← Chapters

အခန်း (၁၄၆၈-၁၄၇၀)

Vol. 98 Ch. 1468-1470

အခန်း (၁၄၆၈-၁၄၇၀)

Vol. 98 Ch. 1468-1470

အခန်း(၁၄၆၈)

"ဘယ်ဆိုးလို့လဲ.. နဂါးစွမ်းအင်(၃၉)ခုကိုတောင် ရသွားပြီ ဒီလုယက်တဲ့နည်းလမ်းက အတော်‌လေး ထိရောက်မှုရှိသားပဲ"

သူ၏ အတုအယောင် ဧကရာဇ် စည်းတံဆိပ်ပေါ်မှ နဂါးပုံစံ ကောက်ကြောင်း(၃၉)ခုကို မြင်လျှင် ကျန်းချန်၏ မျက်နှာအမူအရာထက်၌ ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လုကွမ်ယွီ၏ ပြောပြချက်အရ ရွှယ်ယွိဂိုဏ်းမှ အဓိကတပည့်သုံးဦးသည် အဖွဲ့သုံးဖွဲ့ခွဲကာ ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာခဲ့ကြသည်။

သူက လုကွမ်ယွီ၏ အဖွဲ့ကို လုယက်ပြီးနောက်တွင် အင်ပါယာအမြုတေ (၃၀)ကျော်ကို ရရှိခဲ့၏။

အကယ်၍ ကျန်ရှိသည့် အဖွဲ့နှစ်ဖွဲ့ကိုပါ လုယက်နိုင်ခဲ့လျှင် နဂါးစွမ်းအင် (၉၉)ခုကို အလွယ်တကူ စုဆောင်းနိုင်မည် မဟုတ်ပါလော။

ထိုသို့ တွေးနေစဥ်မှာပင် ကျန်းချန်၏ အတုအယောင် ဧကရာဇ် စည်းတံဆိပ်ထံတွင် စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မုန့်ချင်းရွှယ်ထံမှ သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။

"ကျန်းချန်.. အင်ပါယာအဆင့် သားရဲဝိညာဥ်တွေ စုဝေးနေတဲ့နေရာကို ကျွန်မ ရှာတွေ့ထားတယ်.. ကျန်းရီနဲ့ ကျန်းယန်တို့က အဲဒီနေရာမှာ ရှိနေတဲ့ အင်ပါယာအဆင့် သားရဲဝိညာဥ်တွေကို အမဲလိုက်ဖို့ ပူးပေါင်းထားကြတဲ့ပုံပဲ"

"အင်ပါယာအဆင့် သားရဲဝိညာဥ်တွေ စုစည်းနေတဲ့နေရာလား"

ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

တခြားကိုယ်စားလှယ်လောင်းသုံးဦးသည် ရွှယ်ယွိဂိုဏ်းမှ တပည့်များကို လုယက်သည်ထက် ပို၍ မြန်မြန်ဆန်ဆန် အင်ပါယာ အမြုတေများကို ရှာဖွေ တွေ့ရှိနိုင်မည်ဟု သူ မယုံကြည်သော်လည်း မတော်တဆ ဖြစ်ရပ်တစ်ခုခု ဖြစ်လာခဲ့လျှင် ဟူသည့် အခြေအနေမျိုးကို ထည့်သွင်းစဥ်းစားရမည် ဖြစ်သည်။

ထိုကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ လျှို့ဝှက်အစွမ်းအစဖြင့် အင်ပါယာအဆင့် သားရဲဝိညာဥ် အများအပြား စုဝေးနေသည့် နေရာတွင် သားရဲဝိညာဥ် တစ်အုပ်လုံးကို ရှင်းပစ်နိုင်သည့် အစွမ်းမျိုးရှိနေခဲ့လျှင် သူအမှန်တကယ် ရှုံးနိမ့်သွားနိုင်သည် မဟုတ်ပါလော။

မုန့်ချင်းရွှယ်ထံမှ သတင်းကို ရရှိပြီးနောက်တွင် ကျန်းချန်သည် မုန့်ချင်းရွှယ် ရှိသောနေရာ ဆီသို့ ချက်ချင်းပင် သွားရောက်ခဲ့သည်။

ထိုသို့သွားရင်း ကျန်းချန်သည် ယဲ့ဝူကျီကိုပါ တစ်ခါတည်း သတင်းပို့ခဲ့၏။

ဤအချိန်တွင် ကျန်းချန်သည် ယဲ့ဝူကျီနှင့် မုန့်ချင်းရွှယ် တို့ကို သားရဲဝိညာဥ်အမြုတေများအား သီးခြားစီ လိုက်လံရှာဖွေခိုင်းတော့မည် မဟုတ်ပေ။

မုန့်ချင်းရွှယ် ပြောသည့်အတိုင်းသာ သားရဲဝိညာဥ်များ စုဝေးနေသည့် နေရာတွင် အင်ပါယာအဆင့် သားရဲဝိညာဥ် အလုံအလောက် ရှိနေခဲ့လျှင် နဂါးစွမ်းအင် (၉၉)ခုကို တစ်ခါတည်း စုဆောင်းနိုင်မည် မဟုတ်ပါလား။

အကယ်၍ သူ၏ ရည်ရွယ်ချက် မအောင်မြင်ခဲ့လျှင် လုကွမ်ယွီကို အသုံးပြုကာ ရွှယ်ယွိဂိုဏ်းမှ ကျန်ရှိသည့် အဖွဲ့နှစ်ဖွဲ့ကို ဆွဲဆောင်၍ အင်ပါယာ အမြုတေများကို လုယက်ရန် ကျန်းချန်က ဆုံးဖြတ်ထားခဲ့သည်။

ကျန်းချန်က မုန့်ချင်းရွှယ် ရှိနေသည့်နေရာသို့ သွားနေရင်း နေ့ဝက်ခန့် အကြာတွင် သူ၏ အတုအယောင်​ ဧကရာဇ် စည်းတံဆိပ်ကနေ မိုင်ထောင်ချီဝေးသော နေရာတစ်ခုမှ နဂါးစွမ်းအင် အရှိန်အဝါကို ခံစားလိုက်ရသည်။

"နောက်ဆုံးတော့ လုယက်ဖို့ ပစ်မှတ်တစ်ခုကို ရှာတွေ့ပြီ"

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး နဂါးစွမ်းအင် ရှိသည့် နေရာသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

ခဏအကြာတွင် မိုင် ၈၀၀ အကွာ၌ ရွှယ်လင်ကုန်းမြေတိုက်မှ လူငယ်နှစ်ဦးကို သူတွေ့ခဲ့ရသည်။

ထိုနှစ်ဦး၏ ဦးတည်ချက်သည် ကျန်းချန်သွားမည့် လမ်းနှင့်အတူတူနီးပါး ဖြစ်သောကြောင့် မုန့်ချင်းရွှယ် ပြောသည့် သားရဲဝိညာဥ်များ စုဝေးသည့် နေရာကို သွားနေကြခြင်း ဖြစ်နိုင်၏။

