အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အခန်း(၁၃၀) နောက်ဆုံးပြိုင်ဘက် ထွက်ပြီ
လူအများစုတွင် ချူးယွင်ဖန်းနှင့် တူညီသော အမြင်ရှိကြသည်။ သူမ အို့ယန်၏ ခံနိုင်ရည်အားကို ကုန်ဆုံးအောင်မလုပ်နိုင်သရွေ့၊ ဤပြန်လည်မတိုက်ခိုက်နိုင်သည့်အခြေအနေတွင် တန်စီယု၏ ရှုံးနိမ့်နိုင်ချေသည် အလွန်မြင့်လွန်းသည်။ ဤသည်မှာလည်း ဗျူဟာတစ်ခုပင်ဖြစ်သော်လည်း အို့ယန်သည် ခံနိုင်ရည်အား အပြည့်ရှိနေဆဲဖြစ်ကာ လုံးဝမပင်ပန်းသေးပေ။
အထူးသဖြင့်ရှည်လျားသောလက်နက်ကို ကိုင်ဆောင်နေသည့်အို့ယန်သည် အားသာချက်ရှိ၏။ လှံရှည် အား အနည်းငယ်ဝှေ့ယမ်းလိုက်ရုံဖြင့် ကျယ်ပြန့်သော ဧရိယာတစ်ခုလုံကို ခြုံလိုက်နိုင်သည်။ ဆန်ကျင်ဖက်အနေဖြင့် တန်စီယုသည် ဤလှံရှည် ၏ တိုက်ခိုက်မှု အကွာအဝေးကိုရှောင်ရန် ပို၍လှုပ်ရှားရ၏၊ ယင်းကြောင့် တန်စီယုသည် အို့ယန်ထက် ခံနိုင်ရည်အားကို ပိုအသုံးပြုရသည်။ ဤအတိုင်းဆက်သွားမည်ဆိုလျှင် ရှုံးနိမ့်မည်သူမှာ အို့ယန်ဖြစ်မည်မဟုတ်ဘဲ တန်စီယုသာဖြစ်ပေလိမ့်မည်။
တန်စီယုသည် သူတို့ကြားမှ ကွာခြားချက်ကို နားလည်ကြောင်း အခြားသူများက မြင်သည်။ သူမ၏ တိုက်ခိုက်မှုများသည် အို့ယန်အား မခြိမ်းခြောက်နိုင်သော်လည်း အို့ယန်၏ တိုက်ခိုက်မှုအများစုသည်မူ သူမအား ခြိမ်းခြောက်နိုင်၏။ ယခုပြောစရာစကားမရှိအောင်ပင် အနီးကပ်တိုက်ခိုက်ရေးလက်နက်ကို အသုံးပြုခြင်းကြောင့် သူမအခွင့်သာမှုမရှိနေသည်မှာ ရှင်းလင်းသေချာ၏။
ဤအခိုက်တန့်တွင် တန်စီယု၏ လှုပ်ရှားမှုများအရှိန်မြင့်လာကာ သူမ၏ ပုံသဏ္ဍာန်သည် ပြောင်းလဲသွား၏။
စဝှစ်ရှ်
သူမသည် ရုတ်တရက် အို့ယန်၏ ခုခံရည်စက်ဝန်းထဲသို့ ဝင်သွားခဲ့သည်။ ထိုအချိန်တွင် အို့ယန်၏ တုန့်ပြန်မှုသည်လည်း နှေးကွေးခြင်းအလျင်းမရှိပေ။ သူ့လှံရှည် သည် တန်စီယု၏ ဦးတည်ရာဆီသို့ ရိုက်ခတ်သွား၏။
ဘမ်း
ကျယ်လောင်သော အသံနှင့် အတူ တန်စီယုသည် ဝန်လာသော လှံရှည် အား တားဆီးလိုက်သည်။ ဓားဖြင့်ယှဥ်လျှင် လှံရှည် သည် လေးလံသော လက်နက်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် တန်စီယုသည် အို့ယန်နှင့် ထိပ်တိုက်တွေ့မည်မဟုတ်ပေ။ သို့သော်၊ ဤတစ်ကြိမ်တွင်တော့ သူမသည် ဤတိုက်ခိုက်မှုကို လုံးဝထိပ်တိုက် တားဆီးလိုက်သည်။
“ချီပင်လယ်ဆဠမအဆင့်”
ချူးယွင်ဖန်း၏ မျက်စံများ အနည်းငယ်ကျဥ်းသွားသည်။ တန်စီယု ု၏ တိုက်ခိုက်မှုသည် ချီပင်လယ်ဆဠမအဆင့်၏ စွမ်းအားကို အပြည့်အဝပြသလျက်ရှိသည်။
“ဒီလို ထိပ်တိုက်ရင်ဆိုင်တဲ့နည်းဗျူဟာကို သူမရွေးချယ်ခဲ့တာ အံ့သြစရာမရှိပါဘူး”
တန်စီယု ုရုတ်တရက် တစ်ရှိန်ထိုးတိုက်ခိုက်မည်ကို မမျှော်လင့် ထားသော အို့ယန်သည် ချက်ချင်းပင် တန်စီယု ု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ယခုအချိန်တွင် ၎င်းတို့သည် အနီးကပ်တိုက်ပွဲအဖြစ်ပြောင်းလဲသွားပြီဖြစ်ကာ တန်စီယု ုသည် အို့ယန်၏အရှေ့သို့ရောက်လာ၏။ တိုတောင်းသောလက်နက်ရှိခြင်း၏ အားသာချက်ကို အပြည့်အဝပြသလိုက်သည်။ လက်နက်ရှည်ကို သုံးနေသော အို့ယန်သည် သူ့လှံရှည် အား လုံးဝပြန်မရုတ်နိုင်တော့သဖြင့် သူမသည် ရန်သူ့နယ်မြေကို ဖျက်ဆီးပစ်နိုင်လောက်သည်အထိ နီးကပ်လျက်ရှိသည်။
ဘွန်း
ဘွန်း
ဘွန်း
တုန်လှုပ်ခြောက်ခြားဖွယ်အသံသည် ထပ်ခါထပ်ခါပေါ်လာ၏။ တန်စီယု ု၏ ဓားရောင်ဝါသည် လျက်တပျက် ရေကြီးမှုတစ်ခုအဖြစ် လျှံကျလာကာ ဓား၏ ရောင်ဝါသည် အို့ယန်အား နစ်မြုပ်စေလုမတက်ဖြစ်နေ၏။
“ကြောက်စရာကောင်းလိုက်တာ။ ဒါက တန်စီယု ုရဲ့ စွမ်းအားအစစ်အမှန်လား”
ဤအချိန်တွင် လူအများသည် တုံ့ပြန်လာကြသည်။
တန်စီယု ု၏ ကျင့်စဥ်အစစ်သည် နောက်ဆုံးတွင် ပြသခဲ့ပြီဖြစ်သည်။ ယခင်က သူမသည် စက်ဝန်းအပြင်ဘက်တွင် အို့ယန်၏ ဖိနှိပ်ခြင်းခံနေရသဖြင့် စွမ်းဆောင်ရန် ခက်ခဲခဲ့သည်။ ရံဖန်ရံခါတွင် သူမသည် လှပသောဓားချက်ကို ပြုသော်လည်း အားနည်းချက်ကို ကာမိရန်မှာမူ ခက်ခဲသေးသည်။
