အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အခန်း (၁၀၉) တစ်နေ့၊ မကောင်းဆိုးဝါး အစွန်းရောက်ဂိုဏ်းကို အမြစ်ဖြတ်ပစ်မယ်
“ဘာလဲ၊ တကယ့်ကို ဒီလိုကိုးကွယ်ယုံကြည်မှုတွေရှိနေပြီလား” ချူးယွင်ဖန်းသည် ဒေါသကြောင့် မျက်လုံးများပြူးကျယ်သွားသည်။
သူတို့သည် လူသားများ ရှင်သန်ထွန်းကားရေးအတွက် တိုက်ပွဲဝင်ရန် ငယ်စဥ်တည်းကသင်ကြားခံခဲ့ကြရသည်။ လူသားများသည် မကောင်းဆိုးဝါးများနှင့် နေရာထိုင်ခင်းအတွက် ယှဥ်ပြိုင်နေကြကာ ယင်းသည် ၎င်းတို့မျိုးနွယ်၏ အခွင့်အရေးသာဖြစ်သည်။
ခေတ်မီလူ့အဖွဲ့အစည်းတွင် အထင်ကြီးလေးစားခံရသော သူရဲကောင်းတစ်မျိုးသာရှိသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးများကို တိုက်ခိုက်ကာ ပြောင်မြောက်သော စစ်ရေးအောင်မြင်မှုများပြုလုပ်နိုင်ခဲ့သည့်သူများ သာဖြစ်ကာ လူ့အဖွဲ့အစည်းတွင် ထိုသူများကိုသာ သူရဲကောင်းကြီးများအဖြစ် သတ်မှတ်ထားကြသည်။
“ အဲ့တာက ဘာထူးဆန်းလို့လဲ။ တောအုပ်ကြီးထဲမှာ ငှက်မျိုးစုံရှိတာပဲလေ” ခေါင်းဆောင်ခန်က ရယ်မောလိုက်သည်။ ချူးယွင်ဖန်း၏ ဒေါသကို အံ့သြခြင်းမရှိပေ၊ ဤအရာသည် ယနေ့လူ့အဖွဲ့အစည်း၏ ပင်မတွေးခေါ်မှုကြောင့်ဖြစ်သည်။
“ပြဿနာရှာဖို့ အဆင်သင့်ဖြစ်နေတဲ့လူတွေ အမြဲရှိတယ်။ မျက်မှောက်ခေတ်မှာတောင် အဲ့လိုလူတွေ အများကြီးရှိခဲ့ဖူးတယ်။ ထားလိုက်စမ်းပါ” ခေါင်းဆောင်ချန်က ဆိုသည်။ “ကိုးကွယ်ယုံကြည်မှုကြီးတဲ့ လူတွေဟာ လူ့အဖွဲ့အစည်းထဲမှာ ပုန်းအောင်းနေကြတုန်းပဲ။ များသောအားဖြင့် ပြဿနာမရှိပေမယ့် သူတို့က လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ သူတို့ရဲ့ အထောက်အထားတွေကို မကြာခဏအသုံးပြုလေ့ရှိကြတယ်။ ဒါက ငါတို့ လေ့လာရေး ခရီးမြောက်များစွာမှာ ငါတို့စစ်တပ်ကို ပျက်သုဥ်းစေခဲ့တယ်။ ငါတို့လူတွေကို ဒီဘာသာရေးဂိုဏ်းက စုစည်းထားတဲ့ မကောင်းဆိုးဝါးတွေက ဖျက်ဆီးခဲ့တယ်။”
“သေစမ်း” ချူးယွင်ဖန်းက သူ့ပေါင်ကို ညာလက်ဖြင့်ရိုက်ကာ အော်လိုက်သည်။ သူသည် ကျောင်းတွင် ဤသို့အရာမျိုးကို မလေ့လာခဲ့ရပေ.
“တကယ်တော့ မကောင်းဆိုးဝါးတွေအတွက် အလုပ်လုပ်ပေးတဲ့လူတွေရှိတယ်။ သူတို့က သေသင့်တယ်”
ချူးယွင်ဖန်းနှင့် ခေါင်းဆောင်ချန်အနားတွင် ရပ်နေသော အရာရှိငယ်နှစ်ဦးသည်လည်း အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့သည်လည်း အံ့အားသင့်သွားကြသည်။ ထိုသို့ကြားပြီးနောက်တွင် သူတို့သည်လည်း ဖြောင့်မတ်သော ဒေါသဖြင့် ပြည့်နေပုံပေါ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးကိုးကွယ်မှုအကြောင်း ပထမဆုံးအကြိမ်ကြားဖူးကြခြင်းဖြစ်၏။
ခေါင်းဆောင်ချန်က ရယ်ကာ “ဟုတ်တယ်၊ သာမန်လူတွေက သူတို့အတွက်အလုပ်အလုပ်ဘူး။ ယုတ်မာတဲ့ရည်ရွယ်ချက်ရှိတဲ့လူတွေကလွဲလို့ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်အများစုက ပြန်ပေးဆွဲခံရတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်လေးတွေဖြစ်ကြတယ်။ နှစ်အတော်ကြာပြီးတဲ့နောက်မှာ၊ ဆယ်နှစ်ကြာအောင် အိပ်မွေ့ချခြင်းအထိ သူတို့ကို ဦးနှောက်ဆေးပြီး အသုံးပြုလိုက်ကြတာပဲ”
ခေါင်းဆောင်ချန်၏ စကားများသည်ချူးယွင်ဖန်းကို ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။ မေးခွန်းများအားလုံးကို ဖြေပြီးသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ အနက်ရောင်ဝတ်အမျိုးသမီးသည် မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကာ သူ၏ ညီမ ချူးချင်ရွှမ်ကို ပြန်ပေးဆွဲရသည့်ရည်ရွယ်ချက်မှာ အမည်မသိအရင်းအမြစ်တစ်ခုမှာ ညီမဖြစ်သူ၏ ပင်ကိုယ်စွမ်းရည်အကြောင်း သိရှိသွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမက ညီမဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဦးနှောက်ဆေး၍ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်း၏ အဖွဲ့ဝင်အသစ်ဖြစ်စေချင်ခြင်းဖြစ်သည်။
