← Chapters

အခန်း ၅၈-၆၀

Vol. 4 Ch. 58-60

အခန်း ၅၈-၆၀

Vol. 4 Ch. 58-60

အပိုင်း (၅၈) ၅ရက်

ယခုမူ လူ့အဖွဲ့အစည်း၏ မြင့်မြတ်သော ဆေးပညာရှင် တစ်ဦးဖြစ်သည့် ပိုင်ဟုန်သည် ချူးယွင်ဖန်းပေးခဲ့သော အဖြေများကို ဖတ်ကြည့်နေ၏။ နဂိုမူလတုန်းက ချူးယွင်ဖန်းသည် ဤမှန်းဆချက်များအား ဖြေရှင်းနိုင်မည်ဟု မမျှော်လင့်ခဲ့ပါ။ ကြိုးစားကြည့်ရုံလောက်သာ ရှိမည်ဟုထင်ခဲ့သည်။

သို့သော်၊ ပိုင်လင်အာပေးသော အချက်အလက်နှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ချူးယွင်ဖန်း၏ အဖြေများသည် အဖြေမှန်နီးပါးမှန်နေသည်ကိုသတိထားမိ၏။ မှန်လုနီးပါးဟုသာဆိုရခြင်းမှာ ဤအရာများသည် ခန့်မှန်းချက်များသာ ဖြစ်နေသေးသောကြောင့်ဖြစ်သည်။ သူကိုယ်တိုင်ပင် ဤသို့သော ဖနိုးထခြင်း်မှုမျိုးကို မထိတွေ့ဖူးသောကြောင့် မှန်းသာမှန်းကြည့်နိုင်သည်။

သို့သော် မည်သည့်ဘက်ကကြည့်ကြည့် ချူးယွင်ဖန်း၏အဖြေများသည် သူ့အဖြေများထက် ပို၍တိကျနေသည်ထင်ရ၏။ တစ်နည်းအားဖြင့်ပြောရလျှင် ချူးယွင်ဖန်း၏ ဖော်မျူလာများတွင် ထိန်ချန်ခြင်းများရှိနေသည်။ ပိုင်ဟုန်က တစ်ခုချင်းစီကို နှိုင်းယှဉ်ကြည့်ကာ တွက်ချက်ရသည်။ သေချာသည်ကတော့ သူယခင်က မတွက်နိုင်ခဲ့သောအပိုင်းများကို ယခုတွက်ချက်နိုင်ပြီဖြစ်သည်။ သို့သော်၊ အဓိကကျသောအပိုင်းသည်မူ ဤနေရာ၌ ရှိမနေ။

အဓိကအပိုင်းတွင်သာ အခြေခံနိုးထခြင်းဖော်မျူလာမှ အဖြေထုတ်နိုင်မည်ဖြစ်သော်လည်း ရှိမနေ။ ပိုင်ဟုန်က ရူးကြောင်ကြောင်ဖြစ်သွားမိသည်။ အစာငတ်သေတော့မည့်အချိန်တွင် အစာအနံ့ကိုရှုလိုက်ရသော်လည်း အစာနှင့်အဝေးကြီးတွင်ရောက်နေသည့် လူတစ်ယောက်၏ခံစားချက်မျိုးဖြစ်သည်။

ပိုင်ဟုန်သည် အခြေခံနိုးထခြင်းဖော်မျူလာကို လေ့လာခဲ့သည်မှာ ကြာခဲ့ပြီ။ သူ နှစ်ပေါင်းများစွာစုခဲ့သော မှတ်တမ်းများမှတစ်ဆင့် အခြေခံနိုးထခြင်းဖော်မျူလာသည် တစ်ခုထက်ပိုရှိမှန်းသိခဲ့ရသော်လည်း ယခုမူ တစ်ခုကိုပင် မတွက်ချက်နိုင်ပေ။

အစပိုင်းတွင် သူ အတော်လေးတော့ ဒုက္ခမရောက်ခဲ့ပါ။ နောက်ဆုံးတွင် မှတ်တမ်းများစွာရှိခဲ့သည်။ အလွန်အင်မတန်ကြွယ်ဝချမ်းသာသော ရှေးလူသားခေတ််လူ့အဖွဲ့အစည်းတုန်းကပင် အခြေခံနိုးထခြင်းဖော်မျူလာကို တွက်ချက်နိုင်သောသူ အနည်းအကျဉ်းသာရှိခဲ့သည်။ ထို့ကြောင့် တစ်ယောက်ယောက်ကသာ အောင်မြင်ခဲ့လျှင် ထိုသူသည် လက်ရှိ ဆေးဘုရင် တုချင်းထောင်ကဲ့သို့ ဘုရင်တစ်ဆူဖြစ်လာဖို့မခက်ပေ။ သို့သော် ချူးယွင်ဖန်းက နဂိုမူလတွင် လစ်ဟနေသောအပိုင်းများကို ဖြည့်စွက်ပေးခဲ့သည့်အတွက် ပိုင်ဟုန့်၏ သုတေသနမှာ ၅၀% မှ ၉၀ % အထိတိုးတက်ခဲ့သည်။ သို့သော် ၁၀%သာလိုအပ်သည်ဟု မထင်ရလောက်အောင် အရေးကြီးဆုံးအပိုင်းမှာပျောက်နေ၏။ ဖြစ်ကောင်းဖြစ်နိုင်သည်က ပထမ ၉၀%သည် ၁၀နှစ်လေ့လာမှုအားလိုအပ်မည်ဆိုပါက ကျန် ၁၀% နှုန်းသည် နှစ်၁၀၀ ကြာပေလိမ့်မည်။ ထို့သို့ဆိုလျှင်တောင် အောင်မြင်ချင်မှအောင်မြင်ပေလိမ့်မည်။

သူကနောက်ဆုံးတစ်ဆင့်သာကျန်သည်ကို မကျော်ဖြတ်နိုင်သည့်အတွက် မကျေမနပ်ဖြစ်နေသည်။ ယခုအချိန်တွင် သူက တည်ငြိမ်သမုဒ္ဒရာမြို့သို့ ချက်ချင်းသာ ပျံသွားချင်တော့သည်။ သေချာပါသည်၊ ဤသည်မှာ ချူးယွင်ဖန်းကိုရှာရန်မဟုတ်၊ ချူးယွင်ဖန်း၏နောက်ကွယ်မှ ဆေးပညာရှင်ကိုရှာရန်သာဖြစ်သည်။ ချူးယွင်ဖန်းသည် ဤနိုးထခြင်းဖော်မျူလာကို ဖြေရှင်းနိုင်မည်ဟု သူအခုအချိန်ထိ မယုံကြည်နိုင်ပါ။

