← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉) ဒါဘယ်လို‌တောင် ထူးဆန်းတဲ့ခွန်အားလဲ

“ယွင်ဖန်း ဂရုစိုက်။ အဲ့တာ အတန်း ၁ ရဲ့ လီကွာဟောက်ပဲ။ သူက အရမ်းသန်မာတယ်။ သတိထား” ဂေါင်ဟုန်ချီက ချူးယွင်ဖန်း နောက်မှနေ၍မှာသည်။

ချုးယွင်ဖန်းသည် ဤလူများသည် အလွန်သာမန်ကျလွန်းသဖြင့် သိပ်အာရုံစိုက်မနေပေ။ ထိုသူတို့သည် သူ့အဆင့်နှင့် အလွန်ဝေးကွာ၏။

သို့သော် ဂေါင်ဟုန်ချီသည်ကွာခြားသည်။ ဤလူများသည် သူ့အနာဂတ်ပြိုင်ဖက်များဖြစ်သည်။ အထူးသဖြင့် အထူးတက္ကသိုလ်၏ လူဦးရေကန့်သတ်ချက်ကြောင့်ဖြစ်၏။ သူတို့၏အဆင့်များမှာ တူညီသလောက်ရှိသည်မို့ သေချာပေါက် ပြိုင်ဖက်များပင်ဖြစ်သည်။

လီကွာဟောက်သည် ထိုသို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကာ ကျောင်းတွင် နာမည်ကြီး၏။

ဂေါင်ဟုန်ချီ၏စကားများကို လီကွာဟောက်ကြားသည့်အခါ သူက မျက်ခုံးပင့်ကာ ချူးယွင်ဖန်းအားရန်စလိုသောအကြည့်ဖြင့်ကြည့်၏။ ချူးယွင်ဖန်းကမူ လီကွာဟောက်ကို စိတ်ဝင်စားမှုအနည်းငယ်ဖြင့်ကြည့်သည်။ အပြင်လူများသည်တော့ သူ့ကို ပါရမီပါသည်ဟုတွေးကြသော်လည်း တကယ်တမ်းတွင်မဟုတ်ပေ။ ချူးယွင်ဖန်း၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသည် နယ်ပယ်တစ်ခုတည်းမှ လူတစ်ယောက်နှင့်ယှဥ်လျှင် အဆပေါင်းများစွာသာသည်ဟု ဆိုနိုင်၏။ အဘယ့်ကြောင့်ဆိုသော် ချူးယွင်ဖန်းသည် စစ်နတ်ဘုရားကျင့်စဥ်ကို ကျင့်ထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် လူအများက သူ့ကို မွေးရာပါဆုလာဘ်ဟုထင်ကြခြင်းဖြစ်သည်။

အကယ်၍သာ အဆုံးမဲ့ခွန်အားသည် မွေးရာပါဖြစ်လျှင် လီကွာဟောက်တွင် အဆုံးမဲ့ခွန်အားရှိပေလိမ့်မည်။ ဤသည်မှာ သာမန်လူများ မနာလိုအဖြစ်ဆုံးအရာလည်းဖြစ်၏။ အခြားသူများ အပတ်တကုတ်ကျင့်ကြံပြီးမှရလာသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် သူတို့အတွက်မူ ကြီးပြင်းလာရုံနှင့်ပင်ရနိုင်၏။

ချူးယွင်ဖန်းက လီကွာဟောက်၏မျက်လုံးထဲမှ အဓိပ္ပါယ်ကို နားလည်သည်။ လီကွာဟောက်သည် ချူးယွင်ဖန်းသည်လည်း အထုံပါရမီပါသူ၊ အဆုံးမဲ့ခွန်အားရှိသူဟုထင်ကာ စိန်ခေါ်ချင်ခြင်းဖြစ်သည်။

ချူးယွင်ဖန်းက လီကွာဟောက်ကိုကြည့်သည်။ သူ့လက်ထဲရှိတင်းပုတ်သည် အလွန်အမင်းလေးပုံပေါ်သည်။ လက်နက်အများစုသည် အလွန်ပေါ့ပါးသည်။ မဟုတ်လျှင် ၎င်းတို့သည် အသုံးပြုသူ၏ ခွန်အားကို အဆမတန်ကုန်ခမ်းပေလိမ့်မည်။ သို့သော် တင်းပုတ်သည်မူ ဤအရာနှင့် လုံးဝကွဲပြား၏။ သူတို့သည် ကြီးကျယ်သောခွန်အားအပေါ်တွင်မူတည်သည်။ ၎င်းသည် သူတို့ခွန်အားကို အပြည့်အဝထုတ်သုံးနိုင်သော သာမန်မဟုတ်သော အထုံပါရမီပါသူများနှင့် သင့်တော်၏။

လီကွာဟောက်က မြေပြင်ပေါ်သို့ တင်းပုတ်နှင့်ရိုက်ချလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော တိုက်မိသံကိုကြားရ၏။ လူတိုင်းက ထိတ်လန့်စွာထခုန်မိလိုက်သည်။

‘ဘယ်လောက်တောင်သန်မာတဲ့ အားလဲ။’

ယခင်က ချူးယွင်ဖန်းသည်လည်း ခွန်အားကြီးမားကြောင်း ပြခဲ့ဖူးသည်။ သို့သော် ဤသည်မှာ ယခု လီကွာဟောက်ပြုလုပ်သည့်အရာနှင့် အလွန်ကွာခြား၏။

“မင်းအရင်နားလိုက်ပါ။ ငါအခွင့်ကောင်းမယူပါဘူး” လီကွာဟောက်က ချူးယွင်ဖန််းကို ရန်စလိုစိတ်ဖြင့်ကြည့်ကာဆိုသည်။ သူ့အသံသည် အနည်းငယ်မာနေ၏။

“မလိုဘူး။ ငါက မင်းကိုတိုက်ခိုက်ဖို့ ရုပ်ပိုင်းဆိုင်ရာခွန်အားကို အသုံးပြုမှာမဟုတ်ဘူး” ချူးယွင်ဖန်းက တည့်တိုးဆိုသည်။

အခြားတစ်ဖက်တွင်မူ ဖန်ဒေယင်သည် သူ့မေးရိုးယောင်နေသည့်အတွက် အတော်စိတ်ဆိုးနေ၏။ ချူးယွင်ဖန်းက သိသိသာသာပင် လီကွာဟောက်ကို အထင်သေးနေခြင်းဖြစ်သည်။ ဂေါင်ဟုန်ချီတစ်ယောက် အရှုံးသမားတစ်ယောက်အနေဖြင့် ချူးယွင်ဖန်းကို သင်ခန်းစာပေးရန် ဆုတောင်းရုံမှလွဲ ရွေးချယ်စရာမရှိပေ။

“ကောင်းတယ်၊ စိတ်ဝင်စားစရာပဲ။ ဒါဆို ငါ့သိုင်းကွက်ကို မြည်းကြည့်စမ်း” ဂေါင်ဟုန်ချီက အော်ဟောက်ကာ စတင်တိုက်ခိုက်တော့သည်။ လက်ထဲမှ တင်းပုတ်ကို ကျားတစ်ကောင်ကဲ့သို့ ဝှေ့ယမ်း၏။ သူက ချူးယွင်ဖန်းတည့်တည့်ဆီသို့ ၎င်းကို လျှပ်စီး၏ အမြန်နှုန်းဖြင့်ရိုက်ချလိုက်သည်။

