← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အပိုင်း(၇၀) ဂေါင်ဟုန်ချီနှင့် ဗိုလ်လုပွဲ

ချူးယွင်ဖန်းက ကမ္ဘာခွဲဓားသိုင်းကို အသုံးပြုနေသော်လည်း သူ့အလျင်ကိုတော့ မမြှင့်ပေ။ ခွန်အားကို အလုံးစုံ အသုံးမပြုခြင်းကြောင့်သာ မဟုတ်လျှင် ဒီ့ထက်ပို၍ လျင်မြန်မည်မှာ သေချာ၏။ သို့သော်လည်း၊ ဤအရာက သူ့လှုပ်ရှားမှုများကို ပို၍ပြည့်စုံစေသည်။

ဤသည်မှာ ကမ္ဘာခွဲဓားသိုင်း၏ အချက်အချာပင်ဖြစ်သည်။ ဓားချက်တိုင်းသည် သန်မာကာ တောင်ကိုဖြိုနေသကဲ့သို့ ထင်ရခြင်းဖြစ်သည်။ သို့သော် ဤသည်မှာ အပြင်ပန်းသာဖြစ်၏၊ တကယ်တမ်း ကြောက်ဖွယ်ကောင်းသည်မှာ အဆုံးမသတ်သောနောက်ဆက်တွဲ ဓားချက်များဖြစ်သည်။ တစ်ချက်ပြီး တစ်ချက်၊ အချက်တိုင်းသည် ရှေ့မှဓားချက်ထက် ပို၍သာ၏။ ဤသည်မှာ ဤဓားသိုင်း၏ ထိတ်လန့်ဖွယ်အကောင်းဆုံးအရာပင်ဖြစ်သည်။

ဤဓားသိုင်းကို ကျင့်ကြံသောလူအများစုသည် နှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှသာ ဤအချက်ကို သတိထားမိကြလိမ့်မည်။ သင်ပြသည့်ဆရာ၊ သို့မဟုတ် ပညာရှင်တစ်ဦးဦး၏ အွန်လိုင်းမှ သိုင်းပညာသင်ကြားရေး ဗီဒီယိုများကိုကြည့်ဖူးမှသာ ကျင့်ကြံသူသည် ဤသိုင်း၏ အကောင်းဆုံးအပိုင်းများကို ရွေးထုတ်နိုင်ချေရှိ၏။

သို့သော် ချူးယွင်ဖန်းသည် ကွဲပြားသည်။ ကမ္ဘာခွဲဓားသိုင်းကို သူစတင်လေ့ကျင့်သည့် အခိုက်အတန့်တွင်ပင် ဤဓားသိုင်း၏ အဓိက အစိတ်အပိုင်းကို နားလည်နှင့်ပြီးသားဖြစ်သည်။ သူသည် တစ်ချက်ကြည့်ရုံနှင့်တင် ယင်းမှ ကောက်ချက်ချယူနိုင်၏။

ချွင်

ချွင်

ချွင်

ချူးယွင်ဖန်းက ဆက်လက်၍ ကမ္ဘာခွဲဓားသိုင်းကိုလေ့ကျင့်သည်။ ဓားချက်များ၏ အလျင်သည်မမြန်သော်လည်း ၎င်းတို့၏နောက်ကွယ်မှ စွမ်းအင်သည်မူ ပို၍ ပို၍ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာနေသည်။

ချူးယွင်ဖန်းက ဤနည်းအတိုင်းဆက်လက်၍ လေ့ကျင့်သည်။ သူက အာရုံစူးစိုက်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိကာ သူ့ဘေးမှလူများကို လုံးဝဥပက္ခာပြုလိုက်၏၊ အခြားသူများသည်လည်း မိမိကိုယ်ပိုင်လက်နက်နှင့် သိုင်းပညာ လေ့ကျင့်ခြင်းတွင် အာရုံစူးစိုက်နစ်မြုပ်နေ၏။ ချူးယွင်ဖန်းကိုလည်း အာရုံသိပ်မစိုက်ကြပေ။

ဤသို့ပင် ချူးယွင်ဖန်းက ဆက်လက်၍လေ့ကျင့်သည်။ အချိန်တချို့ကြာပြီးသည့်နောက်တွင် သူက ပင်ပန်းကာ ဆာလောင်လာသည်။ ထို့ကြောင့် ဖျတ်လတ်ခြင်းဆေးရည်ကို သောက်ကာ သူ့ခွန်အားကို ပြန်လည်ပြည့်စေသည်။ ထို့နောက် ဆက်၍လေ့ကျင့်၏။ သူက မနက်မှ နေ့လယ်အထိ ဆက်တိုက်လေ့ကျင့်သည်။

ချွင်

ချူးယွင်ဖန်း နောက်ဆုံးဓားချက် ခုတ်အပြီးတွင် ထိတ်လန့်ဖွယ်အရှိန်အဝါတစ်ခု လေကိုခုတ်ဖြတ်လိုက်သည်သာမက ဓား၏ အသွားသည်လည်း မသိမသာတုန်ခါသွား၏။

“ ပြီးပြီ၊ ငါ ကျွမ်းကျင်အဆင့်ကို‌ရောက်ပြီ”

သူ့မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။ နေ့တစ်ဝက်ကျော်လောက် လေ့ကျင့်ပြီးသည့်နောက်တွင် သူသည် ကမ္ဘာခွဲဓားသိုင်း၏ ကျွမ်းကျင်အဆင့်သို့ ရောက်ပြီဖြစ်သည်။ ပြစ်ချက်ကင်းမဲ့အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏။ ချူးယွင်ဖန်းသည် အခြေခံအဆင့်ကို တိုက်ရိုက်ပင် ကျော်ချလာခဲ့ခြင်းဖြစ်သည်။

တကယ်တမ်းတွင် သိုင်းပညာအဆင့်လေးခု ( အခြေခံအဆင့်၊ ကျွမ်းကျင်အဆင့်၊ ပြစ်ချက်ကင်းအဆင့်၊ ပြီးပြည့်စုံအဆင့်) အနက်တွင် အခြေခံအဆင့်သည် အလွယ်ကူဆုံးဖြစ်သည်။ သီအိုရီအရဆိုရလျှင် ကျင့်ကြံသူ၏ သိုင်းပညာကို ဆက်တိုက်အသုံးပြုနိုင်သရွေ့ ထိုသူသည် ကျွမ်းကျင်အဆင့်ကို အောင်မြင်ပြီးသားဖြစ်လိမ့်မည်ဖြစ်သည်။

သိုင်းပညာအဆင့်အကုန်လုံးကို ချောချောမွေ့မွေ့ အသုံးချနိုင်ပါက ကျင့်ကြံသူသည် ပြစ်ချက်ကင်းအဆင့်သို့ရောက်ရှိမည်ဖြစ်သည်။ ဤအဆင့်သည် လေ့ကျင့်မှုထက် ဘာမှမပိုပါ။ မည်သည့် သိုင်းပညာကို ကျင့်ကြံစေကာမူ အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်နေသရွေ့တော့ ကျင့်ကြံသူသည် ပြစ်ချက်ကင်းအဆင့အဆင့်ရောက်မည်မှာ သေချာ၏။