သူ့ခန့်မှန်းချက်များလွဲမှားနေလျှင်တောင် ဤဖော်မျူလာကို ပြီးပြည့်စုံစေရန် ဘယ်သူမဆို အချိန်အတော်ယူရမည်မှာသေချာ၏။ သူ့မြေးမ၊ ပိုင်လင်အာသည် ဒုတိယနေရာသာရခဲ့သည်ကို သိသော်လည်း မြေးမအပေါ်ယုံကြည်မှုပြင်းပြနေသေးသည်။ သူမအသက်အရွယ်တွင် ရုတ်ချည်းဆန်ဆန် သူမကိုယှဉ်ကာ ပထမအဆင့်ကိုရသွားနိုင်သည့်သူမရှိပေ။

သူမ၏ရလဒ်များသည် သူ့မျှော်လင့်ချက်အတွင်းတွင်သာရှိသေးသည်။ လက်တွေ့စာမေးပွဲတွင်ရသော ၉၈မှတ်သည် ကောင်းသည်။ သို့သော် ချူးယွင်ဖန်းသည်မူ ကံတရားကြောင့်ဟုမဆိုနိုင်လောက်အောင် လက်တွေ့စာဖြေပွဲတွင် အမှတ်ပြည့်ရခဲ့သည်။ ယခု ပိုင်ဟုန်သည် ချူးယွင်ဖန်းနောက်ကွယ်မှ ဆေးဆရာကို ပို၍ စိတ်ဝင်စားလာသည်။

အကယ်၍ ဖြစ်နိုင်လျှင် နိုးထခြင်းဖော်မျူလာအကြောင်းကို ချူးယွင်ဖန်းနောက်ကွယ်မှ ဆရာနှင့် ဆွေးနွေးခွင့်ရချင်သေးသည်။ သူသာ သုတေသနပြုနိုင်ပါက ဆေးပညာသည် ရှေ့သို့နောက်တစ်ဆင့်တိုးတက်လာလိမ့်မည်။ လူသားတို့၏ ခွန်အားကို လူသားတို့ကိုယ်တိုင်ပင် မြှင့်တင်ကြရသည်။

သူ့အတွေးနယ်လွန်ကာ မြူးတူးနေရာမှ ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရသည်။ အသက်အလတ်ပိုင်းလူတစ်ယောက်က တံခါးကို ခပ်မြန်မြန်၊ ခပ်လောလောဖွင့်ကာ ဆို၏။

“ဆရာ၊ ပြည်ထောင်စုတပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီး အပြင်မှာရောက်နေတယ်”

“စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီး” ပိုင်ဟုန့်က ထူးဆန်းစွာရေရွတ်လိုက်သည်။

ပိုင်ဟုန်က ရုတ်တရတ် အကြံအစည်ကြီးတစ်ခုကို သတိပြန်ရသွားကာ ဗိုလ်ချူပ်ကြီး ရောက်နေရသည့်အကြောင်းကို နားလည်သွား၏။

“သွားကြမယ်။ အထုပ်အပိုးတွေပြင်ပြီး ကျုပ်နောက်လိုက်ခဲ့ပါ”

ဤအရာဖြစ်နေချိန်တွင် ကမ္ဘာ၏အခြားတစ်ဖက်၌ ချူးယွင်ဖန်းက အိမ်သို့အခုလေးတင်ပြန်ရောက်ကာ ကွန်ပျူတာထဲမှ သတိပေးချက်ကိုရ၏။ သူ ဆေးသင်တန်းသားစာမေးပွဲကို အောင်မြင်ခဲ့ပြီ။

ယခု၊ သူ့အရည်အချင်းများကို ပြည့်ပြည့်ဝဝဖော်ထုတ်ပြသနိုင်ပြီဖြစ်သည်။ သူဖော်ထုတ်သော ဆေးများကိုရောင်းကာ ဝင်ငွေရှာနိုင်ပြီ။ သူ့အရည်အချင်းနှင့်သာဆိုလျှင် မကြာမီတွင် သူညီမလေးအားကုသရန် ဝင်ငွေလုံလုံလောက်လောက်ရှိလိမ့်မည်။ ဆေးပညာရှင်တစ်ယောက်သည် ပထမအဆင့်တွင် မည်မျှဝင်မည်ကို ပြောရခက်၏။ သို့သော် နောက်ပိုင်းအဆင့်များတွင် နိုင်ငံနှင့်ချီသော ကြွယ်ဝမှုများရှိလာနိုင်လိမ့်မည်။ သူတို့ဝင်ဘယ်လောက်ရှိသလဲကို တွေးကြည့်ရုံသာတတ်နိုင်လိမ့်မည်။

“ ၅ရက်ကျန်သေးတယ်။ မြန်မြန်လုပ်ရအောင်။ ငါကျော်ဖြတ်နိုင်မလားကြည့်ရသေးတာပေါ့။ အထူးတန်းစာမေးပွဲကို အောင်မြင်ခဲ့ပေမဲ့ အဲ့မှာ ဉာဏ်ကြီးရှင်တွေရှိနေသေးတယ်။ ၂ ယောက်၊ ၃ ယောက်ပဲပါတဲ့ အခန်း(၁၁) တုန်းကလို ဖြစ်မှာမဟုတ်ဘူး”

ချူးယွင်ဖန်းက လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ဆိုသည်။ အထူးတန်းစာမေးပွဲအောင်မြင်ပြီးသည့်နောက်တွင် သက်တောင့်သက်သာမဖြစ်သည့်အပြင် ပို၍ပင် ဖိအားများသလိုခံစားရသည်။ ရောဂါကုသချင်သည့် ညီမလေး၏ မျှော်လင့်ချက်အပြင် သူ့မိဘများ၏ အာရုံစိုက်ခံချင်သော မျှော်လင့်ချက်လည်းရှိသေးသည်။ ထို့အတူ ယခုနှစ်များတစ်လျှောက် မြိုသိပ်ဖိနှိပ်လာရသော သူ့ရည်ရွယ်ချက်လည်း ရှိသေး၏။