ကျောင်းသားအများစုက ထိတ်လန့်အံ့သြကာ ထအော်ကြသည်။ ပုံမှန်အားဖြင့် သူတို့ ဤသို့သော သန်မာမှုမျိုးကို ကြုံကြိုက်ရလျှင် ထိပ်တိုက်ရင်ဆိုင်ရန်မဆိုနှင့် ရှောင်ရုံသာရမည်ဖြစ်သည်။ ချူးယွင်ဖန်းသည်တော့ ဤသို့မတွေးပေ။ သူက ရှောင်ပင်မရှောင်။ လက်ထဲတွင် ဓားကို ဓားအိမ်ထဲမှ မထုတ်ဘဲ ဓားအိမ်ကိုပင် သုံးကာ ကာလိုက်၏။

“မင်းက သေဖို့တောင့်တနေတာပဲ။ ငါ့ရိုက်ချက်ကို လက်တစ်ဖက်တည်းနဲ့ လက်ခံရဲတယ်ပေါ့။ မင်းလက်ကျိုးသွားတဲ့အချိန်ကျမှ ငါ့ကို အပြစ်မတင်နဲ့” လီကွာဟောက်က သူ့ဘာသာတွေးနေသည်။ ချူးယွင်ဖန်း၏ လက်ကျိုးသွားသည့်မျက်နှာနှင့် သူ့အနိုင်ရမှုကို မြင်တွေ့နေရသည့်အလား ဆို၏။

ချလန်!

လူတိုင်းထင်ထားသည့်အတိုင်းပင်၊ နောက်ထပ် ထိတိုက်မှုတစ်ခုပေါ်ထွက်လာ၏။ သို့သော် ဤသည်မှာ လူတိုင်းထင်ထားသည်နှင့် လုံးဝကွာခြားနေသည်။

လူအားလုံး၏ ပထမအတွေးသည် လီကွာဟောက်၏ အတွေးနှင့်ဆင်တူသည်။ ချူးယွင်ဖန်းက အတော်သန်မာသည်ထင်ရ၏။ သို့သော် ချူးယွင်ဖန်းသည် တင်းပုတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားသော လီကွာဟောက်အားတိုက်ခိုက်ရန် ဓားကို လက်တစ်ဖက်ဖြင့်သာကိုင်ထား၏။ အကယ်၍ ကြီးမားသော အားကြောင့် သူ့လက်မကျိုးလျှင်တောင် အကြီးအကျယ် ဒဏ်ရာ ရ လိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် တင်းပုတ်ကိုတားရန် ဓားကိုမြှောက်လိုက်၏။ လူတိုင်းသည် မိမိတို့ကိုယ်တိုင်မခံစားနိုင်သော်လည်း ကျယ်လောင်သောပွတ်တိုက်သံမှတစ်ဆင့် ခန့်မှန်းနိုင်သည်။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ တည်ငြိမ်နေ၏။ အပင်အိုတစ်ခု၏ အမြစ်သည် မြေကြီးတွင်ရစ်တွယ်နေသကဲ့သို့ နောက်သို့ဆုတ်ခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်းပင်မရှိပေ။

“ဘာ၊ ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ”

လီကွာဟောက်၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူက တင်းပုတ်ကို အားကုန်သုံးကာထုချေလိုက်ခြင်း ဖြစ်သော်လည်း ချူးယွင်ဖန်း၏ လက်ကိုချိုးရန်မဆိုနှင့် ရွေ့သွားအောင်ပင် မလုပ်နိုင်ခဲ့ပေ။

ထို့နောက် လီကွာဟောက်သည် သူ့တင်းပုတ်မှတစ်ဆင့် ပြန်ကန်လာသော ကြောက်မက်ဖွယ်အားကို ခံစားလိုက်မိကာ လက်နက်ကိုကိုင်ထားသော သူ့လက်ကိုပင် ချော်ထွက်သွားမလိုဖြစ်စေ၏။ အင်အား၏ အကျိုးသက်ရောက်မှုသည် နှစ်ဖက်စလုံးတွင်ဖြစ်သည်။

သူသည် သူ့ခွန်အားဖြင့် အခြားကျောင်းသားများကို အနိုင်ကျင့်နေကျဖြစ်သည်။ ယခုမူ တူညီသောခွန်အားရှိသော တစ်စုံတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရပြီဖြစ်သည့်အပြင် လုံးဝမပြင်ဆင်ထားမိသဖြင့် ဆုံးရှုံးမှုငယ်တစ်ခုကိုပင် ခံစားလိုက်ရပြီဖြစ်သည်။

“စိတ်ဝင်စားစရာပဲ” ချူးယွင်ဖန်းက လီကွာဟောက်ကိုကြည့်ကာ အပြုံးဖြင့်ဆိုသည်။

ချူးယွင်ဖန်းသည် သူ့ကိုယ်ပိုင်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အလွန်သန်မာမှန်းခံစားမိသည်။ သို့သော် မည်မျှသန်မာသည်ကိုတော့ သူမသိခဲ့ပေ။ ယခု စမ်းသပ်ရန်လူတစ်ယောက်ရှိပြီမို့ ကြိုးစားကြည့်ရန် အချိန်ကောင်းပင်ဖြစ်သည်။

“ငါမင်းရဲ့ သိုင်းကွက်ကိုလက်ခံပြီးပြီ။ အခု ငါ့ဟာကို ခံစမ်း”

‘စိတ်ဝင်စားစရာ၊ ဟုတ်လား’လီကွာဟောက်က ရုတ်တရတ် သူလျှော့တွက်လိုက်မိမှန်း ခံစားလိုက်မိသည်။ ထို့နောက် သူက တင်းပုတ်ကို လွှဲကာ ဓားအိမ်ဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

ချလန်!

နောက်ထပ် ကြောက်မက်ဖွယ် ပွတ်တိုက်သံတစ်ခုဖြစ်သည်။ ကွင်းပြင်တစ်ခုလုံးသည် ဤထိတ်လန့်ဖွယ် ထိတိုက်မှုဖြင့် ပြည့်သွား၏။ အခြားကျောင်းသားများက ဤပွတ်တိုင်မှုကိုတွေ့သောအခါ အနည်းငယ် အားမရှိသလို ခံစားလိုက်ရသည်။ အကယ်၍ မျက်လုံးသာမှိတ်ထားမိကြပါက မွန်းစတား နှစ်ကောင် တိုက်ခိုက်နေသည်ဟုပင် ထင်ကြမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့ မနာလိုနေကြ၏။ ခန္ဓာကိုယ်သည် သိုင်းပညာအားလုံး၏ အုတ်မြစ်ဖြစ်သဖြင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းလေလေ၊ အနာဂတ်တွင် ခရီးပိုရောက်နိုင်လေဖြစ်သည်။ ဤစည်းမျဉ်းကို နားလည်သော သူတို့အဖို့တော့ ဤပါရမီပါသောလူများကို ပို၍ပင် မနာလိုဖြစ်လာကြသည်။