ကျန်းချန်၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် လူငယ်နှစ်ဦး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

သူတို့နှစ်ယောက်က သူတို့ဆီသို့ အလျင်အမြန် ပျံသန်းလာသော ကျန်းချန်ကို မြင်လျှင် မျက်နှာအမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

"ကျန်း.. ကျန်းချန် မင်းငါတို့ကို ဘာလုပ်မလို့လဲ"

လူငယ်တစ်ယောက်က ကျန်းချန်ကို သတိကြီးစွာ ထား၍ မေးခွန်းထုတ်လိုက်သည်။

လွန်ခဲ့သော လဝက်ခန့်က အကဲဖြတ်ပွဲတွင် ကျန်းချန်သည် ကျန်းကျန့်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သောကြောင့် လူသားမျိုးနွယ်စု ကြားတွင် အတော်လေး ကျော်ကြားသွားခဲ့သည်။

ထို့ကြောင့် ကျန်းချန်နှင့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် ထိပ်တိုက် ဆုံတွေ့သောအခါ သူတို့သည် လုံးဝ မပေ့ါဆရဲပေ။

"ဘာမှမလုပ်ပါဘူး.. လုယက်မှုလေးပဲ လုပ်ချင်တာပါ"

ကျန်းချန်က ထိုနှစ်ယောက်ကို ပြုံးပြလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။

"မင်းတို့ ကျောက်စိမ်းတံဆိပ်ပြားထဲမှာ ရှိတဲ့ နဂါးစွမ်းအင်တွေအားလုံးကို ငါ့ဆီ လွှဲပေးရမယ်"

"မင်းက ငါတို့ ကျောက်စိမ်းတံဆိပ်ပြားထဲက နဂါးစွမ်းအင်တွေကို လုယက်ချင်တာလား"

ကျန်းချန်၏ စကားကို ကြားလျှင် လူငယ်နှစ်ဦးသည် မျက်စိမျက်နှာပျက်သွားခဲ့သည်။

"ကျန်းချန်.. ရာဇပလ္လင်အတွက် တိုက်ပွဲမှာ လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ နဂါးစွမ်းအင်ကို ရှာဖွေနေကြတယ်.. မင်းက လူသားဧကရာဇ်ရဲ့ သားတော် ဖြစ်ပြီး ဒီလိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းနဲ့ နဂါးစွမ်းအင်ကို ရယူဖို့ကြိုးစားတာက တကယ်ကို ရွံစရာပဲ"

"ရာဇပလ္လင်အတွက် တိုက်ပွဲမှာ တခြားသူတွေရဲ့ နဂါးစွမ်းအင်ကို မလုယူရဘူးလို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်ရှိလို့လား.. အပိုစကားတွေမပြောနဲ့.. မင်းတို့ ပေးမှာလား မပေးဘူးလား"

ကျန်းချန်က ထိုနှစ်ယောက်ကို စိတ်မရှည်စွာကြည့်၍ ပြောလိုက်သည်။

"ဟမ့် ငါတို့မပေးတော့ရော မင်းဘာလုပ်နိုင်မှာမို့လဲ.. မင်းငါတို့ကို သတ်ရဲလို့လား"

ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ထီမထင်သော အမူအရာဖြင့် ပြောလိုက်သည်။

"ငါတို့ကို သတ်ဖြတ်တဲ့သတင်း ပြန့်သွားတာနဲ့ မင်းက နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းနိုင်ခဲ့ရင်တောင် အရိုက်အရာကို ဆက်ခံနိုင်တော့မှာ မဟုတ်ဘူး"

"မစိုးရိမ်ပါနဲ့ မင်းတို့ နှစ်ယောက်လုံးက ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုရဲ့ပါရမီရှင်တွေ ဖြစ်တဲ့အပြင် လူသားမျိုးနွယ်စုရဲ့အနာဂတ်ပဲ.. ငါက ဘယ်လိုလုပ်ပြီး မင်းတို့ကို သတ်နိုင်မှာလဲ.. ငါခုနကလေးတင် ပြောပြီးပြီ.. ဒီနေ့ ငါမင်းနှစ်ယောက်ကို လုယက်မှုပဲ လုပ်ချင်တယ်"

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏လက်ကို ဆန့်ထုတ်ကာ ထိုလူငယ်နှစ်ယောက်ကို ချက်ချင်းပင် ချုပ်နှောင်လိုက်သည်။

တစ်ကွက်တည်းဖြင့် ထိုနှစ်ယောက်ကို ချုပ်နှောင်ပြီးနောက်တွင် ကျန်းချန်သည် ၎င်းတို့၏ ကျောက်စိမ်းတံဆိပ်ပြားထဲမှ နဂါးစွမ်းအင်များကို ယူလိုက်သည်။

ကျောက်စိမ်းတံဆိပ်ပြား နှစ်ခုတွင် တစ်ခုမှာ နဂါးစွမ်းအင် (၃)ခုရှိပြီး နောက်တစ်ခုတွင်မူ (၄)ခု ရှိသည်။

ဤသို့ဖြင့် ကျန်းချန်သည် နဂါးစွမ်းအင်(၇)ခုကို သူ၏ အတုအယောင်ဧကရာဇ် စည်းတံဆိပ်ထဲသို့ လွှဲပြောင်းလိုက်သည်။

နဂါးစွမ်းအင်ကို လွှဲပြောင်းပြီးသည့်နောက်တွင် ကျန်းချန်သည် ကျောက်စိမ်းတံဆိပ်ပြား နှစ်ခုကို ထိုနှစ်ယောက်ဆီ ပြန်ပစ်ပေးလိုက်သည်။

ထို့နောက် ဒေါသထွက်နေသော နှစ်ယောက်ကို လျစ်လျူရှုကာ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။

သူက လူငယ်နှစ်ယောက်ကို လုယက်ပြီးနောက်တွင် မုန့်ချင်းရွှယ်ဆီသို့ ခရီးဆက်ခဲ့သည်။

မကြာခင်မှာပင် ကျန်းချန်သည် နဂါးစွမ်းအင် အရှိန်အဝါကို ထပ်မံ ရရှိခဲ့သည်။

သူက ထိုနေရာသို့ အပြေးအလွှား သွားရောက်လိုက်ရာ ရွှယ်လင်ကုန်းမြေတိုက်မှ လူငယ်များနှင့် တွေ့ဆုံခဲ့သည်။

ထိုလူငယ်များက မည်သည့် ကိုယ်စားလှယ်လောင်း၏ လူများဖြစ်သည်ကို သူက ဂရုမစိုက်ဘဲ ယခင်နည်းလမ်း အတိုင်းပင် လုယက်ခဲ့သည်။