သို့သော် ယခုမူ အို့ယန်၏ ရှေ့တည့်တည့်တွင်ရပ်နေသော တန်စီယု ုသည် အလွန်ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ သူမ၏ ဓားသိုင်းသည် အလွန်ပြင်းထန်ကြောက်မက်ဖွယ်ကောင်းကာ ဓားရောင်ဝါသည် အေးဆေး၍လွတ်လပ်သည်။
ချီပင်လယ်ပဥ္စမအဆင့်တွင်ရှိသော တန်စီယု သည် လုံးဝပင် ကြောက်မက်ဖွယ်ကောင်း၏။
“ဆရာကျင်း၊ မင်းရဲ့ အတန်းက ဉာဏ်ကြီးရှင်တွေနဲ့ ပြည့်နေတာပဲ”
စင်မြင့်ပေါ်၌ ချင်ဖုန်းသည် သူ့အနားရှိ ကျင်းဝူအားပြောလိုက်သော်လည်း သူ့စကားလုံးများသည် အနည်းငယ်မှုန်ကုပ်ကာ မပျော်ရွှင်ဟန်ပေါက်၏။
အတန်းနှစ်ခု၏ လက်ရည်များကို ညီမျှအောင်ခွဲထားသည်။ အို့ယန်နှင့် ကျန်းထန်သည် အတန်းတစ်ခုစီတွင် တစ်ယောက်စီရှိကာ ခြုံငုံကြည့်လျှင် သူတို့သည် အညီအမျှဖြစ်သည်။ သို့သော် ချူးယွင်ဖန်းနှင့် မကြာသေးမီကမှ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သော တန်စီယု တို့တွင်၊ တစ်ဦးမှာ ကျန်းထန်ကို အနိုင်ယူနိုင်၍ တစ်ဦးမှာမူ အို့ယန်အား ကြီးမားစွာခြိမ်းခြောက်နိုင်မည်ဟု မည်သူကထင်လိမ့်မည်နည်း။
တတိယနှစ်ကျောင်းသားများတွင် အို့ယန်၊ ကျန်းထန်၊ ချူးယွင်ဖန်းနှင့် တန်စီယု ုတို့ဦးဆောင်နေသည်မှာထင်ရှား၏။ သူတို့လေးယောက်ထဲတွင် အတန်းတစ်မှ နေရာတစ်ခုသာရသည်မှာ မည်သို့ပင်ကြည့်ပါစေ ၎င်းမှာ အလွန်ပင် စိတ်အနှောက်အယှက်ဖြစ်စေ၏။
“ဟား ဟား ဟား သူတို့ စွမ်းဆောင်ရည်က တကယ်ကို မဆိုးဘူးပဲ” ကျင်းဝူသည် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
ကွင်းထဲတွင် တန်စီယု ၏ ဓားရောင်သည် အို့ယန်အား လွှမ်းခြုံသွား၏။ အို့ယန်သည် မြေပြင်ပေါ်သို့ ကန်ကာ အမြန်ဆုတ်ခွာလိုက်သည်။
“မကောင်းတော့ဘူး။ တန်စီယု ရှုံးတော့မယ်”
ချူးယွင်ဖန်းက ဤသည်ကို မြင်မြင်ချင်း ချက်ချင်းပင် ခန့်မှန်းလိုက်သည်။ တန်စီယု သည် အသက်တစ်ချက်ရှုစာခန့်တွင် ဓားချက်များစွာကို ထုတ်လွှတ်ခဲ့သော်လည်း ၎င်းတို့ထဲမှ တစ်ခုသည်မှ အို့ယန်အား မထိခိုက်စေခဲ့ပေ။ ဤသည်မှာ အကြီးမားဆုံးပြသနာဖြစ်၏။ တန်စီယု ၏ ဓားအလင်းသည်အဆက်မပြတ်ဖြစ်နေသည်ထင်ရသော်လည်း ကြာကြာမခံပေ။ သူမအသက်ရှုရန်ရပ်လိုက်သည်နှင့် အရာရာအားလုံး ပြောင်းလဲချိန်တန်သွားပြီဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ တန်စီယု ၏ ဓားရောင်ဝါအနည်းငယ်ရပ်တန့်သွားသည်နှင့် အို့ယန်က ဤအခွင့်အရေးကို သိမ်းပိုက်လိုက်သည်။ နောက်ဆုံးတွင် သူသည် လှံရှည် ကို ပြန်ဆွဲယူလိုက်ကာ တန်စီယု ထံသို့ ရိုက်ချလိုက်သည်။ တန်စီယု သည် လှံရှည် ၏ တိုက်ခိုက်မှုကို အနိုင်နိုင်ရှောင်ကာ နောက်ဆုတ်ရန်သာ ရွေးချယ်ခွင့်ရှိတော့၏။
ချူးယွင်ဖန်းသည် အဝေးမှကြည့်နေခဲ့ပြီးမှ တန်စီယု အား တိတ်တဆိတ်သနားမိသွားသည်။ ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးဖြစ်သည်။ တန်စီယု သည် တစ်ဝက်ကို ရယူနိုင်ခဲ့သော်လည်း အောင်ပွဲအထိရောက်ရန် ဝှက်ဖဲတစ်ချပ်မရှိခဲ့ပေ။ အို့ယန်သည် တန်စီယု ထက်သန်မာသည့်တိုင် တိုက်ပွဲတစ်ခုတွင် အနိုင်အရှုံးသည် ခွန်အားပေါ်မူတည်၍အဆုံးအဖြတ်ပေးခြင်းမျိုးမဟုတ်သဖြင့ တန်စီယု တွင် ဝှက်ဖဲရှိလျှင် အို့ယန်အားအနိုင်ယူနိုင်၏။ တစ်ချိန်တည်းတွင်ပင် ဤကိစ္စသည် ချူးယွင်ဖန်းအား အနည်းငယ် သတိပေးနေသယောင်ရှိသည်။ အကယ်၍သူသာ သတိမထားဘဲ အလွန်စိတ်ကြီးဝင်နေလျှင် အို့ယန်၏ အမှားအတိုင်းထပ်လုပ်မိမည်မှာ သေချာ၏။
ဟုတ်သည်။ တိုက်ပွဲသည် အို့ယန်၏ စည်းချက်ထဲသို့ အလျင်အမြန်ပင် ပြန်ဝင်သွားခဲ့သည်။ တန်စီယု သည် ချီပင်လယ် ဆဠမအဆင့်သို့ ရောက်ရုံတင်ရှိသေးကာ အို့ယန်သည်မူ အထွဋ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ နှစ်ဦးကြား ခွန်အားကွာခြားချက်သည် အလွန် သိသာထင်ရှား၏။
တန်စီယု သည် ဓားချက်များကို ရေလှိုင်းများကဲ့သို့ အဆက်မပြတ် ထုတ်လွှတ်ပြီးနောက်တွင် သူမလျင်မြန်စွာပင် မောပန်းနွမ်းနယ်လာသဖြင့် သူမ၏ ဓားသိုင်းသည် ယခင်ကကဲ့သို့ ချောမွေ့မှုမရှိတော့ပေ။ နောက်ဆုံးတွင် အို့ယန်သည် အခွင့်အရေးကို ဆုတ်ကိုင်လိုက်ကာ သူမလက်ထဲမှဓားကို လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။