နောက်တစ်ကြိမ် ထိတိုက်သံထွက်ပေါ်လာ၏။ မြင်ကွင်းသည် သရေကျနေသည်ထင်ရသော်လည်း လီကွာဟောက်သည် တင်းပုတ်ကဲ့သို့ စွမ်းအားကြီးလက်နက်မျိုးကို လက်နှစ်ဖက်ဖြင့် အသုံးပြုလျက်ရှိကာ ချူးယွင်ဖန်းသည် ပေါ့ပါးသောဓားသွယ်ကို လက်တစ်ဖက်ဖြင့်သာ သုံးနေ၏။ ဤကွဲပြားမှုမှာ လူတိုင်းအတွက် အတော်သိသာနေသည်။

သို့သော် တိုက်ကွင်းထဲမှလူနှစ်ယောက်သည်တော့ အခြားသူများမည်သို့တွေးမည်ကို ဂရုမစိုက်ပေ။ အထူးသဖြင့် လီကွာဟောက်ဖြစ်သည်။ ချူးယွင်ဖန်း၏ ကြောက်ခမန်းလိလိခွန်အားကြောင့် ထိတ်လန့်နေချိန်တွင် ၎င်းအကြောင်း တွေးရန် အချိန်သိပ်မရှိပေ။

ချူးယွင်ဖန်းက အနားယူရန်လိုသည်မထင်ရဘဲ သူ့ဓား နှင့် ဆက်တိုက် တိုက်ခိုက်ကာ ခုတ်ပိုင်းချနေ၏။

ချလန်

ချလန်

ချလန်

သူတို့က အကြိမ်ကြိမ် တိုက်ခိုက်နေကြသည်။ ယင်းတွင် မည်သည့် သိုင်းကွက် အလှအပများမပါပေ။ နှစ်ဖက်လုံးသည် ခွန်အားသီးသန့်ဖြင့်သာ အနိုင်ယူရရန်လုပ်ဆောင်နေကြ၏။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ အနိုင်ရလိုစိတ်လည်း မြင့်တက်လာသည်။ သူက လှပကျော့ရှင်းသော ဓားသိုင်းကွက်များကို မသုံးဘဲ ခွန်အားသီးသန့်ကိုသာ အသုံးပြု၍ လီကွာဟောက်၏ ရိုက်ချက်များကို ရင်ဆိုင်၏။

ဤသို့သော တိုက်ပွဲပုံစံသည် လှပသော တိုက်ကွက်များ မပါရှိသော်လည်း ကြည့်ရန်စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။ တစ်ဆက်တည်း သိုင်းကွက် ၁၀ ကွက် ဖလှယ်ပြီးသည့်နောက်တွင် ထိတိုက်သံတစ်ခုပေါ်ထွက်လာကာ တင်းပုတ်သည် ကြမ်းပြင်ပေါ်သို့ကျသွား၏။ လီကွာဟောက်၏ လက်မနှင့် လက်ညှိုးသည် သွေးထွက်နေကာ၊ လက်မောင်းမှာ အနည်းငယ်တုန်နေ၏။ သူ့လက်နက်ကို ဆက်လက် မကိုင်ထားနိုင်တော့ပေ။

အနိုင်နှင့် အရှုံးကို ဆုံးဖြတ်၍ပြီးပြီဖြစ်သည်။ လူတိုင်းက ချူးယွင်ဖန်းကို ထိတ်လန့်စွာကြည့်၏။

‘ဒါ ဘယ်လိုတောင် ထူးဆန်းတဲ့ခွန်အားလဲ!’

အခန်း (၈၀) ဘယ်သူရှေ့ထွက်ရဲသေးသလဲ

တိုက်ပွဲ၏ ရလဒ်သည် လူတိုင်းကို ရှင်းလင်းစေ၏။ ဤသည်မှာ ခွန်အားအစစ်အမှန်များ၏ပြိုင်ပွဲဖြစ်သဖြင့် ချူးယွင်ဖန်း အနိုင်ရသွားသည်မှာ သိသာ၏။ ထို့အပြင် သိသာသော ကွာခြားချက်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် သူ့လက်တစ်ဖက်တည်းကို သုံးကာ လီကွာဟောက်၏ လက်နှစ်ဖက်လုံးတုန်ခါ၍ လက်မနဲ့ လက်ဖဝါး ကွဲသွားသည်အထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သူဂုဏ်ယူသော သူ့တင်းပုတ်သည်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခြင်းဖြစ်သည်။

“ငါ ရှုံးတယ်” လီကွာဟောက်က သူ့ပါးစပ်ဖွင့်ကာ ခါးသက်သက်အပြုံးဖြင့်ဆို၏။ သူက ခွန်အားပိုင်းတွင် မည်သူမှ သူ့ကိုမယှဉ်နိုင်ဟု ထင်ထားခြင်းဖြစ်သည်။ သို့သော် သူ့မာနသည် ချူးယွင်ဖန်းထံတွင် လက်တစ်ဖက်တည်းနှင့် ဖယ်ချခံလိုက်ရပြီဖြစ်သည်။

‘ဒါက သန်မာတာထက် ပိုတယ်!’

တစ်ချိန်တည်းမှာပင် ယနေ့တိုက်ပွဲတွင် သူ့ချို့ယွင်းချက်တချို့ကိုပါ နားလည်စေခဲ့သည်။ သူသိပ်ဂုဏ်ယူခဲ့သော သန်မာမှုသည် အနိုင်မယူနိုင်ဟုပင် ဆိုနိုင်၏။ သူနှင့်တိုက်ခိုက်ဖူးသော အတန်းခေါင်းဆောင် ကျန်းထန်သည်ပင် သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် အယုံကြည်လွန်သွားခြင်းဖြစ်သည်။

နောက်ဆုံးတွင် သူ့ကို ခွန်အားအပြည့်ဖြင့် အနိုင်ယူခဲ့သော ချူးယွင်ဖန်းနှင့် တွေ့ဆုံပြီးနောက်တွင် သူရှုံးနိမ့်ကြောင်းဝန်ခံလိုက်ရသည်။ အကယ်၍ သူသာ သိုင်းပညာတွင် အောင်မြင်မှုအချို့ရခဲ့လျှင် ဤသို့ ပြုသမျှနုနေရမည်မဟုတ်ပေ။ အနည်းဆုံးတော့ ကြံခိုင်မှုအပိုင်းတွင် အားသာချက်မရှိသည့်အခါ အခြားရွေးချယ်စရာများရှိသင့်သည်။

သူတင်းပုတ်ကို သုံးလျှင်တောင်မှ သူသည် ချူးယွင်ဖန်း၏ပြိုင်ဘက်မဖြစ်နိုင်မှန်းသေချာ၏။

သိုင်းပညာပိုင်းတွင် ချူးယွင်ဖန်း၌ အားသာချက်များစွာရှိသည်။

“ဘယ်သူရှေ့တိုးရဲသေးလဲ “ ဓားအိမ်ထဲတွင် ထည့်ပိတ်ထားသော အရိပ်မဲ့ဓားကို ကိုင်လျက်ချူးယွင်ဖန်း ဆိုသည်။

