အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အခန်း (၉၇) အလွန်တောက်ပသည့် ဆေးပညာနည်းစနစ်များ
ချူးယွင်ဖန်းသည် လုချင်းရွှမ်နှင့် အချိန်မဖြုန်းတော့ဘဲ ဆေးဓာတ်ခွဲခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ကိုယ်ပိုင်ဓာတ်ခွဲခန်းဆောက်သင့်သလားဟုပင် စဥ်းစားနေပြီဖြစ်သည်။ သို့သော် သူ့အိမ်သည် ကျဥ်းသည်ဟု ယူဆ၍မရကာ လေးယောက်နေထိုင်ရန် လုံလောက်သည်ထက်ပိုသော်လည်း ဆေးဓာတ်ခွဲခန်းတစ်ခုဆောက်ရန်တော့မဖြစ်နိုင်ပေ။ ထို့ကြောင့် ချုးယွင်ဖန်း၏ စိတ်ထဲတွင် အခြားအိမ်တစ်လုံးဝယ်ရန်စိတ်ကူးပေါ်လာသည်။ သူသည် ဗီလာတစ်ခုကဲ့သို့ တန်ဖိုးကြီးသော လူနေရပ်ကွက်တွင် အိမ်တစ်လုံးဝယ်ချင်သည်။ ထိုသို့သောနေရာမျိုးရှိ အခြေအနေများသည် သူ့လက်ရှိအိမ်ထက်ပင် ပို၍သာနိုင်၏။
သူ့ညီမလေး မျိုးရိုးဗီဇရောဂါပျောက်ကင်းသွားပြီးနောက်တော့ ထိုသို့သောနေရာမျိုးသည်လည်း သူမပြန်လည်ထူထောင်ရေးအတွက် ပိုမိုအဆင်ပြေနိုင်လိမ့်မည်ဖြစ်သည်။ သူမ၏ ကိုယ်ခံအားမြှင့်တင်ရေးနှင့် သိုင်းပညာလေ့ကျင့်ခြင်းတို့အတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း စျေးနှုန်းသည် သေချာပေါက်မြင့်မားနေမည်ဖြစ်၏။ ဤသည်ကိုတော့ သူသေသေချာချာစီစဥ်ရမည်ပင်။
ယခုအချိန်တွင် ဓာတ်ခဲခန်းအတွင်း၌ ပါဝင်ပစ္စည်းများပြည့်နေသည်။ လုချင်းရွှန်က မနက်အစောပိုင်းတည်းက သေချာစီရီခွဲထုတ်ရန် တစ်စုံတစ်ယောက်အားခေါ်ခိုင်းထားပြီးဖြစ်သည်။ ပါဝင်ပစ္စည်းအားလုံးသည် သူ့အပုံနှင့်သူရှိနေ၏။
“ဆရာချူး၊ ရှင့် ပါဝင်ပစ္စည်းတွေအားလုံးအတွက် ကျွန်မပြင်ဆင်ပြီးပါပြီ။ အချိန်မရွေး ကျွန်မဒေဝါလီခံသွားရနိုင်တယ်ရှင့်” လုချင်းရွှမ်က ချူးယွင်ဖန်းကို ကြည့်ကာဆိုသည်။
ချူးယွင်ဖန်းက အနည်းငယ်ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားကို ဒေဝါလီခံဖို့ လုံးဝခွင့်မပြုဘူး”
ချူးယွင်ဖန်းတစ်ယောက် ယုံကြည်မှုအပြည့်ရှိနေသည်ကို မြင်လိုက်ရသောအခါ လုချင်းရွှမ်သည် ပို၍ပင်ယုံကြည်မှုရှိလာခဲ့သည်။ အရာခပ်သိမ်းကိုထိန်းချုပ်နိုင်စွမ်းရှိသည့် သူ့ယုံကြည်မှုသည် လူတိုင်းအပေါ်သက်ရောက်မှုရှိနိုင်သည်ဟုပင် သူမတွေးနေမိသည်။ ချူးယွင်ဖန်းသည် ဆေးဖိုနားသို့လမ်းလျှောက်သွားကာ မီးကိုဖွင့်လိုက်သည်။ ထို့နောက်ပါဝင်ပစ္စည်းများ ယူဆောင်လာ၏။
“ကျွန်တော် တစ်ထိုင်တည်းမှာ မရီးဒျန်သန့်စင်ဆေးသုံးလုံးထုတ်လုပ်နိုင်ပါတယ်။ ဆယ်ရက်အတွင်း ပြီးပြည့်စုံတဲ့မရီးဒျန်သန့်စင်ဆေးအလုံးသုံးဆယ်ကို အပြီးဖော်စပ်ဖို့စီစဥ်ထားတယ်” ချူးယွင်ဖန်းကဆိုသည်။
သူအတန်းများတက်ရန်ရှိသေးသည့်အပြင် ကျင့်ကြံရန်လည်းလိုသေး၏။ ဒီအပြင် သူ့တွင် အချိန်သိပ်မကျန်တော့ပေ။ တစ်နေ့လျှင် ပြည့်စုံသောအဆင့်ရှိ မရီးဒျန်သန့်စင်ဆေးသုံးလုံးကို ဖော်စပ်ရန် လုံလောက်၏။ ဆေးဧကရာဇ်၏မှတ်ဉာဏ်များ သူ့ခေါင်းထဲတွင်ရှိနေသောကြောင့် သူကြိုက်သလောက် ဆေးလုံးများများကို ထုတ်လုပ်နိုင်၏။ ဤသည်မှာ သိုင်းပညာတော်တော်များများကို သိသော်လည်း ထိုသိုင်းများသည် အလွန်နက်နဲကာ သူ့ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ဝန်ပိုးကြီးလွန်းသောကြောင့် ၎င်းတို့ကို အသုံးမပြုနိုင်သည်နှင့်တူ၏။ ယခုလည်း သူသည် တစ်ချိန်တည်းတွင် ဆေးဖော်စပ်နေသည်။ ထိုပြီးပြည့်စုံသော အဆင့်ရှိဆေးများကို ဖော်စပ်ရန် ဆေးစာလိုအပ်သည်သာမက ပါဝင်ပစ္စည်းများကိုသာစုနိုင်ခြင်းသည်လည်း အသုံးဝင်မည်မဟုတ်ပေ။ ဆေးလုံး၏အဆင့်မြင့်လေ ဆေးပညာရှင်ကိုယ်တိုင်၏ လိုအပ်ချက်များမြင့်မားလေဖြစ်သည်။
