အခန်း (၁၁၈-၁၂၀)
Vol. 8 Ch. 118-120
အခန်း (၁၁၈) ပူးပေါင်းဆောင်ရွက်ခြင်း အောင်မြင်ပြီ
ဤသုံးသပ်ချက်သို့ရောကပြီးနောက်တွင် ပိုင်ဟုန်သည် ရုတ်တရက် ဉာဏ်အမြင်ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထူးဆန်းသော အရာတချို့သည်ပင် မထူးဆန်းတော့ပေ။ ချူးယွင်ဖန်းသည် ငယ်ရွယ်သော်လည်း သူ့အသိပညာများသည်မူ ကြောက်ခမန်းလိလိကြီးမားနေသည့်အချက်လည်းပါ၏။ ချူးယွင်ဖန်းသည် ပို၍ကောင်းမွန်သော ခန္ဓာကိုယ်သန့်စင်ဆေးဖော်မျူလာကို ပေါ့ပေါ့ပါးပါး ဖော်ထုတ်နိုင်ရသည့်အကြောင်းအရင်းနှင့် အဘယ်ကြောင့် ဆေးပေါင်းစပ်မှုဖော်မျူလာ၏ အပိုင်းတစ်ပိုင်းကို ဖြည့်စွက်နိုင်ခြင်းလည်းပါ၏။ ချူးယွင်ဖန်းကိုယ်တိုင်သည် ကောင်းကင်ကိုအံတုနေခြင်းကြောင့်မဟုတ်ပေ။ သူ့နောက်ကွယ်ရှိ သီးခြားဂိုဏ်းတွင် အံ့အားသင့်ဖွယ်ကောင်းကာ နက်နဲသော အခြေခံအုတ်မြစ်ရှိခြင်းကြောင့်လည်း ဖြစ်သည်။
ဤအရာများအားလုံးကို ရှင်းပြနိုင်၏။ ထို့ကြောင့် ကြည့်ရသလောက်တော့ သူ့အတွက်မထူးဆန်းတော့ပေ။ သူ့အတွေးတချို့ကို ဖယ်ထားလိုက်သည်။ မူလအစက ချူးယွင်ဖန်း၏ နောက်တွင် ဆေးပညာနယ်ပယ်၌ ကြီးမားသော လူတစ်ဦးရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် ချူးယွင်ဖန်း၏နောက်တွင် သီးသန့်ဆေးဂိုဏ်းတစ်ခုခုရှိမည်ဟု အတည်ပြုပြီးနောက်တွင် ယင်းသည် အခြားအကြောင်းအရာတစ်ခုဖြစ်သွား၏။
သီးခြားဂိုဏ်း တစ်ခုသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူသိ၏။
လွန်ခဲသော နှစ်ပေါင်းရာချီခန့်၊ ကြီးမားသော ကပ်ဆိုးကြီးများအပြီးတွင် လူသားများသည် ခွန်းလွန်နယ်မြေသို့ ဝင်ရောက်လာကြသည်။ သိုင်းပညာများ ကျယ်ပြန့်သည့် ကြီးကျယ်သော ခေတ်အတွင်းတွင် ပြည်ထောင်စုအစိုးရသည် လက်ရှိခေါင်းဆောင်ဖြစ်သည်။ ရှေးခေတ်လူသားမျိုးနွယ်၏ အနှစ်သာရအများစုကို ပြည်ထောင်စုအစိုးရမှ စုပ်ယူထားလျက်ရှိသည်။ ဤသို့ဖြင့် ပြည်ထောင်စုအစိုးရသည် လက်ရှိခေတ်က်ု လွှမ်းမိုးလာခဲ့ခြင်းဖြစ်သည်။
သို့သော် အချို့သော ပုဂ္ဂိုလ်များတွေ့ရှိသည့် အနှစ်သာရအစိတ်အပိုင်းအချို့ရှိသေးသည်။ အချို့လူများသည် ရှေးဟောင်းလူသားများခေတ်မှ နေထိုင်မှုပုံစံကိုတွေ့ရှိခဲ့ကြကာ ကျင့်ကြံရေးစနစ်၊ မျိုးရိုးစဉ်ဆက်စုဆောင်းလာခဲ့သည့် ဗဟုသုတများနှင့် အထူးနည်းလမ်းများဖြင့်နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော ဆေးဖက်ဝင်ဆေးများ အပါအဝက် အခြားမှော်ဆန်သော ရှေးဟောင်းပစ္စည်းများ၊ အစရှိသဖြင့် ဂိုဏ်း၏ အမွေအနှစ်အားလုံးကိုရရှိခဲ့ကြသည်။
ဤလူများထဲမှ အချို့သည် လူအများကြားတွင် ပေါ်လာကာ ကြီးမားသော ကော်ပိုရေးရှင်းကြီးများ၊ ကုမ္ပဏီကြီးများ၊ သိုင်းပညာမြင့်မြတ်နယ်မြေများနှင့် ယခုကမ္ဘာကိုကြီးစိုးလျှက်ရှိသော ဂိုဏ်းများ၏ ရှေးလူများဖြစ်ကြသည်။ သူတို့သည် တိတ်တဆိတ်နေကြသော်လည်း အံ့ဖွယ်ရာ အခြေခံအုတ်မြစ်များ၊ သိုင်းပညာတွင် တောင့်တင်းခိုင်များသော အခြေခံများရှိထားကြသည်။ အချို့သည် များများစားစားမဖော်ပြသော်လည်း ၎င်းတို့သည် လူလောက၏ နေရာတိုင်းတွင် ရောက်ရှိနေကြပြီဖြစ်သည်။
သီးခြားဂိုဏ်းများထဲမှ အသေးငယ်ဆုံးဂိုဏ်းများသည်ပင် အလွန်အစွမ်းထက်လှသည်။
ဤသီးခြားဂိုဏ်းများ၏ တပည့်များသည် အတွေ့အကြုံများရယူရန် လူ့လောကသို့ လှည့်လည်သွားလာလေ့ရှိကြသည်။ လူတစ်သောင်းတွင် တစ်ယောက်သာရှိတတ်သည့် ပါရမီထူးသော ပုဂ္ဂိုလ်တစ်ဦးကိုပင် သူတစ်ကြိမ်ကမြင်ဖူးခဲ့သေးသည်။
ဟုတ်သည်။ ပိုင်ဟုန်သည် ဤသီးခြားဂိုဏ်းများကို ကြောက်ရွံခြင်းမရှိပေ။ လူ့လောက၏ ကြီးကျယ်ခမ်းနားသော ဆေးပညာရှင် အနည်းငယ်ထဲမှ တစ်ဦးအနေဖြင့် သူစုဆောင်းနိုင်သည့် အရင်းအမြစ်များသည် သာမန်ထက်ထူးခြာ၏။ ထို့အပြင် ပြည်ထောင်စုအစိုးရနှင့်လည်း ဆက်ဆံရေးကောင်းမွန်သူဖြစ်သည်။ ပြည်ထောင်စုအစိုးရကို ဆန့်ကျင်ရန် သီးခြားဂိုဏ်းအနည်းငယ်ဖြင့် မလုံလောက်ပေ။ သို့သော် ၎င်းတို့၏ ဖြစ်တည်မှုကို မနှိုးဆော်ခြင်းသည် အကောင်းဆုံးဖြစ်၏။ အကြောင်းမရှိအကြောင်းရှာ၍ အင်အားကြီးရန်သူကို မနှိုးဆော်ခြင်းသည် ပို၍ကောင်း၏။
