အမျိုးသမီးငယ်ကဆိုသည်။

“အမှား တော်တော်များများက သိသာပါတယ်။ ဥပမာပြောရရင်၊ ဆေးသန့်စင်တဲ့နေရာမှာ နိုးထခြင်းဖော်မြူလာ ကောက်ချက်ချထားတဲ့နေရာမှာ အမှားအနည်းဆုံး သုံးခုရှိတယ်။ ငါ သူ ဘယ်ရှေးစာအုပ်ကနေ ဒီဖော်မြူလာကိုရလာမှန်းတော့ မသိပါဘူး။ တချို့ဟာတွေကမှန်ပေမယ့် တချို့အဓိကနိုးထခြင်းမှု ကွင်းဆက်တွေက သိသိသာသာလွဲမှားနေတယ်။ အချို့ဆေးအမျိုးအစားတွေရဲ့ နိုးထခြင်းခြင်းတွေနဲ့ နှိုင်းယှဥ်ပြီးမှ ဒါတွေကို ကောက်ချက်ချသင့်တယ်။ ဒါပေမယ့် အခြားဆေးဝါးတွေနဲ့သာ အစားထိုးလိုက်ရင် ဒီကောက်ချက်ချမှုက ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။”

“ဒါပေမယ့်လည်း ဒီအဆင့်ထိသူစဥ်းစားနိုင်တာက တကယ်အံ့သြဖို့ကောင်းပါတယ်။”

ချူးယွင်ဖန်းက စာအုပ်ထဲမှ ဆေးဝါးသန့်စင်ခြင်း နိုးထခြင်းဖော်မြူလာကို လက်ညှိုးတိုက်ရိုက်ထိုးပြကာ ဆိုသည်။ တတယ်တမ်းတွင် ဆေးပညာရပ်၌ ဆေးဖက်ဝင်သစ်ပင်တစ်ခုစီ၏ထွက်ပေါ်လာမည့် အကျိုးရလဒ်များအတွက် စည်းမျဥ်းများရှိသည်။ ဆေးပညာ၏ အစောပိုင်းကာလတွင် ဤအရာသည် ကံအပေါ်မူတည်ခဲ့၏။ ဆေးပညာ သုတေသနအအောင်မြင်ဆုံးကာဖြစ်သည့် ရှေးလူသားများ‌ေခတ်ကာလတွင်ပင် ဤအရာသည် ကံအပေါ်သာမူတည်ခဲ့၏။

ပြင်းထန် မြင့်မြတ်သောကျင့်ကြံရေးများစတင်သည့်အချိန်၊ တစ်နည်းအားဖြင့် ဆေးပညာ၏ နှောင်းကာလများတွင်သာ ဤနည်းစနစ်များကိုရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ဤအရာကို နိုးထခြင်းဖော်မြူလာဟုလည်းခေါ်၏။

ဤသည်မှာ ချူးယွင်ဖန်းအံ့သြချရသော အကြောင်းဖြစ်သည်။ ဆေးပညာအတွက် နိုးထခြင်းဖော်မြူလာ၏အရေးပါပုံကို မသိခဲ့ကြခင် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာတည်းက ရှေးလူသားများခေတ်ကာလတွင် အတော်လေးတိုးတက်နေခဲ့ပြီးဖြစ်သည်။ သို့သော် လက်ရှိလူသားတို့သည် နိုးထခြင်းဖော်မြူလာအကြောင်းသိရှိပြီးကြသည့်တိုင် နှစ်ပေါင်းနှစ်ရာအတွင်းတွင် တိုးတက်ပြောင်းလည်းမှု အနည်းငယ်သာရှိခဲ့သည်။ ဟုတ်သည်၊ ရှေးလူသားများခေတ်ကာလဆေးပညာမှ အချက်အလက်တစ်ချို့ကို ရှာဖွေတွေ့ရှိနိုင်ချေကိုတော့ သူတို့ မဆုံးဖြတ်နိုင်သော်လည်း ဤတိုးတက်မှု၏ အမြန်နှုန်းသည် လူထုကို အံသြစေနိုင်ခဲ့သည်။