သူ အောင်မြင်မှုအတွက် ကြိုးပမ်းရုန်းကန်ချင်သည်။

ကြီးမားသော ကျော်ဖြတ်မှုတစ်ခုမှုထပ်မံလုပ်ရမည့် နောက်ဆုံးစာမေးပွဲမှာ တက္ကသိုလ်ဝင်ခွင့်ပင်ဖြစ်သည်။ နှစ်တစ်ဝက်ပင်လိုသေးသည်မို့ အချိန်အတော်လေးရသေး၏။ အိမ်ပြန်ရောက်သည့်နောက်တွင် ချူးယွင်ဖန်းက အွန်လိုင်းမှတစ်ဆင့် စွမ်းအင်ဖြည့်ဆေးအချို့ဝယ်ရုံမှလွဲ မည်သည့်နေရာကိုမှ မသွားပေ။

သူကျင့်ကြံချိန်တွင် စွမ်းအင်အတော်များများကို အသုံးပြုရသဖြင့် စားသောက်ရုံဖြင့် ပြန်လည်မဖြည့်တင်းနိုင်ပေ။ အကောင်းဆုံးဖြည့်စွက်စာများဖြစ်သည့် ဂျင်ဆင်းနှင့် လင်ဇီတို့ကို စားသုံးလျှင်တောင် လုံလောက်ရန်လိုသေးသော်လည်း ချူးယွင်ဖန်းသည် အပြင်သို့လုံးဝမထွက်ပေ။ စိတ်ပါလက်ပါ သီးသန့်နေ၏။

ငါးရက်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာကုန်သွားသည်။ နောက်ဆုံးတွင် ကျောင်းက အတန်းခွဲ၊ နေရာချခြင်းပြီးစီးခဲ့ပြီ။

တစ်ခုသော မနက်တွင် ချူးယွင်ဖန်းက တရားထိုင်နေရာမှ သူ့မျက်လုံးများကိုဖွင့်ကာ အသက်ရှည်ကြီးတစ်ခုကို ရှုထုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် လွန်ခဲ့သောရက်အနည်းငယ်ကထက် ပို၍သန်မာလာသည်ဟု ခံစားရသည်။ သူကျင့်ကြံခဲ့သော ကျင့်ကြံနည်းမှာ မြင့်မြတ်သောထာဝရဧကရာဇ်၏ ကြံကြံရေးနည်းလမ်းဖြစ်သည်။ ထို့အပြင် သူက မနားတမ်းကျင့်ကြံကာ စွမ်းအင်ပြန်ဖြည့်ရန် စွမ်းအင်ဆေးကိုသောက်ခဲ့သည်။

နောက်ဆုံးတွင် သူသည် ချီပင်လယ်အဆင့်ကို တည်ငြိမ်စေနိုင်ခဲ့သဖြင့် သူအိပ်ပျော်နေစဉ်တွင် ချီပြိုကွဲခြင်းဖြစ်မည်ကို စိုးရိမ်စရာမလိုတော့ပေ။

တစ်နည်းအားဖြင့်ဆိုရလျှင် ချီပင်လယ်အဆင့်၏ ပထမအဆင့် အထွဋ်အထိပ်ကာလကို ရောက်ရှိခဲ့ပြီဖြစ်သည်။ ဒုတိယအဆင့်တက်ရန် လိုသည့်အချိန်သည်သာ အရေးကြီး၏။

ဤ၅ရက်အတွင်းတွင် အတော်များများကို ရရှိခဲ့သည်။

အခန်း(၅၉) အစသစ်တစ်ခု

တည်ငြိမ်သမုဒ္ဒရာမြို့တွင် နေထွက်လာသည်နှင့်အမျှ၊ လူဦးရေတစ်သန်းကျော်ရှိသော မြို့သည် အသက်ပြန်ဝင်လာသည်။ ရက်အနည်းငယ်ကြာ ပြင်ဆင်ပြီးစီးသည့်နောက်တွင် တည်ငြိမ်သမုဒ္ဒရာမြို့ အမှတ် (၁၃) အထက်တန်းကျောင်းမှ ကျောင်းသားများ ပြန်လည်ရောက်ရှိလာကြသည်။ အီလက်ထ‌ရွန်နစ် ကြေညာချက် ဘုတ်ပြားရှေ့တွင် လူအတော်အများဖြင့် စည်ကားနေ၏။ သူတို့၏ နာမည်ကို တစ်ယောက်ပြီးတစ်ယောက်ရှာနေကြသည်။

ချူးယွင်ဖန်းက အပြင်ဘက်ဆုံးရှိ စာရင်းကို တစ်ချက်ကြည့်လိုက်သည်။ သိုင်းပညာ အထူးတန်းတွင် သူ့နာမည်ကိုတွေ့၏။ သိုင်းပညာအထူးတန်းကို အခန်း(၁) နှင့် အခန်း(၂) ဟူ၍ အခန်းနှစ်ခုခွဲထားသည်။ ချုးယွင်ဖန်းက အခန်း(၂)တွင် ကျသည်။ သူ့အပြင် ဂေါင်ဟုန်ခ နှင့် တန်စီယွီတို့ပါ အခန်း(၂) တွင်ကျ၏။ ဖုန်းသဲရင်း အပါအဝင် အတန်း(၁၁)မှ အထူးတန်းကို တက်ခွင့်ရသော အခြားကျောင်းသားများသည်မူ အခန်း(၁)တွင်ကျသည်။ အခန်း(၂) ၏ စာရင်းတွင် ချူးယွင်ဖန်းက အခြားရင်းနှီးသော နာမည်တစ်ခုကိုပါတွေ့သည်။ အခန်း(၂) တွင် ပထမအဆင့်ရခဲ့ဖူးသည့် အိုးယန်ဖြစ်သည်။

သူ့အတန်းကို အတည်ပြုပြီးသည့်နောက်တွင် ချုးယွင်ဖန်းက သိုင်းပညာအတန်း(၂) သို့ သွား၏။ အခန်းထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ချူးယွင်ဖန်းသည် သူ့အပေါ်ဖြတ်ပြေးသွားသော အကြည့်များစွာကိုခံစားလိုက်ရသည်။ သာမန်လူများအတွက်မူ ဤသို့စိုက်ကြည့်ခံရခြင်းက အဆင်မပြေဖြစ်စေနိုင်သော်လည်း ချူးယွင်ဖန်းသည်တော့ မည်သို့မျှမခံစားရပေ။ သူ့စိတ်သူ ပြင်ဆင်လာခဲ့သော်လည်း ကျောင်းသားများကို တွေ့ရသည့်အခါတွင်မူ အနည်းအကျဥ်းတော့ အံ့သြရသည်။