ယင်းနောက်တွင် သူ၏ အတုအယောင် ဧကရာဇ် စည်းတံဆိပ်ထဲကို နဂါးစွမ်းအင်(၈)ခု ထပ်မံ ပေါင်းထည့်နိုင်ခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်၏ စုစုပေါင်း နဂါးစွမ်းအင် အရေအတွက်သည် (၅၄)ခုအထိ ရောက်ရှိသွားခဲ့၏။

"တစ်ဝက်တောင် ကျော်သွားခဲ့ပြီ.. နောက်ထပ်အဖွဲ့ အနည်းငယ်ကို လုယက်နိုင်ရင် နဂါးစွမ်းအင်(၉၉)ခု ပြည့်သွားလောက်တယ်"

ကျန်းချန်က အလွန်တရာပင် စိတ်ဓာတ် တက်ကြွနေခဲ့သည်။

သူက လုယက်ရန် ပစ်မှတ်ကို ရှာဖွေရင်း မုန့်ချင်းရွှယ်ဆီသို့ ခရီးဆက်ခဲ့၏။

ကျန်းချန်က လုယက်ကာ ခရီးဆက်နေသော အချိန်မှာပင် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေထဲရှိ တောင်ကြားတစ်ခု‌ရှေ့တွင် ကိုယ်စားလှယ်လောင်းနှစ်ဦး ဖြစ်သည့် ကျန်းရီနှင့် ကျန်းယန် တို့အပြင် ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စုမှ ပါရမီရှင် ငါးယောက်၊ ခြောက်ယောက်ခန့် စုဝေးနေခဲ့ကြသည်။

"ကျန်းရီ အချိန်မဖြုန်းနဲ့တော့.. ငါတို့ တောင်ကြားထဲကို ဝင်ကြစို့"

ပါရမီရှင် လူငယ်လေးယောက်ကို ဦးဆောင်လာသော ကျန်းယန်သည် ကျန်းရီကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

သူ့တွင် ကျန်းရီထက် အားသာချက်အဖြစ် ကူညီပေးသူ လေးယောက် ရှိနေသောကြောင့် ဤနေရာတွင် ဆက်လက်စောင့်ဆိုင်းနေချင်စိတ် မရှိတော့ပေ။

"ကျန်းယန် မင်းဘာလို့ ဒီလောက်‌တောင် လောနေရတာလဲ ဒီမှာ အင်ပါယာအဆင့် သားရဲဝိညာဥ်တွေ အများကြီး ရှိနေတာပဲ.. အားလုံးရောက်လာတော့မှ ဝင်ကြတာပေါ့.. မင်းအရင်ဝင်ချင်ရင်လည်း ငါမတားပါဘူး.. ဒါက မင်းရဲ့ကိုယ်ပိုင်ဆန္ဒပဲလေ"

ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းရီသည် ကျန်းယန် မည်ကဲ့သို့ တွေးနေသည်ကို ကောင်းစွာသိနေခဲ့၍ ကျန်းယန်၏ သဘောဆန္ဒအတိုင်း လိုက်မလုပ်ခဲ့ပေ။

ထို့ပြင် ‌‌တောင်ကြားထဲရှိ အန္တရာယ်ကို သူက တခြားသူများထက် ကောင်းစွာသိသည်။

သူ၏ လူအားလုံး မရောက်ရှိသေးခင် သူ့အနေဖြင့် အလွယ်တကူ ဝင်ရောက်မည် မဟုတ်ပေ။

ကျန်းရီ၏ စကားကိုကြားလျှင် ကျန်းယန်သည် မျက်မှောင်ကြုတ်လိုက်သည်။

သူစကားပြောတော့မည့် အချိန်မှာပင် ကျန်းယန်သည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် အေးစက်စက် လူသတ်ငွေ့သည် ကျန်းယန်ထံကနေ ထွက်ပေါ်လာခဲ့သည်။

အခန်း(၁၄၆၈)ပြီး၏။

အခန်း(၁၄၆၉)

ကျန်းယန်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့ရာ ကျန်းရီအပါအဝင် သူ၏ လူသုံးယောက်သည် နောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်ကြသည်။

"ကျန်းယန် မင်းဘာဖြစ်နေတာလဲ"

ကျန်းရီက ကျန်းယန်ကို ဒေါသတကြီးဖြင့်ကြည့်ကာ မေးလိုက်သည်။

"ကျန်းချန်ဆိုတဲ့ ခွေးကောင်က ငါ့ရဲ့လူတွေကို လုယက်ပြီး နဂါးစွမ်းအင် (၇)ခုကို လုယူသွားတယ်"

ကျန်းယန်က မကျေမနပ် အော်ဟစ်လိုက်သည်။

ကိုယ်စားလှယ်လောင်း လေးဦးတွင် ကျန်းချန်သည် သိပ်မကြာခင်ကမှ ကျန်းမျိုးနွယ်စုသို့ ပြန်လည် ရောက်ရှိလာသူဖြစ်သည်။

သူတို့ သုံးယောက်ထဲတွင်မူ ကျန်းကျွင်းသည် အစွမ်းအထက်ဆုံးဖြစ်ပြီး ကျန်းရီ အစွမ်းသည် ကျန်းကျွင်းနှင့် အတူတူနီးပါးပင် ဖြစ်၏။

ထို့ကြောင့် ကျန်းယန်သည် ကျန်းကျွင်းနှင့် ယှဥ်ပြိုင်နိုင်ရန်အတွက် ကျန်းရီနှင့် ယာယီပူးပေါင်းကာ သားရဲဝိညာဥ်များ စုဝေးနေသည့် တောင်ကြားထဲကို ဝင်ရောက် အမဲလိုက်ရန်ဆုံးဖြတ်ခဲ့ခြင်းပင်။

ကျန်းယန်သည် သူ့အဖွဲ့ထဲမှ လူငယ်လေးယောက်ဆီကနေ နဂါးစွမ်းအင်ကို လွှဲပြောင်းရယူပြီးသည့်နောက်တွင် သူရရှိထားသော နဂါးစွမ်းအင်သည်(၂၀)ကျော်ပင် ရှိလာခဲ့သည်။

ဤနှုန်းဖြင့်သာဆိုလျှင် ဧကရာဇ်စစ်ဆေးပွဲအတွက် လိုအပ်သည့် နဂါးစွမ်းအင် (၉၉)ခုကို သူအရင်ဆုံး စုဆောင်းနိုင်မည်ဟု ခံစားခဲ့ရသည်။

သို့သော် ယခုလေးတင် ကျန်းယန်၏ အခြား အကူအညီပေးသူ နှစ်ယောက်သည် ကျန်းချန်၏ လက်ချက်ဖြင့် လုယက်ခံလိုက်ရသည့် သတင်းကို ရရှိလိုက်သည်။

သူပိုင်ဆိုင်သည့် နဂါးစွမ်းအင်(၇)ခုကို ကျန်းချန်က ရယူသွားခဲ့ရာ ကျန်းယန်သည် အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