သူမြင်တွေ့ရသလောက်တော့ အတန်း ၁ ၏ ကျောင်းသားများသည် သူ့အား ကြည့်ပင်မကြည့်ရဲကြပေ။ သူတို့ပင်ကိုယ် အသိညဏ်ထဲမှ လုံးဝ ကြောက်ရွံသွားကြသည်။ ဖန်ဒေယင်ရော လီကွာဟောက် နှစ်ဦးသားလုံးသည်အတန်းတစ်ခုလုံး၏ အကောင်းတကာ့ အကောင်းဆုံးများဖြစ်သည်။ အတန်းခေါင်းဆောင် ကျန်းထန်မှလွဲ၍ မည်သူက သူတို့ကို သေချာပေါက် အနိုင်ယူနိုင်မည်ဟု ပြောရဲလိမ့်မည်နည်း။

ဤ အခိုက်အတန့်တွင် ချူးယွင်ဖန်သည် စစ်နတ်ဘုရားနှင့် တူသည်။

“သူက အရမ်းလွန်နေပြီ” ကျန်းထန်က ဤမြင်ကွင်းကိုမြင်သောအခါ ဆို၏။ သူ့မျက်နှာသည် နီရဲလျက်ရှိသည်။

ချူးယွင်ဖန်းသည် သူ့အား မျက်နှာတည့်တည့်သို့ အကြင်နာကင်းကင်း ပါးရိုက်လိုက်ခြင်းဖြစ်သည်။ ယခင်က အတန်းနှစ်ခုလုံး၏ ကျွမ်းကျင်သူများကို အို့ယန်နှင့်ယှဉ်ပြိုင်ရန် ဝမ်းသာအားရစိန်ခေါ်ခဲ့ဖူးသည်။ ယခုမူ ချူးယွင်ဖန်း တစ်ဦးတည်းက တိုက်ခိုက်နေကာ မည်သူကမှ မတုံ့ပြန်ရဲကြတော့ပေ။ ထို့ကြောင့် ချူးယွင်ဖန်း အတော်လွန်နေပြီဟု ချက်ချင်းခံစားမိခြင်းဖြစ်ကာ ကျန်းထန်တစ်ယောက် ချက်ချင်းမတ်တပ်ရပ်၍ ကွင်းပြင်ထဲသို့ ကိုယ်တိုင်ဝင်တော့မည်ဖြစ်သည်။ သူဆက်လက်၍ အဓိပ္ပါယ်မဲ့သောစည်းမျဉ်းများကို ဂရုမစိုက်တော့ပေ။

သို့သော် ထိုအခိုက်အတန့်တွင် ခြေသံများကို ကြားလိုက်ရသည်။ မကြာမှီမှာပင် ကွင်းပြင်ထဲ၌ လူ ၃ ယောက် တယောက်ပြီး တယောက်ပေါ်လာ၏။ သူတို့အားလုံးသည် အရပ်ရှည်ကာ သန်မာပုံပေါ်သည်။သူတို့ထဲမှ တစ်ယောက်သည် အတန်း ၂ ၏ အတန်းပိုင် ကျင်းဝူဖြစ်ကာ သူ့ဘေးတွင်ကား သူနှင့်အရပ်တူတူရှိကာ မုတ်ဆိတ်မွှေးအပြည့်ဖြင့်လူဖြစ်သည်။ ၎င်းမှာ အတန်း ၁ ၏ အတန်းပိုင် ချင်ဖုန်းဖြစ်သည်။

ထိုလူနှစ်ဦးကိုတွေ့သော် ကျောင်းသားအားလုံးသည် စတင်၍ ထိတ်လန့်လာကြသည်။ ကျောင်းသည် ပုံမှန် အားဖြင့်သူတို့၏ ကိုယ်ရေးကိုယ်တာတိုက်ပွဲများကို မသိချင်ယောင်ဆောင်ထားသော်လည်း လက်ပူးလက်ကြပ်မိသကဲ့သို့ ခံစားနေရသေးသည်။

သူတို့ ၂ ဦး ၏ အနောက်တွင် စစ်ကာ ယူနီဖောင်း ကို ဝတ်ထားသော အရပ်ခပ်ရှည်ရှည်လူ တစ်ယောက်ရှိသည်။ သူသည် အသက် ၂၀ ကျော်ခန့်ရှိပုံရပြီး ခမ်းနားထည်ဝါသောရောင်ဝါရှိသည်။ ကျားတစ်ကောင်ကဲ့သို့ ခြေလှမ်းကြီးများဖြင့် လျှောက်လာခဲ့ကာ ကျား၏ အရောင်အဝါကို ပိုင်ဆိုင်ထား၏။

“ မင်းတို့ဘာတွေလုပ်နေတာလဲ” ကျင်းဝူ က ရှေ့ တစ်လှမ်းတိုးကာလူအုပ်ကိုကြည့်၍ အော်သည်။ အထူးသဖြင့် ဒဏ်ရာရ လူအနည်းငယ်ကိုဖြစ်သည်။

ချင်ဖုန်းသည်လည်း ရှေ့သို့တစ်လှမ်းတိုးသည်။ သူ့မျက်ခုံးများသည် နက်နက်ရှိုင်းရှိုင်း ကျုံ့နေ၏။ အခြေအနေကိုကြည့်လျှင် ဤသွေးဆူနေသောလူငယ်တစ်စုသည် တိုက်ခိုက်နေသည်မှာသိသာ၏။ သူ့အားပို၍ မကျေမနပ်ဖြစ်စေသောအရာမှာ အတန်း ၂ မှ တစ်ယောက်သာဒဏ်ရာရပြီး သူတို့အတန်း မှ နှစ်ယောက်ဒဏ်ရာရနေခြင်းဖြစ်သည်။ သူတို့ရှုံးနေသည်မှာ သိသာ၏။

ဤအရာက သူ့အားတိတ်တဆိတ် စိတ်ဆိုးစေသည်။ သူနှင့် ကျင်းဝူ ၂ ယောက်လုံးသည် စစ်တပ်မှ အငြိမ်းစားနည်းပြများဖြစ်သည်။ ယခုသူတို့ကို အတန်း ၁ နှင့် အတန်း ၂ ၏ အတန်းပိုင်များအဖြစ်အသီးသီး ခန့်အပ်ထားလျက်ရှိကာ ဤသည်ကပင်ပြိုင်ပွဲတခု ဖြစ်နေ၏။

အတန်း ၂ ခုကြား နှိုင်းယှဉ်မှုသည် တကယ်တမ်းဆိုရလျှင် သူတို့ ၂ ဦးကြားနှိုင်းယှဉ်မှုသာဖြစ်၏။ ယခုမူ အတန်း ၁ က ရှုံး၏။ ဤကိစ္စ အကြောင်းကို နားထောင်ပြီးနောက် ပို၍ ပင်ဒေါသဖြစ်ခဲ့ရသည်။ ရှုံးသည်က အဆင်ပြေသော်လည်း သူ့ကျောင်းသားများကို အခြားတစ်ဖွဲ့မှ သူရဲဘောကြောင်သော လိပ်များကဲ့သို့ စိန်ခေါ်ဖိအားပေးနေသည်။ သူက ချူးယွင်ဖန်းကို ကြည့်လိုက်ကာ ရင်းရင်းနှီးနှီးမမြင်ဖူးပေ။ ယခင်က ချူးယွင်ဖန်းကို သတိမထားမိခဲ့သော်လည်း ယခုမှ ရုတ်တရတ်ပေါ်ထွက်လာခြင်းဖြစ်၏။