ဤသည်မှာ သူတက်ခဲ့ဖူးသော အတန်း(၁၁)မှ အခြေအနေနှင့် ကွဲပြားနေသည်။ အခန်း(၂) မှကျောင်းသားများအားလုံးသည် ညီတူညီမျှစွာပင် မြင့်မားသောအဆင့်များရှိကြသည်။ အနိမ့်ဆုံးအဆင့်မှာ ကျင့်စဥ်၏ ၉ ခုမြောက်၊ ရုပ်ပိုင်းဆိုင်ရာအဆင့်ဖြစ်သည့် ချီပြည့်ဝခြင်းအဆင့်ဖြစ်သည်။ ကျောင်းသားများ၏ သုံးပုံတစ်ပုံသည် ချီပင်လယ်အဆင့်သို့ပင် ခြေလှမ်းလှမ်းနိုင်ကြပြီဖြစ်သည်။ ထိုသူတို့သည် အတန်းတစ်ခုလုံး၏ လက်ရွေးစင်များဖြစ်ကြသည်။

မှန်၏။ ဤသည်မှာ လက်ရှိအခြေအနေသာဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်အထိဆို နှစ်တစ်ဝက်လောက်ကျန်သေးသည်။ အချို့ကျောင်းသားများသည် နောက်တွင်ကျန်ခဲ့နိုင်သော်လည်း အချို့မှာမူ သူတို့ကို လိုက်မှီကာ ပို၍ပင် သာလွန်သွားကြနိုင်သေးသည်။ ဤသည်မှာ ဖြစ်နေကျကိစ္စများသာ ဖြစ်၏။ ချူးယွင်ဖန်းက လှည့်ပတ်ကြည့်လိုက်သည့်အခါ မရင်းနှီးသောမျက်နှာများကိုတွေ့ရသော်လည်း အလျင်အမြန်ပင် ရင်းနှင်းကျွမ်းဝင်သော ပုံရိပ်နှစ်ခုကို တွေ့ရ၏။ ဂေါင်ဟုန်ချီ နှင့် တန်စီယုတို့ဖြစ်သည်။

သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက်အနီးတွင်ရှိသည်။ တစ်ဦးနှင့်တစ်ဦး သိပ်မရင်းနှီးကြသော်လည်း ဤစိမ်းကားသော ပတ်ဝန်းကျင်တွင်မူ အလိုအလျောက် တစ်ယောက်နားတစ်ယောက်ထိုင်ဖြစ်ခဲ့ကြသည်။ မျက်နှာသာရချင်သောကောင်လေးအချို့က တန်စီယု၏ ဘေးတွင်ထိုင်နေသည်။ သို့သော်သူမ၏ မျက်နှာထက်မှ စိတ်မရှည်မှုကိုမူ သူတို့သတိမထားမိကြပေ။

ချူးယွင်ဖန်းက ချက်ချငးပင် တန်စီယုအနားသို့လျှောက်သွားကာ သူမဘေးတွင်ထိုင်လိုက်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ထိုကောင်လေးများအားသူမထံမှ စည်းခြားလိုက်သကဲ့သို့ဖြစ်သည်။ ကောင်လေးများ၏မျက်နှာက မကျေနပ်မှုများနှင့်ပြည့်နှက်သွားသည်။ တန်စီယုကမူ သက်ပြင်းရှည်တစ်ခုချကာ ကျေးဇူးတင်သော မျက်နှာထားမျိုးဖြင့် ချူးယွင်ဖန်းကိုကြည့်လိုက်သည်။

“ မင်းတို့ဘာကြည့်နေတာလဲ၊ ဟမ် ဘာကြည့်နေတာလဲ။ ဘေးဖယ်စမ်း။ သူ မင်းတို့ကို စကားတောင်မပြောချင်ဘူးဆိုတာ မသိကြဘူးလား။ မင်းတို့ နှာဗူးမျက်လုံးတွေနဲ့ ကောင်မလေးလိုချင်ကြသေးတာလား” ထိုအခိုက်အတန့်တွင် ဂေါင်ဟုန်ချီကလမ်းလျှောက်လျက် ထိုကောင်လေးများကို မောင်းထုတ်လိုက်သည်။

ထိုသူများသည် ပုံမှန်အားဖြင့် သူတို့အတန်းထဲတွင် သြဇာကြီးသောသူများဖြစ်ကြသော်လည်း မိုက်မဲသောသူများတော့မဟုတ်ကြပေ။ သူတို့လည်း ဂေါင်ဟုန်ချီ၏နာမည်ကို ကြားဖူးခဲ့ကြလိမ့်မည်။ သိသာစွာပင် ဂေါင်ဟုန်ချီသည် သူတို့သွားရှုပ်၍ရမည့်လူတစ်ယောက်မဟုတ်ပါ။

“ကျေးဇူး”

တန်စီယွီက သူမ၏အောက်နှုတ်ခမ်းကို ပါးပါးလေးကိုက်ထားလျက် သူတို့နှစ်ယောက်ကိုဆိုသည်။

“ဘာမှမဟုတ်ပါဘူး။ အခန်း(၁၁) က ငါသုံးယောက်က အခန်း(၂) မှာ တူတူကျမှတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာပေါ့။” ဂေါင်ဟုန်ချီက လက်ကို ခါရမ်းပြလျက် မျက်စိတစ်ဖက်မှိတ်ပြကာ တခစ်ခစ်ရယ်ရင်းဆိုသည်။ “နောက်ပြီး၊ ငါ နင်သူတို့ကို ဆုံးမလိုက်မှာကြောက်လို့လေ၊ နင် အစွမ်းဘယ်လောက်ကြီးမှန်း သူတို့မသိလောက်ဘူးလေ”

ဂေါင်ဟုန်ချီ သူမအားမျက်စိတစ်ဖက်မှိတ်လျက် နောက်နေပုံကိုကြည့်ကာ တန်စီယွီတစ်ယောက် မပြုံးဘဲမနေနိုင်တော့ပေ။