လက်ရှိအချိန်တွင် သာမန်ဆေးပညာရှင်တစ်ဦးသည် ဆေးဖော်စပ်သည့်အခါတွင် သာမန်ဖိုတစ်ခုကိုသာအသုံးပြုကြလိမ့်မည်။ အကယ်၍ နောက်ထပ်တစ်ဆင့်တက်သွားပါကာ သာမန်မီးဖိုတစ်ခု၏ အပူချိန်ထက်အဆပေါင်းများစွာသာလွန်သော အထူးမီးဖိုတစ်ခုကို လိုအပ်မည်ဖြစ်သည်။ သူတို့နောက်ထပ်တစ်လှမ်းလှမ်းကာ ကြီးကျယ်ခမ်းနားသောဆေးပညာရှင်အဆင့်သို့ရောက်လျှင် အထူးနည်းလမ်းကိုလေ့လာ၍ ဆေးမီးကိုကျင့်ကြံရန်လိုအပ်လိမ့်မည်ဖြစ်သည်။ ဤထူးခြားသော ဆေးမီဂကို ကျင့်ကြံခြင်းဖြင့်သာလျှင် ထိုအဆင့်သို့ရောက်နိုင်မည်ဖြစ်သည်။ ထိုအဆင့်တွင် ဆေးဖော်စပ်ခြင်းသည် စက်မှထုတ်လွှတ်သောမီးကို အားကိုးမည်မဟုတ်တော့ဘဲ ယင်းအစား ဆေးပညာရှင်၏ ကိုယ်ပိုင်ဆေးမီးကို အသုံးပြုကာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ၎င်းသည် ဆေးပညာရှင်အပေါ် အလွန်မြင့်မားသော လိုအပ်ချက်တစ်ခုဖြစ်ကာ မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ဤဆေးမီးသည် ဆေးပညာရှင်၏ စွမ်းအင်စစ်ကို စားသုံးလိမ့်မည်ဖြစ်၏။ ဤသည်မှာ ဆေးပညာရှင်တစ်ဦးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။
ထို့အပြင်၊ ပြီးပြည့်စုံသော ဆေးလုံးများထုတ်လုပ်ရန် ဆယ်ရက်ကျော်၊ တစ်လခွဲအထိလိုအပ်သည်။ ၎င်းသည် ဆေးပညာရှင်၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် စမ်းသပ်မှုတစ်ခုလည်းဖြစ်၏။ ထို့ကြောင့် သိုင်းပညာကျွမ်းကျင်သူသည် ဆေးပညာရှင်တစ်ဦး မဖြစ်ကောင်းမဖြစ်နိုင်သော်လည်း ဆေးပညာရှင်တစ်ဦးသည်မူ သိုင်းပညာကျွမ်းကျင်သူဖြစ်ကိုဖြစ်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဆေးဧကရာဇ်ဖြစ်သည်။ သူသည် ဆေးပညာကျင့်ကြံနိုင်ခဲ့ရုံသာမက တိုက်ခိုက်ရေးဘက်တွင်လည်း အုပ်ချုပ်သူအဆင့်သို့ရောက်နိုင်ခဲ့သည်။ ထိုမှမဟုတ်လျှင် ဧကရာဇ်မင်းတိုက်ပွဲများတွင် သူ အဘယ်ကြောင့် ပါဝင်ဝံ့လိမ့်မည်နည်း။
ဆေးဧကရာဇ်၏တိုက်ခိုက်ရည်သည် ဧကရာဇ်မင်းများအနက်တွင် အနိမ့်ဆုံးဖြစ်ခဲ့သော်လည်း သူ့သိုင်းပညာသည် ဖော်စပ်ထားသော ဆေးလုံးများကြောင့်တိုးမျြင့်နိုင်ခဲ့ကာ အတိုင်းအတာတစ်ခုကျော်လွန်သွားခဲ့သည်။ အခြားအဖွဲ့သည် ဧကရာဇ်မင်းများထဲမှ တစ်ယောက်မဟုတ်သရွေ့တော့ ၎င်းတို့ကို သူအလွယ်တကူနှိမ်နင်းနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ချူးယွင်ဖန်းသည် သူ့စိတ်ထဲတွင် ဆေးဖော်စပ်နည်းများစွာရှိသည်ကို သိနေသော်လည်း အဆင့်တစ်ဆင့်ပြီး တစ်ဆင့်သာလုပ်ဆောင်လျက်ရှိသည်။ သူ၏ကျင့်ကြံရေးသည် ယင်းနှင့် လိုက်ရောညီထွေဖြစ်ရန်လိုအပ်၏။ အကယ်၍ ၎င်းသည် ဆေးဧကရာဇ်သာဖြစ်ပါက ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးရာနှင့်ချီ၍တစ်ဆက်တည်း ဖော်စပ်ခြင်းသည်ပင် ပမွှား တစ်ခုဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် သုံးခုဖော်စပ်ခြင်းသည်မူ ချူးယွင်ဖန်း၏ ကန့်သတ်ချက်ပင်ဖြစ်၏၊ ဤသည်မှာ သူသည် ထိုဆေးများ၏ အရည်အသွေးကို သေချာစေရန်ပြုလုပ်ရဦးမည်ဖြစ်သောကြောင့်ဖြစ်သည်။ ချုးယွင်ဖန်းအတွက်မူ ၎င်းသည် ဝေးနေသေး၏။
သို့သော် လုချင်းရွှမ်အတွက်တော့ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်တစ်ခုဖြစ်နေ၏။ တစ်ထိုင်တည်း မရီးဒျန်သန့်စင်ဆေးသုံးလုံး ဖော်စပ်ရမည့်အပြင် ထိုမရီးဒျန်သန့်စင်ဆေးများသည် ပြီးပြည့်စုံသော အရည်အသွေးရှိသည်ကိုလည်း သေချာစေရမည်ဖြစ်၏။ ဆေးကျွမ်းကျင်သူတစ်ဦးပင် ထိုသို့မဖြစ်နိုင်သောအရာကို ပြုလုပ်နိုင်မည်မဟုတ်ပေ။ ထိုမှမဟုတ်လျှင် ပြည့်စုံသော မရီးဒျန်သန့်စင်ဆေးများသည် ဤမျှလောက်ဝယ်လိုအားများနေလိမ့်မည်မဟုတ်ပေ။ သူမသည် အနည်းအကျဥ်းတော့စိုးရိမ်နေသေး၏။ ပါဝင်ပစ္စည်းများသည် မရီးဒျန်သန့်စင်ဆေးသုံးလုံးတည်းအတွက်သာဖြစ်သော်လည်း သန်းပေါင်းများစွာတန်ကြေးရှိနေပြီဖြစ်သည်။ မအောင်မြင်ပါက သူမ မည်သည့်နေရာသို့သွားရောက်ငိုရမည်နည်း။ သို့သော် ခဏအကြာတွင် သူမသည် ယုံကြည်မှုရှိလာခဲ့သည်။ ဆေးဖော်စပ်ခြင်းလုပ်ငန်းစဥ်တွင် နစ်မြုပ်လျက်ရှိသော ချူးယွင်ဖန်းသည် အခြားသူတစ်ဦးအဖြစ်သို့ပြောင်းလဲသွားပုံရသည်။ ချူးယွင်ဖန်းသည် သာမန်အားဖြင့် ဘေးအိမ်မှကလေးငယ်လေးတစ်ဦးနှင့်တူလျှင် ဆေးဖော်စပ်ခြင်းတွင် စိတ်နစ်မြုပ်လျက်ရှိသော ချူးယွင်ဖန်း၏ အရောင်အဝါသည် စိတ်ကူး၍ပင် မရနိုင်ပေ။ သူသည် ဤနယ်ပယ်၏ နတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်၏။ သူဆေးဖော်နေသည်မှန်းသိသာသော်လည်း သူမသည် သိုင်းပညာရှင်တစ်ဦး၏ လုပ်ဆောင်ချက်ကို ကြည့်နေရသကဲ့သို့ ခံစားရသည်။ အရာရာတိုင်းကို လွယ်လွယ်ကူကူ လုပ်နိုင်သည့်ရောင်ဝါသည် ရိုးရှင်းစွာပင် ဖော်ပြ၍မရနိုင်ပေ။
