အခန်း (၁၄၅၆-၁၄၅၈)
Vol. 98 Ch. 1456-1458
အဆတစ်ရာစနစ် စာစဥ်(၉၈)
အခန်း(၁၄၅၆)
"ဧကရီကျီ.. အရှင်မင်းသားကျန်းချန်က လူသားဧကရာဇ်ရဲ့နေရာကို ဆက်ခံမဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်တယ်လို့ ယူဆလို့ ရပေမဲ့လည်း ကျန်းမျိုးနွယ်စုမှာ မမွေးဖွားခဲ့တဲ့အတွက် အကဲဖြတ်မှုကို တစ်ခါမှ လက်မခံခဲ့ဖူးဘူး"
"အရှင်မင်းသားကျန်းချန်ကို ဧကရာဇ်စစ်ဆေးပွဲမှာ တိုက်ရိုက် ပါဝင်စေလိုက်မယ်ဆိုရင် အများအမြင်အရ မသင့်တော်မှာကို ကျွန်တော် စိုးရိမ်မိတယ်.. ကျွန်တော့်ရဲ့ အမြင်အရတော့ အရှင်မင်းသားကျန်းချန်က အခြားကိုယ်စားလှယ်လောင်းတွေလိုမျိုး ဧကရာဇ်ဆက်ခံပွဲမှာ ပါဝင်ဖို့အတွက် အကဲဖြတ်မှုအားလုံးကို အောင်မြင်သင့်တယ်"
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် ကျန်းယန်ရှောအမည်ရှိ ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲက အဆုံးသတ်တွင် သူ၏ အမြင်ကို ထုတ်ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ဧကရီကျီဝူရွှမ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ကိုယ်စားလှယ်လောင်းတွေက ငယ်စဥ်ကတည်းကစပြီး အကဲဖြတ်မှုတွေကို အများအပြား လုပ်ဆောင်ခဲ့ရတယ်.. ငါ့ရဲ့သားတော်ကို ဒီအကဲဖြတ်မှုတွေအားလုံး လုပ်ဆောင်ခိုင်းရမှာလား"
"ဧကရီကျီ.. အရှင်မင်းသားကျန်းချန်က အကဲဖြတ်မှု လုံးဝမရှိဘဲ ဧကရာဇ်စစ်ဆေးပွဲမှာ တိုက်ရိုက်ပါဝင်လိုက်မယ်ဆိုရင် အများရဲ့အမြင်မှာ မသင့်တော်မှာ စိုးရိမ်မိပါတယ်"
ဤအချိန်တွင် ဝတ်စုံဖြူဝတ် အဘိုးအိုက တလေးတစားဖြင့် ပြောလိုက်သည်။
"အရှင်မင်းသား ကျန်းချန်ကို ဧကရာဇ်ဆက်ခံပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် နောက်ဆုံး အကဲဖြတ်မှုတစ်ခုကိုပဲ ပြုလုပ်ခွင့်ပြုလိုက်ရင်ရော ဘယ်လိုသဘောရလဲ"
ကျီဝူရွှမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူမ ထပ်မံပြောတော့မည့် အချိန်မှာပင် ယုံကြည်မှုအပြည့်ရှိသော အသံတစ်သံသည် ခန်းမထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အမေ ကျွန်တော် ဒီအကဲဖြတ်မှုကို လက်ခံပါရစေ.. ကျွန်တော် ဒီနေ့ ဒီနေရာမှာ ရပ်တည်ရဲတဲ့အတွက် ဘယ်လို အကဲဖြတ်မှုကိုမှ မကြောက်ရွံ့ပါဘူး"
ကျန်းချန်၏ စကားကို ကြားလျှင် ကျီဝူရွှမ်သည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။
တည်ငြိမ်ပြီး စိတ်အေးလက်အေး ရှိလှသော ကျန်းချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် သူမ၏လှပသော မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ကောင်းပြီ.. ငါကျီဝူရွှမ်ရဲ့သားဖြစ်ဖို့ ထိုက်တန်တယ်"
သူမ၏ သားက အကဲဖြတ်မှုကို လုံးဝမျက်စိထဲ မထည့်သည့်အတွက် ကျီဝူရွှမ်သည် မည်သည့်အရာကိုမှ စိတ်မပူတော့ပေ။
"အကြီးအကဲ ရှင်းပိုင်.. မင်းပြောသလိုပဲ စီစဥ်လိုက်ပါ.. မနက်ဖြန် ချန်အာက ဧကရာဇ်ဆက်ခံပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် နောက်ဆုံးအကဲဖြတ်မှုကို လက်ခံမယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျီဝူရွှမ်၏ အကြည့်သည် ခန်းမထဲရှိ ကျန်းမျိုးနွယ်စုမှ အကြီးအကဲများ၏ အပေါ်သို့ ကျရောက်သွားခဲ့သည်။
ထို့နောက် သူက အရေးမစိုက်သော အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။
"မင်းတို့ရော ဘယ်လိုအမြင်တွေ ရှိကြလဲ"
ကျန်းမျိုးနွယ်စုမှ အကြီးအကဲများသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ကျန်းမျိုးနွယ်စု ကျန်းဝူရ၏ ယုံကြည်စိတ်ချရသောနောက်လိုက် အကြီးအကဲအချို့ကမူ ကျီဝူရွှမ်၏ စကားကို ကန့်ကွက်လိုခြင်း မရှိခဲ့ကြပေ။
တခြားအကြီးအကဲများအတွက်မူ ကျီဝူရွှမ်၏စကားကို ကန့်ကွက်လိုကြသော်လည်း ကျီဝူရွှမ် မည်မျှ စိတ်ကြီးမှန်း ရှင်းရှင်းလင်းလင်း သိထားခဲ့ကြသည်။
အကယ်၍ ကျီဝူရွှမ်သာ အမှန်တကယ် ဒေါသထွက်သွားမည်ဆိုလျှင် လူသားမျိုးနွယ်စု တစ်ခုလုံးတွင် ကျီဝူရွှမ်၏ ဒေါသကို ခံနိုင်ရည်ရှိသူ မည်သူမှ မရှိပေ။
"ချန်အာ သွားကြစို့"
ကျန်းမျိုးနွယ်စုမှ အကြီးအကဲများ အားလုံး နှုတ်ဆိတ်နေသည်ကိုမြင်လျှင် ကျီဝူရွှမ်သည် ကျန်းချန်ကို ခေါ်ကာ ခန်းမအပြင်ဘက်သို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် သူ့အမေ၏ ခွန်အားကို မလေးစားဘဲ မနေနိုင်တော့ပေ။
