အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အခန်း (၆၇) ပြီးပြည့်စုံတဲ့ မရီးဒျန် သန့်စင်ဆေး
တစ်ခုသော မထူးဆန်းသည့်ညကုန်ဆုံးပြီးနောက်၊ နောက်နေ့မနက်အစောတွင် ချူးယွင်ဖန်းက လုချင်းရွှမ်၏ ကုမ္မဏီကို ရောက်ချလာ၏။ ယခင်အကြိမ်နှင့် ကွာခြားသည်။ ယခုအချိန်တွင် ချူးယွင်ဖန်းသည် ဤနေရာနှင့် ရင်းနှီးနေနှင့်ပြီးသားဖြစ်သည်။ ထို့အပြင် ကုမ္မဏီရှိ ဝန်ထမ်းများသည်လည်း ချူးယွင်ဖန်းကို သိနှင့်ကြပြီးဖြစ်၏။ လူတိုင်းက ဤငယ်ရွယ်သောကောင်လေးမှာ ဆေးဆရာမှန်းသိကြသည်။
ချူးယွင်ဖန်း ဒုတိယအကြိမ်ရောက်လာသောအခါတွင် ထိုသူတို့သည် သူ့အား စူးစမ်းလိုစိတ်အနည်းငယ်ဖြင့် ကြည့်နေကြမှန်း သိသိသာသာ ခံစားမိ၏။စောလွန်းနေသော်လည်း လုချင်းရွှမ်းက သူ့အား ကုမ္မဏီတွင် စောင့်နေပြီးသားဖြစ်သည်။ သူမက ချူးယွင်ဖန်းအား ဆေးဖိုခန်းသို့ ခေါ်သွား၏။
“ဆရာချူး၊ ရှင်လိုချင်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ပို့ဆောင်ပြီးပါပြီ။ အထုပ်တွေဖြေဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား” လုချင်းရွှမ်က ပါဝင်ပစ္စည်းပါကင်ထုတ်များပို ညွှန်ပြရင်းဆိုသည်။
“မလိုပါဘူး။ ကျွန်တော့်ဘာသာ လုပ်လိုက်ပါ့မယ်” ချူးယွင်ဖန်းက ခေါင်းခါကာဆို၏။
သူက မရီးဒျန်သန့်စင်ဆေး၏ ဖော်စပ်နည်းကို လျှို့ဝှက်ထားချင်သေးသည်။ အကယ်၍ လုချင်းရွှမ်းသာ ဖွင့်ဖောက်လိုက်လျှင် မရီးဒျန်သန့်စင် မြက်မပါသည်ကို သတိထားမိသွားပေလိမ့်မည်။
“ကောင်းပြီ၊ ရှင့်ဘာသာ ဆက်လုပ်ပါ။ ကျွန်မ ဒီမှာ တစ်ချိန်လုံးရှိနေမှာမို့ တစ်ခုခုလိုရင် ကျွန်မကိုပြောပါ”
လုချင်းရွှမ်က ယဉ်ကျေးစွာဆိုသည်။ သူမကတော့ ဤသို့ ငယ်ရွယ်သောဆရာကို လေးစားပြနေရသည်ကို ထူးဆန်းသည်ဟုမထင်။
“အိုကေ၊ ခင်ဗျားအလုပ် ခင်ဗျားအရင်သွားလုပ်ပါ”
လုချင်းရွှမ်ထွက်သွားပြီးသည့်နောက်တွင် ချူးယွင်ဖန်းက ပါကင်များကို သူကိုယ်တိုင်ဖွင့်ဖောက်သည်။ အကုန်လုံးသည် မနေ့ကမှမှာလိုက်ခြင်းဖြစ်ကာ ယနေ့မနက်တွင် ပို့ခဲ့ပြီးဖြစ်သည်။
ချုးယွင်ဖန်း၏ ကျွမ်းကျင်မှုကြောင့် ပါဝင်ပစ္စည်းများကို အကြည့်တစ်ချက်နှင့်ပင် သာမန်အရည်အသွေးမှန်းသိလိုက်သည်။ သို့သော် မှားတော့မှားမနေပေ။ ပုံမှန်နည်းလမ်းအတိုင်း ချူးယွင်ဖန်းက မီးကိုဖွင့်၊ ရေထည့်ကာ ပါဝင်ပစ္စည်းများကိုထည့်သည်။ ပထမဆုံးအကြိမ် မရီးဒျန်သန့်စင်ဆေးကို ဖော်စပ်နေခြင်းဖြစ်သော်လည်း အကြိမ်မရေမတွက်နိုင်အောင် လုပ်ဖူးခဲ့သယောင်ရှိ၏။
သို့သော်သူ့အတွက်မူ ဆေးဧကရာဇ်၏မှတ်ဉာဏ်ရှိနေခြင်းက အကြိမ်ပေါင်းများစွာဆေးဖော်စပ်ဖူးခဲ့သလိုပင်ဖြစ်၏။ ဆေးပညာ၏ ဤအဆင့်သည် သာမန်သူတစ်ယောက် နားလည်နိုင်သော အရာမဟုတ်ပေ။
သုံးနာရီတိတိကြာပြီးသည့်နောက်တွင် ဆေးသည် ပြီးဆုံးသွားခဲ့၏။ ဆေးဝါး၏ အနံ့သည် ဆေးအလုပ်ရုံထဲတွင် ပျံ့ရောနေသည်။ အချိန်တိုလေးအတွင်းမှာပင် လေထွက်ပေါက်မှ ရုတ်ချည်းထွက်ခွါသွား၏။ ဆေးဖိုအတွင်းတွင် ပဲစေ့အရွယ်ရှိ အနက်ရောင်ဆေးလုံးကလေးသည် တိတ်တဆိတ်လဲလျောင်းနေ၏။
ချူးယွင်ဖန်းက မရီးဒျန်သန့်စင်ဆေးကို ဖော်စပ်ပြီးစီးမှန်းသိသည်။
၁၀၀% ပြီးဆုံးခဲ့ပြီဖြစ်သည်။
မရီးဒျန်သန့်စင်ဆေးပြီးစီးသည့်နောက်တွင် ချူးယွင်ဖန်းက လုချင်းရွှမ်ကို ခေါ်လိုက်သည်။ လုချင်းရွှမ်က အလွန်စိတ်လှုပ်ရှားသော မျက်နှာထားမျိုးဖြင့်
“ဆရာချူး၊ မရီးဒျန်သန့်စင်ဆေး အဆင်သင့်ဖြစ်ပြီလား”
ချူးယွင်ဖန်းက ခေါင်းညိတ်သည်။
“ကြည့်ကြည့်ပါ။ ခင်ဗျား မရီးဒျန်သန့်စင်ဆေးရဲ့ အရည်အသွေးကို စစ်ကြည့်လို့ရပါတယ်။”
လုချင်းရွှမ်က သူမ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်ကာ မရီးဒျန်သန့်စင်ဆေးကို ထုတ်ယူလိုက်သည်။ ထို့နောက် ဆေးစစ်ဆေးစက်ထဲသို့ ထည့်လိုက်၏။