"ဘာ.. ကျန်းချန်က မင်းရဲ့လူကို လုယက်ပြီး နဂါးစွမ်းအင်တွေကို လုယက်သွားတယ် ဟုတ်လား"

ကျန်းရီက တအံ့တသြ ရေရွတ်လိုက်သော်လည်း မျက်ဝန်းထဲတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူက ဤတောင်ကြားတွင် အမဲလိုက်ရန်အတွက် ကျန်းယန်နှင့်ယာယီ ပူးပေါင်းခဲ့သော်လည်း သူတို့ တစ်ယောက်ချင်းစီတွင် ရာဇပလ္လင် အတွက် တိုက်ခိုက်ရန် ဟူသည့် ရည်ရွယ်ချက် ကိုယ်စီ ရှိကြ၏။

ယခုအခါ ကျန်းယန်၏ နဂါးစွမ်းအင်များကို ကျန်းချန်က လုယက်သွားခဲ့ပြီဖြစ်ရာ ကျန်းရီ၏ ဆန္ဒနှင့် ထပ်တူညီသွားခဲ့သည်။

သို့သော် ကျန်းရီ၏ ဝမ်းသာမှုသည် သိပ်မကြာလိုက်ပေ။

သူသည်လည်း ကျန်းယန်ကဲ့သို့ပင် စည်းတံဆိပ်ထံကနေ သတင်းတစ်ခုကို ရရှိလိုက်သည်။

ချက်ချင်းပင် ကျန်းရီ၏ မျက်နှာက တင်းမာသွားခဲ့ပြီး ဒေါသတကြီး ကြုံးဝါးလိုက်သည်။

"ကျန်းချန် ဆိုတဲ့ သောက်ရူးကောင်က တကယ်ကို အရှက်မရှိတာပဲ.. ငါ့ရဲ့လူတွေကိုပါ လုယက်သွားတယ်"

"ဒီကောင့်ကိုလည်း ကျန်းချန်က လုယက်သွားတယ်လား"

ကျန်းရီ၏ စိတ်ပျက်လက်ပျက် ဖြစ်နေပုံကို ကြည့်ပြီး ကျန်းယန်သည် ချက်ချင်းဆိုသလို စိတ်သက်သာရာ ရသွားခဲ့သည်။

ခဏအကြာတွင် ကျန်းရီ၏ အတုအယောင် ဧကရာဇ် စည်းတံဆိပ်ကနေ နောက်ထပ် သတင်းတစ်ခု ရောက်ရှိလာပြန်သည်။

ယင်းမှာ သူ့ကို ကူညီပေးနေသည့် လူနှစ်ယောက်အဖွဲ့ကိုလည်း ကျန်းချန်က လုယက်သွားပြန်သည့်သတင်း ဖြစ်သည်။

ကျန်းရီက ‌ဒေါသထွက်ပြီး ရူးသွပ်မတတ်ပင် ဖြစ်နေခဲ့၏။

သူ၏အဖွဲ့ နှစ်ဖွဲ့ဆီကနေ နဂါးစွမ်းအင်(၁၅)ခုကို ကျန်းချန် တစ်ယောက်တည်းက လုယူသွားခဲ့ခြင်း ဖြစ်သည်။

ဤအချိန်တွင် ကျန်းချန် ရှိနေသည့် နေရာကို သိလျှင် ကျန်းရီသည် အပြေးအလွှား သွားရောက်၍ တိုက်ခိုက်တော့မည်ဖြစ်သည်။

"အခု မင်းဒေါသထွက်နေလည်း ဘာမှအသုံးမဝင်ဘူး.. နဂါးစွမ်းအင်တွေကို ဘယ်လိုအမြန်ဆုံး ရှာဖွေမလဲ ဆိုတာပဲ တွေးကြစို့"

ကျန်းယန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်သည်။

ကျောက်စိမ်းတံဆိပ်ပြားထဲမှ နဂါးစွမ်းအင်များကို အတုအယောင် ဧကရာဇ်စည်းတံဆိပ်ထဲသို့ လွှဲပြောင်း၍ ရသော်လည်း အတုအယောင် ဧကရာဇ်စည်းတံဆိပ် ထဲသို့ လွှဲပြောင်းပြီးသွားလျှင် ပြန်လည် လွှဲပြောင်း၍ မရတော့ပေ။

ထို့ကြောင့် ယခုအခါတွင် ကျန်းချန်ကို ရှာတွေ့လျှင်ပင် ဘာမှအသုံးဝင်မည် မဟုတ်ချေ။

ဧကရာဇ်စစ်ဆေးပွဲတွင် အနိုင်ရရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ နဂါးစွမ်းအင်များကို အမြန်ဆုံး လိုက်လံရှာဖွေဖို့သာ ဖြစ်၏။

"မင်း ပြဿနာတစ်ခုကို တွေးမိလား.. ကျန်းချန်က မင်းဆီကနေ နဂါးစွမ်းအင်(၇)ခုကို လုယူသွားပြီး ငါ့ဆီကနေ (၁၅)ခုကို လုယူသွားခဲ့တယ်.. ဒါ့အပြင် ကျန်းကျွင်းရဲ့ လူတွေကိုပါလုယက်ပြီး သူ့မှာရှိတဲ့ နဂါးစွမ်းအင်နဲ့ ယဲ့ဝူကျီတို့ ရှာဖွေပေးထားတဲ့ နဂါးစွမ်းအင်နဲ့သာဆိုရင် သူပိုင်ဆိုင်ထားတဲ့ နဂါးစွမ်းအင်က အရေအတွက် ဘယ်လောက်ထိတောင် ရောက်သွားပြီလဲ မသိဘူး"

ကျန်းရီက သူတွေးမိသော အတွေးကို ကျန်းယန်အား ပြောပြလိုက်သည်။

ထိုစကားကို ကြားလျှင် ကျန်းယန်သည်လည်း အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်သည် သူတို့ဆီကနေ နဂါးစွမ်းအင် (၂၂)ခုကို လုယူသွားခဲ့သည်။

ကျန်းကျွင်း၏ လူတွေဆီကနေ (၁၀)ခုကျော် လုယက်ခဲ့မည်ဆိုလျှင်ပင် ကျန်းချန်ထံတွင် နဂါးစွမ်းအင် (၃၀) သို့မဟုတ် (၄၀)ခန့် ရှိသွားလိမ့်မည် မဟုတ်ပါလော။

ထို့အပြင် သန်မာသော ကျန်းချန်နှင့် ယဲ့ဝူကျီတို့၏ စွမ်းရည် ဖြင့်ဆိုလျှင် နဂါးစွမ်းအင် ဒါဇင်ချီကို လိုက်လံ ရှာဖွေနိုင်မည် ဖြစ်သည်။