ကျင်းဝူသည် သိသာစွာပင် ခံစားချက်ပိုကောင်းနေ၏။ ကျောင်းသား၂ ဦးကြား တိုက်ပွဲသည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ချူးယွင်ဖန်းသည် ပြီးပြည့်စုံသော အောင်ပွဲတစ်ခုရရှိခဲ့သည်။ ထို့ကြောင့် သဘာဝအလျှောက် စိတ်ကျေနပ်နေ၏။ သို့သော် ယင်းကို သူ့မျက်နှာပေါ်တွင် မပြနိုင်ပေ။

သူ့နှလုံးသားထဲတွင် အံ့ဩနေမိ၏။ ချူးယွင်ဖန်းအား ပထမဆုံး အကြိမ်သတိထားမိသည်မှာလွန်ခဲ့သော ၂ လ ခန့် မှ ဖြစ်သည်။ ထိုအချိန်က ချူးယွင်ဖန်းသည် ကနဦး အသွင်အပြင်ဖြင့် သိုင်းပညာပိုင်းတွင် အံ့ဩသင့်စရာစွမ်းအင်ကို ပြသခဲ့သည်။ သို့သော် ဤ ၂ လ အတွင်းတွင် ဤမျှလောက်တိုးတက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အတန်း၁ ၏ ကျွမ်းကျင်သူ ၂ဦးကို လက်တစ်ဖက်တည်းနှင့် အနိုင်ယူခဲ့သည်။ အတန်း ၁ မှ မည်သူကမှ ရှေ့ထွက်၍ စိန်ခေါ်မှုကိုလက်ခံရန်မရဲသည်ကို ပြသသည့်အနေဖြင့် အတန်း ၁ ကို ဖိအားပေးခဲ့သည်။ အတန်းခေါင်းဆောင် ကျန်းထန်သည် တိုက်ပွဲတွင်မပါခဲ့သော်လည်း ချူးယွင်ဖန်း၏ ရလာဒ်များသည် ထိတ်လန့်ရန် လုံလောက်၏။

အခြားတစ်ဖက်တွင်မူ စစ်သားငယ်သည် ခပ်ပါးပါး အပြုံးတခုကိုသာ ပြု၏။ သူက အံ့ဩခြင်းအလျင်းမရှိပေ။ ဤကျောင်းသားများ မည်မျှပင်သတ္တိရှိကာ၊ ရက်စက်စေကာမူသူတို့ စစ်တပ်ထဲမှ စစ်သားများနှင့်နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။

တစ်ယောက်ယောက် မသေသေးသရွေ့တော့ သူ့မျက်လုံးထဲတွင် အိမ်တွင်ကစားနေသည့်ကလေးများသာသာသာဖြစ်သည်။

“စိတ်ဝင်စားစရာပဲ မင်းတို့အားလုံးက အရမ်းတက်ကြွတယ်။ မင်းတို့အားလုံး ဘီလူးတွေကိုတိုက်ခိုက်ဖို့ ခွန်အားရှိတယ်ထင်တယ်”

ထိုအချိန်တွင် လူတိုင်း၏အကြည့်များသည်

ဤစစ်သားငယ်ကို အာရုံစိုက်နေကြသည်။ ထိုစစ်သားငယ်သည်လည်း စင်ကြောက်ခြင်းမရှိဘဲ ပါးစပ်ကိုဖွင့်ကာ ဆို၏။

“ အားလုံးပဲ မင်္ဂလာပါ၊ ဒါပထမဆုံး အကြိမ်တွေ့ဆုံတာပါ။ ငါ့ကိုယ်ငါမိတ်ဆက်ပါရစေ။ ငါ့နာမည်က ရွှယ်ပိုင်လုံပါ လက်ရှိတုန်ဟွာမြို့ စစ်ဘက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေပါတယ် ငါ့ရာထူးက ဒုဗိုလ်မှူးကြီး ဖြစ်တယ်။ ဒီနေ့ မင်းတို့ကျောင်းရဲ့ တိုက်ခိုက်ရေး အပိုင်းကိုတာဝန်ခံရမှာပါ”

အထူးသဖြင့် စစ်တပ်ကိုအာရုံစိုက်သည့် ကျောင်းသားတော်တော်များများသည် အံ့ဩတကြီးအော်ဟစ်ကြသည်။ ပြည်ထောင်စု တပ်မတော်တွင်ရာထူးတိုးရန်မလွယ်ကူကြောင်း အားလုံးကသိကြသည်။ ဤစစ်သားငယ်သည် သူတို့ထက် အသက်အနည်းငယ်သာကြီးသော်လည်း ဒုဗိုလ်မှုးကြီး ဖြစ်နှင့်နေပြီဖြစ်သည်။ ယေဘုယျအားဖြင့် တပ်ကြပ်ကြီးရာထူးမှ နှုတ်ထွက်ကာ ဒုဗိုလ်မှုးကြီးဖြစ်ရန် သူ့အသက်အရွယ်ရှိ တစ်စုံတစ်ယောက်အတွက်တော့ ကောင်းသည်ဟု ယူဆ၍ရ၏။ ငယ်ငယ်ရွယ်ရွယ်နှင့် ရာထူးကြီးနေရခြင်းမှာ အရည်အချင်းရှိ၍ သော်လည်းကောင်း အားကောင်းသောနောက်ခံရှိ၍ သော်လည်းကောင်းဖြစ်နိုင်၏။ မဟုတ်လျှင် ၂ ခုစလုံးပေါင်းစပ်ထားခြင်းကြောင့် ဖြစ်နိုင်၏။

ချူးယွင်ဖန်းသည် ရွှယ်ပိုင်လုံကို စိုက်ကြည့်နေ၏။ ဤ ရွှယ်ပိုင်းလုံးသည် အလွန် အန္တရာယ်များကာ ကြောက်မက်ဖွယ်ကောင်းသည်ဟု သူပင်ကိုယ်အသိစိတ်အရသိသည်။ သူ့အတန်းပိုင် ကျင်းဝူကိုပင်အနိုင်ယူနိုင်၏။ သူတွေ့ဖူးသမျှထဲတွင် ထိုသူသည်ကြောက်စရာအကောင်းဆုံးလူဖြစ်သည်။

ချူးယွင်ဖန်၏ ခေါင်းထဲတွင် နတ်ဘုရား စိတ်ဝိဉာဉ်ပေါ်လာစဉ်တည်းက သူ့ပင်ကိုယ်သိစိတ်သည် တစ်ခါလေးမျှ မမှားဖူးချေ။ တစ်ဖက်လူက မည်မျှပင် ဖုံးကွယ်ရန်ကြိုးစားနေပါစေ သူ့ထံမှ ဖုံးကွယ်၍ ရမည်မဟုတ်ချေ။

