← Chapters

အခန်း (၁၄၆၅-၁၄၆၇)

Vol. 98 Ch. 1465-1467

အခန်း (၁၄၆၅-၁၄၆၇)

Vol. 98 Ch. 1465-1467

အခန်း(၁၄၆၅)

ကျန်းချန်က ချက်ချင်းပင် အတုအယောင် ဧကရာဇ်စည်းတံဆိပ်မှတစ်ဆင့် မုန့်ချင်းရွှယ်နှင့် ယဲ့ဝူကျီတို့ကို ဆက်သွယ်ကာ နတ်ဘုရားနယ်မြေကနေ ရောက်လာသည့် ပါရမီရှင်များအကြောင်းကို ပြောပြလိုက်သည်။

ထိုအချိန်တွင် ယောကျ်ားသုံးဦးနှင့် မိန်းမတစ်ဦးသည် ဧရာမမိကျောင်းနှစ်ကောင်ကို ဝန်းရံ တိုက်ခိုက်နေခဲ့ကြသည်။

သူတို့လေးဦး၏ ခွန်အားသည် အနက်ရောင် မိကျောင်းထက် လုံးဝမနိမ့်ကျပေ။

အထူးသဖြင့် ဓားကဲ့သို့ မျက်ခုံးကို ပိုင်ဆိုင်ထားသော လူငယ်သည် သူတို့ရှေ့ကနေ အလျင်အမြန် ထွက်ပြေးနေသည့် အနက်ရောင် မိကျောင်းနှစ်ကောင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ မိကျောင်းနှစ်ကောင်သည် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။

ဤအနက်ရောင်မိကျောင်းနှစ်ကောင်သာ ခုခံကာကွယ်ရေးတွင် အားမကောင်းခဲ့လျှင် လူငယ်၏ လက်ဝါးရိုက်ချက်ဖြင့်ပင် တစ်ခါတည်း အသက်ထွက်သွားနိုင်၏။

သို့သော်လည်း အနက်ရောင်မိကျောင်းနှစ်ကောင်သည် ဓားမျက်ခုံးလူငယ်၏ လက်ဝါးရိုက်ချက်ကြောင့် မသေသည့်တိုင် အတော်လေး ဒဏ်ရာရရှိသွားခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအား ထက်ဝက်နီးပါးကို ဆုံးရှုံးသွားခဲ့သည်။

ကျန်ရှိသည့် လူသုံးဦးသည် ချက်ချင်းပင် ရှေ့သို့ပြေးတက်သွားခဲ့ပြီး အနက်ရောင် မိကျောင်းနှစ်ကောင်၏ အသက်ကို လျင်မြန်စွာပင် အဆုံးသတ်ပေးလိုက်သည်။

ထို့နောက်တွင် သူတို့လူစုသည် အနက်ရောင်မိကျောင်း နှစ်ကောင်၏ စိတ်ဝိညာဥ်အမြုတေများကို စုဆောင်းလိုက်သည်။

"နောက်ထပ် အင်ပါယာအဆင့် စိတ်ဝိညာဥ်အမြုတေ နှစ်ခု ထပ်မံ ရရှိခဲ့ပြီ.. အကိုလု ကျွန်တော်တို့ ဒီနေ့ ကံကောင်းနေပုံပဲ"

ပိန်ပါးပါးလူငယ်တစ်ဦးက အနက်ရောင် မိကျောင်းနှစ်ကောင်၏ စိတ်ဝိညာဥ် အမြုတေများကို သိမ်းဆည်းလိုက်ပြီးနောက်တွင် ဓားမျက်ခုံး လူငယ်ကို ပြောလိုက်သည်။

ဓားမျက်ခုံးလူငယ်က စကားပြန်ပြောတော့မည့် အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။

ထို့နောက်တွင် သူ၏ စူးရှသော အကြည့်သည် ကျန်းချန်ရှိနေသည့်နေရာ ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

"ဘယ်သူလဲ ထွက်လာခဲ့စမ်း"

ဓားမျက်ခုံးလူငယ်၏ ကျယ်လောင်သောအော်သံကိုကြားလျှင် ကျန်းချန်သည် ကူကယ်ရာမဲ့နေခဲ့သည်။

သူ၏ရှေ့မှ လူလေးဦး၏ခွန်အားသည် အလွန်တရာပင် သန်မာလှ၏။

အကယ်၍ ထိုလေးဦးသာ ပူးပေါင်း တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ရင်ဆိုင်ရန် လွယ်ကူလောက်မည် မဟုတ်ပေ။

မူလက ကျန်းချန်သည် ထိုလေးဦးနှင့် ထိပ်တိုက် ရင်မဆိုင်ချင်၍ ထွက်ပေါ်လာရန် မရည်ရွယ်ခဲ့ပေ။

သို့သော်လည်း ထိုလေးဦးက အနက်ရောင် မိကျောင်းနှစ်ကောင်ကို သတ်ဖြတ်ပြီးသည့်နောက်တွင် ထိုမိကျောင်းထဲမှ စိတ်ဝိညာဥ်အမြုတေကို ထုတ်ယူခဲ့ရာ စိတ်ဝိညာဥ်အမြုတေထဲရှိ နဂါးစွမ်းအင်သည် သူ၏ အတုအယောင် အင်ပါယာစည်းတံဆိပ်အား လင်းလက်သွားစေမည်ဟု မည်သူက ကြိုတင် သိရှိနိုင်ပါအံ့နည်း။

ကျန်းချန်က ချက်ချင်းပင် အတုအယောင်အင်ပါယာစည်းတံဆိပ်မှ အလင်းကို ဖုံးကွယ်လိုက်သော်လည်း ဓားမျက်ခုံးလူငယ်၏ စူးရှသောအမြင်ကနေ မလွတ်မြောက်ခဲ့ပေ။

အခြေအနေက ဤအထိ ရောက်ရှိနေပြီဖြစ်၍ ကျန်းချန်သည် ပုန်းအောင်းမနေတော့ဘဲ လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် တခြား ယောကျ်ားနှစ်ဦးနှင့် မိန်းမတစ်ဦးသည် အံ့သြသွားခဲ့ကြသည်။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့ ရွှယ်ယွိဂိုဏ်းမှ မဟုတ်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။

ဤလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲတွင် သူတို့ ရွှယ်ယွိဂိုဏ်းနှင့် မသက်ဆိုင်သည့် ပြင်ပလူများ ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

"အကြီးအကဲတွေ ခန့်မှန်းထားတဲ့အတိုင်းပဲ.. ဒီလျှို့ဝှက်ဆန်းကြယ်နယ်မြေကို ငါတို့ရွှယ်ယွိဂိုဏ်းက ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ အထဲမှာ အပြောင်းအလဲများစွာ ရှိနေခဲ့တယ်"

ဓားမျက်ခုံးလူငယ်၏ အကြည့်က အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။

ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေသည် မူလက ရွှယ်ယွိဂိုဏ်း၏ တပည့်များကို စစ်ဆေးသည့် နေရာတစ်ခု ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ကြီးမားသည့် တိုက်ပွဲတစ်ခုကြောင့် ရွှယ်ယွိဂိုဏ်း၏ ခွန်အားသည် ပြင်းပြင်းထန်ထန်ပင် ထိခိုက်သွားခဲ့ပြီး သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်နိုင်မည့် အင်အားကြီးမားသော အကြီးအကဲများကို ဆုံးရှုံးခဲ့ရသည်။

နှစ်ပေါင်းထောင်ချီ ကြာပြီးနောက်တွင် ရွှယ်ယွိဂိုဏ်း၏ အင်အားသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ထို့ကြောင့် အကြီးအကဲများသည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားခဲ့ရာ အဆုံးသတ်တွင် ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

ဤနယ်မြေထဲကို မဝင်ရောက်ခင် ရွှယ်ယွိဂိုဏ်းမှ အကြီးအကဲများသည် နယ်မြေထဲ၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေနိုင်သည်ဟု သတိပေးခဲ့သည်။

ယခု အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လိုက်ရာ ဓားမျက်ခုံးလူငယ်သည် အကြီးအကဲများ မှန်းဆထားသည့်အရာက အမှန်တကယ် ဖြစ်ပျက်နေသည်ကို သိရှိခဲ့သည်။

"ကောင်လေး မင်းဘယ်သူလဲ.. ဒီသားရဲဝိညာဥ်လျှို့ဝှက်နယ်မြေက ငါတို့ရွှယ်ယွိဂိုဏ်းရဲ့ စစ်ဆေးတဲ့နေရာပဲ.. မင်းက ဒီကို ဘယ်လိုလုပ်ပြီး ဝင်ရောက်လာတာလဲ"

ပိန်ပါးပါးလူငယ်က ကျန်းချန်ကို မကျေမနပ် ကြည့်လိုက်ပြီး ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

"ငါက ရွှယ်လင်ကုန်းမြေတိုက်ရဲ့ လူသားမျိုးနွယ်စုက ကျန်းချန်ပါ.. မင်းတို့ကရော ဘယ်သူတွေလဲ"

ကျန်းချန်က သူ့ရှေ့မှ လူငယ်များကို ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ရွှယ်လင်ကုန်းမြေတိုက်လား"

ကျန်းချန်၏ စကားကိုကြားလျှင် ထိုလေးဦး၏ မျက်နှာထက်တွင် အထင်သေးသော အမူအရာများ တစ်ခဏအတွင်း ဖြစ်ပေါ်လာခဲ့သည်။

"လတ်စသတ်တော့ အောက်နယ်မြေက အမှိုက်သရိုက်နဲ့ လာတွေ့နေတာကိုး.. အောက်နယ်မြေက အမှိုက်သရိုက်ကများ ငါတို့ ရွှယ်ယွိဂိုဏ်းရဲ့ လျှို့ဝှက်ဆန်းကြယ် နယ်မြေထဲကို ဝင်လာရဲတယ်.. သွားသေလိုက်စမ်း"

ပိန်ပါးပါးလူငယ်က လှောင်ပြောင်ကာ ပြောလိုက်သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို ပေထောင်ချီ အကျယ်အဝန်းရှိသည့် ငွေရောင်မုန်တိုင်းဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ပိန်ပါးပါးလူငယ် စတင် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

သူက လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်နေသည့် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် လေထုထဲကနေ ရုတ်တရက် သက်ဆင်းလာခဲ့သည်။

"သတိထား"

ကျန်းချန်၏ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို မြင်လျှင် ဓားမျက်ခုံးလူငယ်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သို့သော်လည်း သူ၏ သတိပေးချက်သည် အလွန်တရာ နောက်ကျသွားခဲ့သည်မှာ ထင်ရှား၏။

လေထုထဲတွင် ကျယ်လောင်သောအသံ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ငွေရောင်မုန်တိုင်းကို တစ်ခဏအတွင်းမှာပင် ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ပိန်ပါးပါးလူငယ်၏ ခန္ဓာကိုယ်ကို ဖိချလိုက်၏။

ပိန်ပါးပါးလူငယ်က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

၎င်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်သည် ထိုစည်းတံဆိပ်အောက်တွင် လုံးဝကို ဖျက်ဆီးခံလိုက်ရသည်။

ကျန်းချန်၏ လက်ရှိ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ခွန်အားဖြင့် လူသားဧကရာဇ်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်လျှင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင် အလွယ်တကူ ခုခံနိုင်မည်မဟုတ်ပေ။

ပိန်ပါးပါးလူငယ်၏ အင်အားက ယဲ့ဝူကျီထက် သိပ်မဆိုးသော်လည်း ကျန်းချန်၏ ရှေ့တွင်မူ စာဖွဲ့လောက်စရာမရှိပေ။

ထိုလေးဦးပူးပေါင်းတိုက်ခိုက်ခဲ့လျှင် သူ့အနေဖြင့် ခက်ခက်ခဲခဲအားထုတ်ကာ ရင်ဆိုင်ရလိမ့်မည် ဖြစ်သော်လည်း တစ်ဦးချင်းဆိုလျှင်မူ ဓားမျက်ခုံးလူငယ်က လွဲလျှင် တခြားသုံးယောက်သည် သူ၏ရှေ့တွင် ပုရွက်ဆိတ်နှင့် မခြားပေ။

ကျန်းချန်က ပိန်ပါးပါးလူငယ်ကို ခပ်လွယ်လွယ်ပင် သတ်ဖြတ်လိုက်သည်ကိုမြင်လျှင် တခြားသုံးဦးသည် ဒေါသထွက်သွားခဲ့သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က အားမနည်းမှန်း သူတို့ခံစားမိသော်လည်း နတ်ဘုရားနယ်မြေမှ ပါရမီရှင် ဖြစ်သည့် သူတို့အနေဖြင့် အောက်နယ်မြေမှ ကျင့်ကြံသူ တစ်ဦးကို မည်ကဲ့သို့ အလေးအနက် ထားနိုင်ပါအံ့နည်း။

သို့သော်လည်း သူတို့ရှေ့ရှိ အောက်နယ်မြေမှ ကျင့်ကြံသူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးမိခဲ့ပေ။

ထိုလူငယ်သည် ပိန်ပါးပါးလူငယ်ကို ကြောက်မက်ဖွယ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ တစ်ခဏအတွင်း သတ်ပစ်နိုင်ခဲ့သည် မဟုတ်ပါလား။

"မင်းက အတော်လေး အတင့်ရဲတာပဲ.. ငါတို့ရွှယ်ယွိဂိုဏ်းရဲ့တပည့်ကိုတောင် သတ်ရဲတယ်"