ပြီးပြည့်စုံအဆင့်သို့ရောက်ရှိခြင်းကမူ ကျင့်ကြံသူ၏ သိုင်းပညာသဘောပေါက်မှုအပေါ်မူတည်၏။ များစွာသော သိုင်းကွက်များကို အရပ်အနားမရှိချိတ်ဆက်နိုင်ခြင်းကို ပြီးပြည့်စုံအဆင့်သို့ ယူဆနိုင်သည်။ ဤသိုင်းပညာအစုတွင် အမှား အနည်းငယ်သာရှိ၏။

တကယ် အခက်အခဲမှာ ပြည့်စုံခြင်းသို့ ရောက်ရှိရန်သာဖြစ်သည်။ ဤသိုင်းပညာရပ်၏ အနှစ်သာရကို သဘောပေါက်နိုင်ရန် ကျင့်ကြံသူသည် ဓားချက်တစ်ခုလုပ်စဥ်တိုင်းအာရုံစိုက်နိုင်ရမည်ဖြစ်သည်။ ချူးယွင်ဖန်း နတ်ဆိုးကျားလက်သီး (သိုင်းကွက်) အသုံးပြုစဥ်ကကဲ့သို့ပင်ဖြစ်သည်။ သူ့မျက်လုံးများကို မှိတ်ထားလျှင်တောင် ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ ခံစားနိုင်သေး၏။

ဤအခိုက်အတန့်တွင် စူးဝါးကျယ်လောင်သော အသံတစ်ခုက သတ္တုတစ်ခု၏ တုန်ခါမှုနှင့်အတူ လေထဲမှတစ်ဆင့် ဖောက်ထွင်းထွက်လာ၏။ မီးပွားများဖြင့် ဖုံးအုပ်လျက်ရှိသော လှံတစ်ခုသည် ချူးယွင်ဖန်းရှေ့တွင် ပေါ်ထွက်လာသည်။ အလိုအလျောက်ပင်၊ ချူးယွင်ဖန်းက သူ့လက်ကိုမြှောက်ကာ ဓားသွယ်ဖြင့် ခုတ်ချလိုက်၏။

ချလန်

သတ္တုပွတ်တိုက်မှု၏ ကြည်လင်သော ရင်ဖိုစဖွယ်အသံက ပေါ်ထွက်လာ၏။

လှံရှည်သည် တားစီးခံလိုက်ရသည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက သူ့ခေါင်းကိုမော့ကာ လှံပိုင်ရှင်ကို မော့ကြည့်လိုက်သည်။ တိုက်ခိုက်သူမှာ မရိုမသေပြုံးဖြင့် ပြုံးကြည့်နေသော ဂေါင်ဟုန်ချီမှလွဲ တခြားမဟုတ်ပေ။

ချူးယွင်ဖန်း၏ တွန်းလှန်မှုကို ခံလိုက်ရအပြီးတွင် ဂေါင်ဟုန်ချီက ‌အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ လှံကိုယ်ထည်၏ တုန်ခါမှုကို ခံစားမိ၏။ ဘေးကျပ်နံကျပ်ကာလတွင် ဤရုတ်တရတ်တုံ့ပြန်မှုမှာ တော်ရုံတော့မဟုတ်သည်မို့ ရုတ်တရက်ထိတ်လန့်သွားမိသည်။

ဤအချိန်တွင် သူ့သူငယ်ချင်းကောင်း၏ ခွန်အားကို အနည်းငယ် ခံစားမိလိုက်သည်။ ဂေါင်ဟုန်ချီက ဤတိုက်ခိုက်မှုတွင် အားကုန်သုံးထားကာ ချူးယွင်ဖန်းကို သတ်ရန်ကြိုးစားနေခြင်းမဟုတ်ပေ။ ဓားသွယ်ဖြင့်အလျင်အမြန် ဖယ်ခုတ်လိုက်သော ချူးယွင်ဖန်းသည်လည်း သူ့အားကုန်သုံးထားခြင်းမဟုတ်ပေ။

ဤဖြစ်ရပ်အပြီးတွင် ဂေါင်ဟုန်ချီက ဟန်ချက်ကိုထိန်းရန် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အနည်းငယ်သာယိုင်သွားသည်။ ဤတစ်ခဏတွင် သူတို့နှစ်ဦး၏ ကိုယ်ခန္ဓာတည်ဆောက်ပုံ ကွာခြားမှုသည် သိသာသော်လည်း ဤသည်က ဂေါင်ဟုန်ချီ၏ ယှဥ်ပြိုင်ချင်စိတ်ကိုနိုးကြားစေသည်။ သူက ချူးယွင်ဖန်းကို ကြည့်ကာ ဆို၏။

“ ယွင်ဖန်း၊ လာစမ်းပါ။ ငါတို့လက်နက်တွေရတည်းက တစ်ယောက်နဲ့ တစ်ယောက် မချရသေးဘူး”

“ ဒါဆိုလည်း လာစမ်း၊ မင်း ငါ့ဆီ ရှုံးမှမငိုနဲ့” ချူးယွင်ဖန်းက အကျောမခံနိုင်ဇောဖြင့်ဆို၏။

“ ငိုရမှာက မင်းပဲ၊ ငါသင်ခဲ့တာက ပြည်‌ထောင်စုအစိုးရရဲ့ လူသိများတဲ့ အပေါစားအရာမဟုတ်ဘူး။ ငါသင်ခဲ့တဲ့ လှံသိုင်းကို မီးမုန်တိုင်းလှံသိုင်းလို့ခေါ်တယ်။ အခြားဘယ်တိုက်ကွက်ကမှ သူ့ကို ကျော်နိုင်မှာမဟုတ်ဘူး” ဂေါင်ဟုန်ချီက ခနဲ့သည်။

နှစ်ဦးကြား ဗိုလ်လုပွဲသည် အခြားကျောင်းသားများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ ကျောင်းသားအများစုက လက်နက်နှင့် ရင်းနှီးကျွမ်းဝင်ရန် လေ့ကျင့်နေကြသည့်အချိန်တွင် သူတို့နှစ်ဦးသည် ယှဥ်ပြိုင်တိုက်ခိုက်တော့မည်ဖြစ်၏။ အထူးသဖြင့် နှစ်ဦးသားသည် လက်ရွေးစင်များဖြစ်ကာ ချီပင်လယ်အဆင့်သို့ရောက်ရှိကြပြီးသားဖြစ်သဖြင့် အတန်းထဲတွင် အသန်မာဆုံးမဟုတ်ကြသော်လည်း နှစ်ဦးသည် ယှဥ်ပြိုင်ရန်သင့်တော်၏။

လူအများစုက သူတို့နှစ်ယောက်ကို ပြိုင်ဖက်များအဖြစ်ယူဆကြသည်။ မိမိကိုယ်တိုင်ရော ရန်သူအကြောင်းပါသိထားခြင်းဖြင့်ပင် ပြိုင်ပွဲပေါင်းရာချီကို အနိုင်ယူနိုင်၏၊ ဤသည်မှာ နှစ်ဦးသား၏ ခွန်အားကိုသိနိုင်ရန် အခွင့်အရေးကောင်းပင်ဖြစ်သည်။