ဤသို့တွေးရင်း ချူးယွင်ဖန်းသည် လေအေးများကို ရှူရှိုက်လိုက်မိသည်။ အကယ်၍ သူသာ မတွေ့ရှိခဲ့လျှင် အကျိုးဆက်သည် စိတ်ကူး၍ပင်ရနိုင်မည်မဟုတ်ပေ။ သူ့ညီမ မည်သို့ ဦးနှောက်ဆေးခံရကာ အိပ်မွေ့ချခံရလိမ့်မည်ကို တွေးကာ ချူးယွင်ဖန်းသည် သူ့ကျောရိုးတစ်လျှောက်အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဟေးဟေး၊ မင်း သဘောပေါက်သွားပြီပဲ။ မင်းညီမလေးက မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းထဲ့က လူတွေကိုဆွဲဆောင်နိုင်လိုက်တာပဲ။ ဒါပေမယ့် များသောအားဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေထက် ကလေးငယ်လေးတွေကို ပစ်မှတ်ထားလေ့ရှိတယ်။” ခေါင်းဆောင်ချန်က ရယ်လျက်ဆိုသည်။ “မင်းညီမရဲ့အရည်အချင်းက တကယ်ကို ထူးချွန်ပုံရတယ်။ မဟုတ်ရင် ဒီလောက် သိသာကြီးကျယ်တဲ့လှုပ်ရှားမှုကို လုပ်မှာမဟုတ်ဘူး။ ယေဘုယျပြောရရင် မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းက မြန်မြန်နဲ့ သန့်သန့်ရှင်းရှင်း လှုပ်ရှားတတ်တယ်။ လူအနည်းငယ်ကိုသာ ရှာတွေ့ခဲ့ပြီး ကယ်တင်နိုင်ခဲ့တာ။ မင်းမိသားစုက ပိုသတိထားပါ။ မကောင်းဆိုးဝါးဂိုဏ်းက မင်းညီမကို မျက်စိကျနေတာဆိုတော့ သူတို့ သေချာပေါက် လွယ်လွယ်နဲ့လွှတ်ထားမှာ မဟုတ်ဘူး။ ပထမတစ်ကြိမ်ရှိရင် ဒုတိယတစ်ကြိမ်လည်း ရှိလာလိမ့်မယ်”
ချူးယွင်ဖန်းသည် သူ၏ ညာဘက်လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ကာ သူ့မျက်လုံးများတွင် ဒေါသအရောင်အဝါများ တစ်ဖျပ်ဖျပ်လတ်နေ၏။ ခေါင်းဆောင်ချန်၏ စကားလုံးများအရ ဤမကောင်းဆိုးဝါးဂိုဏ်းသည် ကိုင်တွယ်ရန်မလွယ်ကူသော အင်အားကြီး အဖွဲ့တစ်ခုဖြစ်သည်။ သို့သော် မည်သည့်အဖွဲ့အစည်းမှဖြစ်စေ၊ သူ့မိသားစုကို အန္တရယ်ပြုရဲသည့် မည်သူ့ကိုမဆို လွှတ်ထားမည်မဟုတ်ပေ။
“ဒါပေမယ့် ကျွန်တော်ညီမက အပြင်ထွက်တာရှားပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲကမဟုတ်တဲ့လူတွေဆို သူ့အကြောင်း သိတောင်မသိကြဘူး။ မကောင်းဆိုးဝါးဂိုဏ်းက လူတွေက သူ့အကြောင်းဘယ်လိုသိတာလဲ”
ချူးယွင်ဖန်းသည် ဤမေးခွန်းကြောင့် အကြံအိုက်သွားရသည်။ မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းက သူ့ညီမကို ပစ်မှတ်ထားနေသည်။ သို့သော် သူတို့သည် သူမ၏ အချက်အလက်များကို မည်သည့်နေရာက ရခဲ့သနည်း။
“မောင်ရင်၊ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းရဲ့ အဆက်အသွယ်ကွန်ရက်ကို လျှော့မတွက်ပါနဲ့။ သူတို့ရဲ့ ဩဇာက မင်းထင်ထားတာထက် အများကြီးပိုအားကောင်းတယ်” ခေါင်းဆောင်ချန်က ဆိုသည်။ “ဒါ့အပြင် မင်းက သူတို့လူကို သတ်လိုက်တာဖြစ်တဲ့အတွက် မင်းကို သူတို့ လွှတ်ထားမှာမဟုတ်ဘူး။ စစ်တပ်ရောက်လာရင် သူတို့ကို လျှို့ဝှက်ထားခိုင်းတာ ပိုကောင်းလိမ့်မယ်။ မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းက အဖွဲ့ဝင်တစ်ယောက်ကို မင်းသတ်လိုက်တာက လူသားအစိုးရအတွက် ကြီးမားတဲ့ အထောက်အပံ့တစ်ခုဖြစ်ပေမယ့် အများသိအောင်မလုပ်တာ ပိုကောင်းပါတယ်။ မဟုတ်ရင် အကျိုးဆက်က အရမ်းပြင်းထန်လိမ့်မယ်”
“ကျွန်တော် နားလည်ပါတယ်။ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်” ချူးယွင်ဖန်းက ခေါင်းညိတ်သည်။ အရာရှိ၏ပြောစကားများထဲမှ ကြင်နာမှုကို သူနားလည်သည်။ ဤသတင်းသာ ပေါက်ကြားသွားလျှင် မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်း၏ ကလဲ့စားသည် ပြီးဆုံးတော့မည်မဟုတ်ပေ။
“ခေါင်းဆောင်ချန်၊ ဒီမကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းအကြောင်း ဘယ်လိုလုပ် ဒီလောက်သိနေရတာလဲ။” အရာရှိငယ်များထဲမှ တစ်ဦး မေးသည်။
အကြီးအကဲက အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးသည့်နောက်မှ ခေါင်းကိုမော့ကာ “ငါ့သမီးအငယ်ဆုံးလေးကို မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းက ပြန်ပေးဆွဲသွားတာပဲ။ နှစ်အတော်ကြာမှပြန်တွေ့ရတော့ စစ်မြေပြင်မှာရှိနေပြီး ငါကိုယ်တိုင်ပစ်သတ်လိုက်ရတာ”