ဓားမျက်ခုံးလူငယ်က ကျန်းချန်ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ထိုခဏတွင် အေးစက်စက် လူသတ်ငွေ့များသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပြည့်လျှံသွားခဲ့သည်။

သူက အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ရှိနေပြီဖြစ်၍ ပိန်ပါးပါးလူငယ်ထက် ပို၍ အားကောင်းသည်။

သူ၏ အရှိန်အဝါကပင် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများကို ထိတ်လန့်သွားစေရန် လုံလောက်၏။

"ဘာလဲ.. သူက ငါ့ကို အရင်တိုက်ခိုက်တာလေ.. ငါက နေရာမှာပဲ ဒီအတိုင်းရပ်နေပြီး သူလာသတ်တာကို ထိုင်စောင့်နေရမှာလား.. ငါ့ကို သတ်ချင်ရင်တော့ ကြီးမားတဲ့အဖိုးအခကို ပြန်လည် ပေးဆပ်ရမယ်ဆိုတာ သိထားရမယ်"

"ငါက မင်းတို့နဲ့တိုက်ခိုက်ဖို့ မရည်ရွယ်ခဲ့ဘူး.. ဒါပေမဲ့ မင်းတို့က ငါ့ကို အရင်ဆုံးရန်စခဲ့တယ်.. မင်းတို့တွေ မသေချင်ဘူးဆိုရင် မင်းတို့တွေ စုဆောင်းထားတဲ့ အင်ပါယာအဆင့် စိတ်ဝိညာဥ်အမြုတေ အားလုံးကို ငါ့ဆီ လွှဲပေးရမယ်"

ကျန်းချန်က မဲ့ပြုံးပြုံးကာ အေးစက်စက် ပြောလိုက်သည်။

ကျန်းချန်၏ နဂါးစွမ်းအင်ကို လုယက်မည့် မူလအစီအစဥ်သည် ရွှယ်လင်ကုန်းမြေတိုက်မှ ပါရမီရှင် လူငယ်များအပေါ်တွင် အကောင်အထည်ဖော်ရန် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်ထိ ကျန်းချန်သည် ရွှယ်လင်ကုန်းမြေတိုက်မှ ပါရမီရှင် လူငယ် တစ်ဦးတစ်လေနှင့်မျှ မတွေ့ဆုံရသေးပေ။

သို့သော်လည်း သူသည် နတ်ဘုရားနယ်မြေကနေ ရောက်ရှိလာသည့် ပါရမီရှင် လူငယ်များနှင့် တွေ့ဆုံခဲ့သည်။

သို့ဖြစ်ရာ သူ့အနေဖြင့် နတ်ဘုရားနယ်မြေကနေ ရောက်ရှိလာသည့် ပါရမီရှင်လူငယ်များကို သူ၏နဂါးစွမ်းအင် လုယက်မည့် အစီအစဥ်ထဲကို အဘယ်ကြောင့် မထည့်ဘဲ နေရပါမည်နည်း။

ဤလူများသည် ရွှယ်လင်ကုန်းမြေတိုက်မှ ပါရမီရှင်များထက်ပင် ပို၍ အားကောင်းကြသည်။

ထို့ကြောင့် ၎င်းတို့သည် အင်ပါယာအဆင့် သားရဲဝိညာဥ်များကို လိုက်လံရှာဖွေရာတွင် ရွှယ်လင်ကုန်းမြေတိုက်မှ လူငယ်များထက် ပို၍ လွယ်ကူသည်။

အကယ်၍ သူသာ ဤနတ်ဘုရားနယ်မြေကနေ ပါရမီရှင်များကို လုယက်နိုင်လျှင် မမျှော်လင့်သော အကျိုးကျေးဇူးများကို ရရှိနိုင်မည် မဟုတ်ပါလော။

ဤအချိန်တွင် ဓားမျက်ခုံးလူငယ်၏ ကျန်းချန်ကို ကြည့်နေသောအကြည့်သည် တဖြည်းဖြည်းပို၍ အေးစက်လာခဲ့သည်။

"ကောင်လေး မင်းဘာစကားပြောတာလဲ"

"ငါပြောတာ ရှင်းရှင်းလေးပဲလေ မင်း လူစကားနားမလည်ဘူးလား"

ကျန်းချန်က အရေးမစိုက်ဟန်ဖြင့် ‌ပြောလိုက်သည်။

"ငါနောက်ဆုံးတစ်ကြိမ် ထပ်သတိပေးမယ်.. မင်းတို့အားလုံးအသက်ရှင်ချင်တယ်ဆိုရင် မင်းတို့တွေ စုဆောင်းထားတဲ့ အင်ပါယာအဆင့် စိတ်ဝိညာဥ်အမြုတေ အားလုံးကို ငါ့ဆီလွှဲပြောင်းပေးရမယ်"

အခန်း(၁၄၆၅)ပြီး၏။

အခန်း(၁၄၆၆)

"ကောင်းတယ် သိပ်ကောင်းတယ်.. ငါလုကွမ်ယွီ မွေးဖွားလာကတည်းက ငါ့ရှေ့မှာ မင်းလို ရိုင်းစိုင်းရဲတဲ့သူ တစ်ခါမှမရှိခဲ့ဖူးဘူး.. အောက်နယ်မြေက ပုရွက်ဆိတ်လေးကများ ငါ့ကို ဓားပြတိုက်ရဲတယ်.. ဒီလောက်တောင် သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

လုကွမ်ယွီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ဤတစ်ကြိမ် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေအတွင်း စစ်ဆေးမှုသည် သူတို့အတွက်လည်း အကဲဖြတ်မှုတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်ယွိဂိုဏ်း၏ ထိပ်တန်းပါရမီရှင်အနေဖြင့် လုကွမ်ယွီသည် အင်ပါယာအဆင့် စိတ်ဝိညာဥ်အမြုတေ မည်မျှရရှိနိုင်မလဲဆိုသည့်အပေါ် မူတည်၍ ရွှယ်ယွိဂိုဏ်း၏ တပည့်ခေါင်းဆောင် ဖြစ်လာနိုင်သောကြောင့်ပင်။

ဆိုရလျှင် ဤသည်က အလွန်ပင် အရေးကြီးသောကိစ္စဖြစ်သည်။

ယခု ကျန်းချန်က သူ၏ စိတ်ဝိညာဥ်အမြုတေကို ဓားပြတိုက်နေခဲ့သည် ဖြစ်ရာ လုကွမ်ယွီသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲနေနိုင်ပါအံ့နည်း။

သူ၏ သည်းခံနိုင်စွမ်းက ကုန်ခန်းသွားခဲ့ပြီး အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် အရှိန်အဝါသည် သူ၏ စွမ်းအားအလုံးစုံနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက်တွင် ပေထောင်ချီသည့် အနက်ရောင် နေရာလွတ်သည် လေထုထဲတွင် လွှမ်းခြုံသွားခဲ့သည်။