အကယ်၍သာ ကိုယ်ခန္ဓာသန့်စင်ဆေးကဲ့သို့ အခြေခံအဆင့်ဆေးမျိုးဆိုလျှင် သူမဘာသာ စစ်ကြည့်၍ရနိုင်သည်။ သို့သော် ဤသို့ မရီးဒျန်သန့်စင် ်ဓာတ်ဆေးအတွက်မူ၊ ဆေးစစ်ဆေးစက်ကို အရည်အသွေးအတိအကျကိုသိနိုင်ရန် အားကိုရမည်။
ဆေးစစ်ဆေးစက်သည် လွန်ခဲ့သော ၁၀နှစ်မှ ဖြစ်ပေါ်လာသော ထုတ်ကုန်အသစ်ဖြစ်သည်။ အတိတ်တွင် ဆေးဝါး၏အရည်အသွေးကို ကိုယ်ပိုင်အတွေ့အကြုံအပေါ် မူတည်၍ဆုံးဖြတ်ရ၏။ သို့သော် ဆေးစစ်ဆေးစက်ဖြင့်မူ အရာရာကို စက်အပေါ်သို့ တာဝန်ပုံချနိုင်သည်။ ထို့ကြောင့် ယခင်ကထက် သက်တောင့်သက်သာဖြစ်၏။
ရောင်စင်တန်းတစ်ခု ဆေးပေါ်မှ ဖြတ်သွားသည်နှင့်ချက်ချင်း ဆေးစစ်ဆေးစက်ပေါ်တွင် အစိမ်းရောင်မီးလေး လင်းလာသည်။ အစိမ်းရောင်အလင်းသည် အရည်အသွေးစံသတ်မှတ်ချက်နှင့် ကိုက်ညီကြောင်းပြကာ၊ အနီရောင်အလင်းသည်မူ အရည်အသွေးမမီကြောင်းဆိုလို၏။
“မရီးဒျန်သန့်စင်ဆေး၊ အရည်အသွေးက စံသတ်မှတ်ချက်ထက်ပိုပါတယ်။ အရည်အသွေးက ၁၀၀%၊ ခြုံငုံတန်ဖိုးဖြတ်ခြင်း ပြည့်စုံ”
ဆေးစစ်ဆေးစက်မှ စက်ရုပ်သံမျိုးထွက်လာသည်။ ဘေးတွင်ရပ်နေသော လုချင်းရွှမ်သည် နားကြားလွဲသည်ဟုပင် တွေးမိ၏။ အရည်အသွေးမှာ တကယ့်ကိုပင် ၁၀၀% ဖြစ်ကာ စစ်ဆေးချက်လည်း ပြည့်စုံ၏။
ရိုးရိုးရှင်းရှင်းပင်၊ ဤသည်မှာ တွေးခေါ်စရာရော ယုံချင်စရာပါ ကောင်းမနေပေ။ သာမန်အားဖြင့်ဆိုရလျှင် တရားဝင်ဆေးပညာရှင်တစ်ဦးဦးက မရီးဒျန်သန့်စင်ဆေးကဲ့သို့ အလယ်အလတ်ဆေးမျိုးကိုဖော်စပ်လျှင် ၇၀-၈၀% အရည်အသွေးသာရနိုင်၏။ လူတိုင်းသည်တော့ ဤသို့ ခမ်းနားသောတန်ဖိုးဖြတ်မှုကို မရနိုင်ပေ။
အခြေခံအဆင့်သာရှိသောကိုယ်ခန္ဓာသန့်စင်ဆေးကို ချူးယွင်ဖန်း ၁၀၀% အရည်အသွေးဖြင့် ထုတ်လုပ်နိုင်သည်မှာ လက်ခံ၍ရသည်။ သို့သော် ဤသည်မှာ မရီးဒျန်သန့်စင်ဆေးဖြစ်၏။
‘သူက ဒါကို ပြည့်စုံအောင်လုပ်နိုင်ခဲ့တယ်’
လုချင်းရွှမ်က ချူးယွင်ဖန်း၏ ကံကို သံသယမဝင်တော့ပေ။ ကံကြောင့်ဆိုလျှင်တောင် ၇၀ မှ ၉၀ % လောက်သာ ရနိုင်၏။ ယခုမူ ၁၀၀% ဖြစ်သည်။ ဤသည်မှာ ကွဲပြားသည်။ အကယ်၍ သူသည်သာ ဤသို့သော ဆေးဝါးဖော်စပ်မှုကို အံ့ဩဖွယ်အဆင့်ထိရောက်မနေပါက ၁၀၀% အထိအောင်မြင်ရန် မဖြစ်နိုင်ပေ။
ယမန်နေ့ညက ချူးယွင်ဖန်းအပေါ် တန်ဖိုးဖြတ်မှုသည် အတော်လေး နည်းနေသေး၏။ ယခု ချက်ချင်းပင် ရတနာတစ်ခုကောက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ပြည့်စုံသော မရီးဒျန်သန့်စင်ဆေးကို ဖော်စပ်ရန်မှာ သာမန်လူများတတ်နိုင်သည့်အရာမဟုတ်ပေ။ ဤသည်မှာ သာမန်တရားဝင် ဆေးပညာရှင်တစ်ဦးထပ်ပင် အလွန် အားကောင်း၏။
သူဖော်စပ်ထားသော ဆေးမှာ ဆေးစစ်ဆေးစက်၏ စစ်ဆေးချက်ကို ကျော်ဖြတ်လိုက်နိုင်သောကြောင့် ချူးယွင်ဖန်းက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။ သူသည် အဓိကအရေးအကြီးဆုံးဖြစ်သော ပါဝင်ပစ္စည်းဖြစ်သည့် နဂါးအမြီးမြက်ကိုအစားထိုးထားသည်မို့ ဆေးစစ်ဆေးချက်ကို ကျသွားခဲ့နိုင်သည်မဟုတ်ပါလား။
ယခုမူ စစ်ဆေးချက်ကို အောင်မြင်၏။ ထို့ကြောင့် စိတ်သက်သာရာရသွားခြင်းဖြစ်သည်။
“ဘယ်လိုလဲ။ မရီးဒျန်သန့်စင်ဆေးကို ရောင်းလို့ရမလား” ချူးယွင်ဖန်းက ပါးစပ်ဖွင့်ကာ မေးသည်။
“ရတယ်။ သေချာပေါက် ရောင်းလို့ရတယ်။”
လုချင်းရွှမ်က ဆိုသည်။
“မရီးဒျန်သန့်စင်ဆေးတွေက ဒီတိုင်းတင် အတော်ရှားတဲ့ဆေးတွေပဲ။ ဒါ့အပြင် ဆရာချူး၊ ရှင်ဖိုထိုးလိုက်တဲ့ဆေးက ပြည်စုံတဲ့အရည်အသွေးရှိတယ်၊ ဒါကြောင့် စျေးက ပိုတောင် မြင့်ဦးမယ်။ သာမန်မရီးဒျန်သန့်စင်ဆေးတွေက ၂သန်းပဲရှိတာမို့ ၉၀%ကောင်းတဲ့ဆေးတွေတောင် အလွန်ဆုံး ၂သန်း ခွဲလောက်နဲ့ပဲ ရောင်းလို့ရတယ်ရှင့်။ ဒါပေမဲ့၊ ရှင့်ရဲ့ မရီးဒျန်သန့်စင်ဆေးတွေကတော့ သေချာပေါက် ၃သန်းအထက်နဲ့ ရောင်းလို့ရတယ်။ ကျွန်မ ဒါကို အာမခံနိုင်ပါတယ်”