“ဒါဆိုလည်း တိုက်ကြည့်ကြတာပေါ့” ချူးယွင်ဖန်းက ယှဥ်ပြိုင်ရန် တက်ကြွနေသည်။

“ငါ ဒီမှာလာပြီ၊ ငါ့လှံကို မြည်းကြည့်စမ်းပါ” ဂေါင်ဟုန်ချီက အော်လိုက်သည်။

သူ့ ၁၂မီတာရှည်သော လှံသည် လှပသောစက်ဝိုင်းကွေးတစ်ခုသဖွယ်ဖြစ်ကာ ရုတ်ချည်းပင် လျှပ်စီးတစ်ခုအဖြစ် လင်းထွက်လာ၏။ ဤမီးမုန်တိုင်းလှံသိုင်းသည် အလျင်ကို အဓိကထားသဖြင့် သူ့တိုက်ကွက်မှာ အလွန်မြန်၏။

လှံရှည်က ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်သို့ တရှိန်ထိုးပြေးဝင်လာ၏။ စောစောကတိုက်ခိုက်မှုကိုသုံးသပ်ခြင်းဖြင့် ဂေါင်ဟုန်ချီက သူ့သူငယ်ချင်းကောင်းသည် သာမန်လူမဟုတ်မှန်းသိသည်။ ထိန်းထားစရာပင်မလိုဘဲ အားကုန်သုံးကာ တိုက်ခိုက်ခဲ့နိုင်၏။ ချူးယွင်ဖန်းသည် လွန်လွန်ကဲကဲဖြစ်ချင်စိတ်မရှိသဖြင့သဖြင့် လက်ထဲမှ ဓားသွယ်ဖြင့် ခုတ်ချလိုက်၏။ သူ့ဓားသွယ်မှ အားသည် ထူထဲကာလေးလံ၏။ ထိုအခိုက်အတံ့တွင် တောင်တစ်ခုကို ခွဲချလိုက်သကဲ့သို့ပင် ခံစားရသည်။

ဤသည်မှာ နှိုင်းယှဥ်၍မရလောက်အောင် အားကြီး၏။

ချလန်

သတ္တုပွတ်တိုက်မှု၏ ကျယ်လောင်သော အသံမှာ မြည်ဟီးနေသည်။ ယခုမူ၊ နှစ်ဦးစလုံးသည် ခုဏကနှင့်ကွဲပြားနေကာ မည်သူကမှ ချုပ်တည်းထားခြင်းမရှိတော့ပေ။ ချက်ချင်းပင်၊ ပတ်ဝန်းကျင် လေထု၏ သိပ်သည်းမှုမှာ မြင့်တက်လာသည်။ ဂေါင်ဟုန်ချီလက်ထဲမှ လှံရှည်က ပြန်လည်ပိတ်ဆို့ခံလိုက်ရ၏။ ချူးယွင်ဖန်း၏ ခွန်အားကို မယှဥ်နိုင်မှန်း ခုဏကတိုက်ခိုက်မှုမှတစ်ဆင့် သိလိုက်ရသည်။ သူကိုယ်တိုင်သည်လည်း အနှိုင်းမဲ့သူများအုပ်စုတွင် ပါဝင်နှင့်ပြီးသားဖြစ်သည်ကြောင့် ချူးယွင်ဖန်းက သူ့ထက် သန်မာလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။

သူက ချက်ချင်း သူ့နည်းစနစ်ကို ‌ပြောင်းလိုက်သည်။ ချူးယွင်ဖန်းအားဆက်လက်၍ တိုက်ခိုက်ခြင်းမပြုတော့‌ဘဲ ချူးယွင်ဖန်းအား ထိတော့မည့်အခိုက်အတန့်တွင် သူက လှံကို ပြန်ရုတ်သိမ်းလိုက်သည်။

ချလန်

ချလန်

ချလန်

နှစ်ဦးသားလုံးသည် ပြင်းထန်လာသော တိုက်ပွဲတွင် စိတ်နှစ်ထားကြသကဲ့သို့ စူးစမ်းနေသော ကျောင်းသားများ၏ မျက်နှာ အမူအယာသည်လည်း တည်ငြိမ်လာကြသည်။ နှစ်ဦးစလုံးတွင် သာမန်မဟုတ်သော အ‌ရည်အချင်းရှိ၏။

သိုင်းပညာ အမျိုးအစားနှစ်ခု၊ တစ်ခုသည် လျပ်စီးကဲ့သို့ လျင်မြန်ကာ၊ တစ်ခုမှာမူ လေးနက်ကာ စွမ်းအားကြီး၏။ သို့သော် မတူညီသော လူနှစ်ယောက်၏လက်ထဲတွင်မူ နည်းစနစ်နှစ်ခုလုံးသည် မယုံကြည်နိုင်ဖွယ် စွမ်းအားကို ပြသနေ၏။

ချီပြည့်ဝခြင်းအဆင့်တွင်သာရှိသေးသော ကျောင်းသားများအဖို့တော့ ဤလူနှစ်ဦးသည် သူတို့မျက်လုံးများကို ဖမ်းစားနိုင်လွန်းသည်ဟု ယူဆရသည်။ သူတို့နှစ်ယောက်လုံးသည် အင်မတန်သန်မာသည်ကို ခံစား၍ရ၏။

အခန်း(၇၁) ယွမ် ၃.၂သန်း လွှဲပြောင်းပေးခြင်း

“သူတို့ နှစ်ယောက် အခုမှ လက်နက်တွေကို ရတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလောက်သန်မာနေကြတာလဲ။ ကျွမ်းကျင်အဆင့်ကိုတောင် ရောက်နေကြပြီနော်။ သူတို့လက်နက်ရဲ့ အသုံးပြုနည်းတွေနဲ့ အရမ်းရင်းနှီးနေကြတာပဲ”

“မှန်တယ်။ သူတို့ ကျွမ်းကျင်အဆင့်ကို ရောက်နေလောက်ပြီ။ ဂေါင်ဟုန်ချီကိုတော့ မပြောတော့ပါဘူး သူက ကိုယ်ပိုင် ဆရာနဲ့ အရင်တည်းက လေ့ကျင့်ပြီးသားဖြစ်လောက်တယ်။ ဒါပေမယ့် ချူးယွင်ဖန်းအကြောင်း ကြားရသလောက်တော့ သူ့မိသားစုက သာမန်ပဲတဲ့။ ဘယ်လိုလုပ် ကမ္ဘာခွဲဓားသိုင်းကို ဒီလောက် ရင်းနှီးကျွမ်းဝင်နေရတာလဲ”

လူအများသည် သတိမထားမိလိုက်ဘဲ သူတို့အချင်းချင်း ဆွေးနွေးနေမိကြသည်။

“ငါ ဒီမီးမုန်တိုင်းလှံသိုင်းကြားဖူးပါတယ်။ တန်းမြင့်လှံသိုင်းတစ်ခုတော့မဟုတ်ပေမယ့် ငါတို့အတွက်တော့ အဆင့်မြင့်တယ်ကွ။ လွန်ခဲ့တဲ့ နှစ်ရာကျော်လောက်က ပြိုင်ဘက်ကင်းကျွမ်းကျင်ပညာရှင်တစ်ယောက်က ဒီလှံသိုင်းကိုတီထွင်ခဲ့ပြီး သူ့ရန်သူတွေကို မျိုးသုဥ်းစေခဲ့တာပဲ”