ဤအကြောင်းကိုတွေးရင်းဖြင့် ချူးယွင်ဖန်းအပေါ်ထားသော သူ့သဘောထားသည် ပို၍ရင်းနှီးလာခဲ့သည်။ ချူးယွင်ဖန်းသည်လည်း ဤသည်ကို ခံစားမိကာ အနည်းငယ် ထိတ်လန့်သွားရသည်။ စကားစမြည်ပြောနေစဉ်တွင် ပိုင်ဟုန်သည် သူ့ပါး သီးခြားဂိုဏ်းတစ်ခု၏ တပည့်ဟုသတ်မှတ်လိုက်ပြီဆိုသည်ကိုတော့ သူမသိပေ။ သို့သော် သူသိလျှင်ပင် အရေးမကြီးပါ။ ဤသည်ကာသူ့အတွက် မျက်နှာဖုံးကောင်းတစ်ခုပင်ဖြစ်၏။
ပိုင်ဟုန်၏နောက်တွင်ရှိနေသည့် ပိုင်လင်အာသည် သူမရှေ့ရှိ အကျိုးနည်းမိတ်ဆွေ၏အဆင့်သည် သူမထက်သာလွန်ကြောင်း နောက်ဆုံးတွင် အတည်ပြုခဲ့သည်။ သူမတွင် ဝန်ခံရန် ဆန္ဒမရှိသော်လည်း ပိုင်ဟုန် နှင့် ချူးယွင်ဖန်းတို့ စကားပြောနေချိန် အစပိုင်းတွင် သူမလိုက်မီနိုင်သေး၏။ ယခုမူကား၊
သူတို့ပြောနေသည်များကို နားမလည်တော့ပါ။ တရားဝင် ဆေးပညာရှင်အဆင့်သည် သူမ၏ အသိပညာနယ်ပယ်ကို ကျော်လွန်သွားပြီဖြစ်ကာ ပိုင်ဟုန်ထံမှ အကြောင်းအရာများစွာကိုသာ သူမကြားဖူးခဲ့ကာ အချို့ကိုမူ သူမကြားပင် မကြားဖူးပေ။
သို့သော်လည်း ပိုင်ဟုန်ထံမှ မည်သို့သောမေးခွန်းမျိုး ထွက်လာပါစေ ချူးယွင်ဖန်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေ၊ ပြန်ပြောနိုင်၏။ သူ၏ ဆေးပညာအဆင့်သည် သူမထက်သာလွန်ကြောင်း ထင်ရှားပါသည်။
သို့သော် ဤအရာသာ် သူမအား စိတ်ဓာတ်ကျစေရမည့်အစား ပြိုင်ဆိုင်လိုစိတ်သာ ဖြစ်စေခဲ့သည်။ ငယ်စဉ်တည်းက ပိုင်ဟုန်လုံ့လစိုက်ကာ သင်ကြားပျိူးထောင်ပေးခဲ့သော ဆက်ခံသူ အနေဖြင့် သူမသည် ရွယ်တူများကို အမြဲတစေ အထင်သေးခဲ့သည်ဟုဆိုနိုင်သည်။
သူမနှင့် ပုခုံးချင်းယှဉ်နိုင်သူသည် လူအနည်းငယ်သာရှိသော်လည်း၊ သူတို့သည် သူမထက် သန်မာသည်ဟု မည်သို့မှ မယုံကြည်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် ပထမဆုံးနှင့် တစ်ဦးတည်းသောသူသာဖြစ်သည်။
ယခုအချိန်တွင်မူ သူမသည် ပိုမိုလေ့လာသင်ယူရန် စိတ်အားထက်သန်မှုအပြည့်ရှိနေသည်။ ဆေးသင်တန်းသား စာမေးပွဲသည် အစသာရှိသေး၏။ တရားဝင် ဆေးပညာရှင်စာဖြေပွဲ ရှိပါသေးသည်။ အနာဂတ်တွင် နှစ်ဦးသား ပြိုင်ဆိုင်ရန် အချိန်များစွာရှိသေး၏။
နှစ်ယောက်သား ဆွေးနွေးကြကာ အချိန်ကုန်သွားသည်။ ပိုင်ဟုန်သည် ကုမ္ပဏီထံမှ မက်ဆေ့ချ်ရရန် နာရီအနည်းငယ်ကြာသွားသည်။
တပည့်ကျော်၏ အံ့အားသင့်ဖွယ်အကြောင်းအရာကို လျစ်လျူရှုပြီးနောက်၊ အချက်အလက်တစ်ခုသာ ကျန်တော့သည်။ ဆေးအာနိသင်ကို စမ်းသပ်ပြီးသည့်နောက်တွင် ၎င်းသည် တကယ်ကိုပင် မူရင်းစံဆေးဖော်မြူလာထက် နှစ်ဆခန့်ရှိနေသည်။
အချိန်အတော်ကြာ ကြိုတင်ပြင်ဆင်ထားသော်လည်း ဆေးရလဒ်ကို ရရှိသောအခါတွင် ပိုင်ဟုန်သည် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခုကိုဖော်ပြနေဆဲဖြစ်သည်။
"ဆရာကြီးပိုင်၊ ရလဒ်ထွက်သွားပြီပေါ့” ပိုင်ဟုန်၏အမူအရာကိုမြင်သည်နှင့် ချူးယွင်ဖန်းကသိလိုက်သည်။
“မိတ်ဆွေလေး၊ မင်းအရမ်းတည်ငြိမ်တယ်။ ဆေးစစ်ဆေးချက်မအောင်မြင်မှာကို မကြောက်ဘူးလား” ပိုင်ဟုန်သည် ချူးယွင်ဖန်းကို "မိတ်ဆွေလေး" ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
ဆိုလိုသည်မှာ ပိုင်ဟုန်သည် ချူးယွင်ဖန်းကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုနေပြီဖြစ်သည်။
"ဘာလို့မအောင်ရမှာလဲ" ချူးယွင်ဖန်က ဆိုသည်။ "နောက်တစ်ဆင့်အနေနဲ့၊ ပူးပေါင်းဆောင်ရွက်မှုရဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးကြရအောင်"
"ကောင်းပြီ မင်းလိုချင်တဲ့အခြေအနေတွေကို အရင်ပြောပြပါ" ပိုင်ဟုန်က ဆို၏။
“ငွေ သန်း ၁၀၀ ပြီးတော့ အမြတ်ရဲ့ ၃၀ရာခိုင်နှုန်းလိုချင်တယ်” ချူးယွင်ဖန်းက ဆိုသည်။
“ငွေ သန်း ၁၀၀ ကအဆင်ပြေပါတယ်။ ဒါပေမယ့် အဲဒီအမြတ်ငွေက မဖြစ်ဘူး။ အများဆုံး မင်းတောင်းတဲ့ကြေးရဲ့တစ်ဝက်ကို ငါပေးမယ်” ပိုင်ဟုန်က ချက်ချင်းပင်သဘောမတူလိုက်ပေ။ ငွေသား သန်း ၁၀၀ သည် များပြားသော်လည်း ဤဆေးဖော်မြူလာကို အစပြုရုံဖြင့်ရရှိနိုင်သော အမြတ်ငွေများနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်သေးပေ။ အမြတ်၏ ၃၀ရာခိုင်နှုန်းမဆိုနှင့်၊ ၁၀ရာခိုင်နှုန်းတွင်ပင် ပိုက်ဆံအမြောက်အများ ပါနေလိမ့်မယ်။