“လူအိုကြီးကောင်းပြောတာ မှန်တယ်။ ငါတို့သုံးယောက်ပဲ အခန်း (၁၁) ကပါတာဆိုတော့ ငါတို့တစ်ယောက်နဲ့တစ်ယောက်ကူညီသင့်တာ အမှန်ပဲ။ နောက်ပြီးတော့ နင်အရင်က ငါ့ကို ကူညီဖူးသေးတယ်လေ။ ပြန်ကျေးဇူးဆပ်တာပါ” ချူးယွင်ဖန်းက ပြုံးလျက်ဆိုသသည်။

ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့၏စကားများသည် အခြေအမြစ်မရှိသည်တော့မဟုတ်။ အနာဂတ်တွင် ကျောင်းသားအကုန်လုံး ဤအခန်းတူတွင်သာ တက်ရမည်မှန်သော်လည်း သူတို့လာခဲ့သော အခန်းပေါ်မူတည်၍ အုပ်စုငယ်များခွဲမည်မှာ သေချာ၏။

အတန်းထဲရှိလူများအနက် အတောက်ပဆုံးနှင့် မျက်စိကို ဖမ်းစားနိုင်သော်သူမှာ အခန်းအလယ်တွင် တစ်ယောက်တည်းထိုင်နေသော အိုးယန်သာဖြစ်သည်။ အခြားအတန်းဖော် နှစ်ယောက်၊ သုံးယောက်လောက် သူ့ဘေးတွင်ထိုင်နေကြသော်လည်း သူ၏အရှိန်အဝါကိုတော့ မည်သူမှခိုးယူနိုင်မည်မဟုတ်ပေ။ သူစကားတစ်လုံးမှမပြောသော်ညားလည်း လူတိုင်း၏အကြည့်သည် သူ့ဆီရောက်နေ၏။

“ အဲ့တာ အိုးယန်ဖြစ်ရမယ်။ ငါ သူနဲ့ တစ်ခန်းတည်းကျလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူအခန်း(၁)ကို ရောက်မယ်ထင်တာ”

“အဲ့တာ ဘာထူးဆန်းလို့လဲ။ ကျောင်းက အထူးတန်းနှစ်ခုဖွင့်တယ်ဆိုတာ ငါတို့တစ်တန်းနဲ့တစ်တန်း ပြိုင်ဖို့မျှော်လင့်နေကြမှန်း သေချာတယ်။ တရားမမျှတတာမျိုး သူတို့ ဖြစ်စေချင်မှာမဟုတ်ဘူး။”

“အိုးယန်ရဲ့ ကျင့်ကြံမှုက အဆင့် (၄)၊ ဒါမှမဟုတ် ချီပင်လယ်အဆင့်ကိုရောက်နေပြီလို့ ငါကြားတယ်”

“မဖြစ်နိုင်တာ၊ ငါတို့တောင် ချီပင်လယ်အဆင့်ကို မစရသေးဘူးလေ”

“မဟုတ်ရင် သူက ဘယ်လိုလုပ် ကျောင်းမှာ အရှိန်အဝါကြီးတဲ့သူဖြစ်နေနိုင်မှာလဲ။ မနှစ်တည်းက သူ ချီပင်လယ်အဆင့်ကို ပြီးသွားပြီလို့လည်းပြောကြတယ်။ တုန်ဟွာမြို့ရဲ့ အဆင့်တစ် ကျောင်းသား၊ တုန်ဖန်းဟောက်က ပိုတောင်စွမ်းအားကြီးသေးတယ်။ သူဆို စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီး ဆရာတွေထက်တောင် အစွမ်းကြီးသေးတယ်”

ချူးယွင်ဖန်းက လူအများ၏ ဆွေးနွေးသံများကိုနားထောင်ရင်း တိုးတိုးတိတ်တိတ် အံ့သြနေမိသည်။ အိုးယန်ကို ဤမျှလောက် စွမ်းအားကြီးမည်ဟု သူမမျှော်လင့်ခဲ့ပါ။ သူ့သူငယ်ချင်း၊ ဂေါင်ဟုန်ခသည်လည်း အရှိန်အဝါကြီးကာ ဉာဏ်ကြီးရှင်ဟု တစ်ခါတစ်ရံခေါ်ခံရသော်လည်း နာမည်ကြီးများနှင့် ဉာဏ်ကြီးရှင်များကို မတူညီသောအဆင့်ဖြင့်ခွဲခြားထားသည်မှာ သိသာ၏။ ကျွမ်းကျင်သူများနှင့် လက်ရွေးစင်များစွာရှိသည့် ဤနေရာတွင် ဂေါင်ဟုန်ခကို လက်ရွေးစင်ဟု သတ်မှတ်နိုင်သေး၏။ သို့သော် အတော်ဆုံးသူမှာ သူမဟုတ်တော့ချေ။

လျို့ယွီရှုနှင့်နှိူင်းယှဥ်လျှင်တော့ မည်သူက ပို၍ သန်မာသည်ကို သူမသိနိုင်သောကြောင့်ဖြစ်သည်။

ချူးယွင်ဖန်းသည် လျို့ယွီရှု့၏ ခွန်အားအပြည့်နှင့် မယှဥ်ပြိုင်ခဲ့ဖူးပေ။ ထို့ကြောင့် သူ့တွင် နှိုင်းယှဥ်ရန်နည်းလမ်းမရှိတော့။ သို့သော် သူက အနည်းငယ်အံ့သြသွားရုံသာဖြစ်ကာ သတ္တိတော့မလျော့ပေ။ အခြားသူများနှင့်ယှဥ်လျှင် သူသည် မကြာသေးမီကမှ ထင်ပေါ်ကျော်ကြားလာခဲ့ရုံသာရှိသေးသည်။ တက္ကသိုလ်ဝင်ခွင့်ဖြေရန်က နှစ်တစ်ဝက်တောင်လိုသေးသည်။ ထို့ကြောင့်အနာဂတ်တွင်မည်သူက အောင်မြင်စွာပေါ်ထွန်းလာမမည်ကို မသိနိုင်သေးပေ။