ချူးယွင်ဖန်းက ခေါင်းညိတ်သည်။ ဤသည်မှာ သူအင်တာနက်မှ ရှာထားသည်နှင့် သိပ်ကွာခြားမှုမရှိပေ။ တူညီသောဆေးများဖြစ်လင့်ကစား မတူသောအရည်အသွေးရှိလျှင် စျေးသည်လည်း အလွန်ကွာဟသည်။
ကိုယ်ခန္ဓာသန့်စင်ဆေးပြားများနှင့်မတူပေ။ တိကျသော ကွာခြားချက်ရှိလျှင်တောင် ကိုယ်ခန္ဓာသန့်စင်ဆေးများကို အကြိမ်ကြိမ်သုံးဆောင်နိုင်သောကြောင့် ကြီးမားသော ကွာဟချက်ရှိမည်မဟုတ်။ သို့သော် လူတစ်ယောက်သည် မရီးဒျန်သန့်စင်ဆေးကို တစ်သက်တွင်၊ တစ်ကြိမ်သာသောက်သုံးနိုင်သည်။ ထို့ကြောင့် အရည်အသွေးကွာဟချက်သည် သောက်သုံးသူများကြား ကွာဟချက်နှင့် တိုက်ရိုက်အချိုးကျ၏။
မွေးရာပါအရည်အသွေးတွင် ကွာဟမှုရှိနေပေလိမ့်မည်။ ထို့အပြင် မည်သည့်မိဘက မိမိကလေးကို ပန်းတိုင်မှမစစေချင်လိမ့်မည်နည်း။ ထို့ကြောင့် သာမန်အရည်အသွေးရှိဆေးနှင့် ပြည့်စုံသောအရည်အသွေးရှိဆေး၏ စျေးကွာဟချက်သည် သန်းကျော်၏။
“ရောင်းသူနဲ့ ဆက်သွယ်ဖို့ ကျွန်မ ချက်ချင်းကူညီပေးပါ့မယ်” လုချင်းရွှမ်က မရီးဒျန်သန့်စင်ဆေးကိုကိုင်ထားလျက် ဆိုသည်။ သူမအမြင်တွင် မရီးဒျန်သန့်စင်ဆေးသည် ရောင်းရလွယ်ကူသည်။ သူမက ချူးယွင်ဖန်း အင်တာနက်မှ ရောင်းရန် မရွေးချယ်သည်ကိုပင် ပို၍ ကျေးဇူးတင်နေ၏။ အင်တာနက်မှရောင်းလျှင်မူ စျေးအနည်းငယ် လျော့နိုင်ရုံမှလွဲ ရောင်း၍ရ၏။
“ဟုတ်ပြီ”
အပိုင်း(၆၈) ချီပင်လယ် အဆင့်(၂)
မရီးဒျန်သန့်စင်ဆေးများ၏ အရေအသွေးကို အတည်ပြုပြီးသည့်နောက်တွင် ချူးယွင်ဖန်းက ဆေးလုံးကို လုချင်းရွှမ်အား ရောင်းရန်ပေးလိုက်သည်။ ဟုတ်သည်။ ထို့နောက် စာချုပ်ချုပ်ခဲ့ကြသည်။ စာချုပ်ပါစည်းမျဉ်းများအရ၊ မရီးဒျန်သန့်စင်ဆေးရောင်းပြီးသည့်အခါ လုချင်းရွှမ်က သူမ၏အဆက်အသွယ်များကို အသုံးပြုခအနေဖြင့် ရောင်းရငွေ၏၅%ကိုယူမည်ဖြစ်သည်။ ထို့အပြင် လုချင်းရွှမ်က ပြည့်စုံသောအရေအသွေးရှိ မရီးဒျန်သန့်စင်ဆေးများကို သေချာပေါက် ၃သန်းအထက်နှင့်ရောင်းရမည်ဟု အာမခံထားသည်။ တစ်နည်းဆိုရသော်၊ လုချင်းရွှမ်က ကော်မရှင်ခအဖြစ် အနည်းဆုံး ယွမ် ၁သိန်းခွဲကို လက်ခံရရှိမည်ဖြစ်သည်။
ဤသည်မှာ ဒီခေတ်တွင် လူသိအများဆုံးစာချုပ်ပုံစံဖြစ်သည်။
ဆိုရလျှင်၊ ဆေးပညာရှင်များနှင့် ဆေးကုမ္မဏီများ ပူးတွဲလုပ်ကိုင်မှုကို ပုံစံနှစ်မျိုးခွဲထားနိုင်သည်။ တစ်ခုမှာ ဆေးကုမ္မဏီမှ ပစ္စည်းကိရိယာအကုန်ထောက်ပံ့ကာ ဆေးပညာရှင်ကို ဆေးဖော်ထုတ်ရန်ငှါးခြင်းဖြစ်သည်။ အဆုံးတွင် ပညာရှင်က မိမိလုပ်ဆောင်မှုအတွက် ပိုက်ဆံရမည်။ ဒုတိယတစ်နည်းမှာ ဆေးပညာရှင်က မိမိကိုယ်တိုင်ဆေးဖော်စပ်ကာ ကုမ္မဏီအား ရောင်းကူရန် ပေးခြင်းဖြစ်သည်။ ဤနေရာတွင် ဆေးကုမ္မဏီ၏ အဆင့်နှင့် ဆေးပညာရှင်ပေါ်မူတည်၍ ထိုနှစ်မျိုးလုံးဖြစ်နိုင်၏။ ထိုနှစ်ခုကြားတွင် ကွာခြားချက်အနည်းငယ်ရှိသည်။ ဆိုရလျှင် ဒုတိယတစ်မျိုး၏ အကျိုးအမြတ်က ပိုမြင့်သည်။ သို့သော်၊ ပထမတစ်နည်းကို ရွေးချယ်ကြရန် ရည်ရွယ်ချက်များလည်းရှိ၏။
ဥပမာအားဖြင့်၊ အရေအတွက်များများရနိုင်သော ကိုယ်ခန္ဓာသန့်စင်ဆေးကဲ့သို့ ဆေးများအတွက် ပထမနည်းကို ရွေးချယ်ကြလိမ့်မည်။ ဆေးကုမ္မဏီက ဆေးများများလိုကာ ပညာရှင်ကလည်း ဆေးများဖော်စပ်လေ့ကျင့်ရန် အခွင့်အရေးများများလိုသည်။ အဆုံးတွင် ဆေးပညာသည် ပါရမီနှင့် ကျွမ်းကျင်မှုတို့၏ ပေါင်းစပ်မှုတစ်ခုသာဖြစ်၏။ ထို့ကြောင့် ပထမပုံစံကို လူကြိုက်များကြခြင်းဖြစ်သည်။
ဒုတိယတစ်မျိုးမှာမူ တန်းမြင့်အဆင့်ဆေးများ ထုတ်လုပ်ရာတွင် အသုံးပြုကြခြင်းဖြစ်သည်။ ဆေးကုမ္မဏီများက လမ်းကြောင်းအသုံးပြုခအဖြစ် တိကျသောပမာဏတစ်ခုသတ်မှတ်ကာ ဆေးပညာရှင်က ဝယ်ံယူသူများနှင့် ပက်သက်စရာမလိုပေ။