"တစ်ဝက်ဟုတ်လား။ ဆရာကြီးပိုင်၊ ခင်ဗျားက အရမ်းကပ်စေးနဲတာပဲ!" ချူးယွင်ဖန်းက ဆိုသည်။
“ဒါက ပုံမှန်ပဲလို့ ထင်ပါတယ်။ မင်းဘက်က ဆေးဖော်မြူလာကို ပေးလိုက်ရုံပါပဲ။ ဆေးကို လူသိအောင်လုပ်ရမယ့် ကုန်ကျစရိတ်၊ လူအင်အားအတွက် ကုန်ကျစရိတ်၊ ပါဝင်ပစ္စည်းတွေအတွက် ကုန်ကျစရိတ် ဒါမှမဟုတ် အခြား ဆေးကုမ္ပဏီတွေ တန်ပြန်တိုက်ခိုက်တာကို တားမြစ်ဖို့ဖြစ်ဖြစ် ငါတို့ဘက်က အလုပ်အားလုံးကို လုပ်ရမှာပဲ။ မင်းဘာမှမလုပ်ရင် ထိုင်နေပြီး ပိုက်ဆံထိုင်တွက်နေလို့မရဘူး” ပိုင်ဟုန်က ဂရုမစိုက်မစိုက်စွာဆိုသည်။ “ဒါ့အပြင်၊ မင်းလက်ထဲမှာ ဆေးဖော်မြူလာရှိပေမယ့် မင်းကိုယ်တိုင် လုပ်နေတာမဟုတ်ဘူး။ ဒီအရင်းအမြစ်တွေကိုငါထောက်ပံ့ပေးနိုင်လို့ မင်း ငါနဲ့အလုပ်လုပ်နေရတာပဲ"
ချူးယွင်ဖန်းသည် ထိုအချက်ကို ခဏတာ စဉ်းစားလိုက်သည်။ ထို့နောက် သူကဆို၏။ “ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငွေသား သန်း ၁၀၀နဲ့ အမြတ်ရဲ့ 10% ကိုယူမယ်။ ကျွန်တော်တို့ ညှိယူလို့ရပါတယ်။ အနာဂတ်မှာ အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် အသေးစိတ်လေးတွေနဲ့ မငြင်းဆန်ချင်ပါဘူး။ ဒါပါပဲ။ ကျွန်တော်တို့အောင်မြင်ရင် ကျွန်တော်တို့အောင်မြင်မှာဖြစ်ပြီး ကျွန်တော်တို့
မအောင်မြင်ရင်တော့ ကျွန်တော်တို့ အောင်မြင်တဲ့ပူးပေါင်းမှုဖြစ်တော့မှာမဟုတ်ဘူး။”
ဟုတ်သည်။ သူ ပထမပြောလိုက်သည့် ၃၀ ရာခိုင်နှုန်းသည် စျေးမြင့်နေ၏။ သူ့စိတ်ထဲရှိ စံပြစျေးနှုန်းမှာမူ ၁၀ရာခိုင်နှုန်းသာ ဖြစ်ပါသည်။
ပိုင်ဟုန် ပြောခဲ့သလိုပင်ဖြစ်သည်။ သူပေးသည့် ဆေးဖော်မြူလာသည် တကယ်ကို အရမ်းတန်ဖိုးရှိသော်လည်း ဤဆေးဖော်မြူလာ၏ သင့်တင့်သောတန်ဖိုးကို ပြသနိုင်သူမှာ ပိုင်ဟုန်သာဖြစ်သည်။ ပိုင်ဟုန်၏ လူအင်အား၊ ငွေကြေးအရင်းအမြစ်များ၊ အချိတ်အဆက်များ၊ အရောင်းကွန်ရက် အစရှိသည့် အရင်းအမြစ်များအပေါ်တွင် မှီခိုအားထားခြင်းဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ကာ
ဤဆေးဖော်မြူလာ၏ အကျိုးရလဒ်များကို အမြင့်ဆုံးဖြစ်စေနိုင်မည်ဖြစ်သည်။
အရေးအကြီးဆုံးသည်တော့ မျက်မြင်အမြတ်ငွေကို မမြင်ဘဲ သူ့ဆေးဖော်မြူလာအား ယူမည့်တခြားတွဲဖက်ကို ရှာတွေ့နိုင်တော့မည်မဟုတ်ပေ။
"ကောင်းပြီ၊ သဘောတူတယ်။” ပိုင်ဟုန်ကဆိုသည်။
အခန်း(၁၁၉) ချီပင်လယ် ပဥ္စမအဆင့် အောင်မြင်ခြင်း
ပိုင်ဟုန်သည် ချူးယွင်ဖန်းအား ကျေးဇူးတင်သည့် အရိပ်အမြွက်များပြည့်နှက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ဤလူငယ်သည် မည်သို့ရှေ့တိုးကာ မည်သို့နောက်ဆုတ်ရမည်ကိုသိသည်။ ငယ်ရွယ်သူ အများစုသည် ထိုသို့ပြုမူပုံကို မသိကြပေ။ ဆယ်ရာခိုင်နှုန်းသည် များပုံမပေါ်သော်လည်း လက်တွေ့တွင်မူ ဤလုပ်ငန်းမှ တကယ်အမြတ်ထွက်သောသူသည် သူသာဖြစ်သည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် ချူးယွင်ဖန်းလုပ်ရသည်မှာ ဆေးဖော်မြူလာပေးရုံမျှသာဖြစ်၏။
ဆေးဖော်မြူလာများကိုလက်ကိုင်ထားကာ မည်သို့ရှေ့တိုး၍ မည်သို့နောက်ဆုတ်ရမည်ကို မသိဘဲ အလွန်အကျွံတောင်းဆိုမှုများပြုလုပ်လိုသူ အများအပြားကို ပိုင်ဟုန်တွေ့ခဲ့ရသည်။ ဤသို့လုပ်ရပ်များသည် တကယ်ကိုပင် ရယ်စရာကောင်းသည်။ ထိုလူများသည် ဘဏ္ဍာရေးအုပ်စုကြီး သို့မဟုတ် ကုမ္ပဏီကြီးတစ်ခုကို ကောက်ရိုးများပေါ်တွင် တည်ဆောက်ထားသည်ဟု အမှန်တကယ်ထင်နေကြသည်။ ပိုင်ဟုန်၏ ကုမ္ပဏီသည် ကုန်ကျစရိတ်အားလုံးနီးပါးကို ခံရမည်ဖြစ်ကာ လူအင်အားနှင့် ပစ္စည်း အရင်းအမြစ် အားလုံးကို ထောက်ပံ့ပေးရမည်ဖြစ်သည်။ အကယ်၍ အခြားတစ်ဖက်သညိ ရှယ်ယာတစ်ဝက် သို့မဟုတ် ထို့ထက်ပို၍ယူလိုပါက၊ မည်မျှပင်အဖိုးတန်သည့် ဆေးနည်းဖြစ်ပါစေ၊ ထိုလူများသည် ပိုင်ဟုန်နှင့် အညီအမျှရရန်မဖြစ်နိုင်ပေ။
ဤသို့ အဆင်အခြင်မတတ်သောသူမျိုးသည် များသောအားဖြင့် အမြန်ဆုံး သေဆုံးတတ်သည်။