ရုတ်တရက် ခြေသံများကြားလိုက်ရကာ ရှည်လျားကာ တောင့်ဖြောင့်သော ပုဂ္ဂိုလ်တစ်ဦးက စာသင်ခန်းထဲသို့ဝင်လာ၏။ ချူးယွင်ဖန်းက ထိုပုဂ္ဂိုလ်ကိုကြည့်ကာ ထိတ်လန့်သွားရသည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ သူတို့၏ သိုင်းပညာနည်းပြဆရာ ကျင်းဝူဖြစ်သည်။ တန်စီယွီ ဂေါင်ဟုန်ခတို့သည်လည်း ကျင်းဝူအားအထိတ်တလန့်ကြည့်နေကြ၏။

ကျင်းဝူ အတန်းထဲသို့ ဝင်လာသည့်အခါ လူအုပ်အားဝှေ့ကြည့်လျက် ဆိုသည်။

“အားလုံး မင်္ဂလာပါ။ မင်းတို့ထဲက အချို့ကတော့ ငါ့ကိုသိကြပြီး အချို့ကတော့ မသိကြသေးဘူးလို့ထင်တယ်။ ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ပါ့မယ်။ ငါ့နာမည် ကျင်းဝူပါ။ အရင်က သိုင်းပညာဆရာလုပ်ခဲ့ဖူးတယ်။ အခုတော့ ငါက အခန်း(၂)ရဲ့အတန်းပိုင်ပဲ။”

ချက်ချင်းပင် ကျောင်းသားအများစုက အုတ်အုတ်ကျက်ကျက်ဖြစ်ကာ မတ်တပ်ထရပ်ကြသည်။ သူတို့ သူနှင့် မတွေ့ခဲ့ကြဖူးလျှင်တောင် ကျင်းဝူ၏ အမည်ကိုတော့ အနည်းဆုံးကြားဖူးခဲ့ကြလိမ့်မည်။ ထို့ကြောင့် သူတို့ ကျင်းဝူကို သိဖူးခဲ့သည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အတန်း(၂)၏ အတန်းပိုင်ဆရာသည် ကျင်းဝူဖြစ်မည်ဟုတော့ မမျှော်လင့်ထားကြပေ။

အခန်း(၆၀) ငါသုံးမယ့် လက်နက်

ကျောင်းသားများကြားတွင် ကျင်းဝူအကြောင်း ဒဏ္ဍာရီများစွာရှိသည်။ အထူးသဖြင့် သူသည် စစ်တပ်နည်းပြဟောင်းဟူ၍ပင်။ စစ်တပ်သည် လူ့အဖွဲ့အစည်းမှလူတော်များကို စုစည်းလျက်ရှိရာ အထူးတပ်ဖွဲ့သည်မူ ထိုလူတော်များဖြစ်သည်။

အထူးတပ်ဖွဲ့မှ ပင်စင်ယူထားသော ကျင်းဝူသည်မူ လူတိုင်း၏ သိချင်စိတ်ကိုနှိုးဆွနိုင်သော အလွန်လျို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါပေးနေ၏။

“အရင်အတန်းတွေမှာ မင်းတို့ဟာ အကောင်းဆုံးဆိုတာ ငါသိတယ်။ ဒါပေမယ့် ဒါဟာ မင်းတို့ ငါ့ကိုမတွေ့ခင်ကပဲ။ မင်းတို့အတိတ်မှာ ဘာမာန်၊ မာနတွေရှိခဲ့လဲဆိုတာ ငါဂရုမစိုက်ဘူး။ အခု မင်းတို့ ကမ္ဘာပေါ်ကိုဆင်းပြီး အစကစရမယ်။ အတန်းပိုင်ဆရာအနေနဲ့ နောက်နှစ် ဝင်ခွင့်စာမေးပွဲမှာ မင်းတို့အားလုံး တက္ကသိုလ်ဝင်ခွင့်ကောင်းကောင်းတွေရရမယ်ဆိုတဲ့ ပန်းတိုင်တစ်ခုပဲရှိတယ်။”

ကျင်းဝူက အတန်းရှေ့ရပ်ကာ ဘွင်းဘွင်းပြောသည်။ “ငါအခု မင်းတို့နဲ့ပတ်သတ်ပြီး နားလည်စရာတွေရှိသေးတဲ့အတွက်၊ အိုးယန်ကို ယာယီအတန်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ဆုံးဖြတ်ထားတယ်။ ကန့်ကွက်စရာရှိလား”

စကားပြောပြီးသည့်အခါ၊ အိုးယန်ကို သူကြည့်သည်။ အိုးယန်က ခေါင်းကိုရမ်းကာ ဆိုသည်။

“ကိစ္စမရှိပါဘူး”

အခြားသူတစ်ယောက်သာဆိုလျှင် အခြားကျောင်းသားများမှ ကန့်ကွက်ချက်များရှိကောင်းရှိနိုင်သည်။ ယခုမူ ဤလူသည် အိုးယန်ဖြစ်သည်။ လူတိုင်းက သူ့အစွမ်း မည်မျှကြီးမားကြောင်းသိကြသည်။ မည်သူက ကန့်ကွက်နိုင်မည်နည်း။ အခြားအတွေးအခေါ်ဆိုင်ရာ ဘာသာရပ်များနှင့်မတု၊ ကိုယ်ံပညာအတန်းများ၏ အတန်းခေါင်းဆောင်သည် ခွန်အားအကြီးဆုံးသူသာဖြစ်ရမည် ဖြစ်သည်။

“အထူးတန်းကို တက်ခွင့်ရလို့ မင်းတို့အားလုံးပျော်နေမှာပဲ။ အထူးတန်းကို တက်ခွင့်ရတယ်ဆိုတာ သင်ကြားရေးအရင်းမြစ်တွေကို ပိုပြီးခံစားခွင့်ရှိတယ်လို့ ဆိုလိုမှန်းငါပြောပြရင် မင်းတို့ ပိုတောင်ပျော်ဦးမှာပါ။ ကျောင်းရဲ့ သင်ကြားရေးအရင်းအမြစ်တွေကို မင်းတို့ဆီ လွှဲပြောင်းပေးမှာပဲ။ ဘာသာရပ်တိုင်းရဲ့ မင်းတို့ဆရာတွေက အကောင်းဆုံးတွေပဲဖြစ်လိမ့်မယ်၊ ဒါအပြင် လစဉ်ထောက်ပံ့ငွေ ယွမ် ၁၀၀၀၀ ကိုလည်း ရကြရလိမ့်မယ်။ မင်းတို့သာ ကောင်းကောင်းလုပ်ပြနိုင်ရင် ပိုပြီးရလိမ့်မယ်”