ဤအတိုင်းသာဆိုလျှင် ကျန်းချန်၏ လက်ထဲတွင်ရှိနေသော နဂါးစွမ်းအင် အရေအတွက်သည် (၅၀)သို့မဟုတ် (၆၀) အရေအတွက်သို့ပင် ရောက်ရှိသွားလိမ့်မည် ဖြစ်၏။

ထိုအကြောင်းကို တွေးမိသည်နှင့် ကျန်းယန်၏ မျက်နှာသည် အလွန်ပင် သုန်မှုန်သွားခဲ့သည်။

ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ကျန်းချန်သည် နဂါးစွမ်းအင်(၉၉)ခုအား ပထမဆုံး စုဆောင်းနိုင်သူ ဖြစ်လာမည်ကို သူစိုးရိမ်နေမိ၏။

ထို့နောက် ကျန်းယန်၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး ကျန်းရီကို တစ်ချက် လှမ်းကြည့်ကာ မေးလိုက်သည်။

"ကျန်းရီ မင်းရဲ့လျှို့ဝှက်နည်းစနစ်နဲ့ ကျန်းကျွင်းကို ဆက်သွယ်လို့ရလား"

"မင်းဘာလုပ်မလို့လဲ"

ကျန်းရီက ကျန်းယန်ကို မေးခွန်းထုတ်လိုက်သည်။

"ဒီကိစ္စကို ကျန်းကျွင်းဆီ ပြောပြလိုက်.. ကျန်းကျွင်းက ဧကရာဇ်ရူး ရူးနေတဲ့ကောင် ဆိုတော့ နဂါးစွမ်းအင်(၉၉)ခုကို ကျန်းချန် အရင်ဦးဆုံးစုဆောင်းသွားမှာကို ဘယ်လိုမှ စိတ်အေးလက်အေး ထိုင်ကြည့်နိုင်မှာ မဟုတ်ဘူး.. ကျန်းကျွင်းကို ကျန်းချန်နဲ့ တိုက်ခိုက်ခိုင်းပြီး ငါတို့က ကြားထဲကနေ အကျိုးအမြတ်ကို ရယူကြမယ်"

"ဒါက အရမ်းကောင်းတဲ့အကြံပဲ.. ငါအခုပဲ ကျန်းကျွင်းကို ဆက်သွယ်လိုက်မယ်"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းရီသည် လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ရာ လက်ဖဝါး အရွယ်အစားရှိ ငှက်တစ်ကောင်သည် လေထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံဆီသို့ ပျံသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲရှိ ဆန်းကြယ်သော ရေတံခွန်တစ်ခု၏ ရှေ့တွင် ကျင့်ကြံသူ ရှစ်ယောက်နှင့် အတူ ကျန်းကျွင်းသည် မြွေခေါင်းနှင့် လိပ်ခန္ဓာကိုယ် ရှိသည့် အင်ပါယာအဆင့် သားရဲဝိညာဥ် နှစ်ကောင်ကို ဝိုင်းရံ တိုက်ခိုက်နေခဲ့သည်။

သူတို့ကိုးယောက်၏ တိုက်ခိုက်မှုအောက်တွင် အင်ပါယာအဆင့် သားရဲဝိညာဥ်နှစ်ကောင်သည် ခံနိုင်ရည်မရှိခဲ့ပေ။

တစ်ခဏအတွင်းမှာပင် သားရဲဝိညာဥ် နှစ်ကောင်သည် ကိုးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ကျဆုံးသွားခဲ့သည်။

ကျန်းကျွင်းက အတုအယောင် ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ယူလိုက်ပြီး သားရဲဝိညာဥ် အမြုတေနှစ်ခုထဲမှ နဂါးစွမ်းအင်ကို စည်းတံဆိပ် ထဲသို့ ထည့်သွင်းလိုက်သည်။

"သခင်လေးကျွင်း.. နဂါးစွမ်းအင်နှစ်ခု ထပ်မံ ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်"

ထိုမြင်ကွင်းကို မြင်လျှင် လူငယ် တစ်ယောက်က ကျန်းကျွင်းကို ဂုဏ်ပြုစကား ပြောလိုက်သည်။

"လက်ရှိအချိန်မှာ ငါက နဂါးစွမ်းအင် (၄၀)ကို စုဆောင်းပြီးသွားပြီ.. ရာဇပလ္လင်ကို ရဖို့အတွက် ငါ့ကို ကူညီပေးကြတဲ့ မင်းတို့ကို ကျေးဇူးတင်ပါတယ်"

ထိုစကားကို ပြောနေသည့် ကျန်းကျွင်း၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

"စိတ်မပူပါနဲ့ သခင်လေးကျွင်း.. သခင်လေးကျွင်း ရာဇပလ္လင်ကို ရရှိဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန် ကူညီပေးပါ့မယ်"

လူငယ်လေးများက ကျန်းကျွင်းကို ကတိများ ပေးလိုက်ကြသည်။

ဤဧကရာဇ်စစ်ဆေးပွဲနှင့် ပတ်သက်၍ ကျန်းကျွင်းသည် လျှို့ဝှက်နည်းစနစ် တစ်ခုကို ရရှိရန်အတွက် ပိုက်ဆံများစွာ အသုံးပြုခဲ့သည်။

ထိုလျှို့ဝှက်နည်းစနစ်ကနေ တစ်ဆင့် သူသည် မိုင်တစ်ထောင်အတွင်းတွင် ရှိသည့် အင်ပါယာအဆင့် သားရဲဝိညာဥ်များကို အလွယ်တကူ ရှာဖွေနိုင်စွမ်း ရှိခဲ့သည်။

ထိုလျှို့ဝှက်နည်းစနစ်ကြောင့်ပင် သူက သူ၏ အဖွဲ့ကို မခွဲဘဲ တစ်စုတစ်စည်းတည်းပင် အင်ပါယာအဆင့် သားရဲဝိညာဥ်များကို အမဲလိုက်ခဲ့သည်။

လူကိုးယောက် ပူးပေါင်းပြီး လှုပ်ရှားသောအခါတွင် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် သားရဲဝိညာဥ်များသည် တစ်ချက်တည်းဖြင့် ရှင်းပစ်ခံခဲ့ရသည်။

ထို့ကြောင့်လည်း ကျန်းကျွင်း ယခု ရရှိထားသော နဂါးစွမ်းအင်အရေအတွက်သည် အချိန်အနည်းငယ် အတွင်း အရေအတွက်(၄၀)အထိကို ရောက်ရှိသွားခဲ့၏။

ဤနှုန်းဖြင့်သာဆိုလျှင် ကျန်ရှိသည့် ကိုယ်စားလှယ်လောင်း သုံးဦးကို ကျော်လွန်နိုင်မည်ဟု ကျန်းကျွင်းက အဆုံးမဲ့ယုံကြည်ခဲ့သည်။

"ငါတို့ နောက်ထပ် တစ်နေရာကို ဆက်သွားကြစို့"