ချူးယွင်ဖန်းသည် မည်သည့်အချိန်တွင်ရှေ့တိုးကာ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိသောကြောင့် ပိုင်ဟုန်သည် ချူးယွင်ဖန်းကို အလွန်သဘောကျ၏။ ရေရှည်ပူးပေါင်းဆောင်ရွက်မှုသည် ထိုသို့သောလူများနှင့်သာအဆင်ပြေ၏။ ဟုတ်သည်၊ ပုံမှန်အခြေအနေအရ၊ ဥပဒေနှင့်အညီ တရားဝင်စာချုပ်ဖြင့်ဆောင်ရွက်ရမည်။ ပြည်ထောင်စု အစိုးရသည်လည်း ပေါ့သေးသေးတော့မဟုတ်ပေ။ မိမိတို့သဘောအတိုင်းလုပ်၍မရပေ။ ဥပဒေသည် သူတို့အား ကန့်သတ်ထားရုံသာမက အကာအကွယ်လည်းပေးထားသည်။ ဥပဒေကို မိမိတို့သဘောအတိုင်းချနင်းမိပါက ထိုဥပဒေများသည် အကာအကွယ် ပေးနိုင်တော့မည်မဟုတ်ပေ။ ဤလူတို့သည် ထိုစနစ်ကို ကောင်းကောင်းနားလည်ကြသည်။
“ငါတို့ သဘောတူညီမှုရပြီမို့ ကျန်တာတွေက ရိုးရှင်းပါတယ်။ ငါတစ်ယောက်ယောက်ကို စာချုပ်ရေးခိုင်းလိုက်မယ်။ မင်း လက်မှတ်ထိုးရုံပဲ" ပိုင်ဟုန်က ဆိုသည်။
သူ့ကွပ်ကဲမှုအောက်တွင် အကြီးစားတရားရေးအသင်းတစ်သင်းရှိသည်။ ပိုင်ဟုန်တစ်ယောက် အဓိကအချက်များကို တင်ပြပြီးနောက် ဆယ်မိနစ်အတွင်းမှာပင် တစ်ဖက်မှ စာချုပ်ကို ပေးပို့ခဲ့သည်။ နမူနာပုံစံတစ်ခု ရှိနှင့်ပြီးသားဆိုသည်မှာ သိသာ၏။ အချို့အပိုင်းများကို ပြင်ထည့်လိုက်ရုံသာလို၏။
ချူးယွင်ဖန်းသည် စာချုပ်ကို စစ်ဆေးကာ ပြဿနာမရှိကြောင်း အတည်ပြုလိုက်သည်။ စာချုပ်တွင် လိုက်နာရမည်စည်းမျဥ်းများ သိပ်မပါရှိပေ။ ပိုင်ဟုန်သည် တော်တော်ကို ကြင်နာတတ်ကာ ထောင်ချောက်များမရှိသည့်အပြင် သူသည်လည်း အလွန်မရက်စက်ပေ။
စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် အီလက်ထရွန်းနစ်စာချုပ်ကို ရှေ့နေရုံးသို့ တင်ပြခဲ့သည်။ မည်သည့်ပြဿနာမှမရှိသင့်တော့ပေ။
စာချုပ်ချုပ်ပြီး မကြာခင်တွင်ပင် ချူးယွင်ဖန်း၏ဘဏ်မှ မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။ သူ့အကောင့်ထဲတွင် ထပ်တိုးငွေ သန်း၁၀၀ ရှိနေပြီဖြစ်သည်။ ချူးယွင်ဖန်းတွင် ယခင်က သန်းဆယ်ဂဏန်းမျှသာ ဝင်ငွေရှိခဲ့သော်လည်း၊ ဤငွေပမာဏကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကို တွေးတောကာ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ခင်ဗျားက တော်တော်ဖြောင့်မတ်တာပဲ ဆရာကြီးပိုင်" ချူးယွင်ဖန်းလက်ခုပ်တီးလျက် ဆိုသည်။
ယွမ် သန်း၁၀၀ပေးဆောင်ရန် စာချုပ်တွင် စာပိုဒ်များပါရှိသော်လည်း ဤကုမ္ပဏီကြီးများ၏ ပုံစံနှင့် ပတ်သက်၍ များစွာကြားသိခဲ့ဖူးသည်။ ငွေပေးချေမှုအပိုဒ်တစ်ခုရှိလျှင်ပင် သူတို့သည် အချိန်ဆွဲနိုင်သလောက် ဆွဲလေ့ရှိကြ၏။
ဤငွေများကို ဘဏ်ထဲထည့်ထားရုံ၊ အတိုးတွေပမာဏ မြောက်များစွာကို စုဆောင်းနိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်း သည် လုချင်းရွှမ်နှင့် အလုပ်တွဲလုပ်စဥ်တွင် သူမသည် သူ့အား တောင်းဆိုစရာများရှိသောကြောင့် ပိုက်ဆံပေးရာတွင် အမြဲတစေဖြောင့်မတ်နေခဲ့သည်။ ဤသည်က သူနှင့် ပိုင်ဟုန်ကြား ဆက်ဆံရေးနှင့် လုံးဝမတူသောကြောင့် ပိုင်ဟုန်သည် ကိစ္စများကို ရိုးရိုးသားသားလုပ်သည်ဟု သူခံစားမိသည်။
“ဒီငွေက ငါ့အတွက် ဘာမှမဟုတ်ဘူး။ အနာဂတ်မှာ ငါတို့ အတူတူ အလုပ်လုပ်နိုင်သေးတယ်လို့လည်း မင်းပြောခဲ့တယ်။ မိတ်ဆွေလေး မင်းက အမြင်ကျဥ်းတဲ့လူမဟုတ်ဘူးလေ။၊ ငါက ရွှေဥဥတဲ့ ငန်းကို သတ်တဲ့လူတော့ မဟုတ်ဘူးကွ။” ပိုင်ဟုန်က တခစ်ခစ်ရယ်လျက်ဆို၏။ အနာဂတ်တွင် ချူးယွင်ဖန်းနှင့် အတူ အလုပ်တွဲလုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
“ဒါဆို ဒါပဲပေါ့။ ကျွန်တော် အခုပြန်တော့မယ်” ချူးယွင်ဖန်းက ဆိုသည်။
ချူးယွင်ဖန်း လှည့်ကာ ဗီလာမှထွက်သွားသည်ကိုမြင်တော့ ပိုင်ဟုန်က ပိုင်လင်အာအား ဆိုသည်။
"လင်အာ၊ သမီးက ကိုယ့်ကိုကိုယ် အမြဲအထင်ကြီးနေတာ။ ကိုယ့်ထက်သာတဲ့လူအမြဲရှိတယ်ဆိုတာ အခုသမီးသိသွားပြီ။ ပိုကောင်းတဲ့သူတစ်ယောက်ဆိုတာ အမြဲရှိနေတယ်"
ပိုင်လင်အာက နှုတ်ခမ်းစူလိုက်သည်။ သူမသည် အလွန်ချစ်စရာကောင်းသည်။ သူမ ၎င်းကို ဝန်ခံချင်သော်လည်း ချူးယွင်ဖန်းသည် သူမထက် များစွာသာလွန်ကြောင်း စိတ်ထဲတွင်သိနေသောကြောင့် ပြန်ပြောစရာစကား ပျောက်နေ၏။