ကျန်းချန်က ယွင်ယွဲ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် သူ့အမေ ကျီဝူရွှမ်နှင့်အတူ ခန်းမထဲကနေ တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်သည် ကျီဝူရွှမ်နှင့်အတူ နန်းတော်၏ ခန်းမတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
"ချန်အာ.. သားကို မွေးဖွားပြီးတဲ့နောက်မှာ အမေရဲ့ မှတ်ဥာဏ်တွေကို ပြန်လည်ရရှိခဲ့တယ်.. အမေက ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုရဲ့ အခြေအနေကို စိတ်ပူတဲ့အတွက် သားနဲ့ သားအဖေကို ထားခဲ့ပြီး အရင်ဦးဆုံး ပြန်လာခဲ့တယ်.. ဒီဆုံးဖြတ်ချက်ကြောင့် သားနဲ့ ဆယ်စုနှစ်ကြာ ဝေးကွာရလိမ့်မယ်လို့ အမေ မမျှော်လင့်ခဲ့ဘူး.. သားအမေ့ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်"
ကျီဝူရွှမ်က အလွန်နူးညံ့သော မျက်ဝန်းများဖြင့် ကျန်းချန်ကိုကြည့်ကာ ပြောလိုက်သည်။
"အမေ စိတ်မပူပါနဲ့.. အမေနဲ့အဖေသာ ရွှယ်လင်ကုန်းမြေတိုက်မှာ သွေးဝိညာဥ် မျိုးနွယ်စုကို ပိတ်ဆို့မထားခဲ့ရင် ကျွန်တော်ရှန်းဝူတိုက်မှာ ဒီအချိန်အထိ အသက်ရှင်နိုင်မှာ မဟုတ်လောက်ဘူး"
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
"ဒါနဲ့ အမေ ဧကရာဇ်ဆက်ခံပွဲ အတွက် အကဲဖြတ်မှုနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ပြောပြပါဦး"
"ကောင်းပြီ အမေပြောပြမယ်"
ကျီဝူရွှမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ကျန်းချန်ကို အကဲဖြတ်မှုနှင့်ပတ်သက်၍ ရှင်းပြလိုက်သည်။
ကျန်းမျိုးနွယ်စုမှ တပည့်တိုင်းသည် အရည်အချင်းနှင့် သွေးစွမ်းအား အဆင့်တစ်ခုသို့ ရောက်လျှင် လူသားဧကရာဇ်၏ ဆက်ခံသူ ကိုယ်စားလှယ်လောင်း စာရင်းထဲ အသွင်းခံရမည် ဖြစ်သည်။
ထိုစာရင်းထဲသို့ ရောက်ရှိသွားသော တပည့်များသည် အချိန်တစ်ခုအထိ အကဲဖြတ်ခံရလိမ့်မည် ဖြစ်သည်။
အကဲဖြတ်မှုတစ်ခုကို ကျရှုံးသည်နှင့် ကိုယ်စားလှယ်လောင်းစာရင်းထဲကနေ ဖယ်ရှားခံရပေလိမ့်မည်။
ထို့ကြောင့် ကိုယ်စားလှယ်လောင်းများသည် မွေးဖွားခြင်းကနေ အရွယ်ရောက်သည်အထိ အကဲဖြတ်မှုများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။
ထို့အပြင် ကျန်းချန် မနက်ဖြန် ရင်ဆိုင်ရမည့် အရာသည် ဧကရာဇ်ဆက်ခံပွဲကို ဝင်ခွင့်ရရန်အတွက် နောက်ဆုံးသော အကဲဖြတ်မှုလည်း ဖြစ်သည်။
"ကျန်းချန်.. မင်းက ငယ်စဥ်ကတည်းက ကျန်းမျိုးနွယ်စုမှာ မကြီးပြင်းခဲ့ရဘူး.. ဒါပေမဲ့ ကျန်းမျိုးနွယ်စုရဲ့ တခြားသောကိုယ်စားလှယ်လောင်းသုံးဦးကတော့ ကျန်းမျိုးနွယ်စုမှာပဲ နှစ်ပေါင်းများစွာ ကြီးပြင်းခဲ့တဲ့အတွက် အားကောင်းတဲ့အဆက်အသွယ်တွေကို ထူထောင်ထားခဲ့ကြပြီ"
"မနက်ဖြန် အကဲဖြတ်ပွဲမှာ သူတို့က မင်းအရှက်ရစေဖို့ အတွက် နည်းလမ်းတွေကို ရှာဖွေထားလိမ့်မယ်.. မင်းအနေနဲ့ လုံးဝပေါ့ဆလို့မဖြစ်ဘူး.. ဧကရာဇ်ဆက်ခံပွဲအတွက် နောက်ဆုံးသောအကဲဖြတ်မှုက အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူဖို့ပဲ.. ဒါပေမဲ့ င့ါရဲ့ခန့်မှန်းချက်အရတော့ မင်းအတွက် သူတို့ စီစဥ်ပေးတဲ့ ပြိုင်ဘက်က မလွယ်လောက်ဘူး"
ကျီဝူရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ သတိပေးလိုက်သည်။
သူမက ကျန်းချန်ကို အကဲဖြတ်မှုတွင် မပါဝင်စေချင်ခဲ့ဘဲ ဧကရာဇ်ဆက်ခံပွဲအား တိုက်ရိုက် ပါဝင်စေလိုခဲ့သည်။
သို့သော်လည်း အကဲဖြတ်ပွဲတွင် ပါဝင်ရန် ကျန်းချန် ကိုယ်တိုင်က စတင် ပြောဆိုခဲ့သည့်အတွက် ကျီဝူရွှမ်သည် အတင်းအကျပ် မလုပ်ခဲ့ပေ။
တစ်ဖက်တွင်လည်း ကျီဝူရွှမ်သည် ကျန်းချန်ကို စိုးရိမ်နေခဲ့သလို အခြားတစ်ဖက်တွင်လည်း ဧကရာဇ်စစ်ဆေးပွဲနှင့်ပတ်သက်၍ ထည့်သွင်း စဥ်းစားနေခဲ့သည်။
အကယ်၍ ကျန်းချန်သာ တိုက်ရိုက် ဝင်ရောက်ခွင့်ရခဲ့လျှင် လူသားမျိုးနွယ်စု၏ ထောက်ခံမှုကို ရရှိရန် ခက်ခဲလိမ့်မည်ဟု သူမ ထင်မြင်မိ၏။
သို့သော်လည်း မနက်ဖြန် အကဲဖြတ်မှုကို အောင်မြင်ပြီး အလွန် အစွမ်းထက်သည့် စွမ်းအားနှင့် အရည်အချင်းကို ပြသနိုင်မည်ဆိုလျှင် ဧကရာဇ်စစ်ဆေးပွဲ အတွက် လူအများအပြား၏ ထောက်ခံအားပေးမှုကို ရရှိရန် ပိုမို လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။
"အမေ စိတ်ချပါ အဆင့်တူအတွင်းမှာ ကျွန်တော် ဘယ်သူ့ကိုမှ ရှုံးမှာမဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏အသံတွင် ယုံကြည်မှုအပြည့် ရှိနေခဲ့၏။