အမျိုးသမီးငယ်က ရုတ်တရတ် ချိတုံချတုံဖြစ်သွားသည်။ နိုးထခြင်းဖော်မြူလာအကြောင်း သူမ အခုမှကြားဖူးသော်လည်း ချုးယွင်ဖန်း၏ တည်ကြည်သောရှင်းလင်းချက်သည် ဖန်တီးပြောနေသည်နှင့်မတူ။

သူမသည် ထင်ပေါ်သော ဆေးပညာရှင်တစ်ယောက်ဖြစ်သော်လည်း ဤနိုးထခြင်းဖော်မြူလာကိုမူ အကြီးအကဲများထံမှ အနည်းငယ်ကြားဖူးယုံမှလွဲ ယခုလေးတင်မှသေချာသိရှိလိုက်ရခြင်းဖြစ်သည်။

သူမအကြီးအကဲများကိုပြန်မေးမြန်းခဲ့စဥ်က “သမီးသိဖို့ ငယ်လွန်းပါသေးတယ်” ဟုသာ တုံ့ပြန်ခဲ့ကြသည်။ ဆိုရလျှင် သူမကဲ့သို့ ငယ်စဥ်တည်းက ဆေးပညာ၌ပါရမီပါသူပင် ဤအချင်းအရာနှင့်ဝေးလွန်းနေသေးသည်။

အမျိုးသမီးငယ်၏အမည်မှာ ပိုင်လင်အာဖြစ်သည်။ ချုးယွင်ဖန်းမသိချင်ယောင်ဆောင်သော ပိုင်ဟုန်မှာ သူမ၏ အကြီးအကဲဖြစ်သည်။ အကယ်၍ သူမသာ ချူးယွင်ဖန်းတွေးနေသည်ကို သိလျှင် သူမရူးသွားချင်လိမ့်မည်။ သူမအကြီးအကဲသည် ဘာမှမဟုတ်သူ မဟုတ်ပေ။ သူသည် ဆေးဘုရင်၏အောက်ရှိ အကြီးကျယ်အခမ်းနားဆုံးသော ဆေးပညာရှင်တစ်ယောက်ဖြစ်သည်။ ပြည်ထောင်စုထဲရှိ ပြည်ထောင်စုသမ္မတသည်ပင် သူ့ကို လေးစားမှုဖြင့် ဆက်ဆံရသည်။

ဆေးပညာရှင်အဖွဲ့အစည်းတွင် သို့ဝင်သည့်အချိန်မှစ၍ သူ့နာမည်ကို ကြားဖူးကြရလိမ့်မည်။ သေချာသလောက်တော့ သူတို့နားထဲတွင် မိုးခြိမ်းသံသကဲ့သို့ကြားနေကြရလိမ့်မည်။

မည်သူက သူ့ကိုမလေးစားဘဲ နေရဲမည်နည်း။

သို့သော် သူမရှေ့မှ လူသည်မူ မည်သည်ကိုမျှဂရုစိုက်ပုံမပေါ်။ သူမအကြီးအကဲ၏ စာအုပ်တွင် အမှားများပါသည်ဟုပင်ဆိုလိုက်သေးသည်။ အမှား ၁၀ ခုထက်မနည်းပါသည်ဟုပင်ဆိုလိုက်သေးသည်။

ဒါလုံးဝ သည်းမခံနိုင်စရာပဲ။

ဟိုးအစကတည်းက ပိုင်လင်အာက ချူးယွင်ဖန်းသည် လုံးဝလေ့လာမှုမရှိသူဟု ထင်ခဲ့သည်။ စာဖတ်နှုန်းကမြန်သဖြင့် အဝေးကကြည့်လျှင် စာအုပ်ကိုသာမန်ကာလျှံကာ လှန်လှောနေသည်ဟု ထင်ရသည်။ မုန်းစရာအကောင်းဆုံးကိစ္စမှာ ဤသို့စာအုပ်ကို ပေါ့တန်တန်လှန်ကြည့်နေသည့်လူက သူမအကြီးအကဲကို စော်ကားပြောဆိုရဲခြင်းပင်ဖြစ်သည်။ ဤသည်မှာ သူနှင့် စကားများရသည့်အကြောင်းအရင်းပင်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်း၏ စကားလုံးများသည် သူမအသိဉာဏ်ထက်ကျော်လွန်နေခဲ့ပြီးဖြစ်သည်။ အဖွဲ့ထဲတွင် သူမအားဉာဏ်ကြီးရှင်၊ ပါရမီရှင်မိန်းကလေးအဖြစ်သိကြကာ သူမသည် အဆင့်မြင့်ဆေးပညာသင်လက်မှတ်ကို အသက် ၁၄နှစ်နှင့်ရခဲ့ပြီးဖြစ်သည်။ သို့သော် နိုးထခြင်းဖော်မြူလာသည် သူမနားလည်နိုင်စွမ်းအပြင်သို့ ကျော်လွန်နေသည်။ အကယ်၍သာ သူမ၏ အကြီးအကဲအနားထိုင်ကာ သူ၏သင်ကြားပို့ချမှုများကို နားမထောင်ခဲ့လျှင် ဤ အခြေခံအရာများကိုပင် သိနိုင်လိမ့်မည်မဟုတ်ပေ။