“ငါရှုံးတယ်”
တန်စီယု သည် ပြင်းပြင်းထန်ထန် အသက်ရှုနေရသည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာ နီမြန်းနေသည်မှာ ကြာခဲ့ပြီဖြစ်ကာ ဆံနွယ်များသည် မျက်နှာတွင် ချွေးများဖြင့် ကပ်သပ်နေ၏။ တစ်ဖက်တွင်မူ အို့ယန်၏ အသက်ရှုသံသည်လည်း အနည်းငယ်လွဲမှားလျက်ရှိသည်။ ယခင်တိုက်ပွဲများကဲ့သို့ လွယ်ကူမနေပေ။
တန်စီယု တစ်ယောက် အို့ယန်အား အသာစီးရရန်ပြုလုပ်နိုင်ခဲ့သည်ကို မည်သူမျှမသိခဲ့ကြပေ။ ချွေးများသည် သူ့နောက်ကျောတွင် စီးကျလျက်ရှိကာ တကယ်တမ်းတွင်မူ သတိမထားမိလိုက်ပါက ရှုံးပင်သွားနိုင်၏။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ဒုက္ခများရသည့်အခြေအနေကို ကြုံနေရခြင်းဖြစ်သည်။ သူသည် တန်စီယု အထင်သေးစွာကြည့်နေခြင်းမဟုတ်၊ တည်ငြိမ်လေးနက်စွာကြည့်နေခြင်းဖြစ်သည်။
တန်စီယု သည် ဤအကြိမ်တွင် သူ့အားရှုံးသွားခဲ့သော်လည်း လွန်ခဲ့သော လအနည်းငယ်က တန်စီယု သည် သူနှင့် အဆင့်ချင်းမတူသည်ကို သိသည်။ လအနည်းငယ်အတွင်းတွင်ပင် သူမသည် သူ့အား ဤအတိုင်းအတာထိ လိုက်မီနိုင်ခဲ့၏။ ဤသည်ကို ကြည့်လျှင် သူမ ဤအဆင့်သို့ရောက်ရန်မှာ မဖြစ်နိုင်ပေ။
ရုတ်တရက်စွမ်းအားမြင့်လာသော ချူးယွင်ဖန်းအကြောင်းတွေးမိသောအခါတွင် သူ့စိတ်ထဲ၌ အရေးတကြီးခံစားလိုက်ရသည်။ သူ၏ အိမ်ခြံဝန်းဟုယူဆ၍ရသော အမှတ် ၁၃ အထက်တန်းကျောင်းသည် ယခင်ကဲ့သို့ မတည်ငြိမ်တော့ပေ။
“မင်းရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ မင်းရဲ့စွမ်းရည်က နည်းနည်းနိမ့်နေသေးတယ်” အို့ယန်က ဆိုသည်။
“အရှုံးက အရှုံးပဲ” တန်စီယု သည် အေးစက်စွာဆို၏။ ထိုသို့ပြောပြီးနောက်တွင်သူမက နောက်လှည့်ကာ ပြိုင်ပွဲကွင်းထဲမှ ဆင်းလာခဲ့သည်။ ချူးယွင်ဖန်းအား ဖြတ်လျှောက်စဥ်တွင် အနည်းငယ်ခေါင်းညိတ်ကာ သူမ၏ ဆယ်ကြိမ်မြောက်တိုက်ပွဲကို ယှဥ်ပြိုင်ရန် ပြင်ဆင်လိုက်သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းနှင့် အို့ယန်တို့ မျက်လုံးချင်းဆုံမိကြသည်။ မီးပွားများ လွင့်ပျံ့သွား၏။
ဒသမအကြိမ်မြောက်အချီတွင် သူတို့နှစ်ဦးကြား တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ကာ အဆွဲဆောင်ဆုံးတိုက်ပွဲဖြစ်၏။
အခန်း(၁၃၁) ပထမနေရာအတွက် တိုက်ပွဲ
ယခုအချိန်တွင် ဒသမအချီမြောက်ဖြစ်ကာ ချူးယွင်ဖန်းနှင့် အို့ယန် နှစ်ဦးတည်းသာကျန်တော့သည်။ သူတို့နှစ်ဦးလုံးသည် လက်ရှိကျောင်းတွင်ရေပန်းအစားဆုံးကျောင်းသားများဖြစ်ကြသည်။
နှစ်ဦးကြား တိုက်ပွဲရလဒ်သည် ဤအဆင့်သတ်မှတ်တိုက်ပွဲ၏ ပထမနေရာကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ထို့အပြင် သူတို့ နှစ်ဦးစလုံးသည် အင်အားကြီးပြိုင်ဘက်ကို ယခုလေးတင် အနိုင်ယူခဲ့ကြခြင်းဖြစ်သဖြင့် သူတို့၏ အရှိန်အဟုန်နှင့် ကျော်ကြားမှုသည် အထွဋ်အထိပ်သို့ရောက်ရှိသွားပြီဟုဆိုနိုင်၏။ အရေးအကြီးဆုံးမှာ ထိပ်တန်း အယောက်နှစ်ဆယ်အတွက် တိုက်ခိုက်ကြရန် သဘောတူထားခဲ့ကြခြင်းဖြစ်သည်။
အစပိုင်းတွင် လူတိုင်းသည် နှစ်ဦးသားတွေ့ဆုံခဲ့ကြလျှင်ပင် အချီဆယ်ခုအနက် ပထမပိုင်းတွင် တွေ့ကြမည်ဟု ထင်ခဲ့ကြသည်။ နောက်ဆုံးတွင်မူ သူတို့နှစ်ဦးလုံးသည် အလွန်သန်မာကြသည်။ သူတို့ ပို၍ ရောက်နိုင်လေ၊ အမှတ်ပိုများလာလေဖြစ်ကာ တိုက်ပွဲ၏ အဆုံးသတ်တွင် တွေ့နိုင်ခြေသည်ပိုများ၏။ သို့သော် ချန်ပီယံရှစ်၏ နောက်ဆုံးတိုက်ပွဲတွင် တွေ့ဆုံကြလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။
အချိန်အတိုင်းအတာတစ်ခုအထိ သူတို့နှစ်ဦးကြား မှ တိုက်ပွဲသည် လူအားလုံး၏ အာရုံကို တစ်ချက်တည်းဆွဲဆောင်ခဲ့သည်ဟု ဆိုနိုင်၏။ အခြားသူများ၏ ဒသမအချီတိုက်ပွဲများသည်မူ အကယ်၍တန်စီယု ၏ တိုက်ပွဲဖြစ်စေ၊ ကျန်းထန်၏ တိုက်ပွဲဖြစ်စေ၊ သူတို့ ၏ အရောင်အဝါများ ပျောက်ဆုံးသွားခဲ့သည်။ လူတိုင်း၏ အကြည့်များသည် ဤတိုက်ပွဲအား အားရုံစိုက်နေကြကာ ဤတိုက်ပွဲသည် ပထမအဆင့်အဖြစ်သတ်မှတ်ခံရမည့်သူကို ဖော်ထုတ်မည့်ပွဲလည်းဖြစ်သည်။