သူက ထိုအနက်ရောင် နေရာလွတ်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ဤအနက်ရောင် နေရာလွတ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားရှိရုံသာမက မရေမတွက်နိုင်သော ဓားစွမ်းအင်နှင့် မိုးကြိုးစွမ်းအင်များလည်း ပါဝင်နေခဲ့သည်။

သူ၏ရှေ့မှ လုကွမ်ယွီသည် အမှန်တကယ်ပင် နတ်ဘုရားနယ်မြေကနေ ရောက်ရှိလာသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဤလူ၏ ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိနေရုံသာမက နေရာလွတ်ဥပဒေသ၊ ဓားဥပဒေသနှင့် မိုးကြိုးဥပဒေသတို့တွင်လည်း ၎င်း၏ အောင်မြင်မှုသည် အလွန်မြင့်မားသောအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

သာမန် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများပင် ထိုအနက်ရောင် နေရာလွတ်ထဲသို့ ကျရောက်သွားခဲ့လျှင် လုံးဝ ဖျက်ဆီးခံရမည် ဖြစ်သည်။

"ပျက်စီးစမ်း"

ကျန်းချန်က ခံစားချက် ကင်းမဲ့‌သော အမူအရာဖြင့် သူ၏ လက်ဖဝါးကို အသာအယာ ဆန့်ထုတ်လိုက်သည်။

ထို့နောက်တွင် ခြောက်ရောင်ခြယ် အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး လေထုထဲတွင် ရှိနေသည့် အနက်ရောင် နေရာလွတ်ထဲကို တိုက်ရိုက်ပင် ထိုးဖောက်ဝင်ရောက်ခဲ့ကာ တစ်ခဏအတွင်းမှာပင် အနက်ရောင် နေရာလွတ်ကို ကြီးမားသော အပေါက်တစ်ခု ဖြစ်သွားစေခဲ့၏။

"ဝုန်း.."

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် အနက်ရောင်နေရာလွတ်သည် ခြောက်ရောင်ခြယ် အလင်းတန်း၏ စွမ်းအားအောက်တွင် ပျက်စီးသွားခဲ့သည်။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဓားမျက်ခုံးလူငယ် လုကွမ်ယွီ၏ မျက်နှာထက်တွင် အဆုံးသတ်၌ မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏ နောက်မှ အဖော်နှစ်ဦးဆိုလျှင် သူ့ထက်ပင် ပို၍ ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။

သူတို့ ရွှယ်ယွိဂိုဏ်းသည် နတ်ဘုရားနယ်မြေတွင် ဂိုဏ်းကြီးတစ်ဂိုဏ်း မဟုတ်သော်လည်း သာမန် မထင်မရှား ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပေ။

လုကွမ်ယွီသည် ရွှယ်ယွိဂိုဏ်း၏ အထွတ်အထိပ် ပါရမီရှင်အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး ဂိုဏ်းထဲတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဟုပင် သတ်မှတ်နိုင်သောသူ ဖြစ်သည်။

သိထားရမည့်အချက်မှာ အဆင့်နိမ့်ဂြိုလ် နှင့် အလယ်အလတ်ဂြိုဟ်များ ဖြစ်သည့် အောက်နယ်မြေတွင် ပကတိ နတ်ဘုရားများ၏ တည်ရှိမှုကို ခွင့်မပြုသော်လည်း သူတို့ ရွှယ်ယွိဂိုဏ်းသည် ပကတိနတ်ဘုရားများ တည်ရှိသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ရာ အမွေအနှစ်နှင့် အရင်းအမြစ် နှစ်ခုလုံးတွင် အောက်နယ်မြေသည် သူတို့နှင့် လုံးဝ နှိုင်းယှဥ်၍ မရပေ။

သို့သော်လည်း အောက်နယ်မြေမှ အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် သူတို့ရွှယ်ယွိဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များကို ကောင်းစွာ ဖိနှိပ်နိုင်ခဲ့သည်။

ဤသည်က အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းသည် မဟုတ်ပါလော။

သူ၏ရှေ့ရှိ အောက်နယ်မြေမှ အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ အသာစီးယူခြင်းကို ခံလိုက်ရလျှင် လုကွမ်ယွီ၏ မျက်နှာထက်တွင် ဒေါသရိပ်များ ပြည့်နှက်သွားခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လေထုထဲ၌ အနက်ရောင် နေရာလွတ်ကို ထပ်မံ စုဖွဲ့လိုက်၏။

ထို့နောက်တွင် အနက်ရောင် နေရာလွတ်သည် အနက်ရောင်မိုးကြိုးလျှပ်စီးများ ဝန်းရံနေသည့် ဆန်းကြယ်သော ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ လုကွမ်ယွီ၏ လက်ထဲကို ပျံသန်း၍ ရောက်ရှိသွားခဲ့သည်။

ဓားရှည်က သူ၏လက်ထဲကို ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ နေရာလွတ်သည် မျက်စိဖြင့် မြင်နိုင်သော အနက်ရောင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားခဲ့သည်။

"ကမ္ဘာဖျက်မိုးကြိုးဓားချက်"

လုကွမ်ယွီက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက် သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

"ဝုန်း.."

ကောင်းကင်ယံတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်မည့်ပုံ ရသည့် ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်သည် ကျန်းချန်အပေါ်သို့ ရုတ်တရက် သက်ရောက်လာခဲ့သည်။

လုကွမ်ယွီ၏ မိုးကြိုးလျှပ်စီးများ ဝန်းရံနေသောဓားကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏ မြင်နိုင်စွမ်းအရ လုကွမ်ယွီ၏ လက်ထဲတွင် ရှိသည့် ဓားရှည်တွင် ပါဝင်နေသော ဥပဒေသများကို မြင်နိုင်ရန် မခက်ခဲပေ။

ဤဓားရှည်သည် လုကွမ်ယွီက လျှို့ဝှက်နည်းစနစ် အပြင် ဥပဒေသ သုံးမျိုးကို အသုံးပြုကာ စုစည်းထားသော လက်နက်တစ်ခုလည်း ဖြစ်သည်။

သူ့ရှေ့မှ ဤလူသည် နတ်ဘုရားနယ်မြေကနေ ရောက်ရှိလာသည့် ပါရမီရှင်တစ်ဦး ဖြစ်ရန် ထိုက်တန်မှု ရှိသည်။

ဆိုရလျှင် ၎င်း၏ ဥပဒေသ စွမ်းအားကို အသုံးပြုမှုသည် အောက်နယ်မြေ အနေဖြင့် လုံးဝယှဥ်နိုင်ရန် မဖြစ်နိုင်ပေ။