“မင်းတို့တိုက်ပွဲမစခင်မှာတောင် တိုက်ခိုက်နေကြတာကိုငါမြင်တယ် အဲ့ဒါတော်တော်ကောင်းပါတယ် မင်းတို့ကောင်တွေနောက်ပိုင်း မွန်းစတား တွေကို တိုက် ခိုက်ကြတဲ့အခါ၊ မင်းတို့ရဲ့ ပိုလျှံနေတဲ့ စွမ်းအားတွေကို ထုတ်ပစ်ဖို့ အချိန်အများကြီးရလိမ့်မယ်” ရွှယ်ပိုင်လုံးကပြောသည်။

“ဒါပေမဲ့ မင်းတို့စိတ်ပူစရာမလိုပါဘူး ငါတို့ပြည်ထောင်စုတပ်မတော်က အန္တရယ်ရှိတဲ့အလုပ်တွေကိုအများဆုံးလုပ်မယ် မင်းတို့တွေက အစွမ်းထက်လွန်းတဲ့ မကောင်းဆိုဝါးတွေကိုရင်ဆိုင်စရာမလိုဘူး”

“ ဒါပေမဲ့ဆရာ၊ ငါတို့ စွမ်းအားကြီး မွန်းစတား တစ်ကောင်နဲ့တွေ့ရင် ဘာလုပ်ရမလဲ။ အသေခံပြီး တိုက်ရမှာလား”

ကျောင်းသားတစ်ယောက်သည် ရုတ်တရက်လက်ကို မြှောက်ကာမေး၏။

“ ဒါဆို မင်းမျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီးစိုက်ကြည့်။ ဒီနည်းနဲ့ မင်းပိုပြီး သိက္ခာရှိရှိသေလိမ့်မယ်”

ရွှယ်ပိုင်လုံက မျက်နှာတည်တည်ဖြင့်ပြောသော်လည်း ကျောင်းသားများထံမှ ရယ်မောသံများပေါ်ထွက်လာ၏။

အခန်း (၈၁) အဆုံးသတ် နယ်ခြားစည်း

ကျောင်းသားများရယ်နေသော်လည်း ရွှယ်ပိုင်လုံကတော့ မရယ်ပေ၊ မျက်နှာတည်မြဲတည်နေ၏။ သူပြောနေသည်မှာ ဟာသမဟုတ်၊ အမှန်တရားသာဖြစ်ပေသည်။ ဤကျောင်းသားများသည် သာမန်လူများထဲမှ အကောင်းဆုံးဆိုသည်များဖြစ်သော်လည်း ယခုအချိန်ထိတော့ ဖန်လုံအိမ်ထဲပျိုးထားသော ပန်းပွင့်ကလေးများနှယ်သာရှိသေးသည်။

ရွယ်ပိုင်လုံ၏ မျက်နှာသေကို ခဏအကြာတွင်မြင်လိုက်ကြသော တချို့ကျောင်းသားများမူ ရယ်နေရာမှ အပြုံးများတောင့်တင်းသွားရ၏။ သူတို့ တဖြည်းဖြည်းနှင့် ဤအခြေအနေ၏ အ‌ရေးကြီးမှုကို သတိထားမိလာကြသည်။

မွန်းစတား

“ဒါကို ဟာသလို့ မင်းတို့ထင်နေကြတာလား။ ငါအမှန်ကို ပြောနေတာပဲ။ ဒါက စွမ်းအားကြီးမွန်းစတားတစ်ကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် ဖြစ်လာမယ့် နောက်ဆက်တွဲကွ” ရွယ်ပိုင်လုံက ဖြည်းဖြည်းဆိုသည်။ “မွန်းစတားတွေကို အမဲလိုက်တာက မင်းတို့တွေးထားတာထက် အန္တရယ်များတယ်။ တကယ်လို့ လူသားတွေက နည်းပညာရဲ့အကျိုးကျေးဇူးတွေအပေါ်မှီခိုရင်တောင်မှ လူသားတွေ လုံးဝအသာရလိမ့်မယ်လို့ တစ်ထစ်ချမဆိုလိုဘူး။ ငါတစ်ခါက စစ်သားတပ်ရင်းတစ်ခုလုံး မွန်းစတားအုပ်ဆီမှာ အစားခံလိုက်ရတာတွေ့ဖူးတယ်။ ငါ ဒီအကြောင်းကို ဒီနေရာမှာ အပိုလုပ်ဖို့ပြောနေတာမဟုတ်ဘူး။ မင်းတို့ကို သတိထားစေချင်လို့ပြောနေရတာပဲ။ စစ်ပွဲကို ကလေးကစားစရာလိုသဘောထားမနေကြစမ်းနဲ့။ မင်းတို့အားလုံးက သာမန်လူတွေထဲက ‌ရွေးချယ်ခံထားရတဲ့ လက်ရွေးစင်တွေပဲ။ ဒီအရွယ်အထိ ကြီးလာဖို့ဆိုတာလွယ်တာမဟုတ်ဘူး။ ဒါ့ကြောင့် မင်းတို့ရဲ့ သတိမထားမှုကြောင့်တော့ အသက်ကို မဆုံးရှုံးစေနဲ့”

လူအုပ်ကို အကြိမ်အနည်းငယ်ကြည့်ပြီးသည့်နောက်တွင် ကျောင်းသားများကို ခြောက်လှန့်ရာမှရပ်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူကဆက်၍

“ဒါပေမယ့် စိတ်လည်းသိပ်ပူစရာမလိုပါဘူး။ စစ်ပွဲရဲ့ အရှေ့ပိုင်းကို ငါတို့စစ်တပ်က စည်းချထားပါတယ်။ ဒါကြောင့် မင်းတို့ အရမ်းစွမ်းအားကြီးတဲ့မွန်းစတားတွေနဲ့ မရင်ဆိုင်ရလောက်ပါဘူး။ အတိုချုံးပြောရရင် အကောင်းဆုံးသာလုပ်ခဲ့ပေါ့ကွာ”

“ငါ မင်းတို့အားလုံးအပေါ် အများကြီးမျှော်လင့်ထားတယ်။ နောင်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအချိန်ရောက်ရင် ဝင်ခွင့်ဖြေဖို့တစ်ခုတည်း လုပ်စရာရှိတာမဟုတ်ပါဘူး။ ငါတို့ပြည်ထောင်စုစစ်တပ်ကလည်း ပါရမီပါတဲ့လူတွေကို အလိုရှိပါတယ်။ ငါတို့စစ်တပ်ထဲမှာ ရေတွက်လို့မရနိုင်အောင် များပြားလှတဲ့ အရေးကြီးပုဂ္ဂိုလ်တွေရှိတယ်။ မင်းတို့အားလုံးကြားဖူးကြမယ်လို့ ငါယုံကြည်ပါတယ်။ ဆိုရရင် သူတို့ထဲက တော်တဲ့လူတွေကလည်း ထိပ်တန်းတက္ကသိုလ်တွေက ဘွဲ့ရသူတွေထက် နည်းနည်းလေးတောင်နိမ့်ကျမနေဘူး”