သူက ကျင့်ကြံခြင်း လမ်းစဥ်သို့ လျှောက်လှမ်းလာသော ခရီးတစ်လျှောက်တွင် အဆင့်တူ ပြိုင်ဘက်ကို တစ်ခါမှ မရှုံးနိမ့်ဖူးပေ။
အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူ မပြောနှင့်၊ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူ့အနေဖြင့် ကြောက်ရွံ့နေမည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ကျန်းမျိုးနွယ်စု၏ တခြားနန်းဆောင်တစ်ခုတွင် နှင်းကဲ့သို့ ဖြူစင်သော အဝတ်အစားကို ဝတ်ဆင်ထားသည့် ခန့်ညားသော လူငယ်တစ်ယောက်သည် စာပေပညာရှင်တစ်ယောက်လို ဝတ်စားဆင်ယင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့် စစ်တုရင် ကစားနေခဲ့သည်။
ထိုအဖြူရောင် အဝတ်အစားကို ဝတ်စားထားသော လူငယ်မှာ ကျန်းကျွင်း ဖြစ်ပြီး ကျန်းမျိုးနွယ်စုတွင် ထူးချွန်သော ပါရမီရှိသူ ဖြစ်ကာ ကိုယ်စားလှယ်လောင်း သုံးဦးထဲမှ တစ်ဦးလည်းဖြစ်သည်။
သူက အလွန် အရည်အချင်းရှိပြီး အင်အားကောင်းမွန်သည့် အပြင် ဧကရာဇ် စစ်ဆေးပွဲတွင် အနိုင်ရပြီး လူသားဧကရာဇ် ဖြစ်လာရန်အတွက် ရေပန်းအစားဆုံးလည်း ဖြစ်သည်။
"ဆရာ ကျွန်တော် ဒီအကွက်ကို ရွှေ့လိုက်တာ ဘယ်လိုမြင်လဲ"
ကျန်းကျွင်းက အဖြူရောင် စစ်တုရင်ရုပ်ကို ကိုင်ကာ အကွက်ရွှေ့လိုက်ပြီးနောက်တွင် လူလတ်ပိုင်းအရွယ် စာပေပညာရှင်ကို ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် စာပေပညာရှင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်၏။
"သခင်လေးကျွင်းရဲ့ လှုပ်ရှားမှုက ပြိုင်ဘက်ကို တစ်ကွက်တည်းနဲ့ အလဲထိုးနိုင်မဲ့ ကောင်းမွန်တဲ့ လှုပ်ရှားမှုပဲ.. ဒါပေမဲ့ ရလဒ်ကိုကော သခင်လေးကျွင်း သေချာတွေးခဲ့ပြီးပြီလား"
"ဆရာ့ရဲ့ ဥာဏ်ပညာနဲ့ဆိုရင် ရလဒ်ကို အချိန်အတော်ကြာကတည်းက တွေးထားပြီးသား ဖြစ်မှာပါ.. ဘာလို့ ကျွန်တော့်ကို မေးရတာလဲ"
အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင် ကျန်းကျွင်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"သခင်လေး လူသားဧကရာဇ်ရဲ့သားတော် ကျန်းချန်က ဧကရာဇ်ဆက်ခံပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် နောက်ဆုံးအကဲဖြတ်မှုကို မနက်ဖြန်မှာ ပြုလုပ်လိမ့်မယ်ဆိုတဲ့ သတင်းကို အခုလေးတင် ရရှိခဲ့တယ်"
ထိုအချိန်မှာပင် အစေခံ တစ်ယောက်သည် ကျန်းကျွင်းကို အလျင်အမြန်ပင် သတင်းလာပို့ခဲ့သည်။
"စိတ်ဝင်စားစရာကောင်းသားပဲ.. စိတ်ကြီးတဲ့ ဧကရီကျီက တိုက်ရိုက်ဝင်ခွင့်အတွက် အလျှော့ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ကျန်းကျွင်းက အံ့သြသော အမူအရာဖြင့် ပြောလိုက်သည်။
သူက ခေါင်းကိုမော့လိုက်ပြီး တစ်ဖက်ခြမ်းရှိ လူလတ်ပိုင်းအရွယ် စာပေပညာရှင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက ရယ်မောကာ ပြောလိုက်သည်။
"ဆရာ ကစားပွဲထဲကို နောက်ထပ်ပြိုင်ဘက်တစ်ယောက် ဝင်ရောက်လာခဲ့ပြီ.. ဒါပေမဲ့လည်း မနက်ဖြန် အကဲဖြတ်မှုကို ဒီလူ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် စာပေပညာရှင်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
"ကျွန်တော်ကတော့ သခင်လေးကျွင်းရဲ့ ဧကရာဇ် စစ်ဆေးပွဲမှာ ဒီတစ်ကြိမ် ပြိုင်ဘက်တစ်ဦး ထပ်တိုးလာလိမ့်မယ်လို့ ထင်တယ်"
ထိုစကားကိုကြားလျှင် ကျန်းကျွင်းက ဝင့်ကြွားစွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ဆရာ.. သူက အကဲဖြတ်မှုကို ကျော်လွှားနိုင်ပြီး ဧကရာဇ်စစ်ဆေးပွဲမှာ အမှန်တကယ် ပါဝင်လာခဲ့ရင်တောင် သူက ကျွန်တော့်ရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"
ကျန်းကျွင်း၏ ယုံကြည်မှု လွန်ကဲလွန်းသော အမူအရာကိုမြင်လျှင် လူလတ်ပိုင်းအရွယ် စာပေပညာရှင်သည် တိတ်တဆိတ်ခေါင်းခါရမ်းလိုက်သည်။
လူသားဧကရာဇ်သားတော် ကျန်းချန် ပြန်ရောက်လာသည့်အချိန်ကစ၍ ကောင်းကင်ရှိ နက္ခတ်များသည် ရှုပ်ထွေးနေခဲ့သည်။
အကယ်၍ ကျန်းကျွင်းသာ လူသားဧကရာဇ်၏ သားတော်အား လျှော့တွက်မိခဲ့လျှင် ဤဧကရာဇ်စစ်ဆေးပွဲတွင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရလိမ့်မည်ဟု သူထင်မြင်မိ၏။
အခန်း(၁၄၅၆)ပြီး၏။
အခန်း(၁၄၅၇)
နံနက်အခါတွင် ကောင်းကင်က အနည်းငယ်သာ လင်းနေသေး၏။
ကျန်းမျိုးနွယ်စုဗဟိုရှိ ရင်ပြင်တစ်ခုတွင် လူထောင်ပေါင်းများစွာသည် မနက်စောစောကတည်းကပင် စုရုံးနေခဲ့ကြသည်။
လူသားဧကရာဇ်၏ သားတော်က ကျန်းမျိုးနွယ်စုသို့ ပြန်လည်ရောက်ရှိလာပြီး ဧကရာဇ်စစ်ဆေးပွဲတွင် ပါဝင်ခွင့်ရရန်အတွက် အကဲဖြတ်မှုတစ်ခု ပြုလုပ်မည် ဟူသောသတင်းသည် အင်ပါယာမြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းမျိုးနွယ်စုများမှ အကြီးအကဲများနှင့် တပည့်များစွာသာမက ယဲ့မျိုးနွယ်စုနှင့် ကျီမျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူများပါ ထိုအကဲဖြတ်ပွဲကို လာရောက်ကြည့်ရှုရန် စုဝေးခဲ့ကြသည်။
ကျန်းချန်သာ အကဲဖြတ်မှုကို အောင်မြင်ခဲ့လျှင် အရိုက်အရာစစ်ဆေးပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦး ထပ်မံ တိုးလာလိမ့်မည် မဟုတ်ပါလား။
ထိုအချိန်သို့ရောက်လျှင် ရာဇပလ္လင်အတွက် တိုက်ပွဲသည် ပိုမို၍ ပြင်းထန်လာမည်မှာ သေချာသလောက်ပင်။
ဆိုရလျှင် ဤအကဲဖြတ်မှုသည် လူသားမျိုးနွယ်စု တစ်ခုလုံး၏ အနာဂတ် အခြေအနေနှင့် ပတ်သက်နေ၏။
ထိုသို့ စောင့်ဆိုင်းနေစဥ်မှာပင် လူအများအပြားသည် ရင်ပြင်တွင် စုရုံးနေခဲ့ကြပြီး ကျန်းမျိုးနွယ်စုမှ အကြီးအကဲများသည် ရင်ပြင်အထက်ရှိ ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့ကြသည်။
"ဟိုမှာကြည့်စမ်း.. ကိုယ်စားလောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ကျန်းရီလည်း ရောက်လာခဲ့ပြီ"
ထိုအချိန်မှာပင် ရင်ပြင်ပေါ်မှ လူတစ်ယောက်သည် ကောင်းကင်ပေါ်ရှိ တစ်နေရာသို့ မော့ကြည့်လိုက်ကာ အလျင်အမြန် အော်ဟစ်လိုက်သည်။
လူတိုင်းက မော့ကြည့်လိုက်သောအခါ စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လူတချို့နှင့်အတူ ရင်ပြင်ဆီသို့ လှမ်းလာသည်ကို တွေ့လိုက်ရသည်။
"ကျန်းရီအပြင် ကျန်းယန်နဲ့ ကျန်းကျွင်းတို့လည်း ဒီမှာရောက်နေကြပြီ"
တခြား လူတစ်ယောက်က ကျန်းရီ၏ အနောက်ကို လှမ်းကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
လူတိုင်းက လှမ်းကြည့်လိုက်သောအခါ ရင်ပြင်ဆီသို့ လာနေသော နောက်ထပ် အဖွဲ့နှစ်ဖွဲ့ကို ထပ်တွေ့လိုက်ရ၏။
တစ်ဖွဲ့ကို အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ဦးဆောင်လာခဲ့သည်။
ထိုလူက ကျန်းမျိုးနွယ်စု၏ ကိုယ်စားလှယ်လောင်းသုံးဦးအနက် တစ်ဦးဖြစ်သော ကျန်းယန် ဖြစ်၏။
နောက်တစ်ဖွဲ့ကမူ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး ဖြစ်ပြီး ကိုယ်စားလှယ်လောင်းသုံးဦးထဲမှ တစ်ဦး ဖြစ်သော ကျန်းကျွင်း ဖြစ်သည်။
အရိုက်အရာဆက်ခံပွဲတွင် ပါဝင် ယှဥ်ပြိုင်နေကြသည့် ကိုယ်စားလှယ်လောင်းသုံးဦးသည် ကျန်းချန်၏ အကဲဖြတ်မှုကို ကြည့်ရှုရန်အတွက် ရင်ပြင်ဆီသို့ တစ်ချိန်တည်း ရောက်ရှိလာခဲ့ကြသည်။
သူတို့က အရိုက်အရာ ဆက်ခံပွဲတွင် နောက်ထပ် ပြိုင်ဘက်တစ်ဦး ထပ်တိုးမတိုးကို သိချင်နေကြသည်မှာ ရှင်းလင်းနေ၏။
ကိုယ်စားလှယ်လောင်း သုံးဦး ရောက်ရှိပြီး သိပ်မကြာခင်မှာပင် ကျီဝူရွှမ်သည် ကျန်းချန်နှင့် အတူ ရင်ပြင်ထက်တွင် ပေါ်လာခဲ့သည်။
ကျန်းချန် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ပြင်ပေါ်ရှိ မရေမတွက်နိုင်သော အကြည့်များသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ကြသည်။
"ဒါက လူသားဧကရာဇ်ရဲ့ သားတော်လား.. သူ့ကို ကြည့်ရတာ သာမန်လောက်ပါပဲ"
"ဟမ့် ခင်ဗျားတို့က အပေါ်ယံကို ကြည့်ပြီး ဝေဖန်နေကြတာပဲ.. အရှင်မင်းသားကျန်းချန်က အသက်(၃၀)မပြည့်သေးပဲ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကိုတောင် ရောက်ရှိနေခဲ့ပြီ.. သူ့ရဲ့ အရည်အချင်းက ကျန်းမျိုးနွယ်စုရဲ့ ကိုယ်စားလှယ်လောင်းတွေထက် လုံးဝ မနိမ့်ကျဘူး"
".........."
ထိုစကားကိုကြားလျှင် ရင်ပြင်ပေါ်ရှိ လူတိုင်းသည် စကားပင် မပြောနိုင်တော့ပေ။
"အရှင်မင်းသား ကျန်းချန်က အဆင့်နိမ့် ကုန်းမြေမှာ ကြီးပြင်းလာတဲ့သူပဲ.. ကျန်းမျိုးနွယ်စုရဲ့ အရင်းအမြစ်တွေကို အသုံးမပြုဘဲနဲ့ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ဒီလိုအသက်အရွယ်နဲ့ ထိုးဖောက်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူး.. အရှင်မင်းသား ကျန်းချန်ရဲ့ အရည်အချင်းက တကယ်ကို အံ့သြလောက်စရာပဲ"
ထိုအချိန်တွင် လေထုထဲတွင် ရှိနေသော ကျန်းကျွန်းသည် အောက်ဘက်ရှိ ကျန်းချန်ကို အကဲခတ်၍ ကြည့်နေခဲ့သည်။
သူ၏မျက်ဝန်းတွင် အံ့ဩသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
"လူသားဧကရာဇ်နဲ့ ဧကရီကျီတို့က လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်တွေပဲ.. သူတို့နှစ်ယောက်က မွေးဖွားလာတဲ့ သွေးသားအရင်းအခြာက ဘယ်လိုလုပ်ပြီး အရည်အချင်း ဆိုးရွားနိုင်မှာလဲ"
ကျန်းကျွင်း၏ နံဘေးတွင် ရှိနေသော လူလတ်ပိုင်းအရွယ်စာပေပညာရှင်က ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။
ကျန်းကျွင်းက ခပ်ယဲ့ယဲ့ပြုံးကာ တုံ့ပြန် ပြောဆိုလိုက်၏။
"သူ့ရဲ့ အရည်အချင်းက တကယ်မဆိုးပါဘူး.. ဒါပေမဲ့ ဒီအကဲဖြတ်မှုကို အောင်မြင်ဖို့က သူ့အတွက် မလွယ်လောက်ဘူး"
ထိုစကားကို ပြောနေရင်း သူက ကျန်းရီနှင့် ကျန်းယန်တို့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ကျန်းချန်က လူသားဧကရာဇ်၏ သားတော် ဖြစ်ပြီး ဧကရီကျီဝူရွှမ်၏ ထောက်ခံမှုကို ရရှိနေခဲ့သော်လည်း ဤတစ်ကြိမ်တွင် သူတို့သည် အရိုက်အရာ ဆက်ခံပွဲတွင် ယှဥ်ပြိုင်နေကြသည့် ကိုယ်စားလှယ်လောင်း သုံးဦး ဖြစ်ရာ ရာဇပလ္လင်နှင့် ပတ်သက်၍ သူတို့နှင့် ယှဥ်ပြိုင်မည့် နောက်ထပ် တစ်ဦးကို အလိုမရှိခဲ့ပေ။
ထို့ကြောင့် ဤတစ်ကြိမ် အကဲဖြတ်မှုတွင် ကျန်းချန်၏ ပြိုင်ဘက်ကို သူတို့သုံးဦးက အလေးအနက်ထား၍ ရွေးချယ်ခဲ့သည်။
သို့ဖြစ်ရာ ကျန်းချန်သည် အကဲဖြတ်မှုကိုအောင်မြင်ရန် မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။
"ဧကရီကျီကို ဂါဝရပြုပါတယ်"
ကျီဝူရွှမ်က ကျန်းချန်ကို လက်ဆွဲ၍ ရင်ပြင်ကို လျှောက်လှမ်းလာသည်ကို မြင်သည်နှင့် ရင်ပြင်တွင် ရှိသည့် လူထောင်ပေါင်း များစွာသည် ကျီဝူရွှမ်ကို အရိုအသေပေးလိုက်ကြသည်။
ထို့နောက်တွင် ကျီဝူရွှမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှင်းပိုင်ကို ချက်ချင်းပင် ပြောလိုက်သည်။
"အကြီးအကဲရှင်းပိုင် စစ်ဆေးမှုကို စတင်လိုက်တော့"
ရှင်းပိုင်က ခေါင်းညိတ်လိုက်ပြီး ရင်ပြင်၏ အလယ်သို့ ရောက်သွားခဲ့သည်။
"အရှင်မင်းသားကျန်းချန်က ပြင်ပကုန်းမြေမှာ နေထိုင်ခဲ့ပြီး သိပ်မကြာခင်ကမှ ကျန်းမျိုးနွယ်စုဆီကို ပြန်ရောက်လာခဲ့တယ်.. သူက လူသားဧကရာဇ်ရဲ့သားတော် ဖြစ်နေတဲ့အတွက် အရိုက်အရာဆက်ခံပွဲကို ပါဝင် ယှဥ်ပြိုင်သင့်တယ်.. ဒါပေမဲ့ အရှင်မင်းသားကျန်းချန်ကို တိုက်ရိုက်ပြိုင်ခွင့်ပြုလိုက်လျှင် အခြား ကိုယ်စားလှယ်လောင်းသုံးဦး အပေါ် မမျှတရာ ကျလိမ့်မယ်"
"ဒါကြောင့် ငါတို့တွေ ဆွေးနွေးမှုအပြီးမှာ အရှင်မင်းသားကျန်းချန် အတွက် အကဲဖြတ်ပွဲ တစ်ပွဲကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်.. ဒီအကဲဖြတ်မှုကို အောင်မြင်မှသာ အရှင်မင်းသားကျန်းချန်က အရိုက်အရာ ဆက်ခံပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်"
ထိုစကားကို ပြောပြီးနောက်တွင် ရှင်းပိုင်သည် ကျန်းချန်ကို လှမ်းကြည့်လိုက်ကာ အရိုအသေပြု၍ ပြောလိုက်သည်။
"အရှင်မင်းသားကျန်းချန် အရှေ့ကို ထွက်လာပြီး အကဲဖြတ်မှုကို လက်ခံပေးပါ"
ကျီဝူရွှမ်က ကျန်းချန်ကို တီးတိုး သတိပေးလိုက်သည်။
"ချန်အာ မင်းသတိထားမှရမယ်.. သူတို့တွေ မင်းအတွက် စီစဥ်ပေးတဲ့ ပြိုင်ဘက်က မလွယ်လောက်ဘူး"
"အမေ စိတ်မပူပါနဲ့.. ကျွန်တော် ရင်ဆိုင်နိုင်ပါတယ်"
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်ပြီး တစ်ခဏအတွင်းမှာပင် ရင်ပြင်၏ အလယ်သို့ ရောက်ရှိလာခဲ့သည်။
"အရှင်မင်းသားကျန်းချန်.. ဒီအကဲဖြတ်မှုရဲ့ စည်းမျဥ်းတွေအကြောင်းကို အရှင်မင်းသားဆီ ပြောပြခဲ့ပြီးပြီ.. ဒီစစ်ဆေးမှုမှာ အရှင်မင်းသား ကျန်းချန်က အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရလိမ့်မယ်.. အရှင်မင်းသားအနေနဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်သရွေ့ ဒီအကဲဖြတ်မှုကို အောင်မြင်ပါပြီ.. အခုအချိန်ကစပြီး အကဲဖြတ်မှုကို စတင်ပြီလို့ ကြေညာလိုက်ပါတယ်"
ရှင်းပိုင်၏ စကားသံ အဆုံးသတ်သည်နှင့် တောင်ကုန်း တစ်ခုလို ထွားကျိုင်းသည့် ပုံရိပ်တစ်ခုသည် ရင်ပြင်၏ အလယ်သို့ လေးလံစွာ ကျဆင်းလာခဲ့ရာ ရင်ပြင် တစ်ခုလုံးကိုပင် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။
"ကျန်းမျိုးနွယ်စုရဲ့ အထူးချွန်ဆုံးတပည့် ကျန်းကျန့်ပါလား"
"အရှင်မင်းသား ကျန်းချန်ရဲ့ အကဲဖြတ်မှုမှာ ပြိုင်ဘက်အဖြစ် ကျန်းကျန့်ကို ရွေးချယ်ထားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး.. ကြည့်ရတာ ကျန်းမျိုးနွယ်စုက အရှင်မင်းသားကို အခွင့်အရေး လုံးဝမပေးဖို့ ရည်ရွယ်ထားတဲ့ပုံပဲ"
"............."
ရင်ပြင်တွင် ရှိနေသည့် လူတိုင်းသည် ကျန်းချန်၏ပြိုင်ဘက်ကို မြင်လျှင် ခေါင်းခါရမ်းကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ဟမ့်.. ချန်အာကို ကျန်းကျန့်နဲ့ ရင်ဆိုင်ခိုင်းတယ်ပေါ့လေ.. ဒီလူတွေက ချန်အာကို အရိုက်အရာ မဆက်ခံနိုင်ဖို့အတွက် တကယ်ကို အပင်ပန်းခံနေကြတာပဲ"
ကျန်းချန်၏ရှေ့ရှိ ပြိုင်ဘက်ကို ကြည့်ရင်း ကျီဝူရွှမ်၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းကျန့်သည် ကျန်းမျိုးနွယ်စု၏ ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကိုယ်စားလှယ်လောင်း သုံးဦးထက် အရည်အချင်း မနိမ့်ကျပေ။
ကျန်းကျန့်သာ ကျန်းမျိုးနွယ်စု၏ စည်းမျဥ်းများကို ချိုးဖောက်၍ ကိုယ်စားလှယ်လောင်းအဖြစ် ဖယ်ရှားမခံရလျှင် ဤအချိန်၌ အရိုက်အရာ ဆက်ခံပွဲတွင် နေရာတစ်နေရာ သေချာပေါက်ရလိမ့်မည် ဖြစ်သည်။
ကျန်းကျန့်ကို ကျန်းမျိုးနွယ်စုမှ အကြီးအကဲများသည် နှစ်(၁၀၀)ကြာ ထိန်းသိမ်းထားခဲ့ပြီး ယခုထက်ထိတိုင် အပြစ်ပေးနေဆဲပင်။
သို့သော်လည်း အကြီးအကဲများသည် ဤကဲ့သို့သော အချိန်တွင် ကျန်းကျန့်ကို ကျန်းချန်နှင့် ယှဥ်ပြိုင်ရန် လွှတ်ပေးလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
"အကြီးအကဲရှင်းပိုင်.. ကျန်းကျန့်က အခုအချိန်မှာ ထိန်းသိမ်းခံထားရပြီး အပြစ်ပေးခံထားရဆဲပဲ.. ကျန်းကျန့်ကို ဒီအကဲဖြတ်ပွဲမှာ ကျန်းချန်ရဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်တာက သိပ်တော့ ပုံမကျသလိုပဲ"
ကျီဝူရွှမ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဧကရီကျီ.. ကျန်းကျန့်က ကျန်းမျိုးနွယ်စုရဲ့ တပည့်တစ်ဦး ဖြစ်ပြီး အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူဖြစ်နေတဲ့ အတွက် အကဲဖြတ်ပွဲရဲ့ စည်းမျဥ်းတွေနဲ့ အပြည့်အဝ ကိုက်ညီမှုရှိပါတယ်"
ရှင်းပိုင် ပြန်မဖြေခင်မှာပင် ကျန်းမျိုးနွယ်စုမှ အခြားအကြီးအကဲ တစ်ဦးသည် ကျီဝူရွှမ်ကို ပြုံးကာ ပြောလိုက်သည်။
ကျီဝူရွှမ်က မျက်ခုံးပင့်ကာ စကားပြောတော့မည့် အချိန်မှာပင် ကျန်းချန်၏ လှောင်ရယ်သံက ထွက်ပေါ်လာခဲ့သည်။
"အမေ.. အကြီးအကဲတွေက စည်းမျဥ်းတွေနဲ့ ကိုက်ညီတယ်လို့ ပြောနေမှတော့ ဒီအတိုင်းပဲ ထားလိုက်ပါ.. ကျွန်တော်ဒီကို လာရဲမှတော့ ဘယ်ပြိုင်ဘက်ကိုမှ ကျွန်တော် မကြောက်ပါဘူး"
ကျန်းချန်၏ စကားကိုကြားပြီးနောက်တွင် ကျီဝူရွှမ်သည် ဘာမှ ထပ်မပြောတော့ပေ။
ရင်ပြင်၏ အလယ်တွင် ကျန်းချန်နှင့် ကျန်းကျန့်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။
ကျန်းကျန့်က ကျန်းချန်ကို တိုက်ရိုက်ပင် စိုက်ကြည့်ကာ ပြောလိုက်သည်။
"အရှင်မင်းသား ဒီတစ်ကြိမ် အကဲဖြတ်ပွဲမှာ အရှင်မင်းသားကို တားဆီးဖို့က ကျွန်တော့်ရဲ့ တာဝန်ဖြစ်နေတဲ့ အတွက် အရှင်မင်းသား ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
ထိုစကားကိုကြားလျှင် ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသော အသံသည် တစ်ခဏအတွင်းမှာပင် ရင်ပြင် တစ်ခုလုံးကို ဖြည်းဖြည်းချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"အပိုစကားတွေပြောတာရပ်ပြီး တိုက်ပွဲကို စလိုက်ကြစို့.. မင်းကို တစ်ကွက်တည်းနဲ့ အနိုင်မယူနိုင်ရင် ဒီအကဲဖြတ်ပွဲမှာ ငါအရှုံးပေးလိုက်မယ်"
အခန်း(၁၄၅၇)ပြီး၏။
အခန်း(၁၄၅၈)
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် ပတ်ဝန်းကျင်တစ်ခုလုံးရှိ ပရိသတ်များသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
အရှင်မင်းသား ကျန်းချန်သည် အလွန်ပင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခဲ့သည်။
သိထားရမည့်အချက်မှာ ကျန်းကျန့်သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ်တွင် ရှိသည့် ပါရမီရှင် တစ်ဦး ဖြစ်ပြီး အဆင့်တူအတွင်း ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။
ကျန်းမျိုးနွယ်စုမှ ကိုယ်စားလှယ်လောင်း သုံးဦးပင်လျှင် ကျန်းကျန့်ကို တစ်ကွက်ထဲဖြင့် အနိုင်ယူပြမည်ဟု မပြောရဲပေ။
သို့သော်လည်း လူသားဧကရာဇ်၏ သားတော် ဖြစ်သည့် အရှင်မင်းသား ကျန်းချန်သည် ကျန်းကျန့်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူပြမည်ဟု ကြုံးဝါးနေခဲ့သည်။
ယင်းမှာ မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
ရင်ပြင်ရှိ လူတိုင်းသည် ကျန်းချန်၏ စကားကြောင့် အံ့အားသင့်သွားသည့်အပြင် ကျန်းမျိုးနွယ်စု၏ ကိုယ်စားလှယ်လောင်းသုံးဦးနှင့် အကြီးအကဲများသည်လည်း အံ့အားသင့်သွားခဲ့ကြသည်။
"ကျန်းကျန့်ကိုတောင် တစ်ကွက်တည်းနဲ့ အနိုင်ယူပြမယ်ဆိုပါလား.. ကျွန်တော်တို့ရဲ့ အရှင်မင်းသားကျန်းချန်က လေလုံးထွားတတ်တဲ့ပုံပဲ"
"ဟမ့်.. စကားကြီးစကားကျယ်တွေ လျှောက်ပြောနေတာ ဒီကောင်လျှာခေါက်မှာ မကြောက်ဘူးလား မသိဘူး.. သူဘာတွေ လုပ်ပြနိုင်မလဲဆိုတာ ငါစောင့်ကြည့်ချင်သေးတယ်"
"........."
ကျန်းမျိုးနွယ်စုမှ အကြီးအကဲများစွာသည် လှောင်ပြောင်နေခဲ့ကြသည်။
သူတို့၏ အမြင်ဖြင့်ဆိုလျှင် ကျန်းချန်က အင်ပါယာနယ်ပယ်အစောပိုင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်မှန်း မြင်နိုင်ရန် မခက်ခဲပေ။
သို့သော်လည်း ကျန်းကျန့်သည် သူတို့ ကျန်းမျိုးနွယ်စုက ဂရုတစိုက် ပျိုးထောင်ထားသည့် ပါရမီရှင် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း သုံးဦးထက်ပင် မနိမ့်ကျသော ကျင့်ကြံသူ ဖြစ်သည်။
ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စု တစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် ကျန်းကျန့်ကို အဆင့်တူအတွင်း အနိုင်ယူနိုင်သူ အနည်းငယ်မျှသာ ရှိ၏။
သို့သော်လည်း အရှင်မင်းသား ကျန်းချန်ကမူ အဆင့်တူ ဖြစ်သည့် ကျန်းကျန့်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူပြချင်နေခဲ့သည်။
ဤသည်က လုံးဝ မဖြစ်နိုင်သောကိစ္စရပ်ပင် မဟုတ်ပါလော။
"ဟားဟား ကျွန်တော်တို့ရဲ့ အရှင်မင်းသား ကျန်းချန်က ကြွားလုံးတော့ ထုတ်တတ်သားပဲ.. ဒါပေမဲ့ ဒီလိုအချိန်မှာ ဒီလိုမျိုးစကားပြောတာက မဆင်မခြင်လုပ်ရပ်ပဲ"
ကျန်းကျွင်းက ရင်ပြင်အလယ်တွင် ရှိနေသည့် ကျန်းချန်ကိုကြည့်ကာ ခေါင်းခါရမ်း၍ ရယ်သွမ်းသွေးကာ ပြောလိုက်သည်။
ယနေ့ အကဲဖြတ်ပွဲတွင် သူတို့သည် ကျန်းချန်ကို အရိုက်အရာဆက်ခံပွဲ၏ စတုတ္ထမြောက် ကိုယ်စားလှယ်လောင်း မဖြစ်လာစေရန်အတွက် ကျန်းကျန့်ကို တမင်တကာ ပွဲထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယခုအခါတွင် ကျန်းချန်က ဤကဲ့သို့သော စကားမျိုးကို ထုတ်ပြောလိုက်ရာ အကဲဖြတ်မှုကို တမင်တကာ ပို၍ ခက်ခဲအောင် ကိုယ့်ဘာသာကိုယ် လုပ်ယူလိုက်သလို ဖြစ်သွားသည် မဟုတ်ပါလား။
ဤအချိန်တွင် လူလတ်ပိုင်းအရွယ် စာပေပညာရှင်၏ မျက်လုံးများသည် အနည်းငယ် တောက်ပသွားခဲ့သည်။
"အကယ်၍ သူက လေလုံးထွားတာ မဟုတ်ရင်ရော"
ထိုစကားကို ကြားလျှင် ကျန်းကျွင်းက အံ့အားသင့်သွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဆရာ့ရဲ့ယူဆချက်က လုံးဝ မဖြစ်နိုင်ဘူး"
ကျန်းကျွင်းက ကျန်းကျန့် မည်မျှအထိ အစွမ်းထက်သည်ကို ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
သူ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လျှင်ပင် ကျန်းကျန့်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သူပင် မလုပ်ဆောင်နိုင်သည့် အရာကို ကျန်းချန်က မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါအံ့နည်း။
လူလတ်ပိုင်းအရွယ် စာပေပညာရှင်က အနည်းငယ် သက်ပြင်းချလိုက်သည်။
ကျန်းကျွင်းက အလွန်ပင် အရည်အချင်းရှိသော်လည်း အဆုံးသတ်တွင် အနည်းငယ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခဲ့သည်။
ဤကမ္ဘာကြီးတွင် မည်သည့်အရာကိုမှ တရားသေ တွက်ဆထား၍ မရပေ။
ဤလောကတွင် သာမန်အတွေးဖြင့် တွေး၍ မရသော လူတချို့ အမြဲတစေ ရှိခဲ့သည်။
ထိုကဲ့သို့သော သူများသည် မဖြစ်နိုင်သည့်အရာကို ဖြစ်နိုင်အောင် လုပ်ဆောင်နိုင်စွမ်းလည်း ရှိကြ၏။
လူလတ်ပိုင်းအရွယ် စာပေပညာရှင်သည် ကျန်းချန်ကို ပထမဆုံးအကြိမ် မြင်သောအခါ၌ ထိုကဲ့သို့သော လူစားမျိုး ဖြစ်နိုင်သည်ဟု ခံစားမိခဲ့သည်။
-------------
ကျီဝူရွှမ်၏ မျက်နှာအမူအရာက တည်ငြိမ်မှု ရှိနေခဲ့သည်။
ကျန်းချန်၏ စကားများက မောက်မာပုံရသော်လည်း သူမ၏ သားသည် အလကားသက်သက် လေလုံးထွားတတ်သည့်သူ မဟုတ်မှန်း သူမ ယုံကြည်ခဲ့သည်။
သူမ၏ခင်ပွန်း ကျန်းဝူရသည် ရှန်းဝူကုန်းမြေတိုက်ကနေ ထွက်လာသောအခါ၌ လူသားဧကရာဇ် စည်းတံဆိပ်ကို ကျန်းချန်ထံတွင် ထားရစ်ခဲ့မှန်း သူမ သိထားခဲ့သည်။
ကျန်းချန်သာ လူသားဧကရာဇ်စည်းတံဆိပ်၏ ဒုတိယမြောက်စည်းတံဆိပ်ကို ကျွမ်းကျင်ထားသရွေ့ ကျန်းကျန့်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
"ဟားဟား အရှင်မင်းသား.. မင်းက လေလုံးထွားလှချည်လား မင်းငါ့ကို ဘယ်လို အနိုင်ယူပြမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ကျန်းကျန့်က ကျန်းချန်ကို ခပ်ထေ့ထေ့ လှောင်ရယ်လိုက်သည်။
ထိုခဏမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လျှပ်စီးများဖြင့် တောက်ပလာခဲ့သည်။
ကျန်းကျန့်က ချက်ချင်းဆိုသလို ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက်တွင် လေနှင့်မိုးကြိုး စွမ်းအားများသည် သူ၏ ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းကျန့်က လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ မိုးကြိုးအလင်း လက်သီးရိပ် တစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းသွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် လေထုကို ထိုးဖောက်ကာ ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့သည်။
"ကျန်းကျန့်က လက်သီးချက် တစ်ချက်တည်းမှာ အင်ပါယာဥပဒေသ နှစ်မျိုးကို ထည့်သုံးထားတာ ဆိုတော့ ကျန်းမျိုးနွယ်စုရဲ့ ပါရမီရှင်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်မှု ရှိပါပေတယ်"
"မင်းမှားနေပြီး.. ကျန်းကျန့်က အင်ပါယာဥပဒေသသုံးမျိုးကို ထုတ်သုံးလိုက်တာပဲ ကျန်းကျန့်ရဲ့လက်သီးချက်တွေမှာ မိုးကြိုးနှင့် လေဥပဒေသအပြင် လက်သီးဥပဒေသပါ ပါဝင်နေတယ်.. ဒီလို အင်ပါယာ ဥပဒေသ သုံးမျိုးကို တစ်ချိန်တည်းမှာ အသုံးပြုထားတဲ့ အတွက် အရှင်မင်းသားကျန်းချန် အန္တရာယ်ရှိမှာကို စိုးရိမ်မိတယ်"
"........."
ထိုမြင်ကွင်းကိုကြည့်ကာ လူတိုင်းသည် တအံ့တသြ ဖြစ်နေကြပြီး ခေါင်းကို ခါရမ်းလိုက်ကြသည်။
ကျန်းကျန့်၏ တိုက်ခိုက်မှုကို မြင်လျှင် ကိုယ်စားလှယ်လောင်းသုံးဦးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
ဤလူက တကယ်ပင် တိုက်ခိုက်ဖို့အတွက် မွေးဖွားလာသောသူတစ်ဦး ဖြစ်သည်။
ဆယ်နှစ်ကျော်ကြာ ပိတ်လှောင်ခံထားရသည့်တိုင် ကျန်းကျန့်၏ ခွန်အားသည် သူတို့ထက် မနိမ့်ပေ။
ကျန်းကျန့်၏ ဒေါသကြီးပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သည့် စရိုက်ကြောင့် ကျန်းမိသားစု၏ စည်းမျဥ်းများကိုသာ မချိုးဖောက်ပစ်ခဲ့လျှင် သူတို့၏ ရာဇပလ္လင် တိုက်ပွဲအတွက် နောက်ထပ် အားကောင်းသည့် ပြိုင်ဘက်တစ်ဦး ရှိလာမည်ကိုပင် စိုးရိမ်ရ၏။
"အင်ပါယာဥပဒေသုံးမျိုးရဲ့ စွမ်းအားပါလား.. ဒီလူက ကျန်းမျိုးနွယ်စုရဲ့ ပါရမီရှင်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါပေတယ်"
ကျန်းချန်က တအံ့တဩဖြင့် ကျန်းကျန့်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် အင်ပါယာ ဥပဒေသတစ်ခု၏ စွမ်းအားသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။
မကြာခင်မှာပင် ကျန်းကျန့်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ လေနှင့်မိုးကြိုး စွမ်းအားများသည် လျင်မြန်စွာပင် တည်ငြိမ်သွားခဲ့သည်။
ထို့နောက်တွင် ပတ်ဝန်းကျင် နေရာလွတ်က တွန့်လိမ်သွားခဲ့ပြီး ထို လေနှင့်မိုးကြိုးစွမ်းအားများသည် ထိုတွန့်လိမ်သွားသောနေရာထဲသို့ ဝင်ရောက်ကာ တစ်ခဏ အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ထို့အတူ ကျန်းကျန့်၏ လက်သီးပေါ်ရှိ မိုးကြိုးလေဥပဒေသသည်လည်း တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။
သို့သော်လည်း ကျန်းကျန့်၏ ထိန်းချုပ်မှုအောက်တွင် ထိုလက်သီးချက်သည် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က ထီမထင်သော အမူအရာဖြင့် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ရာ ကောင်းကင်ယံကနေ ဓားတစ်လက် ဆင်းသက်လာခဲ့ပြီး ကျန်းကျန့်၏ လက်သီးချက်ကို တစ်ခဏအတွင်းမှာပင် ကြေမွသွားစေခဲ့သည်။
"ကျန်းကျန့်ရဲ့ ဒီလောက် အားကောင်းတဲ့ တိုက်ခိုက်မှုကို အရှင်မင်းသား ကျန်းချန်က ဘယ်လိုလုပ်ပြီး အလွယ်တကူ ပိတ်ဆို့နိုင်ခဲ့တာလဲ"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ.. ငါတို့အားလုံးက အရှင်မင်းသားကျန်းချန်ကို အထင်သေးမိခဲ့ကြပြီ.. သူက အစောပိုင်းက တိုက်ခိုက်မှုမှာ အင်ပါယာဥပဒေသ သုံးမျိုးဖြစ်တဲ့ အချိန်၊နေရာလွတ်နဲ့ ဓားဥပဒေသတွေကို ထုတ်ဖော်ခဲ့တယ်"
"ကြည့်ရတာ သူ့ရဲ့စွမ်းအားက ကျန်းကျန့်ထက် လုံးဝ မနိမ့်ဘူး.. အရှင်မင်းသားကျန်းချန်ရဲ့ စွမ်းအားက ဒီလောက်ထိ အားကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်ထင်တယ်"
".........."
ရင်ပြင်တွင် ရှိသော လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ မအံ့သြဘဲ မနေနိုင်တော့ပေ။
"အရှင်မင်းသား ကျန်းချန်ရဲ့ အရည်အချင်းက မဆိုးဘူးပဲ.. ဒီအတိုင်းဆို အရှင်မင်းသားကျန်းချန်က ဧကရာဇ်စစ်ဆေးပွဲကို ယှဥ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီနိုင်တယ်"
ကျန်းချန်ကို ထောက်ခံကြသည့် ကျန်းမျိုးနွယ်စုမှ အကြီးအကဲ တချို့သည် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ထိုအချိန်တွင် ကိုယ်စားလှယ်လောင်း သုံးဦးနှင့် ကျန်အကြီးအကဲများ၏ အမူအရာသည် ၎င်းတို့လောက် မကောင်းတော့ပေ။
သူတို့က ဤအကဲဖြတ်မှုက ကျန်းချန်ကို တားဆီးရန်မလွယ်လောက်တော့ဟု မှန်းဆမိကြသည်။
"ကျန်းချန်.. မင်းက လူသားဧကရာဇ်ရဲ့သားတော် ဖြစ်ဖို့ ထိုက်တန်ပါတယ်.. မင်းသာ ငယ်စဥ်ကတည်းက ကျန်းမျိုးနွယ်စုမှာ မွေးဖွားလာခဲ့ရင် အရိုက်အရာ ဆက်ခံပွဲမှာ ယှဥ်ပြိုင်ဖို့အတွက် နေရာတစ်နေရာရမှာ သေချာသလောက်ပဲ"
ကျန်းကျန့်က ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းက ကံမကောင်းစွာနဲ့ဘဲ ကျန်းမျိုးနွယ်စုကို ပြန်လာတာ အရမ်းနောက်ကျသွားခဲ့တယ်.. ဒီထက် ကံဆိုးသွားတာက အကဲဖြတ်ပွဲမှာ ငါနဲ့ရင်ဆိုင်ရတာပဲ.. ကြည့်ရတာ ရာဇပလ္လင်နဲ့လွဲချော်ဖို့ ကံကြမ္မာ မင်းမှာ ပါနေပြီ ထင်တယ်"
"ဟားဟား ကျန်းကျန့်.. မင်းက ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးနေတာပဲ.. ငါကျန်းချန်ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး"
စကားဆုံးသည်နှင့် ကျန်းချန်၏ လက်ထဲတွင် ရွှေရောင်အလင်းတစ်ခု ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
ခဏအကြာမှာပင် စည်းတံဆိပ်တစ်ခု သည် ရွှေရောင်အလင်းများ ဝန်းရံကာ ထွက်ပေါ်လာသည်ကို အားလုံးက မြင်လိုက်ရ၏။
လက်ဖဝါးအရွယ်အစားမျှသာ ရှိသော ရွှေရောင် စည်းတံဆိပ်သည် ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့ပြီး လေထုထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေရောင်စည်းတံဆိပ်သည် "ကျူးရှန်း"ဟူသော စာသား ထွင်းထုထားသည့် ဧရာမစည်းတံဆိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အောက်ဘက်ရှိ ကျန်းကျန့်ဆီသို့ သက်ဆင်းသွားခဲ့သည်။
ရွှေရောင်လေးထောင့်တုံး စည်းတံဆိပ် ထွက်ပေါ်လာသည်နှင့်အမျှ စည်းတံဆိပ်ကို စိုက်ကြည့်ရင်း လေထုထဲမှ အကြီးအကဲများ နှင့် အောက်ဘက်ရှိ လူတိုင်းသည် အလွန်တရာပင် အံ့သြထိတ်လန့်သွားခဲ့ကြသည်။
အခန်း(၁၄၅၈)ပြီး၏။