ကျန်းချန်က အံ့အားသင့်နေသော်လည်း သူ၏ လှုပ်ရှားမှုများကိုမူ အနည်းငယ်မျှပင် မရပ်တန့်ခဲ့ပေ။

သူက ဥပဒေသ ခြောက်မျိုး၏ စွမ်းအားကို အဆုံးစွန်အထိ တိုက်ရိုက်ပင် မြှင့်တင်လိုက်သည်။

ထို့နောက်တွင် သူ၏လက်ညှိုးမှ ထွက်ပေါ်လာသည့် ဥပဒေသခြောက်မျိုး ပေါင်းစပ်ထားသော ဓားစွမ်းအင်သည် လုကွမ်ယွီ၏ လက်ထဲရှိ အနက်ရောင် ဓားရှည်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့ပြီး အနက်ရောင်ဓားရှည်ကို တစ်စစီ ပျက်စီးစေခဲ့သည်။

လုကွမ်ယွီ၏ ဓားရှည်ကိုင်ထားသော လက်တစ်ခုလုံးပင် ဥပဒေသ ခြောက်မျိုး၏ စွမ်းအားကြောင့် ပြတ်ထွက်သွားခဲ့သည်။

ထို့နောက်တွင် လုကွမ်ယွီ၏ မျက်နှာတစ်ခုလုံးက ဖြူဖျော့သွားခဲ့ပြီး ပေရာချီ အကွာအဝေးကို လွင့်စင်သွားခဲ့သည်။

"အောက်နယ်မြေက ကျင့်ကြံသူက ဥပဒေသ ခြောက်မျိုးကိုတောင် ကျွမ်းကျင်ထားတယ်လား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လုကွမ်ယွီက အောက်နယ်မြေမှ ကျင့်ကြံသူကို ရှုံးနိမ့်ခဲ့၍ သူ့ကိုယ်သူ အလွန်ပင် ရှက်ရွံ့နေခဲ့သည်။

သူက သွေးထွက်နေသည့် သူ၏ လက်မောင်းအရင်းကို လက်ဖြင့် ဖုံးအုပ်ထားခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

သူ၏ ဥပဒေသ သုံးမျိုးဖြင့် စုဖွဲ့ထားသည့် မှော်လက်နက်သည် အောက်နယ်မြေမှ အင်ပါယာနယ်ပယ် အလတ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဥပဒေသ ခြောက်မျိုးဖြင့် ချိုးဖျက်ခံရလိမ့်မည်ဟု လုကွမ်ယွီ တစ်ခါမှ မတွေးခဲ့ဖူးပေ။

ဥပဒေသ‌ ခြောက်မျိုး၏ စွမ်းအားကို နားလည်သော ပါရမီရှင်သည် နတ်ဘုရားနယ်မြေမှာပင် နာမည်ကျော်ကြားဖို့ လုံလောက်သည့် အထွတ်အထိပ် ပါရမီရှင်အဆင့်မျိုး ဖြစ်သည်။

ဤကဲ့သို့သော ပါရမီရှင်သည် အောက်နယ်မြေတွင် အဘယ်ကြောင့် ရှိနေရပါသနည်း။

"မင်းရဲ့အစွမ်းက ဒီလောက်ပဲလား.. မင်းက ငါ့ကို စိတ်ဝိညာဥ်အမြုတေ ပေးဖို့ ဆန္ဒမရှိမှတော့ သွားသေလိုက်တော့"

ကျန်းချန်က လုကွမ်ယွီကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်ပြီး လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်သည်။

"ဝုန်း.."

လေထုထဲတွင် ‌ရွှေရောင်အလင်းတန်းတစ်ခုသည် အရပ်မျက်နှာအနှံ့ကို လင်းထိန်သွားစေခဲ့သည်။

ထို့နောက်တွင် ရွှေရောင်အလင်းတန်းသည် ရွှေရောင်စည်းတံဆိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လုကွမ်ယွီကို ဖိနှိပ်လိုက်သည်။

"ဒါ ဒါက တကယ့် နတ်အဆင့် ကိုယ်ခံပညာပဲ"

လုကွမ်ယွီက မျက်မှောင်ကြုတ်သွားခဲ့ပြီး အဆုံးသတ်တွင် သူ၏မျက်ဝန်းထဲ၌ ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

ဤအောက်နယ်မြေမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် အင်ပါယာ ဥပဒေသခြောက်မျိုး၏ စွမ်းအားကို နားလည်ရုံသာမက နတ်အဆင့် ကိုယ်ခံပညာကိုပါ ကျွမ်းကျင်ထားခဲ့သည်။

သူတို့ ရွှယ်ယွိဂိုဏ်းမှာပင် နတ်အဆင့် ကိုယ်ခံပညာကို ကျွမ်းကျင်သူ အနည်းငယ်မျှသာ ရှိသည်။

နတ်ဘုရားနယ်မြေမှ ထိပ်တန်းပါရမီရှင်များပင် ဤမျှလောက်အရည်အချင်း မရှိလောက်ဟု သူထင်မြင်မိ၏။

ဤအချိန်တွင် လုကွမ်ယွီသည် စိတ်နှလုံးထဲတွင် အလွန်တရာ ထိတ်လန့်နေခဲ့သည်။

သို့သော်လည်း သူက ရွေးချယ်စရာမရှိဘဲ အင်ပါယာခန္ဓာကိုယ်ကို အလျင်အမြန် ထုတ်ဖော်ကာ လေထုထဲကနေ သူ့ကို ဖိနှိပ်လာသည့် ရွှေရောင်စည်းတံဆိပ်ကို ရင်ဆိုင်ဖို့သာ တတ်နိုင်ခဲ့သည်။

"ဝုန်း.."

ရွှေရောင်စည်းတံဆိပ်၏ ကြောက်မက်ဖွယ်စွမ်းအားဖြင့် ဖိနှပ်ခံရလျှင် လုကွမ်ယွီ၏ အင်ပါယာခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားခဲ့ရာ မရေမတွက်နိုင်သော သွေးစက်များသည် လေထုထဲတွင် လွင့်စင်သွားခဲ့သည်။

"အား..."