သူတို့ကို စစ်တပ်ထဲသို့ခေါ်ရန် ပြောင်ကျကျဆိုနေသော ရွယ်ပိုင်လုံအပေါ် ချင်ဖုန်းရော ကျင်းဝူကပါ တုံ့ပြန်ခြင်းမရှိပေ။ သူတို့နှစ်ဦးလုံးသည် စစ်တပ်မှအနားယူထားခြင်းဖြစ်သော်လည်း ရွယ်ပိုင်လုံ၏ စကားလုံးများသည် မှားသည်ဟုမခံစားရပေ။ ကျောင်းသည် အရည်အချင်းရှိလူငယ်များ ပျိုးထောင်ပေးရန်အတွက်သာတာဝန်ရှိသဖြင့် ဤသို့သောကိစ္စရပ်များကိုမူ ဂရုမထားပေ။ အဆုံးသတ်တွင် ကျောင်းသားများသည် တက္ကသိုလ်တက်ရန်ဖြစ်စေ၊ စစ်တပ်ထဲသို့ဝင်ရန်ဖြစ်စေ ရွေးချယ်နိုင်၏။ ဤသည်ကား မိမိတို့ကိုယ်တိုင်၏ ဆုံးဖြတ်ချက်သာဖြစ်သည်။

စစ်တပ်အတွက် အရည်အချင်းရှိတပ်သားသစ်များစုဆောင်းရန် တိတ်တဆိတ်လုပ်ဆောင်ခြင်းမရှိဘဲ တိုက်ပွဲစစ်ဆီသို့ ကျောင်းသားများကို ကူညီလက်ခံပေးရန်် မည်သို့ဖြစ်နိုင်မည်နည်း။

တကယ်တမ်းတွင် ဆွဲဆောင်မှု၌ပါသွားသော ကျောင်းသားများစွာရှိသေး၏။ အထူးတန်းများတွင်တောင် ပြည်ထောင်စု ထိပ်တန်းတက္ကသိုလ်များကို မဆိုနှင့်၊ အထူးတက္ကသိုလ်များသို့ ဝင်ခွင့်ရနိုင်သည့်သူ အနည်းငယ်သာရှိသည်။ ကျန်းထန်သို့မဟုတ် အိုးယန်ကဲ့သို့ ထူးချွန်သူတစ်ယောက်ယောက်သည်ပင် အခွင့်အရေးမရှိနိုင်ပေ။ တက္ကသိုလ်ဝင်ခွင့်ရခြင်းအပြင် စစ်တပ်ထဲသို့ဝင်ခြင်းက ကျိန်းသေပေါက်ကို ထင်ပေါ်ကျော်ကြားနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။

“ဆရာ၊ တကယ်လို့ ငါတို့စစ်တပ်ထဲဝင်ရင် ဆရာ့တပ်ရင်းထဲကို ဝင်လို့ရနိုင်မလား” ကျောင်းသားတစ်ယောက်က လက်မြှောက်ကာ မေးသည်။ ရွှယ်ပိုင်လုံက ခပ်ပါးပါးရယ်လိုက်ကာ ဆို၏။

“လမ်းလျှောက်ဖို့တောင်မသင်ရသေးရင် ဘယ်လိုလုပ်ပြေးနိုင်မှာလဲ။ တကယ်လို့ မင်းတို့ ငါ့တပ်ရင်းထဲကို ဝင်ပြီး ငါ့လက်အောက်ငယ်သားဖြစ်ချင်ရင် စစ်တပ်ရဲ့လက်ရွေးစင်ဖြစ်လာဖို့လိုတယ်။ အကောင်းတကာ့ အကောင်းဆုံးတွေမှာသာ အခွင့်အရေးရှိတယ်။ အခုတော့ မင်းတို့အားလုံးဟာ အ‌ရည်အချင်းမပြည့်မီသေးဘူး”

ဤသို့ကြားသောအခါ လူအများက စိတ်ပျက်မသွားဘဲ ရွယ်ပိုင်လုံ၏ တပ်ရင်းအကြောင်းကို ပို၍ သိချင်စိတ် ပြင်းပျလာကြသည်။ သို့သော် ရွယ်ပိုင်လုံသည် သူတို့အားမရှင်းပြတော့ချေ။ ကြီးမားသော သယ်ယူပို့ဆောင်ရေးလေယာဥ်သည် ကောင်းကင်ပေါ်မှ မြေပြင်သို့ ဆင်းသက်လာ၏။ လေယာဥ်တစ်ခုလုံးသည် မည်းနက်နေကာ ထူးခြားသော သတ္ထုအရောင်ပြောင်လက်နေ၏။ လေယာဥ်၏ကိုယ်ထည်သည် ပြေပြစ်နေကာ လေထဲပျံနိုင်ရန် ပုံစံဖော်ထား၏။ လွန်ခဲ့သော နှစ်ရာချီတည်းက ကမ္ဘာဆွဲအားဆန့်ကျင်ခြင်း ဖော်မျူလာကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ကမ္ဘာဆွဲအားဆန့်ကျင်သော လေယာဥ်များသည် မရှားတော့ပေ။ လေယာဥ် ဆင်းရန်၊ တက်ရန်အတွက် ရှည်မြောသော လေယာဥ်ဆင်းကွင်းများတွင် ပြေးသင်မောင်းနှင်ရန်မလိုတော့ပေ။ ဒေါင်လိုက်ပင် အတက်အဆင်းပြုနိုင်၏။ အရပ်သားသုံး ကားပျံများသည်ပင် ဤကမ္ဘာဆွဲအားဆန့်ကျင်ခြင်း ဖော်မျူလာကို အသုံးပြုထားကြခြင်းဖြစ်သည်။

“ကောင်းပြီ၊ အခု ပို့ဆောင်ရေးယာဥ်ရောက်ပြီ။ မင်းတို့အားလုံးတက်ကြတော့။ ဒီလေယာဥ်က တည်ငြိမ်သမုဒ္ဒရာမြို့အစွန်က စစ်မြေပြင်ကို တိုက်ရိုက်ခေါ်သွားလိမ့်မယ်။” ရွှယ်ပိုင်လုံက ဆိုသည်။

လက်ရှိ တုန်ဟွာမြို့သည် အရှေ့ပိုင်းနယ်မြေတစ်ခုလုံးတွင် အကြီးဆုံး အခြေစိုက်မြို့တော်များထဲမှ တစ်ခုဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့သည်မူ တုန်ဟွာမြို့အားဝန်းရံကာကွယ်နေသော ဩဇာခံမြို့များထဲမှ တစ်ခုဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့၏အပြင်ဘက်သည် မရေမတွက်နိုင်သော မွန်းစတား များအုပ်စိုးထားသည့် လူနေကင်းမဲ့သောဒေသဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာပတ်ပတ်လည်ရှိ ပြည်ထောင်စုစစ်တပ်နှင့် မကောင်ဆိုးဝါးများအကြားတိုက်ပွဲသည် မည်သည့်အချိန်တွင်မှ ရပ်တန့်သွားခြင်းမရှိပေ။ သာမန်လူများ စစ်ဒဏ်ကို မခံစားရတော့ရုံသာဖြစ်၏။

ပုံမှန်အားဖြင့် သာမန်လူများကို စစ်မြေပြင်၏အနီးနားသို့ ကပ်ရန် ပြည်ထောင်စုစစ်တပ်မှခွင့်ပြုပေးထားခြင်း မရှိပေ။