ကျန်းကျွင်းက ပြုံးရွှင်စွာ ပြောလိုက်ပြီး လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ပတ်ဝန်းကျင်မှ အင်ပါယာအဆင့် သားရဲများကို ထောက်လှမ်းတော့မည့် အချိန်မှာပင် ကောင်းကင်ယံကနေ ငှက်တစ်ကောင်သည် ရုတ်တရက် သူ့ဆီသို့ ပျံသန်းလာခဲ့သည်။

ကျန်းကျွင်းက အံ့အားသင့်သွားခဲ့ပြီး သူ၏လက်ကို ဆန့်ထုတ်ကာ ထိုငှက်ကို ဖမ်းယူလိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ထိုငှက်သည် သတင်းတစ်ခုအဖြစ် သူ၏ စိတ်ထဲကို တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။

ချက်ချင်း ဆိုသလိုပင် ကျန်းကျွင်း၏ မျက်နှာအမူအရာသည် သိပ်မကောင်းတော့ပေ။

လူငယ်တစ်ယောက်က ကျန်းကျွင်း၏ အပြုအမူကို သတိပြုမိလိုက်ပြီး အလျင်အမြန်ပင် မေးခွန်းထုတ်လိုက်သည်။

"သခင်လေးကျွင်း.. ဘာဖြစ်လို့လဲ"

"ကျန်းချန် ဆိုတဲ့ကောင်က ကျန်းရီနဲ့ ကျန်းယန်တို့ရဲ့ လူတွေကို လုယက်သွားပြီး နဂါးစွမ်းအင် စုစုပေါင်း(၂၂)ခုကို ရသွားခဲ့တယ်"

ဤအချိန်တွင် ကျန်းကျွင်း၏ မျက်လုံးများသည် လုံးဝကို သုန်မှုန်နေခဲ့သည်။

"ဒီအတိုင်းဆိုရင် ဒီကောင် ရရှိထားတဲ့ နဂါးစွမ်းအင်က ငါ့ထက် မနည်းလောက်ဘူး"

အခန်း(၁၄၆၉)ပြီး၏။

အခန်း(၁၄၇၀)

"နဂါးစွမ်းအင်ကို လုယက်လို့ရတယ်လား"

လူငယ်ပါရမီရှင်များက ထိုစကားကိုကြားလျှင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာကြသည်။

ကျန်းကျွင်းက သုန်မှုန်သောမျက်နှာအမူအရာဖြင့် ရှင်းပြလိုက်သည်။

"ဧကရာဇ်စစ်ဆေးပွဲမှာ တခြားသူတွေရဲ့နဂါးစွမ်းအင်ကို လုယက်ခွင့်မရှိဘူးလို့ စည်းမျဥ်း မသတ်မှတ်ထားဘူး.. ကျန်းချန်ရဲ့ လုပ်ရပ်က ရှက်စရာကောင်းပေမဲ့လည်း စည်းမျဥ်းဘောင်ထဲမှာပဲ ရှိနေတယ်"

ပြိုင်ဘက်တစ်ဦးအနေဖြင့် ကျန်းကျွင်းသည် ကျန်းချန်ကိုချီးကျူးမိခဲ့သည်။

သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဧကရာဇ်စစ်ဆေးပွဲတွင် နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းကာ ရွှယ်လင်ကုန်းမြေတိုက်၏ လူသားဧကရာဇ် ဖြစ်လာရန်ဖြစ်သည်။

ထို့ကြောင့် စည်းမျဥ်းဘောင်ထဲတွင် ရှိနေသရွေ့ မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည်သာ ဖြစ်သည်။

ကျန်းချန်က စွမ်းရည် မဆိုးလှသော်လည်း အကူအညီပေးမည့် လူအရေအတွက်တွင် သူတို့ထက် များစွာ လျော့နည်းနေခဲ့သည်။

သာမန်နည်းလမ်းဖြင့်သာ သားရဲဝိညာဥ်များကို လိုက်လံရှာဖွေမည်ဆိုလျှင် ကျန်းချန် အနိုင်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော် ယခုအခါ ကျန်းချန်သည် ကျန်းရီနှင့် ကျန်းယန်တို့ထံမှ နဂါးစွမ်းအင်များကို လုယက်သွားခဲ့သည် ဖြစ်ရာ ထိုနှစ်ယောက်၏ နဂါးစွမ်းအင် ရရှိမှုနှုန်းကို နှေးကွေးသွားစေရုံသာမက ကိုယ်တိုင်လည်း နဂါးစွမ်းအင် (၂၀)ကျော်ကိုပါ ရရှိခဲ့သောကြောင့် အကျိုးအမြတ် နှစ်ခုကို တစ်ပြိုင်နက် ရရှိခဲ့သည်။

ထို့အပြင် ကျန်းချန်နှင့် ယဲ့ဝူကျီတို့၏ စွမ်းအင်ဖြင့်ဆိုလျှင် သားရဲဝိညာဥ်(၁၀)ကောင် သို့မဟုတ် အကောင်(၂၀)ခန့် ကောင်းစွာ ရှာဖွေနိုင်ဦးမည် ဖြစ်၏။

ဤအတိုင်းဆိုလျှင် ကျန်းချန် ပိုင်ဆိုင်ထားသည့် နဂါးစွမ်းအင်သည် သူ့ထက်ပင် ပို၍ များနိုင်ဖွယ် ရှိသည်။

ကံကောင်းစွာဖြင့် သူသည် လျှို့ဝှက်နည်းစနစ် တစ်ခုကို ကျွမ်းကျင်ထားသောကြောင့် သူ၏လူများကို သူ၏ အနီးတွင်သာ စုစည်းထားနိုင်ခဲ့သည်။

သို့မဟုတ်လျှင် သူ၏ လူများသည်လည်း ကျန်းချန်၏ လုယက်ခြင်းကို ခံရမည်ဖြစ်ကာ အခြေအနေ ပိုမို ဆိုးရွားသွားနိုင်သည် မဟုတ်ပါလား။

"သခင်လေးကျွင်း.. ကျန်းချန်က နဂါးစွမ်းအင်ကို နေရာတိုင်းမှာ လုယက်နေတယ်.. သူ့ကို ကျွန်တော်တို့ တစ်ခုခုလုပ်ရမယ်ထင်တယ်.. မဟုတ်ရင် သူက နဂါးစွမ်းအင်(၉၉)ခုကို အရင်ဦးဆုံး စုဆောင်းသွားနိုင်တယ်"

လူငယ်တစ်ယောက်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ကျန်းရီနှင့် ကျန်းယန်တို့က တကယ့်စိတ်ရင်းနဲ့ ဒီသတင်းကို ငါ့အတွက် ပြောပြပေးတယ်လို့ မင်းတို့ထင်လား"