အတိုချုံးပြောရလျှင် အံ့သြဖွယ်ကောင်းသည်။ ယခင်ကသူမဖိတ်ကြားခဲ့သော ဆေးပညာရှင်များသည် ချူးယွင်ဖန်းထက် သိသိသာသာပင် အဆင့်နိမ့်ကြသည်။ သူတို့အတော်လေး အခြေခံကျသောဆေးကိုဖော်စပ်နေချိန်တွင်ပင် အလွန်သတိထားရသည်။ ရံဖန်ရံခါ မီးဖိုမီးကို စစ်ဆေးကာ အချိန်ကိုတွက်ချက်၍ လုပ်ငန်းစဥ်၏ အဆင့်တိုင်းအားထိန်းချုပ်ရန်ကြိုးစားရသည်။ တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် ဤအဆင့်များကို သူ့သွေးလမ်းကြောင်းထဲသို့ပေါင်းစပ်လိုက်ပုံပေါ်ကာ အရာအားလုံးသည် သူ့ထံသို့သဘာဝအတိုင်းရောက်လာ၏။ မျက်လုံးပါသည့်လူတိုင်း နှစ်ဖက်ကြား ခြားနားချက်အား အလွယ်တကူပြောပြနိုင်မည်ဖြစ်၏။
လုချင်းရွှမ်သည် အလွန်အံ့အားသင့်ကာ ချူးယွင်ဖန်း၏ နောက်ခံအကြောင်းပို၍ပင် သိချင်စိတ်ပိုများလာ၏။ ဤလူသည် တကယ်ကိုပဲ သာမန်မိသားစုထဲကဖြစ်နိုင်သလား။
ချူးယွင်ဖန်းအတွက်၊ ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးသုံးလုံးကို တစ်ပြိုင်နက်တည်းဖော်စပ်ခြင်းက သူ့လက်ရှိခွန်အားကို စမ်းသပ်မှုတစ်ခုလည်းဖြစ်သည်။ ဆေးဖော်စပ်သည့် လုပ်ငန်းစဥ်တွင် သူ၏ ခွန်အားနှင့် စွမ်းအင်သည် အလွန်လျင်မြန်သောနှုန်းတစ်ခုဖြင့် ကုန်ဆုံးသွားမည်ဖြစ်သည်။ လုချင်းရွှမ်သည် ချူးယွင်ဖန်းအားယုံကြည်မှုရှိသည်မှန်သော်လည်း အချိန်အနည်းငယ်အကြာ၊ မရီးဒျန်သန့်စင်ဆေးသုံးလုံး အဆင်သင့်ဖြစ်သည်နှင့်ချက်ချင်း ထခုန်ကာ ဖိုထဲမှဆေးလုံးများကိုယူကာ ဆေးအကဲဖြတ်စက်ထဲသို့ ထည့်လိုက်သည်။ မကြာခင်မှာပင် ရလဒ်များထွက်လာ၏။
၎င်းသည် ၁၀၀ % ပြည့်စုံသောအရည်အသွေးဖြစ်ကာ ဆေးလုံးသုံးလုံးလုံးအတွက် ရလဒ်သည်တူညီ၏။
“တကယ်အလုပ်ဖြစ်တယ်” လုချင်းရွှမ်က မထိန်းနိုင်ဘဲအော်လိုက်သည်။ သူမသည်ယုံကြည်မှုရှိခဲ့သော်လည်း ပြီးပြည့်စုံသောာ မရီးဒျန်သန့်စင်ဆေးလုံး သုံးလုံးကို တစ်ချိန်တည်းတွင် မြင်လိုက်ရသောအခါ သူမသည် အလွန်တုန်လှုပ်နေသေး၏။ ချုူးယွင်ဖန်းတစ်ယောက် အသက်ရှုရန်အတော်အကြာလိုက်သည်။ ဖော်စပ်စဥ်အတွင်းတွင် တည်ငြိမ်နေသည်ဟုမြင်ရသော်လည်း ဆန့်ကျင်ဘက်တွင် သူသည် အလွန်အမင်းအာရုံစိုက်နေရသဖြင့် မျက်လုံးများနှင့် နားများကို တစ်ချိန်လုံးဖွင့်ထားရသည်။ ထို့ကြောင့် စွမ်းအင်များစွာကုန်ဆုံးသွားရ၏။
“ကျွန်တော် ဒီဆေးသုံးလုံးကို ခင်ဗျားဆီထားခဲ့ပါ့မယ်။ အခုတော့ အိမ်ပြန်တော့မယ်။ မနက်ဖြန်ကျရင်လည်း ဒီလိုပဲလုပ်မယ်။ ကျွန်တော်ဒီကိုလာပြီး ဆက်ဖော်စပ်ပါမယ်” ချူးယွင်ဖန်းက ဆိုသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်သည်စတင်၍မှောင်နေပြီဖြစ်၍ သူအိမ်ပြန်ရတော့မည်ဖြစ်သည်။
“ပြဿနာမရှိပါဘူး”
လုချင်းရွှမ်သည် အလွန်ပီတိဖြစ်နေဟန်ပေါ်သည်။ တန်ဒါအဖွဲ့မှ သူမအပေါ်ချမှတ်ထားသော တားမြစ်ချက်များကို ချိုးဖောက်သည့်မြင်ကွင်းကို သူမမြင်ယောင်နေမိသည်။ သူမနှလုံးသားအား လပေါင်းများစွာ လွှမ်းမိုးထားခဲ့သော တိမ်နက်များသည် နောက်ဆုံးတွင် စတင်၍ အစုခွဲတော့မည်ဖြစ်၏။
အခန်း(၉၈) ချီပင်လယ် စတုတ္ထအဆင့်
ဆေးဖော်စပ်ပြီးသည့်နောက်တွင် လုချင်းရွှမ်၏ ကုမ္ပဏီမှထွက်ခွာလာခဲ့သည့်အချိန်မှာ ညရှစ်နာရီပင်ထိုးနေပြီဖြစသ်သည်။ လသည် အလွန်တောက်ပလျက်ရှိကာ ကြယ်များလည်းကျဲသွား၏။
ယခုအချိန်သည် ဆောင်းရာသီနီးကပ်လာခဲ့ပြီဖြစ်သော်လည်း ခေတ်မီသိပ္ပံနှင့် နည်းပညာများ၏ အကူအညီဖြင့် တည်ငြိမ်သမုဒ္ဒရာမြို့သည် တစ်နှစ်ပတ်လုံးနွေဦးရာသီကဲ့သို့ဖြစ်နေ၏။ ဆင်းသက်လာသော မိုးများနှင့် နှင်းစက်များအား ကျဆင်းလာသောပမာဏအပါအဝင် ထိန်းချုပ်ထား၏။
ခဏအကြာတွင်လုချင်းရွှမ်သည် စာတိုတစ်စောင်ပေးပို့ခဲ့၏။
(ဆေးသုံးလုံးရောင်းပြီးပြီ)
ချူးယွင်ဖန်းက ခပ်ပါးပါးပြုံးလိုက်သည်။ ရောင်းအားသည် အလွန်အမြန်သည်။ လုချင်းရွှမ်သည် ဝယ်လက်အား ကြိုတင်တွေ့ရှိထားခြင်းဖြစ်နိုင်၏။ ဤပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးများသည် အမှန်တကယ်ပင်ဝယ်လိုအားများနေ၏။