နှစ်နည်းလမ်းလုံးတွင် ကိုယ်စီအားသာချက်ရှိကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပါတ်ကုန်သွားသည်။ ချုးယွင်ဖန်းက လုချင်းရွှမ်၏ ကုမ္မဏီသို့ ဆေးလုံးပေးခဲ့ပြီးသည့်နောက်တွင် သူက ထိုအကြောင်း ထပ်မမေးတော့ပေ။ လုပ်ငန်းဆိုင်ရာကိစ္စရပ်များသည် အတတ်ပညာရှင်များထံအပ်ထားသည်ကသာ အကောင်းဆုံးဖြစ်၏။ ဤသည်ကား ချူးယွင်ဖန်း၏ ယုံကြည်မှုထဲမှတစ်ခုဖြစ်၏။
ယခုအချိန်တွင် ချူးယွင်ဖန်းက သူ့အင်အားအားလုံးဖြင့် ကျင့်ကြံလျက်ရှိသည်။ ကျောင်းလက်နက်များကို မဖြန့်ဝေခင် သူက သူ့ခွန်အားအကုန်လုံးကို အသုံးပြု၍ ချီပင်အလယ်ဒုတိယအဆင့်ကို ဖြတ်ကျော်ရန် ကြိုးစားလျက်ရှိသည်။
ချူးယွင်ဖန်းက ကျောင်းလေ့ကျင့်ရေးအခန်းတစ်ခုရှိ ဂျပန်မွေ့ရာပေါ်တွင် တင်ပျင်ခွေထိုင်နေ၏။ သူက စွမ်းအားကြီးမသေမျိုး ဧကရာဇ် ကျင့်စဥ်ကို သုံးကာ တရားထိုင်နေသည်။ ချီပင်လယ် ဒုတိယအဆင့် အခက်အခဲကို ကျော်ဖြတ်နိုင်ရန် ကြိုးစားလျက် သူ့ စွမ်းအင်စစ်က မြင့်မြင့်လာနေသည်။
လေ့ကျင့်ခန်းများကို အလှည့်ကျသုံးရသော ယခင်အတန်းများနှင့်မတူဘဲ၊ သိုင်းပညာအထူးတန်းများသည် (အတန်း(၁) နှင့် အတန်း(၂)) ကိုယ်ပိုင် လေ့ကျင့်ခန်းရှိ၏။
ချူးယွင်ဖန်းက အနီးနားဝန်းကျင်ရှိအသံများကို မေ့ထားလိုက်သည်။ သာမန်လူများသည် တရားထိုင်နေစဉ်တွင် အခြားသူများ၏နှောက်ယှက်ခြင်း ခံရမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် ကမ္မဠာန်းထိုင်ခြင်းအဆင့်ရောက်ရန် စီးမြောခြေနေဆေးလုံးကို သုံးဆောင်ကြ၏။ သို့သော် ချူးယွင်ဖန်းသည်မူ တရားထိုင်းနေချိန်တွင် မည်သည့်အချိန်တုန်းကမှ စီးမြောခြေနေဆေးလုံးကို မလိုခဲ့ပေ။ သူ ကမ္မဠာန်းထိုင်ခြင်းအဆင့်သို့ ရောက်သည့်အခါတိုင်း တည်ငြိမ်သောလှိုင်းတစ်ခုက သူ့စိတ်ထဲကိန်းအောင်းနေသည့် နတ်ဘုရား စိတ်ဝိဉာဉ်မှတစ်ဆင့်ထွက်လာကာ သူ့ခန္ဓာတစ်ခုလုံးသို့ စီးဆင်းသွား၏။ ချုးယွင်ဖန်းသည် နက်ရှိုင်းသော ကမ္မဠာန်းအခြေအနေကို လွယ်လွယ်ကူကူဝင်ရောက်နိုင်ကာ သူ့အခြေအနေက သာမန်လူများထက် အကြိမ်ပေါင်းများစွာသာ၏။
ထို့အပြင် စွမ်းအားကြီးသော စစ်နတ်ဘုရားကျင့်စဥ်သည် သာမန်သိုင်းပညာများထက် များစွာသာ၏။ ထို့ကြောင့် အချိန်တိုလေးအတွင်းမှာပင် သူ့အတန်းဖော်များကို ကျော်တက်နိုင်ခြင်းဖြစ်သည်။ သူက ချီပင်လယ် ပထမအဆင့်သို့ ရောက်နှင့်ပြီးသားဖြစ်သော်လည်း အတန်း(၂) တွင်မူ ဘာကောင်ကြီးမှမဟုတ်သေးပေ။ အခြားသူများထက် များစွာသာသော အို့ယန် မှလွဲ၍ ချီပင်လယ် ဒုတိယအဆင့်နှင့် အထက် သို့ရောက်နှင့်ပြီးသား အခြား အတန်းဖော် သုံးဦးရှိသည်။
တစ်ယောက်မှာ တန်စီယုဖြစ်၏။ ဤသည်မှာ သူတို့အတန်းပိုင် ကျင်းဝူ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သတိမထားမိဘဲ ဖော်ထုတ်မိခဲ့သောအရာဖြစ်သည်။ ထို့ကြောင့် ကျင်းဝူအဘယ်ကြောင့် တန်စီယုကို ကွဲပြားစွာဆက်ဆံရမှန်း လူတိုင်း ရုတ်တရက်သတိထားမိသွားကြခြင်းဖြစ်သည်။
ချုးယွင်ဖန်းသည် တန်စီယု က သူမခွန်အားကို ဖုံးကွယ်ထားသည်ဟု သံသယရှိခဲ့သည်မှာကြာခဲ့ပြီဖြစ်၏။ တကယ်တမ်းတွင် သူမသည် ချီပင်လယ်အဆင့်သို့ရောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဤသည်ကို အခြားသူများက သတိမထားမိဘဲ သူမကို ဖန်ဒေယင်၊ ဂေါင်ဟုန်ချီတို့နှင့်တန်းတူထားခဲ့မိကြခြင်းဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်၊ တန်စီယု ကျောင်းပြောင်းလာခဲ့စဉ်က၊ သူမတွင် ကျင့်ကြံခြင်းအဆင့်တစ်ခုမှ မရှိခဲ့ပေ။ သို့သော် တစ်နှစ်ကြာသောအခါ၊ ကျောင်းရှိလက်ရွေးစင် ဉာဏ်ကြီးရှင်းများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ သူမ၏ ကျင့်ကြံနှုန်းမှာ အလွန်မြန်သဖြင့် ကျောင်းခေါင်းဆောင်များပင် အံ့ဩရကြ၏။