“အကြီးအကဲ၊ သမီးကြိုးစားမှာပါ။ အနာဂတ်မှာ သေချာပေါက် သူ့ကို ကျော်သွားလိမ့်မယ်"
ပိုင်လင်အာတစ်ယောက် သူမကိုယ်သူမ အားအင်များ ပြန်လည်ဖြည့်တင်းကာ တိုက်ပွဲဝင်စိတ်ဓာတ်ကို မြှင့်တင်မြှင့်တင်နေသည်ကို မြင်လိုက်ရကာမှ ပိုင်ဟုန်က စိတ်သက်သာရာရစွာ ပြုံးနိုင်တော့သည်။ သူ့ဘဝတွင် လောကဓံပေါင်းစုံကို မြင်ဖူးသည်။ ထိုးနှက်ခံရခြင်းသည် ကြောက်ရမည့်အရာမဟုတ်ကြောင်း သူကောင်းကောင်းသိသည်။ တကယ်ကြောက်ရမည့်အရာမှာ ဆုတ်ယုတ်မှုမှ ပြန်လည်မထနိုင်ခြင်းပင်ဖြစ်သည်။ ပြန်မထမြောက်နိုင်ဘဲ။ ထိုကဲ့သို့သောလူသည် မည်မျှပင် အရည်အချင်းရှိစေကာမူ အမှိုက်တစ်စမျှသာဖြစ်နေပေလိမ့်မည်။
ချူးယွင်ဖန်းသည် ချူးချင်ရွှမ်၏ လူနာဆောင်သို့ပြန်လာခဲ့သည်။ သူ့မိဘများနှင့် သူ့ညီမသည် အခုလေးတင်မှ ဆရာဝန်နှင့် တွေ့ဆုံခဲ့ကြပြီးပြန်လာကြခြင်းဖြစ်ကာ ချူးယွင်ဖန်း ပြန်လာသည်ကိုတွေ့သောအခါ အတူတူပြန်လာခဲ့ကြသည်။
"ဘယ်လိုတဲ့လဲ။ ဆရာဝန်က ဘာပြောလိုက်လဲ” ချူးယွင်ဖန်း က မေးသည်။
"ပြဿနာမရှိပါဘူး။ အောင်မြင်ဖို့ အခွင့်အလမ်း ၉၀ ရာခိုင်နှုန်းရှိတယ်လို့ ဆရာဝန်က ပြောတယ်” ချူးဝမ်ချန်းက ဆိုသည်။
“ဒါဆို ပြဿနာမရှိပါဘူး။ ဆရာဝန်တစ်ယောက်အနေနဲ့ သူ့မှာ ၁၀၀ရာခိုင်နှုန်း အောင်မြင်ဖို့ အခွင့်အလမ်းရှိတယ်လို့ သေချာပေါက် ပြောလို့မရဘူးလေ။ အခွင့်အလမ်း ၉၀ ရာခိုင်နှုန်းနဲ့ ၁၀၀ရာခိုင်နှုန်းကြားမှာ ကွာခြားမှုမရှိပါဘူး" ချူးယွင်ဖန်းက သူ့ရင်ထဲမှတည်၍ ဝမ်းသာအားရ ပြောလိုက်သည်။ ချူးဝမ်ချန်းသည် အတော်လေးကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ နှစ်ပေါင်းများစွာကြာ သူ့အား စိတ်အနှောက်အယှက်ပေးခဲ့သည့် ပြဿနာသည် နောက်ဆုံးတွင် ပြေလည်သွားခဲ့ပြီဖြစ်သည်။
ဤအရာများအားလုံးသည် သူ့သားကြောင့်သာဖြစ်၏။
“အခုတော့ ကိစ္စမရှိလောက်တော့ဘူး။ ခွဲစိတ်မှုက နှစ်ရက်အတွင်း လုပ်မှာဆိုတော့ ခွဲစိတ်မှုပြီးရင် ရွှမ်ရွှမ် အကုန်ပြန်ကောင်းလာဖို့ နောက်ထပ်နှစ်လလောက် လိုဦးမယ်။ အဲဒီကာလမှာ မင်းအမေနဲ့ ငါက ဒီမှာရွှမ်ရွှမ်ကိုစောင့်ပေးမယ်။ မင်းရဲ့နောက်ဆုံးစာမေးပွဲတွေမရှိဘူးလား။ ရက်နည်းနည်းလောက် ထပ်စောင့်ရအောင်။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းကလူတွေ မင်းကိုလိုက်ရှာနေဦးမှာဆိုတော့ အဖေသိပ်စိတ်မချဘူး။ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြည့်ကြမယ်လေ။ စာမေးပွဲဖြေတဲ့နေ့မှ ပြန်သွားလည်း လေယာဉ်က အရမ်းမြန်တာဆိုတော့ အချိန်ရှိပါတယ်” ချူးဝမ်ချန်းက ဆိုသည်။
“စကားမစပ် ကိုကို၊ ဒုဗိုလ်ချုပ်ကြီး ရွှယ်ပိုင်လုံက ကိုကို့ဖို့ဆိုပြီး ပစ္စည်းသေတ္တာတစ်ခု ယူလာပေးတယ်။ သူက ကိုကို့ကိုကတိပေးတဲ့ ဆုလာဘ်ပဲလို့လည်း ပြောလိုက်တယ်” ချူးချင်ရွှမ်က ရုတ်တရက်ဝင်ပြောလိုက်သည်။ ချူးယွင်ဖန်းသည် စားပွဲပေါ်ရှိ သေတ္တာကို ကြည့်လိုက်သည်နှင့် ၎င်းသည် ဒွါရသုံးပေါက်ရင်းမြစ်ဝိညာဉ်ဆေးလုံးဖြစ်ကြောင်း သိလိုက်သည်။ ယနေ့ညတွင် အောင်မြင်မှုတစ်ခုရရန် အခွင့်ကောင်းတစ်ခုဖြစ်၏။
မိသားစု ညစာစားပြီးနောက် ချူးယွင်ဖန်းသည် အခန်း၏ သီးခြားအခန်းသို့ ဝင်ရောက်ကာ ကျော်ဖြတ်မှုတစ်ခုစတင်ပြင်ဆင်ခဲ့သည်။ သူသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စစ်နတ်ဘုရားကျင့်စဉ်ကို သူ့ခန္ဓာကိုယ်အနှံ့ စတင်လည်ပတ်စေလိုက်ပြီးနောက် သူ့ဘေးရှိ သေတ္တာထဲမှ အဆင့်သုံ မူဝိဉာဉ်ဆေးကို ယူလိုက်သည်။
သူ့ပါးစပ်ထဲသို့ ဆေးလုံးဝင်လာသည်နှင့် ချက်ချင်းပင် ၎င်းသည် ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော နွေးထွေးသည့် စွမ်းအင်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းကို သန့်စင်ရန် ဧကရာဇ်ကျင့်စဉ်ကို ပြန်လည်လည်ပတ်စေခဲ့သည်။
အဆင့်သုံးမူလမြစ်ဝိဉာဉ်ဆေး၏ ဆေးဖက်ဝင် အာနိသင်သည် အမှန်တကယ်ပင် အစွမ်းထက်သည်။ ချီပင်လယ်ပဉ္စမအဆင့်၏ မူလက ခိုင်ခံ့သောအတားအဆီးသည် ဤပူနွေးသော စွမ်းအင်စီးကြောင်း၏ သက်ရောက်မှုအောက်တွင် ချက်ချင်းဆိုသလို ဖြေလျော့လာသည်။