နှစ်စဥ်နှစ်တိုင်းတွင် လူသားများသည် မွေးကင်းစကလေးများစွာကို မွေးဖွားလျက်ရှိသည်။ ၎င်းတို့ထဲတွင် လူချမ်းသာမိသားစုမှ မွေးဖွားသော ကလေးငယ်များစွာပါဝင်၏။ ဤလူများသည် သူတို့ကလေးများ ပြီးပြည့်စုံသော မရီးဒျန်သန့်စင်ဆေးများကို သုံးဆောင်နိုင်ကြလိမ့်မည်ဟု သဘာဝကျကျပင်မျှော်လင့်ထားကြသည်။ ထိုသို့ သုံးဆောင်နိုင်ခဲ့သူများသည် အနာဂတ်တွင် ၎င်းတို့၏ ရွယ်တူများထက် ပိုမို သာလွန်နေပေလိမ့်မည်။ ချူးယွင်ဖန်းအိမ်ပြန်ရောက်သောအခါ သူ့မိသားစုက ညစာစားနှင့်ပြီးကြပြီဖြစ်သည်။ သူ့အဖေသည် သတင်းကိုကြည့်လျက်ရှိကာ သူ့ညီမဖြစ်သူသည်တော့ သူမ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဥ်အား ပြုလုပ်နေ၏။
မကြာသေးမီက ချူးချင်ရွှမ်၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း အလုပ်အကိုင်သည် တိုးတက်လာခဲ့သည်။ ဤသည်က ချူးယွင်ဖန်းအား အံ့သြစေသည်။ ယခုအချိန်တွင် တက်ကြွစွာ တိုက်ရိုက်ထုတ်လွှင့်သူ တစ်သိန်း၊ အနည်းဆုံး ရှစ်သောင်းရှိသည်။ ထိုလူများအကြားတွင် ချောမောခံ့ညားသော ယောက်ျားများနှင့် လှပသော မိန်းကလေးများလည်းရှိသည်။ ထိုလူများထဲတွင် နာမည်တစ်ခုရရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သော်လည်း သူ့ညီမသည် လျင်မြန်စွာပင် တောက်ပလာနိုင်ခဲ့သည်။ လအနည်းငယ်အတွင်းတွင်ပင် အားပေးသူ တစ်သောင်းကျော်ဖြင့် တိုက်ရိုက်ထုတ်လွှင့်သူဖြစ်လာခဲ့သည်။ သူမသည် ရေပန်းစားသော တိုက်ရိုက်ထုတ်လွှင့်သူများ သန်းပေါင်းများစွာနှင့် ဝေးနေသေးသော်လည်း ၎င်းသည် အလွန်ကောင်းမွန်သော အစတစ်ခုပင်ဖြစ်သည်။
ညစာစားပြီးသောအခါ ချူးယွင်ဖန်းသည် အခန်းထဲသို့ပြန်ဝင်ကာ အဆင့်သုံးမူလဝိဉာဥ်ဆေးထည့်ထားသော သေတ္တာကိုဖွင့်လိုက်သည်။ နှစ်ပါတ်အကြာတွင် သူသည် တည်ငြိမ်ကာ ချီပင်လယ်တတိယအဆင့် အထွဋ်အထိပ်ကာလသို့ပင်ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။ ယခု အဆင့်သုံးမူလဝိဉာဥ်ဆေးအားသုံးဆောင်ရန် အချိန်ကျရောက်ခဲ့ပြီဖြစ်ကာ ချီပင်လယ် စတုတ္ထအဆင့်သို့ကျော်ဖြတ်ရောက်ရှိရမည်ဖြစ်သည်။ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့နှစ်ဦးလုံးသည် တစ်ကြိမ်စီအောင်မြင်ခဲ့ပြီးဖြစ်ကာ အဆင့်သုံးမူလဝိဉာဥ်ဆေးအပေါ်တွင် နှစ်ယောက်လုံးမှီခိုခဲ့၏။
ချူးယွင်ဖန်းသည် တင်ပျဥ်ခွေထိုင်ကာ ပြင်းထန်သော ဆေးနံ့ထွက်နေသည့် အဆင့်သုံးမူလဝိဉာဥ်ဆေးကို မြိုချလိုက်သည်။ ချက်ခြင်းပင် အဆင့်သုံးမူလဝိဉာဥ်ဆေး၏အာနိသင်သည် သူ့ခန္ဓာတစ်လျှောက်ပျံ့နှံ့သွားသကဲ့သို့ ခံစားလိုက်ရ၏။
ချူးယွင်ဖန်းသည် ဧကရာဇ်လမ်းစဥ်ကို ချက်ချင်းပင် အသက်ဝင်စေလိုက်ကာ ဆေး၏ အာနိသင်ကို စုပ်ယူလိုက်သည်။ သွေးအနည်းငယ်လှည့်ပတ်တိုင်း သူ့ကျင့်ကြံရေးခွန်အားသည်လည်း ပမာဏအနည်းငယ်တိုးလာမည်ဟု ခံစားရသည်။ သူက စွမ်းအားများကို ဆက်လက်လည်ပတ်စေပြီးသည့်နောက်တွင် ထိုစွမ်းအားများသည် ဆက်တိုက်တိုးမြင့်လာ၏။ ချီပင်လယ်တတိယအဆင့်သို့ရောက်ရှိနေသော ချူးယွင်ဖန်းသည် စတုတ္ထအဆင့် မတိုင်မီ အတားအဆီကိုပင် ခံစားသိရှိနိုင်၏။ သူက အတားအဆီးပေါ်သို့ တိုက်ခိုက်မှုများကို ဆက်တိုက်ပို့လွှတ်နေသည်။
အချိန်ခဏအကြာတွင် ချူးယွင်ဖန်းသည် သူ့ကိုယ်တွင်းမှအရှိန်ဟုန်ပြင်းလည်ပတ်နေသော စွမ်းအင်အားလုံးသည် စွမ်းအားစစ်အဖြစ်ပြောင်းလဲသွားသည်ကို ခံစားလိုက်မိသည်။ ဤသည်မှာ ဧကရာဇ်လမ်းစဥ်ဖြင့် ကျင့်ကြံခဲ့သောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာသည် သာမန်လူများထက် များစွာသာ၏။
ဤအရာများဖြစ်ပျက်နေချိန်တွင် သူ့စိတ်ထဲရှိ နတ်ဘုရားစိတ်ဝိဉာဥ်က ကြည်လင်သော လှိုင်းငယ်များကို ထုတ်လွှတ်ကာ သူအား တည်ငြိမ်နေစေသည့်အပြင် ချီပင်လယ်စတုတ္ထအဆင့်၏အတားအဆီးကို အဆက်မပြတ် တိုက်ခိုက်နေစေ၏။ တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် အတားအဆီးသည် အား နည်းလာကာအနည်းငယ်ပင်ယိမ်းယိုင်သွား၏။ အချိန်မည်မျှကုန်သွားသည်ကို သူမသိပေ။ ဆက်လက်လှည့်ပတ်နေသော သူ့ကိုယ်တွင်း စွမ်းအင်စစ်ပမာဏသည် အတိုင်းအတာတစ်ခုအထိကြီးမားလာကာ သူ့အား အချိန်အတော်ကြာ နှောက်ယှက်ခဲ့သည် ချီပင်လယ် စတုတ္ထအဆင့် အတားအဆီးကို နောက်ဆုံးတော့ ကျော်ဖြတ်နိုင်လိုက်၏။