ကျင်းဝူက ဖြည်းညှင်းစွာဆိုသည်။

ကြိုတင်သိထားကြနှင့်ပြီးသားဖြစ်သော်လည်း ဤသို့ အကျိုးအမြတ်များအကြာင်းကြားသိပြီးသည့်အခါ ကျောင်းသားများသည် သူတို့မျက်နှာထက်တွင် တစ်စတစ်စပေါ်လာသော စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ကြတော့ပေ။ သို့သော် ကျင်းဝူ၏ စကားလုံးများကို၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ကြ၏။

ကျင်းဝူက ဆက်လက်ပြောဆိုသည်။

“ဒါပေမယ့် ဒီအရာတွေကိုခံစားဖို့ အဖိုးအခတော့ မင်းတို့ပေးရမယ်။ မင်းတို့အားလုံးမှာ လူ့အဖွဲ့အစည်းရဲ့ လက်ရှိအခြေအနေအပေါ် နားလည်မှုအချို့ ရှိကြလိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ မရေတွက်နိုင်အောင်များပြားတဲ့ လူတွေက လူသားမျိုးနွယ်ရဲ့ ရှင်သန်ရာနယ်မြေကိုထိန်းသိမ်းဖို့ ရှေ့တန်းမှာ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်နေကြတယ်။

ရှေ့တန်းကိုပို့ခံရမယ့် မင်းတို့တွေက ဒီအကောင်းဆုံး သင်ကြားရေးအရင်းအမြစ်တွေကို ခံစားခွင့်ရလိမ့်မယ်။ ဒါ့ကြောင့် အခုစသင်ရမယ့် သင်ခန်းစာတွေက မင်းတို့သင်ခဲ့၊ ကြားခဲ့ဖူးတဲ့ အရာတွေနဲ့ ကွဲပြားလိမ့်မယ်။”

“မင်းတို့ တကယ်စစ်မှန်တဲ့ တိုက်ပွဲအတန်းကို တက်ရတော့မယ်။ ဒီအတန်းမှာ မင်းတို့အချင်းချင်း တိုက်ခိုက်ရမှာမဟုတ်ပါဘူး။ ငါတို့ရှင်သန်မှုကို ခြိမ်းခြောက်နေတဲ့ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ရမှာဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့ ဒီအတန်းမှာ သေသွားနိုင်တယ်။ ဒါ့ကြောင့် မင်းတို့ ဒီအထူးတန်းမှာဆက်နေမယ်ဆိုရင် သေဆုံးခြင်းစာချုပ်ကို လက်မှတ်ထိုးထားရမယ်။ ဒါဟာ မင်းတို့ အတန်းထဲမှာသေရင်တောင် ကျောင်းက တာဝန်မရှိဘူးလို့ဆိုလိုတာပဲ”

ကျင်းဝူ၏ စကားလုံးများသည် ကျောင်းသားများအကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ တစ်ကျောင်းလုံးတွင် အကောင်းဆုံးကျောင်းသားများဖြစ်သော်လည်း သူတို့တွင် စွမ်းမားကြီးမကောင်းဆိုးဝါးများကို မပြောနှင့်၊ လူသားများနှင့်တိုက်ခိုက်ဖူးသော အတွေ့အကြုံပင် များများစားစားမရှိကြပါ။

ဤမကောင်းဆိုးဝါးများသည် တောရိုင်းသတ္တဝါကြီးများတင်မဟုတ် သာမန်တောရိုင်းသတ္တွဝါထင် များစွာ အစွမ်းကြီးသည်။ လူ့အဖွဲ့အစည်းသည် ဆရာကြီးများ၊ ကြမ်းကြုတ်ရက်စက်သော ဗိုလ်ချုပ်ကြီးများဖြင့် ပြည့်နေသည်။ နည်းပညာမြင့်လက်နက်အားလုံးကို တစ်ခုပြီးတစ်ခု တီထွင်ခဲ့ကြသည်။ သို့သော် ထိုလက်နက်များသည် မကောင်းဆိုးဝါးများ၏ စွမ်းအားကို ညီမျှစွာ ဆန့်ကျင်နိုင်သည်ဆိုရုံသာရှိသည်။ လူ့အဖွဲ့အစည်း၏ အခြေဖြစ်သည့် ကမ္ဘာကြီးသည်တောင် မကောင်းဆိုးဝါးများကို အမြစ်ဖြတ်ပျောက်ကွယ်အောင် မစွမ်းဆောင်နိုင်ပေ။ ဤမျှလောက်ဆိုလျှင် မကောင်းဆိုးဝါးများ မည်မျှအန္တရယ်ရှိသည်ကို ခန့်မှန်းနိုင်လောက်မည်ထင်၏။

ကျောင်းသားများ၏ တွန့်ဆုတ်သွားသော မျက်နှာများကိုကြည့်ကာ ကျင်းဝူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်။ ဤနူးညံသော ပန်းကလေးများသည် ဖန်အိမ်ထဲတွင် ပျိုးခံခဲ့ရသောကြောင့် ဤသို့သော သေဆုံးနိုင်ခြေမျိုးရှိနေခြင်းဖြစ်သည်။ စစ်တပ်ထဲတွင်မူ သူတို့ထက် အနည်းငယ်မျှသာကြီးသော စစ်သားများရှိသော်လည်း သေဆုံးနိုင်ခြေဟူ၍ မရှိပေ။ နှစ်စဉ်နှစ်တိုင်း စစ်သားများစွာရှင်းလင်းခံရသည်၊ သေဆုံးသည်။ ထို့ကြောင့် သေဆုံးခြင်းသည် အထူးတလည်တော့မဟုတ်ပေ။

“နှုတ်ထွက်ဖို့ နောက်မကျသေးပါဘူး။ မင်းတို့ သာမန်အတန်းကို ပြန်ပြောင်းလို့ရတယ်။ ဒီမှာနေဖို့ အတင်းမတိုက်တွန်းပါဘူး။ ဒါပေမဲ့ နေမယ်လို့ဆုံးဖြတ်ရင်တော့ သေဖို့