ခေါင်းဆောင်ချန်က လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ အေးဆေးတည်ငြိမ်သည့်အသံဖြင့် သူပြောရန်ကြိုးစားသော်လည်း သူ့မျက်လုံးများ နီရဲလာသည်။ သို့သော်နှစ်ပေါင်းမျာစွာအကြာမှ မြင်ကွင်းသည် သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။ သူ့သမီးလေးအား သူ့လက်များဖြင့် ကိုယ်တိုင်သတ်လိုက်ရခြင်းသည် ဖျောက်ဖျက်၍မရနိုင်သော ဝေဒနာတစ်ခုဖြစ်သည်။ ယင်းသည် စစ်မြေပြင်တွင်ဖြစ်ပျက်ခဲ့လျှင်တောင်၊ သူ့တွင်ရွေးချယ်စရာမရှိခဲ့လျှင်တောင် စသဖြင့် သူ့တွင် အကြောင်းပြချက်သန်းချီရှိသော်လည်း ထိုအပြစ်ကို သူ့နှလုံးသားထဲမှ ဖြေဖျောက်၍ မရနိုင်ပေ။ သူ့သမီးကို မကာကွယ်နိုင်ရုံသာမက၊ သူ့လက်ဖြင့်ပင် သတ်ပစ်ခဲ့မိသည်။
လူတိုင်းသည် တိတ်ဆိတ်သွား၏။ ခေါင်းဆောင်ချန်သည် တစ်ကြိမ်သာပြောလိုက်ခြင်းဖြစ်သော်လည်း သူ့သမီးကို သတ်ရသည်မှာ မည်မျှနာကျင်နိုင်သည်ကို သူတို့နားလည်ကြသည်။
ထို့အပြင်အရာအားလုံးသည် မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းကြောင့်ဖြစ်ခြင်းဖြစ်သည်။
“ခေါင်းဆောင်ချန်၊ အနာဂတ်မှာ ဒီလိုနေ့မျိုးရှိခဲ့ရင် ဒီသောက်ကျိုးနည်း မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းကို ကျွန်တော်သေချာပေါက်ဖယ်ရှားပြီး တစ်ဖွဲ့လုံးကိုဖမ်းပစ်မယ်” ချူးယွင်ဖန်းက ခေါင်းဆောင်ချန်ကိုကြည့်ကာ တင်းမာစွာပြောသည်။ ခေါင်းဆောင်ချန်က အမှောင်ခြမ်းများကို များစွာသိကာ မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းမည်မျှအင်အားကြီးသည်ကို သိနေသည့်အအတွက် ပြုံးရုံသာပြုံးကာ ဘာမှမဆိုပေ။ သူတို့ကို အမြစ်ဖြုတ်ရန်မဆိုနှင့်၊ အဖွဲ့ဝင်တစ်ဦး နှစ်ဦးကိုပင် ရှာရန်ခက်ခဲသည်။ ဤသည်မှာ ပြည်ထောင်စုအစိုးရပင် လုပ်နိုင်သောအရာတစ်ခုမဟုတ်ပေ။
“အနက်ရောင်ဝတ်အမျိုးသမီးရဲ့ လည်ပင်းအနောက်ကို ကြည့်လိုက်ပါ။ အဲ့မှာ တက်တူးတစ်ခုရှိတယ်။ အဲ့တာက မကောင်းဆိုးရွားအတွက် ရှေးစကားလုံးတစ်ခုပဲ။ အခြားရှာဖွေရေးနည်းလမ်းများကလွဲရင် ဒါက သေသွားပြီးမှပေါ်လာမယ့်အရာတစ်ခုပဲ။ ဒါက မကောင်းဆိုးဝါး အစွန်းရောက်ဂိုဏ်း အဖွဲ့ဝင်တွေကို ခွဲခြားတဲ့နည်းပဲ။ တက်တူးကိုတွေ့ပြီး သူဘယ်သူဖြစ်လဲဆိုတာ ငါသိခဲ့တာပဲ” ခေါင်းဆောင်ချန်က ခေါင်းမပါသည့်အမျိုးသမီး၏ ဘေးသို့သွားကာ တက်တူးကို ထိုးပြလျက် ဆိုသည်။
ချူးယွင်ဖန်းသည် အနာဂတ်တွင် မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းကို ရင်ဆိုင်မည်ဟု တိတ်တဆိတ်ကျိန်ဆိုခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှာဖွေရေးမီးများစွာသည် ကောင်းကင်မှကျလာ၍ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ဆင်းသက်လာသည်။
နောက်ဆုံးတွင်တော့ စစ်တပ်ရောက်လာခဲ့ပြီဖြစ်သည်။
အခန်း(၁၁၀) စစ်တပ်၏ ဆုလာဘ်
စစ်ဘက်သယ်ယူပို့ဆောင်ရေးယာဥ်ကြီးသည် လူနေရပ်ကွက်အတွင်းရှိ ရင်ပြင်လွတ်တစ်ခုပေါ်တွင် ဆင်းသက်ခဲ့သည်။ မကြာခင်တွင်ပင်၊ သယ်ယူပို့ဆောင်ရေးယာဥ်ပေါ်မှ စစ်သားဒါဇင်ပေါင်းများစွာ ပြေးဆင်းလာကာ မှုခင်းဖြစ်ပွားခဲ့သည့် တောအုပ်ငယ်ကို ဝန်းရံလိုက်သည်။
ထို့နောက် အရာရှိတစ်ဦး ဖြတ်လျှောက်လာသည်။ ချူးယွင်ဖန်းသည် သူ့မျက်လုံးများဖြင့်စိုက်ကြည့်ကာ ရွှယ်ပိုင်လုံဖြစ်သည်ကို သတိထားမိသွားသည်။ ထိုလူက ချူးယွင်ဖန်းကိုတွေ့လိုက်ရသဖြင့် အနည်းငယ်အံ့သြသွားသည်။ သူသည် ချူးယွင်ဖန်းကို ဤနေရာတွင် ထပ်မံဆုံတွေ့ရန်မမျှော်လင့်ခဲ့ပေ။
အခြေအနေကို သိရှိပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
“မင်းက မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းကို ရှာတွေ့တဲ့လူပဲ” ရွှယ်ပိုင်လုံက ချူးယွင်ဖန်း၏ ဘေးသို့ လျှောက်သွားကာပြောလိုက်သည်။ “
“မှန်ပါတယ်။ ဗိုလ်ကြီးရွှယ်၊ ဆရာက ဘာလို့ ဒီကိစ္စကို တာဝန်ခံနေရတာလဲ” ချူးယွင်ဖန်းက သိချင်စိတ်ပြင်းပျစွာမေးသည်။
ရွှယ်ပိုင်လုံက အနည်းငယ်ပြုံးလိုက်ကာဆိုသည်။ “ငါက သာမန်စစ်သားမဟုတ်ဘူး။ တည်ငြိမ်သမုဒ္ဒရာမြို့မှာရှိတဲ့ မကောင်းဆိုးဝါးကိုးကွယ်မှုနဲ့ပတ်သက်သမျှကို ငါတာဝန်ယူတယ်”