ဘွန်း
စွမ်းအင်စစ်၏ အရှိန်သည် တစ်ဖန်ပြန်တိုးလာသည်။ သူ၏ စွမ်းအင်စစ်အတိမ်အနက်သည် နောက်ထပ်တစ်ဆင့်သို့ တိုးတက်လာသည်မှာ ထင်ရှား၏။ ချူးယွင်ဖန်း မျက်လုံးကို ဖွင့်လိုက်သည်။ နောက်ဆုံးတော့ သူသည် ချီပင်လယ် စတုတ္ထအဆင့်သို့ ခြေတစ်လှမ်းတက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ အကယ်၍သာ ယခုအချိန် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမည်ဆိုပါက သူသည် သေချာပေါက် ဂုဏ်ထူးများဖြင့်အောင်မြင်လိမ့်မည်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် မကျေနပ်ပေ။ အတန်း၏လက်ရွေးစင် အိုးယန်နှင့် အတော်လေး ခပ်လှမ်းလှမ်းတွင်ရှိနေသေးသည်။ ထို့အပြင် ၎င်းသည် သူတို့မြို့၏ အခြား အထူးအထက်တန်းကျောင်းများရှိ လက်ရွေးစင်များကို ထည့်သွင်းစဥ်းစားခြင်း၊ ကမ္ဘာတစ်ခုလုံးတွင် ထိပ်ဆုံးဖြစ်သည့်၊ တုန်ဟွာမြို့၏ ထိပ်တန်းကျောင်းသားများအား ထည့်သွင်းစဥ်းစားခြင်းမရှိသေးပေ။ ခွန်းလွန်ခေတ်၏ အထက်တန်းကျောင်းသားများသည် ကမ္ဘာ့ အထက်တန်းကျောင်းသားများထက်ပင် ပို၍အားကောင်းသည်ဆိုသော ကောလဟာလမျိုးလည်းရှိ၏။ သူ့ရှေ့က လမ်းကြောင်းအားပိတ်နေသော အခြားအရာများစွာရှိသေးသည်ဟု သူခံစားနေရကာ သူ ကျော်ဖြတ်ရန်မှတ်တိုင်များစွာကျန်သေး၏။ ကျေနပ်ဖို့စောလွန်းနေသေးသည်ဖြစ်ကာ ကံကောင်းစွာဖြင့် သူ့တွင် အချိန်များစွာကျန်သေး၏။
ချူးယွင်ဖန်းက နာရီကိုကြည့်လိုက်သည့်အခါ ညနက်နေပြီကိုတွေ့လိုက်ရသော်လည်း သူသည်အိပ်ငိုက်ခြင်းမရှိ။ အိပ်ရမည့်အစားသူက သူ့မျက်လုံးများကို ဆက်လက်မှိတ်ကာ ဧကရာဇ်လမ်းစဥ်ကိုဆက်လက်လည်ပတ်စေ၍ သူအခုလေးတင်တက်လှမ်းနိုင်ခဲ့သော ချီပင်လယ် စတုတ္ထအဆင့်အား တောင့်တင်းခိုင်မာစေရန်လုပ်ဆောင်လျက်ရှိသည်။ အဆင့်သုံးမူလဝိဉာဥ်ဆေး၏ အာနိသင်များကိုပင် ကုန်စင်အောင်စုပ်ယူခြင်းမပြုရသေးပေ။ သူ့တစ်ကိုယ်လုံးတွင် ပြန့်ကျဲလျက်ရျှိသော ပပာဏခပ်များများကျန်သေး၏။ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည်လည်း နယ်ပယ်သစ်တစ်ခု၏ အထွဋ်အထိပ်သို့ လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့သည်။ ဤအဆင့်သုံးမူလဝိဉာဥ်ဆေးသည် တကယ်ကိုပင် အလဟဿဖြစ်မသွားပေ၊ အလွန်အမင်းအသုံးဝင်၏။
နောက်နေ့မနက်အစောတွင် ချူးယွင်ဖန်းသည် ကျောင်းသို့သာမန်ထက်စော၍ရောက်လာ၏။ မှန်သည်။ နံနက်ပိုင်းလေ့ကျင့်ချိန်များကြောင့် ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီ၏မျက်လုံးများထံမှ သူ့အောင်မြင်မှုကိုဖုံးကွယ်ထားနိုင်ရန်မဖြစ်နိုင်ပေ။ လေ့ကျင့်ချိန်၌ ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းထံတွင် ကြင်နာစိတ်ကင်းမဲ့စွာ အနိုင်ယူခံလိုက်ရသောကြောင့်ဖြစ်၏။ ချက်ချင်းပင် ဂေါင်ဟုန်ချီ မျက်ရည်များကျလာပြန်သည်။ သူသည် ချီပင်လယ်တတိယအဆင့် အထွဋ်အထိပ်သို့ရောက်ရန်ကြိုးစားခဲ့ကာ နောက်ဆုံးတွင် ချူးယွင်ဖန်းနှင့် တန်းတူဖြစ်နိုင်ပြီဟုတွေးခဲ့သည်။ ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်းတွင် နောက်ထပ်ဖြတ်ကျော်မှုတစ်ခုကို လုပ်တောင်နိုင်လိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။ သူက သွေးအန်လုနီးပါးဖြစ်ကာ အလွန်စိတ်ပျက်သွားသည်။ အစတည်းက ချူးယွင်ဖန်းနှင့် သူ အဆင့်တူချင်းဖြစ်နေစဥ်တွင်တောင် သူနှင့်မယှဥ်နိုင်ပေ။ ယခုမူ ချူးယွင်ဖန်းသည် စတုတ္ထအဆင့်သို့ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကာ သူတို့နှစ်ဦးကြားမှကွာခြားချက်သည်ပို၍ကြီးလာ၏။
ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းအား မှုန်ကုပ်ကုပ်ဖြင့်ကြည့်လျက်ရှိသည်။ ယခု၊ အို့ယန်နှင့် တန်စီယုပြီးလျှင် ချူးယွင်ဖန်းသည် ချီပင်လယ် စတုတ္ထအဆင့်သို့ဖြတ်ကျော်သွားခဲ့ပြီဖြစ်ကာ အတန်း၂တွင် တတိယလူဖြစ်လာခဲ့၏။ တတိယအဆင့်၏အထွဋ်အထိပ်သို့ရောက်နေသောဂေါင်ဟုန်ချီကဲ့သို့သော အခြားလူအနည်းငယ်လည်းရှိသေး၏။ ထို့နောက်တွင် တတိယအဆင့်သို့စတင်တက်ရောက်နိုင်သော ဖန်ဒေယင်းတစ်ယောက်လည်းရှိသေးသည်။ ဤသည်ကား အထူးတန်းနှစ်ခုမှ လက်ရွေးစင်ကျောင်းသားများ၏ လက်ရှိကျင့်စဥ်အဆင့်များဖြစ်သည်။ ချူးယွင်ဖန်းထံတွင် အကြိမ်ကြိမ်ရှုံးနိမ့်ပြီးနောက် ဂေါင်ဟုန်ချီသည် ပို၍အပြင်းအထန်လေ့ကျင့်လာခဲ့သည်။ သူသည် ယခင်ကနှင့်မတူ၊ သူ၏တစ်နေ့တာကို ပျင်းရိစွာကုန်ဆုံးစေခဲ့သူမဟုတ်တော့ပေ။ ကျောင်းသားများအကြားတွင် ထူးချွန်စွာရပ်တည်နိုင်ရန်မှာ သူ့လက်ရှိကြိုးစားအားထုတ်မှုနှင့် များစွာသက်ဆိုင်၏။
သို့သော်ယနေ့တွင် ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီအား ဥပေက္ခာပြုခဲ့ကာ တန်စီယုရောက်လာမည်ကို စောင့်နေ၏။ ထို့နောက် ထုံးစံအတိုင်းပင် တန်စီယုသည် မိနစ်အနည်းငယ်ကြာပြီးနောက် စာသင်ခန်းထဲသို့ ဝင်လာ၏၊ စာသင်ခန်းထဲသို့ဝင်လာသည်နှင့် ချူးယွင်ဖန်းသည် သူမနားသို့လျှောက်လာကာ စိန်ခေါ်၏။
“တိုက်ခိုက်ကြည့်ရအောင်”
“နင်က ငါနဲ့တိုက်ချင်တာလား” တန်စီယုက အနည်းငယ်ထိတ်လန့်သွားသည်။ ထိတ်လန့်သောအကြည့်သည် သူမ၏ လှပကျော့ရှင်းသော မျက်နှာငယ်ကလေးကို ဖြတ်ကျော်ပေါ်ထွက်လာ၏။
“အင်း ဟုတ်တယ်။ ငါတို့အချင်းချင်း မတိုက်ခိုက်ဖူးသေးဘူးလို့ ငါယုံကြည်တယ်” ချူးယွင်ဖန်းက အပြုံးမပျက်ဘဲဆိုသည်။
အခန်း(၉၉) ထိတ်လန့်နေသော လူအုပ်
“ကောင်းပြီ၊ တိုက်ကြရအောင်” တန်စီယုက သဘောမတူခင်တွင် အချိန်ခဏတာစဥ်းစားလိုက်သည်။
ချူးယွင်ဖန်းက ပြုံးကာ ခေါင်းညိတ်၏။ တန်စီယုသည် ချီပင်လယ်ပဥ္စမအဆင့်၌ပင် ရောက်ရှိနေပြီဖြစ်ကာ အထူးတန်း အတန်းခေါင်းဆောင်နှစ်ဦးဖြစ်သည့် ကျန်းထန်နှင့် အိုးယန်တို့၏ ဒုတိယနေရာတွင်ပင် ရောက်နေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ဤတိုက်ပွဲကို အသုံးပြုကာ သူ့ခွန်အားကို စမ်းသပ်လိုခဲ့သည်။
သူတို့နှစ်ဦး၏ လာမည့်နှစ်ဦးယှဥ်တိုက်ပွဲ အတန်းထဲတွင် တောမီးကဲ့သို့ ပျံနှံ့နေသည်။ တန်းခွဲအကဲဖြတ်စဥ်တည်းက အတန်း(၂)ရှိလူအများစုသည် ယခင်ကနှင့် သိပ်မကွာခြားလှပေ။ သူတို့၏ လက်ရှိအခြေအနေသည် ထိုအချိန်ကတည်းက သိပ်မပြောင်းလဲခဲ့ပေ။ သို့သော် ကျောင်းသားအချို့သည် အလွန်အံ့အားသင့်ဖွယ်ခြေလှမ်းများပြုခဲ့၏။ ၎င်းတို့ထဲတွင် တိုးတက်မှုအရှိဆုံးသူနှစ်ဦးမှာ ချူးယွင်ဖန်းနှင့် တန်စီယုတို့ဖြစ်သည်။ ချူးယွင်ဖန်းသည် တန်းခွဲစာစစ်ပွဲအတွင်း၌ သိုင်းပညာလမ်းစဉ်၏ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာခဲ့သည်။ အခုအချိန်တွင်တော့ သူသည် ထိပ်တန်းလက်ရွေးစင်များတွင် အကောင်းဆုံးတစ်ဦးဖြစ်နေပြီဖြစ်သည့်အပြင် လက်ရွေးစင်အယောက်၂၀၏ ထိပ်ဆုံးနေရာအနည်းငယ်အတွက် အားကောင်းသော ပြိုင်ဖက်တစ်ဦးလည်းဖြစ်သည်။ တန်စီယုသည် ကာလကြာရှည်သော လက်ရွေးစင်တစ်ဦးဖြစ်ကာ ကျောင်းတွင် နာမည်ကောင်းရထားသော်လည်း လူများသည် သူမအား တမူထူးခြားသည်ဟုမှတ်ယူကြသည်။ အတန်းခေါင်းဆောင်များဖြစ်သော အို့ယန်နှင့်ကျန်ထန်တို့၏ ဒုတိယနေရာတွင်ပင်ရှိသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြသည်။
ထို့ကြောင့် ချူးယွင်ဖန်းနှင့် တန်စီယုတို့၏တိုက်ပွဲသည် စိတ်ဝင်တစားစောင့်ကြည့်ရမည်မှာ သေချာ၏။ အတန်း ၁ မှကျောင်းသားများသည်ပင် အတန်း ၂၏ လေ့ကျင့်ရေးခန်းထဲသို့ ပြေးလာကြသည်။ ယခုအချိန်တွင် ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် လေ့ကျင့်ရေးခန်းထဲတွင်ရှိနေကာ မျက်နှာချင်းဆိုင်ရပ်နေကြသည်။ သူတို့ပတ်ဝန်းကျင်တွင် အတန်း ၁၊ အတန်း ၂မှ ကျောင်းသားများနှင့် အခြား သတင်းစုံလင်သော ကျောင်းသားများပင် ဝန်းရံထားလျက်ရှိသည်။
အနီးအနားရှိစားပွဲတစ်ခုပေါ်တွင် အို့ယန် သူ့လက်များကို နောက်သို့ထား၍ အလယ်ရှိ လူနှစ်ဦးကို ကြည့်နေ၏။ တိုက်ပွဲသတင်းသည် သူ့ကိုပင် ဆွဲဆောင်သွားနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤလူနှစ်ဦးသည်၊ အထူးသဖြင့် တန်စီယုသည် အံ့အားသင့်ဖွယ်တိုးတက်လာသောကြောင့်ပင်ဖြစ်သည်။ အစပိုင်းတွင် တန်စီယုသည် ချူးယွင်ဖန်းထက်သိသာစွာထူးချွန်ကာ သူတို့ကြားတွင်ပြတ်ပြတ်သားသားကွာခြားချက်ရှိ၏။ သို့သော် ယခုမူ သူမသည် အို့ယန်၏ဒုတိယတွင်ရှိနေကာ အတန်း ၂တွင် သူ၏နေရာကိုပါ ခြိမ်းခြောက်ခံနေရ၏။