ယခုအချိန်တွင် သူမသည် ဆေးသင်တန်းသားစာမေးပွဲဖြေဆိုရန် တည်ငြိမ်သမုဒ္ဒရာမြို့သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ တကယ်လို့ ဤစာမေးပွဲကို အောင်မြင်လျှင် သူမ စံချိန်အသစ်တစ်ခုတင်နိုင်လိမ့်မည် ဖြစ်သည်။ ယနေ့၊ ဤနေရာသို့ သတင်းအချက်အလက်ရယူရန်ရောက်နေခြင်းဖြစ်သဖြင့် ဤကဲ့သို့ ငကြောင်ကောင်နှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့ပါ။

“ဒီကိစ္စက စစ်ဆေးဖို့မခက်ပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အဆင်ပြေပါတယ်။ ဒီစာအုပ်ကိုရေးတဲ့သူက အရည်အချင်းအချို့တော့ရှိပေမဲ့ အချို့သီအိုရီတွေက သူ့ လက်ရှိအသိဉာဏ်ကို သိသိသာသာကျော်လွန်နေလို့ပါ”

ချူးယွင်ဖန်းက ဤသို့ဆိုပြီးနောက် မတ်တပ်ရပ်ကာ လှည့်ထွက်သွား၏။ ယနေ့သူရခဲ့သော အချက်အလက်များသည် ဆေးပညာရပ်အပေါ် သူ့လက်ရှိနားလည်မှုအဆင့်ကို ခန့်မှန်းနိုင်ဖို့ လုံလောက်နေပြီ ဖြစ်သည်။

ယခုရက်များတွင် လူ့အဖွဲ့အစည်းရှိ ဆေးပညာရပ်အဆင့်အတန်းသည် သိုင်းပညာတိုးတက်မှု အဆင့်အတန်းနှင့် နှိုင်းယှဉ်လျှင် လုပ်‌ေဆာင်စရာများစွာရှိသေးသည်။ ဆေးပညာအဆင့်အတန်းသည် သိုင်းပညာတိုးတက်မှုအဆင့်ပေါ်တွင် မူတည်နေသည်။ ထို့နည်းတူပင် သိုင်းပညာတိုးတက်မှုသည်လည်း ဆေးပညာတိုးတက်မှုနှင့် တိုက်ရိုက်သက်ဆိုင်‌ေန၏။

အခန်း(၅၄) ဉာဏ်ကြီးရှင်လို့ခေါ်တဲ့သူတွေ ရှိတယ်

ပိုင်ဟုန်က အတွေးနယ်လွန်နေသည်။ တကယ်တမ်းတွင် လူ့အဖွဲ့အစည်း၌ နိုးထခြင်းဖော်မြူလာများကိုလေ့လာသောသူ အနည်းငယ်သာရှိသည်။ ဆေးပညာကို နက်နက်ရှိုင်းရှိုင်းလေ့လာပြီးသည့်အဆင့်ရှိသူအတွက်သာ ဖြစ်နိုင်ချေရှိ၏။ စင်စစ်ဆိုရသော် ဆေးဘုရင်များမှလွဲ၍ လူ့အဖွဲ့အစည်းတွင် ကြီးမြတ်သောဆေးပညာရှင်ဟူ၍ အနည်းအကျဥ်းသာရှိသည်။ အနည်းနှင့်အများတော့ သူတို့သည်လည်း နိုးထခြင်းဖော်မြူလာများကိုလေ့လာခဲ့ပြီးကြလိမ့်မည်။