ရွှယ်ပိုင်လုံသည် အနက်ရောင်ဝတ်အမျိုးသမီးအနားသို့လျှောက်သွားကာ အလောင်းကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်သူ ဆိုသည်။
“မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းက ပြန်ပေးဆွဲချင်တဲ့သူက မင်းလား”
“မဟုတ်ပါဘူး။ အဲ့လူက ကျွန်တော့်ညီမကို ပြန်ပေးဆွဲဖို့ကြိုးစားလို့ အဲ့တာကို မြင်ပြီးတားလိုက်တာပါ” ချူးယွင်ဖန်းက ခေါင်းခါကာ ဆိုသည်။ ရွှယ်ပိုင်လုံသည် အနက်ရောင်ဝတ်အမျိုးသမီး၏ အလောင်းကို ကြည့်ကာ
“ဒါဆို မင်းသူ့ကို သတ်လိုက်တာလား။ မင်းက တကယ်ကို ထင်ထားတာထက်ပိုတယ်။ ဒီလူက စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်မှာရှိနေတယ်။ စစ်မှုထမ်းဟောင်းအများစုက သူ့လက်မှာ ကျရှုံးခဲ့ဖူးတယ်”
ချူးယွင်ဖန်းက ပြုံးရုံသာပြုံးကာ “သူက အရမ်းကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာ။ သူကျွန်တော့်ကို သေချာပေါက်သတ်ပစ်နိုင်မယ်လို့ ထင်နေတာ။ ဒါက သူ့ကို အခွင့်အရေးယူဖို့ အခွင့်အရေးရခဲ့တာပဲ”
ရွှယ်ပိုင်လုံသည် ဤစကားကြောင့် ချူးယွင်ဖန်းကို အထင်မသေးပေ။ ကျွမ်းကျင်သူသည် ချူးယွင်ဖန်းထက် တစ်ဆင့်မြင့်သော်လည်း သူမ၏ပေါ့လျော့မှုကြောင့် အမှန်တကယ်ပင် လွတ်မြောက်ရန်အခွင့်အရေးခပ်မျှင်မျှင်ကို ဆုတ်ကိုင်နိုင်ခဲ့သည်။
“ငါ သတိလက်လွတ်ဖြစ်သွားတာပါ။ ဒီနေ့ကိစ္စကို ရုံးချုပ်ကို အကြောင်းကြားထားတယ်။ အမှားအယွင်းမရှိဘူးလို့ အတည်ပြုရင် ပြည်ထောင်စုအစိုးရကို မင်းအကျိုးပြုခဲ့တာပဲ။ ဒီ မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းသူရဲ့ အဆင့်အရ မင်း ဆုငွေအဖြစ် သုံးသန်းရလိမ့်မယ်” ရွှယ်ပိုင်လုံက ဆိုသည်။
ချူးယွင်ဖန်းသည်လည်း တိတ်တဆိတ်ဆွံ့ အသွားသည်။ သူ့အရိပ်မဲ့ဓားသွယ်သည်လည်း သုံးသန်းတန်သည်။ သာမန်အဖွဲ့ဝင်၏ ဦးခေါင်းသည်ပင် အမှန်တကယ် တန်ဖိုးရှိလှသည်။ ၎င်းက ပြည်ထောင်စုအစိုးရသည် မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းကို ကြောက်သည်ဆိုသည်မှာ သိသာစေသည်။
“ဗိုလ်ကြီးရွှယ်၊ ယွမ်သုံးသန်းကို သုံးပြီး အဆင့်သုံးမူလဝိဉာဥ်ဆေးနဲ့ လဲလို့ရမလား” ချူးယွင်ဖန်းက မေးသည်။
ရွှယ်ပိုင်လုံက အနည်းငယ်ဆွံ့အသွားသည်။ ထို့နောက် သူက ပြုံးလျက်ဆိုသည်။
“ဘာလို့လဲ။ အဆင့်သုံးမူလဝိဉာဥ်ဆေးရဲ့ အကျိုးကျေးဇူးတွေကို အခုမင်းနားလည်ပြီလား။ မင်းစစ်တပ်မှာ ပါဝင်နေသမျှ ကာလပတ်လုံး အကျိုးရလဒ်ပေါင်းစုံကို မင်းအကန့်အသတ်မရှိခံစားလို့ရမယ်။ အမှန်အတိုင်းပြောရရင် ဒါက စည်းမျဥ်းနဲ့ဆန့်ကျင်နေတယ်။ ဒါပေမယ့် ငါ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ မင်းအတွက် အဲ့တာကို အဆင့်သုံးမူလဝိဉာဥ်ဆေးလုံးနဲ့ လဲပေးမယ်”
ဤအချိန်တွင် ရွှယ်ပိုင်လုံသည် ချူးယွင်ဖန်းကို ခေါ်ယူမည့်သူ၏ အစီအစဥ်ကို လက်မလျှော့သေးပေ။ အထူးသဖြင့် ဤမကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းသား ချူးယွင်ဖန်း၏လက်တွင် သေဆုံးသွားကြောင်းကို သိရှိပြီးနောက် ရွှယ်ပိုင်လုံသည် ချူးယွင်ဖန်းကို ပို၍စိတ်ဝင်စားလာခဲ့သည်။
ရွှယ်ပိုင်လုံ တန်ဖိုးအထားဆုံးအရာမှာ ထိုအခြေအနေမျိုးတွင် မိမိတို့ထက် အဆပေါင်းများစွာပြင်းထန်သော ရန်သူကို သတ်ရန်နည်းလမ်းကို တွေးဆနိုင်သော လူတစ်ဦး၏ အေးဆေးတည်ငြိမ်ကာ စုစည်းသော စိတ်ဓာတ်ဖြစ်သည်။ လုံလုံလောက်လောက် မသန်မာလျှင် ပြင်းပြင်းထန်ထန်လေ့ကျင့်က ရနိုင်သည်။ သို့သော် ဤအေးဆေးတည်ငြိမ်သောစိတ်ထားသည်မူ တပ်မတော်မှ စစ်မှုထမ်းဟောင်းများတွင်ပင် မရှိသောအရာတစ်ခုဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးရွှယ်” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။
သူ့လက်မှာမူ ဒဏ်ရာရရှိနေသည်မို့ အချိန်ခဏကြာလောက်တော့ ဆေးဖော်စပ်နိုင်လိမ့်မည်မဟုတ်ပေ။ သူ့အတွက် ယွမ်သုံးသန်းသည် ဒွာရသုံးပေါက်ရင်းမြစ်ဝဉာဥ်ဆေးနှင့်ယှဥ်လျှင်တော့ အလွန်အသုံးဝင်သည်။ ဆေးလုံး၏ အကူအညီဖြင့် နောက်ဆုံးစာမေးပွဲမတိုင်မီ ချီပင်လယ်နောက်တစ်ဆင့်သို့ တက်လှမ်းရန်မျှော်လင့်ထားသည်။