ထို့ပြင် ချူးယွင်ဖန်းသည်လည်းရှိသည်။ လောလောဆယ်တွင် တန်စီယုလောက်မသန်မာသေးသော်လည်း အိုးယန်၏ မျက်လုံးထဲတွင်ချူးယွင်ဖန်းသည် တန်စီယုထက်ပင် သူ့အား ခြိမ်းခြောက်နေ၏။ ချူးယွင်ဖန်းသည် မကြာမီတွင်သူနှင့် တန်းတူဖြစ်လာပေလိမ့်မည်။ ခဏအကြာတွင် လူအုပ်ကြားထဲ၌အခြားသူတစ်ယောက်ထပ်ပေါ်လာ၏။ ၎င်းသည် အတန်း ၁ ၏ အတန်းခေါင်းဆောင် ကျန်းထန်မှလွဲ၍အခြားမဟုတ်ပေ။
အတန်းခေါင်းဆောင်နှစ်ဦးသည် အကြည့်ချင်းဖလှယ်လိုက်သည်နှင့် နှစ်ဦးသား၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ ချူးယွင်ဖန်းနှင့်တန်စီယုတို့ကို ခြိမ်းခြောက်မှုများအဖြစ် အလေးအနက်ထားသတ်မှတ်ထားသည်မှာ ထင်ရှား၏။ ထို့ကြောင့်ရန်သူအား လာရောက်စစ်ဆေးရန်ရောက်လာခဲ့ကြခြင်းပင်ဖြစ်သည်။
“နင်အရင်စ” တန်စီယုက ချူးယွင်ဖန်းအား သူမ၏လှပသောမျက်လုံးများဖြင့် စိုက်ကြည့်ကာဆို၏။ ချူးယွင်ဖန်းက တုံ့ဆိုင်းနေခြင်းအလျင်းမရှိဘဲ ချက်ချင်းပင် ဓားသွယ်ကိုထုတ်ကာ တိုက်ခိုက်တော့သည်။
ချလန်
မျက်စိကန်းလုနီးသော အလင်းရောင်သည် လေတစ်လျှောက်လင်းလက်သွားသည်။ ထို့နောကတွင် အရိပ်မဲ့ဓားသည် တန်စီယုဆီသို့ တိုက်ရိုက်ခုတ်ရန်သွားတော့၏။
ဘွန်း
ချီစွမ်းအင်ဖြင့်ပြည့်နေသော အရိပ်မဲ့ဓားသည် လေကို ခွင်းကာ ဓား၏တုန်ခါသံတစ်ခုပေါ်ထွက်လာ၏။ ချူးယွင်ဖန်း၏ ထိုးနှက်ချက်သည် လျင်မြန်သည်။ သူ၏ရွေ့လျားမှုကိုလိုက်နိုင်သောသူ များများစားစားမရှိပေ။ လူအချို့သည် မှုန်ဝါးဝါးသာမြင်လိုက်ရသည်။ ထို့နောက် သူ၏ ဓားသည် တန်စီယု၏ရှေ့သို့ရောက်လာ၏။ လူအများသည် တန်စီယုတစ်ယောက် ဓားဖြင့်ထိကာ ဒဏ်ရာရသွားပြီပင်ထင်သဖြင့် အလန့်တကြားထအော်မိကြသည်။
ထိုအခိုက်အတန့်တွင် တန်စီယု၏ အစွန်းနှစ်ဖက်ပါသော ဓားရှည်သည် စတင်ရွေ့လျား၏။ ဓားရှည်၏ရောင်ခြည်သည် အရိပ်မဲ့ဓား၏ အလင်းနှင့်တိုက်ရိုက်တွေ့ဆုံကာ ကျရောက်လာသောဓားချက်ကိုကာလိုက်သည်။
ချလန်
ကျယ်လောင်သော သတ္တုပွတ်တိုက်သံက လေထဲမှတစ်ဆင့် ပေါ်ထွက်လာ၏။
ချူးယွင်ဖန်းသည် အနည်းငယ်ထိတ်လန့်သွားသည်။ သူက စွမ်းအားကြီးဓားချက်သည် မည်သို့မည်ပုံဆိုသည်ကို သိသည့်အတွက် ယင်းသည် သံချပ်ပါအစွယ်ကွေးကျားကိုပင် နောက်သို့ခြေတစ်လှမ်းဆုတ်သွားနိုင်စေသည်အထိ စွမ်းအားကြီး၏။ သို့သော် တန်စီယုသည် ရွေ့ပင်မရွေ့လျားသွားပေ။ စစ်မှန်သောစွမ်းအင်စီးကြောင်းသည် သူမကိုယ်ထဲစီးဆင်းသွားသည်နှင့် သူမသည် သူ၏ဓားချက်ကို ပိတ်ဆို့နိုင်၏။ ချူးယွင်ဖန်း သူအလွန်ဂုဏ်ယူနေခဲ့သော သူ့ရုပ်ပိုင်းဆိုင်ရာအားသာချက်သည် သူရှေ့ရှိသိုင်းသမား တန်စီယုလောက် မကောင်းသည်ကို ချက်ချင်းပင် သိရှိသွား၏။
ချူးယွင်ဖန်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင်ရှိနေသော ဓားသွယ်သည် အောက်ဖက်သို့ဆင်းသက်လာသည်။ ၎င်းသည် ရှေ့ဓားချက်၏နောက်မှ ချက်ချင်းလိုက်ပါလာခြင်းဖြစ်သည်။ ဤသည်မှာ ကမ္ဘာခွဲဓားသိုင်းဖြစ်၏။ ဓားချက်တစ်ချက်ပြီးတစ်ချက်တွင် ဓား၏ အဟုန်သည်ပို၍ များလာကာ အဆုံးမရှိဖြစ်နေ၏။ ဓားချက်တိုင်းသည် ရှေ့ဓားချက်ထက်ပိုမိုအားကောင်းကာ ကြောက်မက်ဖွယ်ဖြစ်နေသည်။
ချလန်
ချလန်
နှစ်ဘက်လုံးသည် သိုင်းကွက်များအဆက်မပြတ်ဖလှယ်လျက်ရှိကာ သတ္တုပွတ်တိုက်သံများသည်လည်း အဆက်မပြတ်ထွက်ပေါ်နေ၏။
ဘေးဘက်မှကြည့်နေသော ဂေါင်ဟုန်ချီသည် တန်စီယုနှင့်သူ့အကြားကွာခြားချက်ကို ချက်ချင်းပင် သိရှိသွားသည်။ သူသည်လည်း ချူးယွင်ဖန်းနှင့် သိုင်းကွက်များ ဖလှယ်လေ့ရှိသည်။ သူသည် သူ၏မွေးရာပါခွန်အားကြောင့် လူသိများသော်လည်း ချူးယွင်ဖန်းနှင့် သိုင်းကွက်သုံးကွက်လောက်ချပြီးလျှင် အမြဲနောက်တွင်ကျန်နေခဲ့၏။ သိုင်းကွက်ဆယ်ချက်အပြီးတွင် နီးကပ်လာသောအဆုံးသတ်ကို မြင်ရတော့မည်ဖြစ်သည်။ တကယ်၍ ချူးယွင်ဖန်းသာ အကြင်နာကင်းလျှင် တိုက်ပွဲအား သိုင်းကွက် ဆယ်ချက်နှင့်ပင် အဆုံးသတ်နိုင်၏။