ထို့ကြောင့် သူ့အတွေးထဲတွင် ချူးယွင်ဖန်းသည် ထိုသူတစ်ယောက်ယောက်၏ တပည့်ဖြစ်နိုင်သည်။ သို့မှသာလျှင် ဤနိုးထခြင်းဖော်မြူလာအကြောင်းကို သူသိနေနိုင်လိမ့်မည်။

ပိုင်ဟုန်က ချူးယွင်ဖန်း၏ အသက်အရွယ်ဖြင့် ကိုယ်တိုင်လေ့လာထားခြင်းဖြစ်မည်ဟု လုံးဝမယုံနိုင်ပါ။ သူ့မြေးမ၊ ပိုင်လင်အာကဲ့သို့ အထုံပါရမီဖြင့်မွေးလာသော ဉာဏ်ကြီးရှင်သည်တောင် အဆင့်မြင့်ဆေးပညာသင်ဘဝ၌သာ ရှိသေးသည်။ သို့သော် သူ့မြေးမဆီကကြားရသလောက်ဆို ချူးယွင်ဖန်းသည် ဆယ်ကျော်သက်အရွယ်သာရှိသေးသော်လည်း အဆင့်မြင့်ဆေးပညာသင်အဆင့်သို့ ရောက်နှင့်နေပြီဖြစ်သည်။ သူ့အသက်အရွယ်အားဖြင့်ဆို အဆင့်နိမ့်ပညာသင်သာဖြစ်သင့်သေးသည်။

ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်းသည် မြင့်မြတ်သော ဆေးပညာရှင်တစ်ဦးဦး၏ နောက်လိုက် သို့မဟုတ် တပည့်ဖြစ်နိုင်သည်။ ပိုင်ဟုန်သည် ထိုမြင့်မြတ်သော ပညာရှင်အားလုံးကိုသိသော်လည်း သူတို့၏တပည့်နောက်လိုက်များကိုမူ မသိချေ။ ဤသည်မှာ သဘာဝတော့ကျ၏။

“ဒါပေမယ့် သာမန်လူတစ်ယောက်ကတော့ ငါ့စာအုပ်ထဲက အမှားတွေကို ထိုးပြနိုင်မှာမဟုတ်ဘူး” ပိုင်ဟုန်က သူ့ဘာသာတွေးနေသည်။ သို့သော် ချူးယွင်ဖန်းညွှန်ပြခဲ့သော အမှားများသည် သူ့အာရုံကို ဆွဲဆောင်နေသည်။ ဤစာအုပ်ကိုရေးသူဖြစ်သည့်အလျောက် ပိုင်ဟုန်သည် စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ သေချာနေသည်။ သူစာအုပ်ကိုရေးခဲ့စဥ်က မရေရာ၊ မသေချာသော အကြောင်းအရာများ တစ်ဒါဇင်ထက်ပိုသည်။ ရမ်းသမ်းမှန်းဆထားသော နိုးထခြင်းဖော်မြူလာများအပါအဝင် အကုန်လုံးသည်တော့ အတည်ပြု၍ရသည့်အရာများမဟုတ်ပေ။ မရှင်းလင််း၊ မတိကျသော သာမန်စာအုပ်တစ်အုပ်ရေးရန်မှာ သဘာဝကျကျမဖြစ်နိုင်ပေ။

သို့သော် ဤသို့သော စိတ်ကူးယဥ်သီအိုရီဖြင့်သာ လုပ်သောအလုပ်သည် လိုအပ်ချက်များများစားစားမရှိပါ။ အချို့နယ်ပယ်မှ ကိစ္စရပ်အများစုသည် မှန်းဆချက်များဖြစ်သည်။

ထို့ကြောင့် အကယ်၍ သူကမှားသည်ဟုဆိုလျှင်တောင် ဤအရာသည် မှန်းဆချက်သာဖြစ်လိမ့်မည်။ သို့သော် သာမန်ဆေးပညာရှင်တစ်ယောက်ပင် သူ့တင်ပြချက်ကို အကျိုးမရှိဘူးဟု ဝေဖန်လိမ့်မည်မဟုတ်ပေ။ အကယ်၍ သူ့ပြောဆိုချက်သည် ခန့်မှန်းချက်သက်သက်မဟုတ်ခဲ့လျှင် ဤသို့ အခိုင်အမာအပြောခင် သေချာရေရာသောအဖြေတစ်ခုပေးကိုပေးရမည်။