“ယွမ်သုံးသန်းအပြင် အထက်အရာရှိတွေက သင့်လျော်တယ်ထင်ရင် အခြားဆုကြေးငွေတွေလည်း ထပ်ပေးကြလိမ့်မယ်။ မင်းလိုမျိုးလူတွေက ပုံမှန်အထူးတန်းကို တက်ခွင့်ရသင့်တယ်။ မင်းလိုချင်တဲ့ဘာသာရပ်ကို မင်းရွေးလို့ရတယ်” ရွှယ်ပိုင်လုံကပြောသည်။ “ဒါပေမယ့် မင်းကိုကြည့်ရတာ မင်းပုံမှန်အထူးတက္ကသိုလ်ကို သွားချင်ပုံမပေါ်ဘူး။ မင်းက ပြည်ထောင်စု ထိပ်တန်းတက္ကသိုလ်ဆယ်ခုထဲမှ တစ်ခု၊ မဟုတ်ရင် ပြည်ထောင်စုတက္ကသိုလ်ကိုတောင် တက်ချင်နေတာပဲ”
ချူးယွင်ဖန်းသည် ကိုယ့်ဂုဏ်ကိုယ်ဖော်ရခြင်းကို စိတ်အနှောက်အယှက်မဖြစ်စွာဖြင့် ခေါင်းညိတ်ရုံသာညိတ်လိုက်သည်။ အကယ်၍ အရင်အချိန်များသာဖြစ်လျှင် အထူးတန်တက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရပါက အလွန်ကျေနပ်ပျော်ရွှင်ရမည်ဖြစ်သော်လည်း၊ ယခုမူ အထူးတန်းတက္ကသိုလ်များသည် သူလက်လှမ်းမီနိုင်သောနေရာတွင်ရှိနေကြပြီဖြစ်ကာ အထူးတန်းတက္ကသိုလ်တစ်ခုခု၏ သိုင်းပညာအတန်းကို ဝင်ခွင့်ရရန် သတ်မှတ်ချက်သည် ချီပင်လယ်သတ္တမအဆင့်သာဖြစ်သည်။ လက်ရှိ သူနှင့် သိပ်မဝေးပေ။ ထို့ကြောင့် သူသည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုကို ဝင်ခွင့်ရရန်မျှော်မှန်းထားကာ ကံကောင်းလျှင် ပြည်ထောင်စုတက္ကသိုလ်သို့ပင် ဝင်ရောက်နိုင်၏။
“ဒီနေ့အဖြစ်အပျက်ကို လျှို့ဝှက်ထားပေမယ့် မင်းရဲ့ကိုယ်ရေးကိုယ်တာဖိုင်မှာ မှတ်တမ်းတင်ထားမယ်။ အနာဂတ်မှာ မင်းရဲ့ ပညာရေးကိစ္စတွေမှာပဲဖြစ်ဖြစ် အလုပ်ကိစ္စပဲဖြစ်ဖြစ် အခြားသူတွေထက် ပိုလွယ်လွယ်ကူကူနဲ့ အချိန်ရလိမ့်မယ်” ရွှယ်ပိုင်လုံက ပြောသည်။
“ကျွန်တော်နားလည်ပါတယ်” ချူးယွင်ဖန်းက သူ့ဘာသာတွေးနေမိသည်။ ဤသို့ လျှို့ဝှက်အကျိုးများရှိသည်မှာ ထင်ရှား၏။
ပြည်ထောင်စုအစိုးရသည် ပူးပေါင်းဆောင်ရွက်မှု ကြီးကြီးမားမားများပြုလုပ်သော နိုင်ငံသားများအတွက် ဆုကြေးကို မတွန့်တိုပေ။ ဤနည်းဖြင့်သာ လူများစွာသည် လူသားမျိုးနွယ်နှင့် ပြည်ထောင်စုအစိုးရကို အကျိုးပြုနိုင်မည်ဖြစ်သ်ည။
စစ်သားများက အနက်ရောင်ဝတ်မျိုးသမီး၏ အလောင်းကို သယ်ယူကာ ပို့ဆောင်ရေးယာဥ်ပေါ်သို့ သယ်ဆောင်သွားခဲ့သည်။ ရဲများနှင့် စစ်သားများ၏ ရောက်ရှိလာမှုနှင့် လှုပ်ရှားမှုသည် နောက်ဆုံးတွင် ရပ်ကွက်အတွင်းရှိမိသားစုများကို သတိထားမိစေခဲ့သည်။ ထိုအချိန်တွင် လူများစွာသည် ထိုးထလာကာ အောက်ထပ်သို့တစ်ယောက်ပြီးတစ်ယောက်ဆင်းလာကြသော်လည်း သူတို့အားလုံးကို သီးသန့်ဇုန်ဝန်းကျင်ရှိ စစ်သားများက ပိတ်ဆို့ထားကာ အခင်းဖြစ်ပွားရာနေရာသို့ရောက်မလာကြစေရန် တားဆီးထားကြသည်။ မြို့ခံများသည် တပ်မတော်က လွယ်လွယ်နှင့် တပ်ဖွဲ့များစေလွှတ်လိမ့်မည်မဟုတ်သည်ကို သိကြသည့်အတွက် အလေးအနက်ထားကာ တည်ငြိမ်နေကြသည်။ ပြီးသည်နှင့် ၎င်းသည် သေချာပေါက် ကိစ္စကြီးတစ်ခုဖြစ်သည်မှာ သေချာသည်။ သို့သော် လျှို့ဝှက်ထားနိုင်ရန်အလို့ငှာ စစ်သားများက သူတို့အား အနီးသို့ကပ်ခွင့်မပြုပေ။
“အချိန်တန်ရင် ကင်းလှည့်အရာရှိတွေက မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းအဖွဲ့ဝင်တစ်ယောက်ကိုတွေ့ရှိပြီး ထွက်ပြေးဖို့ကြိုးစားတုန်း သတ်ခဲ့တယ်လို့ လူသိရှင်ကြားကြေညာခိုင်းလိုက်မယ်။ သူတို့က ဒီအဖြစ်အပျက်ကို ဓားပြတစ်ယောက်အသတ်ခံရတာလို့ပဲ သူတို့က သဘောထားကြလိမ့်မယ်” ရွှယ်ပိုင်လုံက ဆိုသည်။ “ဒီနည်းနဲ့ မင်းဟာ မေကာင်းဆိုးဝါးတွေရဲ့ မျက်လုံးထဲမှာ ခဏလောက်ပျောက်ကွယ်နေလိမ့်မယ်”
“ကာကွယ်မှုအတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးရွှယ်” ချူးယွင်ဖန်းက ပြောသည်။ ရွှယ်ပိုင်လုံတစ်ယောက် သူ့ကို ကာကွယ်ရန်ကြိုးစားနေသည်ကို သူမြင်သည်။ သူပို၍အားမကောင်းလာခင်တွင် မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းကဲ့သို့ ကြီးမားသည့် မကောင်းဆိုးဝါးကို ရင်ဆိုင်ရန်မှာ သူ့အတွက် အလွန် အန္တရာယ်များသည်။
“စကားမစပ်၊ မင်းရဲ့အကူအညီတစ်ခုလိုတာရှိသေးတယ်” ရွှယ်ပိုင်လုံသည် ချူးယွင်ဖန်းကို ကြည့်ကာပြောလိုက်သည်။