“ဟုတ်တယ်၊ ဟုတ်တယ်။ ငါ လှံတိုက်ပွဲမှာ တစ်ယောက်ယောက် ဒီသိုင်းကိုသုံးတာ မြင်ဖူးတယ်။ အဲ့တာကို သုံးတာနဲ့ ရင်ဆိုင်ဖို့ခက်တယ်။ တကယ်လို့ ဂေါင်ဟုန်ချီသာ ပြိုင်ဘက်ရဲ့စည်းချက်ကိုဖျက်နိုင်ခဲ့ရင် အကုန်ပြီးသွားမှာပဲ။ ပြိုင်ဘက်ကို မနိုင်မချင်း လှံချက်တစ်ပြီးတစ်ခုက မုန်တိုင်းမိုးရွာချသလိုကျလာလိမ့်မယ်။

“ဒါက အတော်ရှားတဲ့ကိစ္စပဲ။ မီးမုန်တိုင်းလှံသိုင်းကအတော်လေး အားကောင်းတယ်။ ဒါပေမဲ့ ချုးယွင်ဖန်းက နည်းနည်းလေးတောင် မယိုင်သွားဘူး။ သူ့ခန္ဓာကိုယ်ကို ကမ္ဘာခွဲဓားသိုင်းနဲ့ တစ်ချက်ပြီးတစ်ချက် သေချာကာထားတာပဲ။ မီးမုန်တိုင်းလှံသိုင်းကကျ အားကို ထပ်မြှင့်လို့မရတဲ့အပြင် စွမ်းအားကလည်းသိသိသာသာနည်းတယ်”

“သူတို့နှစ်ယောက်က ငါတို့အတန်းရဲ့ လက်‌ရွေးစင်တွေဖြစ်ဖို့ ထိုက်တန်ပါတယ်။ အရမ်းစွမ်းအားကြီးကြတယ်။”

နှစ်ဦးကြားမှ ဓားချက်များသည် အတန်းရှိ ချီပင်လယ်အဆင့်ရောက်နေသော အခြားလက်‌ရွေးစင်များ၏ အာရုံကိုပင် ဖမ်းစားလျက်ရှိသည်။ လက်ရှိလူများတွင် အဆင့်အမြင့်နှင့် အဆင်နိမ့်များရောထွေးနေသော်လည်း သူတို့မှာမူ တူညီသော အဆင့်တွင်သာရှိသေးသဖြင့် သိုင်းပညာ၏ ခွန်အားကို အခုအချိန်တွင် ပြိုင်ပွဲရလဒ်ပေါ်မူတည်၍ ကောင်းစွာ ဆုံးဖြတ်ချက်ချနိုင်လိမ့်မည်။

သူတို့နှစ်ဦး သိခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း ချူးယွင်ဖန်းဖြစ်စေ ဂေါင်ဟုန်ချီဖြစ်စေ လက်တွေ့တွင် တိုက်ခိုက်ရန် အခွင့်အရေးနည်းပါးလွန်းသည်။ သို့မဟုတ် အခွင့်အရေးလုံးဝမရှိဟုပင် ဆိုနိုင်မည်လား။ ယခင်က ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့၏ ခွန်အားသည် သိသိသာသာ ကွဲပြားသည်။ ချူးယွင်ဖန်းသည်လည်း သူ့ခွန်အားသူသိသည်။ သူ့ကိုယ်သူ အရှက်ခွဲလိမ့်မည်တော့မဟုတ်ပေ။

ယခုမူ နှစ်ဦးသား၏ လက်ရည်သည် ညီနေကာ ရှားပါးသောတိုက်ပွဲတစ်ခုဖြစ်၏။ အထူးသဖြင့် နှစ်ဦးလုံးသည် ခုဏလေးတင်မှ လက်နက်များကိုစတင်လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တိုက်ဖော်တိုက်ဖက်အဖြစ်သဘောထားကာ သိုင်းကွက်အမျိုးမျိုးကို တစ်ကြိမ်တည်းတွင်သုံးနေ၏။

ထို့ကြောင့် လက်ရှိ မြင်ကွင်းတစ်ခုလုံးသည် ထူးကဲစွာပင် စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ်ကောင်းနေသည်။ သို့သော် ဤလူတို့သည် သာမန်လူများမဟုတ်သဖြင့် တိုက်ပွဲကမည်မျှကောင်းပါစေ အန္တရာယ်အလွန်ရှိသည်ကိုလည်း သဘာဝအလျောက် နားလည်ကြ၏။ လက်နက်စင်စစ်များကို အသုံးပြုခြင်းသည် မတော်တဆထိခိုက်မှုများကို လွယ်လွယ်ကူကူပင် ဖြစ်စေနိုင်သည်။ အကယ်၍ တစ်ယောက်ယောက်က မထိန်းချူပ်နိုင်လျှင်ပင် ကံဆိုးမိုးမှောင်ကျနိုင်၏။ ကံကောင်းစွာပင် လက်ရှိနည်းပညာသည် ယခင်ကထက် အလွန် တိုးတက်နေပြီဖြစ်သဖြင့် တစ်ယောက်ယောက် နေရာတွင်ပင် ပွဲချင်းပြီးမသေသရွေ့တော့ သေမင်းခံတွင်းဝကပင် ပြန်လည် ကယ်ဆယ်နိုင်၏။

တစ်ဖက်နှင့် တစ်ဖက်သည် သိုင်းကွက် ရာချီကို ပြုလုပ်နေကာ ဓားချက်တိုင်းသည် စွမ်းအင်အတော်များကို အသုံးပြုလျက်ရှိ၏။ ထို့ကြောင့် နှစ်ဦးသား၏ကြားမှ ကွဲပြားမှုသည်လည်း သိသာနေသည်။ ဂေါင်ဟုန်ချီသည် အသားပြည့်သော်လည်း တောင့်တင်းသောကိုယ်ခန္ဓာရှိသည်။ သို့သော် ယခုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ရေကန်ထဲမှတက်လာသကဲ့သို့ ရွှဲရွှဲစိုနေ၏။

သို့သော် ချူးယွင်ဖန်း၏အသက်ရှုနှုန်းသည် တည်ငြိမ်နေသေးကာ ချွေးစက်တစ်စက်ပင် မကျသေးပေ။ ဤအချက်ကိုကြည့်ကာ လူတိုင်းက ချူးယွင်ဖန်းလျှော့ပေးနေမှန်းသိလာကြသည်။ မဟုတ်လျှင် ဤမျှလောက်လွယ်လိမ့်မည် မဟုတ်ပေ။ သို့သော် ထိုသို့ဆိုလျှင်တောင် တိုက်ပွဲက စိတ်လှုပ်ရှားဖွယ်ကောင်းနေသေး၏။