ချူးယွင်ဖန်းသည် စွမ်းအားကြီး စစ်နတ်ဘုရားကျင့်စဉ်ကို ချက်ချင်းစုစည်းကာ အတားအဆီးကို အရူးအမူးတိုက်ခိုက်ခဲ့သည်။ စွမ်းအားကြီးမသေမျိုး ဧကရာဇ်နည်းလမ်းဖြင့် စုစည်းနိုင်ခဲ့သည့် စွမ်းအင်စစ်သည် သာမန်ကျင့်စဉ်များနှင့် နှိုင်းယှဉ်၍မရပေ။ သာမာန် ကျင့်စဉ်များသည် ထိုကဲ့သို့ ပြင်းထန်သော သက်ရောက်မှု မရှိသော်လည်း စွမ်းအားကြီး စစ်နတ်ဘုရားကျင့်စဉ်သည်မူ အတားအဆီးကို ထပ်ခါထပ်ခါ တိုက်ခိုက်နိုင်သည်။
ချူးယွင်ဖန်းသည်လည်း မောပန်းခြင်းမရှိပေ။ သူအနည်းငယ် မောပန်းလာချိန်တိုင်းတွင် ကြည်လင်သည့်စွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးဖြတ်သန်း၍ သူခံစားရသမျှ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေ၏။ အချိန်မည်မျှကုန်သွားသည်မသိသော်လည်း နောက်ဆုံးတွင် ထိုပါးလွှာသောအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့သည်။
ချီပင်လယ် ပဥ္စမအဆင့် အောင်မြင်ပြီ။
အခန်း(၁၂၀) ကျင့်ကြံရေး၏ ဝှက်ဖဲ
"နောက်ဆုံးတော့ ငါ ချီပင်လယ်ပဥ္စမအဆင့်ကို ရောက်ပြီ!"
ချူးယွင်ဖန်းက အသက်ကိုရှုထုတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် ချီပင်လယ်ပဥ္စမအဆင့်သို့ အောင်မြင်နိုင်ခဲ့သည်။ သူ၏ စွမ်းအင်စစ်နှင့် ကိုယ်ခံအား သိသိသာသာတိုးတက်လာသည်ကို ခံစားနိုင်သည်။ သူ ချီပင်လယ်ပဥ္ဧမအဆင့်သို့ ဖြတ်သွားသောအခါ၊ နောက်ထပ်တစ်ဆင့်သို့ ရောက်ရှိရုံသာမက သူ့ခန္ဓာကိုယ်သည်လည်း ဤအဆင့်နှင့် ကိုက်ညီစေရန် အဆက်မပြတ်လှုံ့ဆော်ပေးလျက်ရှိသည်။
၎င်းသည် ရုပ်ခန္ဓာကို အဓိကထားကာ ကျင့်ကြံရသည့် ရုပ်ခန္ဓာအဆင့်နှင့်မတူသော်လည်း
ရှေးဟောင်းလူသားများခေတ်ဖြစ်စေ၊ ခေတ်မီကျင့်ကြံရေးသီအိုရိများအရဖြစ်စေ ကျင့်စဉ်တစ်ခုကို နက်နက်နဲနဲကျင့်ကြံနိုင်ရန်အလွန်ခက်ခဲသည်ဟု သူတို့အားလုံးက ယုံကြည်ကြသည်။
သေခြင်းနှင့် ရှင်ခြင်းနှစ်မျိုးလုံးကို ကျင့်ကြံသူသည်သာလျှင် ကျယ်ပြန့်သော လမ်းကြောင်းပေါ်သို့ ခြေတစ်လှမ်းလှမ်းနိုင်မည်ဖြစ်သည်။
လူတစ်ယောက်၏ စွမ်းအင်စစ်ပမာဏနှင့် ရုပ်ခန္ဓာကြီးမားစွာ တိုးလာမှသာလျှင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပြီဟု ယူဆနိုင်မည်ဖြစ်သည်။ ၎င်းတို့အနက် ရုပ်ခန္ဓာကို သန့်စင်ခြင်းသည် အရှုပ်ထွေးဆုံး လုပ်ငန်းစဉ်ဖြစ်သည်။ ဆေးလုံးကို မျိုချရုံဖြင့် ရနိုင်သည့် အောင်မြင်မှုများနှင့် ဝေးကွာ၏။
ချူးယွင်ဖန်း အချိန်ကိုကြည့်လိုက်သောအခါ နောက်နေ့ မွန်းတည့်နေပြီဖြစ်သဖြင့် တံခါးကို တွန်းဖွင့်ကာထွက်လာခဲ့သည်။ လူနာဆောင်ထဲတွင် ချူးချင်ရွှမ်တစ်ဦးတည်းသာရှိကာ ချူးဝမ်ချန်း နှင့် ယန်ယာယွင်တို့ မရှိတော့ပေ။
"အဖေနဲ့အမေ ဘယ်မှာလဲ" ချူးယွင်ဖန်းက မေးသည်။
“ဆရာဝန်နဲ့ တွေ့ဖို့သွားကြတယ်။ ကိုကိုကျင့်ကြံနေတာနဲ့ ကိုကို့ကိုမခေါ်ကြတော့တာ" ဟု ချူးချင်ရွှမ်က ဆိုသည်။ "ကိုကို ထပ်ပြီး အောင်မြင်ခဲ့သေးလား”
“အင်း” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ချူးချင်ရွှမ်အား ဖုံးကွယ်ထားရန်မလိုအပ်ပေ။
"”ကောင်းလိုက်တာ။ ကိုကိုက အကောင်းဆုံးဆိုတာသိသားပဲ” ချူးချင်ရွှမ်သည် သူမမျက်လုံးများ လခြမ်းကဲ့သို့ ကွေးညွတ်နေသည်အထိ ပြုံးနေ၏။
“ကောင်းပြီ၊ ကောင်းပြီ။ စားပြီးပြီလား" ချူးယွင်ဖန်းက ချူးချင်ရွှမ်၏ ခေါင်းကို ပုတ်ကာ မေးသည်။
"မစားရသေးဘူး။ အဖေနဲ့အမေက သူတို့မပါဘဲ စားထားလိုက်တဲ့။ ကိုကို မထွက်လာသေးဘူးထင်လို့ တစ်ယောက်တည်းသွားစားတော့မလို့။ အခု အစားအသောက်တွေ ပို့ပေးဖို့ ဆေးရုံကို ခေါ်လိုက်ရအောင်။ အခုမှပဲ အင်တာနက်ကနေကြည့်လိုက်တာ။ ဒီဆေးရုံက အစားအသောက် အရည်အသွေးကထိပ်တန်းပဲ” ချူးချင်ရွှမ်က ရယ်မောကာဆိုသည်။
ချူးယွင်ဖန်းက နှာခေါင်းရှုံ့ကာ “ဒါပေါ့၊ ကောင်းရမှာပေါ့ ငါတို့ ပိုက်ဆံအများကြီးသုံးထားတာ အစားအသောက်က အရသာမကောင်းရင် သွားတိုင်လိုက်မှာပေါ့!”