“ကျေးဇူးပြုပြီးပြောပါ၊ ဗိုလ်ကြီးရွှယ်၊ ကျွန်တော်လုပ်ပေးနိုင်သလောက် သေချာပေါက်ကူညီပေးပါ့မယ်” ချူးယွင်ဖန်းက ဆိုသည်။
“မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းက မင်းညီမကို မျက်စိကျနေတော့ ဒုတိယကြိုးစားမှုတစ်ခုတော့ရှိလာဦးမှာ သေချာတယ်။ ဒါ့ကြောင့် မင်းညီမအနားမှာ ပုန်းအောင်းနေဖို့ ငါ့လူတွေကို လွှတ်ထားမယ်လို့ စီစဥ်ထားတယ်။ မင်းရဲ့ နေ့စဥ်ဘဝကို ပြန်သွားနိုင်ပါတယ်။ ငါတို့လူတွေက မင်းတို့ကို အရိပ်ထဲကနေကာကွယ်ပေးနေလိမ့်မယ်။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေပြန်ပေါ်လာတာနဲ့ သူတို့အားလုံးကို တစ်ချက်တည်းဖမ်းလိုက်မယ်” ရွှယ်ပိုင်လုံက ဆိုသည်။
ရွှယ်ပိုင်လုံသည် မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်း၏ အဖွဲ့ဝင်အားလုံးကို တစ်ချက်တည်းဖမ်းဆီးရန် သို့မဟုတ် သဲလွန်စများနောက်သို့လိုက်ကာ တစ်အုပ်လုံးကို ဖမ်းရန် တစ်သက်တွင်တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးကို အခွင့်ကောင်းယူချင်သည်မှာ ထင်ရှားသည်။
“ကောင်းပါပြီ။ ကိစ္စမရှိပါဘူး” ချူးယွင်ဖန်းက ဆိုသည်။
သူ့ညီမ၏ ရောဂါကို ကုသရန် လိုအပ်သော်လည်း မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်း၏ အဖွဲ့ဝင်များသာ သူမကို မက်မောနေပါက၊ သူငြိမ်းငြိမ်းချမ်းချမ်းစားရန်၊ အိပ်စက်ရန်ရနိုင်တော့မည်မဟုတ်ပါ။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်း၏ အဖွဲ့ဝင်များအားလုံးကို တစ်ရှိန်ထိုးဖမ်းဆီးနိုင်ရန် စစ်တပ်၏ အင်အားကို အသုံးပြုခြင်းသည် အကောင်းဆိုးရွေးချယ်မှုတစ်ခုဖြစ်သည်။
အခန်း (၁၁၁) မကောင်းတော့ဘူး၊ ငါတို့ ခြုံခိုတိုက်ခံရပြီ
သမီး၏ ရောဂါနှင့် ပတ်သက်၍ အလုပ်ရှုပ်နေသော ချူးဝမ်ချန်းနှင့် ယန်ယာယွင်တို့သည် သတင်းကြားသဖြင့် အိမ်သို့ပြန်ခဲ့ကြသည်။ သူတို့ သမီးလေး ပြန်ပေးဆွဲခံရလုနီးနီးဖြစ်ကာ၊ သားဖြစ်သူမတော်တဆမှုဖြစ်လုနီးပါးမှန်း သိလိုက်ရသောအခါ ချူးဝမ်ချန်းနှင့် ယန်ယာယွင်တို့ အလွန်ထိတ်လန့်သွားကြသည်။ ချူးများသည် သာမန်ပြည်သူများသာဖြစ်သည်။ သူတို့သည် သိုင်းပညာ ကျင့်ကြံထားကြသော်လည်း၊ ၎င်းမှာ သူတို့ ခန္ဓာကိုယ်နှင့် စိတ်ကို ကျန်းမာစေရန်၊ အသက်ရှည်စေရန်သာဖြစ်သည်။
သာမန်အခြေအနေများအောက်တွင် သူတို့သည်ကျန်ရှိသော ဘဝတစ်သက်တာကို တူညီသော လုပ်ရိုးလုပ်စဥ်များအတိုင်းသာ ဖြတ်သန်းကြကာ ကြီးမားသော အကြပ်အတည်းကို ကြုံတွေ့ကြရလိမ့်မည်မဟုတ်ပေ။ သူတို့ သားသမီးများ ဤသို့သော အန္တရာယ်ရှိမည့်အခြေအနေဖြင့် ရင်ဆိုင်ရလိမ့်မည်ကို မမျှော်လင့်ထားကြပေ။ သူတို့သမီးသည် ပြန်ပေးဆွဲခံရလုဖြစ်ကာ၊ သားသည်လည်း သေလုနီးပါးဖြစ်ခဲ့သည်။ ဤသည်ကို တွေးကြည့်ရုံဖြင့်ပင် သူတို့အားကြောက်ရွံ့မှုကို ခံစားစေကြသည်။
ရလဒ်ကို အကျယ်ချဲ့ခြင်းမပြုရန် စစ်သားများသည် မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းအဖွဲ့ဝင်၏ အလောင်းကို သယ်ယူပို့ဆောင်ရေးယာဥ်သို့ ရွှေ့၍ ပြန်သွားကြသည်။ ရွှယ်ပိုင်လုံသာ ကွင်းပြင်ထဲ၌ ကျန်ခဲ့၏။
“ယွင်ဖန်း၊ သားအဆင်ပြေရဲ့လား” သမီးဖြစ်သူ အဆင်ပြေကြောင်းနှင့် သတိလစ်သွားရုံသာဖြစ်ကြောင်းအတည်ပြုပြီးနောက်၊ ယန်ယာယွင်သည် ချူးယွင်ဖန်းအနားသို့ အမြန်ပြေးသွားခဲ့သည်။ ချူးယွင်ဖန်းကို ကျောက်ပတ်တီးဖြင့် မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများ နီရဲလာသည်။
“သားအဆင်ပြေပါတယ်။ ဒါက ကျောက်ပတ်တီးပဲ။ နှစ်ရက်အတွင်းပြန်သက်သာလာမှာပါ။ ဘာမှမဟုတ်ဘူး၊ စာမေးပွဲအတွက် အချိန်မီလုပ်နိုင်သေးတယ်”
ချူးယွင်ဖန်းက ပြုံးကာပြောသည်။ အခြေအနေသည် မည်မျှပင် အန္တရာယ်များနေခဲ့ပါစေ၊ မိဘများကို သတိပေးရန် မဆုံးဖြတ်ထားပေ။ အတိတ်သည် အတိတ်သာဖြစ်သဖြင့် သူတို့၏ စိုးရိမ်ပူပန်မှုများတိုးစေရန် မလိုအပ်ပေ။ ချူးဝမ်ချန်းသည်တော့ များများစားစားမပြောတော့သော်လည်း၊ သူ့မျက်လုံးထဲတွင် တူညီသည့် စိုးရိမ်သောအကြည့်တော့ရှိနေသည်။ ယန်ယာယွင်လောက် မပြင်းထန်ရုံသာဖြစ်၏။