ပြင်ဆင်ထားဖို့တော့လိုမယ်” ကျင်းဝူကဆိုသည်။

“ခေတ်သစ်လူ့အဖွဲ့အစည်းက စွမ်းအားနဲ့ တာဝန်သိစိတ်ကို အလေးထားတယ်။ ပိုပြီးအရေးတယူလုပ်တာကို ခံစားချင်ရင် ပိုသာတဲ့အဖိုးအခကိုတော့ပေးဖို့လိုမယ်။ သာမန်သူထက် ပိုသာတဲ့တာဝန်ယူစိတ်မျိုးကိုရှိရမယ်။”

ချူးယွင်ဖန်းက ကျင်းဝူ၏စကားကို ထောက်ခံသည်။ မှန်သည်။ လူတိုင်းက အလေးပေးဆက်ဆံမှုကိုသာအလိုရှိပြီး တာဝန်ယူချင်စိတ်မရှိကြလျှင် လူ့အဖွဲ့အစည်းတစ်ခုလုံး ဟိုးအရင်တည်းက ပျောက်ကွယ်ခဲ့လောက်ပြီ။

ကျောင်းသားအများက တွန့်ဆုတ်နေကြသော်လည်း အဆုံးတွင် မည်သူမျှ မနှုတ်ထွက်ပေ။ သူတို့အားလုံးသည် သူတို့အတွက် နာမည်တွင်ချင်ကြသည်။ ဤနေရာအထိရောက်ခဲ့ပြီးမှတော့ မည်သူက လွယ်လွယ်နှင့် လက်လျှော့နိုင်တော့မည်နည်း။

“ကောင်းတယ်။ မင်းတို့ထဲက တစ်ယောက်မှ လက်မလျှော့ကြဘူး။ မင်းတို့အားလုံးက သိက္ခာရှိတဲ့လူတွေပဲ” ကျင်းဝူကဆိုသည်။

“ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုတော့ ဆက်သွားကြရအောင်။ မင်းတို့ အသုံးပြုမယ့်လက်နက်ရဲ့ အကျိုးဆက်တွေကို မင်းတို့ကိုယ်တိုင် ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ကိုယ့်အရည်အချင်းနဲ့ကိုက်ညီမယ့် လက်နက်ကို ကိုယ့်ဘာသာရွေးပါ။ မင်းတို့အကုန်လုံးက ကျင့်ကြံသူတွေဖြစ်ကြပေမဲ့ သေမျိုးခန္ဓာကိုယ်နဲ့ အဲ့ဒီမကောင်းဆိုးဝါးတွေကို ရင်ဆိုင်ဖို့ကတော့ သိပ်ကိုခက်ခဲလိမ့်မယ်။

ကျင်းဝူကဆက်သည်။

“လူသားတွေက လူသားတွေဖြစ်ပြီး မကောင်းဆိုးဝါးတွေဖြစ်မလာရတဲ့အကြောင်းအရင်းဟာ ငါတို့က ကိရိယာတွေကို သုံးတတ်လို့ပဲဖြစ်တယ်။ ပါရမီရှင်တွေကလွဲရင်၊ သေမျိုးခန္ဓာကိုယ်နဲ့ မကောင်းဆိုးဝါးတွေကိုရင်ဆိုင်ဖို့ ခက်ပေမဲ့၊ လက်သည်းတွေနဲ့ အစွယ်တွေအစား လက်နက်ပေါင်းစုံကို ငါတို့သုံးလို့ရတယ်။”

ဤအကြောင်းပြောနေရင်းနှင့် ကျင်းဝူက ချူးယွင်ဖန်းကို တစ်ခုခုပြောချင်သည့်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သေးသည်။

“ ဒါကြောင့် ခေတ်သစ်လူ့အဖွဲ့အစည်းသည် အတွေးအခေါ်ပိုင်းရော သိုင်းပညာပိုင်းကိုပါ ထောက်ခံကြချင်းဖြစ်သည်။ ထိုးဖို့ကြိတ်ဖို့ပဲသိတဲ့ ရိုင်းစိုင်းတဲ့လူတစ်ယောက်က ဘယ်တော့မှ လွတ်မြာက်ရာကို ရှာနိုင်မှာမဟုတ်ဘူး။”

“ဘာလက်နက်သုံးမလဲဆိုတာကို မင်းတို့သေချာစဉ်းစားသင့်တယ်။ ငါတို့ကျောင်းရဲ့ လက်နက်စုဆောင်းခန်းမှာ အခြေခံလက်နက်တွေနဲ့ ကိုယ်ပညာအရည်အချင်းတွေရှိတယ်။ ဟုတ်တာပေါ့၊ မင်းတို့ပိုကောင်းတဲ့ သိုင်းပညာကိုလေ့လာချင်ရင် မင်းတို့ ကိုယ့်ပိုက်ဆံကိုယ်သုံးရမှာပဲ”

ဤခေတ်သစ်လူ့အဖွဲ့အစည်းတွင် အခြေခံနှင့် အဆင့်နိမ့်သိုင်းပညာများကို လူတိုင်းလေ့လာနိုင်သည်။ သို့သော် အဆင့်မြင့်ကိုယ်ပညာများကို လေ့လာချင်လျှင် မိမိပိုက်ဆံမိမိသုံးရမည်ဖြစ်သည်။ ဂိုဏ်းတစ်ခုခု သို့မဟုတ်၊ လက်နက်ကိုင်အဖွဲ့တစ်ခုခုသို့ဝင်ကာ ထိုပညာများကိုလေ့လာရန် အခွင့်အရေးရနိုင်၏။ ထိုအခွင့်အရေးများကြောင့်၊ ပြည်ထောင်စုတပ်ဖွဲ့သည် သေဆုံးနိုင်ခြေမြင့်သော်လည်း လူအများက ဝင်ရန်စိတ်ဝင်စားကြသည်။

“ယွင်ဖန်း၊ မင်းဘယ်လက်နက်သုံးဖို့အစီအစဉ်ရှိလဲ။ ငါကတော့စဉ်းစားပြီးပြီ။ ဟားဟား ငါက လှံသုံးမှာ။ အချိန်ကျရင် ကောင်မလေးတွေရဲ့ နှလုံးသားကို တည့်တည့်ထိုးစိုက်ပစ်မယ်” ဂေါင်ဟုန်ချီက သူနာမည်ကြီးလာမည့်တစ်ရက်ကို စဉ်းစားရင်း တစ်ခစ်ခစ်ရယ်ကာ ဆိုသည်။

“ ငါသုံးမယ့် လက်နက်…”

All Chapters