ကျန်းကျွင်းက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

"ဒီနှစ်ကောင်က ငါ့ရဲ့လက်ကို ငှားပြီး ကျန်းချန်ကို ကိုင်တွယ်ချင်နေတာပဲ.. ငါနဲ့ ကျန်းချန်တို့မှာ ဘယ်သူပဲ နစ်နာပါစေ သူတို့အတွက် အကျိုးမယုတ်ဘူးလေ"

"ဒါဆို သခင်လေးကျွင်း အခုဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ"

လူငယ်က မေးလိုက်သည်။

"ကျန်းချန်က နဂါးစွမ်းအင် အများအပြားကို လုယက်ခဲ့ပေမဲ့ ကျန်းရီနဲ့ ကျန်းယန်တို့က သတိထားမိသွားခဲ့ပြီ.. နောက်ထပ်နဂါးစွမ်းအင်တွေကို လုယက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး.. သူ့ရဲ့ နဂါးစွမ်းအင်က လက်ရှိအချိန်မှာ ငါ့ထက် ကျော်လွန်နေရင်တောင် အခုနှုန်းအတိုင်း နဂါးစွမ်းအင်တွေကို စုဆောင်းမယ်ဆိုရင် ငါက ပိုမြန်လိမ့်မယ်.. ငါ ကျန်းရီနဲ့ ကျန်းယန်တို့ကိုပဲ စိတ်ပူတယ်.. ဒီနှစ်ကောင် ပူးပေါင်းလိုက်ပြီထင်တယ်"

ထိုစကားကို ပြောနေရင်း ကျန်းကျွင်း၏ မျက်လုံးများသည် လက်ခနဲ ဖြစ်သွားခဲ့သည်။

"ကံကောင်းစွာနဲ့ပဲ ငါက ဒီနှစ်ကောင် ရှိနေတဲ့နေရာကို ခြေရာခံနိုင်စွမ်းရှိတယ်.. သူတို့နှစ်ယောက် ဘာတွေလုပ်နေလဲဆိုတာ ငါကြည့်ချင်သေးတယ်"

အစောပိုင်းက သတင်းသည် ကျန်းရီထံကနေ ရောက်ရှိလာခဲ့ခြင်းဖြစ်သော်လည်း ကျန်းရီသည် ကျန်းယန်နှင့် ပတ်သက်သည့် အရာအားလုံးကို သိရှိနေခဲ့သည်။

ဤသည်ကပင် ထိုနှစ်ယောက်သည် ဆက်သွယ်နေခဲ့ပြီး တစ်စုံတစ်ခုအတွက် သဘောတူညီချက် ရယူကာ ယာယီပူးပေါင်းနေသည်ဟု အဓိပ္ပါယ်ရသည် မဟုတ်ပါလော။

ဤအတိုင်းသာဆိုလျှင် သူ့အနေဖြင့် သတိဖြင့် ကိုင်တွယ်ရတော့မည် ဖြစ်သည်။

"ပူးပေါင်းသွားတာ ဖြစ်နိုင်လို့လား သခင်လေးကျွင်း"

လူငယ်များက မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

ကျန်းရီနှင့် ကျန်းယန် နှစ်ယောက်စလုံးသည် ရာဇပလ္လင်အတွက် ယှဥ်ပြိုင်နေခဲ့သည် ဖြစ်ရာ မည်ကဲ့သို့ ပူးပေါင်းနိုင်ပါအံ့နည်း။

ကျန်းကျွင်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

"မဖြစ်နိုင်ဘူးဆိုတဲ့ အရာမရှိဘူး.. ငါသာ သူတို့နေရာမှာဆိုရင်လည်း ဒီလိုလုပ်ဖို့ ရွေးချယ်နိုင်တယ်"

ယခုမှ ကျန်းမျိုးနွယ်စုကို ပြန်လည် ရောက်ရှိလာသော ကျန်းချန်ကို ဖယ်လိုက်လျှင် ကျန်ရှိသည့် ကိုယ်စားလှယ်လောင်း သုံးယောက်ထဲတွင် သူက အစွမ်းအထက်ဆုံး ဖြစ်သည်။

ထို့ကြောင့် သားရဲဝိညာဥ်များကို လိုက်လံရှာဖွေပြီး နဂါးစွမ်းအင်များကို ရယူရာတွင် သူသည် အနိုင်ရဖို့ အခွင့်အရေးအများဆုံး ဖြစ်သည်။

ဤအကြောင်းကို ကျန်းရီနှင့် ကျန်းယန်တို့သည် ရှင်းရှင်းလင်းလင်း မသိစရာ အကြောင်းမရှိပေ။

ထို့ကြောင့် ထိုနှစ်ယောက်က သူ့ထက် သာရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ကျန်းရီသည် ကျန်းချန်က နဂါးစွမ်းအင် အများအပြား လုယူသွားပြီဟု သူ့ကို ပြောပြပြီး သူ၏အာရုံကို ကျန်းချန်ဆီ လွှဲချင်နေခဲ့သည်။

သို့သော်လည်း ကျန်းချန် လုယက်သွားသည့် နဂါးစွမ်းအင်များသည် အတုအယောင် ဧကရာဇ် စည်းတံဆိပ်ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ ပြန်လည်ထုတ်ယူ၍ မရတော့ပေ။

ယခု သူက ကျန်းချန်ကို အာရုံစိုက်လိုက်မည် ဆိုလျှင် ကျန်းရီနှင့် ကျန်းယန်တို့ကို အကျိုးအမြတ် ရရှိသွားစေမည် ဖြစ်သည်။

သူက ငတုံး မဟုတ်ရာ အဘယ်ကဲ့သို့ အလွယ်တကူ လှည့်စားခံပါမည်နည်း။

သူ၏အမြင်တွင် ကျန်းရီနှင့် ကျန်းယန်တို့ ပူးပေါင်းခြင်းသည် ကျန်းချန်ထက်ပင် သူ့အတွက် ပို၍ ခြိမ်းခြောက်စရာ ဖြစ်၏။

ထို့ကြောင့် ကျန်းကျွင်းက တုံ့ဆိုင်းမနေဘဲ လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ ကျန်းရီ၏ နေရာကို စတင် ခြေရာခံလိုက်ပြီး သူ၏လူအုပ်ကို ဦးဆောင်၍ ကျန်းရီဆီသို့ သွားခဲ့သည်။

ထိုအချိန်တွင် ကျန်းရီတို့နှင့် မိုင်ထောင်ချီအကွာ၌ ကျန်းချန်သည် သုံးကြိမ်ဆက်တိုက် လုယက်ပြီးနောက်တွင် မုန့်ချင်းရွှယ်နှင့် တွေ့ဆုံခဲ့သည်။

"ချင်းရွှယ် သူတို့ ဘယ်နေရာမှာရှိနေလဲ"

ကျန်းချန်က မုန့်ချင်းရွှယ် ရှေ့တွင် ဆင်းသက်ပြီးသည်နှင့် သိချင်စိတ်ဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။