ဇိမ်ခံခန်းမှ ကုသမှုသည် တကယ်ကို ကွဲပြားသည်။ မီနူးတွင် ရွေးချယ်စရာအမျိုးမျိုးရှိသည်။ သူတို့အား ဝန်ဆောင်မှုပေးရန် အထူးစားသောက်ဆိုင်တစ်ခုခု ရှိနေသကဲ့သို့ပင်ဖြစ်ကာ နောက်ပိုင်းတွင်၊ ချူးယွင်ဖန်းသည် အထူးလူနာဆောင်ရှိလူနာများကိုသာ ဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်တစ်ဆိုင် အမှန်တကယ်ရှိကြောင်း တွေ့ရှိခဲ့သည်။
မောင်နှမနှစ်ယောက် ထမင်းစားပြီးသည်နှင့် မကြာခင်မှာပင် ချုးဝမ်ချန်းနှင့် ယန်ယာယွင်တို့ ပြန်ရောက်လာ၏။ ခဏတာအနားယူပြီးနောက်တွင် ချူးယွင်ဖန်းသည် လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံး စာမေးပွဲမဖြေခင် ရက်အနည်းငယ်သာ ကျန်တော့သဖြင့် သူ့ကိုယ်သူ တိုးတက်စေရန်အချိန်ကို ကောင်းကောင်းအသုံးချဖို့ လိုအပ်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူသည် ဆက်လက်၍ တရားထိုင်ကျင့်ကြံရန် မရွေးချယ်ခဲ့ပေ။ ရက်အနည်းငယ်သာကျန်တော့သဖြင့် သူ့အတွက် ကြီးမားသည့် အောင်မြင်မှုတစ်ခုထပ်မံလုပ်နိုင်ရန် ခက်ခဲပါလိမ့်မည်။ လက်ရှိသူလုပ်ရမည်မှာ ကျင့်ကြံရေးကို တောင့်တင်းခိုင်မာစေရန်သာဖြစ်သည်။
အနက်ရောင်ဝတ်အမျိုးသမီးနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းသည့် သူ့တွင် အားနည်းချက်ကြီးကြီးမားမားတစ်ခုရှိနေသေးကြောင်း ပို၍ သိသာစေသည်။ အရေးကြီးအခိုက်အတန့်များတွင် ထုတ်သုံးနိုင်ရန်နှင့် တိုက်ပွဲအခြေအနေကို မိမိဘက်သာစေမည့် ဝှက်ဖဲတစ်ချပ်မှ မရသေးသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် သူ အနက်ရောင်ဝတ်အမျိုးသမီးကို လှည့်စား၍ ထောင်ချောက်ဆင်ကာ သတ်ပစ်နိုင်ခဲ့သည်။ သူ့တွင် အမှန်တကယ်ခုခံနိုင်စွမ်းမရှိဟု ယုံကြည်စေရန်အတွက် သူ့ဘယ်ဘက်လက်ကို စတေးကာ အရိုးများကွဲကြေသည်အထိရိုက်နှက်ခံခြင်းမှလွဲ ရွေးချယ်စရာမရှိခဲ့ပေ။
တကယ်တမ်းအကြောင်းအရင်းသည် သူနှင့် အနက်ရောင်ဝတ်အမျိုးသမီး၏ ခွန်အား အလွန်ဝေးကွာသည်ကြောင့်ဖြစ်သော်လည်း ဤသည်မှာ ဝှက်ဖဲမရှိသေးသည့်အချက်ကြောင့်ဟုလည်း ဆို၍ရနိုင်သည်။
ယခင်က တန်စီယုနှင့် တိုက်ခိုက်ရာတွင် အချိန်အတော်ကြာအောင် တိုက်ခိုက်နိုင်သော်လည်း သူမကို အနိုင်မယူနိုင်ခဲ့ပေ။ သူတို့၏ ခွန်အားများ တူညီသည်ဆိုသော အချက်ထက် သူ့တွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်သော ဝှက်ဖဲမရှိသောကြောင့်ဖြစ်သည်။ အကယ်၍ သူ့တွင်သာ ခွန်အားကို ၂၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်သော ဝှက်ဖဲတစ်ခုရှိလျှင် တန်စီယုနှင့် သူ့အကြားတိုက်ပွဲသည် သရေကျလိမ့်မည်မဟုတ်ပေ။
ရှေးခေတ်အချိန်များတည်းမှ ကျင့်ကြံသူအများအပြားသည် ဝှက်ဖဲအသုံးပြုခြင်း၏ အကျိုးကို သတိထားခဲ့ကြသည်။ အရေးကြီးသော အခိုက်အတန့်များတွင် တိုက်ပွဲ၏ အနိုင်အရှုံးကို ပြောင်းလဲစေနိုင်ရန် ဝှက်ဖဲကို အသုံးပြုခြင်းသည် အလွန်ပင်အရေးပါ၏။
ဝှက်ဖဲကို ကျင့်ကြံရန် မလွယ်လှပေ။ ၎င်းသည် သာမန်သိုင်းပညာများကို လေ့ကျင့်ရသည်ထက် များစွာခက်ခဲ၏။
လက်ရှိအဆင့်တွင် ကျောင်းသားအများအပြားသည် ကမ္ဘာခွဲသိုင်းကဲ့သို့ အခြေခံသိုင်းပညာများလေ့ကျင့်ရာတွင်သာ အချိန်များစွာကုန်ဆုံးနေကြပြီဖြစ်သည်။ သူတို့တွင် ဝှက်ဖဲကို ကျင့်ကြံနေရန်အချိန်မရှိပေ။ သို့သော် သူတို့ကြုံတွေ့ရသော ပြိုင်ဘက်များသည် ပိုမိုအားကောင်းကာ အားကောင်းလာသည်နှင့်အမျှ ကျောင်းသားများအကြားတွင် အကောင်းတကာ့အကောင်းဆုံးလက်ရွေးစင်များဖြစ်လာကြသည်။ တစ်ဖက်လူတွင် ဝှက်ဖဲရှိမရှိ အာမခံနိုင်ရန်ခက်ခဲ့သည်။ တက္ကသိုလ်တက်ပြီးလျှင် ဤသို့သော အခြေအနေများပို၍ များပြားလာမည်ဖြစ်သည်။ ချူးယွင်ဖန်းက ဤအကြောင်း ခဏတာစဥ်းစားလိုက်သည်။ ဤနည်းလမ်းသည် အချိန်အကန့်အသတ်တစ်ခုအတွင်း သူ့ခွန်အားအား တိုးမြှင့်ပေးမည့် နည်းလမ်းတစ်ခုဖြစ်သည်။