“မင်းကောင်းကောင်းလုပ်ခဲ့တယ်၊ ငါ့သား။ ညီမလေးကို မင်းကာကွယ်ပေးလိုက်တာပဲ” သူမျက်လုံးထဲတွင်တော့ သူသားသည် ယခုကြီးပြင်းလာပြီဖြစ်သည်။
“စကားမစပ် ဖေဖေ မေမေတို့နဲ့မိတ်ဆက်ပေးပါရစေ။ ဒါက ဒီနေ့ကိစ္စကိုကိုင်တွယ်နေတဲ့ တပ်မတော်က ဗိုလ်ကြီးရွှယ်ပါ။ ဗိုလ်ကြီးရွှယ်၊ ဒါက ကျွန်တော့်မိဘတွေပါ” ချူးယွင်ဖန်းက သူတို့ကို အချင်းချင်းမိတ်ဆက်ပေးလိုက်သည်။
“မင်္ဂလာပါ ဗိုလ်ကြီးရွှယ်” ချူးဝမ်ချန်းက ရှေ့သို့တိုးကာဆိုသည်။
သို့သော် သူ့မျက်လုံးများထဲတွင် သံသယအရိပ်အယောင်များရှိနေသည်။ သာမန်ပြန်ပေးဆွဲမှုတွင် စစ်တပ်က အဘယ်ကြောင့်ပါဝင်ရသနည်း။ ဤအမှုသည် အပြည်ပြည်ဆိုင်ရာရဲဌာနသို့ရောက်သွားလျှင်ပင် ကြီးကျယ်သည့်အမှုဟု ယူဆနိုင်ပြီးသားဖြစ်သည်။
“မင်္ဂလာပါ”
ရွှယ်ပိုင်လုံသည် မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်း၏ ကိစ္စကို ချူးဝမ်ချန်းထံသို့ ချက်ချင်းပြောပြခဲ့သည်။ ချူးဝမ်ချန်း၏ အမူအယာသည် ချက်ချင်းပင် လေးနက်လာသည်။ သူသည် မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းအကြောင်း ကြားဖူးသော်လည်း ၎င်းတို့နှင့်ပတ်သက်သော ဗဟုသုတ အနည်းငယ်သာရှိသေးသည်။ ဤသည်မှာ လုယက်မှုများအကြောင်း လူများစွာကြားသိရသော်လည်း တကယ်တမ်းကြုံတွေ့ရသောသူ များများစားစားမရှိသကဲ့သို့ပင် ဖြစ်သည်။
သို့သော် ဤသည်မှာ အခြေအနေ၏လေးနက်မှုကို သူမသိဟု ဆိုလိုခြင်းမဟုတ်ပေ။ မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်း၏ ပစ်မှတ်မှာ သူ့သမီးဖြစ်သည်ဟူသောအချက်ကာ သူ့ကို ပိုမိုသတိရှိစေကာ စိတ်မသက်မသာဖြစ်စေသည်။
“မစ္စတာချူး၊ မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေက ခင်ဗျားရဲ့သမီးကို ပစ်မှတ်ထားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ကြိမ်ဖြစ်ပြီးရင် နောက်တစ်ကြိမ်ဆိုတာရှိမှာပဲ။ ဒါ့ကြောင့် ကျွန်တော် ခင်ဗျားရဲ့အိမ်ကို လျှို့ဝှက်ကာကွယ်ဖို့ လူတချို့ကို စီစဥ်ပေးထားချင်တယ်။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေပေါ်လာရင် သူတို့ကိုဖမ်းဖို့အခွင့်အရေးကို ကျွန်တော်တို့ ဆုတ်ကိုင်ထားနိုင်မှာပါ” ရွှယ်ပိုင်လုံက ပြောသည်။
“ရပါတယ်၊ ကိစ္စမရှိပါဘူး” ချူးဝမ်ချန်းက ခေါင်းညိတ်ကာဆိုသည်။
သူ့တွင် ကျင့်ကြံရေးအခြေခံရှိသော်လည်း သူသည် သာမန် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာရှိကာ တိုက်ပွဲအတွေ့အကြုံများများစားစားမရှိပေ။ သူသည် မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်း၏ အမှန်တကယ်အစွမ်းထက်သော အဖွဲ့ဝင်များနှင့် နှိုင်းယှဥ်၍ မရပါ။ စစ်တပ်သည်သာ သူ့မိသားစုကိုကာကွယ်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်သည်။
“ကောင်းတယ်။ ခင်ဗျားတို့ကိုကာကွယ်ဖို့ လူတချို့စီစဥ်ပေးထားမယ်။ ခင်ဗျားက ကိုယ့်ရဲ့သာမန်လုပ်ရိုးလုပ်စဥ်အတိုင်း ဆက်နေသွားဖို့လိုတယ်။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းကလူတွေကို ခင်ဗျားကတစ်ဆင့် သိသာမနေစေနဲ့” ရွှယ်ပိုင်လုံကပြောသည်။
“ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးရွှယ်” ချူးယွင်ဖန်းက ပြောသည်။
ရွှယ်ပိုင်လုံသည် စကားပြောပြီးသည်နှင့် အချိန်ဆွဲမနေတော့ဘဲ အစီစဥ်ဆွဲရန် သူထွက်သွားခဲ့သည်။ သူထွက်သွားသည်နှင့် မိသားစုသည် စကားကောင်းကောင်းပြောရန် အချိန်ရခဲ့သည်။
“မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းက လူတွေက ဘာလို့ ရွှမ်ရွှမ်ကို ပစ်မှတ်ထားနေရတာလဲ” ယန်ယာယွင်သည် ဤသည်ကား နားလည်ရခက်သည့်အပိုင်းဟု ခံစားနေမိသည်။
“ဘာကြောင့်ပဲဖြစ်ဖြစ် အခုရွှမ်ရွှမ်က သူတို့ရဲ့ပစ်မှတ်ဖြစ်နေပြီဆိုတော့ ဒီနေရာမှာက မလုံခြုံတော့ဘူး။ သားတို့ အိမ်ပြောင်းသင့်ပြီထင်တယ်” ချူးယွင်ဖန်းကပြောသည်။
“ဒါပေမယ့်၊ အခု ငါတို့ဘယ်လို့လုပ်ပြောင်းရွှေ့နိုင်မှာလဲ” ချူးဝမ်ချန်းက စကားဆုံးသည်နှင့် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိကာ ချူးယွင်ဖန်းကို ကြည့်လိုက်သည်။