ယခုမူ၊ အကယ်၍ ချူးယွင်ဖန်းသာ ချီပင်လယ်ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ပါက၊ အခန်း(၂)၏ လက်ရွေးစင်အဖွဲ့ထဲသို့ရောက်ရှိမည်မှာ သေချာ၏။ အတန်း(၂)တွင် ယှဉ်ပြိုင်မှုသည် ယခင်ကထက်ပို၍ ပြင်းထန်လာသည်။ ကျောင်းသားတိုင်းသည် နေ့စဉ်နှင့်အမျှပို၍ သန်မာလာသည်။ အထူးသဖြင့် ဂေါင်ဟုန်ချီကဲ့သို့ မိသားစုနောက်ခံတောင့်သူများဖြစ်သည်။ ထိုသူတို့သည် ဆေးများစွာကို ဝယ်ယူသုံးစွဲနိုင်သည့်အပြင်၊ ကျွမ်းကျင်သူများကို ဆရာတင်နိုင်ကြ၏။ ထို့ကြောင့် ဤကျောင်းသားများ၏ တိုးတက်မှုသည် ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်။
လွန်ခဲ့သော လဝက်ခန့်က ဂေါင်ဟုန်ချီသည် ချီပင်လယ် ပထမအဆင့် အထွဋ်အထိပ်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းကို ဖြတ်ကျော်ကာ ဒုတိယအဆင့်သို့ရောက်ရန် မဝေးနိုင်တော့မည်မှာ သိသာ၏။ အကြာဆုံးလတစ်ဝက်အတွင်း သေချာပေါက် သူကျော်ဖြတ်နိုင်လိမ့်မည်။ အတန်း(၂)တွင် ဂေါင်ဟုန်ချီကဲ့သို့သူ အနည်းဆုံး လူအနည်းငယ်တော့ရှိသည်။ ချူးယွင်ဖန်းတစ်ယောက် မည်သို့အနားယူရဲလိမ့်မည်နည်း။
ဤလတစ်ဝက်အတွင်းတွင် ချူးယွင်ဖန်းက လုချင်းရွှမ်ကို ကိုယ်ခန္ဓာသန့်စင်ဆေးများထုတ်လုပ်ပေးကာ ပိုက်ဆံအနည်းငယ် ဝင်ခဲ့သည်။ သူက ထိုဝင်ငွေနှင့် ချီဖြည့်ဆေးများ၊ ကိုယ်ခန္ဓာသန့်စင်ဆေးများ၊ ဖြတ်လတ်ခြင်းဆေးရည်များကိုဝယ်ကာ သူ့ မရပ်မနားလေ့ကျင့်ရေးအတွက် အထောက်အကူဖြစ်စေခဲ့သည်။ သူ့တွင် နယ်ပယ်တူထဲမှ နှိုင်းယှဉ်ရန်မရှိသော်လည်း သူကျော်ဖြတ်နိုင်ချိန်တိုင်းတွင် သာမန်လူထက်တော့ စွမ်းအင်ပိုလိုအပ်၏။
သူ့လက်ထဲတွင် ငွေသည် လျင်မြန်စွာ ဝင်ချည်ထွက်ချည်ရှိနေ၏။ ကျင့်ကြံရေးကို ရပ်ကာ၊ ဆေးထုတ်ခြင်း၌သာ အာရုံမစိုက်သရွေ့တော့ သူ့စွမ်းအင်အသုံးပြုမှုကို ဟန်ချက်ညီစေရန်လို၏။ ယခင်နည်းလမ်းသည်
သူ့မှတ်ဉာဏ်ထဲမှ ဆေးဧကရာဇ်၏နည်းလမ်းနှင့် သိပ်ထူးမခြားနားပေ။
ထို့အပြင် သူ့အတွက်တော့ ဆေးဖော်စပ်ခြင်းသည် ကျင့်ကြံရေးအထွန့်တည်နိုင်ရန် ဘဏ္ဍာငွေသဘောသာဖြစ်၏။ ထို့ကြောင့် ဆေးဧကရာဇ် လျှောက်ခဲ့သောလမ်းနှင့်တူသည့် လမ်းကြောင်းကို လျှောက်ရန်မဖြစ်နိုင်ပေ။ ဂုဏ်ကျက်သရေရှိသော်လည်း ကျင့်ကြံရေးနှင့်တော့ မည်သို့နှိုင်းယှဥ်နိုင်မည်နည်း။
စွမ်းအင်လှိုင်းများသည် ချူးယွင်ဖန်း၏ ခန္ဓာထဲမှ ဖြာထွက်လာကာ သူ့ကို တိကျသောအကွာအဝေးအတွင်း ဝန်းရံလှည့်လည်နေသည်။ ထိုစွမ်းအင်များသည် မည်သည့်နေရာကိုမှ လွင့်စင်ခြင်းမရှိသဖြင့် ကျောင်းသားအများသည် အံ့ဩနေကြ၏။ သူတို့အားလုံးသည် လက်ရွေးစင်များဖြစ်သည့်အလျောက် မည်သည်က မိမိအတွက် ကောင်းသည်ကိုသိကြသည်။ ဤအဆင့်ကို အောင်မြင်ရန် ကျင့်ကြံသူသည် စွမ်းအင်စစ်အပေါ် ပုံမှန်မဟုတ်သော ထိန်းချုပ်မှုတစ်ခုရှိရမည်ဟုလည်း သူတို့ သဘာဝအလျောက် နားလည်ထားကြသည်။
မကြာသေးမီကမှ နာမည်ကြီးလာသော ဤကျောင်းသားသည် တကယ့်ကိုပင် လုပ်နိုင်စွမ်းရှိသည်။ သူသည် သာမန်တော့ မဟုတ်ပေ။ သို့သော် ကျင့်ကြံရေး၏အဓိကတားမြစ်ချက်ဖြစ်သည့်အတွက် မည်သူကမှ ချူးယွင်ဖန်းကို မနှောက်ယှက်ရဲကြပေ။ တစ်ယောက်ယောက်က ချူးယွင်ဖန်းကို သေသည်အထိတိုက်ခိုက်ရန် အဆင်သင့်မဖြစ်သရွေ့တော့ ဤသည်မှာ မဖြစ်နိုင်ပေ။
ချူးယွင်ဖန်းအားဝန်းရံထားသော စွမ်းအင်စစ်က ရုတ်ချည်းပင် ပျောက်ကွယ်သွားသည်။ ၎င်းနောက်တွင် ပို၍ ထိတ်လန့်ဖွယ်ကောင်းသော အရောင်အဝါတစ်ခုက ရေကာတာမှ ရေလျှံသည့်နှယ် သူ့ခန္ဓာကိုယ်မှ ဖျာထွက်လာ၏။ ဤရုတ်ချည်းပြောင်းလဲမှုအပြီးတွင် ခပ်မြန်မြန်ပင် ပျောက်ကွယ်သွားပြန်၏။ ချူးယွင်ဖန်းနားမှ ကျောင်းသားအနည်းငယ်သာလျှင် ခံစားမိနိုင်လိုက်သည်။ သူတို့က ချူးယွင်ဖန်းအား လှည့်ကြည့်သော အခါတွင်မူ မည်သည်ကိုမှမမြင်တော့သည့်အတွက်ကြောင့် စိတ်ရှုပ်ထွေးစွာ ပြန်လှည့်သွားကြ၏။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက မျက်စိဖွင့်လိုက်သည်။ ထိုမျက်လုံးများသည် စွမ်းအင်စစ်၏ရောင်ဝါသဖွယ် ကြည်လင်တောက်ပနေ၏။ သူ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်သော်လည်း မည်သူမျှ သတိမထားမိပေ။ လဝက်မရပ်မနားကျင့်ကြံပြီးနောက် နောက်ဆုံးတွင် ပထမအဆင့်၏ အထွဋ်အထိပ်ကာလကို ကျော်ဖြတ်ကာ ဒုတိယအဆင့်သို့ ခြေလှမ်းနိုင်ပြီမှန်း သူသာလျှင်သိ၏။