ပို့ဆောင်ရေးယာဉ်သည် ကျောင်းသားများဖြင့်ပြည့်သွား၏။ အတန်းနှစ်ခုမှ ကျောင်းသားများ စုစုပေါင်း တစ်ရာကျော်လောက်ရှိသော်လည်း ပို့ဆောင်ရေးယာဉ်သည် သူတို့အားလုံးကို သယ်နိုင်၏။ တပ်မတော်သည် ဤစစ်ရေးလေယာဉ်အား ကျောင်းသားများကို သယ်ယူပို့ဆောင်နိုင်ရန် အသင့်ပြင်ဆင်ထားသည်မှာ သိသာသည်။

လူအားလုံး နေရာတွင်ထိုင်ပြီးနောက်တွင် ပို့ဆောင်ရေးယာဉ်သည် အထက်သို့ ဒေါင်လိုက်တည့်တည့် မြင့်တက်သွား၏။ ကောင်းကင်ယံသို့ရောက်သောအခါတွင် အရှိန်ကုန်ဖြင့် တည်ငြိမ်သမုဒ္ဒရာမြို့အပြင်ဘက်သို့ ပျံထွက်လာ၏။ ပို့ဆောင်ရေးယာဉ်ပေါ်တွင် ထိုင်နေရသော်လည်း လေလှိုင်းထန်ခြင်းအနည်းငယ်ကိုပင် မခံစားရပေ။ မှန်ပြတင်းတံခါးကို ဖြတ်ဖြတ်သွားသော အဖြူရောင်တိမ်တိုက်များကသာ သူတို့ကို အရှိန်မြင့်မြင့်ဖြင့်ပျံနေသည်ဖြစ်ကြောင်း သတိပေးနေ၏။

ယခင် ကွင်းပြင်ထဲရှိနေကြစဥ်က သူတို့အားလုံးသည် စကားပြောလိုက်၊ ရယ်လိုက်နှင့်ရှိနေကြသော်လည်း ဤအချိန်တွင်မူ အများစုသည် စိတ်တုန်လှုပ်နေကြပြီဖြစ်သည်။ သူတို့သွားရမည်မှာ လူများသေကြေနိုင်သည့် တိုက်ပွဲစစ်ပင်ဖြစ်သည်။ အကယ်၍ လူသားလက်ရွေးစင်များဖြစ်ချင်ပါက သူတို့၏ ဖန်လုံအိမ်ကလေးများထဲတွင် ဆက်လက်နေခွင့်မရှိတော့ပေ။ မွန်းစတားများ၏ သွေးမိုးများထဲ နစ်မြုပ်ခံရမည်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေးယာဥ်သည် ၁၀မိနစ်သာ ပျံသန်းပြီးနောက် တည်ငြိမ်သမုဒ္ဒရာမြို့၏ မြို့ထဲကိုပင် ကျော်လာခဲ့ပြီဖြစ်သည်။ လေယာဥ်ပေါ်မှ လှမ်းမြင်နေရသော အဆောက်အအုံများသည် တဖြည်းဖြည်းဝေဝါးလာ၏။ မိနစ်အနည်းငယ်ကြာပျံသန်းပြီးသည့်နောက် လူတိုင်း၏ရှေ့တွင် ကြီးမားသော တံတိုင်းတစ်ခုပေါ်ထွက်လာ၏။ ဤသည်မှာ သံမဏိနှင့် ဘိလပ်မြေဖြင့်ပူးတွဲပြုလုပ်ထားသော ကြီးမားသည့် မြို့ရိုးပင်ဖြစ်ကာ မီတာ တစ်ရာကျော်မြင့်၍ မိုင်ပေါင်းများစွာရှည်သည်။ မိုးကုတ်စက်ဝိုင်းထိ ရှည်လျားသော အဆုံးမဲ့မျဥ်းကိုသာ မြင်ရသည်။

လူတိုင်းသည် အလွန်ထိတ်လန့်သွားကြသော်လည်း ဤမြို့ရိုးပေါ်တွင် လူသားများ၏အငွေ့အသက်ကိုမခံစားရပေ။ လူထုသည်မူ မြို့ရိုးနှင့် ဆယ်ကီလိုမီတာကျော် အကွာတွင်ရှိကာ တည်ငြိမ်သမုဒ္ဒရာမြို့တော်၏ နောက်ဆုံးသော အကာအကွယ်ဖြစ်သည်။

ပို့ဆောင်ရေးယာဥ်သည် မြို့ရိုးကိုကျော်၍ ပျံသွား၏။ မြေပြင်ပေါ်တွင် ထူထဲစွာတူးပေါ်ထားသော ကျင်းကတုတ်များကို လူတိုင်းမြင်နေရသည်။ ရံဖန်ရံခါတွင် တစ်ကောင်ပြီးတစ်ကောင်တိုက်ခိုက်လာသော မွန်းစတားများကို မီးလျှာမျာပစ်ခတ်ကာ ချေမှုန်းပစ်လေ့ရှိသည်။ ယင်းတို့၏ စွမ်းအင်ကိုဖော်ပြလျက်ရှိသော သေနတ်မျိုးစုံလည်းရှိ၏။ သယ်ယူပို့ဆောင်ရေးယာဥ်သည် အလယ်ဗဟိုရှိ အိပ်ဆောင်၏အလယ်တွင် ဆင်းသက်၏။

ပို့ဆောင်ရေးယာဥ်ပေါ်မှ မည်သူမှမဆင်းခင်တွင် ရွှယ်ပိုင်လုံသည် လူတိုင်းကို လက်ပတ်များဝေပေး၏။

“ဒီလက်ပတ်ကို မင်းတို့သေချာဂရုစိုက်ရမယ်၊ ပျောက်လို့မရဘူး။ ရှေ့တန်းမှာ လျှပ်စစ်သံလိုက်နံရံတစ်ခုရှိတယ်။ တကယ်လို့ မင်းတို့ မွန်းစတားအများကြီးနဲ့ရင်ဆိုင်ရရင် ဒါမှမဟုတ် အရမ်းစွမ်းအားကြီးတဲ့မွန်းစတားတွေနဲ့ ရင်ဆိုင်ရရင် လျှပ်စစ်သံလိုက်နံရံရဲ့ အခြားဘက်ကိုသာ ပြန်ဆုတ်ခဲ့။ မွန်းစတားတွေကို နံရံက ပိတ်ထားပေးလိမ့်မယ်။ ဒါပေမယ့် လျှပ်စစ်သံလိုက်နံရံက လက်ပတ်ကနေတစ်ဆင့်ပဲ မင်းတို့မှန်းသိနိုင်တယ်။ တကယ်လို့ လက်ပတ်ပျောက်သွားခဲ့ရင် မင်းတို့ ပြန်ဝင်လို့ရမှာမဟုတ်ဘူး။ နောက်ထပ်မှာချင်တာကတော့၊ နေရာကနေအဝေးကြီးလျှောက်မသွားဖို့ပဲ။ မဟုတ်ရင်ငါတို့ လုပ်ချင်ရင်တောင်အချိန်မီပြီးမှာမဟုတ်ဘူး။”

“ကောင်းပြီ။ ငါထပ်ပြောစရာမရှိတော့ဘူး။ မင်းတို့အတန်းပိုင်ဆရာက လေယာဥ်ပေါ်ကဆင်းဖို့ပြောပြီးပြီလို့ ငါယုံကြည်ပါတယ်”

All Chapters