“ သမီး၊ တကယ်လို့ သူ့ကို နောက်ထပ်တစ်ကြိမ်ထပ်တွေ့ရရင် ငါရေးထားတဲ့စာအုပ်ထဲက ဘယ်အရာတွေက အမှားတွေလဲဆိုတာ သေချာအောင်မေးခဲ့” ပိုင်ဟုန်က ဆိုသည်။

သူကိုယ်တိုင်လည်း ဤစာအုပ်တွင် အမှားများရှိသည်ဟုထင်သဖြင့် ဒီကိစ္စကို ဒီအတိုင်းလက်မလွှတ်လိုက်နိုင်ခြင်းဖြစ်သည်။ စာအုပ်ဖြန့်ဝေမှု ဒီ့ထက်မကြီးခင် ပြန်ပြင်နိုင်မှဖြစ်လိမ့်မည်။ အနာဂတ်တွင် အခြားသူများက ဝေဖန်ပြောဆိုလာပါက သူ့အတွက် အကျိုးရှိမည်မဟုတ်ပေ။ ဟုတ်ပါသည်၊ သူသည် ချုးယွင်ဖန်း၏ အသိဉာဏ်ကြောင့်ဟု မထင်ပါ။ ထိုကလေး၏နောက်ကွယ်တွင် ကြီးမြတ်သော ဆေးပညာရှင်တစ်ဦးဦးရှိရပေလိမ့်မည်။

“ဟုတ်ကဲ့”

ပိုင်လင်အာက ခေါင်းညိတ်လျက်ဆိုသည်။ သူမသည် သူမအဖိုးက ဤသို့ဆိုလိမ့်မည်ဟု မထင်ခဲ့ပါ။ ဤပုံစံအတိုင်းသာဆိုလျှင် ထိုယောက်ျားပြောခဲ့သည်မှာ တကယ်အမှန်ပင်ဖြစ်လိမ့်မည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူမတွေးသည်။ ထိုဂိုဏ်းသားသည် သူမထက် အသက်အနည်းငယ်ကြီးပုံပေါ်သည်။ အဆင့်မြင့်ဆေးပညာသင် ဖြစ်သည့်အပြင် သူမမသိသော ဗဟုသုတများကိုလည်း သူသိသေး၏။ သူမသည် အဆင့်မြင့ဆေးပညာသင်ဖြစ်သော်ညားလည်း သူမအဖိုး၏ သင်ပြမှုကြောင့် သာမန်ကာလျှံကာပညာရှင်တစ်ယောက်သည်ပင် သူမလောက် ဗဟုသုတကြွယ်ဝမည်မဟုတ်ပေ။ သူမက အနည်းငယ်သိမ်ငယ်နေသော်လည်း စပ်စုချင်စိတ်ကလေးတော့ရှိနေသေးသည်။ စာကြည့်တိုက်မှ လှည့်ပြန်သွားသောချူးယွင်ဖန်းသည်တော့ သူ့ကြောင့် သူမ၏စပ်စုချင်စိတ်များနိုးထလာခဲ့မှန်း သိတော့မည်မဟုတ်ပေ။ သူ့အတွက်တော့ ဤသည်မှာ သူစာကြည့်တိုက်သို့ရောက်လာသည့် ဖြစ်ရပ်တစ်ခုမျှသာဖြစ်သည်။

အိမ်ပြန်ရောက်သော်၊ ချူးယွင်ဖန်းက ဆက်လက်၍ ကျင့်ကြံကာ သူ၏ကျင့်ကြံရေးကို ပိုမိုတောင့်တင်းခိုင်းမာလာစေနေသည်။ ထိုညသည် မည်သည့်ဖြစ်ရပ်၊ အနှောက်အယှက်များမရှိဘဲ ကုန်ဆုံးသွား၏။

နောက်နေ့မနက်ရောက်သောအခါ ချူးယွင်ဖန်းက တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ဆေးပညာရှင်အစည်းအရုံးသို့ အမြန်ပြေးရသည်။ ဒီကနေ့တွင် အစည်းအရုံးသည် သာမန်ထက်သိသာစွာ သက်ဝင်လှုပ်ရှားနေသည်။ မြို့အနှံ့မှ ဆေးပညာသင်များသည် စာမေးပွဲဖြေရန်ရောက်ရှိနေကြသည်။