လုကွမ်ယွီက နာကျင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက်တွင် သူ၏ စိတ်ဝိညာဥ်က ပေါက်ကွဲသွား‌သောခန္ဓာကိုယ်ကနေ ထွက်လာခဲ့ပြီး အထိတ်တလန့်ဖြင့် လေထုထဲကို ထွက်ပြေးသွားခဲ့သည်။

"ငါ့လက်က လွတ်မယ်များ ထင်နေလား"

ကျန်းချန်က သူ့ရှေ့မှ လေဟာနယ်ကို ထိန်းချုပ်လိုက်ပြီး လုကွမ်ယွီ၏ ဝိညာဥ်ကို တိုက်ရိုက်ပင် ချုပ်နှောင်လိုက်သည်။

ထို့နောက်တွင် လုကွမ်ယွီ၏ ဝိညာဥ်ကို သူ၏လက်ဖြင့် ဆွဲယူလိုက်သည်။

"အစ်ကိုလုက ဒီလိုပဲ သေသွားတာလား"

လုကွမ်ယွီကို ကျန်းချန်က တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျန်ရှိသည့် ယောကျ်ားနှင့် မိန်းမ၏ မျက်နှာသည် တစ်ခဏအတွင်းမှာပင် ဖြူဖျော့သွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူတို့သည် လူသတ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ဝိညာဥ်လွင့်မတတ် တုန်လှုပ်နေခဲ့၏။

"ကောင်လေး မင်းက ငါတို့ရွှယ်ယွိဂိုဏ်းရဲ့ တပည့်ကိုတောင် သတ်ရဲတယ်.. ငါတို့ ရွှယ်ယွိဂိုဏ်းက မင်းကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး"

ထိုယောကျ်ားနှင့်မိန်းမက အလွန်တရာပင် ထိတ်လန့်နေခဲ့ကြသည်။

ထို့နောက်တွင် သူတို့သည် ကျန်းချန်၏ လက်ထဲတွင် ရှိနေသည့် လုကွမ်ယွီ၏ ဝိညာဥ်ကို ဂရုမစိုက်အားတော့ဘဲ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ တိုက်ရိုက်ပင် ချိုးဖျက်လိုက်သည်။

ယင်းနောက် တစ်ခဏအတွင်းမှာပင် ထိုနှစ်ယောက်သည် ကျန်းချန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

အခန်း(၁၄၆၆)ပြီး၏။

အခန်း(၁၄၆၇)

"ဘာလဲဟ"

ကျန်းချန်က ထိုနှစ်ယောက် ပျောက်ကွယ်သွားသည့် နေရာကိုကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

နတ်ဘုရားနယ်မြေကနေ ရောက်ရှိလာသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်တွင် အသက်ကယ်ဝှက်ဖဲများ ရှိပုံရ၏။

ထို့ကြောင့် ၎င်းတို့သည် အန္တရာယ်နှင့် တွေ့ကြုံရသောအခါတွင် တိုက်ရိုက်ပင် တည်နေရာရွှေ့ပြောင်းနိုင်ကြသည်။

အနာဂတ်တွင် နတ်ဘုရားနယ်မြေကနေ ရောက်ရှိလာသည့် ပါရမီရှင်များထံမှ လုယက်မည်ဆိုလျှင် သူ့အနေဖြင့် ကြမ်းကြမ်တမ်းတမ်း လုပ်ဆောင်ရတော့မည် ဖြစ်ပြီး ၎င်းတို့ကို အသက်ကယ်ဝှက်ဖဲများ ထုတ်ယူရန်အထိ အခွင့်အရေးပေး၍ မဖြစ်ပေ။

"ကောင်စုတ်လေး ငါ့ကိုမြန်မြန်လွှတ်စမ်း.. ငါက ရွှယ်ယွိဂိုဏ်းက ပကတိနတ်ဘုရားတစ်ပါးရဲ့ တပည့်ရင်းပဲ.. မင်းင့ါကို ထိရဲရင် ငါတို့ရွှယ်ယွိဂိုဏ်းက မင်းကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး"

လုကွမ်ယွီ၏ ဝိညာဥ်က ကျန်းချန်၏လက်ထဲတွင် အပြင်းအထန် ရုန်းကန်နေရင်း ပါးစပ်ကနေလည်း ကျန်းချန်ကို ခြိမ်းခြောက်လိုက်သည်။

"ဒါက နတ်ဘုရားနယ်မြေမဟုတ်ဘူး.. မင်းတို့ ရွှယ်ယွိဂိုဏ်းနဲ့ ငါ့ကိုလာပြီး မခြိမ်းခြောက်နဲ့"

ကျန်းချန်က လုကွမ်ယွီ၏ ဝိညာဥ်ကို ဖျစ်ညှစ်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။

"မင်းအသက်ရှင်ချင်ရင် ငါ့အပေါ် ရိုရိုကျိုးကျိုး ဆက်ဆံတာ ပိုကောင်းမယ်"

နတ်ဘုရားနယ်မြေနဲ့ အောက်နယ်မြေသည် လုံးဝ ကွဲပြားသော ကမ္ဘာနှစ်ခု ဖြစ်သည်။

ထို့အပြင် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူများကို အောက်နယ်မြေသည် လက်ခံမည် မဟုတ်ပေ။

ထို့ကြောင့် ရွှယ်ယွိဂိုဏ်းတွင် ပကတိနတ်ဘုရားတစ်ပါး ရှိနေလျှင်ပင် ရွှယ်လင်ကုန်းမြေတိုက်ကို လာပြီး သူ့ကို ဒုက္ခပေးရန် မည်သို့မျှ မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ လုကွမ်ယွီ၏ ခြိမ်းခြောက်မှုကို သူက အဘယ်ကဲ့သို့ အလေးအနက် ထားနိုင်ပါမည်နည်း။

"အား. ရပ်လိုက်တော့.. မင်းဒီထက် ဖျစ်ညှစ်နေရင် ငါခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး.. ကောင်းပြီ မင်းငါ့ကို လွှတ်ပေးဖို့အတွက် ငါဘာလုပ်ပေးရမလဲ"

လုကွမ်ယွီက အော်ဟစ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် လုကွမ်ယွီသည် ကျန်းချန်အပေါ်တွင် ရိုကျိုးသွားခဲ့သည်။

ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မေးခွန်းအနည်းငယ်ကို အရင်ဖြေပါ.. မင်းတို့ ရွှယ်ယွိဂိုဏ်းက သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကို ဘယ်နှစ်ယောက်ဝင်ရောက်ခဲ့တာလဲ.. သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်မှာရှိလဲ"

သူက လုကွမ်ယွီ၏ဝိညာဥ်ကို ဖမ်းဆီးထားခဲ့သည့် အကြောင်းအရင်းမှာ ဤလူထံကနေ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာသည့် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များ၏ အခြေအနေကို စူးစမ်းရန် ဖြစ်သည်။

"သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေထဲကို ငါတို့ ရွှယ်ယွိဂိုဏ်းက တပည့်(၁၃)ဦး ဝင်ရောက်ခဲ့တယ်.. ဒီအထဲမှာ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူသုံးဦးပဲ ရှိပြီး ကျန်တဲ့ သူတွေကတော့ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတွေချည်းပဲ"

လုကွမ်ယွီက ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။

ကျန်းချန်က သူ၏မေးစေ့ကို ပွတ်သပ်လိုက်ကာ ထပ်မံ မေးခွန်းထုတ်လိုက်သည်။

"ဒါဆိုရင် မင်းက ရွှယ်ယွိဂိုဏ်းမှာ အစွမ်းအထက်ဆုံးလား"