စင်မြင့်ပေါ်ရှိ ကျင်းဝူ၏ အမူအယာသည်လည်း တစ်မျိုးတစ်ဖုံစိတ်လှုပ်ရှားနေ၏။ ချန်ပီယံဆုအတွက် အတန်း၂ အတွင်း ပြည်တွင်းစစ်ပွဲမှာ အမှန်တကယ်ပင် လက်တွေ့ဖြစ်လာခဲ့ပြီဖြစ်သည်။
အခြားအတန်းများ၏ အတန်းပိုင်ဆရာများသည်လည်း သူ့အား ကြည့်ကာ ကျောင်းအုပ်ကြီးကဲ့သို့ အဆင့်မြင့် ကျောင်းခေါင်းဆောင်များကပင် ချီးကျူးကြသည်။ ကျင်းဝူနှင့် ချင်ဖုန်းထံသို့ အလားတူအတန်းနှစ်ခုကို လွှဲပြောင်းအပ်နှံထားကာ အတန်း ၂သည် အသာရနေသည်မှာ ထင်ရှားသိသာ၏။ သဘာဝအလျောက်ပင် အတန်းပိုင်ဆရာကျင်းဝူသည် ဤကိစ္စတွင် ကြီးမားသော အခန်းကဏ္ဍမှပါဝင်ခဲ့သည်။
အနားရှိ ချင်ဖုန်းသည် ချန်ပီယံတိုက်ပွဲကို ဂရုမစိုက်ပေ။ မည်သူချန်ပီယံဖြစ်ပါစေ၊ အတန်း ၂ မှတစ်ယောက်ယောက်သာဖြစ်မည်ဖြစ်ကာဤကိစ္စသည် သူနှင့် ဘာမှမသက်ဆိုင်ပေ။
ဆန့်ကျင်ဖက်အနေဖြင့် ဒသမအချီတွင် ကျန်းထန်နှင့် တန်စီယု ုတို့အကြားတိုက်ပွဲသည် သူ၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။ နှစ်ဦးကြားတိုက်ပွဲ၏ ရလဒ်သည် တတိယနေရာအား အဆုံးအဖြတ်ပေးမည်ဖြစ်သောကြောင့်ဖြစ်ကာ ချန်ပီယံနေရာနှင့် ဒုတိယနေရာသည်မူ ပျောက်ကွယ်သွားသည်မှာ သိသာသဖြင့် ယခုတတိယနေရာသာကျန်တော့သည်။ ကျန်းထန်သာ တတိယနေရာကို မယူနိုင်လျှင် အတန်းပိုင်ဆရာအနေဖြင့် သူ့ဂုဏ်ကို ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။
“မင်းဒီအဆင့်ကို ရောက်လာနိုင်မယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး” အို့ယန်သည်
ကွင်းပြင်ထဲသို့ဝင်လိုက်ကာ ချူးယွင်ဖန်းဘေးသို့လမ်းလျှောက်သွားရင်းဆိုလိုက်သည်။
ချူးယွင်ဖန်းသည် ကိုးကြိမ်တိုင်တိုင်အောင်ပွဲရခဲ့ကြောင်း အို့ယန်ကြားသိခဲ့သည်။ သူသည်လည်း ကိုးကြိမ်ဆက်တိုက် အောင်ပွဲရခဲ့၏။ နောက်ဆုံးအနိုင်ရသူသည် ဤအဆင့်သတ်မှတ်ပြိုင်ပွဲ၏ ပထမနေရာကိုရမည်ဖြစ်ကာ၊ သူသည် အတွေ့အကြုံများစွာရှိသဖြင့် စိတ်ရှုပ်စိုးရိမ်ခြင်းသိပ်မရှိပေ။ တစ်လျှောက်လုံးတွင် သူသည် ပထမနေရာအတွက် အားကောင်းသော စိန်ခေါ်သူဖြစ်ခဲ့၏။
“ထူးဆန်းလို့လား” ချူးယွင်ဖန်းက အပြုံးဖြင့်မေးလိုက်သည်။
“မထူးဆန်းပါဘူး။ မင်းရဲ့တိုးတက်မှုအဆင့်နဲ့ အချိန်တစ်ခုအတွင်း ကျန်းထန်ကို အမီလိုက်နိုင်မယ်ဆိုတာသိပါတယ်။ အခုချက်ချင်း ဖြစ်လိမ့်မယ်လို့ မမျှော်လင့်မိတာ” ဟု အို့ယန်ကပြန်ဖြေသည်။ “ဒီနှစ် ငါတို့ကျောင်းမှာ မြင်းနက်ကြီးနှစ်ကောင်မွေးထုတ်ပေးနိုင်ခဲ့တာပဲ။ တစ်ယောက်က မင်းဖြစ်ပြီး နောက်တစ်ယောက်က တန်စီယု ပေါ့။ မင်းတို့နှစ်ယောက်လုံးရဲ့စွမ်းဆောင်ရည်က ထူးချွန်ပေမယ့် မင်းတို့လို မြင်းနက်တွေက အမြဲမြင်းနက်တွေဖြစ်နေမှာပဲလို့ငါပြောချင်တယ်။ ငါ့ကို အနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးကွ၊ ငါက ကျန်းထန်လို မင်းဆီမှာ ရှုံးမှာမဟုတ်ဘူး”
အို့ယန်က ခပ်ဖျော့ဖျော့ပြုံးလိုက်၍ ဆိုသည်။ သူ့စကားများသည် အလွန်အားကြီးသောယုံကြည်ချက်ပြင်းပြင်းကို ထင်ဟပ်ပြသလျက်ရှိသည်။ ထိုသို့သော ကမ္ဘာအားအထင်သေးနေသည့် ပြဇာတ်ဆန်သော အပြုအမူမျိုးသည် မောက်မာနေခြင်းမဟုတ်ဘဲ၊ လွန်ခဲ့သော နှစ်အနည်းငယ်တစ်လျှောက် နံပါတ်တစ် ဆက်တိုက်ဖြစ်လာခဲ့ခြင်းမှရရှိလာခဲ့သည့် အကြွင်းမဲ့ယုံကြည်မှုမျိုးဖြစ်သည်။ အထက်တန်းကျောင်းတွင် မဆိုနှင့်၊ အလယ်တန်းကျောင်းတွင်ပင် သူသည် အထူးချွန်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့၏။
“အခုပြောတာက နည်းနည်းစောသေးတယ်။ ငါမင်းကို အနိုင်ယူနိုင်မလား၊ မယူနိုင်ဘူးလားဆိုတာ၊ အားလုံးပြီးသွားမှ သိရလိမ့်မယ်” ချူးယွင်ဖန်းက ဘာသိဘာသာ ပြုံးလိုက်သည်။ သူ့အမူအယာတွင် ပြောင်းလဲမှုလားလားမျှမရှိနေပေ။