အတန်းရဲ့ ထိပ်တန်းကျောင်းသားတွေကို သူအမှီလိုက်နိုင်ပြီဖြစ်သည်။
အခန်း (၆၉) လက်နက်များ ရောက်ရှိခြင်း
ချီပင်လယ်ဒုတိယအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ချူးယွင်ဖန်းက သူ့ကိုယ်တွင်းရှိ ချီပင်လယ်မှာ ပို၍ကြီးလာမှန်း ခံစားမိ၏။ ချီပင်လယ်အဆင့်တွင် ကျင့်ကြံမှုသည် မိမိ၏ ချီပင်လယ်ပမာဏနှင့်အတူ ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤသည်မှာ မိမိ၏ ချီပင်လယ်ကို အလုံးစုံတည်ငြိမ်ကာ မပြိုကွဲတော့သည်အထိလေ့ကျင့်ရသော ဖြစ်စဥ်ဖြစ်သည်။
သူ့ ချီပင်လယ် ကြီးမာလာသည်နှင့်အမျှ ချူးယွင်ဖန်းသည် စွမ်းအင်စစ်ကို ပို၍ ကျယ်ပြန့်ရန် စွမ်းဆောင်နိုင်လာကာ တိုက်ခိုက်စွမ်းရည်လည်း ပို၍ မြင့်တက်လာ၏။ ဤအခိုက်အတန့်တွင် လေ့ကျင့်ခန်းရှိကျောင်းသား အားလုံးမှာ လေ့ကျင့်နေကြ၏။ ထို့ကြောင့် ချူးယွင်ဖန်း၏ ထူးဆန်းသောဖြစ်ရပ်ကို မမြင်လိုက်ကြချေ။
လေ့ကျင့်ခန်းတစ်ခုလုံးကို အပိုင်း(၂)ခုခွဲနိုင်သည်။ တရားထိုင်ရန်နေရာနှင့် လက်နက်၊ တိုက်ခတ်လေ့ကျင့်ခြင်း နေရာဟူ၍ပင်။ နေရာနှစ်ခုလုံးကို အထူးပြုလုပ်ထားသော အသံလုံနံရံများဖြင့်ခြားထားသည်။ ထို့ကြောင့် အဖွဲ့နှစ်ဖွဲ့သည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်၍မရပေ။
သို့သော် သိပ်မကြာခင်တွင် ဂေါင်ဟုန်ချီ က အခန်းထဲဝင်လာကာ ချူးယွင်ဖန်း၏ ဘေးဘက်သို့ ပြေးလာ၏။
“ယွင်ဖန်း၊ ဆရာကျင်းက လက်နက်တွေလွှဲပြောင်းပေးနေပြီ”
ဂေါင်ဟုန်ချီကဆိုသည်။
ချူးယွင်ဖန်း၏ မျက်လုံးများသည် ချက်ချင်းပွင့်လာ၏။ သူက ငေါက်ခနဲထရပ်ကာ ဆိုသည်။
“သွားစို့၊ ငါတို့လက်နက်တွေသွားယူရအောင်”
ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့သည် မကြာမီတွင်ပင် ကျောင်းခန်းမသို့ ရောက်လာကြသည်။ အထဲတွင် ကျင်းဝူက လက်နက်များကို အတန်း(၂) ကျောင်းသားများအား ဝေနေ၏။ လက်နက်တစ်ခုပြီးတစ်ခုကို လွှဲပြောင်းပေးအပ်လိုက်သည်။ ၎င်းတို့ကို အမည်မသိမွန်းစတား တစ်ကောင်၏ အရေခွံဖြင့်ပြုလုပ်ထားသော အကာအကွယ်အိတ်ထဲသို့ ထည့်ထား၏။ ထိုအပေါ်တွင်မူ ပိုင်ရှင်၏ အမည်ကိုရေးထားသည်။ ဤသည်မှာ ပြည်ထောင်စုအစိုးရမှ လောလောလတ်လတ်ပြုလုပ်ထား သိသာစေသည်။ သိုလှောင်ခန်းမှ လက်နက်အဟောင်းများမဟုတ်။
အတန်း(၂) မှကျောင်းသားများအပြင် အဆင့်နိမ့်အတန်းများမှ ကျောင်းသားများကလည်း ဤပွဲကိုကြည့်ရှု့ရန်ရောက်နေကြ၏။ အထူးတန်းကျောင်းသားများမှလွဲ၍ အခြားအတန်းများသည် လက်နက်ရရန် နောက်စာသင်နှစ်အထိစောင့်ရမည်ဖြစ်၏။ အဆင့်နိမ့်များသည် သန်မာသင့်သလောက် သန်မာရန်ပင် အတော်လေး ကြိုးစားရဦးမည်။ ထို့ကြောင့် သူတို့ အလှည့်ရောက်ရန် တစ်နှစ်၊ နှစ်နှစ်တော့ စောင့်ကြရမည်ပင်ဖြစ်သည်။
ချူးယွင်ဖန်းက ယခင်စီနီယာများကို သတိရမိသွားသည်။ သူတို့လက်နက်ပေးအပ်ပွဲတုန်းကလည်း သူကြည့်နေခဲ့ဖူး၏။
ထိုအချိန်ကတော့ သူမည်သည့်အချိန် လက်နက်ကိုလက်ခံရရှိမည်၊ မည်သည့်အချိန်တွင် မွန်းစတား များကို တိုက်ခိုက်နိုင်မည်ကို စိတ်ကူးယဥ်ခဲ့ဖူးသည်။ တစ်နေ့တွင် မွန်းစတား များကို ရှေ့တန်းမှနေ၍သုတ်သင်နိုင်ရန်၊ လူသားမျိုးနွယ်၏ မြင့်မြတ်သောလူစွမ်းကောင်းတစ်ဦးဖြစ်လာရန် စိတ်ကူးယဥ်ခဲ့သည်။
နောက်ဆုံးတွင် ပြည်သူလူထု၏ လက်ရှိအမြင်တွင် မွန်းစတား များနှင့် ဆန့်ကျင်နိုင်သော ကျွမ်းကျင်သူများကိုနှစ်သက်၏။ ထိုလူတို့သည် မြင့်မြတ်သောလူစွမ်းကောင်းများဖြစ်လာကာ လူအများ၏ ပါးစပ်တွင် ပြောစမှတ်တွင်လာပေလိမ့်မည်။