အဆုံးသတ်တွင် တိုက်ပွဲ၏ အကူးအပြောင်းအချိန်သို့ရောက်လာသည်။ ဂေါင်ဟုန်ချီ၏ သက်လုံမှာ ခပ်မြန်မြန်ကျဆင်းလာသည်နှင့်အမျှ သူ့လှံချက်များမှာ သိသာစွာ အရှိန်လျော့ကျလာလျက် လှစ်ဟမှုများပေါ်ထွက်လာ၏။ ချူးယွင်ဖန်းက ဂေါင်ဟုန်ချီလှံရှည်ကို ဟက်တက်ခုတ်လိုက်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဂေါင်ဟုန်ချီ၏ ‌ရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ ဓားသွားသည် ဂေါင်ဟုန်ချီမျက်နှာနှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားသည်။ ဓားသွယ်၏ စူးရှသော စွမ်းအင်သည် ဂေါင်ဟုန်ချီ၏မျက်နှာကို ဖျက်စီးပစ်တော့မည်ထင်ရ၏။

သူ့စွမ်းအင်ကို လွယ်လွယ်ကူကူ ထိန်းချုပ်လျှော့ချလိုက်နိုင်ခြင်းက ချူးယွင်ဖန်း၏ခွန်အားမှာ နောက်အဆင့်တစ်ခုသို့ရောက်နေပြီဟု လူတိုင်းကို တွေးစေနိုင်သည်။

“ဟား ဟား ဟား ငါ့ စိတ်တိုင်းကျတိုက်နိုင်ခဲ့တာပဲ” ဂေါင်ဟုန်ချီက အလွန်အမင်းပျော်ရွှင်ကာ ဟားတိုက်ရယ်သည်။

“မင်း လျှော့ပေးနေမှန်းသိပေမဲ့ ကိစ္စမရှိပါဘူး ငါကျေနပ်တယ်ကွာ၊ ပျော်စရာ အချိန်ကောင်းလေးရခဲ့တာပဲ။ ငါ သိုင်းကွက်အကုန်လုံးကို ထုတ်သုံးနိုင်လိုက်တယ်။ မင်းက ငါ့မေးခွန်းတွေရဲ့ အဖြေကို ပေးလိုက်တာပဲ။ ဒါက တစ်ယောက်တည်းကျင့်တာထက် ၁၀ဆလောက် ပိုသာပါတယ်။ ငါမင်းကို နောက်ကျ ခဏခဏ လာရှာရတော့မှာပဲ ဟားဟား”

ဂေါင်ဟုန်ချီသည် အရူးတစ်ယောက်မဟုတ်ပေ။ ချူးယွင်ဖန်း သူ့ကို အလျှော့ပေးထားမှန်း အလိုလိုသိသည်။ သို့သော် ဤသည်က အဘယ်ကြောင့် သူ့အတွက်အရေးပါနေသနည်း။ ချူးယွင်ဖန်းတစ်ယောက် ခွန်အားကုန်ထုတ်မသုံးခြင်းက သူ့ကို အထင်သေးနေသည်ဟုခံစားရစေသော်လည်း၊ သူသည်လည်း စွမ်းအားအကုန်သုံးလိုက်ခြင်းမဟုတ်သဖြင့် မည်သူက ပိုသာသည်ဟု မဆိုနိုင်ပေ။

“ဟ ဟ၊ လာစမ်းပါ၊ မင်းသာ မျက်ရည်ကျတဲ့အထိ အတီးမခံနိုင်ရင်ပေါ့” ချူးယွင်ဖန်းက ခပ်တည်တည်ဆို၏။

လူအုပ်က ကြည့်စရာမရှိတော့သည့်နောက်တွင် တစ်ယောက်ပြီးတစ်ယောက် လေ့ကျင့်ရန်ပြန်သွားကြ၏။ အယောက်(၂၀) ရွေးချယ်မှုသည် သိပ်မလိုတော့ပေ။ ထိုအချိန်တွင် ကျောင်းရှိ ကွန်ပျူတာသိုင်းပညာရှင်များနှင့် တိုက်ခိုက်ခိုင်းလိမ့်မည်မဟုတ်ဘဲ နောက်ဆုံးအောင်နိုင်သူ မပေါ်မချင်း တစ်ဦးနှင့်တစ်ဦးတိုက်ရမည်ဖြစ်သည်။

ထိုအချိန်တွင် တိုက်ပွဲသည် အစစ်ဖြစ်လိမ့်မည်။ ထို့အပြင် မွန်းစတား များနှင့် တိုက်ပွဲသည်လည်း သိပ်မလိုတော့ပေ။ ထို့ကြောင့် ရသလောက်အချိန်ကို သုံးကာ ကျင့်ကြံကြရမည်ဖြစ်သည်။ ကံကောင်းစွာပင်၊ သိုင်းပညာအထူးတန်းသို့ တက်ရောက်ခွင့်ရသောသူတို့သည် အကောင်းဆုံးများသာဖြစ်သည်။ သူတို့၏ ကျင့်ကြံနှုန်းသည် အလွန်မြန်၏။ အကယ်၍သာ သာမန်အတန်းမှ ကျောင်းသားဖြစ်လျှင် ဤသို့သော လေ့ကျင့်ရေးတိုးတက်မှုကို အမှီလိုက်နိုင်လိမ့်မည်မဟုတ်ပေ။

ဤသည်မှာ ကျောင်းသားများကို အထူးတန်းနှင့် သာမန်အတန်းဟူ၍ ခွဲခြားထားလိုက်ရခြင်း၏ အကြောင်းပြချက်ဖြစ်သည်။ ပါရမီရှင်ကျောင်းသားများကို ပြုစုပျိုးထောင်ရန်နှင့် တစ်ချိန်တည်းမှာပင် သာမန်ကျောင်းသားများကို ဂရုစိုက်ပေးနိုင်ရန်ဖြစ်သည်။ အကယ်၍ သူတို့ကိုသာ အတူတူသင်ပါက တရားမျှတသည်ဟုထင်ရသော်လည်း နှစ်ဘက်လုံးအတွက် အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာဖြစ်လိမ့်မည်။

ချူးယွင်ဖန်း အိမ်သို့ပြန်သွားသောအခါ ယွမ် ၃.၂ သန်းရရှိသောအကြောင်းကြားစာကို လက်ခံရရှိသည်ချူးယွင်ဖန်းက လုချင်းရွှမ်တစ်ယောက် မရီးဒျန်သန့်စင်ဆေးကို ရောင်းချပြီးစီးပြီမှန်း သိလိုက်သည်။ ဤသည်မှာ ရောင်းရသောငွေဖြစ်လိမ့်မည်။

‌‌‌‌ငွေလွှဲရောက်ပြီးမကြာမီမှာပင် ဘဏ်ဝန်ထမ်းတစ်ယောက်က ဆက်သွယ်ကာ သူ့အသုံးပြုသူအဆင့် မြှင့်ရန်မေး၏။ အကယ်၍ သူဤသို့လုပ်လျှင် လစဥ် အနည်းငယ်ပို၍အသုံးပြုနိုင်လိမ့်မည့်အပြင် ဝန်ဆောင်မှုများကိုလည်း ခံစားခွင့်ရမည်ဖြစ်၏။