“စိတ်ဝင်စားစရာပဲ” အို့ယန်သည် အနည်းငယ်ပြုံးကာ ဆို၏။ “မင်းနဲ့ တန်စီယု ဒီအဆင့်ထိရောက်နိုင်တာကို အရမ်းအံ့သြမိပေမယ့် မင်း ထင်ပေါ်ကျော်ကြား ဂုဏ်သရေရှိနေရုံသာမကဘဲ တာဝန်လည်းယူနိုင်ရမယ်ကွ။ ဒါပေမယ့် ဒါတွေပြောဖို့စောလွန်းပါသေးတယ်။ နောက်မှ အချိန်ရရင် အသေးစိတ်ပြောပြမယ်”
“ကောင်းပြီ” ချူးယွင်ဖန်းက ဆိုသည်။ ချူးယွင်ဖန်းတစ်ယောက် ကွင်းထဲမှ ထွက်သွားစဥ်တွင် ဂေါင်ဟုန်ချီသည် သူ့ထံသို့ အပြေးရောက်လာကာ၊ ချဲ့ကားသည့်အမူအယာဖြင့်ဆို၏။
“ယွင်ဖန်း၊ မင်းတကယ်ပဲ နောက်ဆုံးအချီထိရောက်နိုင်ခဲ့တာပဲ။ အဲ့တာအို့ယန်ကွ၊ အို့ယန်၊ ငါ့လိုမျိုး ဉာဏ်ကြီးရှင်တောင်မှာ အို့ယန်က ငါ့ထက် နည်းနည်းပိုသန်မာတာကို ဝန်ခံရမယ်”
“နည်းနည်းပိုသန်မာတယ်၊ ဟုတ်လား။ မင်းရဲ့အရှက်မဲ့တဲ့ ပုံစံက ငါ့အရင်ကပုံနဲ့အရမ်းတူတယ်” ချူးယွင်ဖန်းသည် သူ့မျက်ခုံးများကိုပင့်ကာ မရယ်ဘဲမနေနိုင်တော့ပေ။
“ကျစ်… အရှက်မဲ့တယ်အကြောင်းပြောရရင် မင်းက ငါ့ကိုယှဥ်နိုင်လား။ အရှက်မဲ့တဲ့နေရာမှာ ငါက နံပါတ်တစ်ကွ” ဂေါင်ဟုန်ချီက ဂုဏ်ယူစွာပြောကာ မရှက်သည့်အပြင် ဂုဏ်ပင်ယူနေသေးသည်။ ထို့နောက် ချူးယွင်ဖန်းက ကူကယ်ရာမဲ့စွာဖြင့် ဆို၏။
“ကောင်းပြီ။ မင်းနိုင်တယ်။ ငါမင်းကို အရှက်မဲ့တဲ့ကမ္ဘာမှာ နံပါတ်တစ်ဘွဲ့ပေးမယ်”
ထိုအချိန်တွင် တန်စီယု က သူတို့အနားသို့ရောက်လာသည်။ သူမသည် ချွေးများဖြင့်ရွှဲနေကာ အစပိုင်းကကဲ့သို့ တည်ငြိမ်အေးစက်ခြင်းကာ အခြားကမ္ဘာမှ ဆင်းသက်လာဟန်မျိုးမရှိတော့ပေ။ သို့သော် သူမသည် ကောင်းကင်ယံထက်မှ နတ်သမီးတစ်ပါးနှယ် ယခုအချိန်မှ သေမျိုးကမ္ဘာ၏ အငွေ့အသက်များအား အခုမှ ခံစားမိသကဲ့သို့ထင်ရသည်။ ယင်းသည် သူမ၏ ဆွဲဆောင်မှုကိုလျော့မသွားစေရုံသာမကဘဲ၊ သူမအားပို၍ပင် ကြည့်ကောင်းလာစေ၏။ တန်စီယု သည် သူမ၏ ခံနိုင်ရည်အား ပြန်လည်ဖြည့်တင်းရန် စွမ်းအင်ဖြည့်ဆေးရည်ကို သောက်ရင်း လမ်းလျောက်လာခဲ့သည်။ သူမ၏ ခံနိုင်ရည်အား ကုန်ဆုံးသွားသောကြောင့် ကျရှုံးသွားခဲ့ရသည်။
“နင် စောင့်နေတဲ့ ပြိုင်ဘက်က အို့ယန်လား” တန်စီယုသည် သူမ၏ နှုတ်ခမ်းလွှာများကို ဖွင့်ဟကာ မေးလိုက်သည်။ လှပသော မျက်လုံးဝိုင်းကလေးများသည် တောက်ပလျက်ရှိ၏။
“အင်း ဟုတ်တယ်။ ပွဲတိုင်းနိုင်တဲ့စံချိန်မှာ ငါတို့နှစ်ယောက်ပဲကျန်တော့တယ်” ချူးယွင်ဖန်းက ခေါင်းညိတ်ကာ “နင့်ရဲ့တိုက်ပွဲကို အခုလေးတင်တွေ့လိုက်ပါတယ်။ နိုင်လုနီးနီးဖြစ်နေပြီပဲ။ အခွင့်အရေးကို ဆုတ်ကိုင်တဲ့နေရာမှာ အမှားအယွင်းမရှိသလို နင့်နည်းဗျူဟာတွေကလည်း အရမ်းကောင်းတယ်။ ချီပင်လယ် ဆဠမအဆင့်ကို ရောက်နေတဲ့ နင့်ရဲ့ခွန်အားတွေကို ဖုံးကွယ်ထားပြီး အရေးကြီးအခိုက်အတန့်မှာမှ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်မှာ တစ်ချက်တည်းနဲ့ ရလဒ်ကို ပြောင်းနိုင်မယ့် ဝှက်ဖဲမရှိနေဘူးလေ။ မဟုတ်ရင် ရလဒ်က တူမှာမဟုတ်ဘူး”
ယေဘုယျအားဖြင့်ဆိုရလျှင် အခြားသူများ၏ ချို့ယွင်းချက်များကို လူကိုယ်တိုင်ထောက်ပြခြင်းသည် အလွန်ရိုင်းစိုင်းကာ မပြောသင့်ပေ။ သို့သော် သူတို့နှစ်ဦးသည် သေခြင်းနှင့် ရှင်ခြင်းကို အတူတကွဖြတ်သန်းခဲ့ကြသဖြင့် တန်စီယု စိတ်အနှောက်အယှက်ဖြစ်မည်မဟုတ်ကြောင်း သူသိသည်။
“မင်းမှန်ပါတယ်” တန်စီယု က ခေါင်းညိတ်သည်။
သူမသည် တိုက်ပွဲတွင် အနိုင်ရလုနီးပါးဖြစ်ခဲ့သော်လည်း အဆုံးသတ်တွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမသည် စစ်မှန်သော တိုက်ပွဲ၏ အဓိပ္ပါယ်ကို အလေးအနက်စဥ်းစားနေမိသည်။ အကယ်၍ သူမသာ မတိုက်ခိုက်ခဲ့လျှင် သူမတွင် ဤမျှထိကြီးမားသော ချို့ယွင်းချက်ကြီးတစ်ခုရှိနေသေးသည်ကို မည်သို့သိနိုင်လိမ့်မည်နည်း။
“နင်လည်း သတိထားရမယ္။ အို့ယန်ရဲ့ လှံရှည် က အထူးပြုလုပ်ထားတာပဲ။ အရမ်းလေးပြီး တားဆီးဖို့အရမ်းခက်တယ်” တန်စီယုက ချူးယွင်ဖန်းအား အကြံပေးသည်။
“နားလည်ပြီ။ အကြံပေးတဲ့အတွက် ကျေးဇူးပဲ” ချူးယွင်ဖန်းသည် အို့ယန် တိုက်ခိုက်သည်ကို ရံဖန်ရံခါမျှသာ မြင်ခဲ့ရသည်။ သူ့ခွန်အားအပြည့်ကို သုံးရန်မဆိုနှင့်၊ တန်စီယု၏ အတွေ့အကြုံသည်အလွန်ပင်အသုံးဝင်၏။