ချူးယွင်ဖန်းက သူ၏ တိုက်ပွဲသုံးဓားကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် သူက ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်ကာကြည့်လိုက်သည်။ ဤဓားသည် ထက်ကာ နက်ပြာရောင်အလင်းတန်းတစ်ခုနှင့် ရောထွေးလျက်ရှိသည်။ ၎င်း၏ ရောင်ပြန်ဟပ်မှုသည် သူ့မျက်လုံးများကိုပင် ကန်းလုနီးပါးဖြစ်နေ၏။
ခေတ်သစ်လူ့အဖွဲ့အစည်း၏ စံသတ်မှတ်ချက်များအရ တိုက်ပွဲဓားများသည် စျေးကြီးသည်ဟုမယူဆနိုင်ပေ။ ဤသည်မှာ သိပ္ပံ နှင့် နည်းပညာ၏ တိုးတက်မှုကြောင့်ဖြစ်၏။ အကယ်၍သာ ဤသည်မှာ ကြီးမားသောကပ်ဘေးကာလ၊ လွန်ခဲ့သော နှစ်ရာကျော်ခန့်ကဖြစ်မည်ဆိုလျှင် ဤလက်နက်သည် နတ်လက်နက်တစ်ခုပင်ဖြစ်ခဲ့လိမ့်မည်။ ထိုမွန်းစတား များနှင့် ရင်ဆိုင်ရန်မှာ သူသေ ကိုယ်သေသာဖြစ်၏။
အစောပိုင်းကာလများတွင် ကမ္ဘာ့မွန်းစတား များက ဆင့်ကဲ့ပြောင်းလဲမှုအဆင့်များတွင်သာရှိသေးကာ လက်ရှိကဲ့သို့ ကြောက်စဖွယ်မကောင်းသေးပေ။ ယင်းကာလမွန်းစတား များသည် (လက်ရှိခေတ် ချူးယွင်ဖန်းသည်ပင်) ဘွဲ့မရသေးသော၊ ငွေနောက်လိုက်နေရသော လူငယ်များကို အလုပ်ရစေနိုင်သည်။
ဘာသာပြန်၏ မှတ်ချက်။ ။ ထိုမွန်းစတား များသည် အားနည်းလွန်းသဖြင့် ချူးယွင်ဖန်းကဲ့သို့ လူငယ်များပင် နှိမ်နင်းနိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။
စစ်ပွဲသည် သိပ္ပံနှင့် နည်းပညာကို မြှင့်တင်ရေးအတွက် အဓိကအကြောင်းအရာဖြစ်သည်။မွန်းစတား များ၏ အဆက်မပြတ်သော ဖိအားအောက်တွင် လူသားသိပ္ပံနှင့် နည်းပညာတို့သည် မြန်ဆန်သောအလျင်ဖြင့်တိုးတက်လာသည်။ လူသားများ၏ ဖိအားအောက်တွင် ကြမ်းကြုတ်သော မွန်းစတား များ၏ ကြီးထွားမှုသည်လည်း မြန်ဆန်၏။ ထို့ကြောင့် ဤနှစ်ပေါင်းရာချီအတွင်းတွင်၊ လူသားများက မွန်းစတား များကို အပြီးသတ်မျိုးဖြုတ်ရန်မဖြစ်နိုင်ခဲ့သလို မွန်းစတား များကလည်း လူသားများကို အပြီးသတ်မဖျက်စီးနိုင်ခဲ့ပေ။
ချူးယွင်ဖန်းအပြင်၊ ဂေါင်ဟုန်ချီသည်လည် သူ၏ လှံထမ်းအိတ်ကို ချွတ်ကာ လှပသော လှံပြကွက်တစ်ခုကို ကနေ၏။ သူ၏ ဖောင်းတုတ်သော ခန္ဓာအတွက်မူ တမူထူးခြားသော ပေါင်းစပ်မှုဖြစ်နေသည်။
သိသာစွာပင် ဤသည်မှာ ပထမဆုံးအကြိမ် လှံကိုင်ဖူးခြင်းမဖြစ်နိုင်ပေ။ ဤသည်မှာလည်း ပုံမှန်ပင်ဖြစ်သည်။ သာမန်မိသားစုမှလာသော ချူးယွင်ဖန်းအတွက် ကျောင်းမှဖြန့်ဝေ၍သာ ဤသို့ လက်နက်များနှင့် ပထမဆုံးအကြိမ်ထိတွေ့ရခြင်းဖြစ်သည်။ ဂေါင်ဟုန်ချီကဲ့သို့ လူချမ်းသာမျိုးဆက်အတွက်မူ ဤသို့သော လက်နက် များနှင့် ဟိုးငယ်စဥ်ဘဝတည်းက ထိတွေ့ခွင့်ရပြီးသားဖြစ်လောက်သည်။ သို့သော်လည်း ထိုစဥ်က သိုင်းပညာအဆင့်များကိုသာ ကျော်ဖြတ်ရန် အာရုံစိုက်ထားကြရ၍ လက်နက်များနှင့် သိပ်လေ့ကျင့်ရန်မလိုပေ။
ဤသည်မှာ လူချမ်းသာမျိုးဆက်နှင့် သာမန်လူတို့၏ကွဲပြားချက်ပင်ဖြစ်သည်။ သူတို့မွေးဖွားလာစဥ်တည်းက သာမန်လူနှင့် လူချမ်းသာငယ်တို့၏ဘဝသည် မိုင်ပေါင်းများစွာဝေးကွာ၏။ အဦးဆုံးအနေဖြင့် နှစ်ဘက်စလုံး၏ ဗဟုသုတနှင့် ကျင့်စဥ်များသည် အဆင့်တူချင်းမဟုတ်ပေ။ နှစ်ဘက်ယှဥ်ပြိုင်ပါက လူချမ်းသာမျိူးဆက်တို့သည် သူတို့၏ အဆက်အသွယ်များကိုပင် သိပ်သုံးရန်လိုမည်မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင်အရည်အသွေးကိုသာသုံးရုံဖြင့် သာမန်လူများထက် အဆပေါင်းများစွာ သန်မာနိုင်၏။
“မင်းတို့နှစ်ယောက်လုံး ကိုယ့်လက်နက်ကိုယ်ရပြီ၊ ဒါပေမယ့် မင်းတို့ရဲ့အတန်းပိုင်အနေနဲ့ ကိစ္စတစ်ခုသတိပေးဖို့ ရှိသေးတယ်။ ပြည်ထောင်စုအစိုးရက သာမန်လူတွေကို လက်နက်ကိုင်ခွင့်ပေးထားပေမယ့် မင်းတို့ကိုယ့် ကန့်သတ်ချက်ကိုယ် နားလည်တာ ပိုကောင်းလိမ့်မယ်။ တရားမဝင်တဲ့အရာတွေအတွက် လက်နက်ကို အသုံးချရင် မင်းတို့ တန်ရာတန်ကြေးကိုပေးရလိမ့်မယ်” ကျင်းဝူက တည်ကြည်သော မျက်နှာထားနှင့်ဆိုသည်။
ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့က အလျှင်အမြန်ပင် ခေါင်းညိတ်ကြသည်။ ယခုခေတ်နေ့ရက်များတွင်၊ လူတိုင်းသည် သိုင်းပညာကို နဂါးများကဲ့သို့ လေ့ကျင့်ကြသည်။ ယခင်နှစ်သုံးဆယ်မှ နှစ်ငါးဆယ်ေလာက် မည်သည့်မိသားစုက သိုင်းပညာ မကျင့်ဖူးဘဲ နေလိမ့်မည်နည်း။ အကယ်၍သာ တောပုန်းဓားပြများနှင့်ရင်ဆိုင်ရပါက မည်သူကဓားပြတိုက်၍ မည်သူကခံရသည်ကိုပင်ပြောရန်ခက်လိမ့်မည်။
မိမိလက်နက်များကို လက်ခံယူပြီးသည့်နောက်တွင် ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့သည် သူတို့၏ လေ့ကျင့်ခန်းသို့ အမြန်ပြန်သွားကြ၏။ လက်နက်ရကာစ ကျောင်းသားအများသည် လေ့ကျင့်ရေးအခန်း၏ တိုက်ခိုက်ဧရိယာတွင် သူတို့၏လက်နက်များကို စမ်းသပ်နေကြ၏။ အချိန်တစ်ခုအကြာအထိ အော်သံပေါင်းစုံသည် လေထုထဲတွင် မြည်ဟီးနေသည်။
ချူးယွင်ဖန်းက ကောင်းမွန်သော ထောင့်တစ်ခုကိုရှာတွေ့ကာ သူ့လက်နက်ကို စမ်းသပ်ကြည့်သည်။ အစတွင် လေဟုန်တိုက်ခွင်းဓားသိုင်းရော ကမ္ဘာခွဲဓားသိုင်းပါ တစ်ချိန်တည်းလေ့ကျင့်ရန် ဆုံးဖြတ်ထားသော်လည်း တစ်ခုကို အရင်စရန်လိုသေးသည်။ ထို့ကြောင့် သူက ကမ္ဘာခွဲဓားသိုင်းကို ရွေးချယ်လိုက်သည်။ ကမ္ဘာခွဲဓားသိုင်း၏ အားအင်သည် ထူထဲကာ လေးလံ၏။ လွှဲချက်တစ်ခုတွင် တောင်တစ်လုံးကိုပင် နှစ်ခြမ်းခွဲနိုင်သော စွမ်းအားရှိသည်။
ချူးယွင်ဖန်းက သူအင်တာနက်တွင်မြင်ဖူးသော ကမ္ဘာခွဲဓားသိုင်း၏ အခြေခံသင်ကြားရေး ဗီဒီယိုများကို ပြန်တွေးနေသည်။ သင်ကြားရေး၏ နည်းစနစ်များကို ပုံဖော်နေကာ တစ်စုံတစ်ဦးက သူ့စိတ်ထဲတွင် ထိုနည်းလမ်းများကို ပြသနေသည့်အလား ခံစားနေ၏။ သူ့စိတ်ထဲမှ လူက ဓားချက်တစ်ခုကိုပြသတိုင်း ချူးယွင်ဖန်း၏ ကမ္ဘာခွဲဓားသိုင်းအပေါ် နားလည်မှုမှာ ပို၍နက်နဲလာသည်။ သူ့အံ့ဖွယ် နားလည်မှုစွမ်းရည်သည် စတင်၍ အစွမ်းပြလာ၏။
ပုံဖော်ပြီးခဏအကြာတွင် ချူးယွင်ဖန်းက တွေးနေရာမှရပ်လိုက်သည်။ သူက မျက်လုံးများကို ဖွင့်ကာ လက်ထဲမှ ချွန်ထက်သော ဓားကို ဝှေ့ယမ်းလိုက်သည်။
ချွင်
ကျယ်လောင်သော အသံတစ်ခုက လေထဲမှဖြတ်ပြေးလာ၏။ ဤသည်မှာ ချူးယွင်ဖန်းလက်ထဲမှ ချွန်ထက်သော ဓားသွား၏ အသံဖြစ်သည်။
ချွင်
ဤအသံက လူတိုင်း၏နှလုံးကို တုန်လှုပ်သွားစေသည်။ ဓားသွယ်ခုတ်သော အခိုက်အတန့်တွင် ၎င်းသည်စွမ်းအားကြီးကာ လေးလံ၏။ အလွန်ကြောက်စဖွယ်ကောင်းသောစွမ်းအားကြီးတစ်ခုဟု ထင်ရသည်။
ဓားခုတ်သောအခါ ချူးယွင်ဖန်းသည် ဓားသွားကိုလှည့်၍ ရေပြင်ညီလမ်းကြောင်းအတိုင်း အလျားလိုက် ဟက်တက်ခုတ်သည်။ ကမ္ဘာခွဲဓားသိုင်းသည် အင်အားကြီးသော်လည်း အလျင်တော့ မနှေးပေ။ ဤသည်မှာ အရှိန်ကမမြန်ဟု ဆိုလိုခြင်းမဟုတ်ပါ။ တကယ်တမ်းတွင် ကမ္ဘာခွဲဓားသိုင်းသည် အရှိန်မြန်ကာ အားပါ၍ အဆက်မပြတ်ပေ။ ပထမခုတ်ချက်ဆုံးသည်နှင့် ဒုတိယတစ်ချက်က ချက်ချင်းပါလာ၏။
ခုတ်ချက်များသည် ယခင်ခုတ်ချက်၏ အားအင်ကို ယူကာ တစ်ချက်ပြီးတစ်ချက်တွင် ပို၍ အားကောင်းလာသည်။ ခုတ်ချက်များ၏အင်အားမှာ စုပုံလာကာ အဆုံးတွင် ကြီးမားသန်မာသော ရန်သူကိုပင် ခုတ်ဖြတ်နိုင်၏။
ဤသည်ကား လေဟုန်တိုက်ခွင်းဓားသိုင်းနှင့် လုံးဝကွဲပြားသည်။ ဤသိုင်းက အလျင်ပေါ်တွင် သေချာပေါက်မှီခိုထား၏။ ဤသိုင်းကွက်တွင် ခုတ်ချက်အားလုံးသည် အင်မတန်လျင်မြန်သော ခုတ်ချက်များသာဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက်သည် ခုတ်ချက်များ၏ အလျင်ကို အမှီလိုက်ရန် မဖြစ်နိုင်ပေ။ ဤသိုင်းသည်လည်း ပြိုင်ဘက်ကို ခုတ်ဖြတ်ရန် အသုံးဝင်၏။
ဓားသိုင်းနှစ်ခုလုံးသည်လုံးဝကွဲပြားသည်။ အကယ်၍ နှစ်ခုလုံးကိုသာ အတူတွဲသုံးပါက ရလဒ်မှာ ပို၍ပင် ထိတ်လန့်ဖွယ်ဖြစ်ပေလိမ့်မည်။ ဤသည်ကား ချူးယွင်ဖန်း၏ အကြံသာဖြစ်သည်။