ချူးယွင်ဖန်းက စဥ်းပင်မစဥ်းစားတော့ပဲ ငြင်းလိုက်သည်။ ထိုဝန်ဆောင်မှုများသည် ကောင်းသော်လည်း ယခုအခိုက်အတန့်တွင် သူ့အတွက် အဓိပ္ပါယ်မရှိပေ။ မကြာမီမှာပင် သူ့ပိုက်ဆံကို သုံးတော့မည်ဖြစ်ကာ သူ့အတွက် စုဆောင်းရန် မဖြစ်နိုင်ပေ။ သူက သက်ပြင်းသာချလိုက်သည်။ ဘဏ်၏ ပိုက်ဆံကိုအာရုံခံနိုင်စွမ်းက လျင်မြန်လွန်းသည်။ ပိုက်ဆံတစ်ပြားမှမရှိစဥ်က သူတို့သည် သင့်အားနှောက်ယှက်လိမ့်မည်ပင်မဟုတ်ပေ။ သို့သော် ပိုက်ဆံရှိသည်နှင့်တစ်ပြိုင်နက် ဝန်ဆောင်မှုပေါင်းစုံသည် သင့်တံခါးကို လာခေါက်နေတော့၏။

ဘဏ်၏ဖုန်းကို ချပြီးသည့်နောက်တွင် လုချင်းရွှမ်၏ ဖုန်းခေါ်ဆိုမှု ဝင်လာသည်။ အခွန်အခများပေးခြင်းမှလွဲ၍ ရောင်းရငွေ၏ ငွေတစ်စကိုမှ ထိထားခြင်းမရှိကြောင်းအကြောင်းကြားခြင်းဖြစ်သည်။ စာချုပ်တွင်ပါသော ၅% ပင် မယူခဲ့ပေ။

ဤသည်မှာ သူမအတွက်ဆုံးရှုံးသည်ဟုထင်ရသော်လည်း လက်တွေ့တွင် ဤသို့မဟုတ်ပေ။ ဤပျိုမြစ်သန့်စင်ဆေးနှင့် သူမက ဖောက်ရန်အချိန်အတော်ကြာမည့် လမ်းကြောင်းတစ်ခုကို ဖွင့်ဖောက်လိုက်ခြင်းဖြစ်သည်။

အခန်း (၇၂) လဝက်တိုးတက်မှု

ကျင်းဟွာမြို့မှ ဆေးဝါးဖြန့်ဖြူရေးသမားကြီးသည် မရီးဒျန်သန့်စင်ဆေး ကို အလွန်အထင်ကြီးကာ လုချင်းရွှမ်နှင့် ပူးတွဲဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။

ထိုသူ၏ မြေးမှာ မကြာသေးခင်လေးကမှ မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် မရီးဒျန်သန့်စင်ဆေးကို နေရာတိုင်းတွင် လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်၏။ သူ့အာဏာနှင့် မရီးဒျန်သန့်စင်ဆေးကို ရှာဖွေရန် လွယ်ကူသော်လည်း ပြည့်စုံသော အရည်အသွေးရှိသည့်ဆေးကိုတော့ ရှာရန် မလွယ်ကူပေ။ ရံဖန်ရံခါမှ ဆေးတစ်မျိုးကိုဖော်စပ်နိုင်သော တရားဝင်ဆေးပညာရှင်များထက်၊ ဆေးကျွမ်းကျင်သူကသာ ဤသို့သော ပြီးပြည့်စုံသောအရည်အသွေးရှိသည့် ဆေးကိုဖော်ထုတ်ရန်ယုံကြည်ချက်ရှိပေလိမ့်မည်။

သူက မရီးဒျန်သန့်စင်ဆေး ကို အထူးသဘောကျသည်။ လုချင်းရွှမ်က ဤအကြောင်းကို သိုဝှက်မထားပေ။ အကယ်၍သာ ချုးယွင်ဖန်းနှင့် သူမ အချိန်အတော်ကြာထိ အလုပ်လုပ်ချင်သည်ဆိုပါက ဤသို့သော ဖုံးကွယ်မှုမျိုးက သူတို့နှစ်ဦး

၏ ဆက်ဆံရေးကိုသာ ထိခိုက်စေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းက အနည်းငယ်သာပြုံးကာ များများစားစားမပြောတော့ပေ။ သူသည် ပိုက်ဆံသာလိုခဲ့ခြင်းဖြစ်သဖြင့် သူမ မရီးဒျန်သန့်စင်ဆေးနှင့် လုပ်ခဲ့သမျှသည် သူမ၏ ကိုယ်ပိုင်အရည်အချင်းကြောင့်သာဖြစ်သည်။ ယခုနောက်ဆုံးတော့ ပိုက်ဆံသည် သူ့အကောင့်ထဲ‌ရောက်ခဲ့ပြီဖြစ်ကာ အရိပ်မဲ့ဆေဘာကို ဝယ်ယူနိုင်ခဲ့ပြီဖြစ်သည်။ လေ့ကျင့်ရက်မတိုင်ခင် ထိုဓားကိုရရမည်ဖြစ်၏။

“ကိုကို ဒီနေ့တော့ စောစောရောက်တာပဲ” ချူးချင်ရွှမ်က သူမအခန်းထဲမှထွက်လာကာ တံခါးဖွင့်ဟန်ပြင်နေသော ချူးယွင်ဖန်းကို ပြောလိုက်ခြင်းဖြစ်သည်။ သူမ၏မျက်နှာသည် အပြုံးဖြင့် တောက်ပနေ၏။

“အွန်း ဒီနေ့ခဏပဲ လေ့ကျင့်ပြီး အိမ်ပြန်လာဖို့ဆုံးဖြတ်လိုက်တာ”ချူးယွင်ဖန်းက ခေါင်းညိတ်ကာဆိုသည်။

“ကိုကို၊ ဒီနေ့ ညီမလေးရဲ့ suscriber တရားဝင်အရေအတွက်က အယောက် ၁၀၀၀၀ ကိုကျော်သွားပြီ” ချူးချင်ရွှမ်က စိတ်လှုပ်ရှားစွာဆိုသည်။ သူမ၏ ပင်ကိုယ် ရင့်ကျက်တည်ငြိမ်သော မျက်နှာလေးမှာ ယခုမူ ငယ်ရွယ်နုနယ်သောအပြုံးလေးနှင့်ဖြစ်နေ၏။ “ဂုဏ်ပြုပေးပါ ဂုဏ်ပြုပေးပါ” ဟု ပြောနေသကဲ့သို့ပင်ဖြစ်သည်။

“ဝါး… သိပ်အံ့သြစရာပဲ” ချူးယွင်ဖန်းက ချဲ့ကားသောအမူအယာဖြင့်ဆိုသည်။

ချူးချင်ရွှမ်က အထင်သေးသောမျက်နှာထားဖြင့်

“ကိုကို နင်က လုံးဝကို ဟန်မဆောင်တတ်တာပဲ။ နင့်အမူအယာကြီးက အပိုကြီး၊ ဒီအတွက် ညီမလေး ၅မှတ်ပဲပေးနိုင်မယ်”

“ဟူး…၊ ဒီရက်ထဲ ကိုကို့ သရုပ်ဆောင်စွမ်းရည်က ပိုဆိုးလာတယ်ထင်တယ်။ အနည်းဆုံးတော့ အမှတ် ၅၀လောက်ရမယ်ထင်တာကွာ” ချူးယွင်ဖန်းက နောက်နောက်ပြောင်ပြောင်ဆို၏။