“နင့်ရဲ့ နောက်ပြိုင်ဘက်က ကျန်းထန်ပဲ။ သူကိုလည်းရင်ဆိုင်ဖို့ မလွယ်ဘူး။ နင်တို့နှစ်ယောက်ကြားမှာ ဘယ်သူနိုင်မလဲ ဘယ်သူရှုံးမလဲဆိုတာ ပြောဖို့ခက်တယ်။ သူ့ခွန်အားက နင့်ထက် တစ်ဆင့်မြင့်ပြီး ယောက်ျားလေးဆိုတော့ ခံနိုင်ရည်အားပိုကောင်းတယ်။ ဒါပေမယ့် တိုက်ပွဲရဲ့နှောင်းပိုင်း အဆင့်တွေဆီထိ အဆွဲခေါ်မခံရသရွေ့၊ အချိန်မဆွဲသရွေ့ နင် အနိုင်ရနိုင်ချေက များလိမ့်မယ်။ တိုတိုပြောရရင် တိုက်ပွဲကို မြန်မြန်ပြီးအောင်လုပ်ပါ” ချူးယွင်ဖန်းက ဆို၏။
တန်စီယုက ခေါင်းညိတ်လိုက်သည်။
နှစ်ဦးသား၏ အနီးဝန်းကျင်တွင် မည်သူမျှမရှိသကဲ့သို့ တိုက်ပွဲ၏ အတွေ့အကြုံများကို စတင်လဲလှယ်ဖလှယ်လျက်ရှိကြသည်။ ယင်းကြောင့် လျစ်လျူရှု့ခံထားရသော ဂေါင်ဟုန်ချီ သည် အလွန် စိတ်ဓာတ်ကျနေကာ၊ ချူးယွင်ဖန်းတစ်ယောက် သူ့ထံမှ မကျေမနပ်ပြောဆိုသံ ယောင်ဝါးဝါးကိုသာကြားလိုက်ရသည်။
“ခွေးချစ်သူစုံတွဲတစ်တွဲကတော့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသနေကြတယ်။ ငရဲကိုသာသွားလိုက်စမ်းပါ အယုတ်တမာတွေ”
သူတို့နှစ်ဦး၏ အတွေ့အကြုံများ အချိန်အကြာကြီးမလှယ်နိုင်ခင်တွင်ပင် နောက်ဆုံးတော့ ဒသမအကြိမ်မြောက်တိုက်ပွဲစတင်ပြီဖြစ်သည်။
အခန်း(၁၃၂) ဘုရားရေ၊ အကြိတ်အနယ်ပဲ။
နောက်ဆုံးတော့ ဒဿမအကြိမ်မြောက်တိုက်ပွဲသို့ရောက်ရှိလာပြီဖြစ်သည်။ ချူးယွင်ဖန်းနှင့် အခြားသူများသည် အကြောင်းကြားချက်အား လိုက်နာကာ ကွင်းထဲသို့ဝင်သွားကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ချူးယွင်ဖန်း၏နောက်ဆုံးပြိုင်ဘက်သည် အို့ယန်ဖြစ်၏။
အို့ယန်သည် အေးဆေးတည်ငြိမ်စွာ စိတ်စုစည်းနေသည်ထင်ရသည်။ တန်စီယုနှင့် တိုက်ပွဲတွင် အသုံးပြုခဲ့သော စွမ်းအင်အများစုကိုပြန်လည်ဖြည့်တင်းပြီးသည်မှာ သိသာ၏။ ခေတ်မီနည်းပညာ၏ အကူအညီဖြင့် ဤအရာသည် ခက်ခဲသောကိစ္စမဟုတ်ပေ။ အို့ယန်သည် သူ၏ လှံရှည် ကို ညာလက်တွင်ကိုင်ထားကာ ဖြောင့်ဖြောင့်မတ်မတ်ရပ်နေ၏။
ချူးယွင်ဖန်းက တဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့ကာ နောက်ကျောတွင်ထားသောအရိပ်မဲ့ဓားအား သူ၏ လက်ထဲတွင် ဆုတ်ကိုင်ထားသည်။ စာပေကျောင်းသားအများအပြားသည် တိုက်ပွဲကွင်းပြင်၏ အစွန်းတစ်ဝိုက်တွင် စုစည်းလျက်ရှိသည်။ စာမေးပွဲများပြီးသွားသည်နှင့် နောက်ဆုံးချန်ပီယံရှစ်တိုက်ပွဲဖြစ်သည့် ဒဿမကြိမ်မြောက် ပွဲစဥ်အားကြည့်ရန် အချိန်မီရောက်လာကြသည်။
“ချူးယွင်ဖန်းနဲ့ အို့ယန်ဖြစ်လိမ့်မယ်လို့မမျှော်လင့်ထားဘူး၊ ချန်ပီယံအတွက်တိုက်မှာ ကျန်းထန်နဲ့ အို့ယန်ဖြစ်လိမ့်မယ်လို့ပဲထင်ခဲ့တာ”
“ဟဲဟဲ မင်းကကောင်းကောင်းမှ မသိသေးတာ၊ အဠမအကြိမ်မြောက်မှာ ကျန်းထန်ရှုံးသွားပြီဆိုတဲ့ သတင်းကို အခုလေးတင် ကြားလိုက်ရတယ်။ နောက်ပြီး သူရှုံးသွားတဲ့လူက ချူးယွင်ဖန်းကလွဲ အခြားသူမဟုတ်ဘူး”
“ဘယ္လိုမှမဖြစ်နိုင်ဘူး။ ကျန်းထန်တကယ်ပဲရှုံးသွားပြီလား၊ ဒီချူးယွင်ဖန်းက ဘယ်လောက်တောင်သန်မာတာလဲ”
ခဏတာအတွင်းတွင်ပင် စာပေပညာတန်းမှ ကျောင်းသားတော်တော်များများသည် စူပွက်နေသော ရေများကဲ့သို့ စိတ်လှုပ်ရှားနေကြသည်။ ကျန်းထန်သည် အို့ယန်မဟုတ်သည့်အခြားသူတစ်ဦးထံတွင် အမှန်တကယ်ပင် ရှုံးနိမ့်ခဲ့သည်ကို သူတို့ လက်မခံနိုင်သေးကြပေ။ ချူးယွင်ဖန်းသည် အို့ယန်နှင့် ကျန်းထန်အောက်တွင် လက်ရှိအသန်မာဆုံးသူဟု ယူဆ၍ရနိုင်သော်လည်း သူသည် သူတို့၏ အောက်တွင်သာရှိနေသင့်သေးသည်။
ဆရာအများသည် ထိုမြင်ကွင်းအား အာရုံစူးစိုက်ကာ ငေးကြည့်လျက်ရှိကြသည်။
“နောက်ဆုံးတော့လည်း အတန်း ၂ကြားမီာ ပြည်တွင်းစစ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားမိဘူး။ ကျစ်… အခြားတစ်ဖက်မှာ ကျန်းထန်ကလည်း တတိယနေရာအတွက် တန်စီယုနဲ့ ယှဥ်ပြိုင်ဖို့ ရှိသေးတယ်။ ကျန်းထန်ကျရှုံးရင် အတန်း(၂)က ထိပ်တန်းသုံးနေရာကို မယူသွားနိုင်ဘူးလား”