"ဒီကနေ မိုင်ထောင်ချီဝေးတဲ့ တောင်ကြားတစ်ခုထဲမှာပါ.. ဒီတောင်ကြားကို ကျွန်မအရင်တွေ့ခဲ့တာပဲ.. ဒါပေမဲ့ ကျန်းရီနဲ့ သူ့လူတွေ ရောက်လာတဲ့အတွက် ကျွန်မ မိုင်ထောင်ချီအကွာကို ဆုတ်ခဲ့ရတယ်"

မုန့်ချင်းရွှယ်က ညင်သာစွာ ရှင်းပြလိုက်သည်။

အတုအယောင် ဧကရာဇ်စည်းတံဆိပ်က မိုင်ထောင်ချီ ဝေးသည့် နေရာမှ နဂါးစွမ်းအင်ကို ခံစားနိုင်သောကြောင့် ဤမျှလောက် အကွာအဝေးထိ နောက်ဆုတ်မှသာ အတော်လေးလုံခြုံမည် ဖြစ်သည်။

မုန့်ချင်းရွှယ်က ကျန်းချန်ကို ပြောပြီးနောက်တွင် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ကာ ကျန်းချန်ကို ပေးလိုက်သည်။

ထိုအထဲတွင် နဂါးစွမ်းအင်(၆)ခု ရှိနေခဲ့၏။

လွန်ခဲ့သော လဝက်လောက်ကမှ အင်ပါယာနယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့သော မုန့်ချင်းရွှယ် အတွက် ဤမျှ တိုတောင်းသော အချိန်အတွင်း နဂါးစွမ်းအင်(၇)ခုကို ရရှိနိုင်သည်မှာ အတော်လေး ကောင်းမွန်သောရလဒ်ပင် ဖြစ်သည်။

ကျန်းချန် မုန့်ချင်းရွှယ်ဆီ လာစဥ် ကံကောင်းထောက်မစွာဖြင့် ရွှယ်လင်ကုန်းမြေတိုက်မှ လူငယ်အဖွဲ့ သုံးဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထိုလူငယ် အဖွဲ့သုံးဖွဲ့ထဲကနေ နဂါးစွမ်းအင်(၂၂)ခုကို လုယူနိုင်ခဲ့သောကြောင့် သူ၏ နဂါးစွမ်းအင် အရေအတွက်သည် (၆၁)ခုကို ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ယခု မုန့်ချင်းရွှယ်ထံမှ ရရှိသည့် နဂါးစွမ်းအင် (၆)ခုကိုပါ ထပ်ပေါင်းလိုက်လျှင် သူ၏ နဂါးစွမ်းအင် အရေအတွက်သည်(၆၇)ခုကို ရောက်ရှိသွားခဲ့ချေပြီ။

ဆိုလိုသည်မှာ သူ့အနေဖြင့် နောက်ထပ် နဂါးစွမ်းအင်(၃၂)ကို ရရှိဖို့သာ လိုအပ်တော့သည်။

ထိုအရေအတွက်ကို ပြည့်မီသည်နှင့် ဧကရာဇ် စစ်ဆေးပွဲတွင် အနိုင်ရပြီး သူ့ဖခင်၏ လူသားဧကရာဇ်နေရာကို ဆက်ခံနိုင်မည် မဟုတ်ပါလော။

လုကွမ်ယွီတို့ အဖွဲ့ကို လုယက်ခဲ့စဥ်က ကျန်းချန်သည် နဂါးစွမ်းအင်(၃၂)ခုကို တစ်ကြိမ်တည်းဖြင့် ရရှိခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် သူသည် ရွှယ်ယွိဂိုဏ်းမှ အဖွဲ့တစ်ဖွဲ့ကိုသာ လုယက်ဖို့ လိုအပ်တော့ပြီး နဂါးစွမ်းအင်(၉၉)ခုကို ပြည့်မီရန် မခက်ခဲတော့ပေ။

"လုကွမ်ယွီ.. မင်းတို့ရွှယ်ယွိဂိုဏ်းက အဖော်တွေနဲ့ ဆက်သွယ်နိုင်တယ်မဟုတ်လား...သူတို့ကို ဒီနေရာမှာ အင်ပါယာအဆင့်သားရဲဝိညာဥ်တွေ အများအပြားရှိတယ်လို့ သတင်းပို့ပြီး မြန်မြန်လာဖို့ပြောလိုက်.. ရွှယ်ယွိဂိုဏ်းက အဖွဲ့တစ်ဖွဲ့ကို မင်းဆွဲဆောင်နိုင်သရွေ့ မင်းကို ဘယ်လိုအခြေအနေမျိုးနဲ့မှ မချုပ်နှောင်ထားတော့ဘဲ ငါလွှတ်ပေးပါ့မယ်"

ကျန်းချန်က တောက်ပသော မျက်ဝန်းများဖြင့် လုကွမ်ယွီကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"မင်းတကယ်ပြောတာလား"

လုကွမ်ယွီ၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။

ရွှယ်ယွိဂိုဏ်း၏ တခြား အဓိကတပည့်နှစ်ယောက် ဘာဖြစ်ဖြစ် လုကွမ်ယွီက စိတ်မဝင်စားပေ။

ယခုအခါတွင် သူသည် သူ့ကိုယ်သူပင် မကာကွယ်နိုင်သည်ဖြစ်ရာ ထိုနှစ်ယောက်၏ အသက်ကို ဂရုမစိုက်နိုင်ပေ။

ဆိုရလျှင် ကျန်းချန်၏ လက်ကို အသုံးပြုပြီး ရွှယ်ယွိဂိုဏ်းမှ အဓိကတပည့် နှစ်ယောက်ကို ဖယ်ရှားနိုင်ခဲ့မည် ဆိုလျှင် ရွှယ်ယွိဂိုဏ်းသို့ သူပြန်ရောက်သွားသည့်အခါတွင် ရွှယ်ယွိဂိုဏ်း၏ တပည့်ခေါင်းဆောင် နေရာသည် သူ့အတွက်ပင် ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ကျန်းချန်၏ တောင်းဆိုမှုသည် လုကွမ်ယွီ အတွက်လည်း လက်မခံနိုင်သောကိစ္စ မဟုတ်ပေ။

ကျန်းချန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ မင်းသူတို့ကို ဆွဲ‌ဆောင်နိုင်သရွေ့ ငါမင်းကို သေချာပေါက်လွှတ်ပေးမယ်"

ထိုစကားကို ကြားသည်နှင့် လုကွမ်ယွီသည် တုံ့ဆိုင်းမနေတော့ဘဲ ရွှယ်ယွိဂိုဏ်းမှ တခြား အဓိက တပည့်နှစ်ယောက် ဆီသို့ ချက်ချင်းပင် သတင်းပို့လိုက်သည်။

အခန်း(၁၄၇၀)ပြီး၏။

All Chapters