"ရွှယ်ယွိဂိုဏ်းမှာ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ရှိနေတဲ့ အဓိကတပည့်သုံးဦး ရှိတယ်.. ငါက ဒီသုံးယောက်ထဲမှာ ဒုတိယအဆင့်ပဲ.. ငါ့ထက်ပိုသာပြီး ပထမနေရာမှာ ရှိနေတဲ့သူက အင်ပါယာ နယ်ပယ်အလယ်အလတ်အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့ပြီ"

လုကွမ်ယွီ၏ စကားကိုကြားလျှင် ကျန်းချန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

အဓိကတပည့်သုံးဦး၏ အရည်အချင်းသည် အမှန်တကယ်ကိုပင် အလွန်တရာ အားကောင်းသည်။

သို့သော်လည်း တစ်ယောက်ချင်းဆိုလျှင်မူ သူ့ကို ယှဥ်နိုင်သော အရည်အချင်း မရှိလောက်ပေ။

သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာသည့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ အကြောင်းကို သိရှိပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေ၏ အခြေအနေနှင့် ပတ်သက်၍ လုကွမ်ယွီကို မေးလိုက်သည်။

"နတ်ဘုရားနယ်မြေက စကြာဝဠာရဲ့ အဓိက ဂြိုဟ်တစ်လုံးအဖြစ် လူသိများတယ်.. ဒါ့အပြင် အလွန်ကျယ်ပြောပြီး နယ်နိမိတ်က အကန့်အသတ် မရှိလောက်အောင်ပဲ.. နတ်ဘုရားနယ်မြေတစ်ခုလုံးကို နယ်မြေသုံးထောင် အဖြစ် ပိုင်းခြားထားတယ်"

လုကွမ်ယွီတို့၏ ရွှယ်ယွိဂိုဏ်းသည် နတ်ဘုရားနယ်မြေ၏ နယ်မြေသုံးထောင်ထဲမှ တစ်ခု ဖြစ်သည့် ရှေးဟောင်းနဂါးနယ်မြေမှ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။

နတ်ဘုရားနယ်မြေတွင် အင်ပါယာနယ်ပယ် အဆင့်နှင့် နတ်တစ်ပိုင်း နယ်ပယ်အဆင့် ပြီးလျှင် အတွေ့ရအများဆုံးမှာ ပကတိ နတ်ဘုရား နယ်ပယ်အဆင့် ဖြစ်သည်။

ပကတိနတ်ဘုရား နယ်ပယ်အဆင့်၏ အထက်တွင် ကောင်းကင်နတ်ဘုရားအဆင့် ရှိသည်။

ထိုအဆင့်၏အထက်တွင်မူ ကမ္ဘာနတ်ဘုရားအဆင့် ဖြစ်၏။

ကမ္ဘာ့နတ်ဘုရားအဆင့်သည် နတ်ဘုရားနယ်မြေတွင် လွှမ်းမိုးနိုင်သောအဆင့် ဖြစ်သည်။

ထို့အပြင် ကမ္ဘာ့နတ်ဘုရားအဆင့် အထက်တွင် နတ်ဘုရားဘုရင်အဆင့်ဟူ၍ ရှိသေး၏။

ထိုအဆင့်သည် ပကတိ နတ်ဘုရားများကို ပုရွက်ဆိတ်များသဖွယ် သတ်ဖြတ်နိုင်ကြသည်။

[ပကတိနတ်ဘုရား.. ကောင်းကင်နတ်ဘုရား.. ကမ္ဘာ့နတ်ဘုရား.. နတ်ဘုရားဘုရင်]

လုကွမ်ယွီ၏ ရှင်းပြမှုကို ကြားပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေကို သွားချင်သော စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။

သူက ရွှေနဂါးမြို့တော်မှ မထွက်ခွာလာခင် ဖန်းချင်းယွမ်နှင့် သဘောတူညီမှု တစ်ခုကို ပြုလုပ်ခဲ့သည်။

ထိုသဘောတူညီမှုမှာ နတ်ဘုရားနယ်မြေသို့ သွားရောက်ရန်အတွက် ရွှေနဂါးမြို့တော်သို့ သုံးနှစ်အတွင်း ပြန်လာရမည်ဟူသော သဘောတူညီမှု ဖြစ်သည်။

သို့သော်လည်း ရှန်းဝူကုန်းမြေတိုက်ကို ပြန်ရောက်လာပြီးနောက်တွင် ကျန်းချန်သည် ရွှေနဂါးမြို့တော်မှ အချိန်နှင့် ရှန်းဝူကုန်းမြေတိုက်၏ အချိန်က လုံးဝကို ကွဲပြားခြားနားမှန်း သိလိုက်ရသည်။

သူက ဖန်းချင်းယွမ် ပြောသည့် သုံးနှစ်ကို ရွှေနဂါးမြို့တော်၏ သုံးနှစ်အဖြစ်သာ သတ်မှတ်ခဲ့သည်။

ထို့ကြောင့် အောက်နယ်မြေ၏ အချိန်အဖြစ် ရေတွက်မည်ဆိုလျှင် သုံးနှစ်မက ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ထိုကိစ္စကို ဆက်လက် မတွေးတောတော့ပေ။

လက်ရှိအချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် နဂါးစွမ်းအင် (၉၉)ခုကို စုစည်းကာ ရွှယ်လင်ကုန်းမြေတိုက်၏ လူသားဧကရာဇ် ဖြစ်လာပြီး သွေးဝိညာဥ် မျိုးနွယ်စုကို နှိမ်နင်းရန်သာ ဖြစ်သည်။

"ဒီကမိတ်ဆွေ မင်းသိချင်တာကို ငါအကုန်ပြောပြပြီးပြီ.. ငါ့ကို အခုလွှတ်ပေးလို့ရပြီလား"

ဤအချိန်တွင် လုကွမ်ယွီ၏ အားနည်းသော လေသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"မင်းကိုလွှတ်ပေးမယ်လို့ ငါဘယ်တုန်းကပြောခဲ့လို့လဲ.. ဒါပေမဲ့ စိတ်ချပါ မင်းကို ငါမသတ်ပါဘူး.."