“ထိပ်တန်း သုံးနေရာလုံးကို ယူဖို့ အလားအလာသိပ်မမြင့်ပါဘူး၊ တန်စီယုရဲ့ စွမ်းဆောင်ရည်က သိပ်မဆိုးတဲ့အပြင် ချီပင်လယ်ဆဌမအဆင့်ကိုလည်းရောက်နေပြီဆိုပေမယ့် ကျန်းထန်က အဲ့အဆင့်ရဲ့ အထွဋ်အထိပ်ကိုရောက်နေပြီ။ သူက အထူးတက္ကသိုလ်ကိုတက်ရဖို့ နည်းနည်းပဲလိုတော့တာလေ”
“ငါလည်းထင်တယ်။ ဒါပေမယ့် အတန်း(၂)က ထိပ်တန်း နှစ်နေရာကို ယူနိုင်တာနဲ့တင် အတော်လေး အထင်ကြီးဖို့ကောင်းနေပြီ။ ကျန်းထန်တစ်ယောက် ချန်ပီယံရှစ်ဆုကို အနိုင်ရဖို့ ဖယ်ထုတ်ခံရတာ ဒါပထမဆုံးအကြိမ်ပဲ”
ဆရာများနှင့် ကျောင်းသားများစိတ်လှုပ်ရှားစွာဆွေးနွေးနေကြချိန်တွင် ချူးယွင်ဖန်းနှင့် အို့ယန်တို့သည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်ကာ မျက်နှာချင်းဆိုင်လျက်ရှိနေကြပြီဖြစ်သည်။
“မင်း ကျန်းထန်ကို အနိုင်ယူပြီး ဒီအထိရောက်နို်ငခဲ့တာ ငါအရမ်းအံ့သြရတယ်။ အမှန်အတိုင်းပြောရရင် ငါအဲ့တာကို အသားမကျသေးဘူး။ အရင်နှစ်အနည်းငယ်အတွင်း ကျန်းထန်က ငါ့ပြိုင်ဘက်အမြဲဖြစ်ခဲ့တာ၊ ဒါပေမယ့် ရင်ဆိုင်မှုအသစ်အသစ်တွေရှိလာတာ ငါ့အတွက်ကောင်းပါတယ်။ မဟုတ်ရင် ဘာစိန်ခေါ်မှုမှရှိလာမှာမဟုတ်ဘူး” အို့ယန်က ပခုံးတွန့်ကာဆိုသည်။
“ကျန်းထန်ကို မင်းက စိန်ခေါ်မှုတစ်ခုလို့တွေးမထားဘူးဆိုတာ သူသာသိရင် အရမ်းစိတ်ဓာတ်ကျပြီးသွေးအန်သွားလိမ့်မယ်” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
“ဘာအရေးလဲ။ ကျောင်းက သေးသေးလေးလေ၊ ငါ့အတွက်အတွက်တော့ ကျောင်းဆိုတာ ရွာလေးတစ်ခုပဲ။ ဒီတော့ ဒီမှာ ငါ ကောင်းကောင်းလုပ်နိုင်ရင် ဘယ်လိုနေမလဲ” အို့ယန်က ဘာသိဘာသာပြောလိုက်သည်။
“ရွာလေးတစ်ခု၊ ဟုတ်လား။ မင်း ဒီမှာ စိန်ခေါ်မှုတစ်ခုတစ်လေလေးတောင် မခံစားရဘူးလား” ချူးယွင်ဖန်းတစ်ယောက် အံ့အားသင့်သွားသည်။
“အနည်းနဲ့အများတော့၊ ငါ ကျန်းထန်ကိုပဲ အမြဲရင်ဆိုင်ခဲ့ရတာပဲလေ။ အဲ့တာ ဘယ်လောက်ပင်ပန်းလဲ မင်းသိလား။ ထားလိုက်ပါတော့ ငါတို့အကြောင်းပဲဆက်ပြောကြရအောင်။ မင်းအရင်စတိုက်သင့်တယ်။ မဟုတ်ရင် နိုင်ဖို့အခွင့်အလမ်းရှိမှာမဟုတ်ဘူး။ ကျန်းထန်ကို အနိုင်ယူနိုင်ခဲ့လို့ ငါ့ကိုလည်းအနိုင်ရလိမ့်မယ်လို့ စဥ်းတောင်မစဥ်းစားနေနဲ့ဦး”
“မင်းက ယုံကြည်ချက်ရှိလိုက်တာ”
ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သော်လည်း သူမငြင်းတော့ပေ။ ရုတ်တရက်ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချက်ချင်းဆိုသလိုပင် အမြောက်ကျည်ကဲ့သို့ ပြေးထွက်လာ၏။ အသက်တစ်ရှိုက်စာအချိန်ခဏတာလေးအတွင်းတွင်ပင် ချူးယန်ဖန်းသည် အို့ယန်ထံသို့ ချီတက်နှင့်ပြီးပြီဖြစ်သော်လည်း အနီးနားမကပ်နိုင်ချိန်တွင်ပင် အို့ယန်၏ လှံရှည် သည် ချူးယွင်ဖန်း၏ ချီတက်မှုအား တားဆီးလိုက်သည်။
အို့ယန်သည် လှံရှည် ကဲ့သို့ရှည်လျားသော လက်နက်များကို စေ့စေ့စပ်စပ် နားလည်၏။ တစ်လက်မပိုရှည်ခြင်းက တစ်လက်မသန်မာခြင်းဖြစ်ကြောင်းသဘောတရားကိုလည်း သူနားလည်သဘောပေါက်ထားသည်။
သို့သော် ကြိုတင်လိုအပ်သည့်အခြေအနေမှာ မည်သူမျှသူ့အနား မကပ်နိုင်စေရန်ဖြစ်သည်။ တန်စီယုနှင့် အရင်တိုက်ပွဲသည် တစ်စုံတစ်ဦး သူ့အနားသို့ရောက်လာပါက မည်သို့ဖြစ်နိုင်သည်ကိုပြသခဲ့သည့် သတိထားစရာပုံပြင်တစ်ပုဒ်ပင်ဖြစ်သည်။ သတိမထားမိသည်နှင့် တစ်ကြိမ်ဆုံးရှုံးခဲ့ရကာ၊ တူညီသောကိစ္စရပ်တွင် သူထပ်၍ အဆုံးအရှုံးခံတော့မည်မဟုတ်ပေ။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အနောက်ဘက်သို့ ပြန်လန်ကျသွားကာ မယုံကြည်နိုင်လောက်အောင် စောင်းနေသော်လည်း ခြေထောက်များသည်မူ မြေပြင်ပေါ်သို့ သစ်ပင်ဟောင်း၏ အမြစ်များကဲ့သို့ ခိုင်မြဲစွာ အမြစ်တွယ်နေသည်။ သူ နောက်သို့ လုံးဝမဆုတ်သွားခဲ့ပေ။
စဝှရှ်
လှံရှည် သည် ချူးယွင်ဖန်း၏ နှာခေါင်းမှ လက်မဝက်ခန့်အကွာမှ ဝေ့ဝိုက်ကျော်ဖြတ်သွားသည်။ ချီစင်စစ်မှဖြစ်ပေါ်လာသော လေပြင်းသည် ချူးယွင်ဖန်း၏ ဆံပင်များကို အရပ်ရပ်သို့ မှုတ်ထုတ်လိုက်သည့်နှယ် ပျံ့လွင့်နေစေသည်။