ချူးယွင်ဖန်းသည် စိတ်ကို ပြင်ဆင်ကာ ဆေးရုံမှထွက်လာခဲ့သည်။ ဆေးရုံနှင့် မနီးမဝေးတွင် လေ့ကျင့်ရေးခန်းတစ်ခုတွေ့ရသည်။ လူတိုင်းသည် သိုင်းပညာကို လေ့ကျင့်လာကြပြီဖြစ်သောကြောင့် ဤသို့သော လေ့ကျင့်ရေးအခန်းအများကို အလွန်အသုံးများသည်။ ချူးယွင်ဖန်းတို့မိသားစုကဲ့သို့ သာမန်မိသားစုများမှ လူများသည် ကိုယ်ပိုင်လေ့ကျင့်ရေးခန်းများဖွင့်လှစ်ရန် မတတ်နိုင်သော်လည်း သူတို့သည်လည်း လေ့ကျင့်ရန်လိုကြသေးသဖြင့် လေ့ကျင့်ရေးအခန်းများကို အလွန်အသုံးများကြသည်။ ဤသည်မှာ မျက်မှောက်ခေတ်တွင် ထွန်းကားခဲ့သည့် အင်တာနက်ကဖေးများကဲ့သို့ပင်ဖြစ်သည်။
လေ့ကျင့်ရေးအခန်းသို့ဝင်ကာ သန့်ရှင်းသပ်ရပ်သော လေ့ကျင့်ရေးဝတ်စုံကို လဲလှယ်ပြီးနောက်တွင် ချူးယွင်ဖန်းသည် သူ၏ အရိပ်မဲ့ဓားသွယ်ကို စတင်ထုတ်ကာ လေ့ကျင့်ခဲ့သည်။ လေ့ကျင့်ခန်းတွင် လူသိပ်မရှိသေးပေ။ လေ့ကျင့်သူ နှစ်ယောက်၊ သုံးယောက်သာရှိကာ ချူးယွင်ဖန်းလေ့ကျင့်ရန် ပို၍ သက်တောင့်သက်သာဖြစ်စေ၏။
အချိန်အတော်ကြာစဥ်းစားပြီးနောက်တွင် ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ ဓားသိုင်းပေါင်းများစွာကိုတွေ့ရှိခဲ့သည်။ ၎င်းကို စီးဆင်းနေသာ မြစ်ကိုပိုင်းဖြတ်ခြင်း နည်းစနစ် ဟုခေါ်၏။
ဆေးဧကရာဇ်အတွက်မူ ဤဓားသိုင်းသည် အလွန်လေးနက်သည်မဟုတ်ပေ။ သူ၏အစောပိုင်းကာလများတွင် ရရှိခဲ့သည့် ဓားသိုင်းစဥ်များထဲမှတစ်ခုသာဖြစ်ကာ ၎င်းကို သာမန်ကာလျှံကာကြည့်ခဲ့ရုံဖြစ်၍ မလေ့ကျင့်ခဲ့ပေ။ ဆေးဧကရာဇ်အတွက် ဤဓားသိုင်းသည် လေးနက်သည်ဟု မယူဆနိုင်သော်လည်း လက်ရှိ ချူးယွင်ဖန်းအတွက်မူ အသင့်တော်ဆုံးဖြစ်၏။ သိုင်းပညာသည် သူတို့အား ပိုမိုအားကောင်းစေရန် မြှင့်တင်ပေးသည့်အရာများမဟုတ်သော်လည်း ၎င်းတို့သည် မိမိအတွက် အသင့်တော်ဆုံးဖြစ်နေရမည်ဖြစ်သည်။ သူ ကိုယ်ခန္ဓာအဆင့်သာရှိစဥ်တွင် တောတွင်းဘုရင်သိုင်းကို အပြင်းအထန်အသုံးပြုခဲ့မိကာ နံရိုးတစ်ချောင်းကျိုးခဲ့ဖူးသည်။ ထို့အပြင် ထိုသိုင်းကွက်သည် ကျားဆိုးလက်သီးများ၏ ဝှက်ဖဲဖြစ်ကာ အပြင်းထန်ဆုံးဓားကွက်လည်းဖြစ်သည်။
ဤ စီးဆင်းနေသာ မြစ်ကိုပိုင်းဖြတ်ခြင်းတွင် အလွန်ရိုးရှင်းသော သိုင်းကွက် သုံးခုသာရှိကာ ၎င်းတို့သည် စီးမြောမှုအား ခုတ်ပိုင်းခြင်း , မြစ်တခုအား ခုတ်ပိုင်းခြင်း , ပင်လယ်ကို မှောက်လှန်ခြင်း တို့သာဖြစ်ကြသည်။ အမည်ကြားရုံဖြင့် သိုင်းကွက်တစ်ခုစီတိုင်း၏ ခွန်အားသည် တစ်ဆင့်ထက်တစ်ဆင့် ကြောက်မက်ဖွယ်ကောင်းနေကာ အလွှာပေါ်ထပ်နေသော အလွှာများဖြင့်တူညီသည်။
စီးမြောမှုအား ခုတ်ပိုင်းခြင်း သည် သူ၏လက်ရှိ ချီပင်လယ်အဆင့်တွင် ကျင့်ကြံနိုင်ကာ ၎င်း၏ စွမ်းအားသည် အလွန်ကြီးမား၏။ မြစ်တခုအား ခုတ်ပိုင်းဖြတ်ခြင်းကိုမူ စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာ ကျင့်ကြံနိုင်က ပင်လယ်မှောက်လှန်ခြင်း နှင့် ပတ်သက်၍မူ သန့်စင်ခြင်း အဆင့် တွင်သာ ကျင့်ကြံနိုင်၏။
၎င်းသည် အခြေခံဓားသိုင်းတစ်ခုဖြစ်သော်လည်း ချီပင်လယ်အဆင့်တွင် ကျင့်ကြံနိုင်ခြင်းသည် အားသာချက်ဖြစ်ကာ ၎င်း၏ စွမ်အားသည် သာမန်မဟုတ်ပေ။ ယင်းသိုင်းကွက်ကို အဆက်မပြတ်အသုံးပြုပါက သိုင်းကွက်သုံးချက်၏ စွမ်းအင်ကိုပင် ဓားသိုင်းအများစုဖြင့် နှိုင်းယှဥ်နိုင်မည်ဖြစ်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်တွင် အခြေခံဓားသိုင်းများစွာရှိသည့်အနက် ၎င်းသည် အကောင်းဆုံးဖြစ်သည့်အပြင် လက်ရှိအချိန်တွင် ချူးယွင်ဖန်းအတွက် အသင့်တော်ဆုံးရွေးချယ်မှုလည်းဖြစ်သည်။
ချူးယွင်ဖန်းသည် သူ့မျက်လုံးများကို မှိတ်လိုက်သည်နှင့် စီးဆင်းနေသာ မြစ်ကိုပိုင်းဖြတ်ခြင်း၏ ကျင့်စဥ်များသည် သူ့စိတ်ထဲပေါ်လာ၏။ ထို့နောက် ၎င်းတို့သည် သူ့စိတ်ထဲတွင် ကျဥ်စဥ်ပုံရိပ်များအဖြစ်ပေါ်ထွက်လာသည်။