ကျန်းချန်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

"မင်းထွက်သွားချင်ရင် ငါ့အတွက် အလုပ်လုပ်ပေးရမယ်.. ငါ့ရဲ့ရည်ရွယ်ချက် အောင်မြင်သရွေ့ မင်းထွက်သွားလို့ရတယ်"

"ငါက မင်းအတွက် ဘာလုပ်ပေးရမှာလဲ"

လုကွမ်ယွီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်၍ မေးလိုက်သည်။

ယခုအခါတွင် သူက ကျန်းချန်၏ ထိန်းချုပ်မှုအောက်ကို ကျရောက်နေသည် ဖြစ်ရာ ကျန်းချန်သည် အတွေးတစ်ချက်ဖြင့်ပင် သူ့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် အသက်ရှင်ချင်သည်ဆိုလျှင် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ အလျှော့ပေးရန်သာ ဖြစ်သည်။

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"ငါက အင်ပါယာအဆင့် စိတ်ဝိညာဥ် အမြုတေထဲမှာရှိတဲ့ နဂါးစွမ်းအင်တွေကို စုဆောင်းဖို့ လိုအပ်တယ်.. မင်းက ရွှယ်ယွိဂိုဏ်းရဲ့ တခြားတပည့်တွေကို ဆက်သွယ်ပြီး အင်ပါယာအဆင့် စိတ်ဝိညာဥ်အမြုတေ(၂၀)နဲ့ လာရွေးခိုင်းလိုက်.. ဒါဆိုရင် ငါမင်းကို လွှတ်ပေးလိုက်မယ် ဘယ်လိုသဘောရလဲ"

"မင်းက ငါ့ကို အရမ်းအထင်ကြီးလွန်းနေပြီ.. ငါနဲ့ တခြား အဓိကတပည့်နှစ်ယောက်က ပြိုင်ဆိုင်နေကြတာလေ သူတို့က ငါ့ရဲ့ သေရေးရှင်ရေးကို ဘယ်လိုလုပ်ပြီး အလေးအနက်ထားမှာလဲ"

လုကွမ်ယွီက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

သူတို့ ဤတစ်ခေါက် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာခြင်းသည် အကဲဖြတ်မှုတစ်ခု ဖြစ်သည်။

အထူးသဖြင့် အဓိကတပည့် သုံးဦးတွင် အင်ပါယာအဆင့် စိတ်ဝိညာဥ်အမြုတေ အများဆုံး ရရှိသူသည် ရွှယ်ယွိဂိုဏ်း၏ တပည့်ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။

ယင်းမှာ အနာဂတ်တွင် ရွှယ်ယွိဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ဆက်ခံနိုင်မည့် အဓိပ္ပါယ်လည်း ဖြစ်သည်။

သူတို့သုံးယောက်က ဤသားရဲဝိညာဥ်လျှို့ဝှက်နယ်မြေထဲတွင် အကြိတ်အနယ် ပြိုင်ဆိုင်နေကြသည် ဖြစ်ရာ အဓိကတပည့်နှစ်ဦးသည် သူ့ကို ကယ်တင်ရန်အတွက် စိတ်ဝိညာဥ် အမြုတေများကို မည်ကဲ့သို့ အသုံးပြုနိုင်ပါအံ့နည်း။

"ဒါဆိုရင် မင်းငါနဲ့ အရင်လိုက်လာခဲ့.. သင့်တော်တဲ့အချိန် ရောက်မှပဲ မင်းက သူတို့ကို ဆွဲဆောင်ဖို့ နည်းလမ်းတစ်ခုခု ရှာလိုက်.. ငါက သူတို့ကို လုယက်မယ်"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် ရိတ်သိမ်းရန် စတင်ခဲ့သည်။

မကြာခင်မှာပင် ကျန်းချန်သည် ပိန်ပါးပါးလူငယ်နှင့် လုကွမ်ယွီတို့၏ သိုလှောင်လက်စွပ်ကို တွေ့လိုက်ရသည်။

ပိန်ပါးပါးလူငယ်၏ သိုလှောင်လက်စွပ်ထဲတွင် အင်ပါယာအဆင့်စိတ်ဝိညာဥ်အမြုတေ စုစုပေါင်း(၅)ခု ရှိသည်။

ယခုလေးတင် ရရှိခဲ့သည့် အနက်ရောင် မိကျောင်းနှစ်ကောင်၏ စိတ်ဝိညာဥ်အမြုတေပါ ထပ်ပေါင်းလိုက်လျှင် စုစုပေါင်း(၇)ခု ဖြစ်သည်။

လုကွမ်ယွီ၏ သိုလှောင်လက်စွပ်ထဲတွင်မူ အင်ပါယာအဆင့်စိတ်ဝိညာဥ် အမြုတေ အရေအတွက်(၉)ခုရှိသည်။

ထို(၁၉)ထဲတွင်(၃)ခုသည် အင်ပါယာနယ်ပယ် အလယ်အလတ် အဆင့်ကို ရောက်ရှိနေခဲ့၏။

ဤစိတ်ဝိညာဥ်အမြုတေများအပြင် ကျန်းချန်သည် ပိန်ပါးပါးလူငယ်နှင့် လုကွမ်ယီတို့၏ သိုလှောင်လက်စွပ်ထဲကနေ နတ်ကျောက်စိမ်း ထောင်ပေါင်းများစွာ အပြင် အခြားသောအရင်းအမြစ်များကိုလည်း ရယူခဲ့သည်။

အရင်းအမြစ်များကို သိမ်းဆည်းပြီးနောက်တွင် ကျန်းချန်သည် အင်ပါယာအဆင့် စိတ်ဝိညာဥ်အမြုတေမှ နဂါးစွမ်းအင်ကို စုပ်ယူရန် အတွက် အတုအယောင် ဧကရာဇ် စည်းတံဆိပ်ကို စတင် အသုံးပြုခဲ့သည်။

ထိုနှစ်ယောက်ထံမှ ရရှိသော စိတ်ဝိညာဥ်အမြုတေ(၂၆)ခုတွင် (၂၃)ခုသည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိ၍ ကျန်းချန်၏ အတုအယောင် အင်ပါယာ စည်းတံဆိပ်ပေါ်မှ နဂါးပုံစံ ကောက်ကြောင်း(၂၃)ခုကို လင်းစေခဲ့သည်။

ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်အမြုတေ(၁)ခုသည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် စိတ်ဝိညာဥ်အမြုတေ(၃)ခုနှင့် တန်ဖိုး ညီမျှနေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်အမြုတေ သုံးခုသည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် စိတ်ဝိညာဥ်အမြုတေ (၉)ခုနှင့် ညီမျှနေခဲ့၏။

ထို့ကြောင့် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်အမြုတေ(၃)ခုသည် အတုအယောင် ဧကရာဇ် စည်းတံဆိပ်ပေါ်မှ နဂါးပုံစံကောက်ကြောင်း(၉)ခုကို တိုက်ရိုက်ပင် လင်းထိန်စေခဲ့သည်။

ကျန်းချန် ယခင်က လင်းစေခဲ့သည့် နဂါးပုံစံကောက်ကြောင်း (၇)ခုနှင့် ပေါင်းလိုက်လျှင် ကျန်းချန်၏ အတုအယောင် ဧကရာဇ် စည်းတံဆိပ်ပေါ်တွင် လင်းလက်နေသည့် နဂါးပုံစံကောက်ကြောင်း အရေအတွက်သည် (၃၉)ခုအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

အခန်း(၁၄၆၇)ပြီး၏။

All Chapters