ယနေ့စာစစ်ပွဲအတွက် ဆေးပညာရှင်အစည်းအရုံးက အဆောက်အဦတစ်ခုကို နေရာချထားသည်။ ချူးယွင်ဖန်းက စာရင်းပေးသွင်းသည့်နေရာသို့သွားကာ နာမည်စာရင်းသွင်းသည်။ သူ့နာမည်ကဒ်ပြားနှင့် စာမေးပွဲ သတိပေးချက်ကိုရသည့်အခါ သူက စာမေးပွဲစစ်မည့်အဆောက်အဦအတွင်းသို့ ဝင်စောင့်၏။ စာစစ်ပွဲသည် မနက် ၁၀နာရီမှ နေ့လယ် ၁၂ နာရီအထိဖြစ်သည်။

အခုအချိန်တွင် ခန်းမတစ်ခုလုံးသည် လူများဖြင့်ပြည့်နေ၏။ အားလုံးသည် စာမေးပွဲဖြေရန်ရောက်ရှိနေကြသည့် ဆေးပညာသည်များဖြစ်ကြသည်။ ချူးယွင်ဖန်းလမ်းလျှောက်ဝင်လာသည်နှင့် လူအများ၏အာရုံက သူ့ဆီရောက်လာသည်။ ယွင်ဖန်း၏မျက်နှာသည် နုနယ်လွန်းသည်။ စာစစ်ပွဲသို့လာကြသူအများစုသည် အသက်၂၀ဝန်းကျင်များဖြစ်ကြသည်။ ၃၀ဝန်းကျင်များလည်း များကြသည်။

နှောင်းကာလလူ့အဖွဲ့အစည်းတွင် လူသားများ၏သက်တမ်းမှာ ယခင်ထက်တိုးလာသည်။ မျက်မှောက်ခေတ်တွင် လူသားဆဲလ်ကွဲနှုန်းပေါ်မူတည်၍ လူသားတစ်ယောက်သည် အသက် ၁၂၀ဝန်းကျင်အထိရှိသင့်သည်။ သို့သော် ထိုခေတ်က လူနည်းစုသာလျှင် အသက် ၁၂၀ထိနေနိုင်ခဲ့၏။ ခွန်းလွန်ခေတ်တွင်မူ အသက်၁၂၀သည် ပျမ်းမျှခန့်မှန်းခြေသာဖြစ်သည်။ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အသက် ၁၀၀ကျော်ထိနေခဲ့ကြသည်။ ၂၀၀ ကျော်ထိနေနိုင်သူများလည်းရှိ၏။ ယခု ၂၀ ဝန်းကျင်ဟုထင်ရသူတို့သည် အသက် ၃၀ ထဲသို့ရောက်ရှိနေနှင့်ပြီးသားဖြစ်ကြလိမ့်မည်။ အသက် ၃၀ ဟုထင်ရသော အသက် ၅၀အရွယ် ချူးဝမ်ချန်းနှင့် ယန်ယယွင်တို့ကဲ့သို့ပင်ဖြစ်သည်။

နှောင်းကာလလူ့အဖွဲ့အစည်းတွင် အသက် ၄၀၊ ၅၀ ရှိ လူအများစုကို ငယ်သည်ဟုယူဆသည်။ အသက် ၇၀၊ ၈၀သို့ရောက်သည့်တိုင် လူလတ်ပိုင်းဟုသာယူဆ၍ရနိုင်၏။အသက် ၉၀ အရွယ်သို့ရောက်မှသာ သက်ကြီးပိုင်းသို့ရောက်သည်ဟုဆိုနိုင်သည်။

အကယ်၍ ဆေးပညာရှင်တစ်ဦးသည် ဆရာအဆင့်သို့ရောက်ချင်ပါက ထိုသူသည် ရှည်ကြာလှသောကာလတစ်ခုစာ လေ့ကျင့်ရမည်။ ထို့ကြောင့် ခန်းမရှိလူအများစုက ချူးယွင်ဖန်းကဲ့သို့ နုနယ်သောမျက်နှာမျိုးနှင့် ဖြေဆိုသူကို တွေ့သည့်အခါတွင်အံ့သြသွားကြခြင်းဖြစ်သည်။