မောင်နှမနှစ်ဦးသား အချိန်တစ်ခုကြာ ကျီစယ်ပြီးသည့်နောက်တွင် ချူးယွင်ဖန်းက သူ့အခန်းထဲသို့ပြန်သွားလိုက်သည်။ သူ့ညီမ၏တိုက်ရိုက်ထုတ်လွင့်သည့် အလုပ်မှာ အတော်လေး ခရီးပေါက်ရှာသည့်အတွက် ချူးယွင်ဖန်းမှာ သူမအတွက် ပျော်နေ၏။

ဤသည်မှာ သူမဝင်‌ငွေ တဖြည်းဖြည်းရလာသည်ကြောင့်မဟုတ်ဘဲ မှီခိုစရာအလုပ်တစ်ခုရှိလာခြင်းကြောင့်ဖြစ်သည်။ သူမ၏ မျက်နှာထက်မှအပြုံးသည် ပို၍ ကျယ်ကျယ်လာသည်။ ဖိအားပေးထားသော အပြုံးမျိုးမဟုတ်ဘဲ နှလုံးသားမှလာသော အပြုံးမျိုးဖြစ်သည်။

“မကြာခင်မှာ ငါ့ညီမလေးရဲ့ ရောဂါကို ကုသဖို့ ပိုက်ဆံလုံလုံလောက်လောက်ရှာနိုင်တော့မယ်”

ချူးယွင်ဖန်းက သူ့ဘာသာတွေးသည်။ သူက ကျောင်းလွယ်အိတ်ကို ချပြီးသည့်နောက်တွင် ကွန်ပျူတာကို ဖွင့်ကာ ချက်ချင်းပင် လက်နက်ရောင်းသော ဝဘ်ဆိုဒ်တစ်ခုသို့ သွား၍ အရိပ်မဲ့ဓားကို မှာလိုက်၏။ ၃.၂သန်းကို မကြာသေးခင်ကပင်ရသော်လည်း ရေကဲ့သို့ပင် ချက်ချင်းစီးထွက်သွား၏။ ၃သန်းကို သုံးလိုက်သည်။ ဖျတ်လတ်ခြင်းဆေးရည်ဝယ်ရန် သိန်း ၂ရာပိုသေး၏။ သူမကြာမကြာစားသော ဂျင်စင်းနှင့် လင်ဇီးသည် ဆေးဖက်ဝင်သော်လည်း လက်ရှိစွမ်းအင်ကုန်ဆုံးမှုကိုတော့ ပြန်လည်ဖြည့်တင်းရန်မစွမ်းပေ။ မြင့်မြတ်သော စစ်နတ်ဘုရား အစွမ်းသည် ကြီးမြတ်သော်လည်း၊ စွမ်းအင်အသုံးပြုမှုသည် ပို၍များ၏။

‘အရာရာက အဆင်ပြေသွားမှာပါ။’

ချူးယွင်ဖန်းက သူ့မိဘများနှင့် ညီမလေးကို ကောင်းသောဘဝတစ်ခုပေးမည်ဟု တိုးတိုးတိတ်တိတ် တိုင်တည်လိုက်သည်။ သူ့ညီမလေး၏ ရောဂါကိုကုသပေးမည်၊ အကောင်းဆုံးကျောင်းကို ပို့ပေးမည်။ သူမ အတိတ်တွင်ဆုံးရှုံးခဲ့ရသော အရာရာကို ပြန်အမီလိုက်ပေးမည်။ အတိတ်တွင် ဤသည်မှာ မဖြစ်နိုင်ကောင်းမဖြစ်နိုင်သော်လည်း ယခုတော့ ဖြစ်နိုင်ပြီဖြစ်၏။ ဤအကြောင်းတွေးကာ ချူးယွင်ဖန်းက တင်ပျင်ခွေထိုင်လျက် တရားစမှတ်ရန်ပြင်လိုက်သည်။ ချီပင်လယ် ဒုတိယအဆင့်သို့ ရောက်ကာစဖြစ်၍ ခိုင်မာစေရန် အချိန်တစ်ခုလိုသေး၏။ ကျင့်ကြံရေးအတွက် သူသုံးပေးနိုင်သော အချိန်မှာ အလွန်နည်းသဖြင့် တစ်မိနစ်၊ တစ်စက္ကန့်ကလေးမျှ မဖြုန်းတီးပစ်နိုင်ပေ။

အမှတ်(၁၃) အထက်တန်းကျောင်း၏ လေ့ကျင့်ရေးအခန်းထဲတွင် ကျောင်းသားများသည် တရားထိုင်သူကထိုင်၊ သိုင်းပညာလေ့ကျင့်သူကလေ့ကျင့်နှင့် နေရာအနှံ့ပြည့်နေသည်။

ဤအခိုက်အတန့်တွင်၊ အခန်းအလယ်၌ အဆက်မပြတ် ခုတ်ဖြတ်နေသော လူနှစ်ဦးရှိ၏။ သူတို့လက်ထဲမှ လက်နက်များသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေကြကာ အသံပေါင်းစုံထွက်နေ၏။ သူတို့၏ ချွန်ထက်သော လက်နက်များကြားတွင် အဘက်ဘက်သို့ လွင့်စင်နေသော မီးပွါးများကိုပင် ခပ်ရေးရေးတွေ့နိုင်၏။ နှစ်ဦးထဲမှ တစ်ယောက်သည် ဝကာ တစ်ယောက်မှာမူ ပိန်ပါး၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အတော်လေး ကွာခြားဟန်တူသော်လည်း နှစ်ဦးစလုံးသည် ညီတူမျှတူ ကြံခိုင်၊ သန်မာ ဖျတ်လတ်၏။ လှံရှည်ကိုင်သူရော၊ ဓားသွယ်ကိုင်သူ နှစ်ဘက်လုံး၏ သိုင်းပညာသည် အလွမ်အမင်း ချောမွေ့နေသည်။ နှစ်ဦးသားသည် တိုက်ကွက်တစ်ခုမှတစ်ခု အားစိုက်စရာမလိုဘဲ ပြောင်းနေကြ၏။ သူတို့သည် သိသိသာသာပင် သိုင်းပညာ၏ ပြစ်ချက်ကင်းအဆင့်သို့ရောက်နေကြပြီဖြစ်သည်။ သူတို့နှစ်ဦးသည် ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီမှမဟုတ်လျှင် မည်သူတို့ဖြစ်မည်နည်း။

ဂေါင်ဟုန်ချီ၏ မီးမုန်တိုင်းလှံသိုင်းသည် အလွန်ထက်၏။ သူ့လှံ၏ ခပ်ပေါ့ပေါ့ တွန်းအားနှင့်ပင် လေထဲတွင် ပုံရိပ်ယောင် သုံးခုကိုဖန်တီးနိုင်သဖြင့် လှံ၏ အရိပ်အယောင်နှင့် အစစ်အမှန်ကိုပင် မခွဲနိုင်အောင်ဖြစ်စေသည်။ လက်ရှိဂေါင်ဟုန်ချီသည် တကယ့်ကိုပင် စွမ်းအားကြီးနေပြီဟု ဆို၍ရသည်။ မျက်စိတစ်မှိတ်အတွင်းတွင် နောက်ထပ်လတစ်ဝက်ကုန်ဆုံးသွားပြန်၏။ လွန်ခဲ့သောလဝက်ခန့်ကနှင့် ယှဥ်လျှင် ဂေါင်ဟုန်ချီက အပြည့်အဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော လဝက်က ဂေါင်ဟုန်ချီသည် ချီပင်လယ်ပထမအဆင့်၏ အထွဋ်အထိပ်ကာလသို့ရောက်နှင့်နေပြီးသားဖြစ်သည်။ ယခုမူ ဒုတိယအဆင့်သို့ လုံးဝရောက်ခဲ့ပြီဖြစ်၏။