သို့သော် တန်စီယုသည် ချူးယွင်ဖန်းနှင့် အသက်ဝင်စွာပင် တိုက်ခိုက်နိုင်ကာ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သိုင်းကွက်ဆယ်ခုကျော်သွားသော်လည်း သူမကို အနည်းငယ်လေးပင် ဖိနှိပ်၍မရပေ။ အခြားသူများအတွက် ပူဆွေးနေသောအရာမှာ ဤအရာမဟုတ်ပေ။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် တန်စီယုအား ထိန်းထားနိုင်ခဲ့ခြင်းကြောင့်ဖြစ်၏။
“သူတို့နှစ်ယောက်က တော်တော်တိုးတက်လာကြတာပဲ။ ချူးယွင်ဖန်းဆို ချီပင်လယ်အဆင့်လေးကိုရောက်နှင့်နေပြီး တန်စီယုဆို အဆင့်ငါးကို ခြေလှမ်းနေပြီ” အို့ယန်က နှစ်ယောက်ကြားတိုက်ပွဲကို ကြည့်ကာ မှတ်ချက်ပေးသည်။
သူကအတော်လေး အံ့သြနေမိသည်။ သူတို့နှစ်ဦး၊ အထူးသဖြင့် ထိုတိုက်ပွဲအတွင်းတွင် မကောင်းဆိုးဝါးဖြင့်တိုက်ခိုက်ကာ အဆင့်တက်ခဲ့သော ချူးယွင်ဖန်း၏ ခွန်အားသည် လွန်ခဲ့သောလဝက်ခန့်တုန်းကပင် ဤအဆင့်သို့မရောက်သေးသည်ကို သူမှတ်မိ၏။ လူအများက ဤသည်ကို မျက်မြင်တွေ့ခဲ့သည်။ ထိုအချိန်တွင် ချူးယွင်ဖန်း၏ အလျင်နှင့် ခွန်အားသည် ရုတ်တရတ်တိုးတက်လာခြင်းဖြစ်သည်။ လူတိုင်းသည် ၎င်းကိုမြင်ကာ သူအဆင့်တစ်ခုအားကျော်ဖြတ်ခဲ့သည်ကိုလည်း သိခဲ့ကြသည်။ သို့သော် သူတို့မျှော်လင့်မထားသည်က ချူးယွင်ဖန်းသည် နှစ်ပါတ်အပြီးတွင် နောက်ထပ်တစ်ဆင့် ထပ်မံကျော်ဖြတ်နိုင်လိမ့်မည်ကိုသာဖြစ်သည်။
တစ်လအတွင်း နှစ်ကြိမ်အဆင့်တက်နိုင်သည့် အမြန်နှုန်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်း၏။ ထို့အပြင် အို့ယန်အား အံ့သြစေသည်မှာ ချူးယွင်ဖန်း၏ အခြေခံသည် အနည်းငယ်လေးတောင် မတည်ငြိမ်နေခြင်းမရှိပေ။ ချူးယွင်ဖန်း၏ စွမ်းအင်အား ထိန်းချုပ်ပုံသည် သူ၏ အခြေခံမှာ ကျောက်တုံးကဲ့သို့ခိုင်မာသည်ကို ပြသနေ၏။
အခြားတစ်ဖက်တွင် အို့ယန်၏မျက်လုံးများသည် အံ့သြမှုဖြင့်ပြည့်နှက်သွားကာ ကျန်းထန်း မျက်လုံးများသည်မူ ဒေါသဖြင့် တောက်ပသွား၏။ ဤလူနှစ်ဦးသည် ဤသို့သာ ဆက်သွားမည်ဆိုလျှင် သူနှင့် သိပ်မကြာခင်မှာပင် တန်းတူညီတူရှိလာနိုင်သည် မဟုတ်လား။ အို့ ယန်တစ်ယောက်နှင့်ပင် လုံလောက်နေပြီဖြစ်သည်။ နောက်နှစ်ယောက်ထပ်မရှိစေချင်တော့ချေ။ ချူးယွင်ဖန်းနှင့် တန်စီယုတို့ သူ့ထက်သာလွန်နေခြင်းသည် သူဘယ်တုန်းကမှမတွေးဖူးသောအရာတစ်ခုဖြစ်သည်။ ထိုသို့ကိစ္စမျိုးသည် ဘယ်လိုလုပ်ရှိနိုင်မည်နည်း။
အခြားကျောင်းသားများသည်လည်း တိုက်ခိုက်သူနှစ်ဦး၏ ကျင့်ကြံကို ဖောက်ထွင်းမြင်နိုင်ကြကာ ဤသည်မှာလည်း သူတို့အား သေချာပေါက် ပို၍ပင်အံ့သြစေသော အချက်ဖြစ်သည်။ ချီပင်လယ်စတုတ္ထအဆင့်ရှိနေသော ချူးယွင်ဖန်းသည် ချီပင်လယ်ပဥ္စမအဆင့် အထွဋ်အထိပ်သို့ရောက်နေသော တန်စီယုကို တိုက်ခိုက်ကာ တောင့်ခံထားနိုင်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရည်သည် ရိုးရှင်းစွာပင် အံ့သြဖွယ်ကောင်းလွန်းနေ၏။ အကယ်၍ ချူးယွင်ဖန်းသည် လက်ရွေးစင်အယောက်နှစ်ဆယ်အတွက် ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီပါသလားဟု လူအများကသာတွေးတောလာကြပါက ဤတိုက်ပွဲသည် သူတို့စိတ်ထဲရှိ သံသယများကို ဖယ်ပျောက်စေကာ ကောလဟာလများ အမှန်တကယ်ထွက်ပေါ်နေကြောင်း သတိပေးနေခြင်းဖြစ်လိမ့်မည်။ ချူးယွင်ဖန်းသည် ချီပင်လယ် စတုတ္ထအဆင့်တွင်သာရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်အရတော့ ချီပင်လယ် ပဥ္စမအဆင့်ရှိသူတစ်ဦးထက် မနိမ့်ကျပေ။
တိုက်ပွဲဝင်နှစ်ဦး၏ စိတ်ထဲတွင်လည်း တုန်လှုပ်သွားခဲ့သည်။ အဆင့်တူများကို ပုံမှန်အားဖြင့် စိတ်မပူတတ်သော တန်စီယုအတွက်မူ စတုတ္ထအဆင့်တွင်သာရှိသော ချူးယွင်ဖန်းသည် ဤအခြေအနေထိ ပြန်လည်တိုက်ခိုက်နိုင်လိမ့်မည်ဟုမမျှော်လင့်ထားပေ။ ချူးယွင်ဖန်း၏ ခွန်အားသည် အကန့်အသတ်မရှိကြောင်း ဂေါင်ဟုန်ချီပြောခဲ့စဥ်က သူမစိတ်ထဲမထည့်ခဲ့ပေ။ ယခုမူ ချူးယွင်ဖန်း၏ ခွန်အားစစ်သည် တိုက်ပွဲအစစ်တွင်ရှိနေသည်ဖြစ်ကာ၊ သူမ၏ အထူးကျင့်စဥ်များကြောင့်သာမဟုတ်လျှင် သူမပင်ရှုံးသွားနိုင်၏။