လှံရှည် ဖြတ်သွားသည့်အခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ချက်ချင်းပင် သူ့နောက်ကျောအား တည့်မတ်စွာထားလိုက်ကာ ဤအကွာအဝေး၏အခွင့်အရေးကိုယူ၍ အို့ယန်ထံသို့ တိုက်ရိုက် တိုက်ရိုက်တိုးဝင်သွား၏။
စဝှရှ်
ချူးယွင်ဖန်းသည် အို့ယန်ထံသို့ တိုက်ရိုက်ချဥ်းကပ်လိုက်ပြီးနောက်တွင် ဓားဖြင့် ပြင်းထန်စွာခုတ်ချလိုက်၏။ ဓားသွား၏ အလင်းရောင်သည် မြေပြင်ပေါ်သို့ ပြဒါးများသွန်းလောင်းလျှံကျသကဲ့သို့ ပြန့်ကျလျက်ရှိသော်လည်း အို့ယန်၏ တုန့်ပြန်မှုသည် ပိုမြန်၏၊ သူတိုက်ခိုက်မှု လွဲချော်သွားသည်နှင့် ချက်ခြင်းပင် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို လှံရှည် ဖြင့် ကာလိုက်သည်။
ချလန်
ကျယ်လောင်သော အသံနှင့်အတူ ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားနှင့် အို့ယန်၏ လက်ထဲမှလှံရှည် တို့ ထိတိုက်မိသွားကြကာ မီးပွားများ နေရာတိုင်းသို့ လွင့်စင်သွား၏။
“ဘယ်လောက်တောင် ကောင်းလိုက်တဲ့အားလဲ”
အိုးယန်သည် ချက်ချင်းဆိုသလိုပင် သူ့လှံရှည် ထဲမှ ဖြတ်ကျော်လာသော ထိတိုက်မှု၏ အားကို ခံစားလိုက်မိသည်။ သူသည် ဤသို့သော အလွန်လေးလံသည့် လှံရှည် ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ထားနိုင်သူဖြစ်သဖြင့် သူ၏ ခွန်အားမှာထင်ရှားသည်။ သို့သော် အခုချိန်တွင်မူ လက်တစ်ဖက်တည်းကိုင်ထားသော တကယ်တမ်း အားချင်းယှဥ်လျှင် အားနည်းနေ၏။
ချူးယွင်ဖန်း၏ ကြီးမားသော ခွန်အားနှင့် အဆုံးမရှိသော အရည်အချင်းများအကြောင်း ဒဏ္ဍာရီအချို့ကို ရုတ်တရတ်သတိရမိသွားသည်။
သို့သော် ခေတ်သစ်ကျင့်ကြံရေးသီအိုရီသည် သေခြင်းနှင့် ရှင်ခြင်းနှစ်မျိုးလုံးတွင် ကျင့်ကြံရသောကြောင့် ကိုယ်ခန္ဓာကျင့်ကြံမှုဘက်တွင် လျော့သွားခြင်းမရှိသဖြင့် ချူးယွင်ဖန်း၏ ကောလဟာလများကို စိတ်ထဲမထည့်ထားခဲ့ပေ။ ကျင့်ကြံရေးတွင် အောင်မြင်သောသူများအတွက် သူတို့၏ ခန္ဓာကိုယ် မယုံကြည်နိုင်လောက်အောင်သန်မာနေသည်ဟု ထင်ခြင်းသည် လွဲမှားနေခြင်းမဟုတ်ပေ။ ယခုမူ ချူးယွင်ဖန်းသည် သန်မာသည်ကို သူလက်ခံရမည်ဖြစ်ကာ၊ သာမန်အဆင့်များဖြင့် ခွဲခြား၍မရနိုင်သည်မှာ ထင်ရှား၏။
“အို့ယန်၊ ငါ ကျန်းထန်ကို အနိုင်ယူလိုက်ရုံနဲ့ မင်းနဲ့ မယှဥ်နိုင်ဘူးမထင်နဲ့လို့ပြောခဲ့တယ်နော်၊ ဒါပေမယ့် တန်စီယု ကို မင်းအနိုင်ယူနိုင်ခဲ့တာကြောင့် ငါ့ကိုလည်း အနိုင်ယူနိုင်မယ်လို့မထင်နဲ့”
ချူးယွင်ဖန်းက ကျယ်လောင်စွာအော်လိုက်ကာ မြေပြင်အားခြေစုံနင်းထားလိုက်သည်။ လှံရှည် ၏ တွန်းအားကို ဆန့်ကျင်ကာ သူ့ခန္ဓာကိုယ်အား တည်ငြိမ်စွာထားလိုက်သည်။ ထို့နောက် ဓားဖြင့် နောက်တစ်ချက်ခုတ်၏။
“ဟား ဟား ဟား စိတ်ဝင်စားစရာပဲ” အို့ယန်က ကျယ်လောင်စွာရယ်မောလိုက်သည်။ နောက်ဆုံးတွင် သူသည် ချူးယွင်ဖန်းအား သင့်လျော်သောပြိုင်ဘက်အဖြစ်မှတ်ယူခဲ့ပြီဖြစ်ကာ လှံရှည် အား လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်နှင့် ချက်ချင်းပင် သူ၏အရှိန်နှင့် ခွန်အားမှာ အနည်းငယ်ပိုတိုးလာ၏။
ချလန်
ချလန်
နှစ်ဦးသား၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသောကြောင့် ကျယ်လောင်သည့်အသံများထွက်ရမည့်အစား ပွတ်တိုက်သံများစွာသာ ပေါ်ထွက်လာသည်။ လက်နက်များတိုက်မိတိုင်းတွင် ၎င်းသည် မာကျောပြင်းထန်ကာ အမှန်တကယ်ပင် ထိတိုက်သွားခြင်းမျိုးဖြစ်သည်။
“ဘုရားရေ၊ တိုက်ပွဲက အရမ်းပြင်းတယ်”
ဤမြင်ကွင်းအား စာပေကျောင်းသားများမြင်သောအခါတွင် မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြသည်။ သူတို့၏ အဓိကအာရုံမှာ စာလေ့လာရန်၊ စာသင်ရန်သာဖြစ်ကာ၊ သိုင်းပညာလေ့ကျင့်ခြင်းသည် သူတို့၏ ခန္ဓာကိုယ်အား ကြံ့ခိုင်စေသည့်နည်းလမ်းတစ်ခုမျှသာဖြစ်သည်။ ယခု သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်နေသော ပြင်းထန်သည့်တိုက်ပွဲကိုကြည့်ကာ မှင်သက်သွားမိသည်။ သူတို့မျက်လုံးများ ထိုမြင်ကွင်းအား လိုက်မမီနိုင်ဟုပင် ခံစားနေရ၏။