“သား ပိုက်ဆံရဖို့ နည်းလမ်းရှာပါမယ်။ တိုတိုပြောရရင်တော့ ဒီနေရာကနေ အမြန်ဆုံးရုန်းထွက်ဖို့လိုပြီ။ သားတို့ ရက်အတော်ကြာလောက် ကျင်ဟွာမြို့မှာ ဆေးကုဖို့သွားရမယ်မလား” ချူးယွင်ဖန်းက ဆိုသည်။ “ပြန်လည်ထူထောင်ရေးကာလလည်း ကြာမြင့်ဦးမှာဖြစ်တာကြောင့် အဲ့တာပြီးရင် သားအိမ်အခြေချဖို့လုပ်ပါ့မယ်။ ဖေဖေတို့စိတ်ပူစရာ မလိုဘူး” ချူးယွင်ဖန်းက ဆိုသည်။
ချူးဝမ်ချန်းနှင့် ယန်ယာယွင်တို့သည် သားဖြစ်သူ၏ ဝင်ငွေစွမ်းရည် မကြာသေးမီကမှ တိုးမြင့်လာသည်ကို သိသောကြောင့် သူတို့သားကို မေးခွန်းမထုတ်ကြတော့ပေ။ ဆယ်နှစ်ကျော်ကြာအောင် ဒုက္ခများခဲ့ရသော သမီးအငယ်ဆုံး၏ ကုသမှုအတွက် ငွေကိုပင် သားဖြစ်သူ၏ အိတ်ထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။
“အရမ်းခက်ရင် အတင်းတွန်းအားမပေးပါနဲ့၊ ငါတို့လောလောဆယ် ကျင်ဟွာမြို့မှာနေမယ်။ အလျင်လိုစရာမလိုပါဘူး။ အဆင်မပြေရင် ဒီအိမ်ကို ရောင်းပြီး နောက်တစ်အိမ်ထပ်ဝယ်မယ်” ချူးဝမ်ချန်းက ဆိုသည်။
“စိတ်မပူပါနဲ့ ဖေဖေ။ သားတာဝန်ထားလိုက်ပါ” ချူးယွင်ဖန်းက ခေါင်းညိတ်ကာဆိုသည်။
မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းမှ နောက်ထပ်လူများ ဤမျှလျင်မြန်စွာ ရောက်လာလိမ့်မည်ဟုတော့ မည်သူမျှမမျှော်လင့်ထားပါ။ သူတို့သည် နောက်နေ့ပင်မကူးဘဲ ထိုညမှာပင် ရောက်လာကြ၏။
ညဥ့်နက်တွင် လူနှစ်ဦးသည် ည၏မှောင်မိုက်မှုအောက်တွင် ဖုံးကွယ်ကာ ရပ်ကွက်ထဲသို့ ခိုးဝင်လာကြသည်။ တစ်ဦးသည် အရပ်ရှည်ကာ နောက်တစ်ဦးသည် ပု၏။ နှစ်ဦးလုံးတွင် ကျင့်ကြံရေးအခြေခံများရှိသည့်အတွက် လမ်းလျှောက်သည့်အခါတွင် အသံမထွက်ဘဲလျှောက်နိုင်ကြသည်။
“ကျားသစ်က တကယ်မအောင်မြင်ဘူးလား။ အသုံးမဝင်တဲ့အမှိုက်ပဲ။ သူ့ကို ကင်းလှည့်အရာရှိတွေက ရှာတွေ့ခဲ့တယ်။ စစ်မြေပြင်ကနေထွက်တာ ရက်နည်းနည်းပဲရှိသေးပေမယ့် သူက ရဲတွေကိုတောင် အနိုင်မယူနိုင်ဘူး” အရပ်ရှည်သောသူက ပြောသည်။
“အဲ့ရဲတွေကိုလည်း လျှော့မတွက်နဲ့။ ရဲတပ်ဖွဲ့ဝင်အများအပြားက တပ်မတော်ရဲ့ အငြိမ်းစားစစ်သားတွေပဲ။ အထူးတပ်ဖွဲ့ထဲကတောင် နည်းနည်းပါလောက်တယ်။။ ကျားသစ်ကကျရှုံးတားမထူးဆန်းပါဘူး။ မင်းရဲကို လျှော့တွက်ရင် နောက်ထပ်သေမယ့်သူက မင်းဖြစ်နေလိမ့်မယ်” အရပ်ပုပုလူက ဆိုသည်။
“မှန်တယ်။ ပစ်မှတ်က ဒီတိုင်း ကလေးမလေးပဲလေ။ သူက ခေါင်းဆောင်ရဲ့ အာရုံစိုက်မှုကို ဘယ်လိုရခဲ့တာလဲ။ ဒါ့အပြင် သူက မသန်မစွမ်းတစ်ယောက်လည်း ဖြစ်တယ်။ ဒီလိုလူလို ပြန်ပေးဆွဲတာ ဘာအသုံးဝင်လို့လဲ” အရပ်မြင့်မြ်ငလူက စိတ်ရှုပ်ထွေးမှုဖြင့် အံ့သြနေသည်။
“မင်းဘယ်လောက်သိလဲ။ ဒီကလေးမလေးရဲ့ အရည်အချင်းကိုခေါင်းဆောင်က ဘယ်လိုသိသွားမှန်းမသိဘူး။ ဒုက္ခိတဖြစ်ရတာနဲ့ပတ်သက်လို့ အဲ့ကလေးမလေးက ဒုက္ခိတတင်မဟုတ်ဘူး။ အဲ့ထက်တောင် ပိုဒုက္ခပေးသေးတယ်။ ခေတ်မီနည်းပညာနဲ့ ဒုက္ခတဆိုရင် ဘာမှမဖြစ်ဘူး။ ဖြတ်ထားတဲ့ခြေလက်တွေ ပြန်ကြီးထွားဖို့က ပြဿနာမဟုတ်ဘူး။ တကယ့်ဒုက္ခက သူ့မှာ မွေးရာပါဗီဇချို့ယွင်းချက်ရှိနေတာပဲ။ သူ့ကို ကုသဖို့က အနည်းဆုံး ဆယ်ဂဏန်းလောက် သန်းနဲ့ချီပြီးကုန်ကျမယ်လို့ပြောတယ်။ ခေါင်းဆောင်က သူနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကြီးကြီးမားမားမရှိရင် သူ့ကို ကုသဖို့ ဘာလို့ ပိုက်ဆံအများကြီး သုံးဖို့လိုမှာလဲ” အရပ်ပုသည့်လူတွင် ပို၍ရှင်းလင်းသောအချက်အလက်များရှိသည်။
“အဲ့တာကို နားမလည်ဘူး။ ဒါတွေကို မေ့ထားစမ်းပါ။ ဒီအရာတွေကို အလွန်အကျွံတွေးတောဖို့ နေရာကောင်းမဟုတ်ဘူး။ ဌာနခွဲခေါင်းဆောင်ရဲ့အမိန့်ကို လိုက်နာပြီး သူ့ကို ပြန်ခေါ်သွားဖို့ပဲလိုတယ်။” အရပ်မြင့်မြင့်လူက ဆိုသည်။
“မကောင်းဆိုးဝါး ကိုးကွယ်ဂိုဏ်းက တကယ်သတ္တိရှိတာပဲ” အေးစက်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာကာ ရှာဖွေမီးလုံးများက ထိုလူနှစ်ယောက်အပေါ်သို့ တည့်တည့်ထိုးနေ၏။
“မကောင်းတော့ဘူး၊ ငါတို့ ခြုံခိုတိုက်ခိုက်ခံရပြီ”