“သူက ဘယ်သူလဲ”

“ငါဘာလို့ သူ့ကို အရင်ကမတွေ့ဖူးတာပါလိမ့်”

“ဘာလို့ သူ့မျက်နှာက အရမ်းနုငယ်နေတာလဲမသိဘူး။ အထက်တန်းကျောင်းသားတောင် ဟုတ်ပါ့မလား”

“ဒါမဖြစ်နိုင်ဘူးမလား။ ငါတို့ ဆေးသင်တန်းသားတောင် မဖြစ်လာခင် ဘွဲ့ယူပြီး နှစ်ပေါင်းများစွာကြာခဲ့သေးတယ်။”

ချူးယွင်ဖန်း၏ ပတ်ဝန်းကျင်သည် ဆွေးနွေးမှုများဖြင့် ဆူညံသွား၏။ ချူးယွင်ဖန်းကဲ့သို့ မျက်နှာစိမ်းနှင့်ယှဥ်လျှင် သူတို့အချင်းချင်း ပိုရင်းနှီးကြသည်။ သို့ပေသော်လည်း မျက်စိကို အဖမ်းစားဆုံးမှာ ချူးယွင်ဖန်းတော့မဟုတ်ပေ။ ချူးယွင်ဖန်းဝင်လာပြီးသည့်နောက်တွင် အသက် ၁၃၊ ၁၄ ဝန်းကျင် မိန်းမငယ်လေးတစ်ယောက်သည် ပညာသင်သားအားလုံးကြားတွင် ဂုဏ်ယူစွာဖြင့် စာစစ်ပွဲဖြေရန်စောင့်နေ၏။ အကယ်၍ ချူးယွင်ဖန်းသည် မျက်စိကို ဖမ်းစားနိုင်သည်ဟုဆိုလျှင် ထိုမိန်းကလေးသည် မျက်စိကို ကျိန်းစပ်လောက်အောင် ဝင်းပနေသည်ဟုဆို၍ရနိုင်သည်။

ဖနိုးထခြင်း်

သူမသည် အဆင့်မြင့်ဆေးပညာသင်ဖြစ်သော်လည်း အသက်အားဖြင့် ၁၃၊ ၁၄ ဝန်းကျင်သာရှိသည်။ ထို့အပြင်၊ သူမက ဤနေရာသို့ စာစစ်သို့ စာစစ်ပွဲဖြေရန်‌ေရာက်နေခြင်းဖြစ်သဖြင့် သူမသာ စာမေးပွဲအောင်မြင်လျှင် ဆေးသင်တန်းသားအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ သင်တန်းသားဟုသာ နာမည်တပ်ခြင်းခံရနေဦးမည်ဖြစ်သော်လည်း အနည်းဆုံးတော့ ပညာသင်အဆင့်မှ တိုးတက်လာခဲ့လိမ့်မည်။

သူတို့ ၁၃၊ ၁၄နှစ်အရွယ်ကရော ဘာတွေလုပ်နေကြသလဲ။

ဖြစ်နိုင်သည်က ပညာသင်အဆင့်တောင်ရောက်လိမ့်ကြဦးမည်မဟုတ်ပေ။ ထိုအချိန်တွင် ဆေးပညာအား ကျောင်းတွင်သင်သော သီအိုရီတချို့မှတစ်ဆင့် ပထမဆုံးအကြိမ်ထိတွေ့ရခြင်းဖြစ်လိမ့်မည်။ ထို့နောက် ပညာသင်ဘဝကို အနည်းဆုံး ၁၀နှစ်ကြာအောင် ဖြတ်သန်းရမည်။ သူတို့ ပညာသင်ဘဝ မပြီးဆုံးခင်အချိန်ထိ တရားဝင် ဆေးပညာရှင်များနှင့်အတူ အချိန်အတော်ကြာအောင် လေ့လာရမည်ဖြစ်သည်။

လောကတွင် သာမန်လူများမယှဉ်နိုင်သော ဉာဏ်ကြီးရှင်ဆိုသူများရှိကြမှန်း အတော်ကြာသိခဲ့ကြသော်လည်း တကယ်တမ်းကြုံရသည့်အခါတွင်တော့ စိတ်ဆိုးဒေါသထွက်ကြရသေး၏။

All Chapters