ထို့အပြင် သူ၏မီးမုန်တိုင်းလှံသိုင်းမှာ ကျွမ်းကျင်အဆင့်မှ ပြစ်ချက်ကင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ဆိုရလျှင် ဤတိုးတက်မှုအားလုံးသည် ချူးယွင်ဖန်းနှင့်လည်း သက်ဆိုင်၏။ ဤလဝက်အတွင်းတွင် ချူးယွင်ဖန်းနှင့် နေ့တိုင်းလိုလိုလေ့ကျင့်ခဲ့သည်။ အကြိမ်တိုင်းတွင် ချူးယွင်ဖန်းက သူ့ခွန်အားကို ပြည့်ပြည့်စုံစုံထိန်းချုပ်ထားကာ ဂေါင်ဟုန်ချီကို အနိုင်ရရန် လုံလောက်ရုံမျှသာသုံးသည်။ ခွန်အားအပြည့်သုံးခွင့်ပေးထားသော်လည်း ဂေါင်ဟုန်ချီ၏လက်ထဲတွင်တော့ အချေမှုန်းမခံပေ။ ထို့ကြောင့် တိုးတက်မှုမှာ အလွန်မြန်၏။

မှန်သည်။ ချူးယွင်ဖန်း၏တိုးတက်မှုသည်လည်း နှေးကွေးမနေပေ။ လွန်ခဲ့‌သော လတစ်ဝက်တွင်၊ ချီပင်လယ် ဒုတိယအဆင့်ကျင့်ကြံရေးကိုပင် အပြည့်အစုံ ခိုင်မာတောင့်တင်းအောင်လုပ်ခဲ့သည်သာမက ဒုတိယအဆင့်၏ အထွဋ်အထိပ်ကာလသို့ရောက်နေပြီဖြစ်သည်။ ချီပင်လယ် တတိယအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းအလိုသာ ကျန်တော့၏။

ထို့အပြင် သူ့ ကမ္ဘာခွဲဓားသိုင်းသည်လည်း ချောချောမွေ့မွေ့ပင် ပြစ်ချက်ကင်းအဆင့်သို့ရောက်နေပြီဖြစ်ကာ ပြီးပြည့်စုံအဆင့်သို့ရောက်ရန် လက်တစ်ကမ်းအလိုသာ ကျန်တော့သည်။ သူ့တိုးတက်မှုသည် ဂေါင်ဟုန်ချီနှင့် တူသည်ထင်ရသော်လည်း ချူးယွင်ဖန်းသည် တစ်ချိန်တည်းမှာပင် လေဟုန်တိုက်ခွင်းဓားသိုင်းကိုပါ လေ့ကျင့်နေသည်ကိုတော့ မည်သူမှမသိကြပေ။ သူ့လေဟုန်တိုက်ခွင်းဓားသိုင်းသည်လည်း ပြစ်ချက်ကင်းအဆင့်သို့ရောက်နေပြီဖြစ်ကာ ပြီးပြည့်စုံအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏။ သူက ဓားသိုင်းနှစ်ခုလုံး၏အနှစ်သာရကို လက်ကိုင်ထား၏။ အကယ်၍ ချူးယွင်ဖန်းသာ ခွန်အားကုန်သုံး၍တိုက်ခိုက်ပါက ကျော်တက်ရန်မဆိုနှင့် အနိုင်ယူရန်ပင် ခက်ခဲမည်မဟုတ်ပေ။

ဤလဝက်အတွင်းတွင် တိုးတက်လာသူမှာ သူတို့နှစ်ဦးတည်းပင်မဟုတ်ပေ။ အစပိုင်းတွင် အတန်း(၂)၏ သုံးပုံတစ်ပုံလောက်သာ ချီပင်လယ်အဆင့်သို့ရောက်နေကြခြင်းဖြစ်သော်လည်း၊ ယခုမူ ကျောင်းသားအများစုပင် ‌ချီပင်လယ်အဆင့်သို့ရောက်ရှိနှင့်ကြပြီဖြစ်၏။ အတန်း၏ အနည်းစုသာ ချီပင်လယ်အဆင့်သို့ မရောက်သေးကြခြင်းဖြစ်သော်လည်း အချိန်တစ်ခုသာလို၏။ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲမတိုင်မီ နောက်လအနည်းငယ်တွင် သူတို့အားလုံး၏ ခွန်အားသည် အတော်လေးမြင့်တက်လာပေလိမ့်မည်။ သာမန်သိုင်းပညာတက္ကသိုလ်တစ်ခုပင် ဝင်ခွင့်ရရန် အနည်းဆုံး ချီပင်လယ် စတုထ္ထအဆင့်နှင့် အထက်ရှိရမည်ဖြစ်ကာ သူတို့အားလုံးနှင့် အလှမ်းဝေးနေသေး၏။

ချူးယွင်ဖန်းတိုးတက်လာသကဲ့သို့ပင် တန်စီယုသည်လည်း ချီပင်လယ် တတိယအဆင့်သို့ရောက်နှင့်ပြီဖြစ်ကာ စတုတ္ထအဆင့်ရောက်ရန် သိပ်မလိုတော့ပေ။ ယခုမူ သူမသည် အတန်း၏ ဒုတိယအတော်ဆုံးဟု အသိအမှတ်ပြုခံနေရပြီဖြစ်သည်။

ပထမတစ်ယောက်မှာ သဘာဝကျကျပင် အို့ယန်ဖြစ်သည်။ အို့ယန်သည် ချီပင်လယ် ပဥ္စမအဆင့် သို့မဟုတ် ပို၍ပင်မြင့်နိုင်သောအဆင့်သို့ ရောက်နှင့်နေပြီဖြစ်ကြောင်းနှင့် အခြားကျောင်းသားများထက် အတော်လေး‌ရှေ့ရောက်နေကြောင်း ဆရာက မတော်တဆပြောမိခဲ့ဖူးသည်။

ပြင်းထန်သောတိုက်ပွဲ၏ နောက်ထပ်တစ်ချီအပြီးတွင် ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့က ရပ်တန့်လိုက်ကြသည်။ သူတို့တင်မဟုတ် အခြားကျောင်းသားများလည်း ရပ်တန့်လိုက်ကြ၏။ သူတို့၏ အတန်းပိုင်ဆရာ ကျင်းဝူ ရောက်ရှိလာခဲ့သည်။

ကျင်းဝူက သတင်းတချို့ကိုသယ်လာ၏။ မွန်းစတား များနှင့် တိုက်ပွဲအစစ်သည် နောက်ဆုံးတော့ စတော့မည်ဖြစ်သည်။ နောက်သုံးရက်ကြာလျှင် လူသားတပ်နှင့် မွန်းစတား များအကြားတိုက်ပွဲသည် ချင်းဟိုင်မြို့အစွန်အတွင် ကျင်းပတော့မည်။

All Chapters