အခန်း (၁၄၆၂-၁၄၆၄)
Vol. 98 Ch. 1462-1464
အခန်း(၁၄၆၂)
"မီးဥပဒေသ.. ဒါ ဒါက ပဉ္စမမြောက်ဥပဒေသလား"
လေထုထဲတွင် ပြည့်လျှံနေသာ မီးဥပဒေသကို ကြည့်ကာ ယဲ့ဝူကျီ၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင် တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ယဲ့ဝူကျီသည် ယဲ့မျိုးနွယ်စု၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်(၁) ကျင့်ကြံသူအနေဖြင့် အမြဲတစေ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့သည်။
တိုက်ခိုက်ရေးစွမ်းအားအရ ဆိုလျှင် ယဲ့ဝူကျီသည် မည်သူ့ကိုမှ မရှုံးနိမ့်နိုင်အောင်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့သည်။
ကျန်းမျိုးနွယ်စုမှ ကိုယ်စားလှယ်လောင်း သုံးဦးကိုပင် ယဲ့ဝူကျီသည် တစ်ခါမှ အလေးအနက် မထားခဲ့ပေ။
ဆိုရလျှင် ကိုယ်စားလှယ်လောင်းသုံးဦး၏ အင်ပါယာ ဥပဒေသများအပေါ် နားလည်မှုသည် သူ့ကို ကျော်လွန်ရန် မဖြစ်နိုင်သလောက်ပင်။
ကျန်းချန်၏ အင်ပါယာ ဥပဒေသအပေါ် နားလည်မှုသည် ဤအဆင့်အထိပင် ရောက်ရှိနေလိမ့်မည်ဟု ယဲ့ဝူကျီ တစ်ခါမှ မတွေးမိခဲ့ပေ။
"ဝုန်း.."
ယဲ့ဝူကျီ အံ့သြထိတ်လန့်နေသော အချိန်မှာပင် ကျန်းချန်၏ ဥပဒေသငါးမျိုးဖြင့် စုဖွဲ့ထားသော မီးတောက်သည် ပေထောင်ပေါင်းများစွာ အကျယ်အဝန်းရှိသည့် လေထုကို ချက်ချင်းဆိုသလို လောင်ကျွမ်းကာ ယဲ့ဝူကျီ ဆီသို့သက်ရောက်လာခဲ့သည်။
ထိုအခါ ယဲ့ဝူကျီ၏ အမူအရာက အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့ပြီး ဥပဒေသ လေးမျိုးကို အဆုံးစွန်အထိ အလျင်အမြန် ထုတ်ဖော်ကာ ရင်ဆိုင်လိုက်၏။
သို့သော်လည်း ဥပဒေသ တစ်ခု ပေါင်းစည်းသည့် အခါတိုင်းတွင် စွမ်းအားသည် အဆပေါင်းများစွာ တိုးမြင့်လာလိမ့်မည်ဖြစ်ရာ ယဲ့ဝူကျီ၏ ဥပဒေသလေးခု ပေါင်းစည်းစွမ်းအားသည် ကျန်းချန်၏ ဥပဒေသငါးခု ပေါင်းစည်းစွမ်းအားကို မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။
ယဲ့ဝူကျီ၏ ဥပဒေသ လေးခုစွမ်းအားသည် ငါးရောင်ခြယ်မီးတောက်နှင့် ထိတွေ့လိုက်သည့် အချိန်မှာပင် ဘာမှမကျန်ရှိတော့သည်အထိ တိုက်ရိုက်ပင် လောင်ကျွမ်းသွားခဲ့၏။
ယဲ့ဝူကျီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလို မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ပေရာချီ အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။
ထို့အပြင် ပါးစပ်ကနေလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။
"ဒါက သိပ်မကြာခင်က ပြန်ရောက်လာတဲ့ အရှင်မင်းသားကျန်းချန်လား.. သတင်းကြားရသလို တကယ်ကို ကြောက်စရာကောင်းတာပဲ"
"အဟုတ်ပဲ.. သခင်လေးဝူကျီတောင် အလွယ်တကူရှုံးနိမ့်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"........."
ကောင်းကင်ပေါ်မှ မြင်ကွင်းကိုကြည့်ကာ ယဲ့မျိုးနွယ်စုမှ တပည့်များစွာသည် မအံ့သြဘဲ မနေနိုင်တော့ပေ။
"ယဲ့ဝူကျီ.. မင်းငါ့ကို ရှုံးနိမ့်သွားပြီ"
လေထုထဲတွင် ရှိနေသည့် ကျန်းချန်သည် ယဲ့ဝူကျီကို ငုံ့ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောပြလိုက်သည်။
ယဲ့ဝူကျီက ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပြီး အသားအရည်က ဖြူဖျော့နေခဲ့သည်။
ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်လျှင် သူနှင့် ကျန်းချန်တို့သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူများဖြစ်၍ အဆင့်တူ ဟုပင် ဆို၍ရသည်။
သို့သော် အင်ပါယာဥပဒေသ အပေါ်နားလည်မှုတွင်မူ ကျန်းချန်သည် သူ့ထက် ဥပဒေသတစ်ခု ပို၍ နားလည်ထားခဲ့သည်။
ထို့အပြင် တိုက်ခိုက်ရေးစွမ်းအားတွင်လည်း သူ့ထက် ပို၍ အားကောင်း၏။
ထို့အပြင် အရှင်မင်းသားကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်ကိုပင် ကျွမ်းကျင်ထားသည် ဖြစ်ရာ သူ့အနေဖြင့် အရှင်မင်းသား ကျန်းချန်နှင့်ယှဥ်ရန် မဖြစ်နိုင်တော့ပေ။
ဤနှစ်တွေအတွင်း ယဲ့ဝူကျီသည် မျိုးဆက်တူ လူငယ်တစ်ယောက်၏ လက်ထဲတွင် တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ဖူးပေ။
"မင်းက အရှုံးကို လက်မခံချင်ဘူးထင်တယ်.. ဒီလိုဆိုမှတော့ မင်းလက်ခံအောင် ငါလုပ်ပေးရတော့မှာပေါ့"
ယဲ့ဝူကျီက ဘာစကားမှ မပြောသည်ကို မြင်လျှင် ကျန်းချန်သည် သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်သည်။
ထိုအခါ အချိန်ဥပဒေသတစ်ခုသည် လေထုထဲတွင် ပေါ်ထွက်လာခဲ့ပြီး မီတာထောင်ပေါင်းများစွာအတွင်းရှိ အချိန်သည် တခဏအတွင်း ရပ်တန့်သွားခဲ့သည်။
"ဒါ.. ဒါက အချိန်ဥပဒေသလား...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ယဲ့ဝူကျီက မျက်မှောင်ကြုတ်သွားခဲ့ပြီး ပါးစပ်ကနေ မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။
ဤသည်က အရှင်မင်းသား ကျန်းချန်၏ ဆဋ္ဌမမြောက် အင်ပါယာဥပဒေသ ဖြစ်သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်က အလွန်ပင်ကြောက်စရာကောင်းပြီး အင်ပါယာဥပဒေသ ခြောက်မျိုးအထိပင် ကျွမ်းကျင်ထားလိမ့်မည်ဟု ယဲ့ဝူကျီ မထင်ထားခဲ့ပေ။
ဤအချိန်တွင် အမြဲတစေ မာနကြီးသည့် ယဲ့ဝူကျီသည် ပထမဆုံးအကြိမ်အနေဖြင့် စိတ်ပျက်အားငယ်သော ခံစားချက်ကို ရရှိခဲ့သည်။
သူ့အနေဖြင့် သူ့အရှေ့ရှိ အရှင်မင်းသား ကျန်းချန်ကို ယှဥ်ပြိုင်ရန် မည်သို့မှ မဖြစ်နိုင်တော့ပေ။
"ကျွန်တော် ယဲ့ဝူကျီရဲ့အရည်အချင်းက အရှင်မင်းသားကျန်းချန်ထက် နိမ့်ကျပါတယ်.. စိတ်ချပါ ကျွန်တော့်ရဲ့ကတိကို တည်ပြီး လဝက်အကြာမှာ ကျင်းပမဲ့ ဧကရာဇ် စစ်ဆေးပွဲမှာ အရှင်မင်းသားကို အကူအညီပေးပါ့မယ်"
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန် ဘာစကားမှ မပြောခင်မှာပင် ယဲ့ဝူကျီသည် ကျန်းချန်၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
"မျိုးနွယ်စုခေါင်းဆောင် မင်းဘယ်လိုထင်လဲ"
ယဲ့မျိုးနွယ်စု၏ နန်းဆောင်တစ်ခု အထက်တွင် ဆံဖြူအဘိုးအိုတစ်ဦးသည် ကောင်းကင်ယံမှ တိုက်ပွဲအခြေအနေကို ကြည့်ရင်း ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို လေးနက်စွာကြည့်၍ မေးလိုက်သည်။
ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားက အနည်းငယ် တွေးတောပြီးမှ ပြန်ဖြေလိုက်၏။
"အရှင်မင်းသားက ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး ပါရမီရှင်ပဲ.. လူသားမျိုးနွယ်စု တစ်ခုလုံးမှာ သူနှင့်ယှဥ်နိုင်တဲ့သူ မရှိနိုင်ဘူး အကယ်၍ ဝူကျီက အရှင်မင်းသားရဲ့ နောက်ကို လိုက်မယ်ဆိုရင် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လိမ့်မယ်"
"ကျွန်တော့်အမြင် မျိုးနွယ်စု ခေါင်းဆောင်က သူ့အပေါ် အရမ်းကို အကောင်းမြင်နေတယ်လို့ ထင်တယ်"
ဆံဖြူအဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
"မဟုတ်ဘူး.. ဒီကမ္ဘာကြီးမှာရှိတဲ့ လူတချို့က ဧကရာဇ်အဖြစ်မွေးဖွားလာဖို့ ကံကြမ္မာ ပါလာပြီးသားပဲ.. ဒီလိုကံကြမ္မာမျိုး ကျန်းဝူရမှာရှိသလို အရှင်မင်းသားကျန်းချန်မှာလည်း ရှိတယ်.. သူက လူသားမျိုးနွယ်စုရဲ့ နောက်တက်လာမဲ့ လူသားဧကရာဇ်ဖြစ်လာနိုင်တယ်"
ထိုစကားကို ပြောပြီးနောက်တွင် ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ပုံရိပ်သည် လင်းလက်သွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ဧကရာဇ်စစ်ဆေးပွဲအတွက် ငါ့ကိုကူညီဖို့ လူတစ်ယောက်တော့ ရလိုက်ပြီ"
ကျန်းချန်က ယဲ့ကျီဝူ ပျောက်ကွယ်သွားသောနေရာကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် တီးတိုး ရေရွတ်လိုက်သည်။
ထို့နောက် သူက မုန့်ချင်းရွှယ်နှင့်အတူ ယဲ့မျိုးနွယ်စု၏ ကောင်းကင်ယံကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့၏။
ကျန်းချန်က နန်းတော်သို့ ပြန်ရောက်လာပြီးနောက်တွင် မုန့်ချင်းရွှယ်ကို သူ့အမေ ကျီဝူရွှမ်နှင့် တွေ့ဆုံရန် ခေါ်သွားပေးခဲ့သည်။
မုန့်ချင်းရွှယ်နှင့် တွေ့ဆုံပြီးနောက်တွင် ကျီဝူရွှမ်သည် အလွန်ပင် ပျော်ရွှင်နေခဲ့ပြီး မုန့်ချင်းရွှယ်ကို မေးခွန်းများ မေးရန်အတွက် အလျင်အမြန်ပင် ဆွဲခေါ်သွားခဲ့သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကျီဝူရွှမ်ကို နှုတ်ဆက်လိုက်ကာ ကျင့်ကြံရန် အတွက် သူ၏နေရာသို့ ပြန်သွားခဲ့သည်။
ဧကရာဇ်စစ်ဆေးပွဲ မကျင်းပမီ အချိန်ထိ ကျန်းချန်သည် အပြင်ထွက်ရန် မဖြစ်နိုင်သလောက်ပင်။
သူက လက်ထဲမှ အရင်းအမြစ်များကို အပြည့်အဝ အသုံးချကာ ကျင့်ကြံခြင်းတွင် အဆင့်တက်အောင် လုပ်ဆောင်ခဲ့သည်။
ဆယ်ရက်အကြာတွင် ကျန်းချန်သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ်ကနေ အင်ပါယာနယ်ပယ်အလယ်အလတ်အဆင့်ကို အောင်မြင်စွာပင် ထိုးဖောက်သွားခဲ့၏။
ထိုသို့ ထိုးဖောက်ပြီး တတိယမြောက်နေ့မှာပင် ကျီဝူရွှမ်သည် တစ်စုံတစ်ယောက်ကို စေလွှတ်၍ ကျန်းချန်ကို အခေါ်လွှတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ် စစ်ဆေးပွဲနေ့ကို ရောက်ရှိလာခဲ့၍ပင် ဖြစ်၏။
ဤနေ့တွင် ရွှယ်လင်ကုန်းမြေတိုက်မှ အစွမ်းထက်သော လူသားမျိုးနွယ်စုများနှင့် ပါရမီရှင်လူငယ်များစွာသည် အင်ပါယာမြို့တော်၏ အထက်ကောင်းကင်ယံရှိ ဧရာမ ရင်ပြင်တစ်ခုတွင် စုဝေးနေခဲ့ကြသည်။
ကျန်းချန်နှင့်မုန့်ချင်းရွှယ်တို့ ဤနေရာသို့ ရောက်လာသောအခါတွင် ဤနေရာ၌ လူထောင်ပေါင်းများစွာ စုဝေးနေကြသည်ကို တွေ့လိုက်ရ၏။
ထိုလူများ၏ အရှိန်အဝါသည် အလွန်တရာပင် အားကောင်းပြီး အားအနည်းဆုံးသူပင် နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် အင်ပါယာအဆင့်ကျင့်ကြံသူ ရာပေါင်းများစွာပင် ဤနေရာ၌ ရှိနေခဲ့ကြသည်။
ဆိုရလျှင် တံခါးပိတ်ကျင့်ကြံနေကြသော အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများမှလွဲလျှင် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ အင်ပါယာ ကိုးဆယ်ရာခိုင်နှုန်းနီးပါးသည် ဤနေရာသို့ ရောက်ရှိနေခဲ့ကြသည်။
ယနေ့က ဧကရာဇ်စစ်ဆေးပွဲ စတင်သည့်နေ့ဖြစ်ရာ လူတိုင်းသည် မည်သူက ပြိုင်ပွဲတွင် အနိုင်ရပြီး ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ လူသားဧကရာဇ်အသစ် ဖြစ်လာမည်လဲ ဆိုသည်ကို သိချင်နေခဲ့ကြသည်။
ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အဆုံးသတ်တွင် သူ၏အကြည့်သည် ရင်ပြင်၏ အလယ်တွင် ရပ်နေကြသည့် လူငယ် ၂၀၊ ၃၀ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုလူငယ် တစ်ဦးချင်းစီသည် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ထိုအထဲတွင် ကျန်းမျိုးနွယ်စု၏ ကိုယ်စားလှယ်လောင်း သုံးဦးလည်း ပါဝင်နေခဲ့ကြသည်။
ဤလူငယ်များသည် အင်ပါယာနယ်ပယ်အဆင့်ကို ရောက်ရှိနေသည့် လူသားမျိုးနွယ်စု၏ ပါရမီရှင်လူငယ်များ ဖြစ်သည်မှာ ထင်ရှား၏။
သူတို့က ကိုယ်စားလှယ်လောင်း သုံးဦးကို ဗဟိုပြု၍ အဖွဲ့သုံးဖွဲ့ အဖြစ် ရှိနေကြသည်။
ယဲ့ဝူကျီနှင့် အခြားနှစ်ဦး သုံးဦးလောက်သာ အမှီအခိုကင်းစွာဖြင့် သီးသန့်စီ ရပ်နေခဲ့ကြသည်။
ကျန်းချန်က ရင်ပြင်သို့ ရောက်လာသည်နှင့် တွေဝေမနေဘဲ ယဲ့ဝူကျီ ရှိသော နေရာသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
"အရှင်မင်းသား ရောက်လာပြီကိုး.. ငါမင်းအတွက် လူတချို့ကို စည်းရုံးဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ဘူး.. ကိုယ်စားလှယ်လောင်း သုံးဦးက လက်ဦးမှုရသွားပြီထင်တယ်"
ယဲ့ဝူကျီက ကျန်းချန်ကို ကြည့်ကာ ပခုံးကို တွန့်ပြ၍ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"မစိုးရိမ်ပါနဲ့.. ဒီလူတွေ အားလုံးက လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်လူငယ်တွေ ဖြစ်နေပေမဲ့ သူတို့ထဲမှာ အစွမ်းထက် ကျင့်ကြံသူက လူနည်းစုလောက်ပါပဲ.. ဒါပေမဲ့ ငါ သူတို့အပေါ်မှာ မျှော်လင့်ချက် တစ်ခါမှ မထားခဲ့ဖူးဘူး"
ထိုအချိန်တွင် ရင်းနှီးစွာ ပြောဆိုနေကြသည့် ကျန်းချန်နှင့် ယဲ့ဝူကျီကို မြင်လျှင် ကျန်းကျွင်းနှင့် တခြားသူများသည် အနည်းငယ် မကြည်မလင် ဖြစ်သွားခဲ့ကြသည်။
အရှင်မင်းသား ကျန်းချန်သည် ယဲ့ဝူကျီကို အမှန်တကယ်ပင် စည်းရုံးနိုင်ခဲ့ပါသလော။
အခန်း(၁၄၆၂)ပြီး၏။
အခန်း(၁၄၆၃)
ယဲ့မျိုးနွယ်စု၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်(၁) ကျင့်ကြံသူဖြစ်သည့် ယဲ့ဝူကျီသည် အလွန်ပင် မာနကြီးပြီး မည်သူ့ကိုမှ အလေးအနက် မထားခဲ့ပေ။
သူတို့ ကိုယ်စားလှယ်လောင်း သုံးဦးလုံးက ယဲ့ဝူကျီကို တစ်ကြိမ်ထက်မက စည်းရုံးခဲ့သော်လည်း ကံဆိုးစွာဖြင့် မည်သူမျှ မအောင်မြင်ခဲ့ပေ။
သို့သော် ယခုအခါတွင် ကျန်းမျိုးနွယ်စုသို့ မကြာသေးခင်ကမှ ပြန်ရောက်လာသော ကျန်းချန်သည် ယဲ့ဝူကျီကို စည်းရုံးနိုင်ခဲ့သည်။
ဤသည်က သူတို့ ကိုယ်စားလှယ်လောင်းသုံးဦး၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် မခြားပေ။
ပို၍ အရေးကြီးသည်မှာ ယဲ့ဝူကျီ၏ တိုက်ခိုက်ရေးအရည်အချင်းသည် လူသားမျိုးနွယ်စု တစ်ခုလုံးနှင့် ကြည့်လျှင်ပင် အကောင်းမွန်ဆုံး လူများထဲမှ တစ်ဦး ဖြစ်သည်။
ကျန်းချန်သာ ယဲ့ဝူကျီ၏ အကူအညီကို ရရှိခဲ့လျှင် ဧကရာဇ်စစ်ဆေးပွဲတွင် သူတို့အပေါ်ခြိမ်းခြောက်မှုသည် သေချာပေါက် များစွာ တိုးတက်လာလိမ့်မည် မဟုတ်ပါလား။
"ဧကရာဇ်စစ်ဆေးပွဲကို စိတ်မဝင်စားတဲ့ ငါတို့ရဲ့ သခင်လေးဝူကျီက ဧကရာဇ်စစ်ဆေးပွဲမှာ ပါဝင်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ကျန်းရီက ယဲ့ဝူကျီကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
သူက ယဲ့ဝူကျီကို စည်းရုံးသောအခါတွင် အောက်လေဖြင့်စည်းရုံးခဲ့ရသည်။
သို့သော် ယခုအခါတွင် ယဲ့ဝူကျီသည် ကျန်းချန်နှင့် ပူးပေါင်းသွားပြီ ဖြစ်ရာ ကျန်းရီသည် အလွန်ပင် စိတ်ပျက်နေခဲ့၏။
ကျန်းရီ၏ လှောင်ပြောင်သောစကားကိုကြားလျှင် ယဲ့ဝူကျီသည် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ငါ့ရဲ့ကိစ္စကို မင်းဘာမှ ဝင်ရောက်စွက်ဖက်စရာ မလိုဘူး.. အနည်းဆုံးတော့ ရာဇပလ္လင်အတွက် တိုက်ခိုက်ဖို့ ငါ့ကို စည်းရုံးနိုင်တဲ့ အရည်အချင်း မင်းကျန်းရီ ဆီမှာ မရှိဘူး"
"မင်း.."
ကျန်းရီက ယဲ့ဝူကျီ၏ စကားကိုကြားလျှင် ဒေါသထွက်သွားခဲ့သည်။
သူတိုက်ခိုက်တော့မည့် အချိန်မှာပင် လေထုထဲတွင် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျောက်စိမ်းသရဖူကို ဆောင်းထားပြီး ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော လှပသော အမျိုးသမီးတစ်ဦးသည် လေထုထဲတွင် ထွက်ပေါ်လာသည်ကို အားလုံးက တွေ့လိုက်ရသည်။
သူမက တခြားသူမဟုတ်ပေ၊ ဧကရီကျီဝူရွှမ်ပင်ဖြစ်သည်။
"အားလုံးပဲ. ဧကရာဇ်စစ်ဆေးပွဲက မကြာခင် စတင်တော့မှာဖြစ်တယ်.. လူသားဧကရာဇ်အသစ် မွေးဖွားလာမှုကို ကျွန်မနဲ့အတူ ကြိုဆိုလိုက်ရအောင်"
အေးစက်စက် စကားသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထို့နောက်တွင် ကျီဝူရွှမ်က သူမ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ရိုးရှင်းသော ရွှေရောင်တံဆိပ်ပြား တစ်ခုသည် သူမ၏ လက်ဖဝါးကနေ တိုက်ရိုက်ပင် ပျံထွက်သွားခဲ့သည်။
ထိုရွှေရောင်တံဆိပ်ပြား၏ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းအစုအဝေး နှစ်ဆယ်၊သုံးဆယ်ခန့် ရှိနေခဲ့သည်။
ထိုရွှေရောင်အလင်း နှစ်ဆယ်၊ သုံးဆယ်ခန့်သည် တစ်ခဏအတွင်းမှာပင် လူငယ်တိုင်း၏ ရှေ့သို့ တစ်ခုချင်းစီ ကျရောက်သွားခဲ့သည်။
ကျန်းချန်က သူ့ဆီသို့ လွင့်ပျံလာသော အဖြူရောင်တံဆိပ်ပြားကို အကဲခတ်လိုက်သည်။
ထိုအခါ တံဆိပ်ပြားထဲတွင် လျှို့ဝှက်ဆန်းကြယ်သော နဂါးပုံစံကောက်ကြောင်း၉၉ခု ပါရှိနေသည်ကို တွေ့လိုက်ရ၏။
ကျန်းချန်၏ နံဘေးရှိ မုန့်ချင်းရွှယ်နှင့် ယဲ့ဝူကျီကမူ နဂါးပုံသဏ္ဌာန်ကောက်ကြောင်း (၁၀)ခုစီ ပါရှိသည့် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုစီကို ရရှိခဲ့သည်။
ကျန်းချန်သည် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ဧကရာဇ်စစ်ဆေးပွဲနှင့် ပတ်သက်၍ လေ့လာခဲ့သည်။
ထို့ကြောင့် သူ၏ လက်ထဲတွင် ရှိသည့် အဖြူရောင် တံဆိပ်ပြားကို အတုအယောင် ဧကရာဇ် စည်းတံဆိပ်ဟု ခေါ်ဆိုမှန်း သဘာဝကျစွာပင် သိခဲ့သည်။
ဤအရာက သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းတိုင်း ကိုင်ဆောင်ရသော တံဆိပ်ပြားတစ်ခု ဖြစ်သည်။
သူတို့က သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေတွင် နဂါးစွမ်းအားတစ်ခုကို ရရှိသည့် အခါတိုင်းတွင် သူတို့၏ အတုအယောင် ဧကရာဇ် တံဆိပ်ပြားပေါ်မှ နဂါးပုံစံကောက်ကြောင်း တစ်ခုကို လင်းစေနိုင်မည် ဖြစ်သည်။
ဆိုရလျှင် နဂါးစွမ်းအင်(၉၉)ခုကို စုစည်းပြီး အတုအယောင် ဧကရာဇ်စည်းတံဆိပ်၏ နဂါးပုံစံကောက်ကြောင်း (၉၉)ခုကို လုံးဝ လင်းစေနိုင်လျှင် ဤတံဆိပ်ပြားသည် အစစ်အမှန် ဧကရာဇ် တံဆိပ်ပြားအဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။
ထိုသို့ ဧကရာဇ် စည်းတံဆိပ်အဖြစ် ပြောင်းလဲသွားသည်နှင့် တံဆိပ်ပြားပိုင်ရှင်သည် လူသားဧကရာဇ်အသစ် ဖြစ်လာနိုင်ပေသည်။
ယဲ့ဝူကျီနှင့် မုန့်ချင်းရွှယ်တို့ လက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားကမူ နဂါးပုံစံကောက်ကြောင်း (၁၀)ခုစီသာ ရှိ၍ နဂါးစွမ်းအင် (၁၀)ခုကိုသာ ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
သူတို့က ထိုကျောက်စိမ်းတံဆိပ်ပြားထံမှ နဂါးစွမ်းအင်များကို အတုအယောင် အင်ပါယာ စည်းတံဆိပ်ထံသို့ တိုက်ရိုက်ပင် လွှဲပြောင်းနိုင်သည်။
ဤသည်ကပင် ကျန်းမျိုးနွယ်စု၏ ကိုယ်စားလှယ်လောင်း သုံးဦးက သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခွင့်ရှိသည့် ပါရမီရှင် လူငယ်များကို အသေအလဲ စည်းရုံးရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေသည် အလွန်ပင် ကျယ်ပြောလှပြီး အင်ပါယာအဆင့် သားရဲဝိညာဥ်များစွာ ရှိသော်လည်း နဂါးစွမ်းအင်(၉၉)ခုကို စုစည်းရန်မှာ မလွယ်ကူပေ။
ထို့ကြောင့် နဂါးစွမ်းအင်ကို စုဆောင်းရန်အတွက် အကူအညီပေးသူ အလုံအလောက်ရှိရန် အလွန်ပင် အရေးကြီး၏။
အကူအညီပေးသူ အလုံအလောက် ရှိနေသရွေ့ ကြိုးစားအားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆကို ရရှိကာ သေချာပေါက် ပန်းတိုင်ကို ရောက်ရှိမည် မဟုတ်ပါလား။
အတုအယောင် ဧကရာဇ် စည်းတံဆိပ်နှင့် ကျောက်စိမ်းတံဆိပ်ပြားများကို လူငယ်များ၏ လက်ထဲသို့ ပေးအပ်ပြီးနောက်တွင် ကျီဝူရွှမ်သည် ရွှေရောင်တံဆိပ်ပြားကို ထပ်မံ၍ လှုံ့ဆော်လိုက်သည်။
တခဏအတွင်းမှာပင် တံဆိပ်ပြားပေါ်၌ လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော အစီအရင် သင်္ကေတ များစွာသည် တဖြည်းဖြည်း လင်းလက်လာခဲ့သည်။
ထို့နောက်တွင် ရုန့်ရင်းသော အရှိန်အဝါတစ်ခုသည် တံဆိပ်ပြားထံကနေ ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် အလင်းကန့်လန့်ကာ တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"သွားကြစို့"
ထိုအချင်းအရာကိုမြင်လျှင် ကျန်းရီသည် သူ၏ နောက်မှ ပါရမီရှင် လူငယ်(၇)ဦး(၈)ဦးနှင့်အတူ အလင်းကန့်လန့်ကာဆီသို့ ခုန်ဝင်သွားခဲ့သည်။
"လူသားဧကရာဇ် အရိုက်အရာက ငါကျန်းကျွင်းအပိုင်ပဲ ဖြစ်ရမယ်"
ကျန်းကျွင်း၏ မျက်လုံးက တောက်ပသွားခဲ့ပြီး ချက်ချင်းဆိုသလို သူ၏ နောက်လိုက်များနှင့်အတူ အလင်းကန့်လန့်ကာဆီသို့ အလျင်အမြန်ပင် ဝင်ရောက်သွားခဲ့၏။
ကျန်ရှိသည့် ကျန်းယန်သည်လည်း တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် အလင်းကန့်လန့်ကာ ဆီသို့ ပျံသန်းသွားခဲ့သည်။
"ငါတို့လည်း ဝင်ကြစို့"
ကျန်းမျိုးနွယ်စုမှ ကိုယ်စားလှယ်သုံးဦး အလင်းကန့်လန့်ကာထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် ကျန်းချန်သည် မုန့်ချင်းရွှယ်နှင့် ယဲ့ဝူကျီတို့နင့်အတူ အလင်းကန့်လန့်ကာမှ တစ်ဆင့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့သုံးယောက်သည် ရှေးဟောင်း သစ်တော တစ်ခု ထဲတွင် ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ပတ်ဝန်းကျင်မှ လွှမ်းမိုးနိုင်သော အဆုံးမဲ့ ဖိအားများသည် ကျန်းချန်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို အနည်းငယ်ဖိအား ဖြစ်စေခဲ့သည်။
ကျန်းချန်က အံ့သြထိတ်လန့်ကာ ရေရွတ်လိုက်သည်။
"ဒါက သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေလား.. ဒီနယ်မြေထဲက ဖိအားက အတော်ကို အားကောင်းတာပဲ"
ဤမျှအားကောင်းသော ဖိအားဖြင့်သာဆိုလျှင် သန်မာသောအင်ပါယာ ဖြစ်နေလျှင်ပင် တိုက်ခိုက်ရေးစွမ်းအားသည် ၂၀ ရာခိုင်နှုန်းခန့် အားနည်းသွားလိမ့်မည် ဖြစ်သည်။
ဤအတိုင်းဆိုလျှင် ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် အင်ပါယာအဆင့် သားရဲဝိညာဥ် တစ်ကောင်ကို လိုက်လံရှာဖွေဖို့ပင် ပိုမို၍ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလော။
"လူသားမျိုးနွယ်စုရဲ့ အင်ပါယာမြို့တော်က နတ်ဘုရားနယ်မြေကနေ ပြုတ်ကျလာတဲ့ မြို့တော်တစ်ခုရဲ့ အစိတ်အပိုင်းကို အခြေပြုပြီး တည်ဆောက်ထားတယ်လို့ ပြောကြတယ်.. ဒီသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကလည်း ပြုတ်ကျလာတဲ့ မြို့တော်နဲ့အတူ ပါလာခဲ့တာပဲ.. ဒါကြောင့် ဒီနေရာမှာ ဖိအားပြင်းထန်တာ အကျိုးအကြောင်း ဆီလျော်ပါတယ်"
ယဲ့ဝူကျီက ရှင်းပြလိုက်ပြီးနောက်တွင် ကျန်းချန်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"မင်းအခု ဘာဆက်လုပ်မလဲ ငါတို့အတူတူ နဂါးစွမ်းအင်ကို ရှာကြမလား.. ဒါမှမဟုတ် လူခွဲပြီး ရှာကြမလား.. ရိုးရိုးသားသားပြောရရင် မင်းအနေနဲ့ နဂါးစွမ်းအင်ကို ပုံမှန်နည်းလမ်းနဲ့ရှာရင် အောင်ပွဲရဖို့ အခွင့်အရေး သိပ်မများဘူး"
အခြား ကိုယ်စားလှယ်လောင်း သုံးဦးသည် အကူအညီပေးသူ အနည်းဆုံး (၇)ဦး၊(၈)ဦးခန့်ကို စည်းရုံးထားခဲ့သည်။
သူတို့လူစုတွင်မူ သူတို့(၃)ဦးသာ ရှိ၏။
ဤအရေအတွက်သည် အင်ပါယာအဆင့် သားရဲဝိညာဥ်ကို ရှာဖွေရာတွင် ထိရောက်မှုအရာ၌ တခြား ကိုယ်စားလှယ်လောင်း သုံးဦးကို ယှဥ်၍ မရပေ။
"လူခွဲပြီး ရှာကြစို့.. တံဆိပ်ပြားကနေတစ်ဆင့် မင်းတို့နဲ့ငါ အဆက်အသွယ် လုပ်ကြမယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
သူတို့တွင် လုံလောက်သော လူအင်အားမရှိပေ။
ထို့အပြင် သူတို့အတူတူ လုပ်ဆောင်လျှင် ထိရောက်မှုသည် အလွန် နိမ့်ကျသွားလိမ့်မည် ဖြစ်သည်။
ယဲ့ဝူကျီသည် လူသားမျိုးနွယ်စု၏ ရှားပါး ပါရမီရှင်တစ်ဦးဖြစ်၍ ဤလျှို့ဝှက်နယ်မြေထဲတွင် မည်သူမှ သူ့ကို အလွယ်တကူ အနိုင်ကျင့်၍ရမည် မဟုတ်ပေ။
မုန့်ချင်းရွှယ်သည်လည်း အင်ပါယာ နယ်ပယ်အဆင့်ကို မကြာသေးမီကမှ ထိုးဖောက်နိုင်ခဲ့သည့်တိုင် သူမတွင် လနတ်ကြမ္မာခန္ဓာကိုယ် ရှိ၍ သူမ၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူထက် များစွာ သာလွန်သည်။
ထို့ကြောင့် နှစ်ယောက်စလုံးသည် သီးခြားစီ လုပ်ဆောင်လျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သော စွမ်းရည်များ ရှိကြသည်။
ကျန်းချန်သည် ပုံမှန်နည်းလမ်းဖြင့်သာ နဂါးစွမ်းအင်ကိုစုဆောင်းမည် ဆိုလျှင် နဂါးစွမ်းအင်(၉၉)ခု ပြည့်ရန်အတွက် မည်မျှခက်ခဲမည်ကို ကောင်းစွာသိရှိခဲ့သည်။
ထို့ကြောင့် အင်ပါယာအဆင့် သားရဲဝိညာဥ်များကို သီးခြားစီ လိုက်လံရှာဖွေရန် ဆုံးဖြတ်ခဲ့သည့်အပြင် လုယက်သည့် အစီအစဥ်ကိုပါ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။
သူ၏ ခန့်မှန်းချက်သာမမှားလျှင် တခြားသော ကိုယ်စားလှယ်လောင်းသုံးဦးသည်လည်း ၎င်းတို့၏ အကူအညီပေးသူများကို အင်ပါယာအဆင့် သားရဲဝိညာဥ်များအား သီးခြားပင် လိုက်လံရှာဖွေစေလိမ့်မည် ဖြစ်၏။
သူ၏ လက်ထဲတွင် ရှိသည့် အတုအယောင် အင်ပါယာစည်းတံဆိပ်သည် မီတာထောင်ပေါင်းများစွာ အကွာအဝေးမှ နဂါးစွမ်းအင်ကို စုဆောင်းထားသည့် ကျောက်စိမ်း စည်းတံဆိပ်၏ အရှိန်အဝါကို ခံစားနိုင်စွမ်းရှိသည်။
ထို့ကြောင့် နဂါးစွမ်းအင်ကို ရရှိထားသည့် လူများအားလုယက်မည်ဆိုလျှင် သူ့အနေဖြင့် နဂါးစွမ်းအင်ကို အလျင်အမြန် စုဆောင်းနိုင်ရုံသာမက ကိုယ်စားလှယ်လောင်းသုံးဦး၏ နဂါးစွမ်းအင်ရရှိသည့် အမြန်နှုန်းကိုလည်း တစ်နည်းတစ်ဖုံ နှေးကွေးသွားစေနိုင်သည် မဟုတ်ပါလော။
ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကို ပစ်ချနိုင်သည့် ဤကဲ့သို့သော အစီအစဥ်မျိုးကို ကျန်းချန်သည် အဘယ်ကြောင့် မလုပ်ဆောင်ဘဲ နေပါအံ့နည်း။
အခန်း(၁၄၆၃)ပြီး၏။
အခန်း(၁၄၆၄)
မုန့်ချင်းရွှယ်နှင့် ယဲ့ဝူကျီတို့ ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကို သူတစ်ဦးတည်း စတင်စူးစမ်းခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျန်းချန်သည် သားရဲဝိညာဥ်တချို့နှင့် တွေ့ဆုံခဲ့ရသည်။
သို့သော်လည်း ၎င်းတို့သည် အင်ပါယာအဆင့်သို့ မရောက်သေးသည့် သားရဲဝိညာဥ်များ ဖြစ်ကြ၍ ၎င်းတို့၏ ခန္ဓာကိုယ်တွင် နဂါးစွမ်းအင်များ မရှိပေ။
ကျန်းချန်က မိုင်ထောင်ပေါင်းများစွာ အကွာအဝေးကို စူးစမ်းခဲ့သည့်တိုင် အင်ပါယာအဆင့် သားရဲဝိညာဥ်တစ်ကောင်ကိုပင် ရှာမတွေ့ခဲ့ပေ။
နာရီဝက်ခန့်အကြာတွင် ကျန်းချန်သည် အဆုံးသတ်၌ အင်ပါယာအဆင့် သားရဲဝိညာဥ်(၁)ကောင်ကို တောင်ထိပ်တွင် တွေ့ရှိခဲ့သည်။
ထိုသားရဲဝိညာဥ်၏ အမြင့်သည် ပေ၁၀၀ခန့်ရှိပြီး ခန္ဓာကိုယ်ကမူ ပုံရိပ်ယောင် စိတ်ဝိညာဥ်ခန္ဓာကိုယ် ဖြစ်နေသည်မှလွဲလျှင် ၎င်းသည် သက်ရှိ အင်ပါယာအဆင့် နဂါးကြေးခွံသားရဲပင် ဖြစ်သည်။
"ဒီ သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေမှာရှိတဲ့ သားရဲဝိညာဥ်တွေက ခွင်းရှဂိုဏ်းရဲ့ စွမ်းအင်ခန္ဓာကိုယ်တွေနဲ့ အနည်းငယ် ဆင်တူသလိုပဲ"
တောင်ထိပ်ရှိ နဂါးအကြေးခွံ သားရဲကို ကြည့်ရင်း ကျန်းချန်သည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
သို့သော်လည်း ဤသားရဲဝိညာဥ်လျှို့ဝှက်နယ်မြေကို လွှမ်းခြုံထားသော အစီအရင်သည် ခွင်းရှဂိုဏ်းကို လွှမ်းခြုံထားသောအစီအရင်ထက် အနည်းဆုံး အဆင့်တစ်ဆင့် ပိုမြင့်နေသည်မှာ ထင်ရှား၏။
အကြောင်းအရင်းမှာ အင်ပါယာအဆင့်ရှိသည့် နဂါးကြေးခွံသားရဲကိုပင် သားရဲဝိညာဥ် စိတ်ဝိညာဥ်ခန္ဓာကိုယ် အဖြစ် ပြောင်းလဲနိုင်သောကြောင့်ပင်။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ တောင်ကုန်းပေါ်တွင် တစ်ခဏအတွင်း ပေါ်လာခဲ့သည်။
"လူသား ငါ့ကျင့်ကြံနေတာကို ဘာလို့ အနှောင့်အယှက်လာပေးရတာလဲ"
ကျန်းချန် ရုတ်တရက် ပေါ်ထွက်လာမှုသည် နဂါးကြေးခွံသားရဲကို သတိပြုမိစေခဲ့သည်။
သူက အေးစက်စက် မျက်ဝန်းများဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
"ငါက မင်းဆီကနေ နဂါးစွမ်းအင်ကို ငှားချင်လို့ ရောက်လာတာပါ.. မင်းအသက်ရှင်ချင်တယ်ဆိုရင် နဂါးစွမ်းအင်ကို ထုတ်ပေးပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"လူသား မင်း ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"
နဂါးကြေးခွံသားရဲက ဒေါသထွက်လာခဲ့ပြီး ပါးစပ်ကနေ မီးလျှံတစ်ခုကို ကျန်းချန်ဆီသို့ မှုတ်ထုတ်လိုက်သည်။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေရှိ သားရဲဝိညာဥ်တိုင်းတွင် စိတ်ဝိညာဥ် အမြုတေတစ်ခုစီ ရှိကြသည်။
ထိုစိတ်ဝိညာဥ်အမြုတေတွင် စွမ်းအင်များစွာ ပါဝင်၍ ကျင့်ကြံခြင်း အတွက် စိတ်ဝိညာဥ်ကျောက်တုံး အဖြစ်လည်း အသုံးပြုနိုင်သည်။
ထို့အပြင် အင်ပါယာအဆင့် သားရဲဝိညာဥ်၏ စိတ်ဝိညာဥ်အမြုတေသည် နဂါးစွမ်းအင်ကိုပင် မွေးထုတ်ပေးနိုင်သည်။
ဆိုရလျှင် အင်ပါယာအဆင့် သားရဲဝိညာဥ်၏ နဂါးစွမ်းအင်သည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်၏။
အင်ပါယာအဆင့် သားရဲဝိညာဥ်များသည် ထိုနဂါးစွမ်းအင်ကြောင့်ပင် ဆက်တိုက်ဆိုသလို တိုးတက် ပြောင်းလဲနိုင်ပြီး သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေ၏ နှောင်ကြိုးကနေ လွတ်မြောက်ကာ အစစ်အမှန် နတ်နဂါးများပင် ဖြစ်လာနိုင်သည်။
အကယ်၍ နဂါးစွမ်းအင်သာ မရှိခဲ့လျှင် အင်ပါယာအဆင့်သားရဲဝိညာဥ်သည် သေဆုံးမည် မဟုတ်သော်လည်း ၎င်း၏ ထာဝရ တိုးတက်ပြောင်းလဲနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသည်နှင့် ညီမျှ၏။
ယခုကျန်းချန်က သူ၏ ခန္ဓာကိုယ်ထဲမှ နဂါးစွမ်းအင်ကို တောင်းဆိုနေသည် ဖြစ်ရာ နဂါးကြေးခွံသားရဲသည် အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။
"မင်းက မပေးချင်မှတော့ ငါမင်းကိုသတ်ပြီး ကိုယ်တိုင်ပဲ ယူရတော့မှာပေါ့"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် ဥက္ကာခဲဓားကို ထုတ်ကာ ဓားကွက်တစ်ကွက်ကို လျှပ်တစ်ပြက် ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ဓားချက်သည် အချိန်နှင့်နေရာလွတ်ကို ထိုးဖောက်ကာ နဂါးကြေးခွံသားရဲ မှုတ်ထုတ်လိုက်သည့် မီးလျှံအားလုံးကို ငြှိမ်းသတ်ပစ်လိုက်သည်။
ထို့နောက်တွင် နဂါးကြေးခွံသားရဲ တုံ့ပြန်ဖို့ အချိန်မရခင်မှာပင် သူ၏ ဥက္ကာခဲဓားချက်သည် နဂါးကြေးခွံသားရဲ၏ ကြီးမားသောခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
နဂါးကြေးခွံသားရဲသည် အော်ဟစ်ဖို့ပင် အချိန်မရခဲ့ပေ။
သူ၏ ကြီးမားသောခန္ဓာကိုယ်သည် ကျန်းချန်၏ ဓားချက်အောက်တွင် ပေါက်ကွဲထွက်သွားခဲ့သည်။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေ၏ ဖိအားသည် အင်ပါယာနယ်ပယ်အဆင့်ကို ၂၀ရာခိုင်နှုန်းအထိ အားနည်းစေသော်လည်း ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးအဆင့်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကျင့်ကြံသူများထက် မနိမ့်ကျတော့ပေ။
ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် ဖိနှိပ်ခံထားရသည့်တိုင် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်သာရှိသည့် သားရဲဝိညာဥ်ဘတစ်ကောင်ကို သတ်ရန်မှာ အလွန်ပင်လွယ်ကူလှ၏။
ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့် နဂါးကြေးခွံသားရဲကို သတ်ဖြတ်လိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးကို ရွေ့လျားလိုက်ကာ လက်သီးဆုပ်အရွယ်ရှိ စိတ်ဝိညာဥ်အမြုတေ တစ်ခုကို သူ၏ သိုလှောင်အိတ်ထဲသို့ တိုက်ရိုက်ပင် ထည့်လိုက်သည်။
ထိုအချိန်မှာပင် ကျန်းချန်သည် စိတ်ဝိညာဥ် အမြုတေထံမှ လျှံထွက်လာသော ရွှေရောင်အလင်းများဖြင့် တောက်ပနေသည့် နဂါးစွမ်းအင်ကို ခံစားမိခဲ့သည်။
သူက ချက်ချင်းပင် ထိုရွှေရောင်အလင်းကို သူ၏ အတုအယောင် ဧကရာဇ် စည်းတံဆိပ် ထဲသို့ တိုက်ရိုက်ပင် စုပ်ယူလိုက်သည်။
မကြာမီမှာပင် သူ၏ တံဆိပ်ပြားရှိ နဂါးပုံစံကောက်ကြောင်း (၉၉)ခုထဲမှတစ်ခုသည် ရွှေရောင်အလင်းများ တောက်ပလာသည်ကို တွေ့ရှိလိုက်ရသည်။
နဂါးစွမ်းအင် တစ်ခုသည် ကျန်းချန်၏ အတုအယောင် ဧကရာဇ် စည်းတံဆိပ်မှ နဂါးပုံစံ ကောက်ကြောင်း(၁)ခုကို ထွန်းလင်းစေခဲ့သည်။
သူက အတုအယောင် ဧကရာဇ် စည်းတံဆိပ်ပေါ်မှ နဂါးပုံစံကောက်ကြောင်း(၉၉)ခုကို လင်းစေနိုင်သရွေ့ သူသည် အစစ်အမှန် ဧကရာဇ် စည်းတံဆိပ်ကို စုစည်းနိုင်ပြီး ရွှယ်လင်ကုန်းမြေတိုက်၏ လူသားဧကရာဇ်အသစ် ဖြစ်လာနိုင်မည်ဖြစ်သည်။
ထို့နောက် ကျန်းချန်သည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် အင်ပါယာအဆင့် သားရဲဝိညာဥ်များကို ထပ်မံ ရှာဖွေခဲ့သည်။
သုံးရက်ဆက်တိုက် ရှာဖွေပြီးနောက်တွင် ကျန်းချန်သည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် အင်ပါယာအဆင့် သားရဲဝိညာဥ်(၇)ကောင်ကို တွေ့ရှိခဲ့ပြီး နဂါးစွမ်းအင်(၇)ခုကို ရရှိခဲ့သည်။
"အချိုးချကြည့်မယ်ဆိုရင် တစ်နေ့ကို နဂါးစွမ်းအင်(၂)ခု၊(၃)ခုပဲ ရနိုင်တယ်.. ဒီနှုန်းက အရမ်းကို နိမ့်ကျလွန်းတယ်"
ကျန်းချန်က စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။
အင်ပါယာအဆင့် သားရဲဝိညာဥ်များကို ရင်ဆိုင်သည်မှာ သူ့အတွက် အလွန် လွယ်ကူသော်လည်း ဤသားရဲဝိညာဥ်လျှို့ဝှက်နယ်မြေသည် အလွန်ပင် ကျယ်ပြန့်လွန်းသည်ဖြစ်ရာ အင်ပါယာအဆင့် သားရဲဝိညာဥ်များစွာသည် ကောင်းစွာ ပုန်းအောင်နိုင်ခဲ့ကြသည်။
ထို့ကြောင့် သူ့အနေဖြင့် အင်ပါယာအဆင့် သားရဲဝိညာဥ်ကို ရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူပေ။
ပို၍ အရေးကြီးသော အချက်မှာ လွန်ခဲ့သော သုံးရက်အတွင်း ကျန်းချန်သည် သူ၏ ပတ်ဝန်းကျင်တွင် ကျောက်စိမ်းတံဆိပ်ပြား၏ အရှိန်အဝါကို မခံစားမိခဲ့ပေ။
ယင်းက သူ၏ နဂါးစွမ်းအင် လုယက်မည့် အစီအစဥ်ကို အကောင်အထည် ဖော်မရ ဖြစ်စေခဲ့သည်။
ကျန်းချန် ကူကယ်ရာမဲ့နေသော အချိန်မှာပင် သူ၏ရှေ့တွင် နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။
"အရှေ့မှာ အင်ပါယာအဆင့်သားရဲဝိညာဥ် တစ်ကောင်မက ရှိနေပုံပဲ"
ကျန်းချန်က ပျော်ရွှင်သွားခဲ့ပြီး ချက်ချင်းဆိုသလို အသံထွက်ပေါ်လာသည့် ဦးတည်ရာဆီသို့ အလျင်အမြန်ပင် ပြေးသွားခဲ့သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်သည် မြင့်မားသော သစ်ပင်တစ်ပင်ပေါ်တွင် ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
သူနှင့် ဆယ်မိုင်အကွာတွင် မီတာ ၁၀၀ အရှည်ရှိသည့် ဧရာမအနက်ရောင်မိကျောင်းနှစ်ကောင် ရှိနေခဲ့သည်။
ထိုအနက်ရောင်မိကျောင်း၏ ခန္ဓာကိုယ်တွင် အနက်ရောင်လျှပ်စီးအလင်းများ ဝန်းရံနေခဲ့၏။
ထိုကဲ့သို့ လျှပ်စီးအလင်းများ ဝန်းရံနေသောကြောင့် ၎င်းတို့ ဖြတ်သန်းသွားသည့် မြေပြင်သည် တစ်ခဏအတွင်းမှာပင် မီးလောင်ထားသော မြေပြင်ကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး အနက်ရောင် မီးခိုးငွေ့များပင် ထွက်ပေါ်နေခဲ့သည်။
ဤအနက်ရောင်မိကျောင်းနှစ်ကောင်သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် သားရဲဝိညာဥ်များသာ ဖြစ်သော်လည်း ၎င်းတို့၏ ခွန်အားသည် လွန်ခဲ့သော နှစ်ရက်က သူလိုက်လံရှာဖွေခဲ့သည့် အင်ပါယာအဆင့် သားရဲဝိညာဥ်များထက်ပင် သိသိသာသာ အားကောင်းနေခဲ့၏။
ရွှယ်လင်ကုန်းမြေတိုက်တွင်ရှိသည့် ပါရမီရှင် လူငယ်များစွာထဲမှာပင် ထိုမိကျောင်းနှစ်ကောင်ကို တစ်ကိုယ်တော် စွမ်းရည်ဖြင့် အနိုင်ယူနိုင်မည့်သူ လက်ဆယ်ချောင်း မပြည့်လောက်ပေ။
မှန်ပါသည်။ ကျန်းချန်ကို အံ့အားအသင့်စေဆုံးအရာမှာ ဧရာမအနက်ရောင် မိကျောင်းနှစ်ကောင် မဟုတ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဧရာမ အနက်ရောင်မိကျောင်းနှစ်ကောင်၏ နောက်တွင် ယောကျ်ားသုံးဦးနှင့် မိန်းမတစ်ဦး ရှိနေပြီး ဧရာမ အနက်ရောင်မိကျောင်းနှစ်ကောင်သည် ၎င်းတို့ကို ကြောက်ရွံ့ကာ ထွက်ပြေးနေကြသောကြောင့်ပင်။
ထိုယောကျ်ားတစ်ဦးနှင့် မိန်းမတစ်ဦးသည် အသက် သိပ်ကြီးပုံမရသော်လည်း ရွှယ်လင်ကုန်းမြေတိုက်မှ ကျင့်ကြံသူများ မဟုတ်သည်မှာ ထင်ရှားသည်။
ဆိုရလျှင် ထိုလေးယောက်လုံးသည် အလွန်တရာ အားကောင်းသော ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုအထဲမှ သုံးဦး၏ ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ်ကိုပင် ရောက်ရှိနေခဲ့ပြီး ရွှယ်လင်ကုန်းမြေတိုက်၏ ထိပ်တန်းပါရမီရှင် ဖြစ်သည့် ယဲ့ဝူကျီထက်ပင် အနည်းငယ်မျှ မနိမ့်ကျပေ။
အထူးသဖြင့် ၎င်းတို့ကို ဦးဆောင်နေသည့် ဓားမျက်ခုံးကို ပိုင်ဆိုင်ထားသော လူငယ်၏ ခွန်အားသည် အင်ပါယာနယ်ပယ် အလယ်အလတ် အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။
"ဒီသားရဲဝိညာဥ်လျှို့ဝှက်နယ်မြေမှာ အပြင်လူတွေလည်း ရှိနေတယ်လား"
သူ၏အကြည့်က ထိုလေးဦးအပေါ်သို့ ကျရောက်သွားပြီးနောက်တွင် သူ၏ အကြည့်သည် တစ်ခဏအတွင်းမှာပင် ပို၍ လေးနက်လာခဲ့သည်။
ထိုလေးဦးထဲမှ အားအနည်းဆုံးသူပင် ရွှယ်လင်ကုန်းမြေတိုက်၏ အစွမ်းအထက်ဆုံး ပါရမီရှင်နှင့် နှိုင်းယှဥ်နိုင်သည်ဖြစ်ရာ ဤသည်မှာ အလွန်တရာ ကြောက်စရာကောင်းသော တည်ရှိမှုပင် ဖြစ်သည်။
ကျန်းချန်၏ မျက်လုံးက အနည်းငယ် လင်းလက်သွားခဲ့သည်။
သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေသည် အင်ပါယာမြို့တော် ကဲ့သို့ နတ်ဘုရားနယ်မြေကနေ ကျဆင်းလာခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သို့ဆိုလျှင် သူ့ရှေ့မှ လူငယ်လေးဦးသည် နတ်ဘုရားနယ်မြေရှိ အင်အားစု တစ်ခုခုမှ ပါရမီရှင်များ ဖြစ်နိုင်သည်ဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။
ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေသည် ရွှယ်လင်ကုန်းမြေတိုက်သို့ မတော်တဆ ရောက်ရှိလာခဲ့သည့်တိုင် နတ်ဘုရားနယ်မြေရှိ အင်အားစု တစ်စု ထံတွင် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်မည့် နည်းလမ်းတစ်ခုခု ရှိနေပါသလော။
သူ၏အတွေးသာ မှန်ကန်ခဲ့မည်ဆိုလျှင် သူတို့၏ သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေမှ အန္တရာယ်အဆင့်သည် ဤတစ်ကြိမ်တွင် များစွာ တိုးမြှင့်လာလိမ့်မည် ဖြစ်သည်။
အခန်း(၁၄၆